စိုးလှပါတယ်

မဟုတ်လား။ အဲဒီ မီးနေစရိတ်ကလေး ကာမိသွားရင်ပဲ မနည်းဘူးဆို ငါ ပိုက်ချဆင်းရတာပါဟာ”

ဟု ပြောသွားခဲ့၏။

သူပြောတာလည်း မှန်နေတော့ အတားရခက်သားပါကလား။

သူမသည် သက်မကို ခပ်လေးလေးပင် ချလိုက်၍ မီးထွန်းညှိရန် မီးခွက် စမ်းသပ်ရှာဖွေနေ၏။ တွေ့လျှင် မီးခွက်ကို ထွန်းညှိလိုက်ပြီးနောက် လမ်းမ၌ ပြေးလွှားကစားနေကြဆဲပင် ရှိနေသေးသော သူမ၏ ရင်သွေးကလေးများကို လှမ်းခေါ်ကာ ကြက်များပင် အိပ်တန်းတက်ကုန်ပြီဖြစ်၍ သူတို့လည်း အိပ်တန်းတက်ဖို့ တော်ပြီဖြစ်ကြောင်း သတိပေး ပြောဆိုလိုက်၏။ ဤတွင် ကလေးများသည် အိမ်ပေါ်သို့ တစုတရုံးတည်း တက်လာကြကာ သူမနှင့် မနီးမဝေးနေရာ၌ ထိုင်၍ ဆော့နေကြ၏။

မယ်စိန်သည် တစ်နေရာတွင်ထိုင်၍ ဆေးပေါ့လိပ်တိုကို မီးတရဲရဲဖြင့် ဖွာရှိုက်နေရာမှ မျက်ခမ်းမှာ တဆတ်ဆတ် လှုပ်လာပြန်တော့သဖြင့်

“ဖွဟဲ့ … လွဲစေ ဖယ်စေ”

ဟု ထိတ်လန့်တကြား ရေရွတ်ကာ သူမ၏ ခြေဖဝါးတွင် ကပ်နေသော မြေမှုန့်ကလေးများကို သူမ၏ လက်ချောင်းကလေးများဖြင့် တို့ယူကာ လှုပ်နေသော မျက်ခမ်းကို ပွတ်သပ်ပေးလိုက်၏။

သူမ၏ စိတ်မှာ ခဲဆွဲထားသလို ပို၍သာ လေးလာ၏။ စိတ်မှာ ဂနာမငြိမ်သောကြောင့် ကိုယ်ကာယမှာလည်း တည်ငြိမ်ခြင်းမရှိတော့ဘဲ အဓိပ္ပာယ်မရှိသော လှုပ်ရှားခြင်းမျိုးဖြင့် တလှုပ်လှုပ် တရွရွ ဖြစ်နေ၏။

ကလေးပီပီ ဆူညံစွာဆော့နေကြသော ကလေးများကိုလည်း ကြည့်၍မရအောင် ဖြစ်နေသည်။

“ဒင်းတို့ ဘာမှ မသိတတ်ဘူး၊ ဘာမှအပူအပင်မှ မရှိဘူး၊ စားဖို့နဲ့ ဆော့ဖို့ပဲ သိတယ်”

ဟု မဆီမဆိုင်ဘဲ ကလေးများကိုမဲကာ

“ဟဲ့ ကာလနာလေးတွေ၊ ငြိမ်ငြိမ်နေကြစမ်း”

ဟု လှမ်းဟောက်လိုက်သဖြင့် မီး ရေနှင့်သတ်လိုက်သလို ကလေးများမှာ ငြိမ်သက်တိတ်ဆိတ်သွား တော့၏။

သည်လိုဆိုတော့လည်း ကလေးတွေကို သနားမိပြန်ကာ မာန်မဲဆဲဆိုမိသည့်အတွက် စိတ်မကောင်းဖြစ်ရပြန်၏။ ထိုအတွင်း အိပ်တန်းမှ ကြက်ဖကြီးတစ်ကောင် တောင်ပံကို တဖျပ်ဖျပ်ရိုက်ကာ ညံစာစာ တွန်ကျူးလိုက်သည်။

အိပ်တန်းတက်ပြီး နောက် ပထမဆုံး တွန်ကျူးခြင်းဖြစ်၍ “သူငယ်အိပ်ဆိတ်” ကြက်တွန်သံဖြစ်ကြောင်း သူမ သတိပြုမိလိုက်သည်။ ယခုအချိန်တွင် ကလေးသူငယ်များ အိပ်ချိန်ဟု သူမက ဆုံးဖြတ်ကာ

“ကိုင်း … ကိုင်း မင်းတို့ အိပ်ရာထဲဝင်ပြီး အိပ်ကြပေတော့။ ကောင်းကောင်းအိပ်ကြနော်”

ဟု မပြောစဖူး နူးညံ့သောလေသံဖြင့် ပြောဆိုလိုက်ရာ ကလေးသူငယ်များလည်း တဝုန်းဝုန်းဖြင့် အိပ်ရာထဲသို့ စုပြုံဝင်ရောက်သွားကြသည်။ ထိုဝင်ရောက်သွားကြသော ကလေးသူငယ်များကို စိုက်ကြည့်လျက်ရှိသော မယ်စိန်၏ မျက်လုံးအစုံ တွင်ကား နူးညံ့သိမ်မွေ့သော မေတ္တာ ကရုဏာ အခိုးငွေ့များ ယှက်သန်းကွန့်မြူးနေပါတကား။

(၂)

“သူငယ်အိပ်ဆိတ်”ကြက်တွန်သံပင် ထွက်ပေါ်လာပြီဖြစ်၍ ပြေးလွှားဆော့ကစားနေကြသော ကလေးသူငယ်တို့အသံကား ဆိတ်လေပြီ။ ယခုအချိန်တွင် ကလေးငယ်များသည် အိပ်ရာထက်တွင် ခြေပစ်လက်ပစ်နှင့် အိပ်မောကျနေရှာကြပေတော့မည်။

သူငယ်တို့၏အသံများ ဆိတ်ပြီးသည်၏ အခြားမဲ့၌ သက်ကြီးများ၏ အသံများက လျှံထွက်လာကြပြန်သည်။ ချောင်းဟန့်သံ၊ ဘုရားရှိခိုးသံ၊ မေတ္တာပို့ အမျှဝေသံ စသော သက်ကြီးများကို ကိုယ်စားပြုသော အသံပေါင်းစုံတို့သည် သာယာနာပျော်ဖွယ်ဖြစ်သော တဝေဝေ ကြေးစည်သံကလေးများနှင့်အတူ လျှံထွက်လာကြပြန်ပေပြီ။

မယ်စိန်သည် အိပ်ချင်စိတ် မရှိသဖြင့် အိမ်ရှေ့ခန်းတွင် တုံးလုံးလျောင်းကာ သက်ကြီးများ၏ ဘုရားရှိခိုးသံကို နားစိုက်နေမိသည်။

သူမတို့အိမ်နှင့် မျက်စောင်းထိုးအိမ်ရှိ ဦးဘိုးဂေါင်၏ ဘုရားရှိခိုးသံမှာ သူမအား ဆွဲငင်နိုင်စွမ်းရှိလှသည်။ ဦးဘိုးဂေါင်သည် ဘုရားရှိခိုးရာတွင် ပြီးစလွယ်မဟုတ်ဘဲ အဆွဲအငင် အပင့်အရှိုက်ကလေးတွေနှင့် ဌာန်ကရိုဏ်းကျကျ ရွတ်ဆိုရှိခိုးတတ်သည်ဖြစ်ရာ ကြားရသူများ၏ နားသောတအာရုံကို ဆွဲငင်ညှို့ယူနိုင်စွမ်း ရှိပေသည်။

သာယာနာပျော်ဖွယ်သော ဘုရားရှိခိုးသံနှင့် တဝေဝေ ကြေးစည်သံကလေးများကို နှောင့်ယှက်ဖျက်ဆီးလိုက်သော အသံဆိုးတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာ၏။

အခြားမဟုတ်။ “တစ်တီတူး … တစ်တီတူး” စူးစူးဝါးဝါး အော်မြည်ရင်း ပျံသန်းသွားသော တစ်တီတူးငှက်တစ်ကောင်၏ အော်သံပင် ဖြစ်သည်။

မယ်စိန်သည် ဘုရားရှိခိုးသံကို ညွတ်နူးသော စိတ်နှလုံးဖြင့် နားအာရုံစိုက်နေရာမှ တစ်တီတူးငှက် အော်သံကို ရုတ်တရက် ကြားလိုက်ရသောအခါတွင် ထိတ်လန့်တကြား ဖြစ်သွားမိ၏။ ကိုယ်လုံးကိုလည်း တုပ်ကွပျပ်ဝပ်သော အနေအထားမျိုးသို့ ရောက်အောင် ကျုံ့နိုင်သမျှ ကျုံ့ထားမိ၏။

ကြောက်နေသည်ကိုမှ ဖြဲခြောက်သောအလား တစ်တီတူးငှက်ငယ်သည် နောက်တစ်ကြိမ် ပြန်လှည့်လာပြန်ကာ “တစ်တီတူး … တစ်တီတူး” ဟု စူးစူးဝါးဝါး အော်မြည်လိုက်ရုံမျှမက “ဂစ်” ခနဲမြည်သော၊ ဆိုးဝါး၍ နားမခံသာသောအသံကို ပြုလိုက်ရင်း မယ်စိန်တို့၏ အိမ်ခေါင်ကိုပင် ထိုးဆိတ်သွားလိုက်သေး၏။

မယ်စိန်ကား ကြောက်လွန်းလှ၍ ပုန်းကွယ်ရာနေရာကိုမျှ ရှာမတွေ့နိုင်တော့ပြီ။ သတိလစ်လုမတတ်ပင် ဖြစ်သွား၏။ ဤတစ်တီတူးငှက်ကို ငှက်ဆိုးဟု သူတို့ အသိအမှတ်ပြုထားကြသည်။ ညဉ့်အချိန် သူ့အော်သံကြားလျှင် မကောင်းသောနိမိတ်ဟုပင် ယူမှတ်ကြသည်။ ထိုထက် “ဂစ်” ခနဲမြည်သော အမင်္ဂလာအသံဆိုးဖြင့် အိမ်ခေါင်ကို ထိုးဆိတ်သွားပါက ပို၍ဆိုးဝါးသော ဘေးအန္တရာယ်နှင့် တွေ့ကြုံရမည့် နိမိတ်ပင်ဟုလည်း အသည်းစွဲ မှတ်သားထားကြသေးသည်။

မှန်သည်။ မပဋာသည် ဤတစ်တီတူးငှက်ငယ်၏ ရှေ့ပြေးနိမိတ် အော်မြည်သံကို ကြားရပြီးသည့်နောက် သားသေ၊ လင်ဆုံးဖြင့် ယူကျုံးမရ အပူလုံးကြွကာ ရူးသွပ်ခြင်းအဖြစ်သို့ပင် ရောက်ခဲ့ရသည် မဟုတ်ပါလား။

တကယ့် မပဋာအစစ်ကတော့ မပြောတတ်။ ဇာတ်ပွဲထဲက မပဋာကတော့ ငိုချင်းကလေးကိုတောင် ဆိုပြီး ငိုလိုက်သေးတယ်လေ။ ဘာတဲ့… သူ့ငိုချင်းက “အတိတ်ရယ်ဆောင်ပါတယ်… နိမိတ်ကောင် တစ်တီတူးတွေက… ဟစ်မြည်ကျူးကာ ညံစာစာနဲ့… မခံသာအောင်ထိုး…” တဲ့။

ဟုတ်ပါတယ်၊ ဒီတစ်တီတူးဟာ နိမိတ်ကောင် ဖြစ်မှာပါပဲ။

မပဋာသည် နိမိတ်ကောင် တစ်တီတူး၏ အော်မြည်သံကို ကြားရပြီးသည့်နောက် သားတစ်ယောက် ရေနစ်၍ သားတစ်ယောက်မှာ စွန်ချီခံရသည်။ ကိုဒါသ ခင်ပွန်းသည်ခမျာမှာလည်း မပဋာ မီးနေဖို့ ထင်းသွားအချိုင် ပိုးထိပြီး သေဆုံးခဲ့ရသည်။

ယခု တစ်တီတူးအော်သံသာ သူမတို့အတွက် ပုဗ္ဗနိမိတ်ဖြစ်ခဲ့လျှင် လုံခြုံရာဌာနတွင် ရှိနေသော သူမနှင့် သူမတို့ ရင်သွေးငယ်များအဖို့တော့ မဟုတ်နိုင်။ မီးနေစရိတ်ကလေး ကာမိအောင် ညကြီးသန်းခေါင် ပိုက်ချဆင်းတဲ့ ကိုဒေါင်းစိန်အတွက်သာ ဖြစ်ပေမည်။

ယခုတလော မြွေပွေးတွေကလည်း ပေါလှသည်။ လက်မ ခြေမခန့်ရှိ အကောင်ငယ်များသာဖြစ်၍ သူတို့ကို တွေ့မြင် ရှောင်ရှားနိုင်ဖို့ ခဲယဉ်းလှသည်။ ထို့ကြောင့်လည်း ညဘက် မှောင်ကြီးမည်းမည်းတွင် ပိုက်ချဆင်းရသော ကိုတံငါများမှာ မကြာခဏ ပိုးထိပြီး သေဆုံးခဲ့ကြရသည်။

မီးနေထင်းသွားချိုင်ရင်း ပိုးထိပြီး သေဆုံးခဲ့ရသော
ကိုဒါသလို မီးနေစရိတ်အတွက် ညကြီးသန်းခေါင် ပိုက်ချဆင်းသွားသော ကိုဒေါင်းစိန်လည်း ပိုးထိမှဖြင့်…။

မတွေးဝံ့ပါ။ ရှေ့ဆက်၍ မတွေးဝံ့ပါ။ တစ်ကိုယ်လုံး သိမ့်သိမ့်ခါသွားအောင်သာ တုန်လှုပ်မိပါ၏။

ကြံရာမရတော့ နှုတ်က တမိတရာ တလိုက်ရှာသည်။ ရှင်ကြီးဂေါတမ ကယ်တော်မူပါ။

“သဗ္ဗေသတ္တာ အဝေရာ ဟောန္တု၊ အဗျာပဇ္ဇာ ဟောန္တု၊ အနီဃာ ဟောန္တု၊ သုခီအတ္တာနံ ပရိဟရန္တု၊ ဒုက္ခာ မုစ္စန္တု၊ ယထာလဒ္ဓ သမ္ပတ္တိတော မာဝိဂစ္ဆန္တု၊ ကမ္မဿကာ။

“သဗ္ဗေ- ခပ်သိမ်းကုန်သော၊ သတ္တာ- သတ္တဝါအပေါင်းတို့သည်၊ အဝေရာ – ရန်မရှိကြကုန်သည်၊ ဟောန္တု- ဖြစ်ကြပါစေကုန်သတည်း။ အဗျာပဇ္ဇာ- စိုးရိမ် ကြောင့်ကြခြင်း မရှိကြကုန်သည်၊ ဟောန္တု- ဖြစ်ကြပါစေကုန်သတည်း”

ဦးဘိုးဂေါင်ကား ဘုရားရှိခိုးပြီးပြီဖြစ်၍ မေတ္တာပင် ပို့နေလေပြီ။ ခပ်သိမ်းကုန်သော သတ္တဝါတို့သည် ရန်မရှိကြပါစေနဲ့တဲ့၊ စိုးရိမ်ကြောင့်ကြခြင်းလည်း မရှိကြပါစေနဲ့တဲ့၊ မေတ္တာပို့နေရှာသည်။

ဤပတ်ဝန်းကျင်၌ ကြီးပြင်းခဲ့ရ၍ ဤပတ်ဝန်းကျင်မှာပင် အိုမင်းခဲ့ရသော ဦးဘိုးဂေါင်သည် ဤပတ်ဝန်းကျင်မှ လူများ၏ ဘေးရန်များခြင်း အဖြစ်ကို နက်နက်နဲနဲ သိနားလည်သည်။ တစိုးရိမ်ရိမ် တကြောင့်ကြကြ နေထိုင်ရသော အဖြစ်ကိုလည်း သိနားလည်သည်။ ထို့ကြောင့် ဤသူများအတွက် သူ တတ်နိုင်သောနည်းဖြင့် ညစဉ်ညတိုင်း ဆုတောင်းမေတ္တာ ပို့သပေးရှာပေသည်။

အမင်္ဂလာအသံကို ကြား၍ ထိတ်လန့်ခဲ့ရသလောက် မင်္ဂလာရှိသောအသံကို ကြားရပြန်တော့ ထိတ်လန့်ခြင်းပြေပျောက်ကာ ရွှင်လန်းအားတက်မိပြန်၏။

ထိုအချိန်တွင်ပင် အိပ်တန်းမှ ကြက်ဖသည် တောင်ပံကို တဖျပ်ဖျပ်ရိုက်၍ ဒုတိယအကြိမ်မြောက် တွန်ကျူးလိုက်ပြန်ပေပြီ။

“အောက် အီး အီး အွတ်”

သက်ကြီးခေါင်းချ ကြက်တွန်သံပါတကား။

(၃)

“သက်ကြီးခေါင်းချ” ကြက်တွန်သံပင် ထွက်ပေါ်လာပြီဖြစ်၍ ချောင်းဟန့်သံ၊ ဘုရားရှိခိုးသံမေတ္တာပို့ အမျှပေးဝေသံ၊ တဝေဝေ ကြေးစည်သံ စသော သက်ကြီးများကို ကိုယ်စားပြုသော အသံများအားလုံး ဆိတ်သုဉ်းလေပြီ။ ယခုအချိန်တွင် သက်ကြီး များသည် အိပ်ရာထက်တွင် လဲလျောင်းရင်း သူတို့ ကူးပြောင်းရတော့မည်ဖြစ်သော နောင်တမလွန်ဘဝကို အိပ်မက်ပင် မက်နေရှာပေတော့မည်။

သက်ကြီးများ၏အသံများ တိတ်ဆိတ်ပြီဖြစ်၍ လုလင်များ၏အသံများ တစ်စခန်း ထလိုက်ပြန်၏။ ပလွေသံ၊ တေးဆိုသံ၊ အိမ်ကြီးရှင် အပျိုချောတို့ကို မကြားတကြား စောင်းချိတ်ပြောဆိုသံ၊ အချင်းချင်း နောက်ပြောင်ရယ်မောသံ စသော လုလင်များကို ကိုယ်စားပြုသော အသံများကား တစ်စခန်း ထလာပြန်ပေပြီ။

မယ်စိန်သည် ယခု အချိန်တိုင်အောင်ပင် အိပ်ချင်စိတ် မရှိသေးသဖြင့် လျှောက်ပြန်သံပေးနည်းဖြင့် ဖိုသံပေးနေကြသော လုလင်များ၏အသံကို နားစိုက်နေမိပြန်၏။

မယ်စိန်တို့အိမ်နှင့် မနီးမဝေးတွင် ဟိန်းနေအောင်ဆောက်ထားသော အိမ်ကြီးရခိုင်တစ်ဆောင်သည် မားမားမတ်မတ် တည်ရှိနေသည်။ ထိုအိမ်ကြီးတွင် သမီးချောများ ပေါများလှသော အင်းသားကြီးမောင်နှံ နေထိုင်ကြသည်။ ရပ်ရွာရှိ လုလင်များသည် ညဉ့်အချိန်တွင် အိမ်ကြီးအနီး၌ ရစ်သီရစ်သီလုပ်ကာ ဖိုသံပေးတတ်ကြသည်။

သို့သော် အိမ်ကြီးရှင် အပျိုချောများကား ဓနဂုဏ်၊ အလှဂုဏ်မောက်ကာ တော်ရုံတန်ရုံ လုလင်များကို လူမထင်အောင် မာနမိုးမွှန်နေကြသည်။ ရွာနီးချုပ်စပ် ကြေးရတတ်သားများကိုသာ မျှော်မှန်းကြသည်။ ထိုအိမ်တွင်းသို့ ကြေးရတတ်သားများသာ ဝင်ထွက်သွားလာ၍ ရင်းနှီးစွာ ကူးလူးဆက်ဆံခွင့် ရကြသည်။

ရပ်ရွာရှိ ဓနဥစ္စာချို့တဲ့သော လုလင်များမှာမူ ထဲဝင် ပြင်ထွက်ဖြင့် ရင်းနှီးစွာ ဆက်ဆံပိုးပန်းခွင့် မရကြသောကြောင့် ညဉ့်အချိန်၌သာ အိမ်ကြီးအနီးတွင် ရစ်သီရစ်သီလုပ်ရင်း လျှောက်ပြန်သံပေးနည်းဖြင့် ပိုးပန်းကြရသည်။

မယ်စိန်သည် ထိုအိမ်ကြီးအနီးတွင် လျှောက်ပြန်သံပေးလုပ်နေကြသော လုလင်များအသံကို နားထောင်ရင်း သူမနှင့် ကိုဒေါင်းစိန်တို့ ငယ်ရွယ်စဉ် အပျို လူပျိုဘဝကို ပြန်လည်မြင်ယောင်လာ၏။

သူတို့၏ သမီးရည်းစားဘဝမှာ အဆင့်အတန်း တူညီကြသဖြင့် ခက်ခဲခြင်းမရှိ။ နှစ်ဦးစလုံး လက်လုပ်လက်စား သာမန်ဆင်းရဲသား သားသမီးချင်းဖြစ်၍ အနှောင့်အယှက် အဖျက်အဆီးနှင့် မတွေ့ကြုံရဘဲ သမီးရည်းစားဘဝမှ လင်မယားဘဝသို့ အလွယ်တကူပင် ကူးပြောင်းရောက်ရှိခဲ့ကြ၏။

ကိုဒေါင်းစိန် သူမအား ပထမဆုံးအကြိမ် လူပျိုစကားပြောသော အတိတ်ကို ပြန်လည်တွေးတောမိပြန်တော့ ဣန္ဒြေမဆည်နိုင်အောင် ပြုံးလိုက်မိ၏။

သည်တုန်းက မယ်စိန်မှာ ကက်ကက်လန် ဆတ်ဆတ်ကြဲ မိန်းကလေးဖြစ်၍ တော်ရုံတန်ရုံ ကာလ
သားများ အနားမကပ်ဝံ့ချေ။ ကိုဒေါင်းစိန်မှာလည်း လူရိုးလူအေးဖြစ်၍ ဘယ်မိန်းကလေးကိုမှ ပိုးတတ် ပန်းတတ်ခြင်းမရှိ။ သည်နှစ်ယောက် လာတွေ့ရပုံမှာ တကယ်တော့ ဆန်းသည်။

တစ်နေ့ မယ်စိန်သည် လယ်ကွင်းထဲတွင် တစ်ယောက်တည်း ကောက်သင်းကောက်နေစဉ် ကိုဒေါင်းစိန် ပြုံးဖြဲဖြဲမျက်နှာပေးဖြင့် ရောက်လာကာ “မယ်စိန်၊ နင်တို့ အိမ် ခွေးဘယ်နှကောင်ရှိသလဲ” လာမေး၏။

“ကျုပ်တို့အိမ် ခွေးနှစ်ကောင် ရှိတာပေါ့တော့်၊ အဲဒါ တော်က ဘာလုပ်မလို့တုံး” ဟု သူမက ပြန်အမေးတွင် “ငါပါနဲ့ သုံးကောင်ပေါ့” ဟု ခပ်တည်တည်ပြောကာ သူမ၏အပါးမှ လျင်မြန်သောအဟုန်ဖြင့် ထွက်ခွာပျောက်ကွယ်သွား၏။

သည်တော့မှ မယ်စိန်သည် ကိုဒေါင်းစိန် သူမအား လူပျိုစကား ပြောသွားမှန်း သိလိုက်ရ၏။ သို့သော် ကိုဒေါင်းစိန်ပြောသော လူပျိုစကားမှာ ဇာတ်ထဲမှ လူပြက်က ပရိသတ် ရယ်မောရအောင် ပြက်လုံးထုတ်သော လူပျိုစကားကိုပင် အဟုတ်ကြီးထင်ကာ တိုက်ရိုက်ပုံတူကူးချပြီး လာပြောခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်နှင့် တစ်ပြိုင်နက် ဣန္ဒြေမှ မဆည်နိုင်ဘဲ ခွက်ထိုးခွက်လန် ရယ်မိတော့၏။

လူပျိုစကားကိုမှ ကာရန်ဝါကျညီအောင် မပြောတတ်သည့် ကိုဒေါင်းစိန်အား စိတ်မဆိုးမိသည့်ပြင် သနားကရုဏာပင် ဖြစ်မိသေး၏။

နောက်တစ်ကြိမ် လူချင်းအဆုံတွင်လည်း “နင်တို့အိမ် ဆန်ဘယ်နှလုံး ချက်သလဲ” ဟု ကိုဒေါင်းစိန်က မဝံ့မရဲအမေးတွင် “တော်ပါနဲ့ဆိုရင် ငါးလုံးပေါ့” ဟု မယ်စိန်က ရှက်ကြောက်တွန့်ဆုတ်ခြင်း မရှိဘဲ ကိုဒေါင်းစိန် ပြောမည့်စကားကို ကြိုတင်၍ ပြောချလိုက်သဖြင့် ကိုဒေါင်းစိန်မှာ “ဟာ” ဟုဆိုကာ တစ်ခါတည်း လစ်ပြေးတော့၏။

တစ်ခါလည်း ညဘက် လသာသာတွင် မယ်စိန်တစ်ယောက်တည်း ငါးကျည်းကျပ်တိုက်နေရာ ကျပ်စင်သို့ ကိုဒေါင်းစိန် ရောက်လာကာ “လကလေး သာလိုက်တာနော်” ဟု လုပ်လာပြန်၏။ မယ်စိန်က ကိုဒေါင်းစိန် ပြောမည့်စကားကို ကြိုတင်၍ သိထားသော်လည်း သိထားသလို ထုတ်ဖော်ပြောလိုက်က တစ်ခါတုန်းကလို လစ်ပြေးမည်စိုးသည့်အတွက် “လသာတော့ ဘာဖြစ်သလဲ” ဟု စကားလမ်းပင် ခင်းပေးလိုက်၏။

ဒီတော့ ကိုဒေါင်းစိန်က “လသာတော့… အင်း… အင်း” ဟု ဆက်ရမည့်စကားကိုပင် မဆက်ရဲတော့သလို အူကြောင်ကြောင်လုပ်ကာ ထွက်ခွာခဲ့ရာတွင် မယ်စိန်က “သေခြင်းဆိုးကြီး” ဟု ဆိုကာ လှမ်း၍ မျက်စောင်းချိတ်လိုက်၏။

သို့သော် မယ်စိန်၏ သေခြင်းဆိုးကြီးဆိုသည်မှာ “ရှင့်ကိုလည်း ကျွန်မက ချစ်ပါတယ်။ ဒါကြောင့် ရှင့်အချစ်ကိုလည်း လက်ခံပါပြီ” ဟု ဆိုလိုခြင်းဖြစ်ကြောင်း ကိုဒေါင်းစိန် နောက်မှ တအံ့တသြ သိရှိရ၏။

ကိုဒေါင်းစိန်က ထူးဆန်းသောစကားဖြင့် ချစ်ခွင့်ပန်သလို မယ်စိန်ကလည်း ထူးဆန်းသောစကားဖြင့်ပင် ကိုဒေါင်းစိန်၏ အချစ်ကို တုံ့ပြန်လက်ခံခဲ့၏။ သူတို့နှစ်ဦးမှာ ချစ်ကြိုက်ပြီး လင်မယားဘဝသို့တိုင် ရောက်ခဲ့ကြရသည်။

ငယ်ရွယ်စဉ် အပျိုလူပျိုဘဝ၊ သမီးရည်းစားဘဝကို ပြန်၍တွေးလိုက်တော့ မယ်စိန်၏မျက်နှာမှာ ပြုံးယောင်သန်းလာပြီး နုနယ်ပျိုမျစ်သော အသွေးအရောင်ကလေးများမှာလည်း သူမ၏မျက်နှာတွင် ဝင်းလက်လာသည်။ အလုပ်ဆင်းသော ကိုဒေါင်းစိန်အတွက် စိုးရိမ်ကြောင့်ကြသောစိတ်မှာလည်း အခိုက်အတန့်မျှ ပျောက်လွင့်နေကြ၏။

“နှစ်ဆောင်ပြိုင်အိမ်ကြီးနဲ့… သမီးက ခြောက်ကောင်၊ ရည်းစားပေါင်း သောင်းခြောက်ထောင်ငယ်အို… ရည်းစားပေါင်း သောင်းခြောက်ထောင်ငယ်… တစ်ကောင်လျှင် နှစ်ပြား… ယောက္ခမကြီး ကလက်ပုံရယ်… ဪ… ယောက္ခမကြီး ကလက်ပုံ ရယ်… သမက်ကုန် ကူးတော့မှာလား… အား… အား”

လျှောက်ပြန်သံပေး လုပ်နေကြသော လုလင်များကား သူတို့ ရင်းနှီးစွာ ဝင်ထွက်ပိုးပန်းခွင့်မရသော အိမ်ကြီးရှင်များသို့ ရည်ညွှန်း၍ စောင်းချိတ်နေကြ၏။ အချို့က ပါးစပ်ဆိုင်းဖြင့် လိုက်ပေးကာ အော်ဟစ်ဆူညံနေကြ၏။

ထိုအချိန်တွင်ပင် အိပ်တန်းမှ ကြက်ဖကြီးသည် တောင်ပံကို တဖျပ်ဖျပ်ရိုက်ကာ တတိယအကြိမ်မြောက် တွန်ကျူးလိုက်ပြန်၏။

“အောက် အီး အီး အွတ်”

“လုလင်”ပြန်လေ။

(၄)

လုလင်ပြန်ကြက်တွန်သံပင် ထွက်ပေါ်လာပြီဖြစ်၍ လုလင်များကား ပြန်ကုန်ကြလေပြီ။ ထို့ကြောင့် ပလွေသံ၊ တေးဆိုသံ၊ နောက်ပြောင်ရယ်မောသံ စသော လုလင်များကို ကိုယ်စားပြုသော အသံများအားလုံး ဆိတ်သုဉ်းလေပြီ။

ယခုအချိန်တွင် လုလင်များသည် အိပ်ရာထက်တွင် မှေးစက်မျဉ်းတွေ့ရင်း ချစ်သူ လုံမငယ်နှင့် တူနှစ်ကိုယ်ဆုံတွေ့ကာ ချစ်ဗျူဟာကျင်းမည့် အိပ်မက်ကောင်းကိုပင် မက်နေကြပေတော့မည်။

သူငယ်များလည်း အိပ်ကြလေပြီ။ သက်ကြီးများလည်း ခေါင်းချကြလေပြီ။ လုလင်များလည်း ပြန်ကြလေပြီ။ လူသံများအားလုံး တိတ်ပြီဖြစ်၍ တိရစ္ဆာန်များ၏ အသံသာလျှင် လွှမ်းမိုးကျန်ရစ်သည်။

ခွေးဟောင်သံ၊ ပုရစ်အော်သံ၊ ခွေးအူသံ၊ ညဉ့် ငှက်များ၏ အော်မြည်သံများက တစ်ခါတစ်ရံ ပျံ့လွင့်လာတတ်သည်။

လူသံသူသံဟူ၍ မကြားရတော့။ မယ်စိန်မှာ ပို၍သာ အားငယ်သလို ရှိလာမိ၏။ ဦးဘိုးဂေါင်အား တစ်ညလုံး ဘုရားရှိခိုးသံများကို ထိုင်၍ရွတ်ဆိုနေစေချင်သည်။ လုလင်များအားလည်း တစ်ညလုံး လမ်းသလားကာ လျှောက်ပြန်သံပေး လုပ်နေစေချင်သည်။ ဒါမှ သူမသည် ဤအသံများကို ကြားနာစူးစိုက်ရင်း စိုးရိမ်ကြောင့်ကြသော စိတ်များကို မေ့ပျောက်ထားနိုင်ပေမည်။

ယခုတော့ လူသံသူသံဟူ၍ မကြားရဘဲ တစ်ကိုယ်တည်းမို့ စိုးရိမ်ကြောင့်ကြစရာများကိုသာ တွေးခေါ်ရင်း ထိတ်လန့်အားငယ်နေမိသည်။

မျက်ခမ်းတွေမှာ တဆတ်ဆတ် လှုပ်ခဲ့သည်။ နိမိတ်ကောင် တစ်တီတူးကလည်း ညံစာစာ ဟစ်မြည်ကျူးရုံမျှမက အိမ်ခေါင်ကိုပင် ထိုးဆိတ်သွားလိုက်သေးသည်။ မကောင်းသောနိမိတ်တို့သည် မကောင်းသော ကြမ္မာဆိုးတို့ကို ဆောင်ယူလာတတ်သည်ဟု သက်ဝင်ယုံကြည်သည်မို့ ကြမ္မာဆိုးကိုသာ မျှော်ခေါ်နေမိသည်။

အလို ဘုရား… သေနတ်သံပါကလား။

မှန်သည်။ “ဒိုင်း”ဟူ၍ ကျယ်လောင်တုန်ဟည်းသော သေနတ်သံသည် ညဉ့်ယံကို ဖောက်ထွင်း၍ ထွက်ပေါ်လာသည်။ သစ်ပင်များပေါ်တွင် တစုတရုံးတည်း အိပ်တန်းတက်နေကြသော ကျီးအုပ်သည် လန့်၍ပြိုကာ “တအားအား”အော်မြည်ရင်း ပျံသန်းနေကြသည်။ ခွေးတွေကလည်း စိတ်ချောက်ချားစရာကောင်းလောက်အောင်ပင် လေဆက်မပြတ် အူနေကြ၏။

မယ်စိန်သည် ငယ်ထိပ်ကို မြွေကိုက်လိုက်သလို မွှန်ထူသွားတော့၏။ ကြားရသော သေနတ်သံသည် ကိုဒေါင်းစိန်တို့ ပိုက်သွားချသောကွင်းဘက်ဆီမှ ထွက်ပေါ် လာခြင်းဖြစ်သည်ဟု ထင်မိ၏။

ဤကွင်းကိုပိုင်သော အင်းသားကြီးတွင် လိုင်စင်ယူ ထားသော နှစ်လုံးပြူးသေနတ်ကြီးရှိနေသည်။ ဤအင်းသားကြီးမှာ ရက်စက်ရာတွင် နှစ်ယောက်မရှိဟု ကျော်ကြား၏။ သူ့အင်းပိုင်နက်ထဲတွင် တိတ်တိတ်ပုန်း ဝင်ရောက် ပိုက်ချသူများကိုမိလျှင် သက်ညှာလေ့မရှိ၊ ချမ်းသာပေးလေ့မရှိ။

တစ်ခါတုန်းကပေါ့။ ရွာလယ်က ပိုက်သမား စိန်အေးကို အသေသတ်ပစ်လိုက်ကြတာလေ။ သူ့အင်းပိုင်နက်ထဲ အပေါင်းအဖော်တွေနဲ့ ပိုက်ဝင်ချလို့တဲ့။

အခြား အဖော်တွေကတော့ ပိုက်ကို အဆုံးခံထားခဲ့ပြီး ကိုယ်လွတ်ရုန်းပြေးကြတဲ့အတွက် လွတ်လာကြတယ်။

စိန်အေးကတော့ သူ့ပိုက်ကလေးကို တွယ်တာလွန်း၊ မက်မောလွန်းလို့ ပိုက်တွေကိုမဲပြီး ရုပ်သိမ်းနေတုန်းမှာ လက်ပူးလက်ကြပ်မိသွားပြီး ရက်ရက်စက်စက် သတ်ပစ်ကြသတဲ့။

ခုလိုပဲ ညဉ့်အချိန်ကြီးမှာပေါ့၊ သန်းခေါင်လောက်မှာ စိန်အေးကို သတ်ပစ်ကြတယ်။ နာရီပြန်တစ်ချက်မှာ ထွက်ပြေးလာတဲ့ ပိုက်သမားတွေဆီက စိန်အေးကို သတ်ပစ်ပြီဆိုတာ ကြားသိကြရတယ်။

အို …. စိန်အေးရဲ့ အမေကြီးဆိုတာ ပဋာမြေလူး ရူးလုမတတ်ပေါ့။ ညကြီးသန်းခေါင် အော်ဟစ်ပြီးငိုလိုက်တာ တစ်ရွာလုံး အကြားပေါ့။ သနားစဖွယ် ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြောလိုက် ငိုလိုက်နဲ့။ ငိုပုံကလေးကို အခုတောင်မှ ကြားယောင် မိသေး။

“အို… လူကလေးရဲ့၊ မင်းကို အမေ အတန်တန်တားပါလျက်နဲ့ သွားလို့ ဘေးတွေ့ရပြီ မဟုတ်လားကွဲ့ လူကလေးရယ်။ သားရယ်… မသွားပါနဲ့ကွယ်၊ အမေ စိတ်လေးလွန်းလို့ပါလို့ အတန်တန် တားပါသေးတယ်။ ဒါပေမဲ့ သားလိမ္မာကြီးက မတားပါနဲ့ အမေရယ်တဲ့။ ကျုပ်တို့ ဒီလိုမှ ရှာဖွေမစားရင်လည်း ငတ်ကြမှာပဲတဲ့။ ကျုပ်အတွက်က အရေးမကြီးပါဘူး၊ အမေတို့အတွက်သာပါ ဆိုပြီး ဇွတ်ထွက်သွား တယ်။

အမေကို လုပ်ကျွေးချင်တဲ့ သားလိမ္မာကြီးရယ်၊ အခုတော့ မင်း အမေကို လုပ်ကျွေးနိုင်သေးရဲ့လား။ အမေတော့ ပါဏုပေတံ အသက်ထက်ဆုံး ယူကျုံးမရ ဖြစ်သွား ရတော့မှာပါကလား လူကလေးရယ်”

လို့ ဆိုဆိုပြီး ငိုလိုက်တာ၊ ဘဝတူချင်းမို့ ခံစားမှုချင်း တူညီတဲ့ မယ်စိန်တို့တောင်မှ မျက်ရည်မဆည်နိုင်အောင် ဖြစ်ခဲ့ရသေးတယ်လေ။

ဟော … ယခုလည်း ကိုဒေါင်းစိန်တို့ ပိုက်သွားချသော ကွင်းဘက်ဆီမှ သေနတ်သံ ကြားရပြန်ပေပြီ။ စိန်အေးလို ကံကြမ္မာမျိုးနဲ့ ကိုဒေါင်းစိန်တို့ ဝင်တိုးနေပြီလား မသိ။ အထူးသဖြင့် ကိုဒေါင်းစိန်မှာ တစ်ခါတုန်းက အသတ်ခံရသော စိန်အေးကဲ့သို့ပင် သူ့ပိုက်ကလေးတွေကို တွယ်တာလွန်း၊ မက်မောလွန်းတတ်၍ ကိုဒေါင်းစိန်အတွက်ကို စိတ်မအေးနိုင်အောင် ဖြစ်နေရသည်။

ဤသို့ ကြံစည်စေ့စေ့ တစိမ့်စိမ့်အောက်မေ့၍ တငွေ့ငွေ့ ဆင်ခြင်၊ ပူစကို ငင်မိလျှင်၊ ပူပင်လယ်ဗွေ၊ လှိုင်းဘောင်ဘင်ဝေသောကြောင့်၊ မနေနိုင် မထိုင်နိုင်၊
လိုက်၍ပင် မေးရမယောင်၊ ထိုင်၍ပင် စောင့်နေရမယောင်နှင့် အယောင်ယောင်အမှားမှား ဖြစ်နေရှာ၏။

သို့သော် ရပ်ရွာရှိသူများအဖို့ သေနတ်သံကို မထူးဆန်းဟု မှတ်ယူသလား မသိ။ မည်သူမျှ တုတ်တုတ်မလှုပ်။ ငြိမ်ချက်သား ကောင်းလှသည်။ သို့မဟုတ် ကြောက်ရွံ့၍ ငြိမ်သက်နေကြခြင်းလည်း ဖြစ်နိုင်သည်။

သူသည် ဤသို့ တပူပူ တပင်ပင်နှင့် နေရသည့်အခြေမှ လွတ်ကင်းအောင် မြန်မြန်ပင် မိုးလင်းဖို့ရာ ဆုတောင်း နေမိရှာ၏။

အချိန်ကို ခန့်မှန်းသိရှိနိုင်ရန် ကောင်းကင်ပြင်သို့ မော်ကြည့်လိုက်ရာတွင် ခုနစ်စဉ်ကြယ်ပြောင်မှာ အမြီးပင် ထောင်နေပေပြီ။

“အောက် အီး အီး အွတ်”

အိပ်တန်းမှ ကြက်ဖကြီးက စတုတ္ထအကြိမ်မြောက် တွန်ကျူးလိုက်ပြန်ပါပကော။

သန်းခေါင်ကြက်။

(၅)

သန်းခေါင်ကြက်တွန်သံပင် ထွက်ပေါ်လာပြီဖြစ်၍ ညဉ့်နက်ပြီဖြစ်ကြောင်း မယ်စိန် သတိပြုမိသည်။ သို့သော် အိပ်ချင်စိတ်ကား မရှိသေး။ အိပ်ချင်စိတ်ပင် မရှိသော်လည်း တစိုးရိမ်ရိမ် တကြောင့်ကြကြဖြင့် စိတ်အလုပ်များခဲ့ရသောကြောင့် လူမှာ နွမ်းနယ်လာကာ အိပ်ရာထဲတွင်သာ ခွေလှဲနေချင်သည်။ ထို့ကြောင့် သူမသည် အိပ်ရာထက်ရှိ ကလေးများအကြားတွင် ထိုးလှဲချလိုက်ပြီးနောက် ငြိမ်သက်နေမိသည်။

လူမှာ ငြိမ်သက်နေသော်လည်း စိတ်တို့ကား မငြိမ်။ မိုးအလင်းတွင် ကိုဒေါင်းစိန် နှင့်ပတ်သက်သော သတင်းကို မည်သို့မည်ပုံ ကြားရပါမည်လဲဟုသာ တွေးတော စိုးရိမ်နေမိ၏။ ထို့ကြောင့် အိပ်ရာထက်တွင်သာ လူးကာလှိမ့်ကာနှင့် အိပ်မပျော်ဘဲ ရှိနေရှာသည်။

ကြောင်နှစ်ကောင် မိတ်လိုက်ရာမှ ထွက်ပေါ်လာသော မာန်ဖီသံသည် မယ်စိန်၏ စိတ်ကို ပို၍သာ ချောက်ချားစေပြန်သည်။ မယ်စိန်တို့ အိမ်ခေါင်းရင်းရှိ ကုက္ကိုပင်အိုကြီးမှ တောက်တဲ့ကြီးကလည်း “တောက်တဲ့ … တောက်တဲ့”ဟု ဆိုးဝါးနက်ကျောသော အသံကြီးဖြင့် မယ်စိန်အတွက် မကောင်းသောနိမိတ်ကို ဖတ်ကြားနေသလို ရေရွတ်မြည်တမ်းနေ၏။

မယ်စိန်သည် ထိတ်လန့်မိရာကပင် တောက်တဲ့၏ အော်မြည်သံကို ရေတွက်နေမိ၏။ ခုနစ်ကြိမ်မြောက် အော်မြည်ပြီးသောအခါ တောက်တဲ့ကြီးသည် “တောက်… တောက် တောက်၊ တောက် တောက်… တောက်” ဟူသော အသံဆိုးကြီးဖြင့် နိဂုံးချုပ်လိုက်ရင်း ရပ်ဆိုင်းသွားတော့၏။ သူ၏အသံ ပျောက်ကွယ်သွားသော်လည်း ကြောက်မက်ဖွယ်ကောင်းသော သူ၏အသံဆိုးကြီးမှာ ဟိန်းကာ ပဲ့တင်ထပ်ကာ ကျန်ရစ်နေသေးသည်ဟု မယ်စိန်က ထင်မှတ်နေသည်။

တောက်တဲ့၏အော်မြည်သံကို ရေတွက်ကြည့်ခြင်းမှာ အော်မြည်သော အကြိမ်ပေါင်းသည် “စုံ”ဖြစ်လျှင် ကြားရသူအတွက် ကောင်းကျိုးချမ်းသာနှင့် တွေ့ကြုံရမည့် နိမိတ်ဖြစ်၍ “မ”ဖြစ်လျှင် ဘေးအန္တရာယ်နှင့် တွေ့ကြုံရမည့်နိမိတ်ပင်ဟု အယူရှိသော ကြောင့် ရေတွက်ကြည့်ခြင်းဖြစ်သည်။ ယခုအော်မြည်သောအကြိမ်မှာ ခုနစ်ကြိမ်ဖြစ်၍ “စုံ”မဟုတ်ဘဲ “မ”ကျနေသည်။ ထို့ကြောင့် တောက်တဲ့ကြီးကလည်း သူမတို့ တွေ့ ကြုံရမည့် ဘေးအန္တရာယ်အတွက် ကြိုတင်၍ နိမိတ်ဖတ်ကြားလိုက်ခြင်းဖြစ်သည်ဟု ယူဆကာ ပို၍သာ အားငယ်ထိတ်လန့်နေမိသည်။

အားငယ်ရလွန်း၊ စိုးရိမ်ရလွန်းတော့ လူတစ်ကိုယ်လုံး မလှုပ်ချင် မရှားချင်လောက်အောင်ပင် နွမ်းနယ်လာမိ၏။ မျက်တောင်များမှာ စင်းကျလာကြ၍ မျက်လုံးများမှာလည်း မှေးလာကြ၏။

မှောင်ကြီးမည်းမည်းတွင် ပိုက်ချနေသော ကိုဒေါင်းစိန် ၏ ရုပ်ပုံလွှာမှာ မှေးနေသော မျက်စိအာရုံတွင် ပေါ်ပေါက်လာသည်။ အင်းသားကြီးက နှစ်လုံးပြူးသေနတ်ကြီးနှင့် ပစ်လိုက်၍ ခွေခွေကလေးလဲနေသော ကိုဒေါင်းစိန်၏ ရုပ်ပုံမျိုးလည်း တစ်ခါတစ်ရံ ဝဲပျံလာတတ်သည်။

သည်လိုနှင့်ပင် အိပ်မပျော်သလိုလို၊ ပျော်သလိုလို အိပ်တစ်ဝက် နိုးတစ်ဝက်နှင့် မျောက်မျဉ်းအိပ်ပျော်သော အခြေအနေသို့ ရောက်လာ၏။

ရုတ်ခြည်းပင် ရုပ်လက္ခဏာ ခက်ထန်ကြမ်းကြုတ်သော ယောက်ျားကြီးတစ်ယောက်သည် သူမ၏ မျက်မှောက်တွင် ပေါ်ပေါက်လာသည်။ အင်္ကျီမပါဘဲ ကျောပြောင်ကြီးနှင့်ဖြစ်၍ ခါးတောင်းကိုလည်း မြှောင်နေအောင် ကျိုက်ထားလိုက်သေးသည်။ တစ်ကိုယ်လုံးမည်းနက်၍ တုတ်ခိုင်သန်စွမ်းလှပုံမှာ ကျွဲရိုင်းကြီးတစ်ကောင်လားဟုပင် ထင်မှားလောက်သည်။

နဖူးမှာ မောက်၍ နှာယောင်ကောက်၏။ အံကို တအားကြိတ်ထားရာ ပါးရိုးများမှာ ထောင်ထနေကြသည်။ ယာလက်တွင် ပြိုးပြက်၍ ထက်မြက်လှသော ဆောင်ဓားကြီးတစ်ချောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ မယ်စိန်ကို စားတော့ ဝါးတော့မတတ် ပြူးကျယ်၍ ခြင်းခြင်းနီသော မျက်လုံးအစုံဖြင့် စိန်းစိန်းကြီး ကြည့်နေ၏။

မယ်စိန်သည် ကြောက်လွန်းလှ၍ အော်ဟစ်ရန်ကိုမျှပင် သတိမရ။ သတိရ၍ အော်ဟစ်ရန် ကြိုးစားပါသော်လည်း အသံကမထွက်။ ထွက်ပြေးရန် ကိုယ်ကို အားယူ၍ လှုပ်ရှားပါသော်လည်း အသေကောင်ကြီးလို တစ်ကိုယ်လုံး လှုပ်ရှား၍မရဘဲ ရှိနေ၏။ ထိုအချိန်တွင် ဖြစ်ပေါ်လာသော မယ်စိန်၏ ကြောက်စိတ်မှာ စာဖွဲ့၍ပင် မပြနိုင်ပြီ။ ခံစားရသောဝေဒနာကား ဆိုးဝါးလှဘိ၏။

ခက်ထန်ကြမ်းကြုတ်သော ယောက်ျားကြီးသည် ဆောင်ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်၍ မယ်စိန်၏အနီးသို့ တစ်လှမ်းချင်း တိုးကပ်လာသည်။ ညှို့ဓာတ်မိနေသူကဲ့သို့သာ မယ်စိန်မှာ အော်လည်း မအော်နိုင်၊ လှုပ်လည်း မလှုပ်နိုင်ဘဲ ယောက်ျားကြီးကိုသာ အငေးသား ကြည့်နေမိ၏။

ပြီးပါပြီ