မြစ်ထဲမျှောပစ်ခဲ့တာဗျ။ နောက်ဆုံးတော့ တပ်မင်းကြီးတွေက ပျဉ်ပုံကြီး ပုံထားတာကို တွေ့ကြတယ်။ “ကဲ ကဲ ရဲမက်တို့၊ ဒီပျဉ်ပုံကြီးကို ဖယ်ရှားကြပေတော့၊ ဒီနေရာ မှာပဲ တပ်ချကြရမယ်”
လို့ အမိန့်ပေးတော့ အင်းဝရဲမက်တွေက ပျဉ်ပုံကြီးက ပျဉ်ချပ်တွေ ကို ထမ်းကြသယ်ကြနဲ့ လုပ်ကြတော့တာပေါ့ဗျာ။ ပျဉ်ပုံကြီးလည်း ဖယ်လိုက်ရော ပျဉ်ပုံအောက်မှာ လူတစ်ရပ်လောက်မြင့်တဲ့ ခံတက်ပင် တစ်ပင် သွားတွေ့တယ်ဗျ။
ဒီသတင်းကို ယာယီတဲနန်းမှာ စံမြန်းနေတဲ့ မင်းကြီးဆီကို သတင်း ပို့တော့ မင်းကြီးက ဝမ်းသာအားရ ဖြစ်တယ်တဲ့ဗျို့။ ဒါနဲ့ပဲ အဲဒီခံတက်ပင် လေးကို အလယ်မှာထားပြီး တပ်စခန်းအဆင့်ဆင့် ချကြတော့တာပေါ့ဗျာ။
တောင်ငူကို တပ်ရောက်ပြီး တစ်လလောက်ကြာတော့ စစ်စခန်း တွေက အားလုံးနေသားတကျ ဖြစ်သွားပြီပေါ့ဗျာ။ ဒီအချိန်မှာပဲ မင်းတရားကြီးက တောင်ငူကို စပြီးတိုက်ခိုင်းတယ်။
လှေကားတွေထောင်ပြီး မြို့ရိုးကို တက်ကြတယ်။ မြို့ရိုးပေါ်က ခုခံနေတဲ့ တောင်ငူတပ်ကို မြားနဲ့ပစ် လှံနဲ့ထိုး လုပ်ကြတာပေါ့ဗျာ။ တောင်ငူနဲ့ အင်းဝရဲ့ စစ်ပွဲကြီး စပြီပေါ့ဗျာ၊
ဒီမှာတင် တာတေ့အတွက် အံ့အားသင့်စရာတစ်ခု ဖြစ်ခဲ့ရတယ်ဗျ။ “ဗိုလ်မင်း ဗိုလ်မင်းကို ပြောဖို့မေ့နေတာကွဲ့” ကျုပ်ရဲ့ တပ်မှူးကြီးစက္ကက ကျုပ်ကို ပြောတာဗျ။ ““ဘာများတုံး တပ်မှူးကြီးရဲ့”
“မင်းတရားကြီးက စစ်ချီတဲ့နေရာမှာ အင်းဝက လောကီပညာ သည်တွေကိုပါ ခေါ်ခဲ့ရမယ်လို့ မိန့်တယ်ကွဲ့”
“ဟာ ဟုတ်လား တပ်မှူးရဲ့”
“အေး အဲဒါကြောင့် ဗိုလ်မင်းရဲ့ဆရာကြီး ဘိုးဒိဗ္ဗ ဦးဆောင်ပြီး လောကီပညာသည် ဆယ်ယောက် ပါလာတယ်ကွဲ့”
“ဟင် ဟုတ်လား တပ်မှူး၊ အခု သူတို့ ဘယ်မှာတုံး” “ပညာသည်စုဆိုပြီး သူတို့ကို တဲသုံးလုံးထိုးပေးထားတယ်။ ဗိုလ်မင်း သွားတွေ့ချင်ရင် တွေ့လိုက်လေ”
ကျုပ်တို့သူလျှိုတပ်က စစ်ပွဲမှာ ဝင်မတိုက်ရဘူးလေဗျာ။ ဒါနဲ့ကျပ်လည်း ဘိုးဒိဗ္ဗကို တွေ့ဖို့ ပညာသည်စုဆိုတဲ့နေရာကို ရဲမက်တွေမေးပြီး လာခဲ့တယ်။ စစ်စခန်းချတယ်ဆိုတာက နန်းတော်အငယ်စားလေးတစ်ခု ချက်ချင်း ဆောက်လိုက်တာပဲဗျ။
ဘုရင့်ယာယီတဲနန်း၊ အမတ်တွေရဲ့ ယာယီတဲအိမ်တွေ၊ မင်းမှုထမ်းတချို့ရဲ့ နေအိမ်တဲတွေ၊ စားတော်ကဲရဲ့ စားဖိုဆောင်၊ အို အစုံပါပဲဗျာ။ တကယ်ကို နန်းတော်အသေးစားလေးပါပဲ။ ဒါတွေ ဆောက်မယ့်ပညာရှင်တွေ ကလည်း လက်နက်ကိရိယာအစုံအလင်နဲ့ ပါလာတာဆိုတော့ ချက်ချင်းကို ဆောက်လိုက်ကြတာ။ တစ်လအတွင်းမှာတင် နန်းတော်အငယ်စားလေးတစ်ခု ဖြစ်သွားတာပေါ့ဗျာ။
ကျုပ်ပညာသည်စုကိုရောက်တော့ ဘိုးဒိဗ္ဗရဲ့တဲကို သွားလိုက်တယ်။
“ဟာ မောင်တာတေပါလား”
လို့ ဘိုးဒိဗ္ဗက ဝမ်းသာအားရနဲ့ ဆီးကြိုတယ်ဗျ။ ကျုပ်က ဆရာကြီးကို တွေ့တွေ့ချင်း ကန်တော့လိုက်တယ်။ “အေး သာဓုကွယ် သာဓု သာဓု၊ ကျုပ်တပည့်ကြီး ဘေးရန်ကင်း ပါစေကွယ်၊ အစစအရာရာ အဆင်ပြေပါစေ”
“ဆရာကြီးပေးတဲ့ဆုနဲ့ ပြည့်ပါစေဗျာ”
ဘိုးဒိဗ္ဗက သူ့တပည့်တွေကို ခေါ်လိုက်တယ်။ ဘိုးဒိဗ္ဗရဲ့ တဲထဲမှာ သူ့တပည့်ရှစ်ယောက် ချက်ချင်းရောက်လာကြတယ်။ မိန်းမရွယ်ရွယ် တစ်ယောက်လည်း ပါတယ်ဗျ။
“မောင်တာဘေကို ဆရာကြီး တစ်ခါပြောဖူးတဲ့ မင်းအစ်မ မဖဲဝါ ဆိုတာ ဟောဒီမှာကွဲ့”
ကျုပ်က မဖဲဝါကို လှမ်းကြည့်လိုက်တယ်။ မဖဲဝါက အထက်လမ်း ပညာသည်ပီပီသသ ရုပ်မျိုးပဲဗျ။ ဘီးဆံပတ်ဆံထုံးနဲ့ တည်ကြည်တဲ့ ရုပ်နဲ့ ကျုပ်ကို ကြည့်နေတယ်။
“ဆရာကြီးပြောလို့ မောင်လေးတာတေရဲ့ သတင်းတွေကို အစ်မ အားလုံးကြားပြီးပါပြီကွယ်၊ ခုမှပဲ လူချင်းတွေ့ရတာ”
““မောင့်ရဲ့တပ်မှူးကြီးစက္ကကလည်း ကျုပ်ကို အခင်သားကွဲ့၊ ကျုပ်နဲ့ တွေ့တိုင်း မောင့်သတင်းကို ပြောရှာတယ်။ မောင် ဒီမှာ ပန်းထိမ် လုပ်နေတဲ့ အကြောင်း၊ နန်းတော်ထဲဝင် သတင်းယူတဲ့အကြောင်း၊ မောင့်ဆီက စာချွန်လာ တိုင်း မင်းတရားကို အမြန်ဆက်ရတဲ့ အကြောင်းတွေ ကျုပ်ကို ပြောတယ်ကွဲ့။ ကျုပ်ကလည်း ဒီသတင်းတွေကို နှုတ်လုံရတာပေါ့ကွယ်၊ မင်းကြီးက မောင့်ရဲ့ တာဝန်ကျေမှုတွေကို အလွန်အားရတာ ဆိုပဲကွဲ့ ”
ကျုပ်လည်း ဆရာကြီးနဲ့အတူတူ ဆရာတူတပည့်တွေ တွေ့ကြတော့ ဝမ်းသာပြီးပျော်ရတာပေါ့ဗျာ။ နောက်တော့ ကျုပ်ရဲ့တပ်မှူးကြီးဆီကို ပြန်လာခဲ့တယ်။
“ဗိုလ်မင်းရေ စစ်ကတော့ အခုထိ အရေးမသာသေးဘူးကွဲ့၊ တောင်ငူ တပ်ကလည်း ရွပ်ရွပ်ချွန်ချွန်ကို ခုခံနေကြတာကွဲ့”
အင်းဝတပ်တွေကလည်း တောင်ငူမြို့တံခါးပွင့်ဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ တံခါးက မပွင့်ဘူးဗျ။ မြို့ရိုးပေါ်က တေင်ငူရဲမက်တွေ ခေါင်းပြု ထွက်လာတာနဲ့ အင်းဝစစ်သည်တွေက လေးနဲ့ပစ်ကြတာပဲဗျ။ ဒဏ်ရာရတဲ့ သူလည်း ရကြတာပဲဗျ။
တောင်ငူတပ်တွေကလည်း မြို့ရိုးပေါ်ကနေပြီးတော့ မြားတွေနဲ့ပစ်၊ မီးတောက်တွေနဲ့လည်းပစ်၊ ရေနွေးပူတွေနဲ့လည်း လောင်းချနဲ့ တိုက်ပွဲက တော်တော်ကို ပြင်းထန်နေတာဗျ။
ဒါပေမဲ့ အင်းဝတပ်က တောင်ငူကို မဖောက်နိုင်ဘူးဖြစ်နေတာဗျ။ တိုက်ပွဲက တစ်ရက်ထက်တစ်ရက် ပြင်းထန်လာတယ်။ နေ့ရောညရော တိုက်တဲ့ ရက်တွေ့တောင် ရှိတယ်ဗျ။
တောင်ငူဘုရင်ရဲ့ ရဲမက်တွေကလည်း ရွပ်ရွပ်ချွန်ချွန်ကို ခုခံနေကြတာဗျို့။
“ကျွဲတွေဟေ့၊ ကျွဲတွေ ပြေးပင်လာပြီဟေ့”
ကျုပ်တို့ရဲ့ အင်းဝတပ်စခန်းတစ်ခုလုံး ရုတ်ရုတ်သဲသဲကို ဖြစ်ကုန် တာဗျို့။ ကျွဲတွေ ဘယ်ကဘယ်လို ရောက်လာပြီး တပ်စခန်းထဲကို ပြေးဝင် မှန်းကို မသိတာပါဗျာ။
တပ်စခန်းတစ်ခုလုံး အထိတ်တလန့်တွေ ဖြစ်ကုန်လိုက်တာ မအိပ် ရဲအောင်ကို ဖြစ်တော့တာပေါ့ဗျာ။ မနက်မိုးလင်းတော့ ထူးဆန်းတဲ့သတင်း တစ်ခု ကြားရတယ်ဗျ။ ညက တပ်စခန်းထဲကို ကျွဲတွေဝင်လာပြီး ရဲမက် တွေကို လိုက်ခတ်လို့ ရဲမက်တွေ ဝရုန်းသုဉ်းကားနဲ့ ထွက်ပြေးကြရပေမယ့် အခုမနက် မိုးလင်းတော့ ဘယ်နေရာမှာမှ ကျွဲခြေရာတွေ မတွေ့ရဘူးတဲ့ဗျ။
ဒီသတင်းကို အင်းဝပြည့်ရှင် ကြားသိတဲ့အခါ ဘိုးဒိဗ္ဗကို ရှေ့တော် မှောက်ခေါ်ပြီး မေးတယ်တဲ့ဗျို့။`ဆရာဒိဗ္ဗ ထူးဆန်းတဲ့ ဒီအဖြစ်အပျက်ဟာ ဘယ်လိုဖြစ်တာတုံး” “မှန်လှပါဘုရား၊ တောင်ငူက လောကီပညာရှင် ရှင်မုန်ယိုဟာ မကောင်းဆိုးရွားဝိညာဉ်တွေကို ခေါ်ယူပြီး သူ့အတတ်နဲ့ ဖန်ဆင်းလိုက်တာ ကျွဲကြီးတွေပုံစံဖြစ်ပြီး တပ်စခန်းထဲကိုဝင်ပြီး လိုက်ခတ်တာပါ ဘုရား” “ဒါဆိုရင် ဆရာတို့ ဒီရန်ကို ကာကွယ်နိုင်ပါသလား”
“မှန်လှပါဘုရား ကာကွယ်နိုင်ပါတယ်”
“ကဲ ဒါဆိုရင် ဆရာတို့ပညာနဲ့ ကာကွယ်ကြပေတော့ဗျာ၊ တကယ်သာ ကာကွယ်နိုင်ရိုးမှန်ရင် ဆရာတို့ကို ကိုယ်တော်မြတ် ပညာပူဇော်တဲ့အနေနဲ့ ဆုတော်လာဘ်တော်များ ချီးမြှင့်မယ်ဗျာ”
“မှန်လှပါဘုရား၊ ကျွန်တော်မျိုးတို့ ကာကွယ်ပေးပါ့မယ်ဘုရား” မင်းကြီးဆီက ပြန်လာတာနဲ့ ဘိုးဒိဗ္ဗက ကျုပ်ကို အခေါ်လွှတ်တယ်ဗျ။
“မောင်တာတေ၊ ဒီညတော့ ကျုပ်တို့ပညာနဲ့ အလုပ်လုပ်ကြရတော့မယ်ဟေ့။
ညက တပ်စခန်းထဲကိုဝင်တဲ့ ကျွဲတွေဟာ ခြေရာမထင်တာက ကျွဲအစစ်မဟုတ်လို့ပဲကွဲ့။ ရှင်မုန်ယို စီရင်ထားတဲ့ နာနာဘာဝကျွဲတွေပဲကွဲ့၊ ဒီကောင်တွေ ဒီညလည်း လာဦးမှာပဲ။ ဒီတော့ မောင်တာတေရယ်၊ မဖဲဝါ ရယ်၊ ကျုပ်ရယ် ဒီညစောင့်ပြီး ဒီကောင်တွေကို တားရမယ်။ ကျန်တဲ့သူတွေကျုပ်တို့နောက်ဘက်ကနေပြီး အင်းတွေကိုင်ထားရမယ်၊ ကျုပ်တို့ကို ကျော်ဝင်လာတဲ့ကောင်ရှိရင် အင်းနဲ့ပေါက်ချလိုက်ရမယ်။
တပ်စခန်းရဲ့ ပတ်ပတ်လည်မှာလည်း ကျုပ်တို့ အင်းတွေလိုက်မြှုပ်ရမယ်”
ဘိုးဒိဗ္ဗရဲ့ အစီအစဉ်အတိုင်း ကျုပ်တို့တွေ အင်းချပြီး တပ်စခန်းရဲ့ပတ်ပတ်လည်မှာ အင်းတွေလိုက်မြှုပ်ကြတယ်။ ညရောက်တော့ ကျွဲတွေ လာမယ့်ဘက်တွေမှာ ဆရာကြီးရယ်၊ ကျုပ်ရယ်၊ အစ်မ မဖဲဝါရယ် စောင့် ကြတယ်။ ကျန်တဲ့ပညာသည်တွေက ကျန်တဲ့ဘက်မှာ အင်းတွေကိုင်ပြီး စောင့်ကြရတယ်။
ရဲမက်တွေ အိပ်တဲ့အချိန်ရောက်တာနဲ့ ကျွဲတွေလာတော့တာပဲဗျို့။ ဘိုးဒိဗ္ဗကလည်း သူ့ဘက်မှာ စက်တွေလွှတ်ပြီး ကားထားတယ်။
ကျုပ်က လည်း ကျုပ်ဘက်မှာ စက်တွေလွှတ်ပြီး တားထားတယ်။ အစ်မ မဖဲဝါက လည်း သူ့ဘက်တွေမှာ စက်တွေနဲ့ ဖြန့်ပြီးကာထားတယ်။ ကျန်တဲ့ ပညာ သည်တွေကလည်း စက်လွှတ်တဲ့သူလွှတ်၊ အင်းကိုင်ပြီး စောင့်တဲ့သူစောင့်နဲ့ ဆိုတော့ ကျွဲတွေ ရှေ့မတိုးရဲဘဲ ဖြစ်နေတော့တာပေါ့ဗျာ။
**ဒီကောင်တွေ မတိုးရဲတော့ဘူးဟေ့၊ စက်တွေ လွှတ်လိုက်ကြဟေ့” လို့ ဘိုးဒိဗ္ဗက အော်ပြောတော့ ကျုပ်တို့လည်း စက်တွေကို ကျွဲအုပ် ကြီးဆီ လွှတ်လိုက်ကြတာပေါ့ဗျာ။ ကျွဲတွေလည်း စက်ထိတာနဲ့
“အား အား၊ အီး အီး၊ ဟီး ဟီး ဟီး
ဆိုတဲ့ အော်သံကြီးတွေနဲ့ ပြေးတော့တာပဲဗျာ။ ကျွဲက ကျွဲသံနဲ့ မအော်ဘဲ မကောင်းဆိုးရွားအော်သံကြီးတွေနဲ့အော်ပြီး ပြေးတော့တာဗျို့။
ကျုပ်တို့ပညာသည်တွေ စောင့်နေပေမယ့် နောက်ထပ်ပြန်မလာကြတော့ဘူးဗျ။
မနက်မိုးလင်းတော့ အင်းဝပြည့်ရှင်က မြင်းသည်တော်နှစ်ယောက် ကို အင်းဝပြန်လွှတ်တယ်လို့ သတင်းကြားရတယ်။ ဗားမဲ့ဆရာတော်ကို ဒီမှာ ခက်ခဲနေတဲ့အကြောင်း လျှောက်တင်ခိုင်းတာတဲ့ဗျ။
နောက်တစ်နေ့မှာပဲ မြင်းသည်တော်တွေ ပြန်ရောက်တော့ မင်း တရားကြီးက ဘိုးဒိဗ္ဗကိုခေါ်ပြီး ပြောတယ်တဲ့ဗျ။
“ဆရာဒိဗ္ဗ၊ ဆရာတော်က ပါးစပ်က ဘာတစ်ခွန်းမှ မမိန့်ဘဲရသေ့များဆောင်းတဲ့ ဒေါက်ချာတစ်ခုကို သူ့ခေါင်းပေါ်မှာ ဆောင်းပြသတဲ့။ ပြီးတော့ အဲဒီဒေါက်ချာကို ကြမ်းပြင်ပေါ်ကို ပစ်ချပြသတဲ့။ အဲဒါ ဆရာ တော်ဘုရား ဘာကိုရည်ညွှန်းတာတုံး ဆရာဒိဗ္ဗ”
“မှန်လှပါ ရွှေနန်းရှင်ဘုရား၊ ဆရာတော်ဟာ ဝိနည်းညှိုးနွမ်းမှာ စိုးရိမ်လို့ နှုတ်မှဖွင့်ဟမပြောတာပါဘုရား၊ ဆရာတော်ရဲ့ ရည်ညွှန်းမှုကို ကျွန်တော်မျိုး သိပါတယ်ဘုရား”
“ဒါဆိုရင်လည်း လျှောက်တင်ပေတော့ ဆရာဒိဗ္ဗ” “တောင်ငူရဲ့ အထွတ်ဖြစ်တဲ့ မြတ်စောညီနောင်ဘုရားကထီးတော် ကို ချရမှာပါဘုရား”
“ဟေ . . .ဒီလိုအဓိပ္ပာယ်လား ဆရာဒိဗ္ဗရဲ့”
“မှန်လှပါဘုရား”
“ကဲ ဒါဆိုရင် မြတ်စောညီနောင်ဘုရားကို အခုပဲ ရဲမက်တွေနဲ့ ဝိုင်းထားလိုက်စေ၊ ပြီးရင် ဆရာဒိဗ္ဗပဲ ဦးဆောင်ပြီးတော့ ထီးတော်ချစေ ဗျာ”
““မှန်လှပါဘုရား”
ဒီအကြောင်းကို ဘိုးဒိဗ္ဗ ပြန်ပြောလို့ ကျုပ်သိရတာပေါ့ဗျာ။ ဘိုးဒိဗ္ဗ ဦးဆောင်ပြီး ကျုပ်တို့အင်းဝပညာသည်တွေ မြတ်စောညီနောင်ဘုရားကို ထွက်ခဲ့ကြတယ်။ ဟိုရောက်တော့ မင်းကြီးရဲ့ အမိန့်အတိုင်း ရဲမက်တွေက ဘုရားအနီးတစ်ဝိုက်မှာ နေရာယူထားကြတာကို တွေ့ရတယ်ဗျ။
ရဲမက်နှစ်ယောက်က ကျုပ်တို့ကို လှေကားတွေ အဆင်သင့်ထောင် ပေးထားတယ်။ ဘိုးဒိဗ္ဗက ဘုရားထီးကို စက်တွေလွှတ်ကြည့်လိုက်တယ်ဗျ။ ဘိုးဒိဗ္ဗရဲ့စက်တွေ လွင့်ထွက်သွားတာကို တွေ့လိုက်ရတော့ ကျုပ်ရော အစ်မ မဖဲဝါပါ အံ့သြသွားကြတာပေါ့ဗျာ။
“ရှင်မုန်ယိုရဲ့ အစီအရင်တွေ ရှိနေတယ်ကွဲ့၊ ထီးကို ဒီအတိုင်း ဖြုတ်လိုမရဘူး၊ ကျုပ်လုပ်ရဦးမယ်”
လို့ ပြောပြီး ဘိုးဒိဗ္ဗက ဘုရားရှိခိုးတယ်။ ကျုပ်တို့လည်း ဘိုးဒိဗ္ဗနဲ့ အတူတူ ဘုရားရှိခိုးကြတာပေါ့ဗျာ။ ဘုရားရှိခိုးပြီးတော့ ဘိုးဒိဗ္ဗက သူ့ရဲ့ စက်တွေကို သေသေချာချာ စုတယ်ဗျ။ ဘိုးဒိဗ္ဗက လက်ဝါးနှစ်ဖက်ထဲမှာ အလုံးတစ်လုံးကို ပွတ်နေသလို စက်တွေကို ပွတ်နေတာဗျ။
ဘိုးဒိဗ္ဗရဲ့ လက်ဝါးနှစ်ဖက်ကြားမှာ စက်အရောင်တွေ လင်းလာရောဗျို့။ ဘိုးဒိဗ္ဗက သူ့လက်ထဲကစက်ကို စေတီထီးတော်ဆီကို လွှတ်လိုက်တယ်။ အရောင် တလက်လက်နဲ့ ပြေးသွားတဲ့ စက်တွေက ထီးတော်ကိုပတ်ပြီး လှည့်နေ တယ်ဗျ။ ပထမတော့ ဘိုးဒိဗ္ဗ လွှတ်လိုက်တဲ့စက်က နောက်ကိုပြန်ပြီး ကန်ထွက်သလို ဖြစ်နေတယ်။ ခဏကြာတော့မှ ထီးတော်ကိုပတ်ပြီး ဖြာ ထွက်သွားတယ်။
“ကဲ မောင်တာတေ ရပြီဟေ့၊ အလုပ်စတော့”
ကျုပ်က ဘာမှပြောမနေတော့ဘဲ အသင့်ထောင်ထားတဲ့ လှေကား ကတက်ပြီး ထီးတော်ဖြုတ်ချလိုက်တယ်။ မြတ်စောညီနောင်ဘုရားရဲ့ ထီး တော်ကို မြေမှာချလိုက်တာနဲ့ တောင်ငူမြို့ထဲကနေတော်လဲတဲ့အသံလို အသံကြီးတစ်ခုကို ကျုပ်ကြားလိုက်ရတယ်။ တခြားသူတွေကတော့ ဒီအသံ ကြီးကို ကြားတဲ့ပုံမရှိဘူးဗျ။
တောင်ငူမြို့ တည်ကတည်းက တည်ထားခဲ့တဲ့ ခုနစ်ဌာနအဝင် မြတ်စောညီနောင်ဘုရားရဲ့ ထီးတော်ကို ချလိုက်ပြီးကတည်းက အင်းဝတပ် ထဲမှာ လေးငါးည တစ်ခါ ထထပြီးလန့်ကြတာလည်း မရှိတော့ဘူးဗျ။ ရှင်မုန်ယိုရဲ့ ပညာစွမ်းတွေအားလုံး ငြိမ်သက်သွားတယ်။
ပထမတုန်းက ကျုပ်တို့ကြားနေတာ တောင်ငူဘုရင်က အင်းဝဘုရင်နဲ့ စီးချင်းထိုးမလိုလိုဗျ။ နောက်တော့လည်း ဒီသတင်းက ပျောက်သွား ရောဗျို့။
အဲဒီသတင်းအစား တောင်ငူမြို့သူမြို့သားတွေ နေရင်းထိုင်ရင်းနဲ့ ကြောက်လန့်နေကြတယ်ဆိုတဲ့ သတင်းကို ကြားရပြန်ရောဗျာ။ ညဘက်ဆို ရင် လူတွေ လန့်လန့်အော်ကြတယ်တဲ့ဗျ။ နန်းတွင်းသူတွေတောင် ထထ လန့်ကြလို့ဆိုပဲဗျာ။
ကျုပ်လည်း ကျုပ်ချစ်သူ ရှင်မင်းငယ်လေးကို သတိရမိတာပေါ့ ဗျာ။ ရှင်မင်းငယ်ရယ် မင်းရော ထိတ်လန့်နေပြီလားကွယ်လို့ ကျုပ်ရင်ထဲက မေးလိုက်မိတယ်။ ဒီအချိန်မှာ ကြောက်လန့်နေတဲ့ ရှင်မင်းငယ်လေးကို ကျုပ်ရင်ခွင်ထဲမှာ ထည့်ထားပြီး နှစ်သိမ့်ပေးချင်လိုက်တာဗျာ။
ကျုပ်ဟာ အင်းဝဘုရင်ရဲ့ သူလျှိုတစ်ယောက်ဆိုတာကို အမှန် အတိုင်း သိသွားခဲ့ရင် ရှင်မင်းငယ် ကျုပ်အပေါ်မှာ ဘယ်လိုများ ဆက်ဆံ မလဲလို့ ကျုပ်တွေးလိုက်မိတယ်။ ဒီအတွေးကို ချက်ချင်းရပ်ပစ်လိုက်ရတယ် ဗျာ။ ကျုပ်ဆက်မတွေးဝံ့တော့ဘူး။
တိုက်ပွဲတွေကလည်း ပြင်းထန်နေတုန်းပဲဗျ။ အင်းဝကလည်း တောင်ငူကို မသိမ်းနိုင်သေးဘူးဗျ။ ဒီအချိန်မှာ သတင်းတစ်ခု ထွက်လာ တယ်။ တောင်ငူဘုရင်ကို ရဟန်းတော်တွေ ညီတော်တွေက ဖျောင်းဖျ ပြောဆိုနေကြတယ်တဲ့ဗျ။ အင်းဝဘုရင်ဆီမှာ လက်နက်ချပြီး အညံ့ခံလိုက်ဖို့ ပေါ့ဗျာ။ တောင်ငူဘုရင်က ခါးခါးသီးသီး ငြင်းဆန်သတဲ့။
ဒါပေမဲ့ သုံးရက်လောက်ကြာတော့ တောင်ငူရဲ့ မြို့တံခါး ပွင့်လာ ပြီး မြင်းသည်တော်တစ်ယောက် ထွက်လာတယ်။ တောင်ငူအလံကို လွှင့်လို့ ဗျ။ အင်းဝပြည့်ရှင်နဲ့ တွေ့ခွင့်တောင်းတယ်။ အင်းဝတပ်မင်းကြီး တစ်ယောက်က ဦးဆောင်ပြီး မင်းတရားကြီးဆီကို ခေါ်သွားတယ်။
ရောက်လာတဲ့ မြင်းသည်တော်ကလည်း တောင်ငူရဲ့ တပ်မင်းကြီး တစ်ယောက်ပဲတဲ့ဗျ။ တောင်ငူတပ်မင်းနဲ့ အင်းဝပြည့်ရှင်နဲ့ အချိန်တော်တော် ကြာအောင် တွေ့ဆုံကြတယ်။ အင်းဝပြည့်ရှင်က ရောက်လာတဲ့ မြင်းသည် တော် တပ်မင်းကြီးကို ကောင်းကောင်းမွန်မွန် ဧည့်ခံကျွေးမွေးသတဲ့ဗျ။
တောင်ငူမြင်းသည်တော် မပြန်ခင်မှာပဲ မင်းတရားကြီးရဲ့ အမိန့်နဲ့ စစ်ပွဲကို ချက်ချင်းရပ်ခိုင်းလိုက်တယ်။ မြင်းသည်တော်ကြီး မြို့တွင်းဝင်သွား တဲ့အချိန်မှာ တောင်ငူရဲ့ မြို့တံခါးတွေကို ဖွင့်ပေးလိုက်တယ်ဗျ။ ကျုပ်တို့ အားလုံး အံ့သြနေကြတော့တာပေါ့ဗျာ။
ခဏကြာတော့ တောင်ငူဘုရင် အညံ့ခံပြီဆိုတဲ့ သတင်းက တပ် စခန်းတစ်ခုလုံး ပျံ့ထွက်လာရောဗျို့။
ဝေး
“အောင်ပြီဟေ့၊ အောင်ပြီ”
ဆိုတဲ့ ရဲမက်အပေါင်းရဲ့ ကြွေးကြော်သံဟာ ဘဝဂ်တောင် လျှံသွား သလားမှတ်ရတယ်ဗျာ။
အင်းဝဘုရင်က မင်းမြောက်တန်ဆာ အပြည့်အစုံ ဆင်မြန်းပြီး စစ်သည်ဗိုလ်ပါ အလုံးအရင်းနဲ့ တောင်ငူမြို့တွင်းကို ဝင်တယ်။
တောင်ငူပညာရှိတွေရဲ့ အမျှော်အမြင်ကြီးကြပုံကို ကျုပ်စိတ်ထဲမှာ ချီးမွမ်းမိတယ်။ အကြီးအကျယ် သွေးချောင်းစီးတော့မယ့် စစ်ပွဲကြီးကို ရှောင်ရှားလိုက်တော့ မြို့လည်းမပျက် လူလည်းမသေ မြို့သူမြို့သားတွေ လည်း မြေစာပင် မဖြစ်တော့ဘူးပေါ့ဗျာ။
ကျပ်ရယ် ဘိုးဒိဗ္ဗရယ် အစ်မ မဖဲဝါရယ် သုံးယောက် တောင်ငူမြို့ ထဲကို လျှောက်ကြည့်နေကြတာဗျ။ ကျုပ်က နှစ်နှစ်လောက် ဝင်ထွက်သွား လာခဲ့တဲ့နေရာဆိုတော့ ကျုပ်က ဦးဆောင်ပြီး လိုက်ပြရတာပေါ့ဗျာ။
ဒီလိုနဲ့ ရှင်မင်းငယ်နဲ့ ကျုပ်နဲ့ ဆုံဆည်းခဲ့တဲ့ စကားပင်ကြီးအောက် ကို ကျုပ်တို့ရောက်လာတော့ ရှင်မင်းငယ်ကို ကျုပ်သတိရသွားတယ်ဗျာ။ ဒီတုန်းမှာပဲ ကျုပ်တို့သုံးယောက်ရှေ့ကို အရပ်ထောင်ထောင်မောင်း မောင်းနဲ့ လူကြီးတစ်ယောက် ရောက်လာတယ်။ သျှောင်တစောင်းကြီးထုံး လို့ဗျ။ နှုတ်ခမ်းမွှေးက ပြားပြားကြီးဗျ။ မျက်လုံးတွေက အရောင်တလက် လက် တောက်နေတာ။ သိုရင်းအင်္ကျီနဲ့ ပုဆိုးကွက်တုံးကြီး ဝတ်ထားတယ်။ ခေါင်းမှာ ပုဝါနံ့သာရောင်လည်း ပေါင်းထားလို့ဗျ။
ဘိုးဒိဗ္ဗရယ် အစ်မ မဖဲဝါရယ် ကျုပ်ရယ် အဲဒီလူကြီးကို စိုက် ကြည့်လိုက်ကြတယ်။
“အင်းဂပညာသည်ကြီးတွေကို ကြိုဆိုပါတယ်ဗျာ။ ကျုပ်က တောင်ငူသားစစ်စစ် ကဝေအချုပ် ဆရာအုပ်ပါတဲ့ဗျာ။ နာမည်ကတော့ ဥက္ကာပါ။ တောင်ငူရဲ့ အထွတ်အမြတ် စေတီတော်ထီးကို ချခဲ့တဲ့ ပညာ သည်ကြီးတွေနဲ့ ပညာချင်း နည်းနည်းပါးပါး ဖလှယ်မလားလို့ လာခဲ့တာပါ ဗျာ’
ဟာ ဒါဟာ ဆရာယွန်းပြောတဲ့ ရှင်မင်းငယ်ရဲ့ အဘိုးပေပဲလို့ ကျုပ်တွေးလိုက်မိတယ်။
“ဪ ဆရာအုပ်ကိုး၊ ကျုပ်ကလည်း ခင်ဗျားနဲ့ သိပ်ကိုတွေ့ချင် နေတာပါဗျာ။ ကျုပ်က အင်းဝသား ဒိဗ္ဗပါဗျာ”
““ဟင် ဒိဗ္ဗဆိုတာ မင်းလား၊ မင်းက လူစွာပဲကွ၊ ငါ့တပည့်တွေ တော်တော်များများ မင်းလက်ချက်နဲ့ ကိစ္စတုံးကုန်ကြတာ၊ ဒီတစ်ခါတော့ မင်းအလှည့်ပေါ့ ဒိဗ္ဗရာ”
`အေးလေ၊ စမ်းကြည့်ပေါ့ ဥက္ကာရာ”
ကဝေကြီးဥက္ကာက မျက်စိတွေ ချက်ချင်းမှိတ်ပြီး သူ့ပညာတွေကိုနှိုးရောဗျို့။
ဘိုးဒိဗ္ဗကလည်း ပညာတွေနိုးတယ်။ အစ်မ မဖဲဝါနဲ့ ကျုပ်နဲ့လည်း ပညာတွေ နိုးကြရတော့တာပေါ့ဗျာ။ တိုက်ပွဲက စပြီပေါ့ဗျာ။
ကဝေကြီးက သူ့ရဲ့စက်တွေနဲ့ ပစ်တယ်။ စက်ကို လွှတ်တာ မဟုတ်ဘူးဗျ။ အနီရောင်စက်လုံးလေးနဲ့ လှစ်ကနဲ ဘိုးဒိဗ္ဗကို ပစ်လိုက်တာ ဗျ။ ဘိုးဒိဗ္ဗသာ သတိမရှိရင် တစ်ခါတည်း ပွဲချင်းပြီးပေါ့ဗျာ။
ဘိုးဒိဗ္ဗ သူ့ရဲ့စက်ကို လက်ခနဲထုတ်ပြီး ကာလိုက်တာနဲ့ အနီရောင် စက်က ကဝေကြီးဆီကို လွင့်ပြီးရောက်သွားတယ်။
`ဟား ဟား ဟား၊ ဒိဗ္ဗက ဘယ်ဆိုးလို့တုံးကွ၊ ကဲ ရော့ကွာ” ဆိုပြီး မျက်လုံးနှစ်လုံးထဲ အနီရောင်စက်တန်း နှစ်တန်းကို ဘိုးဒိဗ္ဗ ဆီကို လွှတ်လိုက်တယ်။ ဘိုးဒိဗ္ဗက သူ့ရဲ့ လိမ္မော်ရောင်စက်ကို ထုတ်ပြီး ကာထားလိုက်တယ်။ ကဝေကြီးရဲ့စက်က ရှေ့ကို မတိုးတော့ဘဲ တန့်သွား ရောဗျ။ ကဝေက သူ့စက်ကို ရှေ့တွန်းတယ်။ ဘိုးဒိဗ္ဗကလည်း သူ့စက်နဲ့ ကာထားတယ်။ ပညာချင်းက တူနေတော့ တစ်ယောက်နဲ့ တစ်ယောက် မဖောက်နိုင်အောင် ဖြစ်နေတာဗျ။
တစ်ယောက်က အမှောင်ပညာသည်၊ တစ်ယောက်က အလင်း ပညာသည်။ တစ်ယောက်က အောက်လမ်းမှော်ပညာသည်၊ တစ်ယောက်က အထက်လမ်းမှော်ပညာသည်။ ဒါပဲ ကွာတာဗျ။
“ဝုန်း” “ဘုန်း”
ဟာ ဆရာကြီး ဘိုးဒိဗ္ဗက ဆောင့်တွန်းလိုက်တာ စက်ချင်းရိုက်ပြီး “ဝုန်း” ဆိုတဲ့ အသံကြီး ထွက်လာတာဗျ။ “ဘုန်း” ဆိုတာက ကဝေကြီး နောက်ကို ဖင်ထိုင်ရက် လဲကျသွားတာလေ။ ကဝေကြီးက ချက်ချင်းထလာပြီး ဘိုးဒိဗ္ဗကို စိမ်းစိမ်းကြီး ကြည့်နေရောဗျို့။ မျက်နှာကြီးတစ်ခုလုံးလည်း နီရဲလို့ဗျ။ ကဝေကြီး ဒေါသတော်တော်ထွက်နေပုံပဲ။
“ကဲ ဒိဗ္ဗ ဒီတစ်ခါ ခံနိုင်ရင် ခံပေတော့”
လို့ ကြိမ်းဝါးရင်း မျက်လုံးတွေ၊ နားတွေ၊ နှာခေါင်းတွေ၊ ပါးစပ် တွေထဲကနေ အစိမ်းရောင်စက်တွေ ထုတ်လိုက်တယ်ဗျို့။ အဲဒီစက်တွေ အကုန်ပေါင်းပြီး ဘိုးဒိဗ္ဗဆီကို လွှတ်တယ်။
ဘိုးဒိဗ္ဗကလည်း သူရဲ့လက်ဖဝါးနှစ်ဖက်ကိုပွတ်ပြီး ထွက်လာတဲ့ အနီရောင်လုံးလုံးလေးကို ခြင်းလုံးလေး လက်ထဲမှာထည့်ပြီး ပွတ်သလို ပွတ်နေတာ။ စက်အနီလုံးလေးက တဖြည်းဖြည်း ကြီးလာပြီး ခတ်တဲ့ ခြင်းလုံးအရွယ်လောက် ရောက်လာတော့ ထိုးဝင်လာတဲ့ ကဝေကြီးရဲ့စက် တွေဆီကို တွန်းပို့လိုက်တယ်။
ဘိုးဒိဗ္ဗရဲ့ ခြင်းလုံးလို လုံးဝန်းတဲ့ စက်တွေက ကဝေရဲ့စက်နဲ့ တွေ့တဲ့အခါ ဖြာထွက်သွားပြီး ကာထားလိုက်တယ်။ ကဝေရဲ့စက်တွေက ဘိုးဒိဗ္ဗရဲ့ စက်တွေကို ဘယ်လိုမှကို မဖောက်နိုင်တာဗျ။
ဘိုးဒိဗ္ဗကလည်း ကာထား၊ ကဝေရဲ့စက်ကလည်း ဖောက်ဝင်နဲ့ ပညာပြိုင်ပွဲက အထွတ်အထိပ်ကို ရောက်နေပြီပေါ့ဗျာ။ အဲဒီအချိန်မှာပဲ ဘိုးဒိဗ္ဗက ဖနောင့်ဆောင့်လိုက်တယ်ဗျ။
ဘိုးဒိဗ္ဗ ဖနောင့်ဆောင့်လိုက်တာနဲ့ ကဝေကြီးရဲ့ အစိမ်းရောင်စက် တွေ အပိုင်းပိုင်းပြတ်ပြီး ကဝေကြီးနောက်ကို ခြေနှစ်လှမ်းစာလောက် ရွေ့သွားတယ်ဗျို့။
“တောက်၊ မင်းက တော်တော်လာတဲ့ အကောင်ပဲကွ ဒိဗ္ဗရ၊ ကဲ မင်းလည်း ပညာကုန်ထုတ်တော့၊ ငါလည်း ပညာကုန်ထုတ်တော့မယ်”” လို့ ကဝေအချုပ် ဆရာအုပ်ဆိုတဲ့ ဦးဥက္ကာ ပြောလိုက်ပြီး ရှေ့ကိုခြေတစ်လှမ်းတိုးလိုက်တယ်ဗျို့။ ပြီးတာနဲ့ သူ့လက်ဖဝါးနှစ်ဖက်ကို ပွတ်ပြီး
စက်အနီရောင်တွေထုတ်တယ်။
ကျုပ်တောင် အံ့သြသွားတယ်ဗျ။ စက်အရောင်တွေ တူနေကြတာ လေဗျာ။ စက်တွေကို စိတ်တိုင်းကျ ထုတ်ပြီးတာနဲ့ လွှတ်တော့တာဗျို့။ စက်နှစ်ခုစလုံးက အနီရောင်တွေဆိုတော့ ကျုပ်လည်း မခွဲတတ် တော့ဘူးဗျ။ နှစ်ယောက်စလုံးကတော့ သတိမလစ်အောင် သတိထားပြီး တိုက်နေကြတာဗျ။
တစ်ယောက်နဲ့ တစ်ယောက်က ပညာချင်းတူနေတော့ မဖောက် နိုင်ဘူးပေါ့ဗျာ။ ဒီအချိန်မှာပဲ ကဝေကြီးရဲ့ မျက်ခုံးနှစ်ခုကြားကအနက်ရောင် စက်တစ်ခု လက်ကနဲ ထွက်လာတယ်။ မြန်လိုက်တဲ့စက်ဗျာ။ လှစ်ကနဲ ပြေးပြီး ဘိုးဒိဗ္ဗရဲ့ ရင်ဘတ်ထဲကို ဖောက်ဝင်သွားတယ်။
“ဟာ
ကျုပ်ရော အစ်မ မဖဲဝါရော ပြိုင်တူအော်လိုက်မိတာပေါ့ဗျာ။ ဘိုးဒိဗ္ဗ ဒူးထောက်ရက်ပြုတ်ကျပြီး သွေးတွေ အန်ရောဗျို့ ။ ကျုပ်နဲ့ အစ်မ မဖဲဝါက ဘိုးဒိဗ္ဗကို ပြေးပြီးပွေ့လိုက်ကြတယ်။ “မင်းတို့သွားတော့၊ မတိုက်ကြနဲ့”
ဒါပဲပြောနိုင်တော့တာဗျ။ ဘိုးဒိဗ္ဗ ဇက်ကျိုးကျသွားတယ်။ “တောက်
ကျုပ်က တောက်တစ်ချက်ခေါက်ပြီး မတ်တတ်ထရပ်လိုက်တယ်။ အစ်မ မဖဲဝါကလည်း ကျုပ်လိုပဲ မတ်တတ်ရပ်လိုက်တယ်။
“ဪ ဒိဗ္ဗတပည့် မလောက်လေးမလောက်စားကောင်က ငါ့ကို တောက်တွေဘာတွေ ခေါက်လို့၊ ကဲ မင်းတို့ကို ငါ မတရားလုပ်သလိုဖြစ်မယ်၊ မင်းတို့ အရှုံးပေးပြီး ထွက်သွားချင်ရင် သွားကြပေတော့” “ဟေ့ကောင် ကဝေစုတ်ကြီး၊ ငါ့ရာဇဝင်မှာ အရှုံးဆိုတဲ့ စကားလုံး ကို ဘယ်တော့မှ မရေးဘူးကွ
ကျုပ်က ပြောပြောဆိုဆိုနဲ့ ရှိန်းဝင်ဂါထာကို ရွတ်လိုက်တယ်။ ကျုပ်ပျောက်သွားပြီ။ ကျုပ်ကိုယ်ပျောက်သွားပြီဗျို့။ ကဝေကြီး တော်တော် အံ့သြသွားတယ်ဗျ။
“ဟာ ဒိဗ္ဗတပည့်က အလာကြီးပဲကိုး၊ ဟား ဟား ဟား၊ မင်း ပညာက တခြားသူအတွက်တာ့ လန့်စရာပေါ့ကွ၊ ငါ့အတွက်ကတော့ ဂရုကို မစိုက်တာကွ၊ ဟား ဟား ဟား၊ ငါရော ငါ့မြေးမ ရှင်မင်းငယ်ရော ဟာ ရှင်မုန်ယို ထိုးပေးထားတဲ့ မျက်ကွင်းဆေး အောင်ထားကြတာကွ၊ ကဲ မင်းမယုံရင် ရော့ ဒီမှာ”
ပြောပြောဆိုဆိုနဲ့ ကျုပ်ကို ကဝေက စက်နဲ့လှမ်းပစ်တယ်။ ဟုတ်တယ်ဗျို့။ ဒီကဝေ ကျုပ်ကို မြင်နေရတာပဲ။ သူ့စက်ကို ကျုပ်က စက်ထုတ်ပြီး ကာပစ်လိုက်ရတယ် ကျုပ်လည်း ရှိန်းထွက်ဂါထာ ရွတ်ပြီး ပြန်ထွက်လိုက်တယ်။
“မင်းကို ငါမြင်ရတယ်ဆိုတာ မင်းယုံသွားပြီပေါ့ ဟုတ်လား ကောင်စုတ်ကလေး”
ကျုပ်နဲ့ အစ်မ မဖဲဝါက စက်တွေထုတ်ပြီး နှစ်ယောက်ပေါင်းအားနဲ့ တိုက်ဖို့ နားလည်မှု ယူလိုက်ကြတယ်။ ဘိုးဒိဗ္ဗ သင်ပေးထားလို့ စက်ပေါင်း တဲ့အတတ်ကို ကျုပ်ရော အစ်မ မဖဲဝါရော တတ်ကြတယ်။
ကျုပ်တို့နှစ်ယောက်ရဲ့ အစိမ်းရောင်စက်တွေကို ပေါင်းပြီး ကလေ ကြီးဆီကို လွှတ်လိုက်တယ်။ ကဝေကြီးကလည်း သူ့စက်တွေထုတ်ပြီး ကာတယ်ဗျ။ ကျုပ်တို့ကလည်း နှစ်ယောက်အားနဲ့ စက်ကို ထိုးသွင်းတယ်။
ကဝေကြီးကလည်း သူ့ကာစက်နဲ့ တောင့်ခံတယ်။ ကျုပ်တို့နှစ်ယောက်စလုံး ဆရာကြီးအတွက် ယူကျုံးမရဖြစ်နေတဲ့ စိတ်တွေနဲ့ ပညာစက်တွေကို ထုတ်လွှတ်လိုက်ကြတာဆိုတော့ ကဝေကြီး လည်း တော်တော်ကို တောင့်ခံထားရတာဗျ။
“ဝုန်း”
သိပ်မကြာဘူးဗျ။ ကဝေကြီးရဲ့စက်တွေ ပြတ်တောက်ပြီး ကလေ ကြီ ဖင်ထိုင်ရင် လဲကျသွားတယ်။ ဒါပေမဲ့ ချက်ချင်းပြန်ထလာတယ်ဗျ။ “မင်းတို့ကို လျှော့တွက်လိုက်မိတာ ငါ့အမှားပဲ၊ မင်းတို့လည်း အဆိပ်ပြင်းတဲ့ကောင်တွေပဲကိုး၊ ကဲ မလုပ်ချင်ပေမဲ့လည်း လုပ်ရတော့မှာပေါ့ကွာ”
“ဟဲ့ ကဝေကောင်ကြီး၊ အပိုတွေပြောမနေနဲ့”
လို့ မဖဲဝါကက အော်ပြောလိုက်ပြီး စက်တွေထုတ်လိုက်တယ်။ ကျုပ်လည်း စက်တွေထုတ်တယ်။ ကဝေကြီးက ကျုပ်တို့ကို အမြစ်ပြတ် အောင်လုပ်တော့မယ်ဆိုတာ ကျုပ်တို့နှစ်ယောက်စလုံး သိတယ်ဗျ။
ကျုပ်တို့ရဲ့ အမြင့်ဆုံးစက်တွေကို ထုတ်ပြီး နှစ်ယောက်ပေါင်း လိုက်တယ်။ ကဝေကြီးကလည်း သူ့ရဲ့ အမြင့်ဆုံးစက်တွေ ထုတ်လိုက်ပုံ ရတယ်ဗျ။
လွှတ်ပြီ၊ လွှတ်ပြီ။ ကျုပ်တို့စက်တွေ လွှတ်လိုက်ပြီ။ ကဝေကြီးက လည်း သူ့စက်တွေ လွှတ်လိုက်ပြီဗျို့။
ဟော စက်တွေ ထိပ်တိုက်ဆုံပြီ။ တွန်းပြီ။ စက်တွေ တွန်းနေပြီ။ ကျုပ်ရော အစ်မ မဖဲဝါရော ပညာတွေ အကုန်ထုတ်ပြီး တိုက်နေကြတာဗျ။ ကျုပ်ရော အစ်မ မဖဲဝါရော သိတယ်။ စောစောက ဘိုးဒိဗ္ဗကို မထင်မှတ်ဘဲ သတ်ပစ်လိုက်တဲ့ မျက်ခုံးနှစ်ခုကြားက အနက်ရောင်စက်ဆိုတာ တစ်ကြိမ်သုံးပြီးရင် နောက်ထပ် တော်တော်နဲ့ သုံးလို့မရဘူးဗျ။ ဒါကြောင့် ကဝေကြီးက ကျုပ်တို့စက်တွေကို သူလည်း စက်နဲ့ပဲ ပြန်တိုက်နေရတာပေါ့ဗျာ။
ခဏကြာတော့ ကဝေကြီးက မျက်လုံးနှစ်လုံးက ထုတ်တဲ့ စက် အနီတန်း နှစ်တန်းကိုပါ သူ့စက်မှာ ထပ်ပေါင်းလိုက်တယ်ဗျ။
ကျုပ်တို့ ပညာမောင်နှမနှစ်ယောက်လည်း အစွမ်းကုန်တိုက်နေ ကြရတာပေါ့ဗျာ။ ဝုန်း
သွားပြီဗျာ။ ကဝေကြီးရဲ့ ထပ်ပေါင်းလိုက်တဲ့ အနီရောင်စက်ကို ကျုပ်တို့ မခံနိုင်တော့ဘူးဗျ။ နှစ်ယောက်စလုံး နောက်ကိုယိုင်ပြီး လဲကျသွား တယ်။ ကဝေရဲ့စက်တွေ ကျုပ်တို့နှစ်ယောက်စလုံးရဲ့ ရင်ထဲကို ဖောက်ဝင် သွားတာပေါ့ဗျာ။ အစ်မ မဖဲဝါရော ကျုပ်ရော ဝေါ့” “ဝေါ့” နဲ့ သွေးတွေ ထိုးအန်ကြတယ်။ မျက်လုံးတွေ ပြာလာရောဗျာ။
“ဟား ဟား ဟား ဟား၊ လူမိုက်တွေ မင်းတို့ကို ငါလွှတ်ပေးရဲ့ သားနဲ့ မိုက်လုံးကြီးတဲ့ အကောင်နဲ့ ကောင်မ၊ မင်းတို့ဆရာတောင် ငါ့ကို မနိုင်လို့ သေသွားရတာကို မြင်ရဲ့သားနဲ့ အသလွတ် မိုက်တဲ့ဟာတွေ”
ကဝေကြီးရဲ့ မာန်တက်ပြီး ပြောဆိုနေတဲ့ အသံကို ကြားတစ်ချက် မကြားတစ်ချက်နဲ့ နောက်ဆုံးတော့…
“တာတေ၊ ဟဲ့ တာတေ ထတော့လေ၊ ရွာထဲမှာ ကျွက်စီ ကျွက်စီ နဲ့ ဘာတွေဖြစ်နေလဲ မသိဘူးဟဲ့”
အမေ့အသံကြားတော့မှ ကျုပ်နိုးသွားတာဗျို့။ ဘုရား ဘုရား၊ ငါ အိပ်မက် မက်နေတာပဲ။ တော်ပါသေးရဲ့ဗျာ။ ကျုပ်ရင်ဘတ်ကို ဖိထား လိုက်ပ်တယ်။ ကဝေကြီးရဲ့စက်တွေ ကျုပ်ရင်ဘတ်ကို အခုပဲ တကယ်များဖောက် ဝင်သွားတာလားလို့ ကျုပ်လန့်သွားတာဗျ။
ဟုတ်တယ်ဗျ၊ အမေပြောတာ။ ရွာထဲမှာ ကျွက်စီ ကျွက်စီနဲ့ ဘာတွေဖြစ်နေတာလဲ မသိဘူးဗျ။ ကျုပ်လည်း အိပ်ရာက ကပျာကယာ ထပြီး ဝိုင်းထဲကို ဆင်းလာခဲ့တယ်။ ပြီးမှပဲ မျက်နှာသစ်တော့မယ်ဗျာ။ လူတွေ အပေါ်ကို မော့ကြည့်နေတာဗျ။
“ဟေ့ကောင် မျက်ပြူး ဘာတွေမော့ကြည့်နေတာတုံးကွ” ““ဟာ ကိုကြီးတာတေ လင်းတကြီးတွေဗျ၊ လေးကောင်တောင်မှ ကျုပ်တို့ရွာပေါ်မှာ ဝဲလိုက်၊ ဘန့်ဘွေးကုန်းပေါ်မှာ ဝဲလိုက်နဲ့ လုပ်နေတာဗျ။ အဲဒါကို ကြည့်နေကြတာ”
“ကိုကြီးတာတေ တချို့လူတွေ ပြောနေတယ်ဗျ။
လင်းတတွေပဲ တာ မကောင်းဘူးတဲ့ဗျ၊ ရွာထဲမှာ လူတွေ အသေအပျောက်များတတ်တယ် ဆို ဟုတ်လားဗျ”
“ဟာ မဟုတ်ပါဘူး မျက်ပြူးရယ်၊ လင်းတဆိုတာ ငှက်ပဲလေ ကွာ၊ သူ့ဟာသူ ပျံချင်ရာ ပျံမှာပေါ့ကွာ၊ ကိုယ့်ရွာပေါ်ကို ရောက်ချင်လည်း ရောက်လာမှာပေါ့ကွာ”
“ဒါဆိုရင် တော်ပါသေးရဲ့ဗျာ၊ ကျုပ်က ကျုပ်သေသွားမှာကို စိုးရိမ်နေတာဗျ”
“ဟကောင်ရ၊ မင်းက အခုမှ ငယ်ငယ်လေးရှိသေးတာ၊ ဘယ်လို လုပ် သေဦးမှာတုံးကွ မင်းအဘိုးကြီးဖြစ်တော့မှ သေမှာပေါ့ကွ”
“ဟာ မဟုတ်ဘူးဗျ ကိုကြီးတာတေရ၊ ပုဗ္ဗာရုံဆရာတော် တရား ဟောတာ ကျုပ်နာဖူးတယ်။ ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင် အချိန်လေးမှာတောင် ကြီးတဲ့သူရော ငယ်တဲ့လူရော သေသွားနိုင် တာဆိုပဲဗျ”
မျက်ပြူးက သူ့လက်မောင်းလေးကို ကွေးလိုက်ဆန့်လိုက် လုပ်ပြပြီး ကျုပ်ကို ပြောနေတာဗျ။
“ကဲပါ မျက်ပြူးရာ၊ မင်းမသေပါဘူးကွာ၊ ဟောဟိုမှာ မင်းပြော တဲ့ လင်းတတွေထင်တယ်၊ တို့ရွာပေါ်ကို ရောက်လာပြန်ပြီကွ” “ဟာ ဟုတ်တယ်၊ ဟုတ်တယ်၊ ကျုပ်ပြောတာ အဲဒီလင်းတတွေဗျ”
ပြောရင်းနဲ့ ကြောက်သွားပြီး မျက်ပြူးက ကျုပ်အနားကို တိုးကပ် လာတယ်။ ကျုပ်လည်း လင်းတတွေကို လိုက်ကြည့်နေလိုက်တယ်။
ဟုတ်တယ်ဗျ။ လေးကောင်တောင် ဝဲနေတာ။ ရွာပေါ်ကို နိမ့်ဆင်း လာလိုက်၊ မြင့်တက်သွားလိုက်နဲ့ ပဲနေတာဗျ။ ဒါတွေဟာ လင်းတအစစ် တွေ မဟုတ်လောက်ဘူးလို့ ကျုပ်တွေးလိုက်မိတယ်။
ကျုပ်တို့ရွာဘက်တွေမှာ တစ်ခုခုတော့ ထူးခြားတော့မယ်လို့ ကျုပ် စိတ်ထဲမှာ တွေးလိုက်မိတယ်။ ဒါဟာ စုန်းမကြီးတွေပဲ ဖြစ်မယ်ဗျ။ ကျုပ် ဒါမျိုးတွေ ခဏခဏ တွေ့ခဲ့ဖူးတာပဲဗျာ။
လင်းတတွေ လာပြီးရင် စုန်းမတွေ ရောက်လာမယ်။ စုန်းမတွေ လာပြီးရင် ကဝေတွေ ပါလာတတ်တယ်ဆိုတာ ကျုပ်ကြုံခဲ့ဖူးတယ်လေဗျာ။ ကျုပ်တို့ရွာပေါ်ကို ဝဲပြီးသွားတော့ ဘန့်ဘွေးကုန်းဘက်ကို ပျံသွား ကြပြန်ရောဗျ။ ဘန့်ဘွေးကုန်းသားတွေလည်း ခုလောက်ဆိုရင် လင်းတတွေ ကို မော့ကြည့်နေကြရောပေါ့ဗျာ။
နေ့လည်ရောက်တော့ ကျုပ်ဆီကို ကျောက်ခဲ ရောက်လာတယ်ဗျ။ ကျုပ်က အိမ်ရှေ့က မျက်နှာသစ်တဲ့ စဉ့်အိုးကြီးနားမှာထိုင်ပြီး မားတွေသွေး နေတာဗျ။ ဟိုတလောကမှ အဘ မြို့ကဝယ်လာတဲ့ ဘိလပ်ကျောက်နဲ့ သွေးနေတာလေဗျာ။ ဘိလပ်ကျောက်ဆိုတာ နိုင်ငံခြားကလာတဲ့ ဖော် ကျောက်ပါပဲဗျာ။ တော်တော်တော့ ကောင်းတာဗျ။ ကျောက်အရောင်ကမွဲပြာပြာနဲ့ သစ်သားတုံးမှာ အခွက်ကလေးတိုင်းပြီး ထွင်းရတယ်။ ကျောက်နဲ့ ကွက်တိလေး ထွင်းရတာပေါ့ဗျာ။ ကျောက်ရဲ့တစ်ဝက်လောက်အထိ သစ်သားတုံး ချိုင့်ထဲမှာ မြှုပ်ထားရတယ်။ ဒီတော့မှ ဓားသွေးလို့ ကောင်းတာဗျ။
“ကိုကြီးတာတေ၊ ဘာတွေ အလုပ်များနေတုံးဗျ” “ကျောက်ခဲ လာလေကွာ၊ ငါ ဓားသွေးနေတာကွ”
“ကိုကြီးတာတေကတော့ တစ်ခုမဟုတ်တစ်ခု လုပ်မနေရရင် နေနိုင်တဲ့သူမှ မဟုတ်တာ”
“ဒီလိုပဲပေါ့ ကျောက်ခဲရာ၊ ငါတို့အညာသားတွေဆိုတာ အလုပ် မရှိ အလုပ်ရှာ လုပ်နေကြတာပဲလေကွာ၊ ဒါမှလည်း ချွေးလေးတစ်စိုစိုနဲ့ နေလို့ကောင်းတာကွ”
ကျောက်ခဲက ကျုပ်ဓားသွေးတဲ့နားမှာ ထိုင်လိုက်ပြီးတော့မှ ပြောတာဗျ။
“ကိုကြီးတာတေ လင်းတကြီးတွေအကြောင်းကို သိပြီးပြီမို့လား” “အေး သိပြီးပြီ၊ မနက်က ငါထွက်ကြည့်လိုက်တယ်” “လင်းတဝဲလို့ဆိုပြီး ရွာထဲက လူတွေက စိတ်မကောင်းဖြစ်နေကြတာဗျ”
“ဒီလင်းတတွေဝဲတာ အကြောင်းတော့ ထူးတာပေါ့ကွာ၊ ဒါပေမဲ့ ဒီလောက်လည်း ကြောက်စရာမလိုပါဘူးကွာ”
“ကျုပ်လည်း မနက်က လိုက်ကြည့်တယ်ဗျ၊ လင်းတက လေး ကောင်တောင်၊ ကျုပ်စိတ်ထင်ပြောရရင် အကောင်ကြီးတွေ ပိုကြီးနေတယ် လို့ ထင်တယ်ဗျ”
““ဘန့်ဘွေးကုန်းပေါ်မှာလည်း ဝဲတယ်မို့လား”
“ဟာ ဘန့်ဘွေးကုန်းပေါ်တင် ဘယ်ကမှာတုံး ကိုကြီးတာတေရဲ့၊ မီးလောင်ကုန်းပေါ်ကိုလည်း ဝဲတယ်ဗျ” “ဟေ ဟုတ်လား”
““ဟုတ်ပါ့ဗျာ၊ ကျုပ်က သေသေချာချာကို လိုက်ကြည့်ထားတာဗျ,
“မင်းကတော့ကွာ အင်မတန်စပ်စုတဲ့ တာတေကတောင် ဆလံ တိုက်ရတဲ့ကောင်ပဲ ကျောက်ခဲရာ”
“စောစောကတင် ဘန့်ဘွေးကုန်းက ကျုပ်သူငယ်ချင်း ဝက်ပေါ ဆိုတဲ့ကောင် လာသွားလို့ မေးလိုက်သေးတယ်။ သူတို့ရွာက လူတွေလည်း လင်းတကြီးတွေ ဝဲတဲ့အကြောင်းပဲ ပြောနေကြတာတဲ့ဗျ”
“အေးပေါ့ကွာ၊ လူဆိုတာကတော့ တစ်ခုခုလေး ပြောစရာရသွား ရင် ပြောကြတာ့မှာပေါ့ကွာ”
ဒီလင်းတတွေဟာ စုန်းမတွေဆိုတာ ကျုပ်သိတယ်ဗျ။ ဒါပေမဲ့ ကျောက်ခဲကို ပြောလို့မဖြစ်ဘူးဗျ။ ဒီကောင်က ရွာရိုးကိုးပေါက် အနှံ့ရောက် နေတဲ့ကောင်လေဗျာ။ လျှောက်ပြောလို့ တစ်ရွာလုံး ထိတ်လန့်ကုန်ကြမှာ သေချာတယ်ဗျ။
ကျုပ် ဓားသွေးပြီးတော့မှ ကျောက်ခဲလည်း ထပြန်သွားတာဗျ။ ကျုပ်က ဓားသုံးချောင်းသွေးတာဆိုတော့ ဒီကောင် အကြာကြီး နေသွား တာဗျ။
ကျောက်ခဲ ပြန်သွားတော့မှ ကျုပ်လည်း အိမ်ပေါ်ပြန်တက်ပြီး ခုံတန်းလေးမှာ ထိုင်လိုက်တယ်။ နဂါးဆေးပေါ့လိပ်ကလေးကိုဖွာရင်း ညက မက်တဲ့ အိပ်မက်အကြောင်းကို တွေးနေမိတယ်။
မဖဲဝါနဲ့ ကျုပ်က အခုမှ သိတာမှမဟုတ်တာ။ အင်းဝမှာကတည်း၊ ပညာမောင်နှမတွေ ဖြစ်ခဲ့တာပဲ။ ကျုပ်စိတ်ထဲမှာ တောင်ငူက ကျုပ် ချစ်သူ ရှင်မင်းငယ်ကို သတိရနေတယ်ဗျာ။ သံသရာဆိုတာ ဒီလိုပဲ လည် နေကြတာ ထင်ပါရဲ့ဗျာ။ အစ်မ မဖဲဝါက အင်းသူကြီးမောင်နှမ ဖြစ်ခဲ့တော့ ဒီဘဝကို ရောက်ရရှာတာပေါ့။ မဖဲဝါပြောတဲ့အတိုင်းဆိုရင် အင်းဝတုန်းက ကျုပ်တပ်မှူးကြီးစက္ကက ဘဝတွေအမျိုးမျိုးပြောင်းခဲ့ပြီးတော့မှ အခုဘဝမှာ ထိန်ပင်စောင့်တဲ့သရဲကြီးဖြစ်နေရရှာတယ်။
ဒါဆိုကျုပ်ရဲ့ဆရာကြီးဘိုးဒိဗ္ဗရော ဘယ်ဘဝကိုရောက်နေပြီလဲ။ ရှင်မင်းငယ်လေးရော ဘယ်ဘဝတွေမှာ ကျင်လည်နေရပြီလဲ။ ကျုပ် ရော ဒီဘဝမရောက်ခင် ဘယ်လိုဘဝတွေမှာ ဖြစ်ခဲ့သေးလဲ။ အံ့သြစရာ ကောင်းတာကတော့ အင်းဝမှာတုန်းက ကျုပ်နာမည်က တာတေ ဖြစ်နေ တာရယ်၊ မဖဲဝါနာမည်ကလည်း မဖဲဝါပဲ ဖြစ်နေတာတွေဟာ အံ့သြစရာပေ ပဲဗျာ။
သံသရာမှာ ကျင်လည်နေကြရတဲ့ ဘဝတွေက အများကြီးပဲလေ ဗျာ။ နာမည်တူတဲ့ဘဝတွေလည်း ရှိကြမှာပေါ့လို့ ကျုပ်တွေးလိုက်မိတယ်။ ကျုပ်ရဲ့ ဘဝဟောင်းတစ်ခုကို ပြန်ပြီးအိပ်မက် မက်တာကိုတော့ ကျုပ်အံ့သြနေတယ်ဗျ။ အကြောင်းတစ်ခုခုရှိလို့များ ဒီအိပ်မက်တွေကို မက်တာလားလို့ တွေးမိတယ်။
မဖဲဝါပြောတာကတော့ အထက်ပုဂ္ဂိုလ်တွေက ဒီအိမ်မက်တွေ ပေးဖို့ ကျုပ်ကိုကြိုပြီး လိပ်ပြာသိပ်ထားခဲ့ကြတာတဲ့ဗျာ။
ပြီးပါပြီ
ရွင်လန်းချမ်းမြေ့ကြပါစေ
စာရေးသူ ဆရာတာတေအားလေးစားလျက်
Leave a Reply