ကဝေရုပ်ကြွင်း

ကြီးတစ်ကောင် ခုန်ထွက်လာခဲ့တယ်။

တစ်ဖက်က ကျားက မန္တာန်စောင့်ကျားကို မြင်တော့ အနောက်ဆီကို လှမ်းဆုတ်သွားခဲ့တယ်။

” ဝေါင်း…”

မန္တာန်စောင့်ကျားက တစ်ဖက်က အောက်လမ်းကျားဆီကို ခုန်၀င်ပြီး အုပ်ချလိုက်တယ်။

ကျားနှစ်ကောင် လုံးထွေးသွားတယ်။ သိပ်မကြာခင်မှာပဲ မန္တာန်စောင့်ကျားရဲ့ ကိုက်ခဲတိုက်ခိုက်မှုကြောင့် တစ်ဖက်က ကျားကြီးမှာ အမှုန်အမွှားများအဖြစ် ပြိုကွဲပျောက်ရှသွားခဲ့ရပြီ။

အချိန်က အမှောင်ထုလွှမ်းလို့ လရောင်စစတောင် ထွက်ပေါ်နေခဲ့ပြီ။

ဦးသိဒ္ဒိနဲ့အတူ ဒိုးညီနောင်တို့ အရှေ့ဆီကို ဆက်ခဲ့ကြပြန်တယ်။

အတော်ကလေးသွားမိတော့ ဦးသိဒ္ဒိက ရုတ်တရက် ခြေလှမ်းတွေကို ရပ်တန့်လိုက်တယ်။

” ဘဘ…ဘာဖြစ်လို့လဲ…”

” လူလေးတို့နှစ်ယောက် ဟိုး…အပေါ်ကို မော့ကြည့်ကြည့်လိုက်…”

ဒိုးညီနောင်တို့ မော့ကြည့်လိုက်ကြတယ်။

ဝိုးတဝါးကောင်းကင်ထက်ဆီမှာ ထိုးဆိတ်တိုက်ခိုက်နေကြတဲ့ ဠင်းတကောင်ကြီးတွေ။

” အဲ့ဒါ အဆင့်တက်ချင်တဲ့ပညာသည်တချို့ ကဝေရုပ်ကြွင်းကို လုရင်း တိုက်ခိုက်နေကြတာ။ သူတို့ တိုက်ခိုက်နေကြတဲ့ အဲ့ဒီ့အောက်တည့်တည့်မှာ ကဝေရုပ်ကြွင်းရှိလိမ့်မယ်…”

” ဒါဖြင့် အမြန်ဆုံးသွားကြမယ်လေ ဘဘ…”

” ဟုတ်တယ် ဘဘ။ အမြန်ဆုံးသွားပြီးတော့ သူတို့ကို မောင်းထုတ်ပြီး ကဝေရညပ်ကြွင်းကို ဦးအောင်ယူကြတာပေါ့…”

ဦးသိဒ္ဒိက ခေါင်းကို ခါရမ်းလိုက်တယ်။

” လူလေးတို့ ပြောသလို သွားတာတော့ အမြန် သွားရမယ်။ ဒါပေမယ့် ချက်ချင်းကြီးတိုက်ခိုက်လုယူတာထက် သူတို့ရဲ့ တိုက်ပွဲပြီးဆုံးမှ ဒီကိစ္စကို၀င်ပါတာ ပိုကောင်းပေရဲ့…”

” ဘာကြောင့်လဲ ဘဘ…”

” ဘာကြောင့်လဲဆိုတော့ သူတို့က အခုအချိန်မှာ နေရာအသီးသီးက လာကြတဲ့ ပညာသည်တွေ၊ အခုအချိန်မှာသာ သူတို့အကြားဆီကို ဘဘ၀င်ပါလိုက်ရင် ရန်သူကအများ၊ ကိုယ်က အနည်း ဖြစ်သွားပေမပေါ့။ ဒါကြောင့် သူတို့အချင်းချင်း တိုက်ခိုက်ကြပြီး ဗိုလ်ရယ်လို့ ထွက်ပေါ်လာမှ တို့၀င်ပါလိုက်ရင် ရန်သူအင်အား နည်းပေမပေါ့…”

ဒိုးညီနောင်တို့ ခေါင်းကိုယ်စီ ညိတ်လိုက်ကြတယ်။

ပြီးတာနဲ့ နေရာကနေ ထွက်ကြပြီး ပညာသည်တွေ တိုက်ခိုက်နေကြတဲ့ ကဝေရုပ်ကြွင်းရှိရာဆီကို သွားလိုက်ကြတယ်။

ဝေဟင်မှာ ဠင်းတတွေ တိုက်ခိုက်နေတာကို လှမ်းမြင်နေကြရပေမယ့် တကယ်တမ်းမြေပြင်ကနေ အဲ့ဒီ့ဆီကို သွားချိန်ကြတော့ အတော့်ကို ခရီးလှမ်းလှတယ်။

” မောနေကြပြီလားကွယ့် လူလေးတို့ရဲ့။ ရှေ့တစ်ကုန်းဆိုရင်တော့ ရောက်ပါပြီ…”

ဦးသိဒ္ဒိက ပြုံးပြီး မေးလာတော့ ဒိုးညီနောင်တို့ ခေါင်းခါမိကြတယ်။

” မမောပါဘူး ဘဘ။ ဒါပေမယ့် ခရီးက ထင်တာထက် လှမ်းနေတော့ စိတ်ထဲ စိုးရိမ်နေမိတယ်…”

ဒိုးငယ်က ပြောတာ။

” ဘာကြောင့်များလဲ လူလေးတို့ရဲ့…”

ဒီအခါ ဒိုးကြီးက…။

” ကဝေရုပ်ကြွင်းကို ကျုပ်တို့မရလိုက်မှာ စိုးရိမ်နေတာပါ ဘဘ…”

” ဪ…”

ဦးသိဒ္ဒိခေါင်းကို ညိတ်ပြီး ဠင်းတတွေ တိုက်ခိုက်နေတဲ့ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး…။

” တိုက်ပွဲက ကြာဦးမှာ လူလေးတို့ရဲ့…”

” ဟင်…ဟုတ်လား ဘဘ…”

” ဘယ်လိုကြောင့်များလဲ ဘဘ…”

” ဘယ်လိုကြောင့်လဲဆိုတော့ လူလေးတို့ ကြည့်ကြချေလေ။ ဟိုးမှာ တိုက်ခိုက်နေကြတာက မျက်နှာ နှစ်ရပ်ထဲမဟုတ်ဘူး။ ပြောရရင် သူသူငါငါ လေးငါးဆယ်ဦး တပြိုင်ထဲ တိုက်ခိုက်နေကြတာ။ ပြီးတော့ တိုက်ပွဲစတာကလည်း မကြာသေးလောက်ဘူးဆိုတော့ အဖြူအမည်းသဲကွဲဖို့နေနေသာသာ တို့တတွေ မိုးလင်းတဲ့အထိ ထိုင်မစောင့်ရရင်တောင် ကံကောင်းပဲ…”

ဒိုးညီနောင်တို့ ကြည့်မိကြတော့ ဦးသိဒ္ဒိပြောသလိုပါပဲ။

ဠင်းတကောင်တွေ တိုက်ခိုက်နေကြတာက အုပ်နဲ့ကျင်းနဲ့။

တချို့ဠင်းတကောင်တွေဆီက စက်တွေပစ်နေတာကိုလည်း သူတို့မြင်ကြရတယ်။

” တချို့အကောင်တွေဆီကကျ စက်တွေ ထွက်ပြီး တချို့ဆီကကျ မထွက်ဘူး။ အဲ့ဒါ ဘာကြောင့်လဲ ဘဘ…”

ဦးသိဒ္ဒိ ပြုံးပြန်တယ်။

” အဲ့ဒါက စက်တွေမသုံးတာမဟုတ်ဘူး လူလေးတို့ရဲ့။ တို့ရှိနေတဲ့ အကွာအဝေးကနေ မမြင်နိုင်တာ။ မြင်နေရတဲ့ စက်တွေကတော့ ပညာထက်တဲ့သူတွေဆီကမို့ မြင်ရတာပ…”

ဒိုးညီနောင်တို့ စကားမဆိုကြတော့ဘူး။ သုံးဦးသား အပေါ်ကိုမော့ကြည့်လိုက်၊ သွားလိုက်နဲ့ လိုရာခရီးကို ဆက်နေကြတယ်။

သူတို့ ဋ္ဌင်းတကောင်တွေ တိုက်ခိုက်နေကြတဲ့ တောင်ကုန်းဆီကို ခြေချမိချိန်မှာတော့ ကောင်းကင်ဆီမှာ တိုက်ခိုက်နေကြတဲ့ ဠင်းတကောင်တချို့ ပြုတ်ကျလာတာကို မြင်တွေ့လာရတယ်။

” အင်း…တဖြေးဖြေးနဲ့တော့ အဖြူအမည်းသဲကွဲလာတော့မှာပါ။ ကဲ…ကဲ…လူလေးတို့ အခုနေတော့ အဲ့ဒီ့ဆီကို မသွားသေးဘူး။ သင့်တဲ့နေရာတစ်ခုမှာပဲ တို့တတွေနားရင်းနဲ့ သူတို့ဆီက အဖြေကို စောင့်ကြတာပေါ့…”

” ဟုတ်ကဲ့…ဘဘ။ ဒါပေမယ့် ဟိုလေ…”

ဒိုးကြီးက စကားကို စပြီး ဆက်မပြော။ ဒီတော့ ဦးသိဒ္ဒိက…

” ဘာဖြစ်လဲ လူလေး ဆက်ပြောလေ…”

” ဟို…အခြားတော့ မဟုတ်ပါဘူး။ ကျုပ်တို့က အခုနေ ကဝေရုပ်ကြွင်းနဲ့ ဝေးနေတယ်ဆိုရင် သူတို့ဆီက အဖြူအမည်းသဲကွဲပြီး နိုင်သူပေါ်လာတာနဲ့ ချက်ချင်းရယူသွားခဲ့လို့ ကျုပ်တို့ မမီတော့ဘူးဆိုရင်…”

ဒိုးကြီးရဲ့ စကားက ဒီမျှသာ။ ဦးသိဒ္ဒိက ခေါင်းကို ညိတ်ပြီး…။

” လူလေးတွေးတာ မှန်ပါတယ်။ ဒါပေမယ့်လေ…ကဝေရုပ်ကြွင်းကို ရယူဖို့ဆိုတာက ဒီလောက်ကြီးလည်း မလွယ်ကူဘူးကွယ့်။ သူတို့တတွေ ဒီကနေ နိုင်ပြီးတာနဲ့ ကဝေရုပ်ကြွင်းဆီမှာ ရှိနေတဲ့ အတားအဆီးတွေကို ချေဖျက်ရဦးမယ်။ ဘယ်လိုမျိုးလဲဆိုတော့ အခုတိုက်ခိုက်နေကြတယ်ဆိုတာက သူတို့အတွက် ကဝေရုပ်ကြွင်းကို ရယူနိုင်ဖို့ဟာ ပထမအဆင့်ပဲ ရှိသေးတယ်လို့ ပြောရမှာပဲ…”

“ဟူး… တော်သေးတာပေါ့ ဘဘရယ်။ ကျုပ်လည်းပဲ အကို့လိုပဲ စိုးရိမ်မိနေတာ…”

ဒိုးငယ်က ၀င်ပြောတော့ သုံးဥိးသား ရယ်မိလိုက်ကြတယ်။

ပြီးတဲ့နောက်မှာတော့ သုံးဦးသား ဠင်းတကောင်တွေကို မြင်သာနိုင်မယ့် နေရာတစ်ခုဆီမှာ ထိုင်ကြရင်း ကောင်းကင်ဆီက ပညာသည်တွေ တိုက်ပွဲဆီကို အကဲခတ်ကြည့်ရှုနေကြတော့တယ်။

********

အချိန်အတော်ကြာခဲ့ပြီ။

အမှောင်ထုက တဖြေးဖြေး ပိုပြီး သိပ်သည်းလာခဲ့တယ်ဆိုပေမယ့် ဝေဟင်ဆီမှာ ဖြစ်နေတဲ့ ကဝေရုပ်ကြွင်းလုပွဲကြောင့် တောအုပ်ဆီမှာ လင်းတစ်လှည့် မှိန်တစ်လှည့်ပဲ။

လရောင်ဖျဖျအောက်ဆီမှာ ဠင်းတကောင်ရေက တဖြေးဖြေး လျော့နည်းလာခဲ့တာကို ဦးသိဒ္ဒိတို့ မြင်နေကြရတယ်။

” ဘဘ…သူတို့တိုက်ခိုက်တာ ပွဲပြီးတော့မယ်နဲ့တူတယ်…”

ဒိုးငယ်က ပြောလာတယ်။

ကောင်းကင်ဆီက တိုက်ပွဲက တဖြေးဖြေးနဲ့ ပါ၀င်သူနဲလာပြီး ကျန်ရှိနေတဲ့ ဋ္ဌင်းတသုံးကောင်ဟာလည်း မြေဆီကို ဆင်းသက်လာခဲ့ကြတယ်။

” အင်း…တိုက်ပွဲကတော့ အဆုံးအဖြတ်ပိုင်းကို ရောက်နေပြီမို့ ပိုပြီး ပြင်းထန်လာတော့မယ်…”

ဦးသိဒ္ဒိရဲ့ စကားတောင် မဆုံးသေးဘူး။ အခုနက ဠင်းတကောင်ကြီးတွေ ဆင်းသက်သွားရာ နေရာဆီက နီရဲတောက်နေတဲ့ မီးလုံးကြီးသုံးလုံး ဖိုခနောက်ဆိုင်ပြီး ပျံတက်လာခဲ့ပြန်တယ်။

မီးလုံးကြီးတွေက ပျံတက်ရင်းနဲ့ တစ်ခုနဲ့တစ်ခု မီးတောက်မီးလျှံတွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြတယ်။

လရောင်ဖျဖျအောက်ဆီမှာ ရှိနေတဲ့ မျှင်းသွဲ့သွဲ့ တိမ်လွှာအပါးကြားအထိကို မီးလုံးကြီးတွေက တက်ပြီး တိုက်ခိုက်ကြတယ်။

တစ်ကြိမ်မှာတော့ ထိခိုက်မိဟန်နဲ့ မီးလုံးကြီးတစ်လုံးက အောက်ဆီကို ထိုးကျသွားခဲ့တယ်။

အပေါ်ဆီမှာ မီးလုံးကြီးနှစ်လုံးပဲ ကျန်ရှိပြီး ရေကုန်ရေခမ်းဆက်လက်ပြီး တိုက်ခိုက်ကြပြန်တယ်။

ဒိုးညီနောင်တို့က တစ်သက်နဲ့တစ်ကိုယ် မမြင်ဖူးခဲ့တဲ့ မြင်ကွင်းကို မျက်တောင်မခတ်တမ်း ကြည့်နေမိကြတယ်။

” ပညာအထက်ဆုံးနှစ်ယောက်ပဲ ကျန်ရစ်တော့တယ်။ သူတို့လည်း ကဝေရုပ်ကြွင်းကို ရရှိဖို့ အချင်းချင်း အသေအကြေတိုက်ကြဦးမှာပဲ။ ကဲ…ကဲ…လူလေးတို့ ဘဘတော့ အခုက အချိန်အခါကျပြီလို့ ယူဆမိတယ်။ သွားကြစို့ရဲ့…”

ဦးသိဒ္ဒိနဲ့အတူ သုံးဦးသား နေရာကနေ ထွက်ခဲ့ကြတယ်။

မကြာဘူး၊ မီးလုံးကြီးတွေ တိုက်ခိုက်နေကြတဲ့အောက်ဆီကို ရောက်လုခဲ့ပြီ။

” လူလေးတို့ ခဏနေဦး။ သူတို့က အပေါ်မှာ တိုက်ခိုက်နေတုန်းဆိုတော့ သူတို့ရဲ့ ပညာစက်တွေက မတော်တဆ ချွတ်ချော်ပြီး တို့ဆီကို ရောက်လာနိုင်တယ်။ ဒီတော့ ရော့…ဟော့ဒီအင်းချပ်ကလေးကို လူလေးတို့ လက်ဆီမှာ အသေအချာ ဆုပ်ကိုင်ထားကြချေ…”

ဦးသိဒ္ဒိက အင်းချပ်ကလေးနှစ်ခု ထုတ်ပေးတယ်။

ဒိုးညီနောင်တို့ အင်းချပ်ကို ကျစ်နေအောင် ဆုပ်ကိုင်လိုက်ကြပြီးတဲ့နောက်မှာတော့ သုံးဦးသား အရှေ့ဆီကို ဆက်လှမ်းခဲ့ကြတယ်။

ရေကန်တစ်ခု။

ပြာလဲ့နေတဲ့ အဆင်းနဲ့ ရှုချင်စဖွယ် တင့်တယ်လွန်းပေစွ။

ဒိုးညီနောင်တို့က သမာဓိအား နုနယ်သေးကြတော့ ရေကန်ကို မြင်တာနဲ့ ရေဆင်းချိုးချင်စိတ်က ထိန်းမရလောက်အောင် ပြင်းပြစွာ ဖြစ်ပေါ်လာမိကြတယ်။

” လူလေးတို့ စိတ်ကို ထိန်းကြချေစမ်း…”

ဦးသိဒ္ဒိရဲ့ စကားသံက ထွက်ပေါ်လာတယ်။

ဒိုးညီနောင်တို့လည်း ချက်ချင်းပဲ သတိကို ကပ်လို့ စိတ်ကို တည်ငြိမ်အောင် ၀င်သက်ထွက်သက်ရှုပြီး အမြန်ဆုံး ဆောက်တည်လိုက်ကြတယ်။

” ရေကန်ဆီကို ပြန် ကြည့်ကြချေစမ်း…”

ဦးသိဒ္ဒိရဲ့ စကား။

ဒိုးညီနောင်တို့ ပြိုင်တူကြည့်မိကြတယ်။ ရေကန်ဆိုတာ သူတို့အရှေ့ဆီမှာ မရှိတော့ဘူး။ အဲ့ဒီ့အစား မြေတလင်းပြင်ကြီးတစ်ခုကိုသာ မြင်လိုက်ကြရတယ်။

” ဟာ ရေကန်မရှိတော့ဘူး…”

” အေးနော်…ရေကန် ဘယ်ရောက်သွားတာလဲ။ ဒါက လှည့်ဖျားမှု သက်သက်ထင်တယ်။ ဟုတ်လား ဘဘ…”

” ဟုတ်တယ် လူလေးတို့ရဲ့။ အဲ့ဒါက ကဝေရုပ်ကြွင်းရဲ့ အရံအတားတွေထဲက တစ်ခုပဲ။ သမာဓိအားနည်းတဲ့ သူဆိုရင်တော့ စိတ်မထိန်းနိုင်ဘဲ ရေကန်ထဲကို ဆင်းမိကြလိမ့်မယ်။ အဲ့ဒီ့အခါကျရင် တစ်သက်လုံး ပြန်မတက်နိုင်တော့ဘဲ ပိတ်မိနေတော့မှာပဲ…”

ဦးသိဒ္ဒိက တည်ငြိမ်စွာနဲ့ပဲ ပြောပြလာတယ်။ ဒိုးညီနောင်တို့လည်း ခေါင်းကိုယ်စီ ညိတ်ကြရင်း ကဝေပညာရဲ့ လှည့်ဖျားနိုင်စွမ်းကို ဆင်ခြင်မိကြတယ်။

အဲ့ဒိ့နောက်မှာတော့ သူတို့သုံးဥိး ရေကန်နေရာကို ကွေကွင်းပြီး တစ်ဖက်ကို သွားလိုက်ကြတယ်။

အဲ့ဒီ့အချိန်အထိ အပေါ်ဆီမှာ မီးလုံးကြီးနှစ်လုံးက တိုက်ခိုက်နေကြဆဲပဲ။

ဦးသိဒ္ဒိက အပေါ်ကို တစ်ချက်မော့ကြည့်လိုက်တယ်။ ပြီးတော့ ခြေလှမ်းကို သုတ်သုတ်လှမ်းလိုက်ပြီး…။

” လူလေးတို့ရဲ့ မြန်မြန်လှမ်းကြချေကွဲ့။ မကြာခင် သူတို့တိုက်ပွဲက ပြီးဆုံးတော့မယ်…”

ဒိုးညီနောင်လည်း ဦးသိဒ္ဒိနည်းတူ အမြန်လှမ်းလိုက်ကြတယ်။ သိပ်မသွားလိုက်ရဘူး။ နေရာတစ်ခုဆီကို ရောက်တော့ ဦးသိဒ္ဒိက…။

” လူလေးတို့…ဟိုရှေ့က နီရဲတောက်နေတာကို မြင်ကြရရဲ့လား…”

ဦးသိဒ္ဒိကမေးလာတယ်။

” မြင်တယ် ဘဘ…”

ဒိုးငယ်က ဖြေတယ်။ ဒိုးကြီးကတော့ ခေါင်းကို ခါရမ်းလိုက်ပြီး…။

” ကျုပ်တော့ဖြင့် ဘာမှမတွေ့ရဘူး ဘဘ…”

ဦးသိဒ္ဒိက ဒိုးကြီးတို့ရဲ့ ဦးခေါင်းကို ထိကိုင်လိုက်ပြီး မန္တာန်တစ်ပုဒ်ကို ရွတ်ဆိုလိုက်တော့…။

” ဟာ…တွေ့ပြီ ဘဘ။ ပုံစံက လူသေးသေးလေးတစ်ယောက်လိုနဲ့ အရောင်က နီရဲတောက်နေတယ်နော်…”

ဦးသိဒ္ဒိခေါင်းကို ညိတ်လိုက်တယ်။ ပြီးတော့…။

” လူလေး မြင်ရပြီပေါ့ ဟုတ်လား…”

” ဟုတ်ကဲ့ ဘဘ ကျုပ်မြင်ရပြီ…”

” အင်း…လူလေးရဲ့ မြင်နိုင်စွမ်းက ဒိုးငယ်ထက်ကို အားနည်းတယ်။ ဒါက သမာဓိကြောင့်ဖြစ်တာ။ ကဲပါ အခုလောလောဆယ်တော့ ဒါကို ထားလိုက်တော့။ လူလေးတို့ အခုမြင်နေရတဲ့အရာက ကဝေရုပ်ကြွင်းပဲကွဲ့။ မကြာခင် သူ ပြန်ပြီး ကွယ်ပျောက်သွားလိမ့်မယ်။ ဒီတော့ သူမကွယ်ခင်မှာ အခု ရှိနေတဲ့ နေရာကို လူလေးတို့ သေသေချာချာ မှတ်သားထားကြချေ။ ဟိုက ရောက်လာမယ့် ကဝေကောင်ကို ရှင်းလင်းပြီးမှ အဲ့ဒီ့ ကဝေရုပ်ကြွင်းကို ဖော်ထုတ်ကြမယ်…”

ဦးသိဒ္ဒိရဲ့ စကားကြောင့် ဒိုးညီနောင်တို့ ကဝေရုပ်ကြွင်းရှိနေရာတဝိုက်ကို မှတ်သားလိုက်ကြတယ်။

” ဝုနုး…”

အပေါ်ဆီက ကျယ်လောင်လွန်းတဲ့ အသံနဲ့အတူ မီးလုံးကြီးတစ်လုံးက လွင့်စင်ပြုတ်ကျသွားတယ်။

အောင်နိုင်သူအဖြစ်နဲ့ ကျန်ရစ်တဲ့ မီးလုံးကတော့ အပေါ်ဆီကနေ ပတ်၀န်းကျင်တခိုကို သုံးပတ်တိတိ ဝေ့၀ဲပြီးတော့ ရုတ်တရက်ရပ်တန့်သွားခဲ့ပြီး အောက်ကို တရှိန်ထိုး ထိုးဆင်းလာခဲ့တော့တာပဲ။

” တို့ရှိနေတာကို သူ သိသွားခဲ့ပြီ။ ကဲ…လူလေးတို့ရေ ဒီကောင့်ကို ဘဘ နိုင်မနိုင် မသေချာပေမယ့် လက်ပန်းကျနေမယ့်သူဖြစ်တာမို့ တရားမျတအောင် ဒီပွဲမှာ လးလေးတို့ မပါချေကြနဲ့၊ တစ်ယောက်ချင်းဆီပဲ ရင်ဆိုင်ကြမယ်ရယ်…”

ဦးသိဒ္ဒိရဲ့ စကားကို ဒိုးညီနောင်တို့ မချင့်မရဲ ဖြစ်မိသွားကြတယ်။

တစ်စုံတစ်ရာ ပြန်လည်ပြောဆိုခြင်းတော့ မရှိခဲ့ဘူး။

မီးလုံးကြီးက သူတို့နဲ့ မလှမ်းမကမ်းဆီကို ကျရောက်လာခဲ့ပြီး မြေပြင်ကို ရောက်တာနဲ့ မီးလုံးအသွင်ကွယ်လို့ သျှောင်ထုံးကြီးနဲ့ လူကြီးတစ်ယောက်အသွင်ကို ပြောင်းလဲသွားခဲ့တယ်။

” တောက်…ငါ့ညီတော်ရဲ့ ရုပ်အလောင်းကို ရယူလိုတဲ့သူတွေကလည်း မနဲမနောပါလား။ ဟင်း…အထက်လမ်းကကောင်တွေကပါ လာလုနေကြသေးတယ်ဆိုတော့ သိပ်ကို အံ့သြဖို့ကောင်း နေတော့တာပဲ…”

သျှောင်ထုံးနဲ့ လူကြီးက ခနဲ့စကား စတင်ပြီး ပြောလာခဲ့တယ်။

ဦးသိဒ္ဒိကတော့ အမျက်မရှ၊ အေးဆေးစွာနဲ့ပဲ…။

” ဒီရုပ်ကြွင်းက ကျွန်ုပ်ကြောင့် ဖြစ်လာတဲ့ ရုပ်ကြွင်းပါ။ အင်း…မုဆိုးစကားနဲ့ဆိုရင်တော့ ကိုယ့်ကြောင့်ဖြစ်တဲ့ ကျားနာကို ကိုယ်တိုင်ပဲ သုတ်သင်ရှင်းလင်းရတယ် ဆိုပါတော့…”

” ဘာ…”

တစ်ဖက်ကလူကြီးက အလွန်ပဲ ဒေါသထွက်သွားတယ်ဆိုပေမယ့် အခုနတုန်းက ရင်ဆိုင်ခဲ့ရတဲ့ အခြေအနေကြောင့် မောဟိုက်နွမ်းနယ်နေတဲ့ အသွင်။

ဒါကြောင့် သူ့ကိုသူ ပြန်ထိန်းနေပြီး ဦးသိဒ္ဒိကို ချက်ချင်း ရင်ဆိုင်ဖို့ လုပ်မလာခဲ့သေးဘူး။

” ကဲပါ…မြေအောင်းကဝေ ဆရာကြီး ဦးဘနက်၊ ဆရာကြီးရဲ့ အသက်က ၁၂၀ နှစ်၊ မြေအောင်းသက်က ၅၅ နှစ်၊ အခု ဆရာကြီးအနေနဲ့ ညီဖြစ်သူကြောင့် မြေအောင်းရာက ထွက်ပေါ်လာခဲ့ချိန်၊ မြေပေါ်က ဆရာကြီးရဲ့ မြေးတပည့်တွေက အခုလို ဆီးကြိုနှုတ်ဆက်သမှုပြုတာကိုတော့ ကျွန်ုပ်အနေနဲ့ စိတ်မကောင်းအတော့်ကို ဖြစ်မိပါတယ်…”

ဦးသိဒ္ဒိရဲ့ စကားကြောင့် တစ်ဖက်လူကြီးက လှုပ်လှုပ်ရှားရှားဖြစ်သွားခဲ့တယ်။

” မင်းက ခေတဲ့သူတော့ မဟုတ်ချေဘူးပဲ။ ကဲပါ…လေတွေစံတွေ ရှည်မနေနဲ့တော့၊ ငါ့အကြောင်းကို မင်းသိပေမယ့် ငါက မြေအောင်းသက်ကြာခဲ့တော့ မင်းအကြောင်းကို မသိပေဘူး။ ဒီတော့ တစ်ယောက်အကြောင်းတစ်ယောက်သိအောင် စလိုက်ကြစို့ကွယ်။ အဲ…လောင်းကြေးကတော့ အသက်နော်…အသက်၊ ငါ့ဘက်ကတော့ ငါ့ညီအတွက် သွေးကြွေးပေါ့ကွာ…ဟား…ဟား…ဟား….”

လူကြီးက ပြောပြီးတာနဲ့ သူ့လက်ဆီက တောင်းဝှေးနဲ့ မြေပြင်ကို ရိုက်ချလိုက်တော့ တော်လှဲသံကြီး ထွက်ပေါ်လာခဲ့ပြီး မြေပြင်က လှိုင်းတွေထလို့ ဦးသိဒ္ဒိဆီကို လှိုက်ခတ်လာတော့တယ်။

အနားရောက်ချိန်မှာတော့ ဦးသိဒ္ဒိက မြေငလျင်လှိုင်းကို လက်ညှိုးညွှန်လို့ တားမြစ်လိုက်ပြီး…။

” အို…အဖ ၀သုန္ဓရေ မြေနတ်မင်းကို အကျွန်ုပ်သိဒ္ဒိ မေတ္တာပို့လို့ ပင့်ဖိတ်ပြီး အကူအညီတောင်းခံအပ်ပါတယ်။ အရှင်နတ်မင်းရဲ့ မြေဆီကို ခိုကပ်နေတဲ့ ကဝေဆိုးကို ဆုံးမဖို့ အဖနတ်မင်းရဲ့ ပိုက်နက်ဆီက ဤပိုင်နက်ကို ကျွန်ုပ်အား ခေတ္တခဏ စီမံခွင့်ပြုပါ…”

ဦးသိဒ္ဒိက ပြောပြီးတာနဲ့ သူတားမြစ်ထားတဲ့ မြေငလျင်လှိုင်းကို ကဝြေကီးဦးဘနက်ထံဆီ ပြန်လည်စေပါးလိုက်တယ်။

ငလျင်လှိုင်းလုံးကြီးက ယခင်ထက် ပိုကြီးမားလာပြီး ပိုပြီးကျယ်လောင်လွန်းတဲ့ တော်လဲသံနဲ့ ကဝြေကီးဦးဘနက်ဆီကို ပြန်လည်တိုး၀င်သွားခဲ့တယ်။

” ရပ်စမ်း…ဟေ့ကောင်တွေ၊ ရပ်လိုက်စမ်း…”

မြေအောင်းကဝြေကီး ဦးဘနက်က သူစေပါးရာ မြေလှိုင်းလုံးကို တောင်ဝှေးတစ်ဒေါက်ဒေါက် ထောက်လို့ တားမြစ်ပေမယ့် အချည်းနှီးပါးပဲ။

လှိုင်းလုံးတွေက သူ့ဆီကို မြွေဆိုးတွေလို ပါးပြင်းတထောင်ထောင်နဲ့ အလျင်အမြန် တိုးကပ်လာခဲ့တယ်။

ကဝြေကီး ဦးဘနက် သူ့စနက်ကို သူပြန်ထိန်းဖို့ရာ မလွယ်တော့ဘူးဆိုတာ ရိပ်မိသွားတယ်။

ချက်ချင်းပဲ သူ့ကို ဝါးမျိုဖို့ လာနေတဲ့ မြေဆီကနေ လွတ်ရာလမ်းအဖြစ် အပေါ်ကို စက်ကြိုးပစ်ပြီး ခုန်တက်ဖို့ ကြိုးစားလိုက်တယ်။

ဒါကို ကြိုသိနေတဲ့ ဦးသိဒ္ဒိက သူဆင်ထားတဲ့ စက်ကြိုးနေရာဆီကို စက်သေမန္တာန်အုပ်ထားတဲ့ အင်းတစ်ချပ်နဲ့ လှမ်းပစ်ချေတော့…။

” ဝုန်း….”

ကျယ်လောင်တဲ့ ထိခိုက်သံနဲ့အတူ ကဝြေကီးဦးဘနက် မြေဆီကို ခြေပစ်လက်ပစ် ပြုတ်ကျလာခဲ့တော့တာ။

ပတ်၀န်းကျင်တခိုဆီက အရာရာတိတ်ဆိတ်ငြိမ်သက်သွားခဲ့တယ်။

” အွတ်….”

ကဝြေကီးဦးဘနက်ဆီက ပြုတ်ကျလာတဲ့ အရှိန်နဲ့ သွေးပွက်ပွက် အန်ကျလာခဲ့ပြီး ဦးသိဒ္ဒိကို လှမ်းကြည့်လာတယ်။

” မောင်ရင် တော်ပါပေတယ်။ ငါ့ကို မြေပြင်မှာ နိုင်သူရှားလို့ ဝေဟင်မှာ တိုက်ပွဲဆင်ကြသူတွေချည်းပဲ။ ဟင်း…ဟင်း…မင်းကတော့ ငါ့ကို မြေပြင်မှာတင် အနိုင်ယူလိုက်တယ်။ မင်းလိုလူကို ငါရှုံးနိမ့်ရကျိုး နပ်ပါတယ်လေ…”

ကဝြေကီး ဦးဘနက်က လှိုက်လှိုက်လှဲလှဲနဲ့ ပြောလာခဲ့တာ။

” ဆရာကြီးအနေနဲ့ ပင်ပန်းနေချိန်မို့သာ အကျွန်ုပ် သိဒ္ဒိက အနိုင်ယူနိုင်ခဲ့တာပါ…”

” ဟေ့ကောင်…တော်ချေစမ်း။ အဲ့ဒါမျိုး ဆင်ခြေပဲ။ ငါက ကဝေဆိုပေမယ့် ကောက်ကျစ်တဲ့အထဲတော့ မပါဘူး။ အေး…ဒီပြိုင်ပွဲမှာ တရားမျှတအောင် ငါလုပ်မယ်။ ငါတောင် နိုင်ရင် မင်းအသက်ကို ယူမယ်ဆုံးဖြတ်ထားခဲ့သေးတာပဲ။ အခု မင်းနိုင်တာဆိုတော့ ငါ့အသက်ကို မင်းယူနိုင်တယ်…”

ဦးသိဒ္ဒိက ခေါင်းကို ခါရမ်းလိုက်တယ်။

“ဆရာကြီးရဲ့ အသက်ကို အကျွန်ုပ် မယူလိုပါဘူး။ ဆရာကြီးသာ ကောင်းမွန်စွာနဲ့…”

ဦးသိဒ္ဒိစကားမဆုံးသေး၊ မြေအောင်းကဝြေကီး ဦးဘနက်က လက်ကာပြလာပြီး…။

” ရပြီ…ရပြီ။ ငါတို့အတွက် တရားမျှတမှုကို မင်းက မရှာပေးနိုင်ဘူး။ ဒီတော့ ငါကိုယ်တိုင်ပဲ ရှာမယ်…”

ဦးဘက်နက်က ပြောပြောဆိုဆိုပဲ သူ့ညာဘက်လက်နဲ့ သူ့ရင်ဘတ်ကို ပြန်ရိုက်ချလိုက်တယ်။

ရင်ဘတ်ဆီက မီးတောက်တစ်ခု ဝုန်းခနဲ ထတောက်လာပြီး သူ့ခန္ဓာကိုယ်ကို တစ်စစနဲ့ အလျင်အမြန်ပဲ ဝါးမျိုလာခဲ့တယ်။

” ငါ့ပညာနဲ့ ငါ့ခန္ဓာကို ကိုယ်တိုင်ချေဖျက်ခွင့်ရခဲ့လို့ မင်းကို ငါ ကျေးဇူးတင်ပါတယ်။ လောကကြီးမှာ မင်းရဲ့ ခွင့်လွှတ်မှုကို ပိုက်ပြီး အရှုံးနဲ့တော့ ငါဆက်ပြီး အသက်မရှင်လိုဘူး ဟား…ဟား…ဟား…”

ကဝြေကီးဦးဘနက်ကို ဦးသိဒ္ဒိတားမြစ်ဖို့ ကြိုးစားပေမယ့် မီးတောက်ရဲ့ အရှိန်က ပူလောင်လွန်းတာမို့ အနောက်ဆီကိုသာ တိုးဆုတ်ရပြီး ဘာမှ လုပ်ချိန်မရခဲ့ဘူး။

မီးတောက်ရဲ့ ဝါးမျိုမှုမှာ ကဝြေကီးဦးဘနက်ရဲ့ ခန္ဓာကိုယ်က တစ်စစ လောင်မြိုက် ပျောက်ကွယ်လာခဲ့တယ်။

ဒိုးညီနောင်တို့ကတော့ ကဝြေကီးဦးဘနက်ရဲ့ စိတ်နေစိတ်ထားကို နားလည်ရ ခက်နေကြလို့။

မကြာပါဘူး။

ကဝြေကီးဦးဘနက်တစ်ယောက် အစအနပါ ပျောက်ကွယ်သွားခဲ့ရချေပြီ။

အဲ့ဒီ့နောက်မှာတော့ ဦးသိဒ္ဒိက ခဏတာ ငြိမ်သက်နေခဲ့လေပြီး အတန်ကြာပါမှ ဒိုးညီနောင်နဲ့အတူ ကဝေရုပ်ကြွင်းကို ဖော်ထုတ်ဖမ်းယူလေတော့တယ်။

*******

ကောင်းကင်ဆီမှာ မိုးသားတိမ်လိပ်တို့က အသွင်သဏ္ဍာန်အမျိုးမျိုးနဲ့ ရှိနေခဲ့တယ်။

အဲ့ဒီ့အချိန် ဒိုးညီနောင်နဲ့ ဦးသိဒ္ဒိတို့ကတော့ မကြာခင် ရွာချတော့မယ့် မိုးရိပ်မိုးခြေကြောင့် အတော်လှမ်းလှမ်းဆီမှာ မြင်နေရတဲ့ လယ်တဲကလေးဆီကို ပုံမှန်ထက်ပိုတဲ့ခြေလှမ်းတွေနဲ့ လှမ်းသွားနေခဲ့ကြတယ်။

အချိန်အနဲငယ်ကြာတော့ သူတို့တတွေ လယ်တဲကလေးဆီကို ရောက်လာခဲ့ကြပြီ။ အဲ့ဒီ့အချိန်မှာ ကောင်းကင်ဆီက မိုးသီးမိုးပေါက်တို့က မြေပြင်ဆီကို တဖျောဖျော ကျဆင်းလာခဲ့တော့တာ။

ဦးသိဒ္ဒိက ချက်ချင်း တဲထဲကို မ၀င်ဘူး။ အပြင်ကနေ အကဲခတ်ကြည့်လို့ အထဲမှာ လူသူမရှိလေတော့ အနီး၀န်းကျင်က ဆိုင်ရာတချို့ကို မေတ္တာပို့ ခွင့်တောင်းလိုက်တယ်။

ပြီးတော့မှ သူတို့ တဲရဲ့ အထဲဆီကို ၀င်လိုက်ကြတော့တယ်။ အဲ့ဒီ့အချိန် ပြင်ပဆီမှာ မိုးက သည်းသည်းမည်းမည်း ရွာချခဲ့လေပြီ။

မိုးသံလေသံတို့ကို နားစွင့်ရင်း သူတို့သုံးယောက် ခဏထိုင်နားဖြစ်ကြတယ်။

” ဘဘ…”

ဒိုးငယ်က စတင်လာတဲ့ စကား။

” ဘာတုန်း…လူလေးရ…”

” ဟိုလေ…ကျုပ် တစ်လမ်းလုံး တွေးကြည့်နေတာ။ ဟို မြေအောင်းကဝြေကီး ဦးဘနက်ရဲ့ စိတ်နေစိတ်ထားကြီးက တစ်မျိုးကြီးပဲနော်…”

” အင်း…လူလေးက ဘယ်လိုထင်လို့လဲ…”

“ဘယ်လိုထင်မိလဲဆိုတော့ သူက လူကောင်းတစ်ယောက်လို့ ထင်မိနေတာ။ ဘဘကော ဘယ်လိုထင်မိလဲ…”

ဦးသိဒ္ဒိက ခေါင်းကို ညိတ်လိုက်ပြီး…။

” အဲ့ဒီ့လိုပဲ ယူဆရမယ့်သူပါ။ အေးလေ…လောကကြီးမှာ ကောင်းတဲ့အရာတွေထဲ မကောင်းတဲ့အရာ ရှိတတ်သလို၊ မကောင်းတဲ့အရာတွေထဲမှာလည်း ကောင်းတဲ့အရာ ရှိတတ်တာပါပဲ။ ကဝြေကီးဦးဘနက်ကတော့ သူ့ညီနဲ့မတူဘဲ လူမှန်ကြီးတစ်ယောက်လို့ ယူဆရမယ်။ ပညာထက်လွန်းပေမယ့် သူတစ်ပါးကို ဒုက္ခမပေးဘူး။ အရှက်သီးလွန်းတဲ့ သူ့ရဲ့မာန်မာနကြောင့်သာ ဒီလိုလူမျိုး သေဆုံးခဲ့ရတာ။ ဒါကတော့ နှမျောစရာပါပဲ…”

ဒိုးငယ် တွေးတောရင်း ငြိမ်သွားခဲ့တယ်။ အဲ့ဒီ့အချိန် ဒိုးကြီးက…။

” ဘဘ…ကျုပ်လည်း မေးချင်တာ ရှိတယ်…”

” အင်း…မေးချေကွယ် လူလေးရဲ့…”

” ဟို…ကျုပ်ကတော့ ကဝြေကီးဦးဘနက်အကြောင်းကို မေးချင်တာ မဟုတ်ဘူး။ ဟို…ကဝေရုပ်ကြွင်းအကြာင်း မေးကြည့်ချင်တာ…”

” အင်း…”

” သူက သေဆုံးနေတဲ့ ရုပ်ကြွင်းဖြစိတယ်။ သူ့မှာ သတ္တိတော့ ကိန်းအောင်းနေတယ်။ ပြီးတော့…ဘဘပြောတာမှာ ရှိသေးတယ်။ ဒါကို ယူဆောင်ဖို့ အတားအဆီးတွေအများကြီး ရှိတယ်တဲ့။ ဒါပေမယ့် ကျုပ်တို့ ယူဆောင်လာခဲ့တာ သိပ်လွယ်နေသလိုပဲနော်…”

ဦးသိဒ္ဒိ ခပ်ဖွဖွ ပြုံးလိုက်ပြီး…။

” အင်း…ဒါက ဘာကြောင့် လွယ်ကူခဲ့ရသလဲဆိုတော့ အပေါ်မှာ ယှဉ်ပြိုင်နေကြတဲ့ ကဝြေကီးဦးဘနက်တို့ရဲ့ တိုက်ပွဲက ကဝေရုပ်ကြွင်းဆီမှာ ဂယက်လာရိုက်တယ်ပဲ ပြောရမယ်။ ဘယ်လိုမျိုးလဲဆိုတော့ မီးစုန်းတောက်သလိုပေါ့။ အဲ့ဒီ့က ဂယက်က ရိုက်ခတ်လာတိုင်း ဒီဘက်က ကဝေရုပ်ကြွင်းက သန္ဓေမြူးပြီး မီးစုန်းထတယ်။ အဲ့ဒီ့မှာ ဘဘတို့က မြင်မိတော့ နောက်ဆုံးတံခါးကို အရင်ဖွင့်ခွင့်ရခဲ့သလိုဖြစ်သွားတာပေါ့…”

” ဪ…”

ဒိုးကြီးလည်း တွေးတောနေမိတယ်။ စကားသံတွေ တိတ်ဆိတ်သွားလေရဲ့။ တအောင့်ကြာတော့…။

” ကဲ…ကဲ…လူလေးတို့ အညောင်းပြေပြီဆိုရင် ကိုယ်လက်သုတ်သင်ပြီး တရားထိုင်ကြစို့။ ဒိုးကြီး…လူလေးက သမာဓိအား အတော်နဲနေတယ်။ ဒီတော့ လူလေးက ပိုပြီး အားစိုက်ရချေမယ် ဟုတ်ပြီလား…”

” ဟုတ်ကဲ့ ဘဘ…”

” အင်း…လူလေးတို့လည်း အခုနေတော့ ဒီ သမထထိုင်ခြင်းထက်ပိုပြီး ဘာမှ လုပ်ဆောင်ရဦးမှာ မဟုတ်သေးဘူး။ ဋ္ဌာနေကို ပြန်ရောက်ပါမှပဲ လူလေးတို့ သင်ကြားကျင့်ကြံကြရလိမ့်မယ်။ ကဲ…ကဲ…လုပ်စရာရှိတာ လုပ်ကြချေတော့…”

ဦးသိဒ္ဒိရဲ့ စကားအဆုံး ဒိုးညီနောင်တို့လည်း တံစက်မြိတ်က မိုးရေကို ခံယူပြီး ကိုယ်လက်သုတ်သင်လိုက်ကြပြီး ဦးသိဒ္ဒိနဲ့အတူ သမထထိုင်ခြင်းအမှုကို ပြုလုပ်နေလိုက်ကြတော့တယ်။

******

မနက်မိုးလင်းချိန်မှာတော့ ဦးသိဒ္ဒိနဲ့ ဒိုးညီနောင်တို့ နားခိုရာ လယ်တဲဆီက ထွက်ခွာလာခဲ့ကြပြီး နေထန်းတဖျားခန့်မှာ လက်ပံတောဆိုတဲ့ ရွာဆီကို ရောက်ရှိလာခဲ့ကြတယ်။

ရွာထဲကို သူတို့၀င်ကြတော့ ပြဿနာတစ်ခုဖြစ်နေတာ သိကြရလေရဲ့။

ပြဿနာရဲ့ အကြောင်းအရင်းက ရွာဦးကျောင်းတိုက်ဆီက ကိုရင်လေးတစ်ပါး ပျောက်ဆုံးနေခဲ့လေတာ။

ဒီအဖြစ်နဲ့ ဦးသိဒ္ဒိ၊ ဒိုးညီနောင်တို့ ရောက်ရှိချိန်က ကြုံကြိုက်လာပြန်တော့ ဖြေရှင်းကူဖို့ ဖြစ်လာခဲ့ပြန်တယ်။

ဒီအကြောင်းအရာကိုတော့ ” ပျောက်ဆုံးနေသော ကိုရင်လေး” ဆိုတဲ့ စာမူမှာ စောင့်စားဖတ်ရှုပေးကြပါခင်ဗျာ…။

ပြီးပါပြီ။

နောင်ရိုး(ဆေးတပ်)