သိပ်မူမှန်တော့ဘူးတဲ့ဗျ။
နှာတွေတဖူးဖူးမှုတ်ပြီး တစ်ချက် တစ်ချက် ရပ်နေကြတယ်လေ
“ကိုကြွက်နီ တော့်နွားတွေ ဘာဖြစ်တာတုံး”
လို့ ဒေါ်ပုကမေးတော့ ဦးကြွက်နီက …
“မသိဘူးဟဲ့ မပုရဲ့ ရှေ့မသွားဘဲ ရပ်,ရပ်နေတယ်ဟ”
“ဘာများဖြစ်လို့လိမ့် မြွေတွေဘာတွေများ တွေ့နေလို့လားတော်”
“မပုနှယ် ကျုပ်က ဆယ်နှစ်သားကတည်းက နွားလှည်း
မောင်းလာတာပါ ဒါမြွေတွေ့တဲ့ပုံစံ မဟုတ်ဘူး”
“ဒါဆို ဘာတွေ့လို့တုံး”
“ဟို အုတ်လမ်းထဲက လူတစ်ယောက် ထွက်လာပြီး
လှည်းလမ်းကြောင်းအတိုင်း လျှောက်သွားပြီးကတည်းက
အဲဒီလိုဖြစ်တာဟဲ့”
“ဟင် ဒါဆို လူမှဟုတ်ရဲ့လားတော်”
“လူလိုတော့ ထင်တာပဲ ရှေ့ခပ်လှမ်းလှမ်းက
သွားနေတာဆိုတော့ ခပ်ဖြူဖြူကြီးပဲ မြင်ရတာဟ”
“ဒီလူကလည်းတော် လှည်းလမ်းကြောင်းကပဲ
လျှောက်ရတယ်လို့ ဟိုဘေးနားမှာ လူသွားလမ်းရှိတာ
မသိဘူးလားတော်”
“သြော် သူလျှောက်ချင်လို့ လျှောက်တာနေမှာပေါ့ဟဲ့”
ဒါနဲ့ပဲ ဦးကြွက်နီက နွားတွေကို နှင်တံနဲ့ တထိုးထိုးလုပ်ပြီ
မောင်းနေရတော့တာတဲ့။ တော်တော်ကလေးကြာလာတော့
ဒေါ်ပုံက လှည်းလမ်းဘေးတွေကို ဟိုကြည့် ဒီကြည့်လုပ်ပြီး …
ဒေါ်ပုက အဲဒီလို ပြောလိုက်တဲ့ အချိန်မှာပဲ ရှေ့ခပ်လှမ်းလှမ်းက သွားနေတဲ့ ဖြူဖြူကြီးက ပျောက်သွားရောဗျို့။
ဒီတော့ဦးကြွက်နီက ဘေးဘီကို သေသေချာချာကြည့်လိုက်ပြီးမှ
“ဟာ သောက်ကျိုးနဲရော မပုရေ ဒါနတ်ကြီးကပါးပဲဟ။
ဘယ်လိုဖြစ်တာတုံး မြို့ မရောက်ဘဲ နတ်ကြီးကပါး
ရောက်လာပါလား နတ်ကြီးကပါးဘက်ကို
လှည်းလမ်းမှ မရှိတာ”
ဟုတ်တယ်ဗျ။ သူတို့ ဘန့်ဘွေးကုန်းကနေ သွားရင်
မြို့သွားတဲ့ လှည်းလမ်းတစ်လမ်းပဲရှိတာ။ လှည်းပေါ်မှာ
အိပ်ပျော်ပြီး ပါသွားရင်တောင် မြို့ကို ရောက်တာပဲ။
လမ်းက ဒီတစ်လမ်းပဲရှိတာဆိုတော့ နွားတွေက
သူတို့ဟာ သူတို့ ဆွဲသွားကြတာပဲဗျ။ နောက်ပြီးတော့
နတ်ကြီးကပါးဆိုတဲ့ တောင်ကမ်းယံရှိတဲ့ နေရာနဲ့က
နည်းနည်းလှမ်းပါသေးတယ်။
“တော် ကိုကြွက်နီ ဒါမဟုတ်မှလွဲရော ရှေ့က
သွားနေတဲ့ ဖြူဖြူကောင် မသာတစ္ဆေ လုပ်တာပဲဖြစ်မယ်”
လို့ ဒေါ်ပုက စိတ်ဆိုးဆိုးနဲ့ ပြောလိုက်သတဲ့ဗျို့။
ဒေါ်ပုလည်း အဲဒီလိုပြောရော တောထဲကနေ …
“ဟား ဟား ဟား ဟား ဟား”
ဆိုတဲ့ အော်ရယ်လိုက်တဲ့ အသံကြီး ပေါ်လာသတဲ့။
ပြီးတော့ အဲဒီရယ်သံက တဖြည်းဖြည်း ဝေးဝေးသွားတယ်တဲ့ဗျ။
ဒီတော့မှ ဦးကြွက်နီလည်း လှည်းကို နောက်ကြောင်း
ပြန်မောင်းခဲ့ရတာတဲ့။ လှည်းလမ်းမရှိတော့ တော်တော်ကို ခဲရာခဲဆစ်ကို မောင်းရတာတဲ့ဗျို့။
မနက်ရှစ်နာရီလောက်မှ မြို့ကို ရောက်သွားတယ် ဆိုပဲ။
ဇာတ်လမ်းက အဲဒီက စတော့တာပါပဲဗျာ။
နောက်တစ်ခါ ကြုံတာက ဘန့်ဘွေးကုန်းက ကိုမိုးသီးနဲ့ ကိုပေါက်ဗျ။
ဒီလူနှစ်ယောက်က ကြက်သမားတွေလေ။
အမြဲတမ်း ကြက်ကောင်းရှာတယ်။ ရရင် အရိပ်တကြည့်ကြည့်နဲ့ မွေးတယ်။
အရွယ်ကောင်း ရောက်ပြီဆိုတော့ ဟိုရွာ ဒီရွာလှည့်ပြီး
ကြက်တိုက်တော့တာပဲဗျ။
အဲဒီနေ့က မြို့တက်ပြီး တိုက်လာတာဗျ။ကြက်နိုင်ပြီး
သောက်စားလာတာပေါ့။
နှစ်ယောက်သား ကြက်ကလည်းနိုင် ငွေစကြေးစလေးလည်း ရွှင်နေတော့ အပြန်လမ်းမှပုလင်းလေးကလည်း ပါလာသေးသဗျ။
နှစ်ယောက်သား သီချင်းအော်ဆိုလိုက် ။
ပုလင်းလေးဖွင့်ပြီး မော့လိုက်နဲ့ အာဝိဇ္ဇာန်းကို
ရွှင်နေတာဗျို့။မိုးချုပ်လို့ ချုပ်မှန်းကို မသိကြဘူး။
“ဟိုတောင်ဆီရယ်က ညိုတိုတိုရယ် ညိုတိုတိုရယ်”
ကိုပေါက်က သံနေသံထားနဲ့ စိန်အောင်မင်းသီချင်း
အော်ဆိုတယ် ။ တောထဲကိုလည်း ကိုပေါက်ဆိုတဲ့
အတိုင်းကို လိုက်ဆိုတာဗျို့။
“ဟာ … ကြည့်စမ်းငပေါက် ။ ဒါမင်းကို လိုက်နောက်တာကွ
ဒီကောင့်ကို တွေ့အောင်ရှာပြီး တွယ်လိုက်ရအောင်”
“နေစမ်းပါဦး ကိုမိုးသီးရာ ကျုပ်တို့အသိမို့လို့
နောက်တာ ရှိမှာပါ ။ မသိတဲ့လူက နောက်မလားဗျ”
“ဟ ငပေါက် အချိန်ကိုလည်း ကြည့်ဦး တော်တော်မိုးချုပ်
နေပြီကွ။ အသိဆိုရင် နှုတ်ဆက်မှာပေါ့ ။ ကဲ မင်း
ထပ်ဆို ကြည့်စမ်းကွာ”
“ဟိုတောင်ဆီရယ်က ညိုတိုတိုရယ် ညိုတိုတိုရယ်”
ကိုပေါက်က စိန်အောင်မင်းသီချင်းကို သံနေသံထားနဲ့
ထပ်ဆိုလိုက်သတဲ့။
“ဟို တောင်ဆီရယ်က ညိုတိုတိုရယ် ညိုတိုတိုရယ်”
ဟော တောထဲကအသံကလည်း သူ့လိုပဲ သံနေသံထားနဲ့
လိုက်ဆိုတာတဲ့ဗျို့။ဒီမှာတင် ကိုမိုးသီးက အရက်ကလည်းထွေနေတော့ …
“ဟေ့ ဘယ်ခွေးသားလဲကွ ငါတို့ကို လိုက်နောက်တာ”
ကိုမိုးသီးအသံက မူးနေတဲ့ အသံကြီးတဲ့ဗျ။
“ဟေ …ဘယ်ခွေးသားလဲကွ ငါတို့ကို လိုက်နောက်တာ”
ဟိုကလည်း ကိုမိုးသီးလိုပဲ မူးနေတဲ့ အသံကြီးနဲ့
လိုက်အော်တာပဲတဲ့ဗျ။
“ဟေ့ကောင် မင်း ပုန်းပြီးတော့ မနောက်နဲ့ သတ္တိရှိရင်
ဒီလိုထွက်ခဲ့”
ဒီတစ်ခါတော့ အသံက ငြိမ်နေတယ်တဲ့ဗျ။
ဒီမှာတင် ကိုပေါက်က သိပ်ပြီး မသင်္ကာတော့ဘူးတဲ့ဗျို့။
ဒါနဲ့ ကိုပေါက်က …
“ကိုမိုးသီး လာပါဗျာ သွားကြရအောင်”
လို့ ကိုမိုးသီးကို ခေါ်တယ်။
“နေစမ်းပါ ငပေါက်ရာ ရော့ ဒီကြက်ကို မင်း ပွေ့ထားစမ်း
ဒီကောင့်ကို ငါ ရအောင် ခေါ်ထုတ်ပြီး ဆော်စမ်းမယ်”
ူသူပွေ့ထားတဲ့ တိုက်ကြက်ကြီးကို ကိုပေါက်ဆီ
လှမ်းပေးပြီး ပုဆိုးကို တိုတိုပြင်ဝတ်လိုက်တယ်တဲ့။
“ဟေ့ကောင် ကမြင်းမသား မင်းသတ္တိရှိရင် အခုထွက်လာခဲ့စမ်း ။
မင်းနဲ့ ငါနဲ့ တစ်ယောက်ချင်းချမယ်မင်းကများ လူကို နောက်လား ပြောင်လားနဲ့ ဘာကောင်လဲ အခုထွက်ခဲ့စမ်းကွာ”
ကိုမိုးသီး အဲလိုပြောလိုက်တော့ အနီးအနားက သစ်ပင်တွေဟာ …
“ဝီ ဝီ ဝီ ဝီ”
ဆိုပြီး ယိမ်းခါ သွားတယ်တဲ့ဗျ။ လေအေးတစ်ချက်
တိုက်လိုက်တာ အေးစိမ့်သွားတာဆိုပဲ။
“ဘုတ်”
သူတို့နဲ့ မလှမ်းမကမ်းမှာ တစ်ခု,ခုပြုတ်ကျလာသံကြားလိုက်တော့ နှစ်ယောက်သား နောက်ကိုလှည့်ကြည့်လိုက်တယ်တဲ့ဗျ။
“ဟ ဘာကောင်လေးလဲကွ ။ တစ်တောင်လောက်ပဲရှိတယ်”
လို့ ကိုမိုးသီးက ပြောပြီး ကြည့်လိုက်တော့…
“ဟိုတောင်ဆီရယ်က ညိုတိုတိုရယ် ညိုတိုတိုရယ်”
ဆိုပြီး သီချင်းအော်ဆိုတာတဲ့ဗျို့။
“သြော် လက်စသတ်တော့ မင်းကိုး”
လို့ပြောပြီး ကိုမိုးသီးက ဒေါသတကြီး ရှေ့ကိုတိုးသွားတော့
ကိုပေါက်က အတင်းကို ဆွဲထားရတာတဲ့ဗျ။
သူတို့နှစ်ယောက် ဆွဲကြ လွဲကြ လုပ်နေတုန်းမှာ
တစ်တောင်လောက်ရှိတဲ့ လူသေးသေးက
တဖြည်းဖြည်း ကြီးကြီးလာတာတဲ့ဗျို့။
ခေါင်းကလည်း အကြီးကြီးတဲ့။ ပါးစပ်ကလည်း
ပြဲပြဲကြီးဆိုပဲ။ကိုမိုးသီးနဲ့ ကိုပေါက်လည်း
ကြက်သေ,သေပြီး ကြည့်နေရာက ကိုမိုးသီးက
အရင်သတိဝင်လာတာတဲ့ဗျ။
“ဟေ့ကောင် ငပေါက် ပြေး ပြေး”
ဆိုပြီး သူကိုယ်တိုင်လည်း နောက်လှည့်ပြီး ပြေးတော့တာတဲ့ဗျို့။
လက်ထဲက အရက်ပုလင်းကိုလည်းလွှတ်ချထားခဲ့ရောတဲ့။
သူတို့နှစ်ယောက် နည်းနည်းပြေးပြီးတော့ ကိုပေါက်က နောက်ကို
စိတ်မချလို့ လှည့်ကြည့်လိုက်သတဲ့။
အောင်မယ်တစ္ဆေက သူတို့ပစ်ချထားတဲ့ အရက်ပုလင်းကို
အကျအန မော့နေတာတဲ့ဗျို့။
အရွယ်ကလည်းလူပုံမှန်အရွယ်ပဲတဲ့။ အဝေးက ကြည့်ရလို့လားတော့
မသိဘူး ခပ်ဖြူဖြူကြီးတဲ့ဗျ။
အရက်ပုလင်းကို အားရပါးရကို မော့နေတာတဲ့။
ကိုမိုးသီးနဲ့ ကိုပေါက်လည်း ကြက်ကြီးပွေ့ပြီး မနားတမ်း ပြေးကြတာ ဘန့်ဘွေးကုန်းရောက်တော့အမော့ဆိုမတတ်ပဲတဲ့ဗျ။
အိမ်ရောက်တာနဲ့ကြက်ကြီးကို ဘုန်းခနဲပစ်ချလိုက်ပြီး အိပ်ပျော်သွားကြတာနောက်တစ်နေ့ ညနေကျမှ နိုးလာတယ်ဆိုပဲ။
အုတ်လမ်းက တစ္ဆေရဲ့ သတင်းကပိုပြီးနာမည်ကြီးလာတော့တာပေါ့ဗျာ။
အနီးအနားကရွာတွေအထိ ပျံ့သွားတယ်။ဟိုတစ်ရက်ကတော့
ဘန့်ဘွေးကုန်းဘုန်းကြီးကျောင်းက ကိုရင်လေး
နှစ်ပါးနဲ့ ကျောင်းသားလေးတစ်ယောက် မြို့က ပြန်လာကြတယ် ။
ကိုရင်လေးတွေက မြို့ကစာသင်တိုက်မှာ စာဝါသွားပြီးလိုက်။
စားမေးပွဲပြီးလို့ ရွာကို ပြန်လာကြတာ။ ကျောင်းသားက
ကိုရင်လေးနှစ်ပါးကို သွားခေါ်တာလေ။
တစ္ဆေခြောက်တဲ့ အုတ်လမ်းရောက်တော့
ကိုရင်တစ်ပါးက ပြောသတဲ့။
“ဒီနေရာ တစ္ဆေခြောက်တယ်လို့ ကြားတယ်
ကိုရင်ရော ကြားသေးလား”
လို့ ကျန်တဲ့ ကိုရင်က မေးတယ်။
“ကိုရင် ကြားတော့ ကြားတယ် ဒါပေမဲ့ တစ္ဆေခြောက်ရင်
မေတ္တာသုတ် ရွတ်မှာပေါ့”လို့ ဟိုကိုရင်က ပြန်ပြောတယ်။
ဒီတော့ ကျောင်းသားကဝင်ပြောတယ်။
“တစ္ဆေခြောက်ရင် ကိုရင်တို့ က မေတ္တာသုတ် ရွတ်ကြပေါ့
တပည့်ကတော့ ခဲသုပ်ပဲ ရွတ်ရမှာပဲ”
လို့ပြောပြီး ခဲလုံးတွေ ကောက်နေတယ်တဲ့
ဒီတုန်းမှာပဲ ကျောင်းသားခေါင်းကို ‘တောင်’ကနဲမြည်
အောင် ဇီးဖြူးသီးတစ်လုံးလာပြီး မှန်ရောတဲ့ဗျို့။
“ဟာ ကိုရင်တို့ တစ္ဆေကတော့ တပည့်တော်ကို
ဇီးဖြူသီးနဲ့ ပစ်နေပြီထင်တယ်”
“အပင်က ကြွေတာနေမှာပါကွာ”
လို့ ကိုရင်တွေက ပြန်ပြောတော့ ကျောင်းသားက
“ကိုရင်တို့ကလည်း ဒီနားမှာ ဇီးဖြူပင်မှ မရှိတာ
ဇီးဖြူသီးက ဘယ်ကကြွေမှာတုံး”လို့ပြောလို့မှ မဆုံးသေးဘူး
ကိုရင်နှစ်ပါး ခေါင်းကို ‘တိန်’ခနဲ ‘ တိန်’ခနဲ ဇီးဖြူသီးတွေ ကျလာရောတဲ့။
“အေး ဟုတ်တယ်ဟ ဒါပစ်နေတာကွ”
“တိန် တိန် တိန်”
ဟာ ဇီးဖြူသီးတွေ တောထဲက ဆက်တိုက်ထွက်လာရောတဲ့ဗျို့။
ဒါနဲ့ ကိုရင်နှစ်ပါးလည်း မေတ္တာသုတ်ရွတ်တော့တာပါဗျာ
“ယဿ နုဘာဝတော ယက္ခာ”
လို့ ကိုရင်တွေက ရွတ်ရင် တစ္ဆေက…
” နေဝဒေဿန္တိ ဘီသနံ”
လို့ ဆက်ရွတ်သတဲ့ ။ကိုရင်တွေက…
“ယဥှိစေဝါ နုယုဉ္စန္တော”
လို့ရွတ်ရင် တစ္ဆေက…
“ရတ္တိန္ဒိဝ မတန္ဒိတော”
လို့ ရှေ့က ကြိုပြီးရွတ်သတဲ့။ ဒီလိုနဲ့ ပရိတ်သာဆုံးရော
ကိုရင်တွေမှာ ကပေါက်တိကပေါက်ချာတွေ ဖြစ်ကုန်တော့တာပေါ့ဗျာ။
ဒီတော့ ကျောင်းသားလည်း စိတ်တိုလာပြီး ခဲနဲ့တောထဲကို ရမ်းပစ်တော့တာပေါ့ ။
တစ္ဆေကလည်းသူ့ကို ဇီးဖြူသီးနဲ့ပစ် ။ သူကလည်း ခဲနဲ့ပစ်
ကလေးတွေ ဆော့သလို ဖြစ်နေတာပေါ့ဗျာ။
နောက်တော့ ကိုရင်နှစ်ပါးလည်း မနေသာတော့ဘဲခဲတွေကောက်ပြီး ကျောင်းသားဘက်က ဝင်ကူပြီးခဲနဲ့ ပစ်ရတာပေါ့လေ။
သူတို့က သုံးယောက်တစ္ဆေက တစ်ကောင်တည်း ။ သူပစ် ကိုယ်ပစ်
ပစ်နေကြတာ။ အချိန်က မနက်ပိုင်း ခုနှစ်နာရီလောက်ပေါ့။
လူသွားလူလာကလည်း ပြတ်နေတာ။နောက်ဆုံး
ကိုရင်နှစ်ပါးရော ကျောင်းသားရော ခြေကုန်လက်ပန်း
ကျလာကြပြီး ခဲတောင် ကုန်းမကောက်နိုင်တော့ဘူးတဲ့ဗျ။
ဒီတုန်းမှာ မြို့က ပြန်လာတဲ့ ဘကြီးသာဝတို့
လှည်းနဲ့တွေ့ပြီး ရွာကို ကိုရင်တွေနဲ့ ကျောင်းသားကို
ပြန်ခေါ်ခဲ့ကြရတာ။ လမ်းမှာ ကိုရင်တွေရော
ကျောင်းသားရော ပင်ပန်းပြီး အိပ်ပျော်သွားကြတာတဲ့။
ဘုန်းကြီးကျောင်းရောက်တာတောင် မနိုးလို့ မနည်းကို
နှိုးယူရတယ်ဆိုပဲဗျာ။
ဟိုတစ်နေ့ကတော့ ကိုသာဥာဏ်တို့လင်မယား မြို့ကနေ လှည်းနဲ့ ပြန်လာကြတာတဲ့။
အုတ်လမ်းနားကို ရောက်တော့ ညနေ နေဝင်ရီတရော ဖြစ်နေပြီဆိုပဲဗျ။
သူတို့လင်မယားကလည်း ကြောက်တော့ ကြောက်နေသတဲ့။
ဒါပေမဲ့ လင်မယားနှစ်ယောက် တိုင်ပင်ပြီး သမ္ဗုဒ္ဓေ ရွတ်ကြသတဲ့ဗျို့။
အဲဒီနားမှာပဲ သစ်ပင်ဝါးပင်ကလည်း ထူထပ်တော့
လင်မယားနှစ်ယောက် ပိုကြောက်တာပေါ့ဗျာ။
ဒီအထဲမှာ မြို့ကအပြန် တရုတ် ဖိုးခွေးခေါက်ဆွဲကြော်ဆိုင်က ခေါက်ဆွဲကြော်တစ်ထုပ်ကလည်း ဝယ်လာခဲ့ကြတယ်။ အုတ်လမ်း နည်းနည်းကျော်လာတော့ ကိုသာဥာဏ်ကလည်း နွားကို
အသော့မောင်းတာပဲတဲ့။
သူ့မိန်းမ မစိုးကလည်းသူ့ခေါက်ဆွဲကြော်ထုပ်ကလေးကို စိတ်မချလို့
အဝတ်နဲ့ အုပ်လိုက်သတဲ့။ ဒီတုန်းမှာပဲ။
“ဟဲ့ သေနာမ မအုပ်နဲ့ ငါမြင်တယ်”
လို့ သစ်ပင်ပေါ်က လမ်းပြောတဲ့ အသံ ကြားလိုက်ရသတဲ့။
ဒါနဲ့ လင်မယားနှစ်ယောက် သစ်ပင်ပေါ် မော့ကြည့်
လိုက်ကြတော့ လက်ကြီးအရှည်ကြီး ကျလာပြီး
ခေါက်ဆွဲကြော်ထုပ်ကို ဆွဲယူသွားရောတဲ့ဗျို့။
ကိုသာဥာဏ်ကလည်း ဘာပြောကောင်းမလဲ။
နွားနှစ်ကောင်ကို နှင်တံနဲ့ မနားတမ်းရိုက်ပြီး
မောင်းလိုက်တာ ရွာထဲ လှည်းဝင်တာတောင် မသိဘူးတဲ့ဗျို့။
သူ့မိန်းမ မစိုး ဆိုတာကလည်းလှည်းထဲမှာ ဝမ်းလျားထိုးပြီး လှည်းရံတိုင်တွေကိုင်ထားရတာဆိုပဲ။
ရွာထဲရောက်တော့မှ ဒုန်းစိုင်း
မောင်းလာတဲ့ သူတို့လှည်းကို ရွာသားတွေကမြင်ပြီး…
“ဟေ့ကောင် သာဥာဏ် ဘာဖြစ်လာတာတုံး”လို့ အော်လိုက်တော့မှ လှည်းကို ရပ်လိုက်တယ်ဆိုပဲ။
ဒါပေမဲ့ ရွာကလူတွေက ဝိုင်းမေးတာ ဘာမှမပြောနိုင်ဘဲ
ကြောင်ကြောင်ကြီးဖြစ်နေလို့ ဆရာတော် ကြွလာပြီး
ရေမန်းတွေ ဘာတွေ တိုက်ယူရတယ်ဆိုပဲ။
သတိကောင်းကောင်း ဝင်လာတော့မှ ဒီအဖြစ်အပျက်ကို
ပြန်ပြောနိုင်တာတဲ့ဗျို့။
ဒါတွေက ဘန့်ဘွေးကုန်းက လူတွေကို ခြောက်တာဗျ။
ဒီတစ္ဆေက တောအုပ်ကလေးရဲ့ ဟိုဘက်ကနေမြို့ကိုသွားတဲ့ ငွေတွင်းကုန်းလမ်းမှာလည်း ခြောက်တာပဲတဲ့ဗျ။
တစ်ရက်က ငွေတွင်းကုန်းက ဘိုးခင်မောင်ဆိုတဲ့
အဘိုးကြီး မနက်ဝေလီဝေလင်း မြို့ကို လှည်းနဲ့
နှမ်းအိတ်တွေ သွားပို့တာ အခြောက်ခံရလို့တဲ့။
အုတ်လမ်းကလေး ကျော်လိုက်ပြီး သိပ်မကြာခင်မှာတဲ့ဗျို့
လမ်းဘေးမှာ အထုပ်တစ်ထုပ် တွေ့တာတဲ့။
အထုပ်က ပုဆိုးနဲ့ ထုပ်ထားတာ ။တော်တော်ကြီးဆိုပဲ။
ဘိုးခင်မောင်က ဘာထုပ်ကြီးလဲဆိုပြီး လှည်းကိုရပ်ပြီး
ဆင်းကြည့်တယ်။ အထုပ်ကို ဖြည်ကြည့်လိုက်တော့
အထဲမှာ သစ်ရွက်တွေ ထည့်ထုပ်ထုတ်ထားတာတဲ့ဗျ။
အဲဒီလို ဘိုးခင်မောင်ကြီး အထုပ်ကို ဆင်းကြည့်နေတုန်း
မှာပဲ တစ္ဆေက နွားလှည်းကို တက်ပြီး မောင်းသွားရောတဲ့ဗျို့။
“ဟဲ့ ဟဲ့ ရပ်စမ်း ရပ်စမ်း”
ဆိုပြီး ဘိုးခင်မောင်က နောက်က ပြေးလိုက်တာ
လှည်းကို နည်းနည်းမှ မမိဘူးတဲ့ဗျို့။တစ္ဆေက
နွားလှည်းကို မောင်းသွားလိုက်တာ ဖုန်းကို
တထောင်းထောင်းနေတာပဲတဲ့ဗျာ။
ဘိုးခင်မောင်ကြီးလည်း
နောက်ဆုံးမပြေးနိုင်တော့ဘဲ ဖြည်းဖြည်းပဲ
လျှောက်သွားရတာတဲ့။ မြို့အဝင်ရောက်တော့မှ
သူ့လှည်းကို တွေ့ရတော့သတဲ့။
တစ္ဆေက လှည်းကို
ဇောင်ချမ်းပင်ကြီးအောက်မှာ ကျကျနန ရပ်ထားခဲ့တယ်တဲ့။
ဒီတော့မှ ဘိုးခင်မောင်လည်း လှည်းပေါ်တက်ပြီး
မြို့ထဲကို မောင်းဝင်လာခဲ့ရတယ်ဆိုပဲ။
ဒီအကြောင်းကို ရွာမှပြန်ပြောတော့ ရွာက
လူတွေက ဝိုင်းရယ်ကြဆိုပဲဗျ။
နောက်တစ်ခါ ခြောက်တာကတော့ နတ်ကတော်
ဒေါ်ဘုမတဲ့ဗျို့။ ဒေါ်ဘုမကလည်း ငွေတွင်းကုန်းက
နာမည်ကြီး နတ်ကတော်ကျော်လာလို့ ငွေတွင်းကုန်းမှာတောင်
မနေတော့ဘဲ မြို့ပြောင်းသွားတာ။
မြို့မှာလည်းအလုပ်ဖြစ်လို့ တော်တော်အဆင်ပြေတယ်တဲ့ဗျ။
ဒေါ်ဘုမက သူ့ရွာကို ကိစ္စကလေးရှိလို့ ခဏပြန်လာတာ
တဲ့ဗျ။ လှည်းတစ်စီးငှားပြီး လာတာတဲ့ဗျို့။လှည်းပေါ်မှာ
လှည်းသမားရယ် သူရယ်ပဲ ပါလာတာတဲ့။
အုတ်လမ်းနားရောက်တော့ တောထဲကနေ
နတ်သီချင်းဆိုတဲ့အသံ ထွက်လာရောတဲ့ဗျို့။
အသံမှ အောင်လိုက်တာတဲ့ဗျ။
“အတုကလေးရယ်တဲ့ ယှဉ်ကပြိုင် ယှဉ်ကပြိုင်
ပန်းမွေ့ယာ ရွှေကော်ဇော ရောနှောလို့ ထိုင်သတဲ့
ဟေး ဟေး အဖေကျော်တဲ့ဟေ့”
ဆိုပြီး နတ်ကန္နားကနေတဲ့ အသံမျိုးနဲ့ကို ဆိုတာတဲ့ဗျို့။
လှည်းသမားကလည်း အခြေအနေကို ရိတ်မိသွားတော့
လှည်းကို အမြန်မောင်းပြေးတာတဲ့ဗျို့။ အဲဒီ လှည်း
နောက် ခပ်လှမ်းလှမ်းမှာ ဖြူဖြူကြီးတစ်ကောင်
တောထဲက ပြေးထွက်လာပြီး လှည်းလမ်းကြောင်းမှာ
က,လိုက်တာတဲ့ဗျာ။ကွေးနေတာပဲတဲ့။ ဒေါ်ဘုမကြီး
ဆိုတာ ကြောက်လွန်းလို့ အသားတဆတ်ဆတ်
တုန်နေတာတဲ့ဗျို့။လှည်းနည်းနည်းဝေးလာတော့
တစ္ဆေက အကရပ်ပြီး…
“ဟဲ့ ဘုမ နင်နဲ့ငါ အကပြိုင်မလား”လို့ လှမ်းပေးသေးတာတဲ့ဗျ။
ဒေါ်ဘုမရဲ့ လှည်းလည်းအသားကုန် လွှတ်မောင်းလိုက်တော့ ငွေတွင်းကုန်ကိုဘယ်လိုက ဘယ်လိုရောက်သွားမှန်းတောင် မသိဘူးတဲ့ဗျ။
တဖြည်းဖြည်းနဲ့ ဒီတစ္ဆေက အချိန်မရွေးတော့ဘူးတဲ့ဗျို့။
မနက်လည်းခြောက်။ညလည်းခြောက်။နေ့ဘက်လည်း
ခြောက်နဲ့ တဖြည်းဖြည်း ခြောက်လာတွေက စိပ်သထက်
စိပ်လာတယ်။ကျုပ်တို့ရွာမှာလည်း တစ်နေ့ တစ်နေ့ ဒီတစ္ဆေရဲ့
သတင်းကိုပဲ ပြောနေကြတော့တာဗျို့။
ဘယ်သူတွေတော့ တစ္ဆေခြောက်ခံရလို့ဆိုတဲ့
သတင်းက နေ့တိုင်းလိုလို ဖြစ်နေပြီ ကျုပ်ကလည်း
ဒီအကြောင်းပဲ တွေးနေတော့တာဗျ။
ဘာလုပ်ရမှန်းလည်းမသိဘူးလေ။
ဒီနေ့တော့ နေကလည်း ပူနေတာနဲ့ ကျုပ်လည်း
ဘယ်မှကို မသွားတော့ဘဲ ကျုပ်ရဲ့ ပင်တိုင်နေရာဖြစ်တဲ့
မန်ကျည်းပင်အောက်က သစ်သားကွပ်ပျစ်ပေါ်မှာ
ဝါးခြမ်းလေး ခေါင်းအုံးရင်း အိပ်ပျော်သွားတာဗျို့။
“ဆရာ ကိုတာတေတို့ကတော့ ဇိမ်ကျလိုက်တာဗျာ
ပက်လက်ကလေးကို စင်းနေတာပဲဟေ့”
ကျုပ်နားထဲမှာ အဲဒီအသံကို ကြားတစ်ချက်
မကြားတစ်ချက်နဲ့ အိပ်မက်လိုဖြစ်နေတာဗျ။
“ဟေ့ တာတေ တာတေ ထပါဦးကွ”
ဆိုတဲ့ အသံကို ကြားလိုက်ရတော့မှ ကျုပ် နိုးသွားတာဗျို့
ချက်ချင်း မျက်စိဖွင့်ကြည့်လိုက်တော့ ကိုဆယ်နဲ့
ကိုသယ်ဗျ။
ကျုပ်လည်း အိပ်နေရာကနေ ကပျာကယာထပြီး…
“ဟာ ကိုဆယ်နဲ့ကိုယ်သယ်ပါလားဗျ လာ လာ ထိုင်ကြဗျ
ဘယ့်နှယ် နေပူကြီးထဲ ရောက်လာကြပါလား”
ကိုဆယ်နဲ့ ကိုသယ်က ညီအစ်ကိုဗျ။ဘန့်ဘွေးကုန်းသားတွေ။
အိမ်ထောင်ကျတော့ ကိုဆယ်က ဘန့်ဘွေးကုန်းမှာပဲ
ကျတယ်။ ကိုသယ်က ငွေတွင်းကုန်းက မိန်းမနဲ့ကျပြီး
ငွေတွင်းကုန်းကို ပြောင်းပြီးနေတယ်။
ကျုပ်က အိမ်ပေါ်တက်ပြီး လက်ဖက်ခွက်ရည်
ရေနွေးအိုးအကြမ်းပန်ကန် နဂါးဆေးပေါ့့လိပ်နှစ်လိပ်
ယူလိုက်တယ်။
“ကဲ …ကိုဆယ်တို့ ကိုသယ်တို့ အကြမ်းသောက်လက်ဖက်စား ဆေးပေါ့လိပ် ဖွာကြဗျာ။အမောပြေမှစကားပြောတာပေါ့”လို့ ကျုပ်က ဧည့်ဝတ် ပြုလုပ်တော့
ညီအစ်ကိုနှစ်ယောက် နဂါးဆေးပေါ့လိပ်စီ မီးညှိပြီး ဖွာကြသဗျ။
ပြီးတော့ ကျုပ်ဖူးခနဲ ဖူးခနဲ မှုတ်ပြီး သောက်ကြတော့တာပဲဗျာ။
“တာတေရေ ငါတို့ရွာတွေ သတင်းကို မင်းလည်း
ကြားပြီးရောပေါ့ကွာ”
ကိုဆယ်က စကားစလိုက်တယ်။ ကျုပ်က ခေါင်းညိတ်ပြ
လိုက်ပြီး …
“ကြားပါတယ်ဗျာ နေ့တိုင်းလိုလို ဒီသတင်းပဲ ကြားနေရတယ်လေ”
“ဟုတ်ပါ့ကွာ ငါတို့ရွာသားတွေလည်း တော်တော်ကို
ထိတ်လန့်ကုန်ကြပြီကွ မနေ့က ညကလည်း ဖြစ်သေးတယ်”
ကိုသယ်က ဖွာလက်စ ဆေးပေါ့လိပ်ကလေးအသာချပြီး ဝင်ပြောတယ်။
“ဟင် ဟုတ်လားဗျ ကိုသယ် ပြောပါဦးဗျ။
ဘယ်လို ဖြစ်တာတုံး”
ကျုပ်က မေးလိုက်တော့ ကိုသယ်က ဆက်ပြောတယ်ဗျ။
“ဒီလိုဟေ့ နယ်လှည့်ပြီး လက်ဝှေ့ထိုးတဲ့ ကရင်ညီအစ်ကိုတဲ့ကွ ဘယ်ရွာကနေ ဘယ်ရွာကို သွားမှာလဲတော့မသိဘူး ညဘက်ကြီး အုတ်လမ်းက တိုက်ပျက်ကြီးထဲကိုရောက်လာပြီး မီးတွေဘာတွေဖို ။ ရေနွေးအိုးကျိုပြီးညစာ စားကြတယ်ဆိုပဲ”
“ဟင် ဒီလူတွေမှာ စားအိုး စားခွက်တွေ ပါလို့လားဗျ”
“ပါပါပြီလား တာတေရ သူတို့က နယ်လှည့်ပြီး လက်ဝှေ့
ထိုးစားတာ သူတို့နှစ်ယောက် စားအိုးခွက် ရိက္ခပါပြီးသားဗျာ”
“သြော် ဒီလိုလား”
“အေး အဲဒါ ညီအစ်ကိုနှစ်ယောက် စားသောက်ပြီး
စကားစမြည်ပြောကြတာပေါ့ကွာ အစ်ကိုလုပ်တဲ့သူကညီလုပ်သူကို ပြောသတဲ့ ဟိုတစ်နေ့က ထိုးတဲ့ပွဲမှာခြေထောက်အနေအထား။ အနှုတ်အသိမ်းမှာနေတဲ့အကြောင်းပြောပြီး ညီအစ်ကိုနှစ်ယောက် လက်တွေ့လုပ်ကြတာပေါ့ကွာ လက်ဝှေ့နမူနာ ထိုးကြည့်ကြတာပေါ့”
“သြော် ဟုတ်တယ်ဗျ သူတို့ကလည်း အမြဲတမ်း
လေ့ကျင့်နေကြရတာ။ အလေ့အကျင့် ပြတ်လို့မရဘူးတဲ့”
ကျုပ်က ကိုသယ်စကားကို ဝင်ပြောလိုက်တယ်။
“အဲဒါ သူတို့နှစ်ယောက် လေ့ကျင်နေတုန်း ဘယ်သူကဝင်ထိုးတယ် မသိဘူးတဲ့ ။ သူတို့နှစ်ယောက် တခွပ်ခွပ်နဲ့အထိုးခံရတာတဲ့ ။
ပထမတော့ တစ်ယောက်နဲ့တစ်ယောက်
လက်လွန်လွန်ပြီး ထိတယ်ထင်တာတဲ့။ဒါနဲ့ အစ်ကိုလုပ်တဲ့သူက
ဟေ့ကောင် မင်းက ငါ့ကို ထိအောင်မထိုးနဲ့လေလို့
ပြောတော့ ညီလုပ်တဲ့သူကလည်း ပြောသတဲ့။
အစ်ကိုကလည်း ကျုပ်ကိုထိအောင် မထိုးနဲ့လေဗျာ။
နာတယ်ဗျလို့ပြောတော့ ဟ ငါမထိုးပါဘူးပေ့ါ။
ညီလုပ်တဲ့သူကလည်း ကျုပ်လည်းအစ်ကို့ကို
ထိအောင် မထိုးပါဘူးပေါ့။ ဒါနဲ့ သူတို့နှစ်ယောက်
လုံးဝမထိုးတော့ဘဲ ရပ်နေလိုက်ကြသတဲ့။
ဒီတော့မှ အဖြေပေါ်တော့တာတဲ့ဟေ့။
နှစ်ယောက်စလုံး တခွပ်ခွပ်နဲ့ အထိုးခံနေရတာ
တခြားတစ်ယောက်က ဝင်ထိုးနေတာပဲဆိုတာ
သိပြီး ညီအစ်ကိုနှစ်ယောက် ပြန်ထိုးကြသတဲ့။
သူတို့ကို ခွပ်ခနဲထိရင် မှန်းပြီး ပြန်ထိုးသတဲ့။
ဒါပေမဲ့ ဘာကိုမှ မထိဘဲ လေကိုပဲ ထိတာတဲ့ကွ။
ကြာလာတော့ ညီအစ်ကိုနှစ်ယောက်စလုံး မျက်နှာတွေ
ဖူးယောင်လာပြီး ဘယ်လိုမှ မခံနိုင်တော့တာတဲ့ဟေ့
ဒါနဲ့ ပစ္စည်းတွေ ကပျာကယာသိမ်းပြီး အဲဒီ
တိုက်ပျက်ထဲကနေ တချိုးတည်း ပြေးရတော့တာပဲတဲ့ဟေ့။
ဒါတောင် နောက်က မနားတမ်းလိုက်ထိုးနေလို့ခြေဦးတည်ရာ စွတ်ပြေးရတာတဲ့။ အဲဒါ ငါတို့ငွေတွင်းကုန်းကို အချိန်မတော်ကြီး ရောက်လာကြတာဟေ့ငါတို့ရွာသားတွေက ခေါ်ထားပြီးဆားကြပ်ထုပ်တွေဘာတွေ ထိုးကြရတာ။
မျက်နှာကြီးတွေဆိုတာဖူးယောင်ပြီး မြင်လို့တောင် မကောင်းပါဘူး
တာတေရာ”
“ဟာ ဒီတစ္ဆေ တော်တော်ကို ဆိုးရွာနေပါလားဗျာ”
“ဆိုးချက်ကတော့ လွန်ရောကွာ အဲဒါ ငါတို့ညီအစ်ကိုတိုင်ပင်ပြီး မင်းဆီ လာတာကွ”
“နို့နေဦးဗျ ဒီလူတွေက အဲဒီတစ္ဆေကိုမြင်ရသေးလား”
ကိုဆယ်က ကျုပ်မေးတာကို ပြန်ပြောတယ်ဗျ။
“ဘယ်မြင်ရလိမ့်မတုံး တာတေရ။ မမြင်ရဘဲ
အထိုးချည်းခံရတာကွ ဒီတော့လည်း ထွက်မပြေးလို့ဘယ့်နှယ်လုပ်မလဲ”
“ဒါတော့ ဟုတ်တာပေါ့ဗျာ”
“မင်း စဉ်းစာကြည့်လေ တာတေရာ သူတို့ညီအစ်ကိုက
လက်ဝှေ့ပညာတတ်လို့ ရွာစဉ်လှည့်ပြီး လက်ဝှေ့တောင်ထိုးစားတာ ပေါ့သေးသေးကောင်တွေမှ မဟုတ်တာကွ”
“အင်း စဉ်းစာစရာတော့ ဖြစ်နေပြီဗျ ဒီတစ္ဆေက သီချင်းတွေလည်း ဆိုတတ်တယ် လှည်းလည်းမောင်းတတ်တယ် အခု လက်ဝှေ့လည်း ထိုးတတ်နေပြန်ပြီဆိုတော့သူ့မှာ အစွမ်းတော်တော် ရှိနေတာပဲဗျ”
“အေးကွ ဘန့်ဘွေးကုန်းက ကိုရင်လေးတွေနဲ့
ပရိတ်တောင် ပြိုင်ရွတ်နေသေးတယ်ဆိုပဲ”
ကိုသယ်က ဝင်ပြောပြီး ရယ်နေတယ်ဗျ။
“ဟုတ်ပါ့ကွာ ငါတို့ရွာက ကိုရင်တွေ အဲဒီနေ့က
ဘကြီးသာဝ လှည်းနဲ့တွေ့ပေလို့ပေါ့ကွာ တွေ့သာ
မတွေ့ရင် လှည်းလမ်းကြောင်းမှာတင် ပျံတော်မူကုန်မှာ”လို့
ကိုဆယ်က ဝင်ပြောပြီး ကျုပ်တို့သုံးယောက်
ရယ်လိုက်ကြရတာဗျာ။အဲဒီလို ရယ်ရင်းမောရင်းနဲ့ပဲ
ကျုပ်ခေါင်းထဲမှာ အတွေးတစ်ခု လက်ခနဲ ပေါ်လာတယ်ဗျ။
ဆက်ပြီး တွေးလိုက်တော့ ဆရာနွံဖ ကျုပ်ကို ပြောဖူးတာ
တစ်ခုကို ချက်ချင်းသတိရသွားတယ်။
“တာတေရေ တစ္ဆေဆိုပေမယ့်လည်း သိပ်တော့အထင်မသေးနဲ့ကွ တချို့တစ္ဆေတွေမှာ တစ္ဆေဦးထုပ်ဆိုတာရှိတယ်။ အလွန်စွမ်းတာကွ ။
ဦးထုပ်ရှိတဲ့
တစ္ဆေဆိုရင် နိုင်ဖို့ မလွယ်ဘူးကွ ။ တွေ့ရင် ပြေးရတာချည်းပဲ။
ဦးထုပ်ကလည်း အရောင်အမျိုးမျိုးရှိသတဲ့ကွ။
အဝါရောင် အနီရောင်တဲ့။အနီဆောင်းတဲ့ တစ္ဆေက
အစွမ်းဆုံးဆိုပဲ။ တချို့တော့ ကြောက်လန့်ပြီး
ဆွဲလိုက်တော့ ဦးထုပ်ကို သွားဆွဲမိတယ်ဆိုပဲ။
သူတို့ ဦးထုပ်ပါသွားရင်တော့ ချက်ချင်းကို
ဒူးတုပ်ပြီး တောင်းပန်တာဆိုပဲကွ ။ ဦးထုပ်ကို
ပြန်ပေးဖို့ ငိုယိုပြီး တောင်းတော့တာတဲ့”
“ဟုတ်ပြီ ကိုဆယ်ရေ ဟုတ်ပြီဗျို့ ကျုပ် သိသွားပြီဗျို့။
ကျုပ်ကို ဆရာနွံဖ ပြောဖူးသားပဲဗျ”
“ဟေ ဘာဦးထုပ်တုံးကွ တာတေရ”
“ဒီလိုဗျ တစ္ဆေတွေမှာ တစ္ဆေဦးထုပ်ဆိုတာ ရှိတယ်တဲ့။
ဒါပေမဲ့ တစ္ဆေတိုင်းမှာ ဦးထုပ်ရှိတာတော့ မဟုတ်ဘူးဗျ
အစွမ်းထက်တဲ့ တစ္ဆေမှာမှ ဦးထုပ်ရှိတာ။ အဲဒီဦးထုပ်က
တော်တော်ကို အစွမ်းရှိတာဆိုပဲဗျ”
“ဟာ ဒါဆိုရင် ဖြစ်နိုင်တယ်ဟေ့ အုတ်လမ်းကို
ရောက်နေတဲ့ တစ္ဆေက တော်တော်ကို စွမ်းတာပဲကွ
အေး အဲဒါ ဘယ်လိုလုပ်ရင် ကောင်းမလဲ တာတေရ”
“ဒီလိုဗျာ မနက်ဖြန် ညကျရင် ကိုဆယ်နဲ့ ကျုပ်နဲ့
အဲဒီ တိုက်ပျက်ကြီးကိုသွားပြီး ညအိပ်မယ်ဗျာ
ပြီးရင် ဒီတစ္ဆေနဲ့ ကျုပ် လက်ဝှေ့ထိုးမယ်”
“ဟာ တာ တာ တေကလည်း ငါ မလိုက်ရဲဘူးကွ
ဟား ဟား ဟား ”
ကိုဆယ်ကြီးက သူမလိုက်ရဲဘူးလို့ ပြောပြီး ရှက်ရှက်နဲ့
ရယ်တော့တာပဲဗျို့။ ဒီတော့ သူ့ညီ ကိုသယ်က…
“ငါ လိုက်မယ် တာတေ မင်းနဲ့ ငါ သွားမယ် နို့ မင်းက
လက်ဝှေ့ရော ထိုးတတ်လို့လား”
“ဟာ နည်းနည်းတော့ ရပါတယ်ဗျ ကျုပ် ဒီပါရုံဘုရားပွဲမှာ
တက်ထိုးဖူးပါတယ် ဆုတောင် ရဖူးသေးတယ်ဗျ။
ခုနှစ်ဆယ့်ငါး ကျပ်လား ငါးဆယ်လား မသိဘူးဗျ”
“ကဲ ဒါဆိုလည်း သွားကြတာပေါ့ကွာ”
“ဒါဆိုရင် ဒီလိုလုပ်ကွာ မနက်ဖြန်ညနေမှာ တာတေရော
ငသယ်ရော ငါ့ဆီကို ရောက်အောင်လာခဲ့ ငါ မင်းတို့ကို
လှည်းနဲ့ လိုက်ပို့မယ်”
“ကောင်းသားပဲဗျ ဒါဆိုရင် မနက်ဖြန် ဆက်ဆက်လာခဲ့
မယ် ကိုဆယ် စောင့်နေ ကိုသယ်က ဒီည ရွာပြန်ပေါ့
မနက်ဖြန် လာခဲ့”
“အေး ငါနေ့တော့ ရွာခဏပြန်မယ် စိတ်ချ ။မနက်ဖြန်
ငါ စောစောရောက်အောင် လာခဲ့မယ်”
ကိုသယ်က ပြန်ပြောတယ်။ဒီတော့ ကိုဆယ်က ထပ်ပြောတယ်ဗျ။
“နောက်နေ့ မနက်စောစောမှာ ငါမင်းတို့ကို လှည်းနဲ့
လာကြိုမယ်”
“နောက်နေ့ မလုပ်နဲ့ဗျ ကျုပ်တို့ကို အုတ်လမ်းရောက်အောင်လည်း
မပို့နဲ့ အုတ်လမ်းမရောက်ခင် တစ်တိုင်လောက်မှာ
မရမ်းပင် ဘုန်းကြီးကျောင်း ရှိတယ်လေဗျာ
တောရပ်ကျောင်းလေဗျာ”
“အေး သိပါတယ်ကွ တာတေရ”
“အေး ကိုဆယ်က ကျုပ်တို့ကို အဲဒီကျောင်းအထိပဲ
ပို့ပေးပြီးရင် ရွာမပြန်နဲ့ အဲဒီကျောင်းကပဲ စောင့်နေ။
ကျုပ်တို့ကိစ္စပြီးတာနဲ့ မရမ်းပင်ကျောင်းကို ပြန်ခဲ့မယ်
ပြီးရင် ရွာပြန်ကြတာပေါ့။
ကိုဆယ်ကြောက်ရင်ရွာကလူတစ်ယောက် အဖော်ခေါ်ခဲ့ပေါ့ဗျ”
“အေး အေး ဟုတ်ပြီ ဟုတ်ပြီ ငါ့တူ လူဝကို ခေါ်ခဲ့မယ်
ဒီကောင်က သတ္တိတော့ ရှိသားကွ”
ညနေစောင်းတော့ ကိုဆယ်နဲ့ ကိုသယ် ပြန်သွားကြတယ်
ကျုပ်တစ်ယောက်တည်း မန်းကျည်ပင်ကြီးအောက်မှာ
ဆက်တွေးနေတယ်။
ညရောက်တော့ အဘနဲ့ အမေကိုဒီအကြောင်း ပြောပြတော့ အမေက ဖြစ်ပါ့မလားလို့ပြောတယ်ဗျ။ ကျုပ်က ဘာမှမပူနဲ့ အမေ ဒီတစ္ဆေကို
ဒီလို မလုပ်လို့ မရတော့ဘူးဗျလို့ ပြောရတယ်။
နောက်တစ်နေ့ညနေ့ လေးနာရီထိုးတော့ ကျုပ်ဘန့်ဘွေးကုန်းကို
ရောက်နေပြီ။ ကိုဆယ်တို့ အိမ်မှာ ကိုသယ်လည်း
ရောက်လို့ဗျ။ ရွာထဲက လူတွေတောင် ရောက်နေတယ်
“တာတေ ဒီညတစ္ဆေနဲ့ လက်ဝှေ့သွားထိုးမလို့တဲ့”
ဆိုတဲ့စကားက ဘန့်ဘွေးကုန်းမှာ ပြန့်နေတာဗျို့။
ကျုပ်ကို ဟိုလူကကြည့် ဒီလူကကြည့်နဲ့
တချို့ကလည်း မေးသေးတယ်ဗျ။
“ငါတို့ နောက်ကလိုက်ခဲ့ဖို့ လိုသေးလား”
“ဟာ အစ်ကိုကြီးတို့ မလိုက်နဲ့ လူများရင် တစ္ဆေက
မလာဘဲ နေမှာပေါ့”
“အေးကွ ဒါလည်း ဟုတ်တာပဲ”
ဒီလိုနဲ့ ကိုဆယ်တို့အိမ်မှာ လူစည်ကားနေတာပေါ့ဗျာ။
ညရှစ်နာရီထိုးတော့မှ ကျုပ်တို့ ဘန့်ဘွေးကုန်းက
ထွက်ခဲ့တာဗျ ။ မရမ်းပင်ကျောင်းမှာ ကိုဆယ်ရယ်သူ့တူ လူဝ ဆိုတဲ့ကောင်ရယ်က စောင့်နေခဲ့တယ်။
ကျုပ်နဲ့ ကိုသယ်ကတော့ အုတ်လမ်းက တိုက်ဟောင်းကြီးကို
လာခဲ့ကြတယ်။
ကိုဆယ်တို့ အိမ်က မထွက်ခင် ကျုပ်က ဆရာနွံဖပေးထားတဲ့ မျက်ကွင်းဆေးကို သွေးပြီး မျက်စိကိုကွင်းလာခဲ့တယ်။ ပြီးတော့ သစ်စုန်းဆေးတောင့်ကိုလည်းသွေးပြီး လက်ခုံနှစ်ဖက်မှာ လိမ်းလာခဲ့တယ်။
ကျုပ်တို့ နှစ်ယောက် တိုက်ပျက်ကြီးကို ရောက်တော့
မီးဖိုပြီ အဆင့်သင့် တံစို့ထိုးထားတဲ့ ကြက်သားကို
ကင်ကြတယ် ပြီးတော့ တိုက်ပျက်ကြီးထဲမှာ လင်းနေအောင်
အနီးအနားမှာ တွေ့သမျှ သစ်ကိုင်းခြောက်တွေမပြတ်
ထည့်ပေးထားတယ်။
ကိုသယ်က သူအဆင်သင့်ယူလာတဲ့
ဖယောင်းတိုင်ကလေးတောင် လေကွယ်တဲ့နေရာမှာ
ထွန်းထားသေးတယ်။ တိုက်ပျက်ကြီးထဲမှာ အလင်းရောင်ကလေး
ခပ်ပျပျရှိနေတာပေါ့ဗျာ။
ကျုပ်တို့နှစ်ယောက် ကြက်သားကင်တွေ ည၁၂နာရီ
နီးပါးရှိပြီဗျ။ကျုပ်က စကားစလိုက်တယ်။
“ကိုသယ် ဟိုနေ့ကပွဲမှာ ထိုးခဲ့တာ ခြေအကွက်တွေ
မှားတယ်ဗျ။ ခြေအကွက်လည်း မှန်မယ် ။
လက်အနှုတ်အသိမ်းလည်း မြန်မယ် ။ ထိုးချက်တွေလည်း
ပိုင်မယ်ဆိုရင် တစ်ဖက်လူ ဘယ်ခံနိုင်မှာတုံးဗျ”
“မင်းက ပါးစပ်က ပြောနေတော့ ငါက
ဘယ်နားလည်းမတုံးကွာ နည်းနည်းပါးပါး လက်တွေ့လေး
လုပ်ပြမှပေါ့”
စောစောထဲက ကျုပ်နဲ့ကိုသယ်က အတိုင်အဖောက်
လုပ်ပြီးသားဗျ။
“ဘာလဲ ခင်ဗျားက ကျုပ်ပညာတွေကို နည်းနည်းကြည့်ချင်လို့လား
ဒီနယ်တစ်လွှားမှာတော့ ကျုပ်ကို ယှဉ်နိုင်မယ့်သူပေါ်မှာ
မဟုတ်ပါဘူးဗျာ ဟား ဟား ဟား”
ကျုပ်က တစ္ဆေကြားအောင် အော်ကျယ် အော်ကျယ်နဲ့
ပြောနေတာဗျ။
“ကဲ ခင်ဗျား ကြည့်ချင်ရင် ကြည့်ပေတော့”
ဆိုပြီး ကျုပ်က မတ်တပ်ရပ် ပုဆိုးကို ခါးတောင်းမြှောင်
အောင် ကြိုက်လိုက်ပြီး လက်ခမောင်းခတ်လိုက်တယ်ဗျ
ပြီးတော့ လက်ဝှေ့ရေးစပြီး ပြတာပေါ့ဗျ။ ကိုသယ်ကလည်း
ကျုပ်တို့ ကြိုပြီး ညှိထားတဲ့အတိုင်းပေါ့ဗျာ။
ကျုပ်ကို ပါးစပ်ဆိုင်းတီးပေးသဗျ။ဗိန်းမောင်း
ခပ်ကြမ်းကြမ်းကလေးဗျ။
“ထီ ဗောင် ထီ ဗောင် ထီဗောင် ထီဗောင် ထီ ထီ ထီ”
ကိုသယ်ရဲ့ ပါးစပ်ဆိုင်းကလည်း ကောင်းသားဗျ။
ကျုပ်ကလည်း လက်ဝှေ့ရေးကို ပြပေါ့ဗျာ။
“ကျွတ် ကျွတ် ကျွတ် ”
တိုက်ပျက်ကြီး အပေါ်ထပ်ကနေ သစ်သားလှေကား
အဟောင်းကြီးကိုနင်းပြီး ဆင်းလာတဲ့အသံဗျ။
တဖြည်းဖြည်းအောက်ရောက်လာပြီဗျို့။
ကိုသယ်ကလည်း ပါးစပ်ဆိုင်းကို မနားတမ်းတီး။
ကျုပ်ကလည်း လက်ဝှေ့ရေးကို မနားတမ်း ပြပေါ့ဗျာ။
ကျုပ်က လက်ဝှေ့ရေးပြရင်း လှေကားရင်းကို
မသိမသာ ကြည့်လိုက်တော့ ဦးထုပ်အနီဆောင်းထားတဲ့
လူတစ်ယောက် ရပ်နေတယ်ဗျ။
ပုံမှန်လူတစ်ယောက်ရဲ့ ပုံပါပဲ။ဒါပေမဲ့ ခေါင်းကတော့
နည်းနည်းကြီးပုံ ရတယ်ဗျ။ဦးထုပ်အနီဆောင်းထားဆိုတော့
ဒီကောင်က တစ္ဆေဦးထုပ်ရှိတဲ့ တစ္ဆေတွေအထဲမှာမှ
အဆင့်အတန်း အမြင့်ဆုံးကောင်ပဲ။
“ဟောဒီမှာကြည့် ကိုသယ် ဒီအကွက်မျိုးနဲ့ထိုးရင်
ဘယ်လိုကောင်မှ မခံနိုင်ဘူးဗျ သိလား”
ကျုပ်က တစ္ဆေရဲ့ စိတ်ကို ဆွပေးနေတာပေါ့ဗျာ
မျက်ကွင်းဆေးကွင်းထားတော့ ဒီကောင်ကို ကျုပ်မြင်နေရတာပေါ့။
ဟောဒီကောင် ပုဆိုးကို ခါးတောင်းထကြိုက်လိုက်ပြီဗျို့။
ဟော လာပြီ လာပြီ ကျုပ်ဆီကို တန်းတန်းမတ်မတ်ကို
လာနေပြီဗျို့ ။ ဟော ကျုပ်ကို ထိုးပြီဗျ။ ကျုပ်
မရှောင်ဘဲ တစ်ချက် အထိုးခံလိုက်တယ်။
“ကိုသယ် ကျုပ်ကို ခင်ဗျား ထိုးတာလား”
“ကြံကြံဖန်ဖန်ကွာ ငါက ဒီမှာ ထိုင်နေတဲ့ဟာ
မင်းကို ဘယ်လိုလုပ် ထိုးရမှာတုံး”
ကျုပ်က သူ့ကို မြင်နေပေမယ် မမြင်ချင်ဟန်ဆောင်ပြီး
ပြောနေတာပေါ့ဗျာ။ ထိုးပြီဗျ။ ကျုပ်ကို တစ္ဆေက
ထပ်ထိုးတယ်။ ကျုပ်မရှောင်ဘဲ အထိုးခံလိုက်ပြန်တယ်။
ဒီကောင်က ကျုပ်ကို သူထိုးတိုင်း ရပြီလို့ထင်ပြီး
အနားကို ပြေးကပ်လာတာဗျ။ အရပ်ကတော့
ကျုပ်နဲ့ မတိမ်းမယိမ်းပါ ။ လူက လူ့ဗလံကလေးပါဗျာ။
တစ္ဆေကို ကျုပ်က မမြင်ချင်ယောင်ပြီး သူ့အထိုးကို
စောင့်နေတယ်။ဟော ကျုပ်မျက်နှာကို ဖြောင့်လက်သီးနဲ့
ထိုးတာဗျို့။ရှောင်ပြီ။ ကျုပ်က ရှောင်လိုက်ပြီ။
ဟော ထိုးပြီဗျို့။ ကျုပ်တစ္ဆေရဲ့ ပါးချိတ်ကို မိမိရရ
တစ်ချက်ထိုးထည့်လိုက်ပြီ။
“ဒုတ်”
ထိတယ်ဗျာ ။ လေကို ထိုးရသလို ။ဖွဲအိတ်ကြီးကို
ထိုးရသလို မဟုတ်ဘူးဗျို့။လူလူချင်းထိုးတာလိုကို
ထိသွားတာဗျ။ဒီကောင် နောက်ကို ရွေ့သွားတယ်။
ပြီးတော့မှ ကျုပ်ကို အံ့သြပြီး ကြည့်နေတယ်။
ကျုပ် သူ့ကို မြင်သလား။ ထိအောင် ထိုးနိုင်သလားလို့ပေါ့ဗျာ။
ကျုပ်ကလည်း မမြင်ဟန်ဆောင်ပြီး တခြားဘက်ကို
လှည့်နေတာပေါ့ဗျာ ။ ဒီမှာတင် ဒီကောင်ဇဝေဇဝါ
ဖြစ်သွားပြီး ကျုပ်ဆီကို ပြေးဝင်လာရောဗျို့။
ထိုးပြီဗျို့။ ကျုပ်ကို ထိုးတာ ဆက်တိုက်ကို
ထိုးတာဗျ။ ကျုပ်သာ မရှောင်နိုင်ရင် မှောက်သွားမှာ
သေချာတယ်ဗျို့။ ပြင်းလိုက်တဲ့ လက်သီးတွေကလည်း
“ဝီ”ခနဲ’ဝီ’ခနဲ နေတာပဲဗျာ။
ကျုပ်က သူ့ထိုးချက်တွေကို လွတ်အောင် ရှောင်လိုက်ပြီး
သူ့အလစ်မှာ သူ့ရင်ဝတည့်တည့်ကို ထောက်လက်သီး
ခပ်ပြင်းပြင်းကလေး ထောက်ပေးလိုက်တယ်။
“အင့်”
တစ္ဆေ တုံ့ခနဲ ဖြစ်သွားတယ်။ ကျုပ်ထပ်ထိုးတယ်။
အဲဒီနေရာကိုပဲဗျ။
“ဘုန်း အင့်”
ထပ်ထိုးတယ်။ ထပ်ထိုးတယ်။ ထပ်ထိုးတယ်။
“ဒေါက် ။ ဘုန်း”
တစ္ဆေ ဒူးထောက်ကျသွားပြီး ရှေ့ကို ဟပ်ထိုးလဲကျသွားပြီဗျို့။
သြော် တစ္ဆေလည်း သတိမေ့တတ်တာကိုးလို့
ကျုပ်တွေးလိုက်မိတယ်။ပြီးတော့ သူ့ခေါင်းမှာ
ဆောင်ထားတဲ့ ဦးထုပ်အနီကို ကျုပ် ချွတ်ယူလိုက်တယ်။
ဒီ ဦးထုပ်ကို ကိုသယ်က မမြင်ရဘူး။ကျုပ်ပဲ မြင်ရတာ။
တစ္ဆေ လဲနေတာကိုလည်း ကိုသယ်ကတော့ မမြင်ရဘူးပေါ့ဗျ ။
ကျုပ်ထင်ပါတယ် ။ တစ္ဆေ သတိမေ့သွားတာဟာ
သစ်စုန်းဆေးတော်ကြီးရဲ့ အစွမ်းကြောင့်ပဲဖြစ်လိမ့်မယ်ဗျ။
ကျုပ်နဲ့ ကိုသယ် တိုက်ပျက်ကြီးထဲကနေ ခပ်သုတ်သုတ်
ထွက်လာခဲ့ကြတယ်။ မရမ်းပင် ကျောင်းကိုရောက်တော့
ည ၂ နာရီထိုးပြီဗျ ။ ကိုဆယ်တို့ စောင့်နေတဲ့ လှည်းပေါ်
တက်ပြီး ဘန့်ဘွေးကုန်း ကို ပြန်ခဲ့တယ်။
ဘန့်ဘွေးကုန်းကိုရောက်တော့ မနက်လင်းကာနီးပြီ။
ဘုန်းကြီးကျောင်းက အုန်းမောင်းတောင် ခေါက်နေပြီ။
ကျုပ်လည်း ပင်ပန်းပြီး အိပ်ပျော်သွားတယ်။
“တာတေ တာတေ ထပါဦး”
ကျုပ် အိပ်ပျော်နေတာကို ရေးကြီးသုတ်ပျာနဲ့
လာနှိုးတာ ကိုဆယ်နဲ့ ကိုသယ်ဗျ။ ကျုပ်လည်း
ကပျာကယာ လူးလဲထပြီး …
“ဟင် ဘာဖြစ်လို့တုံး ကိုဆယ်”
“ရွာထဲက ဒေါ်စိန်မကြီးကို သရဲဝင်ပူးနေလို့ကွ”
“ဟင် အဲဒါ ဘာဖြစ်တုံးဗျ ကိုဆယ်ရ”
“အဲဒီပူးနေတဲ့ သရဲက တာတေကို ခေါ်ပေးလို့
ပြောနေလို့ မင်း ဒီရွာမှ ရောက်နေတာကို ဒေါ်စိန်မ သိတာမှ
မဟုတ်တာ”
“ဟင် ဟုတ်လား ဒါဆိုရင်တော့ ကျုပ် လိုက်ခဲ့မယ်”
ကျုပ်က ပြောပြောဆိုဆို ကိုဆယ်တို့ညီအစ်ကိုနဲ့
လိုက်ခဲ့တယ်ဗျ။ ကိုဆယ်တို့အိမ်နဲ့ လေးလုံးကျော်မှာ
ဒေါ်စိန်မ ဆိုတဲ့ မိန်းမကြီးကို သရဲပူးနေတာဗျ။
“ဟဲ့ တာတေကို ခေါ်ပေးလို့ င့ါပြောနေတာ မကြားကြဘူးလား”
“ဟုတ် ဟုတ်ကဲ့ သွား သွား ခေါ်နေပါပြီ ဒါထက် အခု
ဝင်ပူးနေတာ ဘယ်သူပါလဲ”
“ငါ ဘယ်သူဖြစ်ဖြစ် နင်တို့နဲ့ မဆိုင်ဘူး”
ကျုပ်ဝိုင်းထဲအဝင်မှာ ကြားလိုက်ရတာဗျ။
အိမ်ပေါ်ကိုလည်း ကျုပ်တက်သွားရော …
“တာတေ နင် တစ္ဆေဦးထုပ် ချွတ်ယူခဲ့တယ်ဆို
ဒီကောင် ငါ့ဆီကိုငိုပြီး လာပြောနေတယ်”
သြော် လက်စသတ်တော့ မဖဲဝါကိုး။ကျုပ်က ညက
ပြန်လာပြီး တန်းအိပ်သွားတာဗျ။ မျက်ကွင်းဆေး
မဖျက်ရသေးဘူး။ ဒီတော့ မဖဲဝါကို ကျုပ် မြင်နေရတယ်။
“မဖဲဝါ အဲဒီတစ္ဆေကောင်က အရမ်းကိုခြောက်တဲ့
တစ္ဆေဗျ။ ဘန့်ဘွေးကုန်းက လူတွေရော ငွေတွင်းကုန်းက
လူတွေပါ မြို့ကို မသွားဝံ့အောင် ဖြစ်နေပြီဗျ”
“အေး ငါ လုံးဝမသိလိုက်တာ ဒီအကောင်ကို ငါတာဝန်
ယူတယ်ဟေ့ ဒီနယ်ကို နောက်ဘယ်တော့မှ
ပြန်မလာစေရဘူး ။ ငါ နယ်နှင်ပေးမယ် သူ့တစ္ဆေဦးထုပ်
တော့ နင်က ပြန်ပေးလိုက်တာတေ။ ဒီဦးထုပ်ဟာ
နင်တို့လူတွေနဲ့ ဘာမှ မဆိုင်ဘူး။ ဒီဦးထုပ် မရှိရင်
ဒီအကောင် သုံးရက်ကြာရင် သေလိမ့်မယ် ။ ဒါကြောင့်
ပြန်ပေးလိုက် တာတေ”
ကျုပ်က ကျုပ်ခါးကြားမှာ ထိုးထားတဲ့ တစ္ဆေဦးထုပ်အနီလေးကို
အပေါ်က ဝတ်ထားတဲ့ အင်္ကျီဖားဖားကြီးကို
မ,ပြီးဆွဲထုတ်လိုက်တယ် ။ပြီးတော့ မြင်ဖူးတယ်ရှိအောင်
ဦးထုပ်ကို သေသေချာချာ ကြည့်တယ်ဗျ။
ကတ္တီပါစနဲ့ ချုပ်ထားတဲ့ ဦးထုပ်ဗျ။ကျုပ်ခေါင်းနဲ့တော့
တော်မှာ မဟုတ်ဘူး ။ ကြီးနေတယ်ဗျ။
ကျုပ်က ဦးထုပ်အနီကလေးကို မဖဲဝါဆီကို လှမ်းပေးလိုက်တယ်။
မဖဲဝါက ဦးထုပ်လည်း သူ့လက်ထဲရောက်ရော
ဖြုတ်ခနဲ ပျောက်သွားရောဗျို့။ဒေါ်စိန်မကြီးလည်း
ချက်ချင်းသတိပြန်ရလာတယ်ဗျ။
ဒီတော့မှ ကျုပ်ကို ဝိုင်းမေးကြတာပေါ့ဗျာ။
ဦးထုပ်ကို သူတို့တော့ မမြင်ရပါလား။ကျုပ်ကျတော့
ဘာဖြစ်လို့ မြင်ရတာလဲ ဆိုတာပေါ့ဗျာ။
ကျုပ်က သစ်စုန်းဆေးတော်ကြီးနဲ့
မျက်ကွင်းဆေးတော်အကြောင်း ရှင်းပြလိုက်ရတာပေါ့။
ကျုပ်လည်း မျက်ကွင်းဆေးနဲ့ သစ်စုန်းဆေးတော်ကို ဖျက်လိုက်ပြီး ကျုပ်ရွာထနောင်းကုန်းကို ပြန်လာခဲ့တယ်။ နောက်တစ်နေ့ကစပြီး
ကျုပ်နဲ့ တစ္ဆေရဲ့ လက်ဝှေ့ပွဲ သတင်းက ရပ်ကျော်ရွာကျော် ဖြစ်တော့တာပေါ့ဗျာ။
အဲဒီနေ့က စပြီး အုတ်လမ်းမှာ တစ္ဆေ
ဘယ်တော့မှ မခြောက်တော့ဘူးဗျို့။….
ပြီးပါပြီ
Leave a Reply