ခွေးနက်ကြီးရဲ့အူသံ

ကျောက်ခဲ လာခဲ့ ဝင်ခဲ့လေ”
ကျောက်ခဲကလည်း ညက တော်တော်အိုက်မယ်
ပုံပဲဗျ။ စွပ်ကျယ်ချိုင်းပြတ်လေး ဝတ်လို့။ ဝိုင်းထဲ
ကို ခပ်သုတ်သုတ်ကျော် ဝင်လာတယ်။
“လာ ထိုင် ကျောက်ခဲ၊ ငါတို့တော့ ညက အိပ်မ
ပျော်တာနဲ့ ခုမှပဲ အိပ်ရာထနိုင်တော့တယ်”
“ဒါဆိုရင် ညက ခွေးအူသံကြီးကို ကိုကြီးတာတေ
ကြားမှာပေါ့”
“ဟာ…ကြားတာပေါ့ ကျောက်ခဲရဲ့”
“အဲဒီကိစ္စ ရွာထဲမှာတော့ ကျွက်စီ ကျွက်စီ ဖြစ်
နေပြီဗျို့”
“ဟေ …ခွေးအူတာ ဘာဖြစ်လို့တုံး ကျောက်ခဲရဲ့”
“ညက အူတဲ့ခွေးကြီးက ကျုပ်တို့ရွာကခွေး မဟုတ်
ဘူးတဲ့ဗျို့။ ခွေးနက်ကြီး အကြီးကြီးပဲတဲ့ဗျ။ ဘယ်
က ရောက်လာတဲ့ ခွေးမှန်း မသိဘူးတဲ့ဗျ၊ ပထမ
တော့ ရွာထဲက ခွေးတွေက လန့်ပြီး မကပ်ရဲကြဘူးတဲ့ဗျို့။
နောက်တော့ ရွာထဲကခွေးတွေ ဝိုင်း
ပြီး ကိုက်ကြတာတဲ့ဗျ။ ဒီကောင်ကြီး ပြန်ကိုက်
တာ ကျုပ်တို့ရွာက ခွေးသုံးကောင် သေပြီး ကျန်
နေခဲ့တယ်တဲ့ ကိုကြီးတာတေ”
“ဟေ…ဟုတ်လား ကျောက်ခဲ၊ ဆန်းတော့ ဆန်း
နေသားပဲကွ”
“နေဦး၊ ကိုကြီးတာတေ ဆန်းတာကို ကျုပ်ပြော
ဦးမှာ”
“ဟေ …ဆန်းတာ ဘာဖြစ်လို့တုံး”
“ညက ခွေးနက်ကြီးအူပြီး လူတွေက အဲဒီခွေးသံ
ကြီးကို အာရုံရပြီး ပြောနေတော့ ကိုယ့်အိမ်ထဲမှာ
ဘာဖြစ်သွားလဲ မသိကြဘူး။ အခုမနက်ကျမှ သိ
ကြတာဗျ”
“ဟေ …ဘာဖြစ်လို့တုံး ကျောက်ခဲရ”
” ညက ချက်ထားတဲ့ ဟင်းတွေ၊ ထမင်းကြမ်း
ကျန်တာတွေ ဘာမှမရှိတော့ဘဲ အိုးတွေ ဒီအ
တိုင်း ဟောင်းလောင်းဖြစ်နေတာတဲ့ဗျ”
“ဘယ်လိုကွ၊ အိမ်တွေမှာ ကျန်တဲ့ ထမင်း ဟင်း ကျန်တာတွေ စားသွားတယ် ပြောတာလား”
“ဟုတ်ပါ့ဗျာ၊ ကျုပ်တို့အိမ်မှာလည်း စားသွားတယ်
ဗျ၊ ကျုပ်အမေ မနေ့က ချက်ထားတဲ့ ဝက်သားဟင်း
အိုးကြီးက ဘာမှ မကျန်တော့ဘူးဗျ။ ထမင်းအိုးထဲ
က ထမင်းကျန်တာတွေလည်း ကုန်ရောဗျ”
“ဟဲ့ ငွေစိန်၊ နင့်မီးဖိုချောင်လည်း သွားကြည့်လိုက်
ပါဦးဟ၊ ကျောက်ခဲပြောတာ ကြားတယ်မှတ်လား”
အမေက မီးဖိုချောင်ထဲဝင်ပြီး အိုးတွေ လှန်လှော
ကြည့်တယ်ဗျ။
“ကျုပ် မီးဖိုချောင်တော့ ဘာမှမပျောက်ဘူး
ကိုဉာဏ်ရဲ့၊ ထမင်းကျန် ဟင်းကျန်တွေ ဒီ
အတိုင်းပဲ ရှိတယ်တော့”
“ဒါဆို ဒီဘက်တွေ မဖြစ်လို့ပဲဗျ၊ ညက ခွေးနက်
ကြီးအူတဲ့ဘက်မှာ ဖြစ်တာထင်တယ်”
“တော်တော်ထူးဆန်းတာပဲ ကျောက်ခဲရ၊ ငါဖြင့်
ဒါမျိုးကို တစ်ခါမှ မကြားဖူးဘူး”
နဂါးဆေးပေါ့လိပ်ကလေးဖွာရင်း ကျုပ်တွေး
တယ်။ ဒါပေမဲ့ အဖြေတော့ မရဘူးဗျ။
“ဒီည စောင့်ကြည့်တာပေါ့ကွာ၊ ဘာတုံးဆိုတာ
အဖြေပေါ်မှာပါ”
ညရောက်တော့ ကင်းတွေတွဲပြီး ကင်းစောင့်
ကြတာပေါ့ဗျာ။ ကျောက်ခဲကတော့ ကျုပ်ဆီ
ရောက်နေတာဗျ။ ဒီရက်ထဲမှာ သံမဏိက မရှိ
ဘူး၊ မြို့ရောက်နေတာ။ ကျုပ်က မျက်ကွင်း
ဆေး ကွင်းထားပြီးသားဗျ။ ညသန်းခေါင်နား
နီးလာပြီ။ ခုထိတော့ ဘာသံမှမကြားသေးဘူး။
ကျုပ်နဲ့ ကျောက်ခဲက ဝိုင်းထဲမှာ ထိုင်ပြီးတော့
စကားပြောနေကြတာ။
“အ…ဝူး…ဝူး…ဝူး…”
“ဟာ…ခွေးနက်ကြီး အူပြီဗျို့၊ ကိုကြီးတာတေရေ”
“အေးကွ၊ လာ ရွာထဲသွားကြမယ်၊ ဒါ မြောက်
ပိုင်းက အူတဲ့အသံပဲကွ”
ကျုပ်နဲ့ ကျောက်ခဲ ရွာမြောက်ပိုင်းဘက်ကို ရောက်
လာကြတယ်။ ကင်းတဲတွေက ကင်းစောင့်တဲ့သူ
တွေကလည်း ဓါတ်မီးတွေနဲ့ ဟိုထိုး ဒီထိုး လုပ်နေ
ကြတာပေါ့ဗျာ။
“ဟာ…ဟိုမှာကွ၊ ခွေးနက်ကြီး အူနေတာ”
“ဟင် …ဘယ်မှာတုံး၊ ဟာ…ဟုတ်သားပဲ၊ နဲတဲ့
ခွေးကြီးမှ မဟုတ်တာ”
“အေး …အေး…ရှေ့မတိုးနဲ့တော့ ဒီမန်ကျည်းပင်
ကြီးအပေါ်တက်တော့ ကျောက်ခဲ မင်းနဲ့ ငါနဲ့
ဒီအပင်ပေါ်က ကြည့်နေမယ်”
ကျုပ်တို့နှစ်ယောက် မန်ကျည်းပင်ကြီးပေါ် တက်ကြည့်နေလိုက်တယ်။
“အ…ဝူး…ဝူး…ဝူး…”
ခွေးနက်ကြီးက အသံရှည်ရှည်ကြီး ဆွဲပြီး အူပြန်
ပြီဗျို့။ ရွာလမ်းပေါ်မှာ လရောင်မှိန်မှိန်လေးက
လည်း လင်းနေတာဗျ။ ခပ်ဝါးဝါးလေးတော့ မြင်
နေရတယ်။
“အား…ဝူး…ဝူး…ဝူး”
ခွေးနက်ကြီးက ဆက်တိုက်ကို အူနေတာဗျို့။
“ဟာ”
“ဘာတုံး၊ ကိုကြီးတာတေ ဘာမြင်လို့တုံး”
“ငြိန်ငြိမ်နေ ကျောက်ခဲ၊ ငြိမ်ငြိမ်နေ”
လရောင်ဝါးဝါးလေးအောက်မှာ ရိပ်ကနဲ ရိပ်ကနဲ
ပြေးနေတာဗျ။
ဒါ ဘာကောင်လေးတွေလဲ၊ ကြောင်တွေလား၊
ပြေးတာတော့ ကြောင်ပြေးသလို ပြေးတာဗျ။
လှစ်ကနဲ လှစ်ကနဲ နေတာပဲဗျို့။ အရွက်က
လည်း ကြောင်လောက်ပဲရှိတာ။ ကျုပ် မန်
ကျည်းပင်ပေါ်ကနေ သေသေချာချာ ကြည့်
နေတယ်။
“ဟာ …မှင်စာတွေပဲကွ၊ ကျောက်ခဲရ”
“ဟုတ်လား၊ များလား ကိုကြီးတာတေ”
“အများကြီးပဲကွ၊ ဘယ်နှကောင်မှန်း မသိတော့
ဘူးကွ ကျောက်ခဲရ”
“ဒီကောင်တွေ ဘာလုပ်ဖို့ ရောက်လာတာတုံး
ကိုကြီးတာတေရ”
“ဟကောင်ရ၊ အိမ်ထဲဝင်ပြီး စားသောက်ပစ်ဖို့
ပေါ့ကွ၊ ဟော ဟော အိမ်ထဲကို ပြေးဝင်သွားကြ
ပြီဟေ့”
ကျုပ်နဲ့ ကျောက်ခဲ ဆက်ပြီးစောင့်ကြည့်နေလိုက်
တယ်။
“အား…ဝူး…ဝူး…ဝူး…”
ခွေးနက်ကြီးတစ်ကောင်ကတော့ အဆက်မပြတ်
ကို အူနေတာပဲဗျို့။ မှင်စာတွေကတော့ အိမ်ထဲ
ကို ဝင်သွားကြပြီ။
“အား…ဝူး…ဝူး…ဝူး…၊ အီ…အီ…အီ…အီ…”
ဟော ခွေးအူသံကြီးက တစ်မျိုးပြောင်းသွားပြီဗျို့။
မှင်စာတွေ အိမ်ထဲဝင်သွားတာ နာရီဝက်လောက်
ရှိသွားပြီ၊ ဟော ထွက်လာကြပြီဗျို့။ လှစ်ကနဲ လှစ်
ကနဲ ပြေးထွက်သွားကြပြီဗျို့။
ဟော ခွေးနက်ကြီးလည်း ရွာစည်းရုံးဘက်ကို
ပြေးထွက်သွားပြီဗျို့။ နောက်နေ့ရောက်တော့
ကျုပ်လည်း တစ်နေ့လုံး စီစဉ်နေရတော့တာ
ပေါ့ဗျာ။ အိမ်လုံးမှာ သရေဂွနဲ့ လောက်စာလုံး
တော့ ရှိကြတာပဲဗျာ။
စီစဉ်ရတာတော့ လွယ်ပါတယ်။ သံပုံးတီးဖို့လည်း စီစဉ်ထားရတယ်။ ကျုပ်ကတော့ သိမ်ဝင်အပ်မှာ ကြက်တောင်တပ်ပြီး မြားလုပ်ထားတယ်။ ပြီးတော့
မှုတ်ပြောင်းကို မုဆိုး ကိုတောင်လုံးဆီကို ငှားပြီး
မြားမှုတ်နည်းလည်း သေသေချာချာ သင်လိုက်
တယ်။ ဒီညတော့ ကျုပ်တို့ရွာထဲက အိမ်တိုင်းမှာ
နိုးကြားနေကြတာပေါ့ဗျာ။
ကင်းတဲတွေမှာ ကင်းစောင့်တဲ့လူတွေ အားလုံးက
လည်း လေးခွနဲ့ လောက်စာလုံးအိတ်တွေနဲ့ဗျ။ ဒီ
ညတော့ အပြီးရှင်းရမယ့်ညဆိုတော့ ဒီလိုတစ်ရွာ
လုံး မပါလို့ မဖြစ်ဘူးဗျ။ ကျောက်ခဲက ဝီစီတစ်လုံး
ကိုင်ထားတယ်။
ကျောက်ခဲရဲ့ ဝီစီမှုတ်သံကို တစ်ရွာလုံးက နားစွင့်
နေရမှာလေ။ ဒီပွဲမှာ ယောက်ျားကော၊ မိန်းမကော
အကုန်ပါရမှာလေ။ ကျုပ် ညက မြင်ရတဲ့ အနေအ
ထားကို အားလုံးကို ပြောပြထားပြီးသားဆိုတော့
သူတို့လုပ်ရမယ့်ကိစ္စကို သူတို့ သိပြီးသားဗျ။
ညဆယ်နာရီထိုးတော့ အမေက ကျုပ်နဲ့ ကျောက်
ခဲကို ရေနွေးကြမ်းနဲ့ လက်ဖက်သုတ် လာချပေး
သွားတယ်။ ကျုပ်တို့နှစ်ယောက် လက်ဖက်ရည်
ကြမ်းသောက်ရင်း စကားပြောနေကြတာပေါ့ဗျာ
ကျုပ်ကတော့ နဂါးဆေးပေါ့လိပ် ဖွာနေတာပေါ့
ဗျာ။မျက်ကွင်းဆေးကတော့ အစောကြီးကတည်း
က ကျုပ်ကွင်းပြီးသားဗျ။
ကျုပ်က သိမ်ဝင်အပ်ကို လုပ်ထားတဲ့ မြားကို
မှုတ်ပြောင်းထဲမှာ အဆင်သင့် ထည့်ထားပြီး
သားဗျ။ ကျုပ်က ပြောင်းမှုတ်တာကို သိပ်ပြီး
ဒုံးမဝေးဘူး။ ကိုတောင်လုံးနဲ့ တောထဲကို တစ်
ခါ တလေ လိုက်သွားဖူးတော့ ကိုတောင်လုံး
ပြောင်းမှုတ်တာကို မြင်ဖူးတယ်လေဗျာ။
ညသန်းခေါင်ကျော်ပြီဗျ။
“အာ…ဝူး…ဝူး…ဝူး…”
ဟော ခွေးနက်ကြီး အူပြီဗျို့။ ဒီတစ်ခါအူတာ ရွာ
အနောက်ပိုင်းဗျ။ ကျုပ်နဲ့ ကျောက်ခဲ ရွာနောက်
ပိုင်းကို ခပ်သုတ်သုတ် ထွက်လာကြတယ်။
“အား…ဝူး…ဝူး…ဝူး…”
ခေါင်းကြီးအပေါ်မော့ပြီး အူနေတဲ့ ခွေးနက်ကြီး
ကို တွေ့ရတယ်ဗျ။ ဒီကောင်ကြီးက လကိုကြည့်
ပြီး အူနေတာဗျ။ ကျုပ်က ခွေးနက်ကြီးနဲ့ အနီး
ကပ်နိုင်သမျှ ကပ်ပြီး ရှားဖြူပင်ကြီးအောက်မှာ
ကပ်နေလိုက်တယ်။
“အား…ဝူး…ဝူး…ဝူး…”
ဟော…ခွေးနက်ကြီးကတော့ အဆက်မပြတ်ကို
အူနေပြီဗျို့။ ကျုပ် ရွာလမ်းကို သေချာကြည့်နေ
တယ်။ ဟော လာပြီ၊ လာပြီ မှင်စာအုပ်ကြီး မဲ
မဲ…မဲ…နဲ့ ရွာထဲကို ဝင်လာကြပြီ။
“အား…ဝူး…ဝူး…”
ခေါင်းကြီးမော့ပြီး အူနေတဲ့ ခွေးနက်ကြီးကို ကျုပ် မှုတ်ပြောင်းနဲ့ ချိန်လိုက်တယ်။ ကိုတောင်လုံး သင်
ပေးတဲ့အတိုင်း အသက်ကို ဝအောင် ရှုလိုက်တယ်
ပြီးတော့ အသက်ကိုအောင့်ပြီး မှုတ်ထုတ်လိုက်
တယ်။
“ဝှစ်”
မြားက တန်းကနဲ ထွက်သွားတယ်။ ထိတယ်ဗျို့
ခွေးနက်ကြီးရဲ့ နားထဲကို တည့်တည့်ကို ဝင်သွား
တာဗျို့။
“ကိန်၊ ကိန်၊ ကိန်”
ဟော ခွေးနက်ကြီးအော်ပြီးတော့ ရွာအနောက်
ဘက် စည်းရိုးကို တန်းပြေးပြီဗျို့။
“ကျောက်ခဲ မှုတ်တော့ ”
“ရွှီ”
ကျောက်ခဲရဲ့ အဆက်မပြတ်မှုတ်တဲ့ ဝီစီသံက
တစ်ရွာလုံးကို လွှမ်းမိုးသွားပြီဗျို့။ ကျုပ်က မှုတ်
ပြောင်းကို ယူပြီး တန်းကနဲ ရပ်သွားတဲ့ မှင်စာ
အုပ်ကြီးဘက်ကို တည်လိုက်တယ်။
ဝိုင်းထဲကနေ အလျှိုလျို ပြေးထွက်လာတဲ့လူ
တွေကို ကျုပ်က လက်ညှိုးထိုးပြလိုက်တယ်။
“အဲဒီတည့်တည့်ကို ပစ်ကြဗျို့၊ အဲဒီမှာ မှင်စာ
တစ္ဆေတွေ ရပ်နေတယ်”
ကျုပ်ပြောလိုက်တာနဲ့ တစ်ပြိုက်နက် လမ်းမကြီး
တည့်တည့်ကို ဝိုင်းပြီးပစ်ကြတော့တာဗျို့။
“ကျောက်ခဲ ဒုတိယဝီစိ မှုတ်တော့”
“ရွှီ”
ကျောက်ခဲက ဒုတိယအကြိမ် ဝီစီမှုတ်တော့…
“ဒုန်း…ဒုန်း…ဒုန်း…ဒုန်း…ဒုန်း…”
ဝိုင်းတွေထဲကနေ သံဗုံးတွေ ဝိုင်းတီးကြတာဗျို့။
ပြေးပြီဗျို့။ မှင်စာတွေ ပြေးပြီဗျို့။ လာလမ်းအ
တိုင်း နောက်လှည့်ကို ပြေးတာဗျို့။
“ဖြောင်း…ဖြောင်း…ဖြောင်း…”
လေးခွအဖွဲ့ကလည်း မနားတမ်းပစ်၊ သံပုံးအဖွဲ့
လည်း မနားတမ်းတီးဆိုတော့တစ်ရွာလုံးကို ဆူ
နေတော့တာပေါ့ဗျာ။
“ဟေး…ဟေး…ဟေး…ဟေး…ဟေး”
တစ်ချို့ကလည်း လေးခွသမားတွေနောက်မှာ
သံပုံးတီးပြီး လိုက်လာတာဗျ။ ပါးစပ်ကလည်း
ဆူညံအော်ဟစ်ပြီး မောင်းထုတ်တာဆိုတော့
မှင်စာမပြောနဲ့၊ ကျုပ်တောင် တစ်ချက် တစ်ချက်
လန့်လန့်သွားတယ်ဗျာ။
ကျုပ်တို့လည်း ရွာပြင်ရောက်တဲ့အထိကို လိုက်
ကြတာဗျ။ မှင်စာတွေ အုပ်လိုက်ကြီး ပြေးလိုက်
တာမှ တန်းနေတာပဲ။
“အား…ဝူး…ဝူး…ဝူး…ဝူး…”
ဟော…ခွေးနက်ကြီးက ရွာပြင်က ကြိုစောင့်နေ
တာဗျို့။ ရွာပြင်ဘက်က ယာထဲကနေ အူနေတာ
ဗျ။ ဟော …မှင်စာတွေ စွတ်ပြေးပြီဗျို့။ ခွေးကြီး
အူတဲ့ဘက်ကို တန်းပြေးကြတာဗျို့။
“ရွှီ”
ကျောက်ခဲကို ကျုပ်က တတိယဝီစီ ဆက်မှုတ်ခိုင်း
လိုက်တယ်။ အားလုံး ရပ်လိုက်ကြရောဗျို့။ ဒါတွေ
က ကျုပ် နေ့ခင်းတည်းက စီစဉ်ထားတာလေဗျာ။
ရွာထဲကနေ အောင်အောင်မြင်မြင်နဲ့ မောင်းထုတ်
လိုက်နိုင်ပြီပေါ့ဗျာ။ နောက်ညတွေမှာ ကျုပ်တို့
ဆက်ပြီး စောင့်ကြည့်သေးတယ်ဗျ။
ဒါပေမဲ့ ခွေးနက်ကြီးရော မှင်စာတွေရော မလာတော့ပါဘူးဗျာ

ပြီးပါပြီ