တေစ္ဆသားအမိ

ထိုကုန်းအနီးတွင် တည်
ရှိသော ရွာကိုလည်းကောင်း ခေါ်ဝေါ်ကြသည်။

ဟုတ်သည်၊ မဟုတ်သည် ခိုင်လုံသောအထောက်
အထားမရှိသေးသော်လည်း ထိုဒေသတစ်ဝိုက်တွင်
တရုတ်ပြေးမင်းနှင့် ဆက်နွယ်သော အမည်နာမ
များကို တွေ့ရှိရသည်။ မင်းကြီးကုန်းနှင့် ခရီးဆယ်
မိုင်မျှဝေးသော အကွာ၌ ရွာကြီးတစ်ရွာရှိသည်။
ထိုရွာကြီး၏ အမည်မှာ ‘တရုတ်မှော်’ဖြစ်၏။ ထို
ရွာ၏ ရှေးယခင်က အမည်ရင်းမှာ ‘တရုတ်မျှော်’
ဖြစ်သည်ဟု ပြောကြ၏။

နောက်က ထပ်ကြပ်မကွာ လိုက်လာသော တရုတ်
တပ်တို့ကို မျှော်ကြည့်ခဲ့သော နေရာဖြစ်၍ တရုတ်
မျှော်ဟု ခေါ်ခဲ့ပြီး၊ နောင်တွင် တရုတ်မှော်ဟု အ
မည်ထွင်ခဲ့ကြောင်း သိရ၏။ တရုတ်မှော်တွင် တည်
ထားသော ဘုရားကြီး တစ်ဆူ၏ ဘွဲ့မည်မှာလည်း
‘မြသိန်းတန်ဘုရား’ ဟူ၍ ဖြစ်၏။တရုတ်ပြေးမင်း၏
မိဖုရားကြီးကိုင်ဆောင်သော အသပြာတစ်သိန်း
ထိုက်တန်သည့် မြတဘက်ကို ဋ္ဌာပနာ၍ တည်ထား
သော ဘုရားဖြစ်ခြင်းကြောင့် ‘မြသိန်းတန်ဘုရား’
ဟု အမည်တွင်ခဲ့ကြောင်း သက်ကြီးစကားသက်
ငယ်ကြားခဲ့ရပြန်၏။

ထိုနည်းတူစွာပင်လျှင် မင်းကြီးကုန်းအနီးရှိ ချောင်း
ကိုလည်း မင်းကြီးကုန်းချောင်းဟု ခေါ်ခြင်းဖြစ်သည်။
မင်းကြီးကုန်းချောင်းဟု ခေါ်ဆိုရာမှ နောင်တွင် အိုး
သည်မချောင်းဟု အမည်ပြောင်းလွဲခေါ်တွင် လာ
ကြခြင်းမှာ ဤသို့ ဖြစ်သည်။

မိုးနှောင်း၊ ဆောင်းဦး ရာသီအကူးအပြောင်းကာလ
၏ နေ့တစ်နေ့။ မှောင်ရီပျိုးစ အချိန်တွင်ဖြစ်၏။ အိုး
များ အပြည့်တင်ဆောင်လာသော အိုးလှေကြီးတစ်
စင်း ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာရာက မင်းကြီး
ကုန်း ချောင်းဝထဲသို့ ရုတ်တရက် ဝင်ရောက်လာ
သည်။အိုးလှေကြီး ဧရာဝတီမြစ်ထဲမှာ ချောင်းဝထဲ
သို့ ဝင်ရောက်ခြင်းမှာ မိုးနှောင်းကာလတွင် ကြုံတွေ့
ဖြစ်ပေါ်လာသည့် လေပြင်းမုန်တိုင်းကြောင့်ဖြစ်၏။

လေကွယ်၊ မိုးကွယ်နှင့် မုန်တိုင်းဒဏ်ရာသက်သာရာ
ရရန် နီးစပ်ရာ ချောင်းထဲသို့ ဝင်ရောက်ခိုလိုက်ခြင်း
ဖြစ်သည်။ အချိန်လက်မတင်ကလေးဟု ဆိုရမည်။
သူတို့လှေ ချောင်းအတွင်းပိုင်းထိဝင်ရောက် နေရာ
ယူပြီး မကြာမီမှာပင် မိုးသီး၊မိုးပေါက်ကြီးများ တ
ဝုန်းဝုန်း၊ တဒိုင်းဒိုင်း၊ ကျရောက်လာ၏။

သဲသဲမဲမဲ ရွာချသောမိုးနှင့်အတူ လေပြင်းမုန်တိုင်း
ကြီးကလည်း ကြောက်မက်ဖွယ် တဝေါဝေါ တိုက်
ခတ်လာသည်။ မြစ်ပြင်ကြီးတစ်ခုလုံး သေမင်းတ
မန် လှိုင်းလုံးကြီးများဖြင့် ငရဲပွက်သကဲ့သို့ ဆူညံ
ဗြောင်းဆန်နေရသည်။ အိုးလှေသည် လေကွယ်၊
မိုးကွယ်ရရန်အတွက် ချောင်း၏ အတွင်းပိုင်းခပ်
ကျကျထိ ဝင်ရောက်လာသည်။ အိုးလှေပေါ်တွင်
အသက်(၄၀)ခန့် ယောက်ျားကြီးတစ်ယောက်၊
ဌင်း၏ မယားတော်စပ်သူ မိန်းမတစ်ယောက်နှင့်
ထိုလင်မယား၏ သားဖြစ်သည့် အသက်(၁၀)
နှစ်ခန့် ကောင်လေးတစ်ယောက် စုစုပေါင်း(၃)
ယောက် ပါရှိသည်။

မိန်းမဖြစ်သူမှာ လင်ယောက်ျားနှင့် သက်တူရွယ်
တူခန့်ဖြစ်ပြီး ထမင်းဟင်းချက်ပြုတ်ခြင်းနှင့် ဆိပ်
ကမ်းများ၌ ရပ်နားလျှင် အိုးရောင်းချခြင်းတို့ကို
ပြုလုပ်ရသည်။

သူတို့မိသားစုမှာအထက်အညာဖြစ်သော’မြောင်’
နယ်ဒေသ၊ ဧရာဝတီမြစ်ကမ်းရွာလေးတစ်ရွာတွင်
နေထိုင်ကြသူများဖြစ်သည်။ သူတို့ရွာနှင့် မလှမ်း
မကမ်းတွင် ကျွန်းပင်ကြီးများ အများအပြား ပေါက်
ရောက်သော တောကြီးတောင်ကြီးတွေ ရှိ၏။

တောထဲတောင်ထဲမှာပင် ကျွန်းပင်ကြီးများကို
ခုတ်လှဲ၊ လွှစင်ပေါ်ကင်ကာ သစ်ဆွဲလွှဲကြီးများ
ဖြင့် ပျဉ်ခွဲကြသည်။ ရရှိသော ပျဉ်များကို အသုံး
ပြုကာ လှေစပ်ကြ၏။ ထိုကျွန်းလှေအသစ်ကြီး
များကို ရေနံချေး မည်းနေအောင် သုတ်ပြီး ဒေ
သထွက် အိုးမျိုးစုံနှင့် မြေဖြင့် ပြုလုပ်ထားသည့်
ကလေးကစားစရာ အိုးပုတ်ချိုးရုပ်များပါ တင်
ဆောင်ကာ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်
ဆင်းကြ၏။ လူစည်ကားသည့် မြို့ရွာများ၊ ရောင်း
ရေးဝယ်ရေး အဆင်ပြေရာ ဆိပ်ကမ်းများကို တစ်
ခုပြီးတစ်ခု ဆိုက်ကပ်၍ အိုးများကို ရောင်းချ
ကြသည်။

သူတို့၏ ခရီးဆုံးနေရာကား ရန်ကုန်တိုင်းအတွင်း
ရှိ မြို့ရွာအချို့ဖြစ်၏။ အချို့ကဧရာဝတီတိုင်းအ
တွင်းထိ သွားရောက်ရောင်းချကြ၏။ ခရီးဆုံးသို့
ရောက်လျှင် လှေနှင့်တကွ လှေပေါ်ပါရောင်းကုန်
ပစ္စည်းအားလုံးပါ အပြတ်ရောင်းချလိုက်သည်။
ပြီးလျှင် …

ရွာတွင် ရောင်းချရန်အတွက် အဝတ်အထည်များ
နှင့် ငါးပိငါးခြောက်များဝယ်၍ မီးရထားစီးကာ မိမိ
ရပ်ရွာသို့ ပြန်ကြသည်။ ဤကား သူတို့ရွာသူရွာသား
အများစု လုပ်လေ့လုပ်ထရှိသည့် အသက်မွေးဝမ်း
ကျောင်းအလုပ်ဖြစ်သည်။ မင်းကြီးချောင်းထဲ လှေ
ဝင်၍ ခိုနားနေရသော မိသားစုမှာလည်း သူတို့ရွာ
သား အများနည်းတူပင် အိုးရောင်းရင်း၊ လှေရောင်း
ဝယ်တာ ကိစ္စအားလုံးပြီးစီးလျှင် ရန်ကုန်မြို့ရှိ လေး
ဆူဓါတ်ပုံ ရွှေတိဂုံဘုရားကြီးကို မိသားစုအတူဖူး
မြော်ရန် အားခဲထားကြသည်။

ယခုသော်ကား အိုးသည်မ မိသားစုလေး မုန်တိုင်း
နှင့် တိုးနေလေပြီ။ မုန်တိုင်းကား အလွန်ပြင်းထန်
သော မုန်တိုင်းဖြစ်၏။ မိုးနှင့်လေနှင့် နှစ်ပါးဆိုင်
ကာ လူ့ရွာလောကကြီးအား အငြိုးကြီးကြီးဖြင့်
ဗြောင်းဆန်အောင် မွှေနှောက်ဖျက်ဆီးနေသကဲ့သို့
ရှိ၏။ သူတို့ ခိုဝင်သည့်နေရာမှာ အတန်အသင့်လေ
ကွယ် မိုးကွယ် ဖြစ်သော်လည်း အင်အားပြင်းထန်
လွန်းသော လေပြင်းမုန်တိုင်းကြီး၏ ရက်စက်မှု
ကို အလူးအလဲ ခံနေကြရသည်။

မုန်တိုင်းကား လျော့ပါးသည် မရှိ ညဉ့်နက်လေ
လေ အင်အားပြင်းလေလေ ဖြစ်၏။ မိုးကလည်း
မစဲ၊ ကြောက်မက်ဖွယ်ည၏ မှောင်ကြီးမည်းကြီး
ထဲမှာပင် သဲသဲမဲမဲ ဝုန်းဒိုင်းကြဲ၍ မုန်တိုင်းကို
စစ်ကူပေးလျက် ရှိ၏။

အိုးသည်မ မိသားစုမှာ မည်သို့မျှ မတတ်နိုင်ရှာ
ဘဲ လှေပေါင်းမိုးထဲမှာပင် တတ်သမျှ မှတ်သမျှ
ရွတ်ဖတ်ရင်း ဘုရားတနေရသည်။

လှေပေါင်းမိုးက သူတို့ကို လုံခြုံအောင် အကာ
အကွယ် မပေးနိုင်၊ သုံးယောက်စလုံးပင် မိုးရေ
များရွှဲရွှဲစိုကာ ခိုက်ခိုက်တုန်အောင် ချမ်းနေကြ
ရှာသည်။ သေမင်းတမန်လှိုင်းတို့ကလည်း အငြိုး
ကြီးလွန်းလှ၏။ သူတို့ နားရာ ချောင်းလေးထဲထိ
ဝင်လာကြသည်။ အညှာအတာ ကင်းမဲ့စွာဖြင့်
အိုးလှေကလေးကို ရိုက်ပုတ်၏။

အိုးလှေကလေးမှာ လှိုင်းတွေ ပြုသမျှ နုရမည့်
ဘဝသို့ ရောက်ရှိနေသည်။ လှိုင်းတွေပေါ် မြောက်
ပါသွားလိုက်၊ ကျွမ်းထိုးမှောက်ခုံကျလာလိုက်နှင့်
မုန်တိုင်း၏ ဆော့ကစားမှုကို ခံနေရသည်။ တစ်
ကြိမ်တွင်ကား လှေကလေးသည် အလွန်ကြီးမား
ပြီး အင်အားပြင်းလှသည့် လှိုင်းလုံးကြီး၏ ရိုက်
ပုတ်မှုကို ခံလိုက်ရသည်။

အိုးလှေလေးမှာ ပလပ်စတစ် လှေရုပ်ကလေး
တစ်ရုပ်လို မြောက်ပါသွားပြီး ချောင်းနဖူးနှင့်
ဝါးတစ်ရိုက်ခန့် အကွာ လယ်ကွက်ထဲသို့ပင်
ရောက်သွား၏။ ယောက်ျားကြီးနှင့် အိုးသည်မ
မှာ လှေနှင့်အတူ ပါသွားသော်လည်း သားက
လေးမှာမူ ရေထဲလွင့်ကျသွားပြီး လှိုင်းတို့က
မြစ်ထဲသို့ ခေါ်ယူသွားကာ နှစ်မြုပ်ပစ်လိုက်
ကြလေတော့သည်။

အရိုင်းအစိုင်း မိုးသီးမိုးပေါက်တို့နှင့် ခက်ထန်
ကြမ်းကြုတ်သည့် မုန်တိုင်းတို့သည် တစ်ညလုံး
အားရအောင် ရမ်းကား ဖျက်ဆီးပြီးမှ တစ်စ
တစ်စ ငြိမ်သက်သွားသည်။ နံနက်မိုးသောက်
အလင်းရောက်လာလေပြီ။ အရှေ့အရပ်ဆီမှ
နေရောင်ခြည်တို့ ကျရောက်ဖြာဆင်းလာ၏။

လောကကြီးသည် ညက အဖြစ်အပျက်များကို
မေ့ဖျောက်ပစ်ကာ သာယာသော နေ့တစ်နေ့ကို
ထပ်မံဖန်ဆင်းလိုက်ပြန်တော့သည်။

XXXXX

အီး…ဟီး…ဟီး…ဟင့်…ဟင့်

မပဋာမြေလူး၊ အသည်းအသန် အော်ဟစ် ငိုကြွေး
နေသော မိန်းမတစ်ယောက်၊ ကူကယ်ရာမဲ့ဘဝဖြင့်
ခါးစည်းခံရုံကလွဲ၍ ဘာမျှမတတ်နိုင်ဘဲ တောက်
ခတ်ရင်း၊ မချင့်မရဲရေရွတ်ရင်း မျက်ရည်တွေ
တတွေတွေစီးကျနေရှာသော ယောက်ျားတစ်
ယောက်နှင့် ချောင်းကမ်းပေါ်တင်နေသော လှေ
ပျက်တစ်စင်းကို မင်းကြီးကုန်းရွာသားများ တွေ့
လိုက်ကြသည်။ ညက တိုက်ခတ်သည့် လေပြင်း
မုန်တိုင်းမိပြီး အတိဒုက္ခရောက်ရသည့် ခရီးသွား
များ ဖြစ်မည်ဟု တွေးမိလိုက်၏။ ထိုကြောင့် ချဉ်း
ကပ်၍ မေးမြန်းကြည့်ကြသည်။

ထိုအခါမှ အိုးလှေမိသားစုလေး၏ ဆိုးဝါးလှသည့်
ကံကြမ္မာကို သိရှိကြ၏။ သူတို့ရွာအနီးကိုမှ ဆိုက်
ဆိုက်မြိုက်မြိုက် ရောက်ရှိလာပြီး မိသားစုဘဝလေး
အစိတ်စိတ် အမွှာမွှာ ကွဲသွားရရှာသူတို့အတွက်
လည်း ကိုယ်ချင်းစာ၍ ရင်နင့်ကြေကွဲကြရ၏။
ရွာလူကြီးက ဦးဆောင်ပြီး ရွာသူရွာသား အားလုံး
ပါဝင်ကာ လိုအပ်သမျှ ပံ့ပိုးကူညီကြသည်။

ရေထဲကျသွားသော အိုးသည်လင်မယား၏ သား
လေးအား လိုက်လံရှာဖွေပေးကြသည်။ ဧရာဝတီ
မြစ်ကြီးကား သားလေး၏ ရုပ်ခန္ဓာကို မည်မျှဝေး
လံသော အရပ်ဒေသအထိ ခေါ်ဆောင်သွားသည်
မသိ။ ရှာဖွေ၍ မတွေ့ကြ။ ရွာက အိုးသည်လင်
မယားခေတ္တတည်းခို နေထိုင်နိုင်ရေးအတွက် အိမ်
တစ်လုံး စီစဉ်ပေးသည်။

စားရေးသောက်ရေး မပူမပင်ရအောင်လည်း စီစဉ်
ဆောင်ရွက်ပေးကြသည်။ မင်းကြီးကုန်း ရွာသူရွာ
သားတို့၏ ကိုယ်ချင်းစာတရား၊ မေတ္တာစိတ်ထား
တို့ကား အိုးသည်လင်မယားအပေါ် နွေးနွေးထွေး
ထွေး ရှိလှသည်။ မည်သို့ပင် ဖြစ်စေ အိုးသည်
မ၏ သားအတွက် တောက်လောင်နေသော မီး
ကြီးကိုကား ငြိမ်းအောင် မငြိမ်းသတ်နိုင်ပါပေ။

အိုးသည်မသည် သူ၏သားလေးအပေါ်လာ လိမ့်
နိုးနှင့် သားလေး ရေထဲကျသည့်နေရာသို့ သွား
ကာ အချိန်နှင့်အမျှ ငိုကြွေးပူဆွေးလျက်ရှိသည်။

နေလုံးကြီး အနောက်ဘက်ဧရာဝတီမြစ်ရေ
ပြင်ထဲသို့ ငုပ်လျှိုးဝင်ရောက်ပျောက်ကွယ်ချိန်မှ
လင်ယောက်ျားဖြစ်သူက ချော့မော့၍ ရွာထဲသို့
ပြန်ခေါ်ခဲ့၏။ ဤသို့ဖြင့် ရက်သတ္တပတ်ကာလကို
ရောက်ရှိလာခဲ့သည်။ ရွာသူရွာသားတို့သည် အိုး
သည်လင်မယား၏ သားလေးအား သေဆုံးသွား
ပြီဟူ၍သာ ယူဆလိုက်ကြသည်။ ထို့ကြောင့်
အိုးသည်လင်မယားနှင့် တိုင်ပင်ကာ ရက်လည်
ဆွမ်းသွတ်ခြင်း အမှုကို ပြုလုပ်ပေးကြ၏။

သံဃာတော်များပင့်ဖိတ်ဆွမ်းကပ်လှူဒါန်းခြင်း၊
ဆွမ်းသွတ်တရားနာခြင်းနှင့် ကောင်းမှုအစုစုတို့၏
အဖို့ဘာတို့အား ရေစက်ချ အမျှပေးဝေခြင်း ပြု
လုပ်ကြသည်။ လေမုန်တိုင်းမိသည့်နေ့မှာ စပြီး
ခုနှစ်ရက်ပတ်လုံး ကိုယ်ရောစိတ်ပါ ပင်ပန်းလွန်း
လှသောကြောင့် အိုးသည်ယောက်ျားသည် ထို
နေ့ညကျမှ စိတ်ကို လျော့ချကာ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားခဲ့၏။

နောက်တစ်နေ့နံနက် အရုဏ်တက်ချိန်၊ ရွာဦး
ကျောင်းက အုန်းမောင်းခေါက်သံကြားမှ လန့်
နိုးလာသည်။ သူနိုးသည့်အချိန်၌ မိန်းမဖြစ်သူ
ကို မတွေ့ရ။ အနီးပတ်ဝန်းကျင်သို့ လိုက်လံ
ရှာဖွေသော်လည်း မတွေ့၊

“သူ သွားနေကျနေရာကို သွားတာပဲ ဖြစ်မယ်
ဘယ်အချိန်ကတည်းက ထွက်သွားတာလဲ မသိ
ဘူး ဒုက္ခတွေတော့ ရောက်ကုန်တော့မှာပဲ”

လင်ယောက်ျားသည် သူ့မိန်းမ အမြဲသွားပြီးငို
နေကျ ချောင်းကမ်းပါး နေရာသို့ အလျင်အမြန်
လိုက်သွား၏။

“ညဦးပိုင်းကတည်းက သွားပြီး တစ်ညလုံးငိုနေ
တာ ဆိုရင်တော့ ”

ကြုံတွေ့နိုင်သည့် ကံကြမ္မာဆိုးကြောင့် သူဆက်၍
မတွေးနိုင်အောင်ရှိ၏။ မိမိရင်မှ ဖြစ်သော သား
ငယ်အား သေကွဲ ကွဲသော ဆုံးရှုံးလိုက်ရသော
မိခင်တစ်ဦး၏ ရင်ထဲမှ အပူက ဘယ်မီးနှင့်မျှ မတူ
သည့် အနှိုင်းမဲ့မီးဖြစ်သည်။ ထိုမီးကြောင့် သူ့ရင်
တစ်ခုလုံး အပူကြီး ပူလောင်နေရ၏။

နှလုံးသားတို့ တဖျစ်ဖျစ်ကွဲအက်လာကာခန္ဓာကိုယ်
ကြီးကလည်း ပြာကျမတတ် ကျွမ်းလောင်လျက်ရှိ၏။
ရက်သတ္တ၊ တစ်ပတ်ကြာမြင်ခဲ့သည့်တိုင် သားအ
တွက် ခံစားနေရသော စိတ်ဝေဒနာက လျော့ပါးသက်
သာခြင်း မရှိ၊ ပို၍ ပို၍ တိုးကာ အရူးတစ်ပိုင်းကဲ့သို့
ဖြစ်နေသည့် မိန်းမဖြစ်သူအတွက် သူစိုးရိမ်နေမိ၏။

ထို့ကြောင့် ချောင်းကမ်းပါးသို့ အလျင်အမြန်
လိုက်သွားခြင်း ဖြစ်သည်။ သူချောင်းကမ်းပါး
အတိုင်းပင် ပြေးလာသည်။ ချိုင့်ဝှမ်းတစ်ခုကို
တက်ပြီးသည်နှင့် ချောင်းဝဘက်ဆီကို မျှော်
ကြည့်သည်။ မြင်ကွင်းထဲ၌ ခွေခွေလေးလဲကျ
နေသော လူတစ်ယောက်ပုံသဏ္ဍာန်ကို လှမ်း
တွေ့လိုက်၏။

“ဟင်…”

စိုးရိမ်ခြင်းနှင့် ထိတ်လန့်ခြင်းတွေ တစ်ပြိုင်တည်း
ခံစားလိုက်ရပြီး သူတုန်လှုပ်သွားသည်။

“မဟုတ်ပါစေနဲ့၊ မိန်းမ ဘာမှ မဖြစ်ပါစေနဲ့ ”

ဟု ဆုတောင်းရင်း ပို၍ လျင်မြန်စွာ ပြေးသွားခဲ့သည်။
တဖြည်းဖြည်းလဲကျနေသော သဏ္ဍာန်နှင့် နီးကပ်
လာသည်။ မြင်ကွင်းကလည်း တစ်စတစ်စ ထင်
ထင်ရှားရှားမြင်လာရသည်။ သူဆုတောင်းမပြည့်
ခဲ့ပါ။ အခြေအနေက သူစိုးရိမ်သည့်အတိုင်းပင်
ဖြစ်လာခဲ့သည်။ ခွေခွေလေးလဲကျနေသူမှာ
သူ့မိန်းမဖြစ်နေခဲ့လေသည်။

သူ အရူးတစ်ယောက်လို ပြေးသွားကာ ပွေ့ထူ
လိုက်သည်။ မည်သည့် အချိန်ကတည်းက ရောက်
ရှိပြီး မည်ကဲ့သို့ ဖြစ်ပျက် သေဆုံးသွားသည်မသိရ။
အိုးသည်မ၏ သက်မဲ့ ခန္ဓာကိုယ်က အေးစက်တောင့်
တင်း၍ပင်နေပြီဖြစ်ပါသည်။ မုန်တိုင်းထန်သည့်ည
မှာပင် သူတို့မိသားစုဘဝလေး မုန်တိုင်းထန်ခဲ့ရသည်။
ရှိစုမဲ့စုပစ္စည်းဥစ္စာအားလုံးဆုံးရှုံးရသည့်အပြင် ရက်
စက်သော သေမင်းတမန်လှိုင်းတို့က သူ၏သား
ကလေးကိုပါ ရေအောက်သို့ ဆွဲယူနှစ်မြှုပ်ပစ်
လိုက်ကြသည်။

ထို့နောက် သားလေးရက်လည်သည့်နေ့၊တစ်ပတ်
ပြည့်သော နေ့မှာပင် ဇနီးမယားဖြစ်သူက သားစိတ်
ကြောင့် နှလုံးကြေကွဲ၊ သေပွဲဝင် ရရှာ၏။ သားနှင့်
မယားကို ရက်သတ္တ၊ တစ်ပတ်စီခြား၍ သေကွဲကွဲ
ခဲ့ရသော အိုးသည်ယောက်ျားမှာလည်း မယားဖြစ်
သူ ရက်လည်ပြီး နောက်တစ်နေ့မှာပင် ရွာကို နှုတ်
ဆက်၍ သူ့ဇာတိရပ်ရွာသို့ ပြန်သွားရှာတော့သည်။
လမ်းခရီးတွင် ကုန်ကျမည့် ကားခ၊ ရထားခများနှင့်
စားသောက်သွားရန် အတွက်ပါ ရွာသူရွာသားများ
က လုံလောက်အောင် ထောက်ပံ့ကူညီလိုက်ကြ၏။

ဤသို့ဖြင့် အိုးသည်မိသားစုလေး၏ အဖြစ်အပျက်
သည် သနားဖွယ်ရာ ဝတ္ထုဇာတ်လမ်းတစ်ပုဒ်ပမာ
ရွာကလေး၌ ကျန်ရစ်ခဲ့သည်။ ထိုမှ ရက်လအတန်
ကြာလွန်မြောက်ခဲ့သော အခါ၌ တဖြည်းဖြည်း မှုံ
ဝါးလာပြီး မေ့လျော့စပြုလာခဲ့သည်။ ထိုအချိန်မှာ
ပင် အိုးသည်မိသားစုနှင့် ပက်သက်ဆက်သွယ်
သော ထူးခြားသည့် အဖြစ်အပျက်တို့ ပြန်လည်
နိုးထပေါ်ပေါက်လာခဲ့၏။

ထိုအဖြစ်အပျက်များကြောင့်ပင်လျှင် မင်းကြီး
ကုန်းချောင်းဟူသော အမည် ပျောက်ကာ အိုး
သည်မချောင်းဟု အမည်သစ် ပေါ်ပေါက်လာ
ခြင်းဖြစ်ပါသည်။

XXXXX

“ချောင်းဝမှာ သရဲတစ္ဆေရှိတယ်လို့ ဘယ်တုန်းကမှ
မကြားဖူးခဲ့ဘူး၊ မင်းဟာက ဟုတ်မှ ဟုတ်ရဲ့လားကွာ”

“ဟ၊ ငါက မဟုတ်ဘဲနဲ့ အဟုတ်လုပ်ပြီး ပြောပါ့
မလားကွ၊ ငါ တကယ် မြင်ခဲ့၊ တွေ့ခဲ့လို့ ပြောတာ
ပေါ့၊ အဲဒီတုန်းက ဦးချာကြီးလည်းပါတယ်၊ မယုံ
မေးကြည့်လိုက်”

ဝင်းညွှန့်နှင့် ချစ်လင်းတို့ ဧရာဝတီသဲသောင်စပ်ရှိ
ယာယီတံငါတဲလေးတွင် ရေနွေးကြမ်းသောက်ရင်း
စကားအချေအတင်များနေကြခြင်းဖြစ်၏။ သူတို့
နှစ်ယောက်က ငါးတန်ပိုက်တန်းချဖို့ အလှည့်ကျ
သူတွေ ဖြစ်၏။ သည်လိုပွင့်လင်းရာသီဆိုလျင်
အောက်အရပ်ဒေသမြစ်ထဲ၊ ပင်လယ်ထဲ၌ ကျက်
စားနေထိုင်သော ငါးတန်ငါးကြီးတွေ အထက်အညာရှိ တန်ခိုးကြီးဘုရားများသို့ ဧရာဝတီမြစ်ကြောင်းအတိုင်း
ဆန်တက်ကာ ဘုရားဖူးသွားကြ၏။ ဘယ်နေ့ ဘယ်
ရက်က မြစ်အောက်ဘက်ရှိ ဘယ်မြို့ဘက်ရွာအနီးမှာ
ငါးတန်တွေ ရောက်ရှိကြောင်း တစ်ရွာမှ တစ်ရွာ၊ တစ်
ဆင့်ပြီး သတင်းစကားပို့ကြသည်။

ငါးတန်တံငါများက မိမိတို့မြို့ရွာအနီးငါးကြီးတွေ
ရောက်ရှိလာမည့်ရက်ကို တွက်ချက်၍ ဧရာဝတီ
မြစ်ကြီးကို ကန့်လန့်ဖြတ်ပိုက်ကြီးများချကာ ဖမ်း
ဆီးကြ၏။ တံငါအစုအလိုက်မဲချပြီး ကိုယ့်အလှည့်
ကျသည့်ရက်မှာ ကိုယ်ပိုက်ချကြသည်။ ငါးဖမ်း
ကြသည်။ ငါးတန်တံငါဟု ဆိုခြင်းမှာ သူတို့သည်
ငါးတန်ငါးများရောက်လာသည့် ရာသီ၌သာ ငါး
တန်များကို ဖမ်းဆီးသော တံငါအလုပ်လုပ်ကိုင်
ခြင်းကြောင့် ဖြစ်သည်။

ငါးတန်ရာသီအလုပ် လုပ်ပြီးလျှင် ကျန်ကာလတစ်
လျှောက်လုံး တံငါအလုပ် မလုပ်တော့၊ ကိုင်းအလုပ်
ယာအလုပ်လုပ်ကြ၏။ ပဲစင်းငုံ၊ မြေပဲ၊ ငရုတ်၊ ခရမ်း
ချဉ်စသည်ဖြင့် ကိုင်းသီးနှံယာသီးနှံစိုက်ကြ၏။ အချို့
ကမူ ငါးတန်တစ်ရာသီလုပ်လျှင် တစ်နှစ်စားလောက်
သည်ဟု ဆိုကာ ဘာအလုပ်မျှ မလုပ်တော့၊ ကြက်
ဝိုင်း၊ ဖဲဝိုင်း၊ အနီထောင်ဝိုင်းစသည့်ဖြင့် လောင်း
ကစားမျိုးစုံကို နယ်အစုံလိုက်ကာ ကစားကြသည်။

ကံကောင်း၍ နိုင်လျှင် မြိုးမြိုးမြက်မြက်စားရသည်။
ရှိရှိသမျှ ပြောင်နေအောင် ရှုံးလျှင်လည်းကိစ္စမရှိ။
ငါးတန်ဒိုင်ထံမှ နောက်တစ်ရာသီအတွက် အသုံး
ငွေကြိုယူလိုက်ကြသည်။ နောက်နှစ်ငါးတန်ချိန်မှာ
ဒိုင်က လော်ရီကားကြီးဖြင့် ရွာအထိ ရောက်လာ
ကာ ငါးတွေကို သိမ်း၏။ လောင်းကစားသမား
ကား အကြွေးပေးရ၍ ငါးဖိုး တစ်ပြားမှ မရ။ သို့
သော်လည်း ကိစ္စမရှိ။ နောက်ငါးတန်ရာသီအတွက်
အသုံးငွေကြိုယူ ပြန်လေ၏။ မလိမ္မာသူတို့ဘဝက
ဤသို့ပင် လုံးလည်ချာလည် လိုက်နေလေ့ရှိသည်။
လောင်းကစားမလုပ်သော လိမ္မာသူတို့ကား တစ်
ရာသီတည်းနှင့် တစ်နှစ်လုံးထိုင်စားနိုင်အောင်ရရှိ၍
ရွှေတွဲလွဲ၊ ငွေတွဲလွဲနေနိုင်ကြ၏။

ဝင်းညွန့်၊ ချစ်လင်းနှင့် ဦးချာတိတ်(ခေါ်)ဦးချာကြီး
တို့မှာ ငါးတန်တံငါချင်းတူသော်လည်း ဝင်းညွန့်နှင့်
ချစ်လင်းတို့့က ပိုက်ပိုင်များဖြစ်သည်။ ဦးချာကြီးမှာ
မူ ပိုက်မဝယ်နိုင်၍ ရရှိသည့်အထဲမှ သတ်မှတ်ထား
သည့် ဝေပုံကျကိုသာ ရယူရသူ ဖြစ်သည်။ တစ်
နေ့က ပိုက်ချရန် အလှည့်ကျသဖြင့် ချစ်လင်းနှင့်
ဦးချာကြီးတို့ မြစ်ကမ်းစပ်သို့ ဆင်းခဲ့ကြသည်။

ချောင်းဝအနီးတွင် တစ္ဆေခြောက်ခံရ၏။ ထိုအ
ကြောင်းကို စကားစပ်မီသဖြင့် ချစ်လင်းကပြော
ပြ၏။ သူ့စကားကို ဝင်းညွန့်က မယုံသောကြောင့်
အချေအတင်စကားများနေရခြင်းဖြစ်သည်။

“အဲဒီတုန်းက ဦးချာကြီးလည်း ပါတယ်၊ မယုံ
မေးကြည့်လိုက်”ဟူသော ချစ်လင်း၏ စကား
ကြောင့် ဝင်းညွန့်၊ ဦးချာကြီးကို ကြည့်လိုက်၏။
ဦးချာကြီးက ဖက်ကြီးဆေးပေါ့လိပ်ကို တစ်ချက်
နှစ်ချက် ဖွာလိုက်သည်၊ ပြီးမှ…

“ဟုတ်တယ်ကွ မနေ့ညနေ၊ မှောင်ရီပျိုးစ
လောက် ငါနဲ့ ချစ်လင်းရွာက ထွက်လာခဲ့
တာ၊ မှောင်ရီပျိုးစပေမယ့် အလင်းရောင်
ကောင်းကောင်း ကျန်သေးတယ်၊ သူ့နဲ့ငါ
က ငါးတန်ပိုက်ကြီးကို ဝါးလုံးလျှိုပြီး ထမ်း
လာကြတာ၊ သူက ရှေ့က၊ ငါက နောက်က
ချောင်းဝနားလည်းရောက်ရော ချစ်လင်း
တုံ့ခနဲ ရပ်သွားတယ်။ ငါလည်း ဘာဖြစ်တာ
လဲလို့ပေါ့ကွာ၊ ချစ်လင်းက ထမ်းလာတဲ့ ဝါး
လုံးကို မြေပေါ်အသာချလိုက်တယ်။ သူက
ထမ်းထားတဲ့ ဝါးလုံးကို ချတော့ ငါလည်း
ဘုမသိဘမသိနဲ့ ငါ့ပုခုံးပေါ်က ဝါးလုံးကို
ဖြုတ်ပြီး ချရတာပေါ့။ နောက်ပြီးသူက လက်
ဟန် ခြေဟန်နဲ့ ငါ့ကို ခေါ်ပြီး လက်ညှိုး ထိုး
ပြတယ်။ ငါကြည့်လိုက်တော့ ချောင်းကမ်း
ပါးထိပ်မှာ လူနှစ်ယောက်ရပ်နေတာတွေ့
ရတယ်။ သူတို့က ငါတို့ကို ကျောပေးပြီး မြစ်
ဘက်ကို ရပ်ကြည့်နေကြတာဟေ့၊ တစ်
ယောက်က ဆံပင်ကို ဖားလျားဖြန့်ချထား
တယ်၊ မိန်းမတစ်ယောက်ကွ။တစ်ယောက်ကတော့
ကိုယ်ခန္ဓာသေးသေး ညှက်ညှက်နဲ့ အရပ်က
မိန်းမရဲ့ချိုင်းလောက်ပဲ ရှိမယ်”

“ဒါနဲ့ပဲ တစ္ဆေသရဲဖြစ်ရော့လား၊ အဓိပ္ပါယ်
မရှိပါဘူး ဦးချာကြီးရာ”

တမင်ကပ်ပြောနေခြင်းလား၊ အမှန်တကယ်မယုံ
ကြည့်၍ ပြောခြင်းလားတော့ မသိ။ ဝင်းညွန့်က
ဇွတ်တရွတ်ပင် မယုံကြောင်း ပြောနေသည်။

“နေဦး၊ ငါ့စကားဆုံးအောင် နားထောင်ဦး၊
ဒီလိုအချိန်ကြီးမှာ ဒီလိုအနေအထားက ငါတို့
ဆီမှာ မြင်နေကျ မဟုတ်တော့၊ သူရော ငါရော
တိတ်တဆိတ်ပဲ ရပ်ကြည့်နေမိတယ်။ ခဏ
ကြာတော့ သူတို့နှစ်ယောက်ဟာ ငါတို့ဘက်
ကို လှည့်ကြည့်ပြီး လျှောက်လာကြတယ်…
ထူးဆန်းတာက သူတို့နှစ်ယောက်စလုံး ဘာ
စကားမှ မပြောကြဘူး၊ လူသွားလမ်းလေး
အတိုင်း သွားပြီး မင်းကြီးကုန်းပေါ် တက်
သွားကြတယ်…”

“ဒါများ ဦးချာကြီးရယ်၊ မင်းကြီးကုန်းပေါ်တက်
ပြီး ဘုရားဖူးတာနေမှာပေါ့ …ဟား ဟား ဟား”

ဝင်းညွန့်က ကြားဖြတ်ပြောရင်း ဟားတိုက်ရယ်
မောလိုက်သည်။ လှောင်ရယ် ရယ်လိုက်ခြင်း
ပင် ဖြစ်သည်။

“ဒီကောင် ဝင်းညွန့်၊ တမင်တကာ ကပ်သပ်ပြော
နေတာဗျာ ဦးချာကြီး၊ လူရာသွင်းပြီး ပြောပြမနေ
နဲ့တော့ …”

ဒေါပွနေသော ချစ်လင်းက ဝင်ပြောသည်။
ဦးချာကြီးက ချစ်လင်းကို လက်ကာပြရင်း

“နေဦး ဝင်းညွန့်၊ ဆုံးအောင် နားထောင်…
အဲဒီနှစ်ယောက် မင်းကြီးကုန်းပေါ်တက်သွား
တဲ့ လမ်းက ငါတို့ရပ်နေတဲ့နေရာနဲ့ ဝါးတစ်ရိုက်
တောင် မဝေးဘူး၊ အလင်းရောင်ကလည်း ရှိ
သေးတော့ လင်းလင်းကျင်းကျင်းပဲ သူတို့မျက်နှာ
တွေကိုငါမြင်ရတယ်။သေးသေးညှက်ညှက်နဲ့
တစ်ယောက်က ကောင်လေးတစ်ယောက်ကွ
ဆံပင်ရှည်ဘုတ်သိုက်နဲ့ အသက်(၉)နှစ်၊ (၁၀)နှစ်
လောက် ရှိမယ်၊ ငါသူ့ကို တစ်ခါမှ မမြင်ဖူးဘူး
ငါတို့ မင်းကြီးကုန်းရွာက မဟုတ်ဘူးဆိုတာ
သေချာတယ်၊ ဆံပင်ဖားလျားနဲ့ မိန်းမကိုတော့
ငါသေသေချာချာ သိတယ်ကွ၊ အဲဒါက ဘယ်သူ
လဲဆိုတော့ ချောင်းဝထဲမှ မုန်တိုင်းမိပြီး သား
လေးဆုံးသွားတဲ့ အိုးသည်မပဲ၊ မင်းမှတ်မိသေး
လား၊ တို့ရွာကတောင် ဝိုင်းဝန်းစောင့်ရှောက်
ထားသေးတယ်လေ…”

“အဲဒီအိုးသည်မက သူ့သားလေး ရက်လည်တဲ့
နေ့မှာပဲ ရင်ကွဲနာကျပြီး သေသွားတာ မဟုတ်လား”

“အေး ဟုတ်တယ်၊ ငါတွေ့လိုက်တဲ့ မိန်းမဟာ
သားလေးသေလို့ သူပါရင်ကွဲနာကျပြီး လိုက်
သေသွားတဲ့ အဲဒီ အိုးသည်မပဲကွ”

“ဗျာ”

သည်တစ်ကြိမ်တော့ ဦးချာကြီး စကားကို ဝင်း
ညွန့် မငြင်းတော့ အလန့်တကြားအော်ရင်း ဦး
ချာကြီးအနီးသို့ တိုးကပ်သွားပါတော့သည်။

XXXXX

အိုးသည်မ တစ္ဆေသားအမိ၏ သတင်းက တစ်စ
တစ်စ လူပြောများလာသည်။

“တစ္ဆေမိန်းမက အိုးသည်မမှ အိုးသည်မ
အစစ်ပဲဟေ့…”

“သူနဲ့ အတူတူတွေ့တဲ့ ကောင်လေးကတော့
ရေထဲကျသွားတယ်ဆိုတဲ့ သူ့သားလေးပဲ ဖြစ်မယ်”

” အိုးသည်မတစ်ယောက် သူ့သားလေးကို
တမလွန်ဘဝမှာ ပြန်တွေ့သွားတာပေါ့ …”

“အိုးသည်မနဲ့ သူ့သားကို ချောင်းကမ်းပါးထိပ်မှာ
တွေ့ခဲ့တယ်”

“မင်းကြီးကုန်းပေါ် တက်သွားတာ မြင်လိုက်တယ်”

“ဘုရားကုန်းပေါ်တက်သွားတာ ဆိုတော့ အိုးသည်
မတို့ တစ္ဆေသားအမိနှစ်ယောက်စလုံးဘုရားမှာ နေ
ကြတာ ဖြစ်မယ်…”

လူပြောများလာသလို တွေ့သူမြင်သူလည်း
တဖြည်းဖြည်း များလာသည်။ထူးခြားသည်မှာ
မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကြောက်အောင်
လန့်အောင် ခြောက်လှန့်မှု မပြုခြင်းဖြစ်သည်။
ချောင်းကမ်းပါးထိပ်၌ ရပ်နေပုံနှင့် မင်းကြီးကုန်း
ပေါ် တက်သွားပုံတို့ကိုသာ လူအများက မြင်ကြ
တွေ့ကြရသည်။

အိုးသည်မတစ္ဆေသားအမိကို ဘုရားပေါ်မှာ တွေ့
ရသည်ဟူ၍မူ မည်သည့်ရွာသူရွာသားမျှ မပြောကြ။
ထို့အပြင် အိုးသည်မ တစ္ဆေသားအမိသည် တွေ့သူ
မြင်သူ မည့်သူကိုမျှ အန္တရာယ်မပေး။ ကြောက်အောင်
လန့်အောင်၊ ခြောက်လှန့်ခြင်းလည်းမပြု။ ချောင်းဝ
နှင့် မင်းကြီးကုန်း နေရာကွက်ကွက်လေးမှာပင် သူ
တို့ဘာသာ သွားလာနေခြင်းဖြစ်၏။

“တစ္ဆေမယုံဘူး”ဟု ချစ်လင်းနှင့် ဦးချာကြီးကို
ကန့်လန့်တိုက်ငြင်းခဲ့သော ဝင်းညွန့်ပင်လျှင်
လက်တွေ့မျက်မြင်တွေ့မြင်လိုက်ရ၍ အိုးသည်မ
တစ္ဆေ သားအမိ ရှိကြောင်း လက်ခံသွားရပြီဖြစ်သည်။

ထိုအတောအတွင်းမှာပင် အိုးသည်မတစ္ဆေနှင့် ပတ်သက်သည့်အဖြစ်အပျက်က ပြောစမှတ်တွင်
အောင်ဖြစ်ပျက်လာပြန်သည်။ တစ်နေ့ရွာထဲက
ယောက်ျားကလေးသုံးယောက် အိုးသည်မချောင်း
ထဲမှာ လှေစီးဆော့ကစားကြ၏။

လှေက အရှည်ငါးပေခြောက်ပေလောက်သာ
ရှိသည့် တစ်ယောက်စီးလှေကလေး… ၊
ရေကျွမ်းကျင်သော လူကြီးတစ်ယောက်အနေ
ဖြင့် မည်သို့မျှ အန္တရာယ်မရှိသော်လည်း က
လေးတို့ အတွက်မူ ဘေးရန် မကင်းသော
လှေကလေးဖြစ်သည်။

ကလေးတွေက ဆယ်နှစ်ခန့်အရွယ်လေးတွေချည်း
ဖြစ်၏။ ချောင်းစပ်မှာ ငါးစမ်းရင်း၊ ပုစွန်စမ်းရင်း လှေ
ကလေးကို တွေ့၍ ဆော့ကစားကြခြင်း ဖြစ်သည်။
လှေကို လှော်ခတ်ရင်းနှင့် ချောင်းဝသို့ရောက်လာ၏။
ချောင်းဝမှာက ဧရာဝတီမြစ်ရေ ဦးတိုက်စီးဆင်းနေ
သည့် နေရာ ရှိ၏။

ထိုနေရာအရောက်၌ သူတို့လှေကလေးကို မြစ်
ရေစီးက ကန့်လန့်ဝင်တိုးလိုက်၏။ ထို့ကြောင့်
လှေမှောက်သွားသည်။ ကလေးနှစ်ယောက်က
ကြောက်လန့်တကြား ကူးခတ်ရင်း ကမ်းပေါ်ရောက်
သွားသော်လည်း ကျန်တစ်ယောက်မှာမူ ရေမကူး
တတ်သောကြောင့် ရေထဲ၌ မြုပ်ချည် ပေါ်ချည်
ဖြစ်ကာ မျောပါသွား၏။

ထိုအချိန်က အနီးအနားတွင် လူမရှိ၍ ကလေး
နှစ်ယောက်က လူမြင်ရသော နေရာအထိ ပြေး
သွားကာ အကျိုးအကြောင်း ပြောပြကြသည်။
မျောပါသွားသည့်ကလေးကို ကယ်တင်ရန် လူ
အများ ပြေးလိုက်လာကြ၏။ ရေစီးနှင့် မျောပါ
သွားသည်ဆို၍ အချို့က အောက်ဘက်မှ ကြိုပြီး
စောင့်ကြသည်။ အချို့က ကမ်းစပ်မှ အစုန်၊
အဆန် ပြေးလွှာရှာဖွေကြ၏။

မည်သို့ပင် ကြိုးစားရှာဖွေကြသော်လည်း ကလေး
၏ အရိပ်အယောင်ကိုပင် မတွေ့ကြရတော့ပေ…၊
ထိုအချိန်မှာပင် ကလေးရေနစ်သည့် သတင်းကို
ရွာထဲမှ ကြားသိသွားဟန်တူ၏။ လူအုပ်စုတစ်စု
ရွာထဲမှ ပြေးထွက်လာကြသည်။ ကလေး၏ မိခင်
နှင့် အစ်မတို့ကား ကမ်းစပ်တွင် ရင်ဘတ်စည်တီး၊
ရှိုက်ကြီးတငင် ငိုကြွေးသူငိုကြွေး၊ မြေပေါ်တွင်
လူးလှိမ့်၍ အော်ဟစ်တမ်းတသူက တမ်းတနှင့်
ကမ္ဘာပျက်သကဲ့သို့ ဆူညံပွက်လောရိုက်လျက်
ရှိသည်။ လှေမှောက်သည့်အချိန်နှင့် ဆိုလျှင်
တစ်နာရီနီးပါး ကြာမြင့်သွားပြီဖြစ်သည်။

ကလေးကို အသက်နှင့် ခန္ဓာတွဲလျက် ပြန်ရရန်
မလွယ်တော့ကြောင်း အားလုံးပင် သဘောပေါက်
လိုက်ကြ၏။ ကလေး၏ ဖခင်နှင့် ယောက်ျားကြီး
အချို့တို့ လှေနှင့် ထီးကို လှော်ခတ်ပြီး မြစ်အောက်
ဘက်သို့ စုန်ဆင်းသွားကြသည်။

ကလေးအလောင်းမြစ်ကမ်းစပ်တစ်နေရာရာတွင် တင်ကျန်နေနိုင်သည် ဖြစ်၍ သွားရောက်ရှာဖွေ
ဆယ်ယူရန် ထွက်သွားကြခြင်းဖြစ်သည်။ သူတို့
ထွက်သွား၍ မကြာခင်မှာပင် ထူးခြားဆန်းကြယ်
သော အခြင်းအရာကို ရွာသူရွာသားများ မြင်တွေ့
လိုက်ကြသည်။ ကလေးတစ်ယောက်သည် ဘုရား
ကုန်းပေါ်မှ ဆင်းကာ သူတို့လူအုပ်ကြီးရှိရာသို့
လျှောက်လာ၏။

ထိုကလေးမှာ လှေမှောက်ပြီး မြစ်ရေစီးထဲတွင်
မျောပါသွားသည်ဆိုသော ကလေးဖြစ်နေကြောင်း
အားလုံးက တအံ့တသြ တွေ့မြင်လိုက်ကြရသည်။
လူကြီးများက ထိုကလေးကို ဝိုင်းဝန်းကာ အကျိုး
အကြောင်းမေးမြန်းကြည့်ကြ၏။

“လှေမှောက်ပြီး ရေစီးထဲမှာ သားမျောပါသွား
ပါတယ်…အဲဒီအချိန်မှာပဲ သားနောက်ကို အဒေါ်
ကြီးတစ်ယောက် ရေကူးပြီး လိုက်လာတယ်၊ အဲ
ဒီအဒေါ်ကြီးက သားကို ရေထဲကနေ ဆွဲခေါ်ပြီး
ကယ်တယ်၊ ကမ်းစပ်ရောက်တော့ ဘုရားကုန်း
ပေါ်ကို ပွေ့ချီသွားပြီး ရေတွေအန်အောင်လုပ်
ပေးတယ်၊ ကောင်းကောင်းသက်သာသွားတော့
မှ ‘သားလေး ဒီလမ်းအတိုင်းဆင်းသွား’ဆိုပြီး
ပြန်ခိုင်းလိုက်တယ်”

ကလေး၏ ပြောစကားကြောင့် အားလုံးပင် အံ့
အားသင့်သွားကြသည်။ ကလေးအား ရေထဲမှ
ကယ်တင်သူမှာ အဒေါ်ကြီး တစ်ယောက်တဲ့၊
မည်သို့သော မိန်းမသားတစ်ဦးသည် ဤမျှခက်
ခဲသော၊ အသက်အန္တရာယ်ရှိသော ကယ်တင်မှု
ကြီးကို စွန့်စွန့်စားစား လုပ်ဆောင်ခဲ့ပါသနည်း။
ယခု၊ ထိုကယ်တင်ရှင် အမျိုးသမီးကြီး ဘယ်
ရောက်သွားပြီနည်း၊ အဖြေမရှိသော ပဟေဠိ
တစ်ပုဒ်လို ထူးခြားဆန်းကြယ်ဖြစ်နေ၏။

အချို့က ကလေးငယ်ကို ကယ်တင်ခဲ့သည့်
အမျိုးသမီးကို တွေ့လိုတွေ့ငြား ဘုရားကုန်း
ပေါ်အနှံ့တက်ရောက်ကြည့်ရှုကြ၏။

ရေစိုအဝတ်များမှ ကျကျန်ရစ်ဟန်တူသော
ရေစက်များ၊ ရေကွက်များကို တွေ့ရ၏။
လူနှင့်တူသူဟူ၍တော့ မည်သည့် တစ်စုံတစ်ခု
ကိုမျှ မတွေ့ကြချေ။

“ပြောစမ်းပါဦး၊ သားကိုကယ်တဲ့ အဒေါ်ကြီးကို
သားမြင်ဖူးလား၊ တို့ရွာကပဲလား”

“အဒေါ်ကြီးကို သားတစ်ခါမှ မမြင်ဖူးဘူး၊
သားတို့ရွာက မဟုတ်ဘူးနဲ့ တူတယ်…”

“ဒါဆိုရင် သူ့ရဲ့ပုံပန်းသဏ္ဍာန်ကရော…”

“နည်းနည်းပိန်တယ်၊ ဆံပင်တွေကို ဒီအတိုင်း
ဖြန့်ချထားတယ်…”

“သားက မမေးဘူးလား၊ အဒေါ်ကြီး
ဘယ်မှာနေတာလဲလို့”

“သား မမေးမိဘူး၊ ဒါပေမဲ့ အဒေါ်ကြီးက ပြော
တယ်၊ သူတို့က ဒီမင်းကြီးကုန်းပေါ်က ဘုရား
ဝင်းထဲမှာ နေတာတဲ့၊ သူ့မှာလည်း သားနဲ့ ရွယ်
တူ သားလေးတစ်ယောက် ရှိတယ်၊ သားနေ
ကောင်းသွားရင် အတူလာကစားလို့ ပြောတယ်”

“သူ့မှာ သားနဲ့ ရွယ်တူ ကလေးရှိတယ်တဲ့
ဟုတ်လား”

“ဟုတ်ကဲ့၊ အဲဒီလို ပြောတယ်…”

“ဒါ …ဒါဆိုရင် …ကလေးကို ကယ်လိုက်တာ
အိုးသည်မ သားအမိပဲ ဖြစ်မယ်…၊ မုန်တိုင်းမိပြီး
ဒုက္ခရောက်လာတဲ့ သူတို့လင်မယားနှစ်ယောက်
ကို ငါတို့မင်းကြီးကုန်းရွာသူရွာသားတွေက စေ
တနာသန့်သန့်နဲ့ အစစအရာရာ ကူညီကြတယ်၊
နေစရာ စားစရာ ပေးခဲ့ကြတယ်၊ ဒီကျေးဇူးတရား
တွေကို ထောက်ထားပြီး တို့ရွာက ကလေးရေ
နစ်တာကို အသက်ကယ်ပြီး ကျေးဇူးတုံ့ပြန်တာ
ပဲ ဖြစ်မယ်”

ရေနစ်သူ ကလေးငယ်အား အိုးသည်မတစ္ဆေ
ကယ်သည့်သတင်းကြောင့် တစ်ရွာလုံး အုန်း
အုန်းကျွတ်ကျွတ် ဖြစ်သွားကြသည်။

ဟုတ်တော့လည်း ဟုတ်၏။ မြစ်ရေစီးထဲ မျောပါ
သွားသော ကလေးကို လူသားတစ်ဦးတစ်ယောက်
မျှရှိမနေသော နေရာ၌ ကယ်တင်ခံထားရသည်ဟု
ဆိုလျှင် ကယ်တင်ရှင်မှာ တန်ခိုးရှင်တစ်ယောက်သာ
ဖြစ်ရမည်ဖြစ်သည်။ကယ်တင်ခံရသူကလေးကို
မေးကြည့်တော့လည်း တန်ခိုးရှင်၏ ရုပ်လက္ခဏာ
သွင်ပြင်က အိုးသည်မမှ လွဲ၍ အခြားမည်သူမျှ
မဖြစ်နိုင်ကြောင်း တွေ့နေရ၏။ အိုးသည်မတစ္ဆေ
၏ ကယ်တင်မှုကြောင့် သေကံ မရောက်ခဲ့သူ က
လေး၏ မိဘများက အိုးသည်မကို ကျေးဇူးတုံ့ပြန်
ကြသည်။

စားကောင်း သောက်ဖွယ်များ ချက်ပြုတ်ပြီး
သားလေး ရေနစ်သည့်နေရာ၊ ကမ်းပါးပေါ်၌
ထားကာ အိုးသည်မ တစ္ဆေသားအမိကို ကျွေး
မွေး၏။ ရက်အတန်ကြာအောင် သွားရောက်
ကျွေးမွေးရာက နောက်ပိုင်းတွင် ကမ်းပါးမြေကြီး
ပေါ်၌ ချထားကာ ကျွေးမွေးခြင်း မပြုတော့။

လူကြီးရင်စို့ခန့်တိုင်စိုက်ပြီး တိုင်ထိပ်၌ နတ်ကွန်းပုံ
သဏ္ဍာန်အဆောက်အုံလေးဆောက်ကာ တင်မြောက်
ပသ ကျွေးမွေးကြသည်။ နတ်ကွန်းပုံစံ ဆောက်လုပ်
တင်မြောက်ကျွေးမွေးသည့်အချိန်က စ၍ အခေါ်
အဝေါ်များ ပြောင်းလဲသွားသည်။

နတ်စင်ရွာလေးကို ‘အိုးသည်မနတ်စင်’ဟု ခေါ်ကြ
သည်။နောင်တွင် ချောင်းအမည်မှာလည်း အိုးသည်
မချောင်းဟု ပြောင်းလဲသွားခဲ့ရခြင်းဖြစ်သည်။
နှစ်ကာလကြာမြင့်ခဲ့ပြီး၏ နောက်ပိုင်းတွင်ကား
အိုးသည်မ နတ်ကွန်းလေးသည် ရေလုပ်သား
များနှင့် ငါးတန်တံငါသည်များ…

လုပ်ငန်းကိုင်ငန်းအဆင်ပြေစေရန်နှင့် ဘေးအန္တရာယ်
ကင်းရှင်းစေရန်အတွက်…၊ ဆုတောင်းရာ၊ တင်မြှောက်
ပသရာ နေရာတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပါ
တော့သည်။ အိုးသည်မ တစ္ဆေသားအမိနှင့် ပက်သက်
သည့် ထူးထူးခြားခြား အခြားဖြစ်စဉ်တစ်ခုကိုလည်း
မင်းကြီးကုန်း ရွာသူရွာသားများ ကြုံခဲ့ရသေး၏။

ထိုအဖြစ်အပျက်မှာ မင်းကြီးကုန်းရွာအား လူဆိုး၊
သူခိုးတို့ရန်မှ စောင့်ရှောက်ပေးခဲ့သည့် ဖြစ်စဉ်
ဖြစ်သည်။ အဖြစ်အပျက်မှာ ဤသို့ဖြစ်၏။ မှောင်
မည်းနေသော ညတစ်ည၏ သန်းခေါင်ယံ၌ မင်း
ကြီးကုန်းခြေရင်း မြစ်ကမ်းစပ်သို့ လူသုံးယောက်
လှေတစ်စင်းဖြင့် ရောက်လာသည်။

သူတို့သည် ရှေးဟောင်းပစ္စည်းခိုးယူသူများဖြစ်၏။

မင်းကြီးကုန်းပေါ်တွင် တည်ထားသော ဘုရားစေတီရှိ
ကြေးဝါဖြင့် သွန်းလုပ်ထားသည့် ရှေးဟောင်းဗုဒ္ဓ ဆင်း
တုတော်နှစ်ဆူကို ခိုးယူရန် ရောက်လာကြခြင်း ဖြစ်
သည်။သူတို့သည် လှေတွင် အစောင့်အဖြစ်တစ်
ယောက် ထားခဲ့ပြီး ဘုရားကုန်းပေါ်သို့ နှစ်ယောက်
တက်လာကြသည်။

ဘုရားဝန်းကျင်၏ အနေအထားကို နေ့ခင်းကတည်း
က ကြိုတင်လေ့လာထားပြီးဖြစ်၍ သွက်သွက်လက်
လက်ပင် လှုပ်ရှားနေကြသည်။ ဆင်းတုတော်နှစ်ဆူ
ပူဇော်ထားရှိသော နေရာကလည်း တံခါးအရံအတား
မရှိသဖြင့် လွယ်လင့်တကူပင် ရောက်ရှိလာကြသည်။
သူတို့အတွက် အစစအရာရာ အဆင်ပြေချောမော
လျက်ရှိ၏။ ဤနေရာသည် မင်းကြီးကုန်းရွာနှင့် ခပ်
လှမ်းလှမ်းတွင် ရှိ၏။

ဘုရားဝင်းအတွင်းတွင်လည်း မည်သူတစ်ဦးတစ်
ယောက်မျှ နေထိုင်ခြင်းမရှိ။ ထိုအကြောင်းအချက်
များကြောင့် သူတို့၏ မကောင်းမှုကို မည်သူကမျှ
ဟန့်တား၊ နှောင်ယှက်ခြင်း မပြုနိုင်ကြ၊ ထို့ကြောင့်
ပင် လွတ်လွတ်လှုပ်ရှားနိုင်ကြခြင်း ဖြစ်သည်။

ခိုးသူတို့သည် ဆင်းတုတော်တစ်ဆူကို ဂုံနီအိတ်
တစ်လုံးစီထည့်ကာ တစ်ယောက်တစ်အိတ်ထမ်း
ပြီး ပြန်ဆင်းလာကြသည်။ ဘုရားပရိဝုဏ်ကို လွန်
သည်နှင့် သူတို့ရှေ့မှ ရပ်နေသည့် လူနှစ်ယောက်
ကို တွေ့လိုက်ရ၏။

မိန်းမတစ်ယောက်နှင့် လူငယ်တစ်ယောက်ဖြစ်၏။

“ဘုရားဆင်းတုတော်တွေကို ယူမသွားနဲ့ …”

မိန်းမဆီက အသံထွက်လာ၏။ ရုတ်တရက်မို့
သူတို့ထိတ်လန့်သွားကြသည်။ သို့သော် မိန်းမနှင့်
ကလေးမှာ သူတို့လို လူစားမျိုးတွေအတွက်
မှုစရာမဟုတ်ပါချေ။ ထို့ကြောင့် အတင်းတိုး
တိုက်သွားရန်နှင့် လိုအပ်ပါက အသင့်ပါလာ
သော ဓါးများကို သုံး၍ ရှင်းလင်းဖယ်ရှားရန်
ဆုံးဖြတ်လိုက်၏။

သူတို့သည် ဓါးများကို အသင့်ကိုင်ကာ ရှေ့သို့
တိုးဝင်သွားကြသည်။ သို့သော် ကြုံတွေ့နေသည့်
အခြေအနေက သူတို့ထင်မှတ်ထားသလို လွယ်လွယ်
ကူကူ မဟုတ်ပါ။ သူတို့အနီးသို့ မရောက်မီမှာပင်
ထိုမိန်းမနှင့် လူငယ်ကလေးတို့ သူတို့ရှေ့မှ ဖျက်ခနဲ
ပျောက်သွားသည်…၊ သူတို့ အံ့သြထိတ်လန့်သွားကြ
သည်။ တစ်ဆက်တည်းမှာပင် ဆင်းတုတော်ထည့်
ထားသည့် အိတ်ကို နောက်မှ အတင်းဆွဲတာခံရ၏။

လှည့်ကြည့်တော့လည်း ဘယ်သူမှမရှိ။ ထိုအခါမှ
သူတို့တွေလိုက်သည့် မိန်းမနှင့် လူငယ်ကလေး
မှာ လူသားစင်စစ်မဟုတ်ဘဲ နာနာဘာဝတစ္ဆေ
သရဲများဖြစ်ကြောင်း သဘောပေါက်သွားကြ၏။
ကြောက်လန့်တုန်လှုပ်ခြင်းကြီးစွာဖြင့် ကုန်းပေါ်
က ဒရောသောပါး ပြေးဆင်းကြသည်။

တစ္ဆေသားအမိကလည်း သူတို့နောက်မှ ထပ်ကြပ်မကွာလိုက်ကာ သူတို့ထမ်းထား
သည့်အိတ်ကို အတင်းဆွဲလုကြ၏။ သူတို့က
လည်း အိတ်ပါမသွားအောင် တင်းတင်းကျပ်
ကျပ်ကိုင်ရင်း တရှုးထိုးပြေးဆင်းကြ၏။ ကုန်း
တစ်ဝက်ခန့်အရောက်မှာတော့ အားကောင်း
သော လက်ကြီးများက သူတို့ကို တွန်းချလိုက်
သည်။ နှစ်ယောက်စလုံး ကုန်းပေါ်မှ တလိမ့်
ခေါက်ကွေးလိမ့်ကျပြီး သတိလစ်မေ့မြောသွား
ကြသည်။ လှေပေါ်တွင် အစောင့်ကျန်ရစ်ခဲ့
သူမှာလည်း မည်သို့ ဖြစ်သည်မသိ၊

အဖော်များကို စောင့်နေရင်း ရုတ်တရက် အိပ်
ပျော်သွားသည်။ သူ့အဖော်နှစ်ယောက် ဘုရား
ကုန်းပေါ်မှာ တစ္ဆေသားအမိနှင့် ရင်ဆိုင်နေရ
ခြင်းကို သူမသိ၊ ကုန်းပေါ်က လိမ့်ကျလာပြီး
လှေနှင့် မလှမ်းမကမ်း မြေကြီးပေါ်၌ သတိလစ်
မေ့မြော နေခြင်းကိုလည်း သူမသိပါချေ။

အရုဏ်မတက်မီမှာတော့ သူတို့သုံးယောက်စလုံး
ကို သက်သေခံပစ္စည်းများနှင့်တကွ ဖမ်းမိလာကြ
သည်။ ငါးဖမ်းရန် မြစ်ထဲ ဆင်းလာသော တံငါများ
က သူတို့ကို ဦးစွာ တွေ့ရှိခြင်း ဖြစ်သည်။

အပိုင်ရဲစခန်းသို့ မပို့အပ်မီ ရွာလူကြီး ဦးသောင်း
သောင်းက စစ်ဆေးကြည့်၏။ သူတို့က ရှေး
ဟောင်းဆင်းတုတော်ခိုးယူခဲ့ကြကြောင်း ဝန်
ခံပြီး ဘုရားကုန်းပေါ်တွင် တစ္ဆေခြောက်ခံရ
ကြောင်း ပြောပြကြ၏။

တစ္ဆေမှာ မိန်းမတစ်ယောက်နှင့် လူငယ်ကလေး
တစ်ယောက်ဖြစ်ပြီး၊ သူတို့က …

“ဘုရားဆင်းတုတော်တွေကို ယူမသွားနဲ့ ”

လို့ ပြောကာ အိတ်တွေကို လိုက်လုကြောင်းနှင့်
နောက်ဆုံးတွင် သူတို့နှစ်ယောက်စလုံးကို ကုန်း
ပေါ်မှ တွန်းချခဲ့ကြောင်းများ ပြောပြသည်။ ဦး
သောင်းသောင်းက ခေါင်းတညိတ်ညိတ်ဖြင့်
နားထောင်ရင်း သူတို့ကို ပြောလိုက်သည်။

“မင်းတို့ တွေ့ခဲ့တဲ့ မိန်းမနဲ့ ကလေးဟာ အိုးသည်မ
နဲ့ သူရဲ့ သားလေးပါ။ သူတို့က ငါတို့မင်းကြီးကုန်း
ရွာကို စောင့်ရှောက်ပေးနေတဲ့ နာနာဘာဝ တစ္ဆေ
သားအမိနှစ်ယောက်ပေါ့ကွာ…”

ပြီးပါပြီ

LIKE & SHARE ပေးသွားကြပါဦး

မူရင်းရေးသူ ဆရာ မောင်မှိုင်းညို့(ချောင်းဦး)

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ