”ဗျာ!…အဲ့ဒီလိုလား…ကျွန်တော်ကအိပ်မက်မက်တယ်ထင်တာဆရာကျော်ရေ..”
”မင်းအခုမြင်လိုက်ရတဲ့သူက..ဘယ်မှာဒုက္ခရောက်နေတာလဲ”
”မသိဘူးလေ”
”ဟင်း….မင်းကပါရမီတော့ကောင်းပါရဲ့….စဥ်းစားဆင်ခြင်နိုင်စွမ်းအားနည်းတယ်ကွာ…..ထားလိုက်တော့….ငါတို့ကယ်ရမယ့်သူဆိုတာသေချာရင်….အထက်ပုဂ္ဂိုလ်ကြီးတွေကတာဝန်ပေးပါလိမ့်မယ်”
ထို့နောက်စကားစပြတ်သွားကြတော့သည်။ ဆရာတီးနှင့်ဆရာကျော်မှာ ဇရပ်၏အစွန်လေး၌ အင်းများရေးဆွဲနေ၏။ သူရကတော့ ဆရာတွေနှင့်မလှမ်းမကမ်းမှာ အင်းဆွဲနေခဲ့သည်။ ထိုအချိန်တွင် သူရ၏နားထဲသို့ သြဇာအာဏာအပြည့်ပါသည့် အသံတစ်သံကိုကြားလိုက်ရပါတော့၏။
“သူရ…..ပျင်းမနားရွာကိုသွား…အဲ့ဒီမှာကျတ်တစ္ဆေတွေ…..ရွာကိုဒုက္ခပေးနေကြတယ်…..လူတစ်ယောက်ရဲ့အမှားကြောင့်တစ်ရွာလုံးခံနေရတာ…မင်းတို့သွားဖြေရှင်းပေးလိုက်…..ပျင်းမနားရွာက..မင်းတို့နေတဲ့နေရာရဲ့….မြောက်ဘက်တည့်တည့်မှာရှိတယ်..”
သူရသည် အင်းကိုစိတ်နှစ်ကာဆွဲနေသော်လည်း နားထဲသို့ကြားလိုက်ရသည့်အသံကြောင့် စိတ်ပျံ့လွင့်သွား၍ အင်းကျိုးသွားခဲ့သည်။ ကြားလိုက်ရသည့်စကားသံတွေကိုသေချာ ပြန်စဥ်းစားကြည့်ချိန်မှာတော့ အထက်ပုဂ္ဂိုလ်ကြီးများက တာဝန်ပေးတာမှန်း သိလိုက်ရတော့၏။
ဆရာတီးနှင့်ဆရာကျော်သည် အင်းဆွဲနေသောကြောင့် အင်းကျိုးသွားမည်စိုး၍ မပြောသေးပဲ အင်းဆွဲပြီးသည့်အထိစောင့်နေလိုက်တော့သည်။ ကွမ်းတစ်ယာညှက်ခန့်အကြာမှာတော့ ဆရာကျော်ဆွဲသည့်အင်းက ပြီးသွားလေ၏။ သူရလည်း ဆရာကျော့်အနားကို ကပ်သွားလိုက်လေသည်။
”ဆရာကျော်…..ကျွန်တော်ခုဏကနားထဲမှာ…အထက်ပုဂ္ဂိုလ်ကြီးတစ်ဦးရဲ့…တာဝန်ပေးသံကြားလိုက်ရတယ်ဗျ”
”ဟေဟုတ်လား…..ဘာတဲ့လဲ”
”ပျင်းမနားရွာကိုသွားတဲ့….အဲ့မှာ…ကျတ်တစ္ဆေတွေ….ရွာကိုဒုက္ခပေးနေတယ်ဆိုဘဲဆရာကျော်ရ”
”အေးဒါဆိုလဲ…မင်းဆရာတီး…အင်းဆွဲပြီးရင်သွားကြတာပေါ့”
ဤသို့နှင့် ဆရာတီးအင်းဆွဲပြီးသည့်အခါတွင် အကျိုးကြောင်းပြောပြကာ ပျင်းမနားရွာဆီသို့ထွက်လာခဲ့ကြတော့လေသည်။ သူရသည် ထိုသို့သွားနေရင်း စိတ်ထဲတွင်မကောင်းသောခံစားချက်ကို ရလိုက်လေ၏။ ဆရာတီးနှင့်ဆရာကျော်သည် သွားနေရာမှရပ်သွားကာ အနောက်တွင် မတ်တပ်ရပ်ကာကျန်နေခဲ့သည့် သူရကို လှည့်ကြည့်လိုက်ကြသည်။
“ဟေ့သူရ…..ဘာဖြစ်လို့လဲ”
”ကျွန်တော်…မကောင်းတဲ့ခံစားချက်ကြီး..ရနေတယ်ဆရာတီး”
”အင်း…လာပါ..အဲ့ဒါနောက်မှတွေးကြတာပေါ့….အခုခရီးဆက်လိုက်အောင်”
သူရလည်း ထိုအခါမှ ဆရာတွေနောက်ကနေလိုက်ပါလာခဲ့တော့သည်။ အချိန်သည် မှောင်စပြုနေလေ၏။ သူရတို့ဆရာတပည့်သုံးဦးမှာ ပျင်းမနားရွာသိုမရောက်ရှိကြသေးပေ။ ထို့နောက် ဆက်လက်လျှောက်လှမ်းသွားရင်း လယ်ကွင်းတစ်ခုထဲတွင် မှိန်ပြပြအလင်းရောင်နှင့်အတူ တဲအိမ်တစ်လုံးကို လှမ်းမျှော်ကာမြင်တွေ့လိုက်ကြရသည်။
“ကိုတာတီး….ကျုပ်တို့ရှေ့ကတဲမှာဘဲ…ဒီတစ်ည.
.နားခိုခွင့်တောင်းကြည့်ရအောင်….ဒီနေ့ကလကွယ်နေ့ဆိုတော့…ကျုပ်တို့ညတွင်းခြင်းခရီးဆက်သွားလို့မရလောက်ဘူး”
”အဲ့ဒီလိုဘဲလုပ်ကြတာပေါ့ဗျာ…..”
ဤသို့နှင့် ဆက်လက်လျှောက်လှမ်းလာခဲ့တော့သည်။ သူရတို့သွားနေသည့်လမ်းမှာ လယ်ကွင်းနှစ်ခုကြားတွင်ဖောက်ထားသောလမ်းလေးဖြစ်၏။ ထိုတဲအိမ်လေးမှာ လမ်းဘက်ကိုမျက်နာမူ၍ လမ်းဘေးလေးတွင်ဆောက်ထားသောတဲအိမ်တစ်လုံးသာဖြစ်သည်။ သူရတို့လည်း ထိုတဲအိမ်ရှေ့ကိုရောက်သည်နှင့်-..
”အိမ်ရှင်တို့….. အိမ်ရှင်တို့ ” ဟု
သူရမှအော်ခေါ်လိုက်လေ၏။ တဲအိမ်လေး၏ ပြတင်းပေါက်ဘက်ဆီကနေ ရေနံဆီမီးခွက်တစ်လုံးကိုင်ကာ မိန်းမကြီးတစ်ယောက် ခေါင်းထွက်ကြည့်လေသည်။
“ဘယ်သူတွေတုန်း…..ကိုမြသူငယ်ချင်းတွေလား”
”မဟုတ်ပါဘူးခင်မျ….ကျွန်တော်တို့..ခရီးသွားတွေပါ….အဲ့ဒါညမှောင်သွားလို့…ဒီမှာတစ်ညလောက်နားဖို့အဆင်ပြေမလားလို့ပါ”
“အို….ရှင်တို့ကလူကောင်းလား..လူဆိုးလား..ကျုပ်မှမသိဘဲတော်…..အဆင်မပြေနိုင်ပါဘူး”
”ကျုပ်တို့ကလူကောင်းတွေပါ..ဒေါ်ဒေါ်…ကျုပ်တို့တကယ်အခက်ခဲဖြစ်နေလို့ပါ….ကူညီပေးပါလို့တောင်းဆိုပါတယ်….အဖိုးအခပေးရမယ်ဆိုလဲဖြစ်ပါတယ်”
အဖိုးအခဆိုသည့်အသံကြားသည်နှင့် ပြတင်းပေါက်မှာခေါင်းထွက်ကြည့်သော မိန်းမကြီးမျက်နှာသည် ရေနံဆီမီးရောင်အောက်တွင် ဝင်းလတ်သွားသည်ကိုမြင်လိုက်ရ၏။
“အဖိုးအခပေးမှာသေချာရင်တော့….တည်းလို့အဆင်ပြေပါတယ်…လာပါအထဲဝင်ခဲ့ကြ”
“ဟုတ်ကဲ့…ကျေးဇူးတင်ပါတယ်…ဒေါ်ဒေါ်”
သူရတို့လည်း ဝါးလုံးတန်းထားသည့် တံခါးကိုဖြုတ်ကာဝင်လာခဲ့လိုက်ကြသည်။ ထို့နောက်အိမ်အပေါ်ထက်သို့တက်လာခဲ့လိုက်လေ၏။ ပြတင်းပေါက်ဘေးတွင် အိပ်နေသောကလေးတစ်ဦးအား ဘေးမှယပ်ခပ်ပေးနေသည့်မိန်းမကြီးအား တွေ့လိုက်ရသည်။
“ကဲလာ…ဒီမှာထိုင်ကြ….အဒေါ့်ယောက်ျားကတော့မရှိဘူးကွဲ့….နေ့လည်ကတည်းက…သူ့သူငယ်ချင်းနှစ်ယောက်နဲ့…. တောပြစ်ထွက်သွားတယ်…အဒေါ်တို့ကမိသားစုသုံးယောက်တည်းမလို့…လွတ်လွတ်လပ်လပ်နေလို့ရပါတယ်..ဪ…ဟိုအခန်းထဲမှာဝင်အိပ်လိုက်နော်”
”ဟုတ်ကဲ့ဒေါ်ဒေါ်ကျေးဇူးတင်ပါတယ်”
”ဒါနဲ့…ဒီကအစ်မက…ဘာလို့အခန်းထဲဝင်မအိပ်တာလဲဗျ”
ဆရာတီးမှမေးလိုက်ခြင်းသာဖြစ်ပေ၏။
”ဪဒါလား….အစ်မကအမြဲတမ်းဒီနားလေးကနေ..
.လင်ယောက်ျားကိုမျှော်နေတာလေ…..သူပြန်လာမှအခန်းထဲဝင်အိပ်ကြတာ….အခုမောင်လေးတို့ကဧည့်သည်မလို့…အခန်းထဲဝင်အိပ်ခိုင်းတာပါ”
”ဪ..ဟုတ်ကဲ့ပါ……အစ်အယောက်ျားကဘယ်အချိန်လောက်မှပြန်ရောက်မှာလဲ….သူ့ကိုမပြောရသေးဘဲနဲ့
….ကျုပ်တို့ကို…တည်းခွင့်ပြုပါ့မလား”
”ဒီအတွက်တော့စိတ်မပူပါနဲ့…..ငွေသာရမယ်ဆိုရင်…သူလက်ခံပါတယ်”
“ကောင်းပါပြီ…”
ဆရာတီးသည် သူ၏အိတ်ကပ်ထဲကနေ ငွေချို့အားထုတ်၍ပေးလိုက်သည်။ ထို့နောက်အိပ်ခန်းအတွင်းသို့ ဆရာတပည့်သုံးဦးလုံးဝင်ကာ အိပ်စက်အနားယူလိုက်ကြ၏။ ညဥ့်နက်သန်းခေါင်အချိန်သို့ ကျရောက်သောအခါ တဲအိမ်ကလေးသည် ဆက်ကနဲလှုပ်သွားသောကြောင့် သူရနိုးလာလေသည်။
လှေတံကားကနေ အပေါ်သို့တက်လာသည့်အသံကို ကြားလိုက်ရ၍ ထထိုင်ကာနားစွင့်နေလိုက်၏။
“ယောက်ျား….တော်ပြန်လာတာနောက်ကျလှချည်လား…..ဘယ်တွေသွားနေတာတုန်း”
”ငါ့ကိုဘာမှလာမပြောနဲ့…..နင်..ဘယ်ကောင်တွေကိုအိမ်ပေါ်ခေါ်တင်ထားတာတုန်း…..အခုမောင်းချလိုက်စမ်း”
“အို…တော်ကလည်း..တိုးတိုးပြောပါ….ဒီမှာကြည့်….သူတို့ကပိုက်ဆံပေးပြီးတည်းတာတော့်”
”ဒီမိန်းမသေချင်နေပြီလား……ငါ့သားလေးနဲ့ငါဝေးရလိမ့်မယ်……သူတို့ကိုအခုမောင်းချလိုက်”
”အို……တော်ဘာတွေပြောနေတာတုန်း…တော်နဲ့သားလေးကဘာလို့ဝေးရမှာတုန်းတော့်”
သူရမှာ စကားပြောနေသည့်အသံများကို နားစိုက်ထောင်နေခိုက် ဆရာတီးနှင့်ဆရာကျော်မှာလည်း နိုးနေပြီဖြစ်၏။ ထို့နောက်အခန်းအတွင်းမှ ဆရာတပည့်တွေထွက်လာလိုက်ကြသည်။ သူရသည် အိမ်ရှင်အမျိုးသမီး၏ဘေးတွင် ကောက်ရိုးဦးထုပ်ကိုဆောင်းကာ တူမီးသေနတ်ကိုဘေးတွင်ချ၍ ထိုင်နေသောအမျိုးသားကြီးတစ်ဦးအား တွေ့လိုက်ရ၏။
“ဒီကနောင်ကြီး…..ဘဝခြင်းတွေလဲခြားနေခဲ့ပြီ…ဘာလို့သံယောဇဥ်ကြိုးတွေ…မဖြတ်နိုင်သေးတာတုန်း”
ဆရာတီးမှထိုလူအားကြည့်၍ ပြောလိုက်ခြင်းကြောင့် အိမ်ရှင်အမျိုးသမီးကြီးမှာ နားမလည်သည့်အမူအရာမျိုးနှင့် ဆရာတီးကိုတစ်လှည့် ခင်ပွန်းဖြစ်သူကိုတစ်လှည့်ကြည့်နေသည်။ ထိုလူဟာ လှေတံကားကိုခြေဆင်းထိုင်ပြီး ဆရာတီးကိုကျောပေးထားလေ၏။
“ကျုပ်သာမရှိတော့ရင်….ကျုပ်မိန်းမနဲ့…ကျုပ်ကလေးဒုက္ခရောက်မှာပေါ့ဗျ…..ဒါကြောင့်ကျုပ်ဒီလိုနေနေရတာ….ခင်ဗျားတို့ကိုယ်ခြင်းစာတတ်ရင်….ကိုယ့်လမ်းကိုယ်သွားကြပါဗျာ”
“ကျုပ်တို့က….ကိုယ်ခြင်းစာပါတယ်….ဒါပေမဲ့….သင်နဲ့က…ဘဝခြင်းခြားနေပြီ…ကျုပ်တို့ကလည်း..ဒီလိုကိစ္စမျိုးတွေအတွက်တာဝန်ပေးခံထားရတာ….သင့်အနေနဲ့ကောင်းကောင်းမွန်မွန်ပြောလို့ရမယ်….ကျုပ်ထင်ပါတယ်”
“ကောင်းပြီ….ငါအသနားခံလို့မရဘူးဆိုတော့လည်း…..နောက်ဆုံးအနေနဲ့….ငါ့ကိုအခွင့်အရေးတစ်ခုတော့ပေးပါ”
”ပြောပါ…ဘယ်လိုအခွင့်ရေးမျိုးလဲ”
”ငါ….ငါ့သူငယ်ချင်းတွေကိုသွားနှုတ်ဆက်ခြင်တယ်”
”ကောင်းပါပြီ….ကျုပ်ခွင့်ပြုပါတယ်….သင့်အနေနဲ့ထွက်ပြေးလို့မရအောင်……ရွာတော်ရှင်နဲ့…ကွင်းပိုင်ကြီးကို…ကူညီပေးဖို့… ကျုပ်မေတ္တာရပ်ခံထားပါတယ်”
ဆရာတီးထိုသို့ပြောအပြီးမှာတော့ ထိုလူဟာလှေတံကားကနေ ဆင်းပြီး ထွက်သွားခဲ့လေသည်။ ဆရာတီးဟာ နားမလည်သေးသော အိမ်ပိုင်ရှင်အမျိုးသမီးအား ဖြစ်ကြောင်းကုန်စင်ပြောပြလေ၏။
“ဒီလိုပါအစ်မ….အစ်မယောက်ျားက…လွန်ခဲ့တဲ့နှစ်ပတ်ကျော်လောက်တုန်းက….တစ်ယောက်တည်းအမဲပြစ်သွားဖူးတယ်မလား”
”သွားဖူးတယ်…အဲ့တုန်းက..ကိုမြသူငယ်ချင်းတွေ…နေမကောင်းကြလို့…ကိုမြတစ်ယောက်တည်းအမဲပြစ်…သွားတာ”
”အဲ့ဒီတုန်းကပါဘဲ…ကိုမြဟာတစ်ယောက်တည်းအမဲပြစ်ထွက်လာရင်း…..ဒရယ်တစ်ကောင်ကိုတွေ့လို့…အလိုက်မှာ…ချောက်ထဲကျလို့ဆုံးသွားပါပြီ.”
”ရှင်!!….ဟုတ်…ဟုတ်လို့လား….ဒါဆိုခုဏက…ထွက်သွားတဲ့….ကို…ကိုမြက”
ထိုအမျိုးသမီးကြီးမှာ စကားများအထစ်ထစ်ငေါ့ငေါ့ဖြစ်ကာ မျက်ရည်စတွေဝဲတက်လာခဲ့တော့သည်။
“ဟုတ်ပါတယ်….ကိုမြက….အစ်မနဲ့သူ့သားလေးကို…သံယောဇဥ်မဖြတ်နိုင်သေးတာကြောင့်….သူ့ခန္ဓာကိုယ်ထဲကို….သူကိုယ်တိုင်ဖုတ်ပြန်ဝင်လိုက်တာပါ”
”အမလေးကိုမြရယ်…..အဖြစ်ဆိုးလိုက်တာ…..ကျုပ်တို့အပေါ်အဲ့လောက်သံယောဇဥ်ရှိတာလားတော်….ဟင်း..ဟီးဟီး”
ထိုအမျိုးသမီးမှာ ဝမ်းနည်းပက်လက်ငိုကြွေးလေတော့သည်။ တစ်အောင်မျှကြာသည့်အခါတွင်တော့ ကိုမြတစ်ယောက်ပြန်ရောက်လာလေ၏။ သူရသည်ဆရာတီးမှာထားသည့်အတိုင်း လယ်ကွင်းထဲရှိသော သရက်ပင်အောက်တွင် ကျင်းတူး၍ ဘေးတွင်ဖျာကြမ်းတစ်ခုခင်းထားလေသည်။
ဆရာတီးနှင့်ဆရာကျော်သည် ကိုမြကိုထိုကျင်းဘေးသို့ခေါ်လာခဲ့ကြ၏။ ကိုမြ၏နောက်တွင်လည်း သုံးနှစ်အရွယ်သားလေးကို ချီ၍ ကိုမြဇနီးဖြစ်သူမှာ မျက်ရည်လေးတွေသုတ်လျက် လိုက်ပါလာခဲ့သည်။ ကျင်း၏ဘေးသို့အရောက်မှာတော့ ကိုမြသည် သူ၏ဇနီးနှင့်သားလေးကိုဖက်ကာ ငိုလေတော့၏။
“မိန်းမ….ငါကသေသွားပြီဆိုတော့….နင်ရွာထဲက…ငါ့အဒေါ်အိမ်မှာသွားနေနော်..ငါ..ခုဏက..ဝင်ပြောခဲ့ပါသေးတယ်”
”ကျုပ်တော့်စကားကိုနားထောင်ပါ့မယ်တော်…..ကျုပ်ယောက်ျားသူတော်ကောင်းကြီး…..ကောင်းရာမွန်ရာရောက်ပါစေတော်”
ဤကဲ့သို့ပြောလို့အပြီးမှာတော့ ကိုမြသည် ဖျာကြမ်းပေါ်သို့ပက်လက်လှန်လှဲချလိုက်သည်။ ချက်ချင်းဆိုသလို ကိုမြခန္ဓာကိုယ်သည် ပုပ်ပွလာကာ လောက်တွေတွယ်လေတော့၏။ သူရမှာ ဖျာကြမ်းကိုအတင်းပတ်၍ ကိုမြအလောင်းကိုကျင်းထဲချလိုက်တော့သည်။
အရှေ့ဘက်ကောင်းကင်ဆီတွင် ရောင်နီဦးလေးသန်းနေသည်ကို ဆရာကျော်မှာတွေ့လိုက်လေ၏။ ကိုမြ၏ဇနီးဖြစ်သူဘေးကိုသွားကာ ဆရာကျော်မှာ လွယ်အိတ်ထဲကနေ ငွေကြေးအချို့ထုတ်၍ပေးလေသည်။
“အစ်မ…ကျုပ်ပေးတဲ့ငွေကိုလက်ခံပြီး..အစ်မယောက်ျားအတွက်…ကုသိုလ်ကောင်းမှုပြုလုပ်ပေးလိုက်ပါ”
”ကျေး..ကျေးဇူးတင်ပါတယ်ကွယ်…ဟင့်ဟင့်”
”ဒါဆိုကျုပ်တို့ကို…သွားခွင့်ပြုပါဦး.”
သူရတို့သည် ထိုအခါမှခရီးပြန်ဆက်ခဲ့လိုက်တော့၏။ သူရ၏စိတ်ထဲတွင်တော့ ဆရာတီးမှာအဘယ့်ကြောင့် ကိုမြသေဆုံးပုံကို သိနေရသလဲဆိုသည်ကို နားမလည်နိုင်အောင်ဖြစ်နေသည်။ ထိုကဲ့သို့ဆက်လက်လျှောက်လှမ်းလာရင်း သူရမှ ဆရာတီးကိုမေးတော့၏။
“ဆရာတီး…..ဆရာတီးကဘယ်လိုဖြစ်ပြီး…ကိုမြသေတာကိုသိတာလဲ”
”ဒါကတော့…ပညာအဆင့်တစ်ခုထိရောက်ရင်…..ရွာစောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ ဆိုင်ရာပိုင်ရာတွေက…ဆရာတွေကိုပြောပြကြတယ်လေ…ဒါကြောင့်လဲသိတာပေါ့ကွ…”
”ဪဒီလိုလား….ကျွန်တော်ကဆရာတီး…ဘယ်လိုသိတုန်းစဥ်းစားနေတာဗျ”
”မင်းမလည်း…အတွေးတော်တော်ခေါင်ပါတယ်သူရရာ….အနည်းဆုံးတော့ဖြစ်နိုင်ချေရှိတာကိုပါ…တွေးပေးလေကွာ”
”ကျွန်တော်လည်း…ဘယ်လိုဖြစ်တုန်းမသိဘူးဆရာတီးရ….အရင်ကဉာဏ်ကောင်းတယ်…အခုနောက်ပိုင်းမှတ်ဉာဏ်အားတွေနည်းလာတယ်”
”အိပ်ရေးပျက်များလို့နေမှာပါ…ရော့ဒီဆေးမြစ်လေးဝါးလိုက်..”
သူရသည် ဆရာတီးပေးသည့်ဆေးမြစ်လေးအား ဝါးလိုက်သောအခါ ခေါင်းတစ်ခုလုံးအေးမြသွားသလိုခံစားလိုက်ရ၏။ လျှာပေါ်တွင်လည်း အေးအေးလေးဖြစ်သွားသည်။ ထို့နောက် နေမွန်းတည့်သည့်အချိန်သို့အရောက်မှာတော့ ပျင်းမနားကျေးရွာထိတ်သို့ရောက်လာခဲ့ကြ၏။
ရွာထဲသို့ဝင်လာသည့်အခါတွင် အော်ဟစ်ညည်းညူနေသည့်အသံဗလံများကို ကြားလိုက်ရလေသည်။ အိမ်တိုင်းလိုလိုတွင် လူမမာတွေ၏အသံကိုကြားနေရသောကြောင့် သူရတို့မှာ အံ့သြမဆုံးဖြစ်နေရှာတော့သည်။
“ကိုတာတီး….တစ်ရွာလုံးတော့ဒုက္ခရောက်နေကြပြီထင်တယ်”
”ဟုတ်မယ်.ကိုသာကျော်ရ….ကျက်တစ္ဆေရွာကိုမှ…သွားပြီးဒုက္ခပေးခဲ့ကြတာကို”
”အကြောင်းစုံသိရအောင်…ရွာတော်ရှင်ကိုဘဲ…ခေါ်မေးလိုက်တော့မယ်…ဤပျင်းမနားကျေးရွာတော်အား…စောင့်ရှောက်နေသည့်….ရွာတော်ရှင်ကိုကျွန်ုပ်..ဆရာမိုးထွန်း၏တပည့်အရင်း….သာကျော်မှဖိတ်ခေါ်ပါသည်…ခေတ္တခဏလာရောက်ခဲ့ရန်…မေတ္တာရပ်ခံပါ၏..”
ဆရာကျော်ထိုသို့ ပြောအပြီးတွင်တော့ ဓားနှစ်လက်ကိုလွယ်ထားသည့် သူတစ်ယောက်ပေါ်လာခဲ့သည်။
”ကျုပ်ရောက်ပါပြီဆရာ”
”ခင်ဗျားက…ရွာတော်ရှင်လား”
”ဟုတ်ပါတယ်ဆရာ…ကျုပ်ကရွာတော်ရှင်ပါ”
”ဒါဆို..ဒီရွာက…ဘယ်ကနေဘယ်လို….ဒုက္ခရောက်သွားလဲဆိုတာ…ကျုပ်တို့ကိုပြောပြပေးပါ…ဒါမှလည်း…ဘယ်လိုဖြေရှင်းရမလဲသိမှာမလို့ပါ”
”ဖြစ်ပုံကဒီလိုဆရာရေ……ဒီရွာရဲ့မြောက်ဘက်အစွန်ဆုံးမှာ…သားသတ်သမားကိုဝေရဆိုတာရှိတယ်…ဝေရက.ဒီရွာမှာရော..တခြားရွာတွေမှာပါအမဲပေါရင်….သူ့ကိုခေါ်ကြရတာဗျ…..တစ်နေ့တော့ဝေရက..ထောင့်ကျန့်ကျေးရွာမှာ…အမဲပေါပြီးပြန်လာတယ်လေ….ပြန်လာတော့လဲ…ပုံမှန်သွားနေကြလမ်းကမဟုတ်ဘူးဆရာရဲ့….
ဒီရွာသင်္ချိုင်းအနောက်ဘက်….ဖုန်းဆိုးမြေဘက်ကနေပတ်ပြန်လာတာ….အဲ့ဒီဖုန်းဆိုးမြေကအတော်ကျယ်ဝန်းတယ်ဆရာရ…ကျတ်တစ္ဆေတွေဆိုတာလည်းရွာလုပ်ပြီးတော့ကို…နေနေကြတာ…အဲ့မှာဝေရကဖြစ်ချင်တော့…အမဲသားအတွဲကြီးထမ်းပြန်လာတာ…..စားချင်သောက်ချင်နေတဲ့…..ကျတ်တစ္ဆေအချို့ကလည်းတောင်းတာပေါ့ဗျာ….
တောင်းတဲ့ကျတ်တစ္တေတွေထဲမှာ…ကျတ်တစ္ဆေရွာရဲ့သူကြီးမြေးလေးလည်းပါတယ်ဗျ…အဲ့ကလေးကအရင်ဆုံးတောင်းတာ….အဲ့ဒီမှာဝေရက..သားသတ်သမားဆိုတော့အကြောက်လန့်ကမရှိဘူး…သူ့ကိုဆရာတော်ကြီးပေးထားတဲ့…..အဆောင်လက်ပတ်ကြိုးနဲ့…အဲ့ကလေးလည်ပင်းကိုမရမကဆွဲပေးလိုက်တယ်တဲ့လေ…
အဆောင်လက်ပတ်ကြိုးကြောင့်…အဲ့ဒီကျတ်တစ္ဆေကလေးလေးက…အခိုးအငွေ့တွေထွက်လာပြီး…တစ်ကိုယ်လုံးမီးလောင်သွားတယ်….အဲ့ဒီမှာဝေရကိုမကျေနပ်တော့တာဘဲ….ကျုပ်ဆီကိုအဲ့ဒီကျတ်တစ္ဆေတွေရောက်လာပြီး…ဒီရွာသူကြီးကိုစားပွဲ.သောက်ပွဲတွေနဲ့….တောင်းပန်ပေးဖို့…ပြောခိုင်းကြတယ်…ကျုပ်ကလည်းအိပ်မက်ပေးပြီးပြောပါတယ်….
ဒါပေမဲ့…ဒီရွာသူကြီးကခက်သားလားဗျာ…..သူလိုသူကြီးတစ်ယောက်က….ဘာကိစ္စကြောင့်…ဝေမာနိကပြိတ္တာမျိုးနွယ်ကို….တောင်းပန်ရမှာလဲ…မတောင်းပန်နိုင်ဘူးလို့….ပြတ်ပြတ်သားသားငြင်းလွှတ်လိုက်တယ်…အဲ့ဒီမှာ..ကျတ်တစ္တေတွေကပိုစိတ်ဆိုးသွားပြီး….တစ်ရွာလုံးကို…ကျန်းမာရေးတွေချူချာအောင်၊ စီးပွားပျက်အောင်လုပ်တော့တာဘဲ…
ကျုပ်အနေနဲ့ကလည်း…ဒီကျက်တစ္ဆေတွေကိုတားပေမယ့်…သူတို့ကအရင်ဘဝကကုသိုလ်တွေကြောင့်…ဣဒ္ဓိပတ်တန်ခိုးအနည်းကျဥ်းရှိကြတော့…..ကျုပ်ကြာကြာမတားနိုင်ဘူးဗျ…ဖြစ်ပုံကတော့အဲ့ဒီလိုပါဘဲဆရာ”
“အစောကတည်းကသာ…တောင်းပန်ခဲ့မယ်ဆို..ခုလိုတွေဖြစ်ကြမယ်မထင်ဘူး….ရွာတော်ရှင်အနေနဲ့…ပြန်လို့ရပါပြီ”
ဆရာကျော်ထိုသို့ပြောအပြီးမှာတော့ ရွာတော်ရှင်က ဂါရဝပြုကာ ပျောက်သွားတော့လေသည်။ ထို့နောက်သူရတို့သည် ဖုန်းဆိုးမြေဘက်ကိုဦးတည်ကာ လျှောက်လာခဲ့ကြ၏။ ထိုဖုန်းဆိုးမြေတွင်လည်း ဝေမာနိကတွေကို ပုံစံအမျိုးမျိုးတို့နှင့်မြင်တွေ့လိုက်ကြရသည်။ ဆရာတီးသည် ညာလက်ညိုးနှင့် ဖုန်းဆိုးမြေကို မန္တာန်တစ်ပုဒ်ရွတ်ကာ စည်းတားလိုက်၏။
စည်းတားပြီးသည့်အခါတွင်တော့ သူရတို့ဘက်သို့ ကျတ်တစ္ဆေများစုပြုံလာကြလေသည်။ ထိုအထဲတွင်ခေါင်းဆောင်ဖြစ်ဟန်တူသည့် သူတစ်ဦးက ရှေ့ကိုထွက်လာခဲ့လေ၏။
“မင်းတို့ဆရာတွေ….ဘာလုပ်တာလဲ….ငါတို့အပြင်ကိုထွက်လို့မရတော့ဘူး”
”စိတ်မရှိပါနဲ့…..ကျုပ်တို့က..ခဏဘဲ.ခင်ဗျားတို့ကိုအပြင်ထွက်မရအောင်လုပ်ထားတာပါ…”
”ဘာလဲ….ဟိုရွာကိုလုပ်ထားတာ…မကျေနပ်လို့လား”
”မကျေနပ်လို့တော့မဟုတ်ပါဘူး….ကျုပ်တို့အနေနဲ့..ခင်ဗျားတို့ကိုဆိုင်ရာပိုင်ရာကိုခေါ်ပြီး…ဒီကနေထွက်သွားအောင်…..လုပ်လို့ရတယ်….ကျုပ်တို့ဒီလိုမလုပ်ချင်ဘူး….တစ်ဖက်နဲ့တစ်ဖက်….ညှိညှိနှိုင်းနှိုင်းလုပ်ကြတာပေါ့”
”မင်းတို့ကဘယ်လိုညှိနှိုင်းချင်တာလဲ”
”ရှင်းပါတယ်ဒါကတော့…..ခင်ဗျားတို့ပြုစားထားတဲ့အတတ်တွေကိုပြန်ရုတ်သိမ်းပေး….ခင်ဗျားတို့ဖြစ်ချင်တာလိုက်ရောပေးမယ်…..ဪ….ကံငါးပါးနဲ့လွတ်ကင်းမှလိုက်ရောပေးမှာနော်”
”ကောင်းပြီလေ…..ကျုပ်တို့ကဒီဖုန်ဆိုးမြေမှာဟိုးအရင်ကတည်းကနေတာ…..ပုလိပ်ရောဂါကြောင့်တစ်ရွာလုံးသေခဲ့ရတာ…..ကျုပ်တို့ကိုအမျှတန်းပေးဝေမယ့်သူမရှိလို့…တစ်ယောက်မှမကျွတ်ကြသေးဘူး….ဆရာတို့အနေနဲ့….ကျုပ်တို့အတွက်ကုသိုလ်ကောင်းမှုပြုလုပ်ပေးပြီး…အမျှတန်းဝေပေးမယ်ဆိုရင်….ကျုပ်တို့ပြုစားထားတဲ့ပယောဂမှန်သမျှ….အကုန်ပြန်သိမ်းပေးပါ့မယ်”
”ကောင်းသောတောင်းဆိုမှုပါဘဲ…..စိတ်ချပါ…ကျုပ်တို့ခင်ဗျားတို့အားလုံးအတွက်….ကုသိုလ်ကောင်းမှုပြုလုပ်ပေးပြီး…အမျှဝေပေးပါ့မယ်”
”ကျေးဇူးတင်ပါတယ်ဆရာ…စည်းကိုပြန်ဖျက်ပေးပါ…ကျုပ်ပျင်းမနားရွာထဲက…ကျုပ်ကောင်တွေကိုခေါ်ချင်လို့ပါ”
”ကောင်းပါပြီဗျာ”
ဆရာတီးလည်း တားထားသည့်စည်းကိုဖျက်ပေးလိုက်လေသည်။ ထိုကျက်ရွာသူကြီးသည် ရွာဘက်ဆီသို့လှည့်ကာ နားမလည်သည့် အသံမျိုးနှင့်အော်လိုက်လေ၏။ ကွမ်းတစ်ယာညှက်ခန့်အကြာတွင်တော့ ပျင်းမနားရွာထရှိ အိမ်တွေပေါ်ကနေ မဲမဲအရိပ်ကြီးတွေပြေးဆင်းလာကြတော့သည်။
“ကျုပ်အကုန်လုံးကိုပြန်ခေါ်ပြီးပါပြီဆရာ…ဆရာတို့ဘက်ကလည်းကတိတည််မယ်…မျှော်လင့်ပါတယ်”
”စိတ်ချပါ…ကျုပ်ဒီရွာသူကြီးကိုအကျိုးကြောင်းပြောပြပြီး..ခင်ဗျားတို့အားလုံးအတွက်….အမျှဝေပေးပါ့မယ်”
ဆရာတီးလည်းထိုသို့ပြောအပြီးတွင်တော့ ဆရာကျော်နှင့်သူရကိုခေါ်၍ ပျင်းမနားရွာအတွင်းသို့ဝင်လာခဲ့ကြ၏။ ပျင်းမနားရွာသူကြီးဆီသို့သွားကာ ”ငါ”ဆိုသည့်မာန်မာနကြောင့် တစ်ရွာလုံးဒုက္ခရောက်သွားပုံပြောပြလိုက်သည်။ သူကြီးသည်လည်း သူ၏အမှားတွက် နောင်တရနေပြီဖြစ်၏။
ထို့နောက်သားသတ်သမား ကိုဝေရ၏အိမ်သို့ထက်မံသွားကာ နောက်နောင်ထိုသို့မလုပ်ဖို့နှင့် သားသတ်သမားဘဝကိုစွန့်လွှတ်ပြီး ကောင်းရောင်းကောင်းဝယ်လုပ်ဖို့ပြောလေသည်။ ဝေရမှာလည်း သူ၏လုပ်ရပ်ကြောင့် ရွာသူရွာသားတွေဒုက္ခရောက်ကြသည်ကို စိတ်မကောင်း၍ ဆရာတီးကို သားသတ်သမားမလုပ်တော့ပါဘူးဟု ကတိပေးလိုက်၏။
နောက်တစ်နေ့မနက်တွင်တော့ ပျင်းမနားရွာ၏ ရွာဦးဘုန်းကြီးကျောင်းရှိသည့် ရဟန်းသံဃာများကို ပင့်ဖိတ်ကာ ဖုန်ဆိုးမြေအစပ်ကလေးတွင် လှူဖွယ်ပစ္စည်းများဆက်ကပ်၍ တရားဘာဝနာ နားကြားပြီးသည့်အခါတွင်တော့ ဝေနေရ ပရလောကသားများနှင့် ဖုန်းဆိုးမြေမှာနေထိုင်သည့် ကျတ်တစ္ဆေတွေကို အမျှတန်းပေးဝေခဲ့ပါတော့လေသည်။
~~~~
ပြီးပါပြီ။
ဤစာမူသည်စိတ်ကူးအတွေးပုံရိပ်မျှသာဖြစ်ပါသည်။ အမှားယွင်းတစ်စုံတရာပါရှိခဲ့ပါက ကျွန်တော်မိုးထွန်းမှတောင်းပန်အပ်ပါ၏။
(ဆက်လက်ကြိုးစားပါဦးမည်။)
စာရေးသူ စာဖတ်သူများအား
အစဥ်ထာဝရ ချစ်ခင်လေးစားလျက်
မိုးထွန်း(မကွေး)
Leave a Reply