ကျော်တော့လှေသူကြီး

ကိုယ့်အတွေးနဲ့ကိုယ် တွေးပြီး ပြုံးနေမိသွားတော့ ရီလေးက ကျုပ်ပြုံးတာမြင်ပြီး မေးတယ်ဗျ ။

    “ကိုစနေ ဘာတွေ ပြုံးနေတာလဲ “

    “ဘာမှမဟုတ်ပါဘူး ရီလေး”

    “ဘာလဲ ရွာကရည်းစားကို သတိရသွားလို့လား”

    “ဟာဗျာ ဘာတွေလျှောက်ပြောနေတာလဲ ကျုပ်မှာ ရည်းစားမရှိပါဘူး “

    “ဟုတ်လို့လား ကိုစနေက ရုပ်လေးလည်းရှိတယ် သဘောလေးလည်းကောင်းတယ်ဆိုတော့ ရည်းစားမရှိတာ မဖြစ်နိုင်ပါဘူး”

    “တကယ် မရှိတာပါဗျာ “

    ကျုပ် စိတ်ထဲကတော့ ကျုပ်ရည်းစားက ရီလေးလေလို့ပြောပစ်လိုက်ချင်တာဗျ ကျုပ်မှာ အခုတော့ အ လိုက်တာ ပြောမနေပါနဲ့တော့ဗျာ ကျုပ်ရင်တွေ ခုန်တာဆိုတာများဗျာ ငလျင်လှုပ် နေသလားတောင် ထင်ရတယ် အဲ့လိုနဲ့ ကျုပ်တို့တွေ လက်ဖက် ရည်ဆိုင်ကို ရောက်သွားတယ်ပေါ့ဗျာ  လက်ဖက်ရည်ဆိုင်နာမည်က မျိုးကြီး တဲ့ဗျ မျိုးကြီးဆိုတာ ကျုပ်တို့ကျောင်းမှာ ဆွမ်းကပ်တို့၊အလှုတို့ရှိရင် အမြဲလုပ်အားဒါနပေးနေကြသူပေါ့ဗျာ။ကျုပ်နဲ့ ရီလေး လက်ဖက်ရည်ဆိုင်က ခွေးချေခုံပုလေးမှာ ထိုင်လိုက်တော့ လက်ဖက်ရည်ဖျော်နေတဲ့ ကိုမျိုးကြီးက ကျုပ်ကိုလှမ်းကြည့်ပြီး ပြောတယ်ဗျ ဒီလူက ရွှတ်နောက်နောက်ရယ်

    “ဟေ့ စနေ စုံတွဲခုတ်လာတာလား ကောင်မလေးက ချောချက်ကွာ မင်းအခွက်ကြီးနဲ့ တန်တောင် မတန်ဘူး”

    “ဟာ ဘာတွေပြောနေတာလဲဗျ ကျုပ်တို့က ရိုးရိုးသားသားပါ ကိုမျိုးကြီးရာ  “

    “ထင်တော့ထင်ပါတယ်ကွာ ကဲ ငါ့ညီမနဲ့ ငါ့ညီ ဘာသောက်မလဲ ဘာဖျော်ရမလဲ ပြော”

    “လျှောက်ပြောမနေစမ်းပါနဲ့ ကိုမျိုးကြီးရာ ခင်ဗျား ဘယ်လို ဖျော်ဖျော် ဒီတမျိုးပဲ ထွက်တာမဟုတ်လား”

    “ဟဲ့ကောင်ရ အဲ့လိုလဲ မဟုတ်ပါဘူး ချိုဆိမ့်ဆို အကျရေလေးနဲ့ နို့ဆီလေး ထည့်လိုက်”

   “ချိုပြစ်ဆိုရင်ရော “

   “မင်းကလည်းကွာ အကျရေလေးနဲ့ နို့ဆီလေး နည်းနည်း”

    “တော် တော် ချချင်တာသာချ “

    “ဒီကောင်စနေ ငါ့ကိုလာပြီး ဒေါက်ဖြုတ်နေတယ် “

     ကျုပ်က ကိုမျိုးကြီးကို စလိုက်တာပါဗျာ ဒါပေမဲ့ တကယ်လည်းဟုတ်တယ်လေ သူ့လက်ဖက်ရည်က ဘာဖျော်ဖျော် ဒီအရသာပဲ ကျုပ် ပြောစကားကို သူ့ဆိုင်မှာထိုင်နေတဲ့ ကောင်လေးတွေနဲ့ လူကြီးတွေကလည်း ထောက်ခံတယ်ဗျ သူတို့ ပြောတာကြည့်ပါလား

     “ဟုတ်တယ် မျိုးကြီး မင်းလက်ဖက်ရည်ဆို မင်းက ဘာပဲဖျော်ဖျော် ဒီအရသာပဲလို့ တခါတခါ ထင်မိတယ် ရေနွေအိုးနဲ့များ တခါတည်းကြိုထားသလားလို့ဟေ”

    “ဟာ မဟုတ်ပါဘူးဗျ နို့ဆီလေးဘာလေး နည်းနည်းတော့ပြန်ရောပါတယ်ဗျ”

     ကိုမျိုးကြီးကလည်း လူနောက်ဆိုတော့ ပြန်နောက်တာပေါ့ဗျ ရပ်ကွက်ထဲမှာတော့ ကိုမျိုးကြီးရဲ့လက်ဖက်ရည်ဆိုင်က အပန်း ဖြေစရာနေရာလေးပေါ့ဗျာ အဲ့လိုနဲ့ ကျုပ်နဲ့ ရီလေး စကားတွေပြောကြတယ်ပေါ့ဗျာ ရီလေးရဲ့အကြည့်တွေက မရိုးဘူးဗျ ကျုပ် သိနေတယ် သူမက ကျုပ်ကို ကြိုက်နေတယ်လို့ ခန့်မှန်းမိတာပေါ့ သူနဲ့ စကားတွေပြောပြီး မြင်းလှည်းဂိတ်အထိ လိုက်ပို့ပေးလိုက်တယ်။လမ်းတလျှောက် ကျုပ်ရင်ထဲက ဖြစ်နေတာကို မညာတမ်း ပြောချပစ်လိုက်တယ်ဗျာ။

    “ရီလေး”

    “ရှင် ကိုစနေ”

    “ကျုပ်ကို အရိပ်ချိုးချိုး အခက်နေ နေတော့ မထင်စေချင်ဘူး”

    “ရှင် ဘာပြောတာလဲ မသိဘူး”

    “အယ် မှားလို့ဗျာ အရိပ်နေနေ အခက်ချိုချို “

   “အခက်ချိုးချိုးတော့ လုပ်ပါ ကိုစနေရယ် “

   “အေးဗျာ အဲ့လိုတော့ မထင်စေချင်ဘူး ကျုပ် ကျုပ် ရီလေးကို ချစ်တယ်ဗျာ”

    “ရီလေး သိပါတယ် “

    “ဗျာ “

    “ထားလိုက် ရီလေးအမြဲ လာတွေ့မယ်နော် ကိုစနေကို စတွေ့ကတည်းက ရီလေး အမြဲပဲ တွေ့ချင်နေတာ “

    “ဟုတ်လား အဲ့တာဆို ကျုပ် ကျုပ်ကို ချစ်တယ်လား”

    “အဲ့လိုလည်း မဟုတ်သေးဘူးလေ ရီလေးက ကိုစနေကို နေ့တိုင်းပဲ တွေ့ချင်နေတာပဲ ရှိတာ “

    ရီလေး ဘယ်လိုသဘောပြောသွားလဲဆိုတာ ကျုပ် နားမလည်တော့ဘူး သူကတော့ မြင်းလှည်းလေးပေါ်တက် အလှဆုံးပြုံးပြပြီး နှုတ်ဆက်သွားတယ်။ကျုပ်ကတော့ ရီးစားရတာလိုလို မရတာလိုလို ဘာမှန်းကို မသိပဲ ကျောင်းကိုပြန်လာခဲ့ရတယ် ဆိုပါတော့ဗျာ ။

(၂)

     ကျုပ်နဲ့ ရီလေးအကြောင်းက ရပ်ကွက်ထဲ ပျံ့နေပြီဗျ ။ ဘုန်းကြီးကတော့ လောကီကိစ္စမို့လို့ ဝင်မစွက်ဖက်ပေမဲ့ သတိတော့ပေးတယ်ဗျ ။

    “စနေ “

    “ဘုရား”

    “အိမ်ထောင်ထူတော့မယ်ဆိုရင်တော့ ဘုန်းကြီးကျောင်းမှာ ဆက်နေလို့မရဘူးနော် “

    “တင် တင်ပါ့ဘုရား တပည့်တော် မစဉ်းစားရသေးပါဘူးဘုရား “

    “အင်း အမျိုးသမီးတွေရဲ့သိက္ခာကိုလည်း မကျပါစေနဲ့ ကြားလား ဘုန်းကြီးကတော့ ဒါပဲပြောချင်တယ်”

     “တပည့်တော် မှတ်ထားပါ့မယ် ဘုရား”

    ဘုန်းကြီးက အဲ့လောက်ပဲပြောပေမဲ့ ဘိုးကာကတော့ ညတိုင်း နေ့တိုင်းပြောတယ်ဗျ။

     “စနေ ငါ့ကတော့ ဓားထွန်းလှိုင်ကို ကြောက်တယ်နော် မင်း ငါ့ကို ဒုက္ခရောက်အောင်တော့ မလုပ်နဲ့ မင်း ယူမယ်ဆိုလည်း ယူ အပျော်တော့ သွားမကြံနဲ့နော် “

    “ဘိုးကာရ ကျုပ်က လူကောင်းပါဗျာ အဲ့လိုဘယ်တော့မှ မလုပ်ပါဘူး “

    “ကြိုပြောတာလေကွာ မင်းက မီးစကို ကိုင်ထားတာ မင်းကိုင်ထားတဲ့ မီးစက ငါ့ကိုပါ လောင်လာနိုင်တယ်ကွ ဓားထွန်းလှိုင်ကိုတော့ ကြောက်တယ် ငါ့ကောင်ရေ “

     “စိတ်ချစမ်းပါ ဘိုးကာရာ ကျုပ်မှာ ကိုယ်ချင်းစာစိတ်အပြည့် ရှိပါတယ်ဗျ”

     “ပြီးတာပဲ မင်းသတင်းကတော့ ရပ်ကွက်ထဲမွှေးနေတာပဲ ငါ့ကောင်ရေ “

     ဘိုးကာနဲ့ ကျုပ် စကားပြောပြီး ဆွမ်းစားကျောင်းထဲက တိုင်ကပ်နာရီကို ကြည့်လိုက်တယ် အချိန်လည်းနီးပြီမို့ ရီလေးနဲ့ တွေ့နေကြ လက်ဘက်ရည်ဆိုင်လေးကို ထွက်ခဲ့တယ်ဗျာ ဟိုရောက်တော့ထုံးစံအတိုင်း ကျုပ်ရဲ့အချစ်က‌လေး ရီလေးက ရောက်နှင့်နေပြီ ကိုမျိုးကြီးနဲ့ ရယ်ကာမောကာ စကားပြောနေကြတယ် အင်း သူတို့လည်း ခင်ကြမင်ကြပြီလေ ဒီလက်ဖက် ရည်ဆိုင်မှာ ကျုပ်တို့ တွေ့နေတဲ့အချိန်က နည်းတာမှ မဟုတ်‌ တော့တာ ရီလေးက ကျုပ်ကို မြင်တာနဲ့ လက်လှမ်းပြတယ် ။လက်ဖက်ရည်တခွက်ကို ကျုပ်အတွက် မှာထားနေကြလေ အဲ့လိုနဲ့ ကျုပ်တို့တွေ စကားပြောကြတယ်ပေါ့ဗျာ အများအမြင်မှာကျုပ်တို့နှစ်ယောက်က အရမ်းချစ်ကြတဲ့ချစ်သူတွေပေါ့ အဲ့လိုထင်မယ်ဆိုလည်း ထင်ချင်စရာလေဗျာ ကျုပ်ကို ရီလေးက တော်တော် ဂရုစိုက်တာဗျာ ကျုပ်က အချစ်ကံကောင်းသူကြီးပေါ့လေ ရီလေးပြန်သွားရင် လက်ဖက်ရည်ဆိုင်ထဲက လူတွေက ကျုပ်ကို ထောပနာပြုကြတာများဗျာ  သူတို့ရွေးကောက်ထားတဲ့ အမတ်ကြနေတာပဲ

    “စနေတို့များ တော်ချက်ကွာ ကောင်မလေးချောချောလေးကိုရထားတာ “

     “ရထားရုံတင်မကဘူးနော် ဟိုက ချစ်လိုက်တာ တုန်လို့ “

    “အေးကွာ ဒီကောင့်ကို ဘာကြည့်ပြီး ကြိုက်တာလဲမသိဘူး”

    “ဟေ့ကောင် မနာလိုဖြစ်မနေနဲ့ တို့စနေက တကယ့်ဆရာကြီးကွ “

    ကျုပ်ကတော့ ပြုံးဖြီးဖြီးကြီးနဲ့ သဘောတွေခွေ့နေတာပေါ့ဗျာ သူတို့မသိတာက ရီလေးနဲ့ကျုပ်က ဘာမှမဖြစ်သေးဘူး ဆိုတာကိုပေါ့ ဟန်ကိုယ့်ဖို့ဆိုတဲ့ စကားအတိုင်း ကျုပ်လည်း ဟန်ကိုယ့်ဖို့ပြီး နေရတာပေါ့ဗျာ။

(၃)

    ကျုပ် ရီလေးနဲ့ မတွေ့ရတာ ဆယ်ရက်ကျော်ကျော်ရှိပြီဗျ ။ အစက လက်ဖက်ရည်ဆိုင်ကို သွား သွား စောင့်သေးတယ် မလာပါဘူးဗျာ ရီလေးမလာလို့ ကျုပ် ဆွေးနေတာသိတော့ ကိုမျိုးကြီးက အကြံပေးတယ်။

    “စနေ မင်းအိမ်သိနေတာပဲကွာ လိုက်သွားပါလား”

    “လိုက်သွားလို့လည်း မဖြစ်ပါဘူးဗျာ အလုပ်တွေများနေလို့ မလာတာနေမှာပါ”

    “မင်းဆို ပိုဆိုးမှာပေါ့ ငါတို့တောင် အဲ့ဒီ
ကောင်မလေး မလာတော့ တခုခုလိုနေသလိုကြီးကို ဖြစ်လို့ “

    ကိုမျိုးကြီးရဲ့စကားက ကျုပ်ကို ထိတယ်ဗျာ တကယ်လည်း တခုခုကြီးကို လိုနေတာ သူမရှိပဲ သောက်ရတဲ့ လက်ဖက်ရည် အချိုက နို့ဆီတဗူးလုံးကုန်စင်အောင်ထည့်ရင်တောင် မချိုတော့သလို ခံစားနေရတယ်ဗျာ ကိုမျိုးကြီးရဲ့စကားကြောင့် လွမ်းနေရတဲ့အထဲ လက်ဖက်ရည်ဆိုင်ထိုင်နေကြ‌ လူတွေက သူ မပါဘူးလားမေးတော့ ကျုပ်ဖြင့် သေလောက်အောင်လွမ်းမိသွားတယ်ဗျာ လက်ဖက်ရည်ဆိုင်မှာ လွမ်းလို့ ကျောင်းပြန်ပြီးနေတော့လည်း ကိုရင်လေးတွေ အသံကြားရင်လည်း လွမ်းပြန်ရော နောက်ဆုံး ကျောင်းဝင်းသံတခါးကို ဖွင့်လို့ အသံမြည်ရင် တောင် သူမများ ကျောင်းဝန်းထဲ လိုက်လာတာလားဆိုပြီး အပြေးကြည့်ရတာအမော ဒါပေမဲ့ မဟုတ်ပါဘူးဗျာ သူကတော့ တရက်မှ ပေါ်မလာတော့ဘူး  ကြာလာတော့ ကျုပ် စိတ်ပူလာတယ်ဗျ အဲ့တော့ ဘိုးကာကို အကျိုးအကြောင်းပြောပြီး ညောင်ကိုင်းရွာကို လိုက်သွားဖို့ ပြောရတော့တာပေါ့

     “စနေ မင်းဟာက နေမြင့်လေ အရူးရင့်လေဖြစ်နေပြီ လိုက်သွားတာတော့ဟုတ်ပါပြီ မင်းကို ဟိုရောက်မှ မတွေ့ချင်လို့ မလာတာဆိုရင် မင်းဒီထက် ပိုပြီးခံစားရလိမ့်မယ် “

   “ကျုပ်က သူ နေကောင်းလားဆိုတာလေးပဲ သိချင်တာပါ။ တကယ်လို့ ကျုပ်ကိုမတွေ့ချင်လို့ မလာတာဆိုရင်လည်း ကျုပ် စိတ်ကိုဖြေရမှာပေါ့ ဘိုးကာရာ ဒါပေမဲ့ အဲ့လို မဟုတ်ဘူးဆိုတာတော့ ကျုပ် ယုံတယ် “

     “အေးလေ မင်း စိတ်ပြတ်သားတယ်ဆိုတော့ သွားကြတာပေါ့  မင်းရောက်လာမှပဲ ငါလည်း ကိ‌လေသာအကျိုးပြုကပ္ပိယ ဖြစ်တော့မယ် မင်းကို သံယောဇဉ်ဖြစ်မိတော့လည်း မိုက်ရပေဦးမပေါ့  “

     ဘိုးကာက ကျုပ်ကို ကြည့်ပြီးသနားနေတဲ့ပုံပဲဗျ ကျုပ်အဖြစ်က လူတွေသနားရလောက်တဲ့ အနေအထားထိ ဖြစ်နေပြီလား အဲ့တာကို ကျုပ် သတိမထားမိဘူးဗျာ ရင်ထဲက အချစ်စိတ်က တက်နေတော့ ကျုပ်ရဲ့ရုပ်က ကျနေတာနေမှာပေါ့ဗျာ အဲ့လိုနဲ့ ကျုပ်နဲ့ ဘိုးကာ ညောင်ကိုင်းရွာက ရီလေးတို့အိမ်ကို သွားဖို့ ပြင်ဆင်ကြတာပေါ့ဗျာ ။

(၄)

     ကျုပ်တို့တွေ မြင်းလှည်းလေးနဲ့ ညောင်ကိုင်းရွာကိုသွားကြတယ်ဗျာ။ရွာထဲအထိ မြင်းလှည်းဝင်လို့ရ‌တယ်လေ အဲ့တော့ ကျုပ်တို့တွေကို တင်ခေါ်လာတဲ့မြင်းလှည်းသမားက ရီလေးတို့အိမ်အထိ လိုက်ပို့ပေးတာပေါ့ ကျုပ်တို့‌တွေ ရီလေးတို့အိမ်ရောက်တော့ အိမ်အောက်မှာ ဦးထွန်းလှိုင်နဲ့ အရီးစိန်ကိုတွေ့ရတယ် ပြီးတော့ ရွာသားကြီးလေးငါးယောက်ရောဗျို့ ကျုပ်တို့မြင်းလှည်းလေးဝင်လာတာနဲ့ အကုန်လုံး ဝိုင်းကြည့်ကြတယ်။ကျုပ်တို့မှန်းလည်းသိရော ဦးထွန်းလှိုင်က မျက်စိမျက်နှာပျက်ပြီး အိမ်ဝိုင်းအပြင်ကို ထွက်သွားတယ်ဗျ။ကျုပ်ဖြင့် ရင်ထဲ ထိတ်သွားတယ် ကျုပ်တို့အကြောင်းကိုသိပြီး ကျုပ်ကို စိတ်ဆိုးနေတာလားလို့ပေါ့  မြင်းလှည်းလေးရပ်ပြီး ကျုပ်တို့လည်းဆင်းလိုက်ရော အရီးစိန်ကတော့ မျက်နှာမကောင်းစွာနဲ့ပဲ ကျုပ်တို့ကို ကြိုတယ်ဗျ။

     “စနေနဲ့ ဘိုးကာပါလား လာကြပါရှင် လာကြပါ “

     “ဟုတ် မစိန်ရေ စနေက ဒီကို တအားလာချင်နေတာနဲ့ပဲလိုက်ပို့ရတာ “

    ဘိုးကာ အဲ့လိုပြောတော့ အရီးစိန်မျက်နှာ ပိုပျက်သွားတယ်ဗျ နောက်တော့ အရီးစိန်ဘေးက ရွာကလူကြီးတယောက်က ဘိုးကာနဲ့ ကျုပ်ကိုကြည့်ပြီးပြောတယ်

     “ကဲ နောင်ကြီးရေ ခင်ဗျားတို့ရောက်တာနဲ့ အတော်ပဲ ကျုပ်တို့ ကိုထွန်းလှိုင်ကို မနည်းထိန်းနေရတာဗျ”

     “ဘာဖြစ်လို့လဲဗျ “

     ဘိုးကာက အဲ့လိုမေးတော့ အရီးစိန်က ကျုပ်မျက်နှာကို ကြည့်ပြီး စကားဆိုလာတယ် ။

     “စနေ အရီးမြေးမလေးရဲ့ကိုယ်စား အရီး တောင်းပန်ပါတယ်  မင်းဦးကြီးဆို မင်းကို အားနာလွန်းလို့ မျက်နှာချင်းတောင်မဆိုင်ဝံ့ပါဘူးကွယ် “

     “ဘာ ဘာဖြစ်လို့လဲ အရီးရဲ့ “

     ကျုပ် မေးသာမေးလိုက်ရတာ ရင် တထိတ်ထိတ်နဲ့ဗျာ ။ ကျောင်းက ဘုန်းကြီးတစ္ဆေဦးဝါလောက ခြောက်လှန့်တာတောင် အခုလောက်မကြောက်ဘူး အခုတော့ အရီး ပြောလာမဲ့ စကားတွေကို ကျုပ်ကြောက်နေမိတယ်။သူတို့မျက်နှာတွေကြည့်ကတည်းက ကျုပ်အတွက်ကောင်းသောစကားမဟုတ်နိုင်ဘူးဆိုတာ ကျုပ် ရိပ်စားမိတယ် အရီးက ကျုပ်ကို ပြောပြဖို့ ခက်ခဲနေပုံပဲဗျ။အဲ့ဒီအချိန်မှာပဲ အိမ်ရှေ့ကို နောက်ထပ် မြင်းလှည်းနှစ်စီး ထပ်ရောက်လာတယ် ကျုပ်တို့လည်း စကားမပြောဖြစ်တော့ပဲ မြင်းလှည်းတွေကို ကြည့်နေတာတာပေါ့ဗျာ  မြင်းလှည်းပေါ်က ဆင်းလာတာကို မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကျုပ်မျက်လုံးတွေ ပြာဝေသွားရတယ်။ ဘိုးကာဆို ကျုပ် ယိုင်သွားတာကို သိလို့ ထင်တယ် လက်မောင်းကို လာဆုပ်ကိုင်ပြီး ထိန်းပေးထားတယ်။ကျုပ် မြင်ရတာတော့ လူရည်သန့်အမျိုးသားကြီး၊အမျိုးသမီးကြီးတွေရဲ့အနောက်မှာ ကျုပ်ကို အမြဲတွေ့ချင်လှပါချင်ပါတယ်ဆိုတဲ့ ရီလေးတယောက်ဟာ ကျုပ်ထက် အသက်ပိုကြီးနိုင်တဲ့လူတယောက်ရဲ့လက်မောင်းကို တွဲထားတယ်ဗျ။ထူးဆန်းစွာနဲ့ပဲ သူမလက်မောင်းတွဲထားတဲ့ လူက ကျုပ်နဲ့ရုပ်တော်တော်တူတယ်ဗျ ကျုပ်က ဆံပင်ညှင်းသိုးသိုး သူကသပ်သပ်ရပ်ရပ် ကျုပ်ကအသားညိုညို သူက အသားဖြူဖြူ ဒါပဲကွာတာ ကျုပ်ကိုမြင်တော့ ရီလေးက မျက်နှာပျက်နေတယ်။အရီးလည်း မျက်နှာပျက်နေတာပေါ့ဗျာ အခုအချိန်မှာ ကျုပ် ဘာလုပ်သင့်တယ်ဆိုတာကို နားလည်ပါတယ် စိတ်ထဲက ငိုချင်နေပေမဲ့ ကျုပ် အားတင်းပြီး မရမကပြုံးတယ်။ပြီးတော့ ရီလေးကို ကြည့်လိုက်ပြီး စကားဆိုလိုက်တယ်ဗျာ ။

    “ဪ ရီလေး အိမ်ထောင်ပြုတော့မယ်ထင်တယ်”

    “ဟုတ် ဟုတ်တယ် ကိုစနေ “

     “ဦးကြီးဆီ အလည်လာတာပါ ကံကောင်းတော့ မုန့်စားဖို့ဖြစ်လာတာပေါ့ ကျုပ်ဦးကြီးနောက်လိုက်သွားလိုက်ဦးမယ်ဗျာ”

    ကျုပ် အိမ်ဝိုင်းထဲကနေ ခပ်မြန်မြန်ပြန်ထွက်လာခဲ့တယ် ။ဒီထက်ပိုပြီး ကျုပ် ဟန်မဆောင်နိုင်တော့ဘူး ဘာ့ကြောင့်များ ကျုပ်ကို ကစားခဲ့ရတာလဲလို့ တွေးနေမိတယ်။ဘယ်ကိုသွားလို့ သွားရမယ်မှန်းလဲ မသိတော့ဘူးဗျာ ကျုပ် ခြေဦးတည့်ရာထွက်လာရင်းက ရွာအပြင်သင်္ချိုင်းဇရပ်ဆီ ရောက်လာခဲ့တယ်။ကျုပ်  ဇရပ်ပေါ်မှာ ထိုင်လိုက်တယ်။ဘိုးကာကတော့ နောက်က လိုက်မလာဘူးဗျ။လိုက်ရင်လည်း ကျုပ် ဘယ်သွားတယ်ဆိုတာ သိမှာမဟုတ်ပါဘူး။ကျုပ်လည်း ဘယ်သူမှ မရှိတဲ့ ဇရပ်ပေါ်ထိုင်နေမိတယ်။ပြီးတော့ အုတ်ဂူဖြူဖြူတွေကို ငေးကြည့်နေတုန်း ကျုပ်ပုခုံးကို လူတယောက် လာပုတ်တယ်ဗျ။ ကျုပ် လှည့်ကြည့်တော့ ကျုပ်အကြည့်ကို သိပ်ရင်မဆိုင်ရဲပဲ ဖြစ်နေတဲ့ လူမိုက်ကြီးဓားထွန်းလှိုင်ပေါ့ သူက ကျုပ် မျက်ဝန်းက မျက်ရည်တွေကို ကြည့်ပြီး တောက်တချက်ခေါက်တယ်။

   “တောက်”

ငါ တောင်းပန်ပါတယ် စနေရာ ငါ့မြေး မင်းကို ကစားသလို ဖြစ်ခဲ့တာ သူများပြောမှာ ငါ သိရတာပါကွာ တကယ်တောင်းပန်ပါတယ် “

    “ရပါတယ် ဦးကြီးရာ ကျုပ် ဝဋ်ရှိလို့ ခံရတယ်ပဲမှတ်ပါတယ် “

    “ဝဋ် မဟုတ်ပါဘူးကွာ ငါ့မြေး မကောင်းတာ မင်းကို ငါ ပြောပြမယ် “

     ကျုပ် ဦးထွန်းလှိုင်ပြောပြတာကို နားထောင်နေခဲ့တယ် အခုသူ့ကို ခိုးသွားတဲ့ကောင်က လွန်ခဲ့တဲ့တပတ်ကမှ တခြားနယ်ကပြန်လာတာတဲ့ အရင်က သေပြီလို့‌တောင် ထင်ထားကြတာဆိုပဲ အဲ့အထဲမှာ ကျုပ်ရဲ့ချစ်လှစွာသော ရီလေးလည်းပါတာပေါ့ဗျာ။ သူနဲ့ ‌အဲ့ကောင်နဲ့က ငယ်ရည်းစားတွေတဲ့လေ ကျုပ်တို့ကျောင်းကိုရောက်တော့ သူ့လူနဲ့တူတဲ့ ကျုပ်ကို သံယောဇဉ်ဖြစ်မိတယ်ပေါ့ဗျာ။အဲ့လိုနဲ့ ကျုပ်ဆီကို အမြဲလာတွေ့တာဆိုပဲ အခု သူ့ချစ်သူက အသက်မသေပဲ ပြန်ရောက်လာပြီး ချက်ချင်းကြီး ခိုးရာလိုက်သွားတော့ ကျုပ်ဆီကို မလာနိုင်တာတဲ့လေဗျာ ဒီအကြောင်းတွေကို  ဦးထွန်းလှိုင်က ပြောပြပြီး ကျုပ်ကို ဖက်ငိုတယ်ဗျ။လူမိုက်ကြီးတယောက်ရဲ့မျက်ဝန်းက ကျတဲ့မျက်ရည်ဆိုတာ တော်ရုံတန်ရုံ ခံစားချက်နဲ့တော့ မဟုတ်နိုင်ဘူး ထင်ပါတယ်။ပြီးတော့ ကျုပ်ကို သူ့မြေးမလေးကိုယ်စားဆိုပြီး ထိုင်ရှိခိုးတောင်းပန်မလို့ ကျုပ်မှာ မနည်းတားယူလိုက်ရတယ်။အခုအချိန်မှာ ကျုပ် တအားခံစားပြနေရင် ရီလေးရောသူ့ယောကျာ်းရောအပြင် ဦးထွန်းလှိုင်အတွက်ပါ မကောင်းဘူးလေ အဲ့တော့ ကျုပ် ဘာမှသိပ်မခံစားရသလို ဟန်ဆောင်ရ‌တော့တာပေါ့။

    “ဦးကြီး ကျုပ်ဘာမှ မဖြစ်ပါဘူးဗျာ ဘုန်းကြီးကျောင်းမှာ နေတဲ့သူပဲ တရားရှိပါတယ်။ကိလေသာတဏှာတွေကို ပယ်ဖို့ ကျုပ်တို့ ဘုန်းကြီးက အမြဲဟောပြဆုံးမနေတော့ ကျုပ် စိတ်ကို ထိန်းနိုင်ပါတယ် ဘာမှမဖြစ်ဘူး။ဦးကြီးလည်း စိတ်ကိုလျော့ ဟိုမှာ လူကြီးတွေ ရီလေးကို လာအပ်တာထင်တယ်။ သွားလိုက်အုံး မျက်နှာပျက်စရာတွေ ဖြစ်လိမ့်မယ်”

    “ငါ မသွားချင်ဘူး စနေရာ မင်းခံစားနေရတာ ငါသိတယ်  ငါလူမိုက်ဆိုပေမဲ့ လူတယောက်ရဲ့စိတ်ခံစားချက်ကိုလည်း နားလည်တယ်။မင်းငါ့မြေးအပေါ် ဘယ်လောက်သံယောဇဉ်ရှိတယ်ဆိုတာ ငါသိတာပေါ့  အဲ့ဒီကောင်မလေး လုပ်ရက်တယ်ကွာ”

    “ဪ ဦးကြီးရယ် ကျုပ်က သူအတွက်တော့ ခဏအလွမ်းဖြေစရာ မင်းသားအတုလေ အစစ်လာတော့ အတုက ဘယ်အသုံးဝင်ပါတော့မလဲ ဟားးဟားး”

    ကျုပ်လည်း ရယ်လိုက်မိတယ် ဟုတ်တယ်လေ ကျုပ်ကရပ်ကွက်ထဲမှာ မဏ္ဍပ်တိုင်တွေ တက်ပြထားတာ အခု ကျုပ်ဆိုတဲ့ကောင်က ငပေါကြီးဖြစ်ပြီ ထားပါ အဲ့တာက ချီးမွမ်း ခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက်မို့ ပြဿနာမရှိပါဘူး ရှိတာက ကျုပ်ရင်အုံရဲ့ဘယ်ဘက်အခြမ်းမှာ ရှိနေတဲ့ အရာလေးတခုပေါ့ဗျာ သူက ကျုပ် တွေးလိုက်တိုင်း အောင့် အောင့်လာပြီး မျက်ရည်တွေ ရစ်ဝဲလာစေတယ်ဗျ။သူများတွေ ပြောတဲ့ အသဲကွဲဝေဒနာဆိုတာ ဒါပဲထင်တယ်လို့ တွေးလိုက်မိတယ်။ပြီးတော့ ဦးထွန်းလှိုင်ကို မနည်းတောင်းပန်ပြီး အိမ်ပြန်ခိုင်း‌လိုက်ရတယ်။သူ မြန်မြန်ပြန်မှာ ဖြစ်မှာမို့။

    “ဦးကြီးရယ် ကျုပ်တောင်းပန်ပါတယ် အိမ်ပြန်ပါဗျာ ဟိုမှာ အရီးစိန်တယောက်ထဲ “

    “ငါ မပြန်ချင်ဘူးကွာ ငါပြန်ရင် စိတ်တိုပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန်လိမ့်မယ် “

    “ဦးကြီး ဒေါသကိုထိန်းပါ ဒေါသက လောကီအတွက်ရော လောကုတ္တရာအတွက်ရော အကျိုးမပြုပါဘူး”

   “မင်း အဲ့လိုပြောလေ ငါ မင်းကို နှမြောလေပဲ စနေရာ “

     ဪ တကယ်တော့ ဓားထွန်းလှိုင် ကျုပ် ခံစားနေရတာကို သနားတာထက် သူ့ရဲ့မြေးမလေးနဲ့ ကျုပ် မညားလို့ ဝမ်းနည်းတာက ပိုများနေပုံပဲလို့ ကျုပ် တွေးလိုက်မိတယ်။တကယ်တော့ ကျုပ်က တရားသိတဲ့ကောင် မဟုတ်ပါဘူးဗျာ သူ သွားရင်ပြီးရောဆိုပြီး ပါစပ်ထဲတွေ့ရာတွေ လျှောက်ပြောနေတာ ဘိုးတော်က ကျုပ် တော်တော်ကြာကြာချော့မော့ပြေပြီးတော့မှ ပြန်သွားတယ်ဗျ။သူ မပြန်ခင်လေး မှာစရာရှိတာ မှာခဲ့သေးတယ်။

    “ဦးကြီး ဘိုးကာကို ပြောလိုက်ပါ ကျောင်းကို ပြန်‌တော့လို့ ကျုပ်လည်း ပြန်သွားပြီ‌လို့သာ ပြောပေးပါဗျာ”

   “အေး အေး ငါပြောလိုက်မယ် “

    ကျုပ်ကို နှုတ်ဆက်ပြီး ဦးထွန်းလှိုင် ပြန်သွားတယ်ဗျ ဦးထွန်းလှိုင်ပြန်သွားတော့မှ ကျုပ်လည်း လွတ်လွတ်ကျွတ်ကျွတ် ကြေကွဲနေတာပေါ့ဗျာ အဲ့လို ကြေကွဲလို့မှ မဝသေးဘူး ဘယ်က ဘယ်လို သတင်းရတယ်မသိဘူး။ဟိုတလောက ကျုပ် ဆော် ထည့်လိုက်တဲ့ကောင်တွေ ဇရပ်ကို ရောက်လာတာဗျ။သကောင့်သားတွေက ဘယ်တုန်းကတည်းကများ ကျုပ်ကို ဆော်‌ချင်နေလဲ မသိဘူး ဝါးရင်းတုတ်တွေကိုင်ပြီး သင်္ချိုင်းဇရပ်ပေါ်တက်လာတယ်ဗျို့။ ကျုပ် သူတို့တက်လာတာသိပါတယ် ဒါပေမဲ့ စကားပြောချင်စိတ်၊ပြန်တိုက်ခိုက်ချင်စိတ်နဲ့ ထွက်ပြေးချင်စိတ်မရှိတာနဲ့ပဲ ထိုင်နေလိုက်တယ်။အဲ့ဒီကောင်တွေက ကျုပ် အနားမရဲတရဲကပ်လာတယ်ဗျာ ဟိုတခါလို တုတ်ပြီးဓားပြီးတယ် ထင်နေပုံရတယ်။သူတို့ထဲက တယောက်က ကျုပ်ကိုတုတ်ပြီးဓားပြီးတဲ့ကောင်ဆိုပြီး ဆော်ထည့်လိုက်တာ ကျုပ်ခေါင်းမူးသွားတယ်။ လက်နဲ့စမ်းကြည့်တော့ သွေးတွေထွက်နေတယ် ရိုက်တဲ့ကောင်က ကျုပ်ခေါင်းက သွေးတွေကိုကြည့်ပြီး သူကတောင် လန့်နေသေးတယ် အထစ်ထစ်အငေါ့ငေါ့နဲ့ သူ့အပေါင်းအသင်းတွေကို ပြောနေသံ ကျုပ် ကြားရတယ်။

     “ဟေ့ကောင်တွေ ဒီကောင် တုတ်မပြီးဘူးဟ ငါက တုတ်ပြီးတယ်ထင်ပြီးဆော်လိုက်တာ ငါ့လက်ဆက ပြင်းတယ် ဒီကောင်သေသွားနိုင်တယ် မြန်မြန်လစ်ကြရအောင်”

    “မင်းက လုပ်လိုက်ရင် အလွန်အကျွံချည်းပဲ ဇရပ်ပေါ်က အမြန်ဆင်း လစ်ကြရအောင်ဟ “

    ကျုပ်ကို ရိုက်တဲ့ကောင်ရဲ့စကားကြား‌တော့ ကျုပ်တောင် လန့်သွားတယ် ဘာတဲ့ သူ့လက်ဆ သူ သိတယ်ဆိုလား သူပြောပုံအရဆိုရင်တော့ ကျုပ် သေတော့မှာပေါ့ ဪ အဲ့လိုဆိုပြန်တော့လည်း ရိုက်တဲ့ကောင်ကို ကျုပ် ကျေးဇူးတင်မိတယ် ဘာလို့လဲဆိုတော့ ကျုပ် လူ့လောကကြီးမှာမနေချင်တော့လို့ပဲဗျ အသဲကွဲနေတာကြောင့်ပဲ မဟုတ်ဘူးဗျ။ တရပ်ကွက်လုံးသိနေတဲ့ ကျုပ်အဖြစ်ကို ကျုပ် ရှက်မိလို့လေ အဲ့တော့ နေရတာထက် သေရတာက ပိုမကောင်းပေဘူလားဗျာ။ဟိုကောင်တွေလည်း ကျုပ်ကိုရိုက်ပြီး ဇရပ်ပေါ်က ပြေးသွားကြပြီ။ ရိုက်တဲ့ကောင်တွေက သွေးမြင်တာနဲ့ လန့်ရတယ်ပဲ ရှိသေးတယ်။အဲ့တာဆို ဒီကောင်တွေ ကျုပ်လောက်တောင် မမိုက်ဘူး ဒါပေမဲ့ အချိန် နည်းနည်းကြာလာတော့ သွေးတွေတော်တော် ထွက်နေတာ ခေါင်းကလည်းမူးလာတယ် အဲ့တော့ ကျုပ် သေရတော့မယ်ပေါ့ မသေခင်လေး ဆရာတော်ဟောထားတဲ့ သရဏဂုံသုံးပါးလေးကို စိတ်ထဲက ရွတ်နေတယ် ဒါပေမဲ့ မရပါဘူးဗျာ ရီလေးရဲ့အပြုံးတွေကိုပဲ မြင်နေရတယ်ဗျ ခက်ပြီ နောက်ဆုံးထွက်သက်ထိ ရီလေးကိုစွဲပြီး သေရင်တော့ ကျုပ် သရဲပဲ ဖြစ်မှာ သေချာတယ် ကျုပ်လည်း ငုတ်တုတ်ထိုင်ရာက ဇရပ်ပေါ်မှာ လှဲအိပ်လိုက်တယ် အယ် မသေသေးဘူးဗျ ခေါင်းက‌တော့ မူးနောက်နောက်နဲ့ နာနေတာပေါ့လေ အတော်ကြာတော့ ကျုပ်တွေးမိတာက ကျုပ်ကို ရိုက်တဲ့ကောင် သူ့အပေါင်းအသင်းတွေကို လေပေါတာပဲနေမှာလို့ပေါ့ မတ်တပ်တတ်ရပ်ကြည့်တော့လည်း အဆင် ပြေနေသေးတယ်။ အဲ့တာနဲ့ ကျုပ်လည်း ခေါင်းက သွေးတွေအရွှဲသားနဲ့ ရွာအပြင်ကို တယောက်တည်းလမ်းလျှောက်သွားတာပေါ့ဗျာ ။

(၅)

     နေကပူ ခေါင်းကမူး ကျုပ်ဖြင့် လမ်းလျှောက်တာ သေချာ   မလျှောက်နိုင်တော့ဘူး။မျက်လုံးတွေကလည်းပြာ ကျုပ်တကယ်သေတော့မှာလားလို့တွေးနေတုန်း မြင်းလှည်းတစီး ကျုပ် နောက်ကနေ ရပ်လိုက်တဲ့အသံကြားရတယ်။ကျုပ် နောက်လှည့်ကြည့်ဖို့ ကြိုးစားတော့ လူက မဟန်နိုင်တော့ဘူးဗျာ။လဲကျသွားတယ်ဆို‌ပါတော့ ကျုပ် လဲကျတဲ့အချိန် ဝေဝေဝါးဝါးမြင်ကွင်းထဲမှာ မြင်လှည်းပေါ်ကနေ မိန်းကလေးတယောက်ဆင်းလာတယ်ဗျ ပြီးတော့ငိုသံရောနေတဲ့အသံနဲ့ စိုးရိမ် တကြီးနဲ့ပြောနေတာကို ကြားတချက် မကြားတချက် ကျုပ်ကြားနေရတယ်။

    “ကိုစနေ ဘာဖြစ်တာလဲ လုပ်ပါဦး ကိုစနေ သတိထားပါဦး”

     ဒီအသံက ရီလေးအသံဗျ  သူ ကျုပ်ကို စိုးရိမ်နေတာပါလား ကျုပ် သေရတော့မယ်ဆိုရင်တောင် သေပျော်ပြီဗျာ သူမရဲ့လက်ဖ၀ါးနုနုလေးနဲ့ ကျုပ်ကို လာပွေ့တာ ကျုပ်သတိရတချက် မရတချက်မှာ ခံစားလိုက်ရတယ်။နောက်တော့ ကျုပ်ရဲ့ မြင်ကွင်းတွေ မှောင်မိုက်သွားတော့တာပါပဲဗျာ ကျုပ် ထင်လိုက်တာက ကျုပ် သေသွားပြီလို့ပေါ့။

    ဟော ကျုပ် ပြန်နိုးလာတယ်ဗျ ကျုပ်မျက်လုံးကို ဖွင့်လိုက်တော့ မြင်ကွင်းထဲမှာ အဖြူရောင်ကြီးဆိုတော့ အင်း ကျုပ် တမလွန်ကို ရောက်နေတာပေါ့ ဒါ ဒါဆိုကျုပ်က သေပြီး ဝိညာဉ်ဖြစ်နေပြီပေါ့ ဝိညာဉ်ဆိုရင် ကြားဖူးထားတာက ကိုယ်သွားချင်တဲ့နေရာကို စိတ်က အာရုံပြုပြီး သွားလိုက်ရုံပဲ အဲ့တော့ ကျုပ် မျက်လုံးကို ပြန်ပိတ်ပြီး စိတ်ထဲကနေ ရီလေး ရီလေးလို့ မှတ်ပြီး မျက်လုံးကိုပြန်ဖွင့်လိုက်တယ် အမလေး လန့်လိုက်တာဗျာ ဘိုးကာမျက်နှာကြီးဗျ သူက ကျုပ်ကိုကြည့်ပြီး

    “စနေ စနေ သတိရလာပြီလားဟ”

   “ဘိုးကာ  ဘိုးကာရော ကျုပ်နဲ့အတူ သေတာလား”

    “ဟေ့ကောင် ဘာတွေပြောနေတာလဲဟ “

    “ကျုပ် ကျုပ်တမလွန်ကို ရောက်နေတာလား”

   “ဒီကောင် ခေါင်းထိလို့ ရူးသွားတာလား မင်းမယားတရူးထပြီး ညောင်ကိုင်းကိုလိုက်သွားတာ ဟိုရောက်တော့ ကျော်တော့ လှေသူကြီး ညားတော့လှေထိုးသား ဖြစ်နေတာလေ ကံဆိုးမသွားရာ မိုးလိုက်လို့ ရွာဆိုသလိုပဲ ညောင်ကိုင်းကကောင်တွေ မင်းကိုဆော်ထည့်လိုက်တာ လမ်းမှာ လဲနေလို့  ရီလေးနဲ့ ငါ ဆေးရုံတင်ပေးထားတာ “

    ဪ အဲ့လိုလား အဲ့တော့မှ ကျုပ် ဆေးရုံမျက်နှာကျက်ကိုသတိထားမိသွားတယ်။ကျုပ် မသေဘူးဗျ ဆေးရုံလေးတင်ရောက်တာ ဘိုးကာကတော့ ကျုပ်ကို နှစ်သိမ့်ပေးတယ်။မကြာပါဘူး ဦးထွန်းလှိုင်နဲ့ အရီးစိန်တို့ ရောက်ချလာတယ်။ကျုပ်ကိုအားမငယ်ဖို့နဲ့ သူတို့ရှိတယ်ဆိုတဲ့ အကြောင်းတွေပြောတယ် ကျုပ်မှာတော့ ဟန်ဆောင်ပြုံးပြပြီး အဆင်ပြေကြောင်းပဲ ပြောရတာပေါ့။အရာအားလုံးက ပြီးဆုံးသွားပြီလေ ကျုပ် တရားနဲ့ပဲ ဖြေရမှာပေါ့ ဘုန်းကြီးကျောင်းသား အသဲကွဲရင် အရက်သောက်လို့ ဘယ်ဖြစ်မလဲ သောက်လို့လည်းမရပါဘူး ဆေးရုံက ဆင်းမှ ဆင်းမရသေးတာ။ကျုပ်ကို ရိုက်တဲ့ကောင် ဆေးရုံကိုရောက်လာတယ် သူ့မိဘတွေနဲ့ပေါ့။ပြီး‌တော့ ဘိုးကာနဲ့ ကျုပ်ကို တောင်းပန်တယ် ဘိုးကာကတော့ မကျေနပ်ဘူး တိုင်မယ် တောမယ်ပေါ့ဗျာ ကျုပ်ကတော့ ခွင့်လွှတ်ပါတယ် သူတို့က ဆေးဖိုး ဝါးခတွေ အကုန်ပေးသွားပါတယ်။ကျုပ်ကို‌လည်း ကျေးဇူးတင်နေကြတယ် ကျုပ်ကလည်း သူတို့သား ကျုပ်ကို ရိုက်သွားတဲ့ကောင်ကို ကျေးဇူးတင်မိတယ် ဘာလို့လဲဆိုတော့ နောက်ဆုံးအနေနဲ့ ကျုပ်ချစ်ရတဲ့ရီလေး ကျုပ်အပေါ်မှာ သံယောဇဉ်အစစ်အမှန်လေးရှိသေးတယ်ဆိုတာ ဖော်ထုတ်ပေးခဲ့လို့ပေါ့ အရာအားလုံးဟာ ဖြစ်ချိန်တန် ဖြစ် ပျက်ချိန်တန် ပျက်တာပဲလေ ဒီအသိတွေရအောင်လည်း ကျုပ်တို့ရဲ့ဘုန်းကြီးက ဆေးရုံကိုလာပြီး ကျုပ်ကို တရားတွေ ဟောနေတာကိုးဗျ တချို့များ သေအံ့ဆဲဆဲတွေကို တရားဟောပေးရတာ ကျုပ်ကိုတော့ မယားတရူးနေတာမို့ သက်သာအောင်တရားဟောပေးရတာ ကျုပ်အဖြစ်က သူများနဲ့မတူတာပါဗျာ အဲ့လိုနဲ့ တပတ်လောက် ကြာတော့ ဆေးရုံဆင်းပြီးပြီးချင်းပဲ ကျုပ်တို့ဘုန်းကြီးက ကျုပ်ကို ယောဂီဝတ်ခိုင်းတယ်ဗျာ ကျုပ်အသဲကွဲတာကို ဖြေဖျောက်ဖို့ အရက်မသောက်ရပါဘူး တရားအားထုတ်ဖို့ ယောဂီဖြစ်သွားရတော့တာပေါ့ဗျာ။

(၆)

     ကျုပ် ဆွမ်းစားကျောင်းကို အမှတ်သတိလေးနဲ့ သွားနေတယ် ဆွမ်းစားဖို့ပေါ့ အခု ကျုပ် တရားအားထုတ်တာ ဆယ့်ငါးရက်ကျော်ကျော် ရှိရောပေါ့ ဆွမ်းစားကျောင်းကိုရောက်တော့ ဘုန်းကြီးကို မတွေ့ရဘူး အဲ့တော့ ကိုရင်လေးနှစ်ပါးကို မေးကြည့်တယ်ပေါ့ဗျာ။

   “ကိုရင် ဘုန်းကြီး ဘယ်ကြွသွားတာလဲ”

   “ဟို ဟို”

    ကိုရင်လေးက ပြောချင်ပုံသိပ်မရဘူး ဒါပေမဲ့ ကျုပ်က ဆက်ပြီးမေးလိုက်တယ် ။

   “ကိုရင် ဘိုးကာကိုလည်း မတွေ့ပါလား  ဘုန်းကြီးနဲ့ ဘိုးကာ ဘယ်သွားလဲ ဘုရား”

   “ဟို ဟိုလေ ကိုစနေရဲ့ဒကာမလေး မင်္ဂလာဦးဆွမ်းကျွေးကို ကြွသွားကြတယ်”

    “ဪ သူတောင်မင်္ဂလာဆောင်ပြီကိုး အနိစ္စ အနိစ္စ”

   အမှန်တော့ အဲ့ဒီနောက်ကဟာတွေကို ဆက်ရွတ်ချင်တာ ဒါပေမဲ့ ကျုပ်လည်း အနိစ္စပဲသိတော့ အနိစ္စပဲ ရွတ်လိုက်မိတယ် ကိုရင်လေးတွေကတော့ ကျုပ်ရဲ့အပြင်ပန်းကို ကြည့်ပြီး ချီးကျူးနေတာပေါ့ဗျာ ဒါပေမဲ့ ပုထုဇဉ်လောကီလူသားပေမို့ ရင်တွင်းဝေဒနာတွေကိုတော့ ချက်ချင်းကြီး ဘယ်လိုများ ပယ်သတ်နိုင်မှာလဲဗျာ ။

ကဲ ကဲ ….ခင်ဗျားတို့လည်း ချစ်တဲ့သူနဲ့ညားနိုင်ကြပါစေ အသဲကွဲရင်လည်း အရက်မသောက်ပဲ ကျုပ်လို တရားထိုင်ပါလို့ အကြံပြုလိုက်ပါတယ် ဗျာ……

ကျနော်ရဲ့ Page လေးကို Follow ခဲ့ကြပါဦးခင်ဗျ 🙏🙏🙏🙏🙏