ဝါးတောထဲကသားစားကောင်

မိသည်အထင်နှင့် အစ်ကိုက စိုးရိမ်တကြီး မေးသည်။

“လက်ကိုခုတ်မိတာ မဟုတ်ဘူး အစ်ကို။ ဟို… ဟို မျှစ်အရင်းကို ခုတ်လိုက်တာ သွေး… သွေးတွေ ပန်းထွက်လာလို့”

သွေးတွေပေနေသော ဓားနှင့်ပင် ကျွန်တော်သည် စောစောက ကျွန်တော်ခုတ်လိုက်သော မျှစ် ( ဝါးတုတ်) ခြေရင်းကို ထိုးပြလိုက်၏။

“ဟာ”

“ဟယ်”

ညီအစ်ကိုနှစ်ယောက်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ မျှစ်ပင်အရင်းတွင် သွေးအလိမ်းလိမ်းနှင့် ရုန်းကန်နေသော မြွေကြီးတစ်ကောင်၏ တစ်ပိုင်းတစ်စကိုယ်သည် သစ်ရွက် ဝါးရွက်ပုံထဲမှဘွားခနဲ ပေါ်လာသည်။

ချက်ချင်း နောက်ဆုတ်လိုက်ကြ၏။

မြွေကြီးမှာ လူကြီးတစ်ယောက်၏ ပေါင်လုံးလောက် ရှိသည်။

မျှစ်တုတ်များ ကျိုးသံနှင့် ဝါးပင်များ တစ်ပင်နှင့် တစ်ပင် ပွတ်သံကြီးတွေကြားထဲတွင် မြွေကြီး၏ အမြီးခတ် အားယူသံကိုလည်း တဝုန်းဝုန်း တဘုတ်ဘုတ် ကြားလာရသည်။

ထိုအခါ ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက်သည် မျှစ်ထည့်သော ပလိုင်းကိုပင် ပြန်မကောက်နိုင်ဘဲ ရွာအရောက် ပြန်ပြေးလာကြလေသည်။

xxx xxx xxx xxx

ရွာရောက်သောအခါ လူကြီးများအား ကျွန်တော်တို့ ကြုံတွေ့ခံရသည်များကို ပြောပြကြသည်။

ထိုအခါ လူကြီးတွေက …

“ဟာ ဒါဆို မင်းတို့ညီအစ်ကို ခုတ်မိတဲ့မြွေဟာ စပါးကြီးမြွေ ဖြစ်ရမယ်။ စပါးကြီးမြွေများဟာ ဒရယ်တို့၊ သမင်တို့၊ ချေတို့ကို မျိုထားယင် စားပိုးနင့်ပြီး ဘယ်မှ မသွားနိုင်ဘူး။

အဲ့ဒီနေရာမှာ အစာမကြေမချင်း နှစ်လ သုံးလ နေတတ်တယ်။

နေတဲ့အခါမှာလဲ မလှုပ်မယှက်နဲ့ အသေလို သစ်တုံးလို စင်းစင်းကြီး ငြိမ်နေတတ်တယ်။ အဲ့ဒါကြောင့် ဝါးတောထဲမှာဆိုယင် မျှစ်တွေက စပါးကြီးမြွေကို ဖောက်ထွက်လာတတ်ကြတယ်။

ဒါပေမယ့် အရေးမကြီးဘူး။ စပါးကြီးမြွေများဟာ ညှို့ကြော မပြတ်မချင်း ဘယ်လိုမှ သတ်လို့ ခုတ်ပိုင်းလို့ မသေဘူး။

ဝမ်းကို ဓားနဲ့ခွဲထားတာတောင် ညှို့ ကြောမပြတ်ရင် ပြန်စေ့ပြီး အကောင်းပကတိ ဖြစ်သွားတတ်တယ်။

အဲဒါကြောင့် စပါးကြီးမြွေကို သည်းခြေယူဖို့ ခွဲတဲ့အခါ ရှေ့ကခွဲယင် နောက်ကအသားတွေ ပြန်ပြန်ဆက်ပြီး သွားတတ်လို ညှို့ကြောရှိတဲ့ နောက်က အရင်ခွဲရတယ်။

ဝါးတောထဲမှာ စားပိုးနင့်ပြီး အသေလိုနေလို့ ဝါးပင် တွေ သူ့ကိုယ်ကို ဖောက်ထွက်နေပေမင့် အစာတွေ ကြေသွားတဲ့အခါ အဲဒီ ဝါးတွေ မျှစ်တွေကို အကုန် သူ့ကိုယ်နဲ့ လိမ်ကျစ်ချိုးပြီး ထွက်သွားတတ်တယ်။

ဝါးတွေ မျှစ်တွေ ဖောက်ထွက်ထားတဲ့ နေရာတွေလဲ ခဏချင်း ပြန်ပြီး အကောင်းပကတိ ဖြစ်သွားတတ်တယ်။ တို့ လွန်ခဲ့တဲ့ နှစ်လလောက်က ချေတစ်ကောင် ဝါးတာင်ဘက်က ဟောက်သံကြားတာ စပါးကြီးမြွေ အညှို့ခံရလို့ အော်တာ ဖြစ်ရမယ်။

ကဲ … ကဲ တို့ကို မြန်မြန်လိုက်ပြကြစမ်း။ စပါးကြီးမြွေရရင် သည်းခြေရောင်းတဲ့အခါ မင်းတို့ညီအစ်ကိုကို နှစ်ဖို့ပေးမယ်။ လာ … လာ”

ဟု ပြောကာ ကျွန်တော် ဓားနှင့်ခုတ်ထားခဲ့သော နေရာကို လိုက်ပြခိုင်းကြသည်။

ကျွန်တော်တို့ ညီအစ်ကိုလည်း လိုက်ပြကြ၏။

လူကြီးတွေ ပြောသည်မှာ အမှန်ပင် ဖြစ်ပါသည်။ ကျွန်တော်တို့ ဓားနှင့်ခုတ်ထားခဲ့သော စပါးကြီးမြွေသည် လူကြီးများနှင့် ကျွန်တော်တို့ ရောက်လာကြချိန်ထိ ထိုနေရာ၌ပင် စင်းစင်းကြီး ရှိနေသေးသည်။

အမြီးဖျားကမူ ဝါးပင်တွေကို တဖြောင်းဖြောင်း ရိုက်နေ၏။ သူ့ကိုယ်ပေါ်တွင် ကျွန်တော် ခုတ်လိုက်သော မျှစ်တစ်ပင်သာမဟုတ်၊ နောက်နှစ်ပင်ပင် သူ့ကိုယ်ကို ဖောက်ထွက်နေကြသည်။ တစ်ပင်မှာ လူကြီးတစ်လံထက်ပင် ရှည်နေလေပြီ။

အမှန်မှာ သူ့ကိုယ်ပေါ်တွင်သစ်ရွက် ဝါးရွက်တွေ ပုံကျနေသဖြင့် ကျွန်တော်သည် မြွေကြီးကိုယ်ကို မမြင်မိပဲ မြွေကြီးကိုယ်ပေါ်မှ ဖောက်ထွက်နေသော မျှစ်ကိုသာ မြင်သဖြင့် ခုတ်မိခြင်း ဖြစ်လေ၏။

ထိုစပါးကြီးမြွေကြီးအား လူကြီးများသည် သတ်ပြီး သည်းခြေယူကြ၏။ အစာမကြေပဲ မြွေဗိုက်ထဲတွင် တစ်ပိုင်းတစ်စ ကျန်နေသော ချေဦးချို၊ ချေခွာများကို ဗိန္ဒောဆရာတစ်ဦးအား ရောင်းရာ ငါးဆယ်ကျော် ရလေသည်။

သည်းခြေ၊ ဦးချို၊ ခွာ ရောင်းရငွေများထဲမှ ကျွန်တော်တို့ညီအစ်ကိုသည် ပုဆိုး တစ်ယောက်တစ်ကွင်းစာ ရလေသည်။

(မျှစ်ခူးသမားများပြောသော ပုံပြင်များမှ)

စပယ်ဦးမြန်မာဝတ္ထုတိုမဂ္ဂဇင်း
အမှတ် ၅၈၊ မတ်လ၊ ၁၉၈၈

– ပြီး –

စာရေးသူ – ဖိုးကျော့