သင်္ချိုင်းဟောင်းကလက်ကျန်သရဲကြီး

အိမ်လုံးပေါ်လာသော်
လည်း ထရံမကာရသေးသဖြင့် အိမ်ပေါ်မတက်
ရသေးပေ။ကိုတင်လှ၏ ယောက္ခမများက
မြိ့ထဲရပ်ကွက်တစ်ခုမှာနေထိုင်ကြသည်။
ကလေးနှစ်ယောက်က အဘွားအိမ် သွားလိုက်၊
အိမ်လာလိုက်နှင့် ကူးချည်သန်းချည်
လုပ်နေကြသည်။

“မိန်းမရေ…နောက်နှစ်ရက်လောက်ဆို အိမ်တက်လို့
ရရင် ကောင်းမှာပဲ”

“ဘာဖြစ်လို့လဲ …နေ့ကောင်းလို့လား”

“ဟုတ်တယ် …လာမယ့်အင်္ဂါနေ့ နေ့ကောင်းတယ်
အိမ်သစ်တက်လို့လည်းကောင်းတယ်…ထရံမရသေး
လည်း တက်နေလိုက်ကြတာပေါ့ ”

ညနေထမင်းစားပြီသည်နှင့် တစ်ဖက်ရပ်တဲလေး
အတွင်း ကိုတင်လှ ကျောဆန့်နေသည်။ အိမ်ကို
ဆောက်ပေးသော ဘကြီးထွန်းတို့ ဆရာတပည့်လည်း
ထမင်းစားပြီး ပြန်သွားပြီဖြစ်သည်။ အချိန်က
ခြောက်နာရီခွဲခန့်ရှိပြီး မှောင်စပျိုးနေပြီ၊ ထိုအချိန်
ကိုတင်လှသူငယ်ချင်း ကိုအောင်ဖြိုး ခြံထဲဝင်လာသည်။

“မြဝင်း…နင့်ယောင်္ကျားငပျင်း ဘယ်သွားလဲ”

“ရှိတယ် …တဲရုံထဲမှာ”

“ဟေ့လူ…ခြံထဲဝင်လာပြီး၊ကျုပ်ကို ရှိ မရှိ
ဘာလို့ မေးတာလဲ”

“မင်း…မရှိတော့ မင်းမိန်းမနဲ့ စကားပြောရ
တာပေါ့ …ဒါကြောင့် သေချာအောင် မေးရတာ”

“ကဲ…ကျုပ် ရှိတယ် ဘာပြောမလို့လဲ”

“မင်း…ရှိမှတော့၊ ငါနောက်မှပဲ လာတော့မယ်”

“မင်းတို့နှစ်ယောက်ကို သားနဲ့သမီး ချောင်းခိုင်းထားမယ်”

“ဟေ့ကောင်…တင်လှ၊ မင်းလျှောက်ပြောနေလို့
မင်းမိန်းမ ငါ့ကို ပြစ်မှားနေဦးမယ်”

“အံမယ် ကိုအောင်ဖြိုးက အသလွတ် အသားယူနေ
ကျမက ကလေးဗိုက်ကြီးနေတုန်း ကိုအောင်ဖြိုး
အိမ်လာမှာ စိုးရိမ်နေတာ”

“ငါလာတာ …ဘာဖြစ်လို့လဲ”

“ကိုအောင်ဖြိုးလို မျက်လုံးပြူးပြူး သွားခေါခေါလေး မွေးလာမှာစိုးလို့ ”

“ငါ့ရုပ်က …မလှလို့လား”

“သရဲနဲ့ တူနေလားလို့ ”

“နင်ကသာ သရဲနှင့် တူနေ၊ မလှညွန့်က ငါ့မရရင်
သတ်သေမယ်ချည်း လုပ်နေလို့ မနည်းတောင်းပန်
ထားရတယ်”

“အဲဒီ…မလှညွန့်ကို ကိုအောင်ဖြိုးမှ မကြိုက်ရင်
ဒီတစ်သက် လင်ရမှာ မဟုတ်တော့ဘူး”

“နင်ကလည်း မလှညွန့်ကို မကောင်းပြောလိုက်တာ”

“မိန်းမရေ…ဒီကောင်ကြီးနဲ့ မလှညွန့်ယူလို့ကတော့
မွေးလာမယ့်ကလေးတွေ တော်တော်လှမှာပဲ”

“ဘာလဲ ဟေ့ကောင် …သရဲလေးတွေလို့
ပြောချင်တာလား”

“ငါ ဘာမှ မပြောသေးပါဘူး အောင်ဖြိုးရာ”

“ဒါနဲ့ ကိုအောင်ဖြိုးတို့ လမ်းဘက်မှာ ညည
သရဲခြောက်တယ်ဆို”

“အေးဟ ညခုနှစ်နာရီကျော် ရှစ်နာရီဝန်းကျင်က
စလို့ လမ်းပေါ်မှာ ကစားနေတဲ့ ကလေးတွေ
သရဲအခြောက်ခံရတယ်လို့ ပြောနေကြတာပဲ”

“ကိုအောင်ဖြိုးရော…မတွေ့ဘူးလား”

“ငါတော့ မတွေ့သေးဘူး …ခေါင်းရင်းခြံက
မပြုံးကတော့ သူတစ်ခါမှ မမြင်ဘူးတဲ့ လူကြီး
တစ်ယောက် မျက်နှာဖြူရော်ရော်ကြီးနဲ့ သူ့ဘေးက
ဖြတ်သွားတာ တွေ့လိုက်တယ်လို့ ပြောတယ်
အေးသိန်းရဲ့သမီးလေးလည်း ကစားနေရင်း
နောက်က ဆောင့်တွန်းလိုက်ကာ ရှေ့ကို
မှောက်ရက်ပစ်လဲသွားတယ်။ သူလှည့်ကြည့်တော့
ဘယ်သူမှ မရှိဘူးလို့ ပြောတယ်။ အဲဒီကလေးမလေး
အကြောက်လွန်ပြီး အိပ်ရာပေါ်က မထနိုင်သေးဘူးတဲ့”

“ဒီမြေက အရင်က သင်္ချိုင်းဟောင်းမဟုတ်ဘူး
သင်္ချိုင်းရွှေ့လိုက်ပေမဲ့ မလိုက်သွားဘဲ နေခဲ့တဲ့
ဝိညာဉ်တွေ ရှိနေသေးလားမှ မသိဘဲ”

“တင်လှရေ…တင်လှ၊ မင်းတို့ အိမ်ကို အောင်ဖြိုး
လာသေးလား”

“ရှိတယ် ဦးလေးထွန်းရေ”

“အောင်ဖြိုး …လာဦး၊ အရေးကြီးတယ်၊ ငါ
မင်းကို လိုက်ရှာနေတာ”

ကိုတင်လှက ကိုအောင်ဖြိုးနှင့်အတူ အိမ်ခြံဝသို့
ထွက်ခဲ့သည်။

“ဦးလေးထွန်း …ဘာကိစ္စလဲ”

“အေးသိန်း သမီးလေး …ဆုံးသွားပြီ၊စောစောကလည်း
လမ်းပေါ်မှာ ကစားနေတဲ့ ကလေးတွေ သရဲတွေ့လို့
ဆိုပြီး လန့်ကြသေးတယ်”

“ကလေးတွေ မှောင်ရင် ထွက်မကစားနဲ့လေ။
လူကြီးတွေက မပြောကြဘူးလား”

အေးသိန်းက အောင်ဖြိုးနှင့် ညီအစ်ကို တစ်ဝမ်းကွဲ
တော်သည်။ ဦးလေးထွန်းနှင့်ပါသွားသလို တင်လှ
ကလည်း အိမ်ထဲပြန်ဝင်ခဲ့သည်။

“ဘာကိစ္စတဲ့လဲ ”

“အောင်ဖြိုးတူမ …ဆုံးသွားလို့တဲ့”

“ကိုအေးသိန်း သမီးအလတ်မလေး ဆုံးသွားပြီ
ဟုတ်လား”

“အေး ဟုတ်တယ်၊ မင်းသားနဲ့ သမီးကိုလည်း
ညနေစောင်းကတည်းက အိမ်ပြင်မထွက်စေနဲ့ ”

“သူတို့အုပ်စုကို သရဲခြောက်ထားလို့ မှောင်တာနဲ့
အိမ်ထဲ ရောက်နေပြီ”

“ဟင် သူတို့ ဘယ်လို အခြောက်ခံလိုက်ရတာလဲ
ကိုယ်လည်း မသိပါလား”

“အရေးလည်းမကြီး စကားလည်း
မစပ်မိလို့ မပြောဖြစ်တာ၊ မနေ့ညနေ ခြောက်နာရီ
လောက် ဟိုဘက်တစ်အိမ်ကျော်က အေးအေးတို့
မောင်နှမတွေနဲ့ တုပ်ဆီးတိုးတမ်းကစားနေတုန်း
ခဲသေးသေးလေးတွေနဲ့ အပေါက်ခံလိုက်ရတယ်
သူတို့အားလုံး သရဲခြောက်တယ်ဆိုပြီး အိမ်ပြန်
ပြေးလာကြတယ်”

“အေး နောက်ဆို မှောင်တဲ့အထိ မကစားစေနဲ့
အပြင်လည်း မထွက်စေနဲ့ အခု လူသေတဲ့အထိ
ဖြစ်လာပြီ”

ထို့နောက်ပိုင်း လူသေမှုမဖြစ်တော့ဘဲ ညဘက်
ရောက်လျှင် အချို့အိမ်များတွင် ထမင်းများ၊
ဟင်းများ ခိုးစားခံရသည်ဆိုသော သတင်း
ထွက်လာသည်။

” ညက ဝက်သားဟင်းကျန်လို့ ငရုတ်ဆုံနဲ့ဖိပြီး
ထားတာ မနက်လည်းရောက်ရော စားမယ့်လူ
မရှိဘဲ …ဟင်းတွေ အိုးထဲမှာ မရှိတော့ဘူး”

“ကျမတို့အိမ်မှာလည်း ညနေပိုင်း ကြက်သားသုံး
ဆယ်သား ချက်ထားတယ်…ညစာစားပြီးပြီဆို
တော့ မနက်စာအတွက် အပြီးမချက်ဘဲ တစ်ရေခမ်း
လုံးချက်ချက်ပြီး ဖုံးဖိထားတယ်။ မနက်လည်း
ရောက်ရော အိုးတခြား အဖုံးတခြား အိုးထဲမှာ
အရိုးတစ်ချောင်းတောင် ကျန်မနေခဲ့ဘူး”

“ဒေါ်အေးကြည်တို့ အိမ်ကတော့ ဆန်အိုးထဲမှာ
ငါးရံ့ခြောက်တစ်ပြားထည့်ထားတာ မနက်မီးဖုတ်
မလို့ ယူတော့ မရှိတော့ဘူးတဲ့”

ထိုကဲ့သို့ ရပ်ကွက်အသစ်မှာ ဟင်းပျောက်သည့်
သတင်းများ ခပ်စိပ်စိပ် ကြားလာရသည်။
အင်္ဂါနေ့ရောက်တော့ မနက်ကိုးနာရီခန့် အိမ်သစ်
ပေါ် ပြောင်းရွှေ့တက်ကြသည်။ အိမ်က သုံးပတ်
လည် ခန်းဖွင့်ကိုးပေဖြစ်၍ မိသားစုလေးယောက်
ချောင်ချောင်လည်လည် နေရသည်။ မီးဖိုခန်းအတွက်
အဖီဆွဲထားသည်။ ကလေးများက အဘွားတို့အိမ်
ကဲ့သို့ အိမ်ကြီးအိမ်ကောင်း မဟုတ်ပေမဲ့
အိမ်သစ်လေးပေါ်မှာ ပျော်ရွှင်နေကြသည်။

ကိုတင်လှတို့ မျက်နှာစာကျသော လမ်းဘေး
တစ်လျှောက် အိမ်အတော်များများ ရုပ်လုံးပေါ်
လာကြသည်။ လမ်းက မြေသားလမ်းအဆင့်ပဲ
ရှိသေးသည်။ လမ်းမကောင်းလည်း အဓိကမဟုတ်။
အရေးကြီးတာက ရပ်ကွက်အတွင်း သောင်းကျန်
နေသည့် သရဲများ အကုန်အစင် ထွက်သွားရန်
အရေးကြီးသည်။

သရဲသတင်းက သူတို့ရပ်ကွက်ရှိ လူများကို
ကျီးလန့်စာစားသလို ဖြစ်စေသည်။
ရက်တစ်ပတ်ကျော်သည်အထိ သရဲသတင်း
ပျောက်နေသည်။ ကလေးများလည်း လမ်းပေါ်
ပြန်ရောက်လာကြသည်။ ကလေးအချို့ ပြေး
လွှားကစားကြသည်။ မှောင်လာသည်အထိ
အဆော့မပျက်ကြ…လူကြီးများ အိမ်ထဲခေါ်သွင်း
သော်လည်း ပေကပ်ကပ် လုပ်နေကြသည်။

တစ်ရက် ကလေးအချို့ ညခွန်နာရီခန့် လမ်းမီးရောင်
အောက်မှာ ပြေးလွှားဆော့ကစားနေစဉ် ကလေး
တစ်ယောက် ဆောင့်တွန်းခြင်း ခံရပြီး မှောက်ခုံ
ပစ်လဲသွားသည်။ ထိုကလေးလည်း ဒဏ်ရာ
အနာတရ ပြင်းပြင်းထန်ထန် မဖြစ်ပေမဲ့ တဖြည်းဖြည်း
အကြောက်လွန်ကာ အသားအရေ ဖြူဖပ်ဖြူရော်
သေဆုံးသွားတော့သည်။ ဒုတိယမြောက်ကလေး
သေဆုံးပြီး တစ်ပတ်မကြာ နေဝင်ရီတရော
အပြင်က စျေးဝယ်ပြီး ပြန်လာသော ကလေး
တစ်ယောက် ကြောက်စရာကောင်းသော
သရဲကြီးတွေ့လိုက်သည်ဆိုပြီး တစ်ညလုံး
လန့်ဖြတ်အော်ဟစ်ကာ အကြောက်လွန်ပြီး
သေဆုံးရပြန်သည်။

သို့ဖြင့် ဤရပ်ကွက်သို့ ပြောင်းရွှေ့ရောက်ရှိကြပြီး
လေးလကျော်အတွင်းမှာပင်ကလေးသုံးယောက်
သေဆုံးသွားရသည်။ရပ်ကွက်က လူများ စိုးရိမ်
ထိတ်လန့်ကုန်သဖြင့် ရပ်ကွက်နှစ်ဘက်မှာ ဘုန်း
ကြီးများပင့်ပြီး ပရိတ်ရွတ်ကြသည်။ ကိုတင်လှ
တို့ ခြံထဲမှာလည်း ညရောက်လျှင် လူလိုလို မီးခို
သဏ္ဌာန်လိုလို မကြာခဏတွေ့ရသည်ဟု
ကိုတင်လှက မမြဝင်းကို ပြောသလို မမြဝင်း
ကလည်း သူလည်း တွေ့သည်ဟု ပြောသည်။

ရပ်ကွက်တွင်းမှာ ပရိတ်ရွတ်တော့ မမြဝင်းက
ပရိတ်အိုးနှင့် အပ်ချည်လုံး ရေသန့်ဗူးယူသွားသည်။
ကိုတင်လှက ကိစ္စတစ်ခုနှင့် အပြင်သွားရသဖြင့်
ပရိတ်တရား မနာဖြစ်ခဲ့။ ပရိတ်တရားပွဲပြီးတော့
မမြဝင်းက ပရိတ်ရေများကို ခြံအနှံ့လိုက်ကျဲပက်
စေသည်။ အပ်ချည်လုံးကို ယူပြီး ပရိတ်ချည်အဖြစ်
ရည်မှန်း၍ အိမ်ကို သုံးပတ် ပတ်ချည်နေသည်။
ထိုအချိန် ကိုတင်လှ အပြင်က ပြန်ရောက်လာသည်။

“မင်း …ဘာတွေလျှောက်လုပ်နေတာလဲ”

“သရဲ…ခြံထဲ မဝင်နိုင်အောင် ပရိတ်ရေတွေ
ခြံထဲကျဲပက်ထားတယ်။ အိမ်ထဲမဝင်နိုင်အောင်
ပရိတ်ချည်နဲ့ အိမ်ကိုပတ်ချည်ထားမလို့ ”

“ပရိတ်ချည်ကို ကျော်လိုက် ခွလိုက်နဲ့ ငရဲကြီးနေပါ့မယ်”

“ပရိတ်ကြိုးကို ခေါင်းလွတ်တဲ့နေရာက ပတ်မှာပေါ့၊
တော်က ဝိုင်းမလုပ်ဘဲ လေကန်နေတယ်၊ ရော့
အပ်ချည်လုံးယူပြီး ရှင့်ခေါင်းလွတ်တဲ့နေရာက
သုံးပတ် ပတ်လိုက်”

“အင်း…စပ်စုမိတာနဲ့ အလုပ်စလုပ်ရတော့တာပဲ”

ကိုတင်လှက ပြောလည်းပြော အပ်ချည်ကြိုးဖြင့်
သူ့အရပ်အထက်က အိမ်ကိုသုံးပတ် ပတ်ထားလိုက်သည်။

“ကဲ…ပြီးပြီ၊ ဘာလုပ်ရဦးမှာလဲ”

“ရပြီ …ပေး …ပိုတဲ့အပ်ချည်လုံး ဘုရားစင်ပေါ်မှာ
တင်ထားရမယ် ”

ထိုကဲ့သို့ အိမ်ကို အပ်ချည်နှင့် ပတ်ပြီးသည့်နေ့မှစပြီး
ကိုတင်လှတို့မှာ ထူးဆန်းမှုတွေ စတင်ကြုံတွေ့လာရသည်။

ဝုန်း…ဝုန်း…ဝုန်း…

“အမေ …အမေ …ဘာ …ဘာဖြစ်တာလဲ”

“ငလျင်လှုပ်တာများလား”

အချိန်က ညခုနှစ်နာရီခန့်ရှိပြီ။

“ငလျင်လှုပ်တာ မဟုတ်ဘူး။ အိမ်ကို တစ်ယောက်
ယောက် ဆွဲကိုင်လှုပ်နေတာ”

ဝုန်း…ဝုန်း…

“အမေ …အဖေ…သရဲ …သရဲ ”

သွက်သွက်ခါအောင် လှုပ်ရမ်းနေရာမှ
ရပ်သွားသည်။

“ဘယ်လိုဖြစ်တာလဲ ပရိတ်ကြိုးနဲ့ အိမ်ကို ပတ်ထား
ကာမှ သရဲက အိမ်ကို လာလှုပ်နေတယ်”

“အိမ်ထဲ ဝင်ချင်တာ ဝင်မရလို့ ဖြစ်မှာပေါ့”

“အင်း…သရဲကတော့ စမ်းနေပြီ”

သရဲခြောက်ခံရသဖြင့် ထမင်းစားမည်ဟုဆိုကာ
ပြင်ဆင်နေသော မမြဝင်းလည်း မီးဖိုထဲ ပြန်မဝင်ရဲ
သဖြင့် ထိုင်ပြီး စကားပြောနေသည်။ ရှစ်နာရီခန့်
အရောက်…

“မဝင်း ထမင်းဆာတယ်ကွာ ထမင်းသွားခူးတော့”

ကလေးနှစ်ယောက်က ညနေငါးနာရီခွဲခန့်ကတည်းက
ညစာ စားပြီကြပြီ။

“ရှင်လည်း မီးဖိုထဲကို လိုက်ခဲ့”

“သမီး လိုက်ခဲ့မယ်”

“ခူးခပ်ပြီးရင် ကိုယ်လာသယ်မယ် ခေါ်လိုက်”

မမြဝင်းတို့ သားသမီး မီးဖိုထဲ ဝင်သွားသည်။
ပန်းကန်များကို ဆေးထားပြီးသော်လည်း ထပ်မံ
ဆေးလိုက်ကာ ထမင်းခူးရန် အိုးဖွင့်လိုက်စဉ်…

“ဟင် …ထမင်းတွေ မရှိတော့ဘူး”

ပါးစပ်ကပြောပြီး ဟင်းအိုးကို ဖွင့်ကြည့်လိုက်သည်။

“ဟယ်တော့ ဟင်းတွေလည်း မရှိတော့ဘူး”

“ကိုတင်လှ လာပါဦး၊ ဟင်းတွေ ထမင်းတွေမရှိတော့ဘူး”

ကိုတင်လှ မီးဖိုထဲ ဝင်လာသည်။

“စောစောက ထမင်းစားမယ်ဆိုပြီး ပန်းကန်ထဲ
ခူးခပ်ထည့်လိုက်သေးတယ်”

“ပန်းကန်ပဲ ဆေးရသေးတယ် မခူးခပ်ထည့်ရသေးဘူး”

“အေးကွာ ထမင်းရော ဟင်းရော မရှိတော့ဘူး
ဆိုတော့ စောစောက အိမ်ကိုင်လှုပ်နေတဲ့ သရဲစား
သွားတာ ဖြစ်မယ်”

“ပြန်ချက်ရမလား”

“ချက်မနေနဲ့တော့ ဟင်းချက်စရာလည်း မရှိတော့ဘူး
မို့လား ဒီညစာ စားမနေတော့ဘူး”

“ကြက်ဥသုံးလုံး ရှိသေးတယ် ကြော်စားလို့ရတယ်”

“နေ…နေ …ကြက်ဥကြော်နေတုန်း သရဲဝင်လုစားရင်
မလွယ်ဘူး”

ပန်းကန်များ ပြန်စီထပ်ပြီး အပြင်သို့ ထွက်လာကြသည်။
ထိုညစာ မစားဖြစ်တော့ဘဲ ရှစ်နာရီခွဲပြီးသည်နှင့်
အိပ်ရာထဲ ဝင်လိုက်ကြတော့သည်။

XxXXX

ရပ်ကွက်အတွင်းမှာ ပရိတ်ရွတ်လိုက်သဖြင့် ရပ်ကွက်
အတွင်းလှည့်ပတ်ခြောက်နေသော သရဲခြောက်လှန့်ခြင်း
မရှိတော့။ အိမ်များ ထမင်းဟင်းလည်း ပျောက်ရှခြင်း
ပြောဆိုကြသံ မကြားကြရတော့။ ရပ်ကွက်အတွင်း
အေးဆေးတည်ငြိမ်သွားပေမဲ့ ကိုတင်လှတို့အိမ်က
ဆန့်ကျင်ဘက်ဖြစ်နေသည်။ ကိုတင်လှတို့အိမ်မှာ
ထမင်းဟင်းကတော့ ပျောက်မြဲဖြစ်သည်။

ပိုဆိုးသည်က ထမင်းကျက်၊ ဟင်းကျက်ပူပူလောင်
လောင်စားပါမှ။ ဟင်းချက်ပြီး အိုးထဲမှာ ထားလို့က
တော့ လူလစ်သည်နှင့် ဟင်းစားစရာ လုံးဝမကျန်
တော့ခြင်းပင်။ သို့ကြောင့် ထမင်းဟင်း ခိုးယူစား
သောက်သော သရဲက ခပ်ဝေးဝေးမှာ ရှိမနေဘဲ၊
ခြံအတွင်း သို့မဟုတ် အိမ်အနီးနားမှာ ခိုကပ်နေ
သော သရဲဖြစ်မည်ဟု ထင်ကြေးပေးကြသည်။

ထမင်းဟင်းအကျက်ကို စောင့်စားနေပုံရသည်။
ထိုအဖြစ်ကိုမသိခင်က၊ မကြာခဏ ဟင်းနှင့်
မစားရဘဲ ထမင်းမဝတဝနှင့် ငါးပိရည်တို့စရာ
နှင့်သာ ပြီးကြရသည်။ နောက်ပိုင်းတော့ ဟင်းကို
မနက်ညစာ မချက်တော့ဘဲ တစ်ခါစားသာ ချက်
ပြီး ကျက်သည်နှင့် ခူးခပ်စားလိုက်ကြသည်။
ဟင်းပို၍ ကြောင်အိမ်ထဲထည့်၍ သော့ခတ်
ထားလျှင်ပင် မနက်ဆို ရှိမနေတော့ပေ။

“သရဲကတော့ ဟင်းအိုးကို စောင့်စားနေတဲ့ပုံပဲ၊
ဒီသရဲအဝေးထွက်မသွားအောင် ဘယ်လိုလုပ်
ရမလဲ၊ မသိတော့ဘူး”

ကိုတင်လှ၏ အကြံပေးချက်နှင့် ဟင်းကို အသား
ဟင်း မချက်တော့ဘဲ ဟင်းသီးဟင်းရွက်ကို
ဦးစားပေးပြီး ချက်စားကြသည်။ သို့ဖြင့် ဟင်း
စောင့်စားသော သရဲလည်း ကိုတင်လှတို့ အိမ်မှ
ထမင်းဟင်း မစားရသည်မှာ တစ်လနီးပါး ရှိလာပြီ။

သည်အိမ်မှာ မစားရ၍ အခြားအိမ်များသို့ လှည့်ပတ်
သွားလာစားသောက်နေပြီ ထင်လိုက်သည်။ တစ်ရက်
ဘုန်းကြီးကျောင်း ဆွမ်းချိုင့်အလှည့်ကျသည်။ဝက်
သားဟင်းချက်ပြီး လှူမည်ဟု စိတ်ပိုင်းဖြတ်ကာ
မမြဝင်း မနက်စျေးသွားပြီး ဝက်သားတစ်ပိဿာ
ဝယ်ခဲ့သည်။

ထိုဝက်သားများကို အနေတော်ခုတ်ထစ်ပြီး
ချက်ထားသည်။ ညနေလေးနာရီခန့်မှာ
နူး၍ကျက်သွားပြီ။ ညနေငါးနာရီနောက်ပိုင်း
ဘုန်းကြီးကျောင်းသားလေးများ၊ ဆွမ်းချိုင့်
လာယူပေလိမ့်မည်။ မီးဖိုပေါ်မှ မချသေးဘဲ
ဟင်းအိုးကို တည်ထားသည်။ ကျောင်းသား
လေးများ ဆွမ်းချိုင့်လာယူမှ မီးဖိုပေါ်မှချကာ
လှယ်ထည့်ပေးမည့်ဟု စိတ်ပိုင်းဖြတ်ထားသည်။

ယခု ငါးနာရီပင်ထိုးတော့မည်။ ကျောင်းသား
လေးများ ရောက်မလာ၊ မမြဝင်းလည်း ဟင်း
အိုးကို မီးထိုးလိုက်၊ ရေထိုးလိုက်၊ ကျောင်း
သားမျှော်လိုက်နှင့် အလုပ်ရှုပ်နေသည်။
ငါးနာရီခွဲကျော်၍ ခြောက်နာရီပင် ထိုးပြီ။
အမှောင်ရိပ် သန်းလာပြီ။ ကျောင်းသား
လေးများ ရောက်မလာသေး။

“ဝုန်း ”

“ဟင်…အဝင်း…မီးဖိုထဲမှာ ပြုတ်ကျတာလဲ
မသိဘူး သွားကြည့်လိုက်ဦး”

“ဟင်းအိုးများလား”

စိုးရိမ်ထိတ်လန့်စွာနှင့် မီးဖိုထဲ ပြေးဝင်ကြည့်သည်။

“ဟင် သွားပါပြီ”

မီးဖိုပေါ်က ဟင်းအိုးတစ်ခြမ်းစောင်းကျပြီး အဖုံး
ပွင့်နေသည်။ အိုးထဲမှာ ဝက်သားဟင်းဖတ်များ
မရှိတော့။ ဟင်းရည်များက ကြမ်းပြင်မှာ ပြန့်ကျဲ
နေသည်။

“ဟာ…နဲတဲ့ခြေထောက်ကြီး မဟုတ်ဘူး”

“အမယ်လေး …သရဲ…သရဲ …ဝင်စားတာ
သူ့ခြေထောက်ရဲ့ ခြေဖဝါးက တစ်ပေလောက်ရှိတယ်”

ဟင်းရည်များ ဖိတ်ကျထားသော ကြမ်းပြင်ပေါ်
နင်းထားရာ ခြေရာများကို အတိုင်းသား မြင်နေရသည်။

“ခြေရာတွေက အပြင်ကိုထွက်သွားတာလည်း
မဟုတ်ဘူး၊ ဟင်းအိုးပတ်ပတ်လည်မှာပဲ တွေ့ရတယ်”

“ဒီလောက်အပူကြီး နှိုက်စားထားတာ သူ့ပါးစပ်တွေ
အပူမလောင်ကုန်ဘူးလား”

“ကျောင်းသားလေးတွေကလည်း ဒီနေ့မှ
နောက်ကျရတယ်လို့ ဆွမ်းချိုင့်လာယူရင်
ဘယ်လိုလုပ်ရတော့မလဲ”

“မတတ်နိုင်ဘူး ကန်တော့ဆွမ်းပဲလုပ်ရတော့မယ်၊
အမှန်အတိုင်း ပြောပြလိုက်ရုံပဲ ရှိတော့တယ်”

“သရဲကတော့ ဟင်းမြင်တာနဲ့ ခိုးစားတော့တာပဲ”

ဟင်းအိုး သရဲစားသွားပြီး ဆယ့်ငါးမိနစ်ခန့်ကြာမှ
ကျောင်းသားလေးများ ရောက်လာသည်။

“မင်းတို့ …ဘာလို့ နောက်ကျနေတာလဲ”

“ဘုန်းကြီးက ကျောင်းခြံထဲ မြက်ရှင်းခိုင်းနေလို့
မြက်ခုတ်ပြီးတော့ ရေချိုးနေတာနဲ့ နောက်ကျသွားတာ”

“လာ …အိမ်ပေါ်ကို တက်ခဲ့”

“မြင်လား…ဒါဝက်သားဟင်းအိုး ဆွမ်းလှူမလို့
ချက်ထားတာ သရဲဝင်စားသွားလို့ ကုန်သွားပြီ”

“ဒီ…ဒီခြေရာကြီးတွေက သရဲခြေရာကြီးတွေလား”

“ဟုတ်တယ် …အဲဒီသရဲ စောစောကမှ ဝက်သားဟင်း
ဝင်စားသွားတာ၊ ဟင်းရေတွေပေါ် လျှောက်နင်းထား
လို့ ခြေရာတွေ ထင်ပြီး ကျန်ခဲ့တာ”

“ဒကာ တင်လှတို့အိမ်မှာ ဝက်သားချက်ထားတာ
သရဲဝင်စားသွားလို့ ဆွမ်းဟင်းမလှူလိုက်ရတဲ့အ
ကြောင်း ဘုန်းကြီးကို လျှောက်လိုက်ဦး”

“သရဲက တော်တော်ကြီးတယ်နော် ဦးတို့မြင်လိုက်လား”

“မမြင်ဘူးကွ၊ ဒီလောက်အကောင်ကြီးကို မြင်လိုက်
ရရင် တို့အားလုံး အသက်ရှိတော့မှ မဟုတ်ဘူး”

“ချိုင့်ပေးလေ ဒီအိမ်မှာ မနေရဲဘူး ပြန်တော့မယ်”

ကျောင်းသားလေးနှစ်ယောက် ချိုင့်ဆွဲပြီး ခပ်သုတ်သုတ်
ပြန်သွားသည်။ ကျောင်းသားလေးများက ဒီအိမ်မှာ
မနေရဲဟု ပြောကြပေမဲ့ ကိုတင်လှတို့ မိသားစုကတော့
ဒီအိမ်က ဘယ်မှ မသွားနိုင်ကြ။ သရဲ၏ ခြေရာကြီး
ကိုမြင်ပြီး အရွယ်အစားကို မှန်းဆပြီး ကြောက်လန့်
နေကြသည်။

“အင်း …သရဲကတော့ အချိန်ပြည့် စောင့်ကြည့်နေပုံပဲ၊
ဒီရှေ့ကို အသီးအနှံနဲ့ အရွက်ပဲချက်၊ အရည်တစ်လှည့်
အကြော်တစ်လှည့် ချက်ပေါ့ကွာ”

“တော့်ကလေးတွေက စားနိုင်လို့လား”

“သူတို့ ဒီအိမ်က ဟင်းမစားနိုင်ရင် မင်းအမေအိမ်
ကို သွားပို့ ထားလိုက်”

“သမီးတော့ မသွားဘူး”

“သား…သွားမယ်။ ဘွားဘွားတို့အိမ်က ဟင်းကောင်း
ကောင်း အမြဲချက်တယ်”

“ငတ်ကြီးကျတဲ့ကောင်…နင့်ဟာနင်သွား…ငါ
မလိုက်ပို့ဘူး”

“မမ မပို့ရင်နေ၊ သား…သွားတတ်တယ်”

“နင်သွားရင် လူဆိုးတွေ ဖမ်းသွားမှာပေါ့”

“ဖေဖေကြီး …လိုက်ပို့”

“အေးပါ…ဖေကြီးအားတဲ့နေ့ လိုက်ပို့မယ်”

သို့ဖြင့် ဝက်သားဟင်းပျောက်ပြီး သုံးရက်
အတွင်း နောက်ထပ်ထူးခြားမရှိဘဲ ရှိနေရာမှ
တစ်မနက် …

“မေမေ …သားကို သရဲကြီးက ဗိုက်ဖောက်
စားမယ်တဲ့”

” ဘယ်မှာပြောတာလဲ…ဘယ်တုန်းကလဲ”

“ညက အိပ်ပျော်နေရင်း …သားကိုနှိုးပြောတာ”

“သား စိတ်စွဲပြီး သရဲအကြောင်း အိပ်မက်မက်တာပါ”

သားပြောစကားကို မိခင်ဖြစ်သူ မမြဝင်းရော
ကိုတင်လှတို့ကပါ အမှတ်တမဲ့ ထားလိုက်သည်။
နောက်တစ်ည မိုးလင်းတော့ သမီးကြီးအော်သံ
ကြားလိုက်သည်။

“မေမေ …ဖေဖေ …မောင်လေး နှိုးလို့ မရတော့ဘူး”

“ဘာ…ဘာပြောတယ်”

အိပ်ရာထဲမှာ လင်မယားနှစ်ယောက်လုံးထပြီး
သမီးကြီးတို့ မောင်နှမအိပ်ရာသို့ သွားကြည့်ကြသည်။

“သား…သား…ကိုတင်လှ သားကို လာကြည့်ပါဦး၊
တစ်ကိုယ်လုံး အေးစက်တောင့်တင်းနေပြီ၊ သား
သား…ဟီး …ဟီး…”

ကိုတင်လှ သားငယ်ကို ကိုင်ကြည့်လိုက်သည်။

“သား…အသက်…မ…မရှိတော့ဘူး”

မမြဝင်းမှာ ဗိုက်ကြီးတကားကားနှင့် အရူးတစ်ပိုင်းနှယ်
အော်ဟစ်ငိုကြေးနေသည်။ သားငယ်၏ဗိုက်က
အထဲမှာ ဘာမှမရှိသလို ချပ်ဝင်နေသည်။

“မနေ့ညက သူ့ဗိုက်ကို ဖောက်စားမယ်ဆိုတာ
တကယ်စားသွားပြီလားမသိဘူး ဗိုက်ထဲမှာ
ဘာမှမရှိတော့ဘူး”

အနီးနားက လူများလည်း ရောက်လာကြသည်။
မမြဝင်းက ငိုလိုက် ပြောလိုက် သတိမေ့သွားလိုက်
ဖြစ်နေသည်။ကလေးသတင်းကြား၍ မမြဝင်းမိဘများ
ရောက်လာကြသည်။ ကလေးကို နေ့ခင်းပိုင်း
သင်္ဂြိုဟ်ပြီးတဲ့အထိ တစ်နေ့လုံးနီးပါး ငိုကြွေး
နေသည်။ မမြဝင်း၏ မိဘများက အကြီးမလေးကို
သူတို့ခေါ်ထားမည်ဆိုကာ အိမ်သို့ ပို့ထားလိုက်
သည်။ ညဘက်စောင့်အိပ်ရန် ကိုတင်လှ၏
ယောက္ခမနှစ်ယောက်က အိမ်မပြန်ကြ။

မမြဝင်းလည်း တငိုငို တရီရီ ရှိနေရာက
သုံးရက်ခန့်ကြာတော့ ပုံမှန်ပြန်ဖြစ်သွားသည်။
ဗိုက်ထဲက ကလေးလည်းရှစ်လအတွင်း
ရောက်နေပြီဖြစ်သည်။ ရှေ့လဆို
မွေးရဖွားရတော့မည်။ ကလေးမွေးရင် ဆေးရုံမှာ
မွေးရန်နှင့် အထူးဂရုစိုက်ရန် မိဘများက
မမြဝင်းနှင့် ကိုတင်လှအား စိုးရိမ်တကြီး
မှာကြားနေသည်။

အိမ်ကို လူငှားနှင့်ထားပြီး မြို့ထဲလာပြောင်းနေရန်
ခေါ်ကြသည်။ ကိုတင်လှရော၊ မမြဝင်းပါ အိမ်နှင့်
ခြံကို သံယောဇဉ်ဖြစ်နေသည့်အတွက် ပြောင်းရွှေ့
နေထိုင်ရန် စိတ်မကူး။

သို့ဖြင့် အလတ်ကောင်လေး နာရေးရက်လည်ဆွမ်းကပ်ပြီး
တော့ မမြဝင်းမိဘများ ပြန်သွားကြသည်။ မမြဝင်း၏
မောင်က အိမ်သုံးလေးည စောင့်ပေးမည်ဟုဆိုကာ
နေခဲ့သည်။ ညဘက်ရပ်ကွက်ထဲမှ အောင်ဖြိုးတို့
သူငယ်ချင်းတစ်စု လာအိပ်ပေးကြသည်။ သရဲက
အိမ်မှာ လူတွေများနေစဉ် ဆွမ်းကပ်ရန် ချက်ပြုတ်
သော အစားအသောက်ဟင်းများကို ယူစားခြင်းမရှိ။

နာရေးကိစ္စလည်း ပြီးသွားပြီ။သရဲလည်း ဘယ်
ရောက်သွားသည်မသိ၊ ထူးခြားမှု မရှိဘဲ ငြိမ်သက်
နေသည်။ ရပ်ကွက်အတွင်းမှာ သတင်းထူးများ
မကြားရသည်မှာ ကြာခဲ့ပြီ။ ကလေးများကိုလည်း
လမ်းပေါ်ထွက်ပြီး မကစားရန် တားမြစ်ထားသည်။

နေ့စဉ်ပုံမှန်အချိန်တို့ ကုန်ဆုံးနေသည်။ မမြဝင်း၏
ကိုယ်ဝန်လည်း ရှစ်လခွဲကျော်ခဲ့ပြီ။ မကြာခင် မွေး
ဖွားရတော့မည်။ ကလေးကို ဆေးရုံတက်၍ မွေးဖွားရန်
ဆေးရုံမှာ ဗိုက်အပ်ထားသည်။ ဆေးရုံကလည်း
ရှေ့လထဲမှာ မွေးမည်ဟု ပြောလိုက်သည်။
သို့ကြောင့် မွေးဖွားလာမည့်ကလေးကို ဂရုစိုက်
နေကြသည်။ မကြာခင်ရက်အတွင်း မမြဝင်း
ဗိုက်နာလာသည်။

ဆိုက်ကားတစ်စီးနှင့် ဆေးရုံသို့ သွားကြသည်။
ဆေးရုံရောက်ပြီး မနက်တစ်နာရီခန့်မှာ ယောင်္ကျား
လေးကို မွေးဖွာခဲ့သည်။ ကလေးရော လူကြီးပါ
ကျန်းမာသည်။ ကိုတင်လှနှင့် မမြဝင်းတို့ ပျော်
ရွှင်နေကြသည်။ သားယောက်ျားလေးဆုံးပါး
သွားပြီးနောက် ထပ်အစားတစ်ယောက်
ရခဲ့သည်မဟုတ်ပါလား။

သူတို့ကလေးကို ကြည့်မဝ ရှုမဝဖြစ်နေသည်။
ဆေးရုံမှာ သုံးရက်နေပြီး ပြန်လာခဲ့ကြသည်။

ကလေးကို အသိမိတ်ဆွေ ဆွေမျိုးသားချင်းများ
လာကြည့်ကြသည်။ ကလေးက ချစ်စရာလေး လာကြည့်သူတိုင်းက၊ မမြဝင်းနှင့်တူသည်၊
ကိုတင်လှနှင့်တူသည်ဟု အမျိုးစုံဝေဖန်နေကြသည်။
မမြဝင်းကတော့ ပြောချင်ရာပြောကြပါစေ ကလေး
ကို နို့တိုက်ရင်း ပြုံးပြနေသည်။ တစ်ည မမြဝင်း
ကလေးကို နို့တိုက်ပြီး အိပ်ပျော်သွားသည်။
ထိုအချိန်မှာ အနီးသို့ အမွေးအမှင်ထူထူနှင့်
မျက်လုံးနှစ်လုံးနီရဲသော သရဲလိုလို အကောင်ကြီး
အနီးသို့ ရောက်လာပြီး နို့တိုက်နေသော ကလေးကို
မမြဝင်းလက်မှ အတင်းဆွဲလုပြီး ထွက်သွားသည်။

“ပေး…ပေး…ငါ့ကလေး …ပေး”

သရဲက နောက်လှည့်မကြည့် ထွက်သွားသည်။

“အမယ်လေး…ကလေးကို သရဲလုသွားလို့
ကယ်ကြဦး”

အသံကုန် အော်ဟစ်လိုက်သည်။

“ဟဲ့ …ဟဲ့ …မမြဝင်း …မမြဝင်း ”

“ဟင်…ဟင် …ကျမကလေး မရှိတော့ဘူး၊
သရဲလုသွားပြီ”

“မင်းရဲ့ ဘေးမှာ ရှိနေတယ်လေ…မင်းအိပ်ပျော်
သွားလို့ ကလေးနို့ပိပြီး အသက်ရှုကြပ်မှာစိုးတာနဲ့
ဒီဘက် နည်းနည်း ရွှေ့ထားလိုက်တာ”

“က…ကလေး ဘာမှမဖြစ်ဘူးနော်”

“ဘာမှမဖြစ်ပါဘူး ဘာဖြစ်လို့လဲ”

“ဒါ …ဒါဆို အိပ်မက်မက်နေတာပဲဖြစ်မယ်”

မမြဝင်းက သူမက်ခဲ့သော အိပ်မက်ကို
ပြောပြလိုက်သည်။ မမြဝင်းအမေလည်း အိမ်မှာ
လာစောင့်ပေးသည့်အတွက် အဖော်ရသည်။

“စိတ်စွဲလို့ မက်တာပါ…စိတ်ထဲထားမနေပါနဲ့။
ကလေးလည်း ဘာမှမဖြစ်ပါဘူး”

” အင်း…အိပ်မက်မို့ တော်သေးတယ်၊ တကယ်သာ
ဖြစ်လို့ကတော့ သမီးသေမှာပဲ”

“အို…မဟုတ်တာတွေ…ဘာမှမဖြစ်ပါဘူး
ကဲ…ပြန်အိပ်လိုက်ဦး”

ထိတ်လန့်စရာကောင်းသော အိပ်မက်ကို မက်
ပြီးနောက် ထူးခြားမှု မရှိတော့ဘဲ တစ်ရက်ပြီးတစ်ရက်
ကုန်သွားသည်။ မမြဝင်း၏ မိခင်လည်း လာမအိပ်
တော့။ ကလေးက ဆယ့်ငါးရက်သား ဖြစ်လာသည်။
မျက်လုံးလေးဖွင့်ပြီး မိခင်ကို သိလာသည်။
မှတ်မှတ်ရရ ကလေးတစ်လပြည့်သည့်နေ့
ညသန်းခေါင်အချိန်မှာ အိမ်ကလေး သိမ့်ခနဲ
တစ်ချက်လှုပ်သွားသည့်အတွက် မမြဝင်းရော
ကိုတင်လှပါ အိပ်ရာက နိုးသွားသည်။

ငါးတိုင်အား မီးလုံးလေးသာ ထွန်းထားသဖြင့်
အိမ်တွင်းမှာ မှုန်မှုန်ပြပြ အလင်းရောင်လေးသာ
ရှိသည်။ လင်မယားနှစ်ယောက်လုံး ကြက်သေ သေပြီး
အံ့အားသင့်ကာ မလှုပ်မယှက် ရှိနေမိသည်။
သူတို့နှစ်ယောက်ကြားက အိပ်ပျော်နေသော
ကလေးကို ဆတ်ခနဲ ဆွဲယူပြီး သူ့ပါးစပ်ကြီးနဲ့
အားရပါးရ ဝါးစားနေတော့သည်။

သူ၏ ကိုယ်လုံးကြီးကလည်း အမွေးအမှင်များဖြင့်
မည်းနက်နေသည်။ မျက်လုံးကြီးနှစ်လုံးကလည်း
ရေနွေးခန်းပန်းကန်နှယ်ပြူးထွက်ကာ ရဲရဲနီနေသည်။
ပါးစပ်ကြီးအတွင်းက အစွယ်ကြီးနှစ်ခုကလည်း
ပြူးထွက်နေသည်။ သရဲကြီး ကလေးကို ကောက်စား
လိုက်သည်ကို တွေ့ပေမဲ့ အာစေးထညိ့ထား
သည့်နှယ် ပါးစပ်များက အသံထွက်မလာ
တစ်ကိုယ်လုံးမှာ သွေးမလျှောက်တော့သလို
လှုပ်မရ၊ အကြောများ သေသွားသလို ဖြစ်သွားသည်။

ငုတ်တုတ်မေ့သည့်အတိုင်း လင်မယားနှစ်ယောက်
လုံး သရဲ လုပ်သမျှ ငြိမ်ကြည့်နေမိသည်။ကလေး
ပါးစပ်ထဲ ရောက်သွားပြီးမှ မမြဝင်း၏ အသံထွက်
လာသည်။

“က…က…လေး…သ…သရဲ…စားသွားပြီး
ဟီး…ဟီး……ဟီး”

“ကယ်ကြပါဦး က…ကလေး သ သရဲ စားသွားပြီး”

မမြဝင်းအော်သံအဆုံး ကလေးစားနေသော
သရဲ ရုတ်တရက် ပျောက်ကွယ်သွားသည်။
မမြဝင်းလည်း မျက်ဖြူဆိုက်ပြီး ထိုင်ရာမှ
ပစ်လဲကျသွားသည်။ ထိုအခါ ကိုတင်လှလည်း
ခြေလက်တို့ အကြောသေသလို လှုပ်မရဖြစ်ရာက
အသိပြန်ကပ်သွားပြီး လှုပ်ရှား၍ ရလာကာ မမြဝင်းကို
ပြေးထူလိုက်သည်။

“အဝင်း…အဝင်း၊ သတိထား…သတိထား”

“ဟီး…ဟီး…ကလေး …ကလေးမရှိတော့ဘူး။
ဟီး …ဟီး …ဟီး…ရှင်…ရှင် …ရက်စက်တယ် ကလေးကို
သရဲဆီက ဝင်မလုဘူး ထိုင် ထိုင်ကြည့်နေတယ်”

“ကိုယ်က ဘာကြောင့်မသိဘူး လှုပ်မရဘူး၊ သရဲကပဲ
လုပ်တာလား အကြောက်လွန်ပြီး ထိုင်ရက် သတိမေ့
သွားတာလား မသိဘူး လှုပ်လို့မရဘူး အခုမှ လှုပ်လို့
ရတယ်”

“ဟီး…ဟီး ဘယ်လိုလုပ်မလဲ ကျုပ်ကလေးသရဲစား
သွားပြီ၊ ဟီး ဟီး ရှင် အခု သရဲကို သွားရှာခဲ့”

“သရဲက ကစားစားပြီး ပျောက်သွားတာ ကိုယ်
ဘယ်လို တတ်နိုင်တော့မလဲ ကိုယ်တို့ ကံ
အတော်ဆိုးပါတယ်”

“လာကြပါဦး အရပ်ကတို့ရဲ့၊ ကျမကလေးမရှိတော့ဘူး၊
သရဲစားသွားပြီတော့ ဟီး…ဟီး…ဟီး…”

မမြဝင်းလည်း အော်ဟစ်ငိုယိုလျက်၊သတိလစ်
သွားလိုက်နှင့် ဖြစ်နေသည်။ အိမ်နီးနားချင်းများ
ကလည်း ဓါတ်မီးများကိုင်၍ ရောက်လာကြသည်။
အချိန်က ညဆယ့်တစ်နာရီပင် မထိုးသေး။
လူအတော်များများလည်း မအိပ်ကြသေး။

“သရဲက တော်တော်လေး သောင်းကျန်းနေပြီ၊
နှစ်လသုံးလအတွင်း ဒီအိမ်က ကလေးနှစ်ောက်
ကို သတ်ပစ်လိုက်ပြီ”

“ဒီတစ်ခါတော့ အလောင်းတောင် မမြင်လိုက်ရဘူး”

“ကလေးကို ပါးစပ်ထဲ ဆွဲသွင်းပြီး စားနေတာ
မြင်ရတယ် ကျနော် ဘာမှ လှုပ်လို့မရဘူး။
သူ့အမေလည်း လှုပ်လို့မရဘူး။ သူစားပြီးသွားမှ
လှုပ်လို့ရတယ်”

“အင်း…မင်းတို့နဲ့ ဒီသရဲ ကံဝဋ်ကြွေး ရှိပုံရတယ်။
အိမ်နီးနားနေပြီး စောင့်စားနေတာလား မသိဘူး”

ကလေးမွေးပြီး တစ်လသာရှိသေး၍ သွေးနုသားနု
မိခင်ကဲ့သို့ သွေးတက်ရောဂါ ခံစားနေရတော့သည်။
ပြောလိုက် ငိုလိုက် တက်လိုက်နှင့် ဖြစ်နေ၍
အိမ်နီးနားချင်း မိန်းမများက တတ်နိုင်သမျှ
ပြုစုနေကြသည်။ နောက်ပိုင်း မမြဝင်းလည်း
ညဘက်ကောင်းကောင်းမအိပ်၊ ခဏခဏ
လန့်ပြီး ငိုသည်၊ ရယ်ချင်လည်း ရယ်သည်။

တစ်ခါ တစ်ခါ အဝေးသို့ ငေးကြည့်ပြီး စကား
မပြောဘဲ ထိုင်နေသည်။ အစားစာချိန်လည်း
ကောင်းကောင်းမစားတော့၊ ကိုတင်လှချက်
ပြုတ်ပြီး ကျွေးမှစားသည်။ နှလုံးသွေးပျက်ပြီး
ယဉ်ယဉ်လေး ရူးနေသည်။ ဆရာမျိုးစုံနှင့်
ကုပေမဲ့ ထူးမခြား၊ မီးယပ်သွေးပျက်ဝေဒနာ
ကြောင့် နှလုံးကို ထိခိုက်ပြီး ရောဂါခံစားနေရတာဟု
ပြောကြသည်။ ကလေးသေဆုံးသွားပြီး တစ်လကျော်
လာသည်၊ မမြဝင်း၏ရောဂါမသက်သာ၊ အကြမ်းကြီး
မဟုတ်သော်လည်း နုနုလေးရူးနေသည်။ တစ်ရက်
သူတို့ရပ်ကွက်အတွင်းမှ ဦးသန်းမောင်ဆိုသူ
ကိုတင်လှတို့အိမ်သို့ ရောက်လာသည်။

“မောင်တင်လှနဲ့တွေ့တာ အတော်ပဲ၊ ဦးအသိ
တစ်ယောက်နဲ့ တွေ့လို့ သတင်းပေးလိုက်တယ်
သူ့အိမ်မှာ နယ်က ဆရာကြီးတစ်ယောက်
ရောက်နေတယ်၊မောင်တင်လှ ပင့်ချင်ရင်
ဦးနဲ့ လိုက်ခဲ့ လိုက်ပို့ပေးမယ်”

“ကျနော်…မမြဝင်းအမေကို အိမ်လာစောင့်ပေးဖို့
သွားခေါ်ပြီး မနက်စောစော လာခဲ့မယ်။ကျေးဇူးပဲ
ဦးလေးသန်း”

နောက်နေ့ ရောက်တော့ ဦးသန်းမောင်၏ ကူညီမှုနှင့်
အသက်(၇၀)နီးပါး ဆရာကြီးတစ်ယောက် ကိုတင်လှ
အိမ်သို့ ပါလာသည်။ ဆရာကြီးက အထက်လမ်း
ပညာ လိုက်စားနေသည်ဟု သိရသည်။

“ဆရာကြီး အကူအညီပေးမယ် ဘာမှမစိုးရိမ်နဲ့ ”

အိမ်ပေါ်တက်လာလာချင်း ပြောလိုက်၍ ကိုတင်လှ
အားတက်သွားသည်။

“အင်း…မောင်တင်လှတို့ အိမ်က မြေမသန့်တဲ့
နေရာမှာ ဆောက်ထားမိတာကိုး၊ ပြီးတော့
ဝိညာဉ်အချုပ်အနှောင်ခံနေရတာကလည်း
ပိုပြီးဆိုးဖို့ ဖြစ်သွားတာကလား၊ ကဲ…ကဲ
အနာသိမှတော့ ဆေးရှိပြီပေါ့ …ဘာမှမစိုးရိမ်နဲ့၊
ဆရာကြီး အားလုံးဖြေရှင်းပေးမယ်၊ ဆရာကြီး
အတွက် ဘုရားပွဲတစ်ပွဲ ပြင်ပေး အုန်းသီး
ငှက်ပျောသီး သုံးဖီးနဲ့ ပွဲတစ်ပွဲ ဖြစ်ရမယ်”

ကိုတင်လှလည်း ယောက်ဖဖြစ်သူအား
အုန်းသီး ငှက်ပျောသီးဝယ်ခိုင်းလိုက်သည်။
မကြာခင် စက်ဘီးနှင့် ပြန်ရောက်လာသဖြင့်
ဆရာကြီး ခိုင်းသည့်အတိုင်း ပွဲပြင်ပေးလိုက်သည်။

“ဆရာကြီး ဒီတစ်ညလုံး အဓိဋ္ဌာန်ပုတီးစိပ်မယ်၊
ဘာမှမစိုးရိမ်ကြနဲ့ ၊ မနက်ရောက်ရင် ဒီကိစ္စတွေ
ပြီးပြီလို့ မှတ်လိုက်”

“အားကိုးပါတယ် ဆရာကြီး”

ဆရာကြီးက လွယ်အိတ်ထဲမှ ပုလင်းသေးတစ်လုံး
ထုတ်ယူလိုက်သည်။ ရေတစ်ခွက်တောင်းပြီး ရေ
ခွက်ထဲ ဆေးအနည်းငယ်ထည့်၍ သမအောင်မွှေ
ပေးကာ မမြဝင်းကို တိုက်လိုက်သည်။

“ဘယ်လောက်ကြောက်စရာတွေ့လို့ သည်းခြေ
ပျက်အောင်ဖြစ်နေပါစေ…ဒီဆေး သုံးခွက်သောက်
ပြီးတာနဲ့ ပျောက်စေရမယ်”

မမြဝင်းလည်း ငြင်းဆိုခြင်း မရှိဘဲ သောက်လိုက်သည်။
ဆရာကြီး ရောက်လာမှ မမြဝင်း အနေအခြေက
အကောင်းဘက်သို့ ယိမ်းလာသည်ကို တွေ့ကြရသည်။
အငိုအရယ် နည်းသွားသည်။ စကားပြောချင်ရာ
ပြောနေခြင်းလည်း မရှိတော့။ ဆရာကြီးလုပ်သမျှ
ငေးငိုင်ပြီး လိုက်ကြည့်နေသည်။

ဆရာကြီး ရောက်သည့်အချိန်က မနက်ဆယ့်တစ်
နာရီရှိပြီ။ ဆရာကြီးအတွက် အိမ်မှာ အဆင်သင့်
မရှိ၍ မနက်စာကို ထမင်းဆိုင်မှာပင် သက်သက်
လွတ် ပြင်ဆင်ခိုင်းပြီး ကျွေးမွေးခဲ့ရသည်။ ဥပုသ်
သီလ ဝင်နေသဖြင့် ညစာ မစားဟု သိရသည်။
ဆရာကြီး အဓိဋ္ဌာန်ဝင်နိုင်အောင်ဆရာကြီးခိုင်း
သည့်အတိုင်း လုပ်ပေးခဲ့သည်။

ဆရာကြီးကလည်း ဘုရားစင်ရှေ့မှာ တရားစထိုင်သည်။
ညနေ ခြောက်နာရီမှာ တရားထိုင်ခြင်းဖြုတ်ပြီး အပေါ့
အပါး သွားသည်။ မမြဝင်းအား ဒုတိယအကြိမ်မြောက်
ဆေးတိုက်ပြီး ခုနှစ်နာရီမှ အဓိဋ္ဌာန်ပြန်ထိုင်သည်။
ညဘက် ဆရာကြီး အဓိဋ္ဌာန်ဝင်နေစဉ်၊ ဖယောင်းတိုင်
မီး အဆက်အပြတ် ထွန်းပေးရန် မှာကြားထားသည်။

“ညဆယ့်တစ်နာရီအထိ တစ်တိုင်ပြီးတစ်တိုင်
ထွန်းပေး၊ နောက်ပိုင်းမီးထွန်းစရာမလိုဘူး။
မောင်တင်လှ အိပ်လို့ရပြီ၊ ဆရာကြီးကတော့
ဖယောင်းတိုင် မီးငြိမ်းပြီးနောက်ပိုင်း အလုပ်
စခန်းဖြုတ်ပြီး တရေးတမောအိပ်မယ်
စောင့်မနေကြနဲ့ ”

“ဟုတ်ကဲ့ ဆရာကြီး”

ထိုသို့ မှာကြားပြီး ဆရာကြီး အဓိဋ္ဌာန်ပြန်ဝင်သည်။
ကိုတင်လှလည်း ဖယောင်းတိုင် စောင့်ထွန်းပေးပြီး
ဆယ့်တစ်နာရီနောက်ပိုင်း အိပ်ပျော်သွားသည်။
ဆရာကြီးလည်း ဘယ်အချိန် အဓိဋ္ဌာန်ဖြုတ်ပြီး
ဘယ်အချိန် အိပ်သည်မသိ၊ မနက်ခုနှစ်နာရီ
ကိုတင်လှနိုးတော့ ဆရာကြီး ဖယောင်းတိုင်
မီးပူဇော်ပြီး ဘုရားရှိခိုးနေသည်ကို တွေ့ရသည်။

ရှစ်နာရီခန့်ရောက်မှ ဘုရားရှိခိုး၍ ပြီးသည်။
ဆရာကြီးအား …မနက်စာ ရေနွေးကြမ်း၊ ဘိန်းမုန့်၊
ကောက်ညှင်းပေါင်း ၊ မြန်မာမုန့်မျိုးစုံဖြင့် ဧည့်ခံ
ကျွေးမွေးသည်။ ဆရာကြီးက ဘိန်းမုန့်နှင့်
ကောက်ညှင်းပေါင်းကို နှစ်ခြိုက်စွာ စားသည်။
ရေနွေးကြမ်း သောက်ပြီး မမြဝင်းအား တတိယ
အကြိမ်မြောက် ဆေးတစ်ခွက် တိုက်သည်။
ထိုဆေးတိုက်ပြီးသည်နှင့် မမြဝင်း၏ မျက်လုံး
များက သာမန်လူ၏ မျက်လုံးများလို ကြည်
ကြည်လင်လင် တည်တည်ငြိမ်ငြိမ် ရှိလာသည်။
အားလုံးက မမြဝင်းကို ကြည့်ပြီး ဝမ်းသာနေကြသည်။

“မမြဝင်း နေကောင်းလား”

“ဟုတ်ကဲ့ ”

တစ်ခွန်းမေး တစ်ခွန်ပြန်ဖြေလာသဖြင့် အားလုံး
ဝမ်းသာနေကြသည်။ ဆရာကြီးအား နေ့လယ်စာ
သက်သက်လွတ်နှင့် ကျွေးမွေးဧည့်ခံပြီးသည်နှင့်
ထူးဆန်းသော စကားဆိုလာသည်။

“မောင်တင်လှတို့အိမ်ကို ပရိတ်ကြိုးတွေ
ပတ်ထားတယ် မဟုတ်လား”

“ဟုတ်ကဲ့ လမ်းထဲမှာ ပရိတ်နာပြီး ပရိတ်ကြိုးနဲ့ အိမ်ကို ပတ်ထားပါတယ်”

“အေးကွဲ့ …နာနာဘာဝဝိညာဉ်က ဘယ်မှာမရှိဘူး။
ဒီအိမ်အဝန်းအဝိုင်းထဲမှာပဲရှိတယ်၊ ခြံထဲမှာ မဟုတ်ဘူး။
ဒီပရိတ်ကြိုး ပတ်ထားတဲ့ အဝန်းအဝိုင်းထဲမှာပဲ ရှိတယ်”

“ဗျာ…ဒီအိမ်ထဲမှာ ဟုတ်လား ဆရာကြီး”

“အင်း…ဒီလိုပဲ ပြောရတော့မှာပေါ့၊ မင်းတို့က
အိမ်ကို ပရိတ်ကြိုးနဲ့ ပတ်ချည်ထားလိုက်တော့
ဝိညာဉ်သရဲလည်း ဘယ်မှမသွားလာလို့ မရတော့ဘဲ
ဒီအိမ်ထဲက အစားအသောက်တွေ ယူစားတာ၊
နောက်ပိုင်း အစားအသောက်မစားရလို့ မောင်
တင်လှတို့ရဲ့ ကလေးတွေကို သတ်ဖြတ်စား
သောက်ပစ်တာ၊ ကြာရင် လူကြီးတွေကိုပါ
အန္တရာယ်ပြုလိမ့်မယ်၊ သူ…ဒီအိမ်ထဲက
ထွက်ချင်နေတယ်၊ သူထွက်လို့ရအောင် လမ်း
ဖွင့်ပေးပါလို့ ပြောနေတယ်။ ဒါကြောင့် မောင်
တင်လှက ပရိတ်ချည်ကို ဖြတ်ပြီး သူသွားဖို့
လမ်းဖွင့်ပေးလိုက်”

ဆရာကြီး ပြောသည့်အတိုင်း ကိုတင်လှလည်း
အိမ်ကို ပတ်ချည်ထားသော ပရိတ်ချည်ကြိုးများကို
ဖြုတ်ပစ်လိုက်သည်။

ဝုန်း …ဝုန်း …ဝုန်း…

အကောင်အထည် မမြင်ရဘဲ၊ ကျယ်လောင်သော
ခြေသံကြီးကို အားလုံးကြားလိုက်ရသည်။

“အမယ်လေး သရဲကြီး အိမ်အောက်ကို ထွက်ပြေးပြီ”

ဘယ်သူမှ မမြင်ရသော်လည်း မမြဝင်းက သရဲကို
မြင်လိုက်သည့်အတွက် ထအော်လေသည်။

“ကဲ…သမီး လာ…ရှေ့ကို ဒီရေမန်းကို
သောက်လိုက်၊ အားလုံး စိတ်ထဲ ရှင်းရှင်း
လင်းလင်း ဖြစ်သွားလိမ့်မယ်”

မမြဝင်းလည်း ဆရာကြီးရှေ့သို့သွားကာ
ရေမန်းတစ်ခွက်ကို ယူသောက်လိုက်သည်။

“ကဲ…ဝိညာဉ်သရဲလည်း ထွက်သွားပြီ။ အခု
အိမ်အဝန်းအဝိုင်းထဲမှာ မြေမသန့်ဘူးဆိုတာလည်း
အသေအချာပဲ။ ဒီအိမ်ရဲ့ကြမ်းပြင်အောက်ဝင်ပြီး
မြေကြီးကို တူးရလိမ့်မယ်”

“ဟုတ်ကဲ့ ဆရာကြီး၊ ကျနော်တို့ လုပ်ပါ့မယ်”

မြေပြင်မှ အိမ်ကြမ်းပြင်အထိ ရင်စို့ခန့် အမြင့်
ရှိသည့် အတွက် အိမ်အောက်သို့ ခေါင်းငုံ့၍
ဝင်ကြရသည်။ ဆရာကြီးက အိမ်ပေါ်မှနေ၍
ညွှန်ကြားပြောဆိုနေသည်။ ကိုတင်လှကို
ကူညီပေးမည့် ကိုအောင်ဖြိုး အပါအဝင်
ပေါက်တူး သံတူးရွင်း ဂေါ်ပြားအပြည့်အစုံနှင့်
လူငါးယောက်တို့ အသင့်ရှိနေကြသည်။

“ဟောဒီအောက်တည့်တည့်မှာ ဝိညာဉ်သရဲ
ခိုနားတဲ့ နေရာပဲ၊ အဲဒီနေရာ တစ်လံပတ်ပတ်
လည် မြေတူးကြည့်ကြ”

လေးပေခန့် အနက်ရောက်အောင် တူးလိုက်ရာ
အင်္ဂတေ အုတ်သရွက်စီထားသော နေရာကို
တွေ့သဖြင့် သံတူးရွင်းနှင့် ကလပ်ပြီး ဖယ်ထုတ်ရာ
အထဲမှာ လူတစ်ယောက် မြှုပ်ထားသောဂူတစ်လုံး
ကို တွေ့လိုက်ကြသည်။ သင်္ချိုင်းဟောင်းရွှေ့စဉ်က
မြှုပ်ထားသော အလောင်းများ ဂူများ ဖြိုဖျက်ပြီး
မီးရှို့ခဲ့ပေမဲ့ မြေကြီးထဲ လေးပေခန့် အထိတော့
တူးဖော်ကြပုံမရ။

ယခု အလောင်းကို မြေနက်နက်မှာ အဓိပ္ပါယ်ရှိရှိ
မြှုပ်နှံသင်္ဂြ ိုဟ်ခြင်းဖြစ်သည်။ ဝိညာဉ်ကို ထိုနေရာ
မှာ ချည်နှောင်ကျိန်စာတိုက်ထား၍ မကျွတ်မလွတ်
ရှိနေပုံရသည်။ သူ့အပေါ်တည့်တည့်မှာ အိမ်ဆောက်
မိ၍ ဝိညာဉ်သရဲက အနှောင့်အယှက်ပေးနေခြင်း
ဖြစ်ပုံရသည်။ ထို့ပြင် သူနေထိုင်ရာ ဂူအထက်
ဝန်းကျင်မှာ ပရိတ်ကြိုးကို စည်းဝိုင်းသဖွယ်
ရစ်ပတ်လိုက်သည့်အတွက် အပြင်ထွက်ပြီး
ရှာဖွေစားသောက်၍ မရခြင်းကြောင့် ကိုတင်လှတို့
မိသားစုကို နှောင့်ယှက်စားသောက်ခြင်းဖြစ်ပေသည်။

“ကဲ…စိတ်သန့်သွားအောင် ဂူလုပ်ထားတဲ့
အုတ်အင်္ဂတေတွေ အကုန်လုံး ဖယ်ရှားပစ်လိုက်ကြ”

အင်္ဂတေအုတ်များ ဖယ်ရှားပြီး မြေပြန်ဖို့လိုက်ကြသည်။

“ကဲ…အဲဒီအရိုးစုကို သင်္ချိုင်းကို သယ်သွားပြီး
မီးရှို့ပစ်လိုက်၊ နောက်ကို ဒီရပ်ကွက်ထဲ လှည့်
ပတ်သောင်းကျန်းနေတဲ့ သရဲလည်း မသောင်း
ကျန်းတော့ဘူး၊ သူ့ဝိညာဉ်က အဝေးကို ထွက်သွားပြီ

ဆရာကြီးလည်း ဒီတစ်ည ဒီမှာ တရားထိုင်ပေးပြီး
မနက်ဖြန် ပြန်တော့မယ်မောင်တင်လှရဲ့ ဇနီးလည်း
မကြာခင် ပြန်ကျန်းမာလာလိမ့်မယ် ”

“ဆရာကြီး ဒီအိမ်ကို ရွေ့ပြီးပြန်ဆောက်ရမလား၊
ဒီအတိုင်း နေလို့ရပြီလား မသိလို့ ရှင်းပြပေးပါဦး”

“အေး…ဘာမှ မစိုးရိမ်နဲ့တော့၊ သူ ဒီမှာ ခိုနား
စရာ မရှိတော့သလို ဆရာကြီးကလည်း မေတ္တာနဲ့
အဝေးကို သွားခိုင်းလိုက်ပြီ၊ စိတ်ချ လက်ချသာ
နေကြပေတော့၊ ဆရာကြီး ရေမန်းပေးခဲ့မယ်၊
အဲဒီရေမန်းကို ထိတ်လန့်စရာ တစ်ခုခုကို
မြင်ရင်သောက်၊ ဘာမှမဖြစ်ရင် သောက်စရာ
မလိုဘူး၊ အမြင့်မှာ ရေမန်းပုလင်းကိုထား၊
သရဲကြီးလည်း ကျိန်စာရှိနေလို့ သွားချင်ရာ
မသွားဘဲ နေရတာ ဆရာကြီးက မေတ္တာနဲ့
အားလုံးကို ရှင်းပေးလိုက်ပြီးပြီ၊ ဒီရှေ့လျှောက်
စိတ်ချလက်ချသာ နေထိုင်ကြပေတော့”

သို့ဖြင့် ဆရာကြီးလည်း တစ်ညလုံး
အဓိဋ္ဌာန်ဝင် ပုတီးစိပ်ပေးကာ မနက်မိုးလင်း၍
အစာပြေ စားသောက်ပြီးသည်နှင့် ဦးသန်းမောင်
နှင့်အတူ ကိုတင်လှလည်း ဆရာကြီးအား
လိုက်ပို့ပေးခဲ့သည်။

ပြီးပါပြီ

မူရင်းရေးသူ ဆရာ ဧကန်မင်း

ဘုရားစောင့်ဘီလူးနဲ့ မဖဲဝါ စာအုပ်မှ
ကောက်နုတ်တင်ပြထားပါသည်။