တောနက်ထဲကတောက်ခေါက်သံ

လေ၏။ ခွန်းသက လျှောက်နေရင်း ရပ်ခိုင်းလိုက်ပြီး  ထနောင်းပင်ကိုပုတ်၍…

“သစ်ပင်ပေါ်မှာနေထိုင်တဲ့ အကြီးဆုံးပုဂ္ဂိုလ် ခဏဆင်းခဲ့ပါအုံး။”

  ထိုအခါ သစ်ပင်အနောက်ကနေ ကလေးတစ်ယောက်ထွက်လာလေ၏။

“မင်းက ဒီအပင်မှာနေတဲ့ အကြီးဆုံးပုဂ္ဂိုလ်လား။”

“ဟုတ်တယ်… ခင်ဗျားက ဘာ‌လုပ်ဖို့ခေါ်တာလဲ။”

ခွန်းသခမျှ ယောင်ပေစူးလေးနှင့် အသက်၁၂နှစ်ဝန်းကျင်ကလေးပုံစံမို့ မရီမိအောင်ထိန်းထားရ၏။

  “ငါတို့က ဒီတောထဲမှာ ရသေ့ကြီးတစ်ပါးကိုရှာနေတာပါ… အဲဒါမင်းများသိရင် ‌လမ်းညွှန်ပေးပါအုံး။”

“ဒါလေးများဗျာ… ဟဲ့ စိမ်းညို လာစမ်း။”

  ယောင်ပေစူးနှင့်ကလေးက သစ်ပင်ပေါ်ကိုကြည့်၍ အော်ခေါ်လိုက်တာနှင့်တပြိုင်နက် ကြက်တူရွေးလေးတစ်ကောင်က ပျံသန်းလာခဲ့လေ၏။ ကြက်တူးရွေးလေးက ယောင်ပေစူးနှင့် ကလေးပခုံးပေါ်၌ နားလိုက်သောအခါ ထိုကလေးက..

“ဒီဆရာတွေကို ရသေ့ဦးဥတ္တရဆီလိုက်ပို့လိုက်ကြားလား… လမ်းမမှားစေနဲ့နော် သေချာဂရုတစိုက်ပို့။”

ကြက်တူရွေးလေးက နားလည်သည့်အလား ခွန်းသ၏အရှေ့ကနေ ပျံဝဲပြလေ၏။

  “ကဲ စိမ်းညိုက ခင်ဗျားတို့ကိုလမ်းပြလိုက်မယ် သူ့နောက်သာလိုက်သွားပေတော့။”

  “ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။”

  ကိုရင်ကြီးကတော့ ဘေးကနေ ခွန်းသတစ်ယောက်တည်း စကားပြောနေတာကိုကြည့်ပြီး သူ၏ဦးခေါင်းအား တဗျင်းဗျင်းကုတ်နေလေ၏။

  “ဒါကာကြီး တစ်ယောက်တည်း ဘာလို့စကားတွေပြောနေတာလဲ။ ကိုရင့် ဖခမည်းတော်ကို ရှာရအုံးနမယ်လေ.. တော်ကြာမှောင်သွားရင်ခက်မယ် ဒါကာ။”

“တင်ပါ့ဘုရား အနှေးထက် အမြန်သိရအောင် ဒီသစ်ပင်ကပုဂ္ဂိုလ်ကို ခေါ်ယူမေးမြန်းကြည့်တာပါဘုရား။”

“ဒါကာတို့ပုံစံစတွေ့တည်းက ‌လောကီဆရာမှန်းတော့ ကိုရင်လည်းသိတယ်… ဒါပေမဲ့ အခုလိုကူညီနိုင်မှန်းမသိရိုးအမှန်ပဲဒါကာ… အဲဒီအပင်ကပုဂ္ဂိုလ်က ဘာပြောလဲ။”

“တင်ပါ့… ‌ယခုတပည့်တော်‌တို့ရှေ့က ကြက်တူရွေးလေးကို လမ်းပြအဖြစ် ပေးလိုက်ပါတယ်ဘုရား။ သူ့နောက်ကနေ တပည့်တော်တို့က လိုက်သွားရုံပါပဲ။”

  “ကောင်းတာပေါ့ဒါကာရယ်… ဒီလိုဆို လမ်းမှားဖွယ်ရာမရှိတော့ဘူး။”

ဤသို့ဖြင့်စောသနှင့်ခွန်းသဟာ ကိုရင်ကြီးနှင့်အတူ ကြက်တူရွေးလေး ပျံသန်းသည့်အတိုင်း အနောက်ကနေ လိုက်ပါလာခဲ့ကြလေ၏။ ကိုရင်ကြီးသည် ပျင်းရိလာပုံရကာ စကားဆိုလေ၏။

  “ဒါကာတို့ကရော ဒီလိုတောနက်ထဲကို ဘယ်အကြောင်းရှိလို့ ရောက်နေကြတာတုန်း။”

“တင်ပါ့ဘုရား တပည့်တော်တို့က ဆရာသခင်ကခေါ်လို့ ပုပ္ပါးတောင်ကို သွားဖို့အတွက် ဒီတောထဲက ဖြတ်လာကြတာပါ။”

  “ဪ ပုပ္ပါးတောင်ပေါ်တက်ကြမှာကို… အင်း အဲဒီပုပ္ပါးတောင်ကလည်း ဝိဇ္ဇာ၊ ဇော်ဂျီတွေ ခဏခဏလာရောက်ကြတယ်… တချို့ဆို နှစ်ပေါက်အောင်ထိ အဓိဌာန်ဝင်နေကြတယ်လို့လည်း ကိုရင်တော့ကြားဖူးတာပဲ… လက်တွေ့တော့ ဝိဇ္ဇာနဲ့မကြုံဖူးပါဘူး။”

  “တင်ပါ့.. ပုပ္ပါးတောင်က အောင်မြေဆိုတော့လည်း လောကီဆရာအပြင် သာမန်လူတွေလည်း လာရောက်အဓိဌာန်ဝင်ကြတာပါပဲ။”

“ဪ ဒါကာတို့က လောကီဆရာတွေဆိုတော့ ကိုယ်တော် မသိတာရှိလို့ မေးရအုံးမယ်။”

“တင်ပါ့ တပည့်တော်တို့ သိသမျှဖြေကြားပေးပါ့မယ်။”

“ကိုရင်ကအမှန်တကယ်တော့ ဒီတောထဲကို တစ်ပါးတည်းမလာဝံ့ပါဘူးကွယ်… အဖော်ရှာကြည့်တော့လည်း ဘယ်သူမှမလိုက်ရဲကြဘူး… အဲဒါနဲ့ ကိုရင်လည်းစိတ်ညစ်ပြီး ပုပ္ပါးတောင်ပေါ်ကို တက်ပြီး ဘုရားကန်တော့တာပေါ့… တောင်ပေါ်က အဓိဌာန်ဝင်နေကြသူတွေအများထဲကမှ လူတစ်ယောက်က ကိုရင့်ကို ဘာကူညီပေးရမလဲ ထူးထူးခြားြခားမေးတယ်…. ကိုရင်က ဘုရားကန်တော့ပြီး ပြန်ဆင်းမလို့ပါ သူ့ကိုလည်းမသိပါဘူး.. ကိုရင်လည်း ဘာရယ်မဟုတ်ပဲ သူ့ကို ဖခမည်းတော်သွားရှာချင်တာ တောထဲကို တစ်ပါးတည်း မကြွဝံ့ကြောင်းပြောတော့ ကြွပါကိုရင်တဲ့ ကိုရင့်ကိုလိုက်ကူညီမယ့် လူနှစ်ယောက်နဲ့ တောထဲမှာဆုံပါလိမ့်မယ်တဲ့… ကိုရင်လည်း ယုံတော့မယုံဘူးပေါ့.. ဒါပေမဲ့ သူက ဟောဒီအင်းကိုဆောင်ပြီးသွား.. ကိုရင်ဘေးဥပါဒ်အန္တရာယ်ကင်းရှင်းမယ်ဆိုတယ်.. ရေနစ်သူအဖို့ ကောက်ရိုးတစ်မျှင်စာရသလိုပါပဲဒါကာရယ်… ဖခမည်းတော်ကို တွေ့ချင်စိတ်ကကြီးစိုးနေတော့ သူပေးတဲ့အင်လေးယူပြီး အခုလိုတစ်ပါးတည်း မကြွဝံ့ကြွဝံ့နဲ့ ‌ကြွလာခဲ့တာပဲ။”

  ခွန်းသသည် ကိုရင်ကြီး၏ လက်ထဲကအင်းကို ခဏတောင်းယူကြည့်လိုက်လေ၏။ အင်းကိုဆုပ်လိုက်ကာ အာရုံခံကြည့်သောအခါ ဆံပင်များအား အနောက်ကိုသပ်သပ်ရပ်ရပ်လှန်ထားပြီး အင်္ကျီအဖြူလက်ရှည်လည်ကတုံးနှင့် ပုဆိုးအနက်ဝတ်ဆင်ထားသည့်သူတစ်ဦးကို မြင်တွေ့လိုက်ရ၏။ အသားအရည်မှာ ညို၍စိုပြေနေပြီး နှာတံစင်းစင်း၊ မျက်ခုံးကောင်းကောင်း တည်ကြည်ခံ့ညားသည့်ဥပဓိရုပ်အသွင်နှင့် သူ့အားပြုံးပြနေလေ၏။ ခွန်းသသည် တိမ်မဖုံးသောလမင်းကြီးအား မော့ကြည့်လိုက်ရသည့် ခံစားချက်မျိုးနှင့် သွားများပေါ်သည်အထိပြုံးလိုက်ကာ အင်းပြားလေးကို ကိုရင်ကြီးအား ပြန်ပေးလိုက်၏။

“အစ်ကို.. ကိုရင်ကြီးကိုအင်းပေးလိုက်တာ ဆရာပဲဗျ.. ဆရာကအရင်ကထက်ကို နုပျိုပြီး တော်တော်ခံ့ညားလာတယ်.. ကျုပ်ဆရာ့မျက်နှာမြင်လိုက်ရတာ အတော်ကိုအားရှိသွားသလိုပဲဗျာ။”

“ကိုရင်ကြီးကို မြန်မြန်ကူညီပေးပြီး ဆရာ့ဆီသွားကြရအောင်… ငါလည်းဆရာ့ကို အတော်တွေ့ချင်လှပြီကွာ။”

  စောသနှင့်ခွန်းသတို့သည် ဤသို့ တဖြည်းဖြည်းလျှောက်လှမ်းလာနေကြရင်း ထမင်းအိုးနှစ်လုံးကျက်ခန့်ကြာသည့်အခါ၌ ရှေ့မှပျံသန်းနေသော ကြက်တူးရွေးလေးက ကိုင်းတစ်ခု၌ နားခိုလိုက်သောကြောင့် ခတ်လှမ်းလှမ်းကိုမျှော်ကြည့်သောအခါ မြေစိုက်တဲလေးတစ်ခုကို မြင်တွေ့လိုက်ကြရ၏။ ကိုရင်ကြီးလည်း မြေစိုက်တဲလေးကိုတွေ့သွားကာ အားတက်သွားပြီး စေ‌ာစောကထက်မြန်လှသော ‌ေြခလှမ်းများဖြင့် သွားလေတော့၏။ စောသနှင့်ခွန်းသတို့လည်း ကြက်တူရွေးလေးကိုနှုတ်ဆက်ကာ မြင်နေရသောတဲကလေးဆီ လျှောက်လာကြပါတော့သည်။

   တဲအနားသို့ရောက်သောအခါ တဲအတွင်း၌ တရားထိုင်နေသော ရသေ့ကြီးကို တွေ့လိုက်ရ၏။ စောသနှင့်ခွန်းသသည် ရသေ့ကြီး၏ ကိုယ်ရောင်ကိုယ်ဝါနှင့် ဥပဓိရုပ်က ကြည်ညိုစရာကောင်းလွန်းတာကြောင့် ထိုင်ကန်တော့လေ၏။ ကိုရင်ကြီးကလည်း သူ၏ဖခမည်းတော်ရှေ့ ရို့ရို့ကလေးထိုင်ကာ ကန်တော့လေ၏။ သူတို့ကန်တော့ပြီးသောအခါ ရသေ့ကြီး၏မျက်လွှာလေးပွင့်လာခဲ့တော့သည်။

“ဖြတ်ရခက်သော သံယောဇဉ်ကြိုးများကြောင့် ဘဝသံသရာထဲမှာ ငရဲကျလိုက်၊ လူပြန်ဖြစ်လိုက်၊ နတ်ပြည်တက်လိုက်၊ တိရိစ္ဆာန်ဖြစ်လိုက်နဲ့ ဘယ်ဘဝအထိ ကျင်လည်နေကြမှာတုန်းကိုရင်ကြီး… ဗုဒ္ဓသားတော်အဖြစ်ခံယူပြီးတဲ့အခါ ဖြစ်ပျက်ခြင်းသဘောတရားကို နာယူမှတ်သားပြီး ဝိပဿနာတရားကိုသာ ကျင့်ကြံရမယ်မလား။”

  “တင်ပါ့ဘုရား တပည့်တော်သိပါတယ်.. ဒါပေမဲ့ လူဝတ်ကြောင်ဘဝက ကောင်းစွာမမြင်ခဲ့ရသည့် ဖခမည်းတော်အား တွေ့ချင်လိုစိတ်ကြီးမားတာကြောင့် အခုလို လာရောက်ဖူးမြော်ရခြင်းပါ… အရှင်ဘုရားအား ဤသို့တွေ့မြင်ရတော့ တပည့်တော်ရင်ထဲ အတိုင်းမသိဝမ်းသာမိပါတယ်ဘုရား။”

“အင်း… ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းတို့ ယခုအချိန်မှာ ငါ့၌မရှိဘူးကိုရင်ကြီး .. ပြန်ပါတော့ကိုရင်ကြီး ရှေ့လျှောက်ရမဲ့ ခရီးလမ်းမှာ သာသနာတော်အကျိုးကိုသာ ထမ်းပိုးပြီး ဗုဒ္ဓရဲ့အရိပ်မှာခို၊ ဝိပဿနာတရားကိုသာ စဉ်ဆက်မပြတ်ကျင့်ကြံပြီး သာသနာ့အာဇာနည်တစ်ယောက် ဖြစ်အောင်လုပ်တော်မူပါ။”

“တင်ပါ့ဘုရား… အရှင်ဘုရားမိန့်သမျှ တပည့်တော်နာခံပါ့မယ်… အရှင်ဘုရားကို အခုလိုဖူး‌ေတွ့ခွင့်ရလိုက်တာကိုပဲ တပည့်တော်ကျေနပ်လှပါပြီ… သွားခွင့်ပြုပါအုံးဘုရား… တပည့်တော်ရဲ့ ဘဝသက်တမ်းတလျှောက်မှာ ဝိပဿနာတရားကိုအားထုတ်ပြီး သာသနာ့အကျိုးကိုသာ သယ်ပိုးထမ်းရွက်ပါ့မယ်လို့ ကတိပေးပါတယ်ဘုရား။”

“သာဓု..သာဓု..သာဓု။ ကြွပေအုံးတော့ကိုရင်ကြီး… သံသရာတစ်ခေါက်မှာတော့ ပြန်လည်ကြုံတွေ့ကောင်းပါရဲ့ကွယ်။”

  ရသေ့ကြီးက ဤမျှသာမိန့်ပြီး ပြန်လည်မျက်လုံးမှိတ်သွားသည့်အခါမှာတော့ ကိုရင်ကြီးနှင့် စောသတို့လည်း လာရာလမ်းအတိုင်းလှည့်ပြန်လာကြလေ၏။ အပြန်လမ်း၌ ကိုရင်ကြီး၏မျက်နှာအား ကြည်လင်၍ ပြုံး၍နေတာကို စောသနှင့်ခွန်းသတို့ကြည့်ကာ သူတို့ပါပြုံးမိလေ၏။ နေဆောင်းချိန်အရောက်မှာတော့ တောထဲကနေ ထွက်လာခဲ့ပြီဖြစ်၍ ကိုရင်ကြီးက သူတို့ကိုကျေးဇူးတင်ကာ ပြန်ကြွသွားချိန်၌ စောသနှင့်ခွန်းသကလည်း ပုပ္ပါးတောင်ပေါ်ကို စတင်တက်ခဲ့ကြလေသတည်း။

∆အခန်း (၂)
°°°°°°°°°°°°°

     စောသနှင့်ခွန်းသတို့သည် ပုပ္ပါးတောင်ပေါ်ကိုတက်လာခဲ့ကြပြီးသည့်နောက်၌ ဆရာသခင်ဖြစ်သူကို ရှာကြသောအခါဝယ် ဆရာသခင်သူရသည် စေတီခြေရင်း၌ တင်ပလ္လင်ခွေထိုင်၍ မျက်လုံးကိုမှိတ်ကာ မန္တန်တစ်ပုဒ်အား ဌာန်ကရိုင်းကျကျရွတ်ဖတ်ပူဇော်နေလေ၏။ စောသနှင့်ခွန်းသလည်း ဆရာဖြစ်သူ၏အနောက်တွင် နေရာယူ၍ စေတီကိုကန်တော့လိုက်ကြလေ၏။ ခဏအကြာ၌ သူရသည် မန္တာန်ရွတ်ဆို၍ပြီးသွားကာ တစ်တောလုံး တစ်တောင်လုံးကို မေတ္တာပို့အမျှဝေလိုက်၏။ ထို့နောက် အနောက်ကိုလှည့်၍ သူ၏တပည့်နှစ်ဦးအား ပြုံးရယ်ကာ ကြည့်လေ၏။

  “ဆရာနေကောင်းတယ်နော်။”

“ကောင်းပါတယ်ကွာ… ဒါနဲ့ မင်းတို့ ဟိုကိုရင်ကြီးကို ကူညီလိုက်ရဲ့လား။”

  “ကူညီပေးလိုက်ပါတယ်ဆရာ..။”

“ဆရာကအခု ပစ်ဒဏ်ကလွတ်ပြီဆိုတော့ အရင်လိုပဲ မဟာဂန္ဓာရီခရီးကုိ တပည့်တို့တူတူပြန်လှည့်လို့ရပြီပေါ့နော်။”

“မခွဲခွာရခင်အချိန်အထိတော့ မင်းတို့နှစ်ယောက်နဲ့ငါ လူတွေကိုအတူတူကယ်တင်ခွင့်ရှိနေအုံးမှာပါ… လောလောဆယ်တော့ ငါအခုအဓိဌာန်ဝင်နေတယ်… ဒီအဓိဌာန်က ၇ရက်ပဲဆိုပေမဲ့ အဖျက်အမှောင့်တွေက များလွန်းတယ်… ပထမရက်မှာတင် တောင်ပိုင်ကိုယ်တိုင်က စီးတော်ကျားနဲ့စမ်းသပ်တာခံရတယ်။”

  “ဟုတ်ကဲ့ဆရာ… တပည့်တို့လည်း ဆရာ့အဓိဌာန်ကိုစောင့်ရင်း သမာဓိအားကို ပိုမိုမြှင့်တင်ပါ့မယ်။”

“သာဓုသာဓုသာဓု… မတွေ့ရတဲ့၂နှစ်အတွင်း မင်းတို့အတော်အရွယ်ရောက်လာကြပြီပဲ အကြီးကောင်နဲ့အငယ်ကောင်။”

  သူရသည် စောသနှင့်ခွန်းသ၏ ငယ်နာမည်များကိုခေါ်လိုက်သောကြောင့် တပည့်နှစ်ဦးသား ပြုံးရယ်လိုက်ကြလေ၏။ ထို့နောက်တွင် ညစာအားစားသောက်ကြပြီး သူရက တောင်စောင်းကိုသွား၍ အရှေ့ကိုမျက်နှာမူကာ မန္တာန်ရွတ်နေသလို စောသကလည်း ကျွန်းနက်ပုတီးဖြင့် ပုတီးစိပ်၍ ခွန်းသက စေတီ‌ေြခရင်း၌ သမထထိုင် တရားအားထုတ်နေခဲ့လေ၏။

   သူရသည် မန္တာန်ရွတ်ဆို၍နေချိန်၌ တဖြည်းဖြည်း အနီးအနားဝန်းကျင်က အသံတွေ သူ၏နားထဲ၌ ပဲ့တင်ထပ်၍ ကျယ်လောင်လာသလိုခံစားရ၏။ ‌ညှင်သာသော လေ‌ေြပကလေးတိုက်တာကအစ သူရ၏နားထဲ၌ လေဆင်နှာမောင်းတိုက်ခတ်သံလို ဝှီးခနဲဝှီးခနဲကြားနေရ၏။ ထို့နောက် အသံဗလံများက တစတစတိုး၍ ပျောက်ကွယ်ပြီး သူရ၏နားထဲ၌ မည်သည့်အသံမျှမကြားရတော့သလို မိမိ၏အသံကိုပင် မိမိပြန်မကြားနိုင်အောင်ဖြစ်သွား၏။ သို့သော်လည်း သူရကတော့ အနည်းငယ်မျှတုန်လှုပ်ချင်းမရှိ သူရွတ်ဆိုရမည့်မန္တာန်ကိုသာ ဌာန်ကရိုင်းကျကျရွတ်ဖတ်နေခဲ့လေ၏။

  သူရသည် ဤသို့မန္တာန်ရွတ်နေသည်မှာ နံနက်အရုဏ်တက်ချိန်ထိဖြစ်လေ၏။ အရုဏ်တက်သည့်အခါ၌ သူရသည် မေတ္တာပို့အမျှဝေကာ အညောင်းအညာပြေထ၍ ခဏလမ်းလျှောက်ပြီး အိပ်စက်လေ၏။ သိပ်တော့ အကြာကြီးမအိပ်ပေ စေတီ၏ထိပ်ကခေါင်းလောင်းသံလေးများ လေအဝေ့မှာတိုက်ခတ်သွားသောအခါ သူရတစ်ယောက် ပြန်ထလာခဲ့ပြီး မျက်နှာသစ်ကာ နံနက်စာကို ခွန်းသဝယ်လာသည့် ကောက်‌ညှင်းပေါင်းအနည်းငယ်စား၍ စေတီခြေ၌ တပလ္လင်ခွေထိုင်ရင်း မန္တာန်ကိုရွတ်ဆိုလေ၏။

  စောသနှင့်ခွန်းသကလည်း အင်းရေးဆွဲခြင်းအမှုမပြုပဲ သူတို့သမာဓိအားကောင်းလာရန် ပုတီးစိပ်သူစိပ် တရားထိုင်သူကထိုင် ပြုလုပ်နေကြလေ၏။ ဤသို့ဖြင့် သူရတစ်ယောက် မန္တာန်ကိုရွတ်ဆို၍ ထိုင်နေသည့်အချိန် ပခုံးပေါ်သို့ ရှည်လှသောလက်သည်း၊ ဖြူဖွေးနေသောအသားရည်နှင့် သွယ်လျှသောလက်ချောင်းများဖြင့် မိန်းမပျိုတစ်ဦးက လာရောက်ထိကိုင်လေ၏။ သူရကတော့ ထိုအချင်းအရာအား ဂရုမပြုပေ။ သူရွတ်ဆိုစရာရှိတာကိုသာရွတ်ဆိုနေလေ၏။

  ထိုအခါ ထိုမိန်းမပျိုသည် ချိုသာ၍ ညို့ဓာတ်ပြင်းလှသော ဆွဲငင်အားကောင်းသည့်အသံဖြင့် “မောင်တော်”ဟု သူရ၏နားနားကိုကပ်၍ ခေါ်လိုက်လေ၏။ ချစ်စဖွယ်ကောင်းလှသော ရယ်သံနှင့် ရေလာမြောင်းပေးသော စကားလမ်းကြောင်းများခင်းကာ သူရကိုမြူဆွယ်ဖျား‌ေယာင်းနေခဲ့သည်။ သူရကတော့ အေးအေးဆေးဆေး တည်တည်ညိမ်ညိမ်ဖြင့် မန္တာန်ကိုသာ ရွတ်ဆိုနေခဲ့လေ၏။

   သို့သော် ထိုမိန်းမပျိုသည် သူမည်သို့ပင် မြူဆွယ်ဖြားယောင်းပါစေ သူရက တုတ်တုတ်မျှမလှုပ်တာကို သိရှိပြီး ပြုံးရယ်ကာ အနောက်ကိုပြန်ဆုတ်၍ ပျောက်ကွယ်သွားခဲ့လေ၏။ ဤသို့ဖြင့်သူရသည် မန္တာန်ကို နေ့ရောညပါရွတ်ပြီး အဓိဌာန်ဝင်ခဲ့တာ ၆ရက်မြောက်နေ့ ညနေခင်း၌ တောင်စောင်းနားမှာ တင်ပလ္လင်ခွေထိုင်လျှက် မန္တာန်ရွတ်‌ဆိုနေချိန် မိုးတိမ်မိုးသားများတက်လာပြီး မိုးများရွာသွန်းလေ၏။ စောသနှင့်ခွန်းသတို့ ဆရာသခင်သူရသည် တောင်စောင်း၌ မိုးထဲလေထဲမှာ မတုန်မလှုပ်ဖြင့်ထိုင်၍ မန္တာန်ရွတ်ဆိုနေတာကို ရပ်ကြည့်ကြနေလ၏။

  သူရသည် မန္တာန်အပေါ်၌သာ သူ၏စိတ်အာရုံအစုံကိုပြုထားတာကြောင့် မိုးရေစက်တို့ သူ၏ခန္ဓာကိုယ်ပေါ် ‌လာရောက်ထိမှန်ခြင်း၊  ဆံဖျားကနေခန္ဓာကိုယ်ကိုဖြတ်၍ စီးဆင်းသွားသော အေးစက်သည့်အထိအ‌ေတွ့တို့ကိုပင် သတိမပြုမိပဲဖြစ်ကာ ထိုင်နေလေ၏။ ရုတ်တရက်လေများက တဝေါဝေါအသံပြု၍ တိုက်ခတ်ချိန်၌လည်း သူရဟာ မတုန်မလှုပ်၊ တည်ညိမ်စွာ တောင်စောင်းမှာထိုင်လျှက်ပင်။ မိုးကြီးလေကြီးများကြားထဲကနေ သူရ၏ ဩဇာအာဏာအပြည့်ပါသည့်အသံက ပျံ့လွင့်လို့နေ၏။

  နေဝင်သွားသောအခါ မိုးတိတ်သွားသလို လေလည်းညိမ်၍ ကောင်းကင်သည် တိမ်များကင်းစင်ပြီး ဖြူစင်ဝင်းပလှသည့်လမင်းက ပေါ်ထွက်လာခဲ့လေ၏။ သူရသည် မန္တာန်ရွတ်ဆိုပြီးသောအခါ ထိုင်ရာကထ၍ ညစာကိုတပည့်နှစ်ဦးနှင့်အတူတူစားသုံးလေ၏။ မိုးများမိထားသော်လည်း သူရ၏ခန္ဓာကိုယ်နှင့်ဆံပင်တို့က ထူးဆန်းစွာ သာမန်အတိုင်း ခြောက်သွေ့နေတာကို စောသနှင့်ခွန်းသ သတိထားမိလေ၏။ ဆရာသခင်ဖြစ်သူက စကားတစ်ခွန်းမျှ မပြောပဲ အာဟာရဖြစ်ရုံမျှစား၍ ထိုင်ရာကထကာ စေတီခြေရင်း၌ မန္တာန်ပြန်လည်ရွတ်ဆိုနေပြန်၏။

   ဤသို့ဖြင့် သူရအဓိဌာန်ဝင်နေသည်မှာ ညသန်းခေါင်ကျော် အဓိဌာန်နောက်ဆုံးရက်သို့ ရောက်လာခဲ့၏။ ညည့်ငှက်တစ်ကောင်သည် စေတီအားပတ်၍ အော်မြည်ကာ တွန်ကျူးနေသည့်အချိန် သူရ၏ဘေးပတ်ပတ်လည်ကနေ ကိုယ်ရောင်ကိုယ်ဝါ ပြိုးပြိုးပြတ်ပြတ်အလင်းများနှင့် ရွှေအိုရောင်အဆင်းရှိသည့်လှံများကိုကိုင်ထားသည့် ပုဂ္ဂိုလ်ငါးဦးပေါ်လာကာ သူရကိုလှံများဖြင့်ထိုးလေ၏။ သို့သော် လှံအသွားများက အရိပ်ကိုသာထိုးဖောက်လိုက်သလို ကျွံဝင်သွားခဲ့ပြီး ပြန်ဆွဲအထုတ်မှာ ဒဏ်ရာဒဏ်ချက်မရှိ၊ သူရသည်လည်း နာကျင်မှုဝေဒနာ စိုးစွန်မျှပင် မရချေ။

   ထိုပုဂ္ဂိုလ်ငါးဦးက ပြုံး၍ ပျောက်ကွယ်သွားချိန် သူရ၏နားထဲ၌ အလွန်တရာမှ ကျယ်လောင်စူးရှလှသည့် ခြင်္သေ့ဟိန်းသံများကို ကြားနေရ၏။ စဉ်ဆက်မပြတ်ဆိုသလို ခြင်္သေ့ဟိန်းသံများက သူရနားထဲ ကြားနေရပေမဲ့ သူရကတော့ ထိုအချင်းအရာများအား သတိမမူမိပေ။ သူရွတ်ဆိုရမည်မန္တာန်ကိုသာ ဆက်လက်ရွတ်ဆို၍ နေခဲ့လေ၏။ ခြင်္သေ့ဟိန်းသံများပျောက်ကွယ်သွားသောအခါ ကောင်းတွင် တိမ်မည်းများ ဖုံးအုပ်လာခဲ့လေ၏။ လျှပ်စီးများတလတ်လတ်ဖြင့် မိုးခြိမ်းသံဟာလည်း သိကြားမင်း၏‌ေတာက်ခတ်သံအလား ကျယ်လောင်စွာထွက်ပေါ်နေလေ၏။

  မိုးရွာမည့်အရိပ်ရောင်ဆိုသော်လည်း မိုးကရွာမချပဲ အုပ်အုပ်ဆိုင်းဆိုင်းဖြစ်နေခဲ့လေ၏။ သူရသည် တရားထိုင်နေရင်း လက်အုပ်ကိုချီ၍ မန္တာန်ကနေ ဂါထာသို့ပြောင်းအရွတ်၌ လျှပ်စီးကြောင်းကြီးများ ပေါ်လာကာ ပုပ္ပါးတောင်၏ဘေးပတ်ပတ်လည်ကို မိုးကြိုးပစ်ချလေ၏။ သာမန်သူများအနေဖြင့်မပြောနှင့် စောသနှင့်ခွန်းသတို့ပင် လန့်သွားကြလေ၏။ သို့သော် သူရကတော့ လက်အုပ်ကိုရင်ညွန့်တည့်တည့်၌ချီ၍ ဥုံဟု ဌာန်နှင့်မာန်နှင့် အစချီကာ ဂါထာကိုရွတ်နေလေ၏။ သူရဂါထာရွတ်နေသော တလျှောက်မှာ ကောင်းကင်၌ လျှပ်စီးတွေတဖြတ်ဖြတ်လတ်သလို မိုးခြိမ်းသံများကလည်း နားကွဲလုမတတ် ကျယ်လောင်လွန်းလှလေ၏။

  နံနက်အရုဏ်တက်ချိန်သို့ ရောက်သောအခါဝယ် အုပ်မှိုင်းနေသည့် ကောင်းကင်ဟာ စောစောကသူမဟုတ်သည့်အလား တိမ်များပြန်လည်ကင်းစင်၍ ထိန်ထိန်သာ‌ေနသည့်လမင်းအား ကြယ်များက တောက်ပစွာ အဖော်ပြုပေးနေကြလေ၏။ သူရသည် ဂါထာအား ရွတ်ဆိုပြီးသောအခါ စေတီကိုဦးချကန်တော့၍ ‌စင်္ကြန်လျှောက်နေခဲ့လေ၏။ သူရဤသို့စင်္ကြန်လျှောက်နေခိုက်တွင် ဘုရားပေါ်သို့ အစိမ်းရောင်ဝမ်းဆက်နှင့်မိန်းမပျိုတစ်ဦး၊ အနီရောင်ပုဆိုး၊ အင်င်္ကျ္ီအဖြူလက်ရှည်နှင့် ယောက်ျားတစ်ဦးက တက်လာခဲ့ကြပြီး သူရအနားကိုလျှောက်လာခဲ့ကြ၏။

  သူရသည် မျက်လွှာအား ပင့်၍ မိန်းမပျိုကိုကြည့်သောအခါဝယ် ထိုမိန်းမပျိုကျောဘက်၌ မြူခိုးများထကာ နဂါးတစ်ကောင် ပါးပျဉ်းထောင်၍ ခွေနေသည်ကိုမြင်လိုက်ရ၏။ ထို့နောက် ယောက်ျားလေးကို သူရကြည့်မိသောအခါ သူ၏ကျောဘက်၌လည်း မြူခိုးများထလာသလို မြင်ရကာ တောင်ဝှေးနှင့်ဇော်ဂျီတစ်ပါး ကခုန်နေလေ၏။ သူရအား ထိုနှစ်ဦးသည် လက်အုပ်ချီ၍ ဤသို့စကားဆိုပါတော့သည်။

  “ဆရာလေး ကျွန်မကို ကူညီပါအုံး။”

  “အဘယ့်ကြောင့်လည်း နဂါးမင်းသမီး။”

“ကျွန်မတို့သိုက်နန်းက ရတနာတစ်ပါးကို ဂဠုန်မင်းဟာ ခိုးယူသွားပါတယ်။ အဲဒီရတနာဟာ ကြေးနီကဲ့သို့အရောင်အဆင်းရှိပြီး လက်စွပ်ကဲ့သို့ဝိုင်းစက်ပါတယ် နဂါးပတ်ကျော့ကွင်းကဲ့သို့ ဘယ်ပုဂ္ဂိုလ်ကိုမဆို ချုပ်နှောင်လို့ရပြီး အဲဒီပစ္စည်းနဲ့ပေါက်ရင် တောင်တစ်လုံးနဲ့အဖိခံရသလို နာကျင်မှုမျိုးခံစားရနိုင်ပါတယ်။ ဆရာလေးအနေနဲ့ အဲဒီပစ္စည်းကိုပြန်လည်ရယူပေးပါ၊ မသမာသူများလက်သို့ အဲဒီပစ္စည်းရောက်သွားရင် ကြီးနိုင်ငယ်ညှင်းအမှုတွေ တရစပ်ဖြစ်ပေါ်လာပါလိမ့်မယ်။”

  “ကောင်းပါပြီနဂါးမင်းသမီး ဂဠုန်မင်းရှိရာအရပ်ကို ပြောပါ။”

  “ဒီကနေဆို မြောက်စူးစူးမှာ ဟံသာဝတီလို့ခေါ်သည့် ‌ကျေးတော်ရွာကြီးတစ်ခုရှိပါတယ်။ ထိုရွာထဲကနေဖြတ်၍ မြစ်ကိုကူးပြီးသွားရင် အလွန်ကြီးမားသည့် ကျောက်‌တောင်ရှိပါတယ်။ ထိုကျောက်တောင်ထိပ်၌ ဂဠုန်မင်းက နန်းဆောင်နဲ့တကွ နေထိုင်ပါတယ်ဆရာလေး။”

  “ကောင်းပါပြီ ကျွန်ုပ်ယူဆောင်ပြီးသည့်အခါ ဘယ်ကိုလာပို့ရမလဲ။”

“စူနာလို့ခေါ်တဲ့ မြစ်ရေနားကို ဆရာလေးလာပေးပါ။”

“ကောင်းပါပြီ။”

  သူရက နဂါမင်းသမီးလေးလို့ခေါ်သည့် မိန်းမပျိုဟာ ဘုရားကန်တော့၍ ပြန်ဆင်းသွားသည့်နောက် ထိုယောက်ျားလေးဟာ သူရကို စကားစလာ၏။

“ဆရာလေးက ဝိဇ္ဇာ‌ေလျာင်းလျာတစ်ပါးပဲ… မသိတာရှိလို့ မေးချင်ပါတယ်။”

“မေးပါ ဇော်ဂျီ။”

“ကျုပ်ရှာနေတဲ့ ဂမုန်းနက်အရိုးခေါင်းအပင်ဟာ ဘယ်မှာရှိပါသလဲဆရာလေး။”

  “ကောင်းတာပြုလုပ်ပါမယ်လို့ သစ္စာကတိပြုမှသာ ကျွန်တော်ပြောပြမယ်ဇော်ဂျီ။”

ဇော်ဂျီဟုခေါ်ခံရသည့်လူသည် ဘုရားရှေ့သို့သွား၍ သစ္စာရေခွက်ကိုကိုင်ကာ သူရရှေ့၌ တိုင်တည်သစ္စာပြုပြလေ၏။

  “သုံးလောကထွဋ်ထား ဗုဒ္ဓမြတ်စွာအရှင်ဘုရား တပည့်တော် ဇော်ဂျီသက္ကနိုင်သည် မွေးဖွားသန့်စင်ချိန်ကစ၍ သူတစ်ပါးအသက်အိုးအိမ်နှင့် မျက်ရည်ကြီးငယ်ပေါက်ကျအောင် ပညာဖြင့်၎င်း၊ ပညာများမကျင့်ကြံခင်က၎င်း မြူတစ်မှုန်စာမျှမပြုလုပ်ခဲ့ဖူးပါ၊ ဂမုန်းနက်အရိုးခေါင်းအပင်အား ရရှိပါကလည်း မိမိကိုယ်ကျိုးထက် ၈နေ့နာမ်၇ရက်သားသမီးများ၏ ကောင်းကျိုးလိုရာဆန္ဒများကို ပြုလုပ်ဆောင်ပါမည်၊ သို့မဟုတ်ပါပဲ ဂမုန်းနက်အရိုးခေါင်းအပင်အား မိမိကိုယ်ကျိုး၊ တစ်ပါးသူငှာ ထိခိုက်နစ်နာဖို့အတွက် အသုံးပြုခဲ့မိပါက ဤသစ္စာရေသည် တပည့်တော်ကိုယ်အတွင်းမခမ်းခြောက်ပဲ ငရဲမီးတမျှပူလောင်၍ သွေးစိမ်းရှင်ရှင်အန်ကာသေပြီး အနှစ်ရှစ်သောင်းတိုင်အောင် ငရဲကြီးရှစ်ထပ်၌ ခံစားရပါစေအရှင်ဘုရား။”

   ဇော်ဂျီ၏ သစ္စာစကားသံဟာ ကြောက်စရာကောင်းလွန်းလှတာကြောင့် ဘေးကနေရပ်ကြည့်နေသော စောသနှင့်ခွန်းသတောင် အံ့ဩသွားခဲ့ကြရ၏။ သူရသည် ပါးချိုင့်လေးများပေါ်အောင်ပြုံး၍ ဇော်ဂျီသူ့အနားပြန်ရောက်လာသောအခါ ဂမုန်းနက်အရိုးခေါင်းအပင် ရှိရာကို ပြောပြပေးလိုက်သောကြောင့် ဇော်ဂျီဟာ ထပ်ဖန်တလဲလဲ ကျေးဇူးတင်၍ ဘုရားပေါ်ကနေပြန်ဆင်းသွားခဲ့တော့လေသတည်း။

   သူရသည် အချိန်ကိုကြည့်၍ တောင်စောင်း၌သွားရောက်ထိုင်ကာ မန္တာန်တစ်ပုဒ်ကို ဆက်လက်ရွတ်ဆိုနေပြန်၏။ ကောင်းကင်တွင် တိမ်ကင်းစင်နေပြီး နေဟာ ခြစ်ခြစ်တောက်ပူလောင်လျှက်ရှိလှ၏။ သူရသည် ထိုနေပူကြီးထဲ၌ တင်ပလ္လင်ခွေထိုင်ကာ အေးဆေးတည်ညိမ်စွာဖြင့် မန္တာန်တစ်ပုဒ်ကိုရွတ်နေခဲ့လေ၏။ နေကပူလွန်းလှသော်လည်း သူရ၏ခန္ဓာကိုယ်၌ ချွေးတစ်စက်မျှမထွက်ပေ။

   အချိန်များ ကုန်ဆုံးလာကာ နေမင်းကြီးဟာလည်း အနားယူအိပ်စက်သွားသည့်အချိန် အမှောင်ထုကြီးစိုးသည့်ကာလ၌ လမင်းဟာ ထိန်ထိန်သာလျှက် အေးချမ်းစွာ အလင်းပြပေးနေခဲ့၏။ သူရသည် တောင်စောင်း၌ မန္တာန်ရွတ်ပြီးချိန်တွင် ညစာပင်မစားတော့ပဲ ဘုရားစေတီခြေရင်း၌ထိုင်၍ မန္တာန်ရွတ်ဆိုပြန်၏။ ဤတစ်ခါ သူရမန္တာန်ရွတ်သံသည် ပိုမိုကျယ်လောင်တာထက် မာန်ပိုပါသလို အသံကထိရှပြတ်သား၍ အမိန့်အာဏာသံလို ပေါက်နေလေ၏။ ညသန်းခေါင်သို့ရောက်သောအခါ သူရ၏ခန္ဓာကိုယ်ကနေ အရောင်တွေက စူးရှစွာထွက်လာကာ လင်းထိန်လာလေ၏။

  ‌သူရ၏နှုတ်တစ်ခါဖွင့်တိုင်းလည်း ရောင်စဉ်တန်းများက ဘေးဘီကို ဖြာဝေသွား၏။ သူရ၏ နောက်ဆုံးမန္တာန်ရွတ်ပြီးချိန်၌ သူ၏ဘေးကို ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်နှင့် သူ၏အဖဆရာသခင်ကြီး မိုးထွန်းတို့ ပေါ်လာခဲ့ကြ၏။ သူရသည် စေတီကိုကန်တော့၍ မေတ္တာပို့အမျှဝေသောအခါ ထိုပုဂ္ဂိုလ်သုံးဦးက သာဓုခေါ်ဆို၍ ဘိုးဘိုးအောင်က ဆေးလုံးတစ်လုံးထုတ်လိုက်သည်။

  “ကဲရော့ ပါရမီရှင်မောင်သူရ လူလေးအတွက် အဘက ဒီဆေးလုံးချီးမြင့်တာ။”

သူရသည် ဘိုးဘိုးအောင်လက်ထဲကဆေးလုံးကိုယူ၍ မြိုချလိုက်တာနှင့် ခန္ဓာကိုယ်အတွင်းကနေ ပူသောအေးသော ဓာတ်များကိုခံစားရပြီး ညိမ်သက်သွားသလိုထက်မံခံစားရ၏။ ဘိုးဘိုးအောင်ပျောက်သွားသောအခါ ဘိုးမင်းခေါင်သည် သူရ၏ ဦးခေါင်းကိုကိုင်၍ ပညာများပေးအပ်ခဲ့ပြီး ပျောက်သွားပြန်၏။ မိုးထွန်းသည် အေးချမ်းလှသော အပြုံးမျိုးဖြင့် သူရ၏လက်နှစ်ဖက်ကိုဖြန့်ခိုင်း၍ လက်များပေါ်၌ အင်းစမအက္ခရာများကို ရေးဆွဲပေးလိုက်၏။ ထို့နောက် မိုးထွန်းသည်လည်း အဖြူရောင်အလင်းတန်းလေးဖြင့် ပျောက်ကွယ်သွား၏။

  သူရသည် ပုဂ္ဂိုလ်ထူးသုံးပါး၏ ထပ်ဆင့်ပညာများ ပေးအပ်တာခံပြီးသည့်အခါ မတ်တပ်ရပ်လိုက်၏။ သူ၏ကိုယ်ရောင်ကိုယ်ဝါများဟာလည်း ပျောက်သွားခဲ့၏။ နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်၍ အနားယူပြီး နံနက်မိုးလင်းသည့်အခါတွင်တော့ သူ၏တပည့်နှစ်ဦးကိုခေါ်ဆောင်၍ ပုပ္ပါးတောင်ပေါ်ကဆင်းကာ တောထဲကိုဝင်လာခဲ့ကြ၏။ မြောက်စူးစူးအရပ်ကိုဦးတည်၍ သွားနေချိန် ရသေ့တဲကျောင်းလေးအား မြင်လိုက်ကြရ၏။

  သူရသည် ရသေ့တဲကျောင်းဆီဦးတည်ကာ သွားနေချိန် တဲကျောင်းနှင့် မလှမ်းမကမ်းက ဘေးပတ်ပတ်လည်၌ သရဲတစ္ဆေများနှင့် ဘီလူးတစ်ကောင်ဟာ ကြောက်စရာကောင်းလှသောအဆင်းဖြင့်တဖုံ၊ အသံ၊ အန့့ံနှင့် ရသေ့ကြီးအား ချောက်လန့်နေကြတာကို မြင်တွေ့လိုက်ရလေ၏။ သူရသည် ဆက်လက်လျှောက်လာခဲ့ကာ ထိုသရဲတစ္ဆေများကိုကြည့်၍..

“ဟိတ် သူတော်စင်တစ်ဦး တရားအားထုတ်နေတာကို အသင်တို့က အဘယ့်ကြောင့် နှောက်ယှက်နေကြတာလဲ။”

  ထိုအခါဘီလူးသည် ကဆုန်ပေါက်လျှက်…

  “မနေနိုင်ဘူး သူ့ရဲ့ကိုယ်ရောင်ကိုယ်ဝါတွေက ညညဆိုပိုပိုပြီးလင်းလာတယ်၊ သူ့ကိုယ်ကထွက်လာတဲ့အလင်းတန်းနဲ့ ထိမိတာနဲ့ ငါတို့မတရားပူတယ်.. ဒီတောထဲမှာ သူ့ကိုမနေနိုင်အောင်လုပ်မှရမယ်။ ဒါ ငါတို့ပိုင်တဲ့နေရာ။”

သူရသည် မျက်မှောင်ကျုံ့ကာ ဘီလူးနှင့် သရဲတစ္ဆေများကို စူးစိုက်ကြည့်၍..

  “တောက်(စ်)!!”

  သူရ၏ တောက်ခတ်သံသည် မိုးခြိမ်းသံအလား ကျယ်လောင်စွာထွက်ပေါ်သွားပြီး ကြားလိုက်ရသည့် သရဲတစ္ဆေဘီလူးတို့မှာ ကြောက်လန့်ကာ ဖရိုဖရဲဖြင့် ထွက်ပြေးကြလေတော့၏။ ထိုအခါသူရသည် တဲကျောင်းနားကိုကပ်၍ ရသေ့ကြီးကိုရှိခိုးလိုက်လေ၏။ ထို့နောက်တွင်တော့ မြောက်စူးစူးအရပ်ကိုဦးတည်ကာ သူတစ်ပါးသိုက်နန်းက ရတနာအား ခိုးယူသွားသည့် ဂဠုန်မင်းထံမှ ပြန်လည်တောင်းယူရန် ထွက်လာခဲ့လေတော့သတည်း။

~~~~
ပြီးပါပြီ။
နောက်တစ်ပိုင်း၌ သူရနှင့် လေပြင်ကမင်းဆိုသည့် စာမူအား တင်ဆက်ပြသပါမည်။

တတ်သည့်ပညာတိုင်းအား ကောင်းတာလုပ်ပါမူ…
ကောင်းသည့်ပညာသာဖြစ်၏။
တတ်သည့်ပညာတိုင်းအား မကောင်းတာလုပ်ပါမူ…
မကောင်းသည့်ပညာသာဖြစ်၏။
အဖြူနဲ့အမဲဟာ ဒွန်တွဲနေ၏။

(ဆက်လက်ကြိုးစားပါအုံးမည်)
#မိုးထွန်း(မကွေး)