သေတောင် ကျွတ်မည်မထင်

အလှူလုပ်တာ သိတယ်မဟုတ်လား”

“သိတယ်လေ သူ့မြေးရှင်ပြုပွဲလေ”

“အဲ့ဒါ ဘာဖြစ်လို့လဲ”

“အဲ့မှာ ဘာကျွေးလဲ”

“ဝက်သားပုန်းရည်ကြီး၊ သနပ်ချဉ်သုပ်၊ မှန်ရောင်ဟင်းချို၊ ကြက်ကြော်လေ”

“စားလို့ကောင်းချက်ကကွာ ဗိုက်ခွေးနမ်းပဲဟေ့”

“မီးခိုးတိတ်လေကွာ မင်းတောင် အဲ့မှာ တဝကြိတ်ခဲ့တယ်မဟုတ်လား”

“အေး အဲ့အလှူမှာပဲ ငါ ဒီရောဂါရလာတာ”

“ဘယ်လို အဲ့အလှူမှာ ဟုတ်လား တို့တစ်ရွာလုံးစားတာပါကွာ မင်းတစ်ယောက်တည်းပဲ အဲ့ရောဂါရရသလားဟ”

“မင်း မေးပုံကြီးကလည်း တို့တွေပါ ရောဂါရရမလိုဖြစ်နေပြီ”

“သာတူညီမျှလေကွာ”

“တော်ကြပါတော့ကွာ ရောဂါအရင်းအမြစ်ကို ငါပြောရမှာလား မပြောရဘူးလား။ တောက် ငါတော့ သေတောင်ကျွတ်မယ်မထင်တော့ဘူးကွာ။”

“အမလေး မသေပါနဲ့ဦး ငါတို့လဲ မပြောတော့ပါဘူး။ ကဲ ပြောပြော ဘယ်လိုဖြစ်တာလဲ။”

“ဒီလိုကွ အဲ့နေ့က အလှူပွဲမှာ ငါနဲ့တစ်ဝိုင်းတည်းကျတာက ရွာတောင်ပိုင်းက အစားပုတ် ကိုဘုတ်ကြီးလေ”

“အောင်မယ် မင်းကြတော့ အစားပုတ် မဟုတ်တာကြလို့”

“ဟုတ်ပ တို့ အဲ့နေ့က အလှူလာတော့ မင်း ထိုင်စားနေတာ တွေ့ပ”

“တစ်ဝိုင်းတည်း အတူစားမိရင် ငါတို့ ငတ်မှာစိုးလို့ မင်းကို မခေါ်ဘဲ တခြားဝိုင်းမှာ တိတ်တိတ်လေး သွားစားရတယ် နော် ဟေ့ကောင်တွေ”

“ဟုတ်ပ ဟုတ်ပ”

“ငါ ပြောရဦးမှာလား မင်းတို့ ဖြတ်ပြောပြန်ပြီလား”

“ဪ အေး အေး မှားသွားလို့”

“လိုရင်းမရောက်တော့ဘူးကွာ ကုလားကားလို ပေရှည်နေပြီ”

သုံးယောက်လုံး ကိုယ့်ပါးစပ်ကို လက်ဝါးနှင့် ပိတ်ထားလိုက်ကြသည်။ ကိုဦးက သုံးယောက်လုံးကို ရှူ့တင်းတင်းနဲ့ ကြည့်ပြီးနောက်……..

“အဲ့လို ငါစားနေတုန်း ကိုဘုတ်ကြီးက ဝင်လာပြီး လာစားရောဟေ့ ငါလဲ သူ အစားပုတ်မှန်းသိလို့ မြန်မြန်ထည့်တာပေါ့ သူနဲ့ငါ အပြိုင်စားလိုက်တာ သူတော့မသိ ငါတော့ ရှစ်ပန်းကန်ပဲ”

” ဟင် ရှစ်ပန်းကန်”

“အင်း အလှူရှင် လက်လန်တော့မှာပဲ”

” အဲ့လို လုစားနေတုန်းမှာကွာ အဟင့် ဟင့် ငါတော့ သေတောင်ကျွတ်မယ် မထင်တော့ပါဘူးကွာ”

“အော် ဆက်ပြောစမ်းပါဟဲ့ ကျွတ် မကျွတ်က သေကြည့်မှ သိမှာ ဆက်သာပြော”

“သူနဲ့ငါ့ကြားက ဝက်သားပန်းကန်ထဲမှာ ဝက်သားတစ်တုံးပဲရှိတော့တယ်ကွ သူမကောက်ခင် ငါ အရင်ကောက်စားရမှာ ဒါပေမယ့် ဒါပေမယ့်ကွာ အီးဟီးဟီးဟီး”

“အော် ‌ငိုပြန်ပြီ ဘာဖြစ်တုန်းကွာ ပြောမှသာ ပြောစမ်းပါ”

“ဘာရောဂါလဲဆိုတာ သိချင်ပါတယ်ဆိုမှ”

“အေးကွာ……”

“အဲ့ဝက်သားကို သူကောက်စားသွားတယ်ကွ”

“မင်းက ဘာလို့ သူ့ထက်ဦးအောင် မယူလိုက်တာလဲ”

“အေးလေ အေးလေ”

“ငါ့ လက်ထဲမှာ ဝက်သားရှိနေလို့ပေါ့ကွာ”

“ဒါဆို နောက်လက်တဖက်နဲ့ ကောက်လိုက်လေ”

“အဲလက်ထဲမှာ ကြက်ကြော်ရှိနေလို့ပေါ့ကွာ”

“တောက် ဒါဆိုလဲ အဲ့နှစ်ခုထဲက တစ်ခုကို ပါးစပ်ထဲ အမြန်ထည့်လိုက်ပါလား”

“အေးလေ အေးလေ”

“ပါးစပ်ထဲမှာ ဝါးနေတုန်းမို့လို့ပေါ့ကွာ”

“ဟ အဲ့ဒါဆိုလဲ အဲ့ဒါကို အမြန်မျိုချလိုက်လေ”

“အေးလေ အေးလေ”

“လည်ပင်းထဲမှာလဲ တစ်တုံးရှိနေလို့ပေါ့ကွာ”

“ဟာ ဒီမသာကတော့ မင်းရောဂါက အဲ့တစ်တုံးမစားလိုက်ရလို့လား”

“အေး……. ကွ”

“သေလေ မသာ မကျွတ်ချင် မကျွတ်နဲ့ တသက်လုံး ငတ်ပြတ်နေတဲ့ သရဲပဲဖြစ်မှာ”

“တော်ပြီကွာ သွားကြမယ် သူနေမကောင်းဘူးဆိုလို့ သတင်းလာ‌မေးတာ ငါတို့က အဟုတ်မှတ်လို့”

“အေးလေ အေးလေ”

“မင်းတို့က ဘယ်သွားမှာလဲဟင်”

“ရွာတောင်ပိုင်းက ကိုဘုတ်ကြီး ထန်းရည်ဆိုင်”

သံပြိုင်အော်ပြီး ထွက်သွားကြသည်။

“ဟင် ငါတော့ သေတောင် ကျွတ်မယ်မထင်‌တော့ပါဘူး”

အိမ်ပေါ်သို့ သူငယ်ချင်း တစ်ယောက်ထပ်တက်လာသည်။

“ဟာ ကိုဦး နွေရာသီကြီး စောင်ကြီးခြုံလို့ ဟိုကောင်တွေ မင်းဆီသွားတယ်ဆိုလို့ လိုက်လာတာ”

“အေး ဟိုကောင်တွေ လူနာလာမေးပြီး ထန်းရည်ဆိုင် သွားလေရဲ့”

“ဟေ့ကောင်ထ နေမကောင်း ဖြစ်ချင်ယောင်ဆောင်မနေနဲ့ နာရေးရှိတယ် ကူရမယ် စားရမယ်”

“ဟေ ဘယ်သူ ဘာဖြစ်လို့လဲ”

“ရွာရှေ့ပိုင်းက ကိုအာပြဲ ယောက္ခမ ဒေါ်နီလွင့်အမေ ဒေါ်သိန်းရွှေ ဆုံးသွားလို့ကွ”

“ဘာကျွေးမှာလဲဟင်”

“ဝက်သနီချက်တော့ ပါတယ်မောင် ကျန်တာတော့ မသိသေးဘူး”

“ဟေ”

လို့ တစ်ခွန်းတည်းအော်ပြီး ကိုဦး မတ်တပ်ထရပ်လိုက်ပါပြီ။ သူ့ထက်အရင် ကိုဘုတ်ကြီး ရောက်လာခဲ့ရင် သူ တကယ်ကို သေတောင် ကျွတ်မည်မထင်တော့ပါ။ နာရေးအိမ်သို့ ကိုဦး တက်တက်ကြွကြွ ပြေးလေပြီ။

ပြီးပါပြီ

စာဖတ်သူအပေါင်းရွင်လန်းချမ်းမြေ့ကြပါစေ