သေမင်းတမာန်အဆိပ်ကောင်

လိုက်လံပို့ဆောင်ပေးမည်ဖြစ်ကြောင်း ပါရှိပေရာ ကျွန်တော်နှင့် လင်းမြင့်လှိုင်တို့သည် ထိုနွားနောက်များကို ပစ်ခတ်ရန် စိတ်ဝင်စားသဖြင့် ရာယ်ဒမ်းခင်၏ ဖိတ်ကြားချက်ကို လက်ခံခဲ့ခြင်း ဖြစ်ပေသည်။

ရာယ်ဒမ်းခင်သည် ကျွန်တော်တို့နှစ်ယောက်ကို ပူတာအိုမှ လာကြိုနေပေသည်။ ၎င်းမှနေ၍ ကောင်ကထောင်ကျေးရွာလေးသို့ ရောက်လာခဲ့ကြသည်။ လေယာဉ်လက်မှတ်အခက်အခဲကြောင့် ကြိုတင်စီစဉ်ခဲ့ကြသဖြင့် မင်္ဂလာပွဲကျင်းပရန်ရက်ထက် နှစ်ပတ်စောရောက်၍ ရောက်နေခဲ့ကြသဖြင့်အချိန်တွေပိုနေလေသည်။

ထို့ကြောင့် ကျွန်တော်တို့သည် ပိုနေသောအချိန်ကိုအမဲလိုက်ရင်းဖြင့် ဖြုန်းတီးရန် စီစဉ်လိုက်ကြသည်။

သို့ကြောင့် ရာယ်ဒမ်းခင်၏ ဦးဆောင်မှုဖြင့် လုံရှာရန် ရွာအနီးရှိ အင်ဒုံဗွမ်တောတွင်းသို့ ရောက်ခဲ့ကြပေသည်။ ၎င်းတောမှာ လွန်စွာမှအေး၍ နတ်ကြီးလှကြောင်းကို သိရပေသည်။

“သည်တောကသစ် မွှေးရှိတယ်ဗျ”

သွားရင်းလာရင်းဖြင့် ရာယ်ဒမ်းခင် ပြောလာသည့်စကားသည် ကျွန်တော်တို့နှစ်ယောက်ကို အံ့သြမှု ဖြစ်စေလေသည်။

“ဟင် ဟုတ်လား … သစ်မွှေးဆိုတာ”

လင်းမြင့်လှိုင်၏ စကားမဆုံးမှီ ရာယ်ဒမ်းခင်က ရှင်းပြသည်။

“သစ်မွေးပင်ရဲ့အရွက်က ဖန်ခါးရွက်နဲ့ဆင်တယ်။ အဲ … ဒါပေမဲ့ ထူးခြားတာတစ်ခုက ဘာလဲဆိုတော့ သူအရွက်က တစ်ဘက်စိမ်းပြီး တစ်ဖက်ဖြူတယ်။ ဒါကြောင့် အဝေးကလှမ်းကြည့်ရင် သစ်မွှေးပင်ဆိုတာ သိနိုင်တယ်။

ဘယ်လိုသိနိုင်သလဲဆိုတော့ ဟိုဗျာ … ခင်ဗျားတို့ဆီမယ် အဝေးကနေ စေတီလေးတွေကို လှမ်းကြည့်ရင် ဆွဲလွဲလေးတွေကို မြင်ရသလိုမျိုးပေါ့။ ဆွဲလဲလေးတွေက လေတိုက်တဲ့အခါ နေရောင်ကြောင့် လက်ကနဲဖြစ်မသွားဘူးလား။ အဲသည်ဆွဲလဲလေးတွေလိုဘဲ သစ်မွှေးပင်ရဲ့အရွက်ကလေးတွေက လေတိုက်လို့ လှုပ်လိုက်တိုင်း လက်ကနဲ လက်ကနဲ ဖြစ်တတ်တယ်”

“ဟင် ဒါဖြင့် သစ်မွေးပင်က ရှာရလွယ်တာပေါ့နော်”

လင်းမြင့်လှိုင်က အားရဝမ်းသာ ပြောလိုက်သည်။

ရာယ်ဒမ်းခင်က ရယ်လိုက်ပြီး-

“ဟား ဟား ဟား ဟား သစ်မွှေးပင်ကိုတွေ့တိုင်း သစ်မွှေးမရပါဘူးဗျ”

“ဘယ်လို… ဘယ်လို”

နှစ်ယောက်သား အံ့သြသွားကြသည်။

“ကျွန်တော်ရှင်းပြပါ့မယ်”

ဆိုပြီး တစ်လမ်းလုံး ရှင်းပြသွားသဖြင့် သစ်မွှေးအကြောင်းနှင့်ပတ်သတ်၍ ဂဃနဏ သိလိုက်ကြရပေသည်။

စကနဦး ကျွန်တော်တို့သည် သစ်မွှေးနှင့်ပတ်သက်၍ ဘာမျှမသိခဲ့။ သစ်မွှေးဆိုသည်မှာမွှေးကြိုင်သောသစ်တစ်မျိုးဟုသာ ထင်မှတ်ခဲ့သည်။

မဟုတ်။ သစ်မွှေးပင်ဆိုတာ မှန်သည်။ သူ၏ ပင်ကိုယ်သတ္တိမှာ မွှေးကြိုင်ခြင်းမရှိ။ ၎င်းအပင်ကို မူရာဟု ခေါ်သည် သစ်မွှေးပိုးကောင်က လာရောက်ကိုက်ဖြတ်စားသောက်စဉ် မစင်စွန့်ခဲ့သော် ၎င်းမစင်မှနေ၍အကိုင်းတွင် အနာအဖြစ် အပုပ်စွဲလာကာ ဓာတ်သဘာဝအရ ကာလရှည်ကြာသောအခါတွင် ပြန့်နှံ့သွားပြီးသကာလ သစ်မွှေးအဆီအနှစ်အဖြစ် ပြောင်းလွဲသွားခြင်း ဖြစ်ပေသည်။

တစ်ရံတစ်ခါ ယင်းအပင်ကို လူတို့မတွေ့ခဲ့သော် တစ်ပင်လုံးနီးနီး ပြန့်နှံ့သွားပေမည်။ (ရှားတော့ ရှားပေသည်)

မည်သို့ပင်ဖြစ်စေ သစ်မွှေးဖြစ်တတ်သည့် အပင်၏ အခေါက်ကို သွေးလိမ်းမည်ဆိုပါက ထိခိုက်ဒဏ်ရာ အနာများနှင့် အနာစိမ်းများကို ချက်ချင်းပျောက် ကင်းစေသည်မှာ အမှန်ပင်ဖြစ်၏။

သက်နုသောသစ်မွေးပင်ကိုမူ ပိုးမကိုက်၊ သက်ရင့်ပင်မှသာလျှင် ပိုးကိုက်တတ်၏။ သစ်မွှေးပင်အခြောက်ဆိုပါလျှင် ပို၍ အစွဲများသည်။ ထို မူရာ ပိုးကောင် ကိုက်၍ အစွဲများသည့်အပင်မှာ သစ်မွေးပင်ခြောက် နတ်သတ်ပင်များဖြစ်၏။ (နတ်သတ်ပင်ဆိုသည်မှာလူတို့ခုတ်ဖြတ်ထားခြင်းမဟုတ်ပဲ သူ့အလိုအလျှောက်လဲ၍ သေနေသောသစ်ပင်ခြောက်ကိုဆိုလိုသည်)

၎င်းနတ်သတ်ပင်ခြောက် ဆိုပါလျှင် သစ်မွှေးရဖို့ရာ ၈၀ ရာခိုင်နှုန်း သေချာပေသည်။

သစ်မွှေးရှာကြသည်ဆိုရာ၌ လူတို့၏ကံကြမ္မာသည်လည်း အဓိကဖြစ်သည်။ အချို့သည် သစ်မွှေးရှိနိုင်သည်အပင်ဆိုကာ တစ်ပင်လုံး ခုတ်လှဲပိုင်းဖြတ် ကြသည်။ သစ်မွှေး ရမသွားခဲ့ကြချေ။ သို့သော် ၎င်းခုတ်လှဲပိုင်းဖြတ်သွားကြပြီး ကျန်ရှိသည်အငုတ်နေရာတွင်စွဲနေသည့် သစ်မွှေးကို ကံလိုက်သည့်သူတို့သာ ရရှိတတ်ပေသည်။

ထို့ကြောင့် သစ်မွှေးရှာသူတိုင်းသည် သစ်ပင်ကို ခုတ်လှဲပိုင်းဖြတ်ရန် ဓား၊ ပေါက်စိန်၊ လွှများအပြင် ပေါက်ပြားကိုလည်း ယူဆောင်တတ်ကြသည်။ ပေါက်ပြားမှာ မြေရှပ်၍ ငုတ်ဖော်ထုတ်ရန် ဖြစ်သည်။

ရာယ်ဒမ်းခင်နှင့် ကျွန်တော်တို့နှစ်ယောက်သည် တဖြေးဖြေး တောနက်အတွင်းသို့ ရောက်ရှိလာခဲ့ကြသည်။

“ဘာပြောပြော ကျွန်တော်တော့ နွားနောက်ထက် သစ်မွှေးကိုပဲ စိတ်ဝင်စားနေပြီဗျာ”

လင်းမြင့်လှိုင်သည် တောင်ကျောမပေါ်ရောက်တိုင်းအဝေးသို့ လှမ်းမျှော်ကြည့်ရင်း ပြောလေသည်။ သူ့စကားကို ကျွန်တော်သည် သဘောကျစွာဖြင့် ရယ်မောရင်း

“ဟား ဟား ဟား ကိုလင်းကတော့ လုပ်ရော့မယ်။ ကဲဗျာ သည်မှာနားမယ်။ ခဏနားကြရအောင်”

“ကောင်းတယ် … ကောင်းတယ်”

ပြောပြောဆိုဆို ရာယ်ဒမ်းခင်က သူ၏ကျောပေါ်မှ ပလိုင်းကို မြေပေါ် သို့ အသာချရင်း ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။

ခဏတာမျှ အနားယူထိုင်နေကြစဉ်

“ဝှီး ဝှီး ဝှီး ဝှီး”

သစ်ပင်တို့၏ ထိပ်ဖျားမှ လေယာဉ်သံကဲ့သို့ အသံကြားလိုက်သဖြင့် သုံးယောက်သား မော့ကြည်လိုက်ကြသည်။

ဧရာမငှက်ကြီးတစ်ကောင် တစ်ချက်ခြင်း တောင်ပံခပ် ပျံနေခြင်းဖြစ်​၏။

“အဲဒါ အောင်လောင်ငှက်ပေါ့”

ရာယ်ဒမ်းခင်က ရှင်းပြနေစဉ် ထိုငှက်ကြီးသည်အဝေးသို့ ရောက်သွားသည်။

မရှေးမနှောင်းပင် နောက်ထပ်တစ်ကောင် ပျံလာသည်ကို တွေ့ရသဖြင့် လင်းမြင့်လှိုင်သည် သူ၏ မဂ္ဂနမ်ရိုင်ဖယ်ကို မောင်းတင်၍ ပစ်ရန် စောင့်စားနေ သည်ကို အသာကြည်နေလိုက်သည်။

“ဝှီး ဝှီး ဝှီး ဝှီး”

“ဒိန်း”

“သိတ်တော်တယ်ဗျာ။ ခင်ဗျားလို လက်ဖြောင့်ပုံမျိုးနဲ့သာဆိုရင် ကျုပ်မင်္ဂလာပွဲမယ် ကျွေးမွေးဖို့ နွားနောက်တစ်ကောင်တော့ ထမ်းပြန်ကြရမှာ အသေအချာပေါ့”

ရာယ်ဒမ်းခင်၏ စကားမဆုံးမီတွင် ကျွန်တော်သည် ထိုငှက်ကြီးကို သွားရောက်ကောက်ယူပြီးနောက် လက်ဖြင့်ချိန်မကြည်လိုက်ပြီး

“ငါးပိဿာထက်တော့ နည်းမယ်မထင်ဘူး”

“ဟုတ်တယ်၊ ငါးပိဿာထက်တော့ ကျော်လိမ့်မယ်”

ရာယ်ဒမ်းခင်က ကျွန်တော့်အဆိုကို လက်ခံအတည်ပြုလေသည်။

“သည်ငှက်မျိုးကို ပဲခူးရိုးမမှာ တောလိုက်တုန်းက ရဖူးတယ်။ စားလို့မကောင်းဘူး။ အသားက ပွစိစိနဲ့”

လင်းမြင့်လှိုင်က ထိုသို့ ပြောပြီးနောက် ရှေ့သို့ ဆက်သွားနေသည့် ရာယ်ဒမ်းခင်နောက်သို့ လိုက်သွားလေသည်။

ထိုသို့သွားရင်း တစ်ဖာလုံလောက်အရောက်တွင် ရှေ့နှစ်ကိုက်လောက်မှနေ၍ မဲမဲသတ္တဝါတစ်ကောင်သည် ကျွန်တော်တို့ရှေ့မှ လှစ်ကနဲ ဖြတ်ပြေးသွားကာ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ပြေးတက်သွားလေသည်။

မြန်လိုက်သည်ဖြစ်ခြင်း။

ကျွန်တော်သည် လက်တွင်းမှ သေနတ်ဖြင့် ရုတ်ချည်းလှမ်းပစ်လိုက်သည်။

“ဒိန်း”

မထိ။ နောက်တစ်ချက် ထပ်ပစ်လိုက်ပြန်သည်။

“ဒိန်း”

လွဲသွားပြန်သည်။

ထိုမဲမဲသတ္တဝါအကောင်သည် အပင်ထိပ်ဖျားသို့ ရောက်သွားသည်။

နောက်ထပ်တစ်ချက်ထပ်ပစ်ရန် ပြင်လိုက်သည်တွင် ထိုသတ္တဝါကောင်သည် တစ်ဖက်အတော်လှမ်းလှမ်းရှိ သစ်ပင်ခြေရင်းသို့ ပျံဝဲဆင်းသွားတော့၏။

ထိုအပင်ခြေရင်းသို့ ရောက်သည်နှင့် ဖက်တွယ်တက်သွားပြီး ထိပ်ဖျားရောက်သည်နှင့် စောစောကလို ပင်အခြားအပင်ခြေရင်းသို့ ပျံဝဲဆင်းသွားပြန်သည်။

“အဲဒါ ဘာကောင်တုန်း”

“လင်းရှူးလို့ခေါ်တယ်”

ရာယ်ဒမ်းခင်၏ အမေးကို ကျွန်တော်က ဖြေလိုက်ရင်း ဆက်ပြောလိုက်သည်။

“လင်းရှူးက ပျံလို့မရဘူး။ သူ့မယ်က အတောင်ပံမဟုတ်ဘူးလေ။ လက်ဖျားနဲ့ ခြေဖျားကို ဘဲခြေထောက်လို အရေပြားဆက်နေတာ။ ဒါကြောင့် လေဟုန်စီးနိုင်တာပဲပေါ့။ အဲလိုပဲ အပင်ထိပ်ဖျားတက်လိုက် အခြားအပင်ခြေရင်းကို လေဟုန်စီးဆင်းသွားလိုက်ပေါ့”

စကားတပြောပြောနှင့် လျှောက်လာကြရာမှ ရာယ်ဒမ်းခင်သည် ရုတ်တစ်ရက် ရပ်လိုက်ပြီး နှာခေါင်းတရှူတ်ရှုတ်ဖြင့် ပတ်ဝန်းကျင်တစ်ဝိုက် လျှောက်ကြည်နေလေသည်။

သူ ဘာကို စူးစမ်းနေသည် မသိ။ သူ၏ အခြေအ နေကို ကျွန်တော်တို့နှစ်ယောက် အသာအကဲခပ်နေကြစဉ်-

“ဟာ ဟုတ်ပြီ … ပွပြီ … ပွပြီ”

အားရဝမ်းသာဖြင့် ကျွန်တော်တို့နှစ်ယောက်ကိုကြည့်၍ ပြောသည့် သူ့မျက်နှာကြီးသည် ရုတ်တစ်ရက် ဝင်းလက်သွားသည်။ သူ့ကိုကြည့်ရင်းကြက်သီးထမိသည်။ နေရင်းထိုင်ရင်း ဘယ်လိုဖြစ်သွားသည် မသိ။

“ဟိတ်လူတွေ ကျူပ်တို့တော့ ပွပြီဗျ… ပွပြီ”

ပြောပြောဆိုဆို သူ့အိပ်ကပ်တွင်းမှ ဆေးပေါ့လိပ်ကိုထုတ်၍ မီးညှိဖွာလိုက်ပြီး ပြာကို ချွေချလိုက်သည်။ သူချွေလိုက်သည့် ဆေးလိပ်ပြာသည် သူ၏ လက်ဝဲလက်သို့ လေနှင့်အတူ လွင့်သွားသည့်ဘက်ရှိ ခြုံအတွင်းသို့ အတင်းဖြဲလှဲတိုးထွက်သွားလေသည်။

ကျွန်တော်တို့နှစ်ယောက်သည်လည်း ဘာမသိ ညာမသိ သူ့နောက်သို့ လိုက်သွားကြသည်။

ခြုံတောတစ်ဖက်တွင် ရှိနေသည် သစ်ငုတ်ဆွေးတစ်ခုရှိရာသို့ ရာယ်ဒမ်းခင်သည် ပြေးသွားပြီးသူ၏ ပလိုင်တွင်းမှ ဓားဖြင့် ခုတ်ဖြတ်လိုက်ကာ ထိုထုတ် ဆွေးစကို အလောတကြီး နမ်းလိုက်သည်။ ပြီးနောက် ကျွန်တော်တို့နှစ်ယောက်ထံသို့ လှည့်ကြည့်လိုက်ကာ ဝမ်းသာရွှင်လန်းစွာဖြင့်

“သစ်မွှေး … သစ်မွှေး ပွပြီဗျို့ … ပွပြီ။ ဟားဟားဟားဟား”

သူ၏စကားကြောင့် ကျွန်တော်တို့နှစ်ယောက်သည်လည်း လွန်စွာမှ အံ့သြသွားကြကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပီတိတွေဖြစ်နေ စဉ်-

“အား”

ရုတ်တစ်ရက် ရာယ်ဒမ်းခင်ထံမှ စူးစူးဝါးဝါး အသံနက်ကြီးဖြင့် အော်လိုက်သံကို ကြားလိုက်ရသဖြင့် နှစ်ယောက်သား လှည့်ကြည့်လိုက်သည်။

အံ့သြထိတ်လန့်ကြောက်ရွံ့နေသည့် ရာယ်ဒမ်းခင်၏ မျက်နှာကိုကြည့်ရင်း ကျွန်တော်တို့နှစ်ယောက်သည် ရုတ်တစ်ရက် မှင်သက်မိသွားကြသည်။

“ဗုန်း”

မြေပေါ်သို့ ရာယ်ဒမ်းခင်၏ ခန္ဓာကိုယ်ကြီး လဲပြိုကျသွားသံကြောင့် သတိပြန်ဝင်လာကြသဖြင့် လက်ထဲမှ သေနတ်ဖြင့် အန္တရာယ်ကောင်ကိုပစ်ခတ်ရန် အသင့်ပြင်ဆင်ကာ ရှာဖွေကြည့်လိုက်ကြသည်။

လားလား သစ်ငုတ်ဆွေး ဂလိုင်အတွင်းမှ ထွက်လာသည် ဧရာမမြွေကြီးကို တွေ့လိုက်ရသည်။ ရာယ်ဒမ်းခင်ကို အန္တရာယ်ပေးပြီးနောက် ကျွန်တော်တို့နှစ်ယောက်ကိုပါ ထပ်မံအန္တရာယ်ပြုရန်အတွက် တဖူးဖူးဖြင့် နှာမှုတ်ကာ ပါးပြင်းထောင် ရန်လိုနေသည့် ထိုမြွေကြီးကို လက်တွင်းမှသေနတ်တို့ဖြင့် ပြိုင်တူဒလစပ် ပစ်လိုက်ကြသည်။

“ဒိန်း – ဒိန်း – ဒိန်း”

“ဒိန်း – ဒိန်း – ဒိန်း”

ပါးပြင်းထောင် ရန်လိုနေသည့် မြွေကြီး၏ ဦးခေါင်းသည် ဖွာလန်ကျဲလွင့်စင်သွားကာ အရုပ်ကြိုးပြတ် ပုံလဲကျသွားလေသည်။ သေနတ်ကျည်ဒဏ်ကြောင့် သစ်မွှေးသစ်ငုတ်စတို့သည်လည်း ဘယ်ဆီရောက်သွားကြသည်မသိ။ ကြေမွထွက်သွားလေတော့သည်။

နှစ်ယောက်သား ရာယ်ဒမ်းခင်ထံသို့ စိုးရိမ်တကြီးပြေးသွားကြသည်။ ကျွန်တော်သည် ရာယ်ဒမ်းခင်ကိုပွေ့ထူလိုက်သည်။

သူ အသက်မရှူတော့။ ထိုမြွေကြီးကား အကိုက်ခံရသူသည် မိမိ၏အရိပ်ထက်ကျော်၍ ခြေမလှမ်းနိုင်ပဲ တုန်းကနဲ လဲကျသေဆုံးသွားနိုင်သည့် အဆိပ်ပြင်းလှသော တောကြီးမြွေဟောက်ပင် ဖြစ်ပေသည်။

ကျွန်တော်သည် ရာယ်ဒမ်းခင်၏ အသက်မရှိတော့သော ခန္ဓာကိုယ်ကြီးကို ပွေ့ပိုက်ချီမကာ လာလမ်းသို့ဖြေးလေးသောခြေလှမ်းများဖြင့် လျှောက်ခဲ့ပေတော့သည်။

တကယ်တော့ ရာယ်ဒမ်းခင်သည် သူ၏ မင်္ဂလာရှိသော လက်ထပ်ပွဲသို့ သူ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ ကျွန်တော့်အား လာစေချင်လွန်း၍ မရမက ခေါ်ခဲ့ပေသည်။

ယခုတော့ဖြင့် သူချစ်သော သူငယ်ချင်းက သူ့ချစ်သူနှင့် သူ့ကိုခွဲ၍ သေမင်းလက်တွင်းသို့ တကူးတကလာရောက်ကာ ဝကွက်အပ်နှံသွားသလို ဖြစ်နေချေပြီတကား။

“ဘယ်လိုဖြေသိမ့်ရပါ့မလဲသူငယ်ချင်းရယ်”

စမ်းသီတာ၊ အမှတ် ၅၊ ၁၉၉၃

– ပြီး –

စာရေးသူ – ကိုပိုက်
စာစီစာရိုက် – မုဆိုးတံငါစာပေများ

 

မုဆိုးတံငါစာပေများပေ့ချ်မှကူးယူဖော်ပြသည်