အခန်းတစ်ခန်းယူပေးတယ်။
ကျုပ်အတွက်တော့ အဲဒီ့နှစ်ရက်ဟာ တော်တော်
ပျင်းရိစရာကောင်းပါတယ်။ တစ်ခါတစ်ရံတော့
ပင်လယ်ကြီးကို ကြည့်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့
လောကကြီးကို ကျောခိုင်းသွားတဲ့ ကျုပ်ဇနီးကို
သတိရမိတာပေါ့လေ။
ဒီလိုနဲ့ ပြန်ဖို့ အချိန်ရောက်လာတော့တာပေါ့။
သူတို့သမီးသုံးယောက်ဟာ ငါးခြောက်တွေ၊
ငါးကင်တွေ၊ ကဏန်းတွေ၊ ကင်းမွန်းတွေ၊
ပင်လယ်စာတွေကို အစိုတွေရော အခြောက်တွေပါ
အပြိုင်အဆိုင် ဝယ်တော့တာပဲ။ ရေခဲပုံးတွေနဲ့
ရေခဲရိုက်သယ်တာတွေလည်း ပါတာပေါ့။
ကျုပ်တို့လို ကိုယ်ပိုင်ကားနဲ့ ပြန်တဲ့လူတွေ
ဒုနဲဒေးပါ။ ဘယ်သူမှ အစိုတွေကို ရေခဲရိုက်
မသယ်ပါဘူး။ သူတို့သာ ကဲကဲသဲသဲဖြစ်နေကြတာ။
အဖေအမေကလည်း ပြောမနိုင်လို့ မပြောတော့ဘူး
ဆိုပြီး လွှတ်ထားလိုက်တဲ့ပုံပါပဲ။
ကားပေါ်မှာ အနံအသက်ပေါင်းစုံနဲ့ ဆိုတော့
အဲယားကွန်းလည်း ဖွင့်လို့ မရတော့ဘူး။
မှန်တံခါးတွေ ဖွင့်လို့ ရသမျှ အကုန်ဖွင့်ပြီး
မောင်းခဲ့ရတော့တယ်။ ချောင်းသာက ညနေစောင်း
ထွက်လာတာ။ ပုသိမ်ရောက်တော့ ညနေစာစားတယ်။
နာမည်ကြီးဆိုင်တစ်ဆိုင်ပါ။ မိုးချုပ်ခါနီးတော့
ဟင်းက မစုံတောဘူး။ ငါးနဲ့ အမဲသားရှိတော့တယ်။
ချောင်းသာမှာ ငါးတွေချည်း စားလာတာဆိုတော့
အမဲသား ဟင်းကိုပဲ အားလုံးရွေးလိုက်ကြတယ်။
မမှာခင် ကျုပ်ကို မေးပါသေးတယ်
“ကိုလှထွန်း အမဲသားစားရဲ့လားဗျ”
“စားပါတယ် ”
ဟုတ်တယ်လေ။ ကျုပ်က တစ်ဘဝလုံး ကားသမားဘဝနဲ့
နေလာတာ စားတာရယ်၊ မစားတာရယ်ခွဲခြားနေလို့
ရတာမှ မဟုတ်တာ။ ဒါပေမဲ့ အမဲသားကိုတော့
မစားဖြစ်တာ များတယ်။ ဘာရယ် မဟုတ်ဘူး။
တစ်ခြားရွေးချယ်စရာဆိုရင်တော့ အမဲသားကို
ရှောင်လိုက်တာများတယ်။ အားလုံးအမဲသားဟင်းနဲ့
မြိန်ရည်ရှက်ရည် စားလိုက်ကြတယ်။
ပြီးတော့ ခရီးဆက်ခဲ့ကြတယ်။ ကျုပ်ကတော့
လမ်းဆုံက ကွမ်းရာတွေ တစ်ထုပ်ကြီး ဝယ်လာခဲ့လိုက်တယ်
အလာခရီးတုန်းက အဲယားကွန်းဖွင့်ထားတော့ ကွမ်းဝါးလို့
မရခဲ့ဘူး။ ခံစားလိုက်ရတာဗျာ။ နေ့ခရီးဆိုတော့
သိပ်တော့ ပြဿနာမရှိဘူးပေါ့လေ။ ညခရီးသာ
ကွမ်းမစားရဘဲ မောင်းရင်တော့ တိုင်ပတ်ပြီဗျ။
ကံကောင်းချင်တော့ သူတို့ဝယ်လာတဲ့ ပင်လယ်စာ
အစိုအခြောက်အနံ့တွေကြောင့် တံခါးတွေ အကုန်
ဖွင့် မောင်းလာရတယ်လေ။ ကွမ်းကို အကြိုက်ဝါးပြီး
မောင်းလို့ရတာပေါ့။ ကဲ စဉ်းစားကြည့်ဗျာ။
ဟိုင်းဝေးညခရီးတစ်ခုကို ကွမ်းလေးတဝါးဝါးနဲ့
မောင်းရတဲ့အရသာ။ ဒါကို နှစ်သုံးဆယ်လောက်
ကားမောင်းစားဖူးတဲ့လူမှ သိတာ။
ဒီလိုနဲ့ မောင်းလာလိုက်တာ၊ ပန်းတနော်မြို့အထွက်နား
တစ်နေရာလည်းရောက်ရော ကားစက်သံက တစ်မျိုး
ဖြစ်လာရော ။ လီဗာကို ထိန်းနင်းပြီး ရသလောက်
မောင်းကြည့်လိုက်တယ်။
မရဘူး။ ရှေ့မှာ မဲကနဲ လူအုပ်စုတစ်စု
လမ်းဖြတ်ကူးသွားတယ် ထင်မိတယ်။
ဘရိတ်ကို ဆောင့်နင်းလိုက်တယ်။
လီဗာကို ပြန်နင်းတော့ ဝူးကနဲ တစ်ချက်မြည်ပြီး
ကားစက်ထိုးရပ်သွားတယ်။ ကားပေါ်က
လူတွေကတော့ ပင်ပန်းလွန်းလာတော့
အကုန်အိပ်ပျော်နေကြတယ်။
ကျုပ်လည်းကားစက်ကို တစ်ချက်ပြီးတစ်ချက်
နှိုးကြည့်တယ်။ မရဘူး။ လုံးဝကို မနိုးတာ။
ဆီလား၊ ဆီကလည်း အပြည့်ရှိတယ်။
ကောင်းပြီ။ ကျုပ်ကားအောက်ကို ဆင်းလိုက်တယ်။
အဲဒီ့အချိန်မှာ ကိုဘဆန်းလည်း နိုးလာပြီး
လက်နှိပ်ဓါတ်မီးတစ်လက်နဲ့ ဆင်းလာတယ်။
ကိုဘဆန်းဆိုတာ ကောင်မလေးတွေရဲ့အဖေ။
ကားပိုင်ရှင်။ ကျုပ်အလုပ်ရှင်ပေါ့။
မအေကြီးနဲ့ကျန်တဲ့ကလေးတွေကတော့
အိပ်နေကြတာ တုပ်တုပ်တောင် မလှုပ်ကြဘူး။
ဆောင်းဝင်စဆိုပေမယ့် ကွင်းပြင်ကြီးကို
ဖြတ်တိုက်လာတဲ့ လေတွေကြောင့်
ကျောထဲစိမ့်ကနဲ ဖြစ်သွားတယ်။ ကျုပ်စက်ဖုံးကို
စဖွင့်တယ်။ ကိုဘဆန်းက လက်နှိပ်ဓါတ်မီးနဲ့
ထိုးပြီး အင်ဂျင်အခန်းကို ပြတယ်။
ကျုပ်အကုန်စစ်ကြည့်တယ်။ အားလုံးအကောင်း။
ဘာတစ်ခုမှ မချို့ယွင်းဘူး။ စောစောက လမ်းဖြတ်ကူးတဲ့
လူစု ဘယ်နားရောက်သွားလည်းလို့ ဟိုဟိုဒီဒီ
လိုက်ကြည့်လိုက်တယ်။ လိုအပ်ရင် အကူအညီ
တောင်းရ အောင်ပေါ့။ မရှိဘူးဗျ။ ကားစက်ဖောက်
နေချိန်မှာ ကျုပ် အမြင်မှားလိုက်တာ ဖြစ်မှာပေါ့လေ။
“ပြစ်ချက်တော့ မတွေ့ဘူးဗျ ကိုဘဆန်း၊ လမ်းသွား
လမ်းလာ ကားတစ်စီး,စီးကို အကူအညီတောင်းပြီး
စက်ပြင်ဆရာ တစ်ယောက်လောက် ရှာခိုင်းရင်
ကောင်းမယ်၊ ကျုပ်က ဒီဘက်ပိုင်းကားတွေကို
အပြည့်အစုံ နားမလည်တော့ဘူးဗျ”
ကျုပ်ပြောတာကို ကိုဘဆန်းလည်း သဘောတူတယ်။
ဓါတ်မီးဖွင့်ထားပြီး လမ်းမှာလာတဲ့ကားတစ်စီးကို
တားဖို့ စောင့်တာပေါ့။ အဲဒီ့အချိန်မှာ ကျုပ်သတိထား
မိတာက ကားပေါ်ကအနံ့၊ ပင်လယ်စာတွေဆီကရတဲ့
အနံ့ကတော်တော်ပြင်းတာပဲ။
တချို့အစိမ်းသယ်လာတာတွေလည်း ရေခဲတွေ
ပျော်လို့ ပုတ်ကုန်ပြီထင်ရတယ်။ကျုပ်တို့ ကားတားနေတာ
တော်တော်ကြာသွားတယ်။ တစ်စီးမှ မလာဘူး။
ဓါတ်မီးတောင် အားကုန်စပြုလာတယ်။
အဲဒီ့အချိန်မှာပဲ ကားတစ်စီးမောင်းလာတယ်။
ကျုပ်တို့နှစ်ယောက်တားတယ်။
မရပ်ဘူး။ ကားနောက်ခန်းက လူတစ်ယောက်က
ကျုပ်တို့ကားကို လက်ညှိုးထိုးပြီး တစ်ခုခုကို
စူးစူးဝါးဝါး အော်ပြောသွားတာ ကြားလိုက်ရတယ်။
ဘာပြောတာလည်း ဆိုတာကိုတော့ သဲသဲကွဲကွဲ
မကြားလိုက်ရဘူး။ နောက်တစ်စီးကိုပဲ
စိတ်ရှည်လက်ရှည် ပြန်စောင့်ရတော့မှာလေ။
အချိန်ကလည်း ဆယ့်တစ်နာရီ ထိုးတော့မယ်။
နောက်မှာ ကျန်ခဲ့တဲ့ ပန်းတနော်မြို့ထဲပြန်သွားပြီး
အကူအညီ တောင်းဖို့ ဆိုတာလည်း မလွယ်ဘူး။
နယ်တွေမှာက ဒီအချိန်ဆို အားလုံးမီးမှိတ်ပြီး
အိပ်နေကြလောက်ပြီ။ ကျုပ်ကတော့ သွားဆိုလည်း
တစ်ယောက်တည်း သွားရဲပါတယ်။
ပြောပြီးပါရောလား။ အဲဒီ့အချိန်အထိ သရဲ တစ္ဆေ
ဆိုတာကို ယုံခဲ့တာ မဟုတ်ပါဘူးလို့၊ ကျုပ်တို့
ကားသမားလောကလောက် တစ္ဆေပုံပြင်တွေပေါတာ
ကျုပ်တို့ ကားသမားလောကပဲရှိတယ်။
တကယ့်တကယ် စစ်စစ်ပေါက်ပေါက် မေးရင်
လူပြောသူပြောလို ပြန်ပြောကြတာက များပါတယ်
အဲဒီ့လို ကားထပ်စောင့်နေတုန်း ကျုပ်တို့ကားထဲကနေ
“အူး …အူး …ဝူး …ဝူး ”
ဆိုတဲ့ အော်သံအကျယ်ကြီးထွက်လာတယ်။ ကျုပ်လည်း
ထိတ်ကနဲ လန့်သွားတယ်။ ဦးဘဆန်းကတော့ လက်နှိပ်
ဓါတ်မီးပါ လက်ထဲက ပြုတ်ကျသွားတယ်။ အော်သံက
အဆက်မပြတ် ထွက်နေတာ။ ကျုပ်လန့်သွားတယ်ဆိုတာ
စောစောကရိပ်ကနဲ မြင်လိုက်ရတဲ့ လူစုက ပုန်းနေရာက
ကားထဲကို ဝင်ပြီး မတော်မတရားများ လုပ်တာလားလို့
တွေးမိပြီးလန့်တာ။ ချက်ချင်းပဲ ကားတံခါးပွင့် လာပြီး
မအေကြီးရယ်၊ သမီးသုံးယောက်ရယ် အလုအယက်
ဆင်းလာကြတယ်။
လက်နှိပ်ဓါတ်မီး မီးရောင်အောက်မှာ မျက်နှာတွေ
ဆိုတာ ဆေးအဖြူ ဖြန်းထားသလား အောက်မေ့ရတယ်။
ဖြူဆွတ်လို့။ကားထဲကို လက်ညှိုးထိုးပြီး
တစ်ခုခုပြောဖို့ ကြိုးစားနေကြတယ်။ ကြောက်လွန်းအားကြီးနေလို့
ထင်ပါရဲ့။ ဘယ်သူဆီကမှ စကားသံထွက်မလာဘူး။
သူတို့ဆီကသာ စကားသံထွက်မလာတာ။ ကားထဲက
အသံဆိုးကြီးကတော့ ‘အူးအူးဝူးဝူး’နဲ့ ဆက်တိုက်ကြားနေရတယ်။
ကားထဲမှာ အိမ်အကူကောင်မလေးပဲ ကျန်ခဲ့တာ မဟုတ်လား။
ကျုပ်လည်း ကားနားကပ်ပြီး ကားထဲကို ကြည့်လိုက်တယ်။
ကောင်မလေးက ဇက်ကြီးတစ်စောင်း၊ ဆံပင်ဖာရိုဖာရဲနှင့်
ပါးစပ်မှာလည်း သားရည်တွေ စီးကျလို့။ ကားတံခါး
ဖွင့်ထားရင် လင်းနေတဲ့ မီးလုံးအရောင်အောက်မှာ
မြင်လိုက်ရတယ်။
အတွင်းတက် တက်နေတာဖြစ်မယ်လို့ ကျုပ်တွေးလိုက်မိတယ်
ဒါ တက်နေတဲ့လက္ခဏာပဲလေ။ ကျုပ်လည်း ခြေမတွေ
ဘာတွေချိုးပြီး တက်သလောက် မှတ်သလောက်
ကုသပေးမယ်ဆိုပြီး ကားထဲဝင်လိုက်တယ်။
ကောင်မလေးက ကျုပ်ကို မြင်တာနဲ့ ထိုင်ခုံကနေ
နောက်ကို ပက်လန်ကြီး လှန်ချလိုက်တယ်။
ကိုးရိုးကားရားပုံစံကြီးနဲ့ ။ လူတစ်ယောက်နောက်ပြန်ကြီး
အဲဒီလို နောက်ခန်းထဲ လှိမ့်ချဖို့ဆိုတာ လွယ်တာမှတ်လို့။
အဲဒီ့မှာတင် ကျုပ်လည်း နည်းနည်းတော့ ထူးတယ်လို့
တွေးလိုက်မိတယ်။ ကျုပ်လှမ်းကြည့်လိုက်တော့
ကောင်မလေးက ငါးတွေ ကဏန်းတွေ ရေခဲရိုက်လာတဲ့
ဖော့ပုံးကို ပါးစပ်နဲ့ရော လက်နဲ့ပါ ဖွင့်နေတာဗျို့။
ကျုပ်လည်း ဂုတ်ကို လှမ်းဆွဲလိုက်တယ်။ အောင်မလေးဗျာ။
ရေခဲတုံးကြီး ကိုင်လိုက်ရသလိုပဲ။ အေးစက်နေတာ။
ကျုပ်လည်း တော်တော်တော့ သန်တဲ့လူပဲ။
ဒါပေမယ့် ကောင်မလေးကို ကျုပ်အားနဲ့ဆွဲတာ
လုံးဝကို ပါမလာဘူးဗျာ။ အဲဒီ့မှာ ကားအပြင်က
လူသံသူသံတွေ ကြားလိုက်ရတယ်
အပြင်ကားတစ်စီးရောက်လာပြီး ထိုးရပ်လိုက်တာဗျ။
ဦးဘဆန်းနဲ့လည်း စကားတွေ ပြောနေကြတယ်။
ဟောဗျာ။ ကျုပ်ဂုတ်ဆွဲထားတဲ့ ကောင်မလေးက
ချက်ချင်းပျော့ခွေ ကျသွားတယ်။ သေများသွားတာလားလို့တောင်
တွေးလိုက်မိသေးတယ်။ ကောင်မလေးကို နောက်ခန်းထဲက
ဆွဲထုတ်ပြီး နောက်ဆုံးက ကူရှင်ပေါ် တင်ထားလိုက်တယ်
ကြည့်လိုက်တော့ အိပ်မောကျနေတာ တွေ့ရတယ်။
ထယောင်တာလည်း ဖြစ်နိုင်တာပဲလေ။ ကျုပ် ကားပေါ်က
ပြန်ဆင်းလိုက်တယ်။ ကျုပ်တို့ကားဘေး ထိုးရပ်လိုက်တော့
အုတ်သဲကျောက်တင်တဲ့ ကားကြီးဗျ။ ဦးဘဆန်းက
ကားဆွဲပြီး ပန်းတနော်ပြန်ပို့ ပေးဖို့ အကူအညီတောင်းနေတာ။
ကျုပ်လည်း ကူညီဖို့ ဝင်ပြောလိုက်တယ်။ ဆီဖိုးတစ်သောင်း
လည်း ပေးပါ့မယ်လို့ ပြောလိုက်တော့ ပိုအဆင်ပြေသွားကြတာပေါ့။
ကားပေါ်ပြန်တက်ကြတယ်။ အိမ်အကူကောင်မလေးကတော့
နှစ်နှစ်ချိုက်ချိုက်အိပ်လို့ ။ အားလုံးကလည်း ဒီကောင်မလေး
ထယောင်တယ်ပဲ တွေးကြတော့တာပေါ့။
နောက်ခန်းထဲက ရေခဲပုံးကို နောက်ပြန်လှန်ချပြီး
ဆင်းဖွင့်တာ သူတို့လည်း တွေ့မှမတွေ့လိုက်ကြတာကိုး။
ကားဆွဲဖို့ လုပ်ကြပြီ။ သူတို့ မနီလာကြိုး အတုတ်ကြီး
တစ်ချောင်းပါလာတာ ကံကောင်းတာပဲ။ ကျုပ်လည်း
သေသေချာချာ ကြိုးကိုချည်တယ်။ ကျုပ်တို့အားလုံး
ကားပေါ်ပြန်တက်ကြတယ်။ ကျုပ်လည်း စတီယာရင်ကို
သေသေချာချာ ကိုင်တယ်။ ဘရိတ်ပေါ်ခြေထောက်ချတယ်။
ကားဆွဲတယ်ဆိုတာလည်း နောက်ကမလိုက်တတ်ရင်
လွယ်တာ မဟုတ်ဘူး။ ကျုပ်အတွက်တော့ အေးဆေးပါ။
ကျုပ်တို့ကားမီး အုတ်သဲကျောက်ကားကြီးမီးတွေ
ထွန်းလိုက်တော့မှ ကျုပ်တို့ကားပျက်နေတဲ့
ခပ်လှမ်းလှမ်းက ညောင်ပင်ကြီးတစ်ပင်ကိုတွေ့မိတယ်
လမိုက်ညဆိုတော့ မှောင်မဲနေတာလေ။ ပတ်ဝန်းကျင်
ကတော့ ကွင်းပြင်ချည်းပဲ။ ကားကြီးမှာက ဒရိုင်ဘာနဲ့
အတူ စပယ်ရာတစ်ယောက်ပါသေးတယ်။
ကားကြီးစက်နိုးသံကြားလိုက်တော့ ကျုပ်ရင်ထဲ
တော်တော်ပေါ့ပါးသွားတယ်။ ဟုတ်တယ်လေ။
ကားသမားတစ်ယောက်အဖို့ စက်နိုးလိုက်တာနဲ့
ဝူးကနဲ ကောက်နိုးသွားတဲ့ ကားစက်သံလောက်
စိတ်ချမ်းမြေ့စေတဲ့ အသံမရှိဘူး။
ဆွဲပြီ။ ကြိုး တင်းကနဲ ဖြစ်သွားတာ ကျုပ်သိတယ်။
ဘရိတ်ကိုလွှတ်လိုက်တယ်။ အလိုက်သင့်ပါသွားဖို့
အသင့်ပဲ။ ရှေ့ကားကြီးက လီဗာနင်းသံ ကျယ်လာတယ်။
ကျုပ်တို့ ကားလေးကတော့ လုံးဝကို မရွေ့ဘူး။
ရှေ့ကားဆရာလည်း ခေါင်းစောင်းပြီး ကျုပ်ကို
အော်ပြောတယ်
“ဘရိတ်တွေ လွှတ်ထား”
“လွှတ်ထားတာပေါ့ကွ ”
ကျုပ်လည်း ပြန်အော်ပြောတယ်။ ဟုတ်တယ်လေ။
မနေ့တစ်နေ့ကမှ ကားမောင်းလာတဲ့ကောင်မှ မဟုတ်တာ။
ကားကြီးဆရာလည်း ဂီယာအကြီးနဲ့ကို ဆွဲတော့တာ။
မီးခိုးတွေတောင် အူလိုက်လာတယ်။ အင်ဂျင်သံဆိုတာလည်း
ကမ္ဘာပျက်မတက်ဘဲ။ အံ့သြဖို့ ကောင်းတာက ကျုပ်တို့
ကားက လုံးဝကို မရွေ့ဘူး။ နည်းနည်းလေးတောင် မရွေ့တာ။
အဲဒီမှာတင် “ထောင်း”ဆိုတဲ့ အသံကျယ်ကြီး ကြားရပြီး
မနီလာကြီးအတုပ်ကြီးဟာ ပြတ်ထွက်သွားတော့တာပဲ။
ကားကြီးဆရာရော၊ သူ့စပယ်ယာရော မျက်လုံးတွေကို
ပြူးကုန်တော့တာ။ ကျုပ်လည်း အခြေအနေက ပုံမှန်
မဟုတ်တော့ဘူးလို့ စတွေးလိုက်မိတယ်။ ကားကြီး
စပယ်ယာလေးက သူ့ယာဉ်မောင်းကို စကားတိုးတိုး
ကပ်ပြောနေတယ်။ ယာဉ်မောင်းက ကျုပ်တို့ကို
ပြောတယ်
“ဦးလေးတို့ ကျနော့်ကားနဲ့ ပန်းတနော်လိုက်ခဲ့ပါ။
ဟိုမှာ တစ်ညတည်းဖို့ခိုဖို့ စီစဉ်ပေးပါ့မယ်။
အချိန်လည်း မနည်းတော့ဘူး။ မနက်ကျမှ
ဝပ်ရှော့ဆရာခေါ်ပြီး ကားကိုစစ်ကြည့်ကြတာပေါ့ ”
လို့ပြောတယ်။ သူပြောတာလည်း မဆိုးဘူး။
ဦးဘဆန်းတို့လည်း သဘောတူတယ်။
ခက်တာက ကားကို ဒီအတိုင်းထားခဲ့ဖို့ကလည်း
မလွယ်ပြန်ဘူး။ကျုပ်ကို ကားနဲ့ တစ်ယောက်တည်း
ထားခဲ့ဖို့ဆိုတာလည်း အပြောရခက်နေတဲ့ပုံပါပဲ
ဒါကို ကျုပ်က နားလည်တယ်။ ထူးဆန်းတယ်
လို့လည်း ထင်နေမိတာပဲရှိတယ်။ ကြောက်စိတ်တော့
ကျုပ်စိတ်ထဲ လုံးဝ မဖြစ်ပေါ်မိဘူး။
“ကိုဘဆန်းတို့ မိသားစု လိုက်သွားကြပါ။
ကားကို စောင့်ဖို့က ကျုပ်တာဝန်ထားပါ ”
ကျုပ်စကားကိုကြားတော့ သူတို့ တော်တော်ဝမ်းသာသွားတာ။
အိမ်အကူကောင်မလေးကို လှုပ်နိုးတော့လည်း
အင်းအင်းအဲအဲနဲ့ နိုးလာတယ်။ စောစောက ဘာမှမဖြစ်တဲ့
အတိုင်းပဲ။ သူတို့လည်း ဒီနေရာကနေ အတော်ထွက်သွား
ချင်နေပုံပဲ။ ဟန်တောင်မစောင်နိုင်တော့ပဲ ကျုပ်လက်ထဲ
ဓါတ်မီးထည့်ပြီး အုတ်သဲကျောက်ကားပေါ် လှစ်ခနဲ
တက်သွားတော့ကြတာပဲ။
ကျုပ်နဲ့ ကားပဲ ကျန်ခဲ့တော့တာပေါ့။ ညကလည်း
အတော်နက်နေပြီမို့ ဘာမှထွေထွေထူးထူး စဉ်းစာမနေတော့ဘဲ
ကားပေါ်တက်၊ တံခါးတွေ ချက်ချလိုက်တယ်
မှန်တွေလည်း တင်လိုက်တယ် ။ ကားထဲမှာ ပင်လယ်စာ
အနံတွေ လှောင်နေပေမယ့် နွေးသွားတာတော့ အမှန်ပဲ။
အနံ့တွေက ကျုပ်အတွက် အေးဆေးပါ။
ဒီ့ထက်ဆိုးတဲ့ ငါးပုတ်တင်တဲ့ကားတွေတောင်
မောင်းခဲ့ဖူးသေးတာပဲ။
ကွမ်းတစ်ရာကို ပါးစောင်ထဲ ပစ်ထည့်လိုက်တယ်
ကွမ်းလေးငုံပြီး တစ်မှေးလောက်မှေးလိုက်မယ်ပေါ့။
မနက်ကျရင် အကုန်အဆင်ပြေသွားမှာလို့ ကျုပ်တွေးတယ်
ကျုပ်အတွေးတောင် မဆုံးသေးဘူး။ ဝုန်းကနဲ အသံနဲ့အတူ
ကားလည်း ယိမ်းထိုးသွားတယ်။ မောင်းလာတဲ့ ကားတစ်စီးများ
ကျုပ်ကားကို ဝင်တိုက်သလားလို့ ဘက်ကြည်မှန်တွေကနေ
ကြည့်လိုက်မိတယ်။
ဘာမှမတွေ့ရဘူး အရှင်းကြီး။ အဲဒီ့အချိန်မှာပဲ
တဝုန်းဝုန်းနဲ့ ကားကို လူတွေ အများကြီး
ဝိုင်းရိုက်တွန်းထိုးနေကြသလိုမျိုး ကားက
ဘယ်ညာလှုပ်ခါနေတယ်။ မှန်တွေကနေ
ဘယ်ညာ၊ နောက်ကိုကြည့်တော့လည်း ဘာမှ
မတွေ့ရဘူး။ ကျုပ်လည်း အဲဒီတော့မှ စိမ့်ကြောက်
သွားတော့တာ။ တစ္ဆေခြောက်တယ်ဆိုတာ ဒါများလားလို့လည်း
စတွေးလိုက်မိတယ်။ ကြက်သီးတွေ တစ်ကိုယ်လုံး
ထပြီး မွေးညှင်းတွေထောင်ကုန်တယ်။
ကားရှေ့မီးကို ဖွင့်ထားဖို့ ဆုံးဖြတ်လိုက်တယ်
ဖြစ်ချင်တော့ ကားမီးတွေ လုံးဝဖွင့်လို့မရတော့ဘူး။
ဘက်ထရီဒေါင်းသွားပြီ ထင်ရတယ်။ ကားကို
ထုရိုက်နေကြတာပိုဆိုးလာတယ်။ ခေါင်မိုးပေါ်က
အသံတွေလည်း ပါလာတယ်။ ကားကို တစ်ဖက်ဖက်ကို
တွန်းလှဲဖို့လည်း ကြိုးစာနေကြသလိုပဲ။
ဘီးတောင် တစ်ချက်တစ်ချက် ကြွတက်သွားတယ်။
ကားလှုပ်နေတော့ နောက်က အနံ့တွေကလည်း
ပိုဆိုးလာတယ်။ အဲဒီ့မှာတင် ကျုပ်လည်း
အတွေးတစ်ခု ရလိုက်တယ်။
နောက်ဖုံးဘက်ကို ရွေ့သွားလိုက်ပြီး ငါးကင်၊
ပုဇွန်ကင်တွေ လက်တစ်ဆုပ်စာ နှိုက်ယူလိုက်တယ်။
ဘေးတံခါးကို ဆွဲဖွင့်လိုက်ပြီး လက်ထဲကဟာတွေကို
လွှင့်ပစ်ထည့်လိုက်တယ်။ ကျုပ်အတွေးမှန်သွားတယ်
ကားကို ထုရိုက်နေတာတွေ တိကနဲ ရပ်သွားတယ်။
ကျုပ်လည်း ယာဉ်မောင်းနေရာ ပြန်သွားပြီး
မှန်ကနေ ကြည့်လိုက်တယ်။
သောက်ကျိုးနဲ ကျုပ်ပစ်ချလိုက်တဲ့ ငါးကင်၊ပုဇွန်ကင်တွေ
ပျောက်ခြင်းမလှ ပျောက်သွားပါရောလား။ ကျုပ်ကိုယ်ထဲက
ကြောက်စိတ်ကတော့ နှစ်ဆတိုးပြီး ပိုိဆိုးလာတယ်။
ဒါပေမယ့် အတော်ကြာတဲ့အထိ ဘာအသံဗလံမှ
မကြားရတော့ဘဲ အခြေအနေကောင်းသွားလို့
ကြောက်စိတ်လျော့လာပြီး အိပ်ချင်စိတ်ဝင်လာတယ်။
ဘာပြောကောင်းမလည်း အဲဒီ့မှာတင် အုန်းကနဲအသံကြီးနဲ့အတူ
ကားလည်းဘေးတိုက်ရွေ့သွားလိုက်တာ လေးငါးပေလောက်ရှိမယ်
ကျွဲတစ်ကောင်များ ဝင်ဝှေ့လိုက်တာလား။ နောက်တစ်ဘက်
ကနေ လာပြန်ရောဗျို့။ အုန်းကနဲပဲ။ ထုံးစံအတိုင်းဘဲ
ဘာမှမမြင်ရဘူး။ ကားခေါင်မိုးပေါ်ကို တစ်ကောင်,ကောင်
ခုန်တက်လိုက်သံ ဘုန်း ကနဲ ကြားလိုက်ရတယ်။
ပြီးတော့ ခေါင်မိုးကို ကျောက်ခဲကြီးကြီး တစ်လုံးနဲ့
ထိုင်ထုနေသလိုမျိုး အချက်မှန်မှန် တဒုန်းဒုန်းထုနေတယ်။
ကားကလည်း သိမ့်ကနဲ သိမ့်ကနဲ ဖြစ်နေတယ်။
ဒီတစ်ခါတော့ ဒီကောင်တွေ အများကြီးမဟုတ်ဘူး။
တစ်ကောင်တည်းဖြစ်လိမ့်မယ်။
တစ်ကောင်တည်း ဆိုပေမယ့် စောစောကကောင်တွေထက်
သုံးဆလောက်ကြီးတဲ့ကောင်ကြီး ဖြစ်လိမ့်မယ် ။
ဘာမှစဉ်းစားမနေတော့ဘူး။ ကျုပ်လည်း စောစော
ကလိုပဲ လက်ကျန်ငါးကင်၊ ကဏန်းကင်တွေကို
ပြတင်းပေါက်ဖွင့်ပြီး ချပေးလိုက်တယ်။
ကျုပ် ကြည့်နေတယ်။ မျက်လှည့်ပြသလိုပဲ မြင်ကွင်းထဲ
ကနေ ဖြုတ်ကနဲ ပျောက်ကုန်တယ်။ ကားခေါင်မိုးပေါ်က
အသံလည်း ငြိမ်သွားတယ်။ ရှပ်တိုက်ပြီးလျှောက်သွားတဲ့
ခြေသံကြီးတစ်ခု ကြားလိုက်ရတယ်။
ကျုပ်လည်း တံခါးတွေ ပြန်ပိတ်လိုက်ပြီး အခြေ
အနေ စောင့်ကြည့်နေလိုက်တယ်။ နောက်ထပ်များ
လာဦးမလားလို့ ။ ကျုပ်ထင်တဲ့ အတိုင်းပါပဲ။
ဒီတစ်ခါတော့ ဒီကောင်တွေ ဝိုင်းလာတာကို
ကျုပ်က အရင်မြင်လိုက်ရတာ။
ပထမတော့ မီးလုံးနီနီလေးတွေ ကားပတ်ပတ်လည်း
အမှောင်ထဲမှာ အများကြီးပေါ်လာတာ။ တဖြည်းဖြည်း
ရှေ့တိုးလာကြတယ်။ မည်းမည်းအရိပ်တွေ ပုံသဏ္ဍာန်
မျိုးစုံကို လှမ်းမြင်နေရပြီ။ တစ္ဆေအခြောက်ခံနေပြီလို့
သေသေချာချာ သိလိုက်ရတဲ့အချိန်မှာ ကြောက်စိတ်က
ငယ်ထိပ်ကို ဆောင့်တိုးသွားတယ်
ဒါပေမယ့် ဒီကောင်တွေက ကိုယ့်ကို ရန်ပြုချင်တာ
မဟုတ်ဘဲ ကားပေါ်ပါလာတဲ့ဟာတွေကို စားသောက်
ချင်တယ်ဆိုတာ သိလိုက်ရတော့ စိတ်ထဲပေါ့သွားသလိုပဲ။
ခုလည်း နောက်မှာ ရေခဲရိုက်ထားတဲ့ ငါး၊ ပုဇွန်တွေ
အားကိုးနဲ့ သိပ်မကြောက်မိတော့ဘူး။ ဒီကောင်တွေ
တဖြည်းဖြည်း ကားနားကို တိုးသည်ထက်တိုးလာတယ်
ကျုပ်လည်း “ရှိပူရသေး ကုန်မှအေး”ဆိုတဲ့ စကားအတိုင်း
နောက်ထဲက ရေခဲပုံးကြီးကို ဆွဲထုတ်လိုက်တယ်။
ပြီးတော့ ကားတံခါးကနေ အကုန်သွန်ချပေးလိုက်တယ်။
တံခါးပိတ်တာ မြန်လို့ပဲ။ ဝုန်းကနဲ ဝင်ချလာတာ
ရုန်းရင်ဆန်ခတ်တွေ ဖြစ်လို့။ အမည်းရောင်
မီးခိုငွေ့တွေလိုပဲ။
အချင်းချင်လုယက်နေကြပုံရတယ်။ ပြီးပြီ။ ကျုပ်
တာဝန်ကျေပြီလို့ ထင်လိုက်မိတယ်။ ကားပေါ်မှာ
ကျွေးစရာလည်း ကုန်ပြီ။ အာရုဏ်လည်း တက်တော့မယ်။
ကျုပ်ထင်တဲ့အတိုင်းပဲ အားလုံးတိတ်ဆိတ်ငြိမ်သက်သွားပြီ။
ဘာအရိပ်အငွေ့မှလည်း မတွေ့ရတော့ဘူး။ ကောင်းပြီ။
ကျုပ်ပါးစောင်ထဲက ကွမ်းယာလည်း ဘယ်ရောက်သွားမှန်း
တောင် မသိတော့ဘူး။ ကွမ်းယာတစ်ယာထုပ်ပြီး
ပါးစောင်ထဲ ထိုးထည့်လိုက်တယ်။ ကျုပ်အိပ်တော့
မယ်လေ။ စိတ်ချ လက်ချ ဖြစ်သွားလို့လားတော့
မသိဘူး။ ချက်ခြင်း အိပ်ပျော်သွားတယ်။
ဝုန်းကနဲ ကားတံခါး ရုတ်တရက်ပွင့်သွားတယ်
ကျုပ်လည်း ခေါင်းထောင်ကြည့်လိုက်တယ်။
ကားတံခါးဝမှာ ပါးစပ်ပေါက်ကြီးတစ်ပေါက်။
သွားတွေက ပါးစပ်ထဲမှာ အပြည့်။ တံခါးပိတ်ဖို့
ကြိုးစားပေမယ့် ကျုပ်တစ်ကိုယ်လုံး လှုပ်လို့မရဘူး။
“ဗိုက်ဆာတယ်၊ ငါ့ကိုကျွေး ”
အသံကြီးက မိုးကြိုးပစ်သလို ကျယ်လောင်တယ်
နားထဲမှာ အူထွက်သွားတယ်။
“ကုန်ပြီ၊ မရှိတော့ဘူး”
သေမတက်ကြောက်နေပေမယ့် ငါးတွေ၊ ပုဇွန်တွေ
ကုန်သွားတဲ့အကြောင်းကိုတော့ ပါးစပ်ကပြောထွက်သွားတယ်
ပါးစပ်ကြီးကတင် ကားတံခါးအပြည့်ဆိုတော့ အကောင်ကြီးက
ဘယ်အရွယ်လောက်ရှိမယ်ဆိုတာ စိတ်ထဲကအလိုလို
ခန့်မှန်းမိနေတယ်။ အစားတွေ ကုန်သွားပြီးပြောလိုက်ရင်
ထွက်သွားလိမ့်မယ်လို့လဲ ထင်နေတယ်။မရဘူး။
“ဗိုက်ဆာတယ်၊ မစားရတာ ကြာပြီ၊ စားချင်တာ …”
ပြောပြောဆိုဆို သရက်ပင် ပင်စည်လောက်ရှိတဲ့
လက်ကြီးကားတံခါးကနေ ဝင်လာတယ်။
ကျုပ်ကို လှမ်းဆွဲတာ။ ကျုပ်တစ်ကိုယ်လုံးက
လှုပ်လို့ မရဘူးလေ။ လက်ကြီးက ကျုပ်တစ်ကိုယ်လုံးကို
အရုပ်တစ်ရုပ်ကို ကိုင်စွဲလိုက်သလို ဖျစ်ညှစ်ပြီး
ကိုင်လာတယ်။
ကျုပ်ကိုယ်ကျုပ် သေပြီလို့ တွယ်လိုက်တယ်။
ဒီကောင်ကြီး ကျုပ်ကို စားတော့မှာ သေချာတယ်။
သူ့လက်ထဲကနေ ကားထဲကြည့်လိုက်တော့
ယာဉ်မောင်းနေရာမှာထိုင်နေတဲ့ ကျုပ်ကိုယ်ကျုပ်ပြန်
မြင်လိုက်ရတယ်။
ကျုပ်ကိုယ်ကျုပ်လှမ်းဆွဲဖို့ကြိုးစားလိုက်မိတယ်။
ဒီကောင်ကြီးလက်ထဲမှာ ပါလာနေတဲ့ ကျုပ်က
ထိုင်ခုံပေါ်မှာ ထိုင်နေတဲ့ ကျုပ်ကို လှမ်းဆွဲလိုက်တာ
မိတယ်ဗျို့။ စိတ်ထဲမှာ အရမ်းကို အားတက်သွားတယ်
အကောင်ကြီးကတော့ သာသာလေး ကျုပ်ကို
ဆောင့်ဆွဲလိုက်တာ ကျုပ်လည်း ကျုပ်ကိုကျုပ်
ဆွဲထားတာလွတ်ထွက်သွားတယ်။
ထိုခဏလေးအတွင်း မျက်လုံးထဲမှာ ဝေ့ကနဲ၊
လင်းကနဲ မြင်လိုက်မိတာက ဘယ်ကြည့်မှန်မှာ
ချိတ်ထားတဲ့ ညောင်ရွက်ပုံတော်လေးကိုပဲ။
ကျုပ်မိန်းမ မသေခင်က ကျုပ်ကားမောင်းရင်း
ကားဘက်ကြည့်မှန်မှာ ချိတ်ထားဖို့ ပေးထားတဲ့
ကြေးနဲ့ လုပ်ထားတဲ့ ညောင်ရွက်လေးပါ။
အရောင်လေးလက်နေတယ်။ ချက်ချင်းပဲ
ကျုပ်အာရုံမှာ မြတ်စွာဘုရားရဲ့ ဂုဏ်တော်
ထင်ဟပ်လာတယ်။
“အူး…”
အော်သံကြီးကြားလိုက်ရပြီး ကျုပ်ကို ညှစ်ထားတဲ့
လက်ကြီးက ကျုပ်ကို ကိုင်ပေါက်လိုက်တယ်
ရှေ့က ခုံမှာ ထိုင်နေတဲ့ ကျုပ်ကိုယ်ခန္ဓာကိုယ်ထဲကို
အရှိန်နဲ့ ကျုပ်ပြန်ဝင်သွားတယ်။ ပြီးတော့
သတိလစ်သလို ဖြစ်သွားတယ်။
XxXX
ကားမှန်ကို တဒေါက်ဒေါက်လာခေါက်လို့ လန့်နိုးသွားပြီး
မျက်လုံးဖွင့်ကြည့်လိုက်တော့ မိုးလင်းနေပြီ။
ဦးဘဆန်းတို့မိသားစုနဲ့ လူအချို့ရောက်လာပြီး
ကားမှန်လာခေါက်နေကြတာ။
လူတွေက ကားကို အထူးအဆန်းလို
ဝိုင်းကြည့်နေကြတယ်။ ကျုပ်လည်း ကားပေါ်က
ဆင်းပြီး ကြည့်လိုက်တယ်။ အားပါးပါး။
ကားကိုယ်ထည်မှာ ချိုင့်ဝင်နေတဲ့ လက်ဝါးရာတွေက
ကားဘော်ဒီအပြည့်။ ဝပ်ရှော့ဆရာက
ကျုပ်ကို ကားပေါ်ပြန်တက်ပြီး စက်နှိုးခိုင်းတယ်။
ကျုပ်လည်း ဝတ်ကျေတန်းကျေ နှိုးလိုက်တယ်
သောက်ကျိုးနည်း။ တစ်ညလုံး မနိုးတဲ့စက်က
တစ်ချက်တည်း ဝူးကနဲ နိုးသွားတယ်။
ကျုပ်ဖြင့် သေချင်စော့်ကိုနံရော။
ကျုပ်တို့အားလုံး အရမ်းအံ့သြသွားကြတယ်
ပန်းတနော်မြို့က ပါလာတဲ့ မြို့ခံတွေကတော့
အံ့သြဟန်မပေါ်ကြဘူး။ ကျုပ်လည်း သေချာအောင်
ဂီယာထည့်ပြီး မောင်းကြည့်တယ်။
ကားကြီးနဲ့ဆွဲတာတောင် မရွေ့တဲ့ ကားက
ငြိမ့်ကနဲ ထွက်သွားတယ်။ စိတ်ချရအောင်
စက်ပြန်သတ်။ ပြန်နှိုးပြန်မောင်းကြည့်တယ်
အေးဆေးပဲ။ ဘာချို့ယွင်းချက်မှမရှိဘူး။
ကားပေါ်မှာ ချိုင့်ဝင်နေတဲ့ လက်ဝါးရာကြီး
တွေက လွဲလို့ပေါ့။
ကျုပ်တို့လည်း ငွေပေးသင့်သူပေး၊ ကျေးဇူး
တင်စကားပြောသင့်သူကိုပြောပြီး အဲဒီနေရာကနေ
ထွက်ခဲ့ကြတော့တယ်။
ကားထွက်ကာနီး ပန်းတနော်မြို့ခံလူတစ်ယောက်က
ကျုပ်နားကပ်ပြောတယ်။
“ကားဆရာ ညက ဒီမှာ ကျန်နေခဲ့တာ တော်တော်
အန္တရာယ်များတယ်၊ ဒီနေရာက အရင်သင်္ချိုင်းနေရာကြီးဗျ၊
အတော်ကြမ်းတာ ကံကောင်းလို့ ဘာမှမဖြစ်တာ”
ကျုပ်လည်း ဘာမှတုန့်ပြန်ပြီး ပြောမနေတော့ဘဲ
ကားကို မောင်းထွက်ခဲ့လိုက်တော့တယ်။လမ်းတလျှောက်လုံး
ချောမွေ့လို့ပါပဲ။ ကိုဘဆန်းကတော့ မေးရှာပါတယ်။
” ညက ဘာဖြစ်သေးလည်းတဲ”
“ဘာမှမဖြစ်ပါဘူး၊ ဟင်းစာတွေတော့ ပုတ်ကုန်လို့
လွှင့်ပစ်လိုက်တယ်ဗျို့ ”
“ကိစ္စမရှိပါဘူးဗျာ၊ လူ ဘာမှမဖြစ်တာပဲ တော်လှပြီ”
“ဘာမှမဖြစ်ဘူးတော့ မဟုတ်ဘူးဗျ…၊ တစ္ဆေကြီး
တစ်ကောင်လာပြီး ကျုပ်ကို စားဖို့လုပ်တယ်ဗျ”
“ဟင်…ဟုတ်လား ဦး”
သူတို့သမီးတွေ လှုပ်လှုပ်ရွရွဖြစ်သွားတယ်။
“ဟိတ် …ဦးလေးပြောတာ အိပ်မက်ထဲမှာလို့ပြောတာနော်”
လို့ ပြောလိုက်တော့မှ အကုန်ပြန်ငြိမ်သွားကြတယ်။
အိမ်ပြန်ရောက်ပြီး နောက်နေ့မှာ ကျုပ်တစ်ကိုယ်လုံး
နာကျင်နေလို့ ဆေးခန်းပြရသေးတယ်။ ဆရာဝန်က
အင်္ကျီချွတ်ခိုင်းလို့ ချွတ်ပြလိုက်တယ်
ဆရာဝန်လေးပါးစပ်က ‘ ဟာ’လို့ အာမေဋိတ်ထွက်သွားတယ်။
ကျုပ်ကိုယ်ပေါ်မှာ ညိုမည်းနေတဲ့ လက်ငါးချောင်းလို
အရာကြီးတွေကို သူတွေ့သွားတယ်လေ။ လိမ်းဆေးနဲ့
သောက်ဆေးတွေပေးလိုက်ပါတယ်။ နောက်ကျတော့လည်း
သူ့ဘာသာသူ ပျောက်သွားတော့တာပါပဲကွယ်။
ကျုပ်လည်း ဒီကိစ္စတွေကို ကားသမားတွေဆုံလို့
ပြောကြဆိုကြတဲ့အခါ တစ်ခါနှစ်ခါ ပြောဖူးပါတယ်
ဒီလောက်ပါပဲ။
ပြီးပါပြီ
မူရင်းရေးသူ ဆရာ ကဝေနီ
စာဖတ်သူများ စိတ်ရွှင်လန်းပါစေ
တစ္ဆေမျက်လုံး မဂ္ဂဇင်း စာအုပ်မှ
ကောက်နုတ်တင်ပြထားပါသည်
Leave a Reply