ထတာထမရဘူးကွ။ အဲဒါနဲ့လေးလေးမောင်က ဘေးကိုလှိမ့်ချပြီး လေထဲမှာတစ်ခုခုကိုဆွဲထားတယ်.. ငါ့အထင် လေးလေးမောင်က တစ္ဆေကိုကိုင်ထားတာထင်တယ်။ လေးေလးမောင်က လက်ကိုအပေါ်မြှောက်ပြီး မြေကြီးပေါ်ချလိုက်တာ ဘုန်းခနဲအသံကြီးထွက်လာတာဟေ့.. တစ္ဆေကို လေးလေးမောင်က ကိုင်ပေါက်နေတာထင်တယ်။”
” မင်းဟာကဟုတ်ရဲ့လား… ဒီတစ္ဆေကြီးကို တို့ရွာကနပန်းသမားတွေ တစ်ယောက်မှ မနိုင်ဘူးနော်။”
“ငါက ကိုယ်တိုင်မြင်ခဲ့ရတာကိုေြပာနေတာ တကယ်ကွ။ လေးလေးမောင်က ကိုင်ပေါက်ပြီး အပေါ်ကနေတက်ဖိတာကွ တံတောင်တွေနဲ့ထောင်း ဒူးတွေနဲ့တိုက်နေတာ… ပြီးတော့မြေကြီးပေါ်မှာဟိုလှိမ့်ဒီလှိမ့်နဲ့ နည်းနည်းကြာတော့ ရပ်သွားတယ်ကွ တစ္ဆေက သူ့ကို တွန်းထုတ်ပြီး ထပြေးသွားတယ်ဆိုလားပဲ။ မင်းအဲဒီသတင်းမကြားဘူးလား ရွာထဲမှာ ဒီနေ့မနက် ပြောနေကြတာ။”
“မနက်တည်းက ငါကတောထဲထင်းသွားရှာ..ရှာ… ဟာ.. ငါထင်းရှာလာတာ ထင်းစည်းဘယ်နားချမိမှန်းမသိတော့ဘူး… သေခြင်းဆိုး အဲဒါမင်းကြောင့်….။”
“ဟ မင်းဟာမင်းမေ့တာ ငါနဲ့ဘာဆိုင်လို့တုန်း။”
“ငါ့ဟာငါ တောထဲထင်းရှာနေတာကို မင်းရောက်လာပြီး… ချိုးသားလေးစားချင်လိုက်တာပြောတာလေ။ ပြီးတော့ ဖိုးထူး မင်းက လေးခွကိုင်ပြီး လက်ရောတည့်ရဲ့လားမေးတာကို။”
“ငါကမင်းကိုဒီအတိုင်းပဲပြောတာ.. မင်းဟာမင်း ထင်းစည်းကြီးချပြီး ချိုးလိုက်ထုတာပါ့ရော။”
“ဟိတ်ကောင် ဘာခုမှဝေ့လည်ကြောင်မပတ်နဲ့ လမ်းမှာတွေ့တဲ့ထင်းကောက်သွားရမှာပဲ မင်းပါလိုက်ကူ။”
“အေးပေါ့ကွာ… ချိုးကင်မျက်နှာလေးကရှိသေးတော့လည်း ကူရတာပေါ့။”
“ဟင်း..သေခြင်းဆိုး။”
ဖိုးထူးနှင့် မောင်တိုးက အပြန်လမ်းတလျှောက်မှာ တွေ့သည့်ထင်းကိုင်းခြောက်များကိုကောက်၍ တစ်စည်းရတာနှင့် ရွာကိုပြန်လာခဲ့ကြလေ၏။ ထို့နောက် ဖိုးထူးအိမ်၌ ထင်းစည်းထားခဲ့ကာ သူတို့နှစ်ဦးသည် ရွာဦးစေတီဘုရားဘက်ကို ထွက်လာခဲ့ကြလေ၏။ ရွာဦးစေတီနှင့် မလှမ်းမကမ်း၌ သူတို့အရွယ်ကလေးတစ်သိုက်က ဆော့ကစားနေကြလေ၏။
ဖိုးထူးတို့လည်း ထိုကလေးတစ်သိုက်နှင့်အတူ ဝင်ရောက်ဆော့ကစားရင်း ကလေးပီပီပျော်နေကြလေ၏။ ဖိုးထူးသည် ဆော့ကစားနေရင်း အသားတွေတုန်လာလေ၏။ တဟင်းဟင်းနှင့်အသံထွက်ကာ မြေကြီးပေါ်ကို ထိုင်လိုက်၏။ မောင်တိုးက ဖိုးထူးကို ပခုံးပုတ်ကာ “ဟေ့ကောင် ဘာဖြစ်နေတာလဲ။”ဟုမေးလိုက်သောအခါ ဖိုးထူးက မျက်ထောင့်နီကြီးဖြင့် ပြန်ကြည့်လေ၏။
“ငါ…ဖိုးထူးမဟုတ်ဘူး။”
“ဟာ… ဒါ…ဒါသရဲဝင်ပူးနေတာ မောင်တိုး။”
မောင်တိုးထက်လေးနှစ်ကြီးသော ကောင်လေးက ပြောလိုက်တာကို မောင်တိုးနားလည်လိုက်၏။ ရွာထဲ၌ ယခုတလော တစ္ဆေနှင့်နပန်းလုံးရသလို၊ သရဲများကလည်း လူတွေကိုဝင်ပူးကပ်ပြီး အစားအသောက်များတောင်းစားကြလေ၏။ ဒါတင်မက ဆိတ်၊ သိုး၊ ဝက်များကလည်း မနက်ဆို နှစ်ကောင်လောက်ကတော့ အမြဲသေကာ ကလီစာများထွက်နေတတ်လေ၏။ မောင်တိုးလည်း ဖိုးထူးသရဲဝင်ပူးမှန်းသိသွားကာ သူ၏နေအိမ်ကိုပြေး၍ပြောလိုက်၏။
ထိုအခါ ဖိုးထူးမအေသည် ငိုကြီးချက်မနှင့်ပြေးလိုက်လာကာ လမ်းမှာတွေ့သောလူတစ်ယောက်ကို ဆေးဆရာကြီးဦးတင့်ကိုရွာဦးစေတီဘက် ပင့်လာခဲ့ဖို့ပြောလိုက်လေ၏။ ထိုလူကလည်း ချက်ချင်းပြေးကာ ဆေးဆရာကြီးကို သွားပင့်လေ၏။
“ဗျို့ ဆရာကြီး…ဆရာကြီး။”
“ဟေ..မောင်လှဟန်ပဲ.. ဘာကိစ္စတုန်းဟ။”
“ဟို.. မလှမြင့်သားဖိုးထူး ရွာဦးစေတီဘက်မှာ ဆော့နေရင်း သရဲပူးနေလို့ဗျ။”
ဆေးဆရာကြီးက တိုင်မှာချိတ်ထားသောလွယ်အိတ်ကိုဖြုတ်၍ ထလိုက်လာကာ..
“တောက်စ်!! ဒီသရဲတွေ ပူးပူးနိုင်လွန်းတယ်ကွာ.. သောက်လုပ်သောက်ကိုင်မရှိကြဘူးလားမသိဘူး.. ရွာကလူတွေ သူတို့ကျွေးရတာနဲ့တင် မွဲသေကုန်တော့မှာပဲ။”
“အဲဒါကြောင့်ဆရာကြီးကို ဒီသရဲတွေနှင်ပေးပါပြောတာပေါ့ဗျ။”
“ဟာ ဟကောင်လှဟန်ရ… သရဲတစ္ဆေဆိုတာ မနိုင်ပဲ သွားမစမ်းကောင်းဘူးကွ.. ပြီးတော့ငါကမြန်မာဆေးဆရာ..ပယောဂဆရာမဟုတ်ဘူး.. သရဲဝင်ပူးရင်ခေါစာပစ်ပြီး.. သူတို့တောင်းဆိုတာလောက်လုပ်ပေးတတ်တာဟ။”
“မသိပါဘူးဗျာ… ရွာထဲမှ ပြောနေကြတာတော့ ဆရာကြီးက သရဲတွေကိုမွေးပြီး နှစ်ေပါက်တစ်ပေါက်နဲ့ ရွာကိုကျွေးခိုင်းထားတာတဲ့ဗျ။”
“မင်းမေ့လင်သရဲမွေးပြီး ငါကဘာလုပ်ရမှာလဲဟ.. အလကားရွာကလူတွေလျှောက်ေပြာနေကြတာ.. အစတည်းက ငါမနိုင်ပါဘူးပြောသားပဲ… ပယောဂဆရာရှာပါဆိုတော့ မရှာပဲနဲ့။”
ဆေးဆရာကြီးက ဗျစ်တောက်ဗျစ်တောက်ပြောရင်း ရွာဦးစေတီဘက်ကို လျှောက်လာခဲ့လေ၏။ မကြာမီအချိန်၌ ရွာဦးစေတီနားလေးက ဝိုင်းအုံနေကြသည့် လူတွေကိုဖယ်ခိုင်းပြီး ပြူးကျယ်နေသောမျက်လုံးများနှင့် လူတွေကိုလိုက်ကြည့်နေသည့်ဖိုးထူးအရှေ့ကိုမတ်တပ်ရပ်လိုက်၏။
“ဟေ့ ဒီကလေးထဲ ဘယ်သူဝင်နေတာလဲပြောစမ်း။”
“အောင်မာ လေသံမာမာနဲ့ မင်းကဘာကောင်လဲ.. ငါ့နာမည်ထိန်ညိုကွ… မင်းထက် အသက်လေးရာလောက်ကြီးတယ်… ငါပြောတာလုပ်မပေးရင် ဒီကလေးကို သတ်စားပြစ်မယ်။”
“အဲဒီလိုတော့မလုပ်ပါနဲ့ကွာ မင်းပြောတာအကုန်လုပ်ပေးပါ့မယ်။”
“အေး.. ညနေကြရင် ရွာရှေ့ဘက်က မန်းကျည်းပင်အောက်ကို အမဲသားသုံးပိဿာနဲ့ အရက်တစ်လုံးလာထား… ပြီးရင်ထိန်ညိုကိုကျွေးပါတယ်ပြော.. မဟုတ်လို့ကတော့ ဒီကလေးကိုငါအခုသတ်သွားမယ်။”
“ဟုတ်… ဟုတ်ကဲ့ပါဗျာ လုပ်ထားပါ့မယ် အခုတော့ ကလေးကိုယ်ထဲက ထွက်ပေးပါဗျာ။”
ထိုအခါ ဖိုးထူးသည် အနောက်ကိုလန်၍ လဲကျသွားလေ၏။ ဖိုးထူးလေး၏အမေလည်း ထိုအခါမှ အပူလုံးကြီးကျသွားလေ၏။ သို့သော်လည်း သူ့ခမျှ မပျော်နိုင်၊ သရဲတောင်းသွားသော အမဲသားသုံးပိဿာကို သူဘယ်လိုရှာရမည်နည်း။ တစ်ဝမ်းတစ်ခါးပြည့်ဖို့တောင် အနိုင်နိုင်ဘဝ။ နေ့စဉ်နှင့်အမျှ ကန်စွန်းရွက်ကြော်သာစားနေရသည်မို့ သားဖြစ်သူကိုလည်းသနားလှသောကြောင့် အသားဟင်းဝယ်ဖို့ငွေစုထားလေ၏။ သို့သော်ငွေက အမဲသားပင်မပြောနှင့် ကြက်တောင်ပံဝယ်ရလျှင်တောင် နူနာကြက်သားသာရပေမည်။
သို့သော်လည်း မကျွေးမဖြစ် ဤသရဲကိုကျွေးရတော့မည်။ မဟုတ်လျှင် သားဖြစ်သူကို ဒုက္ခပေးမှာ စိုးရိမ်ရ၏။ အိမ်ကိုပြန်လာခဲ့ကာ သရဲဝင်ပူးထား၍ ပင်ပန်းနေသောသားဖြစ်သူကို အိပ်ခိုင်းခဲ့ပြီး ရွာထဲက မခင်ပုထံ ပိုက်ဆံသွားချေးလေ၏။ မခင်ပုကလည်း ညီအစ်မတစ်ဝမ်းကွဲတော်သော မလှမြင့်ကိုသနား၍ ေငွချေးပေးသောကြောင့် အဆင်ပြေသွားခဲ့၏။
ေငွရခဲ့သော်လည်း မလှမြင့်မပျော်နိုင်သေး၊ ရွာမှာနွားမပေါ်သောကြောင့် တစ်ဖက်ရွာကိုသွားကာ အမဲသားသွားဝယ်ရပေမည်။ အချိန်ကလည်း လင်းနေသေးသည်မို့ ဘာကိုမျှမကြောက်ပဲ အိမ်ကိုအရင်ပြန်လာခဲ့၏။ ဘေးအိမ်က လေးမောင်အား ဖိုးထူးလေးကို ခဏကြည့်ထားပေးဖို့ပြောပြီးမှ ရွာပြင်ကိုထွက်လာခဲ့လေ၏။ ရွာအပြင်ကိုရောက်သောအခါ တစ်ဖက်ရွာနှင့်ဆက်နေသော လယ်ထဲမှဖြတ်၍လျှောက်လှမ်းလာခဲ့၏။
တစ်ဖက်ရွာကိုရောက်သောအခါ အသိများအိမ်ကိုအရင်ဝင်၍ အမဲပေါ်သည့်အိမ်အား စုံစမ်းပြီး အမဲသားသုံးပိဿာဝယ်လိုက်သည်။ ထို့နောက် ရွာကိုပြန်လာခဲ့၏။ နေလုံးကတဖြည်းဖြည်းဆောင်းလုချေပြီ။ သို့သော်နွားရိုင်းသွင်းချိန်သို့မရောက်သေးပေ။ မလှမြင့်သည် အမဲသားတွဲအားကိုင်၍ လယ်ကွင်းများထဲကဖြတ်၍ ပြန်လာစဉ် သူ၏အမဲသားကိုင်ထားသောလက်ကို တစ်ယောက်ယောက်ဆွဲလိုက်သလို ဖြစ်ဖြစ်နေတာကိုသတိထားမိ၏။
စားချင်သောက်ချင်သည့် သရဲတစ္ဆေများလိုက်လာတာများလားဟုတွေးမိကာလန့်သွားလေ၏။ သို့သော် ဤအမဲသားကို သားဖြစ်သူအား ဝင်ပူးခဲ့သည့်သရဲကိုကျွေးမှရမည် သို့မဟုတ်ရင် ထိုသရဲက သားဖြစ်သူကိုရန်ရှာနိုင်၏။ ကြောက်လန့်နေသော်လည်း သားဆိုသည့် အတွေးဝင်လာတာနှင့် သတ္တိများရှိလာကာ အမဲသားတွဲကို ရင်ဝယ်ပိုက်လိုက်ပြီး ခတ်မြန်မြန်လျှောက်လာလေ၏။ လယ်ကွင်းတစ်ခုကို ကန်သင်းရိုးအတိုင်းဖြတ်လျှောက်ချိန် သူ၏ရှေ့ကနေ မည်းမည်းအရိပ်ကြီးတစ်ခု ပြေးလာနေတာကိုေတွ့လိုက်ရ၏။
မလှမြင့်တစ်ယောက် ခေါင်းနပန်းြကီးသွားကာ ထိတ်လန့်တုန်လှုပ်မိလေ၏။ လက်ထဲကအမဲသားတွဲကိုတစ်လှည့် ရှေ့ကမည်းမည်းအရိပ်ကြီးကိုတစ်လှည့်ကြည့်ပြီး “သား”ဆိုသည့်အတွေးတွေဝင်လာပြန်၏။ အမဲသားတွဲကိုကျစ်ကျစ်ပါအောင်ဆုပ်၍ မျက်လုံးကိုမှိတ်ကာ ရပ်နေလိုက်၏။ မည်းမည်းအရိပ်ကြီးသည် မလှမြင့်ရှေ့ကိုရောက်လာပြီး သူလက်ကိုလှမ်း၍ အမဲသားတွဲကို ယူမည့်အချိန်၌..
“ဤဇမ္ဗူမှာတစ်မူထူးခြား… ငါလိုမင်းသား ရှိသတဲ့လား ..ဟေ့ဟေဟေ့ဟေ… ရုပ်ရည်ရူပကာ ချောမောလှတာ ကျွန်တော်မင်းသားပါ.. ဟိီးဟီးဟီး.. အလို ဗျို့အစ်မကြီး အမဲသားတွဲ လက်ထဲကိုင်ပြီး မတ်တပ်ရပ်ကြီးအိပ်ပျော်နေတာလား။”
မလှမြင့်သည် မျက်လုံးမှိတ်ထားရာမှ မျက်လုံးဖွင့်ကြည့်တော့ မဲမဲအရိပ်ကြီး ရှိမနေတော့ပေ။ အသံလာရာကို လှည့်ကြည့်လိုက်တော့ ယောဂီရောင်အဝတ်အစုတ်များနှင့် ရှုပ်ထွေးနေသည့်ဆံပင်များနှင့်အရူးတစ်ယောက်ကို တွေ့လိုက်ရ၏။ ပုံပန်းသဏ္ဌန်အရ အရူးဟုပြောရသော်လည်း ရုပ်ရည်က ညစ်ပတ်ပေကျံနေသည့်ကြားကပင် အေးချမ်းသောအသွင်ကိုဆောင်နေလေ၏။
“စကားမပြောတတ်ဘူးလားမသိဘူး.. ဒါမှမဟုတ် ကျွန်တော်လို ချောမောလှပတဲ့ မင်းသားမျိုးကို အစ်မကြီးတစ်သက် အခုမှတွေ့ဖူးလို့ဆွံ့အသွားတာထင်တယ် … ဖြစ်တတ်ပါတယ်လေ… ဒါမျိုးကဖြစ်နေကြပါ။”
အရူး၏စကားကြောင့် မလှမြင့် ပြုံးစိစိဖြစ်သွားကာ…
“အမလေးတော်… နင့်ရုပ်လည်းပြန်ကြည့်ပါအုံးအရူးရဲ့.. နွားနင်းထားတဲ့ဖားကတောင် နင့်ရုပ်ထက်လှအုံးမယ်။”
“ဒါကတော့အစ်မကြီးရယ် ကို့အကြိုက်နဲ့ကိုပဲကို။”
“ဘာပြောတယ်.။”
“ရန်ဖြစ်ဖို့အချိန်မရှိဘူး.. ကျွန်တော်မင်းသားချောလေး တိုင်းခန်းလှည့်လည်ရအုံးမယ်… ဒူ!!ဒူ!! အိမ်နောက်စံမင်းသားချောလေး ရတနာဒီပါရွှေထွဋ်ခေါင်မင်းနောင်အနော်ရထာ ကြွချီလာပါပြီ။”
မလှမြင့်တစ်ယောက် စောစောကကြောက်စိတ်များ စိုးစွန်မျှမရှိပဲ အရူး၏ ပေါက်ကရအော်သံကြောင့် ဟက်ဟက်ပက်ပက်ရယ်မောလိုက်မိလေ၏။ ထို့နောက် အရူးက ကလိုက်၊ ဆိုလိုက်၊ တစ်ယောက်တည်းစကားပြောလိုက်နှင့် အရှေ့ကသွားနေတာကိုကြည့်ရင်း မလှမြင့်လည်း တပြုံးပြုံးကြည့်ကာ “တော်သေးတာပေါ့ ဒီအရူးရောက်လာလို့ မဟုတ်ရင် ဟိုမဲမဲအရိပ်ကြီး ငါ့ကိုသတ်သွားမလားမသိဘူး”ဟု စိတ်ထဲတွေးကာ လျှောက်လာလိုက်၏။
ထို့နောက် မလှမြင့်က သူ၏နေအိမ်ကို ပြန်လာခဲ့ပြီး အရူးကတော့ ရွာ့အရှေ့ပိုင်းကို ထွက်သွားတာ မြင်လိုက်ရလေ၏။ မလှမြင့်လည်း စကောတစ်ခုထဲ ဖက်ရွက်များခင်း၍ အမဲသားကိုပုံလိုက်လေ၏။ ထို့နောက် ထမင်းတစ်အိုးတည်၍ ထုံးစံတိုင်း ကန်စွန်းရွက်ကိုကြော်ပြီး သားဖြစ်သူအတွက် ညစာအဆင်သင့်ဖြစ်အောင် လုပ်ထားလေ၏။ ညနေမှောင်ရီပျိုးသောအခါ မလှမြင့်နှင့် ဘေးအိမ်က လေးမောင်အပါအဝင် နောက်ထက်ကာလသားနှစ်ဦးတို့သည် အမဲသားထည့်သောစကောနှင့် ချက်အရက်တစ်ပုလင်းကိုယူကာ ရွာအရှေ့ပိုင်းကို ထွက်လာခဲ့လေ၏။
ထို့နောက် မန်ကျည်းပင်အောက်ကိုသွားကာ အမဲသားစကောနှင့်ချက်အရက်ကိုချ၍ မလှမြင့်က ထိန်ညိုဆိုသောသရဲကို ကျွေးတာဖြစ်ကြောင်း၊ အမိုက်မဲလေးများကိုခွင့်လွှတ်ပေးဖို့တောင်းပန်နေလေ၏။
“ဟားဟား အရူးတွေ အရူးတွေ.. ပြိတ္တာဘုံသား… ကိုကျွေးမှစားရတဲ့အကောင်ကိုများ တောင်းပန်နေလိုက်တာ… ဘုရားရှင်သာရှိသေးရင် နင်တို့ကိုချွတ်ရမှာမဟုတ်ဘူး။”
လေးမောင်တို့သည် အသံလာရာကိုလှမ်းကြည့်လိုက်တော့ အရူးတစ်ယောက်က သူတို့ကိုခတ်လှမ်းလှမ်းကနေ ပယ်ပယ်နယ်နယ်ထိုင်ကြည့်ပြီး ပြောနေခြင်းဖြစ်လေ၏။ လေးမောင်နှင့်ပါလာသော ကာလသားနှစ်ယောက်က သွားရိုက်မည်တကဲကဲလုပ်နေတာကို လေးမောင်ကတားလိုက်ရ၏။
“ထားလိုက်စမ်းပါကွာ အရူးပဲ ပြောချင်ရာပြောပါစေမ မင်းတို့ကလည်း အရူးနဲ့ပြိုင်ဖြစ်မနေစမ်းပါနဲ့။”
လေးမောင်တို့သည် သရဲထိန်ညိုအတွက်ခေါစာပစ်ပေးပြီးသောအခါ ပြန်သွားကြလေ၏။ လေးမောင်တို့လူစု ပြန်သွားသည့်အခါမှာတောင် အရူးကမပြန်သေးပဲ မန်းကျည်းပင်အောက်က ခေါစာကို အသေချာစိုက်ကြည့်နေလေခဲ့၏။ မကြာပေ။ နေရောင်လုံးလုံးပျောက်သွားတာနှင့် မန်းကျည်းပင်ပေါ်ကနေ အမွှေးအမှင်ထူထူကြီးများ၊ ကျွတ်ထွက်နေသောမျက်လုံးတန်းလမ်းနှင့် သရဲကြီးတစ်ကောင်သည် အောက်ကိုဇောက်ထိုးဆင်းလာကာ စကောထဲကအမဲသားများကို မြိန်ရည်ယှက်ရည်စားသောက်နေလေ၏။ အရူးသည် ထိုသရဲကြီးကိုမြင်သောအခါ ခြေထောက်တစ်ဖက်ကိုချိတ်၍…
“ဟိုကောင် မန်းကျည်းပင်အောက်က မျက်လုံးဒစ်ပြုတ်နေတဲ့ကောင်။”
သရဲကြီးက အမဲသားကိုပါးစပ်ထဲထည့်၍ အရူးကိုလှည့်ကြည့်လိုက်၏။
“ငါ့ကိုခေါ်တာလား။”
“မန်းကျည်းပင်ေအာင်မှာ မျက်လုံးဒစ်ပြုတ်နေတာ မင်းပဲရှိတယ်။ “
“အောင်မာ မင်းလိုအရူးက ငါ့ကိုမြင်ရတယ်ပေါ့.. ဂုတ်လာချိုးပြီး မင်းဝိဉာဉ်ကို ငါ့ကျွန်လုပ်လိုက်လို့ရတယ်… ငါစားကောင်းသောက်ဖွယ်ရာ စားနေတာ မင်းကံကောင်းတယ်မှတ်။”
“မျက်လုံးကဒဏ်ပြုတ်ပြီး အရုပ်ဆိုးတဲ့အကျည်းတန်သတ္တဝါလိုတစ်ကောင်က ငါလိုမင်းသားချောတစ်ယောက်ကို ပြန်ပြောတာ ရိုင်းစိုင်းလှချည်လား… ဟေ့ ဟိုနားကအပင်က ရုက္ခစိုးမင်း အဲဒီကောင်ကို အပင်ပေါ်ကဆင်းပြီး လာကန်စမး်။”
အရူး၏ စကားသံဆုံး၌ မန်းကျည်းပင်နှင့်မလှမ်းမကမ်း ကုက္ကိုပင်ကနေ ရုက္ခစိုးတစ်ပါးက ဆင်းလာပြီး သရဲကြီးကို ဆောင့်ကန်လိုက်တာ သရဲကြီးခမျှ ရှေ့ကို ကျွမ်းလိမ့်သွားခဲ့လေ၏။ သရဲကြီးက အနောက်ကိုလှည့်ကြည့်တာ ရုက္ခစိုးကိုမြင်၍ အံ့ဩသွားလေ၏။
“အဘိုး ကျုပ်အဘိုးကိုဘာလုပ်လို့လဲ။”
ရုက္ခစိုးမင်းက ဘာမျှမပြော၊ အရူးကိုကြည့်လိုက်လေ၏။ သရဲကြီးသည် အရူးကြောင့်ဆိုတာ သိသွားကာ အရူးဆီကို ပြေးဝင်သွားပြီး လက်ကြီးနှစ်ဖက်ဆန့်၍ လည်ပင်းညှစ်သတ်ရန်ကြံစည်သောအခါ အရူးက ချက်ချင်းထလိုက်ကာ..
“ဖယ်စမ်းကွာ…. လက်တွေကညစ်ပတ်လွန်းတယ်… ငါမင်းသားလေးက အသန့်ကြိုက်တယ်ကွ။”
အရူးက အသာအယာ ရိုက်ပုတ်ထုတ်လိုက်သော်လည်း သရဲကြီးခမျှ အတော်ဝေးဝေးကို လွင့်ထွက်သွားလေ၏။ သရဲကြီးသည် အရူးကိုမနိုင်မှန်းသိကာ ပြေးမည်အပြု အရူး၏ခန္ဓာကိုယ်က အရိပ်ပမာ လှစ်ခနဲသူ့အနောက်ရောက်လာပြီး ဂုတ်ကိုဆွဲထားလေ၏။
“ကြောက်..ကြောက်ပါပြီဆရာရယ်… ကျုပ်ဆရာ့ကိုမနိုင်ပါဘူး.. ကျုပ်ကိုလွှတ်ပေးပါဗျာ။”
“ဘာကိုဆရာလဲ.. ငါကဆရာမဟုတ်ဘူး.. မင်းသားလို့ပြန်ခေါ်ရင်လွှတ်ပေးမယ်။”
“ဟုတ်… ဟုတ်ကဲ့ပါမင်းသားရယ် ကျုပ်ကိုလွှတ်ပေးပါ.. မင်းသားလက်နဲ့ဆွဲထားတဲ့ဂုတ်က မီးစနဲ့အထိုးခံရသလိုပူလွန်းလို့ပါဗျာ။”
“ဟာဘနေအုံး.. မင်းသားဆိုတော့ ငါ့ကို ပြဇာတ်မင်းသားတို့၊ ဓာတ်ရှင်မင်းသားတို့ ဘေးပတ်ဝန်းကျင်ကကြားရင် ထင်နေအုံးမယ်… ဟိတ်ကောင် အိမ်နောက်စံမင်းသားချောလေးလို့ပြန်ခေါ်။”
“ဟာဗျာ… အိမ်ရှေ့စံပဲကြားဖူးပါတယ်။”
“လျှာမရှည်နဲ့.. အိမ်အနောက်စံဆို စံလိုက်။”
“ဟုတ်…ဟုတ်ကဲ့ပါ အိမ်နောက်စံမင်းသားချောကိုယ်တော်လေးရယ်… ကျုပ်ကိုလွှတ်ပါတော့ဗျာ။”
“ဟီးဟီးဟီးဒီလိုမှပေါ့.. နေအုံး ဒီအတိုင်းတော့ လွှတ်မပေးဘူး.. မင်းကို အောက်လမ်းကောင်တစ်ကောင်က ဒီလိုလုပ်ခိုင်းခဲ့တာမဟုတ်လား။”
“ဟုတ်ပါတယ်… ကျုပ်အရိုးတစ်ချောင်းကိုယူပြီး ဒီအပင်အောက်မှာလာမြှုပ်ပါတယ်.. ပြီးတော့ အဲဒီပင်မှာနေခိုင်းပြီး ကျုပ်ကိုရှာမစားပဲ ဒီရွာကလူတွေထဲဝင်ပူးပြီး တောင်းရမ်းစားသောက်နိုင်ကြောင်းပြောလို့ ကျုပ်လုပ်မိတာပါ… လွှတ်ပါတော့ အိမ်အနောက်စံမင်းသားချောရယ် ကျုပ်ပူလှပါပြီ။”
“အခုတော့လွှတ်ပေးလိုက်မယ်… နောက်ကို ဒီရပ်ဒီရွာဒီနယ်နမိတ်ကို ဘယ်သောအခါမှအခြေမချဖို့ ငါအိမ်နောက်စံမင်းသားေချာလေးမင်းကိုအမိန့်ပေးတယ်… မင်းရဲ့အရိုးကို ငါတူးပြီးမီးရှို့ပစ်မယ်။”
အရူးက ဤသို့ပြောပြီး လွှတ်လိုက်တာနှင့် သရဲကြီးက လေအဟုတ်နှင့် ပြေးလေတော့၏။ ထို့နောက်အရူးသည် ရုက္ခစိုးကို မျက်နှာရိပ်မျက်နှာကဲနှင့် အပင်ပေါ်ပြန်တက်ခိုင်းပြီး သူက မန်ကျည်းပင်ခြေကိုတူးလေ၏။ သိပ်တော့မတူးရ။ အရိုးတစ်ချောင်းထွက်လာလေ၏။ ထိုအခါအရူးက အရိုးကိုအမှိုက်တွေနှင့်အတူ မီးပုံရှို့ပြီး မီးပုံဘေးမှာထိုရင်း တဝါးဝါးအော်ရယ်နေခဲ့လေ၏။
∆အခန်း (၂)
++++++++++
နောင်တစ်နေ့နံနက် နံနက်ခင်းဝေလီဝေခင်း၌ မောင်းတောရွာသူ မလင်တတစ်ယောက် တစ်ခုခုကို စိတ်ဆိုးကာ ပါးစပ်ကနေ ဆဲရေးတိုင်ထွာနေလေ၏။ သူ၏အမည်က အမှန်တကယ်တော့ မခင်မြဖြစ်၏။ သူ၏ယောက်ျားဆုံးပါးသွားသောအခါ သူသည်ကိစ္စတစ်ခုခုဖြစ်တိုင်း ယောက်ျားနာမည်ကိုတ၍ ပြောဆိုနေတတ်၏။ အစပိုင်းတော့ တစ်ယောက်တည်းကျန်ခဲ့၍ လွမ်းလို့နေမှာပါဟု ရွာကနားလည်ပေးသော်လည်း သုံးလေးလနဲ့လည်းမပြီး၊ လေးငါးလနဲ့လည်းမပြီး၊ တစ်နှစ်နီးပါး ယောက်ျားနာမည်သာ ထည့်ထည့်ပြောနေသောကြောင့် မခင်မြကနေ မလင်တဟု နောင်ပြောင်ခေါ်ရင်းမှ ဤနာမည်ရာဇဝင်တွင်လာခဲ့လေ၏။
မလင်တကတော့ သူ့ကိုဒီနာမည်ပေးတာ ဂရုမစိုက်။ ကို့ထမင်းကိုစား၊ ကို့အလုပ်ကိုလုပ်နေတာ၊ ပတ်ဝန်းကျင်ကပြောစကား သူဂရုမစိုက်နိုင်ဘူးဟု ခံယူထားသောကြောင့်ဖြစ်၏။ ယခုလည်း သူ၏ဝက်ခြံအတွင်းက ဝက်လေးကောင်အနက် နောင်လ၌ရောင်းမည်ဟု စိတ်ကူးထားသောဝက်သည် ဗိုက်ပွင့်ကာ သေဆုံးနေသောကြောင့် ပါးစပ်ကနေ ထမင်းအိုးဆန်ဆေးရင်း ဆဲနေခဲ့လေ၏။
“သေခြင်းဆိုး ကာလနာ မြွေပွေးကိုက်ပြီး လှည်းမှောက်လို့ သေတဲ့အကောင်၊ တခြားဝက်တွေကို စားတော့ ဘာဖြစ်မှာမို့လို့လဲ… ရောင်းမယ်ကြံထားတဲ့ ဝက်ကိုမှ ဗိုက်ဖောက်ပြီးစားသွားရတယ်လို့.. ကိုသောင်းတန်ရေ ရှင်မရှိတော့ ကျုပ်ဘဝကို အေးေအးေဆးဆေးကျောင်းနေတာတောင် ဘယ်ကလေကချေ အုတ်ကြားမြက်ပေါက် ကလေကဝသရဲက ကျုပ်ဝက်ကို ဗိုက်ဖောက်စားသွားမှန်းမသိဘူး.. ရှင်သာရှိသေးရင် မိန်းမအားမငယ်နဲ့ ငါဘာလုပ်ပေးမယ်ဆိုပြီး ပြောအုံးမယ်မဟုတ်လား… အခုတော့ရှင်မရှိတဲ့ဘဝ .. ကျွန်မမှာလေ သရဲကတောင် အမြင်ကတ်ပြီး ရောင်းမယ့်ဝက်ကြီးစားသွားပြီ… သရဲစားထားတဲ့ဝက် ဘယ်သူက ဝယ်တော့မှာလဲရှင်…တောက်စ်!! သေခြင်းဆိုးနဲ့သေတဲ့သရဲ.. သရဲဘဝမှာတင် လေးငါးခါလောက် ထပ်သေသင့်တယ်။”
မလင်တခေါ်မခင်မြက သရဲကိုဆဲလိုက် လင်ကိုတလိုက် ပြောဆိုနေတာကို ခြံခြင်းကပ်လျှက်က ကွပ်ပျစ်ပေါ်၌ထိုင်နေသော ဦးမြင့်ဦးတစ်ယောက် ပြုံးပြုံးပြုံးပြုံးဖြင့် သဘောကျနေလေ၏။ ထိုအခိုက်တွင် သူ့ရှေ့သို့ သူ၏သမီး မလှစိန်ရောက်လာကာ ရေနွေးအိုးချပေးရင်း ဖအေဖြစ်သူ ပြုံးနေတာကိုကြည့်ပြီး သဘောပေါက်လိုက်လေ၏။
“အဘနော် ဟိုကဝက်ကိုသရဲစားသွားလို့ စိတ်ညစ်နေတာကို ဘာလို့ပြံုးပြီးသွားကြည့်နေတာတုန်း။”
“သမီးကလည်းကွယ် အဘကခင်မြကို လှောင်တာမဟုတ်ပါဘူး။ သူ့ဝက်ကြီးသရဲစားသွားလို့လည်း သူစိတ်ညစ်နေတာကို အဘကိုယ်ခြင်းစာပါတယ်ကွဲ့။ ဒါပေမဲ့ သူကတစ်ယောက်တည်း သရဲကိုဆဲလိုက် လင်ကိုတလိုက်နဲ့ ပြောနေတာက ရယ်ချင်စရာကောင်းနေလို့ပါကွယ်။”
မလှစိန်လည်း ထိုအခါ မလင်တ၏ စကားပြောသံကိုသေချာနားထောင်ရင်း သူပါပြုံးမိသွားခဲ့လေ၏။ ထို့နောက်မလှစိန်သည် အဘကိုကြည့်ရင်း စကားဆိုလေ၏။
“အဘ သမီးတို့ရွာတော့နော် အခုနှစ်လအတွင်း ဘာတွေဖြစ်နေမှန်းမသိဘူး။ သရဲတွေဝင်ပူးပြီး အစာတောင်းလိုက်၊ အစာတောင်းလို့ကျွေးတာတောင် အားမရတဲ့အပြင် ရွာမှာမွေးထားတဲ့ ကြက်လေးဝက်ကလေးတွေလည်း စားစားသွားတယ်။ ဒီကြားတည်း ညညဆို ကာလသားတွေလည်း အကောင်ထည်မမြင်ရတဲ့ အကောင်နဲ့ အမြဲတမ်းနပန်းလုံးနေရတယ်။ သမီးတို့ရွာ မကောင်းတဲ့ပညာနဲ့များ တိုက်ခံထားရတာလားမသိဘူးနော်။”
“အင်း… ငါ့သမီးလေးတွေးသလို ရွာကလူတွေလည်း တွေးကြတာပဲ… ဒါပေမဲ့ ဟိုကောင်ဆေးဆရာယောင်ယောင် ပယောဂယောင်ယောင်ကောင်ကမှ ဒီသရဲတွေကိုနှင်ထုတ်မပေးတာ။”
“သူမထုတ်ပေးလည်း… နှင်ထုတ်ပေးမဲ့ ဆရာရှာရမှာပေါ့အဘရယ်။”
“ဪသမီးကလည်း… နှင်ထုတ်ပေးတဲ့ဆရာက ဟိုးမြေနီကုန်းရွာမှာရှိတာ အဘတို့သိတာပေါ့ကွယ်… ဒါပေမဲ့ ခရီးကလည်းဝေးတယ်.. ပြီးတော့ အဲဒီဆရာက ငွေကြေးကိုအမြောက်များတောင်းတယ်… ဒီတော့ သွားပင့်ဖို့စရိတ်စခနဲ့ ဆေးဆရာကိုပေးမဲ့ငွေ ဘယ်သူကစိုက်ထုတ်မှာလဲ… ရွာလူကြီးဆိုတဲ့ကောင်ကလည်း ငွေမထုတ်.. ရွာသားတွေဆီကအလှူခံပြီး ဒီလမ်းပဲပြင်လာလိုက်တာ.. လမ်းကောင်းမကောင်းတော့မသိဘူး… သူ့အိမ်ကြမ်းခင်းကနေ ပျဉ်ခင်းဖြစ်သွားတာတော့ အဘသိတယ်။”
“တိုးတိုးပြောပါအဘရယ်… ရွာထဲက တစ်ေယာက်ေယာက်ကြားသွားလို့ သူကြီးပြန်တိုင်မှ… အဘအသက်အရွယ်နဲ့ ထိပ်တုံးတန်းလန်းကြီးဆို ကြည့်မကောင်းပါဘူးရှင်။”
“အေးပါ အဘလည်းဒီအတိုင်းပြောမိတာပါ။”
*အင်းပါ ဒါဆို သမီးရွာထဲခဏသွားအုံးမယ်…။”
“အေးအေး သွားလေသမီး။”
မလှစိန်တစ်ယောက် အိမ်မှထွက်လာခဲ့ကာ ရွာလမ်းမပေါ်လျှောက်လာစဉ် အိမ်တစ်အိမ်ထဲ၌ လူစုရုံးနေတာကိုမြင်လိုက်ရ၍ အပြင်ကနေ ရပ်ကြည့်မိသောအခါ သရဲဝင်ပူးနေမှန်းသိလိုက်၏။ ထိုစဉ် သူ၏အနားကို အရူးကရောက်လာချေပြီ။
“ဟိတ်!!”
“အမလေး!! မြတ်စွာဘုရား!! ဟာ ဒီအရူးကတော့။”
“ဟီးဟီး နင်ဘာလုပ်နေတာလဲ..။”
“နင်သိချင် အထဲသာဝင်ကြည့်။”
မလှစိန်က အရူးကိုရွဲ့ပြောကာ သူကရွာလမ်းတလျှောက်ထွက်သွားခဲ့လေ၏။ အရူးသည် အိမ်ထဲကိုလှမ်းကြည့်ရင်း ဝင်လာခဲ့လေ၏။ ထိုအခါလူတွေသည် တဟင်းဟင်းအသားတွေတုန်တက်၍ အော်ဟစ်နေသော သူအား ဝိုင်းကြည့်နေကြခြင်းဖြစ်၏။ သူ၏ရှေ့က ဆေးဆရာကလည်းရှိနေလေ၏။
“မကျေနပ်ဘူး…မကျေနပ်ဘူး… ငါတို့လုံးဝမကျေနပ်ဘူး။”
” မင်းကဘယ်သူလဲ ထိန်ညိုလား။”
“မဟုတ်ဘူး..ငါတို့ကရွာအနောက်ဘက်မှာနေတဲ့ ဘပုတို့ပဲ။”
“မင်းက ဘာကိုမကျေနပ်တာလဲ။”
“ဟင်းဟငး်ဟင်း.. မနေ့ညက ငါတို့ဗိုက်ဆာလို့.. မင်းတို့ရွာကလင်တရူးမဝက်ကိုစားတာ.. အခုဒီမနက်ကြီး အဲဒီလင်တရူးမက ငါတို့ကိုဆဲဆိုနေတယ် … ငါတို့အဲဒါကိုမကျေနပ်ဘူး။”
“လင်တရူးမဆိုတော့၊ မခင်မြကိုပြောတာလား။”
“ဟုတ်တယ်… ငါတို့ကိုဝက်သားငါးပိဿာနဲ့ ကြက်ငါးကောင်မကျွေးရင် နင်တို့တစ်ရွာလုံးကို ဗိုက်ဖောက်စားပြစ်မယ်။”
“ဟာ အဲ.. အဲဒီလိုတော့ မလုပ်နဲ့လေဗျာ.. ခင်ဗျားပြောတဲ့အတိုင်းဖြစ်စေရပါ့မယ်.. ကျုပ်တို့ကျွေးပါ့မယ်။”
ထိုစဉ်..
“ဘာလို့ကျွေးရမှာလဲ မကျွေးကြနဲ့ ။”
အသံလာရာဆီကြည့်လိုက်တော့ အရူးဖြစ်နေလေ၏။ ရွာသူရွာသားတွေက အရူးကိုတိတ်တိတ်နေဖို့ ပြောသော်လည်းမရပေ။ အရူးကဇွတ်တိုး၍ သရဲဝင်ပူးခံထားရသူအရှေ့ရောက်သွားလေ၏။ ဆေးဆရာကြီး ဦးတင့်က အရူးကိုဆွဲထုတ်သော်လလည်းမရပေ။ သရဲဝင်ပူးခံနေရသည့်သူက အရူးကိုကြည့်ကာ..
“ဒီသောက်ရူးကတော့ ငါလုပ်ရင်နာတော့မယ်…။”
“အောင်မာ လူကြီးတော့ ပိန်ပိန်ခြောက်ခြောက် ဂလန်ဂလားနဲ့သနားစရာသရဲသူတောင်းစားက ငါလိုအိမ်အနောက်စံ မင်းသားချောလေးကို ဘယ်လိုတွေပြောနေတာတုန်း.. ဟိတ်ကောင်တွေ ငါလိုမင်းသားချောလေးကိုပြောတဲ့ ဒီသရဲသူတောင်းစားကို အနောက်ကိုလွင့်အောင်ကန်ချလိုက်စမ်း။”
ထိုအခါ ကြည့်ရှူ့သူအပေါင်း အံ့ဩကြရကုန်၏။ အဘယ့်ကြောင့်ဆိုသော် အရူး၏စကားအတိုင်း အပူးခံထားရသည့်သူက ထိုင်လျှက်ကနေ အနောက်ကို ဖင်တရွတ်တိုက် လွင့်သွားခြင်းကြောင့်ဖြစ်လေ၏။
“အရူးက ပညာတတ်တယ်တော့။”
“ဟယ် အံ့ဩစရာကြီး အရူးပြောလိုက်တာနဲ့ တန်းဖြစ်တာဟေ့။”
” ဒီအရူးကထူးဆန်းလိုက်တာ။”
အရူးကတော့ ဘေးကပြောစကားတွေကို အာရုံမရ။ လွင့်ထွက်သွားသည့်သူကိုကြည့်ကာ ခါးထောက်လျှက်ရယ်နေလေ၏။ သရဲဝင်ပူးခံထားရသူသည် ဒေါသတကြီးထလာကာ အရူးဆီကိုပြေးလာလေ၏။ အရူးသည် သစ်ကိုင်းခြောက်သေးသေးတစ်ချောင်းကို ကောက်ယူပြီး ပြေးဝင်လာသည့်သူအား တရစပ်ရိုက်လေ၏။
“နင်လို သရဲသူတောင်းစားကများ ငါလိုအိမ်နောက်စံကိုယ်တော်လေးကိုပြောရဲတယ် ကဲဟယ်!!ကဲဟယ်!!”
“အမလေးဗျနာလှချည်ရဲ့!! အမလေးဗျ!! အား!! အသားတွေပါ မီးလောင်ကုန်ပြီ!! သေရပါတော့မယ်ဗျ။”
“ဟဲ့သရဲက ထပ်သေမလား ဗျောင်လိမ်ဗျောင်စားနဲ့ ကဲဟယ်!! ကဲဟယ်!!”
“အား.. ကြောက်ပါပြီဆရာရဲ့… မရိုက်ပါနဲ့တော့ဗျ.. ကျုပ်အသားတွေကွာကုန်ပြီဗျ။”
ထိုအခါအရူးက ရပ်လိုက်လေ၏။ သရဲဝင်ပူးခံရသူသည် အရူးကိုထိုင်ရှိခိုးကာ တောင်းပန်နေလေ၏။ ရွာသူရွာသားတွေကတော့ သရဲနိုင်နေသည့်အရူးကိုကြည့်၍ အံ့ဩနေကြစဲပင်။
“ဟေ့ကောင် မင်းတို့က ဘယ်နယောက်ပါတာလဲ။”
“ကျုပ်တို့အဖွဲ့က ငါးယောက်ပါဆရာ…။”
” ဘာလို့ဒီလိုလုပ်တာလဲ..”
“ဟို ဆရာကြီးတစ်ယောက်ကခိုင်းလို့ပါ။”
“အေး မင်းတို့ကိုလုပ်ခိုင်းတဲ့လူကပညာပျက်သွားပြီ… အခုမင်းတို့အားလုံး သွားလိုရွာသွားတော့ ဆက်နေချင်သေးရင် တစ်ရက်ကို အကြိမ်တစ်ရာရိုက်ခံရမယ်။”
“ကျုပ်.. ကျုပ်တို့ကြောက်ပါပြီဆရာရယ် ဒီရွာကိုလည်းးဒုက္ခမပေးတော့ပါဘူး။”
“အေး ဒီလို လိမ္မာမှပေါ့.. ငါကိုယ်တော်အိမ်နောက်စံမင်းသားချောလေးက မေတ္တာဂရုဏာရှေ့ထားပြီး ဒီတစ်ခါခွင့်လွှတ်ပေးတော်မူမယ်… နောက်ထပ် ဒီရွာကိုဒုက္ခပေးနေတာ ဘယ်သူရှိသေးလဲ။”
“ဟို ရွာအရှေ့ပိုင်းကထိန်ညိုနဲ့ နပန်းသမားတစ္ဆေအေးကျော်တော့ရှိပါသေးတယ်။ ကျန်တာတော့မရှိပါဘူးဆရာ။”
“ထိန်ညိုတော့ ငါလုပ်လို့ပြေးပြီ…. နပန်းသမားတစ္ဆေဘယ်မှာနေလဲ။”
” ဟို.. အေးကျော်က ရွာအလယ်က ကွပ်ပျစ်ပတ်ထားတဲ့ ညောင်ပင်မှာနေပါတယ်။”
“အေးအေး ဟုတ်ပြီ ဒီကောင့်လည်းဆုံးမမှရမယ်.. မင်းတို့လွတ်ရာသွားတော့နော်…ရှိနေသေးရင် ဟောဒီမှာတွေ့လားတုတ်။”
အရူးက တုတ်ပြဟန်ရှိသေး ဝင်အပူးခံရသူခမျှ မေ့လဲကျသွားကာ သရဲကထွက်သွားလေ၏။ သရဲထွက်သွားသောအခါ အရူးကို ရွာသူရွာသားတွေက ချီးမွမ်းခန်းဖွင့်နေကြလေ၏။ အရူးကတော့ ဂရုမစိုက်၊ သူပြောချင်ရာပြော၊ ဆိုချင်ရာဆို၍ ထွက်သွားသောအခါ ရွာသူရွာသားတွေက အနောက်ကနေ လိုက်လာကြ၏။ အရူးသည် ရွာလမ်းမကြီးအတိုင်း သီချင်းလေးဆို၍ကကာ ရွာအလည်က ညောင်ပင်ကြီးရှေ့အရောက်၌ ရပ်လိုက်လေ၏။
“ဟေ့ ညောင်ပင်တစ္ဆေဝေလေလေ.. ထွက်ခဲ့စမ်း။”
သို့သော် ဘာမှမထူးြခား။
” ငါကိုယ်တော်လေးခေါ်နေတာဝောာင် ညောင်ပင်ပေါ်ကတစ္ဆေဆင်းမလာဘူး နားများပင်းနေလားမသိဘူး။ ဟေး!! ညောင်ပင်ပေါ်မှာနေတဲ့ နပန်းသမားတစ္ဆေအေးကျော် ဆင်းခဲ့စမ်းဟေ့။”
အရူးက ခုနှစ်ချီသံဖြင့်အော်လိုက်သောအခါ ညောင်ပင်ပေါ်ကနေ ခန္ဓာကိုယ်ထွားထွား၊ ဆံပင်ရှည်များကမျက်လံုးကိုဖုံးနေပြီး အစွယ်နှစ်ချောင်းနှင့်တစ္ဆေတစ်ကောင်က ဆင်းလာခဲ့၏။ အရူးကိုကြည့်ကာ လက်သီးဆုပ်ပြပြီး..
“ဟိုသောက်ရူး.. ခုနှစ်ချီဟစ်ပြီး ဘာလို့အော်ခေါ်နေတာလဲ.. အိပ်နေတာ အိပ်ရေးပျက်တယ်ကွ။”
“မင်းတို့လို နာနာဘာဝ ဝိနာကွာကွတွေ။”
“ဟေ့အရူး နာနာဘာဝ ဝိနာဘာဝဟ။”
သူ၏အနောက်ကလူများသည် တစ္ဆေကိုမမြင်ရသော်လည်း အရူးစကားပြောနေပုံကိုထောက်ပြီး တစ္ဆေကိုပြောနေခြင်းမှန်းသိလေ၏။ သူစကားမှားတာကိုထောက်ပေးသည့်သူအား အရူးကပြန်လှည့်ကြည့်လိုက်၏။
“ကျွန်တော်သိပါတယ်… တိုးတိုးနေ ကျွန်တော်မင်းသားချောလေး အလုပ်လုပ်နေတယ်.. ပြီးမှ ထန်းလျက်ဝယ်ကျွေးမယ်နော်ဟုတ်ပြီလား… လိမ္မာတယ်။”
“တောက်စ်!! ဒီအရူးကတော့ကွာ ငါတို့ကိုကူညီတာမဟုတ်ရင် ထိုးပြီးနေပြီ။”
“စိတ်လျှော့ပါငါ့ကောင်ရာ။”
အရူးစကားကြောင့် ဒေါသထွက်သွားသော ရွာသားအား သူ့လူများက ပြန်ထိန်းလိုက်လေ၏။ ထို့နောက် အရူးကဆက်၍…
“မင်းတို့လို သရဲတစ္ဆေတွေအရမ်းရိုင်းတယ်… ငါလိုအိမ်နောက်စံမင်းသားချောလေးကို မလေးမစားနဲ့ ငါလုပ်ရင်နာတော့မယ်။”
“အောင်မာ အရူးကများလာလာချည်သေး… မင်းသတ္တိရှိရင် လာ ငါနဲ့နပန်းချမယ်။”
အရူးက စလွယ်သိုင်းထားသော လွယ်အိတ်ကိုချွတ်ကာ ယောဂီပုဆိုးစုတ်ကို ခါးတောင်းကျိုက်၍…
“တော်တော်နပန်းချချင်တဲ့ကောင် ငါလာပြီ။”
အရူးကအော်ဟစ်ပြီး ကျားခနဲခုန်ကာ တစ္ဆေနှင့် နပန်းလုံးလေတော့သည်။ သာမန်သူများက အရူးတစ်ယောက်တည်း ဟိုဘက်တိုးလိုက် ဒီဘက်တိုးလိုက်နှင့် မြေကြီးပေါ် လူးလှိမ့်နေတာသာ မြင်ရသော်လည်း အရူးက တစ္ဆေနှင့် နပန်းလုံးနေမှန်းသိကာ အားပေးနေကြ၏။
“အရူး!!! အရူး!!”
“ဟာ ကိုလေးမောင် အဲဒီလိုအားမပေးနဲ့လေ။”
“သူ့နာမည်မှ ငါမသိတာဟ။”
“သူ့ကိုယ်သူ အိမ်နောက်စံမင်းသားချောလို့ပြောပြောနေတာမကြားဘူးလား.. အဲဒီလိုအော်ပြီးအားပေးရမှာ။”
“အေးဒါဆိုလည်းအော်ကွာ.. အိမ်နောက်စံမင်းသားချောလေးကွချထား။”
“မင်းသားရေ အဲဒီတစ္ဆေကို ကိုင်ပေါက်ပါဗျို့။”
“အိမ်နောက်စံကိုယ်တော်လေး နိုင်အောင်ချဗျို့။”
ရွာသူရွာသားတွေက လက်ခုပ်တီး အော်ဟစ်အားပေးနေသံကြောင့်ပေလားမသိ၊ အရူးက တစ္ဆေနှင့်အားပြိုင်တွန်းနေရင်း ဘယ်ဘက်ကိုဆွဲလှည့်လိုက်တာ တစ္ဆေကမြေကြီးပေါ်ပက်လက်လန်သွား၏။ ထိုအခါ အရူးက အပေါ်ကနေ တက်ခွ၍ လက်နှစ်ဖက်ကို ဒူးနှင့်ထောက်ထားပြီး တစ္ဆေကိုထိုးလေ၏။ ထိုးနေရင်းလည်း ပါးစပ်ကနေ…
“မင်းလာကွတစ္ဆေ… ဟမ်… မင်းလားကွနပန်းသမားတစ္ဆေအေးကျော်.. မင်းလားကွတစ္ဆေ။”
တစ္ဆေခမျှ အရူးခန္ဓာကိုယ်နှင့် ထိမိတာပူသည့်အပြင် အရူးတစ်ချက်ထိုးတိုင်း မျက်လုံးထဲမီးပါပွင့်နေသလို ခံစားနေရ၏။ အစပိုင်းတင်းခံထားပြီး ပြန်ကုန်းရုန်းထဖို့ ကြိုးစားသော်လည်း အချည်းအနှီးသာ။ အရူးအတော်ကိုသန်မာနေပြီး ပညာသည်ဖြစ်တာကြောင့် သူမစွမ်းသာပေ။ နောက်ဆုံး တစ္ဆေ့ခမျှ အရှုံးပေးရလေပြီ။
“တော်.. တော်ပါတော့ ဆရာရယ်.. ကျုပ်အရှုံးပေးပါပြီ…အတော်လေးလည်းနာနေသလို ဆီပူထဲအေြကာ်ခံရတာထက် ပူလှပြီ ဖယ်ပေးပါတော့ဗျာ … ကျုပ်တောင်းပန်ပါတယ်။”
“အေးဒါဆို မင်းဘယ်သူ့ကိုမှဒုက္ခမပေးပဲ ရွာကထွက်သွားမှာလား…။”
“ဒီရွာကနေ လွတ်ရာကျွတ်ရာကိုသွားပါ့မယ်ဗျာ… ထပ်ပြီးဒုက္ခလည်းမပေးတော့ပါဘူး.. လွှတ်ပေးပါတော့။”
ထိုအခါ အရူးက တစ္ဆေ့အပေါ်ကဖယ်ပေးလိုက်တာနှင့် တစ္ဆေ့ခမျှ ရွာအနောက်ဘက်ကို တချိုးတည်းပြေးထွက်သွားလေ၏။ အရူးက ခါးတောင်းကျိုက်ထားတာပြန်ဖြည်ပြီး သဲဖုန်ခါကာလွယ်အိတ်ကိုပြန်လွယ်ချိန် ရွာသူရွာသားများက သူ၏နားသို့ ဝိုင်းလာကြ၏။
“အရူး.. ဟိုနပန်းသမားတစ္ဆေကိုနှင်ပြီးပြီလား။”
“ကျွန်တော့်ကိုကြောက်လို့ပြေးပြီဟီးဟီးဟီး… ကျွန်ေတာ့်လိုအိမ်ေနာက်စံမင်းသားချောလေးကို ဒီကောင်တွေယှဉ်နိုင်ရိုးလား ဟဲဟဲဟဲ။”
“တော်လိုက်တာဗျာ ကျုပ်အိမ်လိုက်ခဲ့ ထမင်းကျွေးမယ်။”
“ဟာ သူ့အိမ်မလိုက်နဲ့ ကျုပ်အိမ်လိုက်ခဲ့အရူး ကျုပ်မုန့်တွေအများကြီးလုပ်ကျွေးမယ်။”
“အို… အဲဒီကောင်တွေနောက်မလိုက်နဲ့ ကျွန်မနောက်လိုက်ခဲ့။”
“နေပါအုံးကြီးတော်ရယ်.. အရူး နင်ဗေဒင်ဟောတတ်ရင် ငါတို့ကိုဟောပေးစမ်းပါ။”
“ဟုတ်တယ် ငါတို့ကိုလည်းကြည့်ပေးစမ်းပါ။”
ဝိုင်းအုံ၍ တစ်ယောက်တစ်ပေါက်ပြောဆိုနေကြသော သူများကြောင့်အမြဲပြုံးပျော်နေတတ်သော အရူးတစ်ယောက် စိတ်ညစ်ချေပြီ။ သို့ပေမဲ့သူပြောလိုက်တဲ့စကားက..
“ဒီအရူးတွေနဲ့တော့ အိမ်နောက်စံမင်းသားချောလေးကျွန်တော် ရာဇဣန္ဒြေမဲ့နေရပြီ.. မဖြစ်သေးဘူး.. နောက်ကျတဲ့ခြေထောက်သစ္စာဖောက်။”ဟု အော်ပြီး အရူးက ထွက်ပြေးလေတော့သတည်း။
~~~~
ပြီးပါပြီ။
နောင်တစ်ပိုင်း၌ သူရနှင့် နံနက်ခင်းအသုဘ စာမူအား တင်ဆက်ပြသပါမည်။
တတ်သည့်ပညာတိုင်းအား ကောင်းတာလုပ်ပါမူ…
ကောင်းသည့်ပညာသာဖြစ်၏။
တတ်သည့်ပညာတိုင်းအား မကောင်းတာလုပ်ပါမူ…
မကောင်းသည့်ပညာသာဖြစ်၏။
အဖြူနဲ့အမဲဟာ ဒွန်တွဲနေ၏။
(ဆက်လက်ကြိုးစားပါအုံးမည်)
#မိုးထွန်း(မကွေး)
Leave a Reply