မသူတော်မြွေ

စားသေးဘဲ သူ့ခေါင်းကို တစ်ဖက်သို့ လှည့်ပစ်လိုက်၏။

ထိုအခါ ရေမြွေက မသေမရှင်ဖြစ်နေသော ဖားကို မြွေသူတော်ကြီးပါးစပ်နားသို့ ချပေးနေပြန်၏။ ထိုအခါမှာလည်း မြွေသူတော်ကြီးက ရေမြွေယူလာပေးသော ဖားကို မစားဘဲ ငြင်းပယ်သည့်သဘောနှင့် တစ်ဖက်သို့ ခေါင်းလှည့်သွားပြန်၏။

ရေမြွေကမူ နောက်တစ်ခါ ဖားကိုကောက်ကိုက်ပြီး မြွေသူတော်ကြီး ပါးစပ်နား ချပေးပြန်သည်။ ဤတစ်ခါလည်း မြွေသူတော်ကြီးသည် ရေမြွေကိုက်ချီ လာပေးသော ဖားကို မစားဘဲ တစ်ဖက်သို့ သူ့ခေါင်းကို ရွှေ့ထားလိုက်ပြန်၏။

“ဘယ်လိုပါလိမ့်”

ဟု မကြုံစဖူး ထူးကဲလှသောအဖြစ်ကို ဦးထွန်းလှက အံ့သြတကြီး ငေးကြည့်နေမိသည်။

သူ ရှာဖွေကိုက်ချီလာသော ဖားကို သူ့ပါးစပ်နား သုံးကြိမ် သုံးခါ ချချပေးသော်လည်း မြွေသူတော်ကြီးက မစားသောအခါ ရေမြွေသည် မြွေသူတော်ကြီးအနားမှ ချောင်းရိုးလေးဘက် ချက်ချင်းပြေးထွက်သွား လေသည်။

“မြွေသူတော်” ဟု ခေါ်ကြသော မြွေများနှင့်ပတ်သက်၍ ဦးထွန်းလှ ငယ်စဉ်က ကြားဖူးနားဝပုံပြင်များကို အမှတ်ရမိသွားသည်။

ယခင်က မြွေသူတော်သည် မြွေများထဲတွင် ဘုရင်ဖြစ်သည်။ အလွန်အဆိပ်ပြင်းသဖြင့် မည်သည့်မြွေမဆို မြွေသူတော်ခေါ်လျှင် ချက်ချင်းလာ၍ ခစားရသည်။ မည်သည့်သက်ရှိသတ္တဝါမဆို (သို့မဟုတ်) မည်သည့် သက်ရှိသတ္တဝါတစ်ကောင်ကောင်၏ အရိပ်ကိုပင် မြွေသူတော်ကြီးက ပေါက်လိုက်ရုံနှင့် ထိုသတ္တဝါချက်ချင်းသေသွားသည်။ မြွေသူတော် ကား ဤမျှအဆိပ်ပြင်း၏။

တစ်နေ့သ၌ နွားကျောင်းသားလေးတစ်ယောက်သည် လူတစ်ရပ်နီးပါးခန့်မြင့်သော သစ်ပင်ခွကြားတစ်ခုကို မှီထိုင်ကာ ခါးထိုးလာသော ပလွေကို ရှေ့တိုးနောက်ငင် ကျူမှုတ်နေသည်။ နွားကျောင်းသား၏ ပလွေရိပ်က မြေပြင်တွင် ရှေ့တိုးနောက်ငင် ယိမ်းလှုပ်ကျနေသည်။

ဤသည်ကို မြွေသူတော်ကြီးကတွေ့ ရာ ဤသစ်ပင်ပေါ်က ဤတိရစ္ဆာန် မြည်တွန်နေသည်မှာ ငါ့ကို အန်တုသဘော။ နားညည်းဖွယ်ကောင်းလှသည်ဟု ပလွေရိပ်ကို လှမ်းပေါက်လိုက်သည်။ သို့သော် နွားကျောင်းသားမှုတ်နေသော ပလွေရိပ်ကား အသံတိတ်မသွား၊ မြည်မြဲမြည်နေ၏။

ထိုအခါ မြွေသူတော်ကြီးမှာ အလွန်ဒေါသဖြင့် စိတ်ဆိုးလာကာ နောက်ထပ်တစ်ကြိမ် ပလွေရိပ်ကို ထပ်ပေါက်ပြန်သည်။ ထိုအခါမှာလည်း ပလွေမြည်နေသံက ရပ်မသွား၊ မြည်မြဲသာ မြည်နေ၏။

သုံးကြိမ်သုံးခါ ပေါက်သော်လည်း နွားကျောင်းသားငယ် မှုတ်ကျူနေသော ပလွေမြည်သံ မရပ်သောအခါ

“ငါ့ကိုယ်ငါ မြွေထဲမှာ အဆိပ်အပြင်းဆုံး၊ တန်ခိုးအကြီးဆုံးဆိုပြီး မြွေဘုရင်လုပ်နေတာ အလကားပဲ။ ခု သစ်ပင်ပေါ်က ငါ့ကို သရော်စော်ကား လှုပ်ရှားမြည်တွန်နေတဲ့ တိရစ္ဆာန်ရဲ့အရိပ်ကို ငါ သုံးကြိမ် သုံးခါပေါက်ပေမယ့် ဒီတိရစ္ဆာန် မသေဘူး။ အအော်အမြည်တောင် မရပ်ဘူး။ ဒီတော့ ဒီလောက်အသုံးမကျတဲ့ အဆိပ်တွေကို ငါထိန်းသိမ်း ထားလို့လည်း အလကားပဲ။ ဒီနေ့ ဒီချိန်ကစပြီး ဒီအဆိပ်တွေကို ငါ စွန့်ပစ်လိုက်တော့မယ်”

ဟု စိတ်ဆိုးမာန်ဆိုးနှင့် ဆုံးဖြတ်ချက်ချကာ သူ့အဆိပ်တွေကို ကျောက်ဖျာတစ်ခုထက်၌ စွန့်အန်ပစ်လိုက်လေသည်။

မြွေသူတော်ကြီး စွန့်အန်ပစ်သော အဆိပ်တွေကို ဦးဆုံးသောက်ကြရသော မြွေပွေး၊ မြွေဟောက်၊ ငန်းမြွေများမှာ အဆိပ်ပြင်းသော မြွေများဖြစ်လာကြသည်။ နောက်မှရောက်လာပြီး အဆိပ်မရှိတော့သော
ကျောက်ဖျာကို လျှာနှင့်လျက်ကြသော မြွေများမှာ အဆိပ်မရှိမြွေများ ဖြစ်လာကြသည်ဟုဆိုသည်။

ထို့ကြောင့် မြွေသူတော်မှာ ယခုအခါ အဆိပ်ဆို၍ လုံးဝမရှိ။ သို့သော် အစဉ်အလာအရ မြွေဘုရင်ကြီးဖြစ်ခဲ့သော မြွေသူတော်ကို အဆိပ်မရှိသောမြွေများက ယခုထိခစားကာ အစာတောင်းလျှင် ရှာဖွေပေးရသည်ဟု ပုံပြင်ကဆိုသည်။

ယခု မြွေသူတော်ကြီးကို ရေမြွေက ဖားတစ်ကောင် ကိုက်ချီလာ ပေးနေသည်မှာ ဤသဘောပင်လော။

သို့သော် ရေမြွေကိုက်ချီလာပေးသော ဖားကို ဤမြွေသူတော်သည် အဘယ်ကြောင့် မစားသေးသနည်းဟု ဦးထွန်းလှ တွေးနေချိန်မှာပင် ရေမြွေသည် ငါးကလေးတစ်ကောင်ကို ကိုက်ချီပြီး ပြန်ရောက်လာပြန်၏။

ထိုအခါ ဦးထွန်းလှမှာ ပို၍ အံ့ဩသွားပြန်၏။ ဖားကိုမစားချင်ဟု ငြင်းပယ်သဖြင့် မြွေဘုရင်ကြီးကို ရေမြွေက ငါးရှာလာပေးသည်ဟု ဦးထွန်းလှ နားလည်လိုက်သည်။

သို့သော် အံ့ဩစရာကောင်းနေပြန်သည်မှာ ရေမြွေရှာလာပေးသော လက်သန်းခန့်ရှိ ငါးလေးကို ရေမြွေက မြွေသူတော်ကြီးပါးစပ်နားသို့ ချပေးလိုက်သော် လည်း မြွေသူတော်ကြီးကား မစားပြန်။ တစ်ဖက်သို့သာ ခေါင်းလှည့် သွားပြန်၏။

ငါးသေကို သုံးကြိမ်သုံးခါပေးသော်လည်း မစားသောအခါ ကြံရာမရဖြစ်သွားပုံရသော ရေမြွေခမျာမှာ အနားတွင်ရှိနေသော ဖားသေကို တစ်ခါကိုက်ကောက်၍ ပေးနေပြန်၏။ ဤသည်ကို မြွေ သူတော်ကြီးက ပို၍ဒေါသဖြစ်လာသလိုနှင့် သူ့ခေါင်းကို တစ်ဖက်သို့ လှည့်သွားရုံမက တစ်ချိန်လုံး ငြိမ်ချက်သားကောင်းနေသော သူ့အမြီးနှင့်ပါ ရေမြွေကို လှမ်းရိုက်ပစ်လိုက်လေသည်။

ထိုအခါ ရေမြွေခမျာမှာ ကြောက်လန့်တကြားနှင့် ချက်ချင်း မြွေသူတော်ကြီးအနားက ထွက်ပြေး သွားသည်။

ဖားကိုလည်းမစား ငါးကိုလည်းမစားသော မြွေသူတော်ကြီးကို ဤတစ်ခါ ရေမြွေသည် မည်သည့်အကောင်ပလောင် တစ်ကောင်ကောင်ကို ကိုက်ချီယူလာပြီး ဆက်သလေဦးမည်နည်းဟု ဦးထွန်းလှလည်း ကြည့်ကောင်းကောင်းနှင့် မတ်တတ်ရပ် ချောင်းကြည့်နေလေသည်။

မည်သည့်အကောင်ကို သွားရှာနေသည်မသိ၊ ဤတစ်ခါရေမြွေ သည် ကွမ်းတစ်ယာညက်နီးပါးပင် ကြာသွား၏။ မြွေသူတော်ကြီးမှာလည်း သူ့အမြင်ရှေ့၌ ဖားသေတစ်ကောင် ငါးသေတစ်ကောင်နှင့် ငြိမ်ချက်သား ကောင်းနေသည်။

ဤမြွေသူတော်ကို လက်ထဲပါလာသော ဝါးလုံးပိုင်းနှင့် ရိုက်သတ်ပစ်ရလျှင် ကောင်းမည်လားဟု တွေးပြီးမှ လူကြီးသူမတွေ ပြောစကားကို ဦးထွန်းလှ သတိရသွားပြန်သည်။

မြွေသူတော်မည်သော မြွေကိုတွေ့လျှင် မသတ်ကောင်း။ မြွေသူတော်၏ အစာစားရက်မှာ တစ်ပတ်လျှင် တစ်ရက်သာရှိသည်။ အဆိပ်မရှိသလို လူနှင့် အခြားတိရစ္ဆာန်များကိုလည်း လုံးဝအန္တရာယ်မပြုတတ်၊ မကိုက်တတ်။ ထို့ကြောင့် မြွေ သူတော်ကိုသတ်လျှင် သတ်သူ၌ ဘေးဥပဒ်အန္တရာယ်တစ်ခုခု ကျရောက် တတ်သည်ဟူသော ရှေးလူကြီးသူမတို့၏စကားကို သတိရ၍ လက်တွန့် သွားသည်။

“ရေမြွေလည်းပြေးပြီ။ ငါလည်း တဲပြန်တာပဲ ကောင်းပါတယ်”

ဟု တွေးလိုက်စဉ် ရေမြွေသည် မြွေသူတော်ကြီးရှေ့ ရောက်လာပြန်၏။

သို့သော် ဤတစ်ခါတွင် ရေမြွေတွင် မြွေသူတော်ကြီးကိုဆက်သရန် မည်သည့် ဖား ငါးမှ ပါမလာတော့ပေ။ အတော်ကလေးကြာမှ ပြန်ရောက်လာသော ရေမြွေသည် မြွေသူတော်ကြီး၏ ပါးစပ်နားတွင် ရှိခိုးဦးချသလို သူ့ခေါင်းကိုနှိမ့်ချလိုက် နောက်ပြန်ဆုတ်လိုက် တစ်ခါရှေ့တိုးလာပြီး သူ့ခေါင်းကို မြွေသူတော်ကြီးပါးစပ်နား ချလိုက်နှင့် ကြည့်ရသည်မှာ ဆောက်တည်ရာမရသလို ဖြစ်နေသည်။

ဦးထွန်းလှမှာ တစ်ခါတစ်ထူး မမြင်ဖူးမကြုံဖူးသော မြွေသူတော်နှင့် ရေမြွေတို့၏အဖြစ်သနစ်ကို ငေးကြည့်ကာ မှင်တက်မိ အံ့အားသင့်နေသည်။

ထိုစဉ်မှာပင် မလှုပ်မယှက်ငြိမ်သက်နေသော မြွေသူတော်ကြီး၏ ပါးစပ်ဟလာ၏။

သူ့ခေါင်းကို မြွေသူတော်ကြီးပါးစပ်နား ထိုးချပေးလိုက် နောက်ပြန်ဆုတ်လိုက်နှင့် ရေမြွေမှာ ကိုယ်ကိုကျုံ့၍ လူးလွန့် တွန့်ဆုတ်နေ၏။

မြွေသူတော်ကြီးကမူ မြေပြင်တွင် အောက်နှုတ်ခမ်းကို ချ၍ ဟထားသောပါးစပ်ကို ပြန်မပိတ်တော့ဘဲ ဟမြဲဟထား၏။

ရေမြွေကလေးကသာ ခေါင်းချလိုက် နောက်ပြန်ဆုတ်လိုက်နှင့် လှုပ်ရှားနေသော်လည်း မြွေသူတော်ကြီးကား ပါးစပ်ကို ဟဖြဲထားပြီး တစ်ကိုယ်လုံးငြိမ်နေသည်။ လျှာတစ်ခုသာ ထွက်လိုက် ဝင်လိုက်နှင့် လှုပ်ရှားနေ၏။

မကြာပါချေ။ မြွေသူတော်ကြီး၏ ဟဖြဲထားသော ပါးစပ်ပေါက်ထဲသို့ ရေမြွေက သူ့ဦးခေါင်းကို ထိုးဝင်ပေးလိုက်ရသည်။ ထိုအခါမှ မြွေသူတော်ကြီးသည် ဟဖြဲထားသော သူ့ပါးစပ်ကို စေ့ပိတ်လိုက်ပြီး ရေမြွေကို တဖြည်းဖြည်းချင်း စမျိုတော့သည်။

ရေမြွေမှာ အမြီးတဖျတ်ဖျတ်လှုပ်ပြီး တဖြည်းဖြည်း အမျိုခံနေရသလို ယခုမှ မြွေသူတော်ကြီး၏ တစ်ကိုယ်လုံးမှာလည်း လှုပ်ရှားလာပြီး ရေမြွေကို စိမ်ပြေနပြေ မျိုသွင်းနေလေသည်။

“တောက် ရေမြွေက ဖားတွေ ငါးတွေ ရှာလာပေးတာတောင် မစားဘဲ ဇာတ်တူသားမှ စားချင်တဲ့မြွေယုတ်၊ နင်ဟာ မြွေသူတော်မဟုတ်ဘူး၊ မြွေမသူတော်ပဲ။
ကဲ  ဇာတ်တူသားစားဦးဟ၊ စားဦး၊ စားဦး”

ဦးထွန်းလှမှာ ကြည့်နေရင်း ဒေါသဖြစ်လာကာ မြွေသူတော်ကြီး၏ ခါးလယ်ကို လက်ထဲပါလာသော ဝါးပိုင်းတုတ်နှင့် အဆက်မပြတ် ရိုက်သတ်လိုက်လေသည်။

ထိုအခါမှ မြွေမသူတော်ကြီးက ရေမြွေကလေးကို အန်ထုတ်ပစ်လိုက်သည်။ ရေမြွေခမျာမှာ သွေးရူးသွေးတန်းနှင့် တောင်လမုချုံတောဘက် ထွက်ပြေးသွားသည်။

ထိုအချိန်ထိ ဦးထွန်းလှ၏ တုတ်ချက်ကမူ မြွေမသူတော်ကြီး၏ ကိုယ်ပေါ်သို့ တဖြောင်းဖြောင်း ကျနေ တုန်းပင်။

                                  – ပြီး –

#ဖိုးကျော့
စာစီစာရိုက်    – မုဆိုး တံငါ စာပေများ

မူရင်း စာရေးဆရာအားလေးစားစွာဖြင့် crdပေးပါသည်ခဗျာ။