လင်စွဲတစ္ဆေ

မယ့် မောင်တင်နီကတော့ ညိုမြအပေါ် မေတ္တာမယွင်းပဲချစ်မြဲတိုင်းချစ်နေခဲ့တယ်။ ဒီလိုနဲ့ ညိုမြရဲ့ရောဂါက တစ်ဖြေးဖြေးပိုဆိုးလာခဲ့ပြီး ယခင် လှပတောင့်တင်းခဲ့တဲ့ ခန္ဓာကိုယ်ကရောဂါအခြေအနေကြောင့် ပိန်ခြုံးကာ အရိုးပေါ်အရေတင် ဖြစ်လာခဲ့တယ်။
မောင်တင်နီကလဲ အစွမ်းထက်တဲ့သမားတော်ပေါင်းများစွာနဲ့ ပြသခဲ့ပေမယ့် ညိုမြရဲ့ ရောဂါကို ပျောက်ကင်းအောင်မကုသနိုင်ခဲ့ပဲ လက်လျော့ခဲ့ရတယ်။ ဒီလိုနဲ့ဘယ်လိုမှမရတော့တဲ့အဆုံး အိပ်ယာထဲလဲနေတဲ့ ညိုမြကိုအနီးကပ်ပြုစုရင်းနေလာခဲ့တာ အိမ်ထောင်သက်၁၃နှစ်ပြည့်ဖို့ နှစ်လ အလိုမှာ ညိုမြဆုံးပါးသွားခဲ့တယ်။ ရက်လည်ဆွမ်းသွပ်ပြီးတဲ့ညရောက်တော့ တစ်နေ့လုံးပင်ပန်းတဲ့ ဒဏ်ကြောင့် မောင်တင်နီအစောကြီးအိပ်ပျော်သွားခဲ့တယ်။
အိပ်ပျော်နေတုန်း လက်မောင်းကိုကိုင်ပြီးလှုပ်နှိုးတဲ့အရှိန်ကြောင့် အိပ်ယာကနေ လန့်နိုးလာတဲ့ အချိန် နှာခေါင်းထဲကို အလွန်ဆုံးဝါးတဲ့အပုတ်နံ့တွေထောင်းခနဲဝင်လာခဲ့တယ်။ မောင်တင်နီလဲ အိပ်ယာဘေးမှာချထားတဲ့ မီးအိမ်ကိုအလင်းမြှင့်ဖို့လုပ်လိုက်တဲ့အချိန် ခြင်ထောင်ခြေရင်းကနေ
“ကိုတင်နီ မီးအိမ်ကို အလင်းမမြှင့်လိုက်ပါနဲ့”ဆိုတဲ့အသံထွက်လာခဲ့တယ်။
မောင်တင်နီကလဲ သူ့မိန်းမအသံကိုကြားတော့ ခြင်ထောင်ခြေရင်းကိုကြည့်လိုက်ရာ ကျောပေးပြီးထိုင်နေတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။
“ မိန်းမ မိန်းမ မသေသေးဘူးပေါ့လေ ဝမ်းသာလိုက်တာ ဒီဘက်ကိုလှည့်ကြည့်ပါဦး”
“ ကျွန်မကသေသွားပြီ ဒါပေမယ့် ရှင့်ကိုချစ်တဲ့စိတ်ကြောင့် အမျှဝေတဲ့အချိန် သာဓုမခေါ်ခဲ့ဘူး ရှင်ကျွန်မကို မောင်းမထုတ်ပါနဲ့နော်”
“ မိန်းကကလဲ ကိုက မောင်းထုတ်စရာလား ဒီအိမ်က မိန်းမပိုင်တဲ့အိမ်ပဲ ကြိုက်သလိုနေလို့ ရပါတယ်”
“ဒါဆိုရင် မနက်ဖြန်မနက်ရောက်တာနဲ့ အိမ်တွင်းအုန်းကို စွန့်ပစ်လိုက်ပါ ဒါမှ ကျွန်မ ကိုတင်နီ အနားမှာအမြဲနေလို့ရမှာ”
“ ဟုတ်ပီ ဟုတ်ပီ ကို လုပ်ပေးမယ်နော်”
မောင်တင်နီစကားအဆုံးမှာ အိပ်ခန်းထဲကနေ အပြင်ကိုပြန်ထွက်သွားတဲ့ မိန်းတစ်ယောက်ရဲ့ ကျောပြင်ကိုခပ်ဝါးဝါးမြင်လိုက်ရတယ်။
မနက်ရောက်တော့ အိမ်မှာချိတ်ဆွဲထားတဲ့ အိမ်တွင်းအုန်းကိုဖြုတ်ပြီးစွန့်ပစ်လိုက်တဲ့အချိန် တစ်အိမ်လုံးအပုတ်နံ့တွေလှိုင်ခနဲတက်လာခဲ့တယ်။ မောင်တင်နီက သူ့မိန်းမအိမ်ပေါ်ကို ပြန်ရောက် လာပြီဆိုတာသိတာနဲ့ အိပ်ခန်းထဲမှာ လင်မယားနှစ်ယောက်စာအတွက် ခေါင်းအုံး၊စောင်တွေကို သေချာပြင်ဆင်ပါလေရော။ ညိုမြကလဲ အိမ်မှာရှိတဲ့ ဘုရားဆင်းတုတော်တွေ၊ ရဟန္တာရုပ်ထုတွေကို ဘုန်းကြီးကျောင်းမှာစွန့်ပစ်ဖို့ထပ်ခိုင်းပါလေရော။ မောင်တင်နီကလဲ သူ့မိန်းမပြောတဲ့အတိုင်း တစ်သွေမတိမ်းလိုက်လုပ်ခဲ့တယ်။ ရွာထဲကလူတွေကတော့ မောင်တင်နီရဲ့ နေထိုင်ပုံတွေ ပြောင်းလဲ နေတာကိုသတိထားမိခဲ့ပေမယ့် အကြောင်းအရင်းကိုသေချာမသိခဲ့ကြဘူး။
တစ်နေ့ကျတော့ ရွာထဲကကလေးတွေက မောင်တင်နီခြံအနောက်မှာပေါက်နေတဲ့ ဇီးပင်ပေါ်က ဇီးသီးတွေကိုတက်ခူးစားနေတဲ့အချိန် အိမ်ထဲမှာ လှုပ်ရှားသွားလာနေတဲ့ မိန်းမ တစ်ယောက်ကိုထင်ထင်ရှားရှားကြီးမြင်လိုက်ရတယ်။ ကလေးတွေရဲ့စကားကနေ တစ်ရွာလုံးပျံ့သွား ခဲ့ပြီး အချို့ကတော့ ညိုမြကမကျွတ်လွတ်ပဲ သူ့အိမ်ကိုစွဲနေတာဖြစ်မယ်ဆိုပြီးပြောကြသလို အချို့ကျ တော့လဲ မောင်တင်နီက နောက်မိန်းမတစ်ယောက် တိုးတိုးတိတ်တိတ်ယူထားတာဖြစ်မယ်ဆိုပြီး ပြောဆိုခဲ့ကြတယ်။
လပြည့်ညဖြစ်တဲ့အတွက် အလင်းရောင်က ဖွင့်ထားတဲ့ပြူတင်းပေါက်ကနေ ကုတင်ပေါ်ကို ထိုးပြီးကျနေခဲ့တယ်။ မောင်တင်နီကတော့ လက်ထဲညှပ်ထားတဲ့ ပွတ်ချွန်းဆေးလိပ်ကို တစ်ရှိုက်မက်မက်ဖွာလိုက်ပြီး
“ မိန်းမ မင်းအခုတစ်လော ငါ့အပေါ်ဆက်ဆံတာ သူစိမ်းဆန်နေသလိုပဲ အရင်ကဆို ငါအိပ်နေရင် ခြေထောက်တွေကို မင်းရဲ့လက်တွေနဲ့လာနှိပ်ပေးတယ် အခုတော့ မင်းဘာသာ ဝင်လာတယ် ငါခင်းထားပေးတဲ့အိပ်ယာမှာအိပ်တယ် စကားလဲမပြောဘူး မင်းဘာဖြစ်နေတာလဲ”
“ ဘာမှမဖြစ်ဘူး မောင်နီ ငါနဲ့နင်က ဘဝခြားနေပြီဆိုတော့ တစ်ချိန်ချိန်မှာ နင်ငါ့ကို ထားသွားမှာငါသိနေတယ် နင်ထားသွားရင် ငါဘယ်လိုဆက်နေရမလဲ”
“ မိန်းမရယ် ငါကနင့်ကိုဘာလို့ထားသွားရမှာလဲ နင့်ဘာသာ ဘဝခြားတာမကလို့ ဘာပဲဖြစ်ဖြစ် နင်က ငါ့မိန်းမပဲလေ”
“အေး နင်ငါ့ကိုထားပြီး နောက်မိန်းမထပ်ယူကြည့် နင်ရောအဲဒီမိန်းမရော အသေဆိုးနဲ့ သေရမယ်”
ခြောက်ကပ်ကပ်အက်ကွဲကွဲအသံနဲ့ကြိမ်းဝါးသံကိုကြားတော့ မောင်တင်နီခန္ဓာကိုယ်ကနေ ကြက်သီးမွှေးညှင်းတွေထလာပြီး
“ ငါမလုပ်ပါဘူး နင့်အနားမှာငါအမြဲတမ်းနေမှာပါ”လို့ပြောလိုက်တော့ အေးစက်စက် လက်တစ်ဖက်က မောင်တင်နီပခုံးပေါ်ကိုကျလာပြီး ဖျစ်ညှစ်ဆုပ်ကိုင်ထားတာကို သတိထားမိ လိုက်တယ်။
—————————————–
မြေနီကုန်းရွာရဲ့အနောက်လယ်တောစပ်မှာတော့ ဓါးမြောင်ကိုယ်စီကိုင်ထားတဲ့လူသုံးယောက် စုပြီး တစ်စုံတစ်ခုကို တီးတိုးတိုင်ပင်နေခဲ့တယ်။
“မောင်တင်နီ နေတဲ့အိမ်ကို ဝင်ခိုးရင် ငါတို့အတွက် မြိုးမြိုးမျက်မျက်ရနိုင်တယ်”
“ဟုတ်တယ် ငါလဲအဲဒါပြောမလို့ သူ့မိန်းမချန်ခဲ့တဲ့အတွင်းပစ္စည်းတွေက မနည်းဘူးနော် ဒီတစ်ချီပြီးရင် တစ်နှစ်လောက်အေးဆေးထိုင်စားလို့ရတယ်”
“ ဒါဆိုရင် မောင်တင်နီ ဘယ်အချိန်လယ်ထဲသွားလဲ ဘယ်အချိန်အိမ်ပြန်လာတတ်လဲဆိုတာ မင်းတို့စောင့်ကြည့်ပီးပီလား”
“ မောင်တင်နီက မနက်ဆိုလယ်ထဲသွားပြီး ညနေစောင်းမှပြန်လာတာ ငါတို့ကနေ့ခင်းဘက် သူ့အိမ်ကိုဝင်နိုင်ရင်ရပြီ အိမ်မှာလူစောင့်လဲမရှိဘူးဆိုတော့ ပစ္စည်းတွေအေးဆေးရှာလို့ရတယ်”
“ မင်းတို့ပြောတာသေချာရင် မနက်ဖြန်နေ့လည်ဝင်ဖောက်မယ်ကွာ ငါနဲ့ ငထင်က အိမ်ထဲ ဝင်မယ် မင်းက လူရိပ်လူခြေကိုကြည့်ပေးထား”
“အေးဆေးပါ မင်းတို့သာ အတွင်းပစ္စည်းတွေကိုတွေ့အောင်ရှာဖို့လုပ်”
လူသုံးယောက်လဲ လုပ်ရမယ့်အစီအစဉ်တွေကိုသေချာဆွေးနွေးပြီး ပြန်ထွက်သွားခဲ့ကြတယ်။ နောက်တစ်နေ့နေ့လည်ရောက်တော့ မောင်တင်နီနေတဲ့ အိမ်အနောက်ဘက်ခြမ်းကနေ လူသုံးယောက် တိုးတိုးတိတ်တိတ်ဝင်ရောက်လာခဲ့တယ်။ လူသုံးယောက်အနက် မျက်နှာကို အဝတ်စည်းထားတဲ့လူနှစ်ယောက်က ဖြတ်သွားဖြတ်လာ လူအခြေအနေကိုအကဲခတ်လိုက်ပြီး အိမ်ပေါ်ကို လျင်မြန်စွာတက်ကာ ပိတ်ထားတဲ့သော့ကို ဓါးမြှောင်နဲ့ထိုးကာဖျက်ချလိုက်တယ်။
“ဟေ့ကောင် လမ်းသွားလမ်းလာတွေကို သေချာကြည့်”
အိမ်ပေါ်တက်ခါနီး ခြံစည်းရိုးထောင့်မှာပုန်းအောင်းနေတဲ့ ငထွန်းကို အသံအုပ်အုပ်နဲ့ လှမ်းမှာရင်း အိမ်ထဲကိုဝင်လာခဲ့လိုက်တယ်။ အိမ်ထဲကိုဝင်တာနဲ့ ညှီစို့စို့ပုတ်အဲ့အဲ့အနံ့က နှာခေါင်းထဲ စူးဝင်လာခဲ့တယ်။
“ ငထင် ငါ့နှာခေါင်းထဲ အပုတ်နံ့ရသလိုပဲ ထွီ”
“အိမ်ထဲမှာ ကြွက်တွေဘာတွေသေနေလို့ဖြစ်မှာပေါ့ကွာ လုပ်စရာရှိတာ မြန်မြန်လုပ် အချိန်က ရတာမဟုတ်ဘူး”
သူခိုးနှစ်ယောက်လဲ နှာခေါင်းကိုအဝတ်နဲ့စည်းလိုက်ပြီး သေတ္တာတွေ ဗီဒိုတွေထဲကို မွှေနှောက်ကာ အတွင်းပစ္စည်းတွေကိုရှာဖွေနေတဲ့အချိန် အိမ်ခန်းထဲမှာ လမ်းလျောက်နေတဲ့ ခြေသံ တစ်ခုကို အတိုင်းသားကြားလိုက်ရတယ်။
“အိမ်ခန်းထဲမှာ ခြေသံကြားတယ် တစ်ယောက်ယောက်များရှိနေတာလားမသိဘူး”
“မဖြစ်နိုင်တာကွာ အပြင်ကနေသော့ခတ်ထားတာ အထဲမှာဘယ်လိုလူရှိနေမှာလဲ”
သူခိုးနှစ်ယောက်လဲ အိမ်အပြင်ဘက်မှာရှာတာ အဝတ်အစားအချို့ကိုပဲတွေ့တာမို့ ခြေသံကြားတဲ့ အိမ်ခန်းထဲကိုဝင်ရှာဖို့ ပြင်လိုက်တဲ့အချိန် “တဟင်းဟင်း”ဆိုတဲ့ ညဉ်းသံက အခန်းထဲ ကနေထွက်လာခဲ့တယ်။
“ဟေ့ကောင် ကြားလား လူတစ်ယောက် ညဉ်းနေတဲ့အသံကွ”
“ဘာပဲဖြစ်ဖြစ်ကွာ အထဲဝင်ကြည့်ရအောင် ဒီထိရောက်နေပြီးမှ မပြန်နိုင်ပါဘူး”လို့ပြောကာ အိမ်ခန်းထဲဝင်လိုက်တဲ့အချိန် ကုတင်ပေါ်မှာ ကျောပေးကာ ထိုင်နေတဲ့မိန်းမတစ်ယောက်ကို တွေ့လိုက်ရတယ်။
ရုတ်တရက်မိန်းမတစ်ယောက်ကိုမြင်လိုက်ရတာမို့ ငထင်နဲ့ သာဒင်လန့်သွားပေမယ့် စိတ်ကို ပြန်ထိန်းကာ ကျောပေးနေတဲ့မိန်းမရဲ့နောက်ကျောကို ဓါးနဲ့ထောက်ပြီး
“ဟိတ် အော်မယ်လို့တော့မကြံနဲ့ အသံကိုပိတ်ထား နင်ကဘယ်သူလဲ မောင်တင်နီရဲ့ မယားငယ်လား”ဆိုပြီးမေးလိုက်တဲ့အချိန် ကျောပေးထားတဲ့မိန်းမက ရုတ်တရက်နောက်ကိုလှည့် လာပြီး
“ငါက သူ့ရဲ့မယားကြီး”ဆိုပြီးပြောတဲ့အသံကြောင့် မျက်နှာကိုကြည့်လိုက်ရာ သွေးမရှိပဲ ဝါထိန်နေတဲ့မျက်နှာအပြင် မျက်လုံးတွေက အပြင်ကိုပြူးထွက်နေတဲ့ မိန်းမတစ်ယောက်ကို တွေ့လိုက်ရတယ်။
“ သ သ သရဲ အမေရေ သရဲ”ဆိုပြီးအိမ်ပေါ်ကနေခုန်ချကာ ခြေဦးတည့်ရာထွက်ပြေးသွားတဲ့ အချိန် အိမ်ခန်းထဲကနေ ခြောက်ကပ်ကပ်ရယ်သံအချို့ထွက်ပေါ်လာခဲ့တယ်။
—————————–
“မောင်တင်နီ မိန်းမက မကျွတ်သေးဘူးတဲ့”
“အဲဒီသတင်းကို ငါလဲကြားတယ် သခိုးငထင်တို့အဖွဲ့ကိုခြောက်လှန့်လိုက်တာ ဟိုကောင်တွေ အိပ်ယာကမထနိုင်ပဲဖျားနေကြပီ”
ဆံပင်ဖြူနှုတ်ရင်း အတင်းတုတ်နေကြတဲ့ မိန်းမကြီးတွေရဲ့ပါးစပ်ဖျားမှာ မောင်တင်နီအိမ် အကြောင်းက ရေပန်းစားခဲ့တယ်။ရပ်ထဲရွာထဲမှာရှိတဲ့ သက်ကြီးဝါကြီးလူတွေက မောင်တင်နီကို‌ ခေါ်ပြီး အကျိုးအကြောင်းကိုမေးမြန်းတော့
“ဟုတ်တယ်လေ ကျုပ်မိန်းမ ကျုပ်နဲ့နေတာ ဘာထူးဆန်းလို့လဲ”ဆိုပြီးပြောကာ အရင်တိုင်း နေထိုင်ခဲ့တယ်။ ကာယကံရှင်ကိုယ်တိုင်က သဘောမတူတဲ့အပြင် တစ်ရွာလုံးကလဲ မောင်တင်နီနဲ့ မလွတ်ကင်းတဲ့သူတွေဖြစ်နေတာကြောင့် ဘာမှစောဒကထပ်မတက်တော့ပဲ အခြေအနေကို စောင့်ကြည့်နေခဲ့တယ်။ မောင်တင်ရီကလဲသူ့ကိုဘာမှမပြောကြတဲ့အတွက် အတင့်ရဲလာပြီး ညနေစောင်းဆိုရင် အိမ်ရှေ့မှာထွက်ထိုင်ပြီး တစ်ယောက်ထဲစကားတွေပြောနေတာကို မြင်တွေ့ ခဲ့ရတယ်။ အိမ်ရှေ့ကဖြတ်သွားဖြတ်လာလုပ်တဲ့လူတွေကိုလဲ
“ဟေ့ မောင်ချစ်သိန်း နင်ချေးထားတဲ့ပိုက်ဆံတွေဘယ်တော့ပြန်ပေးမလဲဆိုပြီး ငါ့မိန်းမက မေးနေတယ်”ဆိုပြီးအကြွေးလှမ်းတောင်းတတ်သလို ညိုမြရဲ့ငယ်သူငယ်ချင်းတွေ အိမ်ရှေ့က ဖြတ်သွားရင်လဲ ဆံပင်စတွေကိုလှမ်းဆွဲကာ စနောက်တတ်တာကြောင့် အိမ်ရှေ့ကနေ ဘယ်သူမှ မဖြတ်ရဲအောင်ဖြစ်လာခဲ့တယ်။
တစ်နေ့မှာတော့ ရွာထဲက ကလေးသုံးယောက် မောင်တင်နီခြံအနောက်မှာ စိုက်ထားတဲ့ ဒူးရင်း သြဇာသီးတွေကိုခူးဖို့ အပင်ပေါ်တက်နေတဲ့အချိန် ဘာကိုမြင်လိုက်ရတယ်မသိဘူး ကြောက်လန့် တကြားအော်ဟစ်ရင်း သတိလစ်သွားခဲ့တယ်။ သတိပြန်ရလာတော့ လူကြီးတွေက အကျိုးအကြောင်း မေးမြန်းကြည့်ရာ
“နောက်ဆိုအဲဒီခြံထဲမသွားရဲတော့ဘူး သားတို့က ခြံအနောက်မှာမှည့်နေတဲ့ ဒူးရင်းသြဇာသီး တွေကိုခူးမလို့ဆိုပြီး အပင်ပေါ်ကိုတက်သွားတဲ့အချိန် သစ်ပင်ဂွကြားမှာ သွားကြီးဖြဲပြီး ဆောင့်ကြောင့် ထိုင်နေတဲ့မိန်းမတစ်ယောက်ကိုတွေ့လိုက်ရတယ်။ သွားတွေကလဲ ဝါထိန်နေပြီး ကွာကျနေတဲ့ အရည်ပြားတွေဆီကနေ ပြည်ပုတ်တွေတစ်တောက်တောက်ကျနေတာ အဲဒီအချိန် သူက လက်ညိုး ထိုးပြီး ငါ့ခြံထဲကထွက်သွားလို့ပြောတာ သားတို့လဲသူ့ကိုမြင်တော့ ကြောက်ပြီးထွက်ပြေးတာ ခြံအပြင်ရောက်တော့ ဘာမှကိုသတိမရတော့ဘူး”ဆိုပြီးပြောတော့ ရပ်ရွာလူထုတွေက မောင်တင်နီ ခြံပတ်ပတ်လည်ကို ဘယ်သူမှမသွားကြဖို့ အမိန့်ထုတ်ရတဲ့ထိ ဖြစ်လာခဲ့တယ်။
မောင်တင်နီလဲ သူ့ကိုမြင်တာနဲ့ ရှောင်ဖယ်ရှောင်ဖယ်လုပ်ကြတဲ့ ရွာသားတွေကြောင့် နေရထိုင်ရခက်ခဲလာခဲ့သလို စီးပွားရေးတွေကလဲ တစ်ဖြေး‌ဖြေးကျလာခဲ့တယ်။ ဘယ်လောက်ပဲ ကြိုးစားကြိုးစားတစ်ခုမဟုတ်တစ်ခုကြောင့် အဆင်မပြေဖြစ်ခဲ့ရတယ်။ သူ့လယ်မှာ သူရင်းငှား လုပ်နေတဲ့ရွာသားတွေကလဲ မောင်တင်နီကို “သေသူကိုအိမ်ပေါ်တင်ထားလို့ စီးပွားရေးတွေ အဆင်မပြေဖြစ်တာဆိုပြီး”ပြောဖန်များလာတော့ အိမ်မှာခေါ်တင်ထားတဲ့ မိန်းမဖြစ်သူကို ညိုညင် လာခဲ့တယ်။ စီးပွားရေးအနည်းငယ်ကျဆင်းလာပေမယ့် စုဆောင်းထားတာတွေရှိတဲ့ မောင်တင်နီ အနားကိုချည်းကပ်လာကြတဲ့ မိန်းမတွေရှိခဲ့ကြတယ်။
မောင်တင်နီလဲ တစ်ပင်လဲမူတစ်ပင်ထူဆိုတဲ့စကားအတိုင်း ညိုမြဆုံးပြီး သုံးနှစ်လောက် ကြာတော့ မပန်းဝေဆိုတဲ့မိန်းကလေးတစ်ဦးနဲ့ လက်ထပ်ဖို့စီစဉ်ပါလေရော။ မပန်းဝေနဲ့ လက်ထပ်ဖို့ စီစဉ်တဲ့နေ့ကစပြီး မောင်တင်နီအိမ်ကိုမပြန်တော့ပဲ ရွာထဲမှာရှိတဲ့အခြားအိမ်တစ်လုံးကို ပြောင်းရွှေ့ နေထိုင်ခဲ့တယ်။
ရွာထဲကလူအချို့ကလဲ မောင်တင်နီအိမ်ထောင်ပြုတော့မယ်ဆိုတဲ့အကြောင်းကို ညိုမြရှိနေတဲ့ အိမ်ရှေ့ကနေ ဖြတ်သွားတိုင်း အော်ဟစ်ကာစနောက်ခဲ့ကြတယ်။ မောင်တင်နီတို့ မင်္ဂလာဆောင် တော့မယ်ဆိုတဲ့စကားကြောင့် ညဘက်တွေဆိုရင် အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေကိုရိုက်ခွဲတဲ့အသံ၊ ဝုန်းဒိုင်းကျဲသံတွေအပြင်၊ မကျေမချမ်းနဲ့ တောက်ခတ်သံတွေကို အနီးနားမှာ နေထိုင်ကြတဲ့ သူတွေအတိုင်းသားကြားခဲ့ရတယ်။ ညိုမြကတော့ အိမ်ထဲမှာသောင်းကျန်းရာကနေ အတင့်ရဲလာပြီး ခြံရှေ့ကိုဖြတ်သွားတဲ့သူတွေကို အနံ့ပေးခြင်း၊ တစ်ခါတစ်လေ ဆံပင်ကြီးဖားလျားချပြီး ခြံထဲမှာ လမ်းလျောက်နေတဲ့ပုံရိပ်တွေပြလာခဲ့တယ်။ မောင်တင်နီကတော့ အသက်ဆယ်နှစ်လောက်ကွာတဲ့ မိန်းကလေးနဲ့လက်ထပ်ရတော့မယ်ဆိုတော့ အိမ်အဟောင်းဘက်ကိုခြေဦးတောင်မလှည့်ပဲ ချစ်သူ အသစ်ရှိတဲ့အိမ်နားတစ်ဝိုက်မှာ ဝေ့ဝဲနေခဲ့တယ်။
အချို့လူတွေပြောတာကတော့ တစ်ခါတစ်လေ အိမ်ရှေ့ဝရန်တာမှာ မျက်နှာကိုလက်နဲ့အုပ်ပြီး ငိုနေတဲ့ညိုမြကို မြင်တွေ့တယ်လို့ပြောကြသလို တစ်ခါတစ်လေ မောင်တင်နီနာမည်ကို ဒေါသတစ်ကြီး အော်ခေါ်နေတတ်တဲ့အသံကိုလဲကြားရတယ်လို့ပြောခဲ့ကြတယ်။ တစ်နေ့မှာတော့ မောင်တင်နီတို့နေတဲ့ရွာကို သက်တော်၅၀ခန့်ရှိတဲ့ ဆရာတော်တစ်ပါးကြွလာခဲ့တယ်။ ဆရာတော်ရဲ့ ဘေးမှာတော့ အသက်အရွယ်သိပ်မကွာတဲ့ လူငယ်သုံးယောက်လဲပါလာခဲ့တယ်။ ဘယ်သူမှ မဖိတ်ခေါ်ပဲရောက်လာခဲ့တဲ့ ဆရာတော်က ဒီရွာမှာရာသက်ပန်သီတင်းသုံးချင်တယ်လို့ပြောတော့ ရွာဦးဘုန်းကြီး ကျောင်းမရှိတဲ့ ရွာသားတွေက ဝမ်းပန်းတစ်သာလက်ခံခဲ့ကြတယ်။
“ ကျုပ်တို့ရွာက လူသူအရောက်ပေါက်နည်းတဲ့အပြင် အစားအသောက်ကလဲရှားတော့ သာမန်ဘုန်းကြီးတွေက ကျောင်းလာမထိုင်ကြဘူး ဒါကြောင့်အခုထိ ရွာဦးကျောင်းဆိုတာမရှိခဲ့တာ”
ရွာသားတွေရဲ့စကားကိုကြားတော့ ဘေးမှာရှိနေတဲ့ ကပ္ပိယတွေထဲကတစ်ယောက်က
“ဆရာတော်က ဒီရွာမှာနေပြီး ဝိပဿနာတရားကိုပြန့်ပွားအောင်လုပ်ဖို့ဆန္ဒရှိတယ် ဒါကြောင့် ရွာထဲမှာငါးဧကကျော်တဲ့မြေကွက်များရှိရင် ကျုပ်တို့ဝယ်ချင်ပါတယ်”လို့ပြောတာကို လယ်ထဲကနေ ပြန်လာတဲ့ မပန်းဝေက နားစွန်နားဖျားကြားလိုက်မိတယ်။
အိမ်ပြန်ရောက်တော့ မကြာခင်တော်ရမယ့် ခင်ပွန်းလောင်းအနားကိုကပ်ပြီး အရင်နေခဲ့တဲ့ ခြံအဟောင်းကို သီတင်းသုံးမယ့်ဆရာတော်ကို လှူပေးဖို့ ဂျီကျပါလေရော။ ကိုမောင်နီကလဲ ချစ်သူ နုနုထွတ်ထွတ်လေးစကားကို မပယ်ရှားနိုင်ပဲ “အခြောက်အလှန့်တွေကြမ်းတာကိုဖယ်ရှားနိုင်ရင် လှူပေးပါ့မယ်”လို့ပြောခဲ့တယ်။
မောင်တင်နီစကားက ချက်ချင်းဆိုသလို တစ်ရွာလုံပျံ့သွားခဲ့တယ်။ ဆရာတော်ကတော့ လောကီကိစ္စတွေကိုဘာမှဝင်မပြောပဲ ကပ္ပိယသုံးယောက်နဲ့လွှတ်ထားပေးခဲ့တယ်။ ရွာသားတွေကလဲ ကပ္ပိယသုံးယောက်ကိုခေါ်ပြီး မောင်တင်နီလှူမယ့်မြေနေရာကိုခေါ်သွားပြတဲ့အချိန်
“ဒီနေရာက ကျုပ်တို့စိတ်ထဲမသန့်သလိုခံစားနေရတယ် အိမ်ကလဲ မှောင်မဲပြီး ပုတ်အဲ့အဲ့ အနံ့တွေထွက်နေတယ်”လို့ပြောလိုက်တော့ ရွာသားတွေအကုန်အံ့အားသင့်သွားပြီး
“ကပ္ပိယတို့က ဘယ်လိုသိတာလဲ ကျုပ်တို့ကပြန်ရောက်မှပြောပြမလို့စီစဉ်ထားတာ”လို့ ပြောတော့သုံးယောက်ထဲမှာ အရပ်အမြင့်ဆုံးကပ္ပိယက
“ကျုပ်တို့က ဒီလိုဖြစ်ရပ်မျိုးတွေအတော်များများကြုံဖူးလို့ သိနေတာပါ နောက်ပြီး ဆရာတော်က သီလသိက္ခာသမာဓိနဲ့ပြည့်စုံတဲ့အတွက် လောကီကိစ္စတွေကိုဝင်မစွက်ချင်ဘူးလို့ မိန့်ထားခဲ့တာရှိတယ်။ ဒီရွာမှာဆရာတော်ကျောင်းထိုင်နိုင်ဖို့က ကျုပ်တို့တာဝန်ဖြစ်တဲ့အတွက် ပြဿနာတွေအားလုံးရှင်းသွားတဲ့ထိ ကျုပ်တို့ဒီအိမ်မှာနေချင်ပါတယ်”
“ဖြစ်ပါ့မလား ကပ္ပိယကြီးတို့ရယ် ဒီအိမ်မှာရှိတဲ့အစောင့်က စိတ်ကြမ်းလူကြမ်းနော် တစ်ခုခု ဖြစ်ရင် ကျုပ်တို့တာဝန်ဖြစ်နေပါဦးမယ်”
“ကျုပ်တို့အတွက်စိတ်မပူပါနဲ့ အားလုံးအဆင်ပြေသွားပါလိမ့်မယ် ကဲ ကျုပ်တို့နေဖို့အတွက် ပိုင်ရှင်မှာခွင့်တောင်းပေးပါဦး”
ကပ္ပိယတွေရဲ့စကားကြောင့် ရွာသားတွေသက်ပြင်းချပြီး
“ဒီလောက်စိတ်ပြင်းပြနေတော့လဲ မောင်တင်နီကိုကျုပ်တို့ပြောပြပေးပါ့မယ် ဒီနေ့တော့ နောက်ကျနေပြီမို့ ဆရာတော်ခေတ္တသီတင်းသုံးတဲ့အိမ်မှာပဲ တည်းလိုက်ပါဦး မနက်ဖြန်ကျုပ်တို့ အကြောင်းပြန်ပေးပါ့မယ်”လို့ပြောကာ ပြန်ထွက်သွားခဲ့ကြတယ်။ ကပ္ပိယတွေနဲ့ရွာသားတွေ ပြန်ထွက်သွားတော့ အိမ်ရှေ့မှာရှိနေတဲ့ ပြူတင်းပေါက်က အနည်းငယ်ဟသွားပြီး အထဲကနေ တောက်ခတ်သံတစ်ချက်ထွက်လာခဲ့တယ်။
ညဦးယံအချိန်ရောက်တော့ ဆရာတော်က ကပ္ပိယတွေကိုခေါ်ပြီး
“ဒကာလေးတို့က ဦးဇင်း သုဿာန်ဓုတင်ဝင်စဉ်ထဲက လိုက်ပါကူညီစောင့်ရှောက်နေခဲ့တာ အခုဒီရွာမှာကျောင်းထိုင်ချင်တယ်ပြောတော့လဲ လိုအပ်ရင်ကျောင်းမြေနေရာပါဝယ်ယူပေးမယ်ဆိုပြီး ပါရမီဖြည့်ပေးခဲ့တယ် ဦးဇင်းအနေနဲ့ ဒကာလေးတို့နာမည်ကအစ အလုပ်အကိုင်အဆုံး ဘာတစ်ခုမှ စပ်စုခဲ့ခြင်းမရှိဘူး ဒါပေမယ့် ဒီညတော့ ဦးဇင်းတစ်ခုတော့တောင်းဆိုပါရစေ”လို့ပြောတော့ ကပ္ပိယ သုံးယောက်က
“တင်ပါဘုရား အရှင်ဘုရားမိန့်တော်မူသည်များကို လိုက်နာဆောင်ပါ့မယ်ဘုရား”လို့ပြော လိုက်တော့ ဆရာတော်က
“ဒကာလေးတို့တည်းမယ့်အိမ်မှာရှိတဲ့ ပုဂ္ဂိုလ်ကိုပညာစွမ်းတွေနဲ့ ထိခိုက်နာကျင်အောင် မလုပ်ပါနဲ့ သူဘာလုပ်လုပ်သည်းခံကြပါ ဒီအလှူမှာသူကိုလဲပါဝင်နိုင်အောင် ဒကာလေးတို့က မေတ္တာ တရားကိုရှေ့ထားပြီး ဆုံးမပေးကြပါ”လို့မိန့်တော်မူတော့ ကပ္ပိယသုံးယောက်ထဲက အလယ်မှာ ထိုင်နေတဲ့ပုဂ္ဂိုလ်က
“ဦးတင်ပါတယ်အရှင်ဘုရား တပည့်တော်နာမည်က အောင်မြတ်သာလို့ ခေါ်ပါတယ်။ ဒီဘက်နှစ်ယောက်ကတော့ သက်ခိုင်နဲ့တောက်ရလို့ခေါ်ပါတယ် တပည့်တော်တို့က အထက်လမ်း ပညာကို လိုက်စားနေကြတဲ့သူတွေဆိုပေမယ့် ဆရာတော်ပညာရဲ့ခြေမှုန်ကိုတောင် မမှီပါဘူးဘုရား ။ ဆရာတော်က ဒီဒေသမှာ သာသနာထွန်းလင်းအောင်လုပ်ဆောင်မယ့် ရည်မှန်းချက် ကိုတပည့်တော်တို့က တစ်တပ်တစ်အားပါဝင်ကူညီကြတာဖြစ်ပါတယ်။ ဆရာတော်မိန့်တော်မူ ခဲ့တဲ့အတိုင်းဖြစ်အောင် တပည့်တော်တို့ကြိုးစားသွားပါ့မယ်ဘုရား”လို့ လျောက်တင်တော့ ဆရာတော်က ဝမ်းမြောက်ဝမ်းသာစွာနဲ့သာဓုသုံးကြိမ်ခေါ်ဆိုခဲ့တယ်။
နောက်နေ့မနက်ရောက်တော့ အောင်မြတ်သာတို့ရှိတဲ့အိမ်ကို မောင်တင်ရီရောက်လာပြီး
“ ဒါကအိမ်သော့ပါ ဆရာတော်ဘုရားသီတင်းသုံးဖို့အတွက် မြေလိုနေတယ်ဆိုလို့ ကျွန်တော် ပိုင်တဲ့အိမ်နဲ့ခြံကိုလာလှူတာပါ ဒါပေမယ့် ကျွန်တော့်ရဲ့ယခင်ဇနီးမယားကမကျွတ်လွတ်ပဲ အိမ်ကို စွဲနေတဲ့အတွက် ဆရာတော်တို့အတွက် အနှောက်အယှက်ဖြစ်မှာကိုလဲ စိုးရိမ်မိပါတယ်”လို့ပြောတော့ အောင်မြတ်သာက
“အခုလိုလှူဒါန်းပေးတာနဲ့တင်လုံလောက်ပါပြီ ကျန်တဲ့အပိုင်းကို ကျုပ်တို့ဆက်လုပ်ပါ့မယ် အနှောင့်အယှက်တွေအားလုံးကင်းရှင်းသွားတဲ့တစ်နေ့ အိမ်နဲ့မြေရေစက်ချပွဲမှာတော့ သင့်ရဲ့ယခင် ဇနီးမယားနဲ့အတူကုသိုလ်ပြုပေးနိုင်ဖို့ ကျုပ်တို့မျှော်လင့်ပါတယ်”လို့ပြောတော့ မောင်တင်နီ ဘာမှ ပြန်မပြောပဲ နှုတ်ဆိတ်နေခဲ့တယ်။
အောင်မြတ်သာတို့လဲ မောင်တင်နီကို အတင်းအကြပ်တိုက်တွန်းခြင်းမပြုပဲ ရောက်တတ် ရာရာစကားတွေပြောဆိုပြီးတဲ့အချိန်မှာတော့ လယ်ထဲသွားရမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မောင်တင်နီပြန်သွားခဲ့တယ်။ ဆရာတော်ဘုရားနေ့လည်ဆွမ်းဘုန်းပြီးချိန်မှာတော့ လာလှူထားတဲ့ အိမ်ရှိရာကို အောင်မြတ်သာတစ်ယောက်ထဲထွက်လာခဲ့လိုက်တယ်။
ခြံရှေ့ရောက်တော့ ဝါးလုံးတွေနဲ့ကလန့်ထိုးကာထားတဲ့ခြံစည်းရိုးထဲကိုကျော်ဝင်လိုက်ပြီး မောင်တင်နီပေးထားတဲ့ သော့နဲ့အိမ်တံခါးမကြီးကိုဖွင့်လိုက်တဲ့အချိန် လေဝင်လေထွက်မရှိတဲ့ အတွက် ဖုန်တွေအမှိုက်တွေ ပေပွနေတဲ့ အိမ်ဦးခန်းကို ဦးစွာမြင်လိုက်ရတယ်။ဘုရားကျောင်းဆောင် မှာတော့ ခြောက်ကပ်နေတဲ့ ဘုရားပန်းအချို့ကိုသာမြင်တွေ့လိုက်ရပြီး ဆင်းတုတော်တစ်ဆူမှ မရှိတာကိုလဲသတိထားမိခဲ့တယ်။ အောင်မြတ်သာလဲ အိမ်ထဲမှာရှိတဲ့အခန်းတွေကို လိုက်ကြည့်ရာ ကနေ လိပ်ကာအနီရောင်တပ်ထားတဲ့ အခန်းရှေ့ကိုရောက်တော့ အိမ်ခေါင်မိုးထုတ်တန်းပေါ်ကနေ ချိုးချိုးချွတ်ချွတ်အသံကြားလို့မော့ကြည့်လိုက်ရာ ဆံပင်ဖားလျားချပြီး အောင်မြတ်သာကို စိုက်ကြည့် နေတဲ့မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။
အောင်မြတ်သာက ဆံပင်ဖားလျားချထားတဲ့မိန်းမကိုမြင်တော့
“အလှူဒါယကာမကြီး ထုပ်တန်းပေါ်မှာဘာထိုင်လုပ်နေတာလဲ အောက်ကိုဆင်းလာခဲ့ပါဦး” ဆိုပြီးပြောလိုက်တော့ အပေါ်ကနေ အောက်ကိုဘုတ်ခနဲခုန်ဆင်းလာခဲ့တယ်။
“ အခြားလူတွေဆိုရင် ငါ့ကိုတွေ့တာနဲ့ ကြောက်လန့်တစ်ကြားထွက်ပြေးကြတာ နင်က ဘာဖြစ်လို့ မထွက်ပြေးရတာလဲ”
မျက်တွင်းဟောက်ပက်နဲ့ ကမ္မဌာန်းရုပ်ပေါက်နေတဲ့ ညိုမြရဲ့စကားကိုကြားတော့ အောင်မြတ်သာက တည်ကြည်တဲ့မျက်နှာထားနဲ့ကြည့်ပြီး
“သင်ကိုမြင်တော့ အနည်းငယ်မျှသောကြောက်စိတ်တောင်မဖြစ်ခဲ့ပါ ဒါပေမယ့် သင့်ကို သနားတဲ့စိတ်တော့ဝင်ခဲ့မိတယ်”
“ ဘာ ငါကသနားဖို့ကောင်းတယ်ပေါ့လေ နင့်စကားကိုချက်ချင်းပြင်လိုက်စမ်း ဒီအိမ်က ငါ့အိမ် ငါ့မိဘတွေလက်ထက်ထဲက ငါနေလာခဲ့တာ အခုနင်က ငါ့အိမ်ကိုလဲတက်တယ် ငါ့ကိုလဲသနားတဲ့ အကြည့်နဲ့လာကြည့်တယ် ညိုမြဘာကောင်မလဲဆိုတာနင်သိလား”
“ဒီလောက်စိတ်ဒေါသမဖြစ်ပါနဲ့ တကယ်တော့သင်က ဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့တဲ့ အတွက် ဒီအိမ်ကိုသင်မပိုင်တော့ပါဘူး သင့်ရဲ့အတိတ်ဘဝကတော်စပ်ခဲ့ဖူးတဲ့ ခင်ပွန်းရဲ့ခွင့်ပြုချက် ကြောင့် သင်ဆက်နေခွင့်ရနေတာပါ”
“တိတ်စမ်း အဲဒီခွေးကောင်အကြောင်းထည့်မပြောနဲ့ ဒီကောင်က ငါ့ကိုချစ်လှပါချည်ရဲ့ ကြိုက်လှပါချည်ရဲ့ ငါခိုင်းတာအကုန်လုပ်ပေးပါမယ်ဆိုပြီးပြောခဲ့လို့ သူ့ကိုငါလက်ထပ်ခဲ့တာ အခုတော့ ဒီကောင်က နောက်မိန်းမယူဖို့လုပ်နေပြီ အခုလဲ နင်တို့ကိုလိမ်ပြီး အိမ်ကိုရောင်းလိုက်တာ မဟုတ်လား”
“သင့်ထင်မြင်ချက်တွေမှားနေပြီ မောင်တင်နီက ဒီအိမ်ကို ရွာဦးဘုန်းကြီးကျောင်းဆောက်ဖို့ လှူလိုက်တာပါ ဒီနေရာက တစ်ချိန်မှာ ဘာသာသာသနာထွန်းကားမယ့် အောင်မြေတစ်ခု ဖြစ်လာ ခဲ့မှာအသေချာပဲ သင့်ဘဝက အခုလို လောဘ၊ ဒေါသ၊ မောဟတွေနဲ့ဆက်သွားနေမယ်ဆိုရင် အပါယ် လေးဘုံမှာပဲကျင်လည်ရလိမ့်မယ် ဒါကြောင့် တွယ်ညိနေတဲ့ ကိလေသာစိတ်တွေကို ယတိပြတ် ဖြတ်ချပြီး လွတ်လပ်တဲ့ဘဝကိုသွားပါ”
အောင်မြတ်သာစကားကြောင့် ညိုမြက မျက်နှာကိုလက်ဝါးနဲ့အုပ်ကာ ရှိုက်ကြီးတငင် ငိုကျွေးလိုက်ပြီး
“ငါကတော့သူ့ကိုချစ်လိုက်ရတာသူက ငါသေပြီးလို့မှမကြာသေးဘူး နောက်မိန်းမယူဖို့အတွက် ငါ့ကိုပစ်သွားခဲ့တယ် ညိုမြ ညိုမြ နင့်ကိုချစ်လှပါချည်ရဲ့ဆိုတဲ့သူက အခုတော့ နင့်အနားကိုတောင် တစ်ချက်မပေါ်လာတော့ဘူး နင်အတော်မိုက်တာပဲ”လို့ပြောကာ အိမ်နံရံနဲ့ခေါင်းကို ဆောင့်ပါလေရော။
အောင်မြတ်သာလဲ သူ့စိတ်ကျေနပ်တဲ့ထိ စောင့်နေခဲ့ပြီး စိတ်ပြေသွားတဲ့အချိန်ရောက်တော့
“ သင့်အစွဲအလမ်းတွေကို ဖြတ်တောက်ဖို့ဆုံးဖြတ်ပီးပီလား ဒါမှမဟုတ် ဒီသံသရာထဲမှာပဲ ဆက်သွားမလား”လို့မေးလိုက်တော့ ညိုမြက ကျနေတဲ့မျက်ရည်တွေကိုသုတ်ပစ်ပြီး
“ဒီလိုသစ္စာမရှိတဲ့လူကို ငါထပ်ပြီးမတွယ်ကပ်တော့ဘူး သူတောင်င့ါကိုမေ့နိုင်သေးတာပဲ ငါကဘာလို့မမေ့နိုင်ရမှာလဲ ဒီအိမ်နဲ့ခြံက ငါ့မိဘဘိုးဘွားတွေပိုင်ခဲ့တဲ့နေရာဖြစ်လို့ လှူမယ်ဆိုရင် ငါ့နာမည်နဲ့ပဲလှူမယ် ရေစက်ချပွဲမှာလဲ ငါ့အတွက်ရေစက်ခွက်တစ်ခွက်ပဲချထားပါ”လို့ပြောပြီး အိမ်ရှေ့တံခါးကနေဆင်းသွားခဲ့တယ်။
အောင်မြတ်သာလဲ ညိုမြပြောသွားတဲ့စကားတွေကို မောင်တင်နီကိုပြန်ပြောပြတော့ “သူ့ သဘောတိုင်းလုပ်ပေးလိုက်ပါ”ဆိုပြီး ခွင့်ပြုပေးခဲ့တယ်။ အိမ်နဲ့ခြံရေစက်ချပွဲမှာတော့ ကျောင်းအစ်မကြီး ညိုမြဆိုတဲ့နာမည်ကိုခေါ်ပြီး ရေစက်ချပေးခဲ့တယ်။ ဆရာတော်အမျှဝေတဲ့အချိန် မှာတော့ ရေစက်ခွက်ဘေးမှာလက်အုပ်လေးချီကာ သာဓုခေါ်နေတဲ့ ညိုမြကို အောင်မြတ်သာ မြင်လိုက်ရတယ်။
ဒီကိစ္စတွေဖြစ်ပြီးလအနည်းငယ်ကြာမှာတော့ မောင်တင်နီနဲ့မပန်းဝေတို့လက်ထပ်ခဲ့ကြတယ်။ လက်ထပ်ပြီးလို့တစ်နှစ်လောက်ကြာတော့ မပန်းဝေက ပန်းနှင်းဆီဆိုတဲ့ သမီးလေးတစ်ယောက်ကို မွေးဖွားခဲ့တယ်။ ကလေးမရဘူးတဲ့မောင်တင်နီကတော့ မွေးလာတဲ့သမီးလေးကို တုန်နေအောင် ချစ်ရှာပေမယ့် ကလေးက မောင်တင်နီချီတာနဲ့ တက်မတတ် ချက်မတတ်ငိုပါလေရော။ ကလေးသိတတ်စအရွယ် ရောက်တော့ မောင်တင်နီကိုမြင်တာနဲ့ မျက်စောင်းထိုးကာ
“ဟဲ့ မောင်တင်နီ ငါဘယ်သူလဲနင်သိလား”ဆိုပြီးမေးတော့ မောင်တင်နီရော မပန်းဝေပါ အံ့သြခဲ့ရတယ်။ ပန်းနှင်းဆီအသက်‌‌လေးနှစ်လောက်ရောက်တဲ့အထိ မောင်တင်နီလာရင် မျက်စောင်းထိုးကာ ရန်လိုတဲ့အပြုအမူတွေကြောင့် ရွာဦးကျောင်းဆရာတော်ကိုယ်တိုင် ခေါ်ယူ ဆုံးမရတဲ့ထိဖြစ်လာခဲ့တယ်။ ပန်းနှင်းဆီလေးက ဆရာတော်ကျောင်းရောက်ရင် ကျောင်းအနောက်မှာ ပေါက်နေတဲ့ ဒူးရင်းသြဇာပင်ကိုကြည့်ပြီး
“ဒီအပင်က သမီးစိုက်ခဲ့တာ”လို့ပြောလေ့ရှိတယ်။
ရွာဦးဆရာတော်ကလဲ ပန်းနှင်းဆီကို ဘုရားဒေသနာတော်တွေကို သင်ကြားပေးကာ ဝိပဿနာရှုပုံရှုနည်းကို နည်းစနစ်ကျကျပြသပေးခဲ့တယ်။ တစ်နေ့မှာတော့ ဆရာတော်တရားထိုင် ပြီးလို့နားနေတဲ့အချိန် ယောဂီဝတ်စုံကို သေသပ်စွာဝတ်ထားတဲ့ လူငယ်တစ်ဦးကျောင်းပေါ်ကို တက်လာပြီး
“အရှင်ဘုရား နေကောင်းကျန်းမာပါရဲ့လား”လို့မေးတော့ ဆရာတော်က
“ကောင်းပါတယ်ဒကာလေး အခုဘယ်ကနေ လှည့်ဝင်ခဲ့တာလဲ”
“တင်ပါဘုရား တပည့်တော်တို့အခု သင်တိုင်းရွာကိုသွားဖို့ပြင်ဆင်နေရင်း ဆရာတော်ကို ဖူးမျှော်လိုတဲ့စိတ်ဖြစ်လာတဲ့အတွက် လာရောက်ဖူးမျှော်ရခြင်းဖြစ်ပါတယ်”
“အေးကွယ် သင်လဲ မကောင်းသူပယ် ကောင်းသူကယ်ဘဝနဲ့ ဘယ်လောက်ကြာကြာ ဆက်နေရဦးမယ်ဆိုတာမသိပါဘူး ဦးဇင်းကတော့ ဒကာလေးတို့ကို အမြဲမေတ္တာပို့ပါတယ် ဒကာလေး အခုသွားမယ့်နေရာက လောကီကိစ္စတွေအရမ်းရှုပ်ထွေးတဲ့အရပ်ဒေသဖြစ်လို့ အစစအရာရာ သတိထားကြပါ အခုရောက်တုန်းရောက်ခိုက် ဒီပစ္စည်းလေးတစ်ခုပေးလိုက်ပါရ‌စေ”လို့ပြောပြီး အက်ကွဲနေတဲ့ သပိတ်တစ်ပိုင်းကိုပေးခဲ့တယ်။
ဆရာတော်ပေးတဲ့သပိတ်က ဘာတွေအစွမ်းထက်လဲ။ အောင်မြတ်သာကရော သပိတ်ကွဲကို ဘယ်လိုအသုံးချမလဲဆိုတာကိုတော့ အောင်မြတ်သာနှင့်သိမ်ဝင်သပိတ်ကွဲအင်းဆိုတဲ့ဝတ္တုမှာ ဖတ်ရှု ပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)