သစ်စုန်းလာလိုက်တာတဲ့ကွ”
“သစ်စုန်း ဟုတ်လား ဘုရား”
“အေးကွ၊ သစ်စုန်းတဲ့။ ဘုန်းကြီးလည်း မကြား
ဘူးပါဘူးကွာ၊ ဒီဒကာကြီးပြောမှ ဒါမျိုးတွေ
ရှိတာကို သိရတာ။ သူပြောတာ တစ်ခုက
နည်းနည်းတော့ ထူးဆန်းတယ် တာတေရ။
သစ်စုန်းက သင်္ချိုင်းတွေမှာပေါက်တတ်တာတဲ့ကွ။
အဲဒီလို သစ်စုန်းပေါက်လာပြီဆိုရင် အစောင့်
အရောက်လာရောတဲ့။ အဲဒီ ဒီသစ်စုန်းအစောင့်
တွေကို ပြန်ပြီး အုပ်ချုပ်ရတာက သင်္ချိုင်းစောင့်
မဖဲဝါကြီးတဲ့ဗျာ၊ အခု ဆရာမနိုင်ရွာက သုဿာန်
ထဲမှာ သစ်စုန်းပေါက်နေတာတဲ့ဗျား။ အပင်က
လူရင်စို့လောက်ရှိပြီတဲ့”
“ဟင် ဒီဆရာက ဒါတွေကို ဘယ်လိုသိတုံး
ဘုန်းဘုန်းရဲ့”
“အေး အဲဒါကို ဘုန်းကြီးလည်းမေးမြန်းတာ
ပေါ့ တာတေရဲ့”
“မှန်ပါဘုရား”
“တစ်ရက်တော့၊ ဆရာနွံဖက လူနာလာပင့်လို့
ဒီဘက်ကို လိုက်လာတာတဲ့ကွ၊ သူ ပရောဂ
ကပ်နေတဲ့လူနာကို ပရောဂထုတ်တော့ ဝင်
ကပ်နေတဲ့အကောင်က အဲဒီဆရာမနိုင်က
သစ်စုန်းစောင့်ဖို့ အလှည့်ကျတဲ့ အကောင်တဲ့
ဗျား။ အဲဒါ သစ်စုန်းစောင့်ရမှာစိုးလို့ လာပုန်း
ခိုနေတာဆိုပဲကွ”
“အော် ဒီသူရဲလား၊ သစ်စုန်းကို ဘာလို့
မစောင့်ချင်ရတာတုံး ဘုရား”
“အေး ဆရာနွံဖကလည်း ဒီအကြောင်းမေးတာပေါ့
တာတေရ၊ ဒီတော့ သူရဲက ပြောတယ်တဲ့၊ သစ်စုန်း
စောင့်တဲ့ကောင်တွေကို မဖဲဝါကြီးက တိုက်ရိုက်
အုပ်ချုပ်တာဆိုပဲ။ သူတို့က မဖဲဝါကြီးကို အားကြီး
ကြောက်ရတာတဲ့ကွ။ အဲဒါကြောင့် ဒီကောင်
လူမှာလာကပ်ပြီး ရှောင်နေတာဆိုပဲ”
” အော် ဒါကြောင့်ကိုး”
“အဲဒီ သူရဲနာမည်က စံပွင့်တဲ့ကွ။သူရဲစံပွင့်
ပြောလို့ ဆရာနွံဖက ဒီအကြောင်းတွေ သိ
လာတာတဲ့။ အဲဒီသစ်စုန်းကို ဆရာနွံဖက
ရအောင်လိုက်မယ်ပြောတယ် တာတေရဲ့”
“ဒီသစ်စုန်းက ဘာတွေစွမ်းလို့လဲ ဘုရား”
“ဟာ ဒီဆရာပြောပုံအရတော့ တော်တော်
စွမ်းသားကလား တာတေရ။ အခု ဒီအပင်က
လူရင်စို့လောက် ရှိတယ်တဲ့။ ပင်စည်က
ထွာစိုင်လောက်ရှိပြီဆိုပဲ အဲဒါကို တောင်ဝှေး
လုပ်ပြီး ဆရာကိုင်ရင် တယ်စွမ်းဆိုပဲကွ။
လာဘ်လာဘလည်း ရွှင်တယ်တဲ့။ပြီးတော့
ဘယ်လိုပရောဂမျိုးမဆို သစ်စုန်းဆေးတောင်
ဝှေးကို ကြောက်ကြတယ်ဆိုပဲ။ အဲဒါရရင်
ဆရာနွံဖက ဘုန်းဘုန်းကို တောင်ဝှေး
တစ်ချောင်းလှူမယ်တဲ့။ သူက ကျန်တာ
ယူမှာပေါ့ကွာ။ ဒါမှလည်း တို့ရွာထဲမှာ
ပရောဂလေး ဘာလေးကပ်ရင် ဒီတောင်
ဝှေးနဲ့ မောင်းထုတ်သင့် ထုတ်ရမှာပေါ့”
“အဲဒါ တပည့်တော်က ဘာလုပ်ရမှာလဲ
ဘုရား”
“အေး အေး ပြောမယ်။ ဆရာနွံဖက
ပြောတယ်၊ အဲဒီ့သစ်စုန်းပင်ကို လူ
သာမန်မျက်စိနဲ့ မမြင်ရဘူးတဲ့ကွ”
“အော် တယ်လဲ ထူးဆန်းပါလား ဘုရား”
“ဟုတ်တယ်ကွ ဆရာနွံဖတို့မှာ မျက်ကွင်းဆေး
ဆိုတာ ရှိတယ်တဲ့။ အဲဒါ့ကို သွေးပြီးကွင်းလိုက်
ရင် မြင်ရောတဲ့ကွ။ မြင်တာမှ သစ်စုန်းတင်
မကဘူးတဲ့မောင်ရေ၊ နာနာဘာဝတွေပါ
မြင်ရတာတဲ့”
“ဟော ကြောက်စရာပေါ့ဘုရား”
” အေး အဲဒါကြောင့် သတ္တိရှိတဲ့
လူငယ်တစ်ယောက်ရှာပေးပါ။
စနေသားလည်း ဖြစ်ရမယ်တဲ့ကွ”
“အော်”
“ဒါကြောင့် ငါက မင်းကို ပြေးမြင်တာ
တာတေရ၊ ဒါကြောင့် ဘုန်းဘုန်းက
ဆရာနွံဖကို ပြောတယ်။ တာတေ့ကို
ဘုန်းဘုန်းခေါ်ပြီး အကျိုးအကြောင်း
ပြောပြမယ်။ သူစိတ်ဝင်စားရင်တော့
အဆင်ပြေတာပေါ့လို့”
“ဒီလိုဆို တပည့်တော်က မျက်ကွင်းဆေး
လိမ်းပြီး သစ်စုန်းပင် ရှာရမှာပေါ့”
“အေးပေါ့ကွ တာတေရ”
“နောက်ကော အဲဒီမျက်ကွင်းဆေးကို
ပြန်ဖျက်လို့ ရလို့လားဘုရား”
“ဟာ ရတာပေါ့ကွ နနွင်းဖြူ’ဝ’ကွင်းကို
ဆေးစီရင်ထားတာ ရှိတယ်တဲ့၊ အဲဒါ
လိမ်းလိုက်ရင် စောစောက မျက်ကွင်း
ဆေးက ပျယ်သွားရောတဲ့ကွ”
“အော် ဖျက်ဆေးရှိတာကိုး”
“ရှိတယ် ရှိတယ် တာတေ၊ ဒီအတွက်
မစိုးရိမ်နဲ့ ”
“အင်း တပည့်တော်ကလည်း အဲဒီလိုမျိုး အထူး
အဆန်းတွေဆိုရင် သိပ်စိတ်ဝင်စားတာဘုရား”
“အေး ဘုန်းဘုန်းသိတယ်လေ တာတေရဲ့။
ဘုန်းဘုန်းမယ်တော်ကြီး ဖုတ်ဝင်တုန်းကလည်း
မင်းပဲ ဆရာကျော်နဲ့ တွဲလုပ်ခဲ့တာကို ဘုန်းဘုန်း
သိနေတာပဲ”
“မှန်ပါ့ဘုရား ဒါဆိုရင် တပည့်တော်ကို
အဲဒီ့ ရှမ်းဆရာကြီးနဲ့ တွေ့ပေးပါဘုရား”
“အေး ဟုတ်ပြီ၊ ဒါဆိုလာကွာ၊ သူ့ကို ဟိုဘက်ဆွမ်းစားကျောင်းမှာ တည်းခိုဖို့
ဘုန်းဘုန်းစီစဉ်ပေးထားတာ၊ဘုန်းကြီးနဲ့
မင်းနဲ့ ဟိုဘက်က ကျောင်းကို သွားရအောင်”
ကျုပ်နဲ့ ဆရာတော် ဆွမ်းစားကျောင်းကို
ရောက်လာခဲ့ကြတယ်။ ဆွမ်းစားကျောင်းက
နှစ်ထပ်ဗျ။ ဆရာတော်က အပေါ်ထပ်ကို
တက်တော့ ကျုပ်လည်း အပေါ်ထပ်ကို
လိုက်ခဲ့ရတာပေါ့၊ အပေါ်ထပ်က ဘုရား
ခန်းမှာ လူကြီးတစ်ယောက် ထိုင်နေတာ
တွေ့တယ်ဗျ။ အသားဖြူဖြူ၊ နှုတ်ခမ်းမွှေး
ကားကားနဲ့ဗျ။
အရပ်ကလည်း ခပ်ရှည်ရှည်ပဲ။ဒီလူကြီးရဲ့
မျက်လုံးတွေက နက်ပြီးတောက်ပနေတာဗျ။
ဆရာတော်ကြွလာတာ မြင်တော့ ချက်ချင်း
ထပြီး အရိုအသေပြုတယ်။ ဆရာတော်ကို
ဦးချတယ်။
“ကဲ ဆရာဦးနွံဖ၊ ဒီသူငယ်က ကျုပ်ပြောတဲ့
တာတေဆိုတာပဲ”
“အော် မောင်တာတေကိုး”
“ဟုတ်ပါတယ် ဆရာကြီး ကျုပ်တာတေပါ”
“အေး အေး မောင်တာတေ အကြောင်းကို
ဆရာတော် အမိန့်ရှိထားလို့ ကျုပ်သိထားပြီး
ပါပြီ။ ကျုပ်နာမည်က စိုင်းနွံဖတဲ့၊ဦးနွံဖပေါ့ကွာ။
ကျုပ်ကပရောဂကုတဲ့ဆရာပေါ့။တခြားဆေးဝါး
တွေလည်း ကိုင်ပါတယ်။ အဲ ကျုပ်ဝါသနာက
တော့ ထူးထူးဆန်းဆန်းတွေကို စိတ်ဝင်စား
တာပဲကွ။ ဒီလောကမှာ လူတိုင်းမသိနိုင်တဲ့
ထူးဆန်းတဲ့သဘောတရားတွေ ရှိနေတယ်ကွ။
ကြုံကြိုက်တဲ့အခါမျိုးမှာ တွေ့ရမြင်ရတယ်
တယ်ဗျ”
“ကျုပ်လည်း အဲဒီလိုလူမျိုးပဲ ဆရာကြီးရဲ့”
“ဟား ဟား ဟား ဒါဆို ဟန်ကျတာပေါ့ကွာ။
ကျုပ်တို့ဆရာတပည့်နှစ်ယောက်တွဲလို့ရတာ
ပေါ့။ နောက်များမှာလည်း မောင်တာတေ
ပညာလိုချင်ရင် ကျုပ်ပေးဖို့ ဝံ့မလေးပါဘူးဗျ”
“ကျုပ်က ဆရာတော့ မလုပ်ချင်ဘူးဗျာ၊
ထူးထူးဆန်းဆန်းတွေ စိတ်ဝင်စားရုံ သက်
သက်ပါပဲ”
“အော် ဒီလိုလား အေးပါလေ။ အခု
စိတ်မဝင်စားပေမဲ့ တစ်နေ့စိတ်ဝင်စား
လာတဲ့အခါ ကျုပ်သင်ပေးပါ့မယ်”
“အေး ကောင်းသဗျား ။ ဆရာတပည့်
နှစ်ယောက် အခုမှဆုံကြပေမဲ့ တစ်ယောက်နဲ့
တစ်ယောက် ခင်ခင်မင်မင်ရှိက ဘဝရေစက်
ကြောင့်ပဲဗျ။ လုပ်ရကိုင်ရမဲ့ ကိစ္စတွေကို
ဆရာနွံဖက မောင်တာတေကို ပြောပေါ့ဗျာ။
ကဲ ကဲ ဘုန်းကြီးသွားမယ် ဟိုဘက်ကျောင်း
မှာ ဘုန်းကြီးရှိနေတာပဲ။ကိစ္စရှိရင် တက်
သာ လာခဲ့ ဟုတ်လား ဒကာကြီးနွံဖ”
“မှန်ပါ့ဘုရား”
ဆရာတော်ဟိုဘက်ကျောင်းကြီး ကြွသွား
တော့မှ ဆရာကြီးက ကျုပ်ကိုပြောတယ်ဗျ။
အခုလာမဲ့ လပြည့်ညမှာ သစ်စုန်းတွေ
မြူးလိမ့်မယ်တဲ့။ဒုက္ခတွေ အားလုံးကြုံ
နေတာ။ ဒီလိုထူးဆန်းတဲ့ မှော်ဝင်၊သိုက်
ဝင်အပင်တွေဟာ အသက်ဝင်ကြလိမ့်
မယ်တဲ့ဗျာ။
“ဆရာ သစ်စုန်းဆိုတာ ဘယ်လိုပုံစံရှိလဲဗျ”
“အဲဒါ ကျုပ်လည်း သေသေချာချာ
မမြင်ပါဘူး။ သရဲစံပွင့် ကျုပ်ကိုပြော
တာကတော့ အရွယ်က ဝိုင်းဝိုင်းကလေး
တွေတဲ့ကွ။ ပြီးတော့ အလုံးကထွာစိုင်
လောက်ရှိပြီတဲ့။ အမြင့်ကတော့ လူရင်
စို့လောက်ရှိနေပြီဆိုပဲ။အသားကတော့
အင်မတန်မာတယ်တဲ့။ အနှစ်ကိုပြည့်
နေတာတဲ့ကွ။ တစ်နှစ်တစ်ခါ နက္ခတ်
စုံတဲ့ ညမှာ သစ်စုန်းမြူးတတ်တယ်တဲ့။
အမြစ်က ကျွတ်ထွက်ပြီး သင်္ချိုင်းထဲမှာ
လူလမ်းလျှောက်သလိုကို လျှောက်
သွားတာတဲ့ကွ။ အဲဒါ သူ့နေရာကို
ပြန်ဝင်ကာနီးအချိန်မှာ ပြေးဖက်ပြီး
သင်္ချိုင်းအပြင်ကို ရောက်အောင်
ထုတ်ယူနိုင်ရင် သစ်စုန်းရရောတဲ့
တာတေရ”
“အော် အဲဒီ့သစ်စုန်းရရင် ဘာဖြစ်တုံး
ဆရာကြီး”
“ပင်စည်ကို တောင်ဝှေးလုပ်ပြီး ဆရာတွေ
ကိုင်ရတယ်ကွ။ အရွက်တွေ အကိုင်း၊အမြစ်
တွေကိုတော့ အခြောက်လှန်းအမှုန့်ထောင်း
ပြီး ဆေးတောင့်လုပ်ရတာပေါ့။ အဲဒီဆေး
တောင့်ကလေး ရေဖျော်တိုက်ရင် ပရောဂ
ပြေးတာပေါ့ကွာ။ ဒီဆေးတောင့်ရေကို
အိမ်ဘေးပတ်ပြီး ဖျန်ထားရင် ပရောဂါ
မကပ်နိုင်ဘူးပေါ့ကွ။ ဆေးတောင်ဝှေးက
တော့ ပရောဂကို ရွယ်လိုက်တာနဲ့တင်
ပရောဂတွေ ဖိန့်ဖိန်တုန်အောင် ကြောက်
ကြတယ်”
“ဟာ တော်တော်တော့ စွမ်းတဲ့ သစ်
စုန်းနော် ဆရာကြီး”
“စွမ်းပါပြီလား တာတေရယ်”
“ဟုတ်ပြီ ကျုပ်လုပ်မယ်ဗျာ”
“အဲဒါကို မြင်ဖို့က မလွယ်ဘူးကွ။ အစွမ်း
ထက်တဲ့ မျက်ကွင်းဆေး ရှိဖို့လိုတယ်။
အဲဒီမျက်ကွင်းဆေးက ကျုပ်မှာရှိပြီးသား
ပါ။ ပြန်ဖျက်တဲ့ ဆေးလည်း ကျုပ်မှာ
အဆင်သင့်ရှိတယ် တာတေရဲ့၊ ဘာမှ
မစိုးရိမ်နဲ့ ”
“ဟာ မစိုးရိမ်ပါဘူး ဆရာကြီးရယ်။
ဆရာကြီးကို မြင်လိုက်ကတည်းက
ကျုပ်ယုံပြီးသားပါ”
“အေး ကောင်းပြီ တာတေ၊ ကျုပ်ဘက်
အပိုင်းကို စိတ်ချ၊ မောင်တာတေသာ
သစ်စုန်းပင်ကိုတွေ့ရင် အရအမိ ယူရဲ
ရမယ်။ ဘာကောင်တွေပဲ တွေ့တွေ့။
မကြောက်ရဘူး။ မောင်တာတေကို
ဘယ်လိုကောင်မှ မလုပ်ရဲအောင်
ကျုပ်ကာကွယ်ထားမယ်။ သစ်စုန်းပင်
သင်္ချိုင်းမြေကျော် သွားပြီဆိုတော့မှ
ဒီအပင်ကို လူတိုင်းမြင်ကြရမှာ ကျုပ်
လည်း ဒီတော့မှ ဒီအပင်ကို မြင်ရမှာ
မောင်တာတေရဲ့ ”
“ကျုပ် မသိလို့မေးပါရစေဗျာ”
” မေးလေကွာ၊ တာတေရာ မေးပါကွာ”
“ဆရာကြီးလည်း မျက်ကွင်းဆေး လိမ်းထား
ရင် ဒီအပင်ကို မြင်ရမှာ မဟုတ်လား ဆရာကြီး
က ဘာလို့ မလိမ်းတာတုံး”
“အေး မင်းမေးတဲ့မေးခွန်းက မေးထိုက်တဲ့
မေးခွန်ပဲကွ တာတေရ၊ အဲဒါကို ဆရာလုပ်တဲ့
သူက ကွင်းခွင့်မရှိဘူးကွ၊ တခြားတစ်ယောက်
ကိုပဲ ကွင်းပေးရတာ။ ကွင်းမဲ့သူကလည်း စနေ
သားဖြစ်ရမယ်။ ဒါမှရတာ။ ပြီးတော့ မျက်ကွင်း
ဆေးကွင်းထားတဲ့ အချိန်မှာ မင်းက သစ်စုန်း
ကိုတင် မြင်ရမှာ မဟုတ်ဘူးလေ။ တခြားနာနာ
ဘာဝတွေကိုပါ မြင်ရမှာကွ။ ဒီတော့ တော်ရုံ
တန်ရုံသတ္တိရှိတဲ့ လူကိုကွင်းပေးလို့မရဘူးကွ
ရူးသွပ်သွားတတ်တယ်”
“အော် နာနာဘာဝတွေပုံစံက ဒီလောက်
ကြောက်စရာကောင်းလို့လား ဆရာကြီး ကျုပ်
မဖဲဝါကိုတော့ ခပ်လှမ်းလှမ်းက မြင်ဖူးပါတယ်။
ခပ်ဖြူဖြူ အရပ်ရှည်ရှည်ကြီးပဲဗျို့”
“အဲဒါ မင်းအရိပ်လောက်ပဲမြင်ရတာကွ။
တာတေရ။တကယ့်အကောင်အထည်ကို
မြင်ရရင် တအားလန့်သွားတတ်တယ်”
“နေပါဦး ဆရာကြီးရဲ့ မျက်ကွင်းဆေးကွင်းတဲ့
အခါ နာနာဘာဝတွေကို မြင်ရတာတော့ ဟုတ်
ပါပြီ သူတို့ပြောတဲ့အသံရော ကြားနိုင်လားဗျ”
“အေး အဲဒါက ဒီလိုရှိတယ်ကွ၊ ကျုပ်ဆရာကြီး
တွေ ပြောတာကတော့။ မျက်စေ့ကွင်းတဲ့ လူရဲ့
ပါရမီပေါ်မှာ မူတည်တယ်တဲ့ တာတေရဲ့။
မျက်ကွင်းဆေးကွင်းတဲ့ လူရဲ့ပါရမီဓါတ်ခံညံ့ရင်
ရုပ်ပဲ မြင်ရနိုင်တယ်။ အသံမကြားနိုင်ဘူးကွ။
မင်းကတော့ ကျုပ်ထင်တယ်လေ ဒီဘက်မှာ
ပါရမီခံ ကောင်းမယ်ပုံပဲကွ။အဲဒီဆေးကွင်းတဲ့
ညကျမှပဲ သိရမှာပေါ့ကွာ”
“အော် ဟုတ်ပါပြီ ဆရာကြီး။ ဆရာကြီးနဲ့
တွေ့ရတာ။ ကျုပ်တော်တော်ကို ဗဟုသုတ
တိုးသွားပါရဲ့ဗျာ”
“အေး ၊ အဲဒီတော့ လပြည့်ည နေဝင်တာနဲ့
တာတေ ဒီကိုရောက်အောင် လာခဲ့ပေတော့။
ကျုပ်အစစအရာရာပြင်ဆင်ထားလိုက်မယ်”
” ဟုတ်ကဲ့ပါ ဆရာကြီး၊စိတ်ချပါ။ကျုပ်
ဆက်ဆက်လာခဲ့ပါ့မယ်”
ကျုပ်ပုဗ္ဗာရုံဆရာတော်ကို ကန်တော့ပြီး
ပြန်လာခဲ့တယ်။ တစ်လမ်းလုံးလည်း ကျုပ်
တွေးလာတာပေါ့ဗျာ။ ကျုပ်တစ်ခါမှ မကြား
ဘူးတဲ့ မျက်ကွင်းဆေးအကြောင်းနဲ့ ကြောက်
စရာကောင်းတဲ့ နာနာဘာဝတွေကို တွေ့ရ
မြင်ရတဲ့အခါ ကျုပ်ရော ခံနိုင်ရည် ရှိပါ
မလား။ ခံနိုင်ရည် မရှိရင်တော့ ကျုပ်
သွက်သွက်လည်အောင် ရူးသွားမှာဗျ။
ဟုတ်မှဟုတ်ရဲ့လား ငတာတေရေလို့၊
ကျုပ်ကိုယ်ကျုပ်မေးမိတယ်ဗျ။
အို ဘာပဲဖြစ်ဖြစ်ဗျာ ဒီလိုအခွင့်အရေး
မျိုးဆိုတာကိုတော့ ကျုပ်လက်လွှတ်မခံ
နိုင်ဘူးဗျို့။ ဆရာကြီးစိုင်းနွံဖနဲ့ ကျုပ်လိုက်
ကို လိုက်မယ်။ လပြည့်နေ့ညနေ နေဝင်
သွားချိန်မှာ အမေနဲ့အဘကို ကျုပ် ပုဗ္ဗာရုံ
ကျောင်းသွားဦးမယ်။ဆရာတော်ခေါ်ထား
လို့လို့ ပြောပြီး အိမ်ကနေ ကျုပ်ထွက်
လာခဲ့တယ်။
ကျုပ်ဆိုတဲ့ကောင်က တစ်သက်လုံး ဒီလိုပဲ
သွားနေကြဆိုတော့ အဘနဲ့ အမေကလည်း
သိပ်မဆန်းတော့ပါဘူးလေ။ ကျုပ် ပုဗ္ဗာရုံ
ကျောင်းကိုရောက်တော့ ဆရာကြီးက ဘုရား
ခန်းထဲမှာ ဆေးဝါးတွေ စီရင်နေတယ်ဗျ။
ရွတ်ဖတ်တာတွေလည်း လုပ်နေတယ်။
ကျုပ်က ဘုရားဦးတိုက်ပြီး ငြိမ်ငြိမ်ပဲ ထိုင်
နေလိုက်ပါတယ်။
ခဏနေတော့ ခံတွင်းနည်းနည်းချဉ်လာလို့
ဆေးလိပ်သောက်ရင်ကောင်းမလားလို့
စဉ်းစားလိုက်တယ်။ ဆရာကြီးက
ကြိုက်ချင်မှ ကြိုက်မှာလို့ တွေးမိတာနဲ့
မသောက်ပဲ နေလိုက်တော့တယ်
“မောင်တာတေ ဆေးလိပ်သောက်ချင်ရင်
သောက်ပါကွ၊ ရပါတယ်။ ကျုပ်ကို အနှောင့်
အယှက်မဖြစ်ပါဘူး။ ကျုပ်အလုပ်တွေလည်း
အားလုံးပြီးပါပြီ”
ကျုပ် ဆရာကြီးကို တော်တော်အံ့သြသွား
တယ်ဗျ။ကျုပ်စိတ်ထဲမှာ ဖြစ်ပေါ်နေတာ
တွေကို ဆရာကြီးသိနေတာကိုးလို့ တွေး
လိုက်မိတယ်။
“အင်း ကျုပ်သိနိုင်စွမ်း ရှိပါတယ်၊
မောင်တာတေ အခု မောင်တာတေက
ထမင်းစားလာခဲ့တယ်မို့လား”
“ဟုတ်ကဲ့ စားလာခဲ့ပါတယ် ဆရာကြီး”
“အေး မင်းထမင်းစားတာကြက်သားဟင်း
နဲ့လေ၊ကြက်သားဟင်းက ငရုတ်သီးစပ်လွန်း
လို့ မင်းရေ၂ခါတောင် ထသောက်ရတယ်မို့
လား ပြီးတော့အဲဒီကြက်သားကမင်းတို့
အိမ်တောင်ဘက်ဝိုင်းက အသားမို့လား၊
ကြက်ကနည်းနည်းရင့်နေလို့ မင်းအမေမှာ
နူးအောင်တော်တော်ကို ချက်လိုက်ရတာကွ။
ကြက်ဖဆိုတော့ အသားကမာတာပေါ့ကွ”
“ဗျာ ဒါတွေကအစ ဆရာကြီး
သိနေတယ် ဟုတ်လား”
“အေးပါတယ် မောင်တာတေ ခုလို
ပြောပြတာ ကျုပ်ဂုဏ်ကို ဖော်ချင်လွန်းလို့
မဟုတ်ပါဘူး မင်းယုံကြည်ပြီး တပည့်ခံရမဲ့
လူက ဘယ်လိုလူဆိုတာလောက်တော့ သိ
ထားသင့်တယ် ထင်လို့ ပြောပြတာပါ”
“အော် ဟုတ်ကဲ့ပါ ဆရာကြီး။ကျုပ်တစ်
သက်မှာတော့ ဆရာကြီးလို ဆရာမျိုး
ဒီတစ်ခါပဲ မြင်ဖူးပါသေးတယ်ဗျာ”
“အေး အေး အခု ကျုပ် ရွတ်ဖတ်နေတာတွေ
မောင်တာတေတွေ့တယ်မို့လား”
“ဟုတ်ကဲ့ တွေ့ပါတယ် ဆရာကြီး”
“အေး အဲဒါ ဆေးတွေ အင်းတွေကို မန္တန်
ရွက်ပြီး နှိုးထားတာကွဲ့။ ဒါမှ အရေးအကြောင်း
ရှိလာရင် အားလုံးအသက်ဝင်နေမှာပေါ့။ဘာမှ
မကြောက်နဲ့ မောင်တာတေ ကျုပ်နဲ့တွဲမိလို့
မင်းဘာမှ မဖြစ်စေရဘူး သိလား”
“ဟာ ကျုပ် ဆရာကြီးကို ယုံပြီးသားဗျာ”
“အေး အေး ကောင်းတာပေါ့ကွာ”
ကျုပ်က ဆေးပေါ့လိပ်ကလေ မီးညှိပြီး
ဖွာတယ်ဗျ၊ ဆရာကြီးကတော့ ရေနွေးကြမ်း
တွေ တစ်ခွက်ပြီးတစ်ခွက်သောက်ပြီး တွေး
နေတယ်။တော်တော်လေး ညဉ့်နက်လို့ ရွာ
ထဲမှာလူခြေတိတ်ပြီ ဆိုတော့မှ…
“ကဲ တာတေရေ၊ ကျုပ်တို့ ဆရာတပည့်
နှစ်ယောက် ဘုရားရှိခိုးကြစို့ရဲ့”
“ဟုတ်ကဲ့ ဆရာကြီး”
ကျုပ်ရော ဆရာကြီးပါ ဘုရားကို ဦးတည်
ကြတယ်။ဘုရားရှိခိုး ပြီးတော့ ဆရာကြီး
စိုင်းနွံဖက ဘုရားမှာ သစ္စာဆိုတယ်။
“ဘုရားတပည့်တော်နွံဖဟာ ဒီပညာတွေ
တတ်မြောက်တဲ့အချိန်ကစပြီး လူတွေရဲ့
ဒုက္ခကို ကယ်တင်ခဲ့တာပါပဲဘုရား။အခုလည်း
ဘုရား တပည့်တော် အလိုရှိတဲ့ ပစ္စည်းကိုရရင်
သတ္တဝါတွေကို ကယ်တင်ဖို့ စောင့်ရှောက်ဖို့ပဲ
ရည်ရွယ်တာပါဘုရား၊ ဤသစ္စာစကားမှန်ကန်
ပါက ဘုရားတပည့်တော်တို့ ဆရာတပည့်နှစ်
ယောက် ဒီညပြုလုပ်မဲ့ ကိစ္စကို အောင်မြင်ရ
ပါလို၏ ဘုရား”
ကျုပ်ရော ဆရာကြီးပါ ဘုရားကို ဦးသုံးကြိမ်
ချလိုက်ကြတယ်။
“ကဲ မောင်တာတေရေ သွားဖို့ အချိန်ကြပြီကွဲ့”
“ဟုတ်ကဲ့ အသင့်ပါပဲ ဆရာကြီး”
ကျုပ်နဲ့ဆရာကြီး ရွာပြင်ကို ထွက်ခဲ့ကြတယ်။
ပြီးတော့ ရွာပြင်ကပါတ်ပြီး လျှောက်ခဲ့ကြတယ်။
“ဒီအချိန်သွားမှ ဆရာမနိုင်ကို
သန်းခေါင်လောက်ရောက်မှာကွ။
ကြိုသွားလို့လဲ မရဘူးလေ။မဖဲဝါက
ကြိုသိနေရင် ဘာမှ လုပ်လို့ရမှာ
မဟုတ်ဘူး တာတေရ”
ကျုပ်နားထဲမှာ မဖဲဝါဆိုတဲ့ အသံကြား
လိုက်ရတော့ နည်းနည်းတော့ လန့်သွား
တယ်ဗျို့။ ဒါပေမဲ့ ဆရာကြီးရဲ့ပညာစွမ်းကို
ကျုပ်ယုံတယ်ဗျာ။ ကျုပ်တို့ဆရာတပည့်
ဘယ်ရွာကိုမှ မဝင်ဘဲ အပြင်ကချည်း
ပါတ်သွားကြတာ ဆရာမနိုင်ကို ကျုပ်က
ဖြတ်လမ်းသိတော့၊ အဲဒီလမ်းက ဆရာကြီး
ကို ခေါ်လာတာ သန်းခေါင်မတိုင်ခင်
ဆရာမနိုင်သင်္ချိုင်းထဲကို ကျုပ်တို့
ဆရာတပည့် ရောက်လာတာဗျို့။
“ကဲ လာ မောင်တတေ ဟိုဇရပ်ပေါ်ကို
တက်ကြစို့ ”
ကျုပ်တို့ ဆရာတပည့် နှစ်ဆောင်ပြိုင်ရွာ
သင်္ချိုင်းကုန်းထဲက ဇရပ်ပေါ်တက်လာကြ
တယ်။ ဇရပ်ပေါ်မှာ ဆရာကြီးက အကျအန
ထိုင်လိုက်ပြီးတော့၊ သူ့လွယ်အိတ်ကြီးထဲက
ကျောက်ပျဉ်သေးသေးလေးကို ထုတ်တယ်။
ပြီးတော့ မျက်စဉ်းပုလင်းလောက်ရှိတဲ့ ရေ
ပုလင်းကလေးကို ထုတ်တယ်ဗျ။နောက်
တော့ ဆေးတောင့်တစ်တောင့်ကို သွေး
တော့တာပဲဗျာ။ ရေးရည်ညိုညိုကလေး
တွေ ထွက်လာတော့မှ…
“ကဲ လာ တာတေ။ မျက်စေ့ကို ကွင်းကြစို့”
ပြောပြာဆိုဆို ကျုပ်မျက်စေ့ နှစ်ဘက်မှာ
ဆေးကွင်းပေးတယ်ဗျ ။ ခင်ဗျားတို့ ကျုပ်တို့
မျက်စေ့နာတဲ့အခါ မန်ကျည်းခေါက်သွေးပြီး
ကွင်းသလိုပေါ့ဗျာ။
ခဏနေတော့ ဆေးခြောက်သွားတယ်ဗျ။
“လာ ဒီရှေ့တိုး”
ဆိုလို့ ကျုပ်က ဆရာကြီးရှေ့ကို တိုးလိုက်
တယ်။ ဆရာကြီးက ကျုပ်အိတ်ထဲကို ဆေး
ဥတစ်ဥ ထည့်ပေးတယ်။
“ဒါဟာ ‘ဝ’ကွင်း နနွင်းဖြူကွ။ ဆေးစီရင်ပြီး
သား မင်းဘာသာ မင်းသွေးပြီး မျက်စေ့ကို
ကွင်းလိုက်ရင် အောက်က မျက်ကွင်းဆေး
အာနိသင် ပျက်သွားလိမ့်မယ်။ဟောဒီမှာ
မင်းအိတ်ထဲကို ထည့်ထားမယ်။ပြီးတော့
အင်္ကျီစအိတ်ကို ကျုပ်ချိတ်အပ်နဲ့ပိတ်
လိုက်မယ်။ထွက်ကြပြီး မပျောက်အောင်
ပေါ့ကွာ”
“ဟုတ်ကဲ့ပါ ဆရာကြီး”
တော်တော်ကိုစေ့စပ်သေချာတဲ့ ဆရာ
ကြီးပဲလို့ ကျုပ်စိတ်က တွေးလိုက်မိတယ်။
“ဒါမျိုးက မသေချာလို့မရဘူးလေ တာတေရဲ့။
ကဲ မင်းဘာမှမကြောက်နဲ့နော်။သင်္ချိုင်းဘက်ကို
လှည့်ပြီး ကြည့်လိုက်ပေတော့ ပြီးရင် မင်းမြင်
တာတွေ ကျုပ်ကိုပြောပြပေတော့”
ကျုပ် ခပ်ဖြေးဖြေးပဲ သင်္ချိုင်းကုန်းကြီး
ဘက်ကို လှည့်လိုက်တယ်။
“ဟာ”
“မကြောက်နဲ့ မောင်တာတေ အဲဒါတွေက
အပါယ်လေးဘုံသားတွေပါ။ ဒို့ဘုရားဟော
ခဲ့တဲ့ အပါယ်လေးဘုံသားတွေပေါ့။ ကဲ
မင်းမြင်တာ ဆရာ့ကို ပြောပါဦး”
“ဆရာကြီး သင်္ချိုင်းထဲက အပင်ကြီးတွေ
ပေါ်မှာ အကောင်တွေ အပြည့်ပါပဲလားဗျ”
“အေး ဟုတ်ပြီ၊ ကြည့် ကြည့် မကြောက်နဲ့”
“ဟာ ဟိုဘန့်ဘွေးပင်ပေါ်မှာက နှစ်ကောင်ဗျ။
အို ကြည့်ပါဦး တစ်ကောင်က နားရွက်ကြီး
အကြီးကြီးဗျ။ မျက်လုံးကြီးတွေကလည်း
လင်ကွင်းလောက်ကို ရှိပါလား”
“အော် ဟုတ်ပြီ ဒီကောင်တွေ ကျုပ်တို့ကို
ကြည့်နေကြသလား”
“ဟာ မကြည့်ဘူးဗျ။ သူတို့ဖာသာနေ
နေကြတာပဲ”
“အေး ဟုတ်ပြီ သင်္ချိုင်းထဲကို လျှောက်ကြည့်
ကွာ။ လသာလိုက်တာမှ ထိန်နေတာပဲ။
အားလုံး မြင်ရပါတယ်”
“ဟာ ဆရာကြီး တောင်ဘက်က အုတ်ဂူကြီး
ပေါ်မှာ ဆံပင်ဖားလျားကြီးနဲ့ မိန်းမတစ်ယောက်
ထိုင်နေတယ်ဗျ။ သူ့ရှေ့မှာ ဆံပင်ဖားလျားနဲ့
သူရဲမတွေ လေးငါးယောက်က ကြုံကြုံ
ထိုင်နေကြတယ်”
“အော် မဖဲဝါလည်း ရောက်နေပြီကိုး၊ အေး
အဲဒါ မင်းတွေ့ဖူးတယ်ဆိုတဲ့ မဖဲဝါပေါ့ကွာ၊
ရှေ့ကဟာတွေကသူ့တပည့်တပန်းတွေပေါ့။
သူ့ကိုခစားနေကြတာ ဖြစ်မှာပေါ့။သူကကော
ကျုပ်တို့ကို ကြည့်သလားကွ”
“ဟာ ကြည့်တယ်ဗျ၊ မျက်လုံးကြီးက
နည်းတဲ့ဟာမှ မဟုတ်ပဲဗျာ၊ကျုပ်အရင်
တွေ့တုံးက ဖြူဖြူအရိပ်ကြီးဗျ”
“အေး အဲဒီတုံးက ကိုယ်ပြတာ။အရိပ်ပြ
တာလေ။ အခု မြင်နေရတာက အကောင်
ပေါ့ကွ တာတေရ၊ အသာနေ သူတို့ကို
သွားမကြည့်နဲ့ သစ်ပင်တွေလိုက်ကြည့်
ကွာ။ ထူးခြားတဲ့ သစ်ပင်များတွေ့သ
လားလို့”
” သစ်ပင်တွေ အကုန်လုံးက ရောနေတာဗျ”
“ရင်ဆို့လောက်အရွက်ဝိုင်းဝိုင်းနဲ့ ထွာဆိုင်
လောက် အပင်လေကွာ”
“ဟာ အဲဒီလိုအပင်တွေက အများချည်း
ဆရာကြီးရဲ့။ အော် နေပါဦးဗျ။ မဖဲဝါကြီး
စိုက်ကြည့်နေတဲ့ အပင်တစ်ပင်ရှိတယ်ဗျ”
“အေး အေး ပြောစမ်း ဘယ်နားမှာလဲ”
“ဆရာကြီး အသာလှမ်းကြည့်လိုက်
အုတ်ဂူအစိမ်းရောင် တွေ့လား”
“အေး…တွေ့တယ်လေ၊ ဂူအစိမ်းက
တစ်လုံးပဲ ရှိတာမို့လားကွ”
“အဲဒီ ဂူအစိမ်းရဲ့ခေါင်းရင်းမှာ ရင်စို့လောက်
အပင်တစ်ပင်ရှိတယ်ဗျ။ အရွက်ကလည်း
ခပ်ဝိုင်းဝိုင်းပဲ”
“ဟေ…အဲဒီအပင်ကို ငါမမြင်ရဘူးကွ။
ဟုတ်ပြီ မင်းက ဆေးကွင်းထားလို့
မြင်ရတာနေမှာပေါ့။ ကြည့်ထား အဲဒီ
အပင်ပဲဖြစ်မယ်ကွ။ တာတေရေ အဲဒါ
သစ်စုန်းပဲကွ”
“ဟာ…ဆရာကြီး အဲဒီအပင်ဘေးမှာ
အကောင်ကြီးတစ်ကောင် ရပ်နေတယ်ဗျ။
မျက်လုံးကြီးတွေက လင်ကွင်းလောက်ရှိ
တယ်ဗျ။ လျှာကြီးက တွဲလောင်းကြီးကျ
နေတယ်ဗျို့။ ဟာ…လက်ဝါးကြီးတွေ
လည်း အကြီးကြီးနဲ့ဗျာ”
“ဟာ အဲဒါသူရဲစံပွင့်ပေါ့ကွ။ သူ အဲဒီအပင်
ကို စောင့်ရမှာစိုးလို့ လူထဲဝင်ပုန်းနေတာလေ
ကွာ။စံပွင့်ပြောလို့ ကျုပ် ဒီအပင်အကြောင်း
သိတာကွ။ စံပွင့်က ကျုပ်တို့ကို တားမှာ မ
ဟုတ်ဘူး။ ဒီအပင်မရှိမှ အေးမယ်လို့ တွေး
နေတဲ့ အကောင်ကွ”
“ဟော …ဆရာကြီးရေ လေလည်းမတိုက်နဲ့၊
အဲဒီအပင်က လှုပ်ရမ်းနေတယ်ဗျို့။ဟော
တစ်ဘက်တည်းကို ယိမ်းတာမဟုတ်ပဲ
ဘက်ပေါင်းစုံက ယိမ်းနေတာဗျို့။ဟော
ဟော…မဖဲဝါကြီးနဲ့ သူ့တပည့်တွေ အဲဒီ
ကို သွားနေကြပြီဗျ”
“အေး …နက္ခတ်အချိန်ကြပြီကိုး တာတေရဲ့၊
သစ်စုန်းပင်မှာ အသက်ဝင်လာပြီပေါ့၊
သေသေချာချာ ကြည့်နေနော်”
“ဟာ…ဆရာကြီးရေ သစ်ပင်က အပေါ်ကို
ကြွတက်လာနေပြီဗျို့”
“အေး ဟုတ်ပြီ၊ ဟုတ်ပြီ၊ မဖဲဝါ ဘာလုပ်နေလဲ”
“ဟာ…မဖဲဝါက လက်ကြီးနှစ်လက် ရှေ့ကို
ဆန့်ပြီးပါးစပ်က ပွစိပွစိနဲ့ ပြောနေတာဗျ။
ဘာပြောနေတာလဲတော့ ကျုပ်မကြားရဘူး”
” အေး အေး ဟုတ်ပြီ၊ ကြည့်ထား”
“ဟာ ဆရာကြီးရေ သစ်စုန်းပင်က လူလမ်း
လျှောက်သလို လျှောက်နေပြီဗျို့။ဟာ မဖဲဝါ
ရော သူရဲ့စံပွင်ကြီးတို့ရောအပင် နောက်က လျှောက်လိုက်နေကြပြီဗျို့
“ဟာ ဟုတ်လား ဘယ် ဘယ်ကို
သွားနေလဲကွ”
“သင်္ချိုင်းအနောက်ဘက်ဗျ။ အားလုံး
အုံပြီး လိုက်သွားကြတယ်”
“အေး တာတေရေ အပင်ပေါ်က
ကောင်တွေကို တစ်ချက်ကြည့်စမ်းကွာ”
“ဟာ …ဒီကောင်တွေလည်း အဲဒါကို
ဝိုင်းကြည့်နေကြတယ်ဗျ”
“အေး …ဟုတ်ပြီ မင်းသေသေချာချာ
နားထောင် တာတေ၊ အဲဒီအပင်က
စောစောက ဂူအစိမ်းနားကို ရောက်
အောင်ပြန်သွားမှာ အဲဒီအချိန် ငါက
မဖဲဝါတို့ဆီကို ဆေးလုံးပစ်သွင်းလိုက်
မယ်။မင်းက ဂူအစိမ်းနားကို သွားပြီး
ပုန်းနေ။ သစ်စုန်းပင်ရော မဖဲဝါတို့
ရော အဲဒီနားကပ်လာတာနဲ့။မင်းက
မတ်တတ်ထရပ်လိုက်။ ငါက ဆေး
လုံးပစ်လိုက်မယ်။ သူတို့အားလုံး
ခဏကြာအောင် ကြက်သေ,သေ
သွားကြလိမ့်မယ်။သူတို့တင်မကဘူး
ဒီသင်္ချိုင်းက အကောင်တွေ အားလုံး
ကြက်သေ,သေသွားမှာ။သိပ်ကြာမှာ
တော့ မဟုတ်ဘူးကွ။ အဲဒီအချိန်မှာ
မင်းကသစ်စုန်းပင်ကို ပြေးထမ်းပြီး။
သင်္ချိုင်းအပြင်ကို အရောက်ပြေး
ပေတော့။ငါက နောက်ထပ်ဆေးလုံး
ပစ်သွင်းပြီး မင်းနောက်က ပြေးလိုက်
ခဲ့မယ်။ သင်္ချိုင်းအပြင်ရောက်ရင်
မင်းဆက်မပြေးနဲ့ ငါကိုစောင့်နေ
ဖြစ်တယ်မို့လား တာတေ”
“ဟာ …သိပ်ဖြစ်တာပေါ့ ဆရာကြီး”
“အခု ဘယ်ရောက်သွားပြီလဲကွ”
“သည်ပင်က လူလမ်းလျှောက်သလို
တစ်လှမ်းချင်း လျှောက်နေတာဗျို့
နောက်က မဖဲဝါကြီးက ဦးဆောင်ပြီး
သစ်ပင်နောက်က ခပ်ခွာခွာမဲလိုက်
နေတာ ဆရာကြီးရဲ့”
“အေး…သူရဲစံပွင့်ကြီးရောပါသလားကွ”
“ဟာ…ပါတာပေါ့ဗျ။ အဲဒီ အကောင်ကြီးက
မဖဲဝါဘေးမှာ ကုတ်ကုတ်ကလေးဗျ”
“အေး…ဟုတ်မယ်ကွ၊ ဒီကောင်ကြီးက
မဖဲဝါကို အားကြီးကြောက်ရတာဆိုပဲ။
အခု ဘယ်ဘက်ကို ရောက်သွားပြီလဲ”
“ဟောဟိုက ထနောင်းပင်နှစ်ပင်ကို
ဆရာကြီးတွေ့တယ်မို့လား”
“အေး…တွေ့တယ်လေ”
“အဲဒီနောက်မှာ လျှောက်နေတာဗျို့”
“ဟာ …အဲဒါ သင်္ချိုင်းရဲ့နယ်နိမိတ်ပဲကွ၊
အဲဒါပြီးရင် ဒီဘက်ကို ပြန်ပြီး ပတ်လာမယ်
ထင်တယ်”
“ဟာ …ဆရာကြီး သစ်စုန်းပင်က လူလိုပဲ
ခုန်နေတာဗျို့”
“ဟာ ဟုတ်လားကွ”
“ဟုတ်ပါ့ဗျာ၊ သူ့အကိုင်းတွေကလည်း
လူလက်တွေလိုပဲ။ အကွေ့အဆန့်လုပ်လို့
ရတယ်ဗျ။ ဟာ…ဟော …ခုန်ပြန်ပြီဗျို့။
တော်တော်တော့ သွေးပျက်စရာကောင်း
တဲ့ မြင်ကွင်းပဲဗျာ”
“ဟာ…မကြောက်စမ်းပါနဲ့ တာတေရာ”
“မကြောက်ပါဘူးဗျာ၊ ကျုပ်က အခုချက်ချင်း
တောင် ပြေးထမ်းလိုက်ချင်ပြီဗျ”
“ဟာ …မရသေးဘူးလေကွာ။ သူတစ်ပတ်
ပြည့်အောင် လျှောက်ပြီးမှ အာနိသင်အပြည့်
ရမှာကွ။ ကဲ…ဆက်ကြည့်ပြန်ဟေ့”
“ဟုတ်တယ်ဗျို့၊ ဒီအပင်က သင်္ချိုင်းဘက်ကို
လှည့်ပတ်သွားနေတာဗျာ။ ဟိုဘက်က ဂူတွေ
ဘက်ကို တက်သွားပြီဗျို့”
“ဟုတ်ပြီ ဟုတ်ပြီ မျက်ခြေမပြတ်သာ ကြည့်
နေဟေ့”
ကျုပ်ကြည့်နေတုံးမှာပဲ သစ်စုန်းပင်က သင်္ချိုင်း
နေရာအနှံ့ကို ရောက်သွားတယ်ဗျ။သင်္ချိုင်းတစ်
ခုလုံး ရောက်သွားတော့မှ ရပ်နေတယ်။ မဖဲဝါ
ကြီးတို့ကလည်း နောက်က ထပ်ချပ်မကွာ
လိုက်နေတာဗျို့
“ရပ်နေတယ် ဆရာကြီးရဲ့”
“ဟာ ဟုတ်လား၊ ကဲ ဒါဆိုရင် မင်းဂူ
အစိမ်းဘေးကိုသွားပြီး ပုန်းပေတော့ဟေ့။
အနားရောက်လာတာနဲ့ကျုပ်မှာထားသလို
မတ်တတ်ထရပ်လိုက်နော်။ကျုပ်ဆေးလုံး
ပစ်သွင်းမယ်။ ကျုပ်ကလည်း ဟောဟိုက
ဘုန်းကြီးမယ်တော်ကြီးရဲ့ဂူနားမှာ
ကပ်နေမှာ သိလား”
“ဟုတ်ပြီ ဆရာကြီး ဒါဆိုရင် ကျုပ်သွားပြီဗျို့”
ကျုပ်က ဆရာကြီးခိုင်းတဲ့အတိုင်း ဂူတွေ
ကြားမှာ ပုန်းပြီး ဂူအစိမ်းနားကို ရောက်အောင်
လာခဲ့တယ်။ ကျုပ်လှည့်ကြည့်တော့ ဆရာကြီး
လည်း ကျုပ်လိုပဲ ဂူတွေကွယ်ပြီး လာနေတယ်
ဗျ။ အချွန်အတက်တွေနဲ့ လုပ်ထားတဲ့ မယ်
တော့်ဂူနား ရောက်သွားပြီဗျို့။
မဖဲဝါကြီးတို့ကတော့ သစ်စုန်းပင်ကိုပဲ
အာရုံထားနေတာဆိုတော့ ကျုပ်တို့ကို
မြင်ပုံမပေါ်ဘူးဗျ။ သစ်ပင်ပေါ်က ကောင်
တွေကလည်း ဘာကိုမှ မကြည့်တော့ဘူး
ဗျို့။ သူတို့ဟာသူတို့ပဲ ငြိမ်နေကြတယ်။
ဟော ပြောရင်းဆိုရင်း သစ်စုန်းပင် ကခုန်
ပြီး ပြန်လာနေပြီဗျို့။အောင်မယ်လေးလေး။
မဖဲဝါက အရပ်ကြီး ဆယ်ပေ၊ ဆယ့်တစ်ပေ
လောက်ကို ရှိတာဗျ။ မျက်နှာကြီးက မဲနက်
နေတာဗျ။ မျက်လုံးနီကြီးနှစ်လုံးကလည်း
ပြူးထွက်နေတာဗျို့။ ကျုပ် လန့်မအော်မိ
အောင်ကို မနည်းထိန်းထားရတာဗျ။
ဟော လာကြပြီ။ လာကြပြီ။ ဂူအစိမ်းနား
ကို ရောက်တော့မယ်။ ရောက်တော့မယ်။
ဆရာကြီးမှာတဲ့အတိုင်း ကျုပ်မတ်တပ်
ထရပ်လိုက်တယ်။ မတ်တတ်ရပ်ရုံတင်
မကဘူးဗျို့။ မဖဲဝါကြီးကိုပါ လက်ညှိုး
ထိုးပြလိုက်တယ်။
ပစ်ပြီဗျို့။ ကျုပ်ဆရာကြီး ပစ်လိုက်ပြီ။
ဟာ…စွမ်းလိုက်တဲ့ဆေးဗျာ။ မဖဲဝါရော၊
သူရဲစံပွင့်ကြီးရော၊ နောက်ကိုတစ်လံ
လောက် ရွေ့သွားကြတယ်ဗျ။
ပြီးတော့ ဘာမှမမြင်သလို ငိုင်နေ
ကြတယ်။ ကျုပ်ပြေးပြီး သစ်စုန်းပင်ကို
ပွေ့ပြီး ပခုံးပေါ်ထမ်းလိုက်တယ်။ပြေး
ပြီဗျို့။ပြေးပြီ။ တစ်ချိုးတည်းပဲ။
တာတေတဲ့ဟေ့လို့ ကျုပ်စိတ်ထဲမှာ
ကြုံးဝါးရင်း သစ်စုန်းပင်ကို ပခုံးမှာ
မိမိရရထမ်းပြီး ကျုပ်ပြေးတယ်။
“ရှောင်ကြ ရှားကြဟေ့”
ဆိုတဲ့ ဆရာကြီးရဲ့ ကြုံးဝါးသံကြီးကို
ကျုပ် နောက်ဘက်မှာ ကြားလိုက်ရတယ်ဗျ။
ကျုပ်နောက်မှာ ဆရာကြီးပါလာပြီဆိုတာ
သိတော့ ကျုပ်အားတက်သွားတာပေါ့ဗျာ။
“ပြေးဟေ့၊ တာတေ၊ မနားနဲ့ပြေး”
လို့ ဆရာကြီးက ကျုပ်နောက်က ကပ်ပြီး
ပြောလိုက်တယ်။ ရောက်တော့မယ်။
ရောက်တော့မယ်။ဟော…ရောက်ပြီဗျို့။
သင်္ချိုင်းအပြင်ကို ကျုပ်တို့ရောက်ပြီဗျ။
“ဆက်ပြေး တာတေ။ ဆက်ပြေး။ဟို့ရှေ့က
ယာခင်းထဲအထိ ပြေးကွ။ ဟား ဟား ဟား
ကျုပ်သစ်စုန်းပင်ကို မြင်ရပြီဟေ့”
ကျုပ်ပြေးတယ်၊ မနားဘူး ပြေးတယ်။
အဲပြောရဦးမယ်ဗျို့။ ကျုပ်ပခုံးပေါ်မှာ
ပါလာတဲ့ သစ်စုန်းပင်က လူတစ်ယောက်
ရုန်းသလို ရုန်းတာဗျ။ ကျုပ်က သေသေ
ချာချာကို ဖိထားတာဗျ။သင်္ချိုင်းနဲ့ဝေး
လာတော့မှ ဒီကောင်ငြိမ်လာတယ်။
“ဘယ်နှယ်လဲ တာတေ၊ မင်းပခုံးပေါ်က
ကောင် လှုပ်သေးလား”
“ဟာ ငြိမ်သွားပြီဗျို့ ဆရာကြီးရေ”
“အေး ဒါဆိုရင်ရပြီကွ။ တာတေ
ရပ်လိုက်တော့”
ကျုပ်တို့ ဆရာတပည့်နှစ်ယောက်
ရပ်လိုက်ကြတယ်။ နှစ်ယောက်လုံး
ဟောဟဲလိုက်အောင် မောနေကြ
တာဗျို့
“တာတေ နောက်ကို တစ်ချက်
ပြန်ကြည့်စမ်း ဘာမြင်သလံ”
ကျုပ်နောက်ကို လှည့်ကြည့်တယ်။
မြင်တာပေါ့ဗျာ။
“ဟာ…ဆရာကြီး။ မဖဲဝါကြီး သင်္ချိုင်း
အဝမှာ မတ်တတ်ကြီးရပ်နေတယ်ဗျ”
“ဟေ …ဟုတ်လား ငါတို့နောက်ကို
လိုက်လာတာလား”
“မလိုက်ဘူးဗျ ရပ်နေတာ၊ ကျုပ်တို့ကို
ကြည့်တော့ ကြည့်နေတယ်ဗျ”
“ဒါဆို အောင်ပြီပေါ့ကွာ ကဲ တာတေ
ခပ်သုတ်သုတ်သွားကြစို့ ”
“ဟုတ်ကဲ့ ဆရာကြီး”
ကျုပ်က သစ်စုန်းပင်ကို ထမ်းရင်း
ဆရာကြီးနဲ့ ကျုပ်နဲ့ ခရီးဆက်ကြ
တယ်။ နောက်တော့ မကြာမကြာ
လှည့်ကြည့်ရတာပေါ့ဗျာ။ မဖဲဝါ
လိုက်မလာပါဘူး။လမ်းမှာတော့
ဗျာ။အကောင်မျိုးစုံ ကျုပ်မြင်ရ
တာပေါ့။
တစ်ချို့ဆိုရင် ခေါင်းကတင်းတောင်း
လောက်ကို ရှိတာဗျ။ ဒါပေမဲ့ ကျုပ်တို့
ကို ဘာအန္တရာယ်မှ မပေးကြဘူး။
ထနောင်းကုန်းကို ကျုပ်တို့ဆရာတပည့်
နှစ်ယောက် ပြန်ရောက်တော့ အရုဏ်
တောင်တက်ကာနီးနေပြီဗျ။
တကယ်တော့ ဒီညကိစ္စကို
ပုဗ္ဗာရုံဆရာတော်ရယ်၊
ဆရာကြီးရယ်၊
ကျုပ်ရယ်ပဲ သိခဲ့ကြတာလေ။
အဲ…အခုတော့ ခင်ဗျားလည်း
သိသွားပြီပေါ့ဗျာ။
မူရင်းရေးသူ ဆရာ တာတေ
ကိုယ်တွေ့မဖဲဝါ စာအုပ်မှ
ကောက်နုတ်တင်ပြထားသည်။
စာဖတ်သူများစိတ်ရွှင်လန်းပါစေ
Leave a Reply