အစွဲအလန်း

ရှောက်နေရသည့် နင်္ဂါးသိုက်များဖြစ်သည်။စည်သူနန္ဒသည် နှမတော် စောရှင်သဒ္ဒါအား အလွန်ချစ်ခင်၏။မျက်နှာလည်းအညှိုးနွမ်းမခံနိုင်ဘဲ ထားတော်မူသည်။ယခုလည်း စောရှင်သဒ္ဒါအား လူ့ပြည့်ကို စေလွှတ်ရန်သဘောတူလိုက်ပြန်လေသည်။

“ဒါပေမယ့် နှမလေးကတိတစ်ခုပေးရမယ်”
“ဘာကတိလဲမောင်တော် ခွင့်ပြုမယ်ဆိုတည်စေရပါမယ်”
“မောင်တော့်ကိုမေ့မသွားဖို့ရန် လူ့လောကရောက်ရင် အချစ်ဝဲမှာမနစ်စေဖို့ သာသနာပြုဖို့နဲ့ အစွဲအလမ်းချွတ်ပေးပြီးတာနဲ့ပြန်ခေါ်တာကိုခွင့်ပြုရမယ်”
“ဟုတ်ကဲ့ ကတိပေးပါတယ်မောင်တော်…”

******

လူတစ်ယောက်အတွက် အကျင့်တစ်ခုပျောက်ဖို့အချိန်အတော်ယူရသည်မဟုတ်လား။နယ်မှာမွေးပြီး မြို့မှာ ကြီးပြင်းခဲ့သည့် ကျွန်မအတွက် အကျင့်များစွာကိုအတော်ပြင်ယူရမည်။မိုးလင်းလာလျှင် အီကြာကွေးနဲ့လက်ဖက်ရည်ကိုတွဲဖက်သောက်တတ်တဲ့အကျင့်ကို ဆီမပါဘဲကြော်ထားတဲ့ထမင်းကြော်နဲ့လဲဖို့ဆိုတာ သိပ်ကိုခက်ခဲ၏။ဘဝဆိုတာဘာလဲ ကျွန်မသေချာမသိခဲ့ပါ။တဖြည်းဖြည်းနဲ့ သိလာမယ်ထင်ပါတယ်။

ဇာတိမြေလေးကိုရောက်သည်မှာသုံးလပြည့်ပြီ။ကျွန်မမြို့လေးကိုလွမ်းတယ်။သူငယ်ချင်းတွေကိုလွမ်းတယ်။ရွှံ့တွေဖွက်တွေမရှိတဲ့ ကတ္တရာလမ်းကြီးကို သတိရတယ်။ခုတော့ရွှံ့တွေဖွက်တွေနဲ့ သိပ်ကိုရွံစရာကောင်းတယ်လို့ထင်တယ်။တစ်အိမ်နဲ့တစ်အိမ်လှမ်းခေါ်ရင်တောင် အသံကွဲအောင်အော်ရမယ်။အိမ်ခြေမှာလည်း ငါးဆယ်တောင်မပြည့်။မိုးလင်းတာနဲ့လယ်ထဲဆင်း ကောက်ရိတ်ပျိုးနှုတ်ကြ။လျှာကြမ်းအာကြမ်းတွေနဲ့လည်း စနောက်ကြသေးတာ။

“မလှရီ ညည်းသမီးစုလိပ်ပြာက ဒီမှာမွေးတာဟုတ်ရဲ့လားအေ အသားအရည်ကလည်းမျော့သွေးစုပ်ခံထားရတဲ့အတိုင်း လယ်ထဲတောင်ဆင်းနိုင်မယ်မထင်ပေါင်အေ”
အမေကတော့ ဒီအတိုင်းပြုံးပဲပြုံးနေတယ်။ဘာပြောပြောပြန်လည် ခွန်းတုံ့မပြန်သည်ကမေမေ့အကျင့်တစ်ခုလိုဖြစ်နေပြီ။
ခနဲ့ပြောသည့် အကျင့်ကိုကျွန်မ မကြိုက်။ပြန်ပြောပြန်ရင်လည်း မိဘတွေမျက်နှာပျက်ရပေလိမ့်မယ်။ကျွန်မငြိမ်နေတာပဲကောင်းပါတယ်။လက်ထဲမှာစတုတ္ထတန်းမြန်မာစာဖတ်စာအုပ်လေးကိုကိုင်ပြီး ခေါင်းရင်းမှာရှိတဲ့ ဘုရားကုန်းကိုထွက်လာလိုက်တယ်။

လူကြီးတွေပြောသည်ကို တစ်ခွန်းတစ်စကြားမိတယ်။ဘုရားကုန်းက ကျိန်စာမိနေတယ်တဲ့။

လွန်ခဲ့သော အနှစ် ၁၀၀ ကျော်ခန့်ကဖြစ်သည်။

တိုင်းပြည် သူ့ကျွန်ဘဝမှလွတ်မြောက် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များဦးဆောင်ကာ ပြန်လည်တိုက်ထုတ်နေသည့်အချိန်ကာလဖြစ်၏။ဂျပန်တစ်ချို့ကလည်း ချွေးတပ်ဆွဲကာ ရတနာပေါင်းစုံယူငင်ပြေးခဲ့လေသည်။ချွေးတပ်အဆွဲခံရသည့်ထဲတွင်ကျွန်မ၏အဘိုးလည်းပါခဲ့သည်။အမေသည် အဘိုးအဖြစ်ကို ဟာသတစ်ခုလို ဒီနေ့ထိပြန်ပြောပြလေ့ရှိ၏။

အဘိုးက (-)ရွာရဲ့လူချမ်းသာတစ်ဦးဖြစ်ပြီး လူကျော့တစ်ဦးဖြစ်သည်။အလုပ်ကြမ်းလည်းမလုပ်ဖူးဘဲချွေးတပ်အဆွဲခံရသည့်အခါ လူနှစ်ဦးကိုသေတ္တာတစ်လုံးဆီသယ်ဆောင်ရ၏။အဘိုးက ကြာကြာမထမ်းနိုင်ဘဲ ပြန်ပြောလိုက်သည်။

“ကျုပ် လေးတယ် ဆက်မထမ်းနိုင်ဘူးဗျာ”

အဘိုးရဲ့စကားကို နားလည်သည့်ဂျပန်တစ်ဦးက အတန်ကြာစဉ်းစားပြီး အဘိုးကိုခဏရပ်ခိုင်းသည်။ထို့နောက် ဂျပန်ကြီးက သူ့ ဖိနပ်ကိုချွတ်ကာ အဘိုးထမ်းသည့်ဘက်ကတုတ်တွင်တင်ပြီး ထမ်းစေ၏။ဗမာတချို့က အဘိုးအဖြစ်ကိုကြည့်ပြီး ရယ်ကြသည်။အဘိုးလည်း ဘာတစ်ခွန်းမှမပြောဘဲ ဆက်သာထမ်းရတော့သည်။လမ်းခရီးတစ်ဝက်တွင် တော်လှန်ရေးအဖွဲ့နှင့်တွေ့ကာ တိုက်ခတ်မှုဖြစ်ပွားတော့သည်။

“ပစ်…”
“အား…”
“ဘာလို့ အော်နေတာလဲ ပြေးလေ”
“မပြေးနိုင်ဘူး ဒီထဲကရတနာတွေပါတယ်ကွ အတူထမ်းပြေးရအောင်”
“အခုချိန်မှာ အသက်ကအရေးကြီးတယ် ကျုပ်တော့ပြေးပြီဗျာ”
အဘိုးလည်း အသက်တော့အသေမခံနိုင်။အန္တရာယ်ကြားထဲမှ ထွက်ပြေးဖို့ကြိုးစားပေမယ့် ခြေထောက်ကိုသေနတ်မှန်လို့ အနီးနားကသစ်ပင်အပေါ်တွင်တက်ပုန်းနေလိုက်တယ်။အဘိုးအကျွမ်းကျင်ဆုံးက သစ်ပင်တက်သည့်အလုပ်ပင်။မိန်းမဖြစ်သူအဘွားနှင့်ရန်ဖြစ်တိုင်း သစ်ပင်ပေါ်တက်အိပ်ရ၍ဖြစ်သည်။ထိုအချက်ကပဲ သူ့အသက်ကိုကယ်ခဲ့နိုင်သည်။ရတနာတွေမက်သည့် လူကြီး၏အဆုံးသတ်ကတော့ မတွေးဝံ့စရာပင်။

ကျည်ဆံတွေ ကြားထဲကနေ သေတ္တာကိုမရရအောင် ဖွင့်၏။အထဲတွင်ရှေးဟောင်းဘုရားဆင်းတုတစ်ခုနှင့်အတူ ရတနာများစွာရှိနေသည်။ရွှေငွေများကို လက်ကဆုပ်ကိုင်လျက် အပျော်ကြီးပျော်နေရှာပြီး နောက်ကရန်သူကိုပင် သတ္တိမပြုနိုင်ခဲ့ပေ။

“အား…”
ဂျပန်ခေါင်းဆောင်၏နှစ်ပေလောက်ရှည်ပြီး ချွန်ထက်နေသည့်ဓားအောင်တွင် ဘုရားဆင်းတုနှင့်အတူ ထိုလူ၏ခေါင်းတိကနဲပြတ်သွားသည်။ဘုရားဆင်းတုလည်း ထက်ပိုင်းပြတ်သွားခဲ့တော့သည်။ထိုတိုက်ပွဲတွင် တော်လှန်ရေးအဖွဲ့ကအနိုင်ရကာ ချွေးတပ်ဆွဲခံရသည့်လူထဲတွင် အဘိုးတစ်ယောက်သာလွတ်မြောက်ခဲ့သည်။ရတနာတစ်ချို့မှာအဘိုးနှင့်အတူပါလာသည်ဟုလည်း ပြောကြတယ်။အဘိုးကတော့ငြင်းလည်းမငြင်းသလို လက်မခံခဲ့ပေ။အဘိုးကလူကျော့သမားဆိုသော်ငြားလည်း ဘုရားတရားယုံကြည်ကိုးကွယ်သူဖြစ်သည်။ထက်ပိုင်းကျိုးနေသည့်ရှေးဟောင်းဘုရားဆင်းတုကိုပင့်ဆောင်ကာပူဇော်ခဲ့သည်။သို့သော်ထက်ပိုင်းကျိုးသည့်နေရာကို ဘယ်လိုမှ ဆက်မရ၍ ယခုဘုရားကုန်းတွင်သာပူဇော်ခံထားရသည်။ဘုရားကုန်းသည်မိုးကြိုးကွင်းသည်ဟုလည်း ပြောကြသည်။ကျွန်မအတွက်တော့ ကလေးတစ်ယောက်ရဲ့အိပ်ရာဝင်ပုံပြင်လို့သာမှတ်ယူသည်။လောဘကြီးပြီးသေဆုံးသွားသည့် အဘိုးအကြောင်းကိုကြားတိုင်းလည်း စိတ်ထဲဝမ်းနည်းသလိုခံစားမိသည်မှာအမှန်ပင်။

အိမ်မှာကောက်စိုက်သမတွေစုနေပြီဆို ကျွန်မနားမခံနိုင်။အော်ဟစ်ရယ်မောနေကြလို့ ကျွန်မတစ်ယောက်တည်း ဘုရားကုန်းမှာ ထိုင်ပြီးစာကျက်လေ့ရှိသည်။

“မြေး စာကျက်နေတာလား”

ရုတ်တရက်မို့ ကျွန်မကြောက်မိသည်တော့
အမှန်ပင်။အသံရှိရာလှည့်လိုက်တော့ အသက်ကြီးကြီးအဘိုးအိုတစ်ယောက်ပင်။အသက်အတော်ကြီးပြီး ခါးလည်းကုန်းနေရှာပြီ။အဘိုးအဘွားတွေနဲ့အတူတူမနေခဲ့ရသည့်ကျွန်မအတွက် အဘိုးနှင့်စကားပြောရလည်း ကောင်းသည့်အချက်သာဖြစ်သည်။ကျွန်မလည်း ဖော်ဖော်ရွေရွေနှင့် အဘိုးကိုပြန်လည်လက်ခံစကားပြောဖြစ်သည်။

“ဟုတ်ကဲ့အဘိုး အမှန်တိုင်းပြောရရင် သမီးလယ်ထဲမဆင်းချင်ဘူး စာကြိုးစားရမယ်”
“အမယ်အရွယ်နဲ့မလိုက်ပါလား ဒါနဲ့ မြေးကိုအဘိုးအရင်က မတွေ့မိဘူးကွယ်”
“ဟုတ်ကဲ့အဘိုး သမီးတို့ကပြောင်းလာတာမကြာသေးဘူး”

အဘိုးနဲ့ကျွန်မစကားတွေအများကြီးပြောဖြစ်တယ်။အကြောင်းအရာတွေစုံလို့ပေါ့။

“အေးကွယ် အချိန်လည်းမစောဘူး အိမ်စောစောပြန်နော် နောက်နေ့ညနေစောင်းလည်းအဘိုးတို့စကားပြောကြမယ်မဟုတ်လား”
“ရတာပေါ့အဘိုးရဲ့ သမီးလည်းအဖော်မရှိဘူး နောက်နေ့လည်းဆုံမယ်နော်အဘိုး”
“အေးကွယ် ကဲကဲပြန်တော့”

ကျွန်မလည်း အဘိုးကိုလက်ပြနှုတ်ဆက်ပြီး အိမ်ကိုပြန်လာလိုက်တော့တယ်။အိမ်ရောက်တော့ မိသားစုတွေဆုံနေပြီ ကျွန်မကိုထမင်းစားဖို့စောင့်နေကြ၏။ငါးပိရည်နဲ့တို့စရာ ကန်စွန်းရွက်ရေလုံပြုတ်။ငါးမီးဖုတ်ဟင်းတွေကိုကျွန်မကျင့်သားမရနိုင်။မိဘတွေစိတ်ချမ်းသာဖို့ ကျွန်မဟန်ပြစားရသည်။ငါးပိရည်ကိုတော့ ကျွန်မလုံးဝမစားနိုင်။ကြီးကျယ်သည်တော့မဟုတ်ချေ။တစ်အိမ်လုံးကြိုက်သည့် ငါးပိရည်ကို ကျွန်မလုံးဝမကြိုက်။လူကြိုက်များသည့် မြန်မာ့အစားအစာငါးပိရည်က ကျွန်မအတွက်တော့ဘယ်ဘဝကရန်ဖြစ်ထားသည့်ရန်သူအလား ကြိုသည့်အချိန်ဆိုလည်း ကျွန်မအနံ့ကင်းရာပြေးတတ်သည်။ငါးပိရည်မကြိုက်သည်မှာကျွန်မ အားနည်းချက်ပင်ဖြစ်လာခဲ့သည်။

“ဒါနဲ့ သမီး ပျောက်ပျောက်နေတယ် တစ်ယောက်တည်းအဝေးကြီးလျှောက်မသွားနဲ့နော် စာလည်းကြိုးစား”
“ဘုရားကုန်းနဲ့နွားတင်းကုတ်ပြီးတော့ ကောက်ရိုးပုံနားမှာ သမီးအမြဲရှိပါတယ်”

ကျွန်မစကားကြောင့်အားလုံးရယ်၏။ကျွန်မအမှန်ပြောသောစကားပင်။ရွာကိုရောက်ကတည်းက ဘုရားကုန်း နွားတင်းကုတ်နဲ့ ကောက်ရိုးပုံကကျွန်မအတွက်နေရာများပင်။အမှန်တွင် ရွာဟုလည်းမခေါ်ဆိုထိုက်ပေ။လူမသိသူမသိကွင်းပြင်ကြီးတစ်ခုသာဖြစ်၏။တစ်ဖြည်းဖြည်းနဲ့နေအိမ်များလာပြီး(-)အရပ်ဟုဖြစ်လာခဲ့သည်။ကြာညောင်းသည်နှင့် အကျင့်တစ်ခုလိုဖြစ်လာခဲ့သည်။မနက်မိုးလင်းသည်နှင့်စောစော အိပ်ရာထဖြစ်သည်။ဖော်ဖော်ရွေရွေစကားပြောတတ်လာ၏။အဘိုးအိုဆီကလည်းကျွန်မဗဟုသုတများစွာရရှိခဲ့သည်။

“မေကြီး သမီးဘုရားကုန်းမှာရှိမယ်နော် မိုးမချုပ်ခင်ပြန်လာမယ်”
“သိပ်လည်း မိုးမချုပ်စေနဲ့ သမီးရေ”
“ဟုတ်ကဲ့ မေကြီး”

ဒီလိုနဲ့နှစ်တွေကြာခဲ့ပြီ။ကျွန်မအသက်လည်း နောက်တစ်လဆို(၁၈)ပြည့်တော့မည်။
အဘိုးဆီက ဒီနေ့သမိုင်းအကြောင်း တွေကြားရသည်။ရုတ်တရက်အသံတစ်ချို့ကို ကြားလိုက်ရသည်။

“နှမတော် နှမတော်လူ့ပြည်မှာသိပ်ကြာကြာနေလို့မဖြစ်တော့ဘူး အမြန်ပြန်လာပါတော့”
“ဟင်အင်း ဘာတွေပြောနေတာလဲ”

“မြေး ဘာဖြစ်လို့လဲ”
“ဟင်အင်း သမီးပြန်တော့မယ် ”
“အေးအေး…သတိထားသွားဦးနော်မြေး”

ကျွန်မအိမ်ရောက်တာနဲ့ အိပ်ရာထဲလဲလိုက်မိသည်။အိပ်ပျော်မှန်းမသိ အိပ်ပျော်သွားတော့သည်။

“နှမတော်စောရှင်သဒ္ဒါ မောင်တော်ခေါ်နေတာကြားရဲ့လား”
“ဘယ်သူလဲ ကျွန်မနာမည်စောရှင်သဒ္ဒါမဟုတ်ပါဘူး”
“သိပါတယ် ခုမောင်တော်အပြစ်ဒဏ်ခံနေရတယ် နှမတော်သိုက်နန်းကိုအမြန်ပြန်လာမှဖြစ်မယ် ဒီရေစင်ကိုသောက်လိုက်ပါ ဒါဆိုမှတ်ဥာဏ်တချို့သတိရပါလိမ့်မယ် နှမတော်”

ကျွန်မငြင်းဆန်၍မရ အလိုအလျောက်ရေကိုသောက်လိုက်မိတယ်။နောက်ထူးဆန်းတဲ့ပုံရိပ်တွေက ကျွန်မခေါင်းထဲမှာ ပြေးလွှားနေတော့တယ်။နောက်ဆုံးကျွန်မက နင်္ဂါးသိုက်ကလာတဲ့သိုက်စောင့်တစ်ဦးအပြင် သေဆုံးပြီး မချွတ်သည့်ဖခင်ကို အစွဲအလမ်းချွတ်အောင်လုပ်ပေးရန်…အတွေးတွေအားလုံးကိုကျွန်မသဘောပေါက်လာတော့တယ်။အစွဲချွတ်ရမည့်သူမှာ ကျွန်မအမြဲအဖော်အဖြစ်စကားပြောဖြစ်သည့်အဘိုးပင်။အတွေးအိပ်မက်တွေကနေ ကျွန်မလန့်နိုးလာတော့သည်။

ကျွန်မလူ့ဘဝမှာပျော်ချင်သေးသည်။သို့သော်မောင်တော်စည်သူ ကျွန်မအတွက်အပြစ်ဒဏ်ခံနေရသည်မို့ ကျွန်မသိုက်နန်းကိုပြန်ရတော့မည်။

“သမီး မျက်နှာမကောင်းဘူးနေမကောင်းဘူးလား”
“မဟုတ်ပါဘူး သမီးအဝေးကိုထွက်သွားရတော့မယ် အမေဝမ်းမနည်းရဘူးနော်”
“ဟာ ပေါက်ကရတွေမစရဘူး မပြောရဘူးလေ”
“အင်းပါ ဒီနေ့သမီးလယ်ထဲဆင်းမယ်”
“ဟား အမေမြို့တက်ပြီးထီးထိုးရမယ် မိစုကလယ်ထဲဆင်းမယ်တဲ့”
“ဟာကိုလေးတို့ ဝအောင်စထားကြပါ နောက်ဆို”
“နောက်လည်းစမှာပဲ ကဲရော့မျော့သေးသေးလေးကိုင်ကြည့်”
“ငိုမှာနော်…”

ဒီလိုနဲ့ ကျွန်မနေ့ရက်တွေကိုကုန်ဆုံးတယ်။သဘက်ခါကျွန်မအသက်(၁၈)နှစ်။ကျွန်မအချိန်တွေကိုဆွဲဆန့်ထားချင်သေးတယ်။မဖြစ်နိုင်တော့ပေ။ရုတ်တရက် ကျွန်မခုတလောခန္ဓာကိုယ်အားနည်းလာသလိုနှလုံးအောင့်လာတယ်။

“အဟွတ် ဟွတ်…”
“သမီးချောင်းဆိုးပြန်ပြီ မြို့တက်ပြီးဆေးခန်းသွားရအောင်လား”
“ဟင်အင်း သမီးသက်သာသွားမှာပါ သမီးအားလုံးကိုတောင်းဆိုစရာရှိတယ်”
“ပြောလေသမီး”
“သဘက်ခါသမီးမွေးနေ့မှာ ဘုန်းကြီးငါးပါးပင့်ပြီးတရားနာချင်တယ် ဧည့်သည်တစ်ချို့ကိုလည်းဖိတ်ပေးရမယ်နော်”
“ရတာပေါ့ ကိုလေးက မြို့တက်ပြီးကိတ်မုန့်ပါမှာပေးမယ်”
“ဟုတ်ကျေးဇူးပါရှင့်…”
“အမေ့သမီးဆေးစားမှားထားသလားပဲနော် ခုတလောလုံးဝရင့်ကျက်သလိုလိုပုံစံပြောင်းသွားတယ်”
“နောက်ပြန်ပြီ လမ်းလျှောက်ထွက်ဦးမယ်”
“အမေလိုက်ခဲ့မယ်လေ”
“မလိုက်ပါနဲ့ ဒီနားတင်ခဏနေပြန်လာမယ်”
“အေးအေး…”

ကျွန်မဘုရားကုန်းဆီကို ခြေလမ်းတွေနှေးကွေးစွာလျှောက်လာမိတယ်။ဝမ်းနည်းခြင်းအခိုးအငွေ့တွေကလည်း ကျွန်မနားဝဲပျံလျက်ပေါ့…

“အဘိုးထွက်လာခဲ့ပါ”
“မြေး မလာတာကြာလို့မျော်ရတာကွယ် ”
“အဖေ…”
“ဟင်…မြေးဘာဖြစ်တာလဲ”
“သမီးမြခက်လေ အဖေအသိဝင်ပါတော့ အဖေ့ရဲ့အစွဲတွေကျွတ်ပါတော့”
“ဟင် ဘာတွေလဲ သမီးကမြခက်ဟုတ်လား”
“အဖေ ငွေကြေးတွေကိုစွဲလမ်းတာရပ်ပါတော့ ဒီဘဝကြီးမှာပဲခိုအောင်းမနေပါနဲ့ ”
“အင်းပါ သမီးလေးရယ် အဖေ အစွဲအလမ်းတွေလည်းမထားချင်တော့ပါဘူး အဖေအထီးကျန်နေခဲ့တာ ၈နှစ်အရွယ်ကောင်မလေးတစ်ယောက်ကသာ အဖေ့ကိုတွေ့မြင်နိုင်ခဲ့တာ ဒီကလေးလေးက အဖေ့သမီးလေးမြခက် စိတ်ချပါနော် အဖေဒီဘဝရဲ့အစွဲတွေချွတ်စေရမယ်…”
“သဘက်ခါ အဖေ့အတွက်သမီးကောင်းမှုကုသိုလ်တွေလုပ်ပေးမယ် သာဓုခေါ်ပါနော်”
“အင်းပါ သမီးလေး……”

တချို့ခွဲခြားတွေက သိပ်ကိုနာကျင်စရာကောင်းတယ်။

“အဟွတ် ဟွတ်…”
“မွေးနေ့ရှင်ရယ် ပိန်လာလိုက်တာ နေမကောင်းတာမြို့တက်ကုရမယ်လေ”
“ဘာမှမဖြစ်ပါဘူး ငါနောက်နှစ်နင်နဲ့အတူမြို့တက်ပြီး တက္ကသိုလ်မတက်နိုင်တော့ဘူး ငါတောင်းပန်ပါတယ်နော်”
“လိပ်ပြာ ဘာဖြစ်လို့လဲ နင်ကတိပေးထားတယ်လေ ငါတို့ရဲ့ရွာလေးတိုးတက်ဖို့ ငါတို့ပညာတတ်ကြီးဖြစ်ရမယ်ဆို”
“အင်းပါနင်ငါ့အစားပညာတတ်ကြီးဖြစ်ရမယ် ”

“ကလေးတွေဆရာတော်တွေကြွလာပြီ…”

****
“အတိတ်ဘဝက တော်စပ်ခဲ့ဖူးသော မိခင်ဖခင်တို့လည်း အမျှ အမျှ အမျှ ပေးဝေပါတယ် …”
“သာဓု…သာဓု…သာဓု…”

အင်္ကျီအဖြူရောင် ယောပုဆိုးကိုဝတ်ပြီး ကျွန်မကိုလက်ပြနှုတ်ဆက်သွားခဲ့ပြီ…ကျွန်မတာဝန်ကျေခဲ့ပြီ…

“သမီး…စုလိပ်ပြာသမီး…”

ခေါ်သံတွေရဲ့ဝေးရာအရပ်ကို ကျွန်မရောက်ရှိသွားခဲ့ပြီ။ဒီလိုသံယောဇဉ်အနှောင်အဖွဲ့တွေကိုလည်း ကျွန်မ မလိုချင်တော့ဘူး…

_______

“နှမလေး ဘယ်လိုလဲ မျက်နှာမကောင်းပြန်ပါလားကွယ်”
“မဟုတ်ပါဘူး မောင်တော်ရယ် လူ့ဘဝရဲ့အနှောင်အဖွဲ့တွေက နာကျင်ရလို့ဝမ်းနည်းမိကြောင်းပါဘုရား”
“သံယောဇဉ်ကြိုးကခိုင်မာတာကို ကဲပါ ကိုယ့်ရဲ့တာဝန်ပဲကျေအောင်ထမ်းပါတော့ ဘာသာသာသနာအတွက် စောင့်ရှောက်ရမှာကမောင်တော်တို့ရဲ့ပထမဦးစားပေးမဟုတ်လား”
“ဟုတ်ပါပြီမောင်တော် နှမတော်လေးလူ့ပြည်ကိုလည်းမသွားတော့ပါဘူး မောင်တော်နဲ့အတူ သိုက်နန်းကိုစောင့်ရှောက်မယ်လို့ ကတိပေးပါတယ်မောင်တော်”
“မောင်တော်ဝမ်းသာလို့ မဆုံးပါဘူးကွယ်…”

……

ပြီးပါပြီ

စုသစ္စာ(ဓနုဖြူ)