ထိုည

  • ပျောက်ဆေးကိုကြိတ်မှိတ်သောက်ပြီး အငယ်နှစ်ယောက်နှင့်အတူ လှည်းတန်းကျူရှင်သို့ထွက်လာခဲ့ရတော့သည်။
    ကျူရှင်တွင်လည်း စာကိုသင်နေရပေမင့် မငုဝါ၏စိတ်ထဲတွင် တစ်စုံတရာကိုစိုးရွံ့နေသလိုဖြစ်နေသည်။
    ထို့နောက် ကျူရှင်အမြန်ပြီး၍ အိမ်သို့အမြန်ရောက်ဖို့သာစိတ်က လောနေသည်။
    အိမ်သို့ရောက်မှပဲ စိတ်အေးရလိမ့်မည်ဟုလည်းတွေးနေမိသည်။
    အချိန်တွေက တဖြည်းဖြည်းကုန်လာသည်။
    သို့ဖြင့် ညဆယ့်တစ်နာရီထိုးတော့ အငယ်နှစ်ယောက်နှင့်အတူ ကျူရှင်ကျောင်းမှပြန်လာခဲ့သည်။
    ‘အိမ်သို့ပြန်ရောက်မှ လုံခြုံစိတ်ချရလိမ့်မည်’ဟုတွေးထားသောမငုဝါ၏ခြေလှမ်းတွေက အဆမတန်သွက်လျက်ရှိနေသည်။
    ထိုအခါ အလတ်မ ကြည်ပြာက
    “အစ်မရယ်။ဖြေးဖြေးလျှောက်ပါ။ဒီမှာလိုက်ရတာမောနေပြီ”
    ယင်းသို့ပြောလိုက်သော်လည်း မငုဝါက
    “လာအေ။အိမ်ကိုမြန်မြန်ရောက်မှဖြစ်မယ်”
    “ဘာဖြစ်လို့လဲအစ်မ”
    “ငါမသိဘူး”
    ယင်းသို့ခပ်ပြတ်ပြတ်သာပြောပြီး ဆက်လျှောက်သည်။
    သို့ဖြင့် ပေါက်စီဆိုင်တစ်ဆိုင်ရှေ့သို့ရောက်တော့ ဖိုးဝါက
    “အစ်မရေ ကျွန်တော်ဗိုက်ဆာတယ်။ပေါက်စီဝယ်စားအုံးမယ်ဗျာ။အစ်မတို့ရော မဆာဘူးလား”
    ယင်းသို့မေးတော့မှ မငုဝါလည်း ဗိုက်ဆာနေမှန်း ကိုယ့်ကိုယ်ကိုယ်သတိထားမိသည်။
    ထို့နောက်
    “အေးဟာ ငါလည်းပေါက်စီဝယ်စားအုံးမယ်”
    ပြောပြီး မောင်နှမသုံးယောက်လည်း အိမ်က ပေးလိုက်သည့်မုန့်ဖိုးကို ပေါက်စီ
    ဝယ်ပြီး ဆက်လက်ထွက်လာခဲ့သည်။
    ထိုအခိုက်တွင် ဖိုးဝါက
    “အစ်မ။ဒီမှာခွေးနက်ကြီးလိုက်လာတယ်”
    ယင်းသို့ပြောလေတော့ မငုဝါလည်းအနောက်သို့လှည့်ကြည့်ရာ ခါးဝက်သာသာခန့်ရှိ ခွေးနက်ကြီးတစ်ကောင်ကိုတွေ့လိုက်ရသည်။
    ထိုအခါ မငုဝါလည်း လက်ထဲမှပေါက်စီ
    ကိုတစ်ဝက်ခွဲပြီးကျွေးကာ ဆက်လျှောက်လာခဲ့သည်။
    ယင်းအခိုက်တွင် အနောက်မှကပ်လိုက်လာသည့်အငယ်နှစ်ယောက်က
    “အစ်မ။ခွေးကြီးကလိုက်လာနေတုန်းပဲ။အကုန်ကျွေးမှရမယ်ထင်တယ်”
    ထိုစကားကြောင့် မငုဝါလည်း လှည့်ကြည့်မိပြန်သည်။
    ဟုတ်သည်။ခွေးနက်ကြီးက တောက်လျှောက်လိုက်ပါနေဆဲဖြစ်သည်။
    ထိုအခါမငုဝါလည်း လက်ကျန်ပေါက်စီ
    ကို ချကျွေးလိုက်သည်။
    မငုဝါသာမက။အငယ်နှစ်ယောက်ကပါ ၎င်းတို့၏ဘိန်းမုန့်တွေကိုချကျွေးကြသည်။
    ပြီးနောက် သုံးယောက်သားဆက်လျှောက်လာကြသည်။
    သို့သော် ခွေးနက်ကြီးက ဘိန်းမုန့်တွေကိုစားပြီးသည့်တိုင် ဆက်လက်လိုက်ပါနေဆဲဖြစ်သည်။
    ထိုအခါအလတ်မက မငုဝါကိုထပ်ပြောပြန်သည်။
    “အစ်မရေ။ခွေးကြီးကလိုက်လာပြန်ပြီ။ဘယ်လိုလုပ်မလဲ”
    ယင်းသို့ပြောလာတော့ မငုဝါလည်း စိတ်ရှုပ်စွာဖြင့် ခွေးနက်ကြီးကိုကြည့်လိုက်သည်။
    ခွေးနက်ကြီး၏မျက်လုံးအစုံမှာ ရဲရဲတောက်လျက်ရှိနေသည်မို့ မငုဝါလည်း ကြည့်နေရင်းမှ ကြက်သီးတွေတဖျန်းဖျန်းထလာသည်။
    ထို့နောက် အငယ်နှစ်ယောက်ကိုပြောလိုက်သည်။
    “ကျွေးစရာလည်းမရှိတော့ဘူး။လာအေ ခပ်သွက်သွက်လေး”
    ပြောပြီး လျင်မြန်စွာဆက်လျှောက်သည်။
    ခွေးနက်ကြီးကလည်း ဆက်လက်လိုက်ပါလာသည်။
    သို့သော် မငုဝါတို့အိမ်ရာအနီးမှ စေတီတစ်ဆူရှေ့သို့ရောက်တော့ ခွေးနက်ကြီးသည် ဆက်မလိုက်တော့ဘဲ ကျန်ရစ်ခဲ့သည်။
    ခွေးနက်ကြီး မလိုက်လာတော့မှန်း သိရတော့မှ မငုဝါလည်းသက်ပြင်းချနိုင်လေတော့သည်။
    သို့သော် စိတ်ကတော့ မအေးသေးချေ။
    တိုက်ခန်းပေါ်ရောက်မှစိတ်ချရမည်ဟု စိတ်ကအလိုလိုသိနေလေသည်။
    သို့ဖြင့် ရှစ်လွှာတိုက်ခန်းပေါ်သို့ စတက်မည်ပြုစဉ်
    “ဘုန်း”
    သူမကို တစ်စုံတစ်ယောက်က အနောက်မှနေ ဆောင့်တွန်းခံလိုက်ကသည်မို့ အရှေ့သို့ငိုက်စိုက်ကျသွားသည်။
    ထိုါနောက် မငုဝါလည်းအနောက်သို့ပြန်လှည့်ကြည့်ပြီး
    “ငါကိုမစနဲ့ဟ။ကြောက်ရတဲ့ကြားထဲ”
    ယင်းသို့ပြောလိုက်တော့ အငယ်နှစ်ယောက်က
    “ဟင် မစပါဘူး။အစ်မဘာသာယိုင်သွားတာမလား”
    “ငါ့ဘာသာယိုင်တာမဟုတ်ပါဘူး။နင်တို့တွန်းလိုက်တာမလား”
    “ဟာ အစ်မကလည်း အစ်မကိုတွန်းစရာလားဗျ”
    မငုဝါ အငယ်နှစ်ယောက်ကိုသေချာကြည့်မိသည်။
    ဟုတ်သည်။သူတို့နှစ်ယောက်၏မျက်နှာမှာတည်နေကြသည်။
    ထို့နောက် သူမက
    “ကဲ လာလာ မြန်မြန်တက်ကြ”
    ပြောပြီး သူမက လှေကားပေါ်သို့ခပ်သွက်သွက်တက်လာခဲ့သည်။
    သို့ဖြင့် ၄လွှာမှလှေကားထိပ်သို့အရောက် နောက်လှေကားတစ်ခုကိုတက်မည်ပြုခိုက် အမွေးအမျှင်တွေရှည်လျားစွာရှိနေသည့်ခြေတစ်စုံကိုတွေ့လိုက်ရသည်။
    မငုဝါလည်း ထိုခြေမှတစ်ဆင့် အပေါ်သို့ တဖြည်းဖြည်းချင်းမော့ကြည့်လေရာ ခါးအထက်တွင်တော့ တုံးတိကြီးပြတ်လျက်ရှိနေသည်။
    “ဟယ်”
    မငုဝါလည်း အံ့ဩထိတ်လန့်နေခိုက် အနောက်မှ မငယ်နှစ်ယောက်က
    “အစ်မ တက်လေ။ဘာလုပ်နေတာတုံး တက်လေ”
    ထိုအခါ မငုဝါက
    “နေအုံးဟဲ့။ဒီမှာလူတစ်ယောက်ရပ်နေတာ။ခါးအပေါ်မှာ ဘာမှမရှိဘူး။တပိုင်းပြတ်ကြီး”
    ယင်းသို့ပြောလိုက်တော့ အငယ်နှစ်ယောက်လည်း ရှေ့သို့တက်ကာ ကြည့်လိုက်ကြသည်။
    ၎င်းတို့နှစ်ယောက်လည်း ထိုတပိုင်းပြတ်ကိုမြင်တော့ ထိတ်လန့်သွားကြသည်။
    ထို့နောက် မငုဝါက
    “တက် တက်တက်။မြန်မြန်တက်ကြ”
    ယင်းသို့ဆိုပြီး သူမကပင် ဦးဆောင်ကာ ရှစ်လွှာအထိရောက်အောင် မနားတမ်းပြေးတက်ကြသည်။
    သို့ဖြင့် ရှစ်လွှာတိုက်ခန်းသို့ရောက်တော့ တံခါးကိုတရစပ်ထုပြီးအော်ခေါ်သည်။
    “အမေရေ။အမေ တံခါးဖွင့်ပေးအုံး”
    ယင်းသို့အော်ခေါ်တော့ တိုက်ခန်းထဲမှ မိခင်လည်း တံခါးကိုဖွင့်ပေးလေရင်း
    “ဟဲ့ ဘယ်လိုဖြစ်တာတုံး။အလန့်တကြား”
    မိခင်ဖြစ်သူက ထိုသို့မေးပေမင့် မငုဝါတို့မှာ ပြန်မဖြေနိုင်သေးဘဲ တိုက်ခန်းထဲသို့လှစ်ခနဲဝင်လိုက်ကြသည်။
    ပြီးနောက် မငုဝါက
    “သမီးတို့သရဲကိုတွေ့ရလို့အမေရေ့”
    “ဟင် ဟုတ်လား။ဘယ်မှာတွေ့တာတုံး”
    “ဒီ၄လွှာမှာ”
    ယင်းသို့ဖြေပြီးနောက် သူမတို့တွေ့ခဲ့ရသည့် ပုဂ္ဂိုလ်၏ပုံစံကိုပြန်ပြောပြလိုက်သည်။
    ထိုအခါ မိခင်ဖြစ်သူက
    “နင်တို့ ကံနိမ့်နေလို့ဖြစ်မယ်။ညအိပ်ခါနီး ဘုရားရှိခိုး ကြားလား”
    “ဟုတ် အမေ”
    ထို့နောက် မောင်နှမ၃ယောက်လည်း ညစာစားပြီး အိပ်ခန်းထဲသို့ဝင်ကာ စာကျက်ကြသည်။
    ယင်းသို့ကျက်ရာမှ တဖြည်းဖြည်းဖြင့် နံနက်တစ်နာရီအချိန်သို့ရောက်လာသည်။
    ထို့နောက်အလတ်မက
    “အစ်မ။ကံနိမ့်တယ်ဆိုရင် အကုန်လုံးကိုမြင်ရမှာ။ရှေ့က သင်္ချိုင်းဟောင်းကို ကြည့်ကြည့်ပါလား”
    ယင်းသို့ပြောတော့ ဖိုးဝါကလည်း ထောက်ခံသည်။
    “ဟုတ်တယ်အစ်မ။ကြည့်လိုက်။ကျွန်တော်တို့အနောက်မှာရှိတယ်။မကြောက်နဲ့”
    “အေးပါ။ငါကြည့်လိုက်မယ်”
    ပြောပြီး မငုဝါလည်း အိပ်ခန်းပြတင်းပေါက်မှနေ သင်္ချိုင်းဟောင်းကိုလှမ်းကြည့်လိုက်သည်။
    “ဟင်”
    မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မငုဝါလည်း အံ့ဩသွားသည်။
    အဘယ်ကြောင့်ဆိုသော် သင်္ချိုင်းဟောင်း၏အုတ်ပုံတွေပေါ်တွင် မှင်စာလေးနှစ်ကောင် ပြေးလွှားဆော့ကစားနေသည်ကိုတွေ့ရသောကြောင့်ရယ်ပင်။
    မငုဝါသည် ထိုမှင်စာလေးနှစ်ကောင်ကို အံ့ဩစွာဖြင့်ကြည့်နေခိုက် အငယ်နှစ်ယောက်က
    “အစ်မ ဘာတွေ့ရလဲ”
    “မှင်စာလေးနှစ်ကောင်ဟဲ့။အုတ်ပုံတွေမှာ ကစားနေကြတာ”
    “ဟုတ်လား။ကျွန်တော်တို့လည်းကြည့်ကြည့်မယ်”
    ပြောပြီး အငယ်နှစ်ယောက်လည်း မငုဝါကိုကျော်ပြီး သင်္ချိုင်းဟောင်းအုတ်ပုံကိုလှမ်းကြည့်ကြသည်။
    ဟုတ်သည်။အုတ်ပုံတွေကြားတွင် မှင်စာလေးနှစ်ကောင်သည် ပတ်ပြေးကစားနေကြသည်။
    ယင်းသို့ကစားနေရင်းမှ ၎င်းတို့၏အရွယ်အစားသည် ကြီးသွားလိုက်၊သေးသွားလိုက်ဖြင့် အမျိုးမျိုးပြောင်းလဲလို့နေလေသည်။
    ကြည့်ရင်းဖြင့်အငယ်နှစ်ယောက်လည်း အံ့ဩနေခိုက် မငုဝါက
    “ကဲကဲ နင်တို့ကြည့်မနေနဲ့တော့။တော်ကြာ အိပ်မက်ထဲအထိပါလာအုံးမယ်”
    ယင်းသို့ဆိုကာ ပြတင်းပေါက်တံခါးကိုပိတ်လိုက်ရတော့သည်။
    နောက်ပိုင်းတွင်တော့ ထိုအနီးအနားတဝိုက်တွင် အထပ်မြင့်တိုက်တွေပိုမိုများပြားလာပြီး စည်ကားလာသည့်အလျောက် ခြောက်လှန့်တာတွေကလည်း မရှိတော့ချေ။
    ထို့အတူ နှစ်အနည်းငယ်ကြာတော့
    မငုဝါတို့မိသားစုလည်း အခက်အခဲအချို့ကြောင့် ထိုတိုက်ခန်းကိုရောင်းပြီး တောင်ဒဂုံဘက်သို့ရွေ့ပြောင်းလာခဲ့ကြသည်။
    နှစ်တွေကြာလာသည့်တိုင် ခြောက်လှန့်မှုတွေဆက်မကြုံဖြစ်တော့သလို
    ထိုညကအဖြစ်အပျက်ကိုလည်း ယနေ့တိုင် မငုဝါ၏စိတ်ထဲ အမှတ်ရလျက်ရှိနေပါတော့သည်။
    အားလုံးအေးချမ်းပါစေ။
    ဆရာဆွေ(တောင်တွင်း)