ကွင်းပိုင်သဘက်ကြီး

စပါးတစ်ရာလျှင် သုံးဆယ်စားပေး အဖိုးအခဖြင့် ခွင့်ပြု ငှားရမ်းလိုက်တော့၏။

ထိုနေ့အပြီး နောက်ရက်များတွင် လူစွန့်စား သားအဖနှစ်ဦးဟုပင် ဆိုရမည့် ဦးရဲနိုင်နှင့် မသင်ဇာတို့မှာ မြေရိုင်းကွင်းကြီးအား အလုပ်သမား မငှားနိုင်သည် ဖြစ်၍ ကိုယ်တိုင်ကိုယ်ကျ ခုတ်ထွင် ရှင်းလင်းကြရလေသည်။ နှစ်ပေါင်းများစွာ ဖယ်ကြဉ်ခံထားရခြင်း၊ စွန့်ပယ် ပစ်ထားကြခြင်းတို့ကြောင့် ယင်းလယ်ကွင်းကြီးမှာ ချုံနွယ်ပိတ်ပေါင်းနှင့် မြက်ရိုင်းတောတို့ဖြင့် ပြည့်သိပ်နေလေရာ ဦးရဲနိုင်တို့ သားအဖခမျာ အားသွန်ခွန်စိုက် ပြုကာ ရက်အတန်ကြာ ရှင်းလင်းနေကြရ၏။

ထိုသို့ ရှင်းလင်းရာ၌ ကွင်းပြင်စပ်၏ အနားစွန်း ကန်သင်းရိုးပေါ်ရှိ ဇောင်ချမ်းပင်ကြီး တစ်ပင်နံဘေး ကပ်ရပ်တွင် တောင်မို့သဏ္ဌာန် မြေကမုတစ်ခုကို ဦးရဲနိုင်က တွေ့ရှိရ၍ မလှမ်းမကမ်းက သမီးဖြစ်သူအား ခေါ်ပြီးနောက်…

“သင်ဇာ သမီးလေးရေ၊ ဟော ဟိုနားက မြေကမုလေးတစ်ခု သမီးတွေ့လား။ အဖေတို့က လယ်ကို ရေသွင်းတဲ့အခါကျ အဲဒီကမုလေးဟာ ရေမရောက်နိုင်တဲ့ နေရာဆိုတော့ကာ ငါ့သမီးလေးက အဲဒီမှာ သီးပင်စားပင်တွေ စိုက်ပျိုးဖို့အတွက် မြေသွားညှိချေ၊ ဟုတ်ပလား။ ကျန်တဲ့အလုပ်တွေ အဖေလုပ်ထားလိုက်မယ်” ဟု ဆိုကာ အခိုင်းလိုက်လေ၏။

ဖခင်ဖြစ်သူ ညွှန်းဆို စေခိုင်းမှုကြောင့် မသင်ဇာတစ်ယောက် ပေါက်ပြားတစ်လက်ဖြင့် ကန်သင်းရိုးထက်က တောင်မို့ကို တဖြည်းဖြည်းချင်း ညှိလာနေရင်း သုံးလေးရက်မျှ ကြာသောအခါ တစ်ခုသော နေ့လည်နေ့ခင်း၌ အလုပ်လုပ်နေစဉ် မိမိနံဘေး မတ်တတ် လာရပ်နေသည့် ခြေအစုံတစ်ခုအား သတိထားမိ၍ မော့ကြည့်ရာ မိန်းမကြီးတစ်ဦး ဖြစ်နေကြောင်းကို တွေ့ရှိရ၏။

အဆိုပါ မိန်းမကြီးမှာ ခက်ထန်သော အသွင်သဏ္ဌာန် ရှိကာ ခါးကို ထောက်၍ သူ့အား စေ့စေ့ကြည့်လျက် ရှိနေပြီး ပါးစပ်က…

“ညည်းတို့က ကိုယ့်မြေကိုယ့်ယာ မဟုတ်ဘဲ ဒီနေရာမှာ ကိုယ်ထင်ရာ လာစိုင်းနေကြပါလား” ဟု ခပ်တင်းတင်း ဆိုရင်း ဆောင့်ကြီးအောင့်ကြီးဖြင့် အနီးရှိ ဇောင်ချမ်းပင်ကြီးဘက်သို့ လျှောက်လှမ်းသွားပြီးနောက် ထိုအပင်ကြီးအောက် ရောက်သောအခါ မသင်ဇာ့မျက်စိရှေ့မှောက်မှာတင် ရုတ်တရက်ပင် ပျောက်ချင်းမလှ ပျောက်ကွယ်သွားလေတော့သည်။

ယင်းအခြင်းအရာအား မြင်တွေ့လိုက်ရသော မသင်ဇာခမျာ ကြောက်လန့်သွားပြီး တစ်နေရာတွင် ခုတ်ထွင် ရှင်းလင်းလျက် ရှိသည့် ဖခင်ဖြစ်သူ ဦးရဲနိုင်ထံ အမောတကော ပြေးချသွားကာ စောနက ကြုံတွေ့ခဲ့ရသမျှ အကျိုးအကြောင်း ပြောပြလိုက်၏။ သမီးဖြစ်သူ၏ ပြောစကားကို အသေအချာ နားထောင်ပြီးနောက် ဦးရဲနိုင်က…

“ဒီမယ် ငါ့သမီး… ခဏနေကျ ရွာထဲကို သွားပြီး ကြက်တစ်ကောင် ဝယ်။ ပြီးရင် တဲဆီ ပြန်ပြီး အဲဒီကြက်ရော ထမင်းတစ်အိုးပါ အကျအန ချက်ပြုတ် ကြော်လှော်ပြီးတော့ ဒီကို ယူလာချေ” ဟု ခိုင်းလိုက်လေသည်။

နာရီအနည်းငယ်မျှ ကြာမြင့်သောအခါ သမီးဖြစ်သူမှာ ဖခင်၏ ဆိုစကားအတိုင်း ကြက်သားဟင်းအိုးရော ထမင်းအိုးကောပါ တောင်းတစ်ခုထဲ ထည့်ရွက်၍ လယ်ထဲ ပြန်လာခဲ့၏။ ထိုနောက်မှာတော့ သူစိမ်းမိန်းမကြီး ပျောက်ကွယ်သွားသည့် နေရာ ဇောင်ချမ်းပင်နားတစ်ဝိုက် သန့်ရှင်းရေး ပြုလုပ်နေနှင့်သော ဦးရဲနိုင်က ထမင်းအိုး ဟင်းအိုးများကို ထုတ်ယူ လှန်လှောကာ တောင်းအတွင်း၌ အသင့်ပါလာသော ခပ်ကြီးကြီး ဇလုံတစ်ခုထဲ ထမင်းဟင်းများ အလျှံအပယ် ခူးခပ်ထည့်လိုက်ပြီး ပင်စည်ခြေရင်းနား ဖက်ရွက်ကြီးတစ်ရွက် ဖြန့်ခင်းလျက် ၎င်းအပေါ်မှ ဇလုံကို တင်ကာ သူ၏ နှုတ်မှနေ၍…

“ဤကွင်းပြင်အား အပိုင်စားရသော ပုဂ္ဂိုလ်အပေါင်းတို့ခင်ဗျာ… ဆင်းရဲနုံချာ မပြေလည်ရှာသော ကျွန်ုပ် ဦးရဲနိုင်နှင့် သမီးဖြစ်သူ မသင်ဇာတို့အနေနဲ့ ဒီနေရာမှာ အမှားအယွင်းများ ကျူးလွန်ခဲ့သည်ရှိသော် ခွင့်လွှတ်ကြပါရန် ဤထမင်းဦး ဟင်းဦးများဖြင့် အနူးအညွှတ် တောင်းပန်အပ်ပါသည်ခင်ဗျာ။ ထို့အပြင်ကို သင်တို့ ဤကွင်းပြင်၌ မရှိဆင်းရဲသား ကျွန်ုပ်တို့ သားအဖအား လယ်ယာစိုက်ပျိုးခွင့်များ ပေးသနားပါရန်လည်း ထပ်မံ တောင်းဆိုအပ်ပါသည်” ဟု ဆိုကာ ပသလိုက်ပြီးနောက် သမီးဖြစ်သူကိုပါ ဆက်လက်တောင်းပန်ခိုင်းလေ၏။

ထိုတစ်နေ့ အလုပ်သိမ်း အိမ်ပြန်ပြီး နောက်တစ်နေ့ လယ်အတွင်း ပြန်လာကြသောအခါ ဇောင်ချမ်းပင်အောက်က ဖက်ရွက်ခင်း ဇလုံကြီးထဲ ထမင်းဟင်းများ လုံးဝမကျန်တော့ဘဲ တစ်စုံတစ်ဦးမှ ဆေးကြော၍ သုတ်သင်ပေးထားပုံဖြင့် ပြောင်ချော သန့်ရှင်းကာ နေရာတွင်ပင် ပုံစံမပျက် ရှိနေလေ၏။

ထိုအခါမှ ဦးရဲနိုင်တို့ သားအဖလည်း လိပ်ပြာသန့်သန့်နှင့် နောက်ဆန်မတင်းစွာ ခုတ်ထွင် ရှင်းလင်းခြင်းများအား ဆက်လက်လုပ်ကိုင်ရဲကြသည်။ ထိုနေ့ ညနေစောင်းလောက် အရောက်တွင် လယ်ကန်သင်းရိုးပေါ်မှ လူတစ်ယောက် မိမိတို့ ရှိရာ လမ်းလျှောက်လာနေသည်ကို ဦးရဲနိုင် တွေ့ရှိလိုက်ရ၏။ ထိုသူမှာ သူ့ထက် အသက်အရွယ် အနည်းငယ် ကြီးပုံရသော အသားညိုညို၊ အရပ်ရှည်ရှည်၊ ခပ်ပိန်ပိန် ကိုယ်ဟန်သဏ္ဌာန် ရှိသည့် ယောက်ျားကြီးတစ်ဦး ဖြစ်ပြီး ဖျင်ကြမ်းတိုက်ပုံအား ရင်ဘက်ဟောင်းလောင်းဖွင့်၍ ဝတ်ဆင်ထားပေသည်။

ယင်းလူကြီးမှာ ခပ်လှမ်းလှမ်း တစ်နေရာတွင် ခါးထောက်၍ ရပ်လိုက်ပြီး…

“ဒီလာပါဦးဗျ” ဟု လှမ်းခေါ်လာ၏။

စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေသော ဦးရဲနိုင်မှာ သမီးလုပ်သူအား သတိဖြင့် နေခဲ့ရန် လက်တို့ မှာကြားပြီး လူကြီး လှမ်းခေါ်ရာ နေရာသို့ မဆိုင်းမတွ သွားရောက်လိုက်၏။ သူစိမ်းလူကြီးအနား ရောက်သောအခါ ထိုလူကြီးမှာ မျက်တွင်းများက ချိုင့်ဝင်လျှက် ရှိပြီး၊ ပြုံးယောင်သန်း၍ ပြဲလှန်နေဟန် ရှိသော ပါးစပ်ပေါက်၊ ကျယ်ပြန့်စွာ ကားထွက်လျှက် ရှိသော နားရွက်နှစ်ဖက်တို့မှာ အချိုးအစား မမျှပဲ သာမန်ထက် ကြီးမားသယောင် ရှိနေသည်ကို တွေ့မြင်ရလေသည်။

“ဘာကိစ္စရှိလို့ပါလိမ့်ဗျာ”

“သြော်… မနေ့က ခင်ဗျားတို့ သားအဖ ချက်ပြုတ် ကျွေးမွေးတဲ့ ထမင်းဟင်းတွေ ကျုပ်တို့ စားရတဲ့အကြောင်း လာပြောပြတာပါဗျ။ ဒီလို စားကောင်းသောက်ကောင်းတွေနဲ့ တည်ခင်း ကျွေးမွေးခဲ့တဲ့အတွက် အရမ်းလည်း ကျေးဇူးတင်ထိုက်တယ်လို့ ထင်မြင်မိတယ်လေ”

“ဟာ… ရ ရပါတယ်ဗျ။ ဘာ ဘာမှ အပန်းမကြီးပါဘူး။ ကျုပ်တို့ သားအဖနှစ်ယောက် မှားခဲ့တာ ရှိရင်သာ ခွင့်လွှတ်ဗျို့”

“ကောင်းပြီလေ… ခင်ဗျားပြောတဲ့အတိုင်း ခွင့်လွှတ်ပေးပါပြီရဲ့၊ ကျုပ် တောင်းဆိုချင်တာလေးတွေကိုရော လုပ်ပေးနိုင်ပါ့မလား”

“ဟာ… လုပ် လုပ်ပေးနိုင်လိမ့်မယ် ထင်ပါတယ်ဗျ။ ဘာများလဲ ပြောစမ်းကြည့်ပါဦး”

“နောက်တစ်ခေါက်ကျ အမဲသား တစ်ပိဿာလောက် ဝယ်ခြမ်းပြီး မကျက်တကျက် ချက်ကျွေးစမ်းပါဗျာ။ ထမင်း လေးလုံးချက်လည်း ပါပစေပေါ့။ တစ်လကိုမှ တစ်ကြိမ်လောက်ပါပဲ”

“ဟုတ်… ဟုတ်ကဲ့။ ရတော့ ရပါရဲ့၊ ဒါပေမယ့်လေ၊ ဒီအရပ်မှာ အမဲသားက အဝယ်ရခက်ပြီး ကျုပ်တို့ သားအဖမှာလည်း ငွေရေးကြေးရေးက ချို့တဲ့လေတော့ ကြက်သားလောက်နဲ့ပဲ အဆင်မပြေဘူးလားခင်ဗျာ”

“အဿပြာအတွက်တော့ မပူပါနဲ့ဗျာ။ ကိုင်း… ရော့၊ ဟောဒီမှာ။ ဒါနဲ့ ဝယ်ချက်၊ ဟုတ်ပြီလား”

ပြောရင်းဆိုရင်းဖြင့် သူစိမ်းလူကြီးမှာ ရင်ဟ ဝတ်ထားသော တိုက်ပုံဖျင်ကြမ်း ဘေးအိတ်ကပ်မှ တစ်စုံတစ်ရာအား ထုတ်ယူကာ ဦးရဲနိုင်ထံ ကမ်းပေးလိုက်လေသည်။

လက်ထဲ ရောက်လာသော အရာများကို ကြည့်လိုက်တော့မှ ဦးရဲနိုင်တစ်ယောက် အထူးအဆန်း မှင်တက် အံ့သြမိနေတော့၏။ အကြောင်းသည်ကား အဆိုပါ အရာများမှာ မြိတ်ထုံးရွှေဒင်္ဂါး နှစ်ပြား ဖြစ်၍ ဟူ၏။

“ဟောဗျာ… ဒီလောက်ကြီးလည်း မလိုပါဘူး နောင်ကြီးရာ။ တစ်ပြားတောင်မှ အတော့်ကို လွန်လှပါပြီ”

“သြော်… ယူသာထားလိုက်ပါဗျာ။ ပိုသမျှ ခင်ဗျားလိုတာ သုံးပေါ့။ ကုန်ရင်လည်း ပြော၊ ကျုပ် ထပ်ပေးမယ်။ ကိုင်း… ခင်ဗျားအလုပ်တွေလည်း ရှိသေးရဲ့ မဟုတ်လား။ ကျုပ်လည်း ပြန်လိုက်ဦးမယ်ဗျာ။ ကျုပ်တောင်းဆိုတာလေးတွေ လုပ်ပေးရင် ကျုပ်ကလည်း တစ်ပြန် ခင်ဗျားတို့ သားအဖကို ကြည့်ရှု စောင့်ရှောက်မှာပါ”

“နေပါဦးခင်ဗျာ၊ နောင်ကြီးက ဘယ်သူများလဲ ပြောပြခဲ့ပါဦး”

“အဲဗျာ… အဟုတ်သား၊ မိတ်ဆက်ဖို့ကို မေ့နေလိုက်တာများ။ မှတ်ထားဦးဗျ… ကျုပ်နာမည်က သဘက်ကြီး ဦးရန်အောင်တဲ့။ ဟောဒီက ခင်ဗျားတို့ ခုတ်ထွင် ရှင်းလင်းနေတဲ့ ကွင်းပြင်ကြီးကို အပိုင်စားရတဲ့ ကွင်းပိုင်ကြီးပေါ့ဗျာ။ ကဲ၊ ပြန်ပြီဗျို့”

ကျန်ရစ်ခဲ့သူ သားအဖမှာ အတွေးပေါင်းများစွာဖြင့် ဝေခွဲမရ ကိုယ်စီ ရှိနေဆဲတွင် ထွက်ခွာသွားသော အဆိုပါ ကွင်းပိုင် သဘက်ကြီး ဦးရန်အောင်ဆိုသည့် လူကြီး၏ ကိုယ်ခန္ဓာမှာ ခပ်လှမ်းလှမ်း တစ်နေရာသို့ ရောက်သောအခါ၌ ထိတ်လန့်ဖွယ်ရာ တစ်စတစ်စ ကြီးမား ထွားကြိုင်းလာခဲ့ပြီး နားရွက်ကြီး နှစ်ဖက်က ဆင်နားရွက်များပမာ တစ်စတစ်စ ရှည်ထွက်လာပြီးနောက် များမကြာမီတွင် မျက်စိရှေ့မှောက် ရုတ်တရက် ပျောက်ကွယ်သွားလေတော့၏။

ထိုနေ့မှ စ၍ တစ်လတင်းတင်း မပြည့်မီ ရက်တွင် ဦးရဲနိုင်မှာ မိမိတို့နှင့် ကွင်းပိုင်ကြီးအကြောင်း လူသိမခံလိုသည်နှင့် အညီ သမီးဖြစ်သူအား အမဲသားများကို ရွာထဲ၌ မဝယ်စေဘဲ အိမ်နီးချင်း အခြားရွာများဆီ တိတ်တဆိတ် သွားရောက် ဝယ်ယူစေပြီး မကျက်တကျက် ချက်ပြုတ်ကြော်လှော်စေကာ ဇောင်ချမ်းပင်ကြီးအောက်မှာ ကွင်းပိုင် သဘက်ကြီးအား တလျက် ထမင်းဟင်းပွဲ တည်ပေးရလေ၏။ ဤသို့ လစဉ်လတိုင်း ဝတ္တရားမပြတ် ကျွေးမွေး ပြုစုပြီးပါက နောက်ရက်များတွင် သဘက်ကြီး ဦးရန်အောင် ရောက်ရောက်လာတတ်ပြီး ဦးရဲနိုင်တို့ သားအဖအား ကျေးဇူးတင်စကား ပြောကြားလေ့ ရှိ၏။

မည်သူကမျှ ယူမလုပ်ရဲခဲ့ကြသော မိမိတို့ ကွင်းပြင်ကြီးမှာတော့ နှစ်ပေါင်းများစွာ စွန့်ပယ်ပစ်ထား ခံရသည့်အတွက် ယခုအခါ မြေဆီမြေနှစ် အလွန်တရာ ကောင်းမွန်နေပြီး ဘာစိုက်စိုက် ဘာပျိုးပျိုး ဖြစ်ထွန်းမည့်ဟန် ကြင်အင်လက္ခဏာ ရှိသောကြောင့် ဦးရဲနိုင်သည် အမဲသားဝယ်ရင်း ပိုလျှံသမျှ အဖိုးအခများကို မျိုးကောင်းသည့် စပါးများ ဝယ်ယူ စိုက်ပျိုးလိုက်၏။ ထိုကဲ့သို့ စိုက်ပျိုးလာရာမှ ကာလအတန် ကြာသောအခါ ရင့်မှည့်ချိန်နား ရောက်သည်နှင့် အမျှ စပါးခင်းကြီးမှာ အဆံအပြည့်အဝများဖြင့် ကိုင်းကျကာ အထွက်တိုးမည့်ဟန် တကဲကဲ စိုင်းပြင်းနေလေတော့သတည်း။

စပါးခင်းကြီးအား ကြည့်၍ ဦးရဲနိုင်တို့ သားအဖမှာ ရွှင်လန်း ဝမ်းသာနေကြသလောက်၊ မြေယာပိုင်ရှင် ဦးဘောဂနှင့် အတူ တစ်ရွာစလုံးကတော့ ရင်တထိတ်ထိတ်ဖြင့် ဖြစ်နေကြပေပြီ။ ယခင်က ရာဇဝင်များအရ ဆိုလျှင် စပါးသိမ်းချိန် တန်သည်နှင့် တပြိုင်နက် စိုက်ယူ ပျိုးနှံသူများ သေဆုံးကြရမည် မဟုတ်သလော။ ထို့အတွက်ကြောင့် ရွာသူရွာသားအပေါင်းနှင့် လယ်သူဋ္ဌေး ဦးဘောဂတို့က စိုးရိမ်တကြီး သတိပေးကြလျှင် ဦးရဲနိုင်တို့ကလည်း သူတို့၏ လျှို့ဝှက်ချက်နှင့် သူတို့ ဖြစ်သဖြင့် အေးအေးလူလူပင် မိမိတို့ လုပ်စရာ ကိုင်စရာ ရှိသည်များကိုသာ ဆက်လက် လုပ်ကိုင်နေကြမြဲ ဖြစ်လေသည်။ ယင်းကဲ့သို့ သားအဖနှစ်ယောက်၏ အပြုအမှုကြောင့် လူများမှာ စုတ်တသပ်သပ် ဖြစ်နေကြပြီး၊ ဦးဘောဂမှာတော့ သူ၏ ဝတ္တရားအတိုင်း အကယ်၍ ဆိုးဆိုးရွားရွား တစ်ခုခု ဖြစ်ပျက်လာပါက မိမိနှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း ထပ်မံ သတိပေးပြီး များမကြာမီ ပေါ်ပေါက်လာမည့်အရေးကို တင်ကြိုတွေးလျက် စိတ်မကောင်းကြီးစွာဖြင့် ခေါင်းပင် တတွင်တွင်ခါလျက် ရှိတော့သည်။

စပါးရိတ်သိမ်းချိန် တန်လေပြီ။ တစ်ရွာစလုံး စိတ်ဝင်တစားနှင့် ဦးရဲနိုင်တို့ သားအဖနှစ်ယောက်ထဲက ဘယ်သူများ အရင်ဦးစွာ ကံဆိုးမိုးမှောင် ကျလေမလဲဟူသည့် ဆင်တူညီသော အတွေးကိုယ်စီဖြင့် အဆိုးသတင်းစကား နားစွင့်လျက် ရှိစဉ် နောက်ရက်များတွင်၌ ဦးရဲနိုင်တို့ သားအဖမှာ တပြုံးတရွှင်ဖြင့် လယ်သူဋ္ဌေး ဦးဘောဂထံ ရောက်ရှိလာကာ နဂိုက သူတို့ သဘောတူညီမှု ရှိခဲ့သည့်အတိုင်း အဖိုးအခများအား အပိုအလိုမရှိ ပေးချေလိုက်လေရာ တစ်ရွာစလုံးမှာ အံ့သြတကြီး ဖြစ်ကြရတော့၏။

“အေးဗျာ… ခင်ဗျားနဲ့ ကံစပ်တဲ့အတွက် အလဟသဖြစ်နေတဲ့ ကျုပ်ရဲ့ မြေကြီးဟာ အခုတော့ တန်ဖိုးရှိသွားတာပေါ့ ဦးရဲနိုင်။ နောက်နှစ်လည်း ခင်ဗျားပဲ ဒီမြေကြီးကို ဆက်ယူနိုင်ပါတယ်ဗျာ။ သူများတွေများ တစ်ဧက ငါးဆယ်လောက် ထွက်အောင်ကို မနည်းစိုက်ပျိုးကြရတာ ခင်ဗျားကျမှ ကံဆိုးလှပါချည်ရဲ့ ဆိုတဲ့ ဘယ်သူမှ အငှားမလုပ်ရဲတဲ့ ဒီမြေကြီးနဲ့ကိုမှ တစ်ဧက ရှစ်ဆယ်တောင်မှ အထွက်တိုးကြမ်းအောင် စိုက်ပျိုးပြမှတော့ ဒီကွင်းပြင်ကြီးက ခင်ဗျားတို့ သားအဖနဲ့ ကံစပ်လို့ပဲပေါ့ဗျာ”

ဝမ်းမြောက်ဝမ်းသာ ကမ်းလှမ်းလာသော ဦးဘောဂ၏ စကားကို အမှီပြု၍ ဦးရဲနိုင်မှာ ဇောင်ချမ်းပင်ကြီးအောက်၌ အမဲဟင်းနှင့် ထမင်းများ တည်ခင်းပြီးသည့် နောက်တစ်နေ့တွင် လာရောက် စကားပြောသည့် သဘက်ကြီးအား နောက်တစ်နှစ် ထပ်မံပြီး မိမိတို့ သားအဖအား ဆက်လက်လုပ်ပိုင်ခွင့် ပြုပါမည်လောဟု မေးမြန်းလေရာ သဘက်ကြီးက…

“ဒီမြေကို နောက်တစ်နှစ် ထပ်စိုက်လို့ ရမယ့် အဖိုးအခနဲ့ ခင်ဗျား အပိုင်ဝယ်ဖို့ ပြင်တော့ဗျာ။ အဲဒီအခါကျ အဿပြာ မလောက်ရင် ပြော၊ လိုအပ်သမျှ ကျုပ်စိုက်ပေးမယ်” ဟူ၍ ခွင့်ပြုရုံတင်မက အကြံဉာဏ်ကောင်းပါ ပေးလိုက်လေသည်။

ကွင်းပိုင် သဘက်ကြီး၏ ညွှန်းဆိုမှုအတိုင်း ဦးရန်နိုင်မှာ ဦးဘောဂထံ နောက်တစ်နှစ် ကောက်ရိတ်ချိန်ကျလျှင် ဤမြေကြီးကို ရောင်းပါမည်လောဟု မေးမြန်းရာ ဦးဘောဂမှာ မိမိအပိုင် ထားပါက ဒီတစ်နှစ် ကံဆိုးမိုးမှောင် မကျ၊ နောက်တစ်နှစ်နှစ်၌ ကျပါက ဝယ်ယူ ငှားရမ်းမည့်သူ နောက်တစ်ဦးတစ်ယောက် ထပ်မပေါ်နိုင်သည်မို့ ငှားရုံတင်မက အပိုင်ဝယ်ယူမည့် စကား ဆိုလာသောအခါ အတိုင်းထက်အလွန် ဝမ်းပန်းတသာ ဖြစ်ကာ ကာလပေါက်စျေးထက် အဆများစွာ လျှော့ချ၍ ရောင်းဖို့ရန်ကို လှိုက်လှိုက်လှဲလှဲပင် သဘောတူညီလိုက်ပေသည်။

နောက်တစ်နှစ်တာမျှ ပြည့်မြောက်သောအခါတွင် ဦးရဲနိုင်တို့ သားအဖမှာ မည်သည့် ဘေးဥပါဒ်မှ မကျရောက်ပဲ စပါးပင်နှင့်တကွ စိုက်ပျိုးသီးနှံများ ထပ်မံ အောင်မြင်ပြန်ရကား ရိတ်သိမ်း ရောင်းချ ရသည့် အဖိုးအခများအပြင် အမဲသားဖိုးအဖြစ် လစဉ်လတိုင်း စွန့်ကြဲ ပေးကမ်းလေ့ ရှိသည့် သဘက်ကြီး၏ မြိတ်ထုံးရွှေဒင်္ဂါးပြားများမှ ပိုလျှံသမျှများကို အတော်အတန် စုမိစောင်းမိခဲ့ပြီ ဖြစ်သောကြောင့် ဤလယ်ယာမြေကြီးအား ဦးဘောဂထံမှ ဝယ်ယူလိုက်ချေ၏။ ထိုနောက်များတွင် သဘက်ကြီးက သူတို့ သားအဖအား ရွာအတွင်း မနေစေဘဲ ဤလယ်ယာရှိ လယ်စောင့်တဲနေရာ၌ ပျဉ်ထောင်အိမ်တစ်လုံးကို အစားထိုး ဆောက်လုပ် နေထိုင်စေခဲ့ပြန်သဖြင့် ဦးရဲနိုင်နှင့် သင်ဇာတို့မှာလည်း ရွာအတွင်းမှ လယ်ယာတောသို့ ပြောင်းရွှေ့ခဲ့ကြလေသည်။

နဂိုကတည်းကမှ အလုပ်ကြိုးစားသည့် သားအဖများ ဖြစ်သည့်အပြင် ကွင်းပိုင် သဘက်ကြီး ဦးရန်အောင်၏ ကြည့်ရှု စောင့်ရှောက်မှုအောက်ရှိ လယ်ယာမြေကြီးကလည်း ဆထက်ပိုး အကျိုးက ပေးပြန်သေးတော့ တစ်ချိန်က ဆင်းရဲနုံချာခဲ့သော သူတို့ ဘဝမှာ ယခုအခါ တင့်တောင်းတင့်တယ် သာယာလှပလာချေပြီ။ ထို့နောက်တွင် ဦးရဲနိုင်တို့ သားအဖမှာ ရွာအတွင်းရှိ ဆင်းရဲနွမ်းပါးသူများ၏ သားသမီးများကို ရှင်ပြု ရဟန်းခံ အလှူအတန်းများ ရက်ရက်ရောရော ပြုလုပ်ပေးခြင်း၊ ထိုအလှူအတန်းများမှ ရသော ကောင်းမှူကုသိုလ် အမျှအတန်းများအား သဘက်ကြီး ဦးရန်အောင်ထံသို့ စိတ်မှ ရည်စူးပေးဝေခြင်းတို့ဖြင့် ကျေးဇူးပြန်ဆပ်၏။

ဤသို့ဖြင့် ရာသီအလီလီ ကူးလူးပြောင်းလဲကာ ကာလအတန်တန် ကြာညောင်းလာသောအခါ ဦးရဲနိုင်၏ သမီးမသင်ဇာသည်ပင် ရွာထဲမှ ကာလသားတစ်ဦးနှင့် ချစ်ကြိုက် စုံမက်ပြီး လက်ထက်မင်္ဂလာဆောင်သည့် အချိန်အထိ ရောက်ရှိလာခဲ့၏။ ထိုကဲ့သို့ အိမ်ထောင်ကျပြီးသောအခါ မသင်ဇာ၏ ယောက်ျား၊ ဦးရဲနိုင်၏ သမက်မှာ ယာထဲရှိ အိမ်၌ ရွှေ့ပြောင်း နေထိုင်လာသောအခါ ဦးရဲနိုင်တို့ သားအဖက ကွင်းပိုင် သဘက်ကြီး ဦးရန်အောင်အကြောင်းအား အတိအလင်းရှင်းပြ၍ ထားပြီး အဆိုပါ လူကလည်း အကြောက်အလန့် မရှိသူမို့ သူတို့ ဤမိသားစုဝင် သုံးဦးမှာ များစွာ အဆင်ပြေလှတော့၏။

ထို့နောက် လေးငါးနှစ်မျှ ကြာလာသောအခါ တစ်ရက်သော နေ့တစ်နေ့၏ ညနေပိုင်းအချိန်တစ်ခု၌ ကွင်းပိုင် သဘက်ကြီး ဦးရန်အောင်မှာ ရေးကြီးတခွင် ပုံစံဖြင့် ပေါက်ချလာပြီးနောက်…

“ကျုပ်တို့ ဒီအရပ်ကနေ ပြောင်းရွှေ့ကြရတော့မယ် ဦးရဲနိုင်ရေ။ အခုည ဆယ့်နှစ်နာရီတိတိမှာ ပြောင်းကြရတော့မှာ။ ဆိုတော့ကာ ဒီည ခင်ဗျားနဲ့ ခင်ဗျားရဲ့ သမက်က တစ်ယောက် ဓါးတစ်လက်စီ ကိုင်ပြီး ခင်ဗျားတို့ အိမ်ရှေ့လမ်းကနေ စောင့်နေကြဗျာ။ ပြီးရင် အဲဒီလမ်းကနေ ဘာတွေပဲ ဖြတ်လာဖြတ်လာ မြင်တွေ့ရသမျှ ဓါးတွေနဲ့သာ ဝိုင်းခုတ်ကြဗျို့။ ရဲရဲသာ ခုတ်၊ ပြတ်အောင်လည်း ခုတ်” ဟု ပြောကြားကာ ကြောက်ရွံ့ထိတ်လန့်စရာ သူ၏ သဘက်ရုပ်သွင်အမှန်အား နောက်ဆုံးအကြိမ်ဖြင့် အထင်အရှား ပြောင်းလဲပြပြီးနောက် ဦးရဲနိုင်၏ မျက်စိရှေ့မှောက် ပျောက်ကွယ်သွားလေသည်။

ထိုည ညဉ့်နက်သန်းခေါင်ယံ ဆယ့်နှစ်နာရီထိုး၌ သဘက်ကြီး မှာကြားခဲ့သည့်အတိုင်း ဦးရဲနိုင်နှင့် သမက်ဖြစ်သူတို့မှာ ငှက်ကြီးတောင် ဓါးတစ်လက်စီ ကိုင်ဆွဲကာ အိမ်ရှေ့ လမ်းတွင် ဖြတ်သန်းလာကြမည့် အမျိုးအမည်မသိ အရာများအား ရင်တမမဖြင့် စောင့်ဆိုင်းလျှက် ရှိနေကြ၏။ ယင်းအချိန်တွင်ပင် လူသံ,လှည်းသံများကို တစ်စွန်းတစ်စ ကြားလာကြရပြီး များမကြာမီမှာ လှည်းဆယ်စီတန်းကြီးမှာ ဟိုမှာဘက် ခပ်လှမ်းလှမ်းရှိ ဇောင်ချမ်းပင်အောက်မှ ထွက်ပေါ်လာတော့၏။ ထိုနွားလှည်းများပေါ်၌ အရွယ်အမယ်စုံ ယောက်ျား,မိန်းမများ၊ အဘိုးအို,အဘွားအိုများအပြင် နို့စို့ကလေးအရွယ်များပါ မကျန် စုပေါင်း၍ လိုက်ပါလာကြပြီး အချို့သူများမှာ သီချင်းများပင် တကြော်ကြော် သီဆိုလျက် ရှိကြသည်ဟူ၏။

ဤအခြင်းအရာများအား ကြည့်၍ ဦးရဲနိုင်နှင့် သမက်တို့မှာ တအံ့တသြ အမူအယာဖြင့် ကြက်သေ,သေလျက် ရှိကြတော့သည်။ ထိုစဉ် သမက်ဖြစ်သူမှာ သတိပြန်ဝင်လာပြီး…

“အဖေ အဖေ… ကျွန်တော်တို့ ခုတ်ရမှာ ဒါကြီးတွေကိုလား” ဟု ဆိုရင်း လက်မှ ဓါးကြီးအား ဆပြီး ယောက္ခမလုပ်သူအား လှမ်းမေးလာ၏။

“နေစမ်းပါဦးကွာ။ တော်ကြာ တောမှောက်သလို ဖြစ်ပြီး တကယ့်လူအစစ်တွေ ခုတ်မိနေမှဖြင့် တို့ အမှုပတ်နေလိမ့်မယ်။ စောင့်ကြည့်စမ်းပါဦး”

ဦးရဲနိုင်က သမက်ဖြစ်သူကို လှမ်းတားရင်း သတိပေးလိုက်စဉ် သူတို့ အရှေ့မှ နီးကပ်စွာ ဖြတ်သန်းသွားကြသည့် တစ်စီးပြီး တစ်စီးသော လှည်းများပေါ်မှ လူအများမှာ ငှက်ကြီးတောင်များ ကိုင်ဆောင်ထားသည့် မိမိတို့အား ရှိသည့်ဟန်ပင် မထင်ဘဲ အေးအေးလူလူပင် ရှိနေကြပေ၏။

ထိုသို့ဖြင့် တရုန်းရုန်းသော လှည်းတန်းကြီးသာ ပြီးဆုံးသွားပြီး ဦးရဲနိုင်နှင့် သမက်တို့မှာ ဘာမှ မခုတ်ရဲကြဘဲ ရှိနေစဉ် လှည်းတန်းများ နောက်က ကပ်လျက် လိုက်ပါလာကုန်သော အရွယ်အစားမျိုးစုံ မြွေသတ္တဝါများအား တွေ့ရှိကြရတော့၏။ တချို့မြွေများကား ပေါင်လုံးခန့်အထိ ကြီးပြီး၊ အချို့မြွေများမှာတော့ လက်သန်းလုံးခန့်အထိ သေးသည်ဟူ၏။

လှည်းပေါ်မှ လူများအား မခုတ်ရဲခဲ့သည့် ဦးရဲနိုင်နှင့် သမက်မှာ မြွေများကို တွေ့မြင်လိုက်ရချိန်မှာတော့ ဝမ်းသာအားရ ဖြစ်သွားကြပြီး နဂိုကမှ မြွေဆိုလျှင် မုန်းသည့် ဓါတ်အခံကြောင့် ဓါးများဖြင့် ဝိုင်းခုတ်ကြတော့သည်။ ထိုအခါ ဓါးချက် မိသွားသော မြွေများမှာ ခန္ဓာထက်ပိုင်း ပြတ်ထွက်ကုန်ကြသော်လည်း အထက်ပိုင်းများက ရှေ့သို့ ဆက်သွားနေပြီး၊ တချို့ ခေါင်းချည်း ကျန်တော့သည့် မြွေများမှာလည်း ဘာမှ မဖြစ်သလိုပင် ခေါင်းပြတ်နှင့် ရှေ့သို့ ဆက်သွားနေကြလေလျှင် ဦးရဲနိုင်တို့မှာ ခုတ်ပိုင်းနေရင်းက တအံ့တသြ ရှိလေကြတော့၏။

ထိုကဲ့သို့ ခုတ်ပိုင်းဖြတ်အပြီး မြွေတန်းကြီးပါ လှည်းတန်းကြီးနှင့် အတူ ထပ်ကြပ်မခွာ လိုက်ပါ ပျောက်ကွယ်သွားပြီးနောက်မှာတော့ ဦးရဲနိုင်နှင့် သမက်တို့လည်း ခပ်မောမော ရှိနေကြပြီး အရာရာသည် စောနကနှင့် မတူ ပြန်လည် တိတ်ဆိတ် ငြိမ်သက်သွားလေ၏။ ထို့နောက် ခဏအကြာ၌ ဦးရဲနိုင်တို့မှာ အိမ်ပေါ် တက်၍ မသင်ဇာကို နှိုးယူပြီး မီးတုတ်တစ်ချောင်းကို မီးထွန်းညှိလျက် လှည်းလမ်းအထက် ပြန်လာကြည့်ကြသောအခါ မြွေအပြတ်များမှာ ရွှေတုံးရွှေခဲများအဖြစ် ပြောင်းလဲနေကြောင်း အထူးအဆန်းပင် တွေ့ရှိလိုက်ကြရပါတော့သည်။

ဤသို့ဖြင့် ဦးရဲနိုင်တို့ မိသားစုမှာ လူချမ်းသာစာရင်း ဝင်လာခဲ့ပြီး ထိုရွာဝန်းကျင်တဝိုက်၌လည်း အလှူအတန်း အရက်ရောဆုံး ပုဂ္ဂိုလ်များအဖြစ် ထင်ရှားခဲ့လေတော့သတည်း။ ဦးရဲနိုင်တို့ မိသားစုမှာ တစ်ချိန်က ကွင်းပိုင် သဘက်ကြီး ဦးရန်အောင်အား ရည်စူးကာ အလှူအတန်းအမျိုးမျိုးလည်း ပြုလုပ်ပေးကြပြီး နောင်ဘယ်သောအခါမှ ပြန်ဆုံမတွေ့ကြရတော့သည့် မိမိတို့၏ ကျေးဇူးရှင် သဘက်ကြီးအား သူတို့၏ မိသားစု အစဉ်အဆက်တလျှောက် အောက်မေ့သတိရ လွမ်းဆွတ်တမ်းတလျက် ရှိနေကြ၏။

(ယခု တင်ပြခဲ့သည့် ဖြစ်ရပ်မှန်ဇာတ်လမ်းကို တစ်ဆင့်ပြန်လည် ပြောပြခဲ့သူ အရှင်သိရီဓမ္မအားအား အထူးပင် ကျေးဇူးတင်ရှိပါသည်။)

ဇော်မင်းအောင် (နက်ရှိုင်းထက်)
ဖေဖော်ဝါရီလ၊ ၂၄ ရက်၊ ၂၀၂၂ ခုနှစ်