ပန်းပန်ပရစေ

ဆွဲဆောင်မှုအလှက အသွက်မလေး အေးမကို ဆွံ့အသွားစေသည်။

ဆံထုံးလှလှလေးနှင့် ဝိုင်းစက်စက်မျက်နှာလေးက ပြည့်ဖြိုးနေသည်။ ဖြူအိနေသော အသားအရေကို အဝါလေးနှင့် အရောင်တင်ထားသည်။ တောင့်တင်းသော ခန္ဓာကိုယ်၏အချိုးအစားက တိကျစွာလှသည်။ မျက်နှာကလေးကလဲ ချောလိုက်သည်ဖြစ်ခြင်း။ အေးမကြည့်နေကျ ဗီဒီယိုမင်းသမီးတွေထက်တောင် သာသည်။
“ ဟဲ့… အေးမ၊ ပန်းစည်းကို ဖြေပြလေ၊ အမလေးဟဲ့ တကတည်း ဘာငေးနေတာတုံး ”
“ ဟုတ်… ဟုတ်ကဲ့ ”
အယောင်ယောင် အမှားမှား ဂန္ဓမာပန်းစည်းကြီးကို မလိုက်သည်။ “ သြော်.. သည်ကလေးမ ” ဟုဆိုပြီး အမေက နှင်းဆီပန်းစည်းကို လှမ်းဆွဲပြီး ဖြေပြလိုက်သည်။
“ အဝါရောင်လေးတွေ အားလုံးယူမယ် ဒေါ်ဒေါ်၊ အဝါရောင်လေးတွေ ရွေးပေးပါ ”
အဝါရောင်ကြိုက်တယ်ထင်တယ်ဟု အေးမ မှတ်ချက်ချမိသည်။ အေးမတို့တော့ ဘာအရောင်ကြိုက်တယ်ရယ်လို့ မရှိ။ အရောင်စုံအောင်ပင် မခွဲတတ်ပေ။ အေးမ ပန်းလဲ မပန်ဖူးပါ။

စျေးရောင်းပြီးလို့ အိမ်ပြန်ရောက်ရင် တစ်ရေးတစ်မောအိပ်။ နိုးရင် တစ်အိမ်လုံး အ၀တ်တွေလျှော်၊ ချက်ရ ပြုတ်ရနှင့် ညမိုးချုပ်။ မနက် ပန်းရောင်းထွက်နှင့် သံသရာလည်နေရသဖြင့် ပန်းပန်ချိန်မရပါ။ တစ်ခါတစ်ရံ ဗီဒီယိုကြည့်ပြန်တော့လဲ အိမ်က အငယ်တွေ တစ်ပြုံတစ်ခေါင်းနှင့် အလုအယက် တိုးဝှေ့ကြည့်ရသည်က အမောသား။
နှင်းဆီဝါလေးတွေ ပွေ့ပိုက်ထားတဲ့ အဝါရောင် အစ်မလေးလိုပဲ အေးမ လှချင်သည်။ နှင်းဆီဝါလေးတွေကို ဆံထုံးမှာ ဆင့်ပန်လိုက်ပုံကို မျက်စိထဲကမထွက်။ တစ်နေ့နေ့တော့ နှင်းဆီဝါလေးတွေကို အဝါရောင်၀မ်းဆက်ကလေး၀တ်ပြီး ပန်လိုက်ဦးမည်ဟု အေးမ တေးမှတ်ထားလိုက်သည်။

“ သည်တစ်ပွင့်ပဲကျန်တာ ယူလိုက်ပါတော့ကွယ် ”
“ တော်ပြီ ဒေါ်လေး၊ ကျွန်မ ယတြာချေရမှာက နှင်းဆီအနီရဲရဲတဲ့။ အဝါရောင် မလိုချင်တော့ဘူး ”
အမေ ဇွတ်တိုက်တွန်းရောင်းနေသော အဝါရောင်နှင်းဆီတစ်ပွင့်ကို အေးမ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိသည်။ စျေး၀ယ်ကို မ၀ယ်ပါစေနဲ့ဟု ဆုတောင်းသော စျေးရောင်းသူသည် အေးမတစ်ယောက်သာ ရှိလိမ့်မည်ထင်သည်။
တော်သေးသည်။ မိန်းမကြီးက မ၀ယ်။ အဝါရောင် နှင်းဆီပွင့်လေးက ဗန်းလယ်ခေါင်တွင် အစွင့်သားနေရာပြန်ယူလိုက်သည်။ အေးမလက်က နှင်းဆီပွင့်လေးပေါ်သို့ ရောက်သွားသည်။

“ အမေ… ဒါလေးတစ်ပွင့်တည်း၊ ကျုပ်ပန်လိုက်မယ်နော် ”
“ အိုအေ.. တစ်ပွင့်ဆိုလဲ တစ်ကျပ်ရသေးတာပဲ၊ ညည်းပန်လို့ ဘယ်ဖြစ်ပါ့မလဲ၊ ပန်းဆိုတာ လှလှပပ ကြော့ကြော့မော့မော့ကလေး ပန်မှ လှတာအေ့၊ တကတည်း ညည်းပုံနဲ့ ”
အမေက တစ်ပွင့်တည်းသောပန်းကို မရောင်းလိုက်ရ၍ စိတ်တိုရသည့်အထဲ အေးမက ပန်ချင်သည်ဆိုသောအခါ ပိုဒေါသထွက်သွားပုံရသည်။ အေးမကိုလဲ မှိုချိုးမျှစ်ချိုးပြောသည်။ အေးမ ကျွဲမြီးနည်းနည်းတိုသွားရသည်။ ဒါပေမဲ့ အမေ့ကိုတော့ စိတ်မဆိုးရက်ပါ။ တစ်ကျပ်ရမည့် ပန်းကို အမေ့နည်းတူ အေးမလဲ ဘယ်ဖြုန်းရက်ပါ့မလဲလေ။

နေပူကျဲတောက်ထဲ သားအမိနှစ်ယောက် ပန်းလည်ရောင်းရင်း ကုက္ကိုပင်ရိပ်အောက်မှာ နားမည်ဟု အမေက ဆိုသည်။ အမေ့ဗန်းကိုအရင်ချပေးပြီးမှ အေးမဗန်းကိုချသည်။ အမေ့ဗန်းထဲမှ နှင်းဆီပွင့်ဝါလေးကို အေးမလှမ်းကြည့်ဖြစ်သေးသည်။
ပြီးတော့ အမေ့ကို အေးမကြည့်မိသည်။ ဆံဖြူရောယှက်နေသော အမေ့ဆံပင်တို့သည် ချွေးများဖြင့် စိုကပ်နေသည်။ အရေးအကြောင်းများနှင့် မျက်နှာမှာလဲ နေလောင်ဒဏ်ကြောင့် စွဲကပ်နေသော တင်းတိပ်များနှင့် မည်းနေသည်။ ပိန်လှီလှသော အမေ့ခန္ဓာကိုယ်လေးနှင့် ပန်းဗန်းကြီးမှာ မလိုက်တော့ဟု အေးမ မှတ်ချက်ချမိသည်။
အေးမ လူမှန်းသိကတည်းက အမေသည် ဤပန်းဗန်းကြီးကို ရွက်လာခဲ့ရသည်မှာ ယနေ့ထိပင်။ အမေ၏ အမေသည်လဲ အေးမတို့လို ပန်းရောင်းခဲ့သည်။ ယခု အေးမလဲ ပန်းရောင်းသည်။ အေးမ၏ မျိုးဆက်များရော ခုလိုပဲ ပန်းရောင်းနေရဦးမည်လားမသိ။ အေးမ သက်ပြင်းချမိသည်။

“ ညည်းထဲ ဘယ်လောက်ကျန်သေးလဲ အေးမ ”
“ သပြေနည်းနည်း၊ ပစ္စည်းပန်းညိုနည်းနည်းကျန်သေးတယ် အမေ ”
“ ငါ့ထဲလဲ ကျန်သေးတယ်။ ဒါပေမဲ့ တော်ပါတော့အေ၊ မအေးရှင်တို့ လမ်းကလှည့်ရင်း ပြန်ကြစို့၊ နေလဲ အတော်စောင်းသွားပြီ ”
အေးမ ခေါင်းခုစုတ်ကလေးကိုရစ်ပြီး ခေါင်းပေါ်တင်လိုက်သည်။ မရောင်းရဘဲ ကျန်နေသော လက်ကျန်ပန်းများကို ညနေတွင် အရပ်ထဲ လှည့်၍ကြံဖန်ရောင်းရဦးလေမည်။ စျေးသည်ဆိုတာ ဒီလိုပါပဲ၊ ရောင်းရတဲ့နေ့ရှိသလို မရောင်းရတဲ့နေ့လဲ ရှိသည်ကို ဝါရင့်ပန်းသည်မလေး အေးမ သိပါသည်။ အိမ်ထဲသို့ လှမ်းအ၀င် ဗန်းချကာရှိသေး…

“ အမေ… ဖွားစိန်လာသွားတယ်၊ အမေလာရင် အိမ်ခဏလာဦးလို့ မှာသွားတယ် ”
အလိုက်ကန်းဆိုးမသိတဲ့ မောင်ငယ်ကို မျက်စောင်းထိုးလိုက်သည်။ အပူထဲ ခြေကျင် လျှောက်ပြန်လာရသော အမေ့ကို ရင်ဝဆောင့်ကန်လိုက်သကဲ့သို့ပင်။ အမေ မောသွားပုံကိုကြည့်ရင်း အေးမ မောသွားရသည်။
ဖွားစိန်ဆိုသည်မှာ အေးမတို့ ပန်းရောင်းနိုင်ဖို့ ပန်းရင်းထုတ်ပေးထားသူဖြစ်သည်။ အေးမတို့က နေ့စဉ်ငွေသွင်းသွားရသည်။ တစ်လပြည့်လျှင် အတိုးရောအရင်းပါ ကျေသွားတတ်သည်။ ငွေမသွင်းတာ သုံးရက်ရှိပြီမို့ လိုက်လာခြင်းဖြစ်သည်။ အမေက ခေါင်းခုလေးနှင့် ချွေးသုတ်လိုက်ရင်း….
“ အေးမ.. ဖွားစိန်ဖို့ ဘုရားပန်းလှလှလေး နှစ်စည်းလောက် ရွေးလိုက်စမ်းအေ ”

ခိုင်ရွှေဝါပန်းလေးများကို အေးမ ရွေးလိုက်သည်။ ခိုင်ရွှေဝါပန်းလေးကို မယူလိုက်စဉ် ဖုတ်ခနဲ နှင်းဆီပွင့်ဝါလေး ပြုတ်ကျလာသည်။ အမေနှင့် အေးမ အကြည့်ချင်းဆုံသွားသည်။ နှင်းဆီပွင့်ဝါလေးမှာ ပန်းစည်းများအောက်၀ယ် နွမ်းကြေနေပေပြီ။
“ အေးမ.. ညည်းပန်ချင် ပန်လိုက်တော့လေ ”
အေးမ နှင်းဆီပွင့်ဝါလေးကို ကောက်ယူလိုက်တော့ ပွင့်ဖတ်အချို့ ကြွေကျသွားသည်။ အေးမရင်ထဲ ၀မ်းနည်းမိသည်။
“ ကျုပ် မပန်တော့ပါဘူး အမေ… ”

အေးမမှာ ချစ်သူရှိသည်။
အေးမနှင့် တစ်ရပ်တည်းနေသူ ဖိုးထင်ဖြစ်သည်။ ဖိုးထင်သည် စျေးချိုတွင်းက ပွဲရုံအလုပ်သမားတစ်ဦးဖြစ်သည်။ ဖိုးထင်တို့အိမ်သည် အေးမတို့ထက်စာလျှင် ချောင်လည်သည်။ ပွဲရုံအလုပ်သမား ဖိုးထင်၏ ၀င်ငွေကလဲ မဆိုးလှ။ အေးမအတွက် လက်ဆောင်ပစ္စည်းများ ၀ယ်ပေးထားသည်မှာ မနည်းလှ။
အေးမ ဒီနေ့ ဖိုးထင်နှင့် ချိန်းထားသည်။ အမေ့အလစ်တွင် အေးမ အိမ်မှ ထွက်ခဲ့သည်။

“ အေးမ နင်ကလဲ ကြာလိုက်တာဟာ ”
“ အောင်မယ်.. ဒါတောင် အမေ့အလစ် မနည်းထွက်လာရတာ။ ကြာတယ်ထင်ရင် နောက်ထပ် မချိန်းနဲ့ ”
အေးမက နှုတ်ခမ်းစူစူ အမူပိုလိုက်ပြန်တော့ ဖိုးထင်မျက်နှာကြီးက ဖြီးသွားရသည်။
“ အလကား စတာပါဟာ.. နင်ကလဲ ”
ပိတောက်ပင်ရိပ်၀ယ် အေးမ ထိုင်လိုက်တော့ ဖိုးထင်က အေးမဘေးတွင် ကပ်၍ထိုင်လိုက်သည်။
“ ဒီနှစ် တို့အရပ်ဘုရားပွဲက ဇာတ်ပါမှာ၊ နင်ကြည့်မှာလား…”
“ ကြည့်တော့ကြည့်ချင်တယ်၊ ဒါပေမဲ့ မင်းစင်တွေက သိပ်စျေးကြီးတာဟ… ”
မင်းစင်ဆိုသည်မှာ အေးမတို့မန္တလေးအရပ်ပွဲများမှ ပွဲကြည့်စင်ဖြစ်ပါသည်။
“ မပူပါနဲ့ဟာ၊ ငါ ၀ယ်ပေးမှာပေါ့။ ပြီးတော့ နင့်ဖို့လေ အမှတ်တရ အ၀တ်တစ်စုံလဲ ငါချုပ်ပေးဦးမယ် ”
“ တော်ပါတော့ဟယ်… နင်ကချည်းပဲ ချုပ်ပေးနေတာ၊ ငါ အားနာပါတယ် ”

ဖိုးထင်က အေးမပါးစပ်ကို လှမ်းပိတ်လိုက်သည်။ အေးမ လက်ကလေးကိုလဲ တယုတယဆုပ်ကိုင် ထားလိုက်သည်။
“ ငါ့ကိုချစ်ရင် ဒီစကားမျိုးမပြောပါနဲ့ အေးမရယ်၊ နင်နဲ့ငါဟာ ဒီလိုပြောနေရမယ့်သူတွေလားလို့… ”
ဖိုးထင်၏ ဂရုဏာလေပူနွေးက အေးမနားသယ်စဆီသို့ ထိခတ်၍သွားသည်။ ဒါတော့ ဒါပေါ့ဟု ပြောပြီး အေးမ ခေါင်းငုံ့ရှက်နေမိသည်။

“ အေးမ.. နင်သိပ်လှတာပဲ၊ ပန်းမပန်ဘဲနဲ့တောင် ဒီလောက်လှရင် ပန်းများပန်လိုက်ရင်လေ… ”
ဖိုးထင်ပြောလိုက်မှ အေးမမျက်စိထဲတွင် အဝါရောင်နှင်းဆီပွင့်လေးကို မြင်လာသည်။ ပြီးတော့ အဝါရောင်၀တ်စုံလေး…
“ ဖိုးထင်၊ နင်ချုပ်ပေးရင်လေ အဝါရောင်လေးချုပ်ပေးနော်… ”
လွှတ်ခနဲပြောပြီးမှ အေးမ ရှက်သွားရပြန်သည်။ ဖိုးထင်၏စကားတွေကို အေးမ ဆက်မကြားနိုင်တော့။ အဝါရောင်၀တ်စုံလေးနှင့် အဝါရောင်နှင်းဆီပွင့်လေးကြား၀ယ် စိတ်ကူးယဉ်နစ်မြောသွားသည်။

“ ရှင်.. အမေ ဘာပြောတယ် ”
“ ညည်းကိုလေ… ဖွားစိန်ရဲ့မောင် ကိုဘသာကြီးက လိုချင်လို့တဲ့ ”
အေးမ နားကြားမလွဲနိုင်ပါဘူး။ ကိုဘသာဆိုသည်မှာ ငွေကြေးကြွယ်ဝသော အသက်လေးဆယ်ကျော် မုဆိုးဖိုကြီး။ အေးမနှင့်ဆိုလျှင် ဖအေနှင့် သမီးအရွယ်။ ကိုယ့်သမီးနုနုထွတ်ထွတ်ကလေးကို သည်လိုပြောလိုက်တာကို မတုန်မလှုပ်ပြောနေသော အမေ့ကို အေးမ စိုက်ကြည့်လိုက်မိသည်။ အေးမ၏ ဒေါသမျက်လုံးအစုံကို ရင်မဆိုင်ရဲသည့်အလား အမေ မျက်လွှာချသွားသည်။
“ အမေက ဘာပြန်ပြောလိုက်လဲ… ”
“ ငါ ဘာပြန်ပြောရမှာလဲ အေးမ… ”

ဒီလောက်ရိုးအ’ရှာသော အမေ့ကို ပစ်သွားရက်သည့်အဖေ့ကို တမလွန်ဘ၀မှာ လိုက်ပြီး အမေ အ ပုံကို ပြောပြလိုက်ချင်သည်။ ကလေးငါးယောက်နှင့် ဘ၀ကိုရုန်းကန်ခဲ့ရရှာသော အမေ့ကို အေးမ သနားလွန်းလှသည်။ အမေနှင့် အေးမတို့ကို နှိပ်စက်နေသော သတ္တဝါကောင်ကြီးကို အေးမ အမှုန့်ကြိတ်ပစ်ချင်၏။ သို့သော် ထိုသတ္တဝါကောင်ကြီးသည် စူးစမ်းရှာဖွေလို့ရတာမှ မဟုတ်ဘဲ။
မိခင်တိုင်းသည် သားသမီးများကို ဆင်စီးပြီး မြင်းရံစေချင်ကြသည်။ အမေသည် အေးမ မိခင်ဖြစ်သည်။ နှင်းဆီပွင့်လေးကိုတောင် တန်ဖိုးထားသောအမေသည် အေးမကိုလဲ တန်ဖိုးထားရှာပေလိမ့်မည်။

အေးမ ဗီဒီယိုဇာတ်လမ်းတွေထဲကြည့်ဖူးသည်။ အေးမတို့လို လူတန်းစား မိန်းကလေးများသည် ငွေရှင်ကြေးရှင်တို့လက်ထဲသို့ ဘ၀ပုံအပ်လိုက်ပြီး ချမ်းသာသွားပုံများဖြစ်သည်။
အေးမ လူဆင်းရဲသော်လည်း ဘဝလေးကိုတော့ တန်ဖိုးရှိချင်သည်။ ထိုတန်ဖိုးဆိုသည်မှာ ငွေကြေးချမ်းသာမှုကိုမဟုတ်ပါ။ အေးမ၏ အပျိုစင်အညွန့်အဖူးကလေးကို ဖြစ်သည်။ နွမ်းကြေနေသော နှင်းဆီပွင့်ကိုတော့ မပန်ဟူသော မာနတရား အေးမမှာရှိ၏။

“ ကျုပ် မယူနိုင်ဘူး အမေ ”
မျက်စိကိုစုံမှိတ်၍ အော်လိုက်သော အေးမကို အမေ ကြောင်အမ်းအမ်းလှမ်းကြည့်သည်။ ပြီး အမေ့မျက်၀န်းများ စိုလာသည်။ အမေငိုတော့မည်။ ကိုဘသာကြီးကို အေးမ မယူ၍ ငိုခြင်းမဟုတ်သည်ကိုတော့ အေးမ သိသည်။ အမေ့ကို ကျောခိုင်းထွက်ခဲ့သည်။

လောကကြီးသည် မထင်မှတ်တာတွေ ဖြစ်တတ်သည်။ လောကကြီးကတော့ သူ့ဘာသာသူ နေတာဖြစ်သည်။ မထင်မှတ်တာတွေကို ဖန်တီးကြသည်မှာ လူတွေဖြစ်သည်။
အေးမကို ချစ်လှပါသည်ဆိုသော ဖိုးထင်ကို သူ့မိဘများက တခြားမိန်းကလေးနှင့် ပေးစားတော့သည်။ ဇွတ်ပေးစားခြင်းကြောင့် ဖိုးထင်ယူခြင်းဟု ပြောပါသည်။ အေးမကို အမေ ကိုဘသာကြီးနှင့် ဇွတ်ပေးစားကြည့်၊ အေးမ ယူမည်မဟုတ်ပါ။

ထိုမိန်းကလေးသည် အေးမထက် ဘဝရော အလှပါသာသည်။ အေးမ မနာလိုမရှိပါ။ သူ့အကျိုးပေးနှင့်သူမို့ ငိုရုံမှတစ်ပါး အေးမ မတတ်နိုင်ခဲ့ပါ။ ငွေကြေးနှင့် အရာရာကို အနိုင်ယူမခံလိုသော အေးမ အနိုင်ယူခံလိုက်ရ၏။
သို့သော် အေးမ ဘ၀ကိုမဟုတ်၊ အေးမ အချစ်ကိုသာ အနိုင်ယူခံလိုက်ရခြင်းဖြစ်သည်။

သည်နေ့ ဖိုးထင် မင်္ဂလာဆောင်သည်။
တစ်ရပ်တည်းနေသူတွေမို့ မနက်မိုးမလင်းခင်က ဖွင့်နေသော အသံချဲ့စက်သံကြောင့် အေးမ အိပ်ရာမှ နိုးနေရသည်။
အေးမ၏ အသဲကွဲမျက်ရည်တွေကို ဘယ်သူက အသိအမှတ်ပြုပါ့မလဲ။ အေးမ ငိုနေရတယ်လို့ ဘယ်သူ့ကို ပြောရမှာလဲ။
ဖိုးထင်နှင့် မင်္ဂလာဆောင်လျှင် အဝါရောင်လေး၀တ်ပြီး နှင်းဆီပွင့်ဝါ၀ါလေးတွေ ဆင့်ကာဆင့်ကာ ပန်လိုက်မည့်စိတ်ကူးများသည် နေလာ နှင်းပျောက်ဖြစ်ရချေပြီတည်း။ အညတရပန်းသည်မလေး အေးမ ပန်းတစ်ပွင့်ပန်ရဖို့ မလွယ်လှပါလား။

“ အေးမ.. ထတော့လေ၊ ထမင်းချက်ပြီးပြီ၊ စျေးသွားစို့ ”
အမေ လှမ်းနိုးတော့ အေးမ အိပ်ရာက လူးလဲထရသည်။ မျက်နှာသစ်ပြီး သနပ်ခါးလိမ်းချင်လာမိသည်။ ထူးထူးခြားခြား သည်နေ့ အေးမ လှချင်နေမိသည်။
အဝါရောင်၀မ်းဆက်၀တ်၊ အဝါပန်းလေးပန်ပြီး မင်္ဂလာခန်းမထဲမှာ သတို့သမီးလေးအဖြစ် ၀င့်ထည်နေချင်မိသည်။ ငါ ရူးများနေသလားဟု ကိုယ့်ကိုယ်ကို ဆန်းစစ်မိသည်။
“ အို.. ငါ မရူးပါဘူး၊ ဟောဟိုဟာ အမေလေ၊ ဟောဒီသီချင်းသံက ဖိုးထင် မင်္ဂလာဆောင်က ဖွင့်တာ၊ ပြီးတော့ စျေးသွားဖို့အထိ ငါသိနေတာပဲ ”

အေးမ စေတသိတ်က ချွေးသိပ်၏။ လွင့်ပါးလုဆဲဆဲ စိတ်အစဉ်ကို စုစည်းယူလိုက်သည်။ ဘုရားပွဲတုန်းက ဖိုးထင်ချုပ်ပေးသည့် အဝါရောင်၀မ်းဆက်ကလေးကို ထုတ်၀တ်လိုက်သည်။ ပန်စရာ အဝါရောင်နှင်းဆီလေးကတော့ အဆင်သင့်မရှိ။
အေးမ ပန်းဗန်းကိုဆွဲပြီး အပြင်ထွက်လိုက်တော့ အမေ တအံ့တသြ ငေးမောကြည့်နေသည်။

“ မင်္ဂလာဆောင် ၀င်မလို့လား အေးမ ”
“ မ၀င်ပါဘူး အမေ ”
အေးမအကြောင်းသိပြီးဖြစ်သော အမေက မီးဖိုထဲ၀င်ပြီး ထမင်းထုပ်နေသည်။ ပန်းဗန်းကြီးကိုကိုင်ပြီး အေးမ ၀မ်းနည်းလာပြန်သည်။
“ အမေ ပန်းဗန်းကြီးကို စင်ပေါ်ထားခဲ့ပြီ။ ဒီနေ့အဖို့ ကျုပ်ပန်းမရောင်းပါရစေနဲ့တော့၊ ကျုပ်ကြီးလာလို့ အမေတို့အရွယ်ရောက်တဲ့အထိ ပန်းရောင်းမှာပါ၊ ဒီတစ်နေ့တော့ဖြင့်ရင် ကျုပ် ပန်းပဲပန်ပါရစေလား အမေ ”

အေးမရင်ထဲက ထိုစကားသံများက တကယ်တမ်းကျတော့ အပြင်ထွက်မလာပါ။ အေးမ ထွက်ရမည့်အသံကတော့…
“ ဟောဒီက ပန်းသည်တော်ရေ…”
ဟု ဖြစ်ပါသည်။

ခင်ခင်ထူး
ရွှေ၀တ်မှုန်မဂ္ဂဇင်း၊ အတွဲ ၃၊ အမှတ် ၁၁၊ ဧပြီ၊ ၁၉၉၃