ဟု ပြောလိုက်ရာ ခင်ခင်က…
“မှန်တာပေါ့ အကိုရယ်.. တစ်ပတ်မှာ ငါးရက်လောက် အမှုချိန်းရှိတယ်။ ကျန်တဲ့နှစ်ရက်ကလည်း ရုံးပိတ်ထားလို့ မသွားရတာ” ဟု ပြန်၍ ဖြေလျှင် ကျွန်ုပ်သည် ရယ်မိသေးတော့၏။ ထို့နောက် ခင်ခင်က…
“ဒါနဲ့ အကိုရယ် .. မေးရမှာတော့ အားနာပါတယ်။ အစ်ကို ဘာအလုပ်လုပ်လဲ” ဟု တဲ့တိုးကြီး မေးလိုက်လေ၏။ ထိုအခါ ကျွန်ုပ်က..
“အလုပ်ရယ်လို့ မည်မည်ရရ မရှိပါဘူး မခင်ခင်ရေ” ဟု ပြန်ဖြေလိုက်လျှင်…
“ဒီလိုဆိုရင်တော့ ခင်ခင်က အကူအညီ တောင်းချင်တယ်။ ခင့်အစ်ကို ဝမ်းကွဲတစ်ယောက်ဟာ ဆေးရုံတက်နေတယ်။ ညစောင့်ပေးမယ့် လူမရှိဘူး။ ယောက်ျားအဆောင်ဆိုတော့ ခင်ခင်ကိုယ်တိုင် သွားစောင့်လို့မရဘူး။ အဲဒါလေး တစ်ဆိတ်လောက် ခင်ခင်ကို ကူညီတဲ့အနေနဲ့ လူနာကို သွားစောင့်ပေးပါလား” ဟု အကူအညီတောင်းလေ၏။
ထိုအခါ ကျွန်ုပ်က..
“ခင်ခင်ရယ် အကူအညီပေးချင်ပါတယ်၊ ဒါပေမဲ့ ဆေးရုံတွေ ဘာတွေဟာ အခြောက်အလှန့်ရှိတယ်။ အဲဒါမျိုးတွေကို ကျုပ်က သိပ်ကြောက်တယ်ဗျာ။ ဒါကြောင့် ညဘက်ဆေးရုံမှာ စောင့်ရတဲ့အလုပ်ကတော့ မလုပ်ဝံ့ပါဘူးဗျာ” ဟု ပြောလိုက်လျှင် ခင်ခင်က ဟက်ဟက်ပက်ပက် ရယ်လေ၏။
“အစ်ကိုက တကယ် သတ္တိကောင်းတာပဲနော်၊ မဟာဗန္ဓုလနဲ့ဘယ်လိုများ တော်သလဲ” ဟု မေးလေတော့၏။ ထိုအခါ ကျွန်ုပ်က..
“ခင်ခင်ပြောချင်သလိုသာပြောတော့ ကျုပ်ကတော့ ကြောက်တတ်တာအမှန်ပဲ” ဟု ပြောလိုက်ရာ ခင်ခင်က သနားသောမျက်လုံးဖြင့် ကျွန်ုပ်ကိုကြည့်လေ၏။
“တကယ်ကြောက်တတ်တယ်ဆိုရင်တော့ ခင်ခင်က မကြောက်ရတဲ့နည်းတစ်ခုပေးမယ်” ဟု ပြောလိုက်ရာ ကျွန်ုပ်က…
“ပေးစမ်းပါဗျာ..” ဟု ဝမ်းသာအားရတောင်းမိလေ၏။
“ဒီမှာ အစ်ကိုရေ.. အခြောက်အလှန့် ရှိတယ်ဆိုတဲ့နေရာမှာ ညအိပ်ရမယ်ဆိုရင် ကတ်ကြေးတစ်လက် ယူသွား၊ ကတ်ကြေးကို ပါးစပ်ဖြဲလိုက် စေ့လိုက် အကြိမ်ကြိမ်လုပ်ပြီး နောက်ဆုံးမှာ ပါးစပ်ဖြဲပြီးအနားမှာ ချထားလိုက်၊ အခြောက်အလှန့်တွေ မလာတော့ဘူး။ နောက်တစ်ခုကတော့ ကုလားပဲ လက်တစ်ဆုပ်နဲ့ သဲလက်တစ်ဆုပ်ယူသွား အနားမှာပုံထား၊ ပျင်းလို့ အခြောက်ခံချင်ပါတယ် ဆိုရင်တောင် မလာတော့ဘူး” ဟု ခင်ခင်က ပြောလေ၏။
ကျွန်ုပ်လည်း မှတ်သားလိုက်ရလေ၏။ ထို့နောက်ခင်ခင်၏ အစ်ကိုလူနာအတွက် စောင့်ပေးရန် တာဝန်ယူလိုက်၏။ ကတ်ကြေးတစ်လက်လည်း ယူသွား၏။ သဲတစ်ဆုပ် ပဲတစ်ဆုပ်လည်း ယူသွား၏။ ခင်ခင်ပြောသည့်အတိုင်း လုပ်ထားလိုက်၏။ မည်သည့် အခြောက်အလှန့်မျှ မလာတော့ပေ။ ကျွန်ုပ်သည် ခင်ခင်ကို လွန်စွာ ကျေးဇူးတင်ရ၏။ လူနာဆေးရုံမှ ဆင်းသွားသောအခါ၌ ခင်ခင်သည် ကျွန်ုပ်အား တိုက်ပုံအင်္ကျီတစ်ထည်၊ ယောပုဆိုးတစ်ထည်နှင့် ငွေ ၅၀ဝ ကန်တော့လိုက်လေ၏။ ကျွန်ုပ်ကလည်း “နေပါစေ နေပါစေ” ဟု ဆိုကာ ယူထားလိုက်လေ၏။
တစ်နေ့တွင် ခင်ခင်နှင့် ကျွန်ုပ်သည် တွေ့ကြပြန်၏။ ၎င်းက ကျွန်ုပ်အား…
“ဘာတွေ အလုပ်များနေတာလဲ အစ်ကို ..” ဟု မေးလေ၏။ ထိုအခါ ကျွန်ုပ်က…
“ဘာမျှအလုပ်မများပါဘူး ခင်ခင်ရယ် ကျုပ်ရဲ့ရင်ဘတ်မှာ အနာကလေးတစ်လုံး ပေါက်နေတယ်။ အဲဒီအနာကို ဆရာဝန်ပြကြည့်တော့ ဆရာဝန်က ဒီနေ့ဆေးရုံမှာ ခွဲပေးမယ်လို့ ပြောတယ်။ ကျုပ်ကလည်း နာမှာသိပ်ကြောက်တဲ့လူသားဗျ။ အဲဒါအတွက် ယောက်ယပ်ခတ်နေတာပါ” ဟု ပြောလိုက်ရာ ခင်ခင်က…
“အစ်ကို့ကို အနာသက်သာတဲ့ ဂါထာတစ်ခု သင်ပေးမယ်။ အဲဒါက ဘာလဲဆိုတော့ ‘ဆွာဆွန်း’ ဆိုတဲ့ ဂါထာကို (၈) ကြိမ်ရွတ်ပြီး အခွဲခံလိုက်ပါ။ အစ်ကို မနာဘဲ ခွဲပြီးတာကို အံ့သြဖွယ်ရာကို တွေ့စေရပါလိမ့်မယ်” ဟု ပြောလေ၏။
ကျွန်ုပ်လည်း ထိုနေက ဆေးရုံ၌ ခင်ခင်ပြောသည့်အတိုင်း ‘ဆွာဆွန်း’ (၈) ကြိမ်ရွတ်၍ အခွဲခံ၏။ မည်သို့ဖြစ်သည်မသိ၊ ခွဲလို့ခွဲမှန်းပင် မသိပေ။ အနာအကျင် လုံးဝမရှိဘဲ ပြီးသွား၏။ ထို့ကြောင့် ကျွန်ုပ်စိတ်၌ ဒီမိန်းကလေးသည် အလွန်တော်သော မိန်းကလေးဖြစ်၏။ သို့သော် အများက ရှုပ်တယ်ဟု ပြောဆိုနေကြ၏။
ရှုပ်ရှုပ် မရှုပ်ရှုပ် ကျွန်ုပ် သူ့ကိုခင်၏။
🙏 သဗေ သတာ ကမသကာ 🙏
✍ မင်းသိင်္ခ
📒 မင်းနန်သူနှင့် ဂမ္ဘီရလောကဝတ္ထုတိုများ
Leave a Reply