ဝမ်းတွင်းစုန်း

မီဘူးကွ”

ဒီလောက်ကို အလုပ်လုပ်နိုင်ခဲ့တဲ့ ဘွားတော်
ကြီးဗျ။ ခုတော့ ဘယ်လုပ်နိုင်တော့မှာလည်း
ဗျာ။ ဘိုးမင်းတို့ ဘိုးဝင်းတို့လည်း ဆုံးကုန်ကြ
ပြီ။ ဘွားမယ်ထုံက အိမ်မှာ တစ်ယောက်တည်းနေတာဗျ။

သူ့ယာတွေကို ဝမ်းကွဲတူတွေကလုပ်ကြတယ်။ကျုပ် ဝက်သားကြိုက်မှန်း ဘွားမယ်ထုံက သိတော့ သူဝက်သားချက်တဲ့ နေ့
ဆိုရင် ကျုပ်ကို လူလွှတ်ခေါ်ခိုင်းတာဗျ။ ဘွား
မယ်ထုံနဲ့ ကျုပ်နဲ့ ထမင်းတစ်ဝိုင်းတည်း စားကြတာ။

အသက်ကြီးတဲ့ လူတွေဟာ သူတို့ဖြတ်သန်းလာခဲ့တဲ့
ဘဝအကြောင်းကို ပြန်ပြောချင်ကြတာ ထုံးစံပဲလေဗျာ။

ကိုယ်ဖြတ်သန်းခဲ့တဲ့ဘဝမှာ ရယ်စရာတွေ၊
စိတ်မကောင်းစရာတွေ၊ ဒေါသဖြစ်စရာ လူ
တိုင်းမှာ ရှိကြတာပဲပေါ့ဗျာ။အသက်ကြီးတော့
ဒါတွေကို ပြန်တွေးပြီး ပြန်ပြောချင်တာဗျ။ဘွား
မယ်ထုံက ဝက်သားချက်ကလည်း ကောင်းဗျ။

ဝက်သားချက်တဲ့နေ့ဆိုရင် မအီအောင် ချဉ်
ရည်သောက်ကလေးကလည်း ပါသေးဗျာ။
ဘွားမယ်ထုံ ချက်လေ့ရှိတဲ့ ချဉ်ရည်သောက်
က ကင်ပွန်းချဉ်နဲ့ ဒန့်ဒလွန်သီးဗျို့။

တစ်ခါတစ်ခါကျတော့လည်း မန်ကျည်းရွက်နုလေး
တွေနဲ့ ဒန့်ဒလွန်သီးဗျ။ ကျုပ်က ဘွားမယ်ထုံ
ချက်တဲ့ ချဉ်ရည်သောက်ကို လွှတ်ကြိုက်တာ
ဗျို့။ ချဉ်ရည်ပူပူလေးကို ဖူးကနဲ ဖူးကနဲ မှုတ်သောက်ပစ်တာ။

ကျုပ် အဲဒီလို မြိန်ရည်ယှက်ရည် စားနေတာ
တွေ့ရင် ဘွားမယ်ထုံက လွှတ်သဘောကျတာဗျ။ ပြုံးပြုံး ပြုံးပြုံးနဲ့။

“ဟဲ့ တာတေ၊ စားဟဲ့၊ ဘွားက နင့်ကို ကျွေး
ချင်လို့ကို သက်သက်ခေါ်ခိုင်းပြီး ကျွေးရတာ ”

လို့ ပြောသေးတာဗျ။ စားတာပြီးရင်တော့ စ
ကားတွေ ပြောတော့တာပဲဗျာ။

တစ်ခါ တစ်ခါကျတော့ စုန်းတွေအကြောင်းကို ရောက်သွား
ရောဗျ။ ဟိုတုန်းကတော့ ကျုပ်က မသိသေးဘူးလေဗျာ။

“ဘွား၊ စုန်းတွေအကြောင်းကို ဘွား ဒီလောက်
သိနေပုံထောက်တော့ ဘွား စုန်းပညာ တတ်
တယ်ထင်တယ်”

လို့ ကျုပ်က တည့်တည့်ပဲ မေးခဲ့တာဗျ။

“တာတေ နင်မှတ်ထားဟဲ့၊ မောက်လုံးအ
ထက်ခုနှစ်ဆင့်ဆိုရင် အဲဒီစုန်းက ကောင်း
ကင်မှာ ပျံနိုင်တယ်၊ ငါက မောက်လုံး အထက် ကိုးဆင့်ဟဲ့၊
နင် သိပြီလား”

“ဗျာ ”

“အေး ဟုတ်တယ်”

“ဟာ ဘွားက ပညာတော်တော်မြင့်ပါလား
ဗျ၊ ဒီပညာတွေကို ဘယ်အရွယ်မှာသင်ခဲ့တာ
တုံး၊ ပြီးတော့ ဘွား ဒီပညာတွေ ဒီလောက်
တတ်တာကို ထနောင်းကုန်းတစ်ရွာလုံး ဘယ်သူမှ
မသိကြပါလား ဘွားရဲ့”

“တာတေ၊ ငါက ဘယ်သူ့ဆီကမှ ပညာမယူ
ခဲ့ဘူး၊ မွေးကတည်းက ငါ တတ်နေတာဟဲ့”

“ဗျာ၊ အဲဒီလို မွေးကတည်းက တတ်တာ ရှိလို့
လား ဘွားရဲ့၊ ပြီးတော့ မွေးကတည်းက တတ်
တယ်ဆိုရင်လည်း ဒီလောက်ကြီး တတ်ပါ့မလားဘိုးရဲ့”

“တတ်တယ် တာတေ၊ တတ်တယ်၊ ဒီလောက်ကို တတ်တယ်”

“နေပါဦး ဘွားရဲ့၊ ဘွား ဒီပညာတွေ တတ်တာဘယ်လိုလုပ် သိတာတုံး”

“ငါ ဆယ်နှစ်သမီးလောက်မှာ အနောက်ပိုင်းက
မယ်မိတို့ ညီအစ်မတွေနဲ့ ပြေးတမ်းလိုက်တမ်း
ကစားကြတာဟဲ့၊ သူတို့က ညီအစ်မနှစ်ယောက်
လေ၊ ပြီးတော့ ဒီကောင်မနှစ်ယောက်က နည်း
နည်းညစ်တယ်၊ ဘာပဲ ကစား ကစား ငါပဲရှုံးတာ
ဟဲ့၊ အဲဒီနေ့က ပြေးတမ်းလိုက်တမ်း ကစားတော့
လည်း ငါရှုံးတာပဲ၊ မယ်အိကို မိကာနီးမှာ မယ်မိ
က ငါ့ကို တွန်းလှဲပစ်လိုက်တယ်။ ငါ မယ်မိကို
စိတ်ဆိုးသွားပြီး တောက်ခေါက်လိုက်မိတယ်
တော့ မယ်မိ ချက်ချင်းခေါင်းမူးပြီး မေ့လဲသွား
လို့ လူကြီးတွေ မနည်းကို နှာနှပ်ယူကြရတာ။
အဲဒီကစပြီး ငါ့ကိုယ်ငါ သတိထားမိသွားတာ။
တစ်ခါကလည်း မြောက်ပိုင်းက ကြွယ်ဝဆိုတဲ့
ကောင် ငါ့ကို တွေ့တိုင်း ရိသဲ့သဲ့လုပ်လို့ ငါ
စိတ်ဆိုးပြီး ဖနောင့်ဆောင့်လိုက်တာ သူ့အ
ရိပ်ကို ဖနောင့်နဲ့ ပေါက်မိသလိုဖြစ်ပြီး ဒီအ
ကောင် သတိလစ်သွားတာ မနည်းကို နှာ
နှပ်ယူရတာ”

“သြော်၊ တောင်ပိုင်းမှာနေတဲ့ ကိုကြီးသံဒင်
တို့အဘိုး ဘိုးကြွယ်ဝကြီးလား ဘွား”

“ဟုတ်ပါ့တော်၊ လူတွေ့တိုင်း ရည်းစားစကား
ပြောတာ”

“ဟာ၊ အဲဒီလို ဖြစ်တာတောင် ဘွားကို ပညာ
သည်ဆိုတာ သူတို့ မသိကြဘူးနော်”

“ဟဲ့ ဘယ်သိမှာတုံး၊ ငါက ဘယ်သူ့ဆီကမှ
ပညာယူတာမှ မဟုတ်တာ၊ ငါ ဒီပညာ သင်ဖူး
ရင် ဒီတစ်ရွာလုံး ငါ့ကို စုန်းမလို့ သိမှာပေါ့ဟဲ့၊
နင့်အရီးမယ်ခလိုပေါ့ဟဲ့ တာတေရဲ့”

“သြော် နေဦး ဘွားရဲ့၊ အရီးမယ်ခရော ဘွား
ဝမ်းတွင်းပညာသည်ဆိုတာ သိသွားလား”

“ဘယ်သိမှာတုံး၊ သူနဲ့ ငါနဲ့ကလည်း သိပ်ဆုံ
ကြတာမှ မဟုတ်တာ၊ မယ်ခကို လူတွေက
ဝိုင်းပယ်ထားကြလို့ မယ်ခတစ်ယောက်တည်း
နေသွားတာလေ။ နင်တစ်ယောက်ပဲ မယ်ခကို
ခင်ပြီး ဝင်ထွက်နေတာ မဟုတ်လား”

ဘွားပြောတာ ကျုပ်က သိပ်မယုံဘူးဗျ။ သူပြော
သလောက်တော့ မဟုတ်ဘူးလို့ပဲ ကျုပ်က ထင်
တာ။ တစ်ရက်တော့ ဘွားမယ်ထုံကြီး ကျုပ်ယာ
ထွန်တဲ့ နေရာရောက်လာပါရောလားဗျာ။

“ဟာ ဘွား၊ ဘယ်က ပြန်လာတာတုံး၊ တစ်
ယောက်တည်းပါလား”

“သံခနောက်က မယ်လှမြေးမ စိန်ရီ မီးမဖွားနိုင်
လို့ လာခေါ်လို့ သွားမွေးပေးတာဟဲ့ ”

“ဟာ ဒီလူတွေကလည်း ဘွားကို ပင့်တုန်းက
လာပင့်ပြီး ပြန်တော့ တစ်ယောက်တည်း ပြန်
လွှတ်လိုက်ရသလားဗျာ”

ကျုပ်က စိတ်မကောင်းလို့ ပြောမိတာဗျ။

“ဟဲ့ မဟုတ်ဘူး တာတေ၊ သူတို့က ပို့တယ်၊
ငါက အဲဒီဘက် မရောက်တာကြာလို့ လမ်း
လျှောက်ပြီး ဟိုအိမ်ဝင် ဒီအိမ်ဝင် လုပ်ချင်လို့
တစ်ယောက်တည်း ပြန်ခဲ့တာ”

“သြော် ဒီလိုလား”

“နင် ယာထွန်တာ မောနေပြီလား”

“မောတော့ မောနေပြီ ဘွားရဲ့၊ ဒါပေမဲ့ ဒီအ
ကွက်ကို ဒီနေ့ပြတ်အောင် ထွန်ချင်လို့သာ
ထွန်နေတာဗျ”

“ကဲ ဒါဆိုရင် နင်ဖယ်စမ်း”

ဘွားမယ်ထုံက ကျုပ်ပခုံးကိုကိုင်ပြီး ထွန်တုံး
ပေါ်က ဆင်းခိုင်းတယ်။ ပြီးတာနဲ့

“ဟဲ့ ထိန်ပင်ပေါ်မှာ ထိုင်နေတဲ့ကောင်၊ နကား
မဟုတ်လား၊ လာစမ်း၊ အခု ဆင်းခဲ့စမ်း၊ ဒီယာ
ကို ညက်အောင် ဆက်ထွန်စမ်း”

“ဟာ ”

ဘွားမယ်ထုံစကား ဆုံးတာနဲ့ ထွန်တုံးက အိ
ကနဲ စိမ့်သွားပြီး နွားတွေလည်း ရုန်းတော့တာ
ပဲဗျို့။ အို မြေကြီးတွေမှ အတုံးလိုက် အတုံး
လိုက်ကို ထွက်လာတာဗျို့။ ဟိုအောက်က
မြေဆီအနက်တွေပါ အပေါ်တက်လာတာဗျို့။

“တွေ့လား တာတေ၊ ငါမောင်တွေ မမာလို့
ငါ တစ်နှစ် ယာဆင်းထွန်ခဲ့ရတယ်၊ အဲဒီတုန်း
ကလည်း ဒီလိုကောင်တွေ ဝိုင်းလုပ်ပေးကြ
တာဟေ့၊ ငါ့ယာဆိုတာ ထွက်လိုက်တာ မ
ပြောနဲ့တော့ဟာ၊ အခုလည်း နင် မှတ်ထား၊
ဒီယာက တခြားယာထက် အထွက်ပိုများ
လိမ့်မယ်၊ ဟိုအောက်က မြေဆီတွေပါ အ
ပေါ်တက်လာတာလေ၊ ဟိုမှာ မြင်လား”

ကျုပ်လည်း ဘာမှမမြင်ရပါဘူးဗျာ၊ ကျုပ်က
မျက်ကွင်းဆေးကွင်းမှ မြင်ရတဲ့ကောင်လေ
ဗျာ။ဘွားမယ်ထုံ ခိုင်းထားတဲ့ နကားက ကျုပ်
ယာကိုထွန်နေလိုက်တာမှဗျာ။ ကျုပ်လည်း
အံ့သြလွန်းလို့ ဘာပြောရမှန်းတောင် မသိ
တော့ဘူးဗျို့။ဘွားမယ်ထုံနဲ့ ကျုပ်က ယာစပ်
က ရပ်ကြည့်နေကြတာဗျ။ ဒီတုန်းမှာ ကောင်း
ကင်က ငှက်ကြီးတွေ ပျံသွားတာဗျ။အုပ်လိုက်
ပဲ။ ဆယ်ကောင်တော့ ရှိလိမ့်မယ်။

“တာတေ၊ မြေကြီးပေါ်မှာ အဲဒီငှက်တွေရဲ့
အရိပ်ကို နင် မြင်ရလား”

“ဟာ၊ ဘွားကလည်းဗျာ၊ ဒီငှက်တွေရဲ့ အရိပ်
ကို ဘယ်မြင်မှာတုံးဗျ၊ အမြင့်ကြီးက ပျံလာ
တဲ့ ဥစ္စာ”

“အေး၊ နင် မမြင်ပေမဲ့ ငါမြင်ရတယ်၊ နင်
ကြည့်နေ”

ဘွားမယ်ထုံက ပြောပြောဆိုဆိုနဲ့ ရှေ့ကိုပြေး
ထွက်သွားသဗျ။ ပြီးတော့ ကောင်းကင်က ပျံ
လာတဲ့ ငှက်တွေကို တစ်ချက်မော့ကြည့်တယ်။
ပြီးတာနဲ့ မြေကြီးပေါ်ကို ဖနောင့်နဲ့ တစ်ချက်
ပေါက်လိုက်တယ်။ ဟာ၊ ကျလာပြီဗျို့၊ ကောင်း
ကင်မှာ ပျံနေတဲ့ငှက်အုပ်ကြီးထဲက ငှက်ကြီး
တစ်ကောင် ပြုတ်ကျလာပြီဗျို့။

“ဘုန်း”

မြေကြီးပေါ်ကို ငှက်ကြီး ပြုတ်ကျတာဗျ။
ငှက်က သေတော့ မသေသေဘူး။

“ဖျန်း၊ ဖျန်း၊ ဖျန်း”

အတောင်ပံ တဖျန်းဖျန်းရိုက်ပြီး ပျံဖို့လုပ်နေ
တယ်။ ဘာငှက်ကြီးမှန်းတော့ ကျုပ်မသိဘူး
ဗျ။ တော်တော်တော့ကြီးတာ။ ကျုပ်စိတ်ထင်
တော့ ကျုပ်တို့ဆီကို ဆောင်းခိုဖို့ ရောက်လာ
တဲ့ ငှက်တွေဖြစ်မယ်ဗျ။ ဘွားမယ်ထုံက မြေ
ကြီးပေါ်မှာ လူးလှိမ့်နေတဲ့ ငှက်ကြီးဆီကို သူ့
လက်ညှိုးနဲ့ လှမ်းထိုးလိုက်တယ်။ဘွားမယ်ထုံ
ရဲ့ လက်ညှိုးထိပ်ကနေ အရောင်လေး လက်
ကနဲ ထွက်သွားတယ်ဗျ။ဟော ငှက်ကြီး ထ
ထိုင်ပြီဗျို့။ ပြီးတော့ မျက်လုံးပြူးကြီးတွေနဲ့
ဘွားမယ်ထုံကို ကြည့်နေတယ်။

“ဖျန်း၊ ဖျန်း၊ ဖျန်း”

ဟော ပျံသွားပြီဗျို့၊ ပျံသွားပြီ။ ငှက်က သူ့ခြေ
ထောက် တုတ်တုတ်ကြီးတွေကို အားပြုပြီး ခုန်
လိုက်တာ လေထဲကို မြောက်တက်သွားတယ်။
အတောင်တွေကလည်း တစ်ပြိုင်နက်တည်းခတ်
ပြီး ပျံတက်သွားရောဗျို့။ ရှေ့ကပျံသွားတဲ့ ငှက်
အုပ်က နည်းနည်းတောင် ဝေးပြီ။ ပြုတ်ကျတဲ့
ငှက်ကြီးက နောက်ကနေ မနားတမ်းပျံပြီး
လိုက်ချသွားရောဗျို့။

ကျုပ်ယုံပြီဗျို့။ ယုံသွားပြီ။ ဘွားမယ်ထုံဟာ
မောက်လုံးအထက် ကိုးဆင့်ဆိုတာ ကျုပ်ယုံ
သွားပြီ။ စွမ်းလိုက်တဲ့ ဘွားတော်ကြီးဗျာ။ အဲဒီ
နေ့က ယာတွေ အကုန်ညက်သွားတာနဲ့ နွား
တွေ ရပ်သွားတယ်။ ဘွားတော်ကြီးက နကား
ဆိုတဲ့ကောင်ကို

“နင်သွားတော့ နကား”

လို့ ပြောလိုက်ပြီး ကျုပ်က ထွန်ဖြုတ်တယ်။
နွားတွေကို လှည်းမှာ ပြန်တပ်ပြီး ရွာထဲကို
မောင်းလာခဲ့တယ်။ ဘွားမယ်ထုံကြီးကတော့
ကျုပ်လှည်းနောက်မှာ ခြေထောက်ကလေး
တွဲလောင်းချစီးပြီး ပါလာတယ်။

“တာတေ၊ ငါ့အကြောင်းကို နင် ဘယ်သူ့ကိုမှ
မပြောမိစေနဲ့နော်”

“စိတ်ချ ဘွား၊ တာတေက ဒါမျိုးဆိုရင်
နှုတ်လုံပြီးသားဗျ”

တကယ်လည်း ကျုပ် ဘယ်သူ့ကိုမှ မပြော
ခဲ့ဘူး။ အဘနဲ့ အမေကိုတောင်ကျုပ် မပြော
ဘူးဗျ။ ရွာထဲက တခြားလူကြီးသူမတွေက
လည်း ခင်ကြမင်ကြတာပဲလေဗျာ။ တစ်ခါ
တစ်လေတော့ အမေက ကျုပ်ကို ပြော
တတ်တယ်ဗျ။

“ဟဲ့ တာတေ၊ နင် ထမင်းမစားသေးဘူးလား”

“ကျုပ် စားပြီးပြီ အမေ”

“သြော် မယ်ထုံ့အိမ်က စားလာတာလား”

“ဟုတ်တယ် အမေ၊ ဘွားက ဝက်သား
ချက်လို့ ကျုပ်စားလာတာဗျ”

“နင်နဲ့ မယ်ထုံ့နဲ့ ရိုးမှ ရိုးရဲ့လားဟယ်”

အမေက ကျုပ်ကို စတာပါဗျာ။ အမေ စမှန်း
သိတော့ ကျုပ်ကလည်း ပြန်ပြောတာပေါ့ဗျာ။

“မရိုးဘူးဗျ၊ ကျုပ်နဲ့ ဘွားနဲ့ သမီးရည်းစား
တွေ ဖြစ်နေကြပြီ”

“ဟား ဟား ဟား ဒါဆိုလည်း ကောင်းတာပေါ့
ဟဲ့၊ ငါ့ချွေးမက ငါ့အမေလောက် ရှိတာပေါ့၊ ပြီး
တော့ နင်လည်း မယ်ထုံ့ယာတွေ ရမှာပေါ့၊ မယ်
ထုံပိုင်တဲ့ယာတွေက နည်းတာမှ မဟုတ်တာ”

“တော်စမ်းပါ အမေရာ၊ ငရဲတွေ ကြီးကုန်
ပါဦးမယ်”

“ဟား ဟား ဟား ဟား ”

အဘရော အမေရော ရယ်ကြလို့ဗျ၊ ထနောင်း
ကုန်းမှာ တာတေ့ကို ချစ်ကြ ခင်ကြတာ အဘ
တို့ အမေတို့က သိပြီးသားပါဗျာ။ အဲဒီနောက်
တော့ ကျုပ် ဘွားမယ်ထုံကို တော်တော်စိတ်
ဝင်စားသွားတာဗျ။ အထူးသဖြင့် ဘွားမယ်ထုံ
ရဲ့ ပညာတွေကိုပေါ့ဗျာ။ ဘွားမယ်ထုံရဲ့ ဝိုင်း
ထဲကို ကျုပ် မကြာမကြာ ရောက်တယ်ဗျ။
ဘွားကလည်း သူ့ဆီကို ကျုပ်သွားလည်ရင်
လွှတ်ပျော်တာဗျ။ မရှိ ရှိတာ ချကျွေးတော့
တာဗျို့။ ကျုပ်ကလည်း ဟိုဟာမေး၊ ဒီဟာ
မေးပေါ့ဗျာ။

“ဘွား၊ မောက်လုံးတို့ မောက်ဖျားတို့ဆိုတာ
ဘာကို ခေါ်တာတုံးဗျ”

“ဟဲ့ တာတေရဲ့၊ ပညာသည်တွေမှာ အ
မောက်တွေ ရှိတယ်ဟဲ့၊ သာမန်လူတော့
မတွေ့ရဘူး၊ ပညာသည်ချင်းတော့ တွေ့ရ
တယ်၊ အထက်ပုဂ္ဂိုလ်တွေက မြင်ရတယ်။
ခေါင်းပေါ်မှာ အရိပ်လိုလိုထွက်နေတာ၊ တ
ချို့က လုံးလုံးအရိပ်ကြီး၊ အဲဒါကို မောက်
လုံးလို့ ခေါ်တာ၊ တချို့က ပြားပြားအရိပ်
ကြီးဟဲ့၊ အဲဒါကို မောက်ဖျားလို့ ခေါ်တာ။
မောက်လုံးအထက် ခုနှစ်ဆင့်၊ ရှစ်ဆင့်ဆို
ရင် ကတော်ကြီးတွေ ဖြစ်သွားပြီပေါ့ဟာ။ ဒါ
ကို မောက်ကတော်လို့ ခေါ်ကြတယ်။ တခြား
စုန်းမတွေက မောက်ကတော်ကြီးတွေကို ရို
သေကြတယ်၊ သူတို့တွေ လူသတ်ရင်တော့
တုံးကနဲပေါ့ တာတေရယ်”

“ဘွား ကဝေနဲ့ စုန်းက အတူတူပဲလားဗျ”

“ဟဲ့ ဘယ်တူမှာတုံး၊ ကဝေက ကဝေပညာ
သက်သက်၊ စုန်းက စုန်းပညာသက်သက်၊
မှော်က မှော်ပညာသက်သက်ပေါ့ဟဲ့”

“အရီး အခု တတ်ထားတဲ့ပညာကို ဘယ်လို
သုံးမြာတုံး”

“ဟဲ့ နင်မြင်တဲ့အတိုင်းပဲလေ၊ ဟိုရွာ ဒီရွာက
မီးမဖွားနိုင်လို့ လာခေါ်ရင် ငါလိုက်လုပ်ပေး
တယ်လေ၊ အနိမ့်စား စုန်းလေးတွေ ပြုစား
ထားလို့ ဒုက္ခရောက်နေတဲ့လူတွေဆိုရင် ငါ
လိုက်သွားပြီး ဖယ်ထုတ်ပေးလိုက်တယ်”

“ဘွားက ကလေးမီးဖွားတာ တော်တော်နာ
မည်ကြီးတယ်၊ လက်သည်ပညာကို သင်ခဲ့
ဖူးလို့လားဗျ”

“အိုဘယ်က သင်ဖူးရမှာတုံး တာတေ၊ ငါ
က မွေးဖွားဖို့ သိပ်ခက်နေတဲ့ မိန်းမတွေကိုပဲ
လိုက်မွေးပေးတာလေ၊ ပြုစားထားတာဆိုရင်
လည်း ငါက ရှင်းထုတ်ပေးလိုက်တော့ ဝမ်း
ဆွဲက လွယ်လွယ်လေး မွေးပေးနိုင်တာပေါ့
ဟယ်၊ ဝမ်းဆွဲမနိုင်လောက်တဲ့ ဟာကျတော့
လည်း ဝမ်းဆွဲရော၊အိမ်သားတွေရော ဖယ်ခိုင်း
လိုက် ပြီးတော့ တစ်အိမ်လုံး မီးတွေ မှောင်
ချထားလိုက်တယ်။ ပြီးရင် မဂျမ်းကြီးကို ခေါ်
ပြီး မွေးခိုင်းတာပေါ့ တာတေရဲ့၊ မဂျမ်းကြီး
မွေးပေးလို့ကတော့ လျှောကနဲပေါ့ဟယ်”

“ဘယ်က မဂျမ်းကြီးတုံး ဘွားရဲ့”

“ဟဲ့ လူတွေပြောပြောနေတဲ့ အမေဂျမ်းလေ၊
နတ်၊ နတ်၊ နတ်၊ မဂျမ်းကြီးကို ပြောတာ”

“ဟာ၊ ဘွားက အမေဂျမ်းကို ခေါ်ပြီး မွေးခိုင်း
လို့ရတယ် ဟုတ်လား”

“အေး ဟုတ်တယ်၊ ငါ့လို မောက်လုံးအထက်
ကိုးဆင့်ဆိုတာ ပညာအမြင့်ဆုံးဟဲ့၊ တာတေရဲ့၊
ပြီးတော့ ငါက လူတွေကို မသတ်ဘူး၊ မပြုစား
ဘူး၊ ဒီပညာကို ငါသင်ခဲ့တာလည်း မဟုတ်ဘူး၊
သူ့ဟာသူ ပါလာတာ၊ ငါကတော့ ဘုရားတရား
ကို မှန်မှန် ရှိခိုးပြီး အားထုတ်နေတာ၊ နင်လည်း
မြင်နေတာပဲလေ၊ ဒီတော့ ငါက ဝမ်းတွင်းစုန်းဆို
ပေမယ့် စုန်းမဆန်တော့ဘဲ အထက်လမ်းပညာ
ရှင်လို ဖြစ်လာတယ်။ ငါ့ပညာတွေကလည်း အ
ကောင်းဘက်ကို ပြောင်းပြီး အသုံးချလိုက်တော့
ဖြူစင်လာတယ်။ ဒါကြောင့်လည်း မဂျမ်းတို့ကို
ငါခေါ်ခိုင်းရင် ဘယ်တော့မှ မငြင်းကြဘူး တာ
တေရဲ့”

“သြော် ဒီလိုလား”

“အေး၊ စုန်းပြုစားထားတာကို ငါက ချော့မော့
ပြီး ပြောပြီး ရှင်းခိုင်းရင် ကျေကျေနပ်နပ် ရှင်း
ပေးကြတာပါပဲ၊ တစ်ခါ တစ်ခါ ကျတော့လည်း
ခေါင်းမာပြီး ရိုင်းစိုင်းတဲ့ စုန်းထီးတွေနဲ့ တွေ့ရင်
တော့ မှတ်လောက်သားလောက်အောင် လုပ်
ပေးရတာလည်း ရှိတာပေါ့ဟာ။ ဒါပေမဲ့ ဒါတွေ
ကို ဘွားက လူသိမခံဘူး၊လူမသိအောင် ကြိတ်
ပြီး လုပ်ခဲ့တာ၊ဒါကြောင့်လည်း လူတွေက ဘွား
ကို ဝမ်းတွင်းစုန်းမှန်း သိကြတာပေါ့ တာတေ
ရာ၊ သူတို့ သိတာက ဘွားကို တောင်သူတစ်
ယောက်လို့ပဲ သိကြတာ။ ပယောဂလေး ဘာ
လေး မီးဖွားတာလေး နည်းနည်းပါးပါး လုပ်
တတ်တယ်ပေါ့၊ ဒါလောက်ပဲ သိကြတာ”

ကျုပ် ဘွားမယ်ထုံကို လေးစားသွားတယ်ဗျ။

“ဘွား မကောင်းတဲ့ စုန်းတွေ ကဝေတွေနဲ့
ပညာပြိုင်ရတာတွေရော ရှိလားဗျ”

“ဟာ တာတေကလည်း ပညာပြိုင်တာ
မဟုတ်ဘူး၊ နှိမ်နင်းပစ်ရတာ၊ ကိုယ့်နယ်
ထဲကို ကျွံဝင်လာတဲ့ဟာတွေကို နှင်ထုတ်
ပစ်ရတယ်၊ နှင်ထုတ်လို့ လွယ်လွယ်ထွက်
မသွားဘူးဆိုရင် တိုက်ရခိုက်ရတာပေါ့ဟဲ့”

“ဟား၊ ဘွား အဲဒီလို တိုက်ခဲ့ဖူးလား”

“ဟား ဟား ဟား ဟား တာတေ၊ နင်လေ
အင်မတန် မေးတတ်မြန်းတတ်တဲ့ အကောင်
ပဲ၊ ငါက ကောင်းကင် ပျံနိုင်ရုံတင် မကဘူး၊
မြေပါလျှိုးနိုင်တဲ့ မောက်ကတော်ကြီးဟဲ့။အဲဒီ
လို ငါ သွားပြီး တိုက်ရင်လည်း လူတွေ ဘယ်
သူမှ သိလိုက်တာ မဟုတ်ဘူး။ ငါတို့ ပညာ
သည်ချင်းပဲ သိကြတာ”

“ဘွားလုပ်လို့ လက်လွန်သွားတာမျိုးတွေ
ရှိလား”

“ဟာ မရှိပါဘူး၊ ဘွားက အဲဒီလိုမျိုး မလုပ်မိ
အောင်အမြဲသတိထားပြီး လုပ်တာပါ၊ ဘွား
ကြောင့် လူသေတယ်ဆိုတာ မရှိပါဘူး
တာတေ”

“အောက်လမ်းဆိုတာက ကဝေတွေ စုန်းတွေ
နဲ့ အတူတူပဲလား ဘွား”

“ဟဲ့ ဘယ်တူမှာတုံး၊ အောက်လမ်းဆိုတာ
ဆေးတွေ ဝါးတွေနဲ့ စီရင်ပြီး လုပ်တဲ့ကောင်
ဟဲ့၊ လူထဲမှာ အင်မတန် ယုတ်ညံ့တဲ့ကောင်
တွေ၊ သူတို့ စီရင်တဲ့ ဆေးတွေမှာ တော်တော်
ကို ယုတ်ညံ့တာတွေ ပါတယ်၊ ငရဲစာ၊အဝီစိစာ
တွေပါဟယ်၊ ဒါပေမဲ့ အောက်လမ်းထဲမှာ ဆေး
ဝါးကောင်းရင် တော်ရုံအထက်လမ်းဆရာ မနိုင်
ဘူးဟဲ့၊ ငါတို့တောင် တော်တော်နှိမ် နင်းရတဲ့
အောက်လမ်းတွေ ရှိတယ်၊ မကောင်းတဲ့စုန်းနဲ့၊
မကောင်းတဲ့ အောက်လမ်းကောင်တွေကတော့
သူတော်ချင်းချင်း သတင်းလွေ့လွေ့ ဆိုသလို
ပေါ့ဟယ်”

“ကျုပ် ကြားဖူးတဲ့ အောက်လမ်းဆိုတဲ့ လူ
တွေကတော့ ကောင်းတာဆိုလို့ ဘာမှကို
လုပ်တာ မဟုတ်ဘူး ဘွားရဲ့”

“အေး ဟုတ်တယ် တာတေရဲ့၊ ဒီပညာကို
လိုက်စားတဲ့ ရည်ရွယ်ချက်ကိုက မကောင်း
တာလုပ်ဖို့ ရည်ရွယ်ချက်ပဲ ရှိကြတာလေ၊ ဒီ
တော့လည်း ပညာတွေ ရလာတဲ့အချိန်မှာ မ
ကောင်းတာတွေပဲ လုပ်ကြတာပေါ့”

“ဘွား တချို့အောက်လမ်းတွေက ခြေဖဝါးမှာ
ဘုရားပုံတွေ ထိုးထားတယ်ဗျ”

“နင် မြင်ဖူးလို့လားဟဲ့ တာတေရဲ့”

“ကျုပ်မြင်ဖူးတာပေါ့ ဘွားရဲ့”

“အောင်မာ၊ နင်က ငယ်ပေမယ့် တော်တော်
နှံ့စပ်တဲ့ကောင်ပဲ၊ ဟုတ်တယ် တာတေ၊ အဲဒါ
လည်း သူတို့ရဲ့ ပညာစဉ်တစ်ခုပဲ၊ တချို့အ
ကောင်က ခြေဖဝါးမှာ ဘုရားပုံ ထိုးကြတယ်၊
တချို့အကောင်က ဘုရားရုပ်တု ခပ်သေးသေး
ကို သံကြိုးနဲ့ချည်ပြီး ပေါင်ကြားမှာ ဇောက်ထိုး
ဆွဲတယ်”

“ဗျာ၊ တော်တော်ရက်စက်တဲ့လူတွေပါလား
ဘွားရယ်”

“အင်း ပြောရရင် ဒီအကောင်တွေက ကံငါးပါး
မှာ တစ်ပါးမှ လုံတဲ့ကောင်တွေ မဟုတ်ဘူးဟဲ့၊
သူများသားပျို သမီးပျိုလည်း ဖျက်ဆီးကြတာ
ပဲ၊ သူများ သားသမီးကိုလည်း လွန်ကျူးကြတာ
ပဲ။ သူတို့မှာ ဆေးဝါးတွေကလည်း အစုံအလင်
ရှိတာနော်၊ မိန်းမတစ်ယောက်ကို ဆေးလိမ်း
ထားတဲ့ လက်နဲ့ ကိုင်လိုက်တာနဲ့ ထိလိုက်တာ
နဲ့ သူတို့ကို အဲဒီမိန်းကလေးက တန်းတန်းစွဲ
ဖြစ်တော့တာ”

“တော်တော်ကြောက်စရာကောင်းတဲ့ အောက်
လမ်းတွေပဲ ဘွားရယ်”

“ဟုတ်ပါ့တော်၊ ဒါကြောင့်လည်း သင်္ချိုင်းထဲ
ကို မဟုတ်မဟတ် ဆေးတွေ လာလာပြီး စီ
ရင်တဲ့ အောက်လမ်းတွေကို မဖဲဝါက တွယ်
ချည်းလွှတ်တာပေါ့ တာတေရဲ့”

“ဟာ ဘွား၊ မဖဲဝါကို သိတယ် ဟုတ်လား”

“ဟဲ့ တာတေ၊ မဖဲဝါကို မသိတဲ့ ပညာသည်
ရှိမလား၊ မဖဲဝါက ဘွားကိုတော့ တော်တော်
လေးစားပါတယ်၊ ဘွားက ဒီပညာကို သင်ခဲ့
တဲ့ ပညာသည် မဟုတ်ဘူးလေ၊ မွေးကတည်း
က တက်လာတဲ့ ဝမ်းတွင်းပါ မဟုတ်လား၊ပြီး
တော့ ဒီဘဝမှာ ဘွားက သူတစ်ပါးအကျိုး
ယုတ်အောင် ဘာတစ်ခုမှ မလုပ်ခဲ့ဘူး
တာတေ”

“ဘွား ကျုပ် ကြားဖူးတယ်ဗျ၊ စုန်းတွေမှာ
မကောင်းတာလုပ်တဲ့ အနက်ရောင်စုန်းနဲ့၊
သူတစ်ပါးကောင်းကျိုးလုပ်တဲ့ အဖြူရောင်
စုန်းဆိုတာ ရှိတယ်ဆို”

“ဟုတ်တယ် တာတေ၊ နို့ နေပါဦး၊ နင်က
ဒါတွေကို ဘယ်လိုသိနေတာတုံး”

“ကျုပ်ဆရာ စိုင်းနွံဖ ပြောပြတာ ဘွားရဲ့”

“သြော် ဒါကြောင့် သိတာကိုး၊ အေး ဟုတ်
တယ်၊ ငါက အဖြူရောင် ဝမ်းတွင်းစုန်းပေါ့
ဟယ်”

ဘွားမယ်ထုံနဲ့ တွေ့တိုင်း ကျုပ်သိချင်တာ
တွေ မေးနေကျဗျ။ ခင်ဗျား သိပါတယ်။တာ
တေဆိုတဲ့ ကျုပ်က လွှတ်စပ်စုတဲ့ကောင်
လေဗျာ။ အချိန်က နွေဦးမပေါက်တပေါက်
ကလေးဗျ။ ဆောင်းနဲ့နွေ လုနေကြတဲ့ရာ
သီပေါ့ဗျာ။ သစ်ရွက်၊ ဝါးရွက်တွေက ကြွေ
လို့။ဆောင်းကလည်း ချမ်းတုန်၊ဒါပေမဲ့ အ
အေးတော့ ပေါ့နေပြီဗျ။ စောင်တစ်ထပ် ခြုံ
ရင်ပဲ ရနေပြီဗျ။ မနက်စောစောထပြီး အမဲ
ခြောက် မီးဖုတ်ကလေးကို ဆီနစ်အောင်
စိမ်ထားတာလေးနဲ့ ကျုပ် ထမင်းကြမ်းစား
တယ်။ ထမင်းစားပြီးတာနဲ့ နဂါးဆေးပေါ့
လိပ်ကလေးကို မီးညှိပြီး ဖွာတယ်။ ဆေး
လိပ်ကလေး နှစ်ဖွာ သုံးဖွာ ဖွာရုံပဲ ရှိသေး
တယ်။ ဝိုင်းဝက ကျုပ်ကို ခေါ်ရောဗျာ။

“ကိုကြီးတာတေ ကိုကြီးတာတေ နိုးပြီလား”

ဘယ်သူရှိမှာတုံး။ ကျောက်ခဲပေါ့ဗျာ။

“ဟကောင် ကျောက်ခဲရ၊ နိုးနေပါပြီဟ၊
လာလေကွာ”

ဝိုင်းဝမှာ နှင်းတွေ ပိတ်နေတော့ ဒီကောင် ချက်
ချင်း မဝင်ဘဲ ခေါ်နေတာဗျ။ကျောက်ခဲက သုတ်
သုတ် သုတ်သုတ်နဲ့ အိမ်ပေါ်တက်လာတယ်။

“စောစောစီးစီး ပျာပျာ ပျာပျာနဲ့ ဘာများတုံး
ကျောက်ခဲရဲ့”

” ဟဲ့ ကျောက်ခဲ ထမင်းကြမ်း စားပြီးပြီလား၊
မစားရသေးရင် အရီး ကျွေးမလို့၊ ဒီမှာ အမဲ
ခြောက် ဆီစိမ်လေးမှ အိနေတာဟဲ့၊ နင်ကို
ကြီးတာတေတောင် ခုပဲ စားပြီးတာ”

ကျုပ်အမေက ကျောက်ခဲကို လွှတ်ခင်တာဗျာ။

“မစားရသေးဘူး အရီးရဲ့”

“ဟဲ့ မစားရသေးဘူးတဲ့ ငွေစိန်ရဲ့၊ ကျွေးလိုက်
ပါဟဲ့ ကျောက်ခဲကို”

အဘကလည်း ဝင်ပြောတာဗျ။ အဘကလည်း
ဒီကောင်ကို ခင်တယ်ဗျ။

“ဒီလို ကိုကြီးတာတေရေ၊ ကျုပ်တို့ ထနောင်း
ကုန်းသင်္ချိုင်းဇရပ်ထဲမှာ အောက်လမ်းဆရာ
ကြီးတစ်ယောက် ရောက်နေတယ်တဲ့”

“ဟေ၊ အောက်လမ်းဟုတ်လား၊ မင်းက
အောက်လမ်းမှန်း ဘယ်လိုလုပ်သိတုံး”

“ကျုပ်သိတာ မဟုတ်ဘူး ကိုကြီးတာတေရ၊
သူကြီးတို့ ဝိုင်းဘက်မှာနေတဲ့ လေးလေးဘရီ
ပြောတာဗျ”

“လေးလေးဘရီက အဲဒီအောက်လမ်းကို
သိလို့လား”

“ဟဲ့ ကျောက်ခဲ၊ ရော့ ထမင်းကြမ်း စားလိုက်
ဦး၊ ပြောလည်းပြော၊ စားလည်း စားပေါ့ဟယ်”

အမေက ထမင်းကြမ်းပန်းကန်နဲ့ အမဲခြောက်
မီးဖုတ်ပန်းကန်ကို ကျောက်ခဲရှေ့ ချပေးတယ်။
ကျောက်ခဲက ချက်ချင်း ဝိုင်းထဲဆင်းပြီး လက်
ဆေးလိုက်တယ်။ပြန်တက်လာတော့ ဒီကောင်
ဗိုက်ဆာဆာနဲ့ ထမင်းကြမ်းကို အားရပါးရ စား
တော့တာဗျို့။ စားရင်းနဲ့ စကားဆက်ပြောတယ်။

“လေးလေးဘရီလည်း ဘယ်သိမှာတုံး ကိုကြီး
တာတေရ၊ မနေ့က မီးလောင်ကုန်းကအပြန်
သင်္ချိုင်းထဲက ဖြတ်ပြန်တော့ အဲဒီလူက ဇရပ်
ပေါ်ကနေ လှမ်းခေါ်တာတဲ့ဗျ။ ဒါနဲ့ လေးလေး
ဘရီက ဇရပ်ပေါ်တက်ပြီး စကားပြောတယ်။
ဒီမှာတင် ဒီလူက လေးလေးဘရီကို တုတ်ပြီး
ဓါးပြီး ဆေးဆိုပြီး ဆေးတောင့်လေး တစ်ခုပေး
တယ်တဲ့ဗျ။ အဲဒီဆေးတောင့်ကို လေးလေးဘ
ရီရဲ့ လက်ထဲမှာ ဆုပ်ထားခိုင်းပြီး လေးလေး
ဘရီ လက်ကို ဓါးနဲ့ လှီးပြ၊ ထိုးပြ အမျိုးစုံ လုပ်
ပြတယ်။ တကယ်ကို ပြီးတာတဲ့ဗျို့”

“လာပြန်ပြီ၊ ဒီဇာတ်လမ်းတွေ၊ ပြီးရင် အလိမ်
ခံကြရပြန်ရော”

“ဟာ မဟုတ်ဘူး ကိုကြီးတာတေ၊ လေး
လေးဘရီယူလာတဲ့ အဲဒီဆေးတောင့် အခြား
သူတွေလည်း စမ်းပြီးပြီ၊ ကျုပ်လည်း စမ်းပြီး
ပြီ၊ တကယ်ကို ပြီးတာဗျ ကိုကြီးတာတေရ”

“ဒါဆိုရင်တော့ အဲဒီဆေးတောင့်တွေ ဒီလူ
ရောင်းတော့မှာပေါ့၊ တစ်တောင့်ကို ဘယ်
လောက်တဲ့တုံး”

“အဲဒီအောက်လမ်းဆရာက ရောင်းမှာမဟုတ်
ဘူးဗျ၊ ပေးမှာ”

“နေပါဦးကွာ၊ ဒီလူ အောက်လမ်းဆရာမှန်း
လေးလေးဘရီက ဘယ်လိုသိတာတုံး”

“ဟာ ခြေဖဝါးမှာ ဘုရားပုံတွေ ထိုးထားသတဲ့
ဗျို့၊ ပြီးတော့ ခေါင်းမှာလည်း ထမီကြီး တစ်
ထည် ခေါင်းပေါင်းလို့ဆိုပဲ၊ လူက ဖြူဖြူ၊ ပိန်
ပိန်ပါးပါးတဲ့ဗျ၊ နှုတ်ခမ်းမွေးလေးစစနဲ့ လူချော
တစ်ယောက်ဆိုပဲ။အသက်ကလည်း သုံးဆယ်
ကျော်လောက်ပဲ ရှိဦးမှာတဲ့”

“သြော် သိပ်မှ မကြီးသေးဘဲကိုး၊ ဒါပေမဲ့
ခြေဖဝါးမှာ ဘုရားပုံတွေ ထိုးထားပုံထောက်
ရင် ပညာတော့ တော်တော်မြင့်တဲ့ ပုံပဲကွ
ကျောက်ခဲရ၊ ဒီတုတ်ပြီးဆေး၊ ဓါးပြီးဆေး
တွေကို အလကားပေးပြီး သူက ဘာလုပ်
မလို့တုံးကွ”

“ဒီလူက အကူအညီတစ်ခု တောင်းတာတဲ့
ဗျ။ရွာထဲမှာရှိတဲ့ အပျိုစင် ခုနှစ်ယောက်တဲ့ဗျာ။
နေနံကလည်း ခုနှစ်နံ စုံရမတဲ့၊အဲဒါ အပျိုနို့ရည် ယူပေးရမတဲ့၊ သူဆေးဖော်ချင်လို့ပါတဲ့ဗျာ”

“ဟေ ဟုတ်လား၊ အောက်လမ်းက
တော့ တစ်ခုခု မဟုတ်တာ လုပ်တော့
မယ် ထင်တယ်ကွ”

“လေးလေးဘရီတို့လည်း အဲဒါပဲ ပြောနေကြ
တာ၊ ရွာထဲက မိန်းကလေးတွေကို တစ်ခုခု
လုပ်မှာ စိုးရိမ်နေကြတယ်ဗျ၊ဒါပေမဲ့ သူ့ဆေး
ကတော့ တကယ်ကို ဓါးပြီးတာဗျို့”

“မဖြစ်နိုင်တာကွ၊ အပျိုနို့ရည်ဆိုတာ
ဘယ်လိုရမှာတုံး”

“ဟာ ဒီလူက ရွာကို ခြိမ်းခြောက်နေပြီပေါ့
ဟုတ်လား တောက်၊ တော်တော်လူပါးဝတဲ့
အောက်လမ်းပဲကွာ”

“ရွာထဲက ကာလသားတွေကလည်း အဲဒီလူ
ကို ဓါးနဲ့ ထွက်ခုတ်ကြမယ် လုပ်နေတယ်၊ ကို
ကြီးတာတေ စဉ်းစားကြည့်လေ၊ သူပေးတဲ့
ဆေးတောင့်လေးကတောင် ဓါးပြီးနေမှတော့
ဒီလူကိုယ်တိုင်ကတော့ ပြောစရာ မလိုတော့
ဘူးပေါ့ဗျာ၊ ဓါးတင် မဟုတ်ဘူး၊ သေနတ်ပါ
ပြီးနေမှာပေါ့”

ကျောက်ခဲ ပြောတာကို ကျုပ်က ခေါင်းညိတ်
ပြလိုက်တယ်။

“ဟုတ်တယ် ကျောက်ခဲ၊ မင်းပြောတာ ဟုတ်
ပါတယ်၊ ဒီလူ တကယ်လည်း တုတ်၊ ဓါး ပြီး
လောက်ပါတယ်၊ ဒီကိစ္စ ရမ်းမလုပ်ကြစေနဲ့၊
ငါ တိုင်ပင်သင့်တဲ့သူနဲ့ တိုင်ပင်မယ်”

ကျုပ်က နဂါးဆေးပေါ့လိပ်ကလေးဖွာပြီး စဉ်း
စားနေတာဗျ။

“ကိုကြီး တာတေ”

ဟော လာပြန်ပြီဗျို့။ နောက်တစ်ယောက်။
ဒါက သံမဏိဗ်

“ဟေ့ကောင် သံမဏိ လာလေ”

သံမဏိ အိမ်ပေါ်တက်လာတော့ အမေက
ဆီးမေးပြန်တယ်ဗျ။

“ဟဲ့ သံမဏိ၊ နင် ထမင်းကြမ်း စားပြီးပြီလား”

“စားပြီးပြီ အရီး၊ မနေ့က ကျန်တဲ့ ဝက်သား
ဟင်းနဲ့ ထမင်းစားလာတာ”

“အလို၊ နင့်အမေ ဘယ်က ဝက်သားရလို့
တုံး သံမဏိရဲ့”

“မီးလောင်ကုန်းမှာ ဆုံတာလို့ ပြောတယ်
အရီးရဲ့”

“သြော် ဒါကြောင့် အရီး မသိလိုက်တာကိုး”

“ကိုကြီးတာတေကို ဘွားမယ်ထုံက သူ့ဆီမှာ
ထမင်းလာစားတဲ့၊ သူ ဟင်းကောင်းချက်လို့တဲ့”

“ဟေ ဟုတ်လား၊ ဒါဆိုရင် ဘွားလည်း ဝက်
သားချက်ပြီထင်တယ်ကွ၊ အေး အေး၊ ငါသွား
လိုက်မယ်၊ သူခေါ်ခိုင်းလို့ မလာရင် ဘွားက
ငါ့ကို စိတ်ဆိုးနေမှာကွ”

အမေက အဘကို ကြည့်ပြီး မေးငေါ့ပြတယ်
ဗျ။ အမေက ကျုပ်ကို စတော့မယ်ဆိုတာ
ကျုပ် သိတာပေါ့ဗျာ။

“ကျောက်ခဲတို့ သံမဏိတို့ရေ၊ နင်တို့ ကိုကြီး
တာတေက မယ်ထုံကြီးနဲ့ ကြိုက်နေတာလား
မသိဘူးနော်၊ မယ်ထုံကြီးက ဟင်းကောင်း
ချက်တိုင်း သူ့ကို ထမင်းခေါ်ကျွေးတာဟဲ့”

“ဟား ဟား ဟား ဟား ဟား”

အမေ့စကားကြားတော့ ကျောက်ခဲနဲ့ သံမ
ဏိက အော်ပြီး ရယ်တော့တာဗျို့၊ ဒီကောင်
နှစ်ကောင် အရယ်ရပ်မှ ကျုပ်က ပြောရတာ။

“နေပါဦး ကျောက်ခဲရဲ့၊ အဲဒီအပျိုနို့ရည်ကို
လေးလေးဘရီက ဘယ်တော့သွားပေးရ
မြာတုံး”

“ဒီညတဲ့ဗျ၊ ဒီည လာမပေးရင် သန်းခေါင်
ကျော်တာနဲ့ တစ်ရွာလုံး သူ့အကြောင်းသိ
စေရမယ်လို့ ပြောလိုက်သတဲ့ဗျာ”

“အေး၊ ကောင်းပြီ၊ ငါ ကြည့်လုပ်မယ်”

ဒီကောင်တွေ ပြန်သွားပြီး ခဏကြာတော့
ကျုပ်က ဘွားမယ်ထုံရဲ့အိမ်ကို လာခဲ့တယ်။
ဒီသတင်းက တစ်ရွာလုံးတော့ ပျံ့နေပြီဗျ။
ဟိုနားစုစု၊ ဒီနားတိုးတိုးနဲ့တော့ လုပ်နေကြပြီ။

“ဘွား သတင်းကြားပြီးပြီလား”

“အေး ကြားပြီးပြီ၊ အဲဒါကြောင့် နင့်ကို
ငါခေါ်ရတာပေါ့”

“ဟုတ်ကဲ့ ဘွား၊ ပြောပါ”

“ဒီအကောင်က တော်တော်ကို ယုတ်မာတဲ့
အကောင်ဟဲ့ တာတေရဲ့၊ဒီကောင်လုပ်တဲ့
ပညာကို ငါသိတယ်၊ သူပေးတဲ့ဆေးကိုလိမ်း
ပြီး နို့ညှစ်ပေးလိုက်တာနဲ့ အဲဒီမိန်းကလေး
တွေဟာ သူ့မယားဖြစ်ပြီသာ မှတ်တော့ဟေ့၊
ဒီကောင်က အင်မတန် ယုတ်မာတဲ့နည်းနဲ့
စီရင်ထားတဲ့ဆေးကို ပေးလိုက်တာ၊ ပြီးရင်
ခုနှစ်နံ နို့ရည်ကို ဒီကောင်က သောက်မယ်၊
အဲဒီအပျိုခုနှစ်ယောက်စလုံး သူနဲ့ မပေါင်းရမ
နေနိုင်အောင် ဖြစ်ကြလိမ့်မယ်၊ ခုနှစ်ယောက်
လုံးကို ဒီကောင်က ပေါင်းမှာ၊ တစ်ရွာလုံးကို
အိပ်အောင် အိပ်မွေ့ချပြီး အဲဒီမိန်းကလေး
တွေကို လိုက်ပြီးပေါင်းသင်းမှာ။ ဟိုမိန်းက
လေးတွေကလည်း သူ့ကို တံခါးဖွင့်ပေးကြ
မှာဟေ့၊ အင်မတန် ယုတ်ညံ့ပြီး အင်မတန်
အစွမ်းထက်တဲ့ ဆေးကိုပေးပြီး လိမ်းခိုင်း
လိုက္တာ”

“ဖြစ်မှဖြစ်ရလေဗျာ၊ ဒါဖြင့် ကျုပ်တို့ ဘာလုပ်
ရမှာတုံး ဘွားရဲ့”

“ဒီအကောင် ပညာက တော်တော်မြင့်တာ၊
ငါကလည်း ဘယ်တုန်းကမှ လူသတ်တာ
မဟုတ်ဘူး၊ ဒီကောင်မျိုးကလည်း အသေ
မလုပ်ရင် မရဘူးဟဲ့၊ ဒီတော့ ငါ ဒီည မဖဲဝါ
ကို ခေါ်ပြီး လုပ်ခိုင်းမယ်၊ နင်ပါ လိုက်ခဲ့၊ နင်
က ဒီအကောင်ကို ဇရပ်ထဲမှာ နို့ပန်းကန်
သွားပေး”

“ဟင် အဘွား၊ ခုနှစ်နံ အပျိုနို့ကို တကယ်
ပေးရမှာလား”

“သြော် နင်ကလည်း အလိုက်တာ တာတေ
ရယ်၊ ငါက ဒီအကောင်ကို အပျိုနို့ရည် ပေးမ
လားဟဲ့၊ ငါ့တောင်ဘက်ဝိုင်းမှာ သားပေါက်
နေတဲ့ ခွေးမကြီးရဲ့နို့ကို ညှစ်ပြီး ခွေးနို့တွေ
သွားပေးခိုင်းမှာ၊နင် သွားပေးရဲသလား၊ နင့်
နောက်မှာ ငါပါမှာပဲလေ”

“ဟာ ဘွားရယ်၊ မေးမှ မေးပလေဗျာ၊ တာ
တေက ကဝေလည်း မကြောက်ဘူး၊အောက်
လမ်းလည်း မကြောက်ဘူး၊ ခွေးနို့ဖြစ်ဖြစ်၊ဝက်
နို့ဖြစ်ဖြစ် ကျုပ် သွားပေးရဲပါတယ်ဗျာ”

“ကဲ ဒါဆိုရင် ညရှစ်နာရီထိုးတာနဲ့ နင်လာခဲ့
ပေတော့၊ ဒါပေမဲ့ ငါပြောမယ် တာတေ၊ ဘွား
က ဒီရုပ်နဲ့ လာမှာ မဟုတ်ဘူး၊ ဘွားရဲ့ကိုယ်
ပွားထုတ်ပြီး လာမှာ၊ နာမ်ရုပ်ပေါ့ဟယ်၊ ဘွား
နာမ်ရုပ်နဲ့ လာမှာ၊ နင် မြင်ရမှာ မဟုတ်ဘူး”

“ဟာ ဒီအတွက် မပူနဲ့၊ ကျုပ် မျက်ကွင်းဆေး
ကွင်းပြီး လာမှာ၊ ဒိဗ္ဗသောတဂါထာရွတ်ပြီး နား
မှာလည်း လိမ်းထားမှာ၊ ဘွားတို့ ပြောတာတွေ
လည်း ကျုပ် ကြားရမယ်၊ မြင်လည်း မြင်ရမယ်
ပေါ့ဗျာ”

“အေး ဟုတ်ပြီ၊ ဒါဆို ဒီည ဘွားစောင့်နေမယ်”

ကျုပ်ဆိုတဲ့ကောင်က ဒါမျိုးများဆိုရင် ဖင်ထိုင်
လို့ရတဲ့ကောင် မဟုတ်ဘူးဗျ။ တစ်နေ့လုံး ည
မြန်မြန်ရောက်ပါစေလို့ ဆုတောင်းနေတာ။ရှစ်
နာရီ ဒေါင်ကနဲ ထိုးတာနဲ့ ကျုပ်က ဘွားမယ်ထုံ
အိမ်ဝမှာ ရောက်နေပြီလေဗျာ။

“ဟဲ့ တာတေ၊ နင်က အချိန်တော်တော်တိကျ
ပါလား၊ ကဲ လာ လာ၊ ဟောဒီပန်းကန်ထဲမှာ ငါ
ခွေးနို့ညှစ်ပြီး ထည့်ထားတယ်၊ ကဲ ငါ ကိုယ်ပွား
ထုတ်ပြီး သွားနှင့်မယ်၊ နင် လိုက်ခဲ့ပေတော့၊
မဖဲဝါကိုလည်း ငါခေါ်ထားပြီးပြီ”

ပြောပြီးတာနဲ့ ဘွားမယ်ထုံက အသင့်ခင်းထား
တဲ့ အိပ်ယာထဲမှာ လှဲချလိုက်တယ်။ ကျုပ်က
မျက်ကွင်းဆေး ကွင်းထားတော့ ဘွားရဲ့ကိုယ်
ပွား ထွက်တာကို မြင်ရမှာပေါ့ဗျာ။

ဟော ထွက်လာပြီ၊ ထွက်လာပြီဗျို့၊ ဘွား
မယ်ထုံရဲ့ ကိုယ်ပွားက ဘွားအိပ်နေတဲ့အ
တိုင်း ပက်လက်ကလေး ထွက်လာတာဗျ။
ဟော အပေါ်ကို တက်သွားပြီ၊ ဟာ ပျောက်
သွားပြီဗျို့။ မြန်လိုက်တဲ့ ဘွားမယ်ထုံဗျာ။
အပေါ်ကို လေးတောင်လောက် မြောက်
တက်လာပြီး တစ်ခါတည်း ပျောက်သွား
တာဗျ။ အခုလောက်ဆိုရင် ဘွားမယ်ထုံ
ထနောင်းကုန်းသင်္ချိုင်းထဲကို ရောက်နေ
လောက်ပြီပေါ့ဗျာ။

အိပ်ရာပေါ်မှာတော့ ခန္ဓာကိုယ်က အိပ်လို့
ပေါ့ဗျာ။ ကျုပ် အချိန်မဆိုင်းတော့ဘဲ ချက်
ချင်းထွက်လာတယ်။လက်ထဲမှာလည်း ခွေး
နို့ပန်းကန်ကို မမှောက်အောင် သေသေချာ
ချာ ကိုင်လာတယ်ဗျ။ ကိုယ်မှာလည်း ကျုပ်
ရဲ့ ဆေးလွယ်အိတ်ကို စလွယ်သိုင်းထားရ
သေးတာလေဗျ။ ကျုပ်ရောက်တော့ အောက်
လမ်းက ဖယောင်းတိုင် တစ်တိုင် ထွန်းထား
တယ်ဗျ။ဇရပ်ကလေးတစ်ခုလုံး လင်းနေတာ
ပေါ့ဗျာ။ ဖယောင်းတိုင်ကလည်း ဇရပ်ကြမ်း
ပြင်မှာ ထွန်းထားတာ မဟုတ်ဘူးဗျ။

လူခေါင်းခွံတစ်ခုပေါ်မှာ ထွန်းထားတာဗျ။ သူ့
ဘေးမှာလည်း လူ့လက်ဖျံရိုးကြီးတစ်ချောင်း
ချထားသေးတယ်။ ကျုပ်က ဘွားမယ်ထုံကို
မသိမသာ ရှာကြည့်တော့ ဘွားက ဇရပ်ရဲ့
တောင်ဘက်ထောင့်မှာ အသာလေး ငြိမ်ပြီး
ရပ်နေတယ်ဗျ။ ခပ်လှမ်းလှမ်းက အုတ်ဂူပေါ်
မှာ မဖဲဝါကြီးက ဆောင့်ကြောင့်ကြီး ထိုင်လို့
ဗျာ။ နက်ကျော်ကြီးကလည်း ဂူကြီးဘေးမှာ
ဝပ်ပြီး အောက်လမ်းကြီးကို ကြည့်နေတယ်
ဗျ။ကျုပ်က ဇရပ်ရဲ့လှေကားထစ်မှာ ရပ်
လိုက်တယ်။

“ဟဲ့ ကလေး၊ မင်း ဘယ်ကတုံး”

“ကျုပ် ထနောင်းကုန်းကပါ ဆရာ”

“ဟုတ်လား၊ ဘာလာလုပ်တာတုံး”

“လေးလေးဘရီ ခိုင်းလိုက်လို့ပါ၊ ဆရာမှာ
ထားတဲ့ ခုနှစ်နံ အပျိုနို့ရည် လာပို့တာပါ
ဆရာ”

“ဟေ ဟုတ်လား၊ မင်းနာမည်က ဘယ်သူ
တဲ့တုံး”

“ကျုပ်နာမည် တာတေပါ ဆရာ”

“တာတေ ဟုတ်လား၊ တယ်ကောင်းတဲ့ နာ
မည်ပါလား၊ မင်း ဒီအချိန်ကြီး သင်္ချိုင်းကုန်း
ကို လာတာ မကြောက်ဘူးလား တာတေ”

“ကျုပ် မကြောက်တတ်ပါဘူး ဆရာ”

“ဟား ဟား ကောင်းတယ်ကွာ၊ နို့ မင်း
ငါ့တပည့် မခံချင်ဘူးလားကွ”

“ဟာ ဆရာရယ်၊ ကျုပ်က ဆရာတို့လို ဆရာ
ကြီးတွေရဲ့ တပည့် သိပ်ဖြစ်ချင်တာပေါ့ဗျာ”

ကျုပ်ကလည်း အလိုက်အထိုက်တွေ ပြော
နေရတာပေါ့ဗျာ။

“ဟား၊ ဟား၊ ဟား သိပ်ကောင်းတာပေါ့
တာတေရာ၊ သိပ်ကောင်းတာပေါ့၊ နို့ နေပါ
ဦးကွ၊ ဒီနို့ရည်တွေ ပေးလိုက်တဲ့ သူငယ်မ
တွေက ချောချောလှလှတွေရော ဟုတ်ရဲ့
လားကြ”

“ဟာ ဆရာရယ်၊ ကျုပ်တို့ရွာရဲ့အချောဆုံး
တွေလေဗျာ၊ကွမ်းတောင်ကိုင် ပန်းတောင်
ကိုင်တွေချည်းပဲဗျ”

“ဟား၊ ဟား၊ ဟား၊ ကောင်းလိုက်တာကွ၊
နို့ နေပါဦး တာတေရဲ့၊ ဒီနို့ရည်ကို ကျေကျေ
နပ်နပ် ပေးလိုက်ကြတာရော ဟုတ်ရဲ့လား”

” ဟာ ဆရာပေးလိုက်တဲ့ ဆီရေလိုလိုဆေး
က တယ်လည်းစွမ်းတာကိုး ဆရာရဲ့၊ အဲဒီ
ဆေးကို ထိလိုက်တာနဲ့ တန်းပေးကြတာ၊
ပြီးတော့ ဆရာ့ကို မြင်ဖူးချင်တယ်ချည်း
တန်းပြောကြတာဗျ”

“ဟာ၊ ဒါကို မင်းကိုယ်တိုင် လိုက်ယူလာ
တာလား”

“ဟုတ်တယ် ဆရာ၊ လေးလေးဘရီက ကျုပ်
ကို တာဝန်ပေးလို့ ကျုပ် လိုက်ယူရတာဗျ”

“ဟား၊ ဟား၊ ဟား၊ ဟား၊ ဟား၊ တာတေ
မင်းကတော့ တကယ့်ကောင်ပဲကွာ၊ ဘာ
တဲ့ သူငယ်မတွေက ဆရာ့ကို မြင်ဖူးချင်
သတဲ့လား၊ ဟား၊ ဟား၊ ဟား၊ ဟား၊ မြင်
ဖူးရမှာပါ ဟား ဟား ဟား ဟား ”

အောက်လမ်းကောင်က နှုတ်ခမ်းမွေးလေး
ကားသွားအောင် အားရပါးရ ရယ်နေတာဗျို့။
ပြီးတော့ နို့ကို နမ်းကြည့်တယ်။ ကျုပ်ရင်ထဲ
မှာ ဒိတ်ကနဲ ဖြစ်သွားတာပေါ့ဗျာ။နမ်းလိုက်
လို့ ခွေးနို့တွေမှန်း သိသွားရင် ကျုပ်ကို
သတ်တော့မှာပေါ့ဗျာ။

“ဟား ဟား ဟား ဟား ဒီနို့ရည်ကို နမ်းကြည့်
ရုံနဲ့ သူငယ်မတွေရဲ့ အနံ့လေးတွေကိုတောင်
ရနေပြီ တာတေရေ၊ ကဲ ရော့၊ဟောဒီလက်ဖျံ
ရိုးကို ကိုင်ပြီး ဟောဒီခေါင်းခွံကို ခပ်ဖြည်းဖြည်း
မှန်မှန် ခုနှစ်ချက် ဆက်တိုက်တီးပေတော့၊ဆ
ရာက ဒီနို့ကို သောက်မယ်”

အောက်လမ်းဆရာက လက်ဖျံရိုးကို ကျုပ်
ဆီကို တိုးပေးလိုက်တယ်။ ပြီးတော့ သူထိုင်
နေတဲ့ နောက်က လူခေါင်းခွံကြီးတစ်ခုကို
ယူပြီး ကျုပ်ရှေ့မှာ ချပေးလိုက်တယ်။ဟာ
ခေါင်းခွံကြီးက တော်တော်ကြီးတာဗျ။ လူဝ
ဝကြီးတစ်ယောက်ရဲ့ ခေါင်းခွံကြီးဖြစ်မယ်
ထင်တယ်ဗျို့။ အောက်လမ်းက ကျုပ်ယူ
လာတဲ့ နို့ပန်းကန်ကို လက်နဲ့ ကောက်ကိုင်
်ပြီး နှုတ်ခမ်းမှာ တေ့တယ်။ကျုပ်က လူလက်
ဖျံရိုးနဲ့ ခေါင်းခွံကို တီးပေးလိုက်တယ်။

“တုံ၊ တုံ၊ တုံ၊ တုံ၊ တုံ၊ တုံ၊ တုံ၊ ”

အားလုံး ခုနှစ်ချက်။ ကျုပ်လည်း ခုနှသ်ချက်
တီးပြီးရော အောက်လမ်းလည်း နို့ပန်းကန်
ကို သောက်ပြီးရောဗျ။ ဒီအောက်လမ်း ခွေး
နို့မှန်း မသိတာ ကျုပ် အံ့သြတယ်ဗျာ။
ဒါပေမဲ့ ကျုပ်ချက်ချင်းသတိရသွားတယ်ဗျ။
ဒါ ဘွားမယ်ထုံရဲ့ ပညာနဲ့ လုပ်ပေးလိုက်လို့
လူနို့လို ထင်သွားတာ ဖြစ်မယ်ဗျ။တော်သေး
တာပေါ့ဗျာ။ မဟုတ်ရင် ကျုပ်ကို အောက်
လမ်းက အသေသတ်မှာဗျို့။

“ဟား၊ ဟား၊ ဟား၊ ဟား အောင်ပြီဟေ့ တာ
တေရေ အောင်ပြီကွ၊ ကဲ ငါ့တပည့် မင်းကို
လက်ဆောင်ပေးမယ်၊ တုတ်ပြီး၊ ဓါးပြီး ဆေး
တောင့်ကွ၊ ရော့ ယူသွား၊ မနက်ကျတော့ မင်း
စိတ်ကြိုက် စမ်းကြည့်ပေတော့၊ သူများကို မ
ပေးရဘူး၊ ရောင်းမစားရဘူး၊ ကြားလား တာ
တေ”

“ဟုတ်ကဲ့ ဆရာ”

ကျုပ်က သူပေးတဲ့ ဆေးတောင့်ကို ယူပြီး
ဇရပ်ပေါ်က ခပ်သုတ်သုတ် ဆင်းလိုက်တယ်။

“ဟား၊ ဟား၊ ဟား၊ ဟား၊ ဟား ”

ဘွားမယ်ထုံရဲ့ အော်ရယ်တဲ့ အသံကြီးဗျ။
ကျုပ်က သင်္ချိုင်းဇရပ်ဘေးက ကုက္ကိုပင်ဘေး
ကို ပြေးကပ်လိုက်တယ်။

“နင် ဘယ်သူတုံး၊ ဘာကိစ္စ ဒီကိုလာတာတုံး
စုန်းမ၊ နင့်အငေ့် ဘယ်လောက်ရှိလို့တုံး ဟဲ့
ကောင်မကြီး”

“ငါ့နာမည် မှတ်ထား အောက်လမ်းစုတ်၊ ငါ့နာ
မည်က မယ်ထုံတဲ့၊ ဟောဒီထနောင်းကုန်းရွာသူ
စစ်စစ်၊ပညာအဆင့်က မောက်ကတော်ကိုးဟေ့၊
ကဲ ငါ့ရွာကို လာပြီး စော်ကားတဲ့ အကောင်
အခုချက်ချင်း ဇရပ်ပေါ်က ဆင်းခဲ့စမ်းဟေ့”

“သြော် နင်က တယ်စွာတဲ့ ကောင်မကြီးပါလား၊
ဟား ဟား ဟား ဟား စောစောက ငါသောက်
လိုက်တဲ့ နို့ရည်ထဲမှာ နင်နို့ရည်ကော ပါနေသ
လား စုန်းမ၊ ငါက နင်လို အိုကြီးအိုမကို စိတ်ကူး
တာ မဟုတ်ဘူးနော်၊ နင် ကြားတယ်မို့လား၊စော
စောက နို့ရည်လာပို့တဲ့ ကောင်လေး ပြောသွား
တာ၊ သူငယ်မလေးတွေက ငါ့ကို မြင်ချင် တွေ့
ချင်နေကြပြီ ဆိုတာလေ၊ ဟား၊ ဟား၊ ဟား၊ နင်
မပူနဲ့၊ ငါ ဒီမှာ နှစ်ညပဲနေမှာ၊ သူတို့တွေ ငါ့မယား
လေးတွေ ဖြစ်သွားရင် ငါ ဒီကနေ ထွက်သွားမှာ
ကြားလား၊ နင် ဘာမှမနာလို ဖြစ်မနေနဲ့ သေနာ
မကြီး၊ ငါ ဘာကောင်တုံးဆိုတာ သိချင်ရင် ရော့
ဟောဒီအမြည်းလေး စမ်းကြည့်စမ်း”

အောက်လမ်းက ပြောပြောဆိုဆိုနဲ့ သူ့လက်နှစ်
ဖက်ကို ခေါင်းပေါ်မှာ ဝေ့ပြီး ရမ်းလိုက်တယ်။ ပြီး
တော့ သူ့လက်တွေကို ငုံ့ကြည့်တယ်။ လက်ထဲ
မှာ ဘာမှပါမလာဘူးဗျ။ အောက်လမ်းတစ်ချက်
တွေသွားတယ်ဗျ။ ဟော နောက်တစ်ခါ ထပ်လုပ်
ပြန်ပြီဗျို့။ လက်နှစ်ဖက်ကို ခေါင်းပေါ်မှာ ဝေ့ဝိုက်
ပြီး လုပ်ပြန်ရောဗျာ။

ပါးစပ်ကလည်း ပွစိ ပွစိနဲ့ ရွတ်လို့ဗျ။ဘွားမယ်
ထုံက အောက်လမ်းလုပ်တာကို ပြုံးပြီး ကြည့်
နေတယ်။ ဘွားက ဇရပ်ရှေ့က မြေကွက်လပ်
မှာ ရပ်နေတာဗျ။အောက်လမ်းက ဇရပ်ပေါ်မှာ။
လကွေးကွေးလေးက သာနေတော့ သင်္ချိုင်းတစ်
သင်္ချိုင်းတစ်ခုလုံးကို ဝါးဝါးလေး မြင်နေရတာ
ပေါ့ဗျာ။ ကျုပ်ကြည့်နေတုန်းမှာ ဘွားက လက်
ကို ဖျတ်ကနဲ ရမ်းလိုက်တယ်။ဟာ အောက်
လမ်း လက်ထဲမှာ သစ်ကိုင်းခြောက်ကြီး တစ်
ခုဗျ။ အောက်လမ်းက လက်ထဲက သစ်ကိုင်း
ခြောက်ကြီးကို ကြည့်ပြီး ကြမ်းပြင်ပေါ် ပြစ်
ချလိုက်တယ်။

“ဟား၊ ဟား၊ ဟား၊ နင့်မြွေတွေကို ခေါ်နေတာ
လား၊ ဟဲ့အောက်လမ်းကောင်ရဲ့၊ သုံးလောက
ထွက်တင် ဘုရားရှင်ရဲ့ ပုံတော်ကို ခြေဖဝါးမှာ
ထိုးရဲတဲ့ အဝီစိငရဲဆင်းမယ့်ကောင်၊နင် စော
စောက သောက်လိုက်တာ အပျိုစင် ခုနှစ်
ယောက်ရဲ့ နို့ မဟုတ်ဘူးဟဲ့၊ ငါ့ဝိုင်းတောင်
ဘက်ဝိုင်းက သားပေါက်နေတဲ့ ခွေးသအုပ်
မကြီးရဲ့နို့တွေ၊ ငါကိုယ်တိုင် ညှစ်ပြီး လူနို့နံ့
ဖြစ်အောင် ငါပညာနဲ့ စီရင်ထားတာ သိပြီး
လား။ နင် ခွေးနို့သောက်ပြီးမှတော့ ဘယ်
မြွေကို ခေါ်လို့ရတော့မှာတုံး။ နင့်ထက်မက
တဲ့ အကောင်တွေတောင် ငါ့နယ်လာရင် ငါ့
ကို အကြောင်းပြုပြီးမှ လာကြတာ၊ နင်က
ဘာကောင်မို့လို့ ငါ့ကို ပမာမခန့် လုပ်ပြီး ငါ့
ရွာကို စော်ကားဖို့ ကြံစည်တာတုံး။ အခု နင့်
ပညာဟာ သုံးပုံတစ်ပုံပဲ ကျန်တော့တယ်မို့
လား၊ ဒီတော့ ငါ နင့်ကိုပြောမယ်၊ နင် အခု
ချက်ချင်း ငါ့ကို တောင်းပန်၊ ပြီးရင် ဒီရွာက
ချက်ချင်း ထွက်သွားပေတော့”

“ဟား၊ ဟား၊ ဟား၊ ဟား နင့်ဖာသာနင်
မောက်ကတော်ဖြစ်ဖြစ်၊ မောက်ပြားဖြစ်ဖြစ်
ငါ ဂရုမစိုက် ငါ ဂရုမစိုက်ဘူး၊ စုန်းမ၊ နင့်ကို
ငါသတ်မယ်၊ အခု ချက်ချင်း သတ်မယ်”

ပြောပြောဆိုဆိုနဲ့ အောက်လမ်းက စောစော
က ကျုပ်ခေါင်းခွံတီးပေးတဲ့ လူလက်ဖျံရိုးကြီး
ကို ကောက်ကိုင်လိုက်တယ်ဗျို့။ ပြီးတာနဲ့ ဇ
ရပ်လှေကားက ပြေးဆင်းလာတယ်။ ဘွား
မယ်ထုံရဲ့ ရှေ့တစ်လံအကွာလောက်မှာ ခြေ
စုံရပ်ပြီး ဘွားမယ်ထုံကို အယုတ္တ အနတ္တ စုံ
အောင် ဆဲတော့တာပဲဗျာ။

ဟော ရိုက်ပြီဗျို့။ပြေးရိုက်လိုက်ပြီ။ ဘွား
မယ်ထုံကို လက်ဖျံရိုးကြီးနဲ့ ပြေးရိုက်လိုက်
တာဗျာ။ ဘွားက လူရဲ့ရုပ်ခန္ဓာနဲ့ လာတာ
မှ မဟုတ်တာ။ ကိုယ်ပွားနဲ့ လာတာပဲ။ လှစ်
ကနဲ ပျောက်သွားတာပေါ့ဗျာ။

“မပြေးနဲ့ မသာမ၊ နင့်ကို ငါသတ်ပြီးမှ ဒီက
ထွက်သွားမယ်”

ဘွားက အဝေးကြီးသွားတာ မဟုတ်ဘူးဗျ။
သူ့နောက်နားမှာ ဖျက်ကနဲ ပြန်ပေါ်လာတယ်။

“ဟဲ့အကောင် ငါ ဒီမှာ၊ ငါက ပြေးတဲ့အစား
မဟုတ်ဘူး”

ဟာ ရိုက်ပြန်ပြီဗျို့။ အောက်လမ်းက ဒီတစ်ခါ
လှစ်ကနဲ ပြေးရိုက်တာဗျို့။ ဟော ဘွားက
ပျောက်သွားပြန်ပြီဗျာ။

“မသာမကြီး မပုန်းနဲ့၊ နင် ငါ့ကို ဗြောင်ရင်
ဆိုင်စမ်း”

“ဟဲ့ ငါ ဒီမှာ၊ နင် ကြိုက်သလောက် ရိုက်စမ်း
ဟေ့၊ အဝီစိကောင်”

ဘွားက သူ့တောင်ဘက်က ပေါ်လာပြန်ရော
ဗျို့။ ဟာ အောက်လမ်းက ဘွားကို လွှဲလွှဲပြီး
ရိုက်တာဗျို့။ ဒါပေမဲ့ သူ ဘယ်လောက်ပြေး
ပြေး ရှေ့ကို မရောက်ဘူးဗျို့။သူကတော့ သူ
ပြေးပြီး ရိုက်တာ ရှေ့ကို ရောက်သွားတယ်
ထင်ပြီး ဘွားကို လွှဲရိုက်နေတာဗျ။ အောက်
လမ်းက ဘွားကို ရိုက်ရင်းနဲ့ မောနေပြီဗျို့။

“မသာမ၊ နင် ဦးသွားလို့ ငါခံလိုက်ရတာဟေ့၊
မဟုတ်ရင် နင် အခုလောက် အသက်ရှင်မှာ
မဟုတ်ဘူး စုန်းမ”

“ဟဲ့အကောင် ခွေးနို့သောက်မှတော့ နင့်ပညာ
ပျယ်ပြီးပေါ့ဟယ်။ ကဲ နင် မသေမချင်သေးရင်
အခုချက်ချင်း ငါ့ကို တောင်းပန်ပြီး ဒီကနေ
ထွက်သွားပေတော့၊ ပြီးတော့ ဒီနယ်ကို ဘယ်
တော့မှ မလာပါဘူးလို့ ငါ့ကို ကတိပေးရမယ်”

“ဟဲ့ကောင်မ နင့် ငါ့ကို သတ်နိုင်ရင် သတ်
လိုက်၊ နင့်ကို ငါ မတောင်းပန်ဘူး၊ ဘာကတိ
မှလည်း ငါမပေးမှတ်ပါ”

“သြော် ဒီလိုလား၊ နယ်လှည့်ပြီး ကာမေ
သုမိစ္ဆာကံ ကျူးလွန်နေတဲ့ နင့်လိုအကောင်
ဟာ လူ့လောကနဲ့ မတန်ဘူးဟဲ့၊ အဝီစိနဲ့ပဲ
တန်တယ်”

ဟာ၊ ဘွား စက်တွေ လွှတ်ပြန်ပြီဗျို့။ ဘွားရဲ့
လက်ချောင်းတစ်ချောင်းစီက လက်ကနဲ ဖြစ်
ပြီး စက်တွေ ထွက်လာတာဗျို့။ ဟော စက်
တွေက အောက်လမ်းကို ပတ်သွားပြီဗျို့။
ဟော အောက်လမ်းကောင်က အတင်းရုန်း
နေပြီ။ ဟော လက်ထဲက လူ့ဖျံရိုးကြီး လွတ်
ကျသွားပြီဗျို့။

“သတ်စမ်း၊ နင်သတ်နိုင်ရင် သတ်စမ်း၊
စုန်းမစုတ်”

“နင့်လို အကောင်က ငါ သာသာလေး
သတ်လို့ရတယ်၊ ဒါပေမဲ့ ငါက လူမသတ်ဘူး
ဟဲ့၊ နင်သိသလား၊ အခု နင့်ကိုသတ်မယ့်သူ
ရောက်နေပြီ၊ နင် တွေ့လား”

ဘွားက ပြောလိုက်တော့ အောက်လမ်းက
မျက်လုံးပြူးကြီးနဲ့ ဟိုကြည့် ဒီကြည့် ကြည့်
နေရောဗျာ။

“ဟင် မမမဖဲဝါ”

အောက်လမ်းရဲ့ စကားတောင် မဆုံးသေး
ဘူးဗျာ။ မဖဲဝါကြီးက လွှားကနဲ ခုန်ထွက်ပြီး
လက်ဝါးကြီးနဲ့ အောက်လမ်းရဲ့ကျောကုန်း
ကို ရိုက်တော့တာပဲဗျာ။

“ဘုန်း၊ ဘုန်း၊ ဘုန်း၊ ဘုန်း”

“ဝေါ့” “ဝေါ့ ” “အား”

အောက်လမ်းက ဒူးထောက်ရက်ကြီး ကျသွား
ပြီး သွေးတွေ အန်တော့တာပဲဗျာ။ ‘အား’ဆိုပြီး
အော်လိုက်တဲ့ အသံကြီးက အသံနက်ကြီးပါ
ဗျာ။ ရှေ့ကို မှောက်ခုံကြီး ထိုးကျသွားပြီဗျို့။
ဟော ဆန့်ငင် ဆန့်ငင်နဲ့ ဖြစ်ပြီးတော့မှ ငြိမ်
သွားတာဗျို့။မဖဲဝါရဲ့ ခွေးနက်ကြီးက ဂူဘေး
မှာ မတ်တတ်ရပ်ပြီး သေသေချာချာ ကြည့်နေ
တာဗျို့။ မသေသေးရင် သူပါ ဝင်ကိုက်မယ့်ပုံ
ဗျ။ ဒါပေမဲ့ အောက်လမ်းက မလှုပ်တော့ပါဘူး
ဗျာ။ ဘွားမယ်ထုံက သူ့စက်တွေကို ပြန်သိမ်း
လိုက်ပြီး ပျောက်သွားတယ်ဗျို့။ မဖဲဝါလည်း
ချာကနဲ လှည့်ထွက်သွားပြီ။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”

နက်ကျော်ကြီးရဲ့ အူသံလည်း တဖြည်းဖြည်း
ဝေးသွားပြီဗျို့။ ကျုပ်လည်း မှောင်ရိပ်ခိုပြီး ရွာ
ထဲကို ဝင်လာခဲ့တယ်။ အပျိုစင် ခုနှစ်ယောက်
ရဲ့ နို့ရည် မသောက်လိုက်ရဘဲ ဘွားမယ်ထုံ
ကိုယ်တိုင် ညှစ်တိုက်တဲ့ ခွေးနို့တွေသောက်
ရင်း ပညာတွေ ပျက်သွားတဲ့ အောက်လမ်းရဲ့
အလောင်းကို ကျုပ်တို့ရွာသားတွေ ညတွင်း
ချင်း ကျင်းတူးပြီး မြှုပ်ပစ်လိုက်ကြတယ်။

ဘယ်သူ ဘာလုပ်လိုက်တယ်ဆိုတာ သူတို့
မသိလိုက်ကြဘူးဗျ။ မဖဲဝါ သတ်ပစ်လိုက်
တာလို့ ကျုပ်က သူတို့ကို တစ်ခွန်းပဲ ပြော
လိုက်တာလေဗျာ။

ကျုပ်ပြောတဲ့ အထဲမှာ ဘွားမယ်ထုံဆိုတဲ့
စကားတောင် တစ်ခွန်းတောင်မှ ပါခဲ့တာ
မဟုတ်ဘူးလေဗျာ။ကျုပ်တို့ ထနောင်းကုန်း
သားတွေက တာတေ့ကို ယုံပြီးသားပါဗျာ။
အဲ ပြောရဦးမယ်ဗျို့။ လေးလေးဘရီကို
တစ်တောင့် ကျုပ်ကို တစ်တောင့် ပေးခဲ့
တဲ့ အောက်လမ်းရဲ့ ဓါးပြီး ဆေးကြီးက
လည်း အောက်လမ်း မရှိတော့တဲ့ အချိန်
ကစပြီး နည်းနည်းမှကို မစွမ်းတော့ဘူးဗျို့။

တစ်ပွဲထိုး လှည့်စားတဲ့ ဆေးတွေပေါ့ဗျာ။
အောက်လမ်း ပေးခဲ့တဲ့ ဆေးတွေအားလုံး
ကို ဖျက်ဆီးပစ်လိုက်ကြတယ်။ ဘယ်သူမှ
မသိတဲ့ ကျုပ်တို့ရွာက ဝမ်းတွင်းစုန်းမကြီး
ဘွားမယ်ထုံက ရွာအပေါ် အန္တရာယ်ပြုမယ့်
အောက်လမ်းတစ်ယောက်ရဲ့ ရန်ကို ပိပိရိရိ
နဲ့ ကာကွယ်ပေးခဲ့တာကို ကျုပ် တစ်ယောက်
ကလွဲရင် ဘယ်သူမှ မသိကြဘူးပေါ့ဗျာ။

ကျုပ်ကတော့ ဘွားမယ်ထုံ ဝက်သားချက်တိုင်း
ထမင်းသွားစားနေတုန်းပါပဲဗျာ။

မူရင်းရေးသားသူ- ဆရာတာတေ