လှည်းမောင်းခဲ့
တာပေါ့ဗျာ။ ဆပ်သမြှောင်က ကျုပ်တို့ရွာ ထ
နောင်းနဲ့တော့ နည်းနည်းလှမ်းသားတယ်ဗျ။
မီးလောင်ကုန်း၊ ငွေတွင်းကုန်းတို့ ကျော်ပြီးမှ
ဆပ်သမြှောင်ကို ရောက်တာ။ ငွေတွင်းကုန်း
နဲ့ ဆပ်သမြှောင်ကြားက တော်တော်ဝေးသေး
တယ်။ ထန်းတောတွေကို ကျော်သွားရတာ။
ဘိုးစော်ကဲရဲ့ နွားကြီးတွေက တော်တော်လိမ္မာ
တာဗျ။ အော်ဖြူရော ကျော်နီရော လှည်းဆွဲ
လွှတ်ကောင်းတဲ့ ကောင်ကြီးတွေဗျ။
ဆပ်သမြှောင်ရောက်တော့ ဆရာတော်ကြီး ဦးတိက္ခရဲ့သာသနာ လင်္ကာရကျောင်းကို
မောင်းပေးရတယ်ဗျ။ဘုန်းကြီး ဦးတိက္ခက ဘိုးစော်ကဲရဲ့အစ်ကိုဝမ်းကွဲ တော်တယ်လေ
ဗျာ။ ဘိုးစော်ကဲက သူ့အစ်ကို ဘုန်းကြီးကို
လာဖူးတာဗျ။ လှူစရာတွေလည်း လှူတာ
ပေါ့ဗျာ။ ဘုန်းကြီး ဦးတိက္ခရဲ့ကျောင်းက
ရွာအရှေ့ပိုင်းမှာဗျ။ ဘုန်းကြီးကျောင်းဝင်း
အနောက်ဘက်မှာ ယာခင်းတွေပဲ ရှိတာ။
ဘိုးစော်ကဲနဲ့ ဘုန်းကြီး ဦးတိက္ခတို့ စကား
တွေ ပြောနေတုန်း ကျုပ်က ကျောင်းတိုင်
တစ်လုံးမှီပြီး နားထောင်နေရတာပေါ့ဗျာ။
“နောင် ဝေ ဝေ၊ နောင် ဝေ ဝေ”
ကျောင်းအနောက်ဘက်က ကြေးစည်သံ
ကြားတာဗျ။
“ဟဲ့ ဒါ ဘာတုံး၊ သုမန ရွာထဲမယ် ဘာဖြစ်တုံး”
ဘုန်းကြီး ဦးတိက္ခက ကိုရင် သုမနကို လှမ်း
မေးတာဗျ။
“အနောက်ပိုင်းက ဒကာမကြီး ဒေါ်စီရဲ့သား
ကိုပေါက်စီ ပိုးထိပြီး ဆုံးသွားလို့တဲ့ဘုရား”
“ဟေ …ပေါက်စီ ဟုတ်လား၊ သောက်ကျိုး
တော့ နည်းရောကွာ၊ ဒီကလေးက လွှတ်လိမ္မာ
တာကွ၊ ဖြစ်မှဖြစ်ရလေကွာ၊ ဘယ်မှာ ပိုးထိတာ
တဲ့တုံး သုမန”
“တောတက်သွားတာတဲ့ဘုရား၊ တောထဲမှာ
ထိလာတာလို့ ပြောတယ်”
“ဟေ …တောထဲမှာတင် သေလာတာလား”
“မဟုတ်ဘူး၊ အိမ်ရောက်ပြီး တော်တော်ကြာ
မှ သေတာတဲ့ ဘုရား”
“ဟေ… ဆရာတွေ ဘာတွေ မပင့်ကြဘူးလားကွာ”
“ပင့်တယ်တဲ့ဘုရား၊ ရွာမြောက်ပိုင်းက
ဆရာရုံး ကုတာ မရေတာ့ဘူးတဲ့ဘုရား”
“အင်း၊ ကိုရုံးလည်း တော်ပါတယ်၊ အဆိပ်
ပျံ့သွားလို့ရှိမှာပေါ့လေ”
ဘုန်းကြီးနဲ့ ကိုရင်သုမနတို့ ပြောဆိုနေတာကို
ဘိုးစော်ကဲရော ကျုပ်ရော ငြိမ်ပြီး နားထောင်
နေကြတာဗျ။ ဘိုးစော်ကဲက မျက်စိမှိတ်ပြီး
ငြိမ်နေတယ်ဗျ။
“နောင် ဝေ ဝေ ဝေ”
အသုဘချလာတဲ့ ကြေးစည်သံက တဖြည်း
ဖြည်း နီလာပြီဗျ။
“အရှင်ဘုရားပြောတဲ့ ပေါက်စီဆိုတာ မသေ
သေးဘူးဘုရား၊ အခု မြန်မြန်သွားပြီး ဒီကို ယူ
လာခိုင်းလိုက်ပါဘုရား၊ တပည့်တော် ကုပေး
ပါ့မယ်”
“ဟေ…ဟုတ်လား စော်ကဲရဲ့၊ ဟဲ့ သုမန
မြန်မြန်လုပ်စမ်း၊ မြန်မြန်သွားပြောလိုက်၊
ဘုန်းကြီးက အခုချက်ချင်း ယူခဲ့ရမယ်လို့
ပြောလိုက်၊ကိုရင်ပညာမိတို့ ကိုရင်ကုမရ
တို့ပါ ခေါ်သွား”
“တပည့်တော်လည်း လိုက်သွားမယ်ဘုရား”
“ဟာ ကောင်းတယ် တာတေ၊ မင်းက ပြော
တတ်ဆိုတတ်တော့ အကျိုးအကြောင်း ပြော
ပြပြီး ဒီကို ယူလာခိုင်းလိုက်”
ကိုရင်သုံးပါးနဲ့ ကျုပ်နဲ့ ကျောင်းနောက်ဘက်
ပေါက်က ပြေးထွက်ပြီး အသုဘချလာတဲ့
လူတွေကို လှမ်းအော်ကြတယ်
“နေဦးဗျို့၊ နေဦး၊ ခဏ နေကြဦး”
အသုဘချတဲ့ လူတွေ ကျုပ်တို့ကို လှည့်ကြည့်
တယ်။ သူတို့အကြည့်တွေက ကျုပ်တို့ကို နား
မလည်သလို ကြည့်နေကြတယ်။ သေတဲ့လူရဲ့
အမေကတော့ အော်ဟစ်ငိုနေတာပေါ့ဗျာ။
“သားရေ၊ အမေ့ကို ထားခဲ့ပြီလားကွဲ့”
ကျုပ်တို့က အသုဘချတဲ့ လူတွေရှေ့မှာ ပိတ်
ရပ်လိုက်ကြတယ်။
“ကိုရင်တွေ ဘာလုပ်တာတုံး၊ ဟာ တာတေ
ပါလား”
“တာတေ၊ ဘာဖြစ်လို့တုံး”
“ဟေ့ကောင်တွေ သူများယာထဲမှာ မရပ်ရ
ဘူးကွ၊ အသုဘကို လှုပ်ထား၊ လှုပ်ထား၊
ငြိမ်မထားနဲ့ ”
ကျုပ်က အကျိုးအကြောင်း မြန်မြန်ရှင်းပြရတာ
ပေါ့ဗျာ။
“ဒီလိုဗျ၊ ကျုပ်နဲ့ ဘိုးစော်ကဲက ဆရာတော်ကို
ဖူးဖို့ ဘုန်းကြီးကျောင်းထဲမှာ ရောက်နေတာ။
အခု ဘိုးစော်ကဲက ပြောလို့ လာပြောရတာပါ၊
ပိုးထိတဲ့လူ မသေသေးဘူးတဲ့”
“ဟာ …ဟုတ်လား”
“အဲဒါ အခုချက်ချင်း ကျောင်းထဲကို ယူခဲ့ဖို့
ဆရာတော် အမိန့်ရှိလိုက်လို့ လာပြောတာပါ”
“ဟေ…ဘိုးစော်ကဲ ရောက်နေတယ်တဲ့ကွ”
“ပေါက်စီ မသေသေးဘူး ဟုတ်လား”
“ဟုတ်လို့လားကွာ”
“သေနေပါပြီဗျာ”
အသုဘချတဲ့ လူတွေက တစ်ယောက်တစ်
ပေါက်တွေ ဝိုင်းပြောကြတာပေါ့ဗျာ။
“ဟေ့ကောင်တွေ စကားမရှည်နဲ့၊ ဆရာတော့်
အမိန့်အတိုင်း လုပ်ကြ၊ ကဲ လာ၊ ကျောင်းထဲ
ဝင်မယ်”
ဆပ်သမြှောင်ရွာခေါင်း ကိုဘခွေးက ပြော
လိုက်တော့မှ…
ကျုပ်နဲ့ ကိုရင်သုံးပါးက ရှေ့ကဝင်တယ်
ခေါင်းထမ်းလာတဲ့ လူတွေ ကျုပ်တို့နောက်
က လိုက်ဝင်တယ်။
အသုဘပို့တဲ့လူတွေလည်း ဝင်လိုက်လာကြ
တာပေါ့ဗျာ။ကျောင်းဝင်းထဲရောက်တော့ ပိုး
ထိတဲ့လူရဲ့အလောင်းကို ‘မ’ပြီး ကျောင်းပေါ်
တင်ခိုင်းတယ်။ လူတွေက ဝိုင်းကြည့်နေကြ
တာပေါ့ဗျာ။
“ကဲ အားလုံး ထိုင်ကြ၊ ထိုင်ကြ”
လို့ ဘုန်းကြီး ဦးတိက္ခက ပြောလိုက်တော့မှ
ထိုင်ချလိုက်ကြတာဗျို့၊ ဘိုးစော်ကဲက တစ်
ကိုယ်လုံး ပြာနှမ်းနေတဲ့ အလောင်းကို သေ
သေချာချာကြည့်ပြီး သူလွယ်လာတဲ့ လွယ်
အိတ်ထဲက အင်းလက်ကိုင်ပဝါကြီးတစ်ထည်
ကို ထုတ်ယူလိုက်တယ်ဗျ။
ပြီးတော့ မြွေကိုက်ခံရတဲ့ ခြေသလုံးက အ
ပေါက်ကလေး နှစ်ပေါက်အောက်မှာ ငှက်
ပျောရွက်တစ်ရွက် ခင်းခိုင်းလိုက်တယ်။ ပြီး
တာနဲ့ ဆန့်ဆန့်ကြီးဖြစ်နေတဲ့ ကိုပေါက်စီရဲ့
ခေါင်းရင်းက ထိုင်ပြီး ဂါထာတွေ မန္တန်တွေ
ကို ရွတ်တော့တာပဲဗျို့။ မန္တန်ရွတ်ရင်းနဲ့
လက်ထဲမှာ ကိုင်ထားတဲ့ အင်းလက်ကိုင်
ပဝါ ဝှေ့နေတယ်ဗျ။
ခဏကြာတော့ ကိုပေါက်စီရဲ့ အလောင်းကြီး
ကို ခေါင်းက စပြီး လက်ကိုင်ပဝါနဲ့ ရိုက်ချ
ရောဗျို့။
“ဖတ်” “ဖတ်” “ဖတ်”
အလောင်းကို ရိုက်ချနေတဲ့ လက်ကိုင်ပဝါက
ထွက်တဲ့အသံရယ်၊ ဘိုးစော်ကဲရဲ့ မန္တန်ရွတ်
သံရယ်ပဲ ကြားနေရတာဗျ။
ဘုန်းကြီး ဦးတိက္ခရော ကိုရင်တွေရော ရွာ
ထဲက အသုဘပို့ပါလာတဲ့ လူတွေရော ငြိမ်
ပြီး ကြည့်နေကြတာဗျို့။ အပ်ပြုတ်ကျရင်
တောင် အသံကြားရလောက်တယ်။ ဟော၊
ခေါင်းကတစ်ဆင့် မျက်နှာကို ရိုက်ချနေပြီ
ဗျို့၊ ဟာ မျက်နှာက ပြာနှမ်းနေတဲ့အရောင်
လျော့သွားပြီး သွေးရောင် ပြန်သမ်းလာပြီဗျို့။
ကြည့်နေတဲ့လူတွေလည်း တစ်ယောက် တစ်
ယောက် လက်တို့ပြီး ပြကြည့်တယ်ဗျ။ ဘိုးစော်
ကဲကတော့ မန္တန်ရွတ်လိုက်၊ လက်ကိုင်ပဝါနဲ့
ရိုက်ချလိုက် လုပ်နေတာပေါ့ဗျာ။ ကိုပေါက်စီရဲ့
အလောင်းက ရင်ဘတ်ပေါ်မှာ လက်နှစ်ဖက်
ယှက်တင်ထားတယ်ဗျ။ တဖြည်းဖြည်းနဲ့ ဘိုး
စော်ကဲ အဆိပ်ချတာ ဒူးခေါင်းကို ရောက်လာ
ပြီဗျို့။ အလောင်းရဲ့ အပေါ်ပိုင်းက ပြာနှမ်းနှမ်း
အရောင်ကြီးလည်း ပျောက်လာပြီဗျ။
ဘိုးစော်ကဲရဲ့ မန္တန်ရွတ်သံက ပိုပြီး ကျယ်လာ
တယ်ဗျ။ ရိုက်နေတဲ့ လက်ကိုင်ပဝါက ဒူးဆစ်
အောက်ကို ရောက်လာပြီ။ ဟာ အဆိပ်တွေ၊
အဆိပ်တွေ။ ထွက်ကျလာပြီဗျို့။ မြွေစွယ်အ
ရာလေးတစ်ခုကနေပြီး မည်းမည်းအရည်တွေ
စီးကျလာပြီဗျို့။ အောက်ကခင်းထားတဲ့ ငှက်
ပျောရွက်ထဲကို ကျတာပေါ့ဗျာ။
“ဟာ အဆိပ်တွေဟေ့”
လို့ ဝိုင်းကြည့်နေတဲ့ လူတွေက တိုးတိုး တိုးတိုးနဲ့ ပြောကြတယ်ဗျ။ ဘိုးစော်ကဲကတော့ မန္တန်တွေ
ရွတ်ရင်း လက်ကိုင်ပဝါနဲ့ ရိုက်ရင်းပဲဗျ။ နောက်
ဆုံး အဆိပ်တွေ ကုန်သွားတော့ အလောင်းတစ်
ခုလုံး သွေးရောင်ပြန်လွှမ်းသွားရောဗျ။ ဘိုးစော်
ကဲက အလောင်းရဲ့ ခေါင်းရင်းမှာ ပြန်လာရပ်ပြီး
မန္တန်ရွတ်တယ်။
အလောင်းက စောစောကလောက် တောင့်
တောင့်ကြီး မနေတော့ဘူးဗျ။
“ဟော …လှုပ်လာပြီ၊ လှုပ်လာပြီ”
ကြည့်နေတဲ့ မိန်းမတစ်ယောက်က ပြောလိုက်
တာဗျို့။ ဟုတ်တယ်ဗျ။ ကိုပေါက်စီရဲ့လက်က
လေးတွေ စပြီး လှုပ်လာပြီ။ ဟော အသက်ပြန်
ရှုပြီဗျို့။ ရင်ဘတ်က နိမ့်လိုက်၊ မြင့်လိုက် ဖြစ်
လို့ဗျ။ ခဏနေတော့ ဘိုးစော်ကဲက ကိုပေါက်
စီရဲ့ မျက်နှာကို ကြည့်ပြီး …
“မောင်ပေါက်စီ မောင်ပေါက်စီ၊ လူကလေး
မောင်ပေါက်စီ”
လို့ အသံကျယ်ကျယ်နဲ့ ခေါ်လိုက်တယ်ဗျ။
ဟော ဖွင့်ပြီ၊ ဖွင့်ပြီ၊ ကိုပေါက်စီ မျက်လုံးတွေ
ဖွင့်ကြည့်ပြီ။ သူ့ကို ဝိုင်းအုံနေတဲ့ လူတွေကို
ကြည့်တယ်။ ပြီးတော့ ဘိုးစော်ကဲကို ကြည့်
တယ်။ပြီးတော့ ဆရာတော် ဦးတိက္ခကို ကြည့်
ပြီး လက်အုပ်ချီတယ်။
“အမေ ရေသောက်ချင်တယ်”
“တိုက်လိုက်၊ တိုက်လိုက်၊ နည်းနည်းချင်း
စတိုက်”
ဘိုးစော်ကဲက ခွင့်ပြုတော့မှ ရေတစ်ခွက်ခပ်
ပြီး တိုက်တယ်။ ဘိုးစော်ကဲက ပခုံးက ‘မ’ပြီး
ထူပေးလိုက်တယ်။ ဟော ထိုင်နိုင်ပြီဗျို့။ ကို
ပေါက်စီ ထိုင်နိုင်သွားပြီဗျို့။ ကိုပေါက်စီက
ထထိုင်တယ်။
“မောင်ပေါက်စီ နေကောင်းရဲ့လားကွဲ့”
ဘိုးစော်ကဲက မေးတာဗျ။
“ဟုတ်ကဲ့ ဘိုး၊ နေကောင်းပါတယ်၊ ခေါင်းထဲ
နည်းနည်းလေး နောက်နေတာပဲရှိတယ်”
“ခဏဆိုရင် ကြည်သွားမှာပါကွာ”
လို့ ဘိုးစော်ကဲက ပြောလိုက်ပြီး ခဏကြာ
တော့ ရွာသားနှစ်ယောက်က ကိုပေါက်စီကို
တွဲပြီး လမ်းလျှောက်ပေးတယ်။ ဆရာတော်
က ရွာသားတစ်ယောက်ခေါ်ပြီး ငှက်ပျော
ဖက်ထဲကို ကျလာတဲ့အဆိပ်ကို သေသေချာ
ချာ ထုပ်ပြီး မြေကျင်းနက်နက်တူးပြီး မြှုပ်
ခိုင်းလိုက်တယ်။
ကိုပေါက်စီကို ထည့်လာတဲ့ခေါင်းကို ဖျက်ပြီး ကျောင်းဝင်းထောင့်မှာ မီးရှို့ပစ်လိုက်တယ်။
ခဏနေတော့ ကိုပေါက်စီနဲ့ သူ့အမေ ဒေါ်စီ
တို့က ဘိုးစော်ကဲကို ကန်တော့ကြတယ်။
ရွာသားတွေလည်း ရောပြီး ဘိုးစော်ကဲကို
ကန်တော့တယ်။ ဘုန်းကြီး ဦးတိက္ခကိုလည်း
ကန်တော့တယ်။ ပြီးတော့မှ သေရွာပြန် ကို
ပေါက်စီကို ရွာထဲ ပြန်ခေါ်သွားကြတယ်ဗျ။
ညနေစောင်းတော့ ကျုပ်နဲ့ ဘိုးစော်ကဲလည်း
ထနောင်းကုန်းကို ပြန်ခဲ့ကြတယ်။
နောက်တစ်ခါ ကြုံတာက ဘန့်ဘွေးကုန်းမှာဗျ။
ယာထဲဆင်းရင်း ပိုးထိတာဗျ။ မနက်စောစော
ယာထဲမှာ ပေါင်းနှုတ်ဖို့အသွား ပိုးနှံချုံကြီးနားက
နေ ကိုက်လိုက်တာဗျ။ ဘိုးစော်ကဲကို အပြေး
အလွှား လာပင့်ကြတယ်။ ကျုပ်လည်း လိုက်
သွားတာပေါ့ဗျာ။
ပိုးထိတာက ဗိုက်ပူတင်မောင်လို့ခေါ်တဲ့ လေး
လေးတင်မောင်ဗျ။ လူက ခပ်ဝဝ၊ ဗိုက်ကလည်း
ခပ်ရွှဲရွှဲ။ ကျုပ်ရောက်တော့ အိမ်ရှေ့ခန်းမှာ ဆန့်
ဆန့်ကြီးဗျ။ သတိလည်း မရှိတော့ဘူး။တစ်ကိုယ်
လုံး ပြာနှမ်းနေပြီ။ ဘိုးစော်ကဲက မန္တန်ရွတ်ပြီး
လက်ကိုင်ပဝါနဲ့ ရိုက်ပြီး အဆိပ်ချတယ်။
အဆိပ်က လုံးဝမကျဘူးဗျ။ ဘိုးစော်ကဲက
ဝိုင်းကြည့်နေတဲ့ လူတွေကို လိုက်မလာနဲ့လို့
ပြောပြီး…
“တာတေ၊ မင်း ဘိုးနဲ့ လိုက်ခဲ့”
လို့ ကျုပ်ကို ခေါ်လို့ ကျုပ်လိုက်သွားတယ်
ဘိုးစော်ကဲက အိမ်ခေါင်းရင်းဝိုင်းထောင့်ကို
သွားပြီး မန္တန်တွေရွတ်တယ်။ ခဏကြာတော့
ဘိုးစော်ကဲရဲ့ အရှေ့တစ်လံအကွာလောက်
က မြေကြီးပေါ်မှာ တွင်းပေါက်ကလေးတစ်
ခု ဖြစ်သွားတယ်။ကျုပ်လည်း အံ့သြပြီး ကြည့်
နေတာဗျ။ ဟာ မြွေလေးဗျို့။ မြွေလေး။ အ
ဖြူရောင်လေးဗျာ။
ဖွေးဆွတ်နေတာပဲဗျ။ အရှည်က လူကြီးတစ်
ထွာလောက်ရှိမယ်။ ကိုးလက်မ ဆယ်လက်
မလောက်ပေါ့ဗျာ။ တွင်းလေးထဲက ထွက်
လာပြီး ခွေနေတယ်။ အဲဒီမြွေဖြူလေး ထွက်
လာတော့ ဘိုးစော်ကဲက မန္တန်ရွတ်တာ ရပ်
လိုက်တယ်။ ပြီးတော့ မြွေဖြူလေးကို စိုက်
ကြည့်ပြီး ကျုပ်ကို လှည့်ပြောတယ်။
“တာတေ၊ ဟိုနားက ဝါးစိမ်းကိုင်းလေး သွား
ယူစမ်း”
ကျုပ်က ခပ်လှမ်းလှမ်းက ဝါးစိမ်းကိုင်းလေး
ကို ပြေးကောက်ပြီး ဘိုးစော်ကဲကို ပေးလိုက်
တယ်။ဘိုးစော်ကဲက ကျုပ်ကို ပြောလိုက်တယ်
“တာတေ ဒီမှာကြည့်”
ပြောပြောဆိုဆိုနဲ့ ဝါစိမ်းကိုင်းလေးရဲ့ ထိပ်ဖျား
ကို မြွေဖြူလေးရှေ့နား ထိုးပေးလိုက်တယ်။
မြွေဖြူလေးက လှစ်ကနဲ ရွှေ့သွားပြီး ဝါးစိမ်း
ကိုင်းလေးရဲ့ ထိပ်ဖျားကို ပေါက်ချလိုက်တယ်။
ဟာ …ဝါးစိမ်းကိုင်းလေးတစ်ချောင်းလုံး ချက်ချင်းခြောက်သွားတယ်။ မီးကျွမ်းသ
လိုကို ဖြစ်သွားတာဗျ။
“မြင်လား တာတေ၊ အဆိပ်ဘယ်လောက်
ပြင်းတယ်ဆိုတာ”
“ဟုတ်ကဲ့ ဘိုး”
“ဒါနဂါးကွ၊ ရိုးရိုးမြွေ မဟုတ်ဘူး။ ကဲ မြွေတို့
ရဲ့ဘုရင် နဂါးလေးဗျာ။ ဒီရွာသားတစ်ယောက်
ကို မြွေတစ်ကောင်က ကိုက်သွားလို့ပါ၊ ကျုပ်
အဆိပ်ချတာ ဘယ်လိုချလို့မှ မရပါဘူးဗျာ။နဂါး
လေးရဲ့ အမိန့်နဲ့ ကိုက်သွားတဲ့မြွေကို လွှတ်ပြီး
အဆိပ်တွေ ပြန်စုပ်ခိုင်းပေးပါဗျာ။ ကျွန်ပ် မောင်
စော်ကဲက မေတ္တာရပ်ခံပါတယ်။အမြန်ဆုံး ကယ်
တင်ပေးပါ နဂါးလေးခင်ဗျာ”
ဘိုးစော်ကဲက လူတစ်ယောက်ကို ပြောသလို
ပြောနေတာဗျ။ မြွေဖြူလေးက သူထွက်လာတဲ့
တွင်းပေါက်ကလေးထဲကို ပြန်ဝင်သွားတယ်ဗျ။
“ကဲ လာ တာတေရေ”
လို့ ပြောပြီး အိမ်ပေါ်ကို ပြန်တက်သွားတယ်။
ပြီးတော့ ငှက်ပျောရွက် မြွေစွယ်အရာအောက်
က ခံထားလိုက်ပြီး လူတွေကို ခပ်ဝေးဝေးမှာ
သွားနေခိုင်းလိုက်တယ်။
အိမ်ဝင်ပေါက်မှာလည်း လူတစ်ယောက်မှ မနေဖို့ပြောတယ်။ဘယ်သူမှ ဘာမှဝင်မလုပ်
ဖို့ကို ဘိုးစော်ကဲက သေသေချာချာ မှာတယ်။
ပြီးတော့ မန္တန်တွေကို ရွတ်ရောဗျ။
သိပ်မကြာပါဘူးဗျာ။ လှေကားကနေ တရွေ့ရွေ့
နဲ့ တက်လာတာနည်းတဲ့မြွေပွေးကြီးမှမဟုတ်တာ
ဗျာ။လူတွေဆိုတာ လန့်ပြီး နောက်ကို ဆုတ်သွား
ကြတယ်။ဘိုးစော်ကဲက မန္တန်ကိုပဲ အဆက်မပြတ်
ရွတ်နေတယ်။ မြွေပွေးကြီးက အိမ်အပေါ်ဆင့်ကို
တက်လာပြီး ဆန့်ဆန့်ကြီး လဲနေတဲ့ ကိုတင်ဝင်း
ရဲ့ ခြေထောက်က မြွေစွယ်ရာနှစ်ခုပေါ်ကို ပါးစပ်
နဲ့တေ့ပြီး အဆိပ်တွေ စုပ်ယူလိုက်တယ်။
ခဏနေတော့ မည်းမည်းအရည်တွေ အစွယ်ရာ
နှစ်ခုကနေ ထွက်ကျလာရောဗျို့။ မြွေပွေးကြီး
က အဆိပ်တွေကို သေသေချာချာ ကြည့်ပြီး
တော့မှ တွန့်လိမ် တွန့်လိမ်နဲ့ အိမ်ပေါ်က ပြန်
ဆင်းသွားတယ်။ ဒီတော့မှ ဘန့်ဘွေးကုန်းသား
တွေလည်း အသက်ရှူနိုင်တော့တာဗျို့။
ဘိုးစော်ကဲက တစ်ကိုယ်လုံး ပျံ့နေတဲ့ အဆိပ်
တွေကို သူ့လက်ကိုင်ပုဝါနဲ့ ရိုက်ချတယ်။ ပါးစပ်
ကလည်း မန္တန်တွေ မပြတ်ရွတ်နေတယ်ဗျ။
ဒီတော့မှ ဗိုက်ပူကိုတင်ဝင်းရဲ့ မဲပြာပြာအသား
အရောင်ကြီးပျောက်သွားပြီး သွေးရောင်ပြန်
လွှမ်းတာတယ်ဗျို့။
ခဏနေတော့ ကိုတင်ဝင်း သတိပြန်ရလာပြီး
ထထိုင်တယ်။ ရေတောင်းပြီး အငမ်းမရ
သောက်တယ်။ အခြေအနေ အားလုံးကောင်း
သွားပြီး စိတ်ချရပြီဆိုတော့မှ ဘိုးစော်ကဲ ထ
နောင်းကုန်းကို ပြန်တယ်။ ကျုပ်လည်း ဘိုး
စော်ကဲနဲ့ ရွာကို ပြန်လိုက်လာတယ်။ ဘိုးစော်
ကဲရဲ့ ဆေးလွယ်အိတ်ကို ကျုပ်က စလွယ်
သိုင်း လွယ်လို့ပေါ့ဗျာ။
“တာတေ အခုလာမယ့် နတ်တော်လဆန်း
တစ်ရက်ဟာ တနင်္ဂနွေကျတယ်။ အဲဒီနေ့မှာ
မြွေမှော်တက်လို့ရတယ်၊ ပုဗ္ဗာရုံဆရာတော်နဲ့
ငါနဲ့ တိုင်ပင်ပြီး ဆရာတော့်ကျောင်းမှာ မြွေ
မှော်တက်ပေးမယ်။ မင်းပါ ဝင်တက်ထားကွ။
မြွေမှော်တက်ထားရင် မြွေကိုက်လို့ တော်ရုံ
တန်ရုံဆိုရင် မသေဘူး၊ အရိုးထိသွားရင်တော့
သေနိုင်တယ်။ အရိုးမထိရင်တော့ မသေဘူးကွ”
“ဟုတ်ကဲ့ ဘိုး၊ ကျုပ် အဲဒီနေ့ မြွေမှော်
လာတက်ပါ့မယ်”
“ဒါက အမြဲလုပ်လို့ မရဘူးကွ၊ လဆန်း
တစ်ရက်နေ့ တနင်္ဂနွေကျမှ လုပ်လို့ရတာ”
မြွေမှော်တက်မယ့်လူ အားလုံး ငါးဆယ်ရှိ
တယ်ဗျ။ တက်ဖူးတဲ့ လူ ထပ်မတက်ရဘူး
လို့ ဘိုးစော်ကဲက ပြောတယ်။
ဆရာတော့်တိုက်ကျောင်းကြီး အပေါ်ထပ်မှာ
လုပ်တာဗျ။ ဘာတွေလိုတုံးဆိုတော့ ကျီးမနိုး
ထန်းရွက် လိုတယ်။ ကျီးတွေ မနိုးခင် ထန်း
ပင်ပေါ်တက်ပြီး ဖြတ်ယူရတာ။ ပြီးတော့
ကိုယ်တိုင်း အပ်ချည်ကြိုး၊ ဖယောင်း။ ကျီး
မနိုးထန်းရွက်ကို သေးသေးစိတ်ပြီး ကိုယ်
တိုင်း အပ်ချည်နဲ့ ကျစ်နေအောင် ပတ်ရတယ်။
အဲဒါကို မီးစာလုပ်ပြီး ဖယောင်းတိုင် သွန်းရ
တယ်။ ဖယောင်းတိုင်နဲ့ လူနဲ့ မမှားရဘူးဗျ။
လူနဲ့ ဖယောင်းတိုင် ကွက်တိမှန်အောင် မှတ်
ထားရတယ်။
မြွေမှော်သွင်းတဲ့အချိန်ကလည်း ကျီးမနိုးခင်
အချိန်ဗျ။ မနက်သုံးနာရီလေးနာရီလောက်
ထပြီး ပိတ်ဖြူစက အောက်မှာခင်း၊ အပေါ်
က အနီစ ထပ်ခင်းပြီး အဲဒီအပေါ်မှာ ထိပ်
ဖွင့်ထားတဲ့ အုန်းသီးအစိမ်းတစ်လုံး အုန်း
သီးပေါ်မှာ ကိုယ့်ကိုယ်တိုင်း အပ်ချည်နဲ့
လုပ်ထားတဲ့ ဖယောင်းတိုင်ကို ထွန်းရ
တယ်။
ကျုပ်တို့တွေက မနေ့ကတည်းက မန္တန်
တစ်ပုဒ်သင်ပြီး အလွတ်ကျက်ထားရတယ်။
အဲဒီမန္တန်ကို ရွတ်ပြီး ဖယောင်းတိုင်က ထွက်
လာတဲ့ မှိုင်းကို ပါးစပ်နဲ့ စုပ်ယူမျိုချရတယ်။
ဂါထာရွတ်လိုက် ဖယောင်းမှိုင်းကို စုတ်ယူ
ပြီး မျိုချလိုက်နဲ့ မနားတမ်း လုပ်ရတာဗျ။
တဖြည်းဖြည်းနဲ့ ဖယောင်းတိုင်က တိုတို
လာတာပေါ့ဗျာ။ ဖယောင်းတိုင် သုံးပုံတစ်
ပုံလောက် ကျန်တဲ့အချိန် ကျုပ်နားထဲမှာ
မြွေတွန်သံတွေ ကြားရတယ်ဗျ။
“ရွှီ” “ရွှီ” “ရွှီ”
ဆိုတဲ့ အသံတွေ ကြားလိုက်ရတယ်။
ဖယောင်းတိုင် ကုန်သွားတော့ အုန်းသီး
ပေါ်မှာ တင်နေတဲ့ မှိုင်းစတွေ၊ ဖယောင်း
တွေကို ခြစ်ပြီး အုန်းရည်ထဲကိုထည့်၊ အုန်း
ရည်ကို ကုန်အောင်သောက်ရတယ်။
သြော် ကျုပ်ပြောဖို့ မေ့နေလို့ဗျို့။
အုန်းသီးက ရှပ်ပန်းထည်အနီစပေါ်မှာ ဒီအ
တိုင်း တင်ထားတာ မဟုတ်ဘူးဗျ။ ငှက်ပျော
နှစ်ဖီးနဲ့ ပွဲပြင်ထားရတာ။ မြွေမှော်တက်တာ
အားလုံးပြီးသွားတော့ ဘိုးစော်ကဲက ကျုပ်တို့
ကို တစ်ယောက်ချင်း ခေါ်မေးတယ်။
“ဘာကြားတုံး၊ ဘာမြင်တုံး”
“ကျုပ်တော့ မြွေတွန်သံတွေ ကြားရတယ်
ဘိုးရဲ့”
ကျုပ်ပြောတာကို ဘိုးစော်ကဲက ခေါင်းညိတ်
ပြီး ပြန်ပြောတယ်။
“ဒါဆိုရင် တာတေ မြွေမှော်အောင်သွားပြီ”
ကျုပ်လည်း ဝမ်းသာသွားတာပေါ့ဗျာ။
“မင်းတို့ကို မြွေက မကိုက်ဘူး၊ ရှောင်သွား
လိမ့်မယ်၊ တကယ်လို တက်နင်းမိလို့ ကိုက်
ရင်တောင် မင်းတို့ မသေတော့ဘူး၊ အေး
ဒါပေမဲ့ အရိုးထိသွားရင်တော့ အန္တရာယ်
ရှိတယ်”
ကျုပ်တို့အားလုံးက ဘိုးစော်ကဲ ပြောတာကို
နားထောင်နေကြတာပေါ့ဗျာ။
“မြွေကိုက်ခံရတဲ့သူတွေ့ရင် လက်နဲ့ သပ်ချ
ပါ၊ စောစောက မင်းတို့ရွတ်တဲ့ မန္တန်ကိုပဲ ရွတ်
ပြီး သပ်ချပါ၊ အဆိပ်ချကျပါလိမ့်မယ်။ တစ်ခု
တော့ မင်းတို့ ဆင်ခြင်ပါ၊ မြွေသား လုံးဝမစား
ပါနဲ့၊ မြွေမသတ်ပါနဲ့၊ စနေ့နေ့တိုင်း ငါးပါးသီ
လ လုံအောင်ထိန်းပြီး သက်သတ်လွတ်စား
ပါ။ ခန္ဓာသုတ်ကို ရွတ်ပါ၊ ဒါဆိုရင်တော့ မင်း
တို့ တက်ထားတဲ့ မြွေမှော်က အစွမ်းပိုထက်
လာပါလိမ့်မယ်”
မြွေမှော်တက်ပြီးတဲ့နောက် ထူးခြားတာတစ်ခု
ရှိတယ်ဗျ။ မြွေတွေဘာတွေ သိပ်ပြီးမတွေ့တော့
တာဗျို့။ မြွေသတ်တာတို့၊ မြွေသားစားတာတို့
တော့ ကျုပ်တစ်သက်လုံး ရှောင်ဖို့ ဆုံးဖြတ်
လိုက်တာပေါ့ဗျာ။
ဘိုးစော်ကဲကတော့ တောင်သူလုပ်ရင်းနဲ့
မြွေကိုက်ခံရတဲ့ သူတွေကို အသက်ကယ်
တုန်းပဲဗျ။ ကျုပ်ကလည်း ဘိုးစော်ကဲ ခိုင်း
သမျှ အကုန်လုပ်ပေးနေတုန်းပါပဲဗျာ။
ပြီးပါပြီ
မူရင်းရေးသူ ဆရာ တာတေ
Like & Share
တစ္ဆေမျက်လုံး(၈)စာအုပ်မှ ကောက်နုတ်
တင်ပြထားသည်။
Leave a Reply