အရူးစကား

လာတောင်းတတ်သည်။

အောင်ပသည် အလွန်သဘောကောင်းသည်။ စိတ်မနှံ့ဟုဆိုသော်လည်း ကြမ်းကြမ်းတမ်းတမ်းထဲက မဟုတ်ပါ။

သူက တယောက်တည်း ငိုချင်ငို၊ ရယ်ချင်ရယ်၊ ပြောချင်ရာ ပြောနေတတ်သူ ဖြစ်သည်။ သူ့ကို လူတွေက သနားပြီး တခုခုပေး၊ တခုခု ကျွေးလိုက်လျှင် ပြောလေ့ရှိသည့် စကားမှာ

“ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်” ဆိုသည့် စကားသာ ဖြစ်သည်။

ထိုနေ့က ဆရာကြီး ဦးမင်းသူသည် ကျောင်းကို စောစောလာသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် လမ်းတွင် အောင်ပနှင့်တွေ့သည်။

အောင်ပက လမ်းဘေးတွင်ရပ်ပြီး ဆရာကြီးကို ဆလံပေးကာ

“အဖေကြီး” ဟု နှုတ်ဆက်သည်။

ဆရာကြီးကလည်း အိတ်ထဲက ပိုက်ဆံအကြွေကိုရှာရာ တမတ်စေ့ တစေ့သာ တွေ့သဖြင့် “ရော့”ဟု သူ့ကို ပေးလိုက်သည်။

“မယူ … မယူ … ဒီမှာ ဘိန်းမုန့်ရပြီးပြီ” ဟု အောင်ပက သူ့လက်ထဲမှ ဖက်လေးနှင့် ထုပ်ထားသော အထုပ်လေးကို ပြသည်။

“ဪ … ဘိန်းမုန့်ရခဲ့ပြီးလား … စား … စား”

“ရော့ … အဖေကြီး စား”

အောင်ပက ဆရာကြီးကို သူ့လက်ထဲက ဘိန်းမုန့်အား အတင်းပေးသည်။ ဆရာကြီးက ယူလိုက်ပြီး

“ရော့ ဒီမှာ မုန့်ဖိုးယူ”

သူက ပိုက်ဆံတမတ်ကို ယူလိုက်ပြီး

“ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်” ဟုပြောကာ ခုန်ပေါက်ထွက်သွားသည်။

ဆရာကြီးက ကျောင်းကိုလာရင်း ဘိန်းမုန့်ဆိုင်ထဲကို ဝင်လိုက်သည်။ ဆိုင်တွင်ချထားသည့် စားပွဲဝိုင်းလေးတွင် ထိုင်ရင်း ရေနွေးကြမ်းတစ်ခွက်ကို ငှဲ့သောက်လိုက်သည်။ ဆိုင်ရှင် မရင်ရွှေက

“ဆရာကြီး ဒီနေ့ စောလှပါလား”

“အေးဗျာ … လုပ်စရာလေးတွေရှိလို့”

“ဆရာကြီး ဘိန်းမုန့်စားမလား”

“ဒီမှာ အောင်ပက ကျုပ်ကို ဒီမနက် ထူးထူးခြားခြား ဘိန်းမုန့်ပေးသွားတယ်”

ဆရာကြီးက အောင်ပပေးသော ဖက်ထုပ်လေးကို ဖြေကာ ဘိန်းမုန့်ကို ကောက်ကိုင်လိုက်စဉ် မရင်ရွှေက အပြေးလေးထာပြီး ဆရာကြီး လက်ထဲမှ ဘိန်းမုန့်ကို ပုတ်ချလိုက်သည်။

“အို ဘယ့်နှယ် လုပ်လိုက်တာလဲ”

“အဲဒီ ဘိန်းမုန့်ကို မစားပါနဲ့ ဆရာကြီး ကျွန်မ အသစ်ပေးပါ့မယ်”

“ဘာဖြစ်လို့လဲ”

“အဲဒီ ဘိန်းမုန့်က အောက်ကို ပြုတ်ကျထားတာ။ ကျွန်မက အောင်ပကို သောက်မြင်ကပ်လို့ အဲဒီ ပြုတ်ကျထားတဲ့ ဘိန်းမုန့်ကို ပေးလိုက်တာ ဆရာကြီး”

“ခင်ဗျားနှယ် ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲ”

“ဆရာကြီးပဲ စဉ်းစားကြည့်လေ။ အရူးပါးစပ်က ထွက်တဲ့စကား။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်တဲ့။ ကြီးကြီးကျယ်ကျယ် သူပဲပြောတတ်တယ်။

မနက်ကလည်း ဆိုင်ကို အစောကြီးကတည်းက ရောက်လာပြီး ဘိန်းမုန့် တောင်းနေတာ။ အဲဒါနဲ့ အမြင်ကပ်လို့ အောက်ပြုတ် ကျတဲ့ ဘိန်းမုန့်ကို ပေးလိုက်တာ”

“မရင်ရွှေ”

“ရှင် ဆရာကြီး”

“အောင်ပပြောတဲ့ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်၊ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ် ဆိုတာ မှားသလား။ ခုပဲကြည့်လေ ခင်ဗျား မကောင်းတဲ့စိတ်နဲ့ သူ့ကို အောက်ပြုတ်ကျထားတဲ့ ဘိန်းမုန့်ကို ပေးလိုက်တော့ ကျုပ်စားမိတော့မလို့။

စားမိလည်း ဘာမှတော့ မဖြစ်ပါဘူး။ သူက ဖြူစင်တဲ့စိတ်နဲ့ ပေးသွားတာပဲ။ မသကာ ကျုပ် သဲတရှပ်ရှပ် ဝါးမိရုံသာ ရှိတော့မပေါ့။ ဝါးမိလည်း ခင်ဗျားကိုပဲ အပြစ်တင်မိမှာ။ ဘိန်းမုန့်က သဲကိုက်တယ်ဆိုပြီးတော့။ ခင်ဗျား သူ့အပေါ် ထားလိုက်တဲ့ မကောင်းစိတ်ဟာ လက်တွေ့ သက်ရောက်တာ တွေ့ပြီလား”

“တွေ့ပါပြီဆရာကြီးရယ်”

“တကယ်လို့သာ အောက်ပြုတ်ကျတာ မဟုတ်ဘဲ အောင်ပကို မုန်းလို့ မုန့်ထဲကို အဆိပ်ခပ်လိုက်တာ ဆိုရင် ဘယ်လို လုပ်မလဲ။ ကျုပ်သာ ဆိုင်ထဲကို မဝင်လာဘဲ ကျောင်းပေါ်ကို ရောက်မှ စားမိရင် သေပြီပေါ့။

ကျုပ်သေတော့ ဘာဖြစ်လို့ သေသလဲဆိုပြီး ရဲတွေ စုံစမ်းတော့မယ်။ ဘိန်းမုန့်စားလို့ သေတယ်ဆိုရင် ခင်ဗျားကို အလိုလို အမှုပတ်ပြီ။ မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးကို ခံစားရမယ်ဆိုတာ ယုံသလား မရင်ရွှေ”

“ဟုတ်ပါတယ်ဆရာကြီးရယ် … ခုတောင် ဆရာကြီးကို အောက်ပြုတ်ကျတဲ့ ဘိန်းမုန့်ကို ကျွေးမိသလို ဖြစ်သွားတာ စိတ်မကောင်းလိုက်တာ”

“အောင်ပပြောတာ အမှန်ပဲဗျ။ ကောင်းတာလုပ် ကောင်းတာတွေးရင်၊ ကောင်းတာတွေပဲဖြစ်မှာ။ မကောင်းတာလုပ်၊ မကောင်းတာ တွေးနေကြတဲ့ သူတွေကြောင့် လောကကြီးဟာ ပျက်စီးနေတာ။ အရူးစကား မမှားဘူး”

(တင်ညွန့်)ပြီးပါပြီ