ယူလာလေသည်။ဖိုးတောသည် ပေတူးကို မြင်သည်နှင့် ပြုံးရွှင်စွာဖြင့် စကားဆိုလေသည်။
“ပေတူးရေ မင်း အားလား”
“အားတယ်လေ ငါတောင် ရွာထဲလာတော့မလို့ “
“ရွာလူကြီးက ကျောင်းက သရက်သီိးတွေ ခူးခိုင်းလိုက်လို့ “
“အေး ဆရာတော်ကို သွားလျှောက်ပေးရမှာလား”
“မဟုတ်ပါဘူးကွာ မင်းမသိသေးဘူးထင်တယ် ဆရာတော်က သူကျောင်းက ထွက်တဲ့သီးပင်စားပင်တွေကို ရွာသားတွေကို စွန့်ထားတာကွ ကြိုက်တဲ့လူ ခူးစား ဘာမှ မပြောဘူး “
“အေး ဟုတ်တယ် မင်းပြောမှ ငါလည်း သတိထားမိတယ် “
“ရွာလူကြီးက ကျောင်းကအသီးတွေ ခူးခိုင်းပြီးတော့ ရွာသား တွေကို လိုက်ဝေပေးခိုင်းမှာ မင်း ကူညီဦး ကျန်တဲ့သူတွေ မအားလို့ ငါ မိနွေးတို့နဲ့ လာတာ “
ဖိုးတောသည် သူနှင့် အတူပါလာသော မိန်းမပျိုလေးများကို လက်ညှိုးထိုးပြီး ပြောပြခြင်းဖြစ်သည်။ပေတူးမှ မိန်းမပျိုလေးများကို ပြုံးပြနှုတ်ဆက်လိုက်ရာ သူမတို့သည်လည်း ပြန်လည် ၍ နှုတ်ဆက်လေသည်။ထို့နောက် သူတို့သည် ဘုန်းတော်ကြီးကျောင်းမှ သရက်သီးမှည့်များကို ခူးလိုက်ကြသည်။သရက်သီးခူးနေချိန်တွင် ပေတူးတယောက် အတွေးဝင်လာသည်မှာ တခြားသော ဘုန်းကြီးကျောင်းများကို သူရောက်ဖူးသည်။ ဘုန်းတော်ကြီးအချို့သည် ကျောင်းရှိ အသီးအနှံများကို နှမြောလေ့ ရှိသည်။သရက်သီး၊အုန်းသီးနှင့် တခြားသော အသီးများသည် အချိန်တန်လျှင် လေလွင့်ပျက်စီးမည်ကို သူတို့ မသိ၍လော။ထိုအကြောင်းကြောင့်တော့ မဖြစ်နိုင်ပါ။အဘယ့်ကြောင့်ဆိုသော် မမေ့ကြောင်းတရားများကို သူတို့ဟောနေသည့်အတွက် ယခုလို ကြွေကျလေလွင့်ပျက်စီးတတ်သော အရာများ ပျက်စီးခြင်း ရောက်နိုင်သည်ဆိုသည်ကို မသိ၍ တော့ မဟုတ်နိုင်ပေ။တောင်တောင်အီအီများတွေးပြီးနောက် သရက်သီးများကို ခူးနေရင်း အပင်အောက်မှ မိန်းကလေးများ တော်ပြီဆိုသောအချိန်မှ သူတို့ သရက်သီးခူးခြင်းကို အဆုံး သတ်လိုက်ပြီး သရက်သီးတောင်းများကို ထမ်းသူထမ်း၊ရွက်သူက ရွက်နှင့် ရွာထဲသို့ ပြန်ကြပါလေတော့သည် ။
◾အခန်း (၃)
ငွေတောင်ရွာရှိရွာလူကြီး၏အိမ်တွင် အသက်ကြီးကြီး မိန်းမကြီးများမှ သရက်သီးများကို အညီအမျှခွဲဝေပြီး အိမ်တိုင်းစေ့ လူငယ်လေးများအား လိုက်ပို့စေသည်။လူငယ်များ သည်လည်း ပျော်ရွှင်စွာနှင့်ပင် တယောက်ကိုတယောက် စနောက်နေကြသည်။ထိုအချိန် ရွာလူကြီးမှာ သရက်သီး ခွဲပေးနေသော အမျိုးသမီးကြီးများကို အိမ်ပေါ်မှ ပြတင်းတံခါးကို ဖွင့်ရင်း စကားလှမ်းဆိုလိုက်သည် ။
“ဟေ့ လှစိန် ရွာအပြင်က ဦးဝင်းကျော်တို့အိမ်ကို သွားပို့လိုက်ဦး ကြားလား “
“ထုံးစံအတိုင်း ရွာလူကြီး ပို့မှရမယ် ထင်တယ် ကျန်တဲ့သူတွေက သွားမဲ့ပုံမပေါ်ဘူး “
” ငါ ခါးနာနေတယ်ကွ မပို့လို့ကလည်း မရဘူး”
“ခက်ပြီတော် တရွာလုံးက အဲ့ဒီတဲကို ဘယ်သူမှ သွားချင်ကြတာ မဟုတ်ဘူး”
ပေတူးသည် ဖိုးတောနှင့်အတူ ထိုင်နေရင်း ရွာလူကြီးနှင့် ဒေါ်လှစိန်တို့ ပြောနေသောစကားကို စိတ်ဝင်စားကာ ဘေးတွင်ရှိသော ဖိုးတောအား အမေးစကား ဆိုလိုက်လေသည််။
“ဖိုးတောရေ ရွာသားတွေက ဘာလို့ ဦးဝင်းကျော်တို့တဲကို မသွားချင်ရတာလဲကွ “
“သူတို့က သီလမရှိဘူးကွ သူများအသက်လည်း သတ်တယ် ပြီးတော့ သူတို့က တို့ရွာသားတွေကို အမြင်မကြည်ဘူး”
“ငါ သွားပို့မယ်ကွာ မင်းလိုက်ခဲ့မလား “
ပေတူးမှ ထိုသို့ပြောလိုက်သောအခါ ဖိုးတောမှ ခေတ္တတွေးနေပြီးနောက် ပေတူးကို သေချာကြည့်လိုက်ကာ
“ရွာလူကြီးတင် မဟုတ်ဘူး ဆရာတော်ကပါ ရွာသားတွေကို တခုခု ပေးဝေတိုင်း မထားခဲ့ရဘူးဆိုတော့ သွားပေါ့ကွာ ငါ လိုက်ခဲ့မယ်”
“အေး အဲ့တာဆို မင်းရွာလူကြီးကို ပြောလိုက်ကွာ “
ပေတူးမှ ထိုသို့စကားဆိုလိုက်သည်နှင့် ဖိုးတောသည် ရွာလူကြီးအား လှမ်း၍ အော်ပြောလိုက်လေသည် ။
“ရွာလူကြီး ကျုပ်နဲ့ ကျောင်းသား သွားပို့ပေးမယ် “
“ဟေ တကယ်လားဟ အဲ့တာဆိုလည်း သွားကွာ သူတို့ပြောတာဆိုတာတွေကို ပြန်ပြီး တုန့်ပြန်မနေနဲ့နော် ကြားလား”
“အင်းပါ အဲ့တာဆို ကျုပ်တို့ သွားလိုက်မယ် “
“အေး အေး လှစိန်ရေ ဖိုးတောတို့ကို အကောင်းဆုံး သရက်သီးတွေ ရွေးပေးလိုက်ပါ “
“ဟုတ်ကဲ့ပါ ရွာလူကြီး ကျုပ် သေချာထည့်ပေးလိုက်ပါမယ် တော် “
ရွာလူကြီးသည် ဖိုးတောကို စကားဆိုနေရင်းမှ ဒေါ်လှစိန်အား စကားဆိုလိုက်ခြင်းဖြစ်သည်။ဒေါ်လှစိန်သည် သရက်သီးများကို ပြည်တောင်းလေးထဲ ထည့်ပေးလိုက်ကာ
“ဖိုးတောရေ ရော့ ငါ ပိုထည့်ပေးလိုက်တယ် သူတို့ဘာပြော ပြော သည်းခံနော် ကြားလား “
“အင်းပါ အရီးရာ ကျုပ်တို့ သွားပြီ “
ဖိုးတောသည် ပေတူးကိုခေါ်ကာ ရွာလူကြီး၏အိမ်မှ ထွက်ခွာသွားကြသည်။လမ်းတွင် တအိမ်၀င်တအိမ်ထွက် သရက်သီးပို့နေသော လူငယ်လေးများသည် ပေတူးနှင့် ဖိုးတောတို့အား တွေ့သောအခါ
“ဖိုးတောနဲ့ ကျောင်းသား ဘယ်ကိုပို့ရမှာလဲ အနောက်ပိုင်းကို ငွေကြည်တို့ ပို့ပြီးပြီနော် “
“ငါတို့က ရွာအပြင် တောထဲက ဦးဝင်းကျော်တဲကို သွားပို့မှာ “
“နင်တို့ တကယ်ပြောနေတာလား”
“အေးလေ ဘာဖြစ်လို့လဲ “
“ဘာမှ မဖြစ်ပါဘူးကွာ “
လမ်းတွင်တွေ့သော လူငယ်လေးများသည် ဖိုးတောနှင့် ပေတူးကို ထူးထူးဆန်းဆန်းကြည့်နေပြီး သူတို့လမ်းသူတို့ ဆက်သွားကြလေသည်။ထို့နောက် ရွာအပြင်သို့ ရောက်သောအခါ ပေတူးသည် ဘေးတွင်ရှိသော ဖိုးတောအား စကားဆိုလိုက်လေသည် ။
“ဖိုးတော “
“အေး ပြောလေ “
“မင်းတို့ရွာသားတွေ ဦးဝင်းကျော်ရဲ့တဲ သွားမှာကို ဘာလို့မသွားချင်ကြတာလဲကွ “
“ဒီကိစ္စကို ငါတို့လည်း သိပ်မသိဘူးကွ သူတို့တအိမ်လုံးက ရွာကို မကြည်ဘူး အမမိစိုးကတော့ သနားပါတယ်ကွာ”
“သင်္ချိုင်းထဲကို ညအချိန်မတော်လာတဲ့ အမလား ဖိုးတော “
“အေး ဟုတ်တယ် “
ပေတူး နောက်ထပ်မည်သည့်စကားမှ ထပ်မဆိုတော့ပဲ အမြန် သုတ်ခြေတင်လိုက်လေသည်။ရွာနှင့် အတော်လှမ်းသော ကြောင့် အတော်ကြာကြာတော့ သွားရသည်။ထို့နောက် ဥယျာဉ်ခြံ အကျယ်ကြီးတခုဆီသို့ ရောက်သောအခါ ဖိုးတောသည် ခြံဝမှနေ၍ လှမ်းအော်ခေါ်လိုက်လေသည်။
“ဗျို့ ဦးဝင်းကျော် ဗျို့ဦးဝင်းကျော် “
“ဘယ်သူတွေလဲကွ “
“ကျုပ်ကို ရွာလူကြီးက သရက်သီး ပို့ခိုင်းလိုက်လို့”
“အေး ထားခဲ့ပြီး ပြန်တော့”
လူမမြင်ရဘဲ ခြံထဲမှ အော်၍ အထက်စီးမှ လှမ်းအော်ပြောလိုက်သောအသံကြောင့် ပေတူး မကျေမနပ်ဖြစ်မိသည်။ ဖိုးတောမှာဖြင့် ပြည်တောင်းထဲမှ သရက်သီးများကို ခြံဝရှိ မြက်တောထဲတွင် သွန်ချလိုက်ပြီး ပြန်မည် ပြုလိုက်သည်။သို့ပေမဲ့ ပေတူးသည် သူ၏လက်ကို ဆွဲလိုက်ပြီး
“နေစမ်းပါဦး ဖိုးတောရ လာလည်း ပို့ရသေးတယ် ငါတို့ကို မချေမငံလည်း ဆက်ဆံတယ် ငါ မပြန်ဘူး ဒီခြံထဲ ဝင်ကြမလား”
“ဟေ့ကောင်ပေတူး မဖြစ်ဘူးကွ ဆရာတော်နဲ့ ရွာလူကြီးက သူတို့ကို မနှောက်ယှက်ဖို့ ပြောထားတာ သူတို့ ဘာပြောပြော သည်းခံရမယ်တဲ့ကွ “
“အဲ့တာ မင်းတို့ ရွာသားတွေကို ပြောတာ ငါက မင်းတို့ရွာသား မဟုတ်ဘူး ပေတူးကို ဒီလိုအချိုး ချိုးလို့ဘယ်ရမလဲ ကဲ မင်းပြန်ချင်ရင် ပြန်တော့ “
“လာပါကွာ ပြန်ကြရအောင်ပါကွာ နော်”
ပေတူးသည် ဖိုးတော၏လက်ကို ဆွဲထားရာမှလွှတ်ပြီး စကား ဆိုလိုက်ချိန် ဖိုးတောမှ ပေတူး၏လက်ကို ဆွဲပြီး ပြန်ကြရန် ချော့မော့ပြောနေခြင်း ဖြစ်သည်။သို့ပေမဲ့ ခေါင်းမာသော ပေတူးကို တား၍ မရသောအခါ ဖိုးတောမှ သက်ပြင်းတချက်ကို ချလိုက်ပြီး
“ကဲ တားမရတော့လည်း သွားကွာ ငါပါ လိုက်ခဲ့မယ်ကွာ “
“ပြီးတာပဲ သရက်သီးတွေ ပြန်ကောက်ထည့်လိုက်မယ်”
ပေတူးသည် ပြောပြောဆိုဆို မြက်ပေါ် ချထားသော သရက်သီးများကို ပြည်တောင်းထဲ ပြန်လည် ကောက်ထည့်လိုက်ကာ ဝါးလုံးများကာထားသော ဥယျာဥ်ခြံကြီးထဲသို့ ဝင်သွားကြပါလေတော့သည်။
◾အခန်း (၄)
“ဟေ့ကောင်တွေ မင်းတို့ ဘယ်သူတွေလဲ ငါ ဝင်ခွင့်မပေးပဲ ဘာလို့ဝင်လာကြတာလဲ “
“ဦးလေး ကျုပ်တို့က ခင်ဗျားတို့စားဖို့ သရက်သီး လာပို့တာ ရန်လာလုပ်တာ မဟုတ်ဘူး ဘာလို့ကောင်းကောင်း ပြန်မပြောတာလဲ “
“မင်းက ငွေတောင်ရွာက မဟုတ်ဘူး ငါ တခါမှ မမြင်ဖူးဘူး”
“ဟုတ်တယ် ငွေတောင်ရွာက မဟုတ်ဘူး ကျုပ်တို့ ခဏထိုင်လို့ ရမလား”
ရွာထဲက အိမ်များနည်းတူ ခပ်မြင့်မြင့်ဆောက်ထားပြီး အိမ်အောက်မှာတင် စားပွဲတန်းလျားချထားကာ ထိုတန်းလျားခုံတွင် ထိုင်ပြီးရေနွေးသောက်နေသော ခြံပိုင်ရှင် ဦးကျော်ဝင်းနှင့် ခြံထဲသို့ ၀င်လာသော ပေတူးတို့ စကားဆိုနေခြင်း ဖြစ်သည်။အသံကျယ်ကျယ်နှင့် အခြေအတင်စကားသံတို့ကြောင့် အိမ်ပေါ်မှနေ၍ တဆယ့်ငါးနှစ််အရွယ် ကောင်လေးနှင့်အတူ အသက်အစိတ်ခန့်ရှိမည့် အမျိုးသမီးတဦး ဆင်းလာလေသည်။ထို့နောက် သူတို့သည် မလှမ်းမကမ်းမှ ပေတူးနှင့် သူတို့၏ဖခင်ကြီး စကားများနေသည်ကို ရပ်ကြည့်နေခြင်းဖြစ်သည်။ဖိုးတောသည်လည်း မည်သည့်စကားမှ ဝင်မပြောဘဲ နောက်တွင် ရပ်၍သာနေသည်။ထို့နောက် ပေတူးသည် ဦးဝင်းကျော်ဟုအမည်ရသော ခြံပိုင်ရှင်မှ ထိုင်ခွင့်မပေးသေးပေမဲ့ တန်းလျားတွင် ၀င်ထိုင်လိုက်ကြပြီး ဖိုးတောကိုလည်း ထိုင်ဖို့ရာ လှမ်းပြောလိုက်လေသည် ။
“ဟေ့ကောင် ဖိုးတော လာ ထိုင်လေကွာ ဘာလို့ရပ်နေတာလဲ “
“ဟို ဟို “
“ဘာမှဟို မနေနဲ့ ထိုင်ဖို့ လုပ်ထားတဲ့ ခုံထိုင်ရမှာပေါ့ မဟုတ် ဘူးလား ဦးလေး”
ပေတူးသည် ခပ်တည်တည်နှင့် သူတို့အား ကြည့်နေသော ဦး၀င်းကျော်အား စကားဆိုလိုက်ရာ ဦးဝင်းကျော် မည်သို့ပြောရမှန်းမသိ ဖြစ်သွားရသည်။စိတ်ထဲတွင်လည်း ဒီကောင် မလွယ်ဘူး ဟူ၍လည်း မှတ်ချက်ပေးနေမိသည်။ပေတူးသည် ဖိုးတာ တန်းလျားပေါ် ထိုင်လိုက်သည်နှင့် ဦးဝင်းကျော်ကို ကြည့်ကာ စကားဆိုလိုက်လေသည်။
“ဦးလေး ပြောပါအုံး ကျုပ်တို့ကို ဘာမကျေနပ်တာလဲ “
“အေး မကျေနပ်တာပြောရမယ်ဆို အခု ငါ့အိမ်ထဲ ဝင်နေတာ မကြိုက်ဘူးကွာ “
“ဟုတ်ပြီ ဘာလို့မကျေနပ်တာလဲ “
“မင်းတော်တော် လျှာရှည်တဲ့ကောင်ပဲ ငွေတောင်ရွာသားတွေ ဖြစ်နေလို့ကို မကျေနပ်တာကွာ”
“ငွေတောင်ရွာသားတွေက ခင်ဗျားကို ဘာတွေလုပ်နေလို့လဲ သူတို့က တရားနဲ့ နေ”
“တော်စမ်းပါကွာ ထွီး “
ဦး၀င်းကျော်သည် စားပွဲခုံကို လက်သီးဆုပ်နှင့် ထုလိုက်ကာ ပေတူး ပြောသည့်စကားကို ဆုံးအောင်ပင်နားမထောင်ပဲ ဖြတ်ပြောလိုက်ခြင်းဖြစ်သည်။ထို့နောက် မချိတင်ကဲရယ်မောကာ
“မင်း မြင်လား ဟိုမှာ ငါ့သမီး သူတို့ရဲ့တရားတွေကို ကျင့်ပြီးရူးသွားရတာ သူတင် မဟုတ်ဘူး သူရဲ့ယောကျ်ား ငါ့သမက်ဆို သေတောင် သေသွားတာကွ “
ပေတူး မည်သို့ ပြန်ပြောရမည်မှန်းမသိအောင် ဖြစ်မိသည်။ ဦးကျော်လှိုင်ကို သူ လိုက်ပို့စဥ်က တွေ့လိုက်ရသောကောင်လေး နှင့်အတူရှိနေသော အမျိုးသမီးကို ကြည့်လိုက်မိသည်။မှိုင်တွေ ငေးဆွေးနေသည့် မျက်နှာပေးနှင့် ရုပ်ရည်သန့်သန့် အမျိုးသမီးမှာ သူ့အား ငေးလို့ကြည့်နေသည်။သူ မည်သို့ပြန်ပြောရမှန်းမသိဖြစ်နေစဥ် ဖိုးတောမှ လက်ကို ဆွဲကာ ခြံအပြင်သို့ ခေါ်ထုတ် သွားလေသည်။ခြံအပြင်သို့ ရောက်သောအခါ ငေးငိုင်နေသော ပေတူးအား စကားဆိုလိုက်သည်။
“ငါ ပြောသားပဲကွာ မသွားပါနဲ့လို့”
“သူတို့ ဘယ်လိုဖြစ်တာလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား ဖိုးတော”
“ငါ သိရသလောက်ကတော့ အမမိစိုး နဲ့ သူ့ယောက်ျားက ဆရာတော်နဲ့ ရွာလူကြီးကို အတော်ရိုသေတာကွ ပြီးတော့ ဘုရားတရားလည်း အရမ်းလုပ်တာ နောက်တော့ ဘယ်လိုဖြစ်သွားလဲ မသိပါဘူးကွာ မင်းအကြောင်းစုံသိချင်ရင်တော့ ဆရာတော်ကို မေးမှ ရလိမ့်မယ် “
“အေးကွာ ငါအတော် စိတ်ဝင်စားတယ် ကျောင်းရောက်မှ မေးကြည့်ရတာပါ့ “
သူတို့နှစ်ယောက်သည် မည်သည့်စကားမှ မပြောဖြစ်တော့ပဲ အတွေးကိုယ်စီဖြင့်သာ လမ်းလျှောက်လို့ ရွာဆီသို့ ပြန်ခဲ့လိုက်ကြပါလေတော့သည် ။
◾အခန်း (၅)
ပေတူးသည် မီးခွက်တခုကိုထွန်းကာ ကျောင်းပေါ်သို့ တက်သွားလေသည်။ဆရာတော် တရားထိုင်နေသည့်အတွက် သင့် တင့်သောနေရာတွင် ထိုင်စောင့်နေသည်။မကြာသောအချိန်တွင်တော့ ဆရာတော်သည် တရားဖြုတ်ပြီး ပေတူးကို တချက်လှည့်ကြည့်လိုက်ကာ
“မောင်ကျောင်းသား “
“ဘုရား “
“ဘာများ မေးစရာရှိလို့လဲ”
“တပည့်တော် ရွာအပြင်က တောထဲမှာနေတဲ့ ဦးဝင်းကျော်ရဲ့ အကြောင်း သိချင်ပါတယ် ဘုရား”
“မောင်ကျောင်းသားက ဘာလို့ သိချင်ရတာလဲ”
“တပည့်တော် ဒီနေ့ ဦးဝင်းကျော်ရဲ့အိမ်ကို ရောက်ခဲ့ပါတယ်ဘုရား သူ အတော်ခံစားနေရပြီး အရှင်ဘုရားနဲ့ ရွာကို တော် တော်လေးကို မုန်းတီးနေပါတယ်။တပည့်တော် သိခဲ့ရတာတော့ သူ့သမက်သေပြီး သူ့သမီးရူးရတာ အရှင်ဘုရားနဲ့ ရွာသားတွေကြောင့်လို့ ဆိုနေပါတယ်ဘုရား အဲတာကြောင့် သိချင်တာပါဘုရား”
“အင်း မောင်ကျောင်းသား သိချင်ရင်တော့ ဘုန်းကြီး ပြောပြပါ့မယ်”
ဆရာတော်မှ ထိုသို့မိန့်သောအခါ ပေတူးသည် လက်အုပ်ချီလိုက်ရင်း ဆရာတော်မိန့်လာမည့် စကားကို အာရုံစိုက်နေလိုက် ၏။ဆရာတော်သည် ချောင်းတချက် ဟမ့်လိုက်ကာ မိန့်လေသည် ။
“တကယ်တော့ ဒကာကြီးဦးဝင်းကျော်တို့မိသားစုက လူကောင်းတွေပါ သူတို့က သူတော်ကောင်းတရားကို အတော်ကြိုးကြိုးစားစားကျင့်ခဲ့တဲ့သူတွေပါ သို့ပေမဲ့ တရားလမ်းကြောင်းလွဲပြီး ရူးသူရူး သေသူသေ ဖြစ်သွားကြတာပေါ့”
ဆရာတော်သည် အတိတ်က ငွေတောင်ရွာတွင် ဖြစ်ပျက်ခဲ့သောအကြောင်းများကို ပေတူးအားပြန်လည် မိန့်ကြားလိုက်ပါ သည် ။
◾အခန်း (၆)
လွန်ခဲ့သော ခုနှစ်နှစ်ခန့်က
ငွေတောင်ရွာလေးသည် အလွန်တောကျပြီး အခြားကျေးရွာများကဲ့သို့ တောင်ယာ၊လယ်လုပ်သူများ များပေသည်။ထိုရွာကို အရှင်သောဘိတဟူသော ဘွဲ့အမည်ရဆရာတော်တပါးအား ရွာလူကြီးမှ ပင့်လာလေသည်။ငွေတောင်ရွာသားများမှာ စရိုက်ကြမ်းသောကြောင့် မည်သည့်ဘုန်းကြီးမှ ကြာကြာမခံနိုင်ကြပေ။မနေနိုင်ကြသည့် အကြောင်းရင်းမှာ နောက်တခုမှာ ရှိသေးသည်။တခြားမဟုတ်ဘဲ ရွာအနောက်ဖက်သင်္ချိုင်းအနီးတွင် ဘုန်းကြီးကျောင််းဆောက်ပေးထားခြင်းကြောင့်လည်း ပါမည် ထင်သည်။ရွာသားများမှာ အတော်ပင်စရိုက်ကြမ်းသည်က တကြောင်း၊ဘုန်းကြီးများမှလည်း မနေချင်သည်က တကြောင်း အကြောင်းမျိုးမျိုးကြောင့် ထိုငွေတောင်ရွာလေးတွင် ဘုန်းကြီး မမြဲပေ။ရွာသားများသည်လည်း ယခုအသစ်ရောက်လာသော ဘုန်းကြီးကို မလေးမခန့်လုပ်ချင်ပေမဲ့ လူမှန်ကြီးဦးဝင်းကျော် နှင့် ရွာလူကြီးတို့နှစ်ယောက် ပင့်ထားသည်မို့ မလုပ်ရဲကြပေ ။ဆရာတော်သည် ရောက်လာသည့်နေ့မှစ၍ ရွာလယ်တွင် မဏ္ဍပ် ထိုးစေကာ ညစဥ်ညတိုင်း တရားဟောလေသည်။တရားပွဲထဲတွင်တော့ အသက်ကြီးရင့်သူများ အနည်းငယ်သာရှိပြီး ထိုအထဲတွင် ထူးထူးခြားခြား ဦးဝင်းကျော်၏သမီးဖြစ်သူနှင့် သမက်တို့သည် ညစဥ်ညတိုင်း တရားနာလေသည်။ဆရာတော် မှ ကမ္မဋ္ဌာန်းတရားများကို ဟောကြားပေးနေမြဲ ဖြစ်သည်။ငယ် ရွယ်သည့်ဇနီးမောင်နှံတို့သည် ဆရာတော် ဟောကြားသော တရားများနှင့်အညီ ကျင့်ကြံနေထိုင်လေသည်။ဆရာတော်မှာ လူငယ်၊လူရွယ်များကိုလည်း အကောင်းဆုံးသိမ်းသွင်းကာ တရားနှင့် ပျော်မွေ့နေနိုင်အောင် ကြိုးစားနေချိန် ဦး၀င်းကျော် ၏သမီးနှင့် သမက်တို့သည် နောက်ထပ်တရားကျင့်စဥ်များကို တိုး၍ ဟောပြစေချင်သည်။သို့ပေမဲ့ အများသူငါ နားလည်နိုင်မည့်တရားများကို အားသွန်ခွန်စိုက် ကြိုးစားနေသော ဆရာတော်မှာ သူတို့လင်မယားနှစ်ယောက်အား အချိန်မပေးနိုင်ပဲ ဖြစ်လေသည်။ထိုအခါ အိမ်ပြန်ရောက်ချိန်တိုင်း ဖခင်ဖြစ်သူကို ရင်ဖွင့် စကားဆိုလေသည်။
“အဖေ ဆရာတော်ကလည်း ကျမတို့ကို ဘာလို့တရားအသစ်တွေ မဟောပေးတာလဲ မသိဘူးနော် “
“အချိန်မတန်သေးလို့ နေမှာပေါ့ ငါ့သမီးရယ် “
သမီးဖြစ်သူ မိစိုး၏အမေးစကားကို ဦးဝင်းကျော်မှ ပြန်ဖြေလိုက်သည်။ထိုအခါ သမက်ဖြစ်သူ ကျော်မျိုးသည် စားပွဲပေါ်မှ လက်ဘက်ရည်ပန်းကန်ကို ကိုင်ရင်း စကားဆိုလေသည်။
“ကျုပ်တို့ ဆရာတော်ရဲ့တရားတွေ ကျင့်လာတာ တော်တော် အရှိန်ရလာပြီဗျ ကျုပ်ကတော့ ဆရာတော်နဲ့ ရွာလူကြီးပြောနေတဲ့ အသုဘကမ္မဋ္ဌာန်းဆိုတာကို ကျင့်ချင်တယ် “
“မင်းတို့က ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာလို့ ဒီလောက်တောင် တရားတွေ လုပ်နေရတာလဲကွ “
“ရှေးပါရမီ နေမှာပေါ့ အဖေရယ် “
“မင်းတို့ ကျင့်ချင်သပဆိုလည်း ဘုန်းကြီးဆီက နည်းလမ်း တောင်းပြီးကျင့်ပေါ့ ငါကတော့ အောက်ရွာ သွားလိုက်ဦးမယ် ရက်နည်းနည်း ကြာမယ် “
“အမေကလည်း ဒီတောင်ပေါ် ဘာလို့ မနေချင်တာလဲကို မသိဘူးနော် အဖေကြီး “
ရေနွေးနှင့် မြည်းရန် အမြည်းပန်းကန် သွားယူနေသော မိစိုးမှ ဖခင်ကြီးအားမေးလိုက်လေသည်။ထိုအခါ ဦးဝင်းကျော်သည် ရေနွေးတခွက်ကို သောက်လိုက်ကာ
“နင့်အမေက ငါ့တို့ရွာသားတွေ စရိုက်ဆိုးလို့ မနေချင်ဘူးတဲ့ “
“အခု အဲ့လောက် မဆိုးတော့ပါဘူး ဆရာတော် ရောက်လာကတည်းက အရက်ပုန်းရောင်းတဲ့ ကိုတာတီးတောင် မရောင်းရလို့ တခြားရွာကို ပြောင်းသွားပြီ”
“အင်း မိစိုးပြောတာ ဟုတ်တယ် အဖေရ အခုနောက်ပိုင်း အရက်သောက်တဲ့ ကျုပ်သူငယ်ချင်းတွေတောင် အရက်မသောက်ကြတော့ဘူးဗျ “
“အေး ဟုတ်တယ် ငါ ညနေပိုင်း အောက်ရွာသွားမယ် တလ လောက်တော့ကြာမယ် ထင်တယ်ကွ “
“စိတ်ချသာ သွား အဖေ ကျုပ်တို့ဆီလည်း အလည်လာခဲ့ပါဦးလို့ အမေ့ကိုပြောပေးဦး “
“အေး အေး “
ဤသို့ဖြင့် မိသားစုစကားဝိုင်းလေးသည်် ရေနွေးသောက်လိုက် စကားပြောလိုက် ရယ်မောပျော်ရွှင်လိုက်နှင့် စိတ်ချမ်း မြေ့ဖွယ်အတိဖြစ်နေပါတော့သည် ။
◾အခန်း (၇)
မျိုးကျော်နှင့် မိစိုးတို့် လင်မယားနှစ်ယောက်သည် စိတ်တူကိုယ်တူနှင့် တယာက်ကိုတယောက် အတော်ချစ်ခင်မြတ်နိုးကြသော လင်မယားဖြစ်၏။ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျ သော်လည်း ယခင်ဘဝမှ အထံပါရမီပါခဲ့လေလားမသိ ကမ္မဋ္ဌာန်းတရားကို အတော် အားထုတ်ချင်ကြနေကြသော လင်မယားဖြစ်သည်။သူတို့နှစ်ယောက်သည် ဆရာတော်၏ ကျောင်းသို့သွားပြီး အသုဘကမ္မဋ္ဌာန်းအကြောင်းကို ဆရာတော်ထံတွင် နည်းနိတ်ဿရများယူပြီး အားထုတ်မည်ဟု စိတ်ပိုင်း ဖြတ်ပြီး ကျောင်းသို့လာပေမဲ့ ဆရာတော် မြို့သို့ ကြွသွားသည် နှင့်သာ ကြုံလေသည်။ကျောင်းတွင်တော့ ရွာလူကြီးနှင့် အခြား တရားဆွေးနွေးသူများသာ ရှိလေသည်။သူတို့သည် မျိုးကျော်တို့ လင်မယားအား မြင်သောအခါ တရားဆွေးနွေးပွဲအတွင်း ၀င်ဆွေးနွေးရန် ခေါ်လေ၏ ။
“မျိုးကျော်နှင့် မိစိုး ဆရာတော်က ဆယ့်ငါးရက်လောက်ကြာမယ် ပြောတယ် တရားဟောကြွသွားတာ လာကွာ ထိုင်ဦး ငါတို့ သိထားတဲ့ တရားလေးတွေ ဖလှယ်ကြတာပေါ့ “
ရွာမှ လူကြီးများမှ သူတို့အား အရေးတယူဖိတ်ခေါ်သော ကြောင့် မငြင်းသာပဲ လူကြီးများနှင့်အတူ ဝိုင်းထိုင်လိုက်ကြသည်။ထို့နောက် သူတို့ နှစ်ယောက်သိထားသော အကြောင်း အရာလေးများကို ၀င်ဆွေးနွေးကြလေသည်။ထို့နောက် ရွာလူကြီးသည် ဆရာတော် ပြောဖူးသော အသုဘကမ္မဋ္ဌာန်းအကြောင်းကို ပြောပြရာ အားလုံးစိတ်ဝင်စားကြလေသည်။ထိုအထဲတွင် ပို၍စိတ်ဝင်စားသူနှစ်ယောက်မှာ မျိုးကျော်တို့ လင်မယား ဖြစ်သည်။သူတို့ နှစ်ယောက်သည် ရွာလူကြီးပြောသည်ကို နားထောင်ပြီးသောအခါ
“ရွာလူကြီးရှင့် ကျမတို့ အသုဘကမ္မဋ္ဌာန်း ကျင့်ချင်ပါတယ် ခွင့်ပြုပေးပါ ရွာထဲမှာ ဦး၀ကြီးဆိုတဲ့ လူတယောက်သေတယ် ကြားတယ် “
“ဟုတ်တယ် ဒီကောင်က ရွာမှာ အရက်မရောင်းတာတောင် အောက်ရွာမှာ သွားသောက်တာလေ ရေတောင် ရောမသောက်ဘူးဆိုပဲ ရေမရောတော့ အသေစောတာပေါ့ကွယ် “
“သူရဲ့အသုဘကို ကျုပ်တို့ ရှု့လို့ရမလား ရွာလူကြီး”
“နေပါဦး မျိုးကျော်ရ ငါက သိတယ်ဆိိုပေမဲ့ အလုံးစုံသိတာမဟုတ်ဘူး ဆရာတော်ပြောတာ နောက်များကျမှ လူတိုင်းကိုအသုဘကမ္မဋ္ဌာန်းရှုနည်းသင်ကြားပေးမယ် တဲ့ကွ “
“နောက်နောင်ပေါ့ ဦးလေးရယ် ကျပ်တို့ရွာက သေးတော့ လူက သိပ်သေတာမှ မဟုတ်တာ ကျုပ်တို့ အရင်ရှု့ပါရစေဗျာ “
“ခက်ပြီ မျိုးကျောရေ ကောင်းတဲ့အလုပ် လုပ်တာကို တားပြန်ရင်လည်း မကောင်း ကဲ မင်းအဆင်ပြေသလိုသာ လုပ်ပေတော့ ကွာ “
ရွာလူကြီးနှင့် လူကြီးများထံမှ ခွင့်ပြုချက်ရသည်နှင့် မျိုးကျော်တို့လင်မယားသည် ပျော်ရွှင်သွားပြီး အသုဘကမ္မဋ္ဌာန်းကျင့်ကြံဖို့အတွက်ကို စိတ်လှုပ်ရှားနေကြသည်။ထို့နောက် ရွာလူကြီးနှင့် ရွာမှ လူကြီးများကိုနှုတ်ဆက်ပြီး ဘုန်းတော်ကြီး ကျောင်းမှ ပြန်ထွက်လာလေသည်။သင်္ချိုင်းနား ရောက်ချိန်တွင် မျိုးကျော်သည် ဇရပ်ကို ကြည့်လိုက်ကာ
“မိစိုးရေ ငါ အရင် အသုဘကမ္မဋ္ဌာန်းရှု့မယ်”
“အတူ ရှု့လို့ မရဘူးလား”
“မရဘူးလေ တယောက်တည်း ရှု့ရတာတဲ့ မိစိုးရ “
“တော်က ပျော်နေတာပေါ့လေ သတိလေး ဘာလေးလည်း ထားနော် ဆရာတော်ရောက်မှပဲ ဆရာတော်ရဲ့တရားနာပြီး ကမ္မဋ္ဌာန်း ရှု့ကြမလား ကျမ ရှင့်ကို စိတ်မချဘူးဖြစ်နေတာ “
“မိစိုးရယ် ရွာလူကြီးကို ဆရာတော်က ဟောထားတာဆိုတော့ မမှားနိုင်ပါဘူး “
“တော်က စိတ်အားထက်သန်နေတယ်ဆိုတော့လည်း ကျမ မပြောတော့ပါဘူးနော် “
“စိတ်ချလိုက်စမ်းပါ မိစိုးရယ် ငါတို့က ကောင်းတာ လုပ်တာပဲ ဘာမှ မဖြစ်ပါဘူး”
ဤသို့ဖြင့် မျိုးကျော်နှင့် မိစိုးတို့သည် သင်္ချိုင်းဘေးမှ ဖြတ်ကာ ရွာထဲသို့ ဝင်သွားကြပါလေတော့သည် ။
◾အခန်း (၈)
မှောင်မဲနေသော သင်္ချိုင်းအတွင်းရှိ ဇရပ်လေးပေါ်တွင် မီးအလင်းရောင်လေးတခု လင်းထိန်လို့နေသည်။ထိုဇရပ်လေး တွင်တော့ လူသေအလောင်းတလောင်းနှင့် သက်ရှိလူတယောက် ရှိနေလေသည်။ထိုလူမှာ မျိုးကျော်ဖြစ်ပြီး အလောင်းကြီးကို ကြည့်ကာ အသုဘကမ္မဋ္ဌာန်းရှု့လို့နေသည်။သူသည် အလောင်းကြီးကို ကြည့်ရင်း ကြောက်စိတ်တို့ အခါခါ ဝင်လာသည်။တိတ်ဆိတ်နေသော သင်္ချိုင်းထဲတွင် တချက်တချက် ခွေးများ ဆွဲဆွဲငင်ငင်အူသည့်အချိန် ကြက်သီးတို့ တကိုယ်လုံး မှ ထလာသည်။သူသည် ယခု ဇရပ်ပေါ်မှ ထွက်ပြေးဖို့ ကြံလိုက်မိသည်။သို့ပေမဲ့ ရွာထဲကလူတွေကို လေလုံးထွားထားသော ကြောင့် အများပြောစရာဖြစ်မည် စိုး၍ အလောင်းကြီးကိုသာ ဆက်ကြည့်နေလိုက်သည်။အချိန်အတော်ကြာလာသောအခါ သူ၏နားထဲတွင် ရယ်သံသဲ့သဲ့ ကြားလိုက်ရ၍ ရင်ထဲထိတ်ခနဲ ဖြစ်မိသည်။ထို့ကြောင့် ထိုင်နေရာမှ ထရပ်လိုက်ပြီး ဇရပ်ပေါ်မှ နေ၍ ဘေးပတ်ဝန််းကျင်ကို စူးစမ်းကြည့်လိုက်သည်။သို့ပေမဲ့ မည်သည့်အရာမှ ထူးထူးခြားခြားမတွေ့ရပေ။မျိုးကျော်သည် စိတ်ကိုတည်ငြိမ်အောင် စုစည်းလိုက်ကာ အလောင်းကြီး၏ ရှေ့တွင်ထိုင်ပြီး ကြည့်နေလိုက်ပြန်သည်။ထိုစဥ် ရယ်သံသည် နောက်ထပ်ကြားလာရပြီး အသံလာရာမှာ အာရုံစိုက်လိုက်ရာ အလောင်းကြီးထံမှ လာနေခြင်းဖြစ်သည်။သူသည် အလောင်းကြီးထံမှ ရယ်သံကြားသောအခါ မျက်လုံးများ ဝိုင်းစက်နေပြီး ရင်ခုန်သံတို့သည်လည်း မြန်ဆန်လို့ လာပေ၏။သို့ပေမဲ့ အလောင်းကောင်ကြီးကို မျက်နှာလွှဲဖို့မေ့ကာ ငေးကြောင်ကြည့်နေချိန် အလောင်းကောင်ကြီးမှာ ငုတ်တုတ်ထထိုင်လာပြီး မျိုးကျော်ဖက်သို့ ဦးခေါင်းကို တပတ်လည်အောင် လှည့်လိုက်ပြီး ကြည့်လာသည်။ထို့နောက် တဖြည်းဖြည်း မတ်တပ်ရပ်၍ ထလာချိန်တွင်တော့ မျိုးကျော်တယောက် အသံရှုဖို့ပင်မေ့သွားပြီး ကြောက်လန့်ကာ နှလုံးအတွင်း လည်ပတ်နေသော သွေးတို့ ရပ်တန့်သွားကာ ကြောက်လန့်လွန်း၍ နှလုံးရပ်ပြီးသေဆုံးသွားပါတော့သည်။
◾အခန်း (၈)
မနက်ခင်းအလင်းရောင်ရသည့်တိုင် အိမ်သို့ပြန်မလာသေးသော ယောကျာ်းဖြစ်သူကြောင့် မိစိုးတယောက် သင်္ချိုင်းသို့ လိုက်လာလေသည်။သူမ ထင်ထားသည်မှာ ခင်ပွန်းသည်တယောက် တရားထူးရသွား၍ အိမ်ပြန်လာရန်ကိုပင် မေ့နေသည် ဟု ဖြစ်သည်။သူမ သင်္ချိုင်းနားရောက်ချိန်အထိ လမ်းတ လျှောက်တွင် သုံးလေးကြိမ်မျှ ခလုတ်တိုက်မိ၍ စိတ်ထဲ ထင့်ခနဲတော့ ဖြစ်မိသေးသည်။သို့ပေမဲ့ သူတော်ကောင်းတရား ကျင့်ကြံနေသည့် သူမ၏ ခင်ပွန်းမှာ အဘယ်သို့သောဘေးဥပါဒ်မှ မ တွေ့နိုင်ဟု တထစ်ချယုံကြည်ထားသည်။သင်္ချိုင်းဇရပ်နား ရောက်သောအခါ မျက်နှာကိုပြုံးလိုက်ပြီး ဇရပ်ပေါ်သို့ တက်လိုက်လေသည် ။ဇရပ်ပေါ် ရောက်ချိန်တွင်တော့ ထင်မှတ်မထားသောမြင်ကွင်းကြောင့် သူမမျက်လုံးကို သူမ မယုံနိုင်ဖြစ်မိသည်။အကြောင်းမှာ အလောင်းကောင်ကြီး၏မလှမ်းမကမ်းတွင် မျက်လုံးအဝိုင်းသားနှင့် သေဆုံးနေသော ခင်ပွန်းသည် ကိုမျိုးကျော် ကိုတွေ့လိုက်ရသောကြောင့် ဖြစ်သည်။မည်သည့်အချိန်ကတည်းက သေဆုံးနေသည်မသိ။ ရုပ်အလောင်းပင် တောင့်တင်းနေလေရာ ခပ်လှမ်းလှမ်းမှ မြင်ရုံနှင့်ပင် အသက်မရှိတော့သည်ကို သိနိုင်ပေ၏။ထိုမြင်ကွင်းကို မြင်လိုက်ရသော မိစိုးသည် သည်းခြေမခိုင်နိုင်တော့ပဲ သူရူး တယောက်ပမာ ဖြစ်သွားရသည်။အလောင်းနှစ်လောင်းကြားတွင် ငေးငိုင်ကာထိုင်နေသော မိစိုးအား ရွာသားများမှ ဝိုင်းဝန်းနှစ်သိမ့်ချော့မော့ကြသော်လည်း အချိန် နှောင်းသွားလေပြီ။စိတ်တူကိုယ်တူ ခင်ပွန်းသည်တယောက်ကို ဆုံးရှုံးသွားရသော ဇနီးသည်တယောက်အဖို့ အဘယ်ကြောင့်များ နှလုံးအေးနိုင်မည်နည်း စိတ်ဓာတ်မခိုင်သည်ပဲလား သို့တည်းမဟုတ် ရှေ့ဘဝမှ အကုသိုလ်များကြောင့်လားမသိ ယဉ်ယဉ်လေးရူးသွားလေ၏။သူမသည် ရူးနေပေမဲ့လည်း ယောက်ကျာ်းဖြစ်သူ၏အလောင်းကို သူမ၏ ယောကျာ်းဖြစ်သူမှန်းလည်း သိ၏။တခြားအရာများကိုဖြင့် မသိတော့ပေ။ဤသို့ဖြင့် ရွာသားများသည် မျိုးကျော်၏ အလောင်းကို အုတ်ဂူသွင်းလိုက်ကြသော်လည်း ဦးဝင်းကျော်ကိုဖြင့် အကြောင်းမကြားမိကြပေ။ဆရာတော် ရှိနေပါက ယခုပြဿနာများသည် ဖြစ်လာမည်မဟုတ်ပေ။ရက်အတော်အတန်ကြာသောအခါ ဆရာတော်နှင့် ဦးဝင်းကျော်တို့သည် မရှေးမ နှောင်း ပြန်ရောက်လာကြသည်။ရောက်လာသည်နှင့် ဆရာတော်နှင့် ရွာလူကြီးအပါအဝင် ရွာသားများနှင့် ပြဿနာ တက်ကြပါတော့သည်။ဆရာတော်နှင့် ရွာလူကြီးမှာ ဦးဝင်းကျော်အား တောင်းပန်ပြီး ရွာသားများကိုလည်းထိန်းထားကြသည်။ဦးဝင်းကျော်သည် ငွေတောင်ရွာမှ ထွက်သွားရန် ဆုံးဖြတ်လိုက်သော်လည်း မိစိုးမှာ ခင်ပွန်းရှိသည့် ရွာသင်္ချိုင်းနှင့် ဝေးရာသို့ မသွားနိုင်ဘဲ တငိုငိုတရယ်ရယ် ဖြစ်နေ၍ ဦး၀င်းကျော်မှာ မတတ်သာပဲ ရွာနှင့် အတန်လှမ်းသော ဥယျာဥ်ခြံထဲတွင် နေထိုင်နေခြင်း ဖြစ်ပါသည်။
ဆရာတော်သည် အတိတ်ကဖြစ်ခဲ့သော ပြဿနာများကိုပြောပြရင်း သက်ပြင်းရှည်တချက် ချလိုက်ပြီး ပေတူးအား ဆက်၍ စကားဆိုလေသည် ။
“မောင်ကျောင်းသားသိချင်တာတွေက ဒါ အကုန်ပါပဲ”
“အရှင်ဘုရားတို့က ဦးဝင်းကျော်ကို ရှင်းမပြဘူးလား”
“ဆုံရှုံးမှုတွေများတဲ့ ဒကာဝင်းကျော်က ဘုန်းကြီးတို့ ရှင်းပြ တာကို ဘယ်လက်ခံနိုင်မလဲ မောင်ကျောင်းသားရယ် “
ဆရာတော်သည် ထိုမျှသာမိန့်ပြီး သူ့အခန်းထဲသို့ ပြန်ကြွသွားပါတော့သည်။ပေတူးသည်လည်း ကျောင်းပေါ်မှ ပြန်ဆင်းလိုက်ပြီး သနားစရာမိစိုးအား မည်သို့ ကူညီနိုင်မည်လဲ ဆိုသည်ကို တွေးတောနေမိပါတော့သည် ။
🔸ဘိုးတော်ပေ နှင့် တရားပေါက်သည်က ဤမျှသာ။မကြာမီ ဘိုးတော်ပေ နှင့် သစ္စာအမည်ရ ဇာတ်လမ်းလေးအားတင်ဆက် ပေးပါမည် ။
🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို Follow နှိပ်ပြီး အားေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေ
Leave a Reply