ရေမျောကမ်းတင်

တပည့်တော် အိမ်ကြီးထဲကို
ချောင်းကြည့်တော့လည်း အထဲမှာ ဘာမှဖြစ်တာ
မတွေ့ရဘူး၊ အသံတွေသာ ထွက်နေတာဘုရား”

စည်တော်ကုန်းဆရာတော်က ငကောင်းပြောတာကို
သေသေချာချာ နားထောင်ပြီး …

“ဒီမှာ အလှူအတန်းလုပ်နေတာကို သူသိရှိလို့မှာပေါ့၊
စားချင် သောက်ချင်တယ်ထင်တယ်၊ ဒီလိုလုပ် ငကောင်း၊
ငှက်ပျောဖက်နဲ့ ထမင်းတွေ ဟင်းတွေ စုံအောင်ထည့်ပြီး
ထုတ်ယူသွားလိုက်၊ အိမ်ထဲကို မဝင်နဲ့၊ ဝိုင်းထဲက
တစ်နေရာမှာကျွေး၊ ကြားလား ငကောင်း”

“တင့်ပါဘုရား”

“မင်းပါးစပ်ကလည်းပြော၊ ဒီအိမ်ထဲက သရဲကြီးဗျာ၊
ဆရာတော့်မေတ္တာနဲ့ ကျွေးမွေးတဲ့ ထမင်းဟင်းတွေကို
စားသောက်ပါဗျာလို့ပြောပြီး ထားပစ်ခဲ့၊ စောင့်ကြည့်မနေနဲ့၊
ကြားလား ငကောင်း”

“တင့်ပါဘုရား”

“ကဲ ဒါဆိုရင် သွားကျွေးလိုက်ပေတော့ ”

ငကောင်းဆိုတဲ့ လူက ဆရာတော်တွေကို ကန်တော့ပြီး
ထသွားတယ်ဗျ။ ကျုပ်တို့ ထနောင်းကုန်းဆရာတော်ရော၊
အနီးအနားရွာတွေက ကြွလာတဲ့ ဆရာတော်တွေရော
တော်တော်ကို စိတ်ဝင်စားသွားကြပုံပဲဗျ။

“ဘယ်လိုဖြစ်တာတုံး ကိုယ်တော်ရဲ့၊ သရဲကို
ထမင်းသွားကျွေးခိုင်းတာလား”

နောက်တော့ စည်တော်ကုန်းရွာ တောင်ဘက်က
ကုက္ကိုခွရွာက ဆရာတော်က ဖွင့်မေးလိုက်တယ်ဗျ။
ဒီတော့မှ စည်တော်ကုန်း ဆရာတော်က ပြောပြတာဗျ။

“ဟုတ်တယ် ကိုယ်တော်၊ အဲဒီအိမ်ထဲမှာ သရဲတစ်ကောင် ရှိတယ်”

“ဟယ် ဘယ်လိုဖြစ်တာတုံး၊နှင်နှက်မထုတ်ကြဘူးလား”

ကျုပ်တို့ ထနောင်းကုန်းဆရာတော်ကလည်း
ဝင်ပြီးမေးတယ် ”

“နှင်ပါပြီလားဗျာ၊ နှင်နေတာကို နှစ်နဲ့ ချီနေပါပြီ။
အဲဒီ အိမ်ဆောက်တဲ့ ဒကာကြီးတောင် မနှစ်ကပဲ
ဆုံးသွားရှာပြီ၊သူ့အိမ်ကြီးကလည်း သူ့စိတ်တိုင်းကျကို
ဆောက်ထားတာ၊ တစ်အိမ်လုံး ကျွန်းချည်းပဲဗျ။
အဲဒီအိမ်ကြီး ပြီးကတည်းက လူကို
တက်မနေနိုင်တာ၊ ခြောက်လိုက်တဲ့ သရဲ၊
ဝုန်းဒိုင်းကို ကြဲနေတာဗျ”

“အို ဖြစ်မှ ဖြစ်ရလေဗျာ၊ အိမ်ရှင်က ခုထိကို
တက်မနေနိုင်တာလား”

“ဟုတ်ပါ့ ကိုယ်တော်၊ ဒီအိမ်ဆောက်ပြီးတာကိုပဲ
ငါးနှစ်ရှိပြီဗျ၊ ဒီဒကာကြီးက ဒီရွာမှာ နောက်တစ်အိမ်
ရှိသေးတယ်၊ အဲဒီ ဝိုင်းကြီးကို သဘောကျလို့
ဝယ်ပြီး သက်သက်ကို အိမ်ဆောက်တာ။
အိမ်ပြီးသွားတော့ ပြောင်းကို မပြောင်းနိုင်ဘူး၊
သူလည်း မနှစ်က ဆုံးသွားပါပြီ အသက်
ခုနှစ်ဆယ်လောက်မှာ ဆုံးတာ”

“ဒါ ဘယ်လိုဖြစ်တာလဲ ကိုယ်တော် ”

သီးပင့်ကုန်းဆရာတော်လည်း အံ့သြပြီး မေးတယ်ဗျ။

“ဟာ ဘယ်လို ဖြစ်တယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူးဗျာ၊
တကယ်လို့ အိမ်ဆောက်တဲ့ သစ်ထဲမှာ သစ်ချောက်၊
ဝါးချောက်များ ပါလာရင်လည်း ကျုပ်တို့ ဆရာတော်သမားတော်တွေ
ရွတ်ကြ ဖတ်ကြ လုပ်ပေးတာနဲ့တင် ပျောက်သွားတာပဲမို့လား။
အိမ်က နည်းတဲ့အိမ်ကြီး မဟုတ်ဘူးဗျ၊ ဆင်ဝင်နှစ်ခု
ထုတ်ပြီး ဆောက်တာ၊ အရှေ့လှေကား အနောက်လှေကားနဲ့ဗျ၊
ကျွန်းတိုင်ကြီးတွေကို သူ့ခမျာ နှစ်နဲ့ချီပြီး စုရတာ။
အိမ်လည်း ပြီးရော အိမ်ပေါ်ကို တက်မရတာ၊
ကျုပ်တို့သွားပြီး ရွတ်ဖတ်ပေးလည်း
မရဘူးဗျ၊ ရွတ်ဖတ်နေတုန်းမှာကို
အပေါ်ထပ်က အသံတွေ ကြားနေရတာ”

“ဘာသံတွေတုံး ကိုယ်တော်”

“ဟာ စားပွဲခုံတွေ လဲကျတဲ့အသံတွေရော၊
ပန်းကန်တွေ အထပ်လိုက် ကျကွဲတဲ့အသံတွေရော၊
ဖန်ပုလင်းတွေ ပေါက်ခွဲတဲ့ အသံတွေရော
စုံနေတာပါပဲဗျာ၊ အဲဒါ အပေါ်ကို ပြေးတက်ပြီး
ကြည့်ရင် ဘာမှကို မရှိဘူးဗျ၊ ဘာမှလည်း
လဲနေတာ၊ ကွဲနေတာ မရှိဘူးဗျ”

“ဟာ တော်တော်ကို ထူးဆန်းပါလား ကိုယ်တော်”

ကျုပ်နဲ့ အဘိုးကြီး လေးငါးယောက်က ဆရာတော်တွေ
ပြောဆိုနေကြတာကို အံ့သြပြီး နားထောင်နေရတာပေါ့ဗျာ။

“ဆရာတွေ ဘာတွေနဲ့ရော လုပ်ကြည့်သေးလားဘုရား”

သီးပင်ကုန်းကိုယ်တော်ကြီးက လျှောက်ပြန်ရောဗျ။

“ဟာ လုပ်ပါ့ဗျာ၊ အဲဒီဒကာကြီး မဆုံးခင်ကဆိုရင်
ဆရာပဲ စုံစမ်းနေတာ ၊ သတင်းကြားတာနဲ့ သွားပင့်တာပဲဗျ၊
ငွေကလည်း ရှိတော့ ဘယ်လောက်ကုန်ကုန်ဆို လုပ်တာပဲဗျ၊
ဆရာတိုင်း လက်လျှော့သွားတာချည်းပါဗျာ”

“ဒါဆို ကိုယ်တော်ပြောတဲ့ အိမ်ကြီးက ဆရာမနိုင်
နှစ်ဆောင်ပြိုင် ဆိုတာလို ဖြစ်နေတော့တာပေါ့ဗျာ”

ကျုပ်တို့ရွာက ဆရာတော်က ပြုံးပြီးပြောလိုက်တယ်ဗျ။
စည်တော်ကုန်းဆရာတော်ကလည်း …

“သိပ်ဟုတ်တာပေါ့ ဦးဂုဏရယ်၊ တကယ့်ကို
ဆရာမနိုင် နှစ်ဆောင်ပြိုင် အိမ်ကြီးဗျ”

ကျုပ်ဆရာတော်က ကျုပ်ကို တစ်ချက်လှမ်းကြည့်တယ်။
ပြီးတော့ စည်တော်ကုန်းဆရာတော်ကို လျှောက်တယ်ဗျ။

“ကိုယ်တော် ဟောဒီသူငယ်က မောင်တာတေလို့
ခေါ်တယ်၊ ဒီသူငယ်ဟာ ငယ်သာ ငယ်တာ။
အတွေ့အကြုံက တော်တော်စုံတာဘုရား၊
ဆရာသမားအမျိုးမျိုးနဲ့ လိုက်ပြီး လေ့လာ
စုံစမ်းဖူးတာ၊ သူ့မှာ အတွေ့အကြုံ တော်တော်ရှိနေပြီ၊
ပြီးတော့ တပည့်တော်ရဲ့ ကျောင်းကို အလွန်
အစွမ်းထက်တဲ့ ရှမ်းဆရာတစ်ယောက်
ရောက်လာပြီး တာတေနဲ့ အတူ အလုပ်တစ်ခု
လုပ်သွားဖူးတယ်၊ အောင်လည်း အောင်မြင်သွားတယ်ဘုရား၊
နောက်တစ်ခုက တာတေမှာ အဲဒီဆရာပေးသွားတဲ့
မျက်ကွင်းဆေးဆိုတာ ရှိတယ်၊ သူ သွားလေရာ
အမြဲယူတတ်ပါတယ်၊ အခုရော ပါတယ်မို့လား တာတေ”

စကားပြောရင်း ထနောင်းကုန်း ဆရာတော်က
ကျုပ်ကို လှည့်မေးရောဗျ။

“တင့်ပါ၊ ပါလာပါတယ်ဘုရား”

“အေး အဲဒီဆေးကို သွေးပြီး မျက်စိကို ကွင်းလိုက်ရင်
နာနာဘာဝတွေ မြင်ရတယ်ဘုရား”

“ဟာ ဟုတ်လား ”

ဆရာတော်တွေရော၊ အဘိုးကြီးတွေပါ တအံ့တသြ
ဖြစ်ကုန်ကြတာပေါ့ဗျာ။ ကျုပ်ကို မျက်လုံးတွေ
အများကြီးက တစ်ပြိုင်တည်း ဝိုင်းကြည့်ကြတာပေါ့ဗျာ၊
ကျုပ်ဖြင့် အနေရခက်လိုက်တာဗျာ မပြောပါနဲ့တော့။

“နို့ ဦးဂုဏရဲ့၊ ဒီသူငယ်က အဲဒီလို မြင်တော့
ဖျောက်ပစ်လို့ကော ရသေးလား”

စည်တော်ကုန်း ဆရာတော်က အလန့်တကြား
အမူအရာနဲ့ မေးတာဗျ။

“ဟာ ရတယ် ကိုယ်တော်၊ ရတယ်၊ သူ့ကို
ဖျက်ဆေးပါ ပေးခဲ့တာ”

“သြော် ဒီလိုလား၊ ဒါဆို ဟန်ကျတာပေါ့ဗျာ၊
ကဲ မောင်တာတေ ဒါဆိုရင် မင်း အဲဒီအိမ်ကြီးထဲကို
ဝင်ပြီး ကြည့်ရဲပါ့မလား ”

“တင့်ပါ၊ ကြည့်ရဲပါတယ် ဘုရား”

“ဘုန်းကြီးပြောတာက ဒီအတိုင်း မဟုတ်ဘူးလေ၊
မင်းရဲ့ဆေးနဲ့ မျက်လုံးကိုကွင်းပြီးတော့ ပြောတာ”

စည်တော်ကုန်းဆရာတော်က ကျုပ်ကို သေသေချာချာ
ကြည့်ပြီး မေးတာဗျ။ ကျုပ်ကို သွားရဲပါ့မလားဆိုပြီး
အကဲခတ်တာလည်း ပါတာပေါ့ဗျာ၊

“တင့်ပါဘုရား၊ တပည့်တော် သွားရဲပါတယ်”

“ဟာ အတော်သတ္တိကောင်းတဲ့ သူငယ်ပဲ၊
ဘုန်းကြီးက ဘာဖြစ်လို့ ဒီလိုမေးရတာလဲဆိုတော့
မောင်တာတေနဲ့ အဖော်ထည့်ပေးလို့ကတော့
ဒီရွာက လူတွေက အိမ်ထဲဝင်ဖို့ မပြောနဲ့၊
ဝိုင်းထဲတောင် မဝင်ရဲကြဘူးကွဲ့၊ ခုနက လာသွားတဲ့
ငကောင်းတစ်ယောက်ပဲ ဝိုင်းထဲဝင်ရဲတာ၊
စောစောက ဘုန်းကြီး ဝိုင်းထဲမှာပဲကျွေး၊
အိမ်ထဲမဝင်နဲ့ဆိုတော့ ဒီကောင်ကို သက်သက်ပြောတာ၊
သူတို့တွေတစ်ယောက်မှ မဝင်ရဲမှန်းသိလို့
တမင်ပြောလိုက်တာကွဲ့”

စည်တော်ကုန်းဆရာတော်က ပြုံးပြီးပြောတယ်ဗျ၊
ကျန်တဲ့ဆရာတော်တွေကလည်း ပြုံးကြတာပေါ့ဗျာ။

“ကဲ ဒါဆိုရင် မောင်တာတေ၊ တကယ်ဝင်ကြည့်မလား”

“တင့်ပါ၊ တပည့်တော် ဒီည ဝင်ကြည့်ပေးပါမယ်ဘုရား”

“ဟေ ဒီည ဟုတ်လား၊ ညဘက်ကြီး ဖြစ်ပါ့မလားကွဲ့၊
ညဆိုရင်တော့ ကျုပ်တို့ရွာသားတွေက အဲဒီအိမ်ရှေ့ကို
တစ်ယောက်တည်း သွားဝံ့တဲ့သူ တစ်ယောက်မှကို
မရှိတာ၊ မောင်တာတေရော ဖြစ်ပါမလား”

“ဒီလိုလုပ်ပေါ့ ကိုယ်တော်ရဲ့၊ ညရောက်တော့
တာတေနဲ့ ကိုယ်တော်နဲ့ သွားကြပေါ့၊ ဒီသရဲက
ကိုယ်တော် ကျွေးမွေးစောင့်ရှောက်ထားတာပဲဟာ၊
ကိုယ်တော့်ကိုတော့ ဘာမှလုပ်မှ မဟုတ်ပါဘူး”

ကုက္ကိုခွ ဆရာတော်က ပြောလိုက်တော့ စည်တော်ကုန်း
ဆရာတော်က …

“ဟာ ကိုယ်တော် မလုပ်နဲ့၊ မလုပ်နဲ့၊ ကျုပ်က ဘုန်းကြီး
ဆိုပေမယ့် သရဲတော့ အားကြီးကြောက်တာဗျ၊
ကိုယ်တော့်ဟာ ကိုယ်တော် မောင်တာတေနဲ့
လိုက်ချင်လိုက်သွား”

လို့ ပြောလိုက်တော့ ဆရာတော်တွေရော၊
ကျုပ်တို့ရော ရယ်လိုက်ကြရတာဗျာ။ ခဏနေတော့
စည်တော်ကုန်းဆရာတော်က သူ့ရှေ့မှာ ချထားတဲ့
ခေါင်းလောင်းလေးကို ကိုင်ပြီး လှုပ်လိုက်တယ်ဗျ။

“ကလင် ကလင် ကလင် ”

ဆိုတဲ့ အသံလည်းမြည်ရော အခန်းထဲက
ဦးပဉ္ဇင်းတစ်ပါး ပြေးထွက်လာတယ်။ ဆရာတော်ကို
ဝတ်ဖြည့်တယ်။

“ဦးသုမန တောင်ပိုင်းသွားပြီး ဒကာကြီး ဦးဆင်ရဲ့
သားဆီက ဟိုအိမ်ကြီးသော့ သွားယူကွာ၊ ဒီသူငယ်
မောင်တာတေက ညကျရင် အဲဒီအိမ်ကြီးထဲကို
ဝင်ပြီး ကြည့်ပေးမလို့ကွ၊ ကြားလား ”

“တင်ပါဘုရား”

ဦးပဉ္ဇင်းက ဆရာတော်ကို ဝတ်ဖြည့်ပြီး
ထွက်သွားတယ်၊ ခဏနေတော့ အလှူတရားပွဲစတယ်။
အလှူလာတဲ့ လူတွေ ဓမ္မာရုံကြီးထဲမှာ တရားနာကြတယ်။
အလှူရှင်တွေက ရေစက်ချ၊ သာဓု အနုမောဒနာ
ခေါ်ကြတယ်ဗျ။ အလှူပြီးတော့ ဗျောခေါက်၊
ကျုပ်တို့အညာဓလေ့ကလေးက အတော်တော့
ချစ်စရာကောင်းသားဗျ။

ကျောင်းဝင်းကြီးထဲမှာတော့ သိမ်းကြဆည်းကြပေါ့ဗျာ။
အိုးတွေ၊ ပန်းကန်တွေဆေးကြ၊ ကျောင်းကြီးပေါ်ကို
စနစ်တကျ ပြန်သိမ်းကြ၊ တစ်ယောက်နဲ့ တစ်ယောက်လည်း
စကြ၊ နောက်ကြနဲ့ပေါ့ဗျာ။

ကျုပ်က ကျောင်းဝင်းကြီးထဲက ဥသျှစ်ပင်ကြီးအောက်မှာ
ထိုင်ပြီး နေ့လယ်က သရဲကို ထမင်းသွားကျွေးတဲ့
ကိုငကောင်းဆိုတဲ့လူနဲ့ စကားပြောနေတာဗျ။

ကိုငကောင်းကလည်း ဒီအိမ်မှာ ခြောက်တဲ့လှန့်တဲ့
အကြောင်းတွေ ကျုပ်ကို ပြန်ပြောပြတယ်ဗျ။

ညကျရင် ကျုပ်အိမ်ကြီးထဲ ဝင်ကြည့်မယ့်
အကြောင်းပေါ့ဗျာ၊ ကိုငကောင်းကလည်း
ဒီအိမ်မှာ ခြောက်တဲ့လှန့်တဲ့အကြောင်းတွေ
ကျုပ်ကို ပြန်ပြောပြတယ်ဗျ။

စကားပြောရင်း ကိုငကောင်းနဲ့ ကျုပ်နဲ့ ခင်မင်
လာကြတာပေါ့ဗျာ၊ သူက ကျုပ်ထက်
အသက်ကြီးတာပေါ့၊ ကျုပ်က သူ့ကို
ကိုငကောင်းလို့ ခေါ်ရတယ်။ သူ့ကတော့
ကျုပ်ကို ရင်းရင်းနှီးနှီးပဲ တာတေလို့ ခေါ်တယ်ဗျ။

ညကျရင် သူပါလိုက်ပြီး အိမ်ကြီးထဲကို
ဝင်မယ်လို့ ပြောတယ်ဗျ။

“ဟာ ကိုငကောင်း ဝင်ရဲလို့လား ”

လို့ ကျုပ်က သူ့ကို မေးတယ်၊ ဒီတော့ ကိုငကောင်းက
ပြောတယ်ဗျ။

“တာတေ ငါက တစ်ယောက်တည်းသာ မသွားဝံ့တာကွ၊
မင်းလို အဖော်ကောင်းလို့ကတော့ သရဲမပြောနဲ့ ၊
သရဲအဘ ရှိတာတောင် ငါမကြောက်ဘူး ”

“ဟား ဟား ဟား ဟား ”

ကျုပ် ကိုငကောင်းကို တော်တော်သဘောကျသွားတယ်ဗျ။
ကိုငကောင်းက ကျုပ်လိုလူမျိုးပဲဆိုတာ သိလိုက်ရတယ်။
ညနေရောက်တော့ စည်တော်ကုန်းဆရာတော်က
စည်တော်ကုန်း ကွမ်းတောင်ကိုင်တွေကို ကျုပ်နဲ့
ကိုငကောင်းကို အလှူဟင်းတွေနဲ့ ကျကျနန
ထမင်းကျွေးခိုင်းတယ်ဗျ။

တိုက်ပွဲထွက်တော့မယ့် စစ်သူရဲတွေလို ဂုဏ်ပြုတဲ့
သဘောလားတော့ မသိပါဘူးဗျာ၊ အပျိုချောတွေက
ဆရာတော်အမိန့်နဲ့ဆိုတော့ ကျုပ်နဲ့ ကိုငကောင်းကို
ဂရုစိုက်လိုက်ကြတာဗျာ။ ကိုငကောင်းကြီးကလည်း
လူပျိုကြီးဗျ။ သဘောတွေ ကျပြီး ပြုံးပြုံး ပြုံးပြုံးနဲ့ပေါ့ဗျာ။

ဒီလိုနဲ့ ကျုပ်တို့နှစ်ယောက် စားသောက်ပြီးတော့
နဂါးဆေးပေါ့လိပ်ကလေးတွေ တစ်ယောက်တစ်လိပ်
ဖွာကြတာပေါ့ဗျာ။ အညာသားစည်းစိမ်က
ဒါပဲထင်ပါရဲ့ဗျာ။

ညကိုးနာရီလောက်ရောက်တော့ စည်တော်ကုန်း
ဆရာတော်ဆီမှာ သော့တောင်းပြီး ဆရာတော်တွေကို
ကန်တော့ကြတယ်၊ ပြီးတော့ ကိုငကောင်းနဲ့ ကျုပ်နဲ့
ရွာထဲကို ထွက်ခဲ့တယ်၊ တောဓလေ့ဆိုတော့
ကိုးနာရီလောက်ဆို အိပ်တဲ့အိမ်က အိပ်ကြပြီပေါ့ဗျာ။

တစ်ရွာလုံး မှောင်နေပြီပေါ့။

ကိုငကောင်းမှာ ဓါတ်မီးပါတယ်။ ကျုပ်ကတော့
ကျောင်းထဲက မထွက်ခင် အခန်းတစ်ခန်းထဲဝင်ပြီး
ဆေးသွေးတဲ့ကျောက်ပြင်ကလေးနဲ့ မျက်ကွင်းဆေး
သွေးပြီး ကွင်းခဲ့တာ၊ ဘယ်သူမှာ မသိလိုက်ဘူးပေါ့ဗျာ။

ရွာလမ်းမှာ လျှောက်ရင်း ဟိုကြည့် ဒီကြည့်လုပ်တော့
ဘာမှ မတွေ့ဘူးဗျာ။ ဒီရွာမှာ နာနာဘာဝတစ်ကောင်
တစ်မြီးတောင် မရှိဘူးထင်တယ်။ အိမ်ဝိုင်းတွေထဲမှာ
စိုက်ထားကြတဲ့ ဆောင်တော်ကူး ပန်းရုံတွေက
ပွင့်နေတဲ့ ပန်းနံ့တွေက ရွာလမ်းတစ်လျှောက်
သင်းပျံ့နေတာပဲဗျာ။

ကိုငကောင်းက စကားသိပ်မပြောတော့ဘူးဗျ။
ကြောက်နေတာတော့ ဟုတ်မယ်မထင်ဘူး။
တစ်ခုခုကို တွေးနေတာပဲ ဖြစ်မယ်ဗျ။
လျှောက်ရင်းသွားရင်းနဲ့ ကျုပ်တို့နှစ်ယောက်
သရဲခြောက်တယ်ဆိုတဲ့ အိမ်ကို ရောက်ပြီဗျို့။

အို ကောင်းလိုက်တဲ့ အိမ်ကြီးဗျာ။ ဆောက်ထားတဲ့
လက်ရာကလည်း တော်တော်ကို ကောင်းတာဗျ။
သေသပ်နေတာပဲ၊ သြော် ဒီအိမ်ရှင်က ဒီအိမ်မှာကို
နေမသွားရတာပါလား။

ဒီအိမ်မှာ ခြောက်တဲ့ သရဲကို ကျုပ်တော်တော်ကို
စိတ်ဝင်စားသွားတယ်ဗျ။အိမ်ဝိုင်းကြီးကလည်း
အကျယ်ကြီးဗျာ၊ ဝိုင်းထဲက သစ်ပင်ကြီးတွေကတော့
လူမနေတာကြာတော့ ပြုပြင်မှု မရှိတဲ့အခါ
ကိုင်းတွေက ရှည်ပြီး ကိုးရိုးကားရားတွေတော့
ဖြစ်နေတာပေါ့ဗျာ။

ခြံစည်းရိုးကိုတောင် သုံးတစ်လက်မတွေနဲ့
ကာထားတာဗျ။ သုတ်ထားတဲ့ရေနံဆိုတာ
ဝနေပြီး နက်စိုနေတာပဲ။

“ကိုငကောင်း ခြံဝင်းသော့ဖွင့်ဗျာ”

ကျုပ်ဆိုတဲ့ကောင်က စိတ်က လွှတ်မြန်တာဗျ။
ဒီသရဲကို ဝင်ပြီးကြည့်ချင်နေပြီ၊ ကိုငကောင်းကလည်း
သော့တွဲကို ထုတ်ပြီး တန်းဖွင့်တော့တာပဲဗျို့။
ဟော ခြံတံခါးပွင့်သွားပြီ။

“ခြံတံခါး ဖွင့်ထားခဲ့ရမလား ”

ကိုငကောင်းက ကျုပ်ကို မေးတယ်။

“ဖွင့်ထားလိုက် ကိုငကောင်း။ ကဲ အိမ်ကြီးအောက်ထပ်ကို
အရင်ဝင်မယ် ”

ကျုပ်စကားဆုံးတာနဲ့ ကိုငကောင်းက အောက်ထပ်
တံခါးကို သော့ဖွင့်ဖို့ သော့ရွေးနေတယ်။

“ဓါတ်မီး ကျုပ်ကို ပေးထား ”

ကိုငကောင်းက ဓါတ်မီးကတစ်ဖက်၊ သော့ကတစ်ဖက်
ဖြစ်နေလို့ ကျုပ်က ဓါတ်မီးကို ယူလိုက်ရတယ်။

ဒီတော့ ကျုပ်က မီးထိုးပြရတာပေါ့ဗျာ။
ပွင့်ပြီ။ အောက်ထပ်တံခါး ပွင့်သွားပြီ။
ကျုပ်တို့နှစ်ယောက် အိမ်ကြီးထဲကို ဝင်လာပြီး
ဓါတ်မီးနဲ့ လိုက်ထိုးကြည့်တယ်။ အိမ်ရှေ့က
စပြီး အိမ်နောက်ဘက်အထိ လိုက်ကြည့်တယ်။
အခန်းတွေတောင် ဖွင့်ပြီးလိုက်ကြည့်တယ်။
ဘာမှမတွေ့ဘူးဗျ။ ကျုပ်က ကိုငကောင်းကို
ကြည့်ပြီး ခေါင်းခါပြလိုက်တယ်။

“ဝုန်း၊ ခွမ်း ၊ ဂွမ်း”

အဲဒီတုန်းမှာပဲ အပေါ်ထပ်က အသံတွေ ထွက်လာရောဗျို့။

“ဟ အောင်မယ်လေး”

ကိုငကောင်း လန့်အော်လိုက်တာဗျ။ ကျုပ်ကတော့
ဒါတွေရိုးနေပြီဆိုတော့ ပါးစပ်က ဘာသံမှ
ထွက်မလာပါဘူး။ ဒါပေမဲ့ တစ်ကိုယ်လုံးတော့
ကြက်သီးတွေ ထသွားတာဗျို့။ ဖျန်းခနဲ ဖျန်းခနဲ
နေတာပဲ။ ကျုပ်က ကိုငကောင်းကို ခေါင်းညိတ်
ပြလိုက်တယ်။

“ဝုန်း၊ ချလွမ်း၊ ဒုန်း ”

စားပွဲတွေ ဘီရိုတွေ လဲပြိုကုန်တဲ့အသံဗျ။
ပြီးတော့ မှန်ချပ်တွေကို ရိုက်ခွဲလိုက်တဲ့ အသံမျိုးဗျ။

“တာတေ ငါပြောတာ၊ အဲဒီအသံတွေလေကွာ၊
ငါ့စိတ်ထင်တော့ ပုဏ္ဏကတိုက်တယ်ဆိုတာ
မျိုးလို့ ထင်တယ်ကွ၊ ဘယ်လိုလဲ မင်း
အပေါ်ကို တက်ကြည့်မှာလား ”

“ဟာ တက်ကြည့်မှာပေါ့ ကိုငကောင်းရဲ့၊
အသံတွေကို ခဏနားထောင်နေတာပါ၊
စားပွဲခုံတွေ လဲကျသွားတဲ့ အသံမျိုးဗျ”

“အေး ဟုတ်တယ်၊ အပေါ်မှာ လဲကျစရာ
ဘာမှမရှိဘူးကွ၊ လူမှ တစ်ခါတောင်
မနေရသေးတာ၊ တစ်အိမ်လုံးမှာ
ဘာပစ္စည်းမှာ ရှိတာ မဟုတ်ဘူး တာတေရ”

“ကဲ ကိုငသောင်း အပေါ်တက်ကြည့်ရအောင် ”

ကျုပ်တို့ အောက်ထပ်က ထွက်ပြီး
သော့ပြန်ပိတ်တယ်။ လှေကားက အပြင်မှာဗျ။
အပြင်က တက်ရတာ။ ကျုပ်က ဓါတ်မီးထိုးပြီး
အပေါ်ထပ်တက်ခဲ့တယ်။ လှေကားဆုံးတော့
ကျွန်းသား တံခါးကြီး ပိတ်ထားတယ်။
ကြေးသော့ခလောက်ကြီး တစ်ခုလုံးလည်း
ခတ်ထားတယ်။ ကိုငသောင်းက
သော့ဖွင့်တယ်။

“ဝုန်း ဝုန်း ဒုန်း ဂလွမ်း ”

ကျုပ်တို့ သော့ဖွင့်နေတုန်းမှာပဲ အသံတွေ
မြည်လာပြန်ရောဗျို့။ ဟော တံခါးကြီးပွင့်သွားပြီ။
အို …ကောင်းလိုက်တဲ့ အိမ်ကြီးဗျာ။ ကြမ်းတွေများ
ပြောင်လက်နေတာဗျ။ လျှာထိုးတွေမှ ကောင်းလိုက်တာဗျာ။
ကျုပ်က အိမ်ကြီးထဲကို ဝင်လာရင်း ဓါတ်မီးနဲ့
လျှောက်ထိုးတယ်။

ဟိုက် တွေ့ပြီဗျို့၊ တွေ့ပြီ၊ ရှေ့ကို ဆက်လျှောက်မလို့
လုပ်နေတဲ့ ဟိုငသောင်းကို ကျုပ် လှမ်းဆွဲထားလိုက်တယ်။
ကိုငသောင်းကလည်း ကျုပ်အရိပ်အကဲကို ကြည့်ပြီး
သဘောပေါက်သွားပုံဗျ၊ လေသံခပ်အုပ်အုပ်
လုပ်ပြီး ကျုပ်ကို မေးတယ်၊

“တွေ့ပြီလား တာတေ”

ကျုပ်က ပါးစပ်နဲ့ မဖြေဘဲ ခေါင်းညိတ်ပြလိုက်တယ်၊
နည်းတဲ့အကောင်ကြီး မဟုတ်ဘူးဗျို့၊ တစ်ကိုယ်လုံးမှာ
မည်းနက်နေတဲ့ အမွေးတွေ ဖုံးနေတယ်၊ အရပ်က ကိုးပေ၊
ဆယ်ပေတော့ သေချာပေါက် ရှိမှာဗျ။ ခေါင်းကလည်း
တော်တော်ကြီးတယ်ဗျ။

မျက်လုံးပြူးပြူး၊ ပါးစပ်ကြီးပြဲပြဲနဲ့ဗျ။ ဟာ ခေါင်းမှာ
ဆံပင်ကို သျှောင်တစောင်းထုံးထားပါလား။
ဘယ်လိုသရဲပါလိမ့်။ ဟာ နားထင်မှာလည်း
အပေါက်ကြီးနဲ့ပါလား။

ကျုပ်တို့ကို စိုက်ကြည့်နေတယ်ဗျ။ ထူးခြားနေတာက
တခြားမဟုတ်ဘူး။ အိမ်ကြီးရဲ့ ဥယျာဉ်တိုင်း
ကျွန်းလုံးကြီးကို ဖက်ထားတာဗျ။ တစ်ချက်မှကို
မလွှတ်ဘူး၊ ကျုပ်တို့ကိုလည်း ကြည့်ရုံကြည့်နေတာ။
တိုင်ကို ဖက်လျက်သားကြီးနဲ့ ကြည့်နေတာဗျ။

ဟော ဟော ခြေထောက်ကြီးတစ်ဖက် မြှောက်လိုက်ပြီ၊
ဘာလုပ်မလို့ပါလိမ့်၊ ဟာ ကြမ်းပြင်ကို ဖနောင့်နဲ့
ပေါက်လိုက်တာဗျို့။

“ဒုန်း ဝုန်း ချလွမ်း ဂွမ်း ဂွမ်း ”

ကိုငသောင်းကတော့ ဒါတွေကို မမြင်ရသေးလေ။
ကျုပ်က မျက်ကွင်းဆေးကွင်းထားလို့ မြင်နေရတာ။
အသံတွေ ထွက်လာတော့မှ ကိုငကောင်းက
ကြားရတာလေ။

“ဟဲ့ ခွေးမသား၊ ဟာ လန့်လိုက်တာကွာ”

“သြော် ဒီလိုကိုး ”

လို့ ကျုပ်က ပြောလိုက်တော့ ကိုငသောင်းက
ကျုပ်ကို လှည့်ကြည့်ပြီး မေးတယ်။

“ဘာဖြစ်လို့တုံး တာတေ”

“သူခြေထောက်ကြီးနဲ့ ကြမ်းပြင်ကို ဆောင့်နင်းလိုက်တာဗျ။
အဲဒီအသံတွေ ထွက်လာတာပဲဗျ။ ဟော ဟော
နင်းတော့မယ်၊ နင်းတော့မယ်၊ နင်းပြီ”

“ဒုန်း၊ ဝုန်း၊ ဂလွမ်း၊ ဂလွမ်း၊ ချွမ်”

“သြော် ဒီလိုကိုး၊ သူဆောင့်နင်းတိုင်း အသံတွေ
မြည်နေတာပဲကိုး။ တော်တော်ကြီးလားကွ တာတေ”

‘ဆရာတော်ကျောင်း တောင်ဘက်က ထန်းပင် သိတယ်မို့လား”

“အေး”

“အဲဒီအပင်လောက်မြင့်တယ်၊ ထူးဆန်းနေတာက
ဒီသရဲက ကျွန်းတိုင်ကြီးကိုဖက်ပြီး မတ်တတ်ကြီး
ရပ်နေတာဗျ၊ လက်ကို တစ်ချက်မှ မလွှတ်ဘူးဗျ။
ပြီးတော့ အဝတ်အစား မရှိဘူး၊ တစ်ကိုယ်လုံး
အမွေးတွေ ဖုံးနေတယ်၊ နက်မှောင်နေတာပဲဗျ။
ဒါပေမဲ့ ကိုငသောင်းရေ ခေါင်းမှာတော့ ခင်ဗျားတို့
ကျုပ်တို့လို ဆံပင်နဲ့ဗျ။ သျှောင်တစ်စောင်းနဲ့ဗျို့။
အကျအနကို ထုံးထားတာ။ ဒါပေမဲ့ ခေါင်းမှာ
အပေါက်ကြီးနဲ့ဗျ”

“ဟေ ဟုတ်လား”

“ဟော ဟော ခြေထောက်ကြီး မြောက်တက်လာပြန်ပြီဗျို့။
နင်းတော့မယ်၊ နင်းတော့မယ်၊ နင်းပြီ”

“ဝုန်း၊ ဒုန်း၊ ဂလွမ်း၊ ချလွမ်း”

“အောင်မယ်လေးကွာ၊ နားကို စူးသွားတာပဲ
တာတေရာ”

“အေးဗျာ၊ ဒီသရဲကြီး ခြေထောက်တစ်ချက်
ဆောင့်လိုက်တိုင်း ဒီလိုအသံမျိုးတွေ မြည်နေတာ
အံ့သြပါရဲ့ ကိုငကောင်းရဲ့ ”

“အေးလေ၊ အခု ဘာလုပ်နေတုံး”

“ဒီအတိုင်းပဲဗျ၊ အဲဒီကျွန်းတိုင်ကြီး ဖက်ထားတာပဲဗျ၊
ကျုပ်တို့ကိုတော့ ကြည့်နေတာပဲဗျို့”

“ကိုငကောင်း ဒါကြီး ရွာထဲဝင်လာပြီး မွှေရင်တော့
ခင်ဗျားတို့ရွာ မလွယ်ဘူးဗျို့”

“အေးကွာ တာတေရာ၊ ငါ မမြင်ရပေမယ့်
မင်းပြောတာနဲ့တင် ကြက်သီးတွေ ထနေတာကွ”

“ဒါပေမဲ့ ရွာထဲတော့ လာမယ်မတင်ဘူးဗျ။
ကျွန်းတိုင်ကြီးကိုပဲ ဖက်ပြီး မတ်တတ်ကြီး
ရပ်နေတာဗျ၊ ဒါ အကြောင်းတော့ ရှိလိမ့်မယ်ထင်တယ်”

“ကဲ တို့ ဘာလုပ်ကြမလဲ တာတေ’

“ဟာ ဘာလုပ်လို့ ရမှာတုံးဗျ။ ပြန်ကြရုံပဲ
ရှိတာပေါ့ဗျာ”

“ဒါဆိုလည်း သွားကြစို့ဟေ့ ”

“ကိုငကောင်း ရှေ့ကဆင်း၊ ကျုပ် နောက်ကလိုက်မယ်”

ကိုငကောင်းက လှေကားကဆင်းတယ်။ ကျုပ်က
နောက်က လိုက်လာရင်း သရဲကြီးကို ဓါတ်မီးနဲ့
တစ်ချက်ထိုးကြည့်တယ်။

“ဟာ ခြေထောက်ကြီး မြောက်ပြန်ပြီဗျို့”

“ဝုန်း၊ ဒုန်း၊ ဂလွမ်း၊ ဂလွမ်း၊ ချလွမ်”

အိမ်ကြီးတစ်အိမ်လုံးကို ဆူညံသွားတာပါပဲဗျာ။
အိမ်ပေါ်ထပ်တံခါးကို ပြန်ပိတ်တယ်။
သော့ခလောက်ကြီးခတ်ပြီး ကျုပ်တို့နှစ်ယောက်လုံး
ဆင်းလာတယ်။

“ဝုန်း၊ ဒုန်း၊ချလွင်၊ ချလွင်၊ ဂလွမ်၊ ဂလွမ်”

ဆိုတဲ့အသံကြီးကို နောက်တစ်ချက် ထပ်ပြီး
ကြားလိုက်ရတယ်။ခြံတံခါးကို သေသေချာချာ
ပိတ်ပြီး ကျုပ်တို့ ပြန်လာတယ်။ လမ်းမှာ ကိုငကောင်းက
ဓါတ်မီးနဲ့ နောက်ကို မကြာမကြာ ထိုးကြည့်တယ်ဗျ။

ကြည့်ရတာတော့ သူ့ နောက်ကို သိပ်မလုံဘူး
ထင်တယ်။ ဒါတောင် ကိုငကောင်းက ကျုပ်လို
ဒီသရဲကြီးကို မြင်ရတာ မဟုတ်ဘူးနော်၊
မြင်သာ မြင်ရရင် မလွယ်ဘူး။

ကျုပ်တို့ စည်တော်ကုန်းကျောင်းကို ပြန်ရောက်တော့
ည ၁၁ နာရီတောင် ထိုးပြီဗျ။ ကျုပ်က မျက်ကွင်းဆေးကို
ဖျက်ဆေးလိမ်းပြီး ဖျက်လိုက်တယ်။ ဆရာတော်တွေက
ခုထိ မကျိန်းသေးဘူးဗျ။ ကျုပ်တို့ကို ထိုင်ပြီး
စောင့်နေကြတယ်။

ကျုပ်တို့နှစ်ယောက် ဆရာတော်တွေကို ဝတ်ဖြည့်
ပြီးတော့ မေးရောဗျို့။

“ဘယ့်နှယ်တုံးကွ၊ မောင်တာတေရဲ့။ ဘာမြင်ခဲ့တုံး”

စည်တော်ကုန်းဆရာတော်က မေးသဗျ။
ကျန်တဲ့ကိုယ်တော်ကြီးတွေကလည်း
ကျုပ်စကားကို စောင့်နေကြတာပေါ့ဗျာ။

“တင့်ပါဘုရား။ သရဲကြီးတစ်ကောင်ကို တွေ့ခဲ့ပါတယ်”

“ဟေ သရဲကြီး ဟုတ်လား”

စည်တော်ကုန်းဆရာတော်က ကုက္ကိုခွဆရာတော်နားကို
တိုးကပ်လိုက်တယ်ဗျ။

“ဟာ ကိုယ်တော်နှယ့် ဟိုက ပြောတောင် မပြောရသေးဘူး၊
ကြောက်တာက အရင်ပဲ ”

“ဟား း ဟား ဟား ဟား ”

ကျန်တဲ့ကိုယ်တော်တွေကလည်း ရယ်ကြတာပေါ့ဗျာ။
ဒီကိုယ်တော်ကြီးတွေက ငယ်ငယ်ကတည်းက မန္တလေးတို့၊
ပခုက္ကူမှာ စာအတူတူလိုက်ခဲ့ကြတဲ့ ငယ်သူငယ်ချင်းတွေကိုဗျ။
တစ်ပါးနဲ့ တစ်ပါးတွေ့ရင် အမြဲတမ်း စကြ , နောက်ကြ
နေကြတာ။ သက်တော်တွေကသာ ခြောက်ဆယ်ကျော်၊
ခုနှစ်ဆယ်ကျော်နေပေမယ့် ခင်ခင်မင်မင်ပဲ ရှိကြတာဗျ။

စည်တော်ကုန်းဆရာတော်က ကုက္ကိခွဆရာတော်နားကို
တိုးကပ်လိုက်တယ်ဗျ၊

“ဟာ …ကိုယ်တော့်နှယ် ဟိုက ပြောတောင် မပြောရသေးဘူး၊
ကြောက်တာက အရင်ပဲ ”

“ဟား ဟား ဟား ဟား ”

ကျန်တဲ့ကိုယ်တော်တွေကလည်း ရယ်ကြတာပေါ့ဗျာ။
ဒီကိုယ်တော်ကြီးတွေက ငယ်ငယ်ကတည်းက
မန္တလေးတို့၊ ပခုက္ကူတို့မှာ စာအတူတူလိုက်ခဲ့ကြတဲ့
ငယ်သူငယ်ချင်းတွေကိုဗျ၊ တစ်ပါးနဲ့တစ်ပါးတွေ့ရင်
အမြဲတမ်း စကြ၊ နောက်ကြ၊ နေကြတာ။
သက်တော်တွေကသာ ခြောက်ဆယ်ကျော်၊
ခုနှစ်ဆယ်ကျော်၊ ခုနှစ်ဆယ်ကျော်နေပေမယ့်
ခင်ခင်မင်မင်ပဲ ရှိကြတာဗျ။

“ပြောပါဦး တာတေရဲ့ ”

ကျုပ်ဆရာတော် ဦးဂုဏက မေးတယ်၊
ကျုပ်က မြင်ခဲ့တာတွေ လျှောက်ရတာပေါ့ဗျာ။

“သရဲက ယောင်္ကျားကြီးဘုရား၊ အရပ်ကြီးက
ဆယ်ပေလောက်ရှိတယ်။ကိုယ်လုံးကလည်း
အကြီးကြီးပဲဘုရား၊ အဝတ်အစားတွေ မရှိဘူး၊
တစ်ကိုယ်လုံး မည်းနက်နေတဲ့ အမွေးအမျှင်တွေ
ဖုံးနေတယ်၊ ခေါင်းမှာတော့ လူတွေလို ဆံပင်နဲ့ဘုရား၊
သျှောင်တစ်စောင်းကို ကျကျနန ကျစ်ကျစ်ပါအောင်
ထုံးထားတာ၊ အဲဒီခေါင်းမှာ အပေါက်ကြီး
တစ်ပေါက်လည်း ပေါက်နေတယ်ဘုရား”

“ဟေ ကြောက်စရာ အကောင်ကြီးပါလားဟ
တာတေရ၊ မင်း ဒါကြီးကို မြင်နေရတာတောင်
မကြောက်ဖူးလားကွ”

“တပည့်တော်က ဒါမျိုးတွေကို မကြာ မကြာ
မြင်နေကျမို့ သိပ်တော့ မကြောက်တော့ပါဘူးဘုရား”

ကျုပ်က ပြန်ပြီး လျှောက်လိုက်တော့ သီးပင်ကုန်း
ဆရာတော်က ပြောတယ်ဗျ။

“နို့ မောင်တာတေရဲ့ ၊ ဒီသရဲကြီးက အဲဒီအိမ်ကြီးထဲမယ်
ဘာလုပ်နေတာတုံး၊ မင်းတို့ ဝင်လာတော့ ရန်မမူဘူးလား”

“တင့်ပါ့ဘုရား၊ ဥယျာဉ်တိုင် ကျွန်းလုံးကြီးကို
မတ်တတ်ရပ်ကြီး ဖက်ထားတယ်ဘုရား”

“ဟေ ဟုတ်လား၊ တိုင်လုံးကြီးကို ဖက်ထားတယ် ဟုတ်လား ”

“တင့်ပါဘုရား”

“မင်းနဲ့ ငကောင်းကိုမြင်တော့ ဖက်ထားရာကနေ
ထပြုပြီး မလိုက်ဘူးလားကွ ”

“မလိုက်ပါဘူးဘုရား၊ တပည့်တော် စိတ်ထင်တော့
အဲဒီတိုင်ကို ဖက်ထားတဲ့ လက်တွေက ဖြုတ်လို့မရဘူး
ထင်တယ်ဘုရား”

“ဟေ ဟုတ်လား၊ ဒါ ဘာသဘောတုံးကွဲ့ ”

စည်တော်ကုန်းဆရာတော်က ပြောရင်း စဉ်းစားတယ်ဗျ။

“နို့ နေပါဦး မောင်တာတေရဲ့၊ ပစ္စည်းတွေ လဲပြိုကျတဲ့
အသံတွေ ကြားကြားနေရတာက ဘာဖြစ်တာတုံး”

“အိမ်ကြီးထဲမှာ ဘာပစ္စည်းမှကို မရှိတာဘုရား၊
အဲဒီသရဲကြီးက ခြေထောက်ကြီးမြှောက်ပြီး
ကြမ်းပြင်ကို ဆောင့်နင်းလိုက်တိုင်း အဲဒီအသံကြီး
မြည်တော့တာပဲဘုရား၊ ဝုန်း၊ ဒိုင်း၊ ဂလွမ်း၊
ဂလွမ်း၊ ချလွင်နဲ့ မြည်သွားတာဘုရား၊
ဘာပစ္စည်းမှ လဲတာ၊ ကွဲတာ၊ မရှိဘဲကို
မြည်သွားတာ”

“တပည့်တော်ဆိုတာ တာတေက
ကြိုပြောထားတာတောင်မှ အဲဒီအသံကြီး
မြည်သွားတိုင်း တုန်ကို သွားတာဘုရား”

ကိုငကောင်းက ဝင်ပြောတယ်ဗျ၊ ဆရာတော်တွေ
ငြိမ်ပြီး တွေးနေကြတယ်၊ ခဏကြာမှ စည်တော်ကုန်း
ဆရာတော်ကြီးက …

“ကျမ်းဂန်စာပေတွေအရ ဆိုရင်တော့ ဒီသရဲကြီးဟာ
အကုသိုလ် တော်တော်များခဲ့လို့ ဒီဘဝကို ရောက်လာရတဲ့
ပုံပဲဗျ၊ တစ်ကိုယ်လုံးမှာလည်း မည်းနက်တဲ့
အမွေးတွေ ဖုံးနေတာဆိုတော့ တော်တော်ကို
မကောင်းတဲ့ပုံပဲ၊ ပြီးတော့ တိုင်ကြီးကို ဖက်ပြီး
နေရတယ်ဆိုတော့ ကျိန်စာတစ်ခုခုကြောင့်များလား၊
ဒီဝဋ်ကြွေးကြီးကို ခံစားနေရတာ၊ ဘယ်လောက်တောင်
ကြာခဲ့ပြီလည်း မသိဘူး၊ သြော် အကုသိုလ်များ
တယ်လည်း ကြောက်ဖို့ကောင်းတာပါလားဗျာ”

ဆရာတော်ကြီးရဲ့ သံဝေဂအတွေးကို ကျန်တဲ့
ဆရာတော်တွေက ငြိမ်ပြီး နားထောင်နေကြတယ်၊
ခဏကြာတော့မှ ကုက္ကိုခွရွာ ဆရာတော်က ပြောတယ်။

“ကျုပ်ဖြင့် ဒီသရဲကြီးကို သူခံနေရတဲ့ ဝဋ်ကြွေးကနေ
လွတ်မြောက်စေချင်လိုက်တာ ကိုယ်တော်တို့ရာ”

“ဟုတ်ပါ့ဗျာ၊ ကျုပ်တို့လည်း တွေးပြီး စိတ်မကောင်း
ဖြစ်နေတာပါ။ ဒါကို ဘယ့်နှယ်လုပ်ရပါ့မလဲလို့
စဉ်းစားနေတာပါ ”

ဆရာတော်တွေဟာ ဒီသတ္တဝါကြီးအတွက်
တော်တော်ကို စိတ်မကောင်းဖြစ်သွားကြပုံပဲဗျ။

“အရှင်ဘုရားတို့၊ ဒီသရဲကြီးကို လွတ်မြောက်
စေလိုတယ်ဆိုရင် တပည့်တော်
ကြံစည်ကြည့်ချင်ပါတယ်ဘုရား”

လို့ ကျုပ်က ဆရာတော်တွေကို လျှောက်တင်လိုက်တယ်။

“ဟေ မောင်တာတေရေ၊ ကြံစမ်းပါဦးကွယ်၊
မင်းဆရာတော်က မင်းအကြောင်းတွေ
တော်တော်များများ ပြောနေတာကွဲ့၊
မင်းမှာ အတွေ့အကြုံ တော်တော်စုံတယ်ဆို၊
ကြံစည်စမ်းပါဦးကွယ် ”

“တင့်ပါဘုရား၊ ဒါဆို မနက်ဖြန် တပည့်တော်
စီစဉ်လိုက်ပါမယ်ဘုရား”

ကျုပ်က ပြောပြီး ကျုပ် ဆရာတော်ကို တစ်ချက်
လှမ်းကြည့်လိုက်တယ်။ အလှူက ပြီးပြီဆိုတော့
ဆရာတော် ပြန်ကြွချင်ပြီလားလို့ပေါ့ဗျာ။

“ဒီကိစ္စပြီးမှ ဘုန်းကြီးတို့ ပြန်ကြတာပေါ့
တာတေရာ၊ မင်းကိစ္စ ပြီးအောင်သာ လုပ်ပါကွ”

လို့ ကျုပ်ဆရာတော်က မိန့်တယ်ဗျ။
ကျန်တဲ့ကိုယ်တော်တွေကလည်း ပြန်မကြွဘူးတဲ့ဗျ။
ဒီကိစ္စပြီးမှ ပြန်မှာတဲ့။

“ဒါဆိုရင် တစ်ခုတော့ လုပ်စေချင်တယ်ဘုရား”

“အေး ပြော၊ မောင်တာတေ ပြော၊ ဘာလိုလဲ၊
ဘာလုပ်ပေးရမလဲသာပြော၊ ကျုပ် အိမ်ရှင်တွေကို
အခုချက်ချင်း ခေါ်ခိုင်းမယ်။လိုတာ အားလုံး
လုပ်ပေးမယ်၊ သူတို့ကလည်း အိမ်ကြီးပြီး
ကတည်းက အိမ်ထဲတောင် မဝင်ရဲကြလို့
စိတ်ညစ်သွားကြတာ၊ ဒီလိုလုပ်ပေးမယ့်သူ
ရှိလို့ကတော့ မင်းကို ငွေတွေတောင် ပုံပေးလိုက်ဦးမယ်”

“တပည့်တော် အိမ်ရှင်တွေနဲ့ တွေ့ပြီး ဒီအကြောင်းကို
ပြောပြချင်တယ်၊ ပြီးတော့ သူတို့အိမ်ထဲဝင်ပြီး
လုပ်ရကိုင်ရမဲ့ ကိစ္စတွေကို သူတို့ ခွင့်ပြု
စေချင်ပါတယ်ဘုရား”

“သြော် အေး အေး။ ဟုတ်တာပေါ့ကွယ်၊
စည်းဆိုတာ ရှိတာပေါ့၊ ဟုတ်ပြီ၊ ဟုတ်ပြီ၊
မနက်စောစော ဘုန်းကြီး သူတို့ကို ခေါ်ခိုင်းမယ်”

အဲဒီညက ကိုငကောင်းကလည်း ကျောင်းမှာပဲ
ကျုပ်နဲ့ အတူတူ အိပ်တယ်ဗျ၊ မနက်ကျတော့
ကျုပ်တို့နှစ်ယောက်လုံး မနိုးတော့ကြဘဲ
အိပ်ပျော်နေလိုက်တာ၊ စည်တော်ကုန်းကျောင်းက
ဘုန်းကြီးကျောင်းသားလေး လာနှိုးမှ နိုးတာဗျို့။

ကျုပ်တို့ အိပ်ရာထပြီး မျက်နှာသစ်ပြုပြီးလို့
ဆရာတော်တွေဆီကို လာခဲ့ကြတယ်။
ဆရာတော်ရှေ့မှာ လူလေးငါးယောက်
ရောက်လာနေကြတယ်ဗျ။ ကျုပ်ကို
ဝိုင်းကြည့်နေကြတယ်။

“အဲဒါ တာတေပဲဗျ၊ လူကောင်ကလေး သေးသေးလေးဆိုပြီး
အထင်တော့ မသေးနဲ့နော်၊ သတ္တိရှိလိုက်တာမှ ပြောမနေနဲ့ ”

သူတို့လာတာ ယောင်္ကျားသုံးယောက်၊ မိန်းမနှစ်ယောက်ဗျ။
ကျုပ်ကို အားလုံးပြုံးပြီး နှုတ်ဆက်ကြပါတယ်။
ကျုပ်အကြောင်းကိုတော့ ဆရာတော် ပြောပြလို့
သူတို့အားလုံး သိနေပုံပါပဲ။

“ကဲ မောင်တာတေ ပြောစရာရှိတာ ပြောပေတော့။
ဒါ ကွယ်လွန်သွားတဲ့ ဒကာကြီး ဦးဆင်ရဲ့ သားသမီးတွေပဲကွဲ့၊
မောင်တာတေ လိုတာပြောပေတော့ ”

ကျုပ်က မနေ့က ညက ကျုပ်မြင်ခဲ့တဲ့ အနေအထားတွေ၊
ပြီးတော့ ဒီည ကျုပ် ဒီကိစ္စကို ရှင်းပေးမယ့်အကြောင်းနဲ့
ကျုပ်ကို အမဲသားနှစ်ပိဿလောက် ဟင်းချက်ပေးဖို့၊
ထမင်းလည်း လေးလုံးချက်လောက် တစ်အိုးချက်ပြီး
ညနေ နေမဝင်ခင် ဒီကိုလာပို့ဖို့ ပြောလိုက်တယ်။

ပြီးတော့ နတ်ဝင်သည်တစ်ယောက်ပေါ့ဗျာ။
သူတို့မောင်နှမတွေကလည်း ကျုပ်ကို
ဝမ်းသာအားရနဲ့ အားကိုးကြပါတယ်ဗျာ။
အခုချက်ချင်း အိမ်ပြန်ပြီး လိုတာတွေ အချိန်မီအောင်
လုပ်ပေးမယ်လို့ ပြောတယ်ဗျ။

ဆရာတော်ကလည်း တော်တော်ကို စိတ်ဝင်စားနေကြတာဗျို့။
စည်တော်ကုန်းဆရာတော်က ပြောတယ်။

“ကျုပ်ဗျာ ညကျရင် မောင်တာတေနဲ့ လိုက်သွားပြီး
ကြည့်ချင်လိုက်တာဗျာ”

“ဟာ လိုက်သွားပေါ့ ကိုယ်တော်ရဲ့၊ဗဟုသုတလည်း ရတာပေါ့”

လို့ သီးပင်ကုန်းဆရာတော်ကြီးက ပြန်ပြောတယ်ဗျ။

“မလိုက်ရဲလို့ပေါ့ ကိုယ်တော်ရယ်၊ ဒီလိုလုပ်ဗျာ၊
ကုက္ကိုခွ၊ မင်း မောင်တာတေနဲ့ လိုက်သွား၊
မင်းက ပရိတ်ရွတ်တာ အားကြီးစွမ်းတယ်လို့
ကျုပ်ကြားဖူးတယ် ”

“ဒီတော့ ကုက္ကိုခွရွာ ဆရာတော်က ပြုံးပြီး
ပြန်ပြောတယ်ဗျ။

“ကိုယ်တော်ကမှ မောင်တာတေနဲ့ လိုက်သွားဖို့
စိတ်ကူးရဲသေးတာ၊ တပည့်တော်က အဲဒီလိုကို
စိတ်ကူးရဲဖို့ ငြိမ်နေတာဘုရား”

“ဟား ဟား ဟား ဟား ”

ဆရာတော်တွေ ဝိုင်းရယ်ကြတယ်ဗျ။
ကျုပ်တို့လည်း ရယ်မိတာပေါ့ဗျာ။
အဲဒီနေ့က ကျုပ် တစ်နေ့လုံး ပုတီးစိပ်တယ်။
အဲဒီသရဲကို ရည်စူးပြီး မေတ္တာပို့တယ်။
မဖဲဝါကို မေတ္တာပို့တယ်။

ညနေ လေးနာရီလောက်ကျတော့ အိမ်ရှင်
မောင်နှမတွေက ကျုပ်မှာထားတဲ့အတိုင်း
အမဲသားဟင်းအိုးနဲ့၊ ထမင်းအိုးကို လှည်းနဲ့
တင်လာပြီး လာပို့တယ်ဗျ။ကျုပ်နဲ့ ကိုငကောင်းက
ကျောင်းဝိုင်းထဲက ငှက်ပျောပင်မှာ
ငှက်ပျောဖက်ကြီးကြီးတွေ သုံးလေးရွက်
ခုတ်ပြီး ကျကျနန ရေဆေးပြီး
အခြောက်ခံထားလိုက်တယ်

ညနေစောင်းတော့ ဆရာတော်တွေက
ကျုပ်နဲ့ ကိုငကောင်းကိုခေါ်ပြီး ညနေစာကျွေးတယ်။
ရွာထဲက ပို့တဲ့ဟင်းတွေမှ ကောင်းလိုက်တာဗျာ။

ကျုပ်တို့နှစ်ယောက်လည်း ထမင်းတဝကြိတ်ပြီး
ကျောင်းကြီးပေါ်တက်တဲ့ အုတ်လှေကားမှာ
အကျအနထိုင်ပြီး နဂါးဆေးပေါ့လိပ် တစ်ယောက်
တစ်လိပ်သောက်ပြီး ဇိမ့်ယူနေတာပေါ့ဗျာ။

ကိုငကောင်း ဆိုတဲ့လူက လွှတ်ခင်တတ်တာဗျ။
ကျုပ်ကို ခုမှသိပေမယ့် ငယ်ပေါင်းတစ်ယောက်လိုကို
ခင်တာပါဗျာ။ မှောင်ရီသမ်းတာနဲ့ ကျောင်းဝိုင်းထဲကို
လှည်းတစ်စီး ဝင်လာတယ်။ ကျုပ် မှာထားတဲ့
နတ်ဝင်သည်ကို ခေါ်လာတာဗျ။

ကျုပ်တို့ ကျောင်းအောက်ထပ်မှာပဲ စကားပြောကြတယ်
နတ်ဝင်သည်ကို ဟိုဘက်ရွာက သွားခေါ်ရတာတဲ့ဗျ။
စည်တော်ကုန်းနဲ့ ငါးမိုင်လောက်ဝေးတဲ့ ဖန်ခါးပင်ရွာတဲ့။
နာမည်က ဒေါ်တုတ်တဲ့။ ဒေါ်တုတ်က အနောက်
ရွာသွားပြီး နတ်တင်ပေးနေလို့ စောင့်နေတာဆိုပဲ။

“ဒေါ်တုတ် ထမင်းစားပြီးပြီလား ”

“ဟာ ပြီးပြီ၊ ပြီးပြီ၊ ကျုပ်တို့အိမ်မှာ ကျွေးလာတယ်။
ဒါပေမဲ့ ဒေါ်တုတ်က ဒီည အလုပ်လုပ်မှာဆိုတော့
သိပ်မစားဘူးဗျ။ အဆာပြေလောက် စားတယ်”

“သြော် ဟုတ်တာပေါ့ဗျာ၊ ဒေါ်တုတ်က အတွေ့အကြုံ
များနေတာကိုး”

လို့ ကျုပ်က ပြောတယ်။ ဦးဆင်ရဲ့ သားတွေက
ကျောင်းမှာ နေခဲ့ပြီး လှည်းကို သူတို့အိမ်
ပြန်မောင်းခိုင်းလိုက်တယ်။ သူတို့အိမ်က
သူရင်းငှားက လှည်းမောင်းပြီး ပြန်သွားတယ်။

ညီအစ်ကို သုံးယောက်က ကျုပ်တို့နဲ့ နေခဲ့တယ်။
သူတို့တွေထဲက အစ်ကို အကြီးဆုံးကမှ
အသက်လေးဆယ်လောက် ရှိသေးတာပါ။

ကျန်တဲ့နှစ်ယောက်ကတော့
သုံးဆယ်ကျော်လောက်တွေလောက်
ရှိမယ်ဗျ။ ညကိုးနာရီထိုးတော့ ကိုငကောင်းက
ကျုပ် မှာထားတဲ့ အတိုင်း ထမင်းထုပ်ကြီး ထုပ်ပြီး
တောင်းတစ်လုံးထဲ ထည့်လိုက်တယ်။

ပြီးတော့ ထမင်းတောင်းကို ထမ်းပြီး ရှေ့ကစထွက်တယ်။
ကျုပ်ကတော့ မျက်ကွင်းဆေး အဆင်သင့်
လိမ်းထားပြီးပေါ့ဗျာ။ ကိုငကောင်းနောက်က
ကျုပ်တို့ လိုက်လာတယ်။ ရွာထဲက လူတွေက
အိမ်ဝိုင်းထဲက ထွက်ပြီး ဓါတ်မီးတဝင်းဝင်းထိုးပြီး
သွားနေတဲ့ ကျုပ်တို့လူစုကို ကြည့်နေကြတယ်ဗျ။

ဒီည ဟိုအိမ်ကြီးထဲက သရဲကို ထုတ်တော့မယ်ဆိုတဲ့
သတင်းက တစ်ရွာလုံး သိနေကြတာကိုးဗျ။
ကိုငကောင်းကတော့ ကျုပ်မှာထားတဲ့အတိုင်း
သူ့ရွာသားတွေကို ညနေကတည်းက ဆော်သြ
ခိုင်းထားတယ်ဗျ။

ကျုပ်တို့ သင်္ချိုင်းကုန်းကို ထွက်သွားတဲ့အချိန်ကစပြီး
အိမ်တံခါးတွေ၊ ဝိုင်းတံခါးတွေ ပိတ်ထားကြဖို့
ရွာထဲမှာ အသွားအလာ မလုပ်ကြဖို့ပေါ့ဗျာ။
ဒါကြောင့်လည်း ကျုပ်တို့သွားတာကို ဝိုင်းပြီး
ကြည့်ကြတာပေါ့ဗျာ။ စည်တော်ကုန်းသင်္ချိုင်း
ရောက်တော့ အုတ်ဂူကြီး တစ်လုံးကို ရှာပြီး
ကိုငကောင်းကို ထမင်းထုပ် တင်ခိုင်းတယ်။

ထမင်းလေးလုံးချက်နဲ့ အမဲသားနှစ်ပိဿာချက်က
ဘယ်နည်းမလဲဗျာ။ အားလုံးအဆင်သင့် ဖြစ်တော့မှ
ဒေါ်တုတ်ကို ဂူရှေ့က မြက်ခင်းကလေးပေါ်မှာ
ကြုံ့ကြုံ့ကလေးထိုင်ပြီး ဘုရားကို အာရုံပြု
ခိုင်းရတာပေါ့ဗျာ။ ကျန်တဲ့ လူတွေကိုတော့
နောက်နားကို ဆုတ်နေခိုင်းလိုက်တယ်။
ညဆယ်နာရီလောက်တော့ ရှိပြီပေါ့ဗျာ။

“သင်္ချိုင်းရှင်မှန်သမျှကို အပိုင်စားရပါတဲ့
သင်္ချိုင်းရှင်မ မဖဲဝါဗျာ၊ ကျုပ် တာတေက
အထက်ပုဂ္ဂိုလ်ကြီးတွေကို ဦးထိပ်မှာ ထားပြီး
မဖဲဝါကို စားပွဲသောက်ပွဲနဲ့ ပင့်ဖိတ်ပါတယ်၊
ရောက်ရာအရပ်က အမြန်ကြွလှမ်းခဲ့ပါ၊
သင်္ချိုင်းရှင်မ မဖဲဝါဗျာ၊ ကြွပါ၊ ကြွပါ”

ကျုပ်အသံက သင်္ချိုင်းတစ်ခုလုံးကို
လွှမ်းသွားတယ်ဗျ။ ခဏကြာတဲ့အထိ
ဘာမှ မထူးဘူး။ ကျုပ် နောက်တစ်ခါ
ထပ်ပင့်လိုက်တယ်။

“ဝူး ဝူး ဝူး အူး အူး အူး”

ဟော ဒါ မဖဲဝါရဲ့ ခွေးကြီးအသံဗျ။ သူလာရင်
အမြဲကြားနေကြပေါ့ဗျာ။ ခွေးသံကြီးက တဖြည်းဖြည်း
နီးလာတယ်။ ဟော ရောက်ပြီ။ မဖဲဝါ ရောက်ပြီဗျို့။
ဒေါ်တုတ်ကို ဝင်ပူးပြီဗျို့။ ဒေါ်တုတ်တစ်ကိုယ်လုံး
အသားတဆတ်ဆတ်တုန်ပြီး လက်ကြီးတွေ
ကွေးကောက်လာတာဗျို့။

ဆံပင်ကို စောစောကတည်းက ဒေါ်တုတ်က
ဖားလျားချထားတာဗျ။ ကျုပ်ကို မျက်လုံးကြီး
တစ်ချက် လှန်ကြည့်တယ်။ ဟော ထလာပြီ။
ထလာပြီ။ ကွေးကွေးကောက်ကောက်ကြီးဗျ။

ဟာ ခုန်တက်သွားပြီဗျို့။ လွှားခနဲ နေတာပဲဗျာ။
ဂူပေါ်ကို ခုန်တက်သွားတာ။ မဖဲဝါက ဆောင့်ကြောင့်ကြီး
ထိုင်ပြီး ထမင်းတွေနဲ့ အမဲသားတွေကို စားတော့တာပဲဗျာ။
ထမင်းတွေ ပြိုက်ခနဲ ပြိုင်ခနဲ ကုန်သွားတာဗျို့။
ဒီတော့မှ ကျုပ်က စပြောတယ်။

“မဖဲဝါ ဒီစည်တော်ကုန်းရွာက အသစ်ဆောက်ထားတဲ့
အိမ်ကြီးတစ်လုံးထဲမှာ သျှောင်ထုံးနဲ့ သရဲကြီး
တစ်ကောင် ရှိနေတယ်၊ ကျွန်းတိုင်ကြီးကို
ဖက်ပြီး နေနေရတယ်။ အိမ်ဆောက်ပြီး ကတည်းက
တဝုန်းဝုန်း တဒိုင်းဒိုင်း ဖြစ်နေလို့ အိမ်ရှင်တွေဆိုတာ
တစ်ခါမှကို အဲဒီအိမ်မှာ မနေရဲကြဘူး။
တစ်ရွာလုံးကလည်း အရမ်းကြောက်နေကြတယ်
အဲဒါ မဖဲဝါ ရှင်းပေးပါလို့ မေတ္တာရပ်ခံတာပါ”

ကျုပ်ပြောနေတာကို မဖဲဝါက နားထောင်ရင်း
စဉ်းစားနေတယ်ဗျာ။ ပြီးတော့ ခေါင်းကြီးရမ်းခါပြတယ်။

“ဗျာ ၊ မဖဲဝါ ရှင်းမပေးနိုင်ဘူး ဟုတ်လား”

ခေါင်းညိတ်တယ်ဗျ။ ပြီးတော့မှ ပြောတာဗျို့။

“သီပေါဘုရင် ပါတော်မူပြီး သူပုန် ဓါးပြတွေထတော့
ဗိုလ်တောက်ထိန်က အဆိုးဆုံး ဓါးမြဗိုလ်ကြီး၊
လူတွေ အများကြီးသတ်တယ်။ အင်္ဂလိပ်စစ်ပုလိပ်တွေက
သူ့ကို မြစ်ကြီးနားဘက်မှာ မိသွားတော့ အင်္ဂလိပ်စစ်ဗိုလ်က
ဗိုလ်တောက်ထိန်ကို ကျွန်းပင်ကြီးမှာ ဖက်ခိုင်းပြီး
ခေါင်းကို သေနတ်နဲ့ ပစ်သတ်တယ်။ မသတ်ခင်မှာ
စစ်ဗိုလ်က ပြောတယ်။မင်း ဒီအတိုင်းသာ ကျွန်းပင်မှာ
အမြဲဖက်နေပေတော့။ အဲဒီစကားက မင်းမိန့်
ဖြစ်သွားတယ်။ သူ အဲဒီအတိုင်းပဲ နေရတာ၊
အစာဆာလောင်တဲ့ အချိန်ကလေးပဲ လက်က
ဖြည်လို့ရတယ်။ အနီးအနားက သစ်ရွက်တွေ
ခူးဆွတ်စားပြီးတာနဲ့ သစ်ပင်မှာ ဖက်လျက်သားကြီး
ပြန်ဖြစ်နေတာ၊ လက်ကို ဖြုတ်လို့ မရဘူး”

“ဟာ ဒါဆိုရင် ဘယ်လိုလုပ် ဒီအိမ်ကြီးထဲ ရောက်နေတာတုံး”

“အဲဒီကျွန်းပင်ကို ခုတ်ကြတယ်၊ ဗိုလ်တောက်ထိန်က
ဖက်လျက်သားကြီး ပါသွားတယ်။ ဧရာဝတီမြစ်ထဲမှာ
ကျွန်းသစ်လုံးတွေ မျှောတော့ ဖောင်ပျက်ပြီး မျှောကုန်တော့
အဲဒီကျွန်းလုံးကြီးက ဧရာဝတီမြစ်ထဲက သောင်မှာ
သွားထင်တယ်၊ အဲဒါကို တွေ့တဲ့သူတွေက နွားတွေနဲ့
ဆွဲယူပြီး အိမ်ဆောက်တဲ့ လူကို ရောင်းတယ်။
စျေးပေါတော့ ဒီလူက ဝယ်တယ်။
ပြီးတော့ ကျွန်းအိမ်ကြီးဆောက်တဲ့
အထဲမှာ အဲဒီကျွန်းလုံးကြီးကို အိမ်တိုင်လုပ်လိုက်တယ်။
ဗိုလ်တောက်ထိန်က အဲဒီကျွန်းလုံးကြီးကို
အိမ်တိုင်လုပ်လိုက်တယ်၊ ဗိုလ်တောက်ထိန်က
အဲဒီတိုင်လုံးကြီးမှာ ဖက်လျက်သားကြီး
ပါနေတာကို ဘယ်သူမှ မသိဘူး။
ငါ လုပ်လို့မရဘူး၊ မင်းမိန့်နဲ့မှ သူလွတ်မှာ၊
နင်တို့ မင်းမိန့်တောင်း၊ သူလွတ်သွားမှ
ငါ လာခေါ်ပြီး နေရာပေးလိုက်မယ်”

ဟာ ထွက်သွားပြီဗျို့။ ထမင်းဟင်းတွေကလည်း
ကုန်ပြီ ဆိုတော့ မဖဲဝါ ထွက်သွားရောဗျာ။
ဒေါ်တုတ်က ဂူပေါ်မှာ ခွေကျသွားတယ်။
ကျုပ်နဲ့ ကိုငကောင်းက ဒေါ်တုတ်ကို ပြေးပြီး
နှိုးရတာပေါ့ဗျာ။ ဒေါ်တုတ်က
ချက်ချင်းသတိရလာပါတယ်။

ကျုပ်တို့ရွာပြန်ရောက်လာပြီး ထိုင်စောင့်နေတဲ့
ဆရာတော်တွေကို အကြောင်းစုံ လျှောက်လိုက်တယ်။
နောက်တစ်နေ့မှာ ဆရာတော်က ရွာလူကြီးတွေ
အကုန်ခေါ်ပြီး သူကိုယ်တိုင် မြို့ကို လိုက်သွားတယ်။
မြို့မှာက ဆရာတော်ဒကာတွေ အများကြီးရှိတာဗျ။

မြို့မှာ တစ်ညအိပ်ပြီး ဆရာတော်တို့ ပြန်ရောက်လာတယ်။
စစ်ကားတစ်စီးနဲ့ ဗိုလ်မှူးကြီးတစ်ယောက်၊ တခြား
အဆင့်နဲ့သုံးယောက်၊ ပေါင်းလေးယောက် လိုက်လာတယ်။

အဲဒီည ကျုပ်က မျက်ကွင်းဆေးကွင်းပြီး
သင်္ချိုင်းထဲမှာ မဖဲဝါကို သွားပင့်တယ်။
စားပွဲသောက်ပွဲကို ဟိုညကလိုပဲ ထပ်ပေးရတာပေါ့ဗျာ။
ဒီတစ်ခါတော့ ဒေါ်တုတ်ကို မခေါ်တော့ဘဲ
မဖဲဝါကို ဒီအတိုင်း ပင့်တာဗျ။

“သင်္ချိုင်းရှင်မ မဖဲဝါဗျာ စားပွဲသောက်ပွဲနဲ့တကွ
ပင့်ဖိတ်ပါတယ်၊ ရောက်ရာအရပ်က ကြွခဲ့ပါခင်ဗျာ”

ကျုပ်က သင်္ချိုင်းထဲမှာ အော်ပြီးပင့်တယ်ဗျ။
ကိုငကောင်းနဲ့ ဦးဆင်ရဲ့သားတစ်ယောက် လိုက်လာတယ်။
ကျန်တဲ့ နှစ်ယောက်က သူတို့အိမ်ကြီးမှာ ဗိုလ်မှူးကြီးနဲ့
အတူ စောင့်နေတယ်။

“ဝူး ဝူး ဝူး ဝူး ”

ဟော လာပြီဗျို့။ ဒီတစ်ခါတော့ မြန်သားဗျ။
ဟာ ဂူတွေအပေါ် တစ်တောင်ကျော်လောက်ကနေ
လေထဲမှာ ရွေ့လာတာဗျို့။ အရပ်ကြီးကတော့
ဆယ်ပေလောက် ရှိတယ်ဗျ။ ဆံပင်ဖားလျားကြီးနဲ့၊
ထမီအနက်၊ အင်္ကျီအနက်နဲ့ဗျ။ ကျုပ်နဲ့ ကိုငကောင်း
ပြင်ဆင်ထားတဲ့ ထမင်းဟင်းတွေကို ဆောင့်ကြောင့်ကြီး
ထိုင်ပြီး အားရပါးရ စားတော့တာပဲဗျာ။

“သင်္ချိုင်းရှင်မ မဖဲဝါဗျာ၊ ဟိုတစ်ညက မဖဲဝါ
ပြောလိုက်တဲ့အတိုင်း ကျုပ်တို့ အားလုံးစီစဉ်ပြီးပါပြီ၊
အခု မင်းမိန့်လည်း ပါလာပါပြီ၊ အားလုံးအဆင်သင့်
ဖြစ်နေပါပြီ။ ဘာဆက်လုပ်ရမယ်ဆိုတာ
ညွှန်ကြားပါ၊ သင်္ချိုင်းရှင်မကြီးဗျာ”

မဖဲဝါက စားရင်းသောက်ရင်း ခေါင်းကြီး
ညိတ်ပြတယ်ဗျ။ ပြီးတော့ ကျုပ်ကို မျက်လုံးနီကြီးတွေနဲ့
စိုက်ကြည့်တယ်။ ပြီးတော့မှ စည်တော်ကုန်းရွာဘက်ကို
လက်ညှိုးထိုးပြပြီး …

“လွှတ်လိုက်၊ ငါ ခေါ်သွားမယ်၊ လွှတ်လိုက်”

“ဟုတ် ဟုတ်ကဲ့ပါ၊ မဖဲဝါ၊ အခု ချက်ချင်း
လွှတ်လိုက်ပါ့မယ်”

ပြောပြီးတာနဲ့ ကျုပ်တို့ရွာကို တန်းပြန်ခဲ့ကြတာပေါ့ဗျာ။
မဖဲဝါကြီးကတော့ စားရင်းသောက်ရင်း ကျန်ခဲ့တယ်ဗျို့။

“ဝူး ဝူး ဝူး ဝူး ဝူး ”

“မဖဲဝါရဲ့ သရဲခွေးကြီးအူသံက ကျုပ်တို့နောက်မှာ
တဖြည်းဖြည်း ဝေးကျန်ခဲ့တာပေါ့ဗျာ။

ရွာထဲကို ပြန်ရောက်တော့ ဦးဆင်ရဲ့ အိမ်သစ်ကြီးကို
တန်းသွားကြတယ်။ လူတွေကို အိမ်ထဲက အိမ်ပြင်
မထွက်ဖို့ ပြောပြီးသားဗျ။ လမ်းတွေပေါ်မှာ
ရှင်းနေတာပေါ့ဗျာ။

“အားလုံးအဆင်သင့် ဖြစ်ပြီဗျို့။ အိမ်ကြီးပေါ်တက်ပြီး
ဗိုလ်မှူးကြီးတို့ အမိန့်ပြန်ဖို့ပဲ ရှိပါတော့တယ်”

ကျုပ်က ရွာလူကြီးတွေကို ပြောလိုက်တော့ အားလုံး
ခြံတံခါးကို ဖွင့်ပြီး ဝင်ခဲ့ကြတယ်။

“ဝုန်း ဒိုင်း ဂလွမ်း ဂလွမ်း ချလွမ်”

ကျုပ်တို့ဝိုင်းထဲကို ဝင်လိုက်တာနဲ့ အိမ်ကြီးပေါ်က
ဝုန်းဒိုင်းကြဲတော့တာပဲဗျို့။ ကျုပ်တို့အားလုံး
ဆယ့်ငါးယောက်လောက်ရှိတယ်။ဦးဆင်ရဲ့သား
အကြီးဆုံးက သော့ဖွင့်ပြီး အိမ်ကိုဝင်တယ်။
ကျုပ်တို့ အိမ်ကြီးအပေါ်ထပ်ကိုရောက်တော့
ဦးဆင်သားတွေက ဖယောင်းတိုင်တွေ
ထွန်းလိုက်တယ်။

“ကဲ သရဲမြင်နိုင်တယ်ဆိုတဲ့ တာတေက ဘယ်သူတုံး”

ဗိုလ်မှူးကြီးက မေးတယ်။ ကျုပ်ကို သိနေကြပြီဖြစ်တဲ့
ရွာလူကြီးက ကျုပ်ကို လက်ညှိုးထိုးပြတယ်။

“ကဲ တာတေ၊ မင်း အခုမြင်ရသလား”

“မြင်တယ်၊ ဗိုလ်မှူးကြီး၊ တိုင်ကြီးကို ဖက်ထားပြီး
ကျုပ်တို့ကို လိုက်ကြည့်နေတယ်ဗျ။ သူ တစ်ခုခုကို
စိုးရိမ်နေတဲ့ပုံပဲဗျ”

“အေး အဲဒါ မင်းက သူ့ကို တို့ဘာလာလုပ်တယ်ဆိုတာ
ပြောပြလိုက်ကွာ”

“ဟုတ်ကဲ့ ဗိုလ်မှူးကြီး”

လို့ ပြောပြီး ကျုပ်က ရှေ့ကို ထွက်လိုက်တယ်။

“တာတေ ရှေ့သိပ်မတိုးနဲ့လေ”

ကိုငသောင်းက ကျုပ်ကို သတိလှမ်းပေးတယ်

“ရတနာပုံနေပြည်တော်က ဗိုလ်တောက်ထိန်၊
ကျုပ် ပြောတာကို ခင်ဗျား ကြားရရဲ့လား”

ဟာ သရဲကြီးက သူ့နာမည်ခေါ်လိုက်လို့
အရမ်းကို အံ့သြသွားတဲ့ပုံ ဖြစ်သွားတယ်ဗျို့။
ပြီးတော့ ခေါင်းညိတ်ပြတယ်။

“ဒါဆိုရင် ဗိုလ်တောက်ထိန် နားထောင်ပါ။
အင်္ဂလိပ် စစ်ဗိုလ်က ခင်ဗျားကို ကျွန်းပင်ကြီးမှာ
ဖက်ခိုင်းပြီး နားထင်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။
မသတ်ခင်မှာ ခင်ဗျားကို ဒီကျွန်းပင်မှာပဲ ဖက်လျက်
နေပေတော့လို့ ပြောခဲ့တယ်၊ အဲဒီ မင်းမိန့်ကြောင့်
ခင်ဗျား ဒီဝဋ်ကြွေးကြီးကို ခံနေရတာ”

သရဲကြီးက ခေါင်းညိတ်ပြတယ်၊
ဟာ မျက်ရည်တွေပါ ကျလာပြီဗျို့၊

“ကျုပ်တို့ နိုင်ငံ လွတ်လပ်ရေး ရခဲ့တာ ကြာခဲ့ပြီ၊
ဓါးမြဗိုလ်ကြီး ဗိုလ်တောက်ထိန်၊ အခု ခင်ဗျား
ဒီဒုက္ခကြီးခံနေရတာကို လွတ်မြောက်အောင်
မြန်မာမင်းရဲ့ မင်းမိန့်နဲ့ လွှတ်ပေးတော့မယ်။
အကြောင်းတွေကို မဖဲဝါပြောလို့ သိကြရတာ၊
အခုလည်း ခင်ဗျား လွတ်သွားတာနဲ့
တစ်ပြိုင်နက် မဖဲဝါက ခင်ဗျားကို ခေါ်သွားလိမ့်မယ်၊
ခင်ဗျားနေဖို့ နေရာပေးလိမ့်မယ်၊ရွာပြင်က
သင်္ချိုင်းမှာ မဖဲဝါ စောင့်နေတယ်၊
ခင်ဗျားကို ခေါ်လိမ့်မယ်၊ ခင်ဗျား မဖဲဝါ
နောက်ကို လိုက်သွားပါ၊ သူ့ကြောင့်
ခင်ဗျား လွတ်ရာမှာ ဗိုလ်တောက်ထိန်”

ကျုပ် ပြောတာတွေကို နားထောင်ပြီး သရဲကြီးက
သျှောင်တစောင်းထုံးထားတဲ့ သူ့ခေါင်းကြီးကို ညိတ်ပြတယ်

“ကဲ ဒီက လမ်းပေါက်ဖယ်ထားကြပေတော့၊
ဒီလှေကားက သူဆင်းသွားလိမ့်မယ်”

အားလုံး နံရံတွေမှာ ကပ်နေလိုက်ကြတယ်
အမိန့်ပြန်မယ့် ဗိုလ်မှူးကြီးက ယူနီဖောင်းအပြည့်အစုံနဲ့ဗျ။

ကျုပ်ဘေးမှာ လာရပ်တယ်။ ပြီးတော့ အမိန့်စာကို
ထုတ်ပြီး အောင်မြင်ခန့်ညားတဲ့ အသံနဲ့ ဖတ်တယ်။
အမိန့်စာ စာရွက်ကို ဗိုလ်မှူးကြီး မြင်ရအောင်
စစ်ဗိုလ်တစ်ယောက်က ဓါတ်မီးနဲ့ ထိုးပြထားတယ်။
ကျုပ်ကတော့ သရဲကြီး ဗိုလ်တော်ထိန်ကို
ကြည့်နေရတာပေါ့ဗျာ။

“ရတနာပုံနယ်သား ဗိုလ်တောက်ထိန်၊ သင့်ကို
ယခုအချိန်ကစပြီး လွတ်လွတ်လပ်လပ်နေပြီး
သင်သွားလိုရာကို လွတ်လွတ်လပ်လပ်သွားနိုင်ဖို့
ခွင့်ပြုလိုက်သည်၊ သင်သွားလိုရာကို သွားစေ၊
အမိန့်တော်၊ ပုံ ဗိုလ်မှူးချုပ် မင်းဒင် မြန်မာ့တပ်မတော်”

ဟာ အံ့သြစရာဗျာ၊ အမိန့်လည်းဆုံးရော
တိုင်ကိုဖက်ထားတဲ့ သရဲကြီးရဲ့ လက်နှစ်ဖက်ဟာ
ချက်ချင်းကို လွတ်ထွက်သွားရောဗျို့။

သရဲကြီးလည်း သူ့လက်တွေကို ငုံ့ကြည့်ပြီး
အံ့သြဝမ်းသာနေတဲ့ပုံပဲဗျာ။ ကျုပ်တို့ကိုလည်း
လိုက်ကြည့်နေတယ်။ အမိန့်ပြန်တဲ့ ဗိုလ်မှူးကြီးကိုလည်း
စိုက်ကြည့်နေတယ်။ ကျုပ်က လှေကားပေါက်ကို
လက်ညှိုးထိုးပြပြီး ပြောလိုက်တယ်။

“ဗိုလ်တောက်ထိန် မဖဲဝါဆီကို သွားပါ”

သရဲကြီးက အဝေးကို လှမ်းမျှော်ကြည့်လိုက်တယ်။
ပြီးတော့ သူ့ခေါင်းကြီး ညိတ်ပြတယ်။
မဖဲဝါကို သူမြင်လို့ ပြောတာပေါ့ဗျာ။

ကျုပ်တို့အားလုံးကို တစ်ချက်ကြည့်ပြီး
လှေကားက ဆင်းသွားတယ်။

“ဒုန်း ဒုန်း ဒုန်း ”

ဆိုတဲ့ အသံကြီးကို ကြားလိုက်ရတယ်။
ကျုပ် တစ်ယောက်တည်းကြားတာ မဟုတ်ဘူးဗျ။
သရဲကြီး လှေကားက ဆင်းသွားတဲ့ ခြေသံကြီးကို
အားလုံးကြားလိုက်ကြတာ။ ရွာလူကြီးတွေရော
ဗိုလ်မှူးကြီးရော ခြေသံကြီးကို နားထောင်ပြီး
အံ့သြနေကြတာပေါ့ဗျာ။

“ဝူး ဝူး ဝူး ဝူး ဝူး ”

ဟာ ဒါ မဖဲဝါရဲ့ ခွေးကြီးအသံဗျ။ ဝိုင်းပေါက်ဝကကို
ကြားတာ ။ ဧကန္တ မဖဲဝါ ရွာထဲ ဝင်လာပြီး သရဲကြီးကို
ခေါ်တာ ဖြစ်မယ်။ ကျုပ် ချက်ချင်းအိမ်ရှေ့ဘက်
ပြတင်းပေါက်ကို ဖွင့်လိုက်တယ်။

ဟုတ်တာပေါ့ဗျာ။ ဝိုင်းပေါက်ဝမှာ အရပ်အရှည်ကြီးနဲ့
မဖဲဝါကြီးက ရပ်နေတယ်။ လှေကားက ဆင်းသွားတဲ့
သရဲကြီးက မဖဲဝါကို မြင်တော့ ငြိမ်ပြီးရပ်နေတယ်ဗျ။

“ဝူး ဝူး ဝူး ဝူး ဝူး ”

မဖဲဝါရဲ့ သရဲခွေးကြီးက အူပြန်ရောဗျို့။
ဟော မဖဲဝါကြီးက ချာခနဲ လှည့်ပြီး ထွက်သွားတယ်။
သရဲကြီးက နောက်ခပ်လှမ်းလှမ်းက လိုက်သွားတယ်ဗျ။
ပါသွားပြီပေါ့ဗျာ။ ရွာထဲကခွေးတွေဆိုတာ အူဖို့
ဟောင်ဖို့ဝေးရော အသံကလေးတစ်ချက်တောင်
မထွက်ရဲဘူးဗျ။ တစ်ရွာလုံးကို တိတ်နေတော့တာဗျာ။

“ဝူး ဝူး ဝူး ဝူး ဝူး ”

မဖဲဝါရဲ့ ခွေးသံက တဖြည်းဖြည်း ရွာပြင်ကို
ရောက်သွားပြီဗျို့။ အခုမှပဲ ဦးဆင်ရဲ့ သားတွေလည်း
ဝမ်းသာကြတော့တာပေါ့ဗျာ။

အမိန့်တော် လာပြီး ပြန်ပေးတဲ့ ဗိုလ်မှူးကြီးတွေကိုရော၊
ကျုပ်ကိုရော ကျေးဇူးတင်စကားကို ထပ်တလဲလဲ
ပြောတာပေါ့ဗျာ။ နောက်တစ်နေ့ကျတော့ ဗိုလ်မှူးကြီးတွေ
မြို့ကို ပြန်သွားကြတယ်။ ဦးဆင်ရဲ့သားတွေ သမီးတွေက
လာပြီး ကန်တော့ကြတယ်ဗျ။

ကျုပ်ကိုလည်း မေးပါတယ်။

“တာတေ မင်း ငွေ ဘယ်လောက်ယူမလဲ ပြော”

“ဟာ အစ်ကိုကြီးရာ ကျုပ် ဘာမှမလိုချင်ပါဘူး
လှူချင်ရင်တော့ ဆရာတော်တွေကိုသာ လှူကြပါဗျာ”

လို့ ကျုပ်က ပြောတော့ ဆရာတော်ကြီးတွေကို
နဝကမ္မအတွက် လှူဒါန်းကြတယ်ဗျ။

ဆရာတော်ကြီးတွေလည်း ဝဋ်ခံနေရတဲ့ သရဲကြီး
လွတ်မြောက်သွားလို့ ဝမ်းသာကြတာပေါ့ဗျာ။

ထနောင်းကုန်းဆရာတော်နဲ့ ကျုပ်နဲ့လည်း
နောက်တစ်နေ့မှာ ရွာကိုပြန်ခဲ့ကြတယ်။

ကိုငကောင်းကြီးက ကျုပ်ကို တော်တော်ဝေးဝေး
ရောက်တဲ့အထိ လိုက်ပို့ရှာတယ်။ ပြီးတော့မှ
လမ်းမှာ လက်ကလေးပြပြီး ကျန်ခဲ့တယ်ဗျ။

ပြီးပါပြီ ခဗျာ
‘သံလက်ဝါး မဖဲဝါ’ စာအုပ်မှ တင်ပြထားပါသည်။
ဤဝတ္တုလေး အားကြိုက်နှစ်သက်တယ်ဆိုရင် like and shareလေးနဲ့
အားပေးသွားပါအုံးဗျာ။

စာဖတ်ပရိတ်သတ်များ အားလုံး စိတ်ရွှင်လန်းပါစေခဗျာ