မဖဲဝါစီးတဲ့ကျား

ဟုတ်,မဟုတ်ဆိုတာ
တော့ ကျုပ်သေသေချာချာ မသိဘူးပါဘူးဗျာ။

ဒါပေမဲ့ အဲဒီပညာကို ဆရာတော်က သင်ပေးတယ်ဆိုတာ
တော့ မကြားမိပါဘူးဗျာ၊ ကျုပ်ကိုလည်း တစ်ခါမှ လုပ်ပြတာမျိုး မရှိပါဘူး။ လုံခွဲကာနီးပြီဆိုရင်…

“ထားခဲ့တော့ တာတေ၊ ရပြီ၊ ရပြီ”

လို့ပြောပြီး ကျုပ်ကို ပြန်လွှတ်ပြီးမှ
ဆရာတော်တစ်ပါးတည်း ခွဲတာဗျ။
ဘယ်သူမှ ကြည့်ရတာ မဟုတ်ဘူး။
ကျုပ်ရော ကျုပ်တို့ရွာသားတွေရောလွှတ်စည်းရှိတာဗျ။

ကျုပ်တို့ဆရာတော်က မမေးစေချင်ရင် ဘယ်သူမှ
မကြည့်ကြပါဘူးဗျာ။ ဒီနေ့လည်း ဆရာတော် ခေါ်ခိုင်းလို့ လိုက်သွားပြီးဖိုဆွဲပေးရတယ်။

တစ်လုံးကို မီးသွေးငါးအုပ်လောက်နဲ့
သုံးလုံထိုးပေးခဲ့ရတယ်။ မီးကတော့
မီးပြင်းဗျ။ ဆရာတော် ပြောတာတော့
ဒုဟတေဇော ဆိုပဲ။ ကျုပ်ကတော့
ဒါတွေ ဘယ်သိမှာတုံး။ဆရာတော်က

“ဟဲ့ တာတေ၊ ပြင်းပြင်းဆွဲ၊ မနားနဲ့”

လို့ပြောရင် မနားတမ်း ခပ်ပြင်းပြင်း
ဆွဲတာပေါ့ဗျာ။

“ရှူး၊ ရှူး၊ ရှူး၊ ရှူး”

ဆိုတဲ့ ဖားဖိုကြီး မြည်တဲ့အသံကို ပြတ်
မသွားအောင် ထိုးတာဗျ။မီးထဲက လုံ
ကို ရဲရဲတောက်တောက်နေတော့တာ
ပေါ့ဗျာ။ ဆရာတော့်ကျောင်းကနေ
အိမ်ပြန်ရောက်တော့ အမေတည်ထား
တဲ့ ရေနွေးကြမ်းပူပူကလေးနဲ့ ထန်း
လျက်ခဲလေးစားရင်း ချွေးတိတ်အောင်
နားလို့ပေါ့ဗျာ။ မိုးလေးက ဖွဲဖွဲကလေး
မိုးတွင်းလေဗျာ။ကျုပ်တို့အညာမိုးတွင်း
ဆိုတာက အောက်ပြည်လို အုန်းအုန်း
ဒိုင်းဒိုင်း ရွာတာမဟုတ်ဘူးဗျ။ခပ်ဖွဲဖွဲပဲ
ရွာတာ။ နေရတာတော့ အိုက်စပ်စပ်
ကြီးပေါ့ဗျာ။

“တာတေ၊ ရေလေးဘာလေး ချိုးဦး
မလား၊ ချိုးမှာဆိုလည်း ချိုးဟဲ့၊ ပြီးရင်
ထမင်းစားဖို့၊ ဒီမှာ နင့်အဘက ဗိုက်
ဆာနေလို့တဲ့”

“အမေ ဘာဟင်းကောင်းများ ချက်လို့တုံး”

“ဝက်သားပုန်းရည်ကြီးချက်လေ”

“ဟင် ဟုတ်လား၊ အမေ ဝက်သား
ဘယ်ကရလို့တုံး”

“မြောက်ပိုင်းက ထွန်းပွင့် လာပို့တာနဲ့
ယူထားလိုက်တာ”

ဟင်းက ကျုပ်အကြိုက်ကိုဗျ၊ ဝက်သားနဲ့
ပုန်းရည်ကြီးဆိုကတည်းက ကျုပ်က ဗိုက်
ဆာသွားတာဗျို့။

“မချိုးတော့ဘူးဗျ အမေရ၊ ဆရာတော့်ကို
ဖိုဆွဲပေးခဲ့တာ၊ မီးနားကပ်လာတော့ ချက်
ချင်းချိုးလို့ မကောင်းဘူး”

“အေး ဒါဆိုလည်း စားပွဲခုံခင်းတော့
ထမင်းခူးမယ် ”

ကျုပ်ဖြင့် ထမင်းဝိုင်းမှာဆာဆာနဲ့ ကြိုက်
လိုက်တာ နည်းပါဘူးဗျာ။ အဘကလည်း
ကျုပ်လိုပဲ ဝက်သားနဲ့ ပုန်းရည်ကြီးလွှတ်
ကြိုက်တာဗျ။ အဘလည်း တော်တော်
စားသား။ ထမင်းစားပြီးတော့ နဂါးဆေး
ပေါ့လိပ်ကလေး မီးညှိလေး လေးငါးဖွာ
ဖွာလိုက်တော့ မျက်စိကစဉ်းလာရောဗျာ။
အိမ်ရှေ့ဖိနပ်ချွတ်မှာ ချွတ်ထားတဲ့ တန်း
လျားရှည်လေးမှာ ဝါးပိုးချမ်းလေး ခေါင်း
အုံးပြီး ကျုပ်မှေးလိုက်တယ်။ ကျုပ်ဖြင့်
မှေးကနဲ အိပ်ပျော်ရုံ ရှိသေးသဗျ။

“တာတေရေ၊ တာတေ”

ကျုပ်လန့်နိုးသွားတယ်၊ ခေါင်းထောင်ပြီး
ဝိုင်းဝကို ကြည့်လိုက်တော့ ငွေတွင်းကုန်း
က ကိုအောင်ဘကျော်ဗျ။လူကမည်းမည်း
တုတ်တုတ်ကြီး။ သူ့ကို ငွေတွင်းကုန်းသား
တွေက မောင်ဗလကျော်လို့ ခေါ်ကြတာ။
ဖျင်ကြမ်းအင်္ကျီအဖြူလက်တိုဝတ်လို့၊
ခေါင်းမှာက ထန်းဖတ်ခမောက်တစ်လုံး
ဆောင်းတယ်။လက်မှာတော့ နွားနှင်တံ
တုတ်ကို ကိုင်ထားတယ်ဗျ။

ကိုအောင်ဘကျော်နဲ့ ကျုပ်နဲ့ သိပေမဲ့
အခုလို အ်ိမ်တွေ ဘာတွေ တစ်ခါမှ
မလာဖူးပါဘူး။ ကိုအောင်ဘကျော်က
ကျုပ်ထက်တော့ ငါးနှစ်ခြောက်နှစ်
လောက် ကြီးတယ်ဗျ။ပြီးတော့ ဒီလူက
လူပျိုဗျ။ အိမ်ထောင်ရက်သား ရှိတာ
မဟုတ်ဘူး။ ငွေတွင်းကုန်းမှာ ကို
အောင်ဘကျော်က ကာလသား
ခေါင်းလေဗျာ။ ကျုပ်တို့ အညာခေါ်
တော့ မြောက်ခေါင်း ခေါ်တာပေါ့ဗျာ။
ငွေတွင်းကုန်းရောက်ရင် မြောက်ခေါင်း
အောင်ဘကျော်လို့ မေးရင် လူတိုင်း
သိသပေါ့ဗျာ။

“ဟာ ကိုအောင်ဘကျော်ကြီး လာဗျို့၊
လာ”

ကျုပ် လှမ်းခေါ်လိုက်တော့ ဝိုင်းထဲကို
ခေါင်းကြီးငိုက်ငိုက်နဲ့ ဝင်လာတာဗျ။ ကို
အောင်ဘကျော် အိမ်ပေါ်ရောက်တာနဲ့
ကျုပ်က…

“လာဗျ၊ ကိုအောင်ဘကျော်ကြီး၊ထိုင်”

ပြောပြောဆိုဆိုနဲ့ ကျုပ်က ရေနွေးကြမ်း
ငှဲ့ပေးလိုက်တယ်။လက်ဖက်အစ်ကလေး
လည်း ရှေ့တိုးပေးပြီး နဂါးဆေးပေါ့လိပ်
တစ်လိပ် မီးညှိပြီး ကိုအောင်ဘကျော်ကို
ကမ်းပေးလိုက်တယ်။

“ကဲ ကိုအောင်ဘကျော် အကြမ်းသောက်
ဗျာ၊ လက်ဖက်လည်းစား၊ ဘယ်ကနေ
ရောက်လာတာတုံး၊ လက်ထဲမှာလည်း
နွားနှင်တံကြီးနဲ့ဆိုတော့ လှည်းပါလာ
တယ်ထင်တယ် ”

“မင်းဆီကို သက်သက်လာတာကွ
တာတေရ၊လှည်းပါတယ်၊ အရှေ့ပိုင်းက
ဘထွေးကြည်သောင်းတို့ဝိုင်းမှာ ဖြုတ်
ထားခဲ့တယ်၊ မင်းအိမ်တောင် မသိလို့
ဘထွေးကြည်သောင်းကို မေးပြီးလာ
ရတာ”

ပြောရင်းနဲ့ ကိုအောင်ဘကျော်ကြီးက
နဂါးဆေးပေါ့လိပ်ကလေး ဖွာနေတယ်။

“ကိုအောင်ဘကျော် လက်ဖက်လည်း
စားဗျာ၊ နို့ ထမင်းရော စားခဲ့ပြီလား၊
မစားရသေးရင် ဒီမှာစားဗျာ”

“ဟာ စားပြီးပြီ၊ စားပြီးပြီ၊ စားပြီးမှ
ထွက်လာတာကွ”

“နို့ ကိုအောင်ဘကျော် ကိစ္စအထူးများ
ရှိလို့လားဗျ”

ကျုပ်က မေးလိုက်တော့ ဆေးလိပ်မီးခိုး
ကို နှာခေါင်းထဲက မှုတ်ထုတ်ရင်း ပြောတယ်

“ကိစ္စမှ ထူးလိုက်ပါဘိ တာတေရာ”

“ဟင် ဘယ်လိုကိစ္စများတုံးဗျ”

“ငါတို့ငွေတွင်းကုန်းမှာ ကျားတစ်ကောင်
ရောက်နေလို့ကွ”

“ဘာ ကျား ဟုတ်လား ကိုကြီးဘကျော်”

“ဟုတ်ပ တာတေရာ၊ ကျားကွ၊
ကျားမှ အနက်ကြီးကွ”

“ဟာ ခင်ဗျားတို့ရွာထဲကို ဝင်ရောလား”

“မဝင်ဘူးကွ၊ ရွာပြင်ကပဲပတ်ပြီး သွားနေ
တာ၊ ကျားဟိန်းသံကြီးကတော့ ငတို့
ငွေတွင်းကုန်းတစ်ရွာလုံးကို လွှမ်းနေတာ
ကွ၊ ပြီးတော့ ညနက်သန်းခေါင်ကျော်မှ
ကျားက လာတာ၊ ခုထိတော့ ရွာထဲကို
မဝင်သေးဘူးကွ၊ ရွာခရိုးအပြင်ကပဲ
သွားနေတာ”

“ဘယ်လိုတုံးဗျာ ထူးဆန်းလှချည်လား၊
ကျုပ်တို့ဘက်တွေမှာ ဘယ်တုန်းက
ကျားရှိဖူးလို့တုံးဗျ၊ နို့ ကျားအနက်ဆို
တာကကော ဘယ့်နှယ်သိတာတုံး”

“ဟာ တာတေကလည်း ငါနဲ့ကာလသား
တွေ ညဘက်သစ်ပင်ကြီးတွေပေါ်ကနေ
တက်ပြီး ကြည့်တာလေကွာ၊ အနက်မှ
မှောင်နေအောင်ကို နက်တာကွ၊ အ
ကောင်ကလည်း နည်းနည်းနောနောကြီး
မဟုတ်ဘူးကွ၊ ငါစိတ်ထင်တော့ ကိုး
တောင်ကျားမကဘူးထင်တယ်၊ ဆယ့်
နှစ်တောင်လောက်များ ရှိနေမလားပဲကွ”

ကျုပ်က ကိုအောင်ဘကျော် ပြောတာကို
နားထောင်ရင်း တွေးနေမိတာဗျ

“ကိုအောင်ဘကျော်၊ ကျုပ်တော့ ကျားနက်
ရှိမှန်းတောင် မသိဘူးဗျ၊ ကျုပ်ကြားဖူးတာ
ကျားသစ်နက်ပဲ ကြားဖူးတာ”

“ဟာ ကျားသစ် မဟုတ်ဘူး တာတေ၊
ကျားမှ ကျားအစစ်ကွ၊ဟိန်းလိုက်တာမှ
ဝုန်းကနဲ၊ ဝုန်းကနဲ နေတာကွ၊ ညရောက်
ရင် ငါတို့ရွာသားတွေ တံခါးတွေပိတ်ပြီး
အိမ်ထဲမှာ ငြိမ်နေကြတာ။ ရွာလမ်းထဲမှာ လူကိုမရှိတော့တာကွ၊ ခွေးတွေဆိုတာ
လည်း အမြီးတွေကုပ်ပြီး ငြိမ်နေလိုက်ကြ
တာကွ၊ တင်းကုပ်ထဲက နွားတွေဆိုတာ
လှုပ်တောင် မလှုပ်ရဲ့ဘူးကွ၊ နှာမှုတ်သံ
တွေ တဖူးဖူးပဲ ကြားရတယ်”

“ကျုပ် ကြားဖူးတာတော့ ဘင်္ဂလားကျား
ဆိုတာတွေက ကိုးတောင်ဆယ်တောင်
ရှိဆိုပဲဗျ။ အခု ကိုဘကျော် ပြောသလို
ဆိုရင် ဘင်္ဂလားကျားကြီးလားမှ မသိ
တာ၊ တောထဲတောင်ထဲသွားရင်း နယ်
ကျွံလာတာ ဖြစ်မှာပေါ့ဗျာ”

“ဟာ နယ်ကျွံလာရင်လည်း တခြားကို
သွားရောပေါ့ကွ၊ အခုဟာက ညတိုင်း
သန်းခေါင်ကျော်ရင် ရောက်လာပြီး
တဝုန်းဝုန်းနဲ့ ဟိန်းပြီး ရွာကို တစ်ပတ်
ပြီး တစ်ပတ် ပတ်နေတာကွ”

“နို့ အခုဆိုရင် ဘယ်နှယ်ည ရှိပြီတုံး”

“ညကနဲ့ပါဆိုရင် လေးညတောင်
ရှိပြီကွ”

“ဟင် လေးညတောင် ရှိပြီဟုတ်လား၊
ဒါဆိုရင်တော့ ခရီးလွန်လာတဲ့ကျား
ဟုတ်ဟန်မတူဘူးဗျ”

ကျုပ်လည်း တွေးနေမိတာပေါ့ဗျာ။

“နေဦး တာတေရ၊ ထူးခြားတာတစ်ခု
လည်း မင်းကို ပြောရဦးမယ်”

“ဟင် ဘာတုံး ကိုအောင်ဘကျော်”

“ငါတို့ ငွေတွင်းကုန်းက သင်္ချိုင်းကုန်း
ဇရပ်ထဲမှာ လူတစ်ယောက် ရောက်နေ
တယ်ကွ၊ နှုတ်ခမ်းမွေးကားကားကြီးနဲ့၊
သျှောင်တစောင်းကြီး ထုံးလို့ကွ၊ လွယ်
အိတ်စုတ်ကြီးတစ်လုံးလည်း လွယ်ထား
သေးတယ်၊ ရွာက နွားကျောင်းတဲ့ ကောင်
လေးတွေပြောလို့ ငါ မယောင်မလည်နဲ့
သွားကြည့်တာ၊ အဲဒီလူ ရွာသင်္ချိုင်းက
ဇရပ်ကို ရောက်လာပြီး နောက်နေ့မှာ
ပဲ ဒီကျားကိစ္စပေါ်လာတာကွ”

“ရွာထဲမှာကော ဘာထူးခြားမှု ရှိတုံးဗျ”

ကိုအောင်ဘကျော်က မျက်မှောင်ကြီး
ကြုတ်ပြီး ပြောတယ်။

“ရွာထဲမှာတော့ ဘာမှမထူးခြားဘူးကွ
တာတေရ”

“နို့ ကိုအောင်ဘကျော် ကျုပ်ဆီကို
လာတာ ဒီကိစ္စ ပြောပြချင်လို့လား”

“ဟာ ပြောချင်လို့ မဟုတ်ဘူးကွ၊ မင်းကို
ခေါ်ချင်လို့ ငွေတွင်းကုန်းက လူငယ်တွေ
အားလုံးက မင်းကို သွားခေါ်ပေးပါဆိုလို့
ငါ လာခဲ့တာကြ”

” အင်း ခက်တော့ ခက်သားလား
ကိုအောင်ဘကျော်ရဲ့ ကျုပ်ကလည်း
ဆရာ မဟုတ်ဘူးလေဗျာ၊ သရဲလေး၊
တစ္ဆေလေးကိစ္စလောက်သာ လုပ်ဖူး
တာဗျ၊ အခုလို ကျားနက်တွေ ဘာ
တွေကျတော့ ကျုပ်လည်း နားမလည်
ဘူး ကိုအောင်ဘကျော်ရဲ့”

“တာတေရာ၊ မင်းက ဆရာ မဟုတ်
ပေမဲ့ ဆရာတွေနဲ့ သွားဖူး လာဖူးတဲ့
သူလေကွာ၊ မင်း လာပြီး အကဲလေး
ဘာလေ ခတ်ကြည့်ပါကွာ၊ ငါတို့က
တော့ ကြောက်တာပဲ သိတာကွ၊ ဘာ
မှနားမလည်တာ မဟုတ်ဘူး”

ကျုပ် တွေပြီးစဉ်းစားနေတယ်။ဒါ ဘာ
ဖြစ်နိုင်သလဲဆိုတာ ကျားနက်ကြီး။ည
သန်းခေါင်ကျော်ရင် ပုံမှန်ရောက်လာ
ပြီး ရွာကို ပတ်ပြီး တဝုန်းဝုန်းနဲ့ ဟိန်း
နေတာ။ ကျားက ဆယ့်နှစ်တောင်
လောက်တောင် ရှိမယ်ဆိုပဲ။တွေးသာ
တွေးရတာပါဗျာ။ ဒါမျိုး ကျုပ် တစ်ခါမှ
ကြားဖူးတာ မဟုတ်ဘူးဗျ။ ရွာပြင်သု
သာန်ထဲက သျှောင်ထုံးနဲ့နှုတ်ခမ်းမွေး
ကားကားကြီးနဲ့ ဒီလူ ရောက်မှ ဒီကျား
ရောက်လာဆိုတော့ ဒီလူကရောဘာတုံး။
ကျားနက်ကြီးနဲ့ ဒီလူနဲ့က ဘယ်လိုပတ်
သက်နေတုံး။ဘယ်လိုပဲတွေးတွေး အ
ဖြေကတော့ မပေါ်ဘူးဗျ။

ဘာပဲဖြစ်ဖြစ် ငွေတွင်းကုန်းကို လိုက်သွား
မယ်လို့ ဆုံးဖြတ်လိုက်တယ်။အမေနဲ့အဘ
ကို အကျိုးအကြောင်းပြောပြီးအဝတ်အပို
တစ်စုံယူတယ်။ ပြီးတော့ ကျုပ်ရဲ့ဆေးလွယ်
အိတ်၊ သစ်စုန်းဆေးတော်၊ မျက်ကွင်းဆေး
ဘာမှမကျန်အောင် ကျုပ် ယူလာခဲ့တယ်။

ထနောင်းကုန်းကနေ နာရီပြန် နှစ်ချက်
တီးလောက်ထွက်ခဲ့တယ်။ ကိုအောင်ဘ
ကျော်က ကျုပ်တို့နယ်တကြောမှာ လှည်း
မောင်းချန်ပီယံဗျ။ လှည်းမောင်းပြိုင်ပွဲမှာ
မကြာမကြာဆုရတဲ့လူ။ ခုမှပဲ ကိုအောင်
ဘကျော်မောင်းတဲ့လှည်းကို ကျုပ်က စီး
ဖူးတာဗျ။လှည်းမောင်းတဲ့ နေရာမှာတော့
လွှတ်တော်တဲ့လူပါဗျ။ နွားငေါက်သံတောင်
သိပ်မကြားရဘူး။ ပြေးလိုက်တဲ့ နွားတွေ
ဗျာ။ သူ့နွားကြီးတွေကလည်း တကယ့်
နွားကောင်းတွေဗျာ။ နွားဖီးကြီးတွေဗျာ။
အဖြူတစ်ကောင်၊ အနီတစ်ကောင်ဗျ။
ညနေ ငါးနာရီလောက်ကျတော့ ငွေ
တွင်းကုန်းသင်္ချိုင်းကို ရောက်ပြီဗျ။

“တာတေ ငါ ဇရပ်နားက ဖြတ်မောင်း
ရမှာ၊ ဇရပ်ပေါ်က ဟိုလူကို မင်း မသိ
မသာ အကဲခတ်ကြည့်ကွ”

ကိုအောင်ဘကျော်က လှည်းကို သင်္ချိုင်း
ဇရပ်နဲ့ မနီးမဝေးက ဖြတ်မောင်းတယ်။
ကျုပ်က ဟိုကြည့်သလို၊ ဒီကြည့်သလိုနဲ့
သင်္ချိုင်းကုန်းထဲက ဇရပ်ပေါ်ကို ကြည့်
တယ်။ ဟော တွေ့ပြီ။ တွေ့ပြီ။ သျှောင်
တစ်စောင်းနဲ့၊ နှုတ်ခမ်းမွေးကားကားကြီး
ဗျ။ တစ်ခုခုကို တွေးနေတာဗျို့။ ကျုပ်
ကြည့်နေတာတောင် ဒီလူ မသိဘူး။
ကျုပ်တို့ သင်္ချိုင်းဇရပ်ကို ကျော်လာ
တော့မှ ကိုအောင်ဘကျော်က
ကျုပ်ကို မေးတယ်။

“ဘယ်လိုလဲ တာတေ၊ ဒီလူပုံစံက
မရိုးဘူး ထင်တယ်နော်”

“ဟုတ်တယ်ဗျ၊ ကိုအောင်ဘကျော်ရဲ့၊
ကျုပ်အတွေ့အကြုံအရ ပြောရရင်တော့
ဒီလူဟာ ကဝေလား၊ အောက်လမ်းလား
ပဲဗျ၊ ခင်ဗျားပြောတဲ့ ကျားနက်ကြီးနဲ့
ဒီလူနဲ့ဟာ တစ်နည်းနည်းတော့ ပတ်
သက်မှုရှိမှာ အမှန်ပဲဗျ”

“ဒီလူ ရောက်လာပြီးမှ ဒီကျားနက်ကြီး
ပေါ်လာတာကွ၊ ညတိုင်း ရွာကိုပတ်ပြီး
ဟိန်းနေတာ၊ ညရောက်ရင် မင်း တွေ့
ရမွာပါကြာ”

“ခင်ဗျားကျား ဒီည လာပါစေလို့ပဲ
ဆုတောင်းရတော့မှာပဲဗျာ”

“ဟာ လာမှာပေါ့ တာတေရဲ့၊ ညတိုင်း
လာနေတာ၊ လေးညဆက်တိုက် ရှိနေ
ပြီပဲကွ”

မိုးမချုပ်ခင် ကျုပ်တို့ရွာထဲ ရောက်ခဲ့
တယ်၊ရွာထဲက ကာလသားတွေက
ဝမ်းသာအားရနဲ့ ကျုပ်ကိုကြိုဆိုကြ
ပါရောလားဗျာ။

“ဟာ တာတေ ပါလာပြီဟေ့”

တစ်ယောက်က အော်ပြောလိုက်တာနဲ့
တစ်ယောက်ပြီး တစ်ယောက် ရောက်
လာတာဗျ။ ကျုပ်နဲ့ ကိုအောင်ဘကျော်
လည်း ကာလသား ဆယ့်လေးငါး
ယောက်နဲ့ အတူသွားရတော့တာပေါ့
ဗျာ။ ကိုအောင်ဘကျော်တို့ ဝိုင်းကြီး
က ကျယ်သားဗျ။မကျည်းပင်၊ တမာ
ပင်တွေနဲ့ အုံ့အုံ့ဆိုင်းဆိုင်းလေးဗျ။
ကျုပ်တို့အားလုံးကျွန်းလှေကားကြီး
ကနေ အိမ်ကြီးပေါ်ကို တက်ခဲ့တယ်။

“ဟေ့ လာဟေ့၊ မောင်တာတေ၊
ငါတို့လည်း မင်းကို တွေ့ချင်လို့
စောင့်နေတာကွ”

ငွေတွင်းကုန်းက လူကြီးတွေ လေးငါး
ယောက် ကျုပ်ကိုထိုင်ပြီး စောင့်နေကြ
တာဗျ။ ဒီထဲမှာ ကိုအောင်ဘကျော်ရဲ့
အဘလည်း ပါမယ်ဗျ။ ကျုပ်က သူ့
အဘကို မြင်ဖူးတာ မဟုတ်ဘူး။

“လာ တာတေ၊ ထိုင်ကွ၊ ဟောဒါ ငါ့
အဘ ဦးစိန်ဖြူ၊ ဟောဒါက ငါ့အမေ
ဒေါ်လုံးကြည်”

ကျုပ်က ပြုံးပြီး နှုတ်ဆက်ရတယ်

“ဟောဒီဘက် ဘိုးမောင်ဖြူ၊ ဒါက
ဘိုးထွန်းကြည်၊ ဒါက ဘိုးအောင်ရင်၊
ဒါက ဘိုးစိန္ခိုကြ”

ကျုပ်က အားလုံးကို ပြုံးပြီးနှုတ်ဆက်
ရတာပေါ့ဗျာ။

“တာတေ ရော့၊ မင်းက နဂါးပဲ
သောက်တာ”

ဆိုပြီး ကိုအောင်ဘကျော်က ကျုပ်ကို
နဂါးဆေးပေါ့လိပ် တစ်လိပ်နဲ့ ဓနုဖြူ
ဒေါ်ရီ မီးခတ် ကမ်းပေးတယ်။ ကျုပ်
လည်း မီးခတ် ခတ်လိုက်ပြီးဆေးလိပ် ဖွာလိုက်တယ်။နဂါးဆေးပေါ့လိပ်က
လေး ဖွာလိုက်ရမှာ အမောပြေသွား
တာဗျို့။

“အကျိုးအကြောင်းတွေတော့ မောင်
တာတေ သိပြီးရောပေါ့၊ ဘယ်လိုအ
ကြောင်းဆိုတာ မောင်တာတေ တွေး
လို့များ ရလားကွဲ့”

ကိုအောင်ဘကျော်ရဲ့အဘ ဦးစိန်ဖြူ
က ကျုပ်ကို မေးတယ်။

“ကျုပ်လည်း ဒီကိစ္စကို တစ်လမ်းလုံး
တွေးလာတာပဲဘိုးရဲ့၊ ကျုပ်ဆရာကြီး
နှစ်ယောက်နဲ့ လိုက်ခဲ့တုန်းကတော့
တစ်ခါမြင်ခဲ့ဖူးတယ်ဗျ”

“ဟေ ဘာများတုံး မောင်တာတေရဲ့”

“နာနာရုပ်အတတ်ဆိုတာ ရှိတယ်
ဘိုးရဲ့၊ ရုပ်ပြောင်းရုပ်လွဲ အတတ်ပေါ့ဗျာ၊
လူကနေ ကျားအသွင်ပြောင်းတာဗျ”

“ဟာ ဒါမျိုးရှိသလား မောင်တာတေရဲ့”

“ရှိတယ် ဘိုး၊ ကျုပ်ရှေ့မှာတင်
မြင်ခဲ့ရတာတွေပါ”

“သမန်းကျားဆိုတာမျိုးထင်တယ်”

ကာလသားတစ်ယောက်က ဝင်ပြော
တာဗ်

“အေး ဟုတ်နိုင်တယ်ကွ၊ မင်းပြောတာ”

ကျုပ်က ချက်ချင်းပြန်ပြောလိုက်တယ်

“ဒါဆိုရင် သင်္ချိုင်းဇရပ်ပေါ်က လူများ
ရုပ်ပြောင်း ရုပ်လွဲလုပ်ပြီး ရွာကို ခြောက်
လှန့်နေတာများလား ဘိုးရယ်”

နောက်ကာလသားတစ်ယောက်က
ဝင်ပြောတာဗျ။ ငွေတွင်းကုန်းသားတွေ
မဆိုးဘူးဗျာ။ တွေးတတ် ခေါ်တတ်သား
ပဲ။ ကျုပ်လည်း လာတဲ့လမ်းမှာ ဒါတွေ
တွေးလာခဲ့တာလေဗျာ။

“ဖြစ်နိုင်တာတွေတော့ ရှိတာပေါ့ ဘိုး
ရာ၊ ဒါပေမဲ့ အတွေးနဲ့ ဆုံးဖြတ်လို့တော့
မဖြစ်ဘူးဗျ။ သေချာအောင် ဒီည သွား
ကြည့်ရလိမ့်မယ်”

“ဗျာ သွားကြည့်မယ် ဟုတ်လား”

ကာလသားတွေ လန့်ပြီး အော်ကြတယ်ဗျ

“ဟုတ်တယ်၊ သွားကြည့်ရမှာ၊ ကိုအောင်
ဘကျော် ကျုပ်နဲ့ တစ်ယောက်လောက်
အဖော်လိုက်ခဲ့မလား”

“ဟာ တာတေကလည်း ငါလိုက်မှာပေါ့ကွ”

ကာလသားတွေကတော့ ငြိမ်နေတာဗျ။
ဘာမှကို မပြောကြဘူး။ ကျုပ်တို့ထမင်း
စားပြီးတော့ ည ၇ နာရီထိုးပြီ။ ၉နာရီထိုး
တာနဲ့ ကျုပ်နဲ့ ကိုအောင်ဘကျော် ရွာပြင်
ကို ထွက်လာခဲ့တယ်။ လကွယ်ရက် နီး
နေပြီဆိုတော့ လရောင်တော့ မရှိဘူးဗျ။

ကြယ်ရောင်ပဲရှိတယ်။ ကျုပ်တို့နှစ်
ယောက်သစ်ပင်တွေ ခြုံပုတ်တွေနောက်
မှ ပုန်းရင်းသင်္ချိုင်းကုန်းကို တဖြည်းဖြည်း
ကပ်လာခဲ့တယ်။ ကျုပ်က သင်္ချိုင်းအနေ
အထားကို အကဲခတ်ကြည့်လိုက်တယ်။
သင်္ချိုင်းဇရပ်ထဲက လူကတော့ ဆေးပေါ့
လိပ်ကလေးမီးတရဲရဲနဲ့ဗျ။ ကျုပ်တို့ဘက်
ကို ကျောခိုင်းထားတယ်။ ကျုပ်က ကို
အောင်ဘကျော်ကို လက်ကုတ်ပြီး မြရာ
ပင်တွေအရှည်ကြီးပေါက်နေတဲ့ဘက်က
အုတ်ဂူကြီး တစ်လုံးကို လက်ညှိုးထိုးပြီး
ပြလိုက်တယ်။ ကိုအောင်ဘကျော်နဲ့ ကျုပ်
နဲ့ အုတ်ဂူကြီးပေါ်ကို တက်ထိုင်လိုက်တယ်။ မြရာပင်တွေကြားမှာ ကျုပ်တို့နှစ်ယောက်
ပျောက်သွားတယ်။

သင်္ချိုင်းဇရပ်ဘက်ကနေ လှမ်းကြည့်ရင်
ကျုပ်တို့ကို ဘယ်သူကမှ မမြင်နိုင်ဘူးဗျ။

သန်းခေါင်ကြက်တွန်သံ ရွာဘက်က
ကြားလိုက်ရတယ်။

“ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း”

ဟာ ကျားဟိန်းသံကြီးဗျာ။ တကယ်ကို
ကြောက်စရာကြီးပါလား၊ ဒါကြောင့်လည်း
ငွေတွင်းကုန်းသားတွေ ကြောက်ကြတာ
ပေါ့လေ။ ရှင်းသွားပြီပေါ့ဗျာ။ ကျုပ်ထင်
ထားသလို မဟုတ်ဘူးဆိုတာလေ။ဇရပ်
ပေါ်ကလူ ရုပ်ပြောင်းရုပ်လွဲလုပ်ပြီး ကျား
အသွင် ဖန်တီးထားတာတော့ လုံးဝမ
ဟုတ်ဘူးဗျ။ ဟိုလူက ဇရပ်ပေါ်မှာပဲ
ဆေးလိပ်ထိုင်ဖွာနေတာဗျို့။

“ကိုအောင်ဘကျော်၊ ကျားက ဘယ်
ဘက်က စဟိန်းတာတုံးဗျ”

“အဲဒါ ရွာအရှေ့ဘက် ရွာဦးနတ်စင်က
ဟိန်းတာကွ၊ ညတိုင်း အဲဒီဘက်ကပဲ
စဟိန်းတာ”

“သြော် အဲဒါ နတ်စင်လား”

“အေး ဟုတ်တယ်၊ဘာဖြစ်လို့တုံး
တာတေရ”

ဟော ဟိုလူထလာပြီဗျို့။ကိုအောင်ဘ
ကျော် မေးတာကိုတောင် ကျုပ် ပြန်မ
ဖြေရသေးဘူးဗျ။ ကိုအောင်ဘကျော်
လည်း ကျုပ်ကို ဆက်မမေးတော့ဘဲ
ဇရပ်ပေါ်က လူကို မျက်တောင်မခတ်
ကြည့်နေတော့တာပေါ့ဗျာ။

“ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း”

ဟော ကျားဟိန်းသံကြီးက တဖြည်း
့ဖြည်းနဲ့ နီးလာပြီဗျ။

“တာ၊ တာ၊ တာတေ ဖြစ်၊ ဖြစ်ပါ့မလားကွ”

ကိုအောင်ဘကျော်က အသံတုန်တုန်ကြီးနဲ့
ကျုပ်ကို မေးတယ်။

“ဟာ ဖြစ်ပါတယ်၊ ကိုအောင်ဘကျော်ရဲ့၊
ကျုပ်လွယ်အိတ်မှာလည်း ဆေးဝါးအစုံ
ပါပါတယ်ဗျ၊ မကြောက်ပါနဲ့ ”

ပြောသာ ပြောတာဗျ၊ ကျုပ်လည်း ကြက်
သီးတွေ ထနေတာပဲ။ ဟာ ကျားနက်ကြီး
ဗျို့။ နည်းတဲ့အကောင်ကြီးမှ မဟုတ်တာ
ဗျာ။ ကိုအောင်ဘကျော် ပြောတာ ဟုတ်
တာပေါ့ဗျာ။ ဆယ့်နှစ်တောင်ကို ရှာမှာဗျ။
ကြယ်ရောင်အောက်မှာ မြင်ရတာဗျို့။ခါး
ကြီး နွဲ့နွဲ့နဲ့နဲ့ လျှောက်လာတာဗျ။ မျက်
လုံးနှစ်လုံးဆိုတာ မှောင်ထဲမှာကို နီရဲပြီး
တောက်နေတာဗျို့။ ဟော ကျားက ဟို
လူဆီကို တန်းသွားတာဗျ။ အောင်မယ်
ဒီလူက ဆယ့်နှစ်တောင် ကျားကြီးကို
လက်နဲ့ သပ်နေတာဗျို့။

“ငါ့သား၊ ကိစ္စတွေ ပြီးတော့မှာပါကွာ၊
မနက်ဖြန်ည လကွယ်ညပဲကွ၊ မနက်
ဖြန်ညရောက်ရင်သာ ဟိုကောင်မကို
ချီပြီးဂူကြီးကို အရောက်သွားပေတော့၊
ဆရာလည်း မင်းနောက်က ထပ်ချပ်မ
ကွာလိုက်ခဲ့မှာပါ၊ ဒါပေမဲ့ မင်းက ကျား၊
ငါက လူဆိုတော့ တောထဲ တောင်ထဲ
သွားတဲ့အခါ မင်းကို မှီအောင်တော့
လိုက်နိုင်မှာ မဟုတ်ဘူးပေါ့ကွာ”

ဟာ ကျားနက်ကြီးက ဒီလူ့ခြေထောက်
ကို ခေါင်းနဲ့ခွေ့နေတယ်ဗျို့။ဘယ်လို
ဖြစ်လို့ ဒီလူ ဒီကျားကို ဒီလောက်ပိုင်နေ
တာပါလိမ့်။ ပြီးတော့ ကျားက ညသန်း
ခေါင်မှ ပေါ်လာတာလေဗျာ။ တစ်နေ့
လုံး ဒီကျား ဘယ်မှာ သွားနေတာတုံး။
ရွာကလူတွေ အလုပ်သွားလုပ်နေကြ
တာ။ တစ်ယောက်ယောက်တော့ ဒီ
ကျားနက်ကြီးကို မြင်ရမှာပေါ့ဗျာ။

ဟော ဟိုလူ ကျားကြီးကို ဘာပြောလိုက်
တယ် မသိဘူးဗျ။ ကျားနက်ကြီးက ချာ
ကနဲ လှည့်ထွက်ပြီး ရွာဘက်ကို ပြန်
သွားပြီး ဟိန်းပြန်ရောဗျို့။

” ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း”

ကိုအောင်ဘကျော်နဲ့ ကျုပ်လည်း တုတ်
တုတ်မှကို မလှုပ်ရဲကြဘူးပေါ့ဗျာ။ အခု
နေ ရွာပြန်သွားရင်လည်း ကျားနက်ကြီး
နဲ့ ပက်ပင်းတိုးနဲ့ သေချာတာပေါ့ဗျာ။
ကျုပ်တို့နှစ်ယောက်လည်း ဂူကြီးပေါ်
မှာ လှဲအိပ်ရင်း ကျားဟိန်းသံကြီးကို
နားစွင့်ရတာပေါ့ဗျာ။

မနက် အရုဏ်တက်လောက်ကျတော့
ကျားဟိန်းသံကြီးပျောက်သွားတယ်ဗျ။
ဇရပ်ထဲကို လှမ်းကြည့်လိုက်တော့ ဟို
လူလည်း အိပ်နေသဗျ။ ကျုပ်နဲ့ ကို
အောင်ဘကျော်လည်း လာတုန်းက
အတိုင်း ခြုံတွေကြားကနေ ပြန်ထွက်
ပြီး ရွာကို ပြန်ခဲ့ရတာပေါ့ဗျာ။

ဒါပေမဲ့ ကျုပ်စိတ်ထဲမှာတော့ ‘မနက်
ဖြန်ညရောက်ရင်သာ ဟိုကောင်မကို
ချီပြီး ဂူကြီးထဲကို ရောက်အောင် သွား
ပေတော့’ဆိုတဲ့ ဇရပ်ပေါ်ကလူ ကျား
နက်ကြီးကို ပြောလိုက်တဲ့ စကားသံ
ကြီးကိုသာ ကြားနေတော့တာ။ ကို
အောင်ဘကျော်တို့ အိမ်ရောက်တော့
လည်း ဒါကိုပဲ တွေးနေမိတာဗျ။

ဒါပေမဲ့ ဘယ်ကောင်မကို ကျားက
ချီမယ်ဆိုတာ ကျုပ်လုံးဝမသိဘူးဗျို့။
ကျုပ်တို့ ကိုအောင်ဘကျော်တို့ အိမ်
ကို ပြန်ရောက်တော့ မိုးလင်းစပြုပြီဗျ။
ကိုအောင်ဘကျော်ရဲ့ အဖေနဲ့အမေ
ဖြစ်တဲ့ ဘိုးစိန်ဖြူနဲ့ အရီးလုံးကြည်
တို့နှစ်ယောက်က ကျုပ်တို့နှစ်ယောက်
ကို စိတ်ပူပြီး မျှော်နေကြတာဗျို့။
စိတ်ပူမယ်ဆိုလည်း ပူစရာပေါ့ဗျာ။
တစ်ညလုံး ကျားနက်ကြီးက ရွာကို
ပတ်ပြီး အသံနက်ကြီးနဲ့ ဟိန်းနေ
တာမို့လား။

“ဟဲ့ ဟိုမှာ အောင်ဘကျော်နဲ့
တာတေ ပြန်လာကြပြီ”

ဘိုးစိန်ဖြူက စပြီးဝမ်းသာအားရ ပြော
လိုက်တာဗျ။

“အောင်မယ်လေး တော်ပါသေးရဲ့ဟယ်၊
ငါတို့မှာ တစ်ညလုံး အိပ်မပျော်တာ၊ ကျား
ဟိန်းသံကြီး ကြားတိုင်း နင်တို့နှစ်ယောက်
ကို စိုးရိမ်နေတာ”

“ကျုပ်ထင်သလိုတော့ မဟုတ်ဘူး ဘိုးရဲ့”

“ဟင် ဘယ်လိုများတုံး မောင်တာတေရဲ့”

“သြော် ဒီလိုလေ ဘိုးရာ၊ ကျုပ်က ဇရပ်
ပေါ်ကလူဟာ ရုပ်ပြောင်းရုပ်လွဲပညာနဲ့
ကျားနက်ကြီးပုံစံပြောင်းပြီး ရွာကို ခြိမ်း
ခြောက်နေတယ်လို့ ထင်တာ။ ညက
တွေ့ရတော့မှပဲ ဒီလူ ကျားပုံပြောင်းတာ
မဟုတ်မှန်း သိတာဗျ။ ကျားနက်ကြီးက
သပ်သပ်လာတာဗျ။ ဒါပေမဲ့ အဲဒီကျား
က ဇရပ်ပေါ်က လူရဲ့ ကျားတော့ ဟုတ်
တယ်ဗျ၊ နည်းတဲ့အကောင်ကြီး မဟုတ်
ပါဘူးဗျာ။ ဆယ့်နှစ်တောင်တော့ အ
သာလေးရှိတယ် ဘိုးရ”

“ဟေ ကိုးတောင်ကျားတောင် ကြီးလှ
ပြီထင်နေတာ ဆယ့်နှစ်တောင်ကျား
ဆိုတော့ နည်းတဲ့အကောင်ကြီးမှ မ
ဟုတ်တာ”

ကိုအောင်ဘကျော်ရဲ့အဖေက ပြောတာဗျ

“ဒါထက် ဘိုးရဲ့၊ ညက ရွာထဲမှာရော
ဘာများထူးတုံးဗျ”

“ဟေ ထူးလိုက်တာမှ မောင်တာတေရယ်၊
အရီးတို့ ဝိုင်းတောင်ဘက် နှစ်ဝိုင်းကျော်
က အောင်ဖြူဆိုတဲ့ ကလေးမလေး ည
တစ်ချက်တီးလောက်ကြီးမှာ ထအော်
လို့ပါလား”

” ဟင် ဘယ်လိုအော်လို့တုံး အမေရဲ့”

ကိုအောင်ဘကျော်က အလန့်တကြား
မေးလိုက်တာဗျ။

“လာပါပြီရှင် ၊ လာပါပြီ၊ ဆိုပြီးတော့
အိမ်ထဲကနေ အပြင်ကို ပြေးထွက်မယ်
ချည်း လုပ်လို့ သူတို့အိမ်သားတွေမှာ
ဝိုင်းပြီးဆွဲထားလိုက်ရတာဟယ် မပြော
ပါနဲ့တော့ ”

“ဟင် ဘယ်လိုဖြစ်လို့တုံးဗျ”

ကိုအောင်ဘကျော်က မျက်မှောင်ကြီးကြုတ်
ပြီး မေးတာဗျ။ ကျုပ်လည်း အရီးလုံးကြည်
ကို အံ့သြပြီး ကြည့်နေမိတာပေါ့ဗျာ။

“ဘယ်လိုဖြစ်တယ်တော့ မသိဘူး
အောင်ဘကျော်ရေ၊ ရွာပြင်က ကျားက
တစ်ချက်ဟိန်းလိုက်တိုင်း အောင်ဖြူမက
လာပါပြီရှင့်၊ ထ,ထအော်တာဟဲ့၊ ရွာထဲ
မှာကို ညံနေရောဟေ့၊ တစ်ရွာလုံးက
တိတ်ဆိတ်နေတဲ့ အချိန်ဆိုတော့
အောင်ဖြူမ အော်တဲ့အသံကြီးက
ရွာထဲမှာ လူတိုင်း ကြားရတော့တာ
ပေါ့ဟာ။ အောင်ဖြူမအသံကလည်း
တစ်မျိုးကြီးပဲဟဲ့၊ ဘယ်လိုကြီးမှန်းကို
မသိပါဘူးဟာ”

ကျုပ် ဘာလုပ်ရမယ်ဆိုတာ ဆုံးဖြတ်
လိုက်ပြီဗျ။

“ကိုအောင်ဘကျော်၊ ကြက်တစ်ကောင်
ချက်ခိုင်းဗျာ၊ ပြီးရင် ထမင်းတစ်ခွက်
လောက်ချက်၊ ငှက်ပျောဖက်ခင်းပြီး
ထမင်းတောင်း ပြင်ရမယ်”

“ဟာ ရမယ်၊ တာတေ၊ ရမယ်၊ ဘယ်အချိန်
ကို အပြီးလိုချင်တုံး၊နောက်ထပ်ရော ဘာ
လိုသေးလဲ၊လိုတာရှိ အကုန်ပြောကွာ”

“ဒီရွာမှာ နတ်ဝင်သည် ရှိလားဗျ”

“ဟာ ရှိပါ့ဗျာ၊ ဒေါ်ယုံးကြည်ဆိုတာ
အမေဂျမ်းခေါင်းစွဲဆိုလား၊ အမေရေယဉ်
ခေါင်းစွဲဆိုလားပဲကွ၊ အရှေ့ပိုင်းမှာနေတာ၊
ငါနဲ့ လွှတ်ခင်တာကွ၊ အမေနဲ့လည်းခင်
တယ်၊ ဒေါ်ယုံးကြည်ကို ငါတို့ ဘာပြော
ပေးရမှာတုံး”

“ညနေ ခြောက်နာရီကျော်လောက်
အရောက်လာခဲ့ဖို့ ပြောဗျာ၊ ပြီးတော့
မီးလောင်ကုန်းသင်္ချိုင်းကို ကျုပ်တို့
လှည်းနဲ့ သွားမယ်၊ မဖဲဝါကိုပင့်ဖို့
ဆိုတာလည်း ထည့်ပြောဗျာ”

“စိတ်ချ တာတေ၊ စိတ်ချ၊ ကဲ ထမင်း
ကြမ်းလေး စားသောက်ပြီး တစ်ရေး
လောက် အိပ်လိုက်ကြရအောင်ကွာ”

ကိုအောင်ဘကျော်က ပြောတော့
ဘိုးစိန်ုဖြူက ပြောတယ်ဗျ

“မင်းတို့နှစ်ယောက် စိတ်ချလက်ချသာ
အိပ်ကြပါကွာ၊ မောင်တာတေ လိုတာ
တွေ ဘိုးတို့အားလုံး စီစဉ်ထားမှာပါ၊
ခဏကြာရင် ရွာက လူကြီးတွေ ရောက်
လာကြမှာကွ၊ အားလုံးက မောင်တာ
တေ လိုတာပြောဖို့ ဘိုးကို မှာထား
ပါတယ်”

ကိုအောင်ဘကျော်နဲ့ ကျုပ်နဲ့ ထမင်းကြမ်း
စားပြီးတော့ နှစ်ယောက်သား အိပ်ကြတော့
တာပေါ့ဗျာ။ တစ်ညလုံး အိပ်ရေးပျက်နေ
တာဆိုတော့ ချက်ချင်းကို အိပ်ပျော်သွား
တာပေါ့ဗျာ။ ကျုပ်တို့နှစ်ယောက် အိပ်
ရာက နိုးလာတော့ ညနေသုံးနာရီတောင်
ထိုးနေပြီဗျ။ ကျုပ်လည်း အိပ်ရာက က
ပျာကယာ ထပြီး ရေမိုးချိုးလိုက်တယ်။
ဒီတော့မှ လူလည်း လန်းသွားရောဗျို့။

“မောင်တာတေ အိပ်နေတုန်း ရွာက
လူကြီးတွေ လာကြတယ်၊ မောင်တာ
တေ ဘာပြောတုံးဆိုတာ သိချင်လို့ပေါ့
ကွာ၊ ကျုပ်ကလည်း မောင်တာတေ ပြော
ပြတာတွေ အကုန်ပြောပြလိုက်တယ်၊လို
တာတွေလည်း ပြောပြလိုက်တယ်၊ ည
နေ ငါးနာရီထိုးတာနဲ့ ဆန်တစ်ခွက်နဲ့
ကြက်တစ်ကောင် ချက်ထားတဲ့ ထမင်း
တောင်း ရောက်လာလိမ့်မယ်၊ယုံးကြည်
ကိုတော့ မင်းအရီး သွားခေါ်ထားပြီးပြီ”

“ဟာ ဒါဆိုရင် ရပါပြီ ဘိုးရဲ့၊ ဒီကျားနက်
ကြီးရဲ့ ဇရပ်ပေါ်က လူဟာ ဘာဆိုတာ
ကိုတော့ ကျုပ်က အတိအကျ မပြောနိုင်
သေးဘူးဗျ၊ ဒီည မဖဲဝါကို ပင့်ပြီးရင်တော့
ဘာဆိုတာ ကျုပ်ပြောပြလို့ ရပါပြီ ဘိုးရာ”

“ဟဲ့ တာတေနဲ့ အောင်ဘကျော်၊
နင်တို့နှစ်ယောက်လည်း ထမင်းကြမ်း
စားပြီးကတည်းက အိပ်လိုက်ကြတာ
ထမင်းလည်း ထမစားကြဘူး၊ အရီး
ချက်ထားတဲ့ ထမင်းတွေ ဟင်းတွေ
က ဒီအတိုင်းပါကောလား”

“အရီးရေ ညစာကျမှပဲ ပေါင်းစားတော့
မယ်ဗျာ”

ကျုပ်က အရီးကို ပြောတော့ အရီးက
ဘာမှမပြောဘဲ ရယ်နေတယ်ဗျ။ ကို
အောင်ဘကျော်က ခေါင်းကြီးရမ်းပြီး
ပြောလိုက်တယ်ဗျို့။

“အမေရယ် ကျုပ်ဖြင့် ညက ကြောက်
လိုက်တာဗျာ၊ ဇရပ်ပေါ်က သျှောင်ထုံး
နဲ့ လူကြီးက ကျားနက်ကြီးကို ခေါင်း
ကြီးပွတ်ပေးနေတာတွေ့တော့ ကျုပ်
မှာ အသည်းတွေ အူတွေ ပြောင်းပြန်
ဖြစ်သွားသလိုပါပဲဗျာ”

“ဟေ ဟုတ်လား၊ ဒါဆိုရင် ဒီကျားနက်
ကြီးက ဒီလူရဲ့ကျားပေါ့ဟဲ့၊ ဘာအကြံ
နဲ့များ ငါတို့ရွာကို ကျားနဲ့ တိုက်ရတာတုံး”

“ဒါတော့ မသိသေးဘူးလေ၊ အမေရာ၊
ဒီည တာတေအလုပ်လုပ်မှာလေ၊ အဲဒါ
ပြီးရင် သိရမယ်လို့ တာတေ ပြောထား
တာပဲ အေမရ”

“အေး အေး ဒါဆိုရင် ဒီည သိရတော့
မှာပေါ့ဟယ်၊ ဒီလူနဲ့ ဒီကျားက တို့ရွာက
အောင်ဖြူမကို ဘာများလုပ်မလို့တုံးဟယ်”

“ဒါလည်း မပူပါနဲ့ဗျာ၊ တာတေ စီစဉ်မှာပါဗျ”

“အေး အေး ဟုတ်တာပေါ့၊ နင့်တာတေ
က အကောင်သာ သေးတာဟဲ့၊ သတ္တိ
တော့ တော်တော်ရှိတဲ့အကောင်ပဲ”

“ဟား ဟား ဟား ဟား”

ကျုပ်ရော ဘိုးစိန်ဖြူရော၊ ကိုအောင်ဘ
ကျော်ရော ရယ်ကြတော့တာပေါ့ဗျာ။
ကျုပ်တို့အညာသူ၊ အညာသားတွေက
ရိုးရိုးကြီးတွေဗျ။ ဘာပြောပြော ပွင့်ပွင့်
လင်းလင်းကြီးတွေပေါ့ဗျာ။ ကျုပ်နဲ့
ကိုအောင်ဘကျော် မနက်စာနဲ့ညစာ
ပေါင်းစားပြီးလို့ ဆေးလိပ်ထိုင်သောက်
နေတုန်း ဝိုင်းထဲကို လှည်းတစ်စီး
မောင်းဝင်လာတယ်ဗျ

“ဒါ ဘယ်သူတုံးဗျ ကိုအောင်ဘကျော်”

“ဟာ အဲဒါ နတ်ဝင်သည်ကြီး
ဒေါ်ယုံးကြည်လေကွာ”

“လှည်းက ထမင်းတောင်းယူရင်း
ယုံးကြည်ကိုပါ ခေါ်လာခဲ့တာဟေ့”

အရီးလုံးကြည်က ပြောတယ်ဗျ။
လှည်းပေါ်မှာလည်း ကျောက်ခဲတို့
အရွယ်လောက် ကောင်လေးနှစ်
ယောက်လည်း ပါလာတယ်။

“ဟေ့ကောင် စံပ၊ မင်းလည်း အိမ်ပေါ်
တက်ဦးလေကွာ”

“ဟာ ကျုပ် မတက်တော့ဘူး ဘိုးစိန်ဖြူရေ၊
အရီးဘုမတို့ ဝိုင်းထဲမှာ ပြောင်းရိုးသွားတိုက်
ရဦးမှာမို့ဗျ”

ကျုပ်က နတ်ဝင်သည် ဒေါ်ယုံးကြည်ကို
ကျုပ်လုပ်မယ့် ပုံစံကို ပြောပြတယ်။ ဒေါ်
ယုံးကြည်က အသားဖြူဖြူ၊ ထောင်ထောင်
မောင်းမောင်းကြီးဗျ။

“ကျုပ်က မောင်တာတေကို မမြင်ဘူး
သေးပေမဲ့ ကြားဖူးပြီးသားပါတော်၊ မ
ထွန်းတို့၊ မတုတ်တို့ ကျုပ်နဲ့တွေ့တဲ့
အခါတိုင်း မောင်တာတေ့အကြောင်း
ကို ပြောနေကျပါ၊ မောင်တာတေကို
မဖဲဝါ တစ်ခါပင့်ပေးပြီးတိုင်း ကျန်းမာ
ရေး ပိုကောင်းတဲ့ အကြောင်း၊ စီးပွား
ရေးပိုဖြစ်တဲ့အကြောင်းတွေတောင်
ပြောကြတာတော့”

“ဟင် ဟုတ်လား၊ အဲဒါတွေတော့
ကျုပ်တောင် မသိပါဘူးဗျာ”

“ဒါကြောင့် ဒီကောင်မနှစ်ယောက်က
မောင်တာတေ လာခေါ်ရင် ဘယ်တော့
မှ မငြင်းကြတာပေါ့”

ကျုပ်က ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။
ညရှစ်နာရီမှာ ကိုအောင်ဘကျော်က
လှည်းကောက်ပြီး ကျုပ်ရယ်၊ ဒေါ်ယုံး
ကြည်ရယ်၊ ကောင်လေးနှစ်ယောက်
ရယ် မီးလောင်ကုန်းသင်္ချိုင်းဘက်ကို
ထွက်ခဲ့ကြတာပေါ့ဗျာ။ ငွေတွင်းကုန်း
သင်္ချိုင်းမှာ လုပ်လို့မဖြစ်ဘူးလေဗျာ။

ဇရပ်ပေါ်မှာ ကျားနက်ဆရာကြီး ရှိ
နေတယ်မို့လား။ မီးလောင်ကုန်းသင်္ချိုင်း
ကို ရောက်တာနဲ့ ခါတိုင်းလိုပဲ ဂူကြီး
တစ်လုံးပေါ်မှာ မဖဲဝါအတွက် ထမင်း
ပွဲပြင်လိုက်တယ်။ အသင့်ယူလာတဲ့
ရေဖလားကြီးထဲကို ရေဖြည့်လိုက်
တယ်။ ဖယောင်းတိုင် တစ်တိုင်လည်း
ထွန်းလိုက်ရတာပေါ့ဗျာ။

နတ်ကတော် ဒေါ်ယုံးကြည်ကတော့
လုပ်ငန်းကျွမ်းကျင်ပြီးသားလေဗျာ။
ဂူရှေ့က မြက်ခင်းလေးမှာ ဆံပင်ကို
ဖားလျားချပြီး ကြုံ့ကြုံ့ကလေး ထိုင်
လို့ဗျ။ လက်အုပ်ကလေးကလည်း ချီ
ပြီးသားလေ။

“အရှေ့ နေထွက်၊ အနောက်နေဝင်
တောင်တံငါကွန်၊ မြောက်ဓူဝံအတွင်း
သင်္ချိုင်းရှင်မ မဖဲဝါ ရှိလေရာ အရပ်
ကနေ အမြန်ကြွလာခဲ့ပါ။ ကျုပ် တာ
တေက မဖဲဝါအတွက် စားပွဲသောက်
ပွဲနဲ့ ကြိုပါတယ်ဗျာ၊ အမြန်ဆုံး ကြွ
ခဲ့ပါ ခင်ဗျာ”

ကျုပ် ခဏစောင့်ကြည့်တယ်။ကို
အောင်ဘကျော်နဲ့ ငွေတွင်းကုန်းသား
ကောင်လေးနှစ်ယောက်က ခပ်လှမ်း
လှမ်းက သမုန်းပင်အောက်မှာ ရပ်
နေကြတယ်ဗျ။ ကျုပ်လုပ်နေတာတွေ
ကို မျက်တောင်မခတ် ကြည့်နေကြ
တာပေါ့ဗျာ။

“ဝူး၊ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး ၊ အီ၊ အီ၊ အီ”

ဟာ မဖဲဝါ ဒီတစ်ခါ တော်တော်မြန်တာ
ပဲဗျ။ ဒီအနီးအနားမှာကို ရှိနေပုံပဲဗျို့။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အိ”

ဟာ ခွေးအူသံကြီးက တဖြည်းဖြည်း
နီးလာပြီဗျို့။ နွားပေါက်တစ်ကောင်
လောက်ရှိတဲ့ ခွေးနက်ကြီး ဆိုတာတော့
အရင်စာအုပ်တွေမှာ ရေးပြခဲ့ဖူးပါတယ်။
ဟာ ဟိုမှာဗျို့၊ ဟိုမှာ မဖဲဝါကြီး ရွေ့လာ
ပြီဗျို့။ ဂူတွေအပေါ်က ရွေ့လာတာဗျ။

အရပ်ကြီးက ဆယ်ပေလောက်ကို
ရှိတာဗျ။ မျက်လုံးကြီးနှစ်လုံးက လက်
ဖက်ရည်ပန်းကန်လောက် ရှိတာဗျ။
မှောင်ထဲမှာကို ရဲတောက်နေတာဗျာ။
ဖြူဖြူကြီးဗျ။ ဆံပင်က ဖားလျားကြီး
ချလို့ ပေါ့ဗျာ။ ဟော သင်္ချိုင်းအလယ်
လောက်ရောက်တော့ မဖဲဝါတုံကနဲ
ရပ်သွားတယ်ဗျ။

ပြီးတော့လည်း ဒေါ်ယုံးကြည်ကို
စိုက်ကြည့်လိုက်တယ်။ ဟာ ဝင်
သွားပြီဗျ။ ဒေါ်ယုံးကြည်ကိုယ်ထဲ
ကို ထိုးဝင်သွားတာဗျာ။ ဟော
ဟော ဒေါ်ယုံးကြည်ကြီး လက်
ကြီးတွေ အပေါ်မြောက်တက်
လာတယ်။ ကွေးကွေးကောက်
ကောက်ကြီးတွေပေါ့ဗျာ။ ဟာ
ဟာ လက်နှစ်ဖက်နဲ့ ခေါင်းက
ဆံပင်ကို သပ်တင်လိုက်တယ်
ဗျ။ ဟာ ခုန်ပြီဗျို့။ မဖဲဝါ ခုန်
လိုက်ပြီ။ ဂူကြီးပေါ်ကို လွှားကနဲ
ရောက်သွားတာဗျ။

ဟော ဒူးကြီးနှစ်ဖက်ထောင်ပြီး ထမင်း
ပွဲကို ငုံ့ကြည့်တယ်။ ဟော စားပြီးဗျို့။
စားပြီ။ မဖဲဝါ အားရပါးရကို စားတာ
ဗျို့။ ကြက်ရိုးတွေ ဝါးလိုက်တာများ
ဂျိုးဂျိုးဂျွတ်ဂျွတ်ကို နေတာပဲဗျာ။

ကျုပ်နောက်ကို လှည့်ကြည့်လိုက်
တော့ ကိုအောင်ဘကျော်ရော ကောင်
လေးနှစ်ယောက်ပါ မဖဲဝါဝင်နေတဲ့
ဒေါ်ယုံးကြည်ကြီးကို ကြည့်နေလိုက်
ကြတာ မျက်တောင်တောင် မခတ်
ကြဘူးဗျ။ ကျုပ်လည်း မဖဲဝါကို
မျက်တောင်မခတ်ကို ကြည့်နေရ
တာပေါ့ဗျာ။ ဟော ကျုပ်ကို ကြည့်
ပြီဗျ။ ကြည့်နေပြီ။ ဒီအကြည့်ကို
ကျုပ် သိပြီးသားပေါ့ဗျာ။

“ဟဲ့ တာတေ၊ ဘာအကြောင်းရှိလို့တုံး”

လို့ မေးတဲ့ မဖဲဝါကြီးရဲ့ အကြည့်လေဗျာ။

“ဒီလိုပါ မဖဲဝါ၊ ငွေတွင်းကုန်းမှာ ငါးည
ရှိသွားပြီ၊ ဆယ့်နှစ်တောင်လောက်ရှိတဲ့
ကျားနက်ကြီးတစ်ကောင်ဟာ ညသန်း
ခေါင်ရောက်တာနဲ့ ဘယ်ကပေါ်လာမှန်း
မသိဘဲ ပေါ်လာတော့တာပဲဗျ။ ရွာကို
ပတ်ပြီး တစ်ညလုံး ဟိန်းတော့တာပါ
ပဲဗျာ။ ငွေတွင်းကုန်းသင်္ချိုင်းဇရပ်ပေါ်
မှာလည်း သျှောင်ထုံးနဲ့လူကြီးတစ်
ယောက် ရောက်နေတယ်။ မနေ့က
ညကတော့ ကျုပ်သွားချောင်းကြည့်
တာ ဒီလူက ကျားနက်ကြီးရဲ့ခေါင်း
ကို ပွတ်သပ်ပြီးတော့ စကားပြောနေ
တာဗျ။ ငွေတွင်းကုန်းရွာထဲမှာလည်း
မအောင်ဖြူ ဆိုတဲ့ မိန်းကလေးတစ်
ယောက်က လာပါပြီရှင့်၊ လာပါပြီလို့၊
ညက အော်နေတယ် မဖဲဝါ”

“နင် နားထောင် တာတေ၊ အဲဒါ
ကျားနက်ရှင် ငရွှေသင်ပဲဟဲ့၊ ကုန်း
ဘောင်ခေတ်ဦးတည်းက ရှိခဲ့တာ
အခုအထိပဲ။ ကျားမှော်အောင်ထား
တဲ့ အကောင်ပဲ။ ရွာဦးနတ်စင်ကနေ
ကျားနက်ရုပ်ကလေးနဲ့ တိုက်နေတာ
ဟေ့။ ငွေတွင်းကုန်းက တနင်္ဂနွေသမီး
မအောင်ဖြူကို ကျားနဲ့ တိုက်သတ်ပြီး
နှလုံးကို ဖောက်ထုတ်စားရမှာ၊ ဒါမှ
သူ့အသက် နောက်တစ်ပြန် ဆက်လို့
ရလိမ့်မယ်၊ မနက်ဖြန် လကွယ်ညမှာ
အောင်ဖြူရဲ့ နှလုံးကို စားရမှာ ဖြစ်မှာ”

“ဟာ …ဖြစ်မှဖြစ်ရလေဗျာ၊ ကယ်ပါဦး
သင်္ချိုင်းရှင်မကြီးရယ်”

ကျုပ်က စိုးရိမ်တကြီး ပြောလိုက်တော့
မဖဲဝါက ခေါင်းကြီးတစ်ဆတ်ဆတ်
ညိတ်ပြီးပြောတယ်ဗျ

“ဘာမှမစိုးရိမ်နဲ့ တာတေ၊ ကျားနက်ရှင်
ငရွှေသင် မအောင်ဖြူရဲ့နှလုံးကို မစားရ
စေဘူး၊ ဒီအကောင် ကံကုန်ပြီ အဝီစိငရဲ
မှာ ခံရတော့မယ့်အချိန် ရောက်နေပြီ၊ ဒီ
ညသန်းခေါင်ကျော်ရင် ငွေတွင်းကုန်း
သင်္ချိုင်းကို ငါ အရောက်လာခဲ့မယ်”

ပြောပြီး ဆိုပြီး စားလည်းပြီးရောဗျ။
ရေနဲ့ လက်ဆေးပြီး တစ်ကြိုက်မော့
သောက်လိုက်တယ်။ပြီးတော့ မဖဲဝါ
ထွက်သွားရောဗျို့။ ဂူပေါ်မှာ လဲကျသွား
တဲ့ ဒေါ်ယုံးကြည်ကို ကျုပ်နဲ့ ကိုအောင်
ဘကျော်က ပြေးပွေ့တယ်။ ကျုပ်က
ဒေါ်ယုံးကြည်ရဲ့ မျက်နှာကို ရေနဲ့
တောက်လိုက်တော့မှ သတိရသွား
တယ်ဗျ။ ရွာရောက်တော့ အိမ်မှာ
ရွာထဲက ကာလသားတွေနဲ့ လူကြီး
တွေ ရောက်နေကြတယ်ဗျ

ကျုပ်က မဖဲဝါ ပြောတာကို ထိုက်သင့်
သလောက် ပြန်ပြောပြလိုက်တယ်။ ကျုပ်
အခန်းထဲဝင်ပြီး မျက်ကွင်းဆေး ကွင်းတယ်
ဆေးလွယ်အိတ်ကို စလွယ်သိုင်းလွယ်ပြီး
ငွေတွင်းကုန်းသင်္ချိုင်းကို ထွက်ခဲ့တယ်။
ကိုအောင်ဘကျော်က ငါးတောင့်ထိုး
အဲဗာဒရီဓါတ်မီးတစ်လက်ကို ကိုင်ပြီး
လိုက်လာတယ်ဗျ။

မနေ့ညက သွားတဲ့ လမ်းကြောင်းအ
တိုင်းပဲ သွားကြပြီးမြရာပင်တွေကြား
ထဲက ဂူမှာပဲ တက်နေလိုက်တယ်။
အခုမှ ညဆယ်နာရီပဲရှိသေးတာဗျ။
ကျုပ်တို့ စောင့်ရဦးမှာပေါ့ဗျာ။လူ့စိတ်
ဆိုတာကလည်း ခက်သားလားဗျာ။
တစ်ခုခုအပေါ်မှာ စိတ်စောနေရင်
အချိန်တွေက ကုန်နိုင်ခဲတယ်လို့
ထင်ကြတာမို့လား။နှစ်နာရီလောက်
အချိန်ကိုပဲ ကျုပ်တို့မှာ ကုန်နိုင်ခဲ
တယ်လို့ ထင်နေတာဗျ။

“ဝုန်း၊ ဝုန်း၊ ဝုန်း”

ဟော ကျားဟိန်းပြီဗျို့။ မဖဲဝါပြောတဲ့
အတိုင်းပါပဲဗျာ။ ရွာဦးနတ်စင်ဘက်က
အသံစကြားရတာဗျ။

“ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း”

ဟော အသံကြီးက ကျုပ်တို့ဘက်ကို
ရွေ့လာပြီဗျို့။ ကျားနက်ရှင် ငရွှေသင်
ကတော့ သင်္ချိုင်းဇရပ်ပေါ်က ဆင်းလာ
ပြီဗျို့။ အောင်မာ ဒီလူ လွတ်အိတ်ကို
စလွယ်သိုင်း လွယ်လို့ဗျ။ ဒီကနေ အပြီး
သွားတော့မယ်ပုံပဲ။ ရွာထဲက မအောင်
ဖြူကလည်း အခုလောက်ဆိုရင် အော်
ဟစ်နေရောပေါ့ဗျာ။

ကျုပ်က ဒီကိုမလာခင်ကတည်းက
မှာခဲ့ပြီးသားဗျ။ မအောင်ဖြူ အိမ်ကို
ရွာထဲက အားကောင်းမောင်းသန်
မိန်းမတွေရော၊ ယောင်္ကျားတွေပါ
ခေါ်ထားပြီး မအောင်ဖြူကို မလွတ်
တမ်း ချုပ်ထားကြဖို့ပေါ့ဗျာ။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”

ဟာ ခွေးအူသံကြီးဗျို့။ ဒါ မဖဲဝါရဲ့ခွေး
ကြီး အူတဲ့အသံဗျ။ မဖဲဝါလည်း လာနေ
ပြီပဲ။

“ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း”

ခွေးအူသံ ကြားလိုက်တော့ ကျားနက်
ကြီးက ပိုပြီးဟိန်းရောဗျို့။ ဟော ကျား
နက်ကြီး သင်္ချိုင်းထဲကို ရောက်လာပြီဗျို့။
ငရွှေသင်က ကျားနက်ကြီးရဲ့ ခေါင်းကို
ပွတ်သပ်ပြီး တစ်ခုခုပြောနေတဲ့ပုံပဲဗျ။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”

ဟာ မဖဲဝါကြီး ဂူတွေပေါ်က ရွေ့လာ
ပြီဗျို့။ အရပ်ကြီးဆယ်ပေလောက်နဲ့
ဆံပင်ဖားလျားကြီးချလို့ဗျာ။ သူ့ရဲ့
ခွေးကြီးက ဂူတွေကြားက ပြေးပြီး
လိုက်လာတယ် ။ ငရွှေသင်ဆိုတဲ့
ကျားနက်ရှင်က နောက်ကို
တစ်ချက်လှည့်ကြည့်တယ်

“အောင်မယ် ရာရာစစ သရဲမက
ဒီကို ဘာလာလုပ်တာတုံးဗျ”

ဟာ ဒီလူ မဖဲဝါကို မြင်ရတာကိုး။
ကျုပ် တော်တော်အံ့သြသွားတယ်။

မဖဲဝါက ဂူပေါ်ကနေ အောက်ကို
ကိုင်းကိုင်းကြီးလုပ်ပြီး သူ့ခွေးကြီးရဲ့
ကျောကို လက်နဲ့သပ်လိုက်တယ်။
သုံးချက်သပ်တာဗျ။

“ဝုန်း၊ ဝုန်း”

ဟာ မဖဲဝါရဲ့ခွေးကြီးက ကျားကြီး
ဖြစ်သွားပါရောလားဗျာ။ ကျားမှ
တကယ့်ဘင်္ဂလားကျားကြီးဗျ။ အ
ဝါနဲ့ အနက်စင်းကြီးဗျို့။ ဆယ့်ငါး
တောင်လောက် ရှိမယ်။ အရပ်ကြီး
ကလည်း နည်းနည်းနောနော မ
ဟုတ်ပါဘူးဗျာ။ မြင်းကြီးတစ်ကောင်
လောက်ကို မြင့်တာဗျ။ မဖဲဝါက
ကျားကြီးရဲ့ ကျောပေါ်ကို လွှား
ကနဲ ခုန်တက်လိုက်တယ်

“ဟဲ့ သရဲမ နင်နဲ့ ဘာမှမဆိုင်ဘူး၊
အခုချက်ချင်း ထွက်သွား”

“ဟား ဟား ဟား အီး၊ ဟီး၊ ဟီး”

မဖဲဝါရဲ့ ရယ်သံကြီးဗျ၊ ကျားနက်ရှင်
ငရွှေသင်ကလည်း သူ့ရဲ့ကျားနက်
ကြီးပေါ်ကို ခွပြီး စီးလိုက်တယ်။

“ကဲ လာခဲ့စမ်း၊ သရဲမ၊ ဒီညတော့
နင် တစ်ခါထပ်ပြီး မသာပေါ်မယ့်
ညပဲဟေ့”

“ဟီး ဟီး ဟီး”

“ဝုန်း၊ ဝုန်း၊ ဝုန်း”

မဖဲဝါရဲ့ ကျားကြီးဟိန်းလိုက်တဲ့ အသံ
ဗျို့။ဟာ ကျားနက်ကြီးက အဲဒီအသံကြား
တော့ နောက်ကို ခြေနှစ်လှမ်းသွားတယ်
ဗျို့။

“တယ် ငါလုပ်လိုက်ရ သေတော့မယ်၊
အဲဒါ ကျားမဟုတ်ဘူးဟဲ့၊ ခွေး၊ ခွေး၊
ခွေးကို ကြောက်ရတယ်လို့ ကဲ အခု
ချက်ချင်း ဒီခွေးစုတ်၊ ခွေးဝဲစားကို
ပြေးကိုက်လိုက်စမ်း”

ဟာ ပြေးတယ်ဗျို့၊ ပြေးတယ်။ ငရွှေသင်
ရဲ့ ကျားနက်က ပြေးပြီးတော့ မဖဲဝါ
စီးထားတဲ့ ကျားကြီးကို ခုန်အုပ်မလို
ဟန်ပြင်လိုက်တယ်ဗျို့။

“ဝုန်း၊ ဝုန်း ”

မဖဲဝါ စီးထားတဲ့ ကျားကြီးက ဝုန်းကနဲ
နှစ်ချက်ဆင့်ဟိန်းပြီး ကျားနက်ကို သူ
ရဲ့လက်ဝါးကြီးနဲ့ လှမ်းပြီးပုတ်လိုက်တယ်

“ဘုန်း”

ဟာ ကျားနက်ကြီး ဘုန်းကနဲ လဲကျ
သွားတာဗျို့။ ငရွှေသင်လည်း သင်္ချိုင်း
မြေပေါ်ကို လွင့်ကျသွားရောဗျို့။

“တောက် ငါ လုပ်လိုက်ရ သေတော့မယ်
ဟဲ့ကောင် အခု ထစမ်း”

ကျားနက်ကြီးကလည်း လူးလဲပြီး
ထသဗျ။ ငရွှေသင်ကလည်း ကျား
နက်ကြီးကို ခွစီးပြန်ရောဗျ။

“ဝုန်း၊ ဝုန်း၊ ဝုန်း”

အောင်မာ သူ့ကျားနက်ကလည်း အာဂ
ပဲဗျ။ ဝုန်းကနဲ၊ ဝုန်းကနဲ ဟိန်းလိုက်ပြီး
တော့ မဖဲဝါရဲ့ ကျားကြီးကို တစ်ရှိန်ထိုး
ပြေးဝင်တာဗျို့။

“ဝုန်း”

မဖဲဝါစီးတဲ့ ကျားကြီးက ‘ဝုန်း’ဆို တစ်
ချက်ဟိန်းပြီး ကျားနက်ရှင် ငရွှေသင်
ကို ခုန်အုပ်ပြီး ပါးစပ်ကြီးနဲ့ ကိုက်လိုက်
ရောဗျို့။

“ဝေါင်း၊ ဝေါင်း၊ ဝေါင်း”

မဖဲဝါကျားကြီးရဲ့ မာန်ဖီသံက တကယ့်
ကို ကြောက်စရာကြီးပါဗျာ။ ခါပြီဗျို့။ဆွဲ
ခါနေပြီ။ ဧရာမ ကျားပါးစပ်ကြီးထဲမှာ
ငရွှေသင် ဆန့်ငင် ဖြစ်နေရောဗျာ။
ကျားကြီးက ငရွှေသင်ကို ဆွဲခါနေတာ
ဗျ။ ကြောင်တွေများ ကြွက်ခုတ်တဲ့အခါ
ကြွက်ကို ပါးစပ်ထဲမှာကိုက်ပြီး ခါနေ
သလိုပေါ့ဗျာ။

“ဟီး ဟီး၊ ဟီး၊ ဟီး၊ ဟား ဟား ဟား”

မဖဲဝါရဲ့ ရယ်သံကြီးက သင်္ချိုင်းတစ်ခု
လုံးကို လွှမ်းသွားတာဗျ။ ငရွှေသင်ရဲ့
ကျားနက်ကြီးကတော့ လှုပ်လည်း
မလှုပ်တော့ဘူးဗျို့။ ငြိမ်ပြီး အရုပ်ကြီး
တစ်ရုပ်လိုကို ဖြစ်နေတာဗျ။

“အား”

ငရွှေသင် အော်လိုက်တဲ့ ဝမ်းခေါင်းသံ
ကြီးဗျ။ မချိမဆံအော်လိုက်တဲ့ ငရွှေသင်
ရဲ့ အသံကြီးအဆုံးမှာ ကျားနက်ကြီး
ပျောက်သွားတယ်။ ငရွှေသင်လည်း
ငြိမ်သွားတော့တာပေါ့ဗျာ။

သွားပြီလေ။ ကျားမှော်အောင်ထားတဲ့
ကျားနက်ရှင်ကြီး ငရွှေသင်။ အသက်ရာ
ကျော်ရှိတဲ့ မှော်ကဝေကြီးတော့ ဘဝနိဂုံး
ချုပ်သွားပြီပေါ့ဗျာ။ မဖဲဝါရဲ့ ကျားကြီးက
ပါးစပ်ထဲမှာကိုက်ပြီး ခါနေတဲ့ ငရွှေသင်
ကို မြေကြီးပေါ်မှာ ချထားလိုက်တယ်။
ပြီးတော့ ဂူတွေပေါ်ကို ကျော်ပြီး လွှား
ကနဲ လွှားကနဲ ခုန်ပြီး သင်္ချိုင်းထဲက
ပြေးထွက်သွားတယ်။ မဖဲဝါကတော့
ကျားကြီးရဲ့ ကျောပေါ်မှာ စီးလျက်
သားကြီးနဲ့ ပါသွားလေရဲ့ဗျာ

“ဟီး ဟီး ဟီး ဟီး ဟီး”

ကျုပ်နဲ့ ကိုအောင်ဘကျော်လည်း
စောစောကကျားနက်ကြီး ပျောက်သွား
တဲ့နေရာကိုအပြေးအလွှားသွားပြီး ဓါတ်
မီးနဲ့ ထိုးကြည့်လိုက်တယ်

“ဟာ ဒီမှာဗျို့၊ ကျားနက်ရုပ်ကလေး”

ကျုပ်က မြက်ပင်တွေကြားက ကျားနက်
ရုပ်ကလေးကို ကောက်ယူလိုက်တယ်။
ရွှံ့နဲ့လုပ်ပြီး ဆေးသုတ်ထားတဲ့ နာနာရုပ်
ကျားကလေးဗျ။ ဒါကို နတ်စင်မှာထားပြီး
ရွာကို ကျားနက်နဲ့ တိုက်တာပေါ့ဗျာ။

အခုတော့ ကျားနက်ရှင် ငရွှေသင်
သွားပြီပေါ့။ မဖဲဝါ ပြောသလိုဆိုရင်
တော့ မဟာအဝီစိငရဲအထိ ရောက်
သွားမှာပေါ့။ ကျုပ်က ကျားနက်ရုပ်
ကလေးကို သစ်ရွက်တစ်ရွက်ခူးပြီး
ထုတ်လိုက်တယ်။ ကျုပ်တို့ ရွာထဲ
ရောက်တော့ ရွာသားတွေလည်း
အကျိုးအကြောင်းအားလုံး သိသွား
ပြီး ပျော်သွားကြတာပေါ့ဗျာ။

မအောင်ဖြူလည်း ငြိမ်သွားပြီတဲ့ဗျို့။

ညတွင်းချင်းပဲ သင်္ချိုင်းထဲမှာ သေနေတဲ့
ကျားနက်ရှင် ငရွှေသင်ကို မြှုပ်လိုက်ကြ
တယ်ဗျ။ ကျုပ်ကိုတော့ နောက်တစ်နေ့
မှာ ကိုအောင်ဘကျော်က လှည်းနဲ့ ရွာအထိ လိုက်ပို့တယ်။

ပြီးပါပြီ

စာဖတ်ပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်လန်းပါစေခဗျာ။

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and share လေးနဲ့ အားပေးသွားပါအုံးဗျ