လမ်းလျှောက်
လျှင် မိနစ်နှစ်ဆယ်ခန့်ဝေးသည့် အဆောင်မှာ
ငှားရမ်းနေထိုင်ရသည်။
မနက်စောစောထပြီး ထမင်းအိုးတည်ရသည်။
သူတို့သည် အဆောင်ကို ပြောင်းလာသည်မှာ
တစ်ပတ်သာရှိသေးသည် ။ ရန်ကုန်ရောက်
သည်က တစ်နှစ်ကျော်ပြီ၊ အရင်က ရပ်ကွက်
အတွင်းကျကျ အဆောင်မှာ ငှားရမ်းနေထိုင်
ခဲ့သည်။ အားလုံးအခြေအနေကောင်းသော်
လည်း အလုပ်နှင့် အတော်ဝေးသလို နာရီ
ဝက်ကျော်ကျော်ခန့်လျှောက်မှရောက်သည်။
ယခုနေရာက အလုပ်ကို ဆယ့်ငါးမိနစ်မှ
အလွန်ဆုံး မိနစ်နှစ်ဆယ်ဝန်းကျင်သာ
လျှောက်ရသည်။ သည့်ထက်နီးသည့်
အဆောင်က မရှိတော့။
ညဘက်စားသောက်ပြီး၍ အိပ်ချိန်နားနီးမှ
တစ်ဖက်အခန့်က မိန်းကလေးပြန်လာသည်ကို
အေးအေးမာသိသည်။ ညရှစ်နာရီခွဲကိုးနာရီဆို
တံခါးဖွင့်သံ လမ်းလျှောက်သံကြားရသည်။
စကားပြောသံတော့ မကြားရ၊ သည်အချိန်ဆို
မည်သူမှ အသွားအလာမလုပ်ကြတော့သည့်
အတွက် အဆောင်တစ်ခုလုံး တိတ်ဆိတ်
ငြိမ်သက်လို့နေသည်။ အလုပ်ကအပြန်
ရပ်ကွက်ညစျေးလေးမှာ ဟင်းချက်စရာ
ဝင်ဝယ်ကြသည်။
ညဘက်စားသောက်ရန်နှင့် မနက်အလုပ်ကို
ထမင်းချိုင့်ထည့်သွားရန် ရည်ရွယ်ပြီးဝယ်ကြသည်။
ညကတည်းက မနက်ဟင်းယူသွားနိုင်ရန်
ဆီပြန်ဟင်းတစ်မျိုးမျိုး ချက်ထားရသည်။
ကြက်ဥကြော်ဆိုလျှင်တော့ မနက်မှချက်၍
ရသည်။ မြမြတို့အေးအေးတို့သည် အဆောင်
ရောက်သည်နှင့် ထမင်းအိုးတစ်လုံး ပေါင်းအိုး
နှင့် တည်ထားကာ၊ ရေချိုးရန်ထွက်လာခဲ့
ကြသည်။
ရေချိုးအဝတ်လျော်ပြီး အခန်းပြန်ရောက်တော့
ထမင်းအိုးက ကျက်နေပြီဖြစ်သည်။ ထို့နောက်
ဟင်းအိုးပြင်ကာ ချက်ပြုတ်ရသည်။ လောလော
လတ်လတ် စားလို့ရမည့်ဟင်းကို အရင်ချက်ပြီး
စားရင်း မနက်ထမင်းဗူးထည့်ရန် ဟင်းကိုမီးဖို
ပေါ်မှာ တင်ထားရသည်။
ဝက်သား၊ ကြက်သား၊ အမဲသားတို့ဆိုလျှင်
ထမင်းစား၍ ပြီးသည့်တိုင် အသားမနူးသေး။
သို့ကြောင့် ဟင်းကိုနူးရန် အချိန်ပေးရသည်။
အားလုံးပြီးစီးတော့ ညရှစ်နာရီကျော်ပြီ။
အေးအေးမာလည်း အားလုံးစားသောက်
ချက်ပြုတ်ပြီးသည်နှင့် အိပ်ယာထဲဝင်ကာ
ဖုန်းတစ်လုံးနှင့် နာရီဝက်ခန့် အချိန်ဖြုန်း
နေလိုက်သည်။ ဖေ့ဘုတ်သုံးနေရင်း အိပ်
ချင်လာမှလိုင်းများပိတ်ပြီး ခေါင်းအုံးဘေး
ချကာ အိပ်လိုက်သည်။
သည်နေ့ပိုက်ဆံက နည်းလာသည့်အတွက်
ညစာချက်ရန် မုန့်ညင်းတစ်စီးနှင့် မနက်
ထမင်းချိုင့်ထည့်ရန် ကြက်ဥငါးလုံး ဝယ်
လာခဲ့သည်။ ထမင်းကျက်သည့်နှင့် မုန့်
ညင်းကိုလှီးဖြတ်ကာ ကြော်လိုက်သည်
ကျက်ကာနီးတော့ ကြက်ဥတစ်လုံးဖောက်
ထည့်ပြီး မွှေလိုက်သည်။
ထမင်းပူပူ မုန့်ညင်းကြက်ဥကြော်နှင့် ထမင်း
တစ်ဗူးချက် နည်းနည်းသာကျန်တော့သည်။
ချက်ရေးပြုတ်ရေး အချိန်လျော့သွားသဖြင့်
ရှစ်နာရီအားလုံးပြီးစီးပြီဖြစ်သည်။
ရှစ်နာရီခွဲခန့်ရှိတော့ သူ့ဘေးဘက် အစွန်ဆုံး
တံခါးဖွင့်သံကြားလိုက်သည်။ ဆယ့်ငါးမိနစ်ခန့်
ရှိမှ အေးအေးမာ အခန်းထဲက အပြင်ထွက်ပြီး
တစ်ဖက်အခန်းရှေ့သွားပြီး အခန်းတံခါးကို
ခေါက်လိုက်သည်။
“အစ်မ…အစ်မ…ပြန်ရောက်ပြီလား”
အေးအေးမာ၏ စကားမဆုံးခင် အခန်းတံခါး
ဖွင့်လာသည်။ အခန်းထဲမှ အသက်နှစ်ဆယ်ခန့်
အရွယ်ရှိ မိန်းကလေးတစ်ယောက်အပေါက်ဝ
နားရပ်လာသည်။
“အစ်မအခန်းကို လာလည်လို့ရလား”
“ရပါတယ်၊ တက်ခဲ့လေ”
အေးအေးမာလည်း မိန်းခလေးက ခွင့်ပြုသဖြင့်
အပေါ်သို့ တက်သွားသည်။
“ထိုင်…အဲဒီကွပ်ပျစ်ပေါ်ထိုင်၊ အစ်မအသက်က
ဘယ်လောက်ရှိပြီလဲ”
“ကျမက ဆယ့်ကိုးနှစ်ပါ”
“ဒါဆိုအစ်မက တစ်နှစ်ကြီးတာပေါ့၊
အစ်မအသက်က အသက်နှစ်ဆယ်ကျော်လို့
နှစ်ဆယ့်တစ်နှစ်ထဲ ဝင်နေပြီ”
“ကျမက အစ်မလို့ခေါ်လိုက်တာ မှန်တာပေါ့”
“ဒါနဲ့ အစ်မက ဘယ်စက်ရုံမှာလုပ်တာလဲ
ညဉ့်နက်တယ်နော်”
“အစ်မက ထိုင်းနဲ့မြန်မာဖက်စပ်လုပ်နေတဲ့
ဘီယာစက်ရုံမှာ လုပ်နေတာ၊ နေ့တိုင်းအချိန်ပို
ဆင်းရလို့ အပြန်နောက်ကျတာ”
“ထမင်းချက်စားတာ မတွေ့ဘူးနော်”
“အရင်အလုပ်တုန်းကတော့ ချက်စားပါတယ်”
“အခုအလုပ်က အချိန်မရတော့လို့ မနက်စာ
နေ့လည်စာ ညစာ အကုန်အပြင်မှာပဲ ဝယ်စား
တော့တယ်၊ အခုလို ဝယ်စားလို့ ရအောင်
အချိန်ပိုနေ့တိုင်းဆင်းရတာပေါ့”
“အရင် ဘယ်မှာလုပ်ခဲ့တာလဲ”
“လေးလေးလက်ဖက်နဲ့ အကြော်စုံလုပ်ငန်းစက်ရုံမှ
လုပ်ခဲ့တာ”
“ကျမတို့လည်း အဲဒီစက်ရုံမှာလုပ်နေကြတာပဲ၊
အလုပ်ရှင်တွေက သိပ်သဘောကောင်းကြတာပဲ၊
အစ်မက ဘာကြောင့် အလုပ်ပြောင်းလုပ်ရတာလဲ”
“အင်း…ပြောရရင် …ရှည်တော့မယ်၊ အရှက်အတွက်
မိန်းခလေးရဲ့ အရှက်အတွက်နဲ့ အလုပ်မှာမပျောက်
ပိုက်တော့လို့ အလုပ်ကထွက်ပြီး ဒီဘီယာစက်ရုံကို
ပြောင်းခဲ့တာ”
“အင်း…အစ်မစကားကြားပြီး ကျမတော့
အရမ်းစိတ်ဝင်စားသွားပြီး၊ နောက်ညကျရင်
အစ်မအကြောင်း ညီမစပ်စုချင်တယ်၊
ပြောပြမှာလား”
“ညီမက သိပ်သိချင်နေရင်တော့ ပြောပြ
နိုင်ပါတယ်၊ ညီမ မအိပ်ပဲ တစ်ညလုံး
ထိုင်ပြီး နားထောင်ချင်မယ်ဆိုရင်တောင်
အစ်မက မအိပ်ပဲ ပြောပြနိုင်ပါတယ်”
“ဒီညတော့ မပြောပါနဲ့တော့ အစ်မလည်း
အလုပ်မှာ တစ်နေ့လုံး လုပ်နေရတာဆိုတော့
အိပ်ရာပေါ်လှဲချင်မှာပဲ၊ ကျမလည်း မနက်
အလုပ်ကို ထမင်းဗူးယူသွားဖို့ စောစောထပြီး
ချက်ပြုတ်ရဦးမယ်၊ မနက်ဖြန်ညမှထပ်
လာခဲ့မယ်နော်”
“အေး …အေး…အစ်မရောက်ပြီး ခဏနေ
လာခဲ့ပေါ့”
“အစ်မ ညဘက် ရေမချိုးဘူးလား”
“အလုပ်က ပုံမှန်အချိန်ကစပြီး နာရီဝက်
အချိန်အားတယ် အဲဒီအချိန် ရေချိုးလိုက်တာပေါ့၊
ရေချိုးပြီး စက်ရုံအပြင်ဘက်ထွက်တယ်၊ အစာပြေ
မုန့်ဟင်းခါးဖြစ်ဖြစ် အသုပ်ဖြစ်ဖြစ်ဝယ်စားလိုက်
တယ်၊ ပြီးတာနဲ့ အချိန်ပိုဆက်ဆင်းရတာပဲ”
“ကဲ…အစ်မ အညောင်းအညာဖြေ ကျောဆန့်တော့၊
ကျမအခန်းပြန်တော့မယ်၊ညဘက် အရေးအကြောင်း
ရှိရင်နှိုးပေါ့”
“ကျေးဇူးပဲ ညီမ”
အေးအေးမာတစ်ဖက်အခန်းမှ အမျိုးသမီးအခန်းဖော်
နှင့်သိပ်ပြီး မရင်းနှီးသေးသည့်အတွက် ဆယ့်ငါး
မိနစ်ခန့်သာ နေပြီး အခန်းပြန်ခဲ့သည်။ ထိုအချိန်
အတွင်း နာမည်ကိုလည်း မမေးသလို၊ သူကလည်း
ထိုမိန်းကလေးနာမည်ကို မမေးမိ၊ နောက်နေ့မှ
အမည်နာမမေးပြီး သူ့နာမည်ပြောပြတာ မိတ်
ဆက်တော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်သည်။
ထို့နောက် ဖုန်းခဏဖွင့်ကြည့်ပြီး အိပ်ချင်လာ
သည့်အတွက် ဖုန်းပိတ်ကာ အိပ်လိုက်တော့သည်။
သူထမင်းစားသောက်ပြီး၍ ပန်းကန်များ ဆေးကြော
နေစဉ် အစွန်ဆုံးအခန်းမှ တံခါးသော့ဖွင့်သံကြား
လိုက်သည်။ အားလုံးသိမ်းဆည်းပြီး တစ်ဖက်
အခန်းသို့ ကူးလာခဲ့သည်။
“အစ်မ …အားနေလား”
“အစ်မ အခန်းမှာ ဘာမှလုပ်စရာမရှိဘူးလေ။
ရောက်ရင် အိပ်ချင်အိပ် မအိပ်ချင်ထိုင်နေ ဒါပါပဲ”
“မနေ့ညက အစ်မနာမည်တောင် မမေးလိုက်ရဘူး
ကျမနာမည်ကတော့ အေးအေးမာတဲ့”
“အစ်မနာမည် သင်းသင်း”
“ဒါဆို အစ်မသင်းသင်းလို့ပဲ ခေါ်မယ်နော်”
“ညီမကြိုက်သလို ခေါ်နိုင်ပါတယ်”
“အစ်မအညောင်းအညာ မဖြေချင်သေးဘူးဆိုရင်
မနေ့ညက အစ်မပြောပြတဲ့ အကြောင်းဆက်ပြောပါလား”
“အင်း…ညီမက အစ်မအကြောင်း သိပ်စိတ်ဝင်စား
နေပါလား၊ တခြားအတွေးတွေတော့ မတွေးနဲ့၊
အစ်မအလုပ်က ထွက်ခဲ့တာ အစ်မကိုယ့်အဖြစ်
ကိုယ်ရှက်ပြီး လိပ်ပြာမလုံလို့ထွက်ခဲ့တာ”
“မသိပါဘူး၊ကျမက ဟိုဟိုသည်သည် လျှောက်တွေး
နေတာ အလုပ်အတူတူလုပ်တဲ့ အလုပ်သမား
ယောင်္ကျားလေး တစ်ယောက်,ယောက်က
အနှောက်အယှက်ပြုနေတာကြောင့် အလုပ်မှာ
မပျော်တော့ပဲ ထွက်ခဲ့တာလို့ ထင်တာ”
“ညီမ ထင်တာ တစ်ခုမှ မဟုတ်ဘူး”
“အလုပ်ရုံပိုင်ရှင်တွေရဲ့ မိသားစုနဲ့ ပတ်သက်လို့ပေါ့၊
ဒါကြောင့် အရှက်ကြီးရှက်ပြီး အလုပ်က ထွက်လာ
ခဲ့တာ၊ အဲဒီအချိန်တုန်းက အစ်မ ကိုယ့်ကိုယ်ကို အ
ထင်ကြီးနေခဲ့တာ အလုပ်သမားအတော်များများနှင့်
ယှက်ရင် အစ်မက သူတို့ထက်ပိုလှတယ်၊ ပိုချော
တယ်လို့လည်း ထင်ထားတာ။
ဒါပေမယ့် ဘယ်လိုပဲပြောပြော အစ်မအလှက
အလုပ်သမား ဆိုပေမယ့် ပေါ်ပေါ်ထင်ထင် ရှိနေခဲ့
တယ်၊ တော်ရုံလည်း အလုပ်အတူတူလုပ် ကောင်လေး
တွေကို စိတ်လည်းမဝင်စားဘူး၊ စိတ်လည်းမကူးဘူး၊
အစ်မ…စိတ်ဝင်စားခဲ့တဲ့ လူတစ်ယောက်ရှိခဲ့တယ်။
တစ်ရက်ပြီးတစ်ရက် စိတ်ဝင်စားခဲ့တယ်။ အစ်မရဲ့
မိန်းမမာယာအောက်မှာ အဲဒီအစ်မစိတ်ဝင်စားတဲ့
လူကောက်ကောက်ပါအောင် လိုက်လာမယ်
ထင်ထားတယ်
ကိုယ့်ကိုယ်ကို အထင်ကြီးပြီး လည်ပင်းဖက်
ပေါင်းသင်းနေတဲ့ သူငယ်ချင်းလှလှစိန်တို့
အေးမင်းဝင်းတို့ကို ပြောပြလိုက်မိတယ်။
အဲဒီလို ပြောပြတော့ ကောင်မတွေက မြောက်ထိုး
ပင့်ကော်လုပ်တာပေါ့၊ ဘယ်လိုပုံစံပေး၊ ဘယ်လို
အမူအယာလုပ် သူသတိပြုမိအောင်နေ စသဖြင့်
ဝိုင်းပြီးသင်ပေးသလိုနဲ့ မြှောက်ပင့်ပေးကြတာပေါ့
အစ်မကလည်း ဟုတ်လှပြီထင်နေတာ၊ အချိန်တွေ
လနဲ့ချီပြီး ကြာသွားတယ်။ အစ်မစိတ်ဝင်စားတဲ့
လူက သိတဲ့အရိပ်အယောင်တောင်မပြဘူး”
“အစ်မ ဘယ်သူ့ကို ပြောနေတာလဲ၊
လေးလေးမိသားစုကဆို ဘယ်သူဖြစ်မလဲ”
“အေးအေးမာ…အေးအေးမာ”
တစ်ဖက်အခန်းက မြမြအသံကြားလိုက်သဖြင့်
စကားစပြတ်သွားသည်။
“ကောင်းခန်းရောက်မှ အဖျက်မကပေါ်လာတယ်။
ကဲ…အစ်မကိစ္စ ကျမစိတ်ဝင်စားသွားပြီ၊ မနက်ဖြန်
ညမှာပဲ ထပ်လာပြီး မေးတော့မယ်၊ အခုသူငယ်ချင်း
ဘာကိစ္စပေါ်လည်း မသိဘူး၊ သွားဦးမယ်နော်
အစ်မသင်း”
“ကောင်းပါပြီ မနက်ဖြန်ည အစ်မပြန်ရောက်ရင်
လာခဲ့ပေါ့၊ ညီမကို ပြောပြချင်ပါတယ် လာခဲ့ပါ”
အေးအေးမာလည်း အစ်မသင်းကို နှုတ်ဆက်ပြီး
အခန်းသို့ ပြန်လာခဲ့သည်။ အခန်းပြန်ရောက်တော့
မြမြခေါ်သံမကြားရတော့ အိပ်ပြီထင်ပြီး မခေါ်ခြင်း
ဖြစ်မည်။ မနက်မှ ဘာကိစ္စခေါ်သည်ကို မေးမည်ဟု
ဆုံးဖြတ်ပြီး တံခါးပိတ်ကာ အိပ်ရန်ပြင်လိုက်သည်။
အိပ်ယာပေါ်ရောက်သော်လည်း အိပ်၍မရ မျက်လုံး
ကြောင်နေသည်။
အစ်မသင်းစကားအရ မည်သူမည်ဝါမှန်း
မသိသော်လည်း လေးလေးအကြော်စုံမိသားစုနှင့်
ဂုဏ်သိက္ခာကိုအကြွင်းမဲ့ယုံကြည်သည်။
မသင်းသင်းလို စိတ်ထားမျိုး မည်သူမှမရှိ
ကျိန်၍ပင်ပြောဝံ့သည်။ လုပ်ငန်းစု အကြီး
အကျယ် အောင်အောင်မြင်မြင် လုပ်ကိုင်နေသော
မိသားစုဖြစ်သည်။ အလုပ်ရှင် အစ်ကိုကြီး အကို
လတ် ၊ အစ်ကိုငယ်၊ ညီအငယ်ဆုံး လေးယောက်
လုံး စက်ရုံတစ်ခုစီကို အုပ်ချုပ်စီမံနေကြသည်။
သူတို့က အလုပ်ရှင် အလုပ်သမားလို ဆက်ဆံ
ခြင်းမရှိ၊ မိသားသူလို ဆက်ဆံကြသည်။
ထိုအလုပ်မှာလုပ်ရသူတိုင်း ပျော်ရွှင်ရသည်။
ဝေဖာ၊ မရွေး၊ လက်ဖက်အကြော်စုံက
တစ်နိုင်ငံလုံးအနှံ့ ကားကြီးကားငယ်များနှင့်
လက်လီလက်ကား ဖြန့်ချီနေရသော
အောင်မြင်သည့် စားသောက်ကုန်လုပ်ငန်း
ကြီးလည်း ဖြစ်သည်။
ဧကများစွာပေါ်မှာ စက်ရုံကြီးငယ်များဖြင့်
အလုပ်သမားများစွာ ရာချီရှိသည့်ကို ညီအစ်ကို
လေးယောက် မိသားစုနှင့် ဆွေမျိုးတစ်စု
စည်းစည်းလုံးလုံး အုပ်ချုပ်နေသော လုပ်ငန်းစု
ကြီးဖြစ်သည်။ စီးပွားရေးကို အောင်မြင်သထက်
အောင်မြင်အောင် မအားမလပ် လုပ်ကိုင်နေသည့်
ဤမိသားစုထဲမှ မည်သူ့ကို သွားစိတ်စားပြီး
မည်ကဲ့သို့ အရှက်ရသွားသည်လည်း မစဉ်း
စားတက်တော့ နောက်နေ့မှ သေချာ
သဲသဲ ကွဲကွဲသိအောင် မေးရမည်ဟု
ဆုံးဖြတ်ချက်ကို ချထားလိုက်သည်။
အေးအေးမာလည်း အတွေးနယ်ချဲ့နေရာမှ
မကြာခင်အိပ်ပျော်သွားခဲ့တော့သည်။
တတိယမြောက်နေ့သို့ ရောက်ခဲ့သည်။ ထုံးစံအတိုင်း
ညစာစားသောက်ပြီး ရှစ်နာရီခွဲခန့်တံခါးဖွင့်သံ
ကြားလိုက်သည်။ ခဏနေပြီး အေးအေးမာ
တစ်ဖက်အခန်းသို့ ကူးလာခဲ့သည်။
“လာ…ညီမ ဒီမှာထိုင် ကဲ…အစ်မ
ညီမသိချင်တာကို ဆက်ပြီးပြောပြတယ်၊
အစ်မစိတ်ဝင်စားပြီး တစ်ဖက်သတ်စွဲလန်းခဲ့ရတဲ့
သူကတော့ အလုပ်ရှင် ညီအစ်ကို လေးယောက်ရဲ့
တူပဲ”
“သူတို့မှာ တူတွေ တူမတွေ အများကြီး စက်ရုံမှာ
ရှိနေတာပဲ ဘယ်သူလဲ”
“စောဂျိုးဇက်လေ …သိလား”
“ဟာ …သိတာပေါ့ နဖူးပြောင်ပြောင်၊ သူ့ဦးလေး
တွေထက်ကို ပိုပြောင်မယ်ထင်တယ် ဦးလေး
အငယ်ဆုံးနဲ့ ဦးလေးအကြီးဆုံး နဖူးပြောင်တာ
ထက်ကို ပိုပြောင်တယ်”
” ဘယ်လိုသဘောကျပြီး ကြိုက်ခဲ့တာလဲ”
“အင်း…ပြောရရင် အချစ်ဆိုတာ ဆန်းကျယ်တယ်
မဟုတ်လား၊ အဲဒီ နဖူးပြောင်ပြောင်ကိုပဲ၊
မျက်လုံးက မထွက်နိုင်အောင် စွဲလန်းခဲ့ရတာ၊
သူက စက်ရုံထဲက ကားမျိုးစုံထည်လဲ စီးပြီး
မောင်းနေတာ ဒရိုင်ဘာအလုပ်လည်း မဟုတ်ဘူး
ဦးလေးတွေရဲ့ ဟိုင်းလက်ဆပ်၊ ပါရာဒိုး၊ပါဂျဲရိုး၊
မတ်တူး ၊ ကားအကောင်းစားကြီးတွေလည်း
သူတက်မောင်းနေတာပဲ၊ကုန်ပို့တဲ့ ဘောက်စ်
ကားကြီး ကားသေးတွေလဲ သူမောင်းနေတာတွေ့တယ်၊
သူ့ကိုယ်ပိုင်ကားပေါ်မှာလည်း ခဏခဏ တွေ့တယ်
ဦးလေးတွေရဲ့ လုပ်ငန်းမှာ အတော်အရာ
ရောက်တဲ့နေရာကို လုပ်နေရတာပဲဆိုပြီး
ပိုပိုလို့ အထင်ကြီးလေ၊ စိတ်ဝင်စားမှုပိုလေပဲ၊
အဲဒီလိုဖြစ်လေ၊ ဟိုကောင်မတစ်စုက
မြှောက်ပေးလေ၊ သူက အဲဒီအချိန်ထိ
သူ့အလုပ် သူလုပ်နေတာ၊ ဘယ်မိန်းကလေး
တွေကိုမှ အရောတဝင် မနေခဲ့ဘူး၊
တည်တည်ကြည်ကြည်နဲ့ သူ့အလုပ်
သူလုပ်နေတာ၊
ကြာတော့ တစ်ဖက်သတ်ကြိုက်နေရတဲ့
ဒုက္ခက စိတ်ကို အတော်နှိပ်စက်တာ ညတိုင်း
အိပ်ရေးမဝဖြစ်ခဲ့ရတယ်၊ အဲဒီလိုနဲ့ ခရစ်စမတ်
အချိန်နီးလာတယ်၊ အလုပ်မှာ လုပ်နေတဲ့
လုပ်သားအားလုံးကို ပျော်ပွဲရွှင်ပွဲလုပ်ပေး
မယ်ဆိုလို့ အားလုံးဝမ်းသာနေကြတယ်။
ကိုယ်လည်း ဒီရက်မှာ အစွန်ထုတ်နိုင်ရမယ်လို့
အားခဲ့ထားတာပေါ့၊ အဲဒီရက်က ပျော်စရာလို
သတ်မှတ်ထားတာ အစ်မအတွက် အဲဒီနေ့က
စီရင်ချက်ချတဲ့နေ့ပဲ၊ အစ်မရဲ့အပျော်လေးတွေ
ပျောက်ဆုံးပြီး ကြီးမားတဲ့အရှက်ကို ရခဲ့တယ်”
“ဘယ်လိုအရှက်ရတာလဲ အစ်မ”
“အစ်မ စိတ်ဝင်စားတဲ့လူက သူ့မိသားစုနဲ့
ကားကြီးနဲ့ စက်ရုံကို ရောက်လာတယ်၊
သူ့မှာ မိန်းမနဲ့ ကလေးနဲ့ဆိုတာ အစ်မ
တွေ့လိုက်ရတယ်၊ အဲဒီလို တွေ့လိုက်တော့
အစ်မရှက်လိုက်တာ မပြောပါနဲ့တော့၊
ကိုယ်အရမ်းစိတ်ဝင်စားခဲ့တဲ့ လူအကြောင်း
ဘာမှမသိပါလားဆိုတဲ့ စိတ်နဲ့ အလုပ်ကနေ
အဆောင်ကို ပြန်ခဲ့တယ်
ညနေကျတော့ ပျော်ပွဲရွှင်ပွဲပြီးလို့ လှလှစိန်တို့
အေးမင်းဝင်းတို့ ရောက်လာကြတယ်။ အဲဒီမှာ
သူတို့ပြောတဲ့စကားကြောင့်လည်း ပိုပြီးရှက်
ရတယ် အဲဒီညမှာပဲ အလုပ်က ထွက်ဖို့
ဆုံးဖြတ်လိုက်တယ် သူငယ်ချင်းနှစ်ယောက်
ကိုလည်း စိတ်နာခဲ့တယ်”
“သူတို့က ဘာပြောကြလို့လဲ”
“အစ်မကြိုက်နေတဲ့လူမှာ အစကတည်းက
မိန်းမနဲ့ ကလေးရှိတာ သိတယ်တဲ့၊ အဲဒီ
လူက စက်ရုံတစ်ရုံလုံးက ကားအားလုံးကို
‘ကညန’မှာ၊ သက်တမ်းတိုးတာတို့ လိုင်စင်ဝင်တာတို့၊
အခွန်ဆောင်တာတို့ တာဝန်ယူလုပ်ကိုင်ပေးနေတာတဲ့
အားလုံး သူတို့နှစ်ယောက်က သိပါလျက်နဲ့ မပြော
ပြပဲ မြှောက်ထိုး ပင့်ကော် လုပ်ပေးခဲ့တယ်
ကိုယ်က အချစ်စိတ်မွှန်နေလို့ ဘာဆိုဘာမှ
မသိဘူး၊ အားလုံးအဖြစ်မှန်သိရပြီဆိုတော့
ဒီအလုပ်မှာ မျက်နှာပြောင်တိုက်ပြီး ဘယ်လို
လုပ်နေလို့ရတော့မှာလဲ”
“တစ်ဖက်က မသိလို့ ငြိမ်ပြီးနေလိုက်ရင်ရတာပဲ
အစ်မက စိုးရိမ်စိတ်များနေတာ မဟုတ်ဘူးလား”
“တစ်ဖက်က လုံးဝမသိလို့ နေလို့ရပေမယ့်ပေါ့
ဟုတ်လား၊ဟိုကောင်မနှစ်ကောင် အပြင်ကွယ်ရာမှာ
ကြိတ်ပြီးအတင်းပြော လှောင်ပြောင်နေမယ့်
လူတွေ ဘယ်လောက်ရှိမလဲ ပြောနိုင်ပါ့မလား
“ဘာပဲဖြစ်ဖြစ် အစ်မအလုပ်က ထွက်လိုက်တယ်
ကံက ကောင်းချင်လို့လား ဆိုးချင်လို့လား မသိဘူး
အစ်မမိတ်ဆွေတစ်ယောက်က ဘီယာစက်ရုံမှာ
အလုပ်သွင်းပေးခဲ့တယ်။ လစာအတူတူပါပဲ
အခုအလုပ်က အချိန်ပိုဆက်ဆင်းရတယ်။
အဆောင်နဲ့အလုပ်က နည်းနည်းဝေးတယ်၊
ကားနှစ်ဆင့်စီးရတယ်၊ ကားမစီးချင်ရင်
ဆိုက်ကယ်နဲ့ဆို အတော်မောင်းရတယ်”
“ကဲ…အစ်မ အချိန်လည်းလင့်သွားပြီး
အစ်မလည်း အိပ်တော့၊ ညီမလည်း
သွားတော့မယ်”
“အေး…အေး နောက်နေ့လည်း အစ်မပြန်လာ
ရင် လာခဲ့ဦးနော်”
“ဟုတ်ကဲ့ အစ်မ၊ ခဏတဖြုတ်လာခဲ့ပါ့မယ်”
အေးအေးမာ အခန်းသို့ ပြန်ရောက်လာသည်။
ညက ပဟေဠိဖြစ်ခဲ့သော အကြောင်းအရာက
ယခုမှပင် ရှင်းသွားတော့သည်။ တစ်ဖက်သတ်
ကြိုက်ပြီး တစ်ဖက်သတ် နောက်ဆုတ်ခဲ့ရသော
အစ်မသင်းသင်းအဖြစ်ကို ကြားပြီး စိတ်တော့
မကောင်း။ အဓိကကတော့ သေသေချာချာ
မစုံစမ်းခြင်းနှင့် အပေါင်းအသင်း မကောင်း
ခြင်းကြောင့် အရှက်အကြောက်ပိုခဲ့ရခြင်း
လည်း ဖြစ်သည်။
မမသင်းသင်းအဖြစ်ကို ကိုယ်ချင်းစာပြီး
ညစဉ်သွားပြီး အဖော်ခဏတာမျှ လုပ်ပေး
ခဲ့သည်။ ကြာတော့ ထိုအကြောင်းကို
မပြောဖြစ်တော့။ မမသင်းအခန်းကို
ညစဉ်ရက်ဆက်ကူးပြီး စကားပြောခဲ့သည်
မှာ ဆက်ရက်ခန့်သို့ ရောက်လာသည်။
ထိုအချိန် တနင်္ဂနွေနေ့ အလုပ်အားသဖြင့်
အခန်းမှာ ဘယ်မှမသွားဘဲ ဖုန်းတစ်လုံးနှင့်
အချိန်ဖြုန်းနေသည်။
မြမြနှင့်သူ့သူငယ်ချင်းတစ်ယောက်တို့ အင်းစိန်သို့
သွားကြသည်။ မြမြသူငယ်ချင်း၏ အမျိုးတွေ အင်း
စိန်မှာရှိသည်ဆိုကာ မြမြကို အဖော်ခေါ်သွားသည်။
သူ့ကိုပါခေါ်သော်လည်း အပြင်သွားချင်စိတ်မရှိ
သဖြင့် အခန်းထဲမှာပဲ အချိန်ဖြုန်းနေလိုက်သည်။
တစ်ဖက်အခန်းက မမသင်းကလည်း စနေ့၊
တနင်္ဂနွေပါ အခန်းမှာမရှိ၊ အမြဲတံခါးပိတ်ထား
သည်ကို တွေ့ရသည်။ ညရောက်မှသာပြန်
ရောက်သည်။ နေ့ဆယ်နာရီခန့် ခြေရင်းအခန်းမှ
တံခါးဖွင့်သံကြားသဖြင့် အေးအေးမာလည်း
မမသင်းပြန်ရောက်လာသည့်အတွက်
တံခါးဖွင့်သည်ဟု ထင်လိုက်သည်။
သို့ကြောင့် ဖုန်းကိုပိတ်လိုက်သည်။ တစ်ဖက်
အခန်းသို့ ကူးသင့်မကူးသင့် နားစွင့်လိုက်သည်။
အခန်းပိုင်ရှင် ဒေါ်အေးပွင့်၏အသံကိုလည်း
ကြားရသည်။အခြားလူကြီးအသံများလည်း
ကြားရသည်။
အစ်မသင်းသင်း၏ ဆွေမျိုးများ လာသည့်
အတွက် တံခါးလာဖွင့်ပေးခြင်းဖြစ်မည်ဟု
ထင်လိုက်သည်။ သို့ကြောင့် အပြင်ထွက်
မစပ်စုတော့ပဲ အခန်းထဲ ပြန်ဝင်ပြီး ကွပ်ပျစ်
မှာ ထိုင်နေလိုက်သည်။
ဆယ့်တစ်နာရီခန့်အရောက် အေးအေးမာ
နေ့လည်စာ စားလိုက်သည်။ နေ့လည်စာ
စားပြီး မကြာခင် ခြေရင်းခန်းမှာ ဆူဆူညံ
ညံ အသံတွေ ကြားရသည်။အိုးခွက်သံ
ပန်းကန်သံများလည်း ကြားရသည်။
စျေးဝယ်ပြီး ပြန်လာကြသည်ဟုလည်း ကြားရသဖြင့်
အခန်းထဲငြိမ်မနေနိုင်တော့ပဲ အခန်းအပြင်ရှိ
လက်တန်းမှာရပ်ရင်း အကဲခတ်နေလိုက်သည်။
ခြေရင်းခန်း၏ အပြင်မြေပြင်မှာ ချက်ပြုတ်ရန်
အမျိုးသမီးသုံးယောက်နှင့် ယောင်္ကျားကြီး
နှစ်ယောက်တို့ကို တွေ့လိုက်သည်။
“ဘာလုပ်ကြမှာပါလိမ့်”
အေးအေးမာ စိတ်ဝင်စားသွားပြီး ခြံဝနားမှာ
ရပ်နေသော အခန်းရှင် ဒေါ်အေးပွင့်အနီးသို့
သွားလိုက်သည်။ ဒေါ်အေးပွင့်က အသက်
ငါးဆယ်ကျော်ခန့်ရှိသည်။
“အဒေါ်…ဟိုအစ်မသင်းသင်း အခန်းခြေရင်း
ဘက်မှာ ဘာလုပ်နေကြတာလဲ”
“အဲဒီအခန်းမှာနေသွားတဲ့ သင်းသင်းဆုံးတာ
မနက်ဖြန် တစ်လပြည့်လေ၊ သူသေကာစ
တစ်ပတ်လောက်အထိ မကျွတ်မလွတ်ပဲ
အခန်းမှာလာနေတယ်၊ လူအချို့လည်း
မြင်ကြတယ်၊ ခြောက်တယ်”
” အစ်မ သင်းသင်း သေသွားပြီ ဟုတ်လား”
” ဟုတ်တယ် မနက်ဖြန် တစ်လတိတိပြည့်ပြီ”
“မဖြစ်နိုင်ပါဘူး”
“သြော် သေသွားလို့ သူ့အဖေ အမေတွေ
ရောက်လာပြီး ဆွမ်းကပ်မလို့ ချက်ပြုတ်နေကြတာ”
“ကျမ ညတိုင်းရှစ်နာရီခွဲပြီးနောက်ပိုင်း
သူ့အခန်းထဲသွားပြီး စကားပြောနေခဲ့တာ”
“မဟုတ်က ဟုတ်ကကွယ်”
“တစ်ကယ်ပြောတာပါ၊ သူညရှစ်နာရီခွဲတိတိဆို
အခန်းသော့ဖွင့်ပြီး ဝင်လာတာပါ၊ မီးလုံးဖွင့်ပြီး
ထိုင်နေတယ်၊ ကျမက သွားမိတ်ဖွဲ့လိုက်တာနဲ့
ရင်းနှီးခင်မင်သွားပြီး သူအလုပ်ပြောင်းရတဲ့
အကြောင်း ပြောပြတယ်”
“ဒါဆို သူသေတဲ့အကြောင်းကော မပြောပြဘူးလား”
“အဲဒီလိုပြောမှတော့ ကျမကသေပြီလို့ ပြောမှာပေါ့
သူက သူ့အလုပ်အကြောင်းနဲ့ နေရေးထိုင်ရေး
အကြောင်းပဲ ပြောတယ်”
“အင်း…အေးအေးမာကလည်း ရောက်တာ
မကြာသေးတော့ သူ့အကြောင်း ဘယ်သိပါ့မလဲ၊
သူသေပြီး အဲဒီအချိန်ပြန်လာပြီး ဝုန်းဒိုင်းကျဲနေလို့
အခန်းတံခါးပိတ်ပြီး ဘယ်သူမှ မငှားဘဲ
တစ်လပြည့်အောင် စောင့်နေခဲ့တာ”
“သူ့မိဘတွေက ပဲခူးသနပ်ပင်က လလည်း
ဆွမ်းကို ဒီမှာလာလုပ်ပေးဖို့မှာထားတာ၊
အဒေါ်ကလည်း ဘုန်းကြီးလှူမယ့်ဝတ္ထု
သင်္ကန်းစိုက်ထည့်မှာ။ အလှူလုပ်ပေးလိုက်လို့
ဒီအခန်းမှာမရှိတော့ဘူးဆိုရင် အဒေါ်
မိန်းကလေးနှစ်ယောက်လောက်ပေါင်းပြီး
အငှားတင်ထားမလား စိတ်ကူးထားတယ်”
“အဒေါ်က အသေအချာပြောတော့လည်း
မယုံချင်ပေမယ့် ယုံရတော့မှာပေါ့”
“အေး …လွန်ခဲ့တဲ့ တစ်လလောက်က
သုလုပ်တဲ့ စက်ရုံက ဆိုက်ကယ် ကယ်ရီစီးပြီး
ပြန်လာခဲ့တာ သာဓုကန်လမ်းမကြီးပေါ်မှာ
ဆိုက်ကယ်က ရှေ့ကသွားနေတဲ့ ကားကို
ကျော်တက်တယ် ။ သူလည်း ကျော်အတက်
မျက်နှာချင်းဆိုင်က မောင်းလာတဲ့ ကားနဲ့
မျက်နှာချင်းဆိုင် တိုးတော့တာပဲ၊ ရှောင်ရ
အောင်လည်း ဘေးမှာ ကားကြီးခံနေတာနဲ့
ပွဲချင်းပြီးအတိုက်ခံလိုက်ရတာ ဆိုင်ကယ်
မောင်းတဲ့ ကောင်လေးလည်း ပွဲချင်းပြီးပဲ
အချိန်က ညရှစ်နာရီခွဲတိတိပဲ..ဒါကြောင့်
ညရှစ်နာရီခွဲတာနဲ့ အခန်းကို ရောက်လာတာ
အဒေါ်လည်း အမှုမဲ့အမှတ်မဲ့နေခဲ့လို့ သင်းသင်း
အခန်းကို အေးအေးမာရောက်နေတာ မသိဘူး
ဖြစ်သွားတယ်”
“ဒါဆို ညတိုင်း ကျမက သေသွားပြီဖြစ်တဲ့
အစ်မသင်းသင်းရဲ့ ဝိညာဉ်နဲ့ သွားစကား
ပြောမိနေတာပေါ့”
“အေးလေ ကံကောင်းလို့ အခြောက်အလှန့်
မခံရတာ”
“အခုမှ စဉ်းစားရင်း ကျောချမ်းလာတယ်”
“သိပ်လည်း မကြောက်ပါနဲ့၊ သူက မကျွတ်
မလွတ်သေးလို့ သရဲ တစ္ဆေဖြစ်နေတာတောင်
ှုငါ့တူမကိုခင်တဲ့စိတ်ရှိလို့ မခြောက်မလှန့်တာပေါ့
ကဲ…ကဲ …အဒေါ်သွားဝိုင်းလုပ်ပေးလိုက်ဦးမယ်”
“ကျမလည်း အစ်မသင်းသင်းအတွက် တတ်နိုင်တဲ့
အလုပ်လေး ဝင်ကူလုပ်ပေးပါ့ရစေ”
“ကဲ…လာ သူ့အဖေအမေတွေနဲ့လည်း
မိတ်ဆက်ပေးမယ်”
အေးအေးမာအား ဒေါ်အေးပွင့်က သင်းသင်း၏
မိဘများထံ ခေါ်သွားကာ မိတ်ဆက်ပေးသည်။
ထို့နောက် အေးအေးမာသည် ဝိုင်းဝန်းကူညီ
နိုင်သည့် အလုပ်များကို ဝင်ရောက်လုပ်ကိုင်
ပေးနေသည်။
စိတ်ထဲက သဘောကောင်းတဲ့ အစ်မသင်းသင်း
ကောင်းရာသုဂတိသို့ လားပါစေဟု ဆုတောင်း
ပေးနေရင်း အလုပ်မှာ စိတ်နှစ်ကာ လုပ်ကိုင်
ပေးနေလိုက်တော့သည်။
ပြီးပါပြီ
မူရင်းရေးသူ ဆရာ ဧကန်မင်း
မဖဲဝါနှင့် စာခြောက်ရုပ် သရဲကြီး စာအုပ်မှ
ကောက်နုတ်တင်ပြထားသည်
စာဖတ်သူများ စိတ်ရွှင်လန်းပါစေ
Leave a Reply