မုဆိုးလည်းသားကောင်

၊ အဲဒါမင်းလိုက်ခဲ့မလား”

အကိုကြီးစကားတောင်မဆုံးသေးဘူး ကျုပ်က အိပ်ရာထဲကနေ ငေါက်ခနဲကောက်ထိုင်လိုက်ပြီးပြီ။ အခုတလော အသားဓါတ်လိုနေတာကြာပြီဗျ၊ အိမ်မှာလည်း တစ်နေ့တစ်နေ့ ပဲဟင်း၊ ငရုတ်သီးထောင်း၊ ခရမ်းချဉ်သီးငါးပိချက်လောက်နဲ့ပဲ နှစ်ပါးသွားနေရတာ၊ အသားဆိုလို့ ငါးပိကောင်တို့၊ ငါးခြောက်တို့လောက်ပဲစားရတာဆိုတော့ အဆီဝင်းဝင်းနဲ့ အိအိစိုစိုယုန်သွားကို မျက်လုံးထဲမြင်ယောင်လာပြီးတော့ ငေါက်ခနဲကိုထိုင်လိုက်မိတာ။ ဒီလိုနဲ့ အကိုကြီးနဲ့ကျုပ်နဲ့ ညကြီးမင်းကြီး ယုန်လိုက်ထွက်ဖို့ ထလာခဲ့ကြပါရော။

အမဲလိုက်ဖို့အတွက်ကတော့ ပုဆိုးစုတ်တစ်ထည်ပုခုံးပေါ်တင်၊ လွယ်အိတ်ကြမ်းတစ်ယောက်တစ်အိတ်စီလွယ်ပြီး မှိန်းတစ်ယောက်တစ်ချောင်းကိုင်လိုက်ရင် ပြီးပါပြီ၊ အကိုကြီးကတော့ တစ်တောင်လောက်ရှိတဲ့ ဓါးမလေးခါးကြားမှာထိုးလိုက်တယ်၊ ညဆိုတော့ တစ်ခုကောင်းတာက ဦးထုပ်တွေဘာတွေယူစရာမလိုဘူး၊ မှိန်းကတော့ ယုန်ထိုးဖို့ပေါ့၊ ကျုပ်တို့အညာဘက်တော့ အိမ်တစ်အိမ်မှာ ယောက်ျားလေးဘယ်နှယောက်ရှိသလဲဆိုတာကို နံရံမှာထိုးထားတဲ့မှိန်းကြည့်ရင် သိနိုင်တယ်ဆိုပဲ၊ မှိန်းက လှံထက်သေးတယ်၊ မှိန်းအသွားက လှံသွားလိုငှက်ပြောဖူးပုံစံမဟုတ်ဘဲ တစ်ဖက်ကအဖြောင့် အသွားတစ်ဖက်ကတော့ အချွန်အလျှောပေါ့၊ အဲဒီအလျှောထိပ်မှာ သားကောင်ကိုစိုက်ပြီး ပြန်မထွက်လာနိုင်အောင်လို့ အထစ်ကလေးလုပ်ထားတယ်၊ အရင်ခေတ်က ပန်းပဲဖိုတွေဆိုရင် လှံသွားတင်မကဘဲ မှိန်းအသွားကိုပါ လုပ်ပြီးရောင်းတတ်တယ်၊ ခုခေတ်တော့ မှိန်းအသွားမပြောနဲ့ ပန်းပဲဖိုတောင် တစ်ရွာတစ်ဖိုမကျန်တော့ဘူး။

အဲဒီလိုလုပ်ထားတဲ့မှိန်းအသွားကို ဝါးလုံးထိပ်မှာတက်ပြီး သေချာချွန်နေအောင်သွေးထားရတယ်၊ တပ်ထားတဲ့ဝါးလုံးကလည်း သိပ်ကြီးကြီးမလိုဘူး၊ မှိန်းရဲ့သဘောက ကိုင်ပြီးထိုးတာထက် လက်တစ်ကမ်းအကွာလောက်ကို လှမ်းပြီးပစ်ကြတာများတယ်ဆိုတော့ လက်မလုံးလောက်ရှိတဲ့ ကြခတ်ဝါး၊ ကြစုဝါးရင့်ရင့်မာမာလောက်မှာ တပ်ထားကြတာများတယ်၊ ဝါးသိပ်ကြီးရင် လေးလို့ပစ်ရတာမလွယ်ဘူး၊ အလွန်ဆုံးရှိ ကျပ်စေ့လုံးလောက်ရှိတဲ့ ဝါးလုံးမှာတပ်ကြတာများတယ်။

အိမ်ကထွက်မယ်လုပ်တော့ အကိုကြီးက ကျုပ်ကိုတစ်ချက်ကြည့်ပြီး

“အလတ်ကောင်၊ ငါးတောင့်ထိုးယူခဲ့အုံးကွ”

“ဗျာ၊ ဖြစ်ပါ့မလားအကိုကြီးရာ”

“ဟ အလတ်ကောင်ရ လသာတယ်ဆိုပေမယ့် ဂျပ်ကြားမှာအမှောင်ကျတယ်မဟုတ်လား၊ ဓါတ်မီးပါတော့ ကောင်းတာပေါ့ကွာ၊ သွားယူစမ်းပါ”

ကျုပ်ခြေလှမ်းတွေလေးပြီး စိတ်ထဲတစ်မျိုးကြီးဖြစ်နေမိတယ်၊ ခင်ဗျားတို့တော့ အဲဒီလိုဖြစ်ဖူးကြသလားမသိဘူး၊ ကျုပ်ကတော့ တစ်ခုခုမကောင်းတာဖြစ်တော့မယ်ဆိုရင် အဲဒီလိုခံစားချက်ကြီး အမြဲခံစားရတယ်၊ ဒါနဲ့ အကိုကြီးဘက်ကိုလှည့်လိုက်ပြီး

“အကိုကြီး၊ အဲဒါယူမှဖြစ်မှာလားဗျာ၊ ကျုပ်စိတ်တွေလေးနေတယ်နော်”

“အလတ်ကောင်ရာ၊ ဒီအတိုင်းယူလိုက်ရင်ပြီးပြီကို မင်းလုပ်နေတာနဲ့ အကုန်နိုးကုန်တော့မှာပဲ၊ မင်းမလိုက်ချင်ရင်နေခဲ့ ငါယုန်ရလာရင် မင်းမစားနဲ့ဟုတ်ပြီလား”

စိတ်ထဲလေးနေတယ်ဆိုပေမယ့် အကိုကြီးပြောတဲ့ယုန်သားဆိုတဲ့အသံကြားလိုက်ရတဲ့အချိန် ယုန်ကိုမီးကင်တဲ့အနံ့က နှာခေါင်းထဲအလိုလိုဝင်လာပြီး အိမ်ပေါ်ကိုအော်တိုပြေးတက်သွားတာပဲဗျာ။ ငါးတောင့်ထိုးဆိုတာ ဓါတ်မီးကိုပြောတာဗျ၊ ကျုပ်တို့ဘက်တော့ တစ်ချို့က တုတ်မီးလို့ခေါ်ကြတယ်၊ သတ္တုနဲ့လုပ်ထားပြီးတော့ ပြောင်လက်နေတဲ့ ဓါတ်မီးကြီးပေါ့၊ အထဲကို ဓါတ်ခဲအကြီးငါးလုံးတိတိထိုးရတာမို့လို့ ငါးတောင့်ထိုးလို့ပဲခေါ်ကြတယ်၊ ဒီဓါတ်မီးက ရွာမှာတောင် သုံးလုံးလာရှိတာ၊ အဖေ့ကိုရန်ကုန်က ဦးဆိုနီပေးထားလို့ အိမ်မှာရှိတာဗျ၊ အဖေက သူ့ဓါတ်မီးကိုသူ သိပ်တန်ဖိုးထားတာ၊ ဓါတ်ခဲကလည်း ဝယ်ရခက်တာကိုး၊ တော်ရုံဆို သူ့ဓါတ်မီးသွားကိုင်ရင် ကြိုက်တာမဟုတ်ဘူး။ ရွာမှာညရေးညတာအရေးအကြောင်းရှိရင် ဓါတ်မီးက တကယ်အားကိုးရတာကိုးဗျ။

အဖေတို့အခန်းထဲကို မဝင်သေးဘဲ အခန်းဝက လိုက်ကာကိုအသာလှန်ပြီးချောင်းကြည့်လိုက်တယ်၊ အညာဘက်ကအိမ်တွေတော်တော်များများက အိမ်အတွင်းခန်းဆိုရင် တံခါးမတပ်ဘဲ လိုက်ကာခန်းဆီးလောက်ပဲ တပ်ကြတာထုံးစံပဲကိုး၊ အခန်းတံခါးကလည်းပိတ်ထားပြန် အဖေတို့ကလည်း စြစ်ခင်ထောင်အစိမ်းနဲ့အိပ်တာဆိုတော့ ဘာပြောရကောင်းမလဲ ဘာမှကိုမမြင်ရဘဲ မှောင်ပိန်းနေတာပေါ့၊ ဒါနဲ့ ခြင်ထောင်ကိုလက်နဲ့အသာလှန်ပြီး အဖေတို့ကုတင်ပေါ်ကိုစမ်းရတယ်။

ကုတင်ဒီဘက်ခြမ်းမှာအမေကအိပ်တယ်၊ ဗမာယောက်ျားတွေက မိန်းမကိုညာဘက်မှာ မထားအိပ်ကြဘူးဆိုတော့ အမေက ကုတင်ဒီဘက်မှာပေါ့၊ အဖေကတော့ ထရံဘက်ခြမ်းကပ်အိပ်တယ်၊ အမေက မနက်ဆိုအစောကြီးထပြီး အလုပ်တွေလုပ်ရတာဆိုတော့ အတက်အဆင်းဘက်ပဲအိပ်တာ အဆင်ပြေတာတစ်ကြောင်းပေါ့၊ ကုတင်ဘေးကနေ အမေ့ကိုခေါင်းကိုကျော်ပြီး လက်နဲ့အသာနှိုက်ရတယ်၊ အဖေက သူ့ဓါတ်မီးကို ခေါင်းအုံးနားယူအိပ်တတ်တာဆိုတော့ လက်နဲ့အသာလိုက်စမ်းနေရတယ်။

ခေါင်းအုံးနှစ်ခုကြားအရောက်တော့ အေးစက်စက်အရာတစ်ခုကိုစမ်းမိတယ်ဗျ၊ လူကြီးလက်ကောက်ဝတ်လောက်ရှိပြီး ပြောင်ချောချောနဲ့၊ ဓါတ်မီးကိုယ်ထည်က သတ္တုနဲ့လုပ်ထားတာဆိုတော့ အေးတယ်လေဗျာ၊ ကျုပ်သေချာစမ်းကြည့်တောာ့ အရှည်ကလည်း တစ်ပေလောက်ရှိတယ်၊ ဒါနဲ့ဟုတ်ပြီဆိုပြီးတော့ ဓါတ်မီးကိုအသာဆွဲယူရတယ်။ ဖြစ်ချင်တော့ ဓါတ်မီးထိပ်ဘက်က ခေါင်းအုံးအောက်ရောက်နေတယ်ဗျာ၊ ဖြည်းဖြည်းချင်းဆွဲတာ ပါမလာဘူး၊ ဒါနဲ့အားထည့်ပြီးတော့ ခပ်ဆတ်ဆတ်ဆောင့်ဆွဲလိုက်ကာမှ လက်ထဲပါလာတယ်၊ အမေကနိုးတော့မလိုဖြစ်ပြီး တအင်းအင်းနဲ့ထညည်းပါရော၊ ကျုပ်ဖြင့် ကြောက်လိုက်တာပြောမနေပါနဲ့ ဓါတ်မီးကိုလွယ်အိတ်ထဲထိုးထည့်ပြီး အိမ်ပေါ်ကနေခပ်မြန်မြန်ပြေးဆင်းလာခဲ့တယ်၊ အကိုကြီးက လှေကားရင်းမှာ မျှော်လင့်တကြီးနဲ့ ကျုပ်ကိုစောင့်ကြည့်နေတယ်။ ကျုပ်ဆင်းလာတာမြင်တော့

“ဘယ်လိုလဲအလတ်ကောင်၊ ရခဲ့လား”

“ရခဲ့ပြီအကိုကြီးရေ လာလာ မြန်မြန်လစ်ရအောင်”

အကိုကြီးနဲ့ကျုပ်နဲ့ အိမ်ပေါ်ကနေအပြေးတစ်ပိုင်းနဲ့ဆင်းလာခဲ့တော့ အိမ်တိုင်မှာကပ်ထားတဲ့နာရီကြီးက ညဆယ့်နှစ်နာရီတိတိကိုညွှန်ပြနေပါရော။

(၂)

ဂျပ်ကြားဆိုတဲ့နေရာက အနောက်ဘက်တောင်ရိုးရဲ့ တောင်ဘက်နားလောက်မှာရှိတာဗျ၊ တောင်ရိုးပေါ်ကစီးလာတဲ့ တောင်ကျချောင်းကလေးက ကျောက်ချပ်ကြီးနှစ်ချပ်ကြားကနေ ဆင်းလာလို့ အဲဒီနေရာကို ဂျပ်ကြားလို့ခေါ်တာ၊ ကျောက်ချပ်ကြီးက အဝင်မှာ လူကြီးခါးစောင်းလောက်မြင့်ပေမယ့် ဆက်ဝင်သွားရင် လူကြီးတစ်ရပ်နှစ်ရပ်စာလောက်အထိမြင့်သွားတတ်တယ်။

ရွာကနေခြေသွက်သွက်နဲ့ထွက်လာခဲ့ကြတယ်၊ ရွာပြင်မှာ လူတစ်ယောက်တစ်လေမှ ရှိပုံတောင်မရပါဘူးဗျာ၊ ပုံမှန်ဆိုရင် ညသန်းခေါင်ကြီး ရွာပြင်ထွက်ပြီး တောင်ရိုးဘက်သွားရမှာကို တွေးကြောက်နေမှာဆိုပေမယ့် အခုကတော့ ယုန်သားစားရမယ်ဆိုတဲ့ဇောကြောင့် ညီအကိုနှစ်ယောက် ခြေလှမ်းသွက်သွက်နဲ့သွားလိုက်ကြတာ နာရီဝက်လောက်ကြာတော့ ဂျပ်ကြားနားကိုရောက်လာတယ်၊ ပတ်ဝန်းကျင်တစ်ခုလုံးကလည်း လရောင်ကြောင့် နေ့ခင်းကြီးလိုလင်းထိန်နေတာပါပဲဗျာ။

ဂျပ်ကြားအဝင်ဝကနေ လှမ်းကြည့်လိုက်တော့ တစ်ချို့နေရာတွေက ပိန်းပိတ်အောင်မှောင်နေပြီးတော့ တစ်ချို့နေရာတွေမှာတော့ လရောင်က ကွက်တိကွက်ကြားသာနေတယ်၊ အကိုကြီးနဲ့ဂျပ်ကြားထဲလျှောက်လာရင်း ရေခန်းစပြုနေတဲ့ရေအိုင်လေးတွေ ဟိုတစ်ကွက် ဒီတစ်ကွက်တွေ့ရသေးတယ်၊ နှစ်ယောက်သားလျှောက်လာရင်းနဲ့ ဂျပ်ကြားအဝကျဉ်းတဲ့နေရာရောက်ခါနီးတော့ မှောင်အတိကျနေတယ်၊ အကိုကြီးက အမှောင်ကျနေတဲ့နေရာမရောက်ခင်မှာပဲ

“ကဲ အလတ်ကောင်၊ အရှေ့မှာမှောင်တယ်ဟေ့၊ ငါးတောင့်ထိုး ထုတ်လိုက်စမ်းကွာ”

အကိုကြီးပြောလိုက်တာနဲ့ ကျုပ်လည်းလွယ်အိတ်ထဲကို လက်နှိုက်လိုက်ပြီး အေးစက်စက်အထိအတွေ့နဲ့ ဓါတ်မီးကြီးကိုဆွဲထုတ်လိုက်တယ်။ ပြီးတော့ ဓါတ်မီးထွန်းဖို့ ခလုပ်ကိုစမ်းရှာပေမယ့် ဓါတ်မီးတစ်ခုလုံးမှာ ခလုပ်ကိုတွေ့တောင်မတွေ့ဘူးဗျာ၊ ကျုပ်ဖြင့်လက်နဲ့အပေါ်ဘက်စမ်းလိုက်အောက်လက်စမ်းလိုက်လုပ်နေတုန်း အကိုကြီးက စိတ်မရှည်ဘဲ

“ဟေ့အလတ်ကောင် ဓါတ်မီးထိုးလေကွာ”

“ဟို . . . ဟိုလေအကိုကြီး ဓါတ်မီးက ခလုပ်မပါဘူး”

“ဟေ၊ ဟုတ်ရဲ့လားအလတ်ကောင်ရာ၊ ခလုပ်မပါတဲ့ ဓါတ်မီးဆိုတာ ရှိမလားကွ၊ ဒါလေးခိုင်းတာ အသုံးကိုမကျဘူး၊ ပေးစမ်း ဓါတ်မီး”

အကိုကြီးက ကျုပ်လက်ထဲက ဓါတ်မီးကိုဆွဲလုသွားတယ်၊ ပြီးတော့ သူလည်းစမ်းကြည့်ပုံရတယ်၊ နောက်တော့ တော်တော်ကြာအောင်စမ်းရင်း

“အေးဟုတ်တယ်ကွ၊ ဓါတ်မီးက ခလုပ်မပါပါလား”

“ကျုပ်ပြောသားပဲအကိုကြီးရာ”

“နေအုံးအလတ်ကောင် မင်းဓါတ်မီးက ထိပ်ဘက်ကလည်းအချွန်ကြီး၊ အောက်ဘက်ကလည်း အချွန်ကြီးနော်ကွ၊ မင့်ဟာက ဟုတ်ရောဟုတ်ကဲ့လား”

အကိုကြီးက အထူးအဆန်းပြောတာနဲ့ ကျုပ်တို့ညီအကိုနှစ်ယောက် လရောင်ကျနေတဲ့နေရာကို ပြန်လျှောက်သွားပြီး လရောင်ထဲကြည့်လိုက်တော့မှ ကျုပ်ယူလာတာ ဓါတ်မီးမဟုတ်ဘဲ တစ်တောင်လောက်ရှိတဲ့ သခွားသီးကြီးတစ်လုံးဖြစ်နေသဗျာ၊ လုံးပတ်ကလည်း လူကြီးလက်ကောက်ဝတ်လောက်ရှိတယ်။ ညီအကိုနှစ်ယောက် သခွားသီးကြီးကိုကြည့်ပြီး တော်တော်ထူးဆန်းနေတာဗျ။

“အလတ်ကောင် ခွေးမသား၊ မင်းကိုဓါတ်မီးယူခိုင်းတာ ဘယ်လိုလုပ်ပြီး သခွားသီးကြီးယူချလာတာလည်း”

အကိုကြီးထက် ပိုပြီးထူးဆန်းနေတာက ကျုပ်ဗျ၊

“မဟုတ်ဘူးအကိုကြီး၊ ကျုပ်အဖေတို့ခြင်ထောင်ကိုအသာလှန်ပြီး သေသေချာချာစမ်းယူခဲ့တာပါဗျာ၊ ဘယ်လိုလုပ်ပြီး သခွားသီးကြီးဖြစ်နေတာလဲ”

“အေးကွ၊ ဒါဆို အဖေတို့က ခြင်ထောင်ထဲကို ဘာဖြစ်လို့ သခွားသီးကြီးထည့်အိပ်တာများလဲ”

“အိုဗျာ၊ ညတစ်ရေးနိုးဗိုက်တွေဘာတွေဆာရင် ထစားဖို့နေမှာပေါ့”

အကိုကြီးက ကျုပ်ခေါင်းကိုလက်ထဲကိုင်ထားတဲ့ မှိန်းတံနဲ့ခေါက်ရင်း

“ခွေးကောင်၊ ဗိုက်ဆာရင်ထမင်းကြမ်းထစားမှာပေါ့ကွ၊ ငါတို့အိမ်မှာ ထမင်းကြမ်းတွေ၊ ငါးပိကြော်၊ ပဲကြော်ဆိုတာ အချိန်မရွေးရှိနေတာပဲဥစ္စာ၊ ညနက်သန်းခေါင် ဘယ်သူက သခွားသီးထပြီး တဂျွတ်ဂျွတ်နဲ့ကိုက်မှာလဲကွ”

“ဟုတ်ပဗျာ၊ ကျုပ်ဖြင့် စဉ်းတောင်မစဉ်းစားတတ်တော့ဘူး”

“သခွားသီး အိပ်ရာထဲယူအိပ်တာကတော့ ငါတို့လိုက်ကိုမမှီတော့ဘူးဟေ့၊ နက်နဲသွားပြီ တအားကိုနက်နဲသွားပြီကွ”

“ကဲ အခုဘယ်လိုလုပ်ကြမလဲအကိုကြီး”

“ဒီရောက်မှာတော့ ပြန်မနေတော့ဘူးကွာ၊ အမှောင်ထဲမသွားခင် တုတ်နဲ့မြေကြီးကို ခြောက်လှန့်ရိုက်ပုတ်ပြီး ဆက်သွားကြမယ်၊ ဂျပ်ကြားခလယ်လောက်မှာ ဒီအချိန်ဆို ယုန်တွေထနေလောက်ပြီကွ”

အကိုကြီးနဲ့ကျုပ်နဲ့ ခရီးဆက်ခဲ့ကြတယ်၊ အမှောင်ထဲကို ခြောက်လှန့်ပြီးမှ ဆက်သွားရတယ်၊ ဘာလို့လဲဆိုတော့ ညဘက်ပူအိုက်တဲ့အချိန်ဆို တွင်းအောင်းသတ္တဝါတွေထွက်လာတာ ထုံးစံပဲကိုး၊ အဆိုးဆုံးကတော့ မြွေဆိုးတွေပေါ့။ ဒီလိုခြောက်လှန့်လာရင်း ခလယ်လို့လူတွေခေါ်တဲ့နေရာရောက်တော့ ဂျပ်ကြားတစ်ဖက်က နိမ့်ဆင်းသွားပြီး အဲဒီမှာ မြက်ပင်တွေ သစ်ပင်တွေပေါက်နေကြတယ်၊ တောင်ကျချောင်းကလေးက မခမ်းသေးတဲ့ရေအိုင်ကလေးကလည်း လခြမ်းကွေးကလေးလို ဖြစ်နေပြီး လရောင်က ရေမျက်နှာပြင်ကိုရောင်ပြန်ဟပ်လို့ ဂျပ်ပြားပေါ်မှာတောင် အလင်းရောင်တွေတလက်လက်နဲ့ဖြစ်နေပါရော၊ အကိုကြီးက သွားနေရာကနေရပ်လိုက်ပြီး မုဆိုးထိုင်ထိုင်ချလိုက်တယ်၊ ပြီးတော့ ရေအိုင်ဘေးကိုလက်ညှိုးထိုးပြလိုက်တော့ ယုန်ကြီးနှစ်ကောင်က ရေသောက်ဆင်းရင်း ရေအိုင်ဘေးနားက ကျောက်ပြားချပ်တစ်ခုပေါ်မှာ ကခုန်နေကြတယ်။

မုဆိုးလသာ တံငါလမိုက်ဆိုတဲ့စကားက အလကားတော့မဟုတ်ဘူးဗျ၊ အခုလိုလသာတဲ့ညတွေဆို တောကောင်တွေက လရောင်ထဲထွက်ပြီး ကခုန်တတ်ကြတယ်၊ ပျော်မြူးတတ်ကြတယ်၊ ဒီထဲ ယုန်ဆိုတဲ့အကောင်က အဆိုးဆုံးပေါ့၊ ဒါကြောင့်လည်း အကိုကြီးက အိပ်မပျော်တာနေမှာ၊ ယုန်ဆိုတဲ့သတ္တဝါက ညမှအစာရှာထွက်တတ်တာကိုး၊ ဒါကြောင့် ယုန်ထောင်မယ့်လူ ယုန်လိုက်မယ့်လူက ညမှထွက်ကြတာ၊ ယုန်က တစ်ညလုံးအစာရှာထွက် သစ်ဥသစ်ဖုတွေ မြက်တွေစားသောက်ပြီး တစ်နေ့လုံးတွင်းထဲပြန်အိပ်တဲ့အကောင်ဗျ၊ ယုန်တွင်းဆိုတာ တော်ရုံလူမတွေ့အောင် တူးထားပြီး တွင်းတွေ့ရင်လည်း တွင်းထဲအိပ်နေတဲ့ယုန်ကို ဖမ်းလို့မလွယ်ဘူး။ ဒါကြောင့်မို့လို့ အခုလိုအစာရှာထွက်လာတဲ့ညအချိန် စောင့်ဖမ်း စောင့်ထောင်တာအကောင်းဆုံးပဲ။

“ယုန်ကြီးက နည်းတာကြီးမဟုတ်ဘူးကွာ”

အကိုကြီးက လေသံလေးနဲ့ပြောတယ်၊ ယုန်က အဖိုအမနှစ်ကောင်ဗျ၊ ကျုပ်အထင်တော့ မြက်ပင်အမြစ်တွေစားပြီး ရေဆင်းသောက်ရင်း လရောင်တွေ့လို့ ကခုန်နေကြတဲ့ပုံပဲ၊ ရေမျက်နှာပြင်ကို ရောင်ပြန်ဟပ်တဲ့လရောင်ကလည်း တလက်လက်နဲ့တောက်ပနေတာဆိုတော့ ယုန်လင်မယားနှစ်ယောက် သူတို့ကိုယ်သူတို့ နိုက်ကလပ်ရောက်နေတယ်များ မှတ်နေသလားမသိပါဘူးဗျာ။

ယုန်အထီးကြီးက နှစ်ပိဿာလောက်ရှိမယ့် ယုန်ညိုကြီးဗျ၊ ယုန်အမကတော့ နည်းနည်းသေးတယ်၊ တစ်ပိဿာလောက်ပဲရှိမယ်၊ အကိုကြီးက မှိန်းကိုအသင့်ကိုင်လိုက်ပြီးတော့ ယုန်ထီးကြီးကိုလှမ်းချိန်လိုက်တယ်၊ ကျုပ်ကတော့ ယုန်အမဘက်ကို ချိန်လိုက်ရတာပေါ့၊ ပစ်ကွင်းက နည်းနည်းဝေးနေလို့ အနီးရောက်အောင် တဖြည်းဖြည်းချင်းတိုးကပ်လာခဲ့တယ်၊ ယုန်လင်မယားက ကျုပ်တို့ကိုသတိမထားမိဘဲ ကကောင်းနေတုန်းရှိသေးတယ်၊ ယုန်လင်မယားနဲ့ ဆယ့်ငါးပေလောက်အကွာရောက်တော့ ယုန်တွေက နှာခေါင်းတလှုပ်လှုပ်နဲ့ဖြစ်လာပြီးတော့ ကခုန်နေရင်း မတ်တပ်ရပ်ပြီးငြိမ်သွားတယ်၊ နားရွက်ကိုအနောက်မှာစုပြီး အနံ့ခံနေပုံထောက်တော့ လူတွေရောက်လာတယ်ဆိုတာကို သိသွားတဲ့ပုံပဲ၊ ပြီးတာနဲ့ တစ်ခါတည်းလှည့်ပြီး ပြေးကြတာပါပဲ၊ အကိုကြီးက ခုန်ဆွခုန်ဆွပြေးနေတဲ့ ယုန်ထီးကြီးကိုသေချာချိန်ပြီးတော့ မှိန်းတံကိုလှမ်းပစ်ထည့်လိုက်တယ်၊ အကိုကြီးမှိန်းတံက ယုန်ထီးကြီးရဲ့ဇက်ပိုးကို စွပ်ခနဲစိုက်သွားပြီးတော့ ယုန်ထီးက ရှေ့ကျွမ်းတစ်ချက်ပစ်ပြီး သေပါရော။

“အလတ်ကောင် ပစ်လကွာ”

ကျုပ်လည်း ယုန်မကိုသေသေချာချာချိန်ပြီး မှိန်းတံကို အားကုန်လှမ်းပစ်ထည့်လိုက်တော့တယ်။ ဒါပေမယ့် ကျုပ်က အကိုကြီးလောက်လက်မတည့်တော့ ယုန်မက အခုန်မှာ မှိန်းတံက ခေါင်းပေါ်ကနေဖြတ်ကျော်ပြီး အနောက်ဘက်က ချုံပုတ်ထဲကို ဝင်သွားပါရော၊ ယုန်မကတော့ မျက်စိရှေ့တင်ပဲ လေးငါးချက်ခုန်ပြီး မြက်တောထဲကိုဝင်သွားတော့တယ်။

“တောက်၊ အလတ်ကောင်ရာ အိမ်ကထိပ်ဖြူကိုခေါ်လာရင်တောင်မှ ယုန်မကို မိရင်မိအုံးမှာကွ၊ မင်းခေါ်လာကာမှ ငါးပါးမှောက်တာပဲ”

“ဒါကတော့ဗျာ၊ ကျုပ်က ဘုရားတရားနဲ့နေတဲ့လူဆိုတော့ အကိုကြီးလုပ်သလို အကုသိုလ်အလုပ်တွေနဲ့ အကျိုးမပေးဘူးဗျ၊ ကျုပ်တို့က ယုန်ကိုဟင်းစားအဖြစ်လိုက်တယ်ဆိုပေမယ့် ပါဏာတိပတ် သူ့အသက်သတ်တာပဲမဟုတ်လား”

“အေးပါ၊ ပါဏာတိပတ်ဆိုရင်လည်း ဒီယုန်ကိုချက်ရင် မင်းမစားနဲ့”

“အဲလိုတော့မလုပ်နဲ့လေ အကိုကြီးရာ၊ အိမ်သားတွေပဲဗျ၊ အတူတူညီတူညီမျှ ခွဲဝေစားသောက်ရမှာပေါ့ မဟုတ်ဘူးလား”

အကိုကြီးက ကျုပ်ကိုတစ်ချက်ကြည့်ရင်း ယုန်ကြီးဆီကိုလိုက်သွားတယ်၊ ယုန်ကြီးကိုကောက်လိုက်ရင်း နားရွက်နှစ်ဖက်ကို ကြိုးတစ်ချောင်းနဲ့ချည်ပြီးတော့ မှိန်းတံမှာချည်ပြီး မှိန်းတံကိုထမ်းလိုက်တယ်။

“နည်းတဲ့အကောင်ကြီးမဟုတ်ဘူးကွ၊ မနက်ဖြန်တော့ ယုန်သားဟင်းတစ်နပ်စာ စားရပြီဟေ့”

ကျုပ်လည်း ကျုပ်ကျသွားတဲ့မှိန်းအနောက်လိုက်ခဲ့တယ်၊ မြေမှာစိုက်နေတဲ့ မှိန်းတံကိုဆွဲအနှုတ်မှာ မှိန်းတံထိပ်မှာ မည်းမည်းရှည်ရှည် မြွေကြီးတစ်ကောင်က လိမ်ပတ်ပြီးပါလာတယ်၊ ကျုပ်ဖြင့်လန့်ပြီး မှိန်းတံကို ပစ်ချလိုက်မိတယ်၊ သေချာကြည့်လိုက်တော့မှ မြွေကြီးရဲ့ခေါင်းတည့်တည့်ကိုကျုပ်မှိန်းတံက ဖောက်ဝင်နေပြီးတော့ ထုတ်ချင်းပေါက်နေတာ၊ မြွေကိုယ်က မသေသေးဘဲ လူးလွန့်နေတုန်းရှိသေးတယ်။ ကျုပ်လည်း ဝမ်းသာအားရနဲ့ မှိန်းတံကိုင်ပြီး အကိုကြီးဆီပြေးလာခဲ့တယ်။

“အကိုကြီးရေ ဟင်းစားရပြီဗျို့”

အကိုကြီးအရှေ့ကို မှိန်းတံပစ်ချလိုက်တော့ အကိုကြီးက မြွေကိုတွေ့ပြီး လန့်ပြီးတော့ခုန်တောင်ခုန်သွားတယ်။

“အကိုကြီးပဲ ယုန်ရတာမဟုတ်ပါဘူးဗျ၊ ကျုပ်လည်း မြွေရခဲ့ပါတယ်၊ မြွေသားဟင်းစားလို့ရတာပေါ့”

အကိုကြီးက မြွေကိုသေချာကြည့်ပြီး

“မင်းမြွေက တောကြီးမြွေဟောက်လား၊ ငန်းနက်လား၊ ငန်းပုတ်လား တစ်ခုခုတော့တစ်ခုခုပဲကွ၊ နေစမ်းပါအုံး မင်းကဘယ်လိုရခဲ့တာလဲ”

“ဒီအတိုင်းမြက်တောထဲသွားပြီး မှိန်းသွားကောက်ရင်းကနေ မြွေရဲ့ခေါင်းကိုမှိန်းထိပ်က ထုတ်ချင်းပေါက်စိုက်နေတာတွေ့လိုက်ရတာပဲ”

“ဒီမြွေလည်း ကံဆိုးပါတယ်ကွာ၊ အိမ်ကထွက်လာတော့ ဘုရားရှိခိုးမလာဘူးထင်တယ်ကွ၊ မင်းလို့ ဘယ်ပစ်ရင်ညာရောက်တဲ့ကောင်ရဲ့ မှိန်းချက်မှာ ထိသေရတယ်ဆိုတော့ တော်တော်အကုသိုလ်ကြီးလို့နေမှာ”

“ဟာဗျာ၊ အကိုကြီးကမှ မြင်နေရတဲ့ပစ်မှတ်ကိုပဲ ထိအောင်ပစ်နိုင်တာနော်၊ ကျုပ်က မမြင်ရတဲ့ ချုံထဲကမြွေရဲ့ ခေါင်းကိုထိအောင်ပစ်နိုင်တယ်ဆိုတာ နည်းနည်းနောနောအရည်အချင်းလား”

“အေးပါအလတ်ကောင်ရာ၊ မင်းအရည်အချင်းကိုတော့ ငါယုံပါတယ်၊ ဘယ့်နှယ့် ဓါတ်မီးမှန်းမသိ သခွားသီးမှန်းမသိဘဲ ယူချလာတဲ့ကောင်ကများ”

“ဒါနဲ့ မြွေကြီးယူမသွားဘူးလား”

“ဟ မင်းမြွေက အဆိပ်ပြင်းတဲ့မြွေကွ၊ ဒီမြွေမျိုးဟာ မကိုင်တွယ်တတ်ရင် စားတဲ့လူအဆိပ်သင့်ပြီးသေစေတယ်၊ မစားတာကောင်းပါတယ်အလတ်ကောင်ရာ၊ အစားမတော်တစ်လုတ်တဲ့၊ မင်းမြွေစားပြီး တစ်အိမ်သားလုံး နိဗ္ဗာန်ရောက်သွားပါအုံးမယ်”

အကိုကြီးပြောတာနဲ့ မှိန်းဖျားမှာစွပ်နေတဲ့မြွေကြီးရဲ့ခေါင်းကို ခြေထောက်နဲ့နင်းဖြုတ်ပြီး ဒီအတိုင်းထားခဲ့လိုက်တာပေါ့။ အသွားမှာသာ ဇောနဲ့သွားပေမယ့် အပြန်ကျတော့ နည်းနည်းမောလာပြီဗျ၊ ည နှစ်နာရီလောက်တော့ ရှိပြီထင်တာပဲ၊ အကိုကြီးက ယုန်ထမ်းရင်း

“အလတ်ကောင်ရာ သွားရင်းလာရင်း ဗိုက်ဆာလာသလိုပဲ”

“ဟာ မပူနဲ့အကိုကြီး၊ ဒီအတွက်မပူနဲ့ ဟောဒီမှာ သခွားသီးပါတယ်”

ကျုပ် လွယ်အိတ်ထဲက သခွားသီးကြီးထုတ်လိုက်ပြီး ညီအကိုနှစ်ယောက် တစ်ယောက်တစ်ကိုက် ကိုက်ပြီး ပြန်လာခဲ့ကြတယ်၊ သခွားသီးက အရည်ရွမ်းပြီးတော့ ကြွပ်ကြွပ်ရွရွနဲ့မို့ စားလို့ကောင်းချက်ပဲဗျာ၊

(၃)

ညကအိပ်ရေးပျက်ထားတော့ မနက်တော်တော်နဲ့မထနိုင်ပါဘူး၊ အိပ်ရာနိုးတော့ ကိုးနာရီတောင်ထိုးတော့မယ်ဗျ၊ အိမ်အောက်ဆင်းလာတော့ အနံ့တစ်မျိုးရတယ်၊ အဲဒါကတော့ ယုန်သားဆီပြန်အနံ့ပဲ၊ ယုန်သားဟင်းဆိုတာ ဆီပြန်ချက်စားရင် အနံ့ကတစ်မျိုးကလေးနဲ့ သိပ်မွှေးတာဗျ။ အဖေက ရေနွေးကြမ်းသောက်နေရင်း

“အလတ်ကောင် နိုးပြိလား၊ ညက မင်းတို့ညီအကို ယုန်သွားလိုက်တယ်ဆိုကွ”

“ဟုတ်တယ်အဖေ၊ အကိုကြီးပေါ့ လသာညမှာ အိပ်မရလို့ဆိုပြီး ယုန်သွားလိုက်တာ”

“အေး၊ မင်းတို့လည်း အိပ်ရေးပျက်ပြီးပင်ပန်းကြတယ်၊ ဒီနေ့တော့ယာထဲမဆင်းကြနဲ့ဟေ့၊ ယာထဲလည်း အပင်တွေက ကြီးနေပြီဆိုတော့သိပ်ပြီးလုပ်စရာမရှိတော့ပါဘူး”

အဖေကလည်း ယုန်သားသိပ်ကြိုက်တဲ့လူဗျ၊ အခု သူကြိုက်တဲ့ဟင်းစားရတော့မယ်ဆိုတော့ ကျုပ်တို့အပေါ်စိတ်ကောင်းဝင်နေတဲ့ပုံပဲ၊ ဒါနဲ့ ညက သခွားသီးကိစ္စကို မေးဖို့သတိရသွားတယ်။

“အော်၊ ဒါနဲ့အဖေ ညက အဖေတို့အိပ်ရာထဲမှာ ဘာဖြစ်လို့ သခွားသီးကြီးထည့်အိပ်ကြတာလဲ”

အဖေက မျက်နှာတစ်ချက်ပျက်သွားပြီး

“အဲဒါ မင့်အမေပစ္စည်းကွ၊ ဘာလုပ်တာလဲသိချင်ရင်တော့ မင်းအမေကိုသွားမေးကွာ”

ပြဿနာပဲဗျာ၊ ကျုပ်ကလည်း သိချင်တာမနေနိုင်တော့ဘူး၊ ဒါနဲ့ မီးဖိုချောင်ထဲဝင်လိုက်ရင်း သွားတိုက်ဖို့ဆားနှိုက်ရင်းကနေ အမေ့နားကပ်ပြီး

“အမေ၊ အမေ့အိပ်ရာထဲ ဘာဖြစ်လို့သခွားသီးကြီးထည့်အိပ်တာလဲဗျာ”

အမေက အထူးအဆန်းမျက်လုံးနဲ့ ကျုပ်ကိုလှည့်ကြည့်ပြီး

“ဟဲ့ အလတ်ကောင်၊ အဲဒီ သခွားသီးကိစ္စ နင်ဘယ်လိုသိတာလဲ၊ ဘယ်သူတွေရော သိထားသေးလဲ”

“ဘယ်သူမှ မသိပါဘူးဗျာ၊ ပြောမှာသာပြောစမ်းပါအမေရာ၊ အိပ်ရာထဲ သခွားသီးဘာယူလုပ်တာလဲ”

“ဟိုနေ့က ထောက်ရှာရိုးရွာက အမျိုးတွေလာတော့ ငါ့အတွက်ဗေဒင်တွက်ပေးရင်း ဒီလထဲ အသက်အန္တရာယ်ကြုံကိန်းမြင်တယ်ဟောလိုက်လို့ ယကြာခြေတဲ့အနေနဲ့ မကောင်းတာတွေထွက်သွားအောင် သခွားသီးတစ်လုံးကို ခေါင်းအုံးအောက်ထည့်အိပ်ပြီးတော့ နောက်တစ်နေ့မနက်မှာ ငါ့ဒဏ်နင်ခံလို့ပြောရင်း ဖနောင့်နဲ့ပေါက်ပြီး နင်းချေရမယ်ဆိုတာပဲ၊ ဒါနဲ့ ထူးဆန်းတာက ညတုန်းက ငါ့ခေါင်းအုံးအောက်ထည့်အိပ်တဲ့ သခွားသီးက ပျောက်ချင်းမလှပျောက်သွားတာပဲအလတ်ကောင်ရဲ့၊ ဗေဒင်ဆရာပြောသလို အဖျက်အမှောင့်တွေဘာတွေများ ဝင်နေပြီလားမသိပါဘူး”

အမေ့စကားကြားတော့မှ ကျုပ်ရှင်းသွားတော့တယ်၊ ဒါပေမယ့် ကျုပ်ယူသွားတာများသိရင် မိုးမီးလောင်မှာစိုးတာနဲ့ မသိချင်ယောင်ဆောင်ပြီး မီးဖိုထဲကနေထွက်လာခဲ့လိုက်တော့တယ်။ အဲဒီနေ့ နေ့လည်တော့ အိမ်မှာလူစုံလို့ဗျ၊ နေ့လည်စာကို ယုန်သားဟင်းနဲ့ လူစုံတက်စုံစားကြတယ်၊ ယုန်သားဟင်းဆီပြန်အချိုကလေးချက်ပြီး ဆီးဖြူသီးထောင်းဆီဆမ်းလေးနဲ့ ဖရုံညွန့်ဟင်းခါးလေးချက်တော့ စားလို့ကောင်းလိုက်တာမှ ထမင်းတွေဆိုရင် ထောင်းသွင်းသလိုကိုဝင်တာ၊ အမေက အလိုက်တသိနဲ့ထမင်းပိုချက်ထားလို့သာပေါ့၊ ထမင်းစားပြီးတော့ အစာကြေအောင် ထန်းဖိုထန်းလျက်ခဲကလေးကိုက်ရင်း အိမ်ရှေ့ကွပ်ပျစ်မှာ ထမင်းလုံးစီနေမိတယ်။

ဒီအချိန် ကာလသားကိုမြင့်က ခြံထဲဝင်လာရင်း

“ဟ အလတ်ကောင်တို့ စားပြီးပြီလားကွ၊ ဘာဟင်းနဲ့စားလဲ”

ကျုပ်ကလည်း ဟင်းကောင်းချက်တယ်ဆိုတော့ ခပ်ကြွားကြွားနဲ့

“ယုန်သားဆီပြန်ချက်တယ်ဗျာ”

“ဟာ၊ ဟင်းကောင်းလှချည်လား၊ ငါ့လည်းနည်းနည်းကျွေးပါအုံးကွ”

“ခင်ဗျားကိုကျွေးဖို့မပြောနဲ့ အိမ်ကခွေးကြီး ထိပ်ဖြူတောင်မှ သူ့ဖို့အရိုးအရင်းတောင်မကျန်လို့ မစားရရှာဘူး”

“အေးပါကွာ၊ မင်းတို့က အစားကောင်းစားရတော့ ငါ့ကိုမေ့ထားကြတာပေါ့၊ ဒါနဲ့ အကြီးကောင် မင်းကိုငါသတင်းတစ်ခုပေးရအုံးမယ်”

ဘေးနားထိုင်နေတဲ့အကိုကြီးက

“ဘာသတင်းလဲဗျ”

“သားကောင်သတင်းပေါ့ကွာ”

“ကဲပြောဗျာ”

“နေအုံး၊ မင်းသားကောင်ရတဲ့အခါ ငါ့ကိုဟင်းစားပေးမှာလား”

“အောင်မယ်လေး ပေးပါ့မယ်ဗျာ၊ ဘာသားကောင်လဲဆိုတာသာ ပြောစမ်းပါဗျ”

“ဒေါ်ဂေါင်းကြီးတို့ အိမ်ခြံတောမြောက်ဘက်နားက ယာခင်းစပ်မှာ ပဒတ်ကျင်းတွေ အများကြီးပဲကွ”

“ခင်ဗျားဟာက ဟုတ်ရောဟုတ်ရဲ့လားဗျာ၊ မဘွေးတွင်းတွေဖြစ်နေပါအုံးမယ်ဗျ”

ကျုပ်တို့အညာလက်တော့ မြွေပွေးကို မဘွေးလို့ပဲ အာလုပ်သံနဲ့ခေါ်တတ်ကြတယ်။ အကိုကြီးပြောလိုက်တော့ ကိုမြင့်က

“အောင်မာ၊ ငါက မဘွေးတွင်းလား ပဒတ်တွင်းလားတော့ သိပါတယ်ကွ၊ တကယ့်ကိုအများကြီးပဲဟေ့၊ မင်းသွားတူးလို့ ဟင်းစားရရင် ငါ့တစ်ခွက်ပေးနော်”

“ကောင်းပြီဗျာ၊ ကဲ အလတ်ကောင်ရေ ငါတို့လည်း နေ့လည်နေ့ခင်းအားနေတာဆိုတော့ ဒေါ်ဂေါင်းကြီးခြံဘက် ကူးကြရအောင်ဟေ့”

အကိုကြီးပြောတာနဲ့ ကျုပ်လည်း ပဒတ်တူးဖို့ တူရွင်းငန်းပြားယူပြီး တောင်းတစ်လုံးနဲ့ထွက်ခဲ့တာပဲဗျာ၊ အကိုကြီးက မုဆိုးတစ်ပိုင်းဆိုတော့ သူဦးဆောင်ပြီး ပဒတ်တူးမယ်ပေါ့။

ဒေါ်ဂေါင်းကြီးအိမ်ခြံတောဆိုတာက ရွာနဲ့တော်တော်လှမ်းတယ်၊ အဲဒီကနေဆက်သွားရင် ကွင်းပြင်ကြီးပဲရှိတော့တာ၊ အိမ်ခြံတောဆိုတာက ပိုင်ရှင်ရှိတဲ့တောကိုဆိုလိုတာဗျ၊ ရှေးမြန်မာလူကြီးတွေက အမျှော်အမြင်ရှိတယ်ဆိုတော့ နောင်လာနောက်သားတွေ သုံးလို့ရအောင်ဆိုပြီး မြေရိုင်းတွေ၊ ယာခင်းတွေမှာ ကျွန်း၊ ပျဉ်းကတိုး၊ ရှား၊ ပျဉ်းမပင်ကြီးတွေကို စိုက်ခဲ့ကြတာပေါ့ဗျာ၊ အဲဒီအပင်တွေက နှစ်လေးငါးဆယ်လောက်ကြာပြီး ရင့်ကုန်တဲ့အခါ သားသမီးမြေးမြစ်တွေအသက်အရွယ်ရောက်လို့ အိုးသစ်အိမ်သစ်ခွဲနေတဲ့အချိန်ရောက်ရင် အိမ်ဆောက်ဖို့အတွက် ကိုယ့်အိမ်ခြံတောကထွက်တဲ့ သစ်တွေကိုပဲ ခုတ်ထစ်ခွဲဖြတ်ပြီး အိမ်ဆောက်လို့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့စိုက်ခဲ့ကြတာကိုး၊ တစ်ချို့ခြံတွေဆို တစ်နှစ်တစ်ခါလောက်ပေါင်းရှင်း ချုံရှင်းကြ၊ တစ်ချို့ခြံတွေဆိုရင် ဒီအတိုင်းပစ်ထားကြတာဆိုတော့ သစ်ပင်တွေ ချုံပင်တွေ တောထနေပြီး တောအုပ်ကလေးလိုဖြစ်နေတာပေါ့ဗျာ၊ အဲ ဒါပေမယ့် အိမ်ခြံတောထဲက သစ်ပင်တွေက ပိုင်ရှင်ရှိတာမို့လို့ ထင်းခွေတာ သစ်ခုတ်တာ သွားခုတ်လို့မရဘူးဗျ၊ ဒါပေမယ့် အိမ်ခြံတောတွေထဲမှာ နေထိုင်ကြတဲ့ တောကြောင်၊ ရှဉ့်၊ ယုန် နဲ့ သားကောင်ကလေးတွေကို အမဲလိုက်လို့တော့ရပါတယ်။

ဒေါ်ဂေါင်းကြီးလို့သာပြောနေကြပေမယ့် အဲဒီဒေါ်ဂေါင်းဆိုတာကို ကျုပ်တို့မမီလိုက်ပါဘူး၊ သူသေတာလည်း နှစ်သုံးဆယ်လောက်ရှိပြီဆိုပဲ၊ ဒါပေမယ့် သူစိုက်ခဲ့တဲ့ခြံတောမို့လို့ ဒေါ်ဂေါင်းခြံဆိုပြီးနာမည်တွင်နေတယ်။ ယာခင်းတွေကိုဖြတ်သွားတော့ မြေပဲတွေတော်တော်ဖြစ်နေတာကိုတွေ့ရတယ်၊ ဒေါ်ဂေါင်းခြံက သုံးဧကလောက်ရှိပြီး အပင်ကြီးတွေစိုက်ထားတာဆိုတော့ မသိရင်တောအုပ်ကြီးတစ်ခုလိုဖြစ်နေတယ်၊ ခြံထဲမှာလည်း နဘူးချုံ၊ ဒဟတ်ချုံ၊ ဘိန်းနွဲ့ချုံတွေက လူတိုးမပေါက်လောက်အောင်ကို ခပ်စိတ်စိတ်ပေါက်ပြီး တောကြီးဖြစ်နေပါရော၊ ခြံရဲ့တစ်ဖက်ခြမ်းမှာတော့ ယာခင်းတစ်ခုရှိပြီး ပဲတွေစိုက်ထားတယ်၊ အဲဒီခြံနဲ့ယာခင်းအစပ်ကြားထဲက မြေသားတာဘောင်ရိုးမှာတော့ ကိုမြင့်ပြောသလို ပဒတ်ကျင်းတွေ အများကြီးတွေ့လိုက်ရတယ်။

မနက်က ယုန်ကိုအရိုးတောင်မကိုက်လိုက်ရတဲ့ ခွေးကြီးထိပ်ဖြူက ကျုပ်တို့နဲ့အတူတူ လိုက်လာတယ်။ အကိုကြီးက ကျင်းတွေကိုသေချာကြည့်ရင်း

“ကျင်းတွေက များတော့များသားပဲကွ၊ သေချာတူးနိုင်ရင် ပဒတ်ထောင်းတစ်ခွက်တော့ ၀၀လင်လင်စားရမယ်ထင်ပါရဲ့”

“ကြည့်လည်းလုပ်အုံးနော်အကိုကြီး တော်ကြာ မဘွေးတွင်းဖြစ်နေလို့ ပဒတ်သားမစားရဘဲ လှည့်ပြေးနေရအုံးမယ်”

“မင်းကတော့ တော်တော်ပိန်းတဲ့ကောင်ပဲကွ၊ ငါ့လို မုဆိုးကြီးရဲ့တပည့်လုပ်နေပြီးတော့ အခုထိ ပဒတ်ကျင်းလား မဘွေးကျင်းလား မခွဲတတ်ဘူးလားကွ၊ သေချာကြည့် မဘွေးတွင်းက ခပ်ဝိုင်းဝိုင်းကလေးလုပ်တတ်ပြီး ပဒတ်ကျင်းက ဝိုင်းပေမယ့် ခပ်ရှည်ရှည်ကလေးကွ၊ ပြီးတော့ ကျင်းဝမှာ ကျစ်စာခဲလေးတွေစုပြုံထားတတ်သေးတယ်၊ များသောအားဖြင့် ပဒတ်ကျင်းတွေက မြောက်ဘက်အရပ်ကိုမျက်နှာမူပြီး တူးထားတတ်ကြတယ်၊ ဘာလို့လဲဆိုတော့ ပဒတ်ဆိုတာ မိုးကြောက်တယ်၊ မိုးကျလာရင် များသောအားဖြင့် တောင်ဘက်၊ အနောက်တောင်ဘက်က လာတတ်တာမို့ မိုးရေတွေတွင်းထဲပက်မှာကြောက်လို့ မြောက်ဘက်လှည့်တူးတာကွ”

“အော်၊ ခုမှပဲသိတော့တယ်အကိုကြီးရာ”

“ပဒတ်တွေကလည်း ယုန်တွေလို ဂယ်ပေါက်ထားတတ်တယ်၊ ဒါပေမယ့် ယုန်တွေက ဂယ်ပေါက်အတိအကျမရှိပေမယ့် ပဒတ်တွေက ကျင်းရဲ့အနောက်ဘက်တည့်တည့် လက်တစ်ဆစ်ချိုးနေရာမှာ ဂယ်ပေါက်လုပ်ထားတတ်တယ်၊ ဒါကြောင့် ကျင်းက မြောက်ဘက်ကိုလှည့်ထားရင် ဂယ်ပေါက်က သေချာပေါက် အရှေ့တောင်ဘက်နားမှာရှိလိမ့်မယ်ကွ”

ကျုပ်က အကိုကြီးပြောတဲ့နေရာကိုသွားကြည့်တော့ ကျင်းမပြောနဲ့ မြေကြီးမှာအပေါက်ရာတောင် ရှာမတွေ့ဘူးဗျာ။

“အကိုကြီး၊ ဒီမှာ ဂယ်ပေါက်တစ်ပေါက်မှကို မတွေ့ပါလား”

“မင်းကတော့ ပဒတ်ထက်တုံးတဲ့ကောင်ပဲကွ၊ လူမြင်သာအောင်လုပ်ထားမှတော့ ဂယ်ပေါက်လို့ခေါ်မလားကွ လခွမ်း”

အကိုကြီးပြောတာလည်း ဟုတ်တော့ဟုတ်တာပဲ။

“ကဲ အလတ်ကောင်၊ ငါကျင်းဝကိုတူးမယ်၊ မင်းက ဂယ်ပေါက်ကထွက်လာတဲ့ ပဒတ်မှန်သမျှကို တုတ်တစ်ချောင်းနဲ့ ထိုင်သာထုပေတော့”

အကိုကြီးကပြောဆိုရင်း ပဒတ်တွေတူးပါရော၊ ပဒတ်ဆိုတဲ့အကောင်က ပုတ်သင်ညိုလိုအကောင်ပဲဗျ၊ ပုတ်သင်ညိုထက်တော့ နည်းနည်းကြီးတယ်၊ တခြားဒေသတွေမှာတော့ ဘာအရောင်ရှိသလဲမသိပေမယ့် အညာပဒတ်ကတော့ အုတ်ခဲကျိုးရောင်လို နီကြောင်ကျားအကောင်လေးတွေဗျ၊ ပဒတ်က ချက်စားလို့စားမကောင်းဘူး၊ ချက်လိုက်ရင် သူ့အသားကပျစ်ချွဲချွဲနဲ့တစ်မျိုးကြီးဖြစ်သွားတယ်၊ ပဒတ်ကို မီးကင်ပြီးတော့ ဆုံထဲထည့် ထုထောင်းပြီး ကြက်သွန်ဖြူနဲ့ ငရုတ်သီးဆီသတ်ပြီး ကြော်စားမှစားလို့ကောင်းတယ်၊ သူ့အသားက ချိုချိုလေးနဲ့ စားလို့ကောင်းချက်ပဲဗျာ။

အကိုကြီးတွင်းတစ်တွင်းတူးပြီးမကြာပါဘူး ကျုပ်ထိုင်နေတဲ့အနားက မြေကြီးခဲတွေက အောက်ကနေပွတက်လာတယ်၊ မြေကြီးက လှုပ်ရွရွဖြစ်လာပြီးတော့ ပဒတ်တစ်ကောင်က လွှားခနဲခုန်ထွက်လာတယ်ဗျ။

“အလတ်ကောင်ရေ ပဒတ်ထွက်လာပြီကွ ရိုက်ဟ”

ပဒတ်က ပြေးတာမြန်လိုက်တာပြောမနေပါနဲ့ဗျာ၊ ကျုပ်လည်း လက်ထဲက ထနောင်းကိုင်းတစ်ချောင်းနဲ့ သုံးလေးချက်ရိုက်ပေမယ့် မထိဘူးဗျ၊ ပဲခင်းတွေဆီကိုတန်းပြေးတာပဲ၊ ဒါပေမယ့် ဘေးနားမှာထိုင်ကြည့်နေတဲ့ ခွေးကြီးထိပ်ဖြူက ပဒတ်နောက်ပြေးလိုက်ပြီးတော့ အမြီးကိုနင်းပြီး တစ်ချက်ကိုက်ထည့်လိုက်ကာ ပဒတ်က ပက်လက်လန်ပြီးသေပါရော၊ ပြီးတော့ ပဒတ်ကိုခပ်ဖွဖွကိုက်လာပြီး အကိုကြီးဆီယူသွားပေးတယ်၊ အကိုကြီးက ထိပ်ဖြူကိုပြုံးကြည့်ရင်း

“အလတ်ကောင်ရေ၊ မင်းထက် ထိပ်ဖြူက ပိုပြီးတော့တောင်မှ အားကိုးရပါလားကွ”

ဒီလိုနဲ့အကိုကြီးက ပဒတ်ကျင်းတူးလိုက်၊ ဂယ်ပေါက်ကနေထွက်လာတဲ့ ပဒတ်တွေကို ကျုပ်နဲ့ ထိပ်ဖြူက ရိုက်လိုက် ဖမ်းလိုက်နဲ့လုပ်နေကြရင်း ဆယ်ကောင်လောက်ရတော့ ကျုပ်ဘေးနားမြေကြီးတွေက ပွတက်လာပြီးတော့ ပဒတ်ကြီးတစ်ကောင်ထွက်လာသဗျ။ အကိုကြီးကလှမ်းကြည့်ပြီး

“ဟာ၊ ပဒတ်က ဖွတ်လောက်နီးနီးရှိပါလားကွ၊ နည်းတဲ့အကောင်ကြီးမဟုတ်ဘူးကွာ၊ အလတ်ကောင်ရေလိုက်ဟ”

အကိုကြီးပြောတာနဲ့ ကျုပ်လည်းပြေးလိုက်ခဲ့တာပေါ့ဗျာ၊ အကိုကြီးကလည်း ကျုပ်အနောက်ကိုပြေးလိုက်လာတယ်၊ ဒီပဒတ်ကျတော့ ပဲခင်းထဲဝင်မပြေးဘဲ အိမ်ခြံတောထဲကိုဝင်ပြေးပါရော၊ ကျုပ်လည်း ချုံတိုးလိုက်ရင်း တစ်နေရာရောက်တော့ ပဒတ်က ရပ်ပြီးကြောင်ကြည့်နေတယ်၊ ဖွတ်တို့ ပဒတ်တို့ဆိုတဲ့ သတ္တဝါတွေက ဒီလိုပဲဗျ၊ ပြေးရင်းလွှားရင်း မေ့သွားတတ်တယ်ဆိုတော့ ဒီကောင် သူဘာကြောင့်ပြေးနေရတယ်ဆိုတာကို မေ့သွားပုံရတယ်။

ကျုပ်လည်း ပဒတ်အနောက်ဘက်ကနေအသာကလေး ပြေးကပ်သွားလိုက်ပြီး ချုံထဲကခုန်ထွက်ပြီး တစ်ခါတည်း ရိုက်ထည့်လိုက်တာပေါ့ဗျာ၊ တုတ်ချက်ရဲ့ ပဒတ်ရဲ့နောက်စေ့ကိုရိုက်မိပြီး ပဒတ်က တစ်ခါတည်း မြေမှာလူးလှိမ့်ပြီး ကြွသွားပါရော၊ ကျုပ်က အဲဒီပဒတ်ကိုကောက်လိုက်တဲ့အခါ အရှေ့မှာ ပဒတ်တစ်ကောင်က ချုံထဲကနေ ဖရော ဖရောနဲ့ပြေးလာပါရော၊ ကျုပ်တော့ နှစ်ကောင်ရပြီဆိုပြီး အဲဒီပဒတ်အနောက်ကိုဆက်လိုက်သွားရင်း ပဒတ်က ပျဉ်းမပင်ကြီးတစ်ပင်အောက်ကို ပြေးသွားပါလေရာ၊ အပင်အောက်ရောက်တော့မှ ကျုပ်လည်း စိတ်ထဲက သေဟ သေဟဆိုပြီး အားကြီးနဲ့ပဒတ်ကိုရိုက်ထည့်လိုက်တော့တယ်၊ ဒါပေမယ့် ထူးတာက ဒီပဒတ်က သုံးချက်လောက်ရိုက်တာတောင်မှ မသေဘဲနဲ့ ထထခုန်နေသေးတယ်၊ ကျုပ်လည်း တော်တော်အသက်ပြင်းပါလားလို့တွေးပြီး ဆက်ရိုက်နေတုန်းမှာပဲ သစ်ပင်ကြီးပေါ်က တရှဲရှဲနဲ့အသံတွေကြားလို့ မော့ကြည့်လိုက်ရတယ်။

ကျုပ်ဘေးနားမှာ ဘယ်တုန်းကရောက်နေမှန်းမသိတဲ့ လူတစ်စုရောက်နေပါရော၊ လူက ငါးယောက်လောက်တော့ရှိမယ်၊ ကျုပ်ကိုဝိုင်းကြည့်နေကြတာ၊ ကျုပ်လည်း မြေပေါ်ကိုပဒတ်ကိုလှမ်းရိုက်နေရင်း လိမ့်နေတဲ့ပဒတ်က လူခြေဖမိုးကြီးဖြစ်သွားတယ်၊ ကျုပ်ရိုက်ထည့်တော့ အားခနဲအော်တယ်ဗျ။ ခြေဖမိုးက ခပ်ဖြူဖြူနဲ့ မိန်းကလေးတစ်ယောက်ရဲ့ခြေဖမိုးဗျ။ ကျုပ်လန့်ပြီး ပြန်မော့ကြည့်လိုက်တော့ ကျုပ်အရှေ့မှာ မိန်းကလေးတစ်ယောက်ရပ်နေသဗျာ။

ကျုပ်ဆို စဉ်းကိုမစဉ်းစားတတ်တော့ဘူး၊ ဘယ့်နှယ့် ပဒတ်ရိုက်နေရင်း ဘယ်သူတွေရောက်လာတာလဲလို့ပေါ့၊ ဒါနဲ့ မတ်တပ်ရပ်ပြီးစကားပြောမယ်လုပ်တော့ ဒီလူတွေက ကျုပ်ကိုမျက်မှောင်ကြီးတွေကြုတ်၊ အံတွေခဲပြီးကြည့်နေလိုက်ကြတာ ကြောက်စရာကြီးဗျာ။ ကျုပ်လည်း အခြေအနေမဟန်မှန်းသိတာနဲ့ ပြုံးဖြီးဖြီးလုပ်ရင်း

“ဟိုလေ ပဒတ်လိုက်ရင်းနဲ့ ဒီကိုရောက်လာတာပါဗျာ၊ တောင်းပန်ပါတယ်၊ သွားတော့မယ်နော်”

ကျုပ်စိတ်ထင် အိမ်ခြံတောထဲကို လာကြတဲ့အလုပ်သမားတွေလား၊ တောရှင်းဖို့လာတဲ့လူတွေလားလို့ထင်နေမိတာ၊ ကျုပ်အဲဒီနေရာကနေ လှည့်ပြန်မယ်လုပ်တော့ အကိုကြီးက ကျုပ်အနားကိုရောက်လာပါရော၊ ဒီလူတွေကိုမြင်လိုက်ပြီးတော့ အကိုကြီးက ကြောက်သွားတယ်။

“ဟ အလတ်ကောင်ပြေးဟ”

ပြောရင်းဆိုရင်း အကိုကြီးက လှည့်ပြန်ပြေးတာပဲ၊ ဒီအချိန် ကျုပ်ဘေးနားကနေ လက်ကြီးတစ်ဖက်က ဝှီးခနဲ မိုးပေါ်ပျံလာပြီးတော့ အကိုကြီးရဲ့ပုခုံးကို သွားပြီးဆွဲတယ်ဗျ၊ လက်ကြီးကိုကြည့်လိုက်တော့ ထိုးဝါးကြီးတစ်လုံးလိုအရှည်ကြီးပဲဗျာ၊ ခုနက ကျုပ်အနောက်က မိန်းကလေးက သူ့လက်အရှည်ကြီးနဲ့ ကျုပ်ကိုဖြတ်ပြီး အကိုကြီးရဲ့ကျောကိုလှမ်းဆွဲတာဗျ၊ ကျုပ်ဆို ပြေးရမယ့်အစား ဒူးတွေတုန်လာပြီးတော့ လူက အားမရှိသလိုလို ဘာလိုလိုဖြစ်လာတာ။ နောက်မှ သတိဝင်ပြီးထပြေးတော့ ခြေထောက်တွေဆိုတာ ဘယ်လိုကြီးဖြစ်နေမှန်းမသိဘူး၊ စိတ်ပဲရှိတယ်၊ ခြေထောက်တွေက မပြေးနိုင်ဘူး၊ မသိရင် အိပ်မက်ထဲပြေးနေရသလိုပါပဲ၊ ခင်ဗျားတို့ဖြစ်ဖူးသလားတော့မသိဘူး အိပ်မက်ထဲမှာ အကြောင်းတစ်ခုခုရှိလို့ ပြေးရပြီဆိုရင် ရှေ့ကိုမရောက်နိုင်သလိုမျိုးပေါ့။

“ဟေ့ကောင်တွေ နင်တို့ပြန်လာခဲ့”

အနောက်က မိန်းမက အော်လိုက်တော့ ကျုပ်တို့ညီအကိုနှစ်ယောက် အနောက်ကိုဖင်ထိုင်လျှက်သား လဲကျသွားတယ်၊ ပြီးတော့ ဖင်တွေတရွတ်တိုက်ပြီး အနောက်ကိုပြန်ရောက်သွားပါရော၊ ကျုပ်တို့ကိုဒီလူတွေက ဝိုင်းလာကြတယ်။

“ငါတို့ ညီလေးကို ရိုက်တဲ့ကောင် မင်းတို့ကိုလည်း ငါတို့ပြန်ရိုက်ရမယ်”

ကျုပ်တို့နှစ်ယောက် လက်ကာကာခြေကာကာနဲ့

“မဟုတ်ပါဘူးဗျာ၊ ကျုပ်တို့ညီအကိုနှစ်ယောက် ပဒတ်ရိုက်နေကြတာပါ၊ ခင်ဗျားတို့ညီကိုမရိုက်ပါဘူး”

“ဟေ့ကောင် ခုနက မင်းရိုက်လိုက်တာ ငါ့ညီကွ”

လူကြီးတစ်ယောက်က ပြောပြီး ကျုပ်ပုခုံးကိုလက်ညှိုးထိုးပြလိုက်တော့ ခုနက ကျုပ်ရိုက်ထည့်လိုက်ပြီး ပုခုံးပေါ်တင်ထားတဲ့ပဒတ်ကောင်က အခုတော့ ကလေးလေးတစ်ယောက်ဖြစ်နေတယ်ဗျာ၊ ကလေးဆိုပေမယ့်လည်း လူပုံစံအတိုင်းပဲ သေးသေးညှက်ညှက်ကလေး၊ ခုခေတ် ကလေးတွေဆော့တဲ့ ဘိုမရုပ်လိုပုံစံဗျ၊ ကျုပ်လှည့်ကြည့်လိုက်တော့ ဒီကောင်လေးက ကျုပ်မျက်နှာကိုကြည့်ပြီး စူးစူးဝါးဝါးအော်တယ်၊ ကျုပ်လည်း ကြောက်တာနဲ့ ပုခုံးပေါ်တင်နေတဲ့ကလေးကို ဆံပင်ကနေဆွဲပြီးတော့ ကြောက်ကြောက်လန့်လန့်နဲ့ပစ်ထည့်လိုက်တာ အဲ့ကောင်လေးက လေပေါ်လွင့်သွားပြီး အနားက သစ်ပင်ကြီးတစ်ပင်ရဲ့ပင်စည်နဲ့ရိုက်မိပြီးတော့ မြေပေါ်ကိုဖုတ်ခနဲပြုတ်ကျတယ်၊ အော်လိုက်တာလည်း ပြောမနေပါနဲ့၊ ကျုပ်က တမင်ကြံရွယ်ပြီးတော့ လုပ်တာမဟုတ်ဘူးဗျ၊ မသိစိတ်က နှိုးဆော်တာနဲ့ လက်ကသူ့အလိုလို ကောက်ပစ်ထည့်လိုက်တာ၊

မိန်းမကြီးတစ်ယောက်က အဲဒီကလေးကိုပြေးကောက်ပြီးတော့ ကျုပ်ကိုကြည့်ရင်း

“ကဲ ကြည့်စမ်း၊ ပြောနေရင်းနဲ့ကို နှိပ်စက်နေပြန်ပြီ”

“မဟုတ်ပါဘူးဗျာ၊ ကျုပ်အမှတ်တမဲ့မို့ပါ”

“အို၊ မလိုချင်ဘူး၊ ငါတို့ကိုနှိပ်စက်တဲ့ နင်တို့ညီအကိုကို ငါတို့ကပြန်ပြီးလက်စားချေမယ်ဟေ့”

ပြောပြီးသွားတာနဲ့ ဒီမိန်းမကြီးက ပဒတ်ကြီးတစ်ကောင်ဖြစ်သွားတယ်ဗျာ၊ ပဒတ်ဆိုပေမယ့် အရွယ်အစားက ဖွတ်လောက်ရှိတယ်၊ ကြီးလိုက်တာမှ လူတစ်ကောင်လုံးကို အကောင်လိုက်မြိုနိုင်မယ့်အရွယ်ကြီးဗျ၊ ကျန်တဲ့လူတွေလည်း သူ့လိုပဲ ပဒတ်ကြီးတွေဖြစ်သွားတယ်၊ ကျုပ်တို့ညီအကိုလည်း ဘာမှမပြောမနေဘဲ တစ်ချိုးတည်းလှည့်ပြေးတာဗျာ၊ ဒီကောင်တွေကလည်း အနောက်ကနေ ပါးစပ်တွေဖြဲလိုက် သစ်ပင်တွေကို ရိုက်ချိုးလိုက်နဲ့လုပ်ပြီး ပြေးလိုက်လာကြတာ၊ ထူးဆန်းတာက ဒေါ်ဂေါင်းကြီးအိမ်ခြံတော သုံးဧကလောက်ကို ကျုပ်တို့ညီအကိုပြေးနေတာ ဘယ်လိုမှကိုမလွတ်ဘူးဗျာ၊ တောကြီးမျက်မည်းကြီးထဲ စမ်းတဝါးဝါးနဲ့ပြေးနေရသလိုပဲ၊ အနောက်က အကောင်ကြီးတွေကလည်း စားမယ်ဝါးမယ်ဆိုပြီး လိုက်လာတော့ ပိုပြီးအားစိုက်ပြေးရတယ်၊ ကျုပ်စိတ်ထင် နာရီဝက်သာသာလောက်ရှိတော့ ညီအကိုနှစ်ယောက်လုံး အမောဆို့နေပြီ၊ သေမှာကြောက်လို့သာ ပြေးရတယ် မပြေးနိုင်တော့ဘူးဗျာ၊ တစ်ကိုယ်လုံးလည်း ဒဏ်ရာတွေချည်းပဲ၊ ချုံတောတွေထဲ တိုးပြီးပြေးရတာဆိုတော့ ချုံပင်တွေ အကိုင်းတွေနဲ့ခြစ်မိတာ သွေးစိမ်းရှင်ရှင်ထွက်နေပါရော။

တစ်နေရာရောက်တော့ အနောက်ကလိုက်လာတဲ့ ပဒတ်က သူ့အမြီးနဲ့ အကိုကြီးကိုလှည့်ရိုက်ထည့်လိုက်တာ အကိုကြီးချော်လဲပြီးကျသွားတယ်၊ ကျုပ်က အကိုကြီးဆီပြေးသွားတုန်း ပဒတ်တစ်ကောင်ရဲ့အမြှီးက ဝှီးခနဲပျံလာပြီး ကျုပ်ခြေကျင်းဝတ်ကိုထိသွားတာ နာလိုက်တာဗျာ၊ အမြီးကခပ်သွယ်သွယ်ဆိုတော့ ကြာပွတ်နဲ့အရိုက်ခံရသလိုပဲ ကျုပ်လည်း ကျွမ်းတစ်ပတ်ထိုးပြီးတော့ အကိုကြီးဘေးနားကို မှောက်လျက်သားကျသွားတယ်၊ ပြေးရတာမောနေပြီဆိုတော့ ပြန်ကုန်းထဖို့တောင် အားမရှိတော့ဘူးဗျာ။

ပဒတ်တွေက ကျုပ်တို့နားကိုဝိုင်းလာကြပြီးတော့ ကျုပ်တို့ညီအကိုကို ဝိုင်းအုံကြည့်နေကြတယ်၊ ကျုပ်တို့မှာ သူတို့ပြုသမျှ နုရမှာမို့လို့ ဘာမှမတတ်နိုင်တော့ဘူး၊ ဒါနဲ့ နှစ်ယောက်သား ကြောက်အားလန့်အားနဲ့ ကယ်ကြပါအုံးဆိုပြီး အသံကုန်အော်ကြတော့တယ်။

အော်ပြီးလို့မကြာဘူး ခွေးဟောင်သံကြားရတယ်ဗျ၊ ပြီးတော့ ချုံတစ်ခုထဲကနေ ခွေးကြီးထိပ်ဖြူက လွှားခနဲခုန်ထွက်လာပြီးတော့ ပဒတ်တွေကိုထိုးဟောင်တာ၊ ပဒတ်တွေကလည်း ခွေးတွေ့တော့ အနောက်ကိုနည်းနည်းဆုတ်သွားတယ်၊ ဒါပေမယ့် ဒီကောင်တွေရဲ့အရွယ်အစားက ခွေးထက်တောင်ကြီးနေတော့ ထိပ်ဖြူလည်း ဝင်မဆွဲရဲဘဲ မာန်ပဲဖီနေတယ်။

“ဟေ့ မင်းတို့ကောင်တွေအားလုံးရပ်လိုက်ကြစမ်း”

အသံကြားလို့ လှည့်ကြည့်လိုက်တော့ နွားရိုက်တဲ့ကြိမ်လုံးကြီး ကိုင်ထားတဲ့ဦးဘသာက ခမောက်ကြီးတစ်ချပ်ဆောင်းလို့ဗျ၊ ဦးဘသာကိုမြင်တော့မှ ပဒတ်တွေအကုန်အနောက်ဆုတ်သွားတယ်။

“သူတို့ကို ပြန်လွှတ်ပေးလိုက်စမ်း”

ဒီအခါ ပဒတ်တွေက လူပုံစံချက်ချင်းပြောင်းသွားကြတယ်။

“မလွှတ်ပေးနိုင်ဘူး၊ ဒီတောက ငါတို့ပိုင်တဲ့တော၊ ဒီနယ်က ငါတို့နယ်ပဲ၊ ဒီနှစ်ကောင်က ငါတို့မောင်အငယ်ဆုံးကို ရိုက်လို့ ဒင်းတို့သေအောင် ငါတို့ပြန်ရိုက်မယ်”

“မလုပ်ကြပါနဲ့ဟာ၊ သူတို့လည်း ဟင်းစားရှာကြတာပါဟ”

“ဟင်းစားတွေ ထမင်းစားတွေမသိဘူး၊ ကျုပ်တို့လူကိုထိရင် ကျုပ်တို့ပြန်လုပ်မယ်”

ဒီလူတွေလက်ထဲ သစ်သားတုတ်ကြီးတွေအလျိုလျိုပေါ်လာတယ်၊ သစ်သားတုတ်ကြီးတွေက တစ်လံလောက်တော့ရှည်မယ်ဗျ၊ လူဆယ်ယောက်လောက်ဆိုတော့ ကျုပ်တို့ကိုဝိုင်းပြီး ရိုက်တော့မယ်ပေါ့၊ ပြောနေရုံရှိသေးတယ် အပေါ်ပိုင်းအဝတ်အစားမပါတဲ့ ဗလတောင့်တောင့်နဲ့လူကြီးက ကျုပ်တို့ဆီကိုလွှားခနဲခုန်ဝင်လာပြီးတော့ လက်ထဲက သစ်သားတုတ်နဲ့လွှဲရိုက်ပါရော၊ ဦးဘသာက ဟိတ်ခနဲတစ်ချက်အော်ပြီး ဒီလူကြီးရဲ့တုတ်ချက်ကို သူ့ကြိမ်နဲ့ခံထည့်လိုက်တာ ဖြောင်းခနဲအသံကြီးကြားလိုက်ရပြီးတော့ ဟိုလူကြီးလက်ထဲကိုင်ထားတဲ့ သစ်သားတုတ်က ထက်ပိုင်းကျိုးကျသွားတယ်။

“မင်းတို့ကောင်တွေ အေးအေးဆေးဆေးပြောနေတာကိုကွာ လက်မပါကြစမ်းပါနဲ့”

နောက်တစ်ယောက်က ပြေးတက်လာပြန်ရော၊ ဒီတစ်ခါကျတော့ သူက ကျုပ်တို့ကိုမလုပ်ဘဲ ဦးဘသာကို တုတ်နဲ့ခေါင်းပေါ်ကနေ မိုးပြီးရိုက်ထည့်လိုက်တယ်၊ အဲဒီတုတ်ကြီးကို ဦးဘသာက ကြိမ်လုံးနဲ့အသာပင့်ပြီး ခံထည့်လိုက်တာ တုတ်က ကြိမ်နဲ့ထိတဲ့နေရာကနေ ထက်ပိုင်းကျိုးသွားပြန်ပါရော၊ ထက်ပိုင်းကျိုးတယ်ဆိုလို့ တုတ်ကခပ်သေးသေးမထင်နဲ့ဗျ၊ လူကြီးလက်ကောက်ဝတ်လောက်ရှိတဲ့တုတ်မျိုး။

နောက်တစ်ယောက်ကကျတော့ တုတ်အချွန်နဲ့ဦးဘသာကို ပြေးထိုးတယ်၊ သစ်သားတုတ်ကို တစ်ဖက်ချွန်ထားတဲ့ သစ်ချွန်ပေါ့ဗျာ၊ ဦးဘသာက သူ့ဆီတည့်တည့်လာတဲ့ သစ်ချွန်ကို ကြိမ်နဲ့ယမ်းထည့်လိုက်တာ သစ်ချွန်ထိပ်ဖျားဆိုရင် တို့ဖူးကို ဓါးနဲ့ပိုင်းလိုက်သလို တိခနဲပြတ်ကျသွားပါရော၊ ဦးဘသာလည်း ဒေါသထွက်သွားပုံရတယ်။

“အော် မင်းက ငါ့ကိုအချွန်နဲ့ထိုးချင်တာလား ကဲကွာ ထိုးချင်အုံးကွာ”

ပါးစပ်ကအော်ရင်း ဟိုလူလက်ထဲက တုတ်ကို ကြိမ်လုံးနဲ့တစ်ချက်ပြီးတစ်ချက်ထပ်ရိုက်တာ၊ ဟိုလူ့လက်ထဲက တုတ်တံက မုန်လာဥကိုဓါးနဲ့ပိုင်းသလို အကွင်းအကွင်းတွေဖြစ်ပြီး အပိုင်းပိုင်းပြတ်ကျကုန်တယ်၊ ဒီတော့မှ ဟိုလူလည်း ကြောက်ကြောက်နဲ့ အနောက်ကိုပြေးဆုတ်သွားတယ်။

ကလေးချီထားတဲ့မိန်းမက ဦးဘသာကိုလက်ညှိုးထိုးပြီး

“ဟဲ့ စုန်းထီး၊ နင်နဲ့မဆိုင်တာကို နင်ဘာဖြစ်လို့ဝင်ပါနေတာလဲ”

“မဆိုင်ဘူး၊ ဟုတ်လား၊ ဟောဒီကလေးနှစ်ယောက်က တို့ရွာသားကွ၊ သူတို့နှစ်ယောက်က ငါ့ရဲ့တူလိုသားလို ခင်မင်ကြတဲ့လူတွေပဲ၊ ဒါကို ငါနဲ့မဆိုင်ဘူးတဲ့လား”

“ဘာပဲဖြစ်ဖြစ် ကျုပ်တို့ကတော့ ဒင်းတို့ကိုအသေလုပ်မှာ၊ ကျုပ်တို့မောင်ကိုတောင်မှ သတ်ဖို့လုပ်ခဲ့တာပဲလေ”

ကျုပ်လည်း မနေနိုင်တော့တာနဲ့ ထပြီးတောင်းပန်ရတော့တယ်။

“ဒီလိုတော့မဟုတ်ပါဘူးဗျာ၊ ကျုပ်က ပဒတ်ထင်လို့ရိုက်မိတာပါ၊ တမင်နာပါစေဆိုပြီး ခင်ဗျားတို့ကိုရန်စတာမဟုတ်ပါဘူး”

“ဘာတမင်လုပ်တာ မဟုတ်ဘူးလဲ၊ ငါတို့သာအရောက်မမြန်ရင် ငါ့မောင်လေးကိုနင်တို့က မီးဖုတ်ပြီး ထောင်းစားကြမှာမဟုတ်လားဟဲ့”

ဦးဘသာက ကျုပ်တို့ကြားကိုဝင်လာပြီးတော့

“ကဲ ဒီတော့ ငါကနှစ်ဦးနှစ်ဖက်စလုံး မနစ်နာရအောင် ဖြေရှင်းပေးမယ် ဟုတ်ပြီလား”

“မလိုဘူး မလိုဘူး၊ ဖြေရှင်းတာ မလိုချင်ဘူး၊ အကိုတို့ ဒီလူတွေကိုဝင်ဆွဲတော့”

ဟိုလူကြီးတွေက ပဒတ်ကြီးတွေဖြစ်သွားပြီး အကုန်စုပြုံပြီး ကျုပ်တို့ဆီဝင်ချလာပါရောဗျာ၊ ဦးဘသာက ခါးထောက်ရင်း

“ဒါလောက်တောင်ရှိလှတာ၊ ကဲထိပ်ဖြူရေ မင်းအလှည့်တော့ရောက်ပြီကွ”

ဦးဘသာက လက်ထဲကကြိမ်လုံးနဲ့ ထိပ်ဖြူရဲ့တင်ပါးကို တစ်ချက်ခပ်ဆတ်ဆတ်လေးရိုက်ထည့်ပေးလိုက်တာနဲ့ ထိပ်ဖြူက ပဒတ်ကြီးတွေဆီကိုခုန်ဝင်သွားတော့တာပဲဗျာ၊ ပြီးတော့ ပဒတ်တွေနဲ့ကိုက်ဖြတ်နေရင်း သူ့ကိုယ်လုံးကြီးက တဖြည်းဖြည်းကြီးလာလိုက်တာ နွားပေါက်တစ်ကောင်ရဲ့ကိုယ်လုံးလောက်ဖြစ်လာတယ်။ နဂိုကတည်းကမှ ပဒတ်လိုက်တာတော်တဲ့ကောင်ကြီးဆိုတော့ ပဒတ်တွေထဲကမှ ရွှေဝါရောင်အစင်းကြားရှိတဲ့ ပဒတ်ကြီးကို ကျောကိုခွပြီး ဂုတ်ကိုပါးစပ်နဲ့ခဲထားလိုက်တာ ပဒတ်ကြီးဆိုရင် လူးလိမ့်နေတာပဲဗျာ၊ အဲဒီလိုရုန်းကန်ရင်းကနေပြီး ပဒတ်ခေါင်းကြီး ပြုတ်ထွက်ပြီးတော့ ထိပ်ဖြူပါးစပ်ထဲ တွဲလောင်းကြီးပါလာတယ်၊ ထိပ်ဖြူက ပဒတ်ခေါင်းကိုချီပြီး ကျုပ်တို့အနားကိုပြန်ခုန်ဝင်လာတယ်၊ ပဒတ်ခေါင်းက ကျုပ်တို့အနားရောက်တော့ လူခေါင်းကြီးဖြစ်သွားပြန်တယ်။ ဘယ်သူ့ခေါင်းလဲဆိုတော့ ကျုပ်ခြေဖမိုးကိုထုတဲ့ မိန်းမတစ်ယောက်ရဲ့ခေါင်းပေါ့ဗျာ၊ ဆံပင်တွေကလည်း ဖားလျားကြီးဖြစ်လို့

“ဟဲ့ မကောင်းဆိုးဝါးမ၊ နင်တို့မိသားစု လုပ်ရက်တွေကိုရပ်တန်းကရပ်နော်၊ မဟုတ်ရင် နင့်ခေါင်းကိုခွေးကျွေးလိုက်မယ်”

“မလုပ်ပါနဲ့ဆရာကြီးရယ် တောင်းပန်ပါတယ်”

သူက တောင်းတောင်းပန်ပန်ပြောတော့မှ ကျန်တဲ့ပဒတ်ကြီးတွေလည်း နောက်ဆုတ်သွားတယ်၊ ဦးဘသာက ခေါင်းပြတ်ကိုဆံပင်ကနေဆွဲကိုင်လိုက်ပြီးတော့ လက်ညှိုးထိုးရင်း

“ငါ နင်တို့နှစ်ဦးနှစ်ဖက်ပြေလည်အောင် ညှိနှိုင်းပေးမယ် နင်နာခံမလား”

ခေါင်းပြတ်ကြီးက ခေါင်းကိုဘယ်ညာလှုပ်ပြတယ်။

“အေး ကောင်းပြီ”

ဦးဘသာက ကျုပ်တို့ညီအကိုဘက်ကိုလှည့်ပြီး

“ကဲ အလတ်ကောင်နဲ့အကြီးကောင် မင်းတို့က ဒီတစ်ခါတော့ရှိစေတော့ နောက်တစ်ခါကျရင် ဟောဒီအိမ်ခြံတောထဲလာပြီး ပဒတ်မလိုက်ရဘူး ဟုတ်ပြီလား”

ကျုပ်တို့ ခေါင်းပြိုင်တူညိတ်လိုက်ကြတယ်။

“ဒီဘက်က ညည်းတို့ကလည်း သူတို့မသိလို့လုပ်မိတာကို ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်၊ နောက်တော့ သူတို့ဒီလိုဆက်မလုပ်အောင် ငါထိန်းလိုက်မယ် ဟုတ်ပြီလား”

ဟိုမိန်းမလည်းသူ့ခေါင်းက ဦးဘသာလက်ထဲရောက်နေပြီဆိုတော့ ခေါင်းကိုခါရမ်းပြီးတော့ သဘောတူလိုက်ရတယ်၊ သဘောမတူလို့လည်းမရဘူးလေဗျာ၊ ဘေးနားမှာ ထိပ်ဖြူက ခေါင်းပြတ်စားချင်လို့ လျှာကြီးထုတ်ပြီး သရေတများများနဲ့စောင့်နေတာကိုး။

“ဟုတ်ပြီနော်၊ မင်းတို့လည်း နောက်ဒီဘက်မှာ ပဒတ်မလိုက်နဲ့၊ ညည်းတို့ကလည်း အညှိုးအတေးတွေဘာတွေလုပ်မနေနဲ့တော့ ဟုတ်ပြီလား”

ပြောပြီးတော့ ဦးဘသာက ခေါင်းကိုမြေပေါ်ကိုပစ်ချလိုက်တယ်ဆိုရင်ပဲ ခေါင်းပြတ်ကျတဲ့နေရာကို ပဒတ်ကိုယ်လုံးကြီးက ပြေးလာပြီး သူ့အလိုလိုလာဆက်သွားတယ်၊ ပဒတ်တွေလည်း အားလုံးလူပုံစံပြန်ဖြစ်သွားတယ်။

“ဒါပေမယ့် ဆရာကြီး၊ ကျုပ်တို့သူတို့ကိုမကျေနပ်ဘူး၊ တခြားတော့မလုပ်ချင်ပေမယ့် သူတို့ကို ပါးရိုက်ချင်တယ်”

“ဟင်၊ တကယ်ကြီးလား”

ဦးဘသာက ကျုပ်တို့ကိုလှည့်ကြည့်ပြီး ခေါင်းညိတ်ပြတယ်။ ကျုပ်က ဦးဘသာလက်ဆွဲပြီးတော့

“ဦးဘသာ ဒီလူအုပ်က ပါးဝိုင်းရိုက်တော့ သေပြီပေါ့ဗျ၊ အဲဒါတော့မလုပ်ဖို့တားပေးဗျာ”

“မင်းတို့အပြစ်နဲ့မင်းပေါ့ကွာ၊ ယောက်ျားပဲကွ လုပ်ရဲရင်ခံရဲရမှာပေါ့”

ဟိုမိန်းမက ကျုပ်အရှေ့မှာလာရပ်တယ်၊ ပြီးတော့ ကျုပ်ပါးကို တစ်ချက်ရိုက်ထည့်လိုက်တယ်၊ ပါးရိုက်တာက သိပ်တော့အားမပြင်းဘူးဗျ၊ အဲဒီမိန်းမရဲ့လက်ကလည်း ပျော့ပျော့အိအိရယ်၊ သိပ်တောင်မနာလိုက်ပါဘူး။ ပြီးတော့ အကိုကြီးရှေ့မှာ သွားရပ်တယ်၊ အကိုကြီးက အံကြိတ်ခံမယ်ဆိုတဲ့အထာနဲ့ မှုန်တေတေမျက်နှာထားနဲ့ ရပ်နေတယ်။

“အရိုက်ခံလိုက်ပါ အကိုကြီးရာ၊ သူရိုက်တာ သိပ်မနာပါဘူးဗျ”

အကိုကြီးကလည်း အံကြီးကြိတ်ထားတယ်၊ ဟိုမိန်းမက လက်ကိုရွယ်ပြီးတော့ အကိုကြီးကိုပါးတစ်ချက်ရိုက်ထည့်လိုက်တာ ဖြန်းခနဲအသံကြီးမြည်ထွက်သွားပြီးတော့ အကိုကြီးမှာ ငါးပေလောက်အဝေးကိုလွင့်ထွက်သွားတော့တယ်။ ကျုပ်တောင် ပါးစပ်အဟောင်းသားနဲ့ အကိုကြီးကိုပြေးဆွဲတော့ အကိုကြီးက ခွေခွေကလေးဗျ။

“အလတ်ကောင် မင်းပြောတော့ သိပ်မနာပါဘူးဆိုကွ”

“ဟုတ်တယ်လေ၊ ကျုပ်ကိုရိုက်သွားတာ အကိုကြီးမြင်တယ်မဟုတ်လား၊ ဒီမိန်းမက ဘာကြောင့်အကိုကြီးကိုကျတော့ အသေဆော်သွားသလဲမသိဘူး”

ကျုပ်တို့လှည့်ကြည့်လိုက်တော့ ဒီမိန်းမမရှိတော့ဘူးဗျ၊ ဟိုလူတွေလည်း မရှိတော့ဘဲ ပျောက်ချင်းမလှကိုပျောက်သွားတာ၊ ကျုပ်က အကိုကြီးကိုတွဲထူပြီး ထလိုက်တယ်။ ဒီလိုနဲ့ ဒေါ်ဂေါင်းခြံထဲကပြန်ထွက်လိုက်တော့ ငါးမိနစ်တောင်မလျှောက်ရဘူး ခြံအပြင် ပဲခင်းအစပ်ကိုရောက်လာပါရောဗျာ။

“ဟောဗျာ၊ ဒီလိုဆိုတော့လည်း နီးနီးလေးပါလား၊ ဒါနဲ့ ဦးဘသာက ဘယ်လိုရောက်လာတာလဲ”

“ငါလည်း ဒီနေ့မှာ ဘာစိတ်ကူးပေါက်တယ်မသိဘူး၊ နွားတွေကိုလွှတ်ကျောင်းရင်း ဒီဘက်လာမယ်ဆိုပြီး ရောက်လာတာ၊ ငါသစ်ပင်အောက်မှာထိုင်နေတုန်း ထိပ်ဖြူကပြေးလာပြီး ငါ့ကိုဟောင်နေတာနဲ့ ဒီကောင်ရှိရင် မင်းတို့လည်းရှိရမယ်၊ ပြီးတော့ ထိပ်ဖြူပုံစံကိုကြည့်ရတာ တစ်ခုခုထူးခြားနေတယ်ဆိုတော့ မင်းတို့ကောင်တွေတော့ မြွေကိုက်ပလားဆိုပြီး သူ့အနောက်ပြေးလိုက်လာခဲ့တာပဲဟေ့”

“တော်သေးတာပေါ့ကွာ၊ ဒီတစ်ခေါက်တော့ မင်းကယ်တဲ့အသက်ပဲရှိတော့တယ် ထိပ်ဖြူရေ”

ကျုပ်က ထိပ်ဖြူခေါင်းကိုပွတ်လိုက်တော့ထိြပ်ဖူက အမြှီးတနံ့နံ့နဲ့ဗျ၊ ပဒတ်တွေကြောက်သွားတယ်ဆိုပေမယ့်လဲ၊ အရင်ကထုထားတဲ့ ပဒတ်ဆယ်ကောင်ကျော်လောက်ကို နှီးလေးနဲ့တွဲပြီး ယူလာခဲ့ကြတယ်၊ အိမ်မှာက ဟင်းစားလဲပြတ်နေပြီမဟုတ်လား၊ ဦးဘသာကိုကျေးဇူးတင်တဲ့အနေနဲ့ ပဒတ်တွေပေးတော့ ဦးဘသာက မယူဘူးဗျ။

“တခြားအသားတော့ စားချင်စားမယ်အလတ်ကောင်ရေ၊ ပုတ်သင်၊ ဖွတ်၊ ပဒတ် ဒီသုံးမျိုးတော့ ငါမစားဘူးကွ၊ ဒီလိုသတ္တဝါတွေဆိုတာက ပရလောကနဲ့အများကြီးဆက်နွယ်နေတယ်၊ ပြီးတော့ ငါကလည်း ရွံကြောက်ကြီးမို့ မစားချင်ပါဘူးကွာ”

“ဒါနဲ့ ခုနကလူတွေက ဘယ်သူတွေလဲဗျ”

“သူများမကောင်းကြောင်းတော့ မပြောချင်ပါဘူးကွာ၊ လွန်ခဲ့တဲ့ အနစ်လေးဆယ်လောက်တုန်းက ဒေါ်ဂေါင်းကြီး ဒီခြံကိုစစိုက်တော့ ခြံမှာနေပါရစေ၊ နေစရာမရှိလို့ပါဆိုပြီးတော့ မိသားစုတစ်စုက ခွင့်တောင်းနေသတဲ့ကွ၊ ဒါပေမယ့် အဲဒီမိသားစုက အောက်လမ်းပညာသည်တွေလို့ပြောတာပဲ၊ အဖေအမေနဲ့ မောင်နှမခုနစ်ယောက်တောင်ရှိတယ်ဆိုပဲကွ၊ အဲဒါ သူတို့က ဒီခြံမှာနေရင်း ဒေါ်ဂေါင်းကြီးဆီက ခြံကိုမတရားလိုချင်လို့ ဒေါ်ဂေါင်းကြီးကို ပညာနဲ့တိုက်တယ်ဆိုပဲ၊ ဖြစ်ချင်တော့ ဒေါ်ဂေါင်းက စုန်းမကြီးကွ၊ သူက မကျေနပ်လို့ ပြန်လုပ်ထည့်လိုက်တာ အောက်လမ်းမိသားစုတစ်မိသားစုလုံး အသေဆိုးနဲ့သေသွားတယ်ဆိုပဲ၊ လူတွေပြောတာက ဒေါ်ဂေါင်းက ဒီမိသားစုကို ခြံကိုစောင့်ခိုင်းထားတယ်ဆိုလား၊ ပြီးတော့ တစ်ခါ ဒီမိသားစုက ခြံကိုစွဲလန်းစိတ်နဲ့ ကျတ်တစ္ဆေတွေ ဖြစ်နေတယ်ဆိုလားပဲကွ”

“ဒါကြောင့် ဒီခြံကို လူတွေရှောင်ကြတာကိုးဗျ”

“အေးပေါ့ကွ၊ ဒေါ်ဂေါင်းသားသမီးတွေကလွဲရင် ဘယ်သူမှ ခြံထဲဝင်တောင်မဝင်ရဲတာ မင်းတို့မို့ကွာ”

“ကျုပ်တို့ကလည်း ကြားတော့ကြားဖူးပေမယ့် မဖြစ်နိုင်လောက်ပါဘူးဆိုပြီးတော့ ထင်တာ၊ ပြီးတော့ ဝင်သွားတာကလည်း ပဒတ်ရချင်ဇောနဲ့ကိုးဗျ”

“အေး၊ မင်းတို့ ညီအကိုတော့ အကုသိုလ်အလုပ်တွေ ဆက်လုပ်ကြဟေ့၊ အစားလေးတစ်လုတ်အတွက်နဲ့ သူများအသတ်ကိုချောင်းမြောင်းသတ်ဖြတ်တာ ဘယ်လောက်ဝဋ်ကြီးလဲကွ၊ အခုလည်း ကံကောင်းလို့မသေတာ၊ ခုနကတုတ်ကြီးတွေနဲ့ အရိုက်ခံလိုက်လို့ရတော့ ပဒတ်ထောင်းမဟုတ်ဘူး လူထောင်းဖြစ်သွားမယ်ဟေ့”

ဒါနဲ့အိမ်ပြန်ခဲ့ကြတယ်ဆိုပါတော့၊ သေမလိုဖြစ်ခဲ့တယ်ဆိုပေမယ့် ဒီအကြောင်းတွေကို ကျုပ်တို့ညီအကိုနှစ်ယောက် ဘယ်သူ့ကိုမှပြန်မပြောကြဘူး၊ ပြောရင်လည်း ယုံမှာမဟုတ်ဘူးဗျာ၊ တစ်ကိုယ်လုံး ခြစ်ရာပွန်းရာတွေနဲ့ ပြန်လာကြတော့ အမေဖြင့်အံံ့သြနေသေးတာ၊ ပုံမှန်ပဒတ်လိုက်ရင် ဒါမျိုးဖြစ်စရာမရှိဘူးလေဗျာ။

ဟင်းစားရလာတော့ အမေကလက်စွမ်းပြတော့တယ်၊ ပဒတ်တွေကိုကင်ပြီးတော့ အရေခွံဆုတ်၊ နှုတ်နှုတ်စဉ်း၊ ဆုံလေးထဲထည့်ပြီး မညက်တညက်လေးထောင်းလိုက်တော့ အရိုးသေးသေးလေးတွေက ကျေသွားရော၊ အဲဒီအခါမှ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ဆီသတ်ပြီး ပဒတ်ထောင်းထည့်လို့ ခပ်ခြောက်ခြောက်ကလေး ကြော်၊ ကျက်ခါနီးကျတော့ ပျဉ်းတော်သိမ်ရွက်လေးခူးပြီးချွေထည့်လိုက်တာ မွှေးကြိုင်နေတာပါပဲဗျာ။

ဒါပေမယ့် အဲဒီပဒတ်ဟင်းကို ကျုပ်တို့ညီအကိုမစားလိုက်ရဘူးဗျ၊ ဟိုတောထဲပ ပဒတ်မ ပါးရိုက်ထည့်လိုက်တာ တစ်နေ့လုံးဘာမှမဖြစ်ဘဲ ညနေစာ စားခါနီးကျမှ ကျုပ်ရဲ့ဘက်ဖက်ပါးကြီးက ဖူးယောင်ပြီး နီရဲတက်လာတာဗျို့၊ အကိုကြီးကတော့ ညာဘက်ပါးဖြစ်တာ၊ ခဏလေးနဲ့ပါးကြီးဖောင်းလာလို့ ထမင်းမပြောနဲ့ အမေချက်တဲ့ ပဲဟင်းရည်လေးတောင် မသောက်နိုင်ဘူးဗျာ၊ နာလိုက်တာပြောမနေပါနဲ့တော့၊ ကျုပ်တို့ညီအကိုနှစ်ယောက် ထမင်းမစားနိုင်တော့ ကျန်တဲ့လူတွေက ပဒတ်ထောင်းကို ၀၀လင်လင်တစ်နင့်တစ်ပိုးကြီး စားလိုက်ကြတာများဆိုတာ ကျုပ်တို့ကိုတမင်များရွဲ့နေသလားပဲဗျာ။

ကြောက်တော့ကြောက်ပေမယ့် လူဆိုတာ အကျင့်တော့ပြင်ရခက်တယ်ဗျ၊ ကျုပ်တို့ညီအကိုနှစ်ယောက် မုဆိုးစိတ်မကုန်သေးဘူး၊ လသာညများဆိုရင် အကိုကြီးက အိပ်မပျော်ဘဲ အခန်းထဲကနေ တဟင်းဟင်း တဟွတ်ဟွတ်နဲ့ အသံပေးနေသေးတာ၊ တစ်ရက်တော့ ကိုမြင့်ရောက်လာပြန်ပါရော။

“ဟာ အကြီးကောင်၊ ဒီတစ်ခါလည်း မင်းကိုသတင်းကောင်းပေးစရာရှိတယ်ကွာ”

“လာပြန်ပြီလား၊ ပဒတ်လောက်တော့ မလုပ်နဲ့၊ သေးသေးမွှားမွှားဆို စိတ်မဝင်စားဘူးဗျာ”

“ဟ၊ ပဒတ်မဟုတ်ဘူးကွ၊ ဒီတစ်ခါတော့ ဖွတ်ကွဖွတ်၊ ကြီးတာမှ နည်းတဲ့အကောင်ကြီးတွေမဟုတ်ဘူးဟေ့”

“ဟုတ်လား ဘယ်နားမှာလဲဗျ”

“ဒေါ်ဂေါင်းကြီးခြံထဲကနေ ဖွတ်ကြီးတစ်ကောင်ထွက်လာတတ်တယ်ဆိုပဲကွ၊ ကြီးလိုက်တာများကွာ မင်းခွေးထိပ်ဖြူလောက်နီးနီးရှိတယ်ဆိုပဲ၊ အဲဒါမင်းတို့လိုက်ပါလား”

အကိုကြီးက ထရံမှာထိုးထားတဲ့မှိန်းပြေးဆွဲပြီးတော့

“ဖွတ်တော့မလိုက်ဘူး၊ ဒီတစ်ခါတော့ ခင်ဗျားကိုလိုက်မှာ ငမြင့်ရေ”

အကိုကြီးက မှိန်းတံနဲ့လိုက်တော့ ကိုမြင့်က ဘုမသိဘမသိ ပြေးလိုက်တာများ မှုန်နေတာပဲဗျာ။ ဒီအဖြစ်ပြီးတော့ မကြာခင်မှာ ဒီထက်ဆိုးတဲ့အဖြစ်တစ်ခု ထပ်လာမှာကို ကျုပ်တို့မသိခဲ့ဘူးဗျ၊ ဒါကလည်း ကျုပ်ကြောင့်လို့ပြောရင်မမှားဘူး၊ ဒီနေ့တော့ နားပြီစာရေးဆရာ၊ နောက်ရက်မှ အဲဒီအကြောင်းဆက်ပြောကြတာပေါ့။

ပြီးပါပြီ။

အဂ္ဂဇော်