ကဝေရာဇာ

ယဥ်းတော့မယ်ဆိုရင်
ဒီကဝေကြီးကဒီထက်တောင်ပိုဆိုးလာနိုင်တယ်နော်ဆရာကြီး…”

လို့ကျုပ်ကပြောတော့ဆရာကြီးကခေါင်းညိတ်ပြီး…

“အေး…အဲ့တာကြောင့်ပဲ အထက်ကနေပြီး
ကျုပ်ကို ဒီကဝေကောင်ကိုသွားရှင်းခိုင်းတာပေါ့ကွယ်…
နောက်ပြီး…ဒီတစ်ခေါက်ခရီးမှာ ကျုပ်တို့ဆရာတပည့်…
ရွှေဥဒေါင်း ရွာက ထွန်းကြိုင်ကိုလည်း
သွားခေါ်ရလိမ့်မယ်ကွဲ့…”

“ဗျာ…ဦးထွန်းကြိုင်…ဦးထွန်းကြိုင်ကလည်း
ဆရာကြီးလိုပုဂ္ဂိုလ်ပဲလားဗျ…”

ကျုပ်ကလည်းနာမည်ကြားလိုက်တာနဲ့
သိချင်စိတ်ကမနေနိုင်တော့မေးမိပြန်တယ်ဗျ။
ဆရာကြီးကလည်းခေါင်းညိတ်တယ်…

“ထွန်းကြိုင်ဆိုတာ ကျုပ်နဲ့ညီအစ်ကိုလ်ိုနေလာတဲ့သူကွဲ့…
ထွန်းကြိုင်ကအတော်ထူးတဲ့ကောင် ငါ့တပည့်ရဲ့…”

“အတော်ထူးတာဆိုတော့…ဘာများထူးတာလဲဗျ”

“အေး…နောက်လည်းသိမယ့်အတူတူ…
ကျုပ်ပြောပြထားရမှာပေါ့ကွယ်…
ဒီလိုကွဲ့…ထွန်းကြိုင်အမေက သာမာန်တောသူလေးတစ်​ယောက်ဆိုပေမယ့် ထွန်းကြိုင်အဖေကတော့
အတော်ဆိုးတဲ့ကဝေကြီးတစ်ကောင်ပဲ…”

ဆိုပြီးဆရာကြီးက ကျုပ်ကိုအခုလိုပြောလာတယ်ဗျ…

ရွှေဥဒေါင်းရွာလေးက အတော်အေးချမ်းတဲ့
ရွာလေးတစ်ရွာဖြစ်တယ်…။
တောရွာလေးဖြစ်တာကြောင့် တောင်ယာလုပ်ကိုင်၍သာ
အသက်မွေးဝမ်းကြောင်းပြုကြ၏။
ထိုသို့အေးချမ်းတဲ့ရွာလေး၌…

“သူကြီး…ကျုပ်တို့ကဆေးဆရာတွေပါ…
ဒီရွာမှာဆေးရောင်းချင်လို့နှစ်ရက်၊သုံးရက်လောက်
တည်းခိုခွင့်ပြုပါခင်ဗျာ…”

ဆိုပြီး ရွှေဥဒေါင်းရွာ၏သူကြီးဦးမြိုင်အိမ်၌ဧည့်သည်နှစ်ယောက်ရောက်လာခဲ့သည်။
ထိုဧည့်သည်နှစ်ယောက်ကသူကြီးကို အကျိုးအကြောင်းပြောကာတည်းခိုခွင့်တောင်းကြ၏။
ရုပ်ရည်အသင့်အတင့်ရှိသော လူကြီးနှင့်အသားမည်းမည်း
လူကပိန်ညှပ်ညှပ်ရှိသော ထိုနှစ်ဦးက
ဧည့်သည်တွေဖြစ်ကြသည်။
ရုပ်ရည်အသင့်အတင့်ရှိသောလူကြီးသည်အသက်အားဖြင့်
ငါးဆယ်နီးပါးမျှရှိပြီးဝတ်စားထားတာကအတော်လေး
သန့်ပျံ့လွန်းနေ၏။
သူကြီးဦးမြိုင်ကလည်းလူစိမ်းတွေမလို့တည်းခိုခွင့်ကို
ပေးရမှာအင်တင်တင်ဖြစ်လို့နေခဲ့သည်။
ထိုအခါ အသက်ငါးဆယ်အရွယ်လူကြီးက
သူကြီးဦးမြိုင်၏ပုခုံးကိုသူ့လက်ဖြင့်တစ်ချက်ပုတ်၍…

“ခွင့်ပြုမယ်မဟုတ်လားသူကြီး…”

ဟုမေးလေတော့ သူကြီးဦးမြိုင်သည်.ချက်ချင်းဆိုသလို
ခေါင်းကိုညိတ်၍…

“ကျုပ်ခွင့်ပြုပါတယ်….”

ဟုပြောလေသည်။

“ကျုပ်နာမည်ကဘထွန်း…ဆရာဘထွန်းလို့ခေါ်ပေါ့ဗျာ…
ဟားးး….ဟားးးးး…ဟားးးးး…ဟားးးး…ဟားးးး…ဟားးးး”

ဟု…ဘထွန်းကပြောရင်းရယ်မောဟားတိုက်သည်။
အမှန်မှာဘထွန်းသည်အလွန်ဆိုးသွမ်းသောကဝေကြီးတစ်ကောင်ဖြစ်၏။
ပညာထက်လွန်းပြီး သူ့ကြောင့်ဘဝပျက်၍
သေကျေရသူများကလည်းမနည်းမနောပင်။
ယခုလည်းရွှေဥဒေါင်းရွာရဲသူကြီးဖြစ်သူဦးမြိုင်၏
အိမ်သူ၊အိမ်သားများအိမ်၌မရှိချိန် သူ၏ပညာဖြင့်
ညို့ယူထားလိုက်ပြီဖြစ်သည်။
ထိုကြောင့်သူကြီးရဲ့အိမ်ဦးခန်းဟာ
သူတို့အတွက်ဖြစ်လာခဲ့တော့သည်။

“ဟဲ့…သူကြီးအိမ်မှာဆေးဆရာကြီးတစ်ယောက်ရောက်နေတယ်တဲ့…အတော်လေးလည်းစွမ်းတယ်ဆိုပဲ…”

“ဟုတ်ကောဟုတ်လို့လားအေ…”

“အမယ်လေး…သူကြီးကိုယ်တိုင်​ပြောတာ…
ကျုပ်ပြောတာတောင်နောက်ကျနေသေး…
ရွာမြောက်ပိုင်းကလူတွေဆိုသူကြီးအိမ်မှာအဝင်အထွက်ကိုမပြတ်ကြဘူး…”

“ဟယ်…ဒါဆိုရင်ငါတို့လည်းသွားဦးမှ…”

ရွာသူ၊ရွာသားတို့၏ပါးစပ်ဖျား၌ ဆရာကြီးဘထွန်း ဆိုပြီး
နာမည်ကြီးနေခဲ့သည်။
လူမမာများကလည်း ဆရာကြီးဘထွန်းနဲ့ပဲပြမယ်ဟု​
တောင်းဆိုကြလွန်း၍ ရွာရှိဆေးဆရာများပင်ငုပ်တုပ်ထိုင်ကာ
ကြည့်နေကြရ၏။
ထိုသို့ ရွှေဥဒေါင်းရွာအား သွန်လိုသွန်မှောက်လိုမှောက်
လုပ်နိုင်လာသော ဘထွန်းသည် ရွာရှိမိန်းမပျိုလေးများ
ကိုလည်းသူ၏ပညာဖြင့်ညို့ယူပြီးခိုးယူပေါင်းသင်းခဲ့သည်။
ဘထွန်တို့ဆရာတပည့်သည်ရွှေဥဒေါင်းရွာ၌
စိတ်တိုင်းကျနေထိုင်ပြီးလေမှ
​ခြေရာဖျောက်၍ထွက်သွားခဲ့တော့သည်။

ဆရာကြီးကျုပ်ကိုပြောပြလို့ ကဝေကြီးဘထွန်းရဲ့
အကြောင်းကိုကျုပ်သိခဲ့ရတယ်ဗျ။

“ဆရာကြီးဒီကဝေကြီးကအဲ့သည်လိုထွက်သွားတော့
ရွာကလူတွေဘယ့်နဲ့ကျန်ခဲ့ကြတာလဲဗျ”

လို့ကျုပ်မေးတော့…

“ရွှေဥဒေါင်းရွာကဘုရား၊တရားအားနည်းကြတယ်ကွဲ့…
ဒါကြောင့်လည်း ကဝေဘထွန်းကအလွယ်တကူပဲ
တစ်ရွာလုံးကို​မွှေနိုင်ခဲ့တာပေါ့…
ကဝေဘထွန်းရွာကထွက်သွားတဲ့အချိန်…
သူကြီးကအစငူငူငိုင်ငိုင်ကြီးကျန်ခဲ့တာငါ့တပည့်ရ…
ကဝေဘထွန်းကုပေးခဲ့တဲ့လူနာတွေဆိုတာ မသက်သာတဲ့အပြင်
ပိုပြီးဆိုးလာခဲ့ကြတယ်…
မိန်းမပျိုတွေဆိုငိုလိုက်ကြ၊ရယ်လိုက်ကြ…မူမမှန်တာနဲ့
ရွာကျောင်းကဆရာတော်ကြီးကိုယ်တိုင်
တစ်ရွာလုံးကိုပုရိတ်ရေတွေတိုက်…
ဆရာတွေပင့်နဲ့ဦးဆောင်ပြီးကုပေးခဲ့ရတာ…
အဲ့သည်တော့မှသက်သာလာတာပဲငါ့တပည့်ရ…”

“အတော်ဆိုးတဲ့ကဝေပဲဗျ…”

“ဆိုးတာပေါ့ကွာ…
ဒင်းအတွက်ကလည်းဒီလိုပညာသုံးရတာ
အတော်လွယ်ကူတာပေါ့…”

“ဒါဆို…ဆရာကြီးပြောတဲ့ ဦးထွန်းကြိုင်ကရော…
ဘယ်လိုမျိုးလဲဆရာကြီး”

“အေး…ဘထွန်းရွာကထွက်သွားတော့
ထွန်းကြိုင်အမေမှာ ဘထွန်းနဲ့ရတဲ့ကိုယ်ဝန်ကျန်နေခဲ့တယ်ကွဲ့…
ကျန်တဲ့မိန်းကလေးတွေကတော့ ထွန်း​ကြိုင်အမေလို
ကိုယ်ဝန်မရှိခဲ့ကြဘူးလေ…
ဒါကိုလည်း ကဝေဘထွန်းတစ်​ယောက် မသိခဲ့ဘူး…
ဖအေက အောက်လမ်းကဝေကောင်ကြီးဆိုတော့
ထွန်းကြိုင်အမေနဲ့အဘိုးအဘွားတွေက
ထွန်းကြိုင်ကိုမုန်းခဲ့ကြတာပေါ့လေ…
ကိုယ်ဝန်ကိုလည်းဖျက်ချပစ်ဖို့အကြိမ်ကြိမ်ကြိုးစား
ကြတယ်ကွဲ့…ဒါပေမယ့် ထွန်းကြိုင်ရဲ့ကံကလည်း
အတော်ကောင်းတာငါ့တပည့်ရ…သူတို့ဘယ်လိုမှ
ဖျက်ချလို့မရခဲ့ဘူးလေ…အချိန်တန်တော့လည်းထွန်းကြိုင်ကို
မွေးခဲ့ရတာပေါ့…အဲ့သည်လိုထွန်းကြိုင်ကိုမွေးပြီး
မျက်နှာလေးမြင်မှ ထွန်းကြိုင်အမေနဲ့အဘိုးအဘွားတွေက
ထွန်းကြိုင်အပေါ်မေတ္တာရှိလာခဲ့ကြတာ…
ထွန်းကြိုင်ကလည်းအရွယ်ရောက်လာတော့
မိဘအပေါ်သိတတ်တဲ့…လူတော်၊လူကောင်းလေးတစ်ယောက်ဖြစ်လာခဲ့တော့…သူ့အဖေဘယ်သူဆိုတာကိုမေ့ပြီး
ထွန်းကြိုင်မှထွန်းကြိုင်ဖြစ်လာခဲ့တော့တာပဲငါ့တပည့်ရာ…”

လို့ဆရာကြီးကပြောပြတော့ ကျုပ်ဖြင့်ဦးထွန်းကြိုင်အပေါ်
သနားစိတ်တောင်ဝင်မိပါတယ်ဗျာ…။
ကျုပ်အဲ့လိုတွေးနေတုန်းဆရာကြီးက…

“ဒါပေမယ့် ထွန်းကြိုင်က မွေးကတည်းက
အဖေဖြစ်သူရဲ့အမွေကိုရထားသေးတာ…
အဲ့တာဘာလဲဆိုတော့ မသင်ပဲတတ်တဲ့မွေးရာပါ
ကဝေအတတ်ကိုရထားတာပဲကွဲ့…
လမ်းမှားရောက်မှာဆိုးလို့ရွာဦးကျောင်းဆရာတော်ကြီးက
ထွန်းကြိုင်ကိုအနီးကပ်သေချာလေးဆုံးမသွန်သင်ခဲ့ရတာ…
ငယ်စိတ်ရှိတုန်းကတော့ ရွယ်တူချင်းတစ်ခုခုဆို
ထွန်းကြိုင်လက်ချက်ဆိုတာတစ်ရွာလုံးသိကြတာပေါ့…
နောက်ကြီးလာတော့ ထွန်းကြိုင်ကသူတတ်သမျှပညာနဲ့
တခြားသူတွေကိုကူညီလာရင်း…ကျုပ်တို့နဲ့ဆုံတာပေါ့ကွယ်…
သူ့ပညာကလည်းအတော်လေးထက်တယ်
ငါ့တပည့်ရ…မောင်ရင်တွေ့ရင်မြင်ပါလိမ့်မယ်….”

လို့ပြောပြန်တော့ကျုပ်ဖြင့် ဆရာထွန်း​ကြိုင်ကို
တွေ့ချင်စိတ်တောင်ပိုလာတယ်ဗျ။
နောက်တစ်ရက်ရောက်တော့ ကျုပ်တို့ဆရာတပည့်လည်း
ရွှေဥဒေါင်းရွာဆီကိုခရီးဆက်ခဲ့ကြတယ်…။
ဒီလိုနဲ့ပဲရွှေဥဒေါင်းရွာကိုရောက်လာခဲ့ကြတယ်ဗျ…။
ဆရာကြီးကတော့ ဆရာထွန်းကြိုင်တို့ရွာကို
ရောက်ဖူးပုံရတယ်ဗျ…
ရွာသားတွေကဆရာကြီးကိုမြင်တာနဲ့
ဝမ်းသာအားရကြိုဆိုကြတယ်…။
ဆရာထွန်းကြိုင်တို့အိမ်ဆီကိုလည်းအတူတူ
လိုက်လာကြပြန်တယ်ဗျ။

“ဟာ…ဆရာကျော့…ရောက်ချလာတာပဲ…
ကျုပ်ထင်တော့ထင်မိသားဗျ…
ကျုပ်အာရုံမှာခင်ဗျားကိုမြင်ကတည်းကတစ်ခုခုတော့
ထူးတော့မယ်ဆိုတာကြိုသိနေတယ်…”

လို့…အသက်ငါးဆယ်နီးနီးရှိသည့် အရပ်ရှည်ရှည်
အသားညိုညိုနဲ့ဦးလေးကြီးကဆရာကြီးကို
မြင်တော့ပြောလိုက်တာဗျ။
ဆရာကြီးကလည်း အဲ့သည်ဦးလေးကြီးကို
ပြုံးပြုံးကြီးကြည့်ရင်းနဲ့…

“ကြိုသိနေရင်ကြိုပြီး ပြင်ဆင်ထားပေါ့
မောင်ထွန်းကြိုင်ရယ်…
ကျုပ်လည်းကိစ္စအရေးကြီးလို့ မောင်ထွန်းကြိုင်ဆီကို
အပြေးလာခဲ့ရတာပဲကွဲ့…”

“ကြည့်ရတာ…အထက်က အမိန့်ပေးလိုက်ပြီထင်ပါ့ဗျာ…”

“ဟုတ်ပကွယ်…”

ဆရာကြီးနဲ့စကား​ပြောမှအဲ့သည်ဦးလေးကြီးက
ဆရာထွန်းကြိုင်ဆိုတာကျုပ်သိခဲ့ရတယ်ဗျ။
ဆရာထွန်းကြိုင်နဲ့ဆရာကြီးကအိမ်ဝိုင်းထဲမှာပဲမတ်တပ်ရပ်ပြီး
စကားပြောနေကြတာဗျ။
ကျုပ်ကတော့ဆရာကြီးအ​နောက်မှာရပ်နေခဲ့တာပေါ့ဗျာ။
အဲ့သည်လိုစကားပြောနေကြရင်း ဆရာထွန်းကြိုင်က
ကျုပ်ကိုကြည့်ပြီး…

“ဆရာကျော့က တပည့်တွေဘာတွေနဲ့ပါလား…
တယ်လည်းစွမ်းသကိုးဗျ…”

လို့ပြောတော့ဆရာကြီးက…

“အေးကွဲ့…ကျုပ်သားတပည့်ပါပဲ…
လုလင်လို့ခေါ်တယ်…
လုလင်…ဟောသည်ကပုဂ္ဂိုလ်ကမောင်ရင်သိပ်တွေ့ချင်နေတဲ့
ထွန်းကြိုင်ဆိုတာပဲလေ…”

ကျုပ်နဲ့ဆရာထွန်းကြိုင်ကိုမိတ်ဆက်ပေး​တော့
ကျုပ်လည်းခေါင်းကိုညိတ်ပြီး…

“ဟုတ်ကဲ့ဆရာကြီး” လို့ပြောရတာပေါ့ဗျာ။

ဆရာထွန်းကြိုင်ကတော့ကျုပ်ကိုပြုံးပြုံးကြီး
စိုက်ကြည့်နေတာ…။
ပြီးတော့မှ…

“ကဲ…ဆရာကျော့…လာဗျာ…
အိမ်ထဲဝင်ကြရအောင်…
ကောင်လေးလည်းလိုက်ခဲ့ကွ…”

“ဟုတ်ကဲ့ဦးကြီး…”

ဆရာထွန်းကြိုင်က ကျုပ်တို့ကို
သူ့အိမ်ဆီခေါ်သွားတယ်ဗျ။
ဆရာထွန်းကြိုင်အိမ်မှာအိမ်သူ၊အိမ်သားတွေလည်း
မမြင်မိဘူး။ဒါပေမယ့်…အိမ်လေးကတော့
သပ်သပ်ရပ်ရပ်လေးနဲ့နေချင်စရာလေးပဲဗျ။

“ထိုင်ကြဗျာ…ကဲဆိုစမ်းပါဦးဆရာကျော့ရဲ့…
အရေးတကြီးလာရတာဘာကိစ္စများလဲ…”

ဆရာကြီးကိုရေနွေးကြမ်းငှဲ့ပေးရင်း
ဦးထွန်းကြိုင်ကမေးတယ်ဗျ။
ဆရာကြီးကလည်း ဦးထွန်းကြိုင်ကို…

“ကျုပ်တို့ရဲ့ဒီတစ်ခေါက် ခရီးစဥ်က…
အတော်လေးဆိုးသွမ်းပြီးတော့…အတော်လေးလည်း
ပညာမြှင့်တဲ့ကဝေတစ်ကောင်ကို
ရှင်းလင်းပစ်ဖို့ပဲကွဲ့….”

“အတော်လေးဆိုးသွမ်းပြီး…အတော်လေးလည်း
ပညာမြှင့်တယ်ဆိုတော့ ဒီကဝေက
သက်တမ်းတော့နည်းပုံမရဘူးနော်…”

“အေး…ကျုပ်လည်းအဲ့တာကိုပဲပြောချင်တာ…
ဒီကဝေရဲ့သက်တမ်းက သုံးရာလောက်ရှိနေပြီကွဲ့….”

“သြော်ဒါနဲ့ဒင်းရဲ့နာမည်ကိုရောသိသလားဗျ”

“ဒင်းကသူ့ကိုယ်သူ ကဝေရာဇာလို့မှည့်ခေါ်သတဲ့…
ကျုပ်ကတော့ဒင်းကြောင့်ဒုက္ခရောက်ခဲ့တဲ့လူတွေကို
တွေးမိရင် ဒင်းကိုအပြတ်ရှင်းပစ်ချင်မိတယ်ကွယ်…
ဒါကြောင့် အထက်ပုဂ္ဂိုလ်ကြီးများအမိန့်နဲ့အတူ
ကဝေရာဇာဆိုတဲ့ကောင်ကိုငရဲကိုအရောက်ပို့ပစ်မယ်လို့တွေးထားတယ်…အဲ့တာကြောင့် မောင်ထွန်းကြိုင်
ကျုပ်နဲ့အတူတူလိုက်ခဲ့ပေးနိုင်တယ်မဟုတ်လား”

လို့ဆရာကြီးက ကဝေရာဇာကြီးကိုကျိန်းဝါးရင်း
ဆရာထွန်းကြိုင်ကိုမေးတော့ဆရာထွန်းကြိုင်က
ခေါင်းကိုဖြေးဖြေးလေးညိတ်ရင်း…

“ကျုပ်လိုက်ခဲ့မှာပေါ့ဆရာကျော့ရယ်…
လူတွေကိုကောင်းကျိူးမပေးတဲ့သူသာ
သက်ဆိုးရှည်နေမယ်ဆိုရင် ကျုပ်တို့တွေပဲ
ပိုပြီး ဒုက္ခများလာကြမှာ…
သြော်…ဒါနဲ့ကျုပ်လည်း ကဝေဘထွန်းရဲ့
အကြောင်းကို စုံစမ်းလို့ရထားတယ်ဗျ”

ဆရာထွန်းကြိုင်က ကဝေဘထွန်းအကြောင်းကိုပြောလာတော့
ကျုပ်မျက်လုံးပြူးသွားတာပေါ့ဗျာ…။
ကဝေဘထွန်းဆိုတာတခြားသူမှမဟုတ်တာ
ဆရာထွန်းကြိုင်တို့တစ်ရွာလုံးကိုမွှေပြီး
ဆရာထွန်းကြိုင်အမေရဲ့ဘဝကိုအရယူခဲ့တဲ့
ဆရာထွန်းကြိုင်ရဲ့အဖေ ကဝေဆိုးကြီးလေဗျာ…။

ဆရာကြီးကတော့ ဆရာထွန်းကြိုင်ပြောမှာကို
စောင့်နားထောင်နေတယ်ဗျ။
ကျုပ်ကလည်းသိချင်စိတ်တွေတဖွားဖွားဖြစ်နေတာပေါ့ဗျာ…။

“ကဝေဘထွန်းကို လွန်ခဲ့တဲ့ဆယ်နှစ်လောက်က
တောင်ပေါ်ဒေသမှာပဲ…အထက်ဆရာကြီးတစ်ယောက်က
ရှင်းလင်းပစ်ခဲ့တာလို့သိရတယ်ဗျ…
ကျုပ်ကတော့ကိုယ်တိုင်လက်စားမချေနိုင်လိုက်တာကိုပဲ
ရင်နာမိပါတယ်ဗျာ….”

ဆိုပြီးပြောလာတယ်ဗျ။
အဲ့သည်လိုပြောမှဆရာထွန်းကြိုင်ရဲ့စိတ်ကို
ကျုပ်သိခဲ့ရတယ်။
ဆရာထွန်းကြိုင်ကအဖေဖြစ်တဲ့ကဝေကြီးကို
ချစ်လို့၊ခင်လို့ ရှာဖွေနေတာမဟုတ်ဘဲ
အမေဖြစ်သူအတွက်လက်စားချေဖို့အခုထက်ထိ
လိုက်ရှာနေခဲ့တာပဲဗျ…။
လွန်ခဲ့တဲ့ဆယ်နှစ်ဆိုတော့ ဒီကဝေကြီးဘထွန်းလည်း
အတော်အိုမင်းနေလောက်ပါပြီဗျာ…။

အဲ့သည်လိုစကားတွေ​ပြောရင်း ဆရာထွန်းကြိုင်အိမ်မှာ
ကျူပ်တို့တစ်ညအိပ်လိုက်တယ်ဗျ။
နောက်တစ်နေ့ရောက်မှ ခရီးထွက်ဖို့
ဆရာထွန်းကြိုင်ကပြင်ဆင်တာပေါ့ဗျာ…။
ကျုပ်တို့ရွှေဥဒေါင်းရွာကထွက်လာတော့…

“ဦးကြီး..တမျိုးတော့မထင်ပါနဲ့…
ဦးကြီးမှာမိသားစုမရှိဘူးလားဗျ”

လို့ကျုပ်ကစပ်စုမိတော့ ဆရာထွန်းကြိုင်က ကျုပ်ကိုမျက်နှာထားတည်တည်ကြီးနဲ့စိုက်ကြည့်တယ်ဗျ။
ကျုပ်ဖြင့်သူ့အကြည့်ကြီးကိုမြင်တော့
ခေါင်းကဆံပင်တွေတောင် ထောင်သွားတယ်လို့
ခံစားမိတယ်ဗျ။
ကျုပ်အဖြစ်ကိုကြည့်ပြီး ဆရာထွန်းကြိုင်က
သဘောကျပြီးရယ်ပြန်တယ်ဗျ။
ရယ်လို့ဝတော့မှ…

“ကျုပ်ကတစ်ကိုယ်ထဲနေတဲ့လူပျိူကြီးပါကွယ်…”

လို့ဖြေတယ်။ ဆက်ပြီးတော့လည်း…

“လုလင်…မောင်ရင်ကအတော်ရိုးသားပွင့်လင်းတဲ့ကောင်ပဲကွ…
မောင်ရင်လိုလူမျိုးကို ကျုပ်သဘောကျတယ်…”

ဆိုပြီးပြောလာတော့ဘယ်ပြောကောင်းမလဲဗျာ…
ကျုပ်ဖြင့်ပါးစပ်ကနားရွက်ကိုတက်ချိတ်မတတ်ပြုံးမိတာပေါ့။

“ဒါနဲ့မောင်ရင်…သတ္တိတော့ရှိပါတယ်နော်…”

ဆိုပြီးထပ်​မေးတော့ကျုပ်အပြုံးတွေပျောက်သွားတယ်ဗျ။
ချက်ချင်းပဲ…

“ကျုပ်သတ္တိရှိပါတယ်ဦးကြီးရာ…
လုလင်ဆိုတဲ့ကျူပ်က ဆရာကြီးနဲ့သာဆိုရင်…
အချိန်မရွေး…နေရာမရွေး…လိုက်နိုင်တဲ့ကောင်ပါဗျ…
ကျုပ်က ဘာကိုမှမကြောက်တတ်ပါဘူးဗျာ…”

ဆိုပြီးပြောတော့…

“ကြိုက်ပြီကွာ…မင်းစိတ်ဓာတ်ကိုတော့
ငါသဘောကျသွားပြီဟေ့…”

ဆိုပြီး ဆရာထွန်း​ကြိုင်က ကျုပ်ပုခုံးကို
တစ်ချက်ပုတ်ပြီးပြောလာတယ်ဗျ။
အဲ့သည်လိုစကားပြောရင်းနဲ့ကျူပ်တို့လည်း
ခရီးဆက်လာခဲ့ကြတာ…တောတွေတောင်တွေပေါတဲ့
အရပ်ဆီကိုရောက်လာခဲ့ကြတယ်။

ဆက်ရန်။

ယဥ်မင်း(ကန့်ဘလူ)