ရေချိုးလိုက်ကာမှပဲ နေသာထိုင်သာရှိကာ လန်းဆန်းသွားရတော့သည်။ ကျွန်တော်တို့ ရေချိုးပြီးချိန်၀ယ် ကိုစောမောင်တစ်ယောက်လက်ထဲတွင် ပုလင်းငါးလုံးကို ပွေ့ပိုက်လျှက် ရွာထဲမှပြန်ရောက်လာလေတော့၏။
ညအခါတွင်မတော့ ကိုစောမောင်၏ အိမ်ရှေ့ကွက်လပ်ဆီတွင် ဝိုင်းပြင်လိုက်ကာ ခပ်လှမ်းလှမ်းတွင် မီးဖို၍ ကိုစောမောင်ရရှိထားသော ၀က်သားကျပ်တင်ကို ကင်တစ်ခါ၊ ကြော်တစ်လှည့်၊ ချက်တစ်ဖုံဖြင့် ပြုလုပ်ပြီး တောချက်ကလေးဖြင့်မှီဝဲကာ ဆက်ရက်မင်းစည်းစိမ် ကိုသုံးဦးသား အညီအမျှ ဖလှယ်ရယူ ခံစားနေလိုက်ကြ၏။ ချိုဆိမ့်ဆိမ့် တော၀က်သား၏ အရသာသည် အိမ်မွေး၀က်များ၏ အသားကဲ့သို့ ပွယောင်းယောင်းမရှိပဲ စေးပိုင်ကျစ်လစ်ကာနေသည်မို့ အလွန်စားကောင်းပေသည်။ ကျွန်တော်တို့အတွက်တော့ တောချက်နှင့် တော၀က်သား လိုက်ဖက်စွာ ပနံတင့်နေရပေ၏။ သောက်ရင်းစားရင်းဖြင့် အနည်းငယ် ရေချိန်ကိုက်လာသောအခါ ကျွန်တော်မှ
“ကဲ…ကိုစောရေ….ကျွန်တော့်တပည့်ကျော်စိုးလေးက….အခုမှ ပထမဦးဆုံးအတွေ့အကြုံဗျ…အဲ့ဒီတော့…တောရဲ့အတွေ့အကြုံနဲ့….အခုသွားရမယ့်…လိပ်ပြာတောင်ကြောရဲ့…ဆောင်ရန်ရှောင်ရန်လေးတွေ ပြောပြပေးထားပါဦးဗျာ…..”
ကျွန်တော့်ရဲ့ မေတ္တာရပ်ခံတောင်းဆိုမှုကြောင့် ကိုစောသည် စိုးလေးအား တစ်ချက်မျှစိုက်ကြည့်လိုက်ကာ
“အင်း….ငါပထမဆုံး….လိပ်ပြာတောင်အကြောင်းကိုပြောပြမယ်…..”
စိုးလေးလည်း ကိုစောဆီမှ ဆက်လက်ထွက်ပေါ်လာမည့်စကားတို့ကို အငမ်းမရမျှော်လင့်လျှက်ရှိသည်မို့
“ဟုတ်ကဲ့…..ဆရာစော….”
ဟုထောက်ခံလိုက်လေ၏။ စိုးလေး၏ ထောက်ခံစကားကြောင့် ကိုစောအနည်းငယ် ပြုံးလိုက်ပြီး ခေါင်းကိုခါရမ်းလိုက်ကာ
“ရတယ်….ငါ့ကို မင်းဆရာခေါ်သလို ကိုစောလို့ပဲခေါ်….ငါကတော့…တောသားမို့ စကားကို အဆင်ချောအောင် မပြောတတ်ဘူး…..”
“ဟုတ်ကဲ့ကိုစော…..”
စိုးလေး၏ အခေါ်အဝေါ်ကြောင့် ကိုစောကျေနပ်သွားကာ
“အေး….လိပ်ပြာတောင်က နယ်မြေတော့ကြမ်းတယ်ကွ….သူနေရာမှာ အမှားအယွင်းလုပ်လို့မရဘူး….တစ်ခါက…ငါတို့ရွာရဲ့ ဟိုးဘက်တစ်ရွာကျော် တဲကုန်းရွားက တင်အေးဆိုတဲ့ ဝါးခုတ်သမားတစ်ယောက်….လိပ်ပြာတောင်မှာ ဝံကုတ်ခံရပြီး သေခဲ့ဖူးတယ်ကွ….အဲ့ဒီလူက လူ့ကန့်လန့်လေ….တောင်ပေါ်ကိုတက်တယ် ညရောက်တော့ အရက်ကလေးတမြမြသောက်ပြီး မူးလဲမူးကော တောင်ပိုင်တွေကို စိန်ခေါ်လေသတဲ့….မကြာပါဘူးကွာ…အပေါ့သွားမယ်ဆိုပြီး…တဲအောက်ဆင်းသွားတာ…ခဏနေလဲကျရော အော်သံကြားရလို့လိုက်ကြည့်တော့ ဒီတောင်ကြောတစ်ကြောလုံး တစ်ခါမှ မရှိခဲ့ဖူးတဲ့…ဝံကောင်ကုတ်ခံရပြီး သေလေရောပဲ….ခေါင်းတောင်ပြတ်တယ် တချို့ကတော့် သရဲကိုက်တာလို့ပြောတာပဲ…..”
“ဟုတ်ကဲ့….ကိုစော….”
ကိုစောမှာ စကားရှည်ရှည်ပြောလိုက်ရသဖြင့် အနည်းငယ်မောသွားပုံရပြီး တော်ချက်ခွက်ကို မော့လိုက်ကာ ၀က်သားကင်တဖတ်ကောက်မြည်းလိုက်ပြီး
“အဲ့ဒီတော့….မနက်တောင်ပေါ်တက်ရင် အမှားမလုပ်မိစေနဲ့ကွာ….ငါနဲ့ ဆရာစိုင်းကတော့ အတွေ့အကြုံအရ ကိစ္စမရှိဘူး….မင်းကအခုမှ ပထမဆုံးဆိုတော့ အသွါးအလာ သတိထားချေ…..”
“ဟုတ်ကဲ့….ကျွန်တော်သတိထားပါ့မယ်…..”
“ကျန်တာတွေတော့ နောက်မှ ပြောပြမယ်ကွာ…..အခုတော့ ဒီလောက်ပဲ သိထားဦး….”
ထို့နောက် ကျွန်တော်တို့ သုံးဦးသား နာရီ၀က်ခန့် ဆက်လက်သောက်ကာ ဝိုင်းသိမ်းလိုက်ကြပြီး ဆရာတပည့်နှစ်ယောက်မနက်အတွက် ပြင်စရာရှိတာများပြင်ဆင်၍ အိပ်ရာ၀င်ခဲ့ကြတော့သည်။ ကိုစောကတော့ မနက်အတွက် မီးပျောက်ရိက္ခာ ကောက်ညှင်းကျည်တောက် မီးဖုတ်ရင်း ကျန်ခဲ့လေ၏။
**************
နံနက်စောစောတွင် ပြင်ဆင်ထားသည့် ပစ္စည်းများကို ယူဆောင်ကာ ကျွန်တော်တို့ သုံးဦးရွာမှ ထွက်လာခဲ့ကြသည်။
ရွာပြင်ရှိလယ်ကွင်းပြင်များကို အတော်ကြာဖြတ်သန်းခဲ့ပြီးနောက် တောင်ခြေရှိရာကို ရောက်ရှိလေတော့သည်။
တောင်ခြေအတက်တွင် အင်တိုင်းတောပြန့်လေးကိုဖြတ်သန်းခဲ့ရ၏။ လူသူအရောက်အပေါက်များသောနေရာမို့ သားကောင်များကို မတွေ့ရသေးဘဲရှိလေသည်မို့ အမဲပစ်သည်ကို လက်တွေ့ကြည့်ချင်လှသူ စိုးလေးမှာတော့ မျက်စိမျက်နှာ ပျက်လျှက်လိုက်ပါလာလေ၏။ လမ်းတစ်လမ်းလုံးတွင်လည်း
“ဆရာ…သားကောင်က ဘယ်အချိန်မှ တွေ့မှာလဲ…..မတွေ့သေးဘူးလားဗျာ….”
ဟုစိတ်မရှည်စွာ မေးလာလေသည်မို့ ကျွန်တော်မှ
“ဟ…စိုးလေးရ…မင့်ဟာက အခုမှ တောစပ်ပဲရှိသေးတာ….ဘယ်လိုတွေ့မလဲကွ….ပြီးတော့ငါတို့ရဲ့…ရည်မှန်းချက်က လင့်စောင့်ပြီး သားကောင်ကြီးပစ်မှာလေကွာ….စိတ်ရှည်ရှည်ထား…မုဆိုးကောင်းဖြဟ်ချင်ရင် စိတ်ရှည်ပြီး အပင်ပန်းခံရတယ်ကွ…..”
ဟု ခပ်ငေါက်ငေါက် ပြောလိုက်လေမှ သကောင့်သားမှာ ငြ်ိမ်သွားလေတော့သည်။ အင်တိုင်းတောလေးလွန်သော် တောမှာ တစ်ဖြေးဖြေးနက်လာ၏။ ကျွန်တော်နှင့် ကိုစောမှာ အတွေ့အကြုံများလှပြီမို့ သည်ခရီးသည် မပင်ပန်းလှသော်လည်း စိုးလေးမှာတော့ အတွေ့အကြုံမရှိသူမို့ ချွေးများရွှဲကာ မောဟိုက်နေလေပြီ။ သို့ကြောင့် ကိုစောအား
“ကိုစောရေ….ရှေ့တစ်ကုန်းကျော်မှာ ရေထွက်ပေါက်များရှိသလား….ရှိရင် ခဏနားကြရအောင်ဗျာ…ပြီးတော့….စိုးလေးအတွေ့အကြုံရအောင် သားကောင်လေးတစ်ကောင်လောက် နားရင်းပစ်ကြတာပေါ့….”
“အင်း….ရှိတယ် ဆရာစိုင်းရေ…ရှေ့ကုန်းလေးအကျော် ညာဘက်မှာ လျှိုလေးရှိတယ်….အဲ့ဒီမှာ နားကြတာပေါ့…..”
ကိုစောပြောသလိုပင် ကုန်းကလေးကျော်လွန်ပြီးနောက် ညာဘက်အနည်းငယ် ၀င်လိုက်သော အခါ လျှိုလေးတစ်ခုအား တွေ့လိုက်ရပြီး ၎င်းလျှိုအတွင်း အနည်းငယ်၀င်မိသော အခါ ကြည်လင်နေသော ကျောက်စမ်းရေအိုင်ငယ်လေးတစ်ခုအား လှမ်းတွေ့လိုက်ရလေ၏။ သို့သော် ကျွန်တော်တို့ လက်ရှိနေရာနှင့် ရေအိုင်ကြားတွင် ထူထပ်သော ခြုံနွယ်များကား ရှိနေသည်။
စမ်းရေအိုင်အနီးရောက်သော အခါ ရှေ့မှသွားနေသော ကိုစောမှ ရုတ်တရက် ရပ်တန့်သွားပြီး ခြေဟန်လက်ဟန်ဖြင့် ငြိမ်နေရန် အချက်ပြလေ၏။ ထို့နောက် ကိုစောသည် ခြေသံလုံလုံဖြင့် ရေအိုင်ရှိရာသို့ တစ်လှမ်းချင်းတိုးကပ်သွားလေတော့သည်။
ကျွနိတော်လည်း ရပ်နေရင်းဖြင့် စိုးလေးကို လက်တို့ပြီး လေသံဖြင့်
“ကြည့်နေ….ကိုစောသားကောင်တွေ့နေပြီ…သူရဲ့ချဉ်းကပ်ပုံကို ကြညိ့ပြီး ပညာယူထား….”ဟုပြောလိုက်၏။ ကျွန်တော်၏ ပြောစကား ကြောင့်စိုးလေးမှာ ကိုစောကို မျက်တောင်မခတ်တမ်း လှမ်းကြည့်၍ နေလေသည်။
ကိုစောသည် သားကောင်ရှိရာ စမ်းရေအိုင်ဆီသို့ ချဉ်းကပ်နေရင်းမှ သူ့အတွက် လုံလောက်သော အကွာအဝေးကို ရောက်ရှိသော အခါ သူ၏ လက်စွဲတော် ဒူးလေးအား လွန်းကြိုးကို အသာအယာတင်၍ မြှားထည့်ကာ သားကောင်ရှိရာ သို့ ထိုးချိန်လိုက်၏။
“ဒေါင်း…….ဝှစ်………”
“ဝုနိး……ဗျော….ဗျော……”
လေးဒူးမှ မြှားထွက်သံနှင့်အတူ ရေအိုင်ဆီမှ ရုန်းရင်းဆန်ခတ်အသံများကြားလိုက်ရသောကြောင့် ကျွန်တော်တို့ သုံးဦး ခဏငြိမ်နေလိုက်ကာ အခြေအနေစောင့်ကြည့်နေလိုက်ကြ၏။
ကျွန်တော်၏ စိတ်ထဲမှ ဤအချိန်လောက်ဆိုလျှင် ကိုစောပစ်လိုက်သော ဆိပ်လူးမြှားသင့်၍ ထိုသားကောင်တော့ ဇီဝိန်ချုပ်လောက်ပြီဟုတွေးမိလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် ကိုစော၏ လက်ဆကို ကျွန်တော် သိနေသောကြောင့်ဖြစ်သည်။ ခဏအကြာတွင် ရေအိုင်ဆီမှ အသံများပြန်လည်တိတ်ဆိတ်သွားသော အခါ သုံးဦးသား ရေအိုင်ရှိရာသို့ ခြုံနွယ်များကို ဖြတ်သန်း၍ သွားလိုက်ကြ၏။
ရေအိုင်နှင့် ခပ်လှမ်းလှမ်းတွင်တော့ လည်မျိုတွင် မြှားထုတ်ချင်းခတ်စိုက်၀င်လျှက် သေဆုံးနေသော ဂျီ(ချေ) ပေါက် တစ်ကောင်အားတွေ့လိုက်ရလေသည်။ စိုးလေးမှာ သူမျက်စိရှေ့တွင် သားကောင်တစ်ကောင်အား အစအဆုံး ပစ်ခတ်ဖမ်းဆီးသည်ကို လက်တွေ့မြင်ဖူးသွားပြီမို့ ပျော်ရွှင်နေကာ မောပန်းနေသော ခံစားမှုများလွင့်စင် သွားလေပြီး လန်းဆန်းတက်ကြွနေ၏။
“ကိုစောရာ…တော်လိုက်တာဗျာ…..ဂျီတစ်ကောင်ကို မျက်စိရှေ့မှာ နင်အသာလေးပဲ ပစ်လိုက်တာ….တကယ်လေးစားပါတယ်ဗျာ….” ဟုတဖွဖွ ချီးကျူးနေလေ၏။
စိုးလေး၏ စကားအား ကိုစောမှ ပြုံးရင်းနားထောင်လိုက်ကာ
“အဲ့ဒါတွေက…မင်းရဲ့ဆရာသင်ပေးတာကွ….ငါ့လို့သာဆို…ဟိုနားသည်နား…ထောင်ချောက်ဆင်ပြီး ဖမ်းနေရုံပဲရှိမှာ….”
ဟုကျွန်တော် ဘက်ကို လှည့်ကြည့်လာရင်းပြောနေသည်မို့ ကျွန်တော်မှ
“ကိုစောမှာသာ အရည်အချင်းမရှိရင် ကျွန်တော်ဘယ်လောက်ပဲ သင်ပေးသင်ပေး တိုးတက်လာမှာ မဟုတ်ပါဘူးဗျာ….”
“အာ….ဆရာတို့ကလည်း…သူလွှဲငါ့လွှဲနဲ့….ဆရာတို့နှစ်ယောက်လုံးတော်ပါပေတယ်ဗျာ….ကျွန်တော်ကိုသာ အခုကိုစောလိုမျိုးဖြစ်အောင် သင်ပေးကြပါ….”
ဟု ရယ်ကျဲကျဲဖြင့်ပြောလာသော စိုးလေး၏ စကားကြောင့် ကျွန်တော်တို့သုံးဦးသား ရယ်မောလိုက်ကြလေ၏။
ထို့နောက် ကိုစောမှ ဂျီ (ချေ) ကောင်အား အသားဖျက်ကာ ထုပ်ပိုးသိမ်းဆည်းလိုက်ပြီးနောက် ကျွန်တော်အားလုံး ရွာမှယူလာသော မီးပျောက်ရိက္ခာ ကောက်ညှင်းကျည်တောက်နှင့် ၀က်သားခြောက်ကြော်ကို စားလိုက်ကြ၏။ ပြီးနောက် စမ်းရေအိုင်မှ ရေကို သောက်ကာ ခဏနားပြီးနောက် ရည်မှန်းချက်ဖြသ်သည့် လိပ်ပြာတောင်ကြောဆီသို့ ထွက်ခဲ့ကြလေတော့သည်။
**************
နေမွန်းတည့်ချိန်ရောက်သောအခါတွင် လိပ်ပြာတောင်ခြေသို့ ခြေချမိလေတော့၏။ တောင်ခြေမှ အနည်းငယ်လွန်သော် တောင်မှာ တစ်ဖြေးဖြေး မတ်စောက်လာလေသည်။ သို့ကြောင့် သုံးဦးသား တအိအိဖြင့် တောင်ပေါ်သို့ တက်လာနေကြရသည်။
တောင်ပေါ်တက်ရင်း တစ်နေရာ အရောက်တွင် ကိုစောသည် စိုးလေး၏ ကျောပိုးအိတ်အား တောင်းယူလိုက်ပြီး အိတ်အတွင်း မှ တောအရက်တစ်လုံးနှင့် ငှက်ပျောဖက်ဖြင့် ထုပ်ယူလာသော ထမင်းထုပ်အား ယူကာ အနီးအနားတွင် ရှိသော အပင်များထဲမှ အကြီးဆုံးဖြစ်နေသည့် တောင်သရက်ပင်ကြီး အောက်တွင် ထမင်းထုပ်အား ဖြည်၍ ခင်းလိုက်ကာ တောအရက်ပုလင်းအား အဆို့ ဖွင့်လိုက်ပြီး ချထားလိုက်၏။ ထို့နောက် မျက်စိစုံမှိတ်ကာ နှုတ်မှလည်း
“ဤလိပ်ပြာတောင်ကို အစိုးရသော တောင်ပိုင်အရှင်ကြီး ခင်ဗျား…..ကျွန်တော်တို့ဟာ သခင်ကြီး၏ နယ်မြေအတွင်း သားကောင်ပစ်ခတ်ဖမ်းဆီးလိုပါသဖြင့် ဖမ်းဆီးခွင့်ပြုပါခင်ဗျား……အရှင်ကြီးစားသောက်ဖို့အတွက် တောအရက်နှင့် ထမင်းကို ဆက်သအပ်ပါသည်ခင်ဗျား….မြိန်ရှက်စွာဖြင့် သုံးဆောင်ပါ…အရှင်ကြီးခင်ဗျား….ကျွန်တော်တို့သုံးဦးကိုလည်း…ရင်၀ယ်သားကဲ့သို့ စောင့်ရှောက်ပေးပါခင်ဗျား……”
စိုးလေးသည် ကိုစော လုပ်ကိုင်နေသည်ကို လှမ်းကြည့်နေရင်းဖြင့် ကျွန်တော့်ဘက်လှည့်လာကာ
“ဆရာစိုင်း….အဲ့ဒါက ဘာအတွက်လုပ်တာလဲ…..”
ဟုနားမလည်စွာ မေမြန်းလာလေ၏။ သို့ကြောင့် ကျွန်တော်မှ
“သူက…ဒီနယ်သားဆိုတော့….ဒီနယ်တစ်ကြောကို ကျွမ်းကျင်တယ်ကွ….အခုဟာက လိပ်ပြာ တောင်ပိုင်ကြီးဆီကို ခွင့်တောင်းနေတာ….မင်းလည်းမှတ်ထားချေ….တောတောင်တွေမှာလည်း လူတွေလိုပဲ….သူ့စည်းနဲ့သူရှိတယ်……အဲ့ဒီတော့ ငါတို့လို့ တောထဲမှာ အမဲလိုက်ရတဲ့ မုဆိုးတွေက တောစည်းကမ်းတောင်စည်းကမ်းကို အရင် လေ့လ့ာဖို့လိုတယ်ကွ….”
ဟုပြောလိုက်သော ကျွန်တော်၏ စကားအား စိုးလေးမှ သေချာစွာမှတ်သားနားထောင်နေလေ၏။ ခဏအကြာတွင် ကိုစောသည် ကျွန်တော်တို့ရှိရာ ရောက်လာကာ
“ကိုင်း…သွားကြစို့….ဆရာစိုင်း…..”
ဟုဆိုကာ ရှေ့မှ သူ၏ လက်စွဲတော် ဒူးလေးအား ထမ်းလျှက် လျှောက်သွားလေသည်မို့ ကျွန်တော်လည်းစိုးလေးအား မေးဆတ်ပြလိုက်ပြီး
“ကိုစောရဲ့ နောက်က လိုက်ချေ….”
ဟုပြောလိုက်ကာ ကျွန်တော်ကမူ လက်စွဲတော် ပွိုင့် ၃၀၈ အမဲပစ်ရိုင်ဖယ်အား အသင့်ပြင်ကာ နောက်ဆုံးမှ ပိတ်ကာ လိုက်ခဲ့လိုက်သည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖြေးဖြေးတောနက်လာလေပြီမို့ သားရဲတို့ အန္တရာယ်ရှိလာပြီ မဟုတ်ပါလား။ တောတွင်းအတွေ့အကြုံ မရှိသေးသော စိုးလေးအား နောက်ဆုံးမှ ထားပါက သားရဲတို့၏ အန္တရာယ်ပြုခြင်းကို ခံစားရမည်စိုး၍ ဖြစ်သည်။
**************
နေ့လည်မွန်းလွဲပိုင်းလောက်တွင် ရည်မှန်းချက်နေရာ ဆားတွင်းဆီသို့ ချောမောစွာ ရောက်ရှိလေ၏။ ဆားတွင်းနေရာမှာ အကျယ် ပေနှစ်ဆယ်ပတ်လည်ခန့်ရှိမည်ဟု ခန့်မှန်းရသည်။ တွင်း၏ ပတ်ပတ်လည်တွင် သစ်ပင်ကြီးများမှာ ထူထပ်မှု မရှိဘဲ ကျိုးတို့ကျဲတဲသာ ရှိနေလေ၏။
သို့သော် တွင်းနံဘေးပတ်လည် တစ်ဝိုက်တွင်တော့ ခြုံနွယ်တို့ကား ၀န်းရံလျှက်ရှိနေလေသည်။ ကျွန်တော်လည်း ဆားတွင်းနှင့် မလှမ်းမကမ်းရှိ ပစ်ကွင်းကောင်းမည်ဟု ယူဆရသော အမြင့်ဆုံးဖြစ်သည့် အင်ကညင်အမျိုးအစား အပင်ကြီးပေါ်တွင် လင့်စင်ဆောက်ရန် ရွေးချယ်သတ်မှတ်လိုက်ပြီး ကိုစောနှင့် စိုးလေးအား ဆားတွင်းနှင့် အတော်လှမ်းသောနေရာမှ ဝါးများကိုသွားရောက်ခုတ်ယူစေလိုက်သည်။ အနီးအနားမှ ခုတ်လျှင် သားကောင်တို့မှာ သူတို့၏ အန္တရယ်ကို သိရှိသွားနိုင်သော ကြောင့်ဖြစ်သည်။
ခဏကြာသော အခါ စိုးလေးနှင့်ကိုစောတို့ ခုတ်ပြီးသော ဝါးများကို ထမ်းပိုးလာကြ၏။ ကွန်တော်မှ ထိုဝါးများကို လိုသလိုဖြတ်တောက်ပြီး ရရှိလာသော ဝါးအပိုင်းများကို ယောက်ျားနှစ်ဖက်စာမျှရှိသော အင်ကညင်ပင်ကြီးပေါ်သို့ ကိုစောမှတက်ကာ အောက်မှဝါးများကို ကြိုးဖြင့်ဆွဲယူ၍ လင့်စင်ကို သုံးဦးသား တက်ညီလက်ညီဖြင့် ဝိုင်းဆောက်လိုက်ကြလေသည်။
နေစောင်းချိန်လောက်တွင် လင့်စင်ဆောက်၍ ပြီးစီးသွားလေသည်။ တောင်ပေါ်တောအတွင်းတွင် ဖြစ်သောကြောင့် ညနေ နေစောင်းချိန်လောက်တွင်ပင် အမှောင်ထုကား စိုးမိုးလာချေပြီဖြစ်သည်။ အမှောင်ထုနှင့်အတူ အနည်းငယ်သော ချမ်းစိမ့်စိမ့်အအေးဓာတ်ကလည်း လိုက်ပါလာသည်မို့ သုံးဦးသား အင်္ကျီလက်ရှည်ကိုယ်စီထုတ်၀တ်လိုက်ကြပြီး လင့်ဆောက်စဉ်ကထွက် ပေါ်လာသော အမှိုက်များကို ခြေရာလက်ရာ ဖျောက်ကာ ညအတွက် အပေါ့အပါးစွန့်ရန် ဝါးကျည်တောက်ဘူးများအား သယ်ယူ၍ လင့်စင်ပေါ်တက်ခဲ့လိုက်ကြသည်။
လင့်စင်မှာ မြေပြင်မှ ပေနှစ်ဆယ်ကျော်ခန့်ရှိသော အပင်၏ ခွဆုံနေရာတွင် ဆောက်ထားကာ အတော်ကျယ်၀န်းပြီး လူသုံးဦး ချောင်ချိစွာ နေထိုင်နိုင်အောင်ဆောက်ထားသည့် အတွက် အဆင်ပြေလှသည်။ လင့်စင်ပေါ်တွင် ပစ္စည်းများနေရာချပြီးနောက် ပါလာသော ရိက္ခာခြောက်များအား ဝေမျှစားလိုက်ကြကာ အချိန်ကလည်း စောနေသေးသည်မို့ အလှည့်ကျစောင့်ကာ တတစ်လှည့်စီ မှေးနေလိုက်ကြတော့သည်။
အချိန်အတော်လင့်လာသည်အထိ သားကောင်အခြေအနေကား မထူးခြားသေး။ ကျွန်တော် မှေးနေရင်းဖြင့် လက်ကနာရီကို ကြည့်လိုက်၏။ နာရီလက်တံသည် ဆယ်နာရီကို ညွှန်းနေပေသည်။ ထိုစဉ်
“အကို…..အကို……ညီမကို မေ့နေပြီလားဟင်…..ဆင်းလာခဲ့ပါဦးအကိုရဲ့….”
အမှောင်ထဲတွင် အောက်မှ ခေါ်သံကြောင့် ကျွန်တော် ဆတ်ခနဲ ခေါင်းထောင်ကြည့်လိုက်သည်။ လင့်စင်အောက်တွင် အသက်နှစ်ဆယ်ခန့်ရှိမည်ဟုထင်ရသော ချောမောလှပသည့် မိန်းမပျိတစ်ယောက် လင့်စင်ပေါ်လှမ်းကြည့်ကာ ခေါ်နေသည်ကို လရောင်အောက်၀ယ် တွေ့လိုက်ရ၏။ သူမ၏ မျက်လုံးများသည် နီရဲတောက်ပလျှက်ရှိနေသည်။ ထိုစဉ် စိုးလေးမှ
“ဆရာ….မိန်းကလေးတစ်ယောက်ပဲ….ဒုက္ခရောက်နေလို့ထင်တယ်…ကျွနိတော်ဆင်းခေါ်လိုက်ရမလား…..”
ဟုပြောလာလေသည်။
စိုးလေး၏ စကားကြောင့် ကျွန်တော်လည်း ဆင်းဟန်ပြင်နေသော ၎င်း၏ လက်ကိုလှမ်းဆွဲလိုက်ကာ ကိုစောဘက်လှည့်၍
“ကိုစောရေ….ကျွန်တော်တို့ကိုတော့ ပညာစမ်းနေပြီ…..ပညာပြလိုက်ပါအုံးဗျာ…..”
ကျွန်တော်၏ စကားဆုံးသည်နှင့် ကိုစောမှာ ရုတ်တရက်ထ၍ ကျွန်တော်တို့ ညနေက ယူခဲ့သော အပေါ့အပါးသွားထားသည့် ဝါးဆစ်ဘူးကိုယူကာ ထိုမိန်းကလေး ပေါ်သို့ အထဲမှကျင်ငယ်ရေဖြင့် လောင်းချလိုက်လေ၏။
” ဂီး…..ဝေါင်း…….”
ကျင်ငယ်ရေထိသွားသည်နှင့် မိန်းမပျိုမှာ ကျားသစ်တစ်ကောင် အဖြစ်ပြောင်းသွားပြီး နောက်ကျွမ်းပစ်ကာ တောထဲကို ၀င်ရောက်ပျောက်ကွယ်သွားလေ၏။
“ကဲ….စိုးလေး….ဘယ်နှယ့်ရှိစ…..မင်းသာဆင်းသွားရင်….ဒီအချိန်ရစရာရှိမှာ တောင် မဟုတ်တော့ဘူး…ဒါတွေက တောရဲ့မာယာတွေကွ….ဒါတောင်….ညနေက တောင်ပိုင်အရှင်သခင် ဆီမှာ ပသခဲ့သေးလို့….နို့မို့ဆို ဘယ်လောက်တောင်ဆိုးမလဲ မသိဘူး….နောက်တစ်ခါဆို သတိထားချေ….”
စိုးလေးမှာ ကျွန်တော့်အပြောကြောင့် မျက်နှာငယ်လေးဖြင့်
“ကျွန်တော်သတိထားပါ့မယ်ဆရာ…..”
ထို့နောက် ကျနော်တို့သုံးဦးသား စကားပြောဆိုခြင်းမရှိပဲ လာကိုက်သောခြင်ကောင်များကို ပွတ်သပ်ရင်း စောင့်ဆိုင်းနေကြသည်မှာ အချိန်အတော်ကြာသည်အထိ သားကောင်၏ လှုပ်ရှားမှုကို မတွေ့ရသေး။ ဤသို့ဖြင့် ကျွန်တော့်လက်ပတ်နာရီမှ နာရီလက်တံသည် မနက်သုံးနာရီခွဲခန့်ကို ညွှန်းနေလေပြီ။
“ဆရာစိုင်းရေ….အခြေအနေကတော့မထူးသေးဘူး….”
ကိုစော၏ စကားကြောင့် ကျွန်တော် လှည့်ကြည့်ရင်း
“မိုးမလင်းသေးပါဘူး….ကိုစောရယ်…စောင့်ကြည့်ကြတာပေါ့……ညနေက ခြေရာအနေအထားကြည့်ရတာတော့….သားကောင်ကြီးတွေ လာတတ်တယ်လို့ ယူဆရတယ်ဗျ…..”
ထိုစဉ် ကျွန်တော်တို့နှင့် ခပ်လှမ်းလှမ်း ၊ မျက်နှာချင်းဆိုင် ဆားတွင်းတစ်ဘက်ဆီမှ ရုတ်တရက် မီးအလင်းရောင်များ ဖြာကျလာ၏။ မီးရောင်မှာ ဝါကျင့်ကျင့်အရောင်ရှိသည်မို့ ရေနံဆီမီးတုတ်ဖြစ်မည်ဟု ခန့်မှန်းရလေသည်။ သို့သော် အတော်ကြာသည်အထိ ထိုအလင်းရောင်ပိုင်ရှင်ကို ခြုံနွယ်ပင်များ ကွယ်နေသဖြင့် မမြင်ရသေးပေ။ ကျွန်တော်တို့ သုံးဦးသား ထိုအရာကို စိတ်၀င်စားစွာ ကြည့်နေစဉ်
“အမလေး…..အမေရေ…..အမေရဲ့…..သမီးကို ထားခဲ့ပြီလား……”
“ဟင် ……”
“ဟာ……..”
မိန်းမတစ်ယာက်၏ အော်ငိုသံနှင့် အတူ ပေါ်ထွက်လာသည်ကား မီးတုတ်များကိုင်ဆောင်ထားသော လူတစ်စုဖြစ်ပြီး အားလုံးပေါင်း ဆယ်ယောက်တိတိရှိသည်။ ထိုသူတို့ ၏ အလယ်တွင် ဖျာလိပ်ဖြင့်ပတ်ထားသော လူသေအလောင်းကြီးကို ထမ်းကာ ဆားတွင်းထဲကို ၀င်ရောက်လာ၏။ အလောင်းကြီး၏ နံဘေးတွင် အခုနကအော်ငိုနေသော မိန်းမသည် လူးလိမ့်မတတ်ငိုနေလေ၏။ ကျွန်တော်လည်း ကိုစောအား လေသံဖြင့်
“ကဲ…ကိုစောရေ….ပြောရင်းဆိုရင်း….သားကောင်ရပြီ…..”
ဟုပြောလိုက်၏။
တပည့်ကျော် စိုးလေးမှာမူ အတွေ့အကြုံမရှိသူမို့ ထိုအဖြစ်အပျက်ကို ကြည့်ပြီး အံသြကြောက်ရွံ့နေ၏။ ကျွန်တော်လည်း ထိုအရာကို ကြည့်နေရင်းဖြင့် အလယ်မှ အလောင်းကြီးရှိရာသို့ သေနတ်ဖြင့်ထိုးချိန်လိုက်ကာ မောင်းခလုတ်ကို ဖြေးညှင်းစွာ ဆွဲချလိုက်တော့သည်။
“ဒိန်း…………”
ပြင်းထန်သော ကော်ဒိုက်ယမ်း၏ ပေါက်ကွဲသံနှင့်အတူ ဆားတွင်းဆီမှ အလင်းရောင်သည် ရုတ်ချည်း ပျောက်ကွယ်သွားပြီး အမှေင်အတိကျသွားလေ၏။ အမှောင်ထဲတွင် တောတိုးပြေးလွှားသံများကြောင့် တဒင်္ဂဆူညံသွားလေသည်။
ခဏအကြာတွင်တော့ ထိုအသံများ ပြန်လည်တိတ်ဆိတ်သွားတော့သည်။
” ကိုစော….ရပြီ….မီးထိုးတော့…..”
ကျွန်တော်ပြောလိုက်သည်နှင့် ကိုစော၏ လက်ထဲတွင် အသင့်ကိုင်ထားသော ငါးတောင့်ထိုးတောလိုက်ဓာတ်မီး အလင်းရောင်ကား ဆားတွင်းဆီသို့ ဖြာကျသွားလေသည်။
” ဟာ…ဆရာ….ဘာကောင်ကြီးလဲ…..”
ဓာတ်မီး အလင်းရောင်ဖြင့် ဆားတွင်းထဲတွင် မြင်လိုက်ရသည်ကား ဆားတွင်းထဲတွင် လဲကျသေဆုံးနေသော ဆတ်ဖားကြီးတစ်ကောင်ပင်ဖြစ်သည်။ ထိုဆတ်ဖားကြီးကို မြင်သောအခါ စိုးလေးသည် ကြောက်လန့်နေသည့်အရှိန်ဖြင့် မေးလာခြင်းဖြစ်သည်။
“ကဲ…..ရည်မှန်းချက်တော့ပြည့်ပြီဟေ့…..”
ကျွန်တော့်ရဲ့စကား ကြောင့် စိုးလေးမှာနားမလည်နိုင်စွာဖြင့်
” ဆရာ အဲ့ဒါကြီးက သရဲမဟုတ်ဘူးလား…..”
“ဘယ်ကသာကွာ….ဆတ်ဖားကြီးပါဟ…..အခုနကမင်းမြင်ခဲ့ရတာတွေက….တောရဲ့နောက်ထပ် မာယာတွေပေါ့ကွာ…..”
ကျွန်တော့်စကားကြောင့် စိုးလေးမှာ နားမလည်နိုင်စွာဖြင့် ကြောင်စီစီဖြစ်နေသည်မို့
“အခုလို….နယ်မြေကြမ်းတဲ့ နေရာမျိုးတွေမှာဆိုရင် အခုလိုဖြစ်ရပ်တွေက ခဏခဏကြုံရတယ်ကွ…..ငါကြုံခဲ့ဖူးတာ ဒီတစ်ခါနဲ့ဆို သုံးခါမြောက်ပဲ…..စစကြုံချင်းတော့ ငါလည်းမင်းလိုပဲ နားမလည်ဘူးကွ….နောက်တော့မှတဖြေးဖြေး သိလာရတာ…..ကဲ….အခုအောက်ဆင်းကြစို့……”
ကျွန်တော် စိုးလေးကို ရှည်လျှားစွားရှင်းပြလိုက်ပြီးနောက် အောက်ဆင်းရန်ပြင်လိုက်ကြသည်။ အခုနက ပစ်လိုက်သော ကျွန်တော်၏ သေနတ်သံကြောင့် ပတ်၀န်းကျင်တွင် အန္တရာယ်ပြုမည့် သတ္တဝါ မရှိလောက်တော့ပြီမို့ သုံးဦးသား စိတ်ချလက်ချ ဆင်းလိုက်ကြကာ ဆတ်ဖားကြီး ဆီသို့ သွားကြည့်လိုက်ကြသည်။
ဆတ်ဖားကြီးမှာ အတော်ကြီးပြီး အချိန် ခြောက်ဆယ်ခန့်ရှိမည်ဟု မှန်းဆရလေ၏။ ကိုစောမှာ ဆတ်ဖားကြီး၏ အနားသို့သွားပြီး ခြေတံကောက်ကြောများကို ဓားဖြင့် လှီးဖြတ်လိုက်သည်။
“ဆရာ….အဲ့ဒါက ဘာလို့ လှီးတာလဲ…..”
စိုးလေး၏ အမေးကို ကိုစောမှ လှည့်ကြည့်လာရင်း
“အဲ့ဒီလိုမှ မလှီးရင် သားကောင်ကတော၀င်သွားတတ်တယ်ကွ…..ကဲပါ…မနက်မှပဲရှင်းပြမယ်…..အခုတော့ မကြာခင် မိုးလင်းခါနီပြီ ဆိုတော့ ဒီမှာပဲ မီးဖိုပြီး စောင့်ကြတာပေါ့ကွာ….မနက်မိုးလင်းမှပဲ ရွာပြန်ဖို့ ပြင်ကြတာပေါ့ကွာ…..”
ကျွန်တော်တို့သုံးဦးလည်း ဆတ်ဖားကြီးအား ဝါးလုံတောင့်တောင့်ဖြင့် လျှိုလိုက်၍ ကြိုးဖြင့်တုပ်ကာ ထားလိုက်ပြီး ထိုနားတွင် မီးဖိုကာ မိုးလင်းသည်အထိ ထိုင်နေလိုက်ကြတော့သည်။ ကျွန်တော်ပစ်လိုက်သော သေနတ်သံကြောင့် မိုးလင်းသည်အထိ အနီးပတ်၀န်းကျင်တွင် ထူးခြားမှု တစ်စုံတစ်ရာ ထပ်မံကြုံတွေ့ရခြင်းမရှိတော့ပေ။
ဤသို့ဖြင့် ကျွန်တော်တို့ သုံးယောက်လည်း မနက်မိုးလင်းလာသော အခါ ဆတ်ဖားကြီးအား အလှည့်ကျထမ်းပြီး ရွာဆီသို့ ပြန်လာခဲ့ကြတော့သည်။ သည်တစ်ခေါက် အမဲလိုက်ခြင်းသည် တပည့်ကျော် စိုးလေးအတွက် အတွေ့အကြုံ စုံခဲ့သည့် အပြင် ကျွန်တော်တို့အတွက်လည်း ဆတ်ဖားတစ်ကောင်၊ ဂျီ (ချေ) တစ်ကောင်ဖြင့် တွက်ခြေကိုက်ခဲ့ရပါတော့သည်။
ညတုန်းက ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်သည် ကျွန်တော်တို့ သုံးဦး၏ ဘ၀တွင် မေ့မရနိုင်သော အဖြစ်အပျက်တစ်ခု ဖြစ်နေတော့လေသည်။
၀န်ခံချက် –
ဖတ်ခဲ့ဖူးသော စာအုပ်များကို အခြေခံ၍ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ အမှားအယွင်းရှိပါက နားလည်ခွင့်လွှတ်ပေးကြပါလို့ တောင်းဆိုရင်းဖြင့်…………။
နောင်ရိုး (ဆေးတပ်)
Leave a Reply