ညည့်မျက်လုံး

ခြင်နှင့် ပိုးကောင်များ၏ ကိုက်ခဲမှုဒဏ်ကိုဖြင့် ကျွန်တော် မခံမရပ်နိုင်သေးကြောင်း ရိုးသားစွာ ဝန်ခံရပေမည်။

လေပြင်းကလေးသည် ရှဲကနဲနေအောင် ကျွန်တော်တို့ အနီးတဝိုက်၌ တိုက်ခတ်လိုက်သည်တွင် ကျွန်တော်နှင့် ဦးဘိုးဟန်တို့၏ “ပုန်းအုံ”သစ်ခက်အကာအကွယ်များသည် သိမ့်ကနဲ လှုပ်ရှားသွား ပါသည်။

ညဉ့်ငှက်တကောင်သည် တဖျတ်ဖျတ် အတောင်ခတ်ရင်း ဝါးရုံရိပ်အနီးက လှည့်ပတ်ကာ ပျံသန်းသွားနေသည်။

ဦးဘိုးဟန်နှင့် ကျွန်တော်သည် ဤမျှလောက် အေးချမ်းနေသော အချိန်အခါမဟုတ်သည့် ညဉ့်နက်ကြီးတွင် အဘယ်ကြောင့် ဒုက္ခခံ၍ ကျားကြီးတွေ အသွားအလာကို ချောင်းမြောင်းနေပါသနည်းဟု မေးစရာရှိပေလိမ့်မည်။

စာဖတ်သူ တော်တော်များများ တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ ဤ ချမ်းစီးလှသော အခါသမယအပါအဝင် လေးလတို့၌ အိမ်ကြောင်များသည် အိမ်ထောင်သားမွေးခြင်း ပြုလုပ်ကြောင်း “မိတ်လိုက်”ခြင်း ပြုလုပ်သည့် အလေ့အထကို သတိပြုမိကြပေလိမ့်မည်။

ထိုနည်းတူစွာ တောတွင်းရှိ ကျား၊ ကျားသစ်တို့ကလည်း ဤလေးလအတွင်း၌ အိမ်ကြောင်တွေနည်းတူ မိတ်လိုက်ကြသည်။ တောတွင်း ကျားများသည် ထို တန်ဆောင်မုန်းလဆန်းကတည်းက တပို့တွဲလကုန်လောက်အထိ သည်ရက်များသည် အဖော်ရှာကာ တောတွင်းချုံပုတ် ကျောက်ကျိုများတွင်းမှ ပုန်းအောင်းမနေတော့ဘဲ တောရွာ တရွာမှ တရွာ ကူးသန်းသည့် ခြောက်ပေလှည်းလမ်းများတွင် လမ်းသ လားကာ၊ လူးလာတုံပြန် မြူးတူးလေ့ရှိကြသည်။

ခါတိုင်းခါတိုင်း အချိန်မျိုး၌ တောတွင်း၌ ကျားတကောင်ပင် တွေ့ရန် ခဲယဉ်းခဲ့သော်လည်း ထိုအချိန်အခါ မိတ်လိုက်ချိန်တွင် ကျားသုံးလေးကောင်တအုပ် အုပ်ဖွဲ့ကာ ခြောက်ပေလမ်းမ ပေါ်၌ တော်သလင်းလ ခွေးတွေအုပ်ဖွဲ့သလို မြူးတူးလေ့ ရှိပါသည်။ ခွေးချင်းမာန်ဖီကာ “မ”အတွက် တကောင်နှင့်တကောင် ကိုက်ကြ ကုပ်ကြသလို ကျားမိတ်လိုက်ပွဲ၌ ပွဲကြီးပွဲကောင်းအဖြစ် “မ”အတွက် သတ်ကြပုတ်ကြ ကုပ်ကြသည်မှာ တတောလုံး ဆူညံနေတော့သည်။

တောကျကျ ကျေးရွာသားများသည် ဤအချိန်အခါမျိုး ညဉ့်ချမ်းကာလတွင် တရွာနှင့်တရွာ အဖော်အပေါင်း မတောင့်တင်းဘဲ မီးပုန်း မီးအိမ် မပါဘဲ ခရီးမသွားကြပါ။

‘မ’အတွက်မာန် ဖီနေသော ကျားသည် လူရော-ကျား ကျားချင်းရော မညှာတမ်း မဲမဲမြင်ရာ ရန်မူလေ့ရှိပါသည်။ တောတွင်း၌ နေထိုင်မှုများစွာ ရှိခဲ့သော ကျွန်တော့အဖို့ ထိုသောကာလ ညဉ့်မျိုး၌ တဆူဆူ တညံညံနှင့် ကျားကျားချင်း ကိုက်ပွဲ တိုက်ပွဲမှ အသံမျိုးစုံနှင့်တကွ ခွေးတွေ တဆူဆူနှင့် အူသလို ဟောင်သလို ကျားဟိန်းသံ၊ မာန်သံ၊ မြူးသံ သံစုံကို အရကျက်မှတ် ကြားသိ မှတ်သားခဲ့နိုင်ပါသည်။

ကျွန်ုပ်တို့ ၂-ဦးသည် မုဆိုးပီပီ ကျားတော်သလင်း ပွဲ ကို ကိုယ်ချင်းမစာ ဝင်ရောက်ဖျက်ဆီးနေသူများ မဟုတ်ပါ။ ကျားများသည် ကိုယ့်သဘာဝအတိုင်း မိတ်လိုက်ကာ မြူးနေကြလျှင် ကျွန်ုပ်တို့အလုပ် မဟုတ်ပါ။ ဤသို့ ဒုက္ခခံ၍ ကျားကြီးတွေကို ချောင်းမြောင်းစောင့်စားနေရန် အရေးတရပ် မပေါ်နိုင်ပါ။

သို့ရာတွင် ကျားတွေသည် ထိုအချိန်အခါမျိုး၌ မိတ်လိုက်ရင်း အစာအတွက် ဝေးဝေးလံလံ တောကောင် စားကောင်များကို တပင်တပန်း မရှာတော့ဘဲ တွေကရာ နီးစပ်ရာရွာက နွားရော၊ ဝက်ရော၊ တချီတချီ လူတွေပါ ဝင်ရောက်ဆွဲ၍ စားတော်ခေါ်ကြ သောကြောင့် ကျွန်ုပ်တို့နှစ်ယောက် ဆက်၍ တစခမ်းပေါ်ခဲ့ရခြင်းသာ ဖြစ်ပါသည်။

ပျဉ်းမနားအနောက်နယ်၏ အနောက်မြောက်ကျကျ ဖိုးဆောင်တောင်ခြေရှိ ချင်းရွာနှင့် သင်းဝင်တိုင်ရွာ ၂-ရွာ၏ အနောက်ဘက် တောင်ခြေကပ်လျက်ရှိသော ၆ ပေ အကျယ်ရှိ လှည်းလမ်းကြီးပေါ်မှာကား ကျားတွေ၏ လူးလာတုံ့ပြန် သွားလာနေသည့် မိတ်လိုက်ပွဲကျင်းပရာ လမ်းမကြီး ဖြစ်နေပါသည်။

လွန်ခဲ့သော ၃ ညလောက်ကပင် ချင်းရွာမှ ဝက် ၄ ကောင်၊ သင်းဝင်တိုင်မှ ကျွဲတကောင်၊ နွားမတန်းတကောင်ပါ မိတ်လိုက်ပွဲ ပါဝင်ဆင်နွှဲကြသော ကျားတွေ ဝင်ရောက်စားသောက်ကြသည်။ ရွာသားတွေမှာ ကျားတွေခြေရာ၊ ကျားတွေ၏ မာန်ဖီသံတွေ၊ ဟိန်းသံ လိုက်သံတွေ အတိုင်းသားကြား၊ အထင်း သား မြင်နေရသည်ကြောင့် သံပုန်းခေါက်သံ၊ ဝါးဆစ်များကို မီးဖိုထဲထည့်၍ ပေါက်ကွဲစေခြင်းဖြင့် ဝါးဖောက်၍ ခြောက်လှန့်သံများနှင့် အစာဝင်ဆွဲသော ကျားတွေကို ခြောက်လှန့်ရုံမှအပ အခြားနည်းလမ်း မရှိတော့ချေ။

အဆိုးဝါးဆုံးမှာ ရွာထဲက ခွေးတွေဖြစ်သည်။ ကျားနံ့ရသည်နှင့် တပြိုင်နက်တည်း ဖင်တရွတ်ဆွဲကာ ကြောက်နေကြသည်။ ကျားတွေ ရွာနားကပ်လာသည့်အခါတွင် ခွေးများသည် အိမ်ရှင်သခင်ကိုပင် မကြောက်တော့ဘဲ အိမ်ဝင်း အိမ်ပေါ်သို့ အလုအယက် တက်ရောက်၍ ပုန်းအောင်းနေကြကြောင်း သိရတော့သည်။

ထိုကဲ့သို့ ကျူးကျော်စော်ကားမှုများကြောင့် ကျွန်တော်နှင့် ဦးဘိုးဟန်တို့သည် ၆ မိုင်သာသာဝေးသော တပ်ရင်းရုံးမှ ချင်းရွာသို့ နေမဝင်မီ အရောက်ချီတက်ခဲ့ခြင်း ဖြစ်ပါသည်။

ကျွန်တော်က ဂိုက် ၅ဝ ခန့်ဆီ၌ လမ်းကို ကန့်လန့်ဖြတ်ကာ ဆွဲတန်းထားလော မျှင်ကြိုးများ၏ အခြေအနေ၊ မျှင်ကြိုးများ၏ အလယ်နှင့် အောက်ဖက်၌ ဆွဲထားသော ခြူကလေးများ၏ လှုပ်သံကို နားစွင့်နေမိသည်။ ချွင်ကနဲ ခြူသံကြားလျှင် ကျွန်တော်၏ သိုးမွှေးဦးထုပ် နဖူးထိပ်မှ တပ်ဆင်ထားသော ဓာတ်ခဲ ၆ လုံးအား အမဲပစ် မီးခလုတ်ကလေးကို နှိပ်လိုက်ရမည်။ လင်းကနဲ ထွက်ပေါ်လာသော မီးရောင်အောက်၌ မျှင်ကြိုးကို တိုးလာသော ကျားကို ကျကျနနကြီး ပစ်ခတ်ရှင်းလင်းပေးရပေလိမ့်မည်။

ကျွန်တော်တို့၏ အစီအစဉ်တွေသည် ဟန်ပုံမရပါ။ ကျွန်တော်၏ လက်ပတ်နာရီ ညဉ့်ကြည့်ဒိုင်ခွက်၌ နာရီပြန်တချက်စွန်း၍ ခွဲလုနီးနီး တွေ့နေရသည်။ ချမ်းကလည်း ရက်ရက်စက်စက် ချမ်းနေပါပြီ။ ရေက ငတ်သည်ထက် ဝမ်းထဲက အစာအာဟာရ မရှိခြင်း၊ ဆာလောင်ခြင်း ဝေဒနာဖြင့် ဆန္ဒပြနေပါသည်။

“မဟုတ်ပါဘူး ဗိုလ်မှူး။ ခင်ဗျား ဆေးအနံ့တွေနဲ့ ကျုပ်တို့ အနံ့တွေကြောင့် ကျားတွေ ဒီနားက ကွေ့ပြီး ကွင်းပြီး ကျော်သွားတယ်ဗျ။ ခုဏက ကြားရရဲ့ မဟုတ်လား။ မာန်သွင်းသံဟာလေ ဂိုက်နှစ်ရာလောက်ဘဲ ကွာမယ်”

ဦးဘိုးဟန်သည် ကျွန်တော့်ကို အကြံဥာဏ်ပေးလာသည်ကြောင့်…

“ကဲ ပြန်ကြတာပေါ့ဗျာ။ ဘယ့်နဲ့ ကျားတွေဟာ ခုအချိန် လူတွေမကြောက်ဖူးဆို အဖိုးကြီး။ ဘာလို့ ရှောင်သွားသလဲ”

“အဲ့ဒါပေါ့ဗျ၊ ကျားဟာ ကျုပ်တို့လိုဘဲ စဉ်းစားချင့်ချိန်တဲ့ အသိဥာဏ်တွေ ရှိတယ်။ သူတို့ ဘေးဥပါဒ် ဖြစ်မဲ့အရေး အလွန် ကြိုတင်သိရှိပုံဘဲ။ ကျားဆိုတာ ကျစ်ကျစ်လစ်လစ် နေထိုင်တတ်လို့ အသက်ရှည်တာပေါ့ဗျ။ ဒီလိုအချိန် ရွာသားတွေ ဘယ်သူမှ မထွက်ရဲတဲ့ အချိန်မှာ ကျုပ်တို့က သူတို့ လူးလာတုံ့ပြန် သွားတဲ့လမ်းဘေးက ကပ်ပြီး စောင့်ရဲတယ်ဆိုတာ ကျားတွေ သိတယ်။

စဉ်းစားစမ်း၊ ဒါကြောင့် ခပ်ဝေးဝေးက ကျုပ်တို့ကိုယ်နံ့ လူနံ့တွေ ရပြီး ကျုပ်တို့ကို ရှောင်ကွင်းသွားကြတာပေါ့ဗျ။ ဒါပေမယ့် တခုတော့ သတိထားရမယ်။ ကျုပ်တို့ကို လစ်ရင် လစ်သလို တွယ်မယ်နော် … အထင်မသေးနဲ့”

နှစ်ယောက်သားသည် နဖူးမှ မီးပွင့်များကို ခလုတ်နှိပ်ကာ ဖွင့်၍ နေရာအနှံ့အပြား ရှာဖွေကြည့်ရှုပြီး တပ်ဆင်ဆွဲထားသော မျှင်ကြိုးတန်းများနှင့် ချူလုံးများကို သိမ်းဆည်းလိုက်ကြသည်။ ထို့နောက် ကျွန်တော်တို့နှစ်ယောက်သည် ချင်းရွာဆီသို့ ပြန်ရန် ခြောက်ပေလမ်းအတိုင်း လှည့်တတ်ခဲ့သည်။

နဖူးမှ မီးရောင်သည် ထိန်ထိန်လင်းနေတော့သည့်အတွက် လမ်းပေါ်၌ အပ်တချောင်း ကျရောက်သည်ကို အလွယ်တကူ ကောက်နိုင်စွမ်း ရှိတော့သည်။ ဂိုက်တရာကျော် လျှောက်မိသောအခါ ဦးဘိုးဟန်သည်

“မြင်လား … ဒီဘက်ကို လာမယ့် ကျားခြေရာဟာ တောဘက်ဖဲ့ဆင်းသွားတယ်။ ကဲ … ယုံပြီလား၊ ကျုပ်တို့ လူနံ့တွေ ရနေတာ”

ဦးဘိုးဟန်သည် လှည်းလမ်းကြောင်းထဲ၌ ကြီးမားသော ခြေရာခွက်ကြီးတွေ ထင်ကျန်ရစ်သော ကျား ခြေရာကြီးများနှင့် လမ်းမပေါ်မှ လမ်း၏ ဘယ်ဘက် သက်ငယ်တောထဲသို့ ဖဲ့ဝင်သွားသော ခြေရာ လတ်လတ်ဆတ်ဆတ်ကြီးတွေ ညွှန်ပြပါသည်။

“အစစ်ပေါ့ဗျာ၊ ဒီအကောင်တွေ အားကြီးပါးတယ်”

ကျွန်တော်သည် အမှန်အတိုင်း ဝန်ခံလိုက်ရပါသည်။

နှစ်ဦးသားသည် ခြောက်ပေလမ်းမပေါ်မှ ဝဲယာနေရာ အနှံ့အပြားကို ခေါင်းလှည့်ကာ ရှာဖွေရင်း တက်ခဲ့သည်။ ကျွန်တော် ခေါင်းလှည့်လိုက်တိုင်း ဂိုက်သုံးရာခန့်သို့ ဝင်းကနဲ ပြေးနေသော မီးရောင်သည် စူးရှစွာဖြင့် တန်းတန်းကြီးလင်းကာ သားကောင်၊ သစ်ပင်မှန်သမျှကို အရှင်းသား တွေ့နိုင်စေတော့သည်။

ကျွန်တော်သည် သွားနေသော လမ်း၏ ညာဘက်ဆီသို့ ခေါင်းလှည့်ကာ ကြည့်ရှုရှာဖွေမိသည်။ တညဉ့်လုံးစောင့်၍မှ တကောင်တလေမှ မပစ်ရလျှင် ကျွန်တော်၏ ဥာဉ်အရ မကျေနပ်နိုင်ပါ။

ယုတ်စွအဆုံး သစ်ပင်ပေါ်က ဒီးဒုတ်ဖြစ်ဖြစ် တချက် တလေ ပစ်ခတ်ရမှ ထိုညဉ့်အဘို့ အိပ်ပျော်နိုင်ပါမည်။ ထို့ကြောင့် တစုံတရာ ပစ်ခတ်ရန် သားကောင်တကောင် ရှာဖွေခြင်းဖြင့် ကျွန်တော်သည် မျက်စိရှင်ရှင်နှင့် မီးအားကောင်းလှသော မီးရောင်အောက်၌ ရှာဖွေခြင်း ဖြစ်ပါသည်။

ညာဘက် ကိုက်သုံးရာငါးဆယ်ကွာခန့်ရှိ ကိုင်းတောစပ်ဆီမှ ကျွန်တော်၏ နဖူးစည်း မီးရောင်သို့ စိမ်းလဲ့လဲ့ မီးရောင်ကလေးနှစ်လုံးက လာဟပ်ပါသည်။ ကျွန်တော်သည် များစွာ စိတ်အားတက်လာမိသည်။ ဂျီလား၊ ဝက်လား၊ ဆတ်လား သားကောင်တကောင်ကောင်ကို ထုံးစံအတိုင်း ညအတွက် ပစ်ခတ်ရပေတော့မည်။ ကျားမပစ်ရသည့်အတူတူ ရရာတကောင်ကောင် ပစ်ခတ်ရန် လိုပေမည်။

စိမ်းလဲ့လဲ့ အရောင်နှစ်ခုသည် အမှန်အားဖြင့် သားကောင်တကောင်၏ မျက်လုံးနှစ်လုံးသာ ဖြစ်ပေသည်။ တရောင်နှင့် တရောင် သုံးလေးလက်မခန့် ကွာခြားနေသည့် အရောင်လေးနှစ်ခုသာ မြင်ရပြီး နှင်းထုနှင့် အတော်ကလေး ခရီးလှမ်းနေခြင်းကြောင့် သားကောင်၏ ကိုယ်လုံးကို မမြင်ရပေ။

“တကောင်ကောင်ဘဲ ဗိုလ်မှူး။ ခဏ ရပ်နေစမ်းဗျာ”

ဦးဘိုးဟန်သည် ကျွန်တော့ကို လှမ်း၍ သတိပေးကာ ရပ်ဆိုင်းလိုက်သည်။ ကျွန်တော် တန့်ကနဲထိုးကာ ရပ်လိုက်သည်။

ဦးဘိုးဟန်သည် သူ၏ မီးရောင်ကို ဖြုတ်ကနဲ သော့ပိတ်ကာ မှိတ်ထားလိုက်သည်။ ကျွန်တော်၏ နဖူးထိပ်မှ မီးရောင်တရောင်သာလျှင် ရှေ့စူးစူးသို့ ပြေးထွက်နေတော့သည်။

စိမ်းလဲ့လဲ့ မီးရောင်နှစ်ခုသည် တရွေ့ရွေ့နှင့် ရှေ့သို့ တိုးကာတိုးကာ တက်လာသည့် သေးသေးအရောင်ကွက်ကလေးမှ တဖြည်းတဖြည်းနှင့် ကြေးပြားဝိုင်းခန့် ကျယ်ဝန်းသော မီးရောင်နှစ်ခုအသွင်သို့ ထင်ရှားစွာ ပေါ်လာသည်။

ကျွန်တော်၏ မီးအားကောင်းလှသော နဖူးစီး မီးရောင်အောက်ဝယ် အမည်မသိသေးသော စိမ်းလဲ့လဲ့ အရောင်ရှင် (ဝါ) မျက်လုံးအရောင်ရှင် သားကောင်သည် ရဲတင်းစွာ တလှမ်းချင်း တိုးလာနေပုံ တွေ့နေ
ရပါပြီ။

မီးရောင်အောက်၌ မြူးပျော်လိုခြင်း သိုမဟုတ် စုံစမ်းလိုသော ဆန္ဒနှင့် တက်လာခြင်းပေလောဟု ကျွန်တော်သည် ရပ်နေရာမှ စဉ်းစားခန်းထုတ်၍ နေမိပါသည်။

စိမ်းလဲ့လဲ့ မျက်လုံးရှင် သားကောင်သည် ကျွန်တော်တို့နှစ်ယောက် ဘေးချင်းယှဉ်၍ ရပ်နေရာနှင့် ဂိုက်နှစ်ရာခန့် အရောက်တွင် မူလ နဂို စိမ်းလဲ့လဲ့ မျက်လုံးနှစ်လုံးမှာ တမုဟုတ်ခြင်း အရောင်ပြောင်းလဲသွားပါပြီ။

မူလ စိမ်းလဲ့လဲ့ အရောင်အစား မှောင်ရိပ်ထဲ၌ ဆေးပေါ့လိပ်တိုကို အားရပါးရ ဖွာလိုက်သောအခါ ဆေးပေါ့လိပ်တိုထိပ်မှ ရဲကနဲ ပေါ်ထွက်လာသော မီးကျီခဲ ရဲသလို ရဲတက်လာသော အရောင်နှစ်ခုကို ကျွန်တော်တို့နှစ်ယောက်သား အံ့အားသင့်စွာ မြင်တွေ့နေရသည်။

“တောကောင်နဲ့တူသဗျို့”

ဦးဘိုးဟန်သည် ဖြုတ်ကနဲ ရိုင်ဖယ်ကို မ,ယူရင်း လေသံကလေးနှင့် သတိပေးလိုက်သည်။ ကျွန်တော် ကလည်း စိမ်းလဲ့လဲ့ အရောင်မှ အနီရောင် ကူးသွားကထည်းက ကျားတကောင်၏ ညဉ့်မျက်လုံးအရောင် မှတ်ထင်မိခဲ့သည်။ မှန်ပေလိမ့်မည်၊ အတွေ့အကြုံတွေက သက်သေခံနေကြသည်။

ဆတ်မျက်လုံး၊ တောဝက်မျက်လုံးတို့သည် ဂျီမျက်လုံးဆန်ပြီး ဝါဖြော့ဖြော့နှင့် ညဉ့်အချိန် ဓါတ်မီးရောင်အောက်၌ တွေ့ခဲ့ရသည်။ ကျားသည်လည်းကောင်း၊ သစ်ဆင်(ကျားသစ်ကြီး)၏ ညဉ့်မျက်လုံးမျိုးသာ နီရဲသော မီးခဲအသွင် ဆောင်နေလေသည်။

ကျွန်တော်သည် ခပ်တိုးတိုးနှင့်…

“အဖိုးကြီး… အသင့်ပြင်ထား။ ကျုပ် ချိန်ပြီးပစ်မယ်”

အချက် ပေးလိုက်သည်။

“မီးကျီးခဲ တခဲသဏ္ဍာန်အဆင်းနှင့် မျက်လုံးနှစ်လုံးသည် ခပ်စိုက်စိုက်မော့ကာ ကြည့်သလို ရှေ့သို့တိုး၍ လာသည်။ ကျွန်တော်တို့နှင့် ကိုက်တရာ့ငါးဆယ်ခန့်သို့ ရောက်လာပါပြီ။

ထို့ကြောင့် ကျွန်တော်သည် .၃၇၅ မက်နမ်ရိုင်ဖယ်ကို မကာ နောက်မှန်ချိန် ကိုက်နှစ်ရာအကွက်ကလေး မ ၍ လက်မနှင့် လက်ညှိုးနှင့်ပင့်ကာ ထောင်လိုက်ပြီး ရိုင်ဖယ်ကိုမကာ ချိန်လိုက်သည်။

ဦးဘိုးဟန်သည် ကျွန်တော်၏ ညာဘက်မှ မုဆိုးဒူးထောက် ထိုင်ကာ သူ၏ ရိုင်ဖယ်နှင့် ချိန်နေသည်။

ကျွန်တော်၏ နဖူးစည်း မီးရောင်အောက်မှတဆင့် .၃ ၇၅ ဘို့ မဂ္ဂဇင်းရိုင်ဖယ်၏ရှေ့ နားနောက်မှန်ချိန်ကို ကမန်းကတန်းနေရာချကာ မီးနီရောင်နှစ်ခု အလယ်ဗဟိုဆီသို့ ချိန်ဆနေရပါသည်။

.၃၇၅ မက်နမ်ရိုင်ဖယ်၏ ရှေ့ချိန်သီးကလေးသည် နောက်မှန်ချိန် အကွက်အလယ်ဗဟို၌ တိတိကျကျ မပေါ့တပေါ် ရောက်ရှိပြီးနောက် ကျွန်တော်၏ ညာလက်ချောင်းတွေက ရိုင်ဖယ်၏ ဒင်ကို ပခုံးဆီသို့ ခပ်ဖိဖိတွန်းကာ ကပ်လိုက်သည်။

ညာဘက်လက်ချောင်းကလေးတွေနှင့် လက်ညှိုးက ဒင်လက်ကိုင်နေရာ၌ မိမိရရ ဆုပ်ကိုင်ချုပ်ကာ လက်ညှိုးမှ နောက်တဆင့်အောက်ကွင်းဆီသို့ မှေး၍ တင်ထားလိုက်သည်။

မသင်္ကာသော အချက်ကြောင့်နှင့်တကွ ကျွန်တော်တို့နှစ်ယောက်၏ကိုယ်နံ့ (လူနံ့) တွေ ရသွားသည့်အတွက်ကြောင့် ရဲရဲတောက်နေသော မျက်လုံးနှစ်လုံးနှင့် သတ္တဝါသည် တလှမ်းခြင်းလှမ်းကာ တက်လာရာမှ တန့်ကနဲ ရပ်သွားတော့သည်။

ကျွန်တော်၏ ညာဘက်လက်ညှိုးက နေရာချထားပြီး မောင်းကွေးပေါ်၌ ဖိကာ ညှစ်ဆွဲဆွဲရင်းမောင်းဖြုတ်ချလိုက်ပါသည်။ ညဉ့်နက်လွှာအောက်မှ တိတ်ဆိတ်နေသော ကာလတွင် မမြှော်လင့်စေသည့် ပေါက်ကွဲမှုတရပ်က ပတ်ဝန်းကျင်တဝိုက်နှင့် ကောင်းကင်ပြင်ကို လှန့်ကာ ပဲ့တင်ထပ်လိုက်ပါသည်။

ယမ်းအားချိန် သုံးရာဂရိမ်ရှိသည့် ပေါက်ကွဲမှုအား၏ ရှေ့မှ .၃၇၅ မက်နမ်ကျည်ဆံထိပ်ဖူးသည် တစက်ကန့်လျင် တထောင့်လေးရာပေနှုန်း အမြန်နှင့် ချိန်၍ ပစ်ခတ်သောနေရာ ပစ်ကွင်းဆီသို့ ရောက်ရှိသွားစေခဲ့ပေပြီတကား။

“အသံတိုတယ် … ထိပုံဘဲ”

“ဦးဘိုးဟန်သည် ချက်ချင်း သတိပေးလိုက်သည်။ ကျွန်တော်က ရိုင်ဖယ်မောင်းတံကို ထောင်းကနဲ ဆွဲနှုတ်လိုက်သည်။

ယခင်က ပစ်ပြီးသော ကျည်ဆန်ကြေးခွန်သည် ချောက်ကနဲ ညာဘက်သို့ စင်ထွက်လာသည်။ နောက်ထပ် ယမ်းတောင့်တတောင့်သည် မဂ္ဂဇင်းခုံပေါ်သို့ ကြွတက်လာသည်တွင် ကျွန်တော်က မောင်းတန်ကို ရှေ့သို့ပြန်ထိုးကာ ပစ်ကွင်းအခြေအနေကို လေ့လာသုံး သပ်ကြည့်လိုက်သည်။

မှိန်သော မီးရောင်နှစ်ခုသည် နောက်တွင် ပျောက်ကွယ်သွားပါပြီ။

နှစ်ယောက်သား ငြိမ်သက်စွာ ရပ်ကာ အခြေအနေကို ဆက်လက်အကဲခတ်လိုက်သည်။ ဦးဘိုးဟန်၏ နဖူးစီးမီးသည် လက်ကနဲ ပွင့်လာကာ လင်းလာပြီး ဟိုဟိုဒီဒီ အနှံ့အပြား ရှာဖွေကြည့်နေခဲ့သည်။

သို့ရာတွင် သားကောင်၏ သဏ္ဍာန်နှင့် ရဲရဲတောက် အနီရောင်ရှင်၏ အရိပ်ကား တစိုးတစေ့မှ မတွေ့ရပါ။

“သွားရှာရအောင် အဖိုးကြီး … လာဗျာ”

ကျွန်တော်သည် ရှေ့လောကြီးစွာဖြင့် ဦးဘိုးဟန်ကိုခေါ်လိုက်သည်။

“နေအုံးလေ … ကျားဗျ။ ညဉ့်ကြီး အရမ်းလိုက်ရင် ဒုက္ခဖြစ်သွားမယ်။ နေပေစေ၊ မနက်မှ မြင်မြင်ထင်ထင် ဖြစ်မယ်”

ကျွန်တော်တို့နှစ်ယောက်သည် ခြောက်ပေလမ်းအတိုင်း ချင်းရွာဆီသို့ ထွက်လာခဲ့သည်။ ရွာထိပ်မှာ ကျွန်တော်၏ ချင်းရဲဘော် မောင်ဇာ၊ ဦးမောင်လေးတို့ လူသိုက် ဆီးကြိုနေကြပြီး…

“ဘာပစ်တာလဲ။ ရွာနဲ့ မဝေးဘူးဗျ”

ဦးမောင်လေးက မေးလိုက်သည်။

“တောင်ကောင်နဲ့ တူတယ်ဗျ။ မျက်လုံးမြင်လို့ ကျကျနန ချိန်ပစ်တာဘဲ။ မနက်မှ ရှာကြရမယ်”

ဦးဘိုးဟန်သည်ဆေးပေါ့လိပ်ကို ဖွာကာ ပြောလိုက်သည်။

“ဟုတ်တာပေါ့ဗျ၊ ခုနက ရွာထဲက ခွေးတွေ တကိန်ကိန်နဲ့ ဖင်သီနေတာ ဒီအကောင်ဖြစ်ရမယ်။ မှန်တဲ့ပုံဘဲ။ ကျုပ်တို့လဲ နားထောင်နေတယ်။ သေနတ်သံ တိုပါတယ်လို့”

ကျွန်တော်တို့ နှစ်ယောက်သားသည် အရံသင့် ပြင်ဆင်ထားသော ကော်ဖီပူပူနွေးနွေးနှင့် ပေါင်မုံ့ထောပတ်သုတ် နှစ်ချပ်စီကို အားရပါးရ လွေးလိုက်ပါသည်။

ဖိုးစောင်တောင်ခြေဆီက တစ်လိုက်သော ကျားသံ၊ ထို့နောက် ကြိုးဝိုင်းဆီက ဟိန်းလိုက်သော မြေတုံခမန်း ကျားဟိန်းသံများကို ကျွန်တော်တို့ နာခံရင်း တညတာ ချမ်းချမ်းစီးစီးနှင့် အိပ်ယာထဲ ဝင်ခဲ့မိပါသည်။

X X X X

အရေးတကြီး တယောက်တခွန်း စကားပြောသံ ခေါ်သံများနှင့်အတူ လူတော်တော်များများ ကျွန်တော်တို့ အိပ်နေရာ ဦးမောင်လေး၏ အိမ်အောက်ဆီသို့ အရေးတကြီး ဝင်လာသည့် အချင်းအရာကို ဇိမ်ခံကာ ခပ်ချမ်းချမ်းနှင့် ကွေးနေသော ကျွန် တော်၏ နားနှစ်ဘက်ဆီသို့ ခုန်ပေါက်ဝင်ရောက်လာကြပါသည်။

ဆလိုင်ချင်းဘာသာနှင့် ပြောကြ ဆိုကြပြီး ဦးမောင်လေးသည် ကျွန်တော်တို့အိပ်နေရာ အိမ်ဦးခန်းသို့ ဝင်ရောက်လာသည်။

“ဘာလဲ ဦးမောင်လေး … စောစောစီးစီး”

ကျွန်တော်က စောင်ခေါင်းမြီးခြုံထားရာမှ မေးလိုက်သည်တွင်…

“တောကောင် … တောကောင်၊ မနေ့ညက ပစ်တဲ့နေရာ ကိုင်းတောထဲမှာရှိတယ် ဗိုလ်ကြီး”

ကျွန်တော်သည် မနေသာတော့ဘဲ စောင်ခြုံကို ကမန်းကတန်း ဖယ်ရှားကာ ထလိုက်သည်။

ဦးဘိုးဟန်သည် တချက်လွန့်ကာ မျက်လုံးတွေဖွင့်လိုက်ပြီး အင်းကနဲ ခြေညောင်းဆန့်၍ ထလိုက်ပြီး

“ညက စိတ်မချတာနဲ့ တညလုံး အိပ်မရဘူး။ ရွာထဲ ကျားဝင်ဆွဲမှာ စောင့်နေတာဗျ။ မနက်လင်းကာနီးမှ ကျုပ် အိပ်ပျော်နိုင်တယ်”

“ဆရာဟန် ညကပစ်တဲ့ကျား ကိုင်းတောထဲမှာ ဝင်နေတယ် ထင်တယ်။ မနက်က လွှတ်လိုက်တဲ့ ကျွဲတအုပ် ကိုင်းတောထဲအဝင်မှာ တောကောင်က စီးပြီး ဟိန်းလွှတ်လို့ အော်ရင်း ပြန်ပြေးလာကြတယ်ဗျ”

“ဟုတ်ပီ … ဒါဖြင့် ဒီအကောင် မှန်ထားရမယ်ဗျ”

ဦးဘိုးဟန်အည် ရုတ်တရက်ထကာ မျက်နှာသစ်ရေ အတွက် ရေတခွက် ကမန်းကတန်းခပ်၍ မျက်နှာကို ကပျာကရာ သစ်လိုက်ပြီး ဘောင်းဘီကို ကောက်ကာ ငင်ကာ ဝတ်လိုက်သည်။

ကျွန်တော်ကလည်း ဦးဘိုးဟန်အတိုင်း မျက်နှာသစ်ကာ မျက်နှာကို ရေစင်အောင် မသုတ်နိုင်တော့ဘဲ ဘောင်းဘီတိုကို ကောက်ကာငင်ကာ ဝတ်လိုက်ရသည်။

“အရေးထဲမှာ … အေးလိုက်တာဗျာ”

ကျွန်တော်သည် အမှတ်မထင် ပြောလိုက်သည်တွင်…

“အမ်မာ … ဒါ ဘာအေးသလဲ။ ကျုပ်တို့ ထန်းတပင် ကရင်ချောင်းတုန်းက အေးလွန်းလို့ မီးဖိုဘေး တညလုံး ငုတ်တုတ်ထိုင်ရင်း လင်းခဲ့ရတာရယ်။ ဘေးက ကျားတွေကလဲ ချောင်းပြီး ဟိန်းဟောက် နေခဲ့တာတွေ ပြန်သတိရစမ်းပါ ဗိုလ်မှူးရာ”

ဦးဘိုးဟန်သည် ယမ်းတောင့်တွေ အပြည့်ထည့်ထားသော ခြောက်လုံးပြူးတလက်၊ ဓါးမြှောင်တလက်တန်းလန်းနှင့် ခါးပတ်ပြားကြီးကိုဆွဲကာ ခါးမှာပတ်ရင်း ပြောလိုက်ပါသည်။

ဆောင်းနံက်ခင်း၏ နှင်းထုက ပြောင်မြောက်စွာ ထိုတရပ်လုံး လွှမ်းခြုံထားတော့သည်။

အရှေ့အရပ်ဆီက ပြူခါစ နေရောင်ခြည်များသည် မှုံမွှားမွှား နှင်းခြုံလွှာကို ထိုးဖောက်ခြင်းငှာ ထိရောက်စွာ မစွမ်းဆောင်နိုင်သေးပါ။

ကျွန်တော်သည် မျက်နှာမူထားသော ကိုင်း တောကြီး၏ ထိပ်တည့်တည့်ရှိ ပိတောက်ပင်ခြေရင်းမှ ရိုင်ဖယ်ကို ပိုက်လျက် အသင့်ရှိနေပါပြီ။ ကျွန်တော်၏ ညာဘက် ကိုက်နှစ်ရာခန့်ရှိ အင်တိုင်းတောစ၌ ဦးဘိုးဟန်ကြီးသည် ရိုင်ဖယ်ကို အသင့်ကိုင်လျက် ရပ်နေလေသည်။

အနံ ဂိုက်တရာခန့်၊ အလျား ဂိုက်တရာ့အစိပ်ခန့် ထုထယ်ရှိပြီး လူတရပ်သာသာခန့် မြင့်နေသော ကိုင်းတောကြီးဆီသို့ ကျွန်တော်၏ မျက်လုံးတစုံသည် မလှုပ်မရှက် စောင့်မျှော်ကြည့်နေမိသည်။

လေပြင်းကလေးကတချက် သုတ်သွေးလိုက်၍ ကျွန်တော်သည် ကျောတွေ စိမ့်အေးသွားအောင် ချမ်းလာမိသည်။

အင်တိုင်းတောဆီမှ စောစောစီးစီး ဂျီတကောင်သည် တဝေါင်ဝေါင်နှင့် ဟောက်လျက် ရှိတော့သည်။

ဦးဘိုးဟန်ဆီမှ စူးရှသော လက်ကွင်းမှုတ်သံ တချက်သည် ထွက်ခါစ နေရောင်ခြည်နှင့်ပြိုင်လျှက် ပေါ်ထွက်လာသည်။

တခဏအတွင်း၌ပင် ကျွန်တော်တို့မျက်နှာမူရာ ကိုင်းတောကြီးနောက်ဖက်ခင်းကျကျမှ “ ဟေး … ဟေး”ဟူသော ကြွေးကြော်သံများနှင့်အတူ ကျွဲခလောက်သံများသည် မြိုင်ဆိုင်စွာ တဒေါင်ဒေါင်မြည်လျှက် ကိုင်းတောထဲသို့ စတင်မောင်းနှင်ရင်း တောချောက်သံများ အရှင်းသား ပေါ်ထွက်လာသည်။

ကျွန်တော်သည် ကိုက်တရာမျှသာ ကွာဝေးသည့် ကိုင်းတောစပ်ဆီသို့ မျက်ခြည်မပြတ် ကြည့်လိုက်ပြီး .၃၇၅ မက်နမ်ရိုင်ဖယ်ကို ကျည်ဆန်တတောင့်ထိုးကာ မောင်းတင်လိုက်သည်။

ကိုင်းတော၏ နောက်စဆီမှ ရွာသားများ၏ တခဲနက်ညာသံ၊ ဟစ်အော်သံ၊ ခဲနှင့်ပစ်ချောက်၍ ထုတ်သံနှင့်အတူ ကျွဲခလောက်သံများ တဒေါင်ဒေါင်နှင့် ကျွဲအုပ်ကြီး၏ အော်ဟစ်သံများသည် ပြိုင်လျှက် ထွက်ပေါ်လာသည်။

ခါတကောင်သည် ရှူးကနဲ ကိုင်းတောတွင်းမှ အလန့် တကြား ထ၍ ပြန်လာသည်။ ယုန်သုံးလေးကောင်သည် ကြောက်အားလန့်အားနှင့် ကိုင်းတောတွင်းမှ ကျွန်တော်တို့ဆီ လွှားကနဲ ရိပ်ကနဲ ခုန်ပေါက်ပြေးလွှားလာသည်။

နောက်ဆက်တွဲ တခဏ၌ “ဝေါ” ဟူသော မြေတုန်ဟည်းတက်လာသည့် ကျားဟိန်းသံကြီးသည် နံနက်စောစောအချိန်၌ ပဲ့တင်ထပ်ကာ ပေါ်ထွက်လာ လေသည်။

ရွာသားများ၏ တခဲနက် ညာသံကြွေးကြော်သံများသည် ထပ်လောင်းထပ်ဆင့်ပင် ပေါ်ထွက်လာချေသည်။

“လုပ်ပေး၊ ခုတ်ပါလား၊ မောင်းဟေ့၊ ချကွ”

ဟူသော ဗမာလိုတမျိုး၊ ချင်းဘာသာနှင့်တဖုံ ဆူညံစွာ ပေါ်ထွက်ခဲ့လေသည်။

ကျွန်တော်၏ မြင်ကွင်းဆီမှ တရွေ့ရွေ့ လှုပ်ရှားလာသော ကိုင်းတောအစဆီလောက်မှ လှုပ်ရှားမှုကို မျက်တောင်မခတ်တမ်း စိုက်၍ ကြည့်နေသည်။

ကျွန်တော်က တစက္ကန့်… နှစ်စက္ကန့်… သုံးစက္ကန့် စသည့် အချိန်ပိုင်းလေးကို ရေတွက်သကဲ့သို့ ကိုင်းတော၏ လှုပ်ရှားမှုနှင့် ပေါ်လာမည့် သဏ္ဍာန်ကို အာရုံပြုနေမိသည်။

ယိမ်နွဲ့သော ကိုင်းတောများအဆုံးတွင် ရိပ်ကနဲ သဏ္ဍာန်တခု ရုတ်တရက် ပေါ်ထွက်လာသည်။

နောက်ပိုင်းဆီသို့ တချက် လည်ပြန်ကာကြည့်ပြီး ဟိန်းလိုက်သော ကျားကြီး၏ ရှေ့ပိုင်းကျကျသဏ္ဍာန် ဖြစ်ပေသည်။ ဟိန်းပြီး မာန်သွင်းရင်း ကျားကြီးသည် တောရှင်းနေသော အကာအကွယ်ကင်းနေသော လယ်ပြင်တခွင်ကို ဝဲယာခေါင်းငဲ့ကာ အကဲခတ်ရင်း ကြည့်လိုက်သေးသည်။

အတန်ကြာအောင် ခိုကပ်နေရာမှ နောက်ပိုင်းဆီက ကျွဲခလောက်သံတွေ မြိုင်လာသည်တွင် ကျားကြီးသည် နောက်ပိုင်းဆီက တစုံတယောက်က သံချွန်နှင့် ထိုးလွှတ်လိုက်သည့်ပမာ ရွှတ်ကနဲ ကိုင်းတောစပ်မှ လွင်ပြင်ဆီသို့ ထွက်လာခဲ့သည်။

ကနွဲ့ကလျား လှုပ်ရှားနေသော ကျားကြီး၏ ရှေ့ပိုင်း သဏ္ဍာန်နှင့်တကွ ခပ်ဆွဲဆွဲဖြစ်နေသော နောက်ပိုင်း အခြေအနေကို ကျွန်တော်သည် .၃၇၅ မက်နမ်ရိုင်ဖယ်နှင့် ချိန်နေရာက အကဲခပ်မိသည်။ တချက်တချက်တွင် ကျားကြီးသည် နောက်ပိုင်းဆီသို့ မာန်သွင်းကာ လည်ပြန်ကြည့်ရင်း ဟိန်းလိုက်ဟောက်လိုက် သေးသည်။

ကျွန်တော်၏ ရှေ့တည့်တည့်ရှိ လွင်ပြင်၏ ညာဘက် ဒီဂရီ သုံးဆယ်အချိုးနေရာ၌ ဝက်ချေးမနဲပင်နှင့် အင်ပင်ပေါက်ကလေးတွေက တန်းကာ ပေါက်ရောက်နေသည်။

ကျားကြီးသည် ရှေ့သို့ စူးစူးစိုက်စိုက် တချက်ကြည့်ပြီး ကျွန်တော်၏ဆီသို့ ဦးတည်လာနေရာက ညာဘက်သို့ ဖြတ်၍ အင်ပင်ပေါက်ကလေးတွေရှိရာသို့ အကာအကွယ်ယူရင်း တက်ရန်အတွက် ခြေလှမ်းပြောင်းလိုက်သည်။

ခေါင်းတည့်တည့် ပေးနေသော ကျားကြီး၏ သဏ္ဍာန်မှာ ကျွန်တော်၏ ရိုင်ဖယ်ပြောင်းဝချိန်သီးထိပ်မှ ဘေးတိုက် မကျတကျ ရောက်ရှိလာသည်။ ကျားကြီး၏ လှုပ်ရှားမှုသဏ္ဍာန်မှာ နောက်ပိုင်းအား များစွာ မပါဘဲ ခပ်ဆာဆာဖြစ်နေကြောင်း ကျွန်တော်သည် ရိုင်ဖယ်ကိုချိန်ရင်း ရိပ်မိခဲ့သည်။

အင်ပင်ပေါက် တောကလေးများဆီသို့ ရောက်ခါနီး၌ နောက်ပိုင်းမှတချက် အသံတွေ ပေါ် လာသည်တွင် ကျားကြီးသည် ပါးစပ်ကြီးဟကာ လှည့်၍ ဟိန်းလိုက်သည်။

ကျွန်တော်၏ ရိုင်ဖယ်ချိန်သီးသည် ကျားကြီး၏ လက်ပြင်ကျကျဆီသို့ နေရာယူထားရာမှ ညာဘက် လက်ညိုးက မောင်းကွေးကလေးကို ဖိဆွဲ ဆွဲဖြုတ်လိုက်သည်။

“ဒိုင်း” ဟူသော တိုတောင်းလှသော ရိုင်ဖယ်သံနှင့်အတူ ကျားကြီးသည် ဘယ်ဘက်သို့ ယိမ်းသွားတော့သည်။

တောခြောက်သမားတွေဆီက တခဲနက်သော ကြွေးကြော်သံများသည် နားကွဲလုမတတ် ပေါ်ထွက်လာပြန်တော့သည်။

ကျားကြီးသည် အနည်းငယ် လှုပ်ရှားယိမ်းယိုင်ရင်းပြော့ကာ ညွှတ်၍ ကျသွားတော့သည်။ ကျွန်တော်သည် ဒုတိယကျည်ဆန်တတောင့် ထိုးပြီး ရိုင်ဖက်ကို ချိန်၍ ထပ်ဆင့်တချက် ပစ်သင့် မသင့် ဝေဖန်နေမိပါသည်။ ကျွန်တော်သည် …

“ရပ်ဟေ့ … ရပ်ဟေ့ … ရှေ့မတက်နဲ့”

ဟု အော်ဟစ်ကာ တောခြောက်သည့် ရွာသားများကို လမ်း၍ သတိပေးလိုက်သည်။

ဦးဘိုးဟန်ကြီးသည် ကျွန်တော်ပစ်ခတ်သည့်နေရာကို ကြည့်ကာ ကျွန်တော့်ဆီသို့ ခပ်သွက်သွက် လျှောက်လာသည်။

နှစ်ယောက်သား ဘေးချင်းယှဉ်၍ ကျွန်တော်တို့သည် ကျားကြီးပစ်လွှတ်လိုက်သော နေရာသို့ တလှမ်းချင်းတက်ခဲ့ကြ သည်။

အင်ပင်ပေါက်တောကလေးအစအနီး ဝပ်လျှက် ငြိမ်နေသော ကျားကြီးဆီသို့ ဦးဘိုးဟန်သည် မြေစိုင်ခဲကြီးတလုံးကို ကောက်၍ ပစ်သွင်းလိုက်သည်။ ကျားကြီးကား မလှုပ်ချေ။

“တချက်ပစ်ဗျာ“

ကျွန်တော်သည် လှမ်း၍ ပြောလိုက်သည်။

“ဘာလုပ်ရအောင်လဲဗျာ။ ယမ်းတောင်က အဖိုးတန်တယ်။ ခဏနေအုံး”

နှစ်ယောက်သား လေးငါးမိနစ်ခန့် စောင့်၍ ကြည့်နေကြသည်။ ကျားကြီး၏ လက်ပြင်မှ ကျည်ဆန်ဖေါက်ထွင်းသွားသော .၃၇၅ ကျည်ဆန်ပေါက်မှ သွေးနီနီများသည် ထွက်ပေါ် ကျရောက်လာသော နေရောင်ခြည်နှင့် ဟပ်မိကြသဖြင့် ရှုခင်းတမျိုးကို ပေါ်လွင်နေတော့သည်။

တလှမ်းချင်း တက်ခဲ့ကြည်။ ကျားကြီးကား တစုံတရာ လှုပ်ရှားမှုမရှိ။ ရိုက်ဖယ်တွေ အသင့်ချိန်ကာ တရွှေ့ရွှေ့ ချဉ်းကပ်ခဲ့သည်။

မျက်လုံးအပြူးသားနှင့် ကျားကြီးသည် ထာဝစဉ် ငြိမ်သက်လျက်။ နောက်ဆုံးမာန်သွင်းကာ သူ၏ ရှေ့လက်တချောင်းကို ငုံကာခဲရင်း ဝပ်စဉ်းကာ ကိစ္စပြီးလေနေပြီ။

“ဗိုလ်မှူး မနေ့ညက ပစ်ထည့်တဲ့ သေနတ်ဒဏ်ရာလေ”

ဦးဘိုးဟန်သည် ကျားကြီး၏ ဘယ်ဘက်နားထင်ခေါင်းမှ ရှပ်၍မှန်ပြီး ဘယ်ဘက်ပေါင်ထိပ်ဆီသို့ ဖေါက်ထွက်သွားသည့် သွေးတွေခဲနေသော ဒဏ်ချက်ကို ရိုက်ဖယ်ပြောင်းနှင့် ထိုးကာ ပြလိုက်သည်။

ဒုတိယ ကျည်ဆန်ကား ကျားကြီး၏ ညာဘက် လက်ပြင်မှ တာဝန်ကျေပြွန်စွာ ဖောက်ထွင်းကာ သွားခဲ့လေပြီတကား။

ကျွန်တော်သည် .၃၇၅ မက်နမ်မဂ္ဂဇင်းရိုက်ဖယ်ကို ယုယုယယ ကိုင်တွယ်ရင်းနှင့် တရွေ့ရွေ့လာသော ရွာသားများကို လက်ယပ်ခေါ်လိုက်ပါသည်။

နားရွက်တိုတို ဝိုင်းဝိုင်း နှာခေါင်းပွပွ ခေါင်းကြီးကြီး နှင့် အညိုရောင်ပေါ်တွင် အဖြူခံ၍ အနက်စင်းနှင့် ကြီးမားသလောက် ရှည်လျှားသောကိုယ်လုံး၊ တုတ်ခိုင်သော မောင်းအိုးကြီးတွေနှင့် ကျားကြီးကို ကျွန်တော်သည် ကျွန်တော်၏ စာဖတ်ခန်းတွင် လှပစွာသော ကျားရေသစ် တချပ်အဖြစ်ကို မြင်ရောင်ထင်ရောင် သေးတော့သတည်း။ ။

မြဝတီမဂ္ဂဇင်း
၁၉၆၂ – ခုနှစ်ဖေဖော်ဝါရီလ
အတွဲ ၁၀ – အမှတ် (၄)

– ပြီး –

စာရေးသူ – ဗိုလ်တာရာ(ရဲဘော်သုံးကျိပ်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

မုဆိုး တံငါ စာပေများပေ့ချ်မှကူးယူဖော်ပြသည်