စိုင်းလိုက်မောင်းလိုက်

ငါးဦးတည်းသာ ထွက်လာခဲ့ကြခြင်းဖြစ်ပေသည်။

“ကဲ … ပစ္စည်းတွေ လှည်းပေါ်တင်လိုက်ကြရအောင်။ စားဖို့ သောက်ဖို့ အိမ်မှာအားလုံး စီစဉ်ထားတယ်။ ရွာခံတွေလည်း အိမ်မှာ စောင့်နေကြလေရဲ့”

ပစ္စည်းများ နွားလှည်းပေါ်တင်ပြီး လှည်းလမ်းကြောင်းကလေးအတိုင်း နွားနှစ်ကောင်က ခပ်သော့သောနှင့် ပြေးထွက်သွားကြပေတော့သည်။

“ခုချိန်ရောက်လာကြတာ အတော်ပဲ။ သားကောင်က တွေ့လိုက်ရင် အုပ်လိုက်ချည်းပဲ။ ကျည်ပေါပေါသုံးနိုင်ဖို့ပဲလိုတယ်”

နွားလှည်းကို မောင်းနေရင်းမှ ဂျပန်ပြောလိုက်သော စကားတို့ကြောင့် ကျွန်တော်တို့မှာ အားပင်တက်သွားမိကြပေသည်။ လာခဲ့ရကျိုးနပ်သည်ဟု တွေးတောနေလိုက်စဉ် ရွာဖျားရှိ အိမ်တစ်အိမ်မှ ခွေးများဟောင်လိုက်သံနှင့်အတူ ချိုးကွေ့လိုက်တော့ ဂျပန်အိမ်တွင်းသို့ ရောက်ရှိနေကြပေပြီ။

အချိန်နှောင်းနေကြပြီမို့ ကိုယ်လက်သန့်စင်ကြပြီးမှ သင်းခွေချပ်သားဟင်း၊ ပုတတ်ကြော်တို့နှင့် စားသောက်လိုက်ကြပြီး အနားယူ မှေးစက်လိုက်ကြပေတော့သည်။

နံနက်ပိုင်း အိပ်ရာမှနိုးထတော့ ရွာခံများနှင့်ညှိနှိုင်းကာ စိုင်အုပ်နောက်ခြေရာခံလျှင် လေးငါးရက်တစ်ပတ်လောက်ထိ ကြာနိုင်သည်မို့ လိုအပ်သော ရိက္ခာများဝယ်ယူရန်အတွက် တစ်ရက်နောက်ဆုတ် လိုက်ကြပေတော့သည်။

အလကားထိုင်နေကြမည့်အစား တောတောင်တို့၏ အနေအထားကို လေ့လာကြရန်အတွက် သေနတ်ကိုယ်စီကိုင်စွဲ၍ ထွက်ခဲ့ကြရင်းမှ လူစုခွဲ၍ တောတိုးကြရာ သတ်မှတ်ထားသောနေရာတွင် အချိန်မီ ရောက်မလာကြသဖြင့် စောင့်စားကြရသည်။ လူစုံသောအချိန်သည် စခန်းသို့ ပြန်ကြရန်အတွက် မဖြစ်နိုင်ကြသဖြင့် သစ်ပင်ကြီးတစ်ပင်ပေါ်သို့ တက်ရောက်အိပ်ခဲ့ကြရခြင်း ဖြစ်သည်။

အရုဏ်တက်စတွင် တောတောင်များအတွင်း ကျေးငှက်များ၏ သဘာဝအရ လင်းဝက်ငှက်အော်သံများကို ကြားရစ ပြုနေပေပြီ။ မကြာမီအချိန်အတွင်း အခြားတေးသီငှက်ကလေးများ၏ တွန်ကျူးတော့ မည့် သာယာနာပျော်ဖွယ်တေးသံများနှင့် တောကြက်၊ မျောက်၊ ဒေါင်းတွန်သံများကိုလည်း ကြားရပေတော့မည်။

တောကြီးတို့၏ သဘာဝအရ သစ်ရွက်သစ်ခက်တို့ဆီမှ နှင်းစက်နှင်းပွင့်တို့ကျသံ တဖြောက်ဖြောက်၊ ရောင်နီပျိုးလာတော့ မရမ်းရွာဖက်တောင်မကြီးဘက်မှ အလင်းရောင်တို့ ထွက်ပေါ်လာကြသည်။

တောကြီးတစ်ခွင်လုံး ပုရစ်ဖူးတွေအဝေသားဖြင့် လေပြေက တဖြူးဖြူး တိုက်ခတ်နေခြင်းကြောင့် သင်းသင်းပျံ့ပျံ့ မြေသင်းနံ့ကလေးများနဲ့အတူ လျှောက်လှမ်းလာခဲ့ကြသော ခရီးကားဝေးလံပေမဲ့ မမောပန်းနိုင်ကြ။

တောအခြေအနေက တောမီးများလောင်ထားခြင်းကို ခံရပြီးမို့ သစ်ရွက်သစ်ခက်ခြောက်တို့ မီးကျွမ်းနေသော နေရာများတို့တွင် ပုတတ်စာပန်းဖြူဖြူကလေးတို့က ဟိုတစ်စု သည်တစ်စုနှင့် ရှိနေကြသည်။ အခြား မြေကပ်ပန်းလှလှကလေးတို့နဲ့အတူ ငွားငွားစွင့်စွင့် အလှချင်းပင် ပြိုင်နေကြသယောင်။

ပုတတ်ကောင်ငယ်တို့က ပုတတ်ပန်းဖြူဖြူတို့ကို ကိုက်ဝါးစားနေကြရင်းမှ ကျွန်တော်တို့အုပ်စုကိုပင် တထိတ်တလန့်မရှိကြဘဲ တစ်ခုတ်တမဲ့ ကိုက်ဖြတ်စားသောက်နေကြသည့် မြင်ကွင်းကပင် ကျွန်တော်တို့အတွက် စိတ်ချမ်းသာစရာ။

“နင်တို့လားကွာ … နေနှင့်ကြဦးပေါ့ … တောက်”

ဉာဏ်ကျယ်၊ အာလူးနှင့် ကုလားကြီးသန်းညွန့်တို့ထံမှ ကြိတ်မနိုင် ခဲမရ အသံများကို ကြားလိုက်ရသည်။ တောင်ကျောသည် ကျယ်ဝန်းပြန့်ပြူးသော လွင်ပြင်များအထက်သို့ ထိုးထိုးထောင်ထောင်ရှိနေကြ တောင်ကတုံးများနှင့် ကျောက်သားဆန်သောမြေနှင့် သစ်ရိုင်းပင်များ ကျဲပါးလျက်ရှိကြသည်။

ကျွန်တော်တိုအုပ်စု ကျောက်ကမ်းပါးယံကြီးတစ်ခုသို့ တက်ရောက်လိုက်ကြပြီး မြူခြေဆိုင်းသော အောက်ခြေလွင်ပြန့်များဆီသို့ လှမ်းကြည့်ကြရင်း အမောဖြေနေကြစဉ်အတွင်း . …

“ကစ် … ကစ် … ကစ်”

ရွာခံမုဆိုး ဂျပန်၏ အချက်ပေးလိုက်သံ ကြားလိုက်ရသလို သူ့လက်ညှိုးညွှန်ပြရာ အောက်ခြေချိုင့်ဝှမ်းတစ်ခုဆီ လှမ်းကြည့်လိုက်ရာ ဆင်ခြေလျှောအတိုင်း လွင်ပြင်၏ ဟိုမှာဘက်မြက်ခင်းပြင်ကို ခေါင်း ငုံ့၍ တည်ငြိမ်အေးဆေးစွာ စားသောက်နေကြသော သားကောင်တစ်အုပ်ကို တွေ့မြင်လိုက်ကြရသည်။ သားကောင်အုပ်က အရွယ်ညီသလို ခပ်သေးသေးအကောင်များလည်း ပါနေသဖြင့် မိသားစုအုပ်ပင်။

သားကောင်အုပ်မှ အနည်းဆုံး (၁၅)ကောင်အထက်ပင်။ နှင်းမှုန်များနှင့် တောင်ခိုးများအကြားမို့ ဘာကောင်တွေရယ်မှန်းတော့ဖြင့် မသိ။ ဝေ့ဝေ့ဝါးဝါးရယ်သာ။

“ပြောင်အုပ်လားကွ”

“စိုင်အုပ်”

ဟုဆိုလိုက်သဖြင့် အဘကောင်းက လည်ပင်းတွင်ဆွဲထားသော မှန်ပြောင်းနှင့် လှမ်းကြည့်လိုက်ရင်း ကျွန်တော့်ကို လှမ်းပေးလိုက်သည်မို့ မှန်ပြောင်းနှင့် ကြည့်လိုက်စဉ် အမြင်အာရုံတွင် စိုင်အုပ်အမှန်ဖြစ် ကြောင်း ထင်ရှားစွာ သက်သေခံနေပေသည်။

စိုင်များကား လျှိုအောက်ခြေပိုင်းတွင် ငုံ၍ အစာများကို စားသောက်နေကြရင်း စမြုံ့များပင် ပြန်စပြုနေပေပြီ။

“ကဲ … ဘယ်လိုလုပ်ကြမလဲ။ လျှိုအောက်ကိုဆင်းပြီး ပစ်ကြမလား”

ဟု အဖွဲ့သားများ၏ သဘောထားကို မေးမြန်းလိုက်တော့-

“အောက်ကိုဆင်းပစ်တာကတော့ ဟုတ်ပါပြီ။ အကောင်တွေရရင် အပေါ်ရောက်အောင် ဘယ်လိုသယ်ကြမလဲ”

အဘကောင်းက တွေးတွေးဆဆနှင့် ပြောလာသည်မှာ မှန်နေသည်။ ကျွန်တော်ပင် ဘာပြောရမှန်းမသိ။ မုဆိုးတိုင်းက သားကောင်များကိုတွေ့လျှင် ပစ်ခတ်ချင်ကြသည်။ ပစ်ခတ်လို့ရရှိပါကလည်း စခန်ချရာဆီသို့ သားကောင်အသေကို သယ်ဆောင်ဖို့ကိစ္စကို အဓိကထားပြီး တွက်ဖို့လိုအပ်သည်။

မြေပြန့်တွင် ပစ်ခတ်လို့ရရှိပါက ယခုလို အလေးချိန်စီးသော ပိဿာချိန် လေးရာနီးပါးလို အကောင်ကြီးမျိုးကို လှည်းဖြင့် သယ်ဆောင်လို့က ရသေးသည်။ ယခုမူ သားကောင်ကြီးများက တောင်ကမ်းပါးယံ အောက်တွင် ရှိနေကြသည်မို့ အသားများကိုဖျက်၍ တစ်နိုင်စီ ထမ်းပိုးယူလျှင်တောင် သယ်ယူနိုင်ကြမည်မဟုတ်။

အဖွဲ့သားများအားလုံးကပင် ထိုသို့တွေးထင်ထားကြသည်မို့ ခွန်းတုန့်မပြန်နိုင်။ စိုင်လိုသားကောင်ကြီးမျိုးကို ပစ်ခတ်ချင်လို့ အပင်ပန်းခံကာ လိုက်ခဲ့ကြပေမဲ့ တွေ့ပြန်တော့ သယ်ဆောင်ဖို့ ခက်ခဲနေသည့်နေရာမျိုးတွင်မို့ အခက်တွေ့နေကြရပြန်သည်။ စိတ်ကိုလျှော့ချလိုက်ကြကာ ရှေ့ခရီးဆီ ဆက်လိုက်ကြပြန်သည်။

“အောက် အီး အီး အွတ်”

တောကြက်ဖငယ်တစ်ကောင်၏ တွန်သံကို မလှမ်းကမ်း ဇင်ပြွန်းချုံကြီးအတွင်းမှ အနီးကပ်ကြားလိုက်ရသဖြင့် လှမ်းကြည့်လိုက်စဉ် တောကြက်ဖငယ်မှာ အဝေးသို့ ပျံထွက်သွားသည်။ စိုင်ကို အဓိက ထားလိုက်နေကြသည်မို့ အလေးမထားနိုင်အား။

သစ်ပင်ကြီးများကျဲပါးပြီး အောက်ခြေရှင်းသော အင်တိုင်းတောကြီးပေမို့ ဂျပန်က မြေပြောင်ပြောင်တွင် ခပ်ဝိုင်းဝိုင်းနဲ့ အထင်အရှားပင် ထင်ကျန်နေသော ခြေရာတစ်ခုကို စိတ်ဝင်စားစွာ ငုံ့ကြည့်နေရင်း မှ ပတ်ဝန်းကျင်ကို လိုက်လံအကဲခတ် ကြည့်ရှုနေသည်ကို တွေ့မြင်နေရသည်။

ခြေရာရှင်သည် လမ်းအတိုင်း စုန်ပြီးသွားထားရင်းမှ လက်ဝဲဘက် ဖန်ခါးပင်အောက်တွင် ကြွေကျထားသော ဖန်ခါးသီးများကို ကောက်ယူစားထားရင်း ပင်စည်လုံးအား လက်ပြင်နှင့် ပွတ်တိုက်အယားဖြေ သွားရင်း ဦးချိုနဲ့ခတ်သွားသဖြင့် ပင်စည်ခေါက်တို့ ပဲ့ကျနေသည်ကို အတိုင်းသားတွေ့နေရသည်။

“သတိထားကြနော်။ စိုင်ကြီးနောက်ကို တောကောင်ကြီး လိုက်ချောင်းနေတယ်”

ရွာခံမုဆိုးပြောလိုက်သော စကားတို့ကြောင့် ကျွန်တော်တို့အားလုံး တအံ့တသြပင် ဖြစ်ကြပြီး တောကောင်ကြီး၏ခြေရာကိုမူ သတိမထားလိုက်မိသည့်အတွက်ပင်။

“ရှေ့က ရေငန်းတောမှာ ဟိုအကောင်ကြီး ခိုနိုင်တယ်။ သတိထား။ လူဖြန့်တက်”

အဘကောင်းက လှမ်းပြောသဖြင့် ဉာဏ်ကျယ်၊ အာလူး၊ ကုလားကြီးသန်းညွန့်နှင့် ဂျပန်တို့က ကိုင်ဆောင်ထားကြသော သေနတ်များကို အရေးရှိက အသင့်ပစ်ကြတော့ရန် အနေအထားမျိုးသို့ ကိုင် ဆောင်လိုက်ကြရင်း ရေငန်းတောကြီးဆီသို့ တရွေ့ရွေ့လှမ်းနေကြသလို ကျွန်တော်နဲ့ ဘကြီးကောင်းတို့ကလည်း ရင်ဘောင်တန်း၍ လျှောက်လှမ်း နေကြစဉ် …

“ငပြောက် . . . ထွက်ဟ”

ငှက်ကလေးတစ်ကောင်က လူတွေရဲ့စကားပြောသံမျိုးနှင့် ပီပီသသအော်ဟစ်လျက် ပျံသန်းပြေးထွက်သွားရင်း တောင်ပိန္နဲပင်၏ ကိုင်းဖျားတစ်ခုတွင် နားခိုလိုက်သည်ကို တွေ့လိုက်ရသည်။

တောတောင်ကြီးတို့၏ သဘာဝအရ ယခုကဲ့သို့ ငှက်ကလေးမျိုး အလန့်တထိတ် အော်မြည်ပျံသန်း ပြေးထွက်သွားကြသည်ကို ကြုံတွေ့ကြရပါက ရွာခံမုဆိုးဂျပန် စောစောကပြောသကဲ့သို့ တောကောင် ကြီးတစ်ကောင်နှင့် ထိပ်တိုက်တိုးကြတော့မည်ဆိုသည်မှာ ဖြစ်နိုင်ခြေ ရှိနေပြီမို့ အုံ့အုံ့ဆိုင်းဆိုင်း အသွင်မျိုးရှိနေသော ရေငန်းတောကြီးဆီသို့ သတိကြီးစွာထား၍ လှည့်ကြည့်လိုက်လေသည်။

ဉာဏ်ကျယ်နှင့်အာလူးတို့ကို မေးငေါ့ပြလိုက်မိသည်မို့ နီးစပ်ရာ ကျစ်စာခဲများကို ကောက်ယူလိုက်ကြရင်း ရေငန်းတောကြီးအတွင်းသို့ ရှေ့ဆင့်နောက်ဆင့် ပစ်သွင်းလိုက်ကြပေတော့သည်။

“အာဝူး … ဝေါင်း … ဝေါင်း”

နက်ကျောကျယ်လောင်သော သားကောင်ကြီးတစ်ကောင်၏ မာန်ဖီဟိန်းဟောက်လိုက်သံကြီး တိတ်ဆိတ်သော တောကြီးအတွင်း မြေတုန်ခမန်း ပေါ်ထွက်လာသည်နှင့်အတူ ရေငန်းတောကြီးအတွင်းမှ လွှားခနဲခုန်ထွက်လာသော သားကောင်ကြီးတစ်ကောင်ကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ မြင်တွေ့လိုက်ကြရပေတော့သည်။

ခုန်ထွက်လာခဲ့သော သားကောင်ကြီးမှာ မြေပြင်သို့ပြန်အကျတွင် ကျွန်တော်တို့ တွေ့မြင်လိုက်ကြရသည်။ အရောင်အဆင်းအားဖြင့် နီညိုရောင်ဖြစ်ပြီး ခေါင်းကြီးက သားကောင်ကြီးနှင့်မလိုက် ကြီးမား တုတ်ခိုင်နေသလောက် အမည်းစင်းများရောပြွန်းလျက် မျက်ကွင်းနှစ်ခုကလည်း နီရဲတောက်ပြောင်လျက်ရှိသည်။

နဖူးပြင်နှင့် ပါးပြင်တို့တွင် အမဲစင်းတန်းကြီးများနှင့် နားရွက်တိုတို ဝိုင်းဝိုင်းကလေးနှစ်ခုက ထောင်လျက်အရာရာကို ထီမထင်ဟန်နှင့် ဘေးတိုက်အနေအထားမျိုးနှင့် ကျွန်တော်တို့ခြောက်ဦးကို တန်းစီပြီး လိုက်လံကြည့်ရှုနေ၏။

သွေးသံရဲရဲနှင့်ရှိနေသော သူ၏ပါးစပ်ကြီးကို ဖြဲလျက် ကြီးမားရှည်လျားသော အစွယ်ကြီးများကိုထုတ်ကာ မြေပြင်ကို ဗိုက်ချဝပ်စင်းလိုက်ကာ သူ၏အမြီးကို တဘုတ်ဘုတ် နဲ့ လှုပ်ရမ်းရိုက်ပုတ်နေသည်။

ကျွန်တော်တို့အုပ်စုကို ဘယ်သူ့ကို အရင်ခုန်အုပ်ဖို့ ကြံစည်နေသည့် ဟင်းမျိုးကြီး၏ အရှေ့ပိုင်းကို အနီးကပ် မြင်တွေ့လိုက်ကြရပေတော့သည်။

ဟင်းကောင်ကြီးမှာ မကြာမတင် အချိန်အတွင်းကမှ သားကောင်တစ်ကောင်ကို ကိုက်ချီဆွဲယူလာခဲ့ပြီး သည်တောချုံကြီးအတွင်းတွင် သွေးများကိုစုပ်ယူကာ အသားအချို့ကို ကိုက်ဝါးစားသောက်နေစဉ် သူ၏အနီးသို့ ကျွန်တော်တို့အုပ်စုက မမျှော်လင့်ဘဲ ရောက်ရှိသွားသဖြင့် အစာမာန်ယစ်နေသော ဟင်းကောင်ကြီမှာ ဒေါသအမျက်ချောင်းချောင်းထွက်ကာ တောချုံကြီးအတွင်းမှ အပြင်သို့ခုန်ထွက်လာကာ အစာမာန်ဖြင့် သူကိုနှောင့်ယှက်သော ကျွန်တော်တို့အား တိုက်ခိုက်အန္တရာယ်ပြုရန် ဖြစ်ပေသည်။

ကျွန်တော်တို့အုပ်စုမှာ ဟင်းမျိုးကြီးကို အသင့်ပစ်ခတ်ကြတော့ရန် မုဆိုးထိုင်ထိုင်လျက် ငြိမ်သက်စွာ ထိုင်နေကြသည်မို့ ဟင်းမျိုးကြီးကား ဘယ်သူ့ကို အရင်ခုန်အုပ်လျှင် ကောင်းမည်လဲဟု စဉ်းစားနေချိန် တွင် ကျွန်တော်တို့အတွက် ပစ်ကွင်းကောင်းကို ကျကျနန ရွေးချယ်ခွင့်ရနေခြင်းပင်။

ကျွန်တော်တို့က ဟင်းကောင်ကြီး၏ နီရဲတောက်ပြောင်နေသော မျက်လုံးကြီးနှစ်လုံးအကြားကို ပစ်မှတ်အဖြစ်ထားလိုက်သည်။ သို့မှသာ ဦးနှောက်ဆီသို့ ကျည်က ဖြတ်ဖောက်သွားမည်မဟုတ်ပါလား။

ဟင်းမျိုး (ခ) တောကောင်ကျားကြီးသည် ကြီးမားသည့် စိုင်ကြီး၏ လည်ကုပ်ကို အမိအရကိုက်ခဲပြီး သူလိုရာသို့ မသေမရှင်ဖြစ်နေစဉ် အတွင်းဆွဲယူလာကာ လိုရာကိုရောက်တော့မှ အပြီးစခန်းသိမ်း၍ လည်ချောင်းသွေးများကို သောက်သုံးပြီးကာမှ ဝမ်းတွင်းသားတို့ကိုဖောက်၍ ပွဲတော်တည်နေစဉ် ကျွန်တော်တို့အုပ်စုနှင့် မထင်မှတ်ဘဲ တွေ့ဆုံလိုက်ရပြီး ဇီဝိန်ချုပ်သွားပုံရပေသည်။

“ဟန်ကျလိုက်တာ . . . ။ ရချင်တော့လည်း တစ်နေရာထဲက အကောင်ကြီးနှစ်ကောင် ရလိုက်တယ်။ လိုက်တော့ စိုင်နောက်။ ပစ်တော့ ကျား။ စိုင်က အဆစ်ရလိုက်သေး။ တယ်ကံများကောင်းချင်တော့ ဒီနယ်ပယ်က တောပိုင်၊ တောင်ပိုင်တွေက တပည့်သားသမီးတွေကို ချစ်တော့ အပေးရက်ရောတယ်နော်။ အားကြီးချစ်ဖို့ကောင်းတယ်။ ဟဲ … ဟဲ … ဟဲ”

အငယ်ဆုံးမုဆိုးလေး ဉာဏ်ကျယ်က အားရဝမ်းသာစွာနှင့် ပြောလိုက်သည်။ တောလိုက်မုဆိုးတို့က တစ်ခါတစ်ခါ ယခုကဲ့သို့ မမျှော်လင့်သောဖြစ်ရပ်မျိုးနှင့် ကြုံတွေ့တတ်ကြပါကလားရယ်လို့ တွေးတော နေလိုက်မိပေသည်။

ခပေါင်းချောင်းဘေး မှိန်းခုန်စခန်းသို့ အပြန်ခရီးကား လမ်းတစ်လျှောက်တွင် ညနေစာအမြည်းအတွက် ဒေါင်း၊ ရစ်နှင့် တောကြက်များပစ်ခတ်ကြရင်း ပြန်ကြမည်ဟု တိုင်ပင်လိုက်ကြရင်း တက်ကြွစွာ လျှောက်လှမ်းလိုက်ကြပေတော့သည်။

– ပြီး –

စာရေးသူ – လေးမောင်
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

မုဆိုး တံငါ စာပေများပေ့ချ်မှကူးယူဖော်ပြသည်