- ထွက်လိုက်သည်။
ဦးကျော်မြင့်ငြိမ်းကမူ ဦးမူတူး၏အပြုအမူတွေကြောင့် ရင်ထိတ်ကာ ဦးမူတူးလာခဲ့သည့်လမ်းဘက်သို့ ဆတ်ခနဲလှမ်းကြည့်မိသည်။
လမ်းတွင် မည်သူမှရှိမနေပါ။
စက်နှိုးပြီးသည့်နောက် ဦးမူတုးသည် ကားကို တရှိန်ထိုးမောင်းထွက်လာခဲ့သည်။
သို့ဖြင့် တစ်မှတ်တိုင်ခန့်သို့ကျော်လာသည့်အခါမှ ဦးမူတူးသည် ကားကိုရပ်လိုက်ပြီး
ပုဆိုးခါးပုံစထဲမှ အရာဝတ္ထုတစ်ခုကိုထုတ်ကာ ဦးကျော်မြင့်ငြိမ်းအား ပြလိုက်ရင်း
“ကျွန်တော်တို့ချမ်းသာပြီဆရာရေ။ချမ်းသာပြီ”
ဦးကျော်မြင့်ငြိမ်းလည်း ဦးမူတူးထုတ်ပြသည့်အရာဝတ္ထုကိုယူကာ အသေအချာကိုင်ကြည့်လိုက်သည်။
ယင်းမှာ လက်သီးတစ်ဆုပ်စာခန့်ရှိသည့်ကျောက်စိမ်းတုံးကြီးတစ်တုံးဖြစ်နေသည်။
ဦးကျော်မြင့်ငြိမ်းသည် ကပရ အကြီးအကဲမဖြစ်မီက ကျောက်အရောင်းအဝယ်လုပ်ခဲ့ဖူးသူဖြစ်သည့်အလျောက် ကျောက်အကြောင်းကိုကောင်းစွာနားလည်သူဖြစ်သည်။
ထို့နည်းတူ ဦးမူတူးကလည်း ယခင်ကကျောက်ပွဲစားလုပ်ခဲ့ဖူးသူမို့ ကျွမ်းကျင်နေပြန်သည်။
ဦးကျော်မြင့်ငြိမ်းက
“ဟာ ဒါအရည်ကျောက်ပဲကွ။သိန်းတစ်ရာလောက်တန်မယ်။မင်းဘယ်ကရလာတာလဲ”
“ကောင်လေးတစ်ယောက်ဆီက။ကျွန်တော်
ရွာထဲကခြံကိုကြည့်ပြီးပြန်အထွက်မှာ နွားကျောင်းကပြန်လာတဲ့ အဲဒီကောင်လေးနဲ့တွေ့တာ။သူ့လက်ထဲမှာလည်းဒီကျောက်ကိုကိုင်ထားတာ။ကြည့်ရတာ ဒီကျောက်ရဲ့တန်ဖိုးကိုလည်းသိပုံမပေါ်ဘူး။ဒါနဲ့ကျွန်တော်လည်း’ဘယ်ကရလာတာလဲ’လို့မေးတော့’ တောထဲနွားကျောင်းရင်းတွေ့တာ။လှလို့ကောက်လာခဲ့တာ’တဲ့။ဒါနဲ့ကျွန်တော်လည်းအရုပ်တစ်ရုပ်ဝယ်ပေးမယ်။ငါ့ကိုပေးပါလားဆိုတာနဲ့ပဲ အရုပ်ဝယ်ပေးပြီး ဒီကျောက်ကိုရလာခဲ့တာ။ကျွန်တော်တို့ချမ်းသာပြီဆရာရဲ့။ဆရာနဲ့ကျွန်တော် တစ်ယောက်တစ်ဝက်ပေါ့ဗျာ”
“ဟာကွာ။ငါလည်းငွေလိုနေတာတော့မှန်တယ်။ဒါပေမယ့်တစ်ဝက်ခွဲပေးစရာမလိုပါဘူး။အိမ်နည်းနည်းပြင်လို့ရရင်တော်ပါပြီ”
“ဘယ်ဟုတ်မလဲဆရာရဲ့။ဆရာ့ကျေးဇူးကြောင့်ကျွန်တော်ထောင်မကျခဲ့တာ။အဲဒါကိုကျေးဇူးပြန်ဆပ်တယ်လို့သဘောထားလိုက်ပေါ့ဗျာ”
“အေးကွာ။ပြီးရော”
(လွန်ခဲ့သည့်တစ်လခန့်က ဦးမူတူးဝယ်ယူထားသည့်သံထည်များကို နိုင်ငံတော်ပိုင်ပစ္စည်းအရောင်းအဝယ်လုပ်သည်ဟုဆိုကာ တရားစွဲဆိုခံရချိန်၌ ဦးကျော်မြင့်ငြိမ်းက နိုင်ငံပိုင်ပစ္စည်းမဟုတ်ကြောင်းဝင်ရောက်ရှင်းပြခဲ့သောကြောင့်ဦးမူတူးထောင်မကျခဲ့ခြင်းဖြစ်သည်။)
ထို့နောက် ဦးမူတူးလည်း ကျောက်စိမ်းတုံးကို ခေါက်ထားသည့်နိုင်ငံတော်အလံထဲသို့ထည့်သိမ်းပြီး ကားကိုမောင်းထွက်လာခဲ့သည်။
သို့ဖြင့် ရန်ကုန်အဝင်ရှိ စစ်ဆေးရေးဂိတ်သို့ရောက်တော့ စစ်သားတွေက
မှောင်ခိုပစ္စည်းတွေပါ မပါ စစ်ကြသည်။
ယင်းသို့စစ်ရာ၌ နိုင်ငံတော်အလံကိုတော့ လက်ဖျားနှင့်ပင်မထိကြသည်မို့ ကျောက်စိန်းတုံးကိုမတွေ့ကြချေ။
အားလုံးစစ်ပြီးချိန်၌ ကားကိုမောင်းထွက်လာခဲ့ပြီး ဂိတ်ကိုကျော်တော့မှ ဦးကျော်မြင့်ငြိမ်းလည်းသက်ပြင်းချနိုင်လေတော့သည်။
ထိုအခါ ဦးမူတူးက
“ဆရာကလည်း။ဆရာက ကပရ(ကုန်းလမ်းပို့ဆောင်ရေး)အကြီးအကဲတစ်ယောက်လေ။တကယ်လို့မိသွားခဲ့ရင်တောင် ဆရာ့အာဏာနဲ့ပြောလိုက်ရင် ရပါတယ်”
ထိုအခါ ဦးကျော်မြင့်ငြိမ်းက
“ဥပဒေက ဥပဒေပဲကွ။ငါ့ရာထူးအာဏာကို ဒီလိုနေရာတွေမှာမသုံးချင်ဘူး”
ဦးမူတူး ဘာမှပြန်မပြောတော့ဘဲ ကားကိုသာ ဂရုတစိုက်မောင်းလာခဲ့သည်။
သို့ဖြင့် ဦးမူတူး၏အိမ်သို့ပြန်ရောက်တော့ ၎င်းက
“ဆရာ ကျွန်တော့်အိမ်မှာပဲနေဦးဗျာ။ဒီကျောက်ကိုရောင်းပြီး ပိုက်ဆံခွဲယူပြီးမှ
ဆရာ့အိမ်ကိုပြန်ပေါ့”
“အေးကွာ။မင်းသဘောပဲ”
နှစ်ယောက်သား ကားပေါ်မှဆင်းလိုက်ကြသည်။
ဆိုင်မှ အလုပ်သမားကောင်လေးကလည်း
ကားပေါ်မှ ဘူးခွံ။ပုလင်းခွံနှင့်သံထည်ပျက်များကို အောက်သို့ချနေလေသည်။
ဦးမူတူးနှင့်ဦးကျော်မြင့်ငြိမ်းလည်း အိမ်ပေါ်သို့တက်ကာ တိုင်ပင်ကြတော့သည်။
“ဒီကျောက် ဘယ်သူ့ဆီကိုရောင်းကြမလဲ”
“ကြည့်မြင်တိုင်က ရာပြတ်ဦးသန်းမောင်ဆီရောင်းလိုက်မယ်။သူကကျွန်တော်နဲ့လည်းရင်းနှီးတော့ပိုစိတ်ချရတယ်”
“ပြီးရော။သူ့ဆီဖုန်းဆက်လိုက်တော့”
“ဟုတ်”
ဦးမူတူး ကျောက်စိမ်းတုံးကိုကိုင်ကာ အိမ်ပေါ်မှဆင်းသွားသည်။
ဦးကျော်မြင့်ငြိမ်းမှာမူ ခရီးပန်းလာသည်မို့ ဧည့်ခန်းထဲမှာပင် တုံးလုံးလှဲရင်း အိပ်ပျော်သွားသည်။
သူမည်မျှကြာအောင် အိပ်ပျော်သွားသည်မသိ။တရေးနိုးတော့ မိုးချုပ်လုပြီဖြစ်သည်။
ယင်းအခိုက်တွင် ဧည့်ခန်းထဲဝယ် စားပွဲခုံပုလေးခင်းပြီး ထမင်းဟင်းပြင်ဆင်နေသည့် ဦးမူတူးက
“ဆရာ နိုးပြီလား။ရေချိုးပြီး ထမင်းစားကြမယ်လေ”
“အေး ကောင်းတာပေါ့။ဒါနဲ့ဖုန်းဆက်တာ အဆင်ပြေလား”
“ပြေတယ်ဆရာ။မနက်ဖြန်နေ့လည်လာခဲ့မယ်တဲ့။ပိုက်ဆံတွေပါ တခါတည်းယူလာခဲ့မယ်ပြောတယ်”
“ကောင်းတာပေါ့ကွာ။တခါတည်းကိစ္စပြတ်သွားတာပေါ့”
“ကဲ ဆရာ ရေချိုးလိုက်ပါဦး”
“အေးအေး”
ဦးကျော်မြင့်ငြိမ်းလည်း ဦးမူတူး၏ပုဆိုးနှင့်အင်္ကျီကိုယူကာ အိမ်အောက်သို့ဆင်းပြီး ရေချိုးသည်။
ပြီးနောက် အဝတ်အစားလဲကာ နှစ်ယောက်သားညစာအတူစားပြီး ဘုရားစင်ပေါ်ဝယ် ဆီမီးခွက်ထွန်းပြီး ခပ်စောစောအိပ်ကြသည်။
ဦးမူတူးသည် တောင်ငူမှပြန်လာကတည်းက တရေးမှမအိပ်ရသေးသည်မို့ အိပ်ရာပေါ်ခေါင်းချလိုက်သည်နှင့် ချက်ချင်းအိပ်ပျော်သွားသည်။
သို့သော် ကျောက်စိမ်းတုံးကိုတော့ လက်နှစ်ဖက်ဖြင့် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသည်။
ဦးကျော်မြင့်ငြိမ်းကမူ နေ့တစ်ဝက်နီးပါးအိပ်စက်ထားသည်မို့ ယခုမူ ပြန်အိပ်၍မရတော့ဘဲ ဖြစ်နေလေရာ ဘုရားစင်ရှေ့တွင် ပုတီးစိပ်နေလိုက်သည်။
ပုတီးကိုးပတ်ပြည့်သွားသည့်အခါမှ ဦးမူတူးနှင့်ခပ်လှမ်းလှမ်းနေရာတွင် ဘေးတစောင်းအနေအထားဖြင့်တုံးလုံးလှဲကာ အခြားတစ်ဖက်သို့လှည့်၍ ဆေးပေါ့လိပ်ဖွာနေလိုက်သည်။
သို့ဖြင့် ဆေးပေါ့လိပ်တစ်လိပ်လုံး ကုန်လုလုနီးပါးဖြစ်ချိန်၌ နောက်ကျောဘက်မှ ဦးမူတူး၏ အော်ဟစ်သံကြီးထွက်ပေါ်လာသည်။
“အား မပေးဘူး။ဒါငါ့ဥစ္စာ။မပေးဘူး”
ထိုအသံကြောင့် ဦးကျော်မြင့်ငြိမ်းလည်းရုတ်ချည်းထလာကာ ဦးမူတူးကိုကြည့်လိုက်သည်။
ဦးမူတူးသည် ဘေးတစောင်းအနေအထားဖြင့် လက်ထဲမှကျောက်တုံးကို တစ်စုံတစ်ယောက်နှင့်လုယူနေသကဲ့သို့ မျက်လုံးကြီးပြူးကာ ပါးစပ်မှလည်း အဆက်မပြတ်အော်နေရင်း အတင်းဆွဲထားလေသည်။
“မပေးဘူး။မပေးဘူး။ဒါငါ့ဥစ္စာ”
ထိုအခါ ဉီးကျော်မြင့်ငြိမ်းလည်း ဦးမူတူးဆီသို့ကပျာကယာကပ်၍ ဆွဲထူကာမေးလိုက်သည်။
“ဟေ့လူ။ဘာဖြစ်နေတာလဲ”
ယင်းသို့မေးတော့ ဦးမူတူးသည် လက်ထဲမှကျောက်စိမ်းတုံးကို ဆုပ်ကိုင်ရင်း ဟိုဟိုဒီဒီ အထိတ်တလန့်ဖြင့်ကြည့်ကာ မေးလိုက်သည်။
“မိန်းမကြီးတစ်ယောက်။မိန်းမကြီးတစ်ယောက်”
“ဟင် ဘယ်ကမိန်းမကြီးလဲ”
မေးရင်းဖြင့် ဦးကျော်မြင့်ငြိမ်းလည်း အိမ်ဧည့်ခန်းပတ်ပတ်လည်သို့ ကျီးကန်းတောင်းမှောက်ကြည့်မိသည်။
မည်သည့်အမျိုးသမီးမှ မတွေ့ရချေ။
ဦးမူတူးက
“နန်းဝတ်နန်းစားတွေနဲ့မိန်းမကြီး။ကျွန်တော့်လက်ထဲကကျောက်ကိုလာလုတာ။အခုဘယ်ရောက်သွားပြီလဲမသိဘူး”
ထိုစကားကြောင့် ဦးကျော်မြင့်ငြိမ်းကိုယ်တိုင်ပင်ယောင်နနဖြစ်သွားကာ
ဒုတိယအကြိမ်မြောက်
ဧည့်ခန်းပတ်ပတ်လည်ကြည့်မိပြန်သည်။
ပြီးနောက်မှ
“ဘယ်ကနန်းဝတ်နန်းစားနဲ့မိန်းမကြီးလဲ။ငါမတွေ့မိပါဘူး”
“စောစောကရှိတယ်ဆရာ။ကျွန်တော့်လက်ထဲကကျောက်ကို သူ့ကျောက်ဆိုပြီးလာလုတာ”
“ဟာကွာ။မင်းအိပ်မက်မက်တာဖြစ်ပါလိမ့်မယ်”
“အိပ်မက်မဟုတ်ဘူးဆရာ။ဆရာတုံးလုံးလှဲပြီး ဟိုဘက်လှည့်ဆေးလိပ်သောက်နေတာကိုတောင် ကျွန်တော်တွေ့ရသေးတယ်”
ထိုစကားကြောင့်ဦးကျော်မြင့်ငြိမ်းလည်း ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
အိပ်ပျော်နေသူကတော့ ဆေးလိပ်သောက်နေတာကိုမြင်မှာမဟုတ်။
သို့ဆိုလျှင် ကျောက်လာလုသည့်အဖြစ်သ ည် အိပ်မက်မဟုတ်ကြောင်းသက်သေခံနေလေသည်။
ထို့နောက်
“ပြောစမ်းပါဦး။ဘယ်လိုစဖြစ်တာလဲ”
ယင်းသို့မေးတော့ ဦးမူတူးက သူ့လက်ထဲကကျောက်စိမ်းတုံးအလုခံရသည့်အဖြစ်ကိုအကျဉ်းချုံ့ပြီးပြန်ပြောပြလိုက်သည်။
(ဤအဖြစ်အပျက်ကိုဝတ္ထုအစပိုင်းတွင်ဖော်ပြခဲ့ပြီးဖြစ်သည်။)
အဖြစ်အပျက်ကိုပြောပြပြီးသည့်နောက် ဦးမူတူးက
“ဆရာ။ကျွန်တော်ဒီအိမ်မှာမအိပ်ရဲတော့ဘူး”
“ဟကောင်ရ။ဒါမင်းအိမ်လေ။ဘာကြောက်စရာရှိလို့လဲ။ဒီအိမ်မှာမအိပ်ရဲရင် ဘယ်အိမ်မှာသွားအိပ်မှာလဲ”
“ဆရာ့အိမ်သွားအိပ်ကြမယ်လေ”
“အခုပဲဆယ့်နှစ်နာရီကျော်နေပြီ။ဘယ်လိုလုပ်ငါ့အိမ်ကိုလိုက်ပြီးအိပ်လို့ကောင်းတော့မလဲ”
ပြောပြီးသည့်နောက် ဦးကျော်မြင့်ငြိမ်းသည် သက်ပြင်းချလိုက်ပြီး
“ငါတစ်ယောက်လုံးရှိပါတယ်ကွာ။ဘာမှကြောက်မနေပါနဲ့။မင်းပြန်အိပ်ချင်ရင်အိပ်လိုက်။ငါစောင့်နေပေးမယ်”
“ရတယ်။ကျွန်တော်လည်းမအိပ်ရဲတော့ဘူး။ဒီအတိုင်းပဲထိုင်နေလိုက်တော့မယ်”
ပြောပြီးသည့်နောက် ဦးမူတူးသည် ဆီမီးခွက်ထဲလောင်စာဆီထပ်ဖြည့်ကာ ဦးကျော်မြင့်ငြိမ်းနှင့်အတူ ညလုံးပေါက်စကားထိုင်ပြောနေလိုက်တော့သည်။
++++++++++++++++++++++++
မနက်မိုးစင်စင်လင်းတော့ ဦးမူတူးက
“ဆရာ။ကျွန်တော်ကျောက်ကိုဒီမှာမရောင်းတော့ဘူး၊ဆရာ့အိမ်မှာပဲရောင်းတော့မယ်”
“ဟေ၊ဘာဖြစ်လို့လဲ”
“ကျွန်တော့်စိတ်ထဲတစ်မျိုးကြီးဖြစ်နေသလို ခံစားနေရလို့ပါ။ဒီမှာဘယ်လိုမှအဆင်မပြေနိုင်ဘူးလို့ထင်တယ်”
“ကဲ ပြီးရောကွာ၊မင်းသဘောပဲ”
ထို့နောက် နှစ်ယောက်သား မျက်နှာသစ်၊ကိုယ်လက်သန့်စင်ကာ ကျောက်စိမ်းတုံးကိုပုဆိုးခါးပုံစထဲသို့ထည့်၍ ခြံဝင်းထဲမှထွက်လာခဲ့ကြသည်။
နှစ်ယောက်သားလျှောက်လာရင်းဖြင့် လက်ဖက်ရည်ဆိုင်ရှေ့သို့ရောက်တော့ ဦးမူတူးက’ ရာပြတ်ဦးသန်းမောင်ဆီသို့ဖုန်းဆက်ဦးမည်’ဟုဆိုကာ လက်ဖက်ရည်ဆိုင်ထဲသို့ဝင်သွားသည်။
ခေတ္တအကြာ၌ ဆိုင်ထဲမှပြန်ထွက်လာပြီး ဦးကျော်မြင့်ငြိမ်းကိုပြောပြသည်။
“ကျောက်လာဝယ်ရင် အိမ်ကိုမလာတော့ဘဲ ဆရာ့အိမ်ကိုဘဲလာဖို့ဖုန်းဆက်ပြောလိုက်တာ။လိပ်စာလည်းပြောလိုက်ပြီ”
“အေး။ဒါဆိုလည်းပြီးရော”
နှစ်ယောက်သား ဆက်လျှောက်လာခဲ့ကြသည်။
ဆယ့်ငါးမိနှစ်ခန့်ကြာတော့ ဦးကျော်မြင့်ငြိမ်း၏အိမ်သို့ရောက်လာခဲ့ကြသည်။
အိမ်ထဲတွင် မလှလှသွေးနှင့်မောင်ဖြစ်သူကိုမင်းနောင်သည်တံမြက်စည်းလှဲလျက်ရှိနေသည်။
အဖေဖြစ်သူပြန်ရောက်လာတော့ မလှလှသွေးက
“ဟင် အဖေ့။မနေ့ကတစ်ရက်လုံးပျောက်နေတာ ဘယ်သွားနေတာလဲ”
“ဒီက မူတူးနဲ့တောင်ငူကိုလိုက်သွားတာ။ညအိပ်တော့သူ့အိမ်မှာပဲအိပ်လိုက်တာ”
“အဖေကလည်း သူ့အိမ်နဲ့ဘယ်လောက်မှဝေးတာလည်းမဟုတ်ဘဲနဲ့။နည်းနည်းတော့လာပြောဦးမှပေါ့”
“ငါလည်းပင်ပန်းသွားလို့ပါ။ဪ ပြောရဦးမယ်။အဖေတို့ကျောက်စိမ်းတုံးတစ်တုံးရလာခဲ့တယ်။တောင်ငူကလေ”
ပြောပြီး ဦးကျော်မြင့်ငြိမ်းက ဦးမူတူး၏ပုဆိုးခါးပုံစထဲမှကျောက်စိမ်းတုံးကိုထုတ်ပြလိုက်သည်။
မလှလှသွေးနှင့်ကိုမင်းနောင်လည်း ကျောက်စိမ်းတုံးကိုအသေအချာကြည့်ကြသည်။
ပြီးနောက်
“ဒါကဘယ်လောက်တန်လဲအဖေ”
“သိန်းတစ်ရာလောက်ပေါ့”
နှစ်ယောက်သား ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
ခေတ်ကာလက မဆလခေတ်ဖြစ်သည်မို့သိန်းတစ်ရာဆိုသည့်မှာနည်းသည့်ငွေပမာဏမဟုတ်ချေ။
“ဒါကိုအဖေတို့တောင်ငူကနေ ဘယ်လိုလုပ်ရလာတာလဲဗျ”
ကိုမင်းနောင်ကမေးတော့ ဦးမူတူးက သူကျောက်စိမ်းတုံးရလာပုံကိုအကျဉ်းချုပ်ပြန်ပြောပြလိုက်သည်။
ပြီးနောက်
“ဒီကျောက်စိမ်းတုံးက ဦးလေးရလာတာမှန်ပေမယ့် သမီးတို့ရဲ့အဖေက ဦးလေးရဲ့ကျေးဇူးရှင်ဖြစ်နေတော့ ရောင်းလို့ရလာမယ့်ငွေတွေကိုသူ့ကိုပါတစ်ဝက်ခွဲပေးဖို့လုပ်နေတာပါ”
“ကောင်းတာပေါ့ဗျာ။ကျွန်တော်တို့လည်း ဆင်းဆင်းရဲရဲမနေရတော့ဘူးပေါ့”
ဦးကျော်မြင့်ငြိမ်းက
“ဟုတ်ပါပြီ။ကဲကဲမင်းတို့မောင်နှမ သွားစရာရှိတာသွားကြဦး။အဖေတို့ဒီမှာစကားပြောလိုက်ဦးမယ်”
“ဟုတ်ကဲ့အဖေ”
မလှလှသွေးနှင့်ကိုမင်းနောင်အိမ်ပေါ်မှဆင်းလိုက်ကြသည်။
ကိုမင်းနောင်က
“အစ်မ။ကျွန်တော်လက်ဖက်ရည်ဆိုင်သွားလိုက်ဦးမယ်”
“အေး သွားလေ”
ကိုမင်းနောင်ခြံဝင်းထဲမှထွက်သွားသည်။
မလှလှသွေးကမူ အပြင်မထွက်ဘဲ ကွပ်ပျစ်ပေါ်တွင်သာထိုင်နေလိုက်သည်။
ထိုအခိုက်တွင် နန်းဝတ်နန်းစားနှင့်အမျိုးသမီးကြီးတစ်ယောက်သည် မလှလှသွေး၏အနားတွင်ရုတ်ချည်းပေါ်လာသည်။
အနှီအမျိုးသမီးကြီးကိုမြင်တော့ မလှလှသွေးလည်းမျက်မှောင်ကြုတ်သွားသည်။
(ထိုစဉ်က မလှလှသွေးသည် ဆရာဦးကျော်လှ၏တပည့်အဖြစ်ခံယူကာ ကျင့်စဉ်များကိုကျင့်ရာ၌ နှစ်အနည်းငယ်ကြာလာခဲ့ပြီဖြစ်သည်မို့ ဆရာဉီးကျော်လှကိုယ်တိုင်က မလှလှသွေးအား ပရလောကသားများနှင့်နတ်ဒေဝါများကိုအတန်အသင့်မြင်ခွင့်ပေးထားသည်။)
“ဘယ်ကလာတာလဲ”
မလှလှသွေးကမေးတော့ အနှီအမျိုးသမီးကြီးက
“တောင်ငူကလာတာပါ။ဆရာမလေးရဲ့ဖခင်ဆီမှာရှိနေတဲ့ကျောက်စိမ်းရဲ့အစောင့်ပါ”
မလှလှသွေးစိတ်ဝင်စားသွားသည်။
“အင်း ပြောပါဦး”
“တကယ်တော့အဲဒီလိုကျောက်စိမ်းတွေဟာ ကျွန်မနေရာမှာအများကြီးရှိပါတယ်။ဒီတစ်ခုကိုတော့ကလေးငယ်တစ်ယောက်ကိုသနားလို့ပေးလိုက်တာပါ။ဒါပေမယ့်အဲဒီကလေးကဆရာမလေးဖခင်ရဲ့မိတ်ဆွေက လိမ်ညာတာကိုခံလိုက်ရပါတယ်။ဒီတော့အဲဒီကလေးက ဒီကျောက်နဲ့မထိုက်သေးဘူးလို့ဆိုလို့ရပါတယ်။ပြီးတော့ ကလေးဆီကလိမ်ညာပြီးယူတဲ့အဲဒီလူဆီကိုလည်း ဒီကျောက်စိမ်းကို ကျွန်မအပါမခံချင်ဘူး။ပိုဆိုးတာက ဒီကျောက်စိမ်းကိုလာဝယ်မယ့်သူကလည်း ကလိမ်ကျတဲ့လူဖြစ်နေတယ်”
မလှလှသွေးမျက်မှောင်ကြုတ်သွားသည်။
“ဟင် ဒီကျောက်စိမ်းကိုလာဝယ်မယ့်လူကလည်းကလိမ်ကျတဲ့လူဟုတ်လား”
“ဟုတ်ပါတယ်။အခုသူ့တပည့်သုံးယောက်နဲ့အတူ ကျောက်စိမ်းဝယ်ဖို့လာနေတယ်။ကားထဲမှာငွေအပြည့်ပဲ။ဒါပေမယ့်ငွေထုပ်တွေရဲ့အပြင်ဘက်ကအရွက်တွေကပဲငွေအစစ်တွေ။ကျန်တာတွေကတော့အတုတွေချည်းပဲ။ဒီလိုကလိမ်ကျတဲ့လူရဲ့လက်ထဲလည်း ကျွန်မကျောက်စိမ်းကိုအပါမခံနိုင်ပါဘူး။ဒါကြောင့်ဒီကျောက်စိမ်းကိုကျွန်မပြန်ယူပါမယ်။ဒါကိုဆရာမလေးသိစေချင်လို့ပါ”
“ဪ။ကိုယ့်ဥစ္စာကို ကိုယ်ပြန်ယူတာပဲ။ကျွန်မကိုအသိပေးဖို့မလိုပါဘူးရှင်”
“အသိပေးတယ်ဆိုတာကဆရာမလေးရဲ့အကျင့်၊သီလ၊သမာဓိတို့ကိုရိုလေးစားလို့အသိပေးတာပါ”
ပြောရင်းဖြင့် ထိုအမျိုးသမီးသည် လမ်းမဘက်သို့တစ်ချက်လှမ်းမျှော်ကြည့်လေရင်း
“ဟော ကျောက်စိမ်းဝယ်မယ့်လူတေွလာနေပြီ။ကျွန်မသွားတော့မယ်”
ယင်းသို့ဆိုပြီးနောက် အိမ်ပေါ်သို့လှစ်ခနဲတက်သွားသည်။
မလှလှသွေးလည်း အိမ်ရှေ့ဘက်သို့ လှမ်းကြည့်နေလိုက်သည်။
ခေတ္တအကြာ၌အိမ်ရှေ့သို့ကားတစ်စီးလာရပ်သည်။
ပြီးနောက် ကားပေါ်မှရာပြတ်ဦးသန်းမောင်နှင့်တပည့်သုံးယောက်ဆင်းလာကြသည်။
တဖန်။ဦးကျော်မြင့်ငြိမ်းတို့ကလည်း ကားစက်သံကြားသည်နှင့်တပြိုင်နက် အိမ်ပေါ်မှဆင်းလာကြသည်။
“လာကြဗျာ။နေ့လည်လောက်မှရောက်မယ်ထင်နေတာ။စောသားပဲဗျ”
“ဟုတ်တယ်ဗျ။အခြားခရီးတစ်ခုလည်း သွားစရာရှိသေးတာမို့ ခပ်စောစောလာခဲ့တာ”
“လာလာ အိမ်ပေါ်တက်ကြ”
အားလုံးအိမ်ပေါ်သို့တက်လိုက်ကြသည်။
ယင်းအခိုက်တွင် ကိုမင်းနောင်လည်း ရောက်လာပြန်သည်မို့ မောင်နှမနှစ်ယောက်လည်း အိမ်ပေါ်သို့အတူတက်လိုက်ကြပြန်သည်။
ဧည့်ခန်းထဲသို့ရောက်တော့ ဦးမူတူးက ပုဆိုးခါးပုံစထဲမှကျောက်စိမ်းတုံးကိုထုတ်ပြသည်။
ယင်းအခိုက်မှာပင် နန်းဝတ်နန်းစားနှင့်အမျိုးသမီးကြီးသည် ၎င်းတို့၏အနီးသို့ရောက်လာသည်။
ယင်းအဖြစ်ကို မလှလှသွေး
တစ်ယောက်တည်း သာမြင်နေရသည်။
သို့သော် မည်သို့မှအသိပေးပြောဆိုခြင်းမပြုဘဲ အခြေအနေကိုသာစောင့်ကြည့်နေလေသည်။
ရာပြတ်ဉီးသန်းမောင်ကလည်း ဦးမူတူး၏လက်ထဲမှကေျာက်စိမ်းတုံးကိုယူကာ အသေအချာကြည့်သည်။
ယင်းသို့ကြည့်နေရင်းမှ သူ၏မျက်လုံးအစုံမှာအရောင်တောက်လာသည်။
ထိုအခိုက်မှာပင် နန်းဝတ်နန်းစားနှင့်အမျိုးသမီးကြီးသည် ရာပြတ်ဦးသန်းမောင်လက်ထဲမှကျောက်စိမ်းတုံးကို ‘ဆတ်ခနဲ’ဆွဲယူကာ အိမ်နောက်ဖေးအပေါက်မှဆင်းသွားသည်။
အနှီဖြစ်ရပ်ကြောင့်၎င်းတို့အားလုံးလည်း အံ့ဩထိတ်လန့်ကာ ကျောက်စိမ်းတုံးအနောက်သို့ပြေးလိုက်ကြသည်။
“ဟာ ငါ့ကျောက်။ငါ့ကျောက်ပျံသွားပြီ။လိုက်ဖမ်းကြပါဟ။လိုက်ဖမ်းကြပါဟ”
ရာပြတ်ဦးသန်းမောင်သည် သူရူးတစ်ယောက်နှယ်အော်ပြီး သူကိုယ်တိုင်လည်း ကျောက်စိမ်းတုံးကိုလိုက်ဖမ်းသည်။
သူ၏တပည့်သုံးယောက်နှင့်အတူ ဦးကျော်မြင့်ငြိမ်း။ဦးမူတူတို့ကလည်း ကျောက်စိမ်းတုံးကိုလိုက်ဖမ်းကြသည်။
သို့သော် ကျောက်စိမ်းတုံးသည် ခြံစည်းရိုးပေါ်မှကျော်တကာကာ အပြင်သို့ရောက်သွားသည်။
ဦးကျော်မြင့်ငြိမ်းတို့ကလည်း ခြံစည်းရိုးကိုဖြဲကာ အပြင်သို့ထွက်ပြီး လိုက်ကြပြန်သည်။
ကျော်စိမ်းတုံးသည် တရွေ့ရွေ့ဖြင့်
သရက်ပင်ထိပ်ဖျားအထိမြင့်တက်ကာအဝေးသို့တဖြည်းဖြည်းရွေ့လျား၍ပျောက်ကွယ်သွားတော့သည်။
ထူးဆန်းလှသော အနှီဖြစ်ရပ်ကြောင့် အားလုံးလည်း ကျောက်စိမ်းတုံးပျောက်ကွယ်သွားရာနေရာသို့ မျက်လုံအပြူးသားနှင့်ကြည့်ကြကာ ပါးစပ်အဟောင်းသားဖြစ်ပြီး ကြက်သေသေနေကြတော့သည်။
ယင်းအခိုက်တွင် ရာပြတ်ဦးသန်းမောင်၏မျက်နှာသည် ဝမ်းနည်းရိပ်တို့ပေါ်လာသည်။
ပြီးနောက်ချက်ချင်းဆိုသလို မျက်နှာက ပြုံးစိစိဖြစ်သွားသည်။
အကုန်လုံးကလည်း ကျောက်စိမ်းပျောက်သွားရာနေရာသို့သာအာရုံရောက်နေကြသဖြင့် ရာပြတ်ဦးသန်းမောင်၏မျက်နှာအမူအယာကိုသတိမထားမိကြပါချေ။
ယင်းအခိုက်တွင် ရာပြတ်ဦးသန်းမောင်သည် ရုတ်ချည်းကွေးနေအောင်က တော့သည်။
“ကုန်ပြီ။ကုန်ပြီ။ငါရစရာဘာမှမရှိတော့ဘူး။ကုန်ပြီ။ဟီးဟီးဟားဟားဟား”
၎င်းသည် က နေရင်းဖြင့် ပြောလည်းပြော၊ငိုလည်းငို၊ရယ်လည်းရယ်လုပ်နေလေရာ
ရုတ်တရက်မို့အားလုံးလည်း ထိတ်လန့်သွားကြသည်။
ပြီးနောက်မှ စိတ်ဖောက်သွားမှန်း အကုန်လုံးကသိလိုက်ကြသည်။
ထို့နောက် တပည့်တစ်ယောက်က
“ဆရာ ဆရာ စိတ်ထိန်းဦးလေ”
“ကုန်ပြီ ကုန်ပြီ။အီးဟီးဟီး”
“ဟေ့ကောင်တွေ။ဆရာ့ကိုချုပ်ထားပြီး ကားပေါ်ပြန်တင်ကြရအောင်”
ယင်းသို့ဆိုပြီးသည့်နောက် တပည့်သုံးယောက်လည်း ရာပြတ်ဦးသန်းမောင်ကိုဝိုင်းချုပ်ကာ ကားဆီသို့တရွေ့ရွေ့လျှောက်ကြသည်။
ဉီးကျော်မြင့်ငြိမ်းတို့ကလည်း အနောက်မှလိုက်ပါလာခဲ့ကြသည်။
သို့ဖြင့်အိမ်ရှေ့တွင်ရပ်ထားသည့်လော့ဂျစ်ကားအနားသို့ရောက်တော့ တစ်ယောက်က ကားခေါင်းခန်းထဲဝင်ပြီး စက်နှိုးသည်။
ကျန်နှစ်ယောက်နှင့်ဦးမူတူးတို့က ရာပြတ်ဦးသန်းမောင်ကို ကားအနောက်ဘက်ပေါ်သို့ခက်ခက်ခဲခဲ ဝိုင်းတင်ကြသည်။
ထိုကားအနောက်ဘက်ပေါ်တွင် ပိတ်စအမည်းဖြင့်အုပ်ထားသည့်ငွေစက္ကူထုပ်တွေရှိနေလေသည်။
“မောင်းတော့ဟေ့”
ရာပြတ်ဦးသန်းမောင်ကိုချုပ်ထားကြသည့်နှစ်ယောက်အနက် တစ်ယောက်က လှမ်းအော်ပြောလိုက်တော့ ဒရိုင်ဘာက ကားကိုစတင်မောင်းထွက်သည်။
သို့သော် မလှမ်းမကမ်းနေရာသို့ရောက်ခိုက်မှာပင် ရာပြတ်ဦးသန်းမောင်က ချုပ်ထားသည့်ကြားက ရအောင်ကုန်းထွက်လိုက်ပြီး
“ဒီပိုက်ဆံတွေ ဘာမှလုပ်မရတော့ဘူး”ဟုအော်ဟစ်ပြောဆိုပြီး ပိတ်စအုပ်ထားသည့်ပိုက်ဆံတွေကို သားရေကွင်းတွေဖြည်ပြီး လမ်းပေါ်သို့ပစ်ကျဲလိုက်သည်။
ပိုက်ဆံတွေ လမ်းပေါ်တွင် ပလူပျံသွားသည်။
တပည့်နှစ်ယောက်လည်း ရာပြတ်ဦးသန်းမောင်ကို အသည်းအသန်ပြန်ချုပ်ထားလိုက်ကြသည်။
ကားသည် တဖြည်းဖြည်းဖြင့်အဝေးသို့ရောက်သွားသည်။
ဦးကျော်မြင့်ငြိမ်း ၊ဦးမူတူး ၊မလှလှသွေး
နှင့်ကိုမင်းနောင်တို့သည် ရာပြတ်ဦးသန်းမောင်၏အဖြစ်ကိုသာ စိတ်မကောင်းစွာဖြင့်လှမ်းကြည့်နေကြသည်။
ထိုအခိုက်တွင် လမ်းဘေးရှိအိမ်တွေမှလူတွေလည်း လမ်းပေါ်ပြန့်ကျဲနေသည့်ပိုက်ဆံတွေကို အလုအယက်ဆင်းကောက်ကြသည်။
ထိုအခိုက်တွင် လေတစ်ချက်အဝေ့၌ ပိုက်ဆံတွေက နေရာအနှံ့ဆီသို့လွင့်ပါကြကုန်သည်။
လူတွေကလည်း အပြေးအလွှားလိုက်ကောက်ကြပြန်သည်။
တစ်ချက်တွင်တော့၇၅ကျပ်တန်သုံးရွက်သည် ဦးကျော်မြင့်ငြိမ်းတို့ရှေ့သို့လွင့်
လာသည်။
အနှီ၇၅ကျပ်တန်တွေကိုကြည့်ရင်းဖြင့် သံသယဝင်လာသည်မို့ ဦးကျော်မြင့်ငြိမ်း၊ဦးမူတူးနှင့်ကိုမင်းနောင်တို့လည်း တစ်ယောက်တစ်ရွက်ဆီကောက်ယူပြီး ကြည့်လိုက်ကြသည်။
“ဟင် ပိုက်ဆံက အတုကြီးပါလား”
ဦးမူတူးက တအံ့တဩဖြင့်ရေရွတ်လိုက်ခြင်းဖြစ်သည်။
“ဟုတ်တယ်။ဒီမှာလည်းအတု”
“ဒါလည်းအတု”
ဦးကျော်မြင့်ငြိမ်းနှင့်ကိုမင်းနောင်ကလည်း သူတို့ကောက်ထားသည့်၇၅ကျပ်တန်ကို အသီးသီးပြရင်းပြောလိုက်ကြသည်။
မသက်သက်လွင်ကမူ ကျောက်စိမ်းတုံးကိုစောင့်သည့်အမျိုးသမီးကြီး ကြိုပြောထားခဲ့ရာမှ သိရှိခဲ့ပြီးဖြစ်သည်မို့ ထွေထွေထူးထူးအံ့ဩမနေတော့ဘဲ တစ်ချက်မျှသာပြုံးပြီး အိမ်ထဲသို့ပြန်ဝင်သွားသည်။
၇၅ကျပ်တန်အတုတွေကိုကြည့်ရင်း ဦးမူတူးတစ်ချက်ငိုင်သွားသည်။
ပြီးနောက်
“ဪ တရားကျဖို့ကောင်းလိုက်တာနော်။ကျွန်တော်က ကျောက်စိမ်းတုံးကို ကလေးဆီက လူလည်လုပ်ပြီးယူတယ်။ဝယ်တဲ့လူကလည်း ကျွန်တော့်ဆီကနေ ကလိမ်ကကျစ်ကျပြီး ပြန်ဝယ်ဖို့လုပ်တယ်။နောက်ဆုံးတော့ ဘယ်သူမှမရလိုက်ဘဲ လောဘလွန်ကဲပြီး သတိလွတ်တဲ့သူကပဲ ရူးသွားရရှာတယ်”
ယင်းသို့ရေရွတ်တော့ ဦးကျော်မြင့်ငြိမ်းက
“ကျောက်စိမ်းတုံးကြီးပျံသွားပြီး ဦးသန်းမောင်ရူးသွားတော့ငါလည်းမင်းအတွက်စိုးရိမ်လိုက်ရသေးတယ်။သူ့လိုများဖြစ်သွားဦးမလားဆိုပြီးတော့ပေါ့”
“ကျွန်တော် အဲဒီလိုမဖြစ်နိုင်ပါဘူးဆရာ။ညတုန်းက နန်းဝတ်နန်းစားနဲ့အမျိုးသမီးကြီး ကျောက်စိမ်းတုံးကိုပြန်လာလုကတည်းက တစ်ခုခုဖြစ်တော့မယ်ဆိုတာ ကြိုတွက်ထားပြီးသားပါ။အဲဒီအတွက် ခံနိုင်ရည်ရှိအောင် စိတ်ကိုကြိုတင်ပြီး တင်းထားခဲ့တာပါ”
“အင်း ဒီလိုဆိုတော့လည်း တော်သေးတာပေါ့”
ပြောပြီးသည့်နောက် ဦးကျော်မြင့်ငြိမ်းက အိမ်ထဲသို့ပြန်ဝင်သွားလေရာ ဦးမူတူးနှင့်ကိုမင်းနောင်လည်း အနောက်မှလိုက်ပါဝင်သွားကြလေတော့သည်။
အားလုံးအေးချမ်းပါစေ။
ဆရာဆွေ(တောင်တွင်း)
ဖြစ်ရပ်မှန်
Leave a Reply