မဖဲဝါရဲ့အိမ်

ကိုင်ထားတယ်ဗျ။ သူ့နောက်မှာ
ခွေးလေးတစ်ကောင်လည်း ပါတယ်။

ခွေးက အင်းခွေးလို့ခေါ်တဲ့ နီညိုညိုလေးဗျ။
ပုတ်ပြတ်ပြတ်ခွေးပါဗျာ။

“နင်က ဘယ်သူလဲ၊ ဘယ်ရွာကလဲ ”

“ငါက မီးလောင်ကုန်းမှာ နေတာ၊
အခု ညောင်ကုန်းက ပြန်လာတာ၊
နင့်ကို တွေ့လို့ အဖော်ရပြီဆိုပြီး မီအောင်လိုက်လာတာ”

“ဒီအချိန်ကြီးမှာ နင်တစ်ယောက်တည်း သွားလို့
ဘယ်ကောင်းမှာတုံး ”

“ငါ ပြန်လာတုံးက စောသေးတယ်ဟ၊
လမ်းမှာ အသိတစ်ယောက်နဲ့ စကားပြောနေလို့
ကြာသွားတာ ”

“နင် မိုးချုပ်သွားရင် မီးလောင်ကုန်းကို
ဘယ်လိုသွားမှာတုံး”

“ငါ့ အိမ်ကလူတွေ ဘန့်ဘွေးကုန်းမှာ စောင့်နေကြတယ် ”

“သြော် အေး အေး၊ ဒါဆိုရင် တော်သေးတာပေါ့၊
နို့ နင်က ညောင်ကုန်းကို တစ်ယောက်တည်း
ဘာသွားလုပ်တာတုံး ”

ကျုပ်က ခပ်သုတ်သုတ် လျှောက်ရင်း စကားပြောနေတာဗျ။
သူကလည်း ကျုပ်နောက်က ခပ်သုတ်သုတ်လျှောက်ရင်း
ပါလာတာပေါ့ဗျာ။ သူ့ခွေးပုကလည်း ကျုပ်တို့
ရှေ့ကနေ အပြေးသွားနေတာဗျ။ ခွေးတွေရဲ့
ထုံးစံပေါ့ဗျာ။ နည်းနည်းပြေးလိုက်၊ ရပ်လိုက်၊
အနံ့လိုက်ခံလိုက် လုပ်နေတာဗျ။

“ဒီလို တာတေရေ၊ မီးလောင်ကုန်းဟိုဘက်က
ဆပ်သမြောင်မှာ အထိကရ ညောင်ပင်ကြီး
တစ်ပင်ရှိတယ်။ နင်က ဆပ်သမြောင်ဘက်ကို
ရောက်ရဲ့လား ”

“ဟာ ငါမရောက်တဲ့ရွာ ရှိမလားဟာ၊ တာတေဆိုတဲ့
ကောင်က နေရာတကာ စပ်စပ် စပ်စပ်ပါတဲ့ကောင်ပဲ”

“အေး ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါကြောင့်
ဒီအနားက ရွာတွေမှာ နင့်ကို မသိတဲ့သူ
မရှိတာ”

“ဟေ ဒါကြောင့် နင်လည်း ငါ့ကို သိနေတာပေါ့ ဟုတ်လား”

“အေးလေ ဟုတ်တာပေါ့ဟ၊ နေပါဦး၊
ငါစကားကို ဆက်ရဦးမယ်၊ အဲဒီညောင်ပင်ကြီးမှာ
ဘုရင်တွေ ရှိကတည်းက သရဲဖြစ်နေတဲ့
ပါးကွပ်အာဏာသားကြီးတစ်ယောက် နေတယ်”

“ဟာ ကြာလှပြီပေါ့”

“အေး ဟုတ်တယ် ကြာလှပြီ။ လူတွေက
အဲဒီသရဲကြီးကို ရုက္ခစိုးထင်ပြီး သွားသွား
ပူဇော်ပသကြတယ်၊ ဒီတော့လည်း သရဲကြီး
သေရတာပေါ့၊ အေး အဲဒီသရဲက အခု
ကျွတ်ချိန်ရောက်ပြီ၊ ဒါပေမဲ့ ဒီအတိုင်းတော့
ကျွတ်မှာ မဟုတ်ဘူး၊ သူ့အတွက် ကောင်းမှု
ကုသိုလ်ကလေးလုပ်ပေးမှ ကျွတ်မှာ”

“သြော် သြော်”

“ဒါနဲ့ ဒီသရဲက နာမည်ဘယ်လိုခေါ်တုံး”

“ဦးဗုံတဲ့၊ သရဲဖြစ်နေတာ နှစ်တွေ ရာနဲ့ ချီနေပြီ”

“သြော် သနားပါတယ်ဟာ”

“အေး ငါတို့လည်း သနားလို့ သူ့ကို ကျွတ်အောင်
သွားပြီ လုပ်ပေးကြမလို့ ”

ကျုပ်လည်း လျှောက်ရင်းနဲ့ ဘန့်ဘွေးကုန်းကို
ရောက်လာပြီဗျို့၊ ရွာတံခါးဝင်ကာနီးတော့ …

“တာတေ”

“ဟေ ဘာတုံး”

“အဲဒီသရဲကြီး ကျွတ်အောင် နင် သွားလုပ်ပေးပါလား ”

“ဟာ ငါက ဘယ်လိုလုပ်ရမှာတုံးဟ”

“ဆပ်သမြောင် ဘုန်းကြီးကျောင်းမှာ အလှူအတန်းလုပ်ပြီး
သူ့ကို တရားနာဖို့ ခေါ်လိုက်တာ။ သူလာမှာပေါ့။
အဲဒီမှာပဲ ရေစက်ချ အမျှဝေလိုက်ပေါ့ဟ”

“အေး …ဒါသောက်ဆိုရင်တော့ ငါလုပ်ပေးနိုင်ပါတယ်
ဒါထက် ဘယ်တော့ လုပ်ပေးရမှာတုံး”

“အခုလာမဲ့ လကွယ်နေ့ လုပ်ရမှာ၊ အဲဒီနေ့မှာ
သူကျွတ်မှာပဲ ”

“အေး ဟုတ်ပြီ၊ ငါလုပ်ပေးလိုက်မယ်၊
ဟင် နေပါဦး၊ နင်က ဒီသရဲကြီးအကြောင်း
ဘယ်လိုသိနေတာတုံး ”

“ဘယ်လိုပဲသိသိ၊ ငါသိလို့ နင်ကို ပြောပြတာပေါ့၊
နင်က ဒါမျိုးတွေကို ကူညီနေကြလေ”

ဒီလိုနဲ့ ကျုပ်က ရွာထဲဝင်ခဲ့တယ်၊ လှည့်ကြည့်လိုက်တော့
ကောင်မလေးနဲ့ သူ့ခွေးလေးက ရွာတံခါးဝမှာ ရပ်နေတယ်ဗျ၊
ဒီတော့ ကျုပ်က …

“လာလေ၊ ဘန့်ဘွေးကုန်းရောက်နေမှ ဘာလုပ်နေတာတုံး”

“နင် သွားတော့ တာတေ၊ ငါက ရွာထဲ မဝင်ရဘူး”

“ဘာ နင် ဘာပြောတာလဲ နင်က ဘာလို့ရွာထဲ မဝင်ရတာတုံး၊
နေဦး၊ နင့်နာမည်လည်း ငါ မမေးမိပါလား၊ နင့်နာမည်က
ဘယ်သူတုံး”

“ဟား ဟား ဟား နင်က တော်တော် မေ့တတ်တာကိုး
တာတေရဲ့။ ငါက တခြားသူ မဟုတ်ဘူးဟဲ့၊
နင် ခဏ ခဏ ထမင်းတွေ၊ ဟင်းတွေ ခေါ်ခေါ်ကျွေးတဲ့
မဖဲဝါလေ”

“ဟေ နင်က မဖဲဝါ ဟုတ်လား ”

“ဟား ၊ ဟား ၊ ဟား ၊ ဟား ”

ဟာ အင်းခွေးနီညိုညိုလေးက ချက်ချင်းခွေးနက်ကြီး
ဖြစ်သွားပြီဗျို့၊ ဟုတ်ပါ့ဗျာ။ ဒါ မဖဲဝါရဲ့ ခွေးကြီးပဲဗျ။
နွားပေါက်လောက် ရှိတာလေဗျာ။

ဒါဆိုရင် ဒါ မဖဲဝါ သေချာတာပေါ့ဗျာ။

ပြေးပြီဗျို့။ ပြေးပြီ။ ကျုပ်ပြေးပြီ၊ နောက်ကို
တစ်ချက်မှ လှည့်မကြည့်တော့ဘူး၊ ဘန့်ဘွေးကုန်း
ရွာလယ်လမ်းအတိုင်း ကျုပ်စွတ်ပြေးနေတော့တာဗျို့။

“ဟဲ့ တာတေ ၊ မထသေးဘူးလား၊ နင့်အဘတောင်
ညောင်ကုန်းမှာ လူမမာသတင်း သွားမေးမလို့ဆိုပြီး
အစောကြီး လှည်းကောက်မောင်းသွားလေရဲ့ ”

အောင်မလေး တော်ပါသေးရဲ့ဗျာ၊ ကျုပ်အိပ်မက်
မက်နေတာကိုး အိပ်မက်ထဲမှာ စွတ်ပြေးနေရတာ
မောလိုက်တာဗျာ။ အမေလာနှိုးပေလို့ပဲ။
နို့မဟုတ်ရင် ကျုပ်မှာ ဘယ်အထိ ပြေးနေရမလဲ
မသိဘူးဗျ။ ကျုပ် အိပ်ရာကထပြီး မျက်နှာသစ်တယ်။

တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ အဘကလည်း
ညောင်ကုန်းသွားလို့တဲ့။ ဒါပေမဲ့ ကျုပ်အိပ်မက်ကို
စိတ်ထဲစွဲသွားတယ်ဗျ။ ကျုပ်က အိပ်မက်တွေ ဘာတွေ
မက်ခဲပါတယ်။ ကျုပ် ထိုင်နေမိတာဗျ။

အိပ်မက်ထဲမှာ တွေ့ခဲ့ရတဲ့ မဖဲဝါက အချောသားပဲလို့။

ဒါပေမဲ့ မဖဲဝါက ရုပ်ပြောင်းရုပ်လွဲ လုပ်နိုင်တာ
သေချာတယ်ဗျ။ နေဦးဗျ။ အိပ်မက်ထဲမှာ
မဖဲဝါ ကျုပ်ကို ပြောသွားတဲ့ သရဲကြီး ဦးဗုံကိစ္စက
တကယ်လား။ ဒီသရဲကြီး ကျွတ်လွတ်အောင်
ကျုပ်က တကယ်လုပ်ပေးရမှာလား။ အိပ်မက်ပဲဗျာ။
တကယ်ဟုတ်ချင်မှလည်း ဟုတ်မှာပါ။

အဲဒီလို တွေးပြီး ကျုပ်လည်း မေ့မေ့ပျောက်ပျောက်ပဲ
နေလိုက်တာပေါ့ဗျာ။ ဒါပေမဲ့ စိတ်ထဲမှာတော့
ဒါပဲပေါ်ပေါ်လာတာဗျ။ တဖြည်းဖြည်း လကွယ်နေ့ကလည်း
နီးလာပြီ။ ကျုပ် ဘာလုပ်ရမှန်းတောင် မသိတော့ပါဘူးဗျာ။

နောက်ဆုံးတော့ ဒီကိစ္စကို အဘနဲ့ အမေကို
ပြောပြပြီး တိုင်ပင်ရတာပေါ့ဗျာ။

“ဟာ လူကလေးကလည်း ဒီအိပ်မက်မျိုးက မဟုတ်ဘဲတော့
မမက်ပါဘူးကွာ၊ ဟုတ်လို့ရှိမှာပါ၊ အဘသဘောကတော့
သွားပြီး လုပ်ပေးလိုက်ပါ။ အဘတို့ သံသရာ
ခရီးသွားချင်း တစ်ယောက်ကိုတစ်ယောက်
ကယ်ကောင်းပါတယ်ကွာ၊ ကဲ ဒီလိုလုပ်၊ အဲဒီ
ကျောင်းမှာ ဘုန်းကြီး သုံးပါးနဲ့ ကိုရင် နှစ်ပါးပဲ ရှိတာ။
အဘတို့ ဆွမ်းတွေ၊ ဆွမ်းဟင်းတွေ ချက်ပေးလိုက်မယ်။
ပြီးတော့ မြို့ကို သင်္ကန်းတစ်စုံ မှာပေးမယ်၊
ဝတ္ထုလည်း ကပ်လိုက်၊ တိုးတိုးတိတ်တိတ်
ကလေးသွားပြီး ဆွမ်းကပ်လိုက်ကွာ၊
ပြီးတော့ အဲဒီသရဲကြီးကို အမျှဝေလိုက်ပေါ့
လူလေးရာ၊ ဟုတ်လည်း သူကျွတ်သွားတာပေါ့ကွာ၊
မဟုတ်လည်း အဘတို့ ကုသိုလ်ရတာပေါ့
မဟုတ်ဘူးလား လူလေး”

“အဘပြောတာ ကောင်းသားပဲ”

“အေး ဒါဆိုရင် တော်က မြို့ကို သင်္ကန်းတစ်စုံ မှာပေါ့။
ကျုပ်က အဖိတ်နေ့ ညကတည်းက ဆွမ်းချက်မယ်။
လကွယ်နေ့ မနက်စောစောထပြီး ဆွမ်းချိုင့်နဲ့
သင်္ကန်း ယူသွားပေါ့ ။ ဆပ်သမြောင်က သိပ်ဝေးတာမှ
မဟုတ်တာ၊ မီးလောင်ကုန်းကျော်ဆို ရောက်တာပါပဲ ”

လကွယ်နေ့ မနက်ရောက်တော့ အားလုံးအဆင်သင့်
ဖြစ်နေပြီဗျ။ အဘ မှာထားတဲ့ သင်္ကန်းက အဖိတ်နေ့
မရောက်ခင် တောဖိတ်နေ့ကတည်းက ရောက်လာတာ။
တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ ကိုပိန်တို့ကလည်း
အဖိတ်နေ့မှာ ဝက်ပေါ်လို့ အမေက ဆွမ်းဟင်းကို
ဝက်သားချက်တယ်ဗျ။

ဆွမ်းကတော့ မနက်စောစောမှ ချက်တာပေါ့ဗျာ။

“ကိုကြီးတာတေ ဘာလုပ်နေတုံးဗျ”

“ဟကောင် ကျောက်ခဲပါလား၊
စောစောစီးစီး နွားလှည်းကြီးနဲ့ပါလား၊
ဘယ်သွားမလို့တုံး”

“ဆပ်သမြောင်သွားမလို့ဗျ၊ အဘက
ဆပ်သမြောင်မှာ နှမ်းယူသွားခိုင်းလို့ ”

“ဟေ ဆပ်သမြောင် ဟုတ်လား ကျောက်ခဲ၊
ဒါဆို ငါလည်း လှည်းကြုံလိုက်မယ်ဟေ့ ”

“ဟင် ကိုကြီးတာတေက ဘယ်သွားမလို့တုံး”

“ငါလည်း ဆပ်သမြောင်ကို သွားမှာ ။
ဘုန်းကြီးကျောင်းကို သွားမလို့ကွ”

“ဟာ ဒါဆိုလာလေဗျာ ၊ သွားကြတာပေါ့ ”

ကျုပ်က အမေ ထည့်ပေးတဲ့ ဆွမ်းချိုင့်ကြီးကို
တစ်ဖက်က ဆွဲ၊ တစ်ဖက်က အဘ ဝယ်ပေးတဲ့
သင်္ကန်းထုပ်ကို ပွေ့လို့ပေါ့ဗျာ။

“ဟာ ဘုန်းကြီးကို ဆွမ်းသွားကပ်မှာလား ”

“အေးကွ၊ သင်္ကန်းလည်း ကပ်မလို့၊ မင်းနဲ့
တိုက်တိုက်ဆိုင်ဆိုင်ကို ကြုံတာကွ ကျောက်ခဲရ”

ကျုပ်က နှင်တံကို ကျောက်ခဲဆီ ယူလိုက်တယ်

“ဟာ နေစမ်းပါဦးဗျာ၊ ကိုကြီးတာတေကလည်း
အေးအေးထိုင်လိုက်စမ်းပါဗျ။ ကျုပ်ဟာကျုပ်
မောင်းပါ့မယ် ”

“ငါမောင်းမယ်လေ ကျောက်ခဲ”

“မမောင်းနဲ့၊ မမောင်းနဲ့ ၊ ကျုပ်တို့နွားတွေက နွားကပ်ကြီးတွေဗျ။
သူတို့အကြောင်းကို မသိရင် မောင်းဖို့ မလွယ်ဘူးဗျ”

ဒါနဲ့ ကျုပ်လည်း လှည်းပေါ်မှာ ဆွမ်းချိုင့်ကလေးကိုင်ပြီး
လိုက်ခဲ့ရတော့တာပေါ့ဗျာ၊ လှည်းလမ်းကြောင်းက
မီးလောင်ကုန်းသင်္ချိုင်းဘေးက ကပ်သွားရတာဗျ။
အဲဒီနားရောက်တော့ ဖဲသမားကိုအောင်ချစ်ကြီးကို
မဖဲဝါ ရိုက်သတ်လိုက်တာကို တွေးမိပြီး ကြက်သီးတွေ
တဖျန်းဖျန်းထလာသေးတာဗျို့။

အဲဒီကိစ္စကလည်း ကိုကြီးအောင်ချစ်ဘက်က
အမှားပါဗျာ၊ မဖဲဝါကို ဖဲနိုင်အောင် လုပ်ပေးပါ၊
နိုင်ရင် ဘာကျွေးမယ်၊ ညာကျွေးမယ်နဲ့ပြောပြီး
တကယ်နိုင်တော့ ဂရုတစိုက် ကျွေးမွေးတာ
မဟုတ်ဘူးဗျ။

ဖဲလည်းရှုံးရော မဖဲဝါကို မကျွေးမမွေးတဲ့အပြင်
ဆဲလိုက် ဆိုလိုက်သေးတာ။ ကျုပ် တားပါတယ်ဗျာ။
ကျုပ်က တားတော့ ကျုပ်ကိုတောင် ဒီလူက
ဟောက်လားဟိန်းလား လုပ်သေးတာ။

နောက်ဆုံးတော့ မဖဲဝါကြီး ထွက်လာပြီး
ရိုက်သတ်လိုက်တော့တာဗျ။ ဒီအကြောင်းကို
ကျုပ် ‘ကိုယ်တွေ့ မဖဲဝါ ‘စာအုပ်ထဲမှာ
ရေးပြီပြီလေဗျာ။ မဖတ်ရသေးရင် အဲဒီ
စာအုပ်ကို ရှာဖတ်ကြည့်လိုက်ပါ။
အဲဒီမှာ ဖဲသမားကိုအောင်ချစ်ကြီးအကြောင်း
ပါတယ်ဗျ။

“ကိုကြီးတာတေ ပေကုန်းကို လိုက်ရှာနေတဲ့
သရဲတွေတော့ တစ်ခါတည်းကို ကျွတ်ကုန်ကြတာနော် ”

“ဟာ အဲဒါ သရဲမဟုတ်ဘူးကွ၊ ကျောက်ခဲရ၊
သူတို့က တစ္ဆေတွေပါ”

“ဗျာ သရဲနဲ့ တစ္ဆေက အတူတူပဲ မဟုတ်ဘူးလားဗျ”

“မတူဘူး ကျောက်ခဲရဲ့၊ သရဲဆိုတာ အကုသိုလ်ကံတွေကြောင့်
အပါယ်ဘုံရောက်သွားတာ၊ တစ္ဆေဆိုတာက သေကာနီးမှ
တစ်ခုခုကို စွဲလန်းသွားလို့ ဘဝမကူးနိုင်ဘဲ
ဖြစ်နေတာပါ။ သူတို့က သတိကလေးရသွားတာနဲ့
ကျွတ်သွားကြတာဗျ၊ သရဲကတော့ သူ့ရဲ့
အကုသိုလ်ကံကြီး မကုန်မချင်း အဲဒီဘဝမှာ
နေကြတာ၊ အဲဒီကံကြီး ကုန်သွားတော့မှ
ကျွတ်လွတ်သွားကြတာ၊ နှစ်တွေ အကြာကြီး
နေကြရတာကွ”

“သြော် ဒီလိုလား ကိုကြီးတာတေ”

“အေး ဟုတ်တယ် ”

“ကိုကြီးတာတေ၊ ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်
ပို့ပြီးတာနဲ့ ကျုပ်နဲ့ ပြန်လိုက်မှာလား ”

“ဟာ ငါ ပြန်မလိုက်သေးဘူး ကျောက်ခဲ၊ မင်းပြန်နှင့်တော့၊
ငါ ဒီမှာ လုပ်စရာကိစ္စလေး နည်းနည်းရှိသေးတယ်
ညနေ နေချိုမှ ငါပြန်ခဲ့မယ်။ ပြီးတော့ ဆပ်သမြောင်ကို
မရောက်တာလည်း ကြာနေပြီကွ၊ ဒီရွာက သူငယ်ချင်းတွေနဲ့
ရောက်တုန်း စကားလေး ဘာလေး ပြောဦးမယ်ကွာ”

“သြော် ဟုတ်ကဲ့ ဒါဆို နှမ်းအိတ်တင်ပြီးရင်
ကျုပ်ပြန်နှင့်မယ် ”

“အေး အေး ပြန်နှင့်၊ ပြန်နှင့်”

ဆပ်သမြောင်ကို ရောက်တော့ ကျောက်ခဲက
ကျုပ်ကို ဘုန်းကြီးကျောင်းရောက်အောင် လှည်းနဲ့
လိုက်ပို့တာဗျ။ ကျုပ်လည်း ဆရာတော်ကို
အကျိုးအကြောင်း လျှောက်လိုက်တယ်

“ဟုတ်တယ် တာတေ၊ မင်းကို မဖဲဝါအိပ်မက်ပေးတယ်ဆိုတာ
ဟုတ်မယ်ကွ၊ အဲဒီညောင်ပင်ကြီးမှာ တစ်ကောင်ကောင်ရှိတာတော့
အမှန်ပဲ၊ ဒီရွာထဲက လူတွေ တစ်ခါတလေ မြင်ကြရတယ်၊
ညောင်ပင်ကြီးကို တက်သွားတာတို့၊ ဆင်းလာတာတို့
ပေါ့ကွာ၊ အကောင်အထည်တော့ မသဲကွဲဘူးတဲ့ကွ၊
ဖြူဖြူကြီးဆိုပဲ၊ သူတို့ကတော့ ဒါ ရုက္ခစိုးကြီး
ဆိုပြီး ညောင်ပင်မှာ မီးတွေ ဘာတွေ ပူဇော်ကြ၊
အစားအသောက်တွေ သွားကပ်ကြ လုပ်နေကြတာ”

“အေး ဒါဆိုရင် ဒီမှာ ဆွမ်းပွဲတွေ ဘာတွေ ပြင်ခဲ့ပြီးတော့
မင်းသွားပင့်လိုက်ပေါ့ကွ၊ ဘုန်းဘုန်း တရားပေစာ
သေသေချာချာ ဟောလိုက်မှာပေါ့၊ပြီးတော့
သူ့ကုသိုလ်ကို ရေစက်ချလိုက်ပေါ့ကွာ”

ဆပ်သမြောင်ကျောင်းဆရာတော်က ကျုပ်နဲ့
နဂိုကတည်းက သိပြီးသားလေဗျာ။ ကျုပ်လည်း
ဆရာတော် မိန့်တဲ့အတိုင်း လုပ်လိုက်တယ်။
ဒါပေမဲ့ တာတေပဲဗျာ။ ဒီအတိုင်းတော့
ဘယ်လုပ်မလဲ။ ကျောင်းအောက်ဆင်းပြီး
မျက်ကွင်းဆေးလေး ကပျာကယာ
ကွင်းလိုက်တာပေါ့ဗျာ။

ပြီးတော့ ရွာအနောက်ဘက်က အထိကရ
ညောင်ပင်ကြီးရှိတဲ့ဆီကို ကျုပ်ထွက်ခဲ့တာ၊
ညောင်ပင်ကြီးက နည်းတာမဟုတ်ဘူးဗျ။
အောက်မှာဆို နေပျောက်တောင် ထိုးတာ
မဟုတ်ဘူး၊ ဒီညောင်ပင်ရဲ့ သက်တမ်းက
နည်းမှာတော့ မဟုတ်ဘူး။

အနှစ်တစ်ရာလောက်တော့ ရှိမှာ။
ကျုပ်က ညောင်ပင်ပေါ်ကို မော့ကြည့်ပြီး …

” ဒီညောင်ပင်မှာ နေထိုင်တဲ့ ပါးကွက်အာဏာ
သားကြီးဦးဗုံဗျာ… ကျုပ်တို့က ခင်ဗျားအတွက်
ကုသိုလ်ကောင်းမှုတွေ လုပ်ပေးကြမလို့ပါ။
ဆရာတော်ကျောင်းမှာ ခင်ဗျား ကုသိုလ်ဖြစ်အောင်
ဆွမ်းကပ်ဖို့ ပြင်နေကြတယ်။ ပြီးတော့ သင်္ကန်းလည်း
ခင်ဗျားကုသိုလ်အဖြစ် လှူပေးမှာ၊ ပြီးရင်
ခင်ဗျားကုသိုလ်ကို ကျုပ်က ခင်ဗျားကိုယ်စား
ရေစက်ချပေးမှာ၊ အဲဒါကြောင့် ဆရာတော်ကျောင်းကို
အခု ချက်ချင်း လိုက်ခဲ့ပေတော့ ဦးဗုံ”

ကျုပ်က ပြောပြီး အသာအကဲခတ်လိုက်တယ်။
ဟော တွေ့ပြီဗျို့၊ တွေ့ပြီ၊ ညောင်ပင်ကြီးပေါ်ကနေ
ဆင်းလာတာဗျို့။ ဗြုန်းကနဲ ကြည့်တော့ ဖြူဖြူကြီးဗျ။
သေသေချာချာ ကြည့်တော့ ခါးတောင်းကျိုက်ကြီးနဲ့
ဆံပင်ဖားလျားကြီးနဲ့ဗျ။ နည်းတဲ့ အကောင်ကြီး
မဟုတ်ဘူးဗျာ။ လျှာကြီးကလည်း တွဲလောင်းကြီး
ကျနေတာဗျ။ လူတွေ ရုတ်တရက် မြင်လိုက်ရင်
လန့်ပြီး သေသွားနိုင်တာဗျ။

ကျုပ်က ရှေ့ကနေ ခပ်ဖြည်းဖြည်း လျှောက်တယ်
သရဲကြီးဦးဗုံက ကျုပ်နောက် ခပ်လှမ်းလှမ်းက
လိုက်လာတာဗျ။ ခါးကြီးကလည်း ကုန်းကုန်းကြီးနဲ့ဗျို့။

လျှာကြီးကလည်း တွဲလောင်းကြီး ကျလို့။
ဘုန်းကြီးကျောင်းရောက်တော့ သူ့ကျောင်းပေါ်ကို
တက်လို့မရဘူးဗျို့။ ကျောင်းဝိုင်းထဲက ထနောင်း
ပင်ကြီးအောက်မှာ မတ်တတ်ကြီးရပ်နေတယ်။

ကျုပ်လည်း သူမြင်သာအောင် ဆွမ်းစားကျောင်းရဲ့
တံခါးတွေအားလုံး ဖွင့်လိုက်ရတယ်။ ဆရာတော်နဲ့
သံဃာတွေက ကျုပ်ကပ်တဲ့ ဆွမ်းကို ဘုန်းပေးကြတယ်။
ဆွမ်းစားပြီးတော့ ကျုပ်က သင်္ကန်းကို သရဲကြီးဦးဗုံ
မြင်အောင် ထောင်ပြပြီး ဆရာတော်ကို ကပ်တယ်
ဟာ ဟုတ်တယ်ဗျို့။

မဖဲဝါပြောတာ သေချာတယ်။ သရဲကြီးက
ကျွတ်ချိန်တန်ရောက်လို့ထင်ရဲ့၊ လက်အုပ်ကြီး
ချီလို့ဗျ၊ ကျုပ်က ကျုပ်မြင်တာကို ဆရာတော်ကို
လျှောက်တော့ ဆရာတော်ကလည်း ဝမ်းသာပီတီ
ဖြစ်ပြီး သရဲကြီးကြားအောင် တရားဟောတယ်။
သေသေချာချာကို တရားနာတာဗျို့။ ဦးဗုံသရဲကြီးက
မြေကြီးမှာ ဒူးကြီးတုပ်ပြီး လက်အုပ်ကို
သေသေချာချာချီပြီး တရားနာတာ။

ဆရာတော်က တရားဆုံးတော့ ရေစက်ချခိုင်းတယ်။

‘ဦးဗုံရေ ခင်ဗျားအတွက် ကျုပ် ရေစက်ချပေးမယ်’
ဆိုပြီး ရေစက်ချပေးတယ်။ ရေစက်ချလို့ပြီးတော့
ကုသိုလ်ကောင်းမှုကို ကျုပ်က အမျှဝေတယ်။
ဆရာတော်ရော သံဃာတွေရော ကိုရင်တွေပါ
သာဓုခေါ်ပေးကြတယ်။

ဟာ ဦးဗုံလည်း သာဓုခေါ်နိုင်တယ်ဗျို့၊
သာဓု ခေါ်နေတယ်။ပြီးတော့ ဆရာတော်ကို
သေသေချာချာ ရှိခိုးတယ်။ ကျုပ်ကို သူ့မျက်လုံး
အကြီးကြီးတွေနဲ့ စိုက်ကြည့်နေတယ်ဗျ။
ကျေးဇူးတင်လို့ ထင်ပါရဲ့ဗျာ။

ဟော ပျောက်သွားပြီဗျို့၊ ပျောက်သွားပြီ၊
သရဲကြီး ချက်ချင်းကို ပျောက်သွားတာဗျို့။
ကျုပ်က ဒီအကြောင်း ဆရာတော်ကို လျှောက်တော့
ဆရာတော်က ပြုံးပြီး ပီတီဖြစ်နေတာပေါ့ဗျာ။

“အင်း ဆိုးလိုက်တဲ့ ဘဝများနှယ့်၊ ဘုရင်က
အာဏာပါးကွက်သား ခန့်သတဲ့၊ သတ်လိုက်ရတဲ့ လူတွေ၊
နည်းမှာ မဟုတ်ဘူး၊ အင်း အပါယ်ဘုံသားကြီး
ဖြစ်နေလိုက်တာ၊ နှစ်ပေါင်း ဘယ်လောက်များရှိလဲတော့
မသိဘူးကွဲ့ မောင်တာတေရဲ့ ”

“မှန်ပါ့ဘုရား၊ မဖဲဝါ အိပ်မက်ထဲမှာ ပြောတာကတော့
နှစ်ရာနဲ့ချီနေပြီလို့ ပြောတယ်ဘုရား”

“အေး ဟုတ်လောက်တာပေါ့ကွယ်
ကြောက်စရာ တယ်လည်းကောင်းပါလားကွယ်
ကဲ ကဲ မောင်တာတေလည်း ထမင်း
စားတော့ဟေ့၊ နို့ ဘယ်အချိန် ပြန်မှာတုံး”

“တပည့်တော် ဆပ်သမြောင် မရောက်တာ
ကြာနေပြီဘုရား၊ ရွာထဲက တပည့်တော်ရဲ့
သူငယ်ချင်းတွေဆီမှာ အေးအေးဆေးဆေး
စကားပြောပြီးမှ ရွာပြန်မယ်ဘုရား”

“မင်းသူငယ်ချင်းတွေက ဘယ်သူတွေတုံး”

“ရွာလယ်ပိုင်းက မောင်ချစ်တို့၊ ဖိုးစီတို့ပါဘုရား”

“သြော် သြော် ဖိုးစီတို့နဲ့ ခင်သလားကွဲ့”

“မှန်လှပါ ၊ တပည့်တော်တို့ မြို့ကျောင်းမှာ
အတူတူတက်လာတာပါဘုရား”

“သြော် အေး အေး၊ ကဲ ဘုန်းဘုန်းတော့
အလုပ်စခန်းလေး ဝင်တော့မယ်ကွယ် ”

“မှန်လှပါဘုရား ၊ ဒါဆို တပည့်တော် တစ်ခါတည်း
ကန်တော့လိုက်တော့မယ်ဘုရား ”

“အေး အေး ကန်တော့၊ ကန်တော့ ”

ကျုပ်က ဆရာတော်ကို ကန်တော့လိုက်တယ်။

“မောင်တာတေ ၊ လိုရာဆန္ဒ ပြည့်ဝပါစေ”

“ဒီရုပ်၊ ဒီခန္ဓာနဲ့ နိဗ္ဗာန်ရောက်ကြောင်း တရားထူး
တရားမြတ်ကို ကျင့်ကြံအားထုတ်နိုင်သူ ဖြစ်ပါစေကွယ် ”

“ပေးတဲ့ဆုနဲ့ ပြည့်ရပါလို၏ ဘုရား ”

ကျုပ် ဆရာတော်ကျောင်းမှာ ထမင်းစားပြီး
ဦးပဉ္စင်းတွေနဲ့ စကားထိုင်ပြောနေသေးတယ်ဗျ
ဦးပဉ္စင်းတွေကလည်း ကျုပ်ကို သိကြတာဆိုတော့
မဖဲဝါအကြောင်းကို မေးနေကြတာဗျ။

“တာတေရေ ဦးပဉ္စင်းတို့က ထင်ထားတာက
မဖဲဝါဆိုတာ ပုံပြင်တစ်ပုဒ်ပဲလို့ ထင်တာ၊
တကယ်ရှိတယ်လို့ကို မထင်ဘူးကွဲ့ ”

“မဖဲဝါ တကယ်ရှိတာပါဘုရား၊ တပည့်တော်က
ကိုယ်တွေ့ပါဘုရား ”

“အေး အခုမှပဲ ဦးပဉ္စင်းတို့က ယုံတော့တာကွဲ့ ”

ကျုပ်လည်း ကျုပ်အတွေ့အကြုံကလေးတွေကို
ဦးပဉ္စင်းတွေကို ပြောပြရတာပေါ့ဗျာ။

“နို့ မဖဲဝါနဲ့ မောင်တာတေနဲ့က ဘယ်လိုများ
ပက်သက်မှု ရှိလို့လဲကွဲ့ ”

“အဲဒါတော့ တပည့်တော် မသိပါဘူးဘုရား။
တပည့်တော် တို့ရွာက ပုဗ္ဗာရုံကျောင်းဆရာတော်ရဲ့
မယ်တော်ကြီးကို ဖုတ်ဝင်တုန်းက ဆရာတစ်ယောက်က
မဖဲဝါကို ပင့်ပြီး အကူအညီတောင်းတာကို တပည့်တော်က
ကိုယ်တိုင် ပါဝင်ခဲ့ရတာဆိုတော့ အဲဒါကို မှတ်ထားပြီး
အဲဒီဆရာကြီး လုပ်သလို မဖဲဝါကို ပင့်တာပါဘုရား ”

“နို့ မောင်တာတေ ပင့်တော့ကော မဖဲဝါက
လာသလားကွဲ့ ”

“မှန်ပါ့ဘုရား၊ အမြဲတမ်း လာပါတယ်ဘုရား”

“ဒါဆိုရင် မောင်တာတေမှာလည်း သူတို့လို
ပင့်နိုင်တဲ့ အကြောင်းက ရှိနေလို့ဖြစ်မှာပေါ့ကွဲ့ ”

“ဒါတော့ တပည့်တော် မသိပါဘူးဘုရား ”

“မောင်တာတေ ဆေးတွေ ဝါးတွေရော
ထိုးဖူးသလားကွဲ့ ”

“တပည့်တော် ဘာဆေးဝါးမှ မထိုးဖူးပါဘူးဘုရား ”

“အင်းတွေ ဘာတွေရော သောက်ဖူးသလားကွဲ့ ”

“အင်းတော့ သောက်ဖူးပါတယ် ဘုရား၊ ဆရာကြီး
စိုင်းနွံဖတို့ကို လိုက်ပြီး ကူညီတုန်းကတော့
တပည့်တော်ကို အင်းတိုက်တဲ့အခါ တိုက်ပါတယ်ဘုရား”

“အေး အေး လူဆိုတာကလည်း ဘဝတွေ အဆက်ဆက်
ရှိခဲ့တာပဲမို့လား ၊ သတ္တဝါတွေဟာ တစ်ယောက်နဲ့
တစ်ယောက် ဒီဘဝ မပက်သက်ရင်တောင် တခြားဘဝတွေမှာ
ပတ်သက်ခဲ့တာတွေ ရှိကြတာပဲ၊ ဒါကြောင့် လိုက်ပြီး
ကူညီနေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ကွယ်
ကဲ ကဲ မောင်တာတေလည်း ဒီရွာရောက်တုန်း
သွားစရာရှိတာ သွားဦးကွဲ့ ”

ကျုပ်လည်း ဦးပဉ္စင်းတွေကို ကန်တော့ပြီး
ထွက်လာခဲ့တယ်။ ဆွမ်းချိုင့်အလွတ်ကိုလည်း
ကျုပ် ပြန်ဆွဲခဲ့ရတာပေါ့ဗျာ။

ရွာလယ်ပိုင်းကို ရောက်တော့ မောင်ချစ်နဲ့
ဖိုးစီကို တွေ့တယ်ဗျ။ ဒီကောင်တွေလည်း
ကျုပ်ကိုတွေ့တော့ အံ့သြပြီး ဝမ်းသာကြတာပေါ့ဗျာ။

ကျုပ်ကတော့ အမေဆွမ်းကပ်ခိုင်းလို့
လာကပ်တာလို့ပဲ ပြောရတာပေါ့ဗျာ။
ဒီကောင်နှစ်ကောင်နဲ့ ကျုပ်နဲ့ ထိုင်ပြီး
စကားပြောလိုက်ကြတာ ညနေကို
စောင်းရောဗျ။

ဒီတော့မှ ကျုပ် ဒီကောင်နှစ်ယောက်ကို
နှုတ်ဆက်ပြီး ပြန်လာခဲ့ရတယ်။

ကျုပ်က မိုးမချုပ်ခင် အိမ်အရောက်ပြန်ဖို့
စိတ်ကူးထားတာဗျ။ဘာဖြစ်လို့တုံးဆိုတော့
ကျုပ် စောစောက မျက်ကွင်းဆေးကွင်းထားတာလေ။
အဲဒါကို ပြန်ဖျက်ဖို့ ကျုပ်က နနွင်းဖြူ ‘ဝ’ကွင်းကာ
မေ့ကျန်ခဲ့တယ်။

ဒီတော့ ကျုပ်မျက်စိက နာနာဘာဝတွေကို
မြင်နေတော့မှာဗျ။ ဒါကြောင့် စောစောပြန်ချင်တာ။
မောင်ချစ်နဲ့ ဖိုးစီကလည်း ကျုပ်ကို ဆွဲထားနေတော့
နေတောင် စောင်းသွားရောဗျို့။

ကျုပ်လည်း အမေ့ဆွမ်းချိုင့်အလွတ်ကို
လက်ကဆွဲရင်း ဆပ်သမြောင်က ပြန်လာခဲ့တယ်။
ဆပ်သမြောင်က ထွက်လာကတည်းက
မှောင်ရီသမ်းနေပြီဗျ။ ဆပ်သမြောင် ထန်းတောကို
ရောက်တော့ပဲ မိုးကချုပ်ပြီ။

ထန်းတဲကလေးတွေ ရှိတော့ လူကတော့ မပြတ်ဘူးဗျ။
ထန်းသမားတွေရဲ့ ကလေးတွေတောင် တဲရှေ့မှာ
ပြေးလွှားကစားနေကြတုံးလေ။ ထန်းတောကျော်တော့
ဒီရွာသားတွေ ယာကြီးလို့ ခေါ်တဲ့ နေရာဗျ။

ယာကွင်းအကျယ်ကြီးကို ယာကြီးလို့ ခေါ်ကြတာပေါ့ဗျာ။
လူတော့ ပြတ်သွားပြီပေါ့။ ကြယ်ရောင်နဲ့ကို ကျုပ်တို့က
သွားနေကြပါ။ ဒီလိုနဲ့ ကျုပ်တစ်ယောက်တည်း
ယာခင်းတွေ တစ်ခင်းပြီး တစ်ခင်း
ဖြတ်လျှောက်လာခဲ့တာပေါ့ဗျာ။

မျက်ကွင်းဆေး ကွင်းထားပေမဲ့ အခုထိတော့
ဘာမှကို မတွေ့ရဘူးဗျာ။ နာနာဘာဝဆိုတာလည်း
ကွင်းရိုးကျင်းရိုးမှာ သွားချင်တိုင်း လျှောက်သွားနေတာတော့
မဟုတ်ဘူးဗျ။ သူတို့မှာလည်း သူတို့စည်းကမ်းနဲ့
အထိန်းအချုပ်နဲ့ ရှိပုံရတယ်။

ကျုပ်လျှောက်ရင်းနဲ့ မီးလောင်ကုန်းကိုတောင်
လှမ်းမြင်နေရပြီဗျို့။

မီးလောင်ကုန်းကို ရွာထဲက မဖြတ်တော့ဘူးလို့
ကျုပ်စိတ်ကူးလိုက်တယ်။ ရွာပြင်လမ်းကပဲ
ထနောင်းကုန်းကို သွားမယ်။ရွာထဲဝင်ရင်
ဟိုလူက ဆွဲထား၊ ဒီလူက ဆွဲထားနဲ့
ကျုပ် ဒီည ရွာပြန်ရောက်မှာ မဟုတ်ဘူးဗျ။

ဒါနဲ့ပဲ ကျုပ် မီးလောင်ကုန်း ရွာပြင်က လမ်းကပဲ
လာခဲ့တယ်။ ဒါကတော့ တောအုပ်ကလေးဘေးက
ဖြတ်ရတာပေါ့ဗျာ။ ဒီနေရာတွေက တာတေငယ်ငယ်
ကလေးတည်းက နေ့ရောညရော သွားနေကျ
နေရာတွေပါဗျာ။ တောအုပ်ကလေး ကျော်တော့
မြရာပင်တွေ ပေါက်နေတဲ့ ကုန်းကလေးကို
ရောက်ရောဗျ။ မြရာတောကလေးအလယ်မှာ
လူသွားလမ်း ဖွေးဖွေးကလေးရှိတယ်။

အဲဒီလမ်းကလေးအတိုင်း ကျုပ်လျှောက်လာလိုက်တာ၊
အတော်ကလေး လျှောက်မိတော့ …

“ဟာ ”

ကျုပ် ပါးစပ်က ယောင်ပြီး အော်လိုက်မိတယ်။
ခွေးကြီးဗျို့။

ကျုပ်သွားမယ့် လမ်းကလေးမှာ
ပိတ်ပြီးရပ်နေတာဗျ။ ကျုပ် သေသေချာချာ
ကြည့်လိုက်တော့မှ ဒါမဖဲဝါရဲ့ ခွေးကြီးပဲဗျ။
ကျုပ်ဖြင့် ကြက်သီးတွေ တဖျန်းဖျန်းထသွားတာဗျို့။
ကျုပ် မှားပြီးထင်တယ်၊ စောစောကတည်းက
မီးလောင်ကုန်းရွာထဲက ဖြတ်လိုက်ရင်
ကောင်းသားလို့ ကျုပ် တွေးလိုက်မိတယ်။

ခုမှတော့ နောက်ပြန်လှည့်လို့လည်း မမီတော့ဘူးလေ။
အခြေအနေကြည့်ပြီးရင် ဆိုင်ရတော့မှာပေါ့ဗျာ။

“အီ အီ အီ အီ အီ”

ဟော မဖဲဝါရဲ့ ခွေးကြီးက ကျုပ်ကို မာန်ဖီတာ
မဟုတ်ဘူးဗျ။ အမြီးကြီးလှုပ်ပြီး ကြိုဆိုတာဗျ။
သခင်တွေ့ရင် ခွေးတွေလုပ်တတ်တဲ့ ပုံမျိုးပေါ့ဗျာ။
ဒါပေမဲ့ ခွေးက ခပ်သေးသေး မဟုတ်ဘူးဗျို့။
နွားပေါက်လောက်ရှိတဲ့ အကောင်ကြီးဗျ။
မျက်လုံးကြီးတွေက ရဲနေတာ။ ပါးစပ်ထဲက
အစွယ်ကြီးတွေလည်း ဖွေးလို့ဗျ။

ဒါပေမဲ့ ဒီခွေးကြီးက အမြီးတလှုပ်လှုပ်နဲ့
ကျုပ်ကို တအီအီ လုပ်နေတာ။ဟော
နောက်ကို လှည့်ပြီး လမ်းကလေးအတိုင်း
သွားပြီဗျ။ ဟာ ရပ်ပြီ။ ကျုပ်ကို အမြီးကြီး
လှုပ်ပြနေတယ်။ ပါးစပ်ကလည်း အီအီနဲ့
လုပ်နေတာဗျ။

ဒီကောင် ကျုပ်ကို ခေါ်နေတာဗျ။
သူ့နောက်က လိုက်ခဲ့ဖို့ ခေါ်နေတာ။
ဟော သွားပြန်ပြီ။ ဟာ ရပ်ပြန်ပြီ။

ကျုပ်ကို လှည့်ကြည့်ပြီး အမြီးလှုပ်ပြနေပြန်ပြီဗျို့။
ကျုပ်မှာလည်း သွားစရာက ဒီတစ်လမ်းရှိတော့
ဘယ်လိုလုပ်ရမလဲ ။ ကဲကွာ မထူးပါဘူး။
သူ့နောက်က လိုက်သွားရတော့မှာပဲလို့
ကျုပ် တွေးပြီး သူ့နောက်က လိုက်တယ်။

မဖဲဝါရဲ့ ခွေးကြီးက ရှေ့ကသွား၊ ကျုပ်က
နောက်ကလိုက်တယ်။ မြရာတောကလေးလည်း
ဆုံးရော ခွေးနက်ကြီးက ကျုပ်ကို တစ်ချက်
လှည့်ကြည့်ပြီး အမြီးလှုပ်ပြသေးတယ်ဗျ။

သူ့နောက်မှာ ကျုပ်ပါလာမှန်းသိတော့မှ
မြောက်ဘက်ကို ချိုးချသွားတယ်။ ကျုပ်လည်း
သူ့နောက်က လိုက်ရတာပေါ့ဗျာ။

ကျုပ်စိတ်ထဲမှာ နည်းနည်းတော့ ထင့်သွားတယ်ဗျ။
ဒီမြရာတောလမ်းကလေးကို ကျုပ် ခဏ ခဏ
လျှောက်ဖူးတာပဲဗျာ ။ လမ်းက ဒီလောက်လည်း
မရှည်ပါဘူး။ ဒီလို အချိုးအကွေ့တွေလည်း
မရှိပါဘူး။ လမ်းလေးက တော်တော်ကို
ရှည်တာဗျ။

ကျုပ် ဒီလမ်းလေးမှာ လျှောက်နေရတာချည်းပဲ။
နာရီဝက်ကျော်ကျော်လောက် ရှိနေပြီ။ ခွေးကြီးက
နောက်တစ်ခါက တောင်ဘက်ကို ချိုးသဗျ။
ကျုပ်လည်း သူ့နောက်က လိုက်ချိုးလိုက်တယ်။

“ဟာ အိမ်ကြီးတစ်လုံးပါလား”

ကျုပ် တုံ့ကနဲ ရပ်လိုက်တယ်။ မဖဲဝါရဲ့ ခွေးကြီးလည်း
ရပ်ပြီး ကျုပ်ကို ကြည့်နေတယ်။

အမြီးကြီးကတော့ တလှုပ်လှုပ်နဲ့ဗျို့။
ကျုပ်ကို သူ ဒီအိမ်ကို ခေါ်လာတာပါလား ။
ကျုပ် မဝင်ရဲဘူး။ တိုက်ပျက်ကြီးဗျ။
နှစ်ထပ်အိမ်ကြီး။ ရှေးခေတ်ကတည်းက
ဆောက်ထားခဲ့တဲ့ အိမ်ကြီးဗျ။ အပေါ်ထပ်မှာ
ပြတင်းပေါက် တံခါးတွေတောင် ပြုတ်ပြီး
တွဲလောင်းကျနေတယ် ။

“အီ အီ အီ အီ ”

ဟော ခွေးနက်ကြီးများ ကျုပ်ကို ခေါ်နေတာဗျ။

ကျုပ်ဘယ်ဝင်ရဲပါ့မလဲ။ အိမ်ထဲမှာတော့
မီးလင်းနေတယ် ။

“ဝူး ၊ ဝူး ၊ ဝူး ၊ ဝူး ”

ဟာ ဒီကောင် အူပြီဗျို့။ ဆွဲဆွဲငင်ငင်ကြီး အူလိုက်တာ။

“ဟာ အိမ်ကြီးထဲက လူထွက်လာတယ်ဗျ။
ကျုပ်ကို မြင်တော့ ရပ်သွားတယ်။ အိမ်ထဲက
ဖြာထွက်နေတဲ့ မီးရောင်အောက်မှာ ကျုပ်တွေ့လိုက်ရတာက
မိန်းမတစ်ယောက်ဗျ။ ဆံပင် ဖားလျားချထားတယ်။

“တာတေ ဘာမှ မကြောက်နဲ့ လာပါ ”

ဟာ ကျုပ်ကို သိနေတာပါလား၊ ကဲဟာ ဘာဖြစ်ဖြစ်
ခုနေထွက်ပြေးလို့လည်း ဒီခွေးကြီးက လိုက်ကိုက်ချင်
ကိုက်နေမှာ။ အိမ်ထဲဝင်လိုက်တာပဲ ကောင်းပါတယ်။
ကျုပ်အိမ်ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အိမ်ကြီးထဲကို
ဝင်တဲ့ လမ်းက အုတ်စီထားတဲ့ လမ်းကလေးဗျ။

ဘေးတစ်ဖက်တစ်ချက်မှာ ပျိုမနိုင်
ပန်းပင်ကလေးတွေရှိတယ်။

ပန်းတွေ ဖွေးဖွေးလှုပ်ပွင့်နေတာဗျ။ အုတ်လမ်းကလေး
အလယ်လောက်ရောက်တော့ ယုဇနပင်တွေဗျ။
ပွင့်နေလိုက်ကြတာ။ ဖွေးနေတာပါပဲဗျာ။
ယုဇနပန်းရဲ့ ချိုအီအီအနံ့က ကျုပ်နှာခေါင်းထဲကို
ဝင်လာတယ်။ ကျုပ်ခွေးကြီးကို သတိရပြီး
နောက်ကို လှည့်ကြည့်တော့ ဘုရား ဘုရား
ကျုပ်နောက်နားမှာ ပါလာတာကိုးဗျ။

“လာပါ တာတေ၊ မကြောက်ပါနဲ့ ”

ဟာ ဟိုညက ကျုပ်အိပ်မက်ထဲမှာတွေ့တဲ့
ကောင်မလေးပဲဗျ။ တော်သေးတာပေါ့ဗျာ။
ဒီအသွင်သဏ္ဍန်နဲ့ တွေ့ရပေလို့ပေါ့။
ကျုပ် သင်္ချိုင်းတွေထဲမှာ မြင်နေရတဲ့
အရပ်ဆယ်ပေလောက်ကြီးသာ ဆိုရင်
ကျုပ် ဒီနေရာမှာတင် နှလုံးခုန် ရပ်သွားမှာ
သေချာတယ်ဗျို့။

အိပ်မက်ထဲက မဖဲဝါပါပဲ။

“တာတေ နင် ဆပ်သမြောင်ကိုသွားတာ ငါသိတယ်၊
ဦးဗုံကြီး ကျွတ်သွားပြီ၊ ဝမ်းသာဖို့ကောင်းပါတယ်
နင်လည်း ကုသိုလ်အများကြီး ရသွားပြီ”

ကျုပ်က မဖဲဝါရဲ့ အိမ်ကြီးထဲကို လိုက်ကြည့်တယ်။
တော်တော်ကျယ်တဲ့ အိမ်ကြီးဗျ။ ဒါပေမဲ့ သက်တမ်း
တစ်ရာကျော်လောက်တော့ရှိပြီထင်တယ်။
တော်တော့ကို ဟောင်းနွမ်းနေတာ။

“တာတေ ၊ ထိုင်လေ”

မဖဲဝါက ကျုပ်ကို ကုလားထိုင်ကြီးတစ်လုံးကို
လက်ညှိုးထိုးပြတယ် ။

ကုလားထိုင်က ကနုတ်ပန်းတွေနဲ့ ဗျ။
တော်တော်ကြီးတာ။ တစ်ခါတုန်းက လူကြီးကြီးတွေ
ထိုင်တာထင်တယ်။ ရွှေတွေလည်း ချထားတယ်။
အခုတော့ ဟောင်းနွမ်းပြီး ရွှေတွေလည်း
အကွက်လိုက် ကွာနေပြီဗျ။

ကျုပ်ကုလားထိုင်မှာ ဝင်ထိုင်တယ်။
ကျုပ်လက်ထဲက အမေ့ချိုင့်ကိုလည်း
အောက်မချဘဲ ကိုင်ထားတာဗျ။ ကျုပ်က
အကြံနဲ့လေ။ အကြောင်းဆိုရင် ဒီချိုင့်နဲ့
လွှဲရိုက်ပြီး ကျုပ် စွတ်ပြေးမယ်လို့ တွေးနေတာဗျ။

အမေ့ချိုင့်က ကြွေရည်သုတ် ငါးဆင့်ချိုင့်လေဗျာ။

“တာတေ၊ နင့်ချိုင့်ကြီးကို အောက်ချထားလိုက်ပါ၊
ကိုင်ထားရတာ လေးက လေးသနဲ့၊ ဒီမှာ
ဒီချိုင့်နဲ့ ရိုက်ပြီး ထွက်ပြေးရမဲ့သူ ဘယ်သူမှ
မရှိပါဘူးဟာ”

ကျုပ်တွေးတာကို သူသိနေပါလား။ ကျုပ်လည်း
လက်ထဲက ချိုင့်ကို ကြမ်းပြင်ပေါ် ချထားလိုက်တယ်။

“တာတေ နင် ဗိုက်ဆာနေတယ်မို့လား၊ ဘာစားချင်တာလဲ၊
ငါ နင် စားချင်တာကို ကျွေးလို့ရတယ် ပြော”

ဟိုနေ့ညက အိပ်မက်ထဲမှာ တွေ့တုန်းကတော့
ကျုပ်က သူ့ကို မဖဲဝါမှန်း မသိလို့ နင်နဲ့ငါနဲ့
ပြောခဲ့တာဗျ။ အခုတော့ ကျုပ် ကြက်သီးတွေ
တဖျန်းဖျန်း ထနေတာဗျို့။ ဘာမှလည်း
ပြောမရဲဘူးဗျ။

“ဟို ဟို ကျုပ် ဘာမှမစားချင်ပါဘူး သင်္ချိုင်းရှင်မကြီး”

“ဟာ တာတေကလည်း နင် ဘာမှအန္တရာယ်
မဖြစ်စေရပါဘူး ၊ စားချင်တာ ပြောပါ”

ကျုပ်ဖြင့်ဗျာ အံ့သြလိုက်တာ။ အလွန်
ကြမ်းတမ်းတဲ့ မဖဲဝါကြီးက အခုကျတော့
အတော်ကို ယဉ်ကျေးတာဗျာ။ ကျုပ်ဖြင့်
ယုံတောင် မယုံနိုင်အောင်ပါပဲ။

“တာတေ ငါ့ကို မအံ့သြနဲ့ ၊ ငါက ကြိုက်တဲ့
အသွင်ကို ယူလို့ ရတယ်ဟဲ့ ”

ဟာ ကျုပ်တွေးတာကို သိနေတာဗျ။
ကျုပ်ဖြင့်ဗျာ တွေးတောင် မတွေးရဲတော့ဘူးဗျို့။

ဟော ထွက်လာကြပြီဗျို့။ ထွက်လာကြပြီ။
ငွေဗန်းလေးတွေ ကိုင်လို့ဗျ။ အောင်မလေး
ကြောက်စရာကြီးတွေဗျာ။ ဆံပင် ဖားလျားကြီးနဲ့
ထဘီကြီး ရင်လျားထားတာက တစ်ယောက်ဗျ။

နဖူးတည့်တည့်မှာ မျက်လုံးကြီးတစ်လုံးပဲပါတယ်။
ပါးစပ်ကလည်း ပြဲပြဲကြီးဗျ။ လက်ထဲက ဗန်းကို
ကျုပ်ရှေ့က သစ်သားစားပွဲခုံပေါ်တင်လိုက်တယ်

ဟော နောက်တစ်ယောက်၊ အောင်မလေး
နားရွက်ကြီးက အကြီးကြီးပါလားဗျာ။
တစ်ကိုယ်လုံးမှာလည်း အမွေးရှည်ကြီးတွေ
ဖုံးလို့ဗျ။ ဟာ လျှာနီနီကြီးက ပါးစပ်ကြီးထဲက
တွဲလောင်းကြီးကျနေတာ။

တစ်တောင်လောက်ရှိမယ်ထင်တယ်။

ယောင်္ကျားလား မိန်းမလားတော့ မသိဘူးဗျ။
သူ့လက်ထဲက ငွေလင်ဗန်းကို ကျုပ်ရှေ့က
ခုံပေါ် လာချတယ်။

ပြီးတော့ မဖဲဝါရဲ့ နောက်မှာသွားပြီး
ရို့ရို့လေးတွေ ရပ်နေကြတယ်။
ကျုပ်က သူတို့ကို လိုက်ကြည့်နေတော့
မဖဲဝါက ကျုပ်ကို မေးတယ်။

“တာတေ နင် သူတို့ကို မြင်ရလား ”

“မြင် မြင်ရပါတယ်၊ သင်္ချိုင်းရှင်မကြီးဗျာ”

“ဟေ နင် ဘာဖြစ်လို့ မြင်ရတာတုံး ”

“ကျုပ် ဆေးကွင်းထားလို့ပါ၊ သင်္ချိုင်းရှင်မကြီး”

“သြော် ဒါကြောင့်ကိုး။ နင် ဒီဆေး ဘယ်ကရတုံး”

“ဆရာကြီးနွံဖ ပေးတာပါ၊ မဖဲဝါ ”

“သြော် နင်နဲ့ထိုက်လို့ နင်ရတာပေါ့။
ဒီဆေးကို နေရာတကာ မသုံးရဘူး တာတေ”

“ကျုပ်မသုံးပါဘူး သင်္ချိုင်းရှင်မကြီး။
ဒီနေ့ ဦးဗုံကြီး ကျွတ်ရဲ့လားဆိုတာ
သိချင်လို့ ကျုပ် ကွင်းသွားတာပါဗျာ”

“ကဲ တာတေ စား စား”

ကျုပ်စားပွဲပေါ်ကို လှမ်းကြည့်လိုက်တယ်

ရွှေရောင်ဝင်းနေတဲ့ ငှက်ပျောသီးတွေက တစ်ဗန်းဗျ။
ညိုပြီး ပြောင်နေတဲ့ ညိုတိုတို အသီးတွေက တစ်ဗန်းဗျ။
ကျုပ် စားရဲပါ့မလဲဗျ။

ဒါပေမဲ့ မစားဘဲလည်း မနေနိုင်ဘူးဗျ။
ကဲ ဖြစ်ချင်ရာ ဖြစ်ဟာဆိုပြီး ငှက်ပျောသီး
တစ်လုံးကို ခွာစားလိုက်တယ်။ ဟာ
ကောင်းလိုက်တာဗျာ ။ ကျုပ် ဆီးသီးလို
အသီးတွေကို တစ်လုံးယူစားလိုက်တယ်။
ကောင်းလိုက်တာ။ချိုပြီး မွှေးနေတာဗျ။
ချက်ချင်းကို အားတွေပြည့်သွားသလိုပဲဗျ။

“ကျုပ်ကို ပြန်ခွင့်ပြုပါ မဖဲဝါ ”

ကျုပ်က အရဲစွန့်ပြီး ခွင့်တောင်းကြည့်တယ်

“အေး အေး ပြန်ပါ တာတေ၊ ငါက နင့်ကု
ကြုံတုန်း အိမ်လည်ခေါ်တာပါ”

ကျုပ် ဘာမှမပြောတော့ဘဲ ထလိုက်တယ်။
ချိုင့်ကို လက်ကဆွဲပြီး မဖဲဝါရဲ့ အိမ်ကြီးထဲကနေ
ထွက်ခဲ့တယ်။ ခွေးကြီးတော့ မတွေ့တော့ဘူးဗျ။
သုတ်သုတ် သုတ်သုတ်နဲ့ လျှောက်လာလိုက်တာ။
နည်းနည်းကလေးလှမ်းလာတော့ ကျုပ်နောက်ကို
ဖြတ်ကနဲ လှည့်ကြည့်လိုက်တယ်။

“ဟာ သင်္ချိုင်းကုန်းကြီးပါလား ”

စောစောက ကျုပ်ထွက်လာတဲ့ အိမ်ကြီးကို
အစအနတောင် မတွေ့ရတော့ဘူးဗျ။
သင်္ချိုင်းကုန်းကြီးပဲ တွေ့ရတယ်။
ဟုတ်တာပေါ့။ ဒါ မီးလောင်းကုန်းရွာ
သင်္ချိုင်းကုန်းပဲ။ ဖဲသမားကိုအောင်ချစ်ကို မဖဲဝါ
ရိုက်သတ်တာ ဒီသင်္ချိုင်းပဲလေ။

ဒါဆိုရင် မဖဲဝါရဲ့ အိမ်က ဒီနေရာမှာ ရှိတာလား။
ဒါမှ မဟုတ် လူကိုလည်း ကြိုက်တဲ့အသွင်
ပြောင်းလို့ရသလိုပဲ။ အိမ်ကိုလည်း ကြိုက်တဲ့
အသွင်နဲ့ ကြိုက်သလို ဖန်ဆင်းနိုင်တာလား။
မီးလောင်ကုန်းရွာရဲ့ သင်္ချိုင်းကြီးမှာ မဖဲဝါရဲ့
အိမ်ကြီး တကယ်ရှိတာလား။

ကျုပ်ကို သူခိုင်းတာလုပ်ပေးလို့ သူ့အိမ်ကို
ဒီနေရာမှာ ခဏဖန်ဆင်းပြပြီး အိမ်လည်ခေါ်တာလား၊
ကျုပ်လည်း တွေးလို့မရပါဘူးဗျာ။
ဘာပဲပြောပြောပေါ့ဗျာ။

ကျုပ်စားခဲ့တဲ့ ငှက်ပျောသီးနဲ့ အသီးကတော့
တကယ်ကို ကောင်းတာဗျို့။ အဲဒီညက ကျုပ်
အိမ်ပြန်ရောက်တော့ ဆယ်နာရီတောင် ထိုးပြီဗျို့။
အဘနဲ့ အမေက ကျုပ်ကို စိတ်ပူတာပေါ့ဗျာ။
ကျုပ်က မီးလောင်ကုန်းက အသိအိမ်မှာဝင်ပြီး
စကားပြောနေလို့ပါလို့ ပြောရတာပေါ့။

ပြီးတော့ အဘနဲ့ အမေကို ဦးဗုံကြီး ကျွတ်လွတ်သွားတဲ့
အကြောင်း ပြောပြတော့ အဘတို့လည်း
ဝမ်းသာကြတာပေါ့ဗျာ။

ကျုပ်ကတော့ မျက်ကွင်းဆေးကို နနွင်းဖြူ
သွေးပြီး ကပျာကယာ ဖျက်ပစ်လိုက်ရတာပေါ့။
ခင်ဗျားရော မဖဲဝါရဲ့အိမ်ကို သွားလည်ကြည့်ချင်နေလား။

ပြီးပါပြီ။

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးလုပ်သွားပေးပါအုံးဗျာ

စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ