ကြိုးစားကြမယ်ကွာ။ အခုတလော ငှက်ကွင်းက ရှားသွားပြီ။ ကျန်တဲ့ ကွင်းဘက်ကို သွားမယ်ဆိုရင်တော့ အခြားသူတွေလက်ချက်နဲ့ ဘယ်လောက်မှ ရမှာမဟုတ်ဘူးနော်…ဒီနေရာတောင် တစ္ဆေရှိတယ်ဆိုလို့ တော်ရုံမလာရဲကြတာမို့ ငှက်ပေါနေတာ”
နှစ်ဦးသား စကား မပြောကြတော့။ အရှေ့က မြင့်နိုင်က ရှေ့ဆက်ထွက်သွားသည်။ ထိုအခါ အနောက်က လှအောင်သည်လည်း သက်ပြင်းတစ်ချက်ကို ခပ်လေးလေး ချကာ ဆက်လက်လိုက်သွားလေသည်။
မကြာမီ သူတို့နှစ်ဦးသည် ဆလားချောင်းနံဘေးဆီကို ရောက်လာကြသည်။
” ယောက်ဖ ဒီမှာ ငှက်ရှိတယ်…”
ခေါ်သံကြောင့် လှအောင် သည် မြင့်နိုင်အနီးကို ခြေအသာဖွလှမ်းပြီး အခြားသူထံ တိုးကပ်သွားသည်။ ပြီးသော် သူ၏ ဓာတ်မီးဖြင့် သစ်ပင်ထက်ဆီကို မီးထိုးကာ ငှက် ရှာဖွေလေ၏။
” ယောက်ဖ…ငါမင်းကို ပြောစရာရှိတယ်”
မြင့်နိုင်က ပြောလိုက်သည်။ လှအောင်က ငှက်ရှာနေရာက လှည့်မကြည့်ဘဲ…
” အေး…ပြောလေ…”
” မင်းနဲ့ ငါ့ မိန်းမ မိဝိုင်းတို့ဖြစ်နေတဲ့ ကိစ္စ…”
” ဟေ…”
မြင့်နိုင်စကားမဆုံးသေး။ လှအောင် အလန့်တကြားဖြစ်သွားပြီး လှည့်ကြည့်လာသည်။ ထိုအခိုက်…မြင့်နိုင်က
” အဲ့ဒီ့ကိစ္စကို ငါက ဟော့ဒီလိုရှင်းချင်လို့…”
မြင့်နိုင်က ရုတ်တရက် လက်ထဲက ဓားဖြင့် လှအောင်ကို ထိုးချလိုက်သည်။
လှအောင် ရှောင်ချိန်မရ။ ဗိုက်ဆီကို ဓားက ထိုးမိလေသည်။
” အ…”
လှအောင် နာကျင်စွာ အော်လိုက်ပြီး အတင်းရုန်းကန်ကာ ပြေးသည်။
” ခွေးမသား…ခွေးကြံကြံတဲ့အကောင်…မင်းကို သေအောင်သတ်ဖို့ ဒီကိုိ ခေါ်လာတာကွ…”
မြင့်နိုင်က သရဲဘီလူးစီးနေသည့်သူပမာ။ အတင်းကာရော အနောက်က ပြေးလိုက်ပြီး မီမိမီရာကို ဓားဖြင့်ထိုးခုတ်သည်။
မကြာ။ လှအောင်မှာ ဒဏ်ရာများကြောင့် ဆက်မပြေးနိုင်တော့ဘဲ ညည်းညူသံများပြုလျက် လဲကျသွားသည်။
ထိုအခါ မြင့်နိုင်သည် နာကျည်းချက်ဖြင့် လှအောင်အပေါ်က ခွစီးလေပြီး ဓားဖြင့် အကြိမ်ကြိမ်ထိုးသတ်လေတော့သည်။
အချိန်မည်မျှပင် ကြာခဲ့သည်မသိ။ မြင့်နိုင် နာကျည်းချက်ဖြင့် အော်ဟစ်ကြိမ်းမောင်ရင်း ထိုးခုတ်နေမိသည်မှာ လှအောင် တစ်ကိုယ်လုံးဆီ၌ အသားအရေတို့သည်ပင် စုတ်ပျက်သတ်ပြီး ရစရာမရှိလောက်အောင်ဖြစ်နေရပြီ။ သွေးတို့ကလည်း နေရာဆီတွင် အိုင်ထွန်းနေလေပြီ။
ထို့နောက် အတန်ကြာသည်အထိ စိတ်ကျေနပ်အောင် ထိုးခုတ်ပြီးသော် မြင့်နိုင်မှာ ဆက်လက်မလုပ်တော့ဘဲ ရပ်တန့်လိုက်လေပြီး
” လှအောင်…သူငယ်ချင်း အချင်းချင်းစည်းဖောက်တဲ့ ခွေးမသား… မင်းနဲ့ထိုက်တန်တဲ့ ငရဲကို ငါအခမဲ့ပို့ပေးလိုက်ပြီ…ထွိ…”
မြင့်နိုင် ပြောဆိုပြီးနောက် လှအေုင် အလောင်းကြ်ိးအနားတွင် ခဏထိုင်ကာ နားသည်။
အမောပြေသော်…အလောင်းကြီးကို တရွတ်တိုက်ဆွဲလေပြီး ခပ်လှမ်းက တလားချောင်းဆီ ဆွဲချသွားကာ စီးနေသော ရေအလျင်ထဲဆီ ပစ်ချ မျောလိုက်တော့သည်။
ချောင်းရေပြင်ဆီတွင် လှအောင်၏ အလောင်းကြီးက ရေအလျင်နှင့်အတူ တရွေ့ရွေ့ မျောပါသွားလေ၏။
ထိုအချိန်၀ယ်… အကယ်၍သာ အလင်းရောင်ရှိနေမည်ဆိုပါက ချောင်းရေပြင်ထက်ဆီတွင် လှအောင်၏ သွေးတို့က ရဲနေပေမည်။
” ဟား…ဟား…ဟား…”
မြင့်နိုင် ကျေနပ်လွန်းစွာဖြင့် အားရပါးရ အော်ဟစ်ရယ်မောလိုက်သည်။ ပြီးနောက်…အဝေးဆီက လှအောင်၏ အလောင်းကြီးကို တစ်ချက်လှမ်းကြည့်လေပြီးနောက် လာလမ်းအတိုင်း ပြန်လည် လှည့်ထွက်သွားလေသည်။
သူထွက်သွားပြီး ခဏအကြာတွင်တော့ သွေးတို့ဖြင့် ရဲပလောင်းခပ်နေသော ချောင်းရေပြင်၏ အလယ်လောက်ဆီက ကြီးမားသော ရေပွက်ကြီးများ ရေပြင်အထက်ဆီကို ပွက်ပွက်၍ ထလာလေတော့သည်။
ထို့အတူ ရေအလျင်တွင် တရွေ့ရွေ့ မျောနေသော လှအောင်၏ အလောင်းကြီးကိုလည်း ရေအောက်ကနေ တစ်စုံတစ်ယောက်က ဆွဲယူလိုက်သည့်အလား ဗြုန်းခနဲ ရေအောက်ဆီ နစ်သွားလေတော့သည်။
ဤသည်ကို ကျောခိုင်းရစ်လေသော မြင့်နိုင်ကတော့ မသိနိုင်ခဲ့ပါမူ…။
* * * * *
အထက်ပါအဖြစ်အပျက်၏ အကျိုးဆက်သည်က ချက်ချင်းလိုလိုပင်။
” ဝု…အူး…အူး…”
ခွေးအူသံတို့က ကျေးကုန်းရွာဆီတွင် တစ်ညလုံးကြားနေခဲ့ကြရသည်မှာ မိုးလင်းလုလုအချိန်အထိ။
” ခွေးတွေ ဒီလောက်အူနေရင်ဖြင့် တို့ရွာမှာ မကောင်းတာတစ်ခုခုဖြစ်တော့မယ်ထင်တယ်…”
သက်ကြီးရွယ်အိုတချို့က မှတ်ချက်ပြုကြသည်။
ထိုညက တစ်ညတာလုံး ရွာထဲက အိမ်များဆီက မည်သူကမှ အပြင်မထွက်ရဲခဲ့ကြ။
နောက်တစ်နေ့ နံနက်ဆီတွင်တော့…။
* * * * * *
” ညက မောင်တိုးဆိတ်ခြံထဲက ဆိတ်တွေပျောက်ကုန်လို့တဲ့…”
” ကိုစိုးအိမ်ကလည်း ၀က်တစ်ကောင်ပျောက်သွားတယ်။ သွေးစသွေးနတွေလည်း တွေ့တယ်တဲ့”
ရွာထဲက တိရိစ္ဆာန်တချို့ ပျောက်ရှသံ။
အိမ်အတော်များများဆီက မွေးမြူထားသည့် တိရိစ္ဆာန်တချို့ ပျောက်ကုန်ကြသည်။ အချို့အိမ်များနံဘေးဆီတွင် သွေးစ၊ အသားစများတွေ့ရလေ၏။ အားလုံးက ညက ခွေးအူသံများနှင့် သက်ဆိုင်မည်ဟုထင်ကြသည်။ သို့သော် ယခုလို ဘာကြောင့်ဖြစ်သည်ဆိုတာကိုတော့ အတိအကျ ဘယ်သူမှအဖြေရှာမရ။
အချိန်က ဆွမ်းခံ၀င်ချိန်၊ နေထန်းတစ်ဖျားခန့်ဆီကို ရောက်ခဲ့ပြီ။ ထိုအချိန်၀ယ်…။
” ချောင်းထဲမှာ ခေါင်းတလားကြီးပေါ်နေတယ်တဲ့…”
တစ်ဦးတစ်ယောက်၏ အော်သံကြောင့် တစ်ရွာလုံး အုတ်အော်သောင်းနင်း။ အားလုံး ရွာနှင့်အတော်လှမ်းလှမ်းဆီက တလားချောင်းဆီကို ပြေးကြည့်ကြသည်။
ဟုတ်ပေ၏။ ချောင်းရေ၏ အလယ်ခေါင်ဆီတွင် ရေညှိအထပ်ထပ်ဖြင့် မည်းညစ်ကာ ပေရေနေလေသော ဆယ်ပေပတ်လည်ခန့်ကျယ်ပေမည့် ကျောက်ခေါင်းတလားကြီး။ အမြင့်ကတော့ ရေထဲက ထိုးထွက်နေသည်ကိုပင် ငါးပေကျော်ခန့်ရှိပေမည်။
သည်လိုအဖြစ်အပျက်မျိုးကို သူတို့တစ်ကြိမ်တစ်ခါမှ မကြုံဖူးကြပြီ။ အားလုံး အံ့အားတသင့်၊ မင်သက်ကြလျက်။
” ညက ဒါကြီးပေါ်လာလို့ ခွေးတွေအူကြတာနေမယ်…”
တစ်ယောက်၏ ထင်ကြေးစကား။ ကြားမိသူတစ်ဦးက
” ဟုတ်တော့ ဟုတ်နိုင်တယ်ကွ၊ ရွာထဲက အကောင်တွေပျောက်တာလည်း ဒါကြီးကြောင့်ပဲ ဖြစ်မယ်…”
ချောင်းကမ်းနံဘေးဆီတွင် တစ်ယောက်တစ်ပေါက် ထင်ကြေးများဖြင့် ကျွတ်ကျွတ်ညံနေကြသည်။
” ဒီခေါင်းတလားကြီးက ဘယ်ကလဲကွာ၊ ဘာလို့များ ပေါ်လာရသလဲ…”
“သူ့ဟာသူ ဘယ်ကပဲ ရောက်လာရောက်လာကွာ။ ရွာကိုတော့ ကောင်းကျိုးပေးမယ်လို့တော့ မထင်ဘူး…”
” ဒါဖြင့်လည်း တစ်နေရာကို ရွှေ့ထုတ်လိုက်ကြတာပေါ့ကွာ…”
” ဟုတ်တယ်ဟေ့…ဟုတ်တယ်။ ရွာနဲ့ ဝေးရာကို ပို့လိုက်တာ အကောင်းဆုံးပဲ…”
သတ္တိကောင်းသော လူငယ်၊ လူကြီးတို့ ခေါင်းတလားကြီးကို တွန်းထုတ်ရန် စုဝေးကုန်ကြပြီး ရေထဲဆင်းဖို့ ပြင်ကြသည်။ ထိုအခိုက်၀ယ်…
” ဟေ့…ဟေ့…မဆင်းကြနဲ့၊ မဆင်းကြနဲ့ အားလုံးနေကြဦး”
အော်ဟစ် တားမြစ်သံကြောင့် အားလုံး ကြည့်မိကြသည်။
” ဟာ…ဘကြီး၀လုံး…”
” အေး…မင်းတို့မဆင်းကြနဲ့ဦး။ အန္တရာယ်ရှိနိုင်တယ်ကွ…”
ဘကြီး၀လုံးက ဆင်းဖို့ပြင်ဆင်နေကြသူတို့ အနားဆီရောက်လာပြီး ပြောသည်။ သူကား ရွာတွင် ဗဟသုတအန်အသင့်ရှိသူ တစ်ယောက်ဖြစ်၏။
” ဘယ်လိုကြောင့်လဲ ဘကြီးရ…”
” အေး…မသင့်ဘူးလို့ ထင်လို့ မဆင်းခိုင်းတာ။ ဒါကြီးနဲ့ ပက်သက်ပြီး မစွန့်စားကြနဲ့ကွ…”
” ဟာ…ဘကြီးကလည်း ဒါကြီးက ရွာကို ခိုက်နိုင်တယ်ဗျ…”
” ဟုတ်တယ် ဘကြီးရ။ ညတုန်းက ရွာထဲမှာ ဖြစ်ပျက်ခဲ့တာတွေက ဒါကြီးနဲ့ ပက်သက်နေတာ အသေအချာပဲ။ ဖျက်ဆီးရင် ဖျက်ဆီး၊ ဖယ်ထုတ်ရင်ဖယ်ထုတ်၊ တစ်နည်းနည်းတော့ လုပ်မှကိုရမှာ…”
လူငယ်တို့ကား တားမရကြပြီ။
ရေထဲဆီကို လေးငါးဆယ်ယောက် တစ်ပြိုင်နက်ထဲဆင်းကုန်ကြပြီး ကျောက်ခေါင်းတလားကြီးဆီကို ရေကူးခတ်သွားကုန်ကြသည်။
ကမ်းပေါ်က လူတို့ကတော့ စိတ်၀င်တစားပင် ကြည့်နေကြသည်။
” ဟာ…ဆွဲ…ဆွဲတယ်။ လုပ်ကြပါဦး…”
ကျောက်တလားကြီးအနားကို ရောက်ချိန် အရှေ့ဆုံးဆီက ရေကူးသွားသည့် ဖိုးအောင်မည်သော ကာလသား၏ အော်သံ။
အော်သံအဆုံးမှာပင် ဖိုးအောင်မှာ တစ်စုံတစ်ရာက ဆွဲချသည့်အလား ဗြုန်းခနဲ ရေအောက်ဆီကို နစ်မြုပ်သွားလေသည်။
” ဟာ…ဖိုးအောင်…”
နီးစပ်ရာ တစ်ယောက်က လှမ်းဆွဲသော် ထိုသူပါ ထပ်မံနစ်မြုပ်ပြန်လေ၏။
အားလုံး အော်ကြဟစ်ကြဖြင့် ရုတ်ရုတ်သည်းသည်းဖြစ်ကုန်ကြ၏။
ရေထဲက သူတို့မှာလည်း နစ်သူကို ဆယ်ဖို့ထက် ကိ်ုယ်လွတ်ရုန်းကာပင် ကမ်းဆီကို အလုအယက်ပြန်ကူးခတ်လာကြကုန်သည်။
ဖိုးအောင်နှင့် နောက်တစ်ယောက်တို့ကား လုံး၀ကို စုံးစုံးမြုပ်ကာ ပြန်ပေါ်မလာတော့ပြီ။ နောက်ထပ် နစ်မြုပ်သူတော့ မရှိခဲ့။
ကမ်းပေါ်ကသူများ ရွာဆီကို ပြန်ပြေးကြသည်။ ရေနစ်သူ ဖိုးအောင်တို့ သားချင်းများကတော့ ကမ်းပါးပေါ်ဆီတွင် အလူးအလှိမ့်ငိုကြွေးကြသည်။
ရေထဲဆီက ခေါင်းတလားကြီးက ချက်ချင်းဆိုသလိုပင် ရွာကို ခိုက်ခဲ့သည်ပင်။
* * * * * *
ညက မှောင်မိုက်နေသည်။
ကျေးကုန်းရွာဆီတွင်တော့ ခွေးအူသံမှအပ အရာအားလုံးတိတ်ဆိတ်ငြိမ်သက်လျက်။
ချောင်းရေထဲဆီက ခေါင်းတလားကြီးနှင့်ပက်သက်ပြီး တစ်ရွာလုံး ထိတ်လန့်ခြောက်ခြားနေကြသည်။
ရွာလမ်းမကြီးဆီတွင် တစ်ဦးတစ်ယောက်မှမရှိ။ တစ်ရွာလုံး အိမ်တံခါးများအလုံပိတ်ကာ အသံပင်မထွက်ကြပြီ။
သက်ကြီးခေါင်းချချိန်ဆီရောက်လာခဲ့သည်။ ခွေးအူသံတို့ကလည်း ခပ်စိပ်စိပ်ပင် ထွက်ပေါ်လာသည်။
ထိုအချိန်…။ ရွာတောင်ပိုင်းရှိ မမြခင်တို့အိမ်ဆီ၌…။
” အမေ…အမေ….”
” ဟဲ့…အငယ်ကောင်…ဘာလဲ…”
နံဘေးက တကြော်ကြော်ခေါ်နေသည့် သားငယ်ကို မမြခင်မေးလိုက်သည်။
” အမေ…သား ဗိုက်နာလို့။ အိမ်သာသွားချင်လို့…”
အငယ်ကောင်၏ ပြန်ဖြေစကားကြောင့် မမြခင် ဇောချွေးပြန်သွားရသည်။ ဖြစ်ချင်တော့ လွန်ခဲ့သည့်ရက်ဆီကမှ ခင်ပွန်းဖြစ်သူကလည်း ခရီးသွားနေသည်။
” ဟင်…ဖအေက မရှိလို့ ခက်နေရပါတယ်ဆို နင်ကတစ်မျိုး၊ ဒီလောက်တစ်ရွာလုံးဖြစ်နေကြတာကို၊ သွားမနေနဲ့တော့။ မီးဖိုချောင်အပေါက်နေပဲ သွားချလိုက်တော့…”
” အမေ လိုက်ကြည့်ပေးလေ…”
” ငါ…ဒီမှာ နင့်ညီမ ပေါက်စနလေးကို နို့တိုက်နေတာလေ။ နင့်အကိုကို ခေါ်သွား”
အကြီးကောင်လေးက မလိုက်ချင်လိုက်ချင်ဖြင့် ညီဖြစ်သူကို မီးဖိုချောင်ဆီ လိုက်စောင့်ပေးသည်။
ညီအကိုနှစ်ယောက် အဆင်ပြေရာ ကြမ်းပေါက်ဆီကနေ သင့်သလိုကိစ္စ ရှင်းနေစဉ် အိမ်အောက်ဆီက…
” ရှပ်…ရှပ်…ရှပ်…”
ခြေသံကြောင့် ညီအကိုနှစ်ယောက် ကြမ်းပေါက်ဆီကနေ ငုံ့ကြည့်လိုက်ကြသည်။
” ဟာ…”
အိမ်အောက် သူတို့ရှိနေရာ တည့်တည့်ဆီမှာ မည်းမည်းအကောင်ကြီး သုံးကောင်။ မျက်လုံးနီနီရဲရဲကြီးတွေဖြင့် သူတို့ကို မော့ကြည့်နေကြသည်။
ညီအကို နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်ကြသည်။ ထို့နောက်တွင်တော့…။
” အား…….”
* * * * * *
ညတုန်းက အဖြစ်အပျက်ကြောင့် မမြခင်တို့ မိသားစု တစ်ညလုံးအိပ်မရခဲ့။
လင်သားကလည်း ခရီးသွားနေသည့်အတွက် မရှိချိန်၊ လာကူသူရယ်လို့လည်း မရှိလေတော့ တစ်ညလုံး ဒုက္ခများစွာဖြင့်။ တော်သေးသည်က အကောင်ကြီးများ အိမ်ပေါ်ဆီတက်မလာခြင်းပင်။
မမြခင်တို့နည်းတူပင် တစ်ရွာလုံးသည်လည်း ထိုနည်းနှယ်နှယ် ကြုံကြရသူများရှိကြသည်။
မည်းမည်းအကောင်ကြီးများကို မြင်မိသူများရှိကြသည်။ အိမ်မွေးတိရိစ္ဆာန်တချို့ ပါသွားခံကြရသည်။
သည်တစ်ကြိမ်တော့ အဖြစ်အပျက်ကို မျက်ဝါးထင်ထင်မြင်ကြရသည့်သူတွေ ရှိလာပြီမို့ တစ်ရွာလုံး သွေးပျက်ကြရ၏။ ချောင်းအတွင်းဆီက ကျောက်တလားကြီးနှင့် ဆက်စပ်နေသည်ကလည်း သေချာသလောက်ရှိလေပြီ။
” ဘယ်လို လုပ်ကြမလဲ၊ အဖြေရှာကြပါဦးဟာ…”
နေ့ခင်းဘက် ရွာလူကြီးအိမ်ဆီတွင် စုဝေးရင်း တိုင်ပင်ကြသည်။
အဖြေကို ရှာနိုင်သူရယ်လို့က မရှိကြ။
သို့ဖြင့် နောက်တစ်ညဆီကို ဆက်ကူးရပေတော့မည်။
ညရောက်လျင် မည်းမည်းအကောင်ကြီးများကို ရင်ဆိုင်ရမည့်အရေးအတွက် အားလုံးရင်တမမဖြင့် ရှိနေကြရတော့သည်ပင်။
* * * * * *
သို့ဖြင့် နောက်တစ်နေ့ နံနက်အစောဆီတွင်တော့…။
လှအောင်တစ်ယောက် ပျောက်ဆုံးနေကြောင်း သူ့မိန်းမ ညွှန့်ခင်ဆီကတဆင့် သတင်းထွက်ပေါ်လာ၏။
” ငှက်ခတ်သွားဦးမယ်ဆိုပြီး ညဘက်ထွက်သွားပြီးကတည်းက ပြန်မလာတော့တာ…”
ညွန့်ခင်က ငိုကြီးချက်မဖြင့် ပြောပြသည်။ ကြားရသူ အပေါင်းတို့ကတော့ လှအောင်ကိုလည်း တလားချောင်းက တစ္ဆေတွေက သတ်ပစ်သည်ဟုသာ အထင်ရှိကုန်ကြလေသည်။ ညွန့်ခင်၏ အိမ်ဆီတွင် ဘာရယ်မဟုတ် လူတို့က တစ်ဦးစ၊ နှစ်ဦးစ စပ်စုကြရင်းစည်ကားလာ၏။ ထိုအခိုက်ဆီတွင်…
” ဒီဘုံဘ၀ ကြုံရဆုံရ အိုလူ့ဘုံလောကီ…ဒဏ္ဍာရီဆန်ဆန်နဲ့ ဟိုရှေးရှေးက ရာဇ၀င်ရယ်၊ သတ်စေရည်ညွှန်းသူတို့ကို ပြည့်ရှင်မင်းရဲ့ အမိန့်နဲ့ကွယ်၊ ကျောက်တလားဆီမှာ ရာသက်ပန် ချုပ်နှောင်ထားလို့ရယ်။ သွေးစီးကြောင်းနဲ့ သူတို့ လွတ်ဖို့ကို ကြံရွယ် ကျိန်စာတိုက်ခဲ့လေသလားကွယ်…ကျိန်စာတိုက်ခဲ့လေသလားကွယ်…အိုဘယ့်…ခက်ပြီ ခက်ပြီ အို…လောကီရယ်…”
မကြားဖူးသောသီချင်း။ အများယူဆချက်အရ စိတ်ထင်ရာကို သီချင်းစပ်ဆိုရင်း ရွာဆီကို ၀င်ရောက်လာသည့် သူရူး။
အသံက ပြာတာတာ၊ ရှတတ။ ပုံဟန်က ဆံပင်စုတ်ဖွား၊ အ၀တ်အစားက ပေရေစုတ်နွမ်းနေသည့်အပြင် အိတ်ကြီးတစ်လုံးကိုလည်း လွယ်ပိုးထားသေးလေ၏။
စုဝေးနေသော ရွာသူရွာသားတို့၏ အာရုံက သူရူးထံဆီတွင် ရောက်ရှိကုန်ကြသည်။ သူရူးက ညွန့်ခင်၏ အိမ်ရှေ့တည့်တည့်ဆီတွင် ရပ်တန့်လိုက်လေပြီးနောက် ခဏအကဲခတ်သလိုကြည့်ကာ ခြံထဲဆီကို လှမ်း၀င်လာလေ၏။
” အို…ကလေးမ၊ နင့်ယောက်ျားလှအောင်တော့ သစ္စာဖောက်လို့ သေရှာပြီကော…”
ငိုကြွေးနေသည့် ညွန့်ခင်ကို စေ့စေ့ကြည့်ရင်း ပြောလာသည့် သူရူးစကား။
” ဟေ့…အရူး…သူများတကာ စိတ်ညစ်နေရတာကို ခင်ဗျား ဘာတွေလာပြောနေတာလဲ…”
ညွန့်ခင်၏ မောင်ဖြစ်သူ စိန်မောင်က သူရူးကို ငေါက်ငမ်းလိုက်သည်။ သို့သော် သူရူးက
“ဟီ…ဟီ…ဟီ…ထားပါတော့လေ၊ ဒီကိစ္စက ငါသူတော်နတ်သားလေးနဲ့ မဆိုင်ဘူး။ ငါသူတော်လေးရဲ့ လာရင်းက ဒီရွာကို ညဘက်ညဘက် ၀င်လာပြီး သောင်းကျန်းနေတဲ့ မကောင်းဆိုးရွာတွေကို ဖယ်ထုတ်ပေးဖို့ဆိုတော့ ဒီကိစ္စကို မသိချင်ယောင်ဆောင်နေပေးလိုက်မယ်…”
သူရူးက ပြီတီတီမျက်နှာပေးဖြင့် သူ့ဘာသာရေရွတ်၏။ ကြားရသူအပေါင်းတို့ထံကတော့ ဤကို စိတ်မ၀င်စား၊ ဂရုမထားနိုင်ကြပြီ။
စိန်မောင်က ဒေါသဖြင့် သူရူးကို ရိုက်ပုတ်ရန် ရှေ့တိုးသည်။ ဤကို အားလုံးက ဝိုင်းထိန်းသိမ်းရလေ၏။
” ဒီလူဗျာ…ရူးတာကိုယ့်ဘာသာ လွတ်လွတ်ကင်းကင်းမရူးဘူး။ သူများကို စိတ်ဒုက္ခလာပေးနေတယ် တောက်…”
” ထားလိုက်ပါ စိန်မောင်ရာ။ သူ့ဘာသာ ရူးနေလို့ လျောက်ပြောတာပါကွာ။ နေပါစေ၊ ငါတို့ ချော့မော့ပြီး ပြန်လွှတ်လိုက်ပါ့မယ်…”
ထိန်းသိမ်းသူတချို့၏ အပြော။ ဤကို သူရူးက
” အို လူသားတို့…သင်တို့ တယ်ခက်တာပဲ။ ငါသူတော်ကို သင်တို့ မယုံဘူးပေါ့။ ဒါဖြင့်လည်း သင်တို့ကို ချောင်းထဲမှာ ပေါ်နေတဲ့ ကျောက်တလားကြီးအကြောင်းပြောပြတာပေါ့လေ…ဟီ…ဟီ…ဟီ…”
” ဟာဗျာ…တော်ပါတော့ဗျာ။ ဒီမှာ အဲ့ဒီ့ကျောက်တလားကိစ္စနဲ့ တစ်ရွာလုံး စိတ်ညစ်နေကြရတဲ့အထဲ၊ ခင်ဗျား ပြန်ပါတော့ဗျာ”
စိတ်မရှည်တတ်သော ကာလသားတစ်ဦးက သူရူးကို မောင်းထုတ်လိုက်သည်။ ထိုအခိုက်…
” ဟေ့…နေကြစမ်း…”
အသံနှင့်အတူ ခြံဝိုင်းထဲဆီကို ၀င်လာသည်က တစ်ရွာလုံးက လေးသားကြရသည်ဆိုလေသော ဘကြီး၀လုံး။ အနားရောက်လာသောအခါ ဘကြီး၀လုံးက
” မင်းတို့နှယ်…တယ်ခက်ချေတာပဲ။ တိုက်ဆိုင်လို့ ရောက်လာတဲ့ ကယ်တင်မယ့်သူတစ်ယောက်ကို နှင်လွှတ်နေကြတယ်…”
ဘကြီး၀လုံးက ရွာသာတို့ကို ငေါငါက်ငမ်းပြီး သူရူးဘက်ဆီကို ကြည့်လိုက်ကာ…
” ကဲ…ဒီက ကြွရောက်လာတဲ့ ဆရာသူတော်ခင်ဗျာ ကျုပ်တို့ရွာကို ကူညီပေးပါ…”
ဘကြီး၀လုံးစကားကြောင့် လူအုပ်ဆီက ကန့်ကွက်လိုသည့် အသံတချို့ တီးတိုးထွက်ပေါ်လာခဲ့သော်လည်း ပြောင်ပြောင်တင်းတင်း ပြောဝံ့သူတော့မရှိ။ ဘကြီး၀လုံးက သူရူးကို နေရာထိုင်ခင်းပေးလေသည်။ ထို့နောက်…
” အခုရက်ပိုင်းအတွင်းကိုပဲ ကျုပ်တို့နားက ချောင်းဆီမှာ ခေါင်းတလားကြီးပေါ်လာပြီး ရွာကိုခိုက်လို့ လူတွေ၊ တိရိစ္ဆာန်တွေ သေနေကြတာ။ ဒါနဲ့ ပက်သက်ပြီး အခုပဲ စာပေကျမ်းဂန်တွေကို လိုက်လေ့လာကြည့်နေခဲ့တာ။ အဖြေကတော့ အခုထိမရခဲ့သေးဘူး။ ဒီက ဆရာသူတော်က သိတယ်ဆိုတော့ ပြောပြပေးပါလား…”
ဘကြီး၀လုံး တောင်းဆို၏။ ထိုအခါတွင် သူရူးက တည်ငြိမ်စွာဖြင့်
” အင်း…ဒီအကြောင်းကို ငါသူတော်လေး သိသမျှပြောပြရရင်တော့… ဟိုး…ကုန်းဘောင်နိုင်ငံတော်ဆီတုန်းက ဒီနေရာကို အပိုင်စားရထားတဲ့ နယ်စားတစ်ဦးနဲ့ သူ့မိသားစုတွေကို နန်းတွင်းအရှုပ်တော်ပုံတွေနဲ့ ပက်သက်ပြီး ဘုရင်နဲ့ သူ့မိဖုရားက ဒီနေရာမှာတင်ပဲ ကွပ်မျက်စေခဲ့တယ်။ နောက်တော့ သူတို့ကို ရာဇအာဏာနဲ့ အလောင်းကော ဝိဥာဉ်ပါ ချုပ်နှောင်ပြီး ကျောက်တလားကြီးထဲထည့်လို့ ချောင်းဆီမှာ မြှုပ်နှံထားခဲ့တာပဲ…”
သည်တစ်ကြိမ်တော့ အားလုံးက သူရူး၏ စကားကို စိတ်၀င်စားကာ ငြိမ်သက်လျက် နားထောင်နေကြသည်။
” မြှုပ်နှံစဉ်မှာ သူတို့အတွက် လွတ်မြောက်ဖို့ လမ်းစပေးခဲ့တာရှိတယ်။ အဲ့ဒါက ခေါင်းတလားကို သွေးခ’ရင် အလိုလိုလွတ်မြောက်မယ်ဆိုတဲ့ ကျိန်စာပဲ။ အခု ဒီအိမ်ရှင် လှအောင်က အသတ်ခံရပြီး ချောင်းထဲအမျှောခံရတာမှာ သွေးထိပြီး ခေါင်းတလားပွင့်သွားခဲ့ရတာ”
” ဟာ…”
” အို…”
အာမေဋိတ်သံများ။ သူရူးကတော့ အခုနကနှင့် လုံး၀မတူခြားနားစွာ တည်ငြိမ်လွန်းနေသည်။
” ပွင့်ပွင့်ချင်း သူတို့ဟာ တစ္ဆေသက်တမ်းကလည်းရင့်၊ ပိတ်လှောင်ခံထားရတာကလည်း ကြာခဲ့တာမို့ ဆာလောင်လွန်းတဲ့အတွက် လူကော တိရိစ္ဆာတွေကိုပါ ဖမ်းစားနေတော့တါပဲ…”
ဘကြီး၀လုံးက ခေါင်းကို ညိတ်သည်။ ပြီးလျင်…
” ဘာဖြစ်တယ်ဆိုတာတော့ ဆရာသူတော်ပြောပြလို့ နားလည်ပါပြီ။ ဒါပေမယ့် လှအောင်က အသတ်ခံရတယ်ဆိုတော့…သတ်သူကကော ဘယ်သူလဲ…”
” ဒီကိစ္စတွေ ဖြေရှင်းပြီးရင် သတ်သူက အလိုလိုပေါ်လာလိမ့်မယ်။ ဒီညကိုတော့ မကောင်းဆိုးရွားတွေကို နှင်ထုတ်ဖို့အတွက် အားလုံးဝိုင်း၀န်းပြီး လုပ်ကြရမယ်။ မလုပ်ရင် ရွာနာလိမ့်မယ်”
သူရူး၏ စကားကို သည်တစ်ကြိမ်တော့ အားလုံးက ခေါင်းညိတ်လက်ခံကုန်ကြလေ၏။
* * * * * *
ညက တိတ်ဆိတ်လွန်းနေသည်။
ထိုအချိန် ကျေးကုန်းရွာဆီတွင်တော့ တိတ်တဆိတ်လှုပ်ရှားသွားလာနေကြသော လူတချို့။ သူရူးနှင့် ရွာကာလသားများ။
အားလုံးသည် သူရူး၏ အစီအစဉ်အတိုင်း အိမ်ဆီက လူများကို အိမ်ထဲက အိမ်ပြင်မထွက်ကြဖို့ လိုက်မှာကြရပြီး အိမ်တိုင်းအိမ်တိုင်း ဆီတွင်လည်း ချည်ကြိုးတိုလေးများ လိုက်လံကာ စည်းနှောင်ပေးနေကြရလေ၏။ သူရူးကတော့ ကြိုးတစ်ချောင်းချည်လေတိုင်း မန္တာန်တစ်ပုဒ်ကို တီးတိုးရွတ်ဆိုကာ နေလေသည်။
တစ်ရွာလုံးကို စီမံပြုလုပ်ပြီးသော် အချိန်က အတော်ပင်လင့်ချေပြီ။ ထိုအချိန်၀ယ် ရွာအပြင် တလားချောင်းဘက်ဆီက ခွေးအူသံများ ထွက်ပေါ်လာသည်။
” အားလုံးပဲ…စီစဉ်ထားတဲ့ နေရာတွေဆီမှာ ပုန်းနေလိုက်ကြတော့။ ငါသူတော်ဆီက အချက်ပြတာနဲ့ တီးစရာတွေကို တီးပြီး ပြေးလာခဲ့ကြတော့…”
ကာလသားတို့၏ လက်ထဲဆီတွင် အသံမြည်အောင် တီးခတ်နိုင်သော ဝါးလက်ခုပ်၊ ကြေးမောင်း စသည့်ပစ္စည်းတို့က အဆင်သင့်ပင်။ ထိုပစ္စည်းများအားလုံးကို ညနေကတည်းက သူရူးပေးသော ချည်ကြိုးလေးများ ချည်နှောင်ထားကြလေ၏။
” ကဲ…သွားကြတော့…”
ကာလသားတို့ သတ်မှတ်နေရာ အသီးသီးဆီကို ထွက်သွားကြကုန်သည်။ သူတို့ထွက်သွားပြီးနောက်တွင်တော့ သူရူးသည်လည်း ရပ်နေရာဆီကနေ မန္တာန်တစ်ပုဒ်ရွတ်ဆိုကာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့လေပြီ။
* * * * * *
ရွာအပြင်က ခွေးအူသံများက ရွာထဲဆီကို ရောက်ရှိလာပြီး မကြာမီတွင် ရွာလမ်းအတိုင်း မည်းမည်းအကောင်ကြီးများ ၀င်လာကြလေပြီ။
ရွာထဲရောက်သည်နှင့် မည်းမည်းအကောင်ကြီးတို့သည် အိမ်များထံကို အသီးသီး ၀င်ရောက်ကြလေ၏။ သို့သော်…ခြံစည်းရိုးတိုင်၊ အိမ်တိုင်များဆီကို ရောက်သည်နှင့် ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ဝုန်းခနဲအသံနှင့်အတူ အပြင်ဆီကို ပြန်လည် လွင့်စင်လာကြကုန်လေသည်။
” ဟမှး…ဟမှး…”
အိမ်များဆီကို ခါတိုင်းလို အလွယ်တကူ ၀င်မရသည်မို့ အကောင်ကြီးများ ဒေါသကြီးစွာဖြင့် အော်ဟစ်ကြသည်။ ပုန်းအောင်းနေကြသည့် ကာလသားများ၊ အိမ်ထဲဆီက ချောင်းကြည့်နေကြသူတို့ကား မကောင်းဆိုးရွားတို့၏ အဖြစ်အပျက်ကို အလုံးမြင်နေကြရသည်။ သူရူးကိုတော့ သူတို့မမြင်ကြရသေး။
အိမ်များဆီကို ၀င်မရကြသည်မို့ အကောင်ကြီးများမှာ ဒေါသတကြီးအော်ဟစ်ကြရင်း တစ်နေရာဆီတွင် စုဝေးကုန်ကြလေပြီ။ ထိုအခိုက်တွင် သူရူးသည် သစ်ပင်တစ်ပင်၏ အနောက်ဆီက ခုန်ထွက်လာလေပြီးနောက်…
” လိုက်ကြတော့ဟေ့…တီးကြတော့ဟေ့…”
ဟု ခုန်ပေါက်ရင်း ထအော်တော့ငည်။
မကောင်းဆိုးရွားကောင်တို့မှာ သူတိူ့နှင့် ခပ်လှမ်းလှမ်းဆီက ရုတ်တရက် ထွက်ပေါ်လာပြီး အော်ဟစ်နေသည့် သူရူးကို ကြောင်အမ်းပြီး ကြည့်မိနေကြစဉ် ကာလသားတို့ ထုထောင်းတီးခတ်လေသည့် သံစုံအတီးသံများက ထွက်ပေါ်လာလေသည်။
” အူး…ဝူး…”
” အား…အီး…”
မကောင်းဆိုးရွားတို့မှာ အသံဗလံများကို နားမခံနိုင်သည့်အလား။ နားနှစ်ဖက်ဆီကို လက်ဖြင့်အုပ်၍ ခြေဦးတည့်ရာကို ထွက်ပြေးကြလေပြီ။
ပြေးရင်းဖြင့် ခြံသည်းရိုးများဆီကို ၀င်တိုးမိကြသည့် မကောင်းဆိုးရွားတို့မှာ ရုတ်တရက် ထွက်ပေါ်လာသည့် ရွှေရောင်အလင်းတန်းတို့ကြောင့် ၀င်မရကြပြီ။
သို့ကြောင့် တစ်ဖက်ဆီသို့သာ စုဝေးပြေးကြရင်း ရွာလမ်းအတိုင်းဆီသို့သာ ပြေးမိကုန်ကြသည်။
ကာလသားတို့က အနောက်ကလိုက်သည်။ မကောင်းဆိုးရွားတို့က အရှေ့ကပြေးသည်။ ပြေးရင်းဖြင့် တချို့အကောင်တို့၏ ဦးခေါင်းများမှာ မြေဆီသို့ပြုတ်ကျ၏။ ဖရိုဖရဲဖြင့် ပြန်လည်ကာ ကောက်တပ်ကြရသည်မှာ အဆင်မပြေကြ။
တဖြေးဖြေးဖြင့် ရွာအနောက်ဘက်ထိပ် လမ်းကျဉ်းရာဆီကို ရောက်လေသော် မကောင်းဆိုးရွားကောင်တို့၏ အရှေ့ဆီတွင် သူရူးက ရောက်ရှိကာ ရပ်နေခဲ့လေသည်။
မကောင်းဆိုးရွာတို့သည် နံဘေးတွင်လည်း စည်းရိုးများဖြင့် ပိတ်ကာထားသည်ဖြစ်ရာ ဘယ်ကို ပြေးရမယ်မသိ၊ ပြေးလမ်းပိတ်ခဲ့ပြီ။ လမ်းလယ်ခေါင်ဆီတွင် ရုန်းရင်းဆန်ခတ်ဖြင့် လွတ်လမ်းကို ရှာကြသော်ငြား အချည်းနှီးသာ။
” နယ်စားမင်း ဦးဘိုးအို…”
သူရူး၏ စကားသံထွက်ပေါ်လာသည်နှင့် မကောင်းဆိုးရွာကောင်များ၏ အထဲဆီက အားလုံးထက် ခေါင်းတစ်လုံးသာအောင် အရပ်မြင့်သော တစ်ကောင်သည် သူရူးကို ကြည့်လာ၏။ ထိုအချိန် ဘကြီး၀လုံး၏ အချက်ပြမှုကြောင့် ကာလသားတို့ထံက တီးခေါက်သံများ ရပ်တန့်သွား၏။
” သင်နဲ့ သင့်မိသားစု နောက်လိုက်အပေါင်းအပါများ မတရားခံခဲ့ရတယ်။ နှစ်ပေါင်းများစွာ ပိတ်လှောင်ခံခဲ့ရတယ်။ ဆာလောင်မွတ်သိပ်မှုဒဏ်ကို သင်တို့ခံစားခဲ့ရတယ်။ တကယ်တော့ ဒါတွေက လွန်ခဲ့ပြီးဖြစ်တယ်။ အခု သင်တို့လွတ်မြောက်ပြီ။ ဖက်တွယ်ချင်စရာမကောင်းတဲ့ ဘဝြကီးကနေ သာဓုအနုမောဓနာခေါ်ဆိုပြီး လွတ်မြောက်ခွင့်ရှိနေပြီ။ ဘာကြောင့်များ မိုက်မဲနေဦးမှာလဲ…”
နယ်စားဘိုးအိုဟု ယူဆရသည့် မကောင်းဆိုးရွားကောင်ကြီးမှာ ခေါင်းငိုက်စိုက်ကျသွားခဲ့သည်။
ပြီးနောက် သူရူးထံဆီတွင် ဒူးတုပ်ကာ ထိုင်ချလိုက်၏။ နယ်စားဘိုးအိုထ်ိုင်သော် ကျန်မကောင်းဆိုးရွားတို့သည်လည်း လိုက်ပါ ဒူးတုပ်ကြကုန်၏။
သူတို့အားလုံး ကျွတ်ရာ၊ လွတ်ရာဆီကို သွားလိုကြသည့်အတွက် သူရူးထံ အညံ့ခံကြလေပြီ။
“ဘကြီး၀လုံး…သူတို့တတွေက နှစ်ပေါင်းများစွာ စားရသောက်ရမဲ့ခဲ့ရတဲ့ ဆာလောင်မှုကြောင့် မမှားသင့်တာ မှားကုန်ကြရတာပါ။ ဒါကြောင့် သူတို့ ကျွတ်လွတ်စေဖို့ သင်တို့ ပါရမီဖြည့်ပေး၊ ကုသိုလ်ပြုပေးနိုင်ကြမလား…”
ဘကြီး၀လုံးသည် ခဏတာ စဉ်းစားသွားရလေ၏။ ဤကိစ္စကား သူတစ်ကိုယ်တည်းဖြင့် ဆူံးဖြတ်၍ မရနိုင်ပြီ။
” ရတယ်ဗျို့…”
” ဟုတ်တယ်။ သူတို့ကို ကျုပ်တို့ ကုသိုလ်ပြုပေးကြမယ်…”
ကာလသားတို့ထံက အသံ။ ဘကြီး၀လုံးသည်ပင် ဖြေစရာမလိုတော့။ နယ်စားဘိုးအိုတို့သည် ၀မ်းသာစွာပင် ကာလသားများထံကို ကြည့်လိုက်ကြလေသည်။
ထို့နောက်တွင်တော့ သူရူးက…။
” ကဲ…ဒါဖြင့်လည်း ဦးဘိုးအို၊ သင်နဲ့ သင့်အပေါင်းအပါတွေကို ရွာကနေ စုပေါင်းကုသိုလ်ပြုပေးကြလိမ့်မယ်။ အဲ့ဒီ့နေ့ကျရင်တော့ အမျှအတန်းကို ရအောင်ယူချေတော့…အခုတော့ သင်တို့နေရာကနေ လာရောက်ဖိတ်ကြားမယ့်အချိန်ကို စောင့်ဆိုင်းနေရစ်ကြပါ…”
သူရူး၏ စကားအဆုံးတွင်တော့ နယ်စားဘိုးအိုနှင့် အပေါင်းအပါများသည် ကြည့်နေရင်းကပင် အခိုးအငွေ့များသဖွယ် ကွယ်ပျောက်သွားကြကုန်လေ၏။
” ကဲ…ဘကြီး၀လုံး သူတို့ကို ပေးထားတဲ့ ကတိကိုတော့ တည်ပါစေ…”
သူရူးက ဘကြီး၀လုံးကို ပြောပြီးသည်နှင့် တစ်ဖက်ဆီကို ကျောခိုင်းလှည့်ထွက်သွားလေ၏။
ထိုအချင်းအရာကြောင့် ဘကြီး၀လုံးနှင့် ကာလသားတို့မှာ ထိတ်ထိတ်ပြာပြာဖြစ်ကုန်ကြရပြီး
” ဟို…ဟို…ဆရာသူတော် ခဏနေပါဦး…”
သူရူး၏ ခြေလှမ်းများ ရပ်သွားပြီး တစ်ချက်လှည့်ကြည့်လာသည်။ သူ၏ မျက်နှာသည်က အခုနက တည်ကြည်မှုများ လုံး၀မရှိတော့ဘဲ စပ်ဖြဲဖြဲမျက်နှာပေးဖြင့်
” အို…ဘယ်နှယ့် ဆရာသူတော်ရမလဲ၊ ငါသူတော်က နတ်သားလေး၊ နတ်သားလေးကွယ့်။ ဟုတ်တယ်…မှတ်ထားကြ နတ်သားလေး၊ အဟေးဟေး…နတ်သားလေး…ဟီ..ဟီ…ဟီ…”
ပါးစပ်က တောင်စဉ်ရေမရ စကားတို့ကို ကရားရေလွှတ်ပြောလာသည်။ ထို့နောက် နေရာဆီကနေ အားလုံးကို ကျောခိုင်းကာ ပြေးထွက်သွားလေတော့၏။
* * * * * *
အချိန်နှစ်ရက်ခန့်အကြာတွင်တော့…။
ဘကြီး၀လုံး၏ ဦးဆောင် စီမံမှု၊ ရွာသားအများ၏ ကောင်းမှုတို့ဖြင့် ပြုလုပ်သော တလားချောင်းမှ နယ်စားဘိုးအိုနှင့် အပေါင်းအပါ တစ္ဆေများကို ရည်စူးသည့် ဆွမ်းသွတ်လှူဒါန်းမှု။
အကျွေးအမွေးတွင်လည်း နယ်စားဘိုအိုတို့ကို ဖိတ်ကြားကျွေးမွေးခဲ့သလို တရားတော်နာရန်ကိုလည်း ဖိတ်ကြားကြ၏။
နေ့ခင်းဘက်ဖြစ်သည်မို့ နယ်စားဘိုးအိုတို့ကို ယခင်ညများကလို အကောင်အထည်များအဖြစ်တော့ မမြင်ကြရ။ ရောက်ရှိကြောင်းကို အခြားနည်းနာတစ်ခုဖြင့် သက်သေပြုကြရသည်။
တရားတော်ဟောကြားမှုပြီးဆုံး၍ သာဓုခေါ်ဆိုချိန်တွင်တော့ တရားနာပရိတ်သတ်တို့အကြားဆီက သြရှသောအသံကြီးဖြင့် သာဓုခေါ်ကြသည်ကို အားလုံးကြားကြရလေ၏။
ထို့နောက်တွင်တော့ ပြုဖွယ်ကိစ္စတချို့ကိုပြုလုပ်လေပြီးနောက် အလှူအတန်းကိစ္စကားပြီးဆုံးခဲ့လေပြီ။
ထိုမှသည် နောက်တစ်နေ့ဆီတွင်တော့ တလားချောင်းဆီက ရေပေါ်ပေါ်နေသော ကျောက်တလားကြီးမှာ ထူးဆန်းစွာပင် ပြန်လည် ကွယ်ပျောက်သွားခဲ့လေပြီ။
တစ်ပါတ်ခန့်အကြာတွင်တော့ လှအောင်ကို သတ်သည့်အမှုကို တရားခံဖြစ်သူ မြင့်နိုင်ကိုယ်တိုင်က ၀န်ခံလာလေ၏။
ထို့ကြောင့်ပင် ဘကြီး၀လုံးတို့မှာ မြင့်နိုင်ကို တရားစီရင်နိုင်ရန် ဆက်လက်ဆောင်ရွက်ကြရပြန်သည်။
သို့ဖြင့် ကိစ္စဝိစ္စများအလုံးစုံ ပြီးဆုံးခဲ့လေသော်…။
ကျေးကုန်းရွာက ရွာသူရွာသားတို့သည်လည်းကောင်း၊ ကာလသားတို့သည်လည်းကောင်း၊ ဘကြီး၀လုံးငည်လည်းကောင်း အားလုံးသည်က အရူးသူတော်ကို သတိရမိကြရသလို၊ အရူးသူတော်နှင့်အတူ နယ်စားဘိုးအိုတစ္ဆေတို့ကို ရွာဆီကနေ ခြောက်လှန့်မောင်းထုတ်ခဲ့ကြဖူးသည့် အဖြစ်အပျက်ကိုလည်း ပြန်လည်အမှတ်ရနေကြလေတော့သည်။
ပြီးပါပြီ။
အမှားရှိက ၀န္တာမိပါခင်ဗျာ🙏🙏🙏
နောင်ရိုး( ဆေးတပ်)
Leave a Reply