မရွှေတောင်

မြောင်းပုပ်စော်လို ပုပ်အက်အက်နဲ့နံလာတာမို့လို့ ကျုပ်လည်းပျို့တက်လာပြီးတော့ ခွက်ကိုဘေးနားကိုချထားလိုက်တော့တယ်။

“လာပါမောင်ကြီးရယ်၊ ယစ်ရွှေရည်မသောက်ဘူးဆိုရင်လည်း နှမနဲ့အတူတူပျော်ကြရအောင်လေ”

မရွှေတောင်က ပြောဆိုပြီးတာနဲ့ သူ့ကိုယ်မှာဝတ်ထားတဲ့အဝတ်အစားတွေအားလုံးက သူ့အလိုလိုလျောကျသွားပြီးတော့ မရွှေတောင်က ဝတ်လစ်စားလစ်ဖြစ်သွားတယ်ဗျ၊ ကျုပ်လည်း သူ့ကိုပြူးပြီးကြည့်နေမိတယ်၊ မရွှေတောင်ရဲ့အလှက လှရက်နိုင်လွန်းပါတယ်ဗျာ၊ ဘိုင်စကုပ်မင်းသမီးမပြောနဲ့ လူ့ပြည်မှာရှိတဲ့မိန်းကလေးတွေအားလုံးထဲမှာတောင်မှ မရွှေတောင်လောက်လှတဲ့လူရှိပါ့မလားလို့ ကျုပ်ဖြင့်တွေးမိတယ်၊ မရွှေတောင်က ကျုပ်အပေါ်ကိုခွတက်လိုက်ပြီးတော့ ကျုပ်အင်္ကျီတွေကိုလက်ညှိုးနဲ့ထိလိုက်တာနဲ့ အဝတ်အစားတွေအကုန်လုံး ဗြုန်းခနဲပျောက်ကွယ်သွားပြီးတော့ ကျုပ်လည်း မိမွေးတိုင်းဖမွေးတိုင်းဖြစ်သွားတော့တာပဲဗျာ၊ ဒါပေမယ့် ကျုပ်က လန့်လန့်နဲ့မရွှေတောင်ကိုတွန်းထုတ်လိုက်သဗျ၊ မရွှေတောင်က နားမလည်သလို အကြည့်နဲ့ကြည့်ရင်း။

“မောင်ကြီးဘယ်လိုလုပ်တာလဲ”

“ကျုပ် . . . ကျုပ်အခု အဲဒါတွေမလုပ်ချင်ဘူးဗျာ”

“အို၊ မောင်ကြီးရယ်၊ နှမက မောင်ကြီးရဲ့အပိုင်ပါ၊ မောင်ကြီးနှမကို သိမ်းသွင်းလိုက်စမ်းပါ”

ကျုပ်လည်း ဘယ်လိုမှကိုစိတ်မပါဘူးဖြစ်နေတာဗျာ၊ သူ့ရဲ့အလှအပကို တပ်မက်ရမှာထက် ကျုပ်တော့သူ့ကိုကြည့်ရင်း စက်ဆုပ်ရွံ့ရှာနေမိတယ်ဗျ။ ဒါနဲ့သလွန်ပေါ်ကနေ ခုန်ဆင်းလိုက်ပြီး မရွှေတောင်ကိုကျောပေးထားလိုက်တယ်။

“ကျုပ်၊ ကျုပ်မလုပ်ပါရစေနဲ့”

“မောင်ကြီးက တော်တော်သရဲဘောကြောင်တဲ့လူပဲ”

မရွှေတောင်ရဲ့အသံက ဒေါသသံပေါက်နေတယ်ဗျ။

“ဒီလို ချီတုံချတုံဖြစ်လို့လည်း အရင်ဘဝက ဝိဇ္ဖာမဖြစ်ခဲ့တာပေါ့ မောင်ကြီးရယ်”

“ဘယ်လို၊ ကျုပ်က အရင်ဘဝက ဝိဇ္ဇာဖြစ်ဖို့ နီးခဲ့သေးတယ်၊ ဟုတ်သလား”

မရွှေတောင်က ခေါင်းညိတ်လိုက်ပြီးတော့

“ကဲ မောင်ကြီးမျက်လုံးတွေကိုမှိတ်ထားလိုက်၊ မောင်ကြီးမေ့နေတဲ့အတိတ်ဘဝက အကြောင်းအရာတွေကို နှမသိအောင်ပြပေးမယ်”

ကျုပ်လည်းသလွန်ပေါ်ကိုပြန်ထိုင်ပြီးတော့ မျက်လုံးတွေကိုမှိတ်ထားလိုက်တာပေါ့ဗျာ၊ မရွှေတောင်က ကျုပ်နားထင်ကိုသူ့လက်ညှိုးနဲ့ထိလိုက်တာနဲ့တပြိုင်နက် ကျုပ်ဖြင့်မျက်လုံးတွေမှေးစင်းသွားပြီးတော့ တွင်းနက်ကြီးတစ်ခုထဲကိုကျသွားသလိုမျိုး စိတ်က ဟာခနဲဖြစ်သွားတော့တာပါပဲဗျာ။

(၂)

ဘယ်ခေတ်ကာလမှန်းမသိတဲ့ ခေတ်တစ်ခေတ်ကိုရောက်သွားသဗျာ၊ အဝတ်အစားတွေကြည့်ရတာတော့ ရှေးခတ်နဲ့တူပါတယ်၊ အဲဒီမှာ တဲအိမ်ကလေးတစ်ခုကိုတွေ့ရသဗျ၊ တဲအိမ်ထဲမှာတော့ ကျုပ်ရယ်၊ မရွှေတောင်ရယ်ထိုင်နေကြတယ်၊ ကျုပ်တို့အရှေ့မှာတော့ အညိုရောင်ညစ်ပုတ်ပုတ်ရှိတဲ့ သင်္ကန်းလိုအဝတ်စကြီးကိုပတ်ထားတဲ့ လူကြီးတစ်ယောက်ကထိုင်နေသဗျ၊ ကျုပ်က အစကတော့ဘုန်းကြီးလို့ထင်နေတာဗျ၊ ဒါပေမယ့် ဒီလူက သျှောင်ထုံးအကြီးကြီးနဲ့ မုတ်ဆိတ်ကျင်စွယ်တွေနဲ့တွေ့တော့မှ ဘုန်းကြီးမဟုတ်ဘဲ တက္ကဒွန်းကြီးတစ်ယောက်ဖြစ်နေမှန်းသိလိုက်ရတာဗျာ၊ မရွှေတောင်က အဲဒီလူကြိးကိုလက်အုပ်ချီသဗျ။

“သူတော်စင်ကြီး ကြွလာခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်”

“အေး၊ ကောင်းတယ်၊ ကိုင်းငါဗိုက်ဆာပြီ ငါ့အတွက်စားစရာတွေပြင်တော့ဟေ့”

မရွှေတောင်က အိမ်ထဲထိုင်နေတဲ့ကျုပ်ကိုလှည့်ကြည့်ပြီးတော့

“ကိုရင်သြရေ၊ သူတော်စင်ကြီးအတွက် သိုးသွားယူခဲ့ပါ”

အိမ်ထဲမှာထိုင်နေတဲ့ကျုပ်ကလည်း ပြေးဆင်းသွားသဗျ၊ ကျုပ်ဖြင့် နှစ်ကိုယ်ခွဲဖြစ်နေတာဗျ၊ အိမ်ကလေးထဲကလူတွေကို ဘေးကထိုင်ကြည့်နေသလိုပေါ့ဗျာ၊ ဒီအချိန် အရင်ဘဝက ကိုရင်သြဆိုတဲ့ကျုပ်က သိုးဖြူဖြူတစ်ကောင်ကိုဆွဲပြီးအိမ်ပေါ်တက်ခဲ့တယ်၊ သိုးက အကောင်ငယ်သေးတာမို့ သိုးပေါက်ကလေးပေါ့ဗျာ၊ အဲဒီသိုးအရှင်ကို သူတော်စင်ကြီးဆိုတဲ့လူကြီးရဲ့အရှေ့ကိုယူလာခဲ့တယ်၊ ကိုရင်သြက သိုးရဲ့လက်တွေခြေတွေကိုဖမ်းချုပ်ထားတဲ့အခါ မရွှေတောင်က ဓါးမြှောင်ကလေးတစ်လက်နဲ့ သိုးရဲ့လည်ပင်းကို ရွတ်ခနဲလှီးချလိုက်ပါရောဗျာ၊ နောက်တော့ မြေအင်တုံကလေးတစ်ခုထဲကို အဲဒီသိုးရဲ့လည်ပင်းသွေးတွေကို လောင်းထည့်တယ်ဗျ၊ သိုးကလေးက မသေမရှင်နဲ့ အော်လိုက်တာ ဆူညံနေတာပါပဲ၊ သူတော်စင်ဆိုတဲ့လူကြီးက အဲဒီအင်တုံကို လက်နှစ်ဖက်နဲ့ကောက်ယူလိုက်ပြီးတော့ အင်တုံထဲကသွေးတွေကို မော့သောက်တယ်ဗျ၊

ပြီးတော့အင်တုံကိုပြန်ချပြီး သွေးတွေပေနေတဲ့ သူ့ပါးစပ်ကြီးနဲ့ရယ်မောပါရောဗျာ။

“ဟား၊ ဟား ကောင်းလိုက်တာ သိုးပေါက်ရဲ့သွေးက လတ်ဆတ်လိုက်တာ”

အဲဒီလိုရယ်မောနေရင်း

“ကိုင်း ငါ့သမီးတော်ကြီးတို့ လင်မယားက ငါသိထားတဲ့အတတ်ပညာတွေသိရပါစေ၏လို့ ဆုတောင်းထားတယ်မဟုတ်လား”

မရွှေတောင်က ခေါင်းညိတ်တယ်ဗျ။

“ငါဟာ ဝိဇ္ဇာတစ်ယောက်ပဲ၊ ငါတတ်ထားတဲ့ပညာတွေသိချင်တယ်ဆိုရင် ငါခိုင်းတဲ့အတိုင်း မင်းတို့လုပ်နိုင်ပါ့မလား”

“လုပ်နိင်ပါတယ် သူတော်စင်ကြီး”

သူတော်စင်ကြီးဆိုတဲ့လူက ခုနက အင်တုံကိုကောက်ယူလိုက်ပြီးတော့ အင်တုံထဲကို တံတွေးတွေထွေးထည့်တယ်ဗျ၊ ပြီးတော့ လက်သည်းမည်းမည်းကြီးတွေရှိတဲ့လက်ချောင်းတွေကို အင်တုံထဲကိုထည့်ပြီး မွှေပါလေရောဗျာ၊ ပြီးတော့ အဲဒီအင်တုံကို မရွှေတောင်အရှေ့ကိုထိုးပေးပြီးတော့

“ရော့၊ ဒီသွေးတွေကိုသောက်လိုက် ဒီသွေးတွေထဲမှာ ငါတတ်မြောက်ထားတဲ့ပညာတစ်ချို့ထည့်ပေးထားတယ်၊ သွေးသောက်ပြီးရင် ငါခိုင်းတာကိုဆက်လုပ်ရင် မင်းတို့ဝိဇ္ဖာဖြစ်မှာမလွဲပဲ”

မရွှေတောင်က မပြောမဆိုနဲ့ အဲဒီအင်တုံကိုကောက်ပြီးသွေးကိုသောက်တယ်ဗျ၊ တစ်ဝက်လောက်သောက်ပြီးတော့ အင်တုံကိုပြန်ချလိုက်တယ်၊ မရွှေတောင်မျက်လုံးတွေက ပြူးနေပြီးတော့

“ဟုတ်တယ် သူတော်စင်ကြီး၊ အဲဒီစွမ်းအင်တွေကို ကျွန်မခံစားမိပြီ”

သူတော်စင်ကြိးက ကိုရင်သြကိုကြည့်ပြီးတော့

“ကဲ မင်းလည်းသောက်စမ်း”

ကိုရင်သြက အင်တုံကိုစိုက်ကြည့်ရင်း

“မသောက်ချင်ပါဘူးဗျာ”

သူတော်စင်ကြီးက

“ဟ၊ ဒါကိုမသောက်ရင် မင်းငါတို့လို ဝိဇ္ဇာမဖြစ်ဘူး၊ ငါတို့လို အတတ်ပညာတွေမတတ်ဘူးနော်ကွ”

“တော်စမ်းပါဗျာ၊ ခင်ဗျားတို့အတတ်ပညာက သူတစ်ပါးရဲ့အသက်ကို သတ်ဖြတ်ပြီးမှ တတ်မယ်ဆိုရင် ကျုပ်အဲဒီပညာကိုမလိုချင်တော့ဘူး”

ကိုရင်သြပြောတော့ မရွှေတောင်က လှည့်ကြည့်ပြီး

“ဘယ်လိုပြောလိုက်တာလဲ ကိုရင်သြရယ်၊ ရှင်ပဲ ဝိဇ္ဇာဖြစ်ချင်တယ်ဆို၊ ထူးဆန်းတဲ့ပညာရပ်တွေ တတ်ချင်သပဆို၊ အခုသူတော်စင်ကြီးကလည်း ကျုပ်တို့ကိုကူညီနေပြီပဲ၊ သောက်လိုက်စမ်းပါရှင်”

“မသောက်ဘူးကွာ၊ မသောက်ဘူး”

ကိုရင်သြက သွေးတွေထည့်ထားတဲ့အင်တုံကို ဖနောင့်နဲ့ထပေါက်တယ်ဗျ၊ နောက်ပြီးတော့ သူတောင်စင်ကြီးဆိုတဲ့လူကို လက်ညှိုးထိုးပြီးတော့

“ခင်ဗျားထွက်သွား၊ ခင်ဗျားကျုပ်အိမ်ထဲကနေထွက်သွား၊ ခင်ဗျားကိုကျုပ်မမြင်ချင်ဘူး”

သူတော်စင်ကြီးက မတ်တပ်ထရပ်လိုက်ပြီး

“သွားမှာပါကွ၊ မင်းလိုကောင်က ပညာတွေပေးတာတောင်မှ မတတ်ချင်ဘူးဆိုတော့ မင်းကလူမိုက်ကောင်ပဲကွ၊ ဒီပညာတွေကိုတတ်မြောက်ချင်လွန်းလို့ပါဆိုပြီး ငါ့အနောက်လိုက်နေတဲ့လူတွေမနည်းဘူးကွ၊ ဘာပဲပြောပြော မင်းတို့လင်မယားက ငါနဲ့ရေစက်ပါတယ်ဆိုပြီး ငါက သင်ပေးတာကို မင်းကမလိုချင်ဘူးတဲ့လား”

သူတော်စင်ကြီးက အိမ်ပေါ်ကဆင်းသွားပြီးတော့

“ကဲ ငါ့တပည့်ဖြစ်တဲ့ မရွှေတောင်၊ နင်င့ါအနောက်ကိုလိုက်ခဲ့ရမယ်”

ကိုရင်သြက မရွှေတောင်ကိုကြည့်ရင်း

“နင်လိုက်မသွားနဲ့၊ လိုက်သွားရင်လည်းငါ့ဆီကိုပြန်မလာနဲ့”

မရွှေတောင်ကတော့ ကိုရင်သြကိုမျက်စောင်းထိုးပြီး

“အို၊ ရှင်ဝိဇ္ဇာမဖြစ်ချင်ရင်နေ၊ ရှင်မလိုက်သွားရင် ကျုပ်လိုက်သွားမယ်”

မရွှေတောင်က အဲဒီလူကြီးအနောက်ကိုလိုက်သွားပါရောဗျာ၊ ဒီအချိန် ဘေးနားကနေကြည့်နေတဲ့ကျုပ်ပုခုံးကို လူတစ်ယောက်လာကိုင်တာကိုခံစားလိုက်ရတယ်။

“ကဲ၊ တွေ့ပြီလား မောင်ကြီး၊ အရင်ဘဝက မောင်ကြီးကဝိဇ္ဇာဖြစ်ခါနီးမှာ တွေဝေခဲ့လို့ ဝိဇ္ဇာမဖြစ်ခဲ့ဘဲ၊ ကျွန်မကပဲ ဝိဇ္ဇာဖြစ်ခဲ့တယ်မဟုတ်လား”

ပတ်ဝန်းကျင်က ချက်ချင်းပဲ ပြောင်းလဲသွားပြီးတော့ မရွှေတောင်ရဲ့နန်းဆောင်ထဲကိုရောက်သွားသဗျ။

“ကဲ အခုတော့ မောင်ကြီးချစ်တဲ့ ဟောဒီက မရွှေတောင်က ဝိဇ္ဇဖြစ်နေပါပြီမောင်ကြီး၊ ဒီတော့ မောင်ကြီးကို ဒီတစ်ခါတော့ မရွှေတောင်က ဝိဇ္ဇာဖြစ်အောင်လုပ်ပေးမယ်၊ မောင်ကြီးနဲ့မရွှေတောင်နဲ့ ဝိဇ္ဇာတွေဖြစ်သွားပြီးတော့ နှစ်ပေါင်းထောင်သောင်းချီအတူတူပျော်ပါးကြမယ်လေ”

ကျုပ်လည်း တစ်ချက်မဲ့လိုက်ပြီးတော့

“မင်းတို့က ကောင်းတဲ့ဝိဇ္ဇာတွေမှမဟုတ်တာ မရွှေတောင်”

မရွှေတောင်မျက်လုံးပြူးသွားတယ်။

“မောင်ကြီးဘယ်လိုပြောလိုက်တာလဲ”

“ဟုတ်တယ်လေ၊ ဝိဇ္ဇာချင်းအတူတူတောင်မှ မင်းတို့က ကောင်းတဲ့ဝိဇ္ဇာမှမဟုတ်တာ”

“အို၊ မောင်ကြီးကလည်း အခုလို နန်းဆောင်ကြီးနဲ့ လိုလေသေးမရှိနေနိုင်တာ မကောင်းလို့လား”

“ငါပြောတာ အဲဒါကိုပြောတာမဟုတ်ဘူးကွ၊ မင်းတို့က မကောင်းဘူးဆိုတာ မင်းတို့ကောင်းတာတွေဖြစ်ဖို့အတွက် တခြားသူတွေဘာဖြစ်ဖြစ်ဂရုမစိုက်တတ်တာ မကောင်းတာ”

မရွှေတောင်က ခပ်ယဲ့ယဲ့ပြုံးရင်း

“ဒါကတော့ မောင်ကြီးရယ်၊ သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာပျက်လင့်ကာသာ ဓမ္မတာတည်းတဲ့”

ဒီအချိန်ကျုပ်ခေါင်းထဲမှာ အရင်ကအကြောင်းတွေကိုအကုန်ပြန်သတိရသွားတယ်ဗျ၊

“တော်ပြီ၊ မရွှေတောင်၊ မင်းတို့အလုပ်က ကောင်းမှမကောင်းဘဲကွ၊ ဒါကြောင့် ကိုရင်သြက မင်းတို့အနောက်မလိုက်ဖို့ဆုံးဖြတ်လိုက်တာ၊ အရင်ဘဝက ကိုရင်သြမှန်သလို၊ အခုဒီဘဝမှာ ငါလုပ်တာလည်းမှန်ရမယ်ဟေ့”

ကျုပ်မတ်တပ်ထရပ်လိုက်တော့ မရွှေတောင်က ကျုပ်လက်ကိုအတင်းဆွဲရင်း

“မလုပ်ပါနဲ့မောင်ကြီးရယ်၊ ဒီမှာ မရွှေတောင်နဲ့မောင်ကြီးနဲ့အတူတူနေကြမယ်လေ”

“မနေဘူးမရွှေတောင်၊ မင်းအရင်က ဘယ်လိုပဲ ငါချစ်တဲ့လူဖြစ်ခဲ့ပေမယ့် အခုတော့မဟုတ်တော့ဘူး၊ မင်းကိုငါလုံးဝမချစ်တော့ဘူး၊ မင်းအနားမှာ ငါလုံးဝမနေချင်တော့ဘူး”

ကျုပ်အပြင်ထထွက်ဖို့ပြင်ရင်းကနေ တစ်ခုကိုသတိရလိုက်မိတယ်ဗျ။

“ပေး၊ ငါ့ပစ္စည်းပြန်ပေးစမ်း မရွှေတောင်”

“ဘာပစ္စည်းလဲ မောင်ကြီးရဲ့”

“မင်းကွယ်ဝှက်ထားမနေပါနဲ့၊ ငါစိပ်နေကျပုတီးကလေးကို မင်းသိမ်းထားတယ်မဟုတ်လား”

မရွှေတောင်က မျက်နှာပျက်သွားတယ်ဗျ။

“မပေးဘူး၊ လုံးဝမပေးနိုင်ဘူး”

“ငါပစ္စည်းပဲ ငါပြန်တောင်းနေစရာလိုသေးမှာလား”

ကျုပ်လည်း လက်ကိုလေပေါ်ကိုမြှောက်တင်လိုက်ပြီးတော့

“ငါ့ပုတီး၊ ငါ့ဆီကိုပြန်လာခဲ့စမ်း”

ဒီအခါ မရွှေတောင်ရဲ့ နန်းဆောင်တစ်နေရာကနေ ပုတီးအနက်ကလေးတစ်ကုံးက ပျံသန်းပြီးတော့ ကျုပ်ဆီကိုရောက်လာသဗျ၊ အဲဒီပုတီးကလေးက ကျုပ်ရဲ့ညာဘက်လက်ကောက်ဝတ်မှာ သူ့အလိုလိုစွပ်ပြီးသားဖြစ်သွားတယ်။

“မလုပ်ပါနဲ့မောင်ကြီးရယ်၊ မသွားပါနဲ့”

ကျုပ်က မရွှေတောင်ကိုလှည့်ကြည့်ပြီး

“ဒီမှာမရွှေတောင်၊ ငါလည်းငါ့လမ်းငါသွားမယ်၊ မင်းလည်းမင်းလမ်းအတိုင်းသွားတော့၊ မင်းနဲ့ငါတစ်ချိန်က ဘယ်လောက်ပဲချစ်ခဲ့ချစ်ခဲ့၊ အခုတော့ မင်းနဲ့ငါနဲ့က ဘဝလည်းမတူတော့သလို မင်းလျှောက်တဲ့လမ်းနဲ့ ငါလျှောက်တဲ့လမ်းလည်း မတူတော့ဘူး၊ လမ်းမတူရင် လမ်းခွဲရစမြဲပဲ၊ နေပါတော့ မရွှေတောင်၊ မင်းရဲ့ဘုံမှာ မင်းပျော်မွေ့ပြီးနေခဲ့ပါတော့၊ ငါ့နောက်ကိုလည်း လိုက်ဖို့မစဉ်းစားနဲ့၊ မင်းလျှောက်နေတဲ့လမ်းကိုလည်း ငါ့ကိုအတင်းအကြပ်လျှောက်ခိုင်းဖို့ မကြိုးစားပါနဲ့”

မရွှေတောင်က နာနာကျင်ကျင်နဲ့ဟစ်အော်လိုက်ပြီးတော့ ကျုပ်ကိုလက်ညှိုးနဲ့ထိုးလိုက်တယ်၊ ဒီအခါ ကျုပ်ဘေးနားပတ်ပတ်လည်မှာ ကျောက်နံရံကြီးတွေ ဝုန်းခနဲပေါ်လာပြီးတော့ ကျုပ်ကိုနံရံတွေနဲ့ခတ်ထားသလိုဖြစ်သွားတော့တာပဲ။

“မောင်ကြီးမသွားရဘူး၊ မောင်ကြီးကိုဒီအထဲက ထွက်ခွင့်မပေးနိုင်ဘူး”

ကျုပ်လည်း စိတ်ကိုစုစည်းလိုက်ပြီးတော့ အဲဒီကျောက်နံရံကြီးကိုလက်ဖျားနဲ့ထိလိုက်ရင်း

“ကျုပ်ဘဝအဆက်ဆက်က ပြုလုပ်ခဲ့တဲ့ ကုသိုလ်ပါရမီထူးတွေရဲ့အရှိန်ကြောင့် ဟောဒီတံတိုင်းကြီးပျောက်ကွယ်သွားပါစေ”

ကျုပ်ကျိန်ဆိုလိုက်တဲ့အခါမှာ အဲဒီကျောက်တံတိုင်းကြီးတွေက တဖြည်းဖြည်းနဲ့အက်ကွဲပြီးတော့ ကြွေသားဖန်သားများလို တစစီကြေကွဲသွားတော့တာပဲဗျာ၊ ကျုပ်လည်း အဲဒီနေရာကနေလှည့်ထွက်လာခဲ့တာပေါ့၊ အဆုံးအစမဲ့တဲ့ ရေပြင်ကျယ်ကြိးကိုကြည့်နေရင်း ရေပြင်ကြီးက တဖြည်းဖြည်းနှစ်ခြမ်းကွဲသွားပြီးတော့ အလယ်မှာ လမ်းကျဉ်းကလေးတစ်ခုပေါ်လာခဲ့တယ်ဗျ၊ ကျုပ်လည်း အဲဒီလမ်းကျဉ်းကလေးအတိုင်းဆက်လျှောက်လာရင်း မကြာခင် အလင်းရောင်တွေတောက်ပနေတဲ့နေရာတစ်ခုကိုရောက်သွားပါတော့တယ်။

(၃)

“မောင်ရှိန်၊ ဟေ့ မောင်ရှိန်”

ကျုပ်မျက်လုံးဖွင့်ကြည့်လိုက်တော့ ဦးဖိုးထူးကကျုပ်ကိုလှုပ်နှိုးနေသဗျ၊ ကျုပ်လည်းမနည်းကုန်းရုန်းထလိုက်ရတော့တယ်၊

“ကျုပ်၊ ကျုပ်အိပ်မက် မက်နေတာလား ဦးဖိုးထူး”

“ဒါကတော့ မင်းအသိဆုံးဖြစ်မှာပေါ့ကွာ”

“ဒါနဲ့ ကျုပ်ဘယ်ကိုရောက်နေတာလဲဗျာ”

“မင်းဘယ်ကိုမှ မရောက်ပါဘူးကွ၊ ခုနက ဘီလူးသားအမိတွေကြောင့် ငါထွက်ပြေးသွားပြီး တောင်အောက်ရောက်တော့ မင်းဆီပြန်ပြေးလာရင်း မင်းကိုတွေ့တာပဲဟေ့”

“ထူးတော့ထူးတယ်ဗျာ”

ကျုပ်လည်းရေရွတ်ရင်း လက်ကိုကြည့်လိုက်တော့ ကျုပ်လက်ကောက်ဝတ်မှာ ပုတီးတစ်ကုံးပတ်လျှက်သားတွေ့လိုက်ရတယ်ဗျ၊ ဒါဆိုရင် ခုနကအဖြစ်တွေက အိပ်မက်မဟုတ်ဘဲ တကယ်ဖြစ်နေတာများလားလို့ ကျုပ်တွေးမိတယ်၊

“မင်းဘာမှမဖြစ်တာ တော်သေးတာပေါ့ကွာ၊ ကဲ၊ လာလာ၊ ငါတို့သွားရအောင်”

ဦးဖိုးထူးတွဲထူတာနဲ့ ကျုပ်လည်း ဦးဖိုးထူးအနောက်ကိုလိုက်ခဲ့တာပေါ့ဗျာ၊ ကျုပ်ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ဂျစ်ကားလည်းရှိနေသေးတယ်၊ ကျုပ်တို့ကိုကားမောင်းပို့ခဲ့တဲ့ လူငယ်လေးနှစ်ယောက်လည်း နတ်ကွန်းရှေ့မှာ ခွေခွေကလေး လဲကျနေသေးတယ်ဗျ။

“ကျုပ်သူတို့ကိုဒီအတိုင်းထားခဲ့လို့မဖြစ်ဘူးဗျ”

“လာစမ်းပါ မောင်ရှိန်ရာ၊ သူတို့တစ်ချိန်ကျတော့ သတိရလာမှာပါကွ”

ကျုပ်လည်း အဲဒီလူငယ်တွေအနားကိုပြေးသွားလိုက်တယ်၊ ကျုပ်လက်နဲ့ထိလိုက်တာနဲ့ အဲဒီလူနှစ်ယောက်က လန့်နိုးလာကြတယ်။ သူတို့ကြည့်ရတာ ဘာမှသိပုံမပေါ်ဘူးဗျ။

“ဟင်၊ ကျုပ်တို့ဘယ်ရောက်နေတာလဲ၊ ကျုပ်တို့ဘာဖြစ်လို့ဒီကိုရောက်နေတာလဲ”

လူငယ်နှစ်ယောက်ကိုရှင်းပြမနေတော့ဘဲ ကျုပ်နဲ့ ဦးဖိုးထူးတို့ တောင်ပေါ်ကနေဆင်းခဲ့ပါရောဗျာ။ ကျုပ်ဖြစ်ခဲ့တဲ့အကြောင်းတွေကို ဦးဖိုးထူးကိုပြောပြချင်ပေမယ့် မပြောပြဖြစ်တော့ပါဘူးဗျာ၊ ဒီလိုနဲ့ ကျုပ်တို့လမ်းလျှောက်ရင်း မိုးချုပ်ခါနီးရောက်တော့ ရွာကလေးတစ်ရွာဆီကိုရောက်သွားပါရောဗျာ၊ ရွာကလေးက ကားလမ်းမကိုမေးတင်ပြီးတည်ထားတဲ့ရွာကလေးပါ။ အိမ်ခြေ လေးငါးဆယ်လောက်ပဲရှိမယ်ထင်တာပဲ၊ ကျုပ်တို့လည်း ဗိုက်ဆာလာတာနဲ့ အဲဒီရွာမှာ ခဏဝင်နားမယ်လို့အကြံရတယ်၊ ကျုပ်တို့နှစ်ယောက်ကိုတွေ့တော့ ရွာသားတွေက ကွက်ကြည့်ကွက်ကြည့်နဲ့ဗျ၊ ဒါနဲ့ ရွာလူကြီးအိမ်ကို မေးမြန်းပြီးရောက်လာကြပါရောဗျာ။

ရွာလူကြီးအိမ်မှာ အောင်လင်းဓါတ်မီးအလင်းရောင်တွေနဲ့ ထိန်လင်းနေတာပဲဗျ၊ လူတွေလဲစည်ကားလို့ဗျာ၊ အထဲဝင်သွားတော့မှ နာရေးဖြစ်နေတာကိုတွေ့လိုက်ရတယ်ဗျ၊ သူကြိးအိမ်အောက်ထပ်ဆင့်ပေါ်မှာ မိန်းကလေးအလောင်းတစ်လောင်းကိုတွေ့ရတယ်၊ အနားမှာတော့ မိဘဆွေမျိုးတွေဝိုင်းလို့ပေါ့ဗျာ။

“သွားကု မောင်ရှိန်၊ မင်းသွားကု”

ကျုပ်နားထဲ အသံတစ်သံကြားလိုက်ရတယ်ဗျ။

“ဦးလူနီများလား”

ဦးဖိုးထူးက ကျုပ်ကိုကြည့်ရင်း

“မင်းဘာဖြစ်နေတာလဲ မောင်ရှိန်”

“မသိဘူးဗျ၊ ကျုပ်နားထဲ အသံတစ်သံကြားလိုက်ပြီးတော့ ကျုပ်ကိုသွားကုဆိုပြီးတော့ ပြောတယ်”

“ဟာကွာ၊ မင်းကလည်းဟုတ်ပါ့မလား၊ ဒီလူက သေတောင်သေနေပြီကွ၊ သေနေတဲ့လူကို ဘယ်လိုလူက ကုသလို့ရမှာလဲ”

“မသိဘူးဗျာ၊ ကျုပ်လည်း နားထဲအဲဒီလိုကြားတာပါပဲ”

အသုဘအနားကိုကပ်လာတဲ့ကျုပ်တို့ကို ရွာသားတွေက ဝိုင်းကြည့်တယ်ဗျ၊ ကျုပ်က မိန်းကလေးအလောင်းကိုအဝေးကနေသေချာကြည့်လိုက်တယ်၊ ဒီအချိန်နားထဲပြန်ကြားရတာပါပဲ။

“ကောင်မလေးက မသေသေးဘူးကွ၊ မင်းကုလို့ပြန်ရှင်နိုင်တယ်”

သုံးလေးကြိမ်လောက်ပြောနေတာနဲ့ ကျုပ်လည်း စမ်းသပ်ကြည့်ဖို့စိတ်ကူးမိလိုက်တယ်။ ဒါနဲ့ အဲဒီအလောင်းနားမှာထိုင်နေတဲ့ ဦးလေးကြီးတစ်ယောက်ကိုကြည့်လိုက်မိတယ်၊ ဒီဦးလေးကြီးက မိန်းကလေးအလောင်းရဲ့ နဖူးကိုပွတ်သပ်ပြီး ငိုနေတာဆိုတော့ သူ့အဖေဖြစ်လိမ့်မယ်လို့ တွေးထင်မိလိုက်တာကိုးဗျ။

“ဦးလေး၊ ဦးလေးရဲ့သမီးက မသေသေးဘူး၊ သူ့ကို ကုသလို့ရပါသေးတယ်”

အားလုံးက အံ့သြသွားတော့တယ်ဗျ၊ အဲဒီဦးလေးကြီးက ကျုပ်နဲ့ဦးဖိုးထူးကိုကြည့်ပြီးတော့

“ဘယ်က အရူးနှစ်ယောက် ရောက်လာတာလဲကွာ၊ ကဲ သူတို့ကိုထမင်းလေးဘာလေးကျွေးပြီး ပြန်လွှတ်လိုက်ကြစမ်းကွာ”

ရွာသားတွေက ကျုပ်ကိုလာဆွဲတာနဲ့ ကျုပ်လည်းအကြောက်အကန်ငြင်းရတာပေါ့။

“ကျုပ်မရူးပါဘူး၊ ကျုပ်ပြောတာကိုယုံပါ၊ ဦးလေးသမီး မသေသေးဘူး”

ရွာသားတွေက တစ်ယောက်တစ်ခွန်းနဲ့ပြောဆိုကုန်ကြတယ်။

“ဟ၊ မောင်ရင်က မရူးဘူးလဲပြောသေးတယ်၊ ဒီမှာလူကဖြင့် သေပြီးလို့ တောင့်တောင်နေပြီ၊ သေတာကလည်း ဒီနေ့နဲ့ဆိုရင် သုံးရက်ရှိပြီ၊ ဒါကို မောင်ရင်က မသေသေးဘူးလို့ပြောပုံထောက်တော့ ရူးနေလို့မဟုတ်ဘူးလား”

“ကျုပ်ကတိပေးပါတယ် ဦးလေးရာ၊ ဦးလေးသမီးကို ကျုပ်ကုသပေးပါ့မယ်”

ရွာသားတွေက ကျုပ်ကိုရိုက်ပုတ်ဖို့လုပ်ကြပါရောဗျာ၊ ဦးဖိုးထူးကလည်း ကျုပ်လက်ကိုဆွဲပြီး

“မောင်ရှိန်၊ မင်းဘာတွေလျှောက်လုပ်နေတာလဲ၊ လာပါ၊ ငါတို့သွားရအောင်”

“အားလုံးရပ်လိုက်ကြ”

ဒီအချိန် အော်သံတစ်သံကြားလိုက်တာနဲ့ ကျုပ်တို့အားလုံးရပ်လိုက်မိတယ်ဗျ၊ ခြေတံရှည်အိမ်ပေါ်ကနေ ၀၀ဖိုင့်ဖိုင့်အဒေါ်ကြီးတစ်ယောက်ဆင်းလာတယ်။

“ကျုပ်သမီးမသေဘူးဆိုတာ ကျုပ်ယုံတယ်”

ဒီအခါ မိန်းကလေးအလောင်းအနားက ဦးလေးကြီးက

“မိန်းမရာ၊ စိတ်ကိုအေးအေးထားစမ်းပါ၊ မင်းရဲ့သမီးသေသွားတာ ခုမှသေတာမဟုတ်ဘူး၊ အခုဆို သုံးရက်တင်းတင်းပြည့်တော့မယ်ကွ”

“အိုတော်၊ ဘာပဲပြောပြော ကျုပ်ကတော့ ဒီသူငယ်ပြောတာကိုယုံတယ်”

အဲဒီမိန်းမကြီးက ကျုပ်အနားကိုတိုးလာပြီး ကျုပ်လက်ကိုလာဆွဲတယ်။

“မောင်ရင် ကုသနိုင်တာသေချာပါတယ်နော်”

ကျုပ်လည်း ဘာမှမပြောမိဘဲ ခေါင်းပဲညိတ်ပြလိုက်တော့တယ်။

“ဒါဆိုရင် သမီးလေးကို ကုသပေးပါ၊ အဒေါ်ရှိခိုးဆိုရင်လည်း ခိုးပါ့မယ်”

“မဟုတ်တာပဲအဒေါ်ရာ၊ ကျုပ်ငရဲကြီးနေပါအုံးမယ်”

ရွာသားတွေတစ်ယောက်တစ်ပေါက်နဲ့ပြောဆိုကုန်တော့မှ ဦးလေးကြီးက ခေါင်းညိတ်ပြီး

“အေးလေ၊ သေတဲ့လူက သေပြီပဲ၊ ကဲပါမောင်ရင်၊ မောင်ရင်ပြောတဲ့အတိုင်း ဦးလေးရဲ့သမီးကို ကုသကြည့်ပေါ့၊ မသေတာ ဟုတ်ရင်ဟုတ်ပေါ့မောင်ရင်ရာ၊ မဟုတ်လို့ကတော့ မောင်ရင့်ကိုရော၊ ဟိုအရူးကြီးကိုပါ ရိုက်ပုတ်လွှတ်မဟဲ့”

ဦးဖိုးထူးကတော့ လန့်သွားရှာတယ်ဗျ၊ ကျုပ်ကတော့ ခါးမော့ရင်ကော့ပြီး အလောင်းဆီကိုသွားလိုက်တယ်၊ ရွာသားတွေအကုန်လုံး ကျုပ်ကိုလမ်းဖယ်ပေးလိုက်ကြတယ်၊ ကျုပ်ဖြင့် ဦးလူနီပြောလို့သာ နားထောင်လိုက်ရတယ်၊ ဒီမိန်းကလေးကို ဘယ်လိုကုရမယ်ဆိုတာ အခုထိကိုမသိသေးဘူးဗျာ၊ ဒါနဲ့ အလောင်းကိုစစ်ဆေးကြည့်တော့ အလောင်းက တောင့်တောင့်ကြိးဗျ၊ အသားအရေတွေဆိုရင်လည်း မည်းခြောက်နေတာပဲ၊ မိန်းကလေးက သွားခေါခေါနဲ့ဆိုတော့ ပါးစပ်ကနည်းနည်းလေးပွင့်နေသေးတယ်ဗျာ၊ ပါးစပ်နားကိုကပ်ကြည့်လိုက်တော့ ပုပ်စော်တောင်နံချင်နေပြီဗျ။

“လူသေကြီးကို ကျုပ်ဘယ်လိုကုရမှာလဲ ဦးလူနီရာ”

ကျုပ်စိတ်ထဲကနေ ရေရွတ်လိုက်မိတယ်ဗျ၊

“မင်းကုတတ်ပါတယ်ကွာ၊ မင်းအရင်က ဒါမျိုးတွေအများကြီးလုပ်တတ်ပါတယ်၊ မင်းရဲ့စိတ်ကိုသာ လမ်းဖွင့်ပေးလိုက်ပါ”

ဦးလူနီပြောတာနဲ့ ကျုပ်လည်းစိတ်ကိုရှင်းရှင်းထားပြီး လူသေကိုဟိုကြည့်ဒီကြည့်လုပ်နေရင်းက

“ရေတစ်ခွက်ပေးပါ ဦးလေး”

ကျုပ်ပါးစပ်ကနေ လွှတ်ခနဲထွက်သွားတာဗျာ၊ ကျုပ်တောင်းတဲ့အတိုင်း ရေနွေးအကြမ်းပန်းကန်လုံးထဲကို ရေအေးခပ်ထည့်ပြီးတော့ ပေးတယ်ဗျ၊ ကျုပ်လက်ထဲ ရေခွက်ရောက်လာတာနဲ့ ညာဘက်လက်မှာစွပ်ထားတဲ့ ပုတီးကိုယူလိုက်ပြီးတော့ အဲဒီရေထဲကိုနှစ်ချလိုက်မိသဗျာ၊ ကျုပ်ကို ဘယ်သူကမှခိုင်းနေတာမဟုတ်ဘဲနဲ့ သူ့အလိုလိုလုပ်နေမိတာကိုက ဆန်းနေတာဗျ၊ ပုတီးကိုရေထဲနှစ်ပြီးတော့ ကျုပ်အသံကျယ်ကျယ်နဲ့အော်လိုက်မိတယ်။

“ဤရေသည် ဘေးမရှိ၊ ဆေးအတိဖြစ်ပါစေသတည်း”

အဲဒီလိုရွတ်ပြီးတော့ လူသေပါးစပ်ကိုလက်တစ်ဖက်နဲ့ဖြဲဟပြီးတော့ အဲဒီရေတွေကို ပါးစပ်ထဲလောင်းထည့်လိုက်တာပါပဲဗျာ၊ ရွာသားတွေအားလုံးကလည်း သိချင်နေလို့ မျက်တောင်မခတ်တမ်းကြည့်နေကြပါရော၊ ကြည့်နေရင်း ဆယ်မိနစ်လောက်ကြာတဲ့အထိ ဘာမှမထူးခြားတာနဲ့ ဦးလေးကြီးက ကျုပ်ကိုကြည့်ရင်း သက်ပြင်းချတယ်ဗျ။

“အရူးစကားကို ယုံမိတာကိုက ငါတို့အမှားပါကွာ၊ ကဲ ဒီအရူးတွေကိုရိုက်ပုတ်လွှတ်ကြဟေ့”

ဦးလေးကြီးပြောလိုက်တာနဲ့ ရွာသားတွေက ကျုပ်တို့ကိုထိုးကြိတ် ထုနှက်ကုန်ကြပါရောဗျာ၊ ဦးဖိုးထူးဆိုရင် အော်ဟစ်နေသဗျာ။

“အောင်မယ်လေး၊ ကြောက်ပါပြီဗျ၊ မောင်ရှိန်ရေ မင်းဘယ်လိုလုပ်လိုက်တာလဲကွ”

လူအုပ်ကြီးက ထုနှက်နေုတုန်း ကျုပ်နားထဲအသံတစ်သံကြားလိုက်ရတယ်။

“ရေ၊ ရေပေးပါ”

အသံက တိုးတိုးကလေးဗျ။

“ရေ၊ ရေပေးပါ”

ဒါနဲ့ကျုပ်လည်း အသံပြဲကြီးနဲ့ထအော်လိုက်တော့တယ်။

“ဟေ့လူတွေ တိုးတိုးနေကြစမ်းဗျာ”

ဒီတော့မှ လူတွေက လူသေမိန်းကလေးရဲ့ အသံကိုကြားသွားတော့တယ်။

“ဟာ၊ သူကြီး၊ သူကြီးသမီးက ရေတောင်းနေသဗျ”

အကုန်လုံးအပြေးအလွားနဲ့အလောင်းကိုပြေးကြည့်တော့ အလောင်းက မျက်တောင်ခတ်နေပြီး မျက်လုံးတွေက မပွင့်တပွင့်နဲ့

“ရေ၊ ရေဆာတယ်၊ ရေပေးပါ”

“ဟာ၊ ရေတောင်းတယ်ဟေ့ တိုက်လိုက်ကြစမ်းကွာ”

ဦးလေးကြီးက ဆွဲထူပြီးတော့ ရေတစ်ခွက်တိုက်တယ်ဗျ၊ အလောင်းတုန်းကလို မတောင့်တော့ဘဲ လူကပျော့ခွေနေသဗျ။

“သမီးလေး၊ သမီးမသေဘူးနော်”

မိန်းကလေးက ဟိုဟိုဒီဒီကြည့်ရင်း ခေါင်းညိတ်တယ်ဗျ၊ ဦးလေးကြီးက သူ့သမီးကိုအသာပြန်ချထားလိုက်ပြီးတော့ ကျုပ်ဆီကိုပြေးလာရင်း ထိုင်ကန်တော့တော့တာပဲဗျာ။

“ကျုပ်မှားပါတယ်ဆရာကြီး၊ ကျုပ်မှားပါတယ်၊ ကျုပ်တို့ကိုခွင့်လွှတ်ပါ”

ဒီတော့မှ ရွာသားတွေအကုန်လုံးကလည်း ကျုပ်ကိုထိုင်ကန်တော့ကြတယ်။

“ကျုပ်တို့မှားတာရှိရင်လည်း ခွင့်လွှတ်ပါဆရာကြီး”

ကျုပ်ကတော့ အားလုံးကိုလက်ကာပြပြီး

“ရပါတယ်၊ ကျုပ်ခွင့်လွှတ်ပါတယ်၊ ကျုပ်နားလည်ပါတယ်”

်ဦးဖိုးထူးတစ်ယောက်ကတော့ ပါးစပ်ကြီးဟပြီး ကျုပ်ကိုအထူးအဆန်းနဲ့ကြောင်ကြည့်နေတယ်၊ နောက်တော့ခေါင်းညိတ်ရင်း

“ဒါကြောင့်ကိုး၊ ဒါကြောင့် မောင်ရှိန်က ထူးခြားတဲ့အစွမ်းရှိတဲ့လူတစ်ယောက်လို့ အထက်ပုဂ္ဂိုလ်တွေက ဆိုတာကိုး”

ခုနက အထုအထောင်းခံထားရတဲ့ကျုပ်တို့က အခုတော့ ဆရာကြီးဖြစ်သွားပြီး အိမ်ဦးခန်းမှာ တင်ပြီးအကန်တော့ခံနေရပါတော့တယ်ဗျာ၊ အလောင်းကိုဖက်ငိုနေတဲ့ဦးလေးကြီးက ဒီရွာရဲ့သူကြီးတဲ့ဗျာ၊ ခုနက သေနေတဲ့မိန်းကလေးက သူကြီးသမီးပေါ့၊ ညတွင်းချင်းပဲ ကျုပ်တို့အရှေ့မှာတောင်းကြီးတစ်လုံးချပြီးတော့ ဆန်တွေ၊ ဆီတွေ၊ သပြေပန်းတွေထည့်ပြီး ကန်တော့ပွဲပြင်တော့တာပဲဗျာ။

“ကျုပ်တို့သမီးလေးမှာ ဆရာကြီးပေးတဲ့အသက်ပဲရှိပါတော့တယ်ဆရာကြီး၊ ဒီတော့ သမီးလေးကိုဆရာကြီးဆီအပ်ပါတယ်၊ သမီးလေးကို ဆရာကြီးပိုင်သွားပါပြီ”

“မဟုတ်တာပဲဗျာ၊ ဒီမိန်းကလေးက သူကြီးမွေးထားတဲ့ကလေးပဲ သူကြီးနဲ့ဆိုင်ပါတယ်၊ ကျုပ်သွားမယ့် ဂန္ဓာရီခရီးက ကြမ်းလွန်းလှပါတယ်ဗျာ၊ ဒါကြောင့်မို့ ဒီမိန်းကလေးကို ကျုပ်မခေါ်သွားပါရစေနဲ့၊ သူကြီးတို့ပဲပြန်ယူပါဗျ”

“ဒါဖြင့်ရင် ဟောဒီက ရွှေတစ်ဆင်စာနဲ့ ငွေတွေကိုလက်ခံပေးပါဆရာကြီး”

ကျုပ်က လက်ကာပြလိုက်ရတယ်။.

“မလုပ်ပါနဲ့ဗျာ၊ ရွှေတွေငွေတွေဆိုတာလည်း ကျုပ်အတွက်အဖိုးမတန်တော့ပါဘူး၊ သူကြီးတို့ပဲ ပြန်ယူကြပါ”

“ကျုပ် ကျေးဇူးတင်လွန်းလို့ပါ ဆရာကြီးရာ၊ ဒါနဲ့ ဆရာကြီးတို့က ဘာမှမယူဘူးဆိုတော့ ဆရာကြီးတို့လိုအပ်တာများရှိရင် ကျုပ်တို့ကိုပြောပါ၊ ကျုပ်တို့ ကူညီနိုင်တာရှိရင် ကူညီပါ့မယ်”

ကျုပ်တစ်ချက်စဉ်းစားလိုက်ရင်း

“ဟုတ်ပြီ၊ ကျုပ်လိုချင်တာပြည်မြို့ကိုရောက်ဖို့ပဲဗျ”

ဒီအခါ သူကြီးက ခေါင်းညိတ်ရင်း

“မပူပါနဲ့ဆရာကြီးရယ်၊ ဆရာကြီးတို့ကို အဝတ်သစ်အစားသစ်တွေဆင်ပေးပြီးတော့ မနက်ဖြန်ကားပေါ်လိုက်တင်ပေးပါ့မယ်၊ ကားလမ်းဆုံးသွားတဲ့အခါ အောက်ပြည်ကိုဆင်းတဲ့ လှေကြီးတွေစီးသွားရင် ဆရာကြီးတို့ ပြည်မြို့ကိုရောက်မှာအသေအချာပါပဲ”

“ကောင်းတာပေါ့ဗျာ၊ ဒီအတိုင်းပဲလုပ်ပါတော့”

ဒီလိုနဲ့ အဲဒီရွာက သူကြီးရဲ့စီစဉ်ပေးမှုနဲ့ ကျုပ်နဲ့ဦးဖိုးထူးလည်း တောက်တောက်ပြောင်ပြောင်ဖြစ်သွားကြတယ်ပေါ့ဗျာ၊ နောက်တစ်နေ့မနက်မှာပဲ သူကြီးက လိုင်းကားတစ်စီးပေါ်ကိုတင်ပေးလိုက်တယ်၊ လိုင်းကားခကိုရှင်းပေးလိုက်တဲ့အပြင် လှေစီးဖို့အတွက်လမ်းစရိတ်လည်းထည့်ပေးလိုက်ပါရောဗျို့။ ကားစီးရင်း ကျုပ်ဖြင့် ငိုက်မြည်းလာသဗျ၊

“အိပ်ချင်နေပြီလား မောင်ရှိန်ရ”

ဘေးနားက အသံကြားလို့လှည့်ကြည့်လိုက်တော့ ကျုပ်ဘေးနားမှာ ဦးလူနီကြီးထိုင်နေသဗျ။

“ဦး၊ ဦးလူနီပါလား”

“အခုဆို မင်းတဖြည်းဖြည်းနဲ့ သဘောပေါက်လာပြီထင်ပါ့”

ကျုပ်ခေါင်းညိတ်ပြလိုက်တယ်။

“အေး၊ ဝိဇ္ဇာမှာ လမ်းအမျိုးမျိုးရှိသကွ၊ ဝိဇ္ဇာတွေအကုန်လုံးကတော့ စွမ်းကြတာချည်းဘဲ ဒါပေမယ့် အဲဒီဝိဇ္ဇာတွေရဲ့ လားရာအရပ်ကိုဦးတည်ပြီးတော့ နှစ်မျိုးခွဲထားသကွ၊ ကုသိုလ်ကောင်းမှုတွေလုပ်၊ သတ္တဝါတွေကို ကယ်တင်ပြီး အထုံပါရမီဖြည့်ကျင့်ရင်း နောက်ဆုံး ဒီထက်ဒီထက်မြင့်မြတ်တဲ့ ဘုံဘဝတွေကိုတက်လှမ်းသွားနိုင်ပြီးတော့ နောင်ပွင့်မယ့်ဘုရားရှင်ထံမှောက်မှာ အရိယာအဖြစ်ကျွတ်တမ်းဝင်မယ့် ဝိဇ္ဇာမျိုးကိုတော့ အထက်ဝိဇ္ဇာလို့ခေါ်သကွ”

“ဒါပေမယ့် တန်ခိုးအစွမ်းတွေနဲ့ မကောင်းမှုတွေလုပ်၊ အကုသိုလ်တွေဖန်တီးပြီး နေကြတဲ့ဝိဇ္ဇာမျိုးရှိသေးတယ်၊ ဒီဝိဇ္ဇာမျိုးတွေက အလိုရှိရာစံစားရတယ်ဆိုပေမယ့် သူတို့သေဆုံးတဲ့အခါကျရင် သူတို့လုပ်ထားတဲ့ အကုသိုလ်တွေကြောင့် ကောင်းရာမွန်ရာဌာနကိုမရောက်တော့ဘဲ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့ ယုတ်ညံ့တဲ့ဘုံဘဝတွေမှာပဲ နှစ်ပေါင်းအသင်္ချေကြာအောင် ခံစားရမယ့် ဝိဇ္ဇာမျိုးကိုတော့ အောက်လမ်းဝိဇ္ဖာလို့ခေါ်ကြတာပေါ့ကွာ၊ သူတို့ရဲ့လားရာကတော့ ယုတ်ညံ့တဲ့ဘုံတွေဆီသွားမယ့် အောက်လမ်းကိုးကွ”

“ဒါဆိုရင် ကျုပ်နဲ့အရင်ဘဝက ဇနီးတော်စပ်ခဲ့ဖူးတဲ့ မရွှေတောင်က ဝိဇ္ဇာဆိုပေမယ့် အောက်လမ်းဝိဇ္ဇာပေါ့နော်”

ဦးလူနီက ခေါင်းညိတ်ရင်း

“မှန်တာပေါ့ မောင်ရှိန်ရာ၊ သူတို့ဘယ်လိုတန်ခိုးရှိရှိ၊ ဘယ်လိုပဲ နှစ်ထောင်သောင်းချီ စံစားရစံစားရ၊ စုတေပျက်စီးချိန်မှာတော့ ယုတ်ညံ့တဲ့ဘုံတွေဆီမှာပဲ ဖြစ်ရတော့မယ်၊ အဲဒီလိုဖြစ်သွားရင် မြင့်မြတ်တဲ့ဘုံတွေမှာ ပြန်ဖြစ်ဖို့က မလွယ်တော့ဘူးကွ”

“ဒါဆို မရွှေတောင်က သနားဖို့ကောင်းတာပဲ”

“အေးပေါ့၊ ဒါကြောင့် ဝိဇ္ဇာဓရပညာကိုလိုက်စားချင်သူတွေဟာ ဆရာမမှားဖို့လိုတယ်လို့ ပြောကြတာပေါ့၊ မရွှေတောင်က ဆရာမှားခဲ့ပြီး အောက်လမ်းဝိဇ္ဇာကြီးကို ဆရာတင်မိတော့၊ သူလည်းအောက်ဝိဇ္ဇာဖြစ်သွားတာ မဆန်းပါဘူးလေ”

“ဒါနဲ့ ဦးလူနီက မရွှေတောင်ကို မနိုင်ဘူးနော်”

ဦးလူနီက ခေါင်းခါရင်း

“မရွှေတောင်ကို ဘယ်သူမှမနိုင်ဘူးကွ၊ ဒါပေမယ့် မင်းပဲနိုင်မှာ”

“ဘယ်လိုဗျ”

“ကံကြမ္မာက ဖန်တီးပြီးသားပါ မောင်ရှိန်ရာ၊ ကဲ ဒါတွေထားပါတော့ မင်းကိုငါရှေ့လျှောက် သိပ်ပြီးတော့ လမ်းညွှန်နိုင်မှာမဟုတ်တော့ဘူး”

“ဘာဖြစ်လို့လဲဗျ”

“ဘာလို့လဲဆိုတော့ မင်းနဲ့ငါက အထုံပါရမီခြင်းလည်းမတူသလို၊ တတ်ကျွမ်းပုံခြင်းလည်းမတူဘူးကွ၊ ငါက ဆေးဝိဇ္ဇာအဖြစ် ဆေးလမ်းကြောင်းကနေ ထွက်ရပ်မြန်းသွားခဲ့ပေမယ့် မင်းကတော့ ဆေးဝါးနဲ့အထုံပါရမီမပါတော့ ငါလျှောက်ခဲ့တဲ့ ဂန္ဓာရီလမ်းအတိုင်း မင်းလျှောက်လို့မရဘူးမောင်ရှိန်၊ ဒါကြောင့် တစ်ချိန်က မင်းငါ့ကိုပညာတွေသင်ပေးခိုင်းပေမယ့် ငါကသင်မပေးခဲ့တာမှတ်မိပြီလား”

“မှတ်မိပါပြီဗျာ”

“မင်းက ပုတီးလမ်းကွ၊ မင်းရဲ့ရှေးရှေးဘဝတွေတုန်းကလည်း ပုတီးနဲ့ပါရမီဖြည့်ခဲ့တဲ့သူမို့၊ ရှေ့လာမယ့် ဂန္ဓာရီလမ်းတွေကိုလည်း မင်းကပုတီးကိုအားပြုပြီးဆက်လျှောက်လှမ်းရမယ် မောင်ရှိန်”

သူပြောမှ ကျုပ်ညာဘက်လက်ကောက်ဝတ်မှာ ပတ်ထားတဲ့ပုတီးကလေးကို သေချာကြည့်လိုက်မိတော့တယ်။

“မင်းက ရှစ်ဘဝတိတိ ပုတီးအားကိုးနဲ့ ဝိဇ္ဇာထွက်ရပ်လမ်းအတွက် အထုံပါရမီရလာခဲ့ပြီးပြီမောင်ရှိန်၊ ဒီဘဝက မင်းရဲ့ကိုးဘဝမြောက်ပဲ၊ ငါက ကိုးဘဝမြောက်မှာ ထွက်ရပ်ပေါက်နိုင်ခဲ့သလို၊ မင်းလည်း ထွက်ရပ်ပေါက်နိုင်ဖို့ ကြိုးစားစမ်း မောင်ရှိန်ရာ”

ဦးလူနီက ကျုပ်ပုခုံးကိုဆတ်ခနဲပုတ်လိုက်တယ်ဗျ။ ကျုပ်လည်းဖြတ်ခနဲလန့်နိုးသွားတော့ ကားပေါ်မှာပဲရှိသေးသဗျာ၊ ဒါပေမယ့် ဘေးနားမှာဦးလူနီတော့မရှိဘဲ ဦးဖိုးထူးတစ်ယောက်ပဲ ခေါင်းငိုက်စိုက်ချပြီးတော့ လိုက်လာပြန်ပါရော။

“ဘာပဲပြောပြောမင်းကိုကျေးဇူးတင်ပါတယ် မရွှေတောင်၊ မင်းနဲ့သာမတွေ့ခဲ့ရင် ငါ့ရဲ့ဟောဒီပုတီးကလေးကိုလည်း ရဖို့မဖြစ်နိုင်ဘူးမဟုတ်လား”

လိုင်းကားကြီးက တရွေ့ရွေ့နဲ့တစ်မြို့ပြီးတစ်မြို့ဖြတ်သန်းပြီး ခရီးဆက်လာခဲ့တာပေါ့ဗျာ။

ဆက်ရန်။

#အဂ္ဂဇော် #ဦးအောင်ရှိန် #စုန်း #သရဲ

စာရေးသူအဂ္ဂဇော်ကိုလေးစားစွာဖြင့် Credit. ပေးပါတယ်

#ဂမ္ဘီရဝတ္ထုများစုစည်းမူ