တောကြီးမာယာ

ငယ်သူငယ်ချင်းကဲ့သို့ ခင်မင်ရင်းနှီးသွားခဲ့ကြသည်။

သည့်နောက် ကျွန်တော့်အတွက် ဗဟုသုတအတွေ့ အကြုံလေးများရရန်၊ စာရေးကွက်ရရန်အလို့ငှာ သူအမဲပစ်ထွက်တိုင်း ခေါ်ပါသည်။ ယခုလည်း သူနှင့် ကျွန်တော်သည် အမဲကြီးပစ်ရန်အတွက် ဥက္ကံ ချောင်းဖျားသို့ ရောက်ခဲ့ကြပြန်တော့သည်။

မီးလောင်ကုန်းကျေးရွာတွင်နေသည့် မုဆိုးကြီးစောနယ်လ်ဆင်ကို ဝင်ခေါ်ခဲ့ကြသည်။

ယခင်က သူ့မိတ်ဆွေတစ်ယောက်ရှိခဲ့ဖူးသည်။

မြိုင်သာယာမှ မုဆိုး“မြင့်မောင်” ဖြစ်၏။ မြိုင်သာယာတစ်ဝိုက်တွင် တစ်ချက်တစ်ကောင် မြင့်မောင်ဆိုလျှင် မသိသူမရှိ။ ယခုတော့ သူမရှိလေတော့။ မုဆိုးတောမှောက်ခံရပြီး သားကို သားကောင်ထင်ကာ ပစ်မိခဲ့သဖြင့် အုတ်နံရံလေးဘက်ကြားသို့ ရောက်နေခဲ့ရချေပြီ။

မုဆိုးမြင့်မောင်ထံမှ သားကောင်ခြေရာကောက်လိုက်ခြင်း အတတ်ပညာကို ကျွန်တော်က အနည်းအကျဉ်းရလိုက်ပေမယ့် လင်းမြင့်လှိုင်က အပြည့်အဝ ပညာရလိုက်ပေသည်။ သူသည် လင့်စင်ထိုး၍ သားကောင်စောင့်ပစ်ခြင်း အတတ်ပညာကို ဆက်လက်သင်ယူလိုခြင်းကြောင့် မုဆိုးကြီးစောနယ်လ်ဆင်ကို အမဲပစ်ထွက်တိုင်း အပါခေါ်လေ့ရှိသည်။

မုဆိုးကြီးစောနယ်လ်ဆင်မှာလည်း ခေသူမဟုတ်။ မြိုင်သာယာတွင် တစ်ချက်တစ်ကောင်မြင့်မောင် နာမည်ကျော်သလို မီးလောင်ကုန်းကျေးရွာတွင် ကျားနိုင်ဆင်ဟု သူ့ကိုခေါ်ကြ၏။ အဘယ်ကြောင့်ဆိုသော် နယ်တကာတွင် ကျားဆိုးများပေါ်ပေါက်က သူ့အား လာရောက်ခေါ်ယူ နှိမ်နှင်းခိုင်းလေ့ရှိသောကြောင့်ပင်။

လူနှင့် ကျွဲနွားတို့ကို အန္တရာယ်ပေးသည့် ကျားဆိုးများသည် သူ့လက်ချက်ဖြင့် ဇီဝိန်ချုပ်ခဲ့ရလေသည်။ ယခု ကျားပစ်ထွက်ရန်အတွက်မူ လိုက်ပါလိုခြင်း သိပ်မရှိချေ။ သူ၏ဇနီး မာဂရက်ညို တရှောင်ရှောင်ဖြင့် နေထိုင်မကောင်းဖြစ်နေခြင်းကြောင့် မလိုအပ်ဘဲ ကျားနှင့် အမဲလိုက်တမ်း မကစားလို၍ဖြစ်သည်။

ကျားသတ္တဝါသည်လည်း တောမုဆိုးပင် မဟုတ် ပါကလား။ မုဆိုးချင်း စည်းမဖောက်လို။ သူ့စည်း ကိုယ့်စည်း ထားရမည်။

သို့ရာတွင် လင်းမြင့်လှိုင်က အတင်းအဓမ္မ ပူဆာလွန်းသဖြင့်၊ ပြီးတော့ လင်းမြင့်လှိုင်၏အဖေသည် သူ့ကျေးဇူးရှင်တစ်ယောက်လည်း ဖြစ်နေသောကြောင့် ကျားပစ်လိုက်ခဲ့ခြင်း ဖြစ်ပေသည်။ သူ ကျွန်တော်တို့နှင့် လိုက်လာရသဖြင့် မမာသည့်ဇနီးကို သမီးနှင့် ထားခဲ့ရ၏။

“ဆရာလင်းတို့ သည်မှာလာကြည့်”

ပြောင်သေအနီး ပျဉ်းမပင်ကို အနည်းငယ်မော့ကြည့်၍ လက်ညှိုးထိုးပြသည်။

ကျွန်တော်တို့နှစ်ယောက်သည် သူညွှန်ပြရာသို့ ကြည့် လိုက်ကြ၏။ ပင်စည်၏ အခေါက်တို့သည် ဖွာလန်ကြဲဖြစ်နေ၏။

“အဲဒါ ဘာဖြစ်တာလဲ ဖထီ”

“အဲဒါ ပြောင်က သူ့ကျောပေါ်ကနေ လည်ကုပ်ကိုခဲထားတဲ့ ဟင်းကောင်ကို ပတတ်ရပ်ပြီး သူ့ရှေ့လက်ခွာနဲ့ သစ်ပင်ကို ပေါက်ချတာပေါ့”

ကျွန်တော့်အမေးကိုဖြေရင်း ပြောင်သေနားကို ခေါ်သွားပြန်သည်။

“တွေ့လား၊ လည်ကုပ်ကို ခဲထားတဲ့ဒဏ်ရာ”

ပြောင်သေမှ အပုပ်နံ့များ လှိုင်ထွက်နေသဖြင့် ကျွန်တော်က ဖထီအား –

“ဒါ ထားပါတော့၊ ခု ပြောင်သေက ပုပ်ဟောင်နေပြီ။ ဟင်းကောင်ကြီးက လာစားပါ့ဦးမလား”

“ဟဲ. . ဟဲ. . ဆရာလေးကလည်း ဒီသတ္တဝါမျိုးက ပုပ်မှ ပိုကြိုက်တာဗျ။ ဒီပြောင်ကို လွန်ခဲ့တဲ့ ၃-၄ရက်က လဲထားတာ။ ဟော ပုပ်မှ သူလာစားတော့မယ်လေ။ သေချာတာပေါ့ … တွေ့လား ဒီမယ် ခြေရာ လတ်လတ်ဆတ်ဆတ် တစ်ခုလေ”

ကျားခြေရာတစ်ခုကို ညွှန်ပြရင်း ကျွန်တော့်ကို ကြည့်ကာ ပြောသည်။ လင်းမြင့်လှိုင်ကလည်း –

“ခင်ဗျားနှယ် အ,ရန်ကောဗျာ”

ဟု မပြောရုံတစ်မယ် မျက်နှာပေးဖြင့် ကြည့်နေပါသည်။

“ကဲ.. လာ စခန်းပြန်မယ်။ လမ်းသွားရင်း ဒီကောင်ကြီးကို ဟင်းကောင်က ဘယ်လိုလိုက်ချောင်းပြီး ဘယ်လိုတိုက်ခိုက် အနိုင်ယူတယ်ဆိုတာ ပြောပြမယ်”

သူက ရှေ့ကသွား၊ ကျွန်တော်တို့နှစ်ယောက်မှာ နောက်ကလိုက်ရင်း သူ့ပြောသမျှကို နားစိုက်ထောင် ငြိမ်သက်စွာ စခန်းသို့ ပြန်ခဲ့ကြသည်။

“တကယ်တမ်း ဟင်းကောင်နဲ့ ပြောင် ကွင်းပြင်မယ် တွေ့ကြမယ်၊ မျက်နှာချင်းဆိုင် တိုက်ခိုက်ကြမယ်ဆိုလျှင်ဖြင့် ပြောင်ကို ဟင်းကောင်က နိုင်လိမ့်မယ် မဟုတ်ဘူး။

ဟင်းကောင်ဆိုတာမျိုးက တောတွင်းမုဆိုးပဲပေါ့။ တောကျွမ်းတယ်။ သတ္တဝါတွေကို နောက်ကလိုက်ချောင်းပြီး ဘယ်ဖြတ်လမ်းက ဘယ်လို ကြိုစောင့်ရမလဲဆိုတာ သူသိတယ်”

ပြောလက်စ စကားကို ရပ်လိုက်ကာ ပုဆိုးခါးပုံစတွင်းမှ ကွမ်းတစ်ယာကို ထုတ်၍ ပါးစပ်တွင်းသို့ ထည့်လိုက်ပြီး ဆက်၍ ပြောသည်။

“ပြောင်ကို ဘယ်လိုအနိုင်တိုက်သလဲဆိုတော့ သင်းကွဲပြောင်တစ်ကောင် တွေ့ပြီဆိုလျှင် နောက်ကနေ တကောက်ကောက် လိုက်ချောင်းတော့တာပဲ။ ဟော ပြောင်က မြောင်ကျပ်ထဲ ရောက်သွားပြီဆိုလျှင်ဖြင့် အဲဒီပြောင်ရဲ့ ဖနောင့်ကြောကို နောက်ကနေ အတင်းပြေးခဲတော့တာပဲ။ မလွတ်တမ်းဘဲပေါ့။

ပြောင်က ခန္ဓာကိုယ်ကြီးပြီး မြောင်ကလေးက ကျဉ်းကျဉ်းဆိုတော့ သူ့ ရဲ့ရန်သူကို ပြန်လှည့်တိုက်ခိုက်ဖို့ရာ မလွယ်ဘူးလေ။ အဲဒီအခွင့်အရေးကို ဟင်းကောင်က အရယူပြီး ပြောင် ဖနောင့်ကြောကို ကိုက်ခဲဆွဲဖြတ်တော့တာပဲ။ ပြီးတော့ ကမန်းကတန်း နောက်လှည့်ပြေးပြီး ရှေ့မှာ ထပ်တွေ့ဦးမယ့် မြောင်ကျပ်ကနေ ကြိုစောင့်နေပြန်ကော။

နောက် မြောင်ကျပ်ထဲကိုရောက်လာပြန်တော့ စော စောကလိုပဲ ကျန်တဲ့ခြေတစ်ချောင်းရဲ့ ဖနောင့်ကို ကိုက်ဖြတ်လိုက်ပြန်တယ်။ သည်တော့ကာ ပြောင်ဟာ ခရီးသိပ်မသွားနိုင်တော့ဘူး။ နာသွားပြီလေ။

မြောင်ကျပ်က ထွက်လာတော့ ပြောင်က ထော့နဲ့ထော့နဲ့ ဖြစ်လာပြီး နာကျင်တဲ့ဝေဒနာကို ခံစားလာရတော့ ခရီးမတွင်တော့ဘူးပေါ့။ သည်တော့ ကိုရွှေဟင်းကောင်က ရှေ့မှာ ကြိုမစောင့်တော့ဘဲ ပြောင်ရဲ့ နောက်ကနေချောင်းပြီး လိုက်တော့တာပေါ့။

ဟော ရေအိုင်နဲ့နီးတဲ့နေရာလောက် ရောက်လာပြီဆိုတော့မှ ပြောင်ရဲ့ ကျောပေါ်ခုန်တက်ပြီး လည် ကုပ်ကို အပြတ်ခဲတော့တာပေါ့။

သည်တော့ ပြောင်ကလည်း ကုတ်ခဲလေတဲ့ ရန်သူကို ခါချတယ်။ မရဘူး။ ဟင်းကောင်ကလည်း အတင်းကုပ်တွယ် ကိုက်ခဲထားတယ်။ သည်တော့ ပြောင်က ပတတ်ရပ်ပြီး အနီးရှိတဲ့ သစ်ပင်ကို ခွာနဲ့ခုတ် ခါချဖို့ ကြိုးစားတယ်။ နောက်ခြေနှစ်ချောင်းက ဒဏ်ရာကြောင့် ကြာကြာခါမချနိုင်ဘဲ လဲကျသွားတာပေါ့။ သည်တော့ ဟင်းကောင်က လည်မြိုကို ကုတ်ဖဲ့ဆွဲရမ်းပြီး နိဂုံးချုပ်ပေးလိုက်တယ်။

ပြောင်သေပြီဆိုမှ အူ အသည်း ဖောက်စားပြီး အေးအေး ဆေးဆေး လှည့်ထွက်သွားတော့တယ်။ သူ့ အတွက် ရိက္ခာစုဆောင်းရရှိသွားပြီလေ။ နောက် ပြောင်သေ ပုပ်လောက်ပြီဆိုမှ တစိမ့်စိမ့် လာစား နေတော့မှာပေါ့”

ကျွန်တော်တို့သည် စောနယ်လ်ဆင် ပြောသမျှကို ငြိမ်သက်စွာ နားထောင်၍ လိုက်ပါလာခဲ့ကြ၏။ သည်လိုနှင့် စခန်းသို့ ပြန်ခဲ့ကြပြီး ရေမိုးချိုး စားသောက် ခေတ္တအနားယူကာ တမှေးလောက် အိပ်လိုက်ကြသည်။

ညနေစောင်းလေးရောက်သည်နှင့် စောနယ်လ်ဆင်က ဝင်ချက်စတာရိုင်ဖယ်၊ လင်းမြင့်လှိုင်က ပွိုင့် ၃၇၅ မဂ္ဂနမ်ရိုင်ဖယ်၊ ကျွန်တော်က နှစ်လုံးပူး အသီးသီးကိုင်ဆောင်ကာ လင့်စင်ထိုးထားရာနေရာသို့ ကျားပစ်ရန် ထွက်လာခဲ့ကြသည်။

“လင့်စောင့်တယ်ဆိုတာ တော်ရုံလူ မစောင့်နိုင်ဘူး။ ဆေးလိပ် မသောက်ရဘူး။ သေးမပေါက်ရဘူး။ ခြင် အကိုက်ခံရလျှင် တဖြန်းဖြန်းနဲ့ မရိုက်ရဘူး။ မအိပ်ရဘူး။ စကားကျယ်ကျယ် မပြောရဘူး”

စောနယ်လ်ဆင်က တဖွဖွမှာနေသည်။ ပြီးတော့ ကျားနှင့် ရင်ဆိုင်တွေ့ပါက စိတ်ကို တည်ငြိမ်အောင်ထားပြီး ဘယ်နေရာကို ဘယ်လိုပစ်ရမည်ဆိုသည်များကို ပြောပြသင်ကြားလေသည်။

မှောင်စပျိုးလောက်တွင် ကျွန်တော်တို့သည် လင့်စင်ပေါ်သို့ တက်ရောက်နေရာယူပြီး ဖြစ်နေသည်။

ဤသို့ဖြင့် ခပ်လှမ်းလှမ်းမှ တောကြက်ဖတွန်သံကို ကြားလိုက်ရသည်ကြောင့် လက်မှနာရီကို ကြည့်လိုက်သည်။ မှောင်နေသဖြင့် မမြင်ရချေ။ သည်တော့ လင်းမြင့်လှိုင်က အနုမြူဂဏန်းရေးထားသည့် နာရီ ပတ်ထားသော သူ့လက်ကို ထိုးပေး၏။

“အင်း ၇းဝဝ နာရီတောင် ကျော်ပြီပဲ”

ကျွန်တော်က တိုးတိုးလေး ရေရွတ်လိုက်သည်။

တစ်ခါတစ်ရံ ဝါးတောဘက်မှ ဝါးခုတ်သံများ ကြားသဖြင့် အံ့ဩမိသည်။ သို့ကြောင့် လေသံသဲ့သဲ့ဖြင့် မေးကြည့်လိုက်၏။

“ဖထီ ညကြီးမင်းကြီး ဝါးလာခုတ်နေကြတာလား”

သည်တော့ စောနယ်လ်ဆင်က လေသံတိုးတိုးဖြင့် –

“ဘယ်က ဟုတ်ရမှာလဲ။ အဲဒါ တောခြောက်တာ”

ဝါးခုတ်သံများ ကျယ်လိုက်၊ တိုးလိုက်ဖြစ်နေရာမှ အရှေ့တောင်ကြောဆီမှ တောရိုင်းတိရစ္ဆာန်များ အုပ်လိုက်ပြေးလွှားနေသည့် အသံများကို ကြားရပြန်သည်။

“တောကောင်တွေ ဘာအန္တရာယ်တွေ့လို့ ပြေးလွှားနေကြပြန်ပြီလဲ မသိဘူးနော်”

“ဘာကောင်တွေမှ ပြေးလွှားနေကြတာ မဟုတ်ဘူး။ တောသိပ်နက်ရင် အဲလိုပဲ တောခြောက်တတ်တယ်”

တစ်ခါမျှ မကြုံဘူးပါ။ ယခုမှ ကြုံရခြင်းဖြစ်သည်။ သေနတ်ကိုင်ထားသော လက်မှ ချွေးစေးများ ထွက်လာသည်။

“ဟီး .. ဟီ .. ဟင်း .. ဟင်း … ဟီး”

ရုတ်တရက် လင့်စင်အောက်ဘက် ခပ်လှမ်းလှမ်းမှ လူမမာငြီးသံလိုလို ကြားလိုက်ရသဖြင့် ကြက်သီးမွေးညင်းများ ထသွားရသည်။ ကျွန်တော့် လက်လှုပ်သွားသဖြင့် သေနတ်ဒင်သည် စောနယ်လ်ဆင်ကို ထိမိသွားသောကြောင့် ရုတ်တရက် လန့်ဖျတ်သွားသည့။

ကျွန်တော့်ကို စောနယ်လ်ဆင်က –

“အဲဒါ ငှက်ငနွားအော်သံပေါ့”

“ငှက်အော်သံကလည်း ကြောက်စရာကြီးနော်”

“ဟုတ်တယ်။ ပိုပြီး အံ့ဩစရာကောင်းတာက အဲဒီလို အသံကြီးနဲ့ အော်တဲ့ငှက်က သေးသေးလေးရယ်”

“ဗျာ”

ကျွန်တော် ပို၍ အံ့ဩရပြန်၏။ ထိုစဉ် –

“ဖထီ … ဟင်းကောင်က လာပါ့ဦးမလား”

“ဟုတ်တယ်၊ အချိန်မနည်းတော့ဘူးဗျ”

လင်းမြင့်လှိုင်အမေးကို ကျွန်တော်က ထောက်ခံပြောလိုက်သည်။

သုံးယောက်သား ငြိမ်သက်သွားကြပြန်၏။ နံနက် ၂းဝဝ နာရီပင် ကျော်သွားပြီ ဖြစ်သည်။

ခြင်နှင့် မှက်တို့သည် နားဝတွင်လာ၍ တဝီဝီအော်မြည်ကာ နှောင့်ယှက်နေကြပြန်သည်။ ကိုက်လိုက်သည့်ခြင် ရဲရဲကြီး မရိုက်ရဲ။

တစ်နေ့လုံး ပင်ပန်းထား၍လား မသိ။ အိပ်ချင်လာပြီ ဖြစ်၏။ တစ်ချက်တစ်ချက် ငိုက်ကျသွားသည်။ လင်းမြင့်လှိုင်ကို ကြည့်လိုက်တော့လည်း ကျွန်တော်ကဲ့သို့ပင်။ စောနယ်လ်ဆင်သည်လည်း သွေးသားနှင့် ဖွဲ့စည်းထားသည့် လူသားတစ်ယောက်ပင် မဟုတ်ပါလား။ ထိုင်ရင်း ငိုက်နေသည်။

“ဂစ်”

ရုတ်တရက် ညဥ့်ငှက်တစ်ကောင်၏ အသံဆိုးကြောင့် ကျွန်တော်၏ မျက်လုံးများ ပြူးကျယ်သွားရသည်။

ထိုစဉ် သစ်ရွက်ခြောက်များပေါ် နင်းလျှောက်လာသံကြားရသဖြင့် ပြောင်သေကြီးရှိရာသို့ လှမ်းကြည့်လိုက်သည်။

ဝိုးတဝါး မြင်လိုက်ရသည်။ ပီပီပြင်ပြင်တော့ မရှိလှ။ ဟုတ်မှ ဟုတ်ပါလေစ။ မီးရောင်လဲ့လဲ့လေး မြင်ရသည်။ သို့ကြောင့် ကျွန်တော်သည် ကျိန်းစပ်နေသည့် မျက်လုံးများကို လက်ဖမိုးဖြင့် ပွတ်သပ်ကာ အသေအချာ ကြည့်လိုက်ပြန်သည်။

မီးရောင်လဲ့လဲ့လေးသည် လင့်စင်အောက်သို့ရောက်လာသည်။

သို့ကြောင့် စောနယ်လ်ဆင်နှင့် လင်းမြင့်လှိုင်ကို လက်တို့ကာ မီးရောင်လဲ့လဲ့ကို လက်ညှိုးထိုးပြလိုက်သည်။

“ဆရာပိုက် မီးထိုး… မီးထိုး”

လေသံတိုးတိုးဖြင့် စောနယ်လ်ဆင်က သတိပေးသဖြင့် ကျွန်တော်သည် ဓာတ်မီးဖြင့် လှမ်းထိုးလိုက်သည်။

“ဟင်”

မမျှော်လင့်သည့် မြင်ကွင်းကြောင့် သုံးယောက်သား အံ့ဩသွားကြသည်။

“အပါး .. အမိုး အသည်းအသန်ဖြစ်နေလို့ ချက်ချင်းလိုက်ခဲ့ပါ”

ကြည့်စမ်း၊ စောနယ်လ်ဆင်ရဲ့ သမီးလေး အချိန်အခါမဟုတ် တစ်ယောက်တည်း လိုက်လာသည်။

“ဖထီသမီးပါလား။ အမိုးခေါ်ခိုင်းလို့တဲ့။ ကျုပ်တို့ လိုက်သွားကြရမှာပေါ့နော်”

လင့်စင်ပေါ်တွင် ထိုင်နေရာမှ ကျွန်တော်သည် ထရပ်လိုက်ကာ စောနယ်လ်ဆင်ကို လက်ကိုဆွဲ၍ ထူလိုက်သည်။

စောနယ်လ်ဆင်ကလည်း ထလိုက်မည့်ဟန်ပြင်ပြီးမှ ဆတ်ခနဲ ကျွန်တော်ဆွဲထားသည့် လက်ကိုဖြုတ်လိုက်ကာ ကမန်းကတန်း ဝင်ချက်စတာရိုင်ဖယ်ကြီးကို မောင်းတင်လိုက်ပြီး သူ၏သမီးထံသို့ လှမ်းချိန်လိုက် သည်။

စောနယ်လ်ဆင်သမီးလေးသည် မျက်လုံးလေး ကလယ်ကလယ်ဖြင့် လင့်စင်ပေါ်သို့ မော့ကြည့်နေရှာသည်။

“အို”

ကျွန်တော် ထိတ်လန့်သွားမိသည်။ စောနယ်လ်ဆင်တစ်ယောက် စိတ်ဖောက်ပြန်သွားလေပြီလား။

“ဖထီ ဒါ ဘာလုပ်တာလဲ”

ကျွန်တော်သည် ပြောပြောဆိုဆို သူ့လက်ထဲမှ သေနတ်ကို လှမ်းဆွဲလိုက်သည်။ လင်းမြင့်လှိုင်က ကျွန်တော်တို့နှစ်ယောက်ကို ကြည့်ပြီး ကြောင်နေသည်။

“ဆရာပိုက် ဖယ်စမ်းပါဗျာ၊ ကျုပ် ပစ်မယ်”

စောနယ်လ်ဆင်သည် အတင်းရုန်းကန်၍ သူ့ သမီးထံသို့ သေနတ်ပြောင်းကို အရအမိ လှည့်ချိန်ကာ ပစ်ရန်ကြိုးစားနေသည်။

“ဟိတ်လူ ခင်ဗျား ရူးသွားပြီလား၊ အဲဒါ ခင်ဗျားသမီးဗျ … ခင်ဗျား သမီး”

ပြောပြောဆိုဆို ကျွန်တော်သည် သူ့ကို တွန်းလှဲလိုက်ပြီး လင့်စင်အောက်သို့ဆင်းရန် ပြင်လိုက်သည်တွင် ကျွန်တော့်နားထင်ဆီသို့ စောနယ်လ်ဆင်၏ လက်ဝါးကြမ်းကြီးက အရှိန်ပြင်းစွာ ကျလာတော့သည်။ မိုက်ခနဲ တစ်ချက်ဖြစ်သွားကာ လင့်စင်ပေါ်သို့ ပက်လက်လန် လဲသွားတော့သည်။

ထိုမှ မရှေးမနှောင်းပင် စောနယ်လ်ဆင်လက်တွင်းရှိ သေနတ်မှ ပြင်းထန်သည့် ပေါက်ကွဲသံကြီးနှင့်အတူ မီးများ ပွင့်ထွက်သွား၏။

သည့်နောက်တော့ ကျွန်တော် ဘာမျှ မသိတော့ချေ။

စိုးရိမ်ထိတ်လန့် တုန်လှုပ်ခြင်းများနှင့်အတူ အမှောင်လောက ချောက်ကမ်းပါးကြီးအတွင်းသို့ ထိုးကျသွားတော့သည်။

“ဟိတ်လူ ကိုပိုက် … ကိုပိုက်”

ခေါ်သံသဲ့သဲ့ ကြားလိုက်မိ၍ ကျိန်းစပ်နေသော မျက်လုံးတို့ကို အားယူဖွင့်လိုက်သည်။ လင်းရောင်ခြည် သန်းနေပြီပဲ။ ငှက်ကလေးတို့၏ ကျလစ် ကျလစ် အော်မြည်သံကလေးများကို ကြားလိုက်ရသည်။

စောနယ်လ်ဆင်နှင့် လင်းမြင့်လှိုင်တို့က ကျွန်တော့်ကို ငုံ့ကြည့်နေကြသည်။

“ဟော ကိုပိုက် သတိရလာပြီ”

“ဟုတ်တယ် … ဆရာပိုက် သတိရလာပြီ”

စောနယ်လ်ဆင်ကို မြင်လိုက်ရသည်နှင့် ညက အဖြစ်အပျက်များကို ချက်ချင်းသတိရလိုက်သောကြောင့် ကမန်းကတန်း ထထိုင်လိုက်ကာ –

“ခင်ဗျား အတော်မိုက်မဲတဲ့သူပဲ။ ခင်ဗျား လူသတ်သမား”

ပြောပြောဆိုဆို စောနယ်လ်ဆင်ကို လက်ညှိုးထိုးငေါက်ငမ်းလိုက်သည်။

ကျွန်တော့်ဖြစ်အင်ကိုကြည့်ပြီး လင်းမြင့်လှိုင်က ရယ်မောကာ-

“ဟား … ဟား ၊ ဘာလို့ ဖထီကို လူသတ်သမားလို့ ပြောရတာတုန်း”

“ဟာ ခင်ဗျား ဘာမှ မသိသေးဘူးလား။ ညက သူ့ကို လာခေါ် သူ့သမီးကို သူသေနတ်နဲ့ ပစ်လိုက်တယ်လေ”

“ကဲ ဒါဖြင့် ဘယ်မလဲ၊ ဖထီ သမီး”

ပြုံးစစဖြင့် ထပ်ကွန့်မေးလာသည်။ သည်တော့ လင့်စင်အောက်သို့ ငုံ့ကြည့်လိုက်သည်။

“ဟင်”

ကျွန်တော်မြင်တွေ့လိုက်ရသော မြင်ကွင်းကို အံ့ဩလွန်းသဖြင့် ကျွန်တော်၏နှုတ်မှ အာမေဍိတ်သံ ထွက်သွားသည်။

ကျွန်တော်သည် ကိုယ့်မျက်စိကိုပင် ကိုယ် အယုံအကြည်မရှိတော့ဘဲ မျက်လုံးကို ပွတ်သပ်ကြည့်မိသည်။ ကျွန်တော်မြင်လိုက်ရသော မြင်ကွင်းသည် အိပ်မှုန်စုံမွှားမြင်ရသော မြင်ကွင်းမဟုတ်။

ကျွန်တော်မြင်တွေ့လိုက်ရသည်က ကျားကြီးတစ်ကောင်။ ခြောက်တောင်ခန့်ရှိသော ကျားကြီးတစ်ကောင်။ ထိုကျားကြီးသည် ခေါင်းစိုက်ပြီး စင်းစင်းကြီးလဲသေနေသည်။

ထိုကျားကြီးသေနေသောနေရာကို တိတိကျကျပြောရလျှင် ယမန်နေ့ညက မုဆိုးကြီးစောနယ်လ်ဆင်၏သမီး ရပ်နေသောနေရာ။

စောနယ်လ်ဆင်၏ သမီးလေးက မျက်လုံးကလေး ကလယ်ကလယ်နှင့် လင့်စင်ပေါ်ကို မော့ကြည့်ပြီး

“အပါး. . အမိုး အသည်းအသန်ဖြစ်လို့ ပြန်လိုက်ခဲ့ပါ”

ဟု ခေါ်နေသောနေရာ။

စောနယ်လ်ဆင်က ရက်ရက်စက်စက် ကိုယ့်သမီးကို ကိုယ်ပြန်ပြီး သေနတ်ဖြင့် ပစ်ခဲ့သောနေရာတွင် ယခုတော့ ကျားသေကြီးဖြစ်နေရာ ကျွန်တော် မအံ့ဩဘူးဆိုလျှင် မည်သူတွေ အံ့ဩပါမည်နည်း။

“ညတုန်းက ဖထီ ဟင်းကောင်ကို မြင်လိုက်ပြီး ဟင်းကောင်မှန်းသိလို့ ပစ်လိုက်တာလား”

စောနယ်လ်ဆင်က ခေါင်းကို ခါယမ်းလိုက်ပြီး-

“ဟင့်အင်း … ကျုပ်လည်း ဟင်းကောင်လို့မမြင်ဘူး။ ကျုပ်သမီးလို့ပဲ ဆရာလေးတို့မြင်သလို မြင်တာပဲ”

“ဒါနဲ့များ ဖထီက သေနတ်နဲ့ပစ်ရက်တယ်နော်”

စောနယ်လ်ဆင်က နှုတ်ခမ်းမွှေးကို လက်ဖြင့် သပ်လိုက်ပြီး-

“တောခြောက်တာကို သိလိုက်ရတာကိုး ဆရာလေးရဲ့”

“ဘယ်လို တောခြောက်တာလဲ”

“ပြောရရင် ရှည်ပါတယ် ဆရာလေးရယ်။ တိုတိုပြောရရင်တော့ တောကလှည့်စားတာပေါ့။ ဒါကို မစဉ်းစားမိဘဲ ကျုပ်သမီးလို့ထင်ပြီး လင့်စင်အောက်ကို ဆင်းသွားလျှင်ဖြင့် ကျုပ်တို့ဟာ ဟင်းကောင်ကြီးရဲ့ အစာဖြစ်သွားပြီးပေါ့။ တောခြောက်ခံရတာကိုး”

“တောခြောက်ခံနေရတာမှန်း ဖထီ ဘယ်လိုလုပ်သိပြီး သမီးအဖြစ် မြင်နေရက်သားနဲ့ သေနတ်နဲ့ ပစ်လိုက်ရတာလဲ”

“ကျုပ်လည်း ပထမတော့ သမီးတကယ်လိုက်လာတယ်လို့ ထင်ပြီး ဇဝေဇဝါဖြစ်သွားတယ်။ အိမ်မှာ အဘွားကြီးကလည်း မကျန်းမမာဖြစ်နေတာကိုး။ ဆရာလေးတို့လည်း အသိပဲ မဟုတ်လား။

နောက်မှ စဉ်းစားမိတယ်။ ကျုပ်တို့ ဒီနေရာမှာ လင့်စင်ထိုးတာကို အိမ်မှာရှိတဲ့သမီးက ဘယ်လိုသိနိုင်မှာလဲ။ ပြီးတော့ဒီလို တောကြီးမျက်မည်းထဲကို ညကြီး အချိန်မတော် မိန်းကလေးငယ်တစ်ယောက် မီးတုတ်နဲ့ လာရဲပါ့မလားဆိုတဲ့အချက်ကို စဉ်းစားမိတာနဲ့ ဒါတောခြောက်ခံရတာဖြစ်မှာပဲဆိုပြီး ပစ်ထည့်လိုက်ရတာ”

စောနယ်လ်ဆင်သည် မုဆိုးကောင်းပီသပေစွ။

ကျွန်တော်သည် မုဆိုးကြီးစောနယ်လ်ဆင်ကို အထင်ကြီးလေးစားစွာဖြင့် မော့၍ကြည့်လိုက်မိသည်။

ကျောင်းပညာဆိုသည်ကို အိပ်မက်မျှပင်မမက်ဖူး။ မြို့ပြဆိုသည်ကို မရောက်ဖူးဘဲ တောတောင်ထဲတွင်သာ နေထိုင်ကြီးပြင်းခဲ့ရပြီး သားကောင်များနှင့်သာ နပန်းလုံးနေထိုင်ခဲ့သော မုဆိုးကြီးတွင်လည်း အသိဉာဏ်နှင့် ဆင်ခြင်တုံတရား ရှိပါလားဟု ကျွန်တော် တွေးလိုက်မိသည်။

အသိဉာဏ်ဟူသည် နေရာဒေသနှင့် ရာထူးဌာနန္တအပေါ်မတည်ဘဲ လူအပေါ်၌သာ တည်ပေသည်။

ထိုအချိန်တွင် စောနယ်လ်ဆင်က လေးသွဲ့သွဲ့ဖြင့် စကားတစ်ခွန်းပြောလိုက်သည်။ သူပြောလိုက်သောစကားသည် လေးသွဲ့သွဲ့နှင့်ဖြစ်သော်လည်း လေးလေးနက်နက် ရှိလှပေသည်။

“သေနတ်ကို ကိုင်ထားတဲ့သူဆိုတာ ရန်သူနဲ့မိတ်ဆွေခွဲခြားသိတတ်ရတယ်ဗျ”

(ထဝမ်ရာဇီနှလုံးသားနှင့် မုဆိုးဝတ္ထုတိုများ။
၁၉၉၇ ချယ်ရီမဂ္ဂဇင်း၊ ဇူလိုင်လ၊ ၁၉၉၁)

– ပြီး –

စာရေးသူ – ကိုပိုက်
စာစီ – မုဆိုးတံငါစာပေများ