အရည်ခြုံ

ဦးဖိုးဝေကို ကမ်းပေးလိုက်ပြီး

“ဆရာကြီး ဆန်က ဒီလောက်ဆိုရလား ”

“ရတယ် ကပ္ပိယကြီး ”

ဦးဖိုးဝေသည် ရေနွေးကြမ်းပန်းကန်ထဲမှဆန်များကို ကျောင်းကြမ်းပြင်တွင် ပုံလိုက်ပြီး ခပ်လှမ်းလှမ်းသို့ ဆုတ်လိုက်လေသည်။သူနောက်သို့ဆုတ်လိုက်သည်နှင့် ကပ္ပိယကြီးသည် လည်း နောက်သို့ဆုတ်လိုက်ပြီး အခြေအနေကို စောင့်ကြည့်နေလေသည်။ဦးဖိုးဝေသည် လက်သီးဆုပ်ကို နဖူးတွင် တည်လိုက်ပြီးနောက် မျက်လုံးကို မှိတ်ကာ သစ္စာအဓိဋ္ဌာန်တည်လိုက်ပြီး ထိုလက်သီးဆုပ်ဖြင့် ကျောင်းကြမ်းပြင်မှဆန်များကို ပစ် ပေါက်ဟန် ပြုလုပ်လေသည်။မကြာသောအချိန်တွင် ဆန်စေ့ လေးများသည် စတင်လှုပ်ရှားလာပြီး မြွေတကောင်ပမာ တွန့် လိမ်ကောက်ကွေးကာ ကျောင်းနေရာအနှံ့သွားနေလေ၏။ ကပ္ပိယကြီးသည် တွန့်လိမ်ပြီး လှုပ်ရှားသွားလာနေသော ဆန် များကို ငေးကြောင်ကြည့်နေစဉ် မြွေသဏ္ဌာန်ဆန်အတန်းလိုက်သည် ဆရာတော်၏ အခန်းတံခါးအောက်မှတဆင့် အခန်းထဲသို့ တိုးဝင်သွားရာ ဦးဖိုးဝေမှ ကပ္ပိယကြီးအား

“ကပ္ပိယကြီး ”

“ဗျာ”

“ဆရာတော်ရဲ့ အခန်းတံခါးဖွင့်လို့ရမလား ”

“ရတယ် ဆရာတော်က သော့ခတ်မထားဘူး”

“အဲ့တာဆို ဝင်ဗျာ ”

ကပ္ပိယကြီးသည် ဆရာတော်၏အခန်းတံခါးကို ဖွင့်လိုက်ပြီး ဦးဖိုးဝေနှင့်အတူဝင်လိုက်ရာ အခန်းနံရံတွင် ဆန်စေ့လေးများ သည် တွန့်လိမ်ကာ နံရံပေါ်သို့ အတန်းလိုက်တက်သွားပြီး ထုတ်တန်းနားအရောက်တွင် ဆန်များသည် ဖွာကြေပြီး အောက်သို့ ကြကုန်လေသည်။ထိုအခါမှ ဦးဖိုးဝေသည် ထုတ်တန်းအား လက်ညိုးထိုးလိုက်ပြီး

“ကပ္ပိယကြီး အဲ့နေရာမှာ ရှာရမှာ ခင်ဗျား အမြင့်မတက်နိုင်ရင် မောင်စာတို့ကို သွားခေါ်ချေ”

“ရတယ် ကျုပ်တက်နိုင်တယ် ဒီစားပွဲခုံလေးတော့ နည်းနည်း ရှင်းရမယ် ထင်တယ် ”

ကပ္ပိယကြီးသည် ပြောပြောဆိုဆို စာပွဲခုံလေးအား ရှင်းလိုက်ပြီး ထိုခုံပေါ်တက်ကာ ဦးဖိုးဝေပြသောနေရာသို့ ကြည့်လိုက်လေသည်။ထိုအခါ ကျောင်း၏ မျက်နှာကျက်နေရာတွင် သစ် သားပြားတချပ် ကွာနေသည်ကို တွေ့ရပြီး ထိုသစ်သားအား ကပ္ပိယကြီးမှ ခွာလိုက်ပြီး အထဲသို့ လက်နှင့် လိုက်စမ်းလိုက် ၏။မကြာခင်မှာပင် ကပ္ပိယကြီးသည် တခုခုကို စမ်းမိ၍ ယူလိုက်ပြီး ဦးဖိုးဝေအား ပေးလိုက်လေသည်။

“ဆရာကြီး ဒီအထုတ်တထုတ်တော့တွေ့တယ် ဘာလဲမသိဘူး”

“ဆင်းတော့ ကပ္ပိယကြီး ဒီအထုပ်ကို ဘာမှမလုပ်သေးနဲ့ဦး လူသစ်ကို ရွာပြန်ခိုင်းပြီး ရွာလူကြီးတွေကို တိုးတိုးတိတ်တိတ် ကျောင်းကို ခေါ်ခဲ့ခိုင်းဗျာ ”

“အင်း အဲ့တာဆို ကျုပ်သွားပြောလိုက်မယ် ဆရာကြီး ”

ကပ္ပိယကြီးသည် အလျင်အမြန်ပင် ကျောင်းအောက်သို့ဆင်းသွားလေသည်။ဦးဖိုးဝေသည်လည်း ထိုအထုတ်လေးကို လက် နှင့်ကိုင်ရင်းမှ တွေးတောစဉ်းစားနေပါတော့သည် ။

◾အခန်း (၃)

လူသစ်သည် သူ၏ ဖခင်ဖြစ်သူအပါအဝင် ရွာလူကြီးနှင့် ရပ်မိရပ်ဖသုံးယောက်ကို ခေါ်လာလေသည်။လူသစ်၏ဖခင် ဦးစံပေါ၏ မေတ္တာရပ်ခံမှုကြောင့်သာ ကျောင်းသို့လိုက်လာကြခြင်းဖြစ်ပြီး သူတို့သည် ကျောင်းသို့ လာချင်သည့်ပုံ မတွေ့ရပေ။လူသစ်သည် လူကြီးများအား ကပ္ပိယကြီးနှင့် ဦးဖိုးဝေရှိသော ကျောင်းကြီးပေါ်သို့ခေါ်လာလေသည်။ဆရာတော်သည် ဆွမ်းဘုဉ်းပေးနေဆဲ ဖြစ်သည်။ကျောင်းကြီးပေါ်သို့ ကြာတော ရွာလူကြီး နှင့် ရပ်မိရပ်ဖများ ရောက်သည့်အခါ ဦးဖိုးဝေမှ နှုတ်ဆက်စကားဆိုလေသည်။

“ဦးစံပေါ နဲ့ ရွာလူကြီးတို့ ကြွကြပါဗျ ကြွကြပါ ”

“ဆရာကြီး ရောက်နေတယ်ဆိုလို့ ကျုပ်တို့က လိုက်လာတာ ဒီ ကျောင်းကို လာရမဲ့အချိန်က မရောက်သေးဘူး ”

“ရွာလူကြီးရယ် စိတ်လျော့ပါ အကျိုးအကြောင်းကို သေချာ မသိပဲ စိတ်မတိုပါနဲ့ဦး ”

“ကျုပ်တို့က ဒီဆရာတော်ကို ဟိုးကတည်းက အတော်ကို ကြည်ညိုတဲ့ ကောင်တွေပါဗျာ အခုက ကျုပ်တို့ မျက်မြင်မို့ပါ ဆရာကြီး ”

ဦးစံပေါသည် မည်သည့်စကားမှ မပြောပေ။သူသည်လည်း သူ၏သား ပြောဖူးသည့်စကားကြောင့် ဖြစ်ပျက်နေသည့် ကိစ္စမှာ ပုံမှန်မဟုတ်ဟု ထင်ထားခြင်းဖြစ်၏။ရွာလူကြီးနှင့် ရပ်မိ ရပ်ဖများသည်လည်း ဦးဖိုးဝေ၏ အကြောင်းကို သိနေသူများမို့ စကားပြော အတော်ထိန်းသိမ်းနေရသည်။ထို့နောက် ဦးဖိုးဝေသည် ဆရာတော်၏ အခန်းမျက်နှာကျက်မှ တွေ့သော အထုတ်လေးအားပြပြီး

“ကဲ ခင်ဗျားတို့ ဆရာတော်ကို အထင်လွဲနေတာ ဘာကြောင့် လဲဆိုတာ ကျုပ်လက်တွေ့ ပြမယ် ‌ဒီအထုပ်လေးကြောင့်ပဲ ရွာလူကြီး ”

” ဟာ မဖြစ်နိုင်တာဗျာ ဒီအထုပ်က ဘာမို့လို့လဲ ”

“အောက်လမ်းအတိုက်ဆိုတာ ခင်ဗျားတို့ ကြားဖူးလား ”

“အဲ့တာနဲ့ ဘာဆိုင်လို့လဲ ”

“ကျုပ်ပြောပြရင်လည်း ခင်ဗျားတို့ ယုံမှာမဟုတ်ဘူး အဲ့တော့ ခင်ဗျားတို့ကို ကျုပ် လက်တွေ့ ပြမယ် ”

ဦးဖိုးဝေသည် ထိုသို့ပြောပြီး သူ့လက်ထဲမှ အထုတ်ကလေးအား ရွာလူကြီးကို ပေးလိုက်ကာ

“ကဲ ရွာလူကြီး ဒီအထုပ်လေးကို ခင်ဗျားတို့ အိပ်တဲ့နေရာမှာ ထားပြီး အိပ်ဗျာ ဒီမှာရှိတဲ့လူတွေပဲ ဒီကိစ္စကို သိပါစေ ထူးရင် ကျောင်းကို ပြန်လာခဲ့ကြ ”

“ဒီ အထုပ်က ဘာမို့လဲ ”

“ကျုပ် ပြောတဲ့အတိုင်းပဲ လုပ်ဗျာ ဒီနေ့ ရွာလူကြီး အိမ်ဆို နောက်နေ့ တခြားသူအိမ် ထားအိပ်ကြည့် အဖြစ်မှန်ကို ခင်ဗျားတို့ ကိုယ်တိုင် နားလည်လာလိမ့်မယ် ”

“အဲ့တာဆို သွားမယ်ဗျာ ဒီဘုန်းကြီးကို မျက်နှာချင်းကို မဆိုင်ချင်ဘူး ”

ရွာလူကြီး၏ စကားကြောင့် ဦးဖိုးဝေ၏ဘေးတွင် ရှိသော ကပ္ပိယကြီးသည် မကျေမနပ် ပြန်ပြောမည်ပြုစဉ် ဦးဖိုးဝေမှ မပြောရန်အမူအရာဖြင့် တားဆီးလိုက်သည်။ထို့နောက် ရွာလူကြီး တို့အုပ်စုသည်လည်း ကျောင်းပေါ်မှ ဆင်းကာ အိမ်သို့ပြန်သွားကြပါတော့သည် ။

◾အခန်း (၄)

ကြာတောရွာလူကြီး ဦးမိုးထွန်းသည် ဦးဖိုးဝေပေးထားသော အထုတ်ကလေးအား သူ၏ အခန်းထောင့်နားတွင် ထားလိုက်သည်။ထို့နောက် အိမ်အောက်ကိုဆင်းကာ ရေချိုးပြီးနောက် သားဖြစ်သူမှာ အိမ်ရှေ့တွင် နွားစာစဥ်းနေသည်ကို တွေ့ ၍

“ထူးမောင် မင်းအမေကို မတွေ့ပါလား ဘယ်သွားလဲ ”

“အမေက သင်္ချိုင်းဘေးကဓူတင်ဦးဇင်းကို ဆွမ်းသွားပို့တယ်”

“အေး အေး”

“အဖေရေ အမေက ဆွမ်းပို့ပြီးလည်း အိမ်တန်းမပြန်ဘူး အဲ့ဒီဦးဇင်းရဲ့ တပည့်ဆီမှာ ဗေဒင်မေးဦးမယ် ထင်တယ် ”

“အဲ့လိုလည်း ရှိသေးတာလား ”

“အခုဆို ဓူတင်ဦးဇင်းကို ရွာဦးကျောင်းမှာ ကျောင်းထိုင်ဖို့ အမေတို့အဖွဲ့ က လျှောက်နေတယ်တဲ့လေ ကျနော်ကတော့ ရွာဦး ဆရာတော် ဒီလိုဖြစ်တာ အခုထိ မယုံနိုင်သေးဘူးဗျာ ”

ရွာလူကြီးသည် သားဖြစ်သူ၏ စကားဆုံးသောအခါ ဇနီးသည်ဖြစ်သူ ပြင်ပေးထားသော နေ့လည်စာကို စားကာ အိမ်ခန်းထဲတွင် တရေးတမော အိပ်လိုက်လေသည်။အိပ်ပျော်သွားသောအခါ အိပ်မက်ထဲတွင် မိန်းကလေးတယောက် သူ့ဘေးတွင် ငိုရှိုက်နေသည်ကို မြင်မက်သည်။ထိုမိန်းကလေးအား ငိုနေသည့် အကြောင်းအရာအားမေးမည်ပြုစဉ် မိန်းကလေး၏ မျက်လုံးထဲမှ သွေးများစီးကျလာကာ ရွာလူကြီးအား ကြည့်နေသဖြင့် လန့်နိုးသွားပါလေတော့သည်။ထိုစဉ် ဆဲဆိုသံနှင့်အတူ သူ၏ ဇနီးသည်ဖြစ်သူမှာ အိမ်ပေါ်သို့ ခြေဆောင့်နင်းကာ တက်လာသဖြင့် ရွာလူကြီးမှာ အသံလာရာအား အာရုံစိုက်နားထောင်လိုက်လေသည် ။

“သူတောင်းစားကြီး ရွာလူကြီးလုပ်နေပြီး အငယ်အနှောင်းကို အိမ်ပေါ်အထိ ခေါ်တင်ရတယ်လို့ ညဘက်တောင်မဟုတ်ဘူး နေ့ ခင်းကြီး ဒင်းတို့က ဖြစ်ချင်တိုင်း ဖြစ်နေတာ ”

ရွာလူကြီးသည် မိန်းမဖြစ်သူ၏ ဆူညံသောအသံကြောင့် ဆက်အိပ်နေရာမှထကာ အပြင်ကို ထွက်လိုက်ပြီး

“မင်းတို့က ဆူညံနေတာပဲ ဘာဖြစ်နေကြတာလဲ ”

“ဘာဖြစ်ရမှာလဲ ‌တော့မယားငယ် ဘယ်မှာလဲ အခု ထုတ်ပေး”

“ဟဲ့ မိဝေဝေ ငါသိက္ခာကို မစော်ကားနဲ့ ငါ ဒီမှာ အိပ်နေတာ ”

“အိပ်နေတာဟုတ်တယ် ရှင့် မယားငယ်နဲ့ မလား ”

“နင်တော်စမ်း နင့်စကားတွေက ငါ့သိက္ခာကို ချနေပြီ”

“တော့ကောင်မ ဘယ်မှာလဲ အစောက ဝရံတာကနေ အိမ်ထဲ ဝင်သွားတာ ရှင့်သားကပြလို့ ကျမ မြင်တာ ”

“ဒီကောင် ပေါက်ကရတွေ ပြောတာ ”

“ရှင် ရေချိုးပြီး အိမ်ပေါ်တက်သွားတော့ ရှင့်နောက်က ရှင့်မယားငယ်ပါ အိမ်ပေါ်တက်သွားတယ်လို့ ကျမသားပြောတာ အခုတော့ ကျမ မျက်စိနဲ့ တပ်အပ် မြင်ရတာ ရှင့်ကို ထင်ကို မထင်ထားဘူး”

ရွာလူကြီးသည် မည်သည့်စကားမှမပြောပဲ အခန်းထဲဝင်ကာ ဦးဖိုးဝေပေးသော အထုပ်ကို သွားယူလိုက်ပြီးနောက် အိမ်‌ပေါ် တက်လာသော သားဖြစ်သူအား

“ထူးမောင် မင်းတကယ်မြင်ခဲ့တာလား ”

“ဟုတ်တယ် အဖေ အဖေ့နောက်ကနေ အိမ်ပေါ်ကို လိုက်သွားတာ ”

“တို့မှားပြီ ဝေဝေ ငါတို့ မှားကုန်ပြီ။ငါတို့ ရွာဦးကျောင်းက ဆရာတော်ဘုရား လုပ်ကြံခံရတာဟ နင်တို့ကို နောက်မှ ရှင်းပြ မယ် ငါ ကိုတင်သိန်းတို့ဆီ သွားလိုက်ဦးမယ် ”

ရွာလူကြီးသည် ကပျာကယာအိမ်အောက်သို့ ဆင်းသွားလေသည်။ရွာလူကြီး၏ ဇနီးနှင့် သားဖြစ်သူမှာ ဘာမှနားမလည်ပဲ အိမ်ပေါ်တွင် သူတို့မြင်လိုက်ရသော မိန်းကလေးအား လိုက်၍ ရှာနေကြပါတော့သည် ။

◾အခန်း (၅)

ရွာလူကြီးသည် ဦးဖိုးဝေပေးသောအထုတ်လေးအား တခြားသော ရပ်မိရပ်ဖများကို အလှည့်ကျပေးလိုက်ချိန် သူ့နည်းတူ မိသားစုဝင်များမှ မိန်းကလေးခေါ်သည်ဟု ထင်မြင်ခံရပြီး ပြဿနာတက်ကြလေသည်။ထိုသို့ အားလုံးဖြစ်ပြီးသောအခါ ရပ်မိရပ်ဖများ တိုင်ပင်လိုက်ကြပြီး ဦးစံပေါ၏အိမ်သို့ သွားကြလေသည်။လူစုံတက်စုံလာကြသော ရွာလူကြီးတို့အား ဦးစံပေါ ၏ သားဖြစ်သူလူသစ်မှ ကြိုဆိုလေသည်။

“ဦးကြီးတို့ မလာစဖူး အလာထူးပါလား အိမ်ကို လူစုံတက်စုံလာကြလို့လေ”

“ပြီးမှ ပြောပြမယ်ကွာ အခု မင်းအဖေ ရှိလား”

“ရှိတယ် လာ လာ ဦးကြီးတို့ ”

ဦးစံပေါသည် သူ၏ သားတော်မောင်ခေါ်လာသော ရွာမှ လူကြီးများကို ကြည့်ကာ

“ဘယ်သူများလဲလို့ ကြည့်နေတာ ကိုမိုးထွန်းတို့ပါလား လာ လာ ဘာအကြောင်းထူးလို့တုန်းဗျ ”

“အကြောင်းထူးပြီကောဗျာ ခင်ဗျားသားစကားကို ကျုပ်တို့ နားထောင်ရမှာ အခုတော့ ကျုပ်တို့ဆရာတော်အပေါ် ရက်စက်မိပြီဗျို့ တကယ့်သူတော်ကောင်းကို ကျုပ်တို့ စွပ်စွဲမိပြီ”

“ကျုပ်ကို ရှင်းအောင်လည်း ပြောပါဦး ”

“ဒီလိုဗျာ ကျုပ်တို့ ဆရာကြီးပြောသလို သူပေးတဲ့အထုတ်လေးကို အိမ်ခန်းထဲထားအိပ်တာ တခြားသူတွေက ကျုပ်တို့ နောက်ကမိန်းကလေးတယောက်နဲ့ အခန်းထဲအတူတူဝင်သွားတယ်ချည်း ပြောတာ ”

“ဟုတ်တယ် ဦးစံပေါရေ ကျုပ်လည်း ကြုံခဲ့ရတယ် ”

“အဲ့တာဆို ခင်ဗျားတို့ ဘယ်လိုလုပ်ချင်လည်း ”

“ဆရာတော်ကို ချောက်ချတဲ့သူကို ဆရာကြီးကတော့ သိမှာပဲ သူ့ကို သွားမေးပြီး လုပ်သင့်တာ လုပ်ကြတာပေါ့ဗျာ ”

ထို့နောက် ရွာလူကြီး နှင့် လူကြီးသုံးယောက်သည် ဦးစံပေါကို ခေါ်ကာ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ ထွက်ခွာသွားကြပါတော့သည်။

◾အခန်း (၆)

ရွာဦးကျောင်းသို့ ဦးစံပေါနှင့် ရွာလူကြီးတို့ နောက်တခေါက် ပြန်ရောက်လာကြပြန်ပြီ ဖြစ်သည်။ယခုတခေါက်တွင်တော့ ရွာလူကြီးတို့မှာ နောင်တရနေသောမျက်နှာများဖြင့် ရှိနေကြသည်။ ကျောင်းအဝင်တွင် သပိတ်ဆေးနေသော ကပ္ပိယကြီး၊ သင်္ကန်း လျှော်နေသော သူရိယ၊ကျောင်းဝန်းအတွင်း အမှိုက်လှဲ၊မြောင်းဖော်နေကြသော မောင်စာ နှင့် သီဟ တို့ကို တွေ့ကြရသည်။ရွာလူကြီးသည် ကပ္ပိယကြီးဆီသွားကာ

“ကပ္ပိယကြီး ဆရာတော် ဘယ်မှာလဲဗျ ကျုပ်တို့ တွေ့ချင်လို့ ”

“ရွာလူကြီး ငါးရက်တောင် လိုပါသေးတယ်။ဆရာတော်က ကုပ်ကပ်ပြီး ခင်ဗျားတို့မနေစေချင်တဲ့ ကျောင်းမှာ ဆက်မနေပါဘူး”

“မဟုတ်ရပါဘူးဗျာ ကျုပ်တို့ မှားသွားပါတယ် အခု ဆရာ တော်ကို ဖူးပြီး ကျုပ်တို့အမှားကို တောင်းပန်ချင်လို့ပါဗျာ ”

“ဆရာတော်က ကျိန်းနေတယ် ခင်ဗျားတို့ ဆရာကြီးနဲ့ အရင်တွေ့ ဆရာကြီးက သိမ်ထဲက ဆင်းတုတော်ကို ရေသပ္ပါယ်နေတယ် ”

ကပ္ပိယကြီးသည် ထိုမျှသာပြောပြီး သူ့အလုပ်သူ ဆက်လုပ်နေလေသည်။ရွာလူကြီးတို့လည်း ကပ္ပိယကြီးကို နှုတ်ဆက် ကာ သိမ်ဘက်သို့ ထွက်လာကြသည်။သိမ်ပေါ်သို့ ရောက်သော အခါ ဦးဖိုးဝေသည် ကြေးဆင်းတုတော်အား မန်ကျည်းမှည့်ဖြင့် ပွတ်တိုက်ကာ ဆေးနေသည်။ပြီးနောက် မန်ကျည်းမှည့်များကို ရေစင်အောင်လောင်းလိုက်သောအခါ ကြေးဆင်းတုတော်သည် ပြောင်ရှင်းသန့်စင်ပြီး အတော်သပ္ပါယ်သွားသည်။ထို့နောက် ဦးဖိုးဝေသည် ဆင်းတုတော်အား ဘုရားစင်ပေါ်သို့ ပြန်လည်ပင့် ဆောင်ပြီး ပုလ္လင်ပေါ်တွင်စံနေ‌စေလိုက်သည်။ပြီးလျှင် သိမ်ပေါ်သို့တက်လာကြသောရွာလူကြီးတို့အား တချက်ကြည့်လိုက်ပြီး

“ဦးစံပေါတို့ပါလား လာ လာ ထိုင်ကြဗျာ ဘာအကြောင်းများထူးလို့တုန်းဗျ ”

“ထူးပြီကော ဆရာကြီးရယ် ဆရာတော်ကို ကျုပ်တို့ ရွာသား တွေ ဘာ့ကြောင့်အထင်လွဲကြလည်းဆိုတာ သိရပြီ ကျုပ်တို့ မှားခဲ့တယ်ဗျာ အခုလို အောက်လမ်းနဲ့ ဘယ်သူကလုပ်တာလဲ ”

“ကျုပ်ပြောရင်လည်း ခင်ဗျားတို့နဲ့ ရွာသားတွေက ယုံမှာမဟုတ်ကြဘူး အဲ့ဒီတော့ ကျုပ်တွေးထားတာ ရှိတယ် ”

“ပြောပါ ဆရာကြီး ကျုပ်တို့ လိုက်နာပါ့မယ် ”

“ခင်ဗျားတို့ ပြောရုံနဲ့လည်း ရွာသားတွေ အကုန်လုံးက ယုံ ကြည်ကြမယ် မထင်ဘူး အဲ့‌ဒီတော့ ယုတ်ညံ့တဲ့အစီအရင်ကို လုပ်တဲ့သူကို တန်ပြန်ခိုင်းလိုက်မယ်။အဲ့တာဆိုရင် ဘယ်သူ လုပ်တယ်ဆိုတာ ခင်ဗျားတို့ သိလာလိမ့်မယ် ဘယ်လိုလဲ ”

“ဆရာကြီး သဘောပါပဲဗျာ ”

“ကဲ ကဲ အထုတ်ပြန်ပါလာလား ”

“ပါ ပါတယ် ဒီမှာပါ ဆရာကြီး ”

ရွာလူကြီးသည် အစီအရင်ထုတ်လေးအား ဦးဖိုးဝေကို ပြန် ပေး လိုက်သည်။ထို့နောက် ဦးဖိုးဝေသည် ထိုအထုတ်လေးအား သိမ်ကြမ်းပြင်တွင် ချကာ

” ဒီ‌အောက်လမ်းအစီရင်သည် စီရင်သူကို တန်ပြန်စေ ”

ဦးဖိုးဝေမှ ထိုသို့ ပြောပြီး အစီအရင်ထုတ်လေးအား အပေါ်မှ လက်ဝါးနှင့် ဝေ့ယမ်းလိုက်ရာ အထုတ်လေးသည် တဖြည်း ဖြည်း နှင့် မီးများစွဲလောင်ကာ မီးခိုးငွေ့များအဖြစ်ပြောင်းသွားပြီး သိမ်အပြင်ဘက်သို့ လွင့်မျောပျောက်ကွယ်သွားလေတော့ သည်။ဦးဖိုးဝေသည် ရွာလူကြီးတို့ကို ကြည့်ကာ

“ရွာလူကြီး တကယ်တော့ ဆရာတော်က သူတော်ကောင်းပါ သူ့ရဲ့သီလကို သက်သေပြချင်လို့ ဒီကျောင်းမှာ နေ နေတာ သက်သေမပြနိုင်ခဲ့ရင် ဆရာတော်က သေကြောင်းကြံဖို့အထိ တွေးနေတာ ကျုပ်သိတယ် ”

“ဗျာ ကျုပ်တို့ကြောင့် ဆရာတော်အတော်ကို ပင်ပန်းဆင်းရဲခဲ့ရပြီ ကျုပ်တို့က အမှန်တရားကို မမြင်နိုင်ဘူးဗျာ”

“မမြင်နိုင်အောင် လုပ်ထားတဲ့သူက ရှိနေတာကိုး ”

“ဘယ်သူလဲ ဆရာကြီးကျုပ်တို့ကို ပြောပြစမ်းပါ အဲ့ဒီကောင်ကို ကျုပ်တို့ ကိုယ်တိုင်ဖမ်းပြီး ဆုံးမမယ် ”

“ခင်ဗျားတို့ လက်ခံနိုင်ပါစေလို့ပဲ ကျုပ်ဆုတောင်းတယ် ‌တိုက်တဲ့သူက သူ့ပညာနဲ့ သူပြန်ထိတော့မှာပါ မကြာပါဘူး ”

“ကျုပ်အကြောင်း ကောင်းကောင်းသိစေရမယ်”

ဦးဖိုးဝေသည် အောက်လမ်းနှင့် တိုက်သည့်သူအား ကြိမ်း မောင်းနေသည့် ရွာလူကြီးတို့ကို ကြည့်ကာဖြင့် တချက်ပြုံးလိုက်မိပါတော့သည် ။

◾အခန်း (၇)

ဓူတင်ဦးဇင်းသည် ကျောင်းထဲသို့ မိန်းကလေး ခေါ်သည်ဆိုသော သတင်းက ပြန့်နေပြီဖြစ်၏။မယုံသောသူများမှ သွား ရောက်ချောင်းကြည့်သောအခါ အမှန်တကယ်ပင် မိန်းကလေး တယောက် ကျောင်းထဲဝင်ထွက်နေလေရာ လူများ အတော်ကို အံ့ဩကုန်ကြပြီး ကြာတောရွာသားများသည် ဓူတင်ဆောက် တည်သည်ဆို‌သော ဦးဇင်းကိုလည်း ယုံကြည်မှုကင်းမဲ့ကာ ဆွမ်းမပို့ ကြတော့သလို သွားလည်း မသွားကြတော့ပေ။ရွာလူကြီးသည်လည်း ထိုဦးဇင်းနေသော ကျောင်းနေရာအား ဖယ်ပေးဖို့ သွားပြောရာ ထိုဦးဇင်း မကျေနပ်သဖြင့် စကားများကြသည့်အထိ ဖြစ်လာလေသည်။

“မင်းတို့ပဲ ငါ့ကို ဒီမှာနေဆိုပြီး ကျောင်းဆောက်ပေးတယ် အခုတော့ မနေနဲ့တော့ဆိုတော့ ဘာသဘောလဲ ငါ့ကို မင်းတို့ ထားရာနေ စေရာသွားရမဲ့သူလို့ထင်နေတာလား ”

“အဲ့တာတော့ တပည့်တော်တို့လည်း မသိဘူး ကျောင်းဒကာတွေက ပြောင်းခိုင်းတာ ”

“မပြောင်းနိုင်ဘူး ဘယ်ကောင် လာပြောင်းခိုင်းခိုင်း မပြောင်း ပေးဘူး ”

“အရှင်ဘုရားက ဘယ်လို ဦးဇင်းလည်း ရွာဦးကျောင်းဆရာတော်ဆို ကျောင်းကို စွန့်ပစ်ဖို့ ဝန်မလေးဘူး အရှင်ဘုရားက တော့ ဘာမှမဟုတ်တဲ့ အရာလေးကိုတောင်မှ မစွန့်လွှတ်နိုင်ပါလား ”

“မင်းတို့ ဘာပြောပြော ငါမဖယ်ပေးနိုင်ဘူး”

ဓူတင်ဦးဇင်းသည် သူ၏ ဘုန်းကြီးကျောင်းသားနှင့် အတူ မိုက်ကြေးခွဲနေလေတော့၏။ရွာလူကြီးလည်း စိတ်ကို လျော့ကာ ရွာသို့ ပြန်လာကြလေသည်။ဓူတင်ဦးဇင်း၏နောက်သို့လိုက်သွားသော ဦးဇင်း နှင့် ကိုရင်များသည် ရွာလူကြီးအား သူတို့ရွာဦးကျောင်းတွင် ပြန်နေရရေးအကူအညီ‌တောင်းကြလေသည်။ ထိုအခါ ရွာလူကြီးမှ ဆရာတော်ထံ ကိုယ်တိုင်လျှောက်ထားဖို့သာပြောလိုက်ရာ ဦးဇင်းနှင့် ကိုရင်လေးများ ရွာဦးကျောင်းသို့ သွားပြီး ဆရာတော်အား လျှောက်ထားတောင်းပန်ကြရာ ဆရာတော်မှ ဝမ်းပန်းတသာ ပြန်လည်ကြိုဆိုလေသည်။အခြေ အနေမကောင်းမှန်းသိသော ဓူတင်ကျင့်သည့်ဦးဇင်း နှင့် သူ၏ ကျောင်းသား မိုးလုံးတို့သည် ငါးမရရေချိုးပြန်မည့် အစီအစဉ်ကို ဆွဲကြပြန်လေသည်။ထိုအရာက အခြားမဟုတ်ဘဲ တရွာလုံးကို အိပ်ငွေ့ ချပြီး ရွာထဲမှ တန်ဖိုးကြီးပစ္စည်းများ နှင့် ဘုန်းကြီး ကျောင်းမှ ရှေးဟောင်းဘုရားဆင်းတုတော်များကို ခိုးဖို့ဖြစ်လေ၏။ထိုအကြောင်းကို ကံကောင်းထောက်မစွာဖြင့် ကိုရင်လေးတယောက်မှ ကျန်ခဲ့သော သင်္ကန်းနှင့် ပစ္စည်းအချို့အား ပြန်ယူရင်း ကြားသိရခြင်းဖြစ်လေ၏။ထိုကိုရင်လေးသည် ဆရာတော်အား လျှောက်ထားရာ ဆရာတော်သည် ဦးဖိုးဝေတို့အား ထိုကိစ္စကို ဝာားဆီးပေးဖို့ရာ အကူညီတောင်းလိုက်သည်။ ဦးဖိုးဝေမှ ရွာလူကြီးတို့အား ကျောင်းသို့ဖိတ်ခေါ်ပြီး ထိုကိစ္စကို တိုင်ပင်ဆွေးနွေးကြလေတော့သည် ။

“ဆရာကြီးက ဘယ်လိုစီစဉ်ထားလဲ ”

“ကျုပ်က ဒီလူတွေကိုတားနိုင်ပေမဲ့ ရွာသားတွေ ဆရာ‌တော် အပေါ်ထားတဲ့ သံသယကို ဖျောက်ပေးချင်တယ် ”

“အဲ့တာလည်းကောင်းတာပဲ ကျုပ်တို့ ဘယ်လိုလုပ်ရမလဲ ပြောပါ ဆရာကြီး ”

“ထွေထွေထူးထူးလုပ်စရာတော့ သိပ်မရှိပါဘူး ဒီအရည်ခြုံ ဘုန်းကြီးတုကို ဖော်ထုတ်ဖို့ဆိုရင် ”

ဦးဖိုးဝေသည် ရွာလူကြီးများ နှင့်အတူ ဘုန်းကြီးတု နှင့် အောက်လမ်းဆရာ၏ မျက်နှာဖုံးအား ဆွဲခွါပစ်ရန် အစီအစဉ်ချ နေကြပါတော့သည် ။

◾အခန်း (၈)

ကြာတောရွာတရွာလုံး အိပ်မောကျနေသည့် ညသန်းခေါင် ယံ အချိန်မို့ တိတ်ဆိတ်ငြိမ်သက်မှုက မင်းမူလို့နေသည်။ထိုအချိန် ရွာလမ်းမပေါ်တွင် လူနှစ်ယောက်တို့ လမ်းလျှောက်နေကြသည်။ထိုနှစ်ယောက်မှာ အခြားသူများမဟုတ် ဓူတင်ကျင့် သည်ဟု ဟန်ဆောင်ထားသောဦးဇင်းတုနှင့် သူ၏ကျောင်းသားအောက်လမ်းဆရာတို့ ဖြစ်ကြသည်။သူတို့သည် ကြာတောရွာကို အောက်လမ်းပညာရပ်များသုံးပြီး အိပ်ငွေ့ ချထားကြသည်။သူတို့၏ပညာရပ်ကို ယုံကြည်ကြသောကြောင့် လမ်းပေါ် တွင် မီးအိမ်တလုံးနှင့် အေးဆေးစွာလမ်းလျှောက်နေခြင်းဖြစ်သည်။ကြာတောရွာရှိ ခွေးများသည်လည်း ယခုအချိန်တွင် ဟောင်သံ မကြားရပေ။ဦးဇင်း နှင့် ကျောင်းသားတို့သည် ပထမဆုံး အိမ် ကြီးအိမ်ကောင်းများကို အရင်ဝင်လေသည်။မင်းတုန်းထိုးထားသည့် အိမ်များနှင့် ကြုံလျှင် ဦးဇင်းသည် တံခါးကို ကိုင်၍ မန္တန်ရွတ်လိုက်သည်နှင့် ချောက်ဟူသော အသံနှင့်အတူ တံခါးပွင့်သွားသည်။ထို့ကြောင့် ဦးဇင်းသည်လည်း ဂမ္ဘီရပညာတတ် ကျွမ်းသူတယောက် ဖြစ်ပေ၏။ထို့နောက် ဦးဇင်း နှင့် မိုးလုံးသည် အိမ်ထဲသို့ဝင်ပြီး သေတ္တာကို ဖွင့်ကာ အိမ်ရှင်များစုဆောင်းထားသည့် အဖိုးတန်ပစ္စည်းများကို စတင် ခိုးယူလေတော့သည်။တအိမ်ဆင်းတအိမ်တက်ခိုးလိုက်ကြပြီး နောက်ဆုံး သူတို့ အလိုပြည့်သွားသောအခါ ရွာဦးကျောင်းဘက်ဆီသို့ ဦးတည်လာကြလေသည်။ရွာဦးကျောင်းကြီးသည်လည်း တိတ် ဆိတ်ငြိမ်သက်နေ၏။ဦးဇင်းသည် သိမ်ထဲမှ ဆင်းတုတော်ကို သွားယူလိုက်လေ၏။မိုးလုံးသည် ကြေးဆင်းတုတော်အား မထားသော ဦးဇင်းအား အသံခပ်အုပ်အုပ်ဖြင့်

“အရှင်ဘုရား ကြေးဆင်းတုတော်က ဘာလုပ်ဖို့လဲ ဘုရား”။

“ဒါ ရှေးဟောင်းရုပ်ပွါးတော်ကွ တော်တော်တန်မှာ ”

“အဲ့တာဆိုလည်း ပေးပါ တပည့်တော် မထားမယ် ”

“အေးအေး ငါတို့ လစ်ကြရ‌အောင် အတော်တော့ ခိုင်သွားပြီ ကျောင်းမရတော့လည်း ဘာအရေးလဲ ”

“အရှင်ဘုရားကတော့ အကြံပိုင်ပါပေ့”

မသူတော်နှစ်ယောက်အနက် မိုးလုံးသည် ကြေးဆင်းတုတော် ကို မထားပြီး ရွာထဲမှ ခိုးလာသော ပစ္စည်းလွယ်အိတ်ကြီးကို လည်း လွယ်‌ထားသေး၏။ထို့နောက် အပြင်ကို ထွက်မည့်ဟန် ပြင်စဉ်မှာပင် သိမ်ထဲတွင် မီးများလင်းထိန်သွားပြီး သိမ်အပြင်မှ ဓာတ်မီးများ ကိုင်ထားသည့် ရွာသားများသည် သိမ်ထဲသို့လှမ်းဝင်လာကြလေသည်။ရွာလူကြီး နှင့် ဦးဖိုးဝေသည် ရှေ့ဆုံးမှ သိမ်ပေါ်သို့တက်လာသည်။တခြားသော ရွာသားများသည် အရည်ခြုံဦးဇင်း နှင့် သူ၏ကျောင်းသား အောက်လမ်း ဆရာတို့ မပြေးနိုင်ရန် ပိတ်ဆို့ထားကြလေသည်။ဦးဖိုးဝေသည် ဓူတင်ကျင့်သည်ဟု ဟန်ဆောင်သော သူခိုးဦးဇင်းအား

“ဟေ့ကောင် မင်းက ဆရာတော်ကို ဒုက္ခပေးရုံတင်မကဘူး ရွာသားတွေကိုပါ ဒုက္ခပေးတာကို ငါရောက်နေတာ မင်း မသိတာက မင်းအတွက် ကံဆိုးတာပဲ မင်းလိုအရည်ခြုံကို လွှတ် ပေးလို့ မရဘူး ”

“မင်းက ဘာကောင်မို့လဲ ငါ့လိုကောင်ကို ဖမ်းနိုင်မယ် ထင်နေတာလား ”

ဦးဇင်းတုသည် ဦးဖိုးဝေအား မခန့်လေးစား စကားဆိုရာ ရွာသားများ ရိုက်နှက်မည့်အသံများညံစီလာ၍ ရွာလူကြီးမှ တားဆီးလိုက်၏။ရွာလူကြီးသည် ဦးဖိုးဝေစီစဉ်ခိုင်းသည့် အတိုင်း တအိမ်တယောက်ကိုခေါ်ပြီး ကျောင်းတွင်ပုန်းအောင်းနေစေခြင်းဖြစ်ပြီး အိပ်မွေ့ချသည်ကို မထိရောက်အောင်လည်း အဆောင်များ ပေးထားလိုက်၏။ယခု ရွာသားများသည် အကြောင်းစုံကို နားလည်သွားပြီမို့ ဆရာတော်နှင့် အထင်လွဲအောင်လုပ်သည့် ဦးဇင်းတုနှင့် သူ၏ကျောင်းသားကိုမုန်းတီး သွားကြသည်။ရွာလူကြီးသည် ထိုလူလိမ်နှစ်ယောက်ကို ကြည့်ကာ

“မင်းတို့ အေးအေးဆေးဆေး အဖမ်းခံလိုက် ”

“ဟားးး ဟားးး ”

“”ငါ့လိုကောင်ကို မင်းတို့က ဖမ်းနိုင်မယ်များထင်နေလား ”

ဦးဇင်းအတုသည် ဟားတိုက်ကာ မလေးမစားစကားဆိုနေပေမဲ့ မိုးလုံးမှာတော့ ကြောက်လန့်နေလေသည်။ထို့နောက် ရွာသားအချို့သည် သူတို့နှစ်ယောက်အား ဖမ်းဖို့ရာ ရှေ့တိုးလာချိန် ဦးဇင်းအတုမှ သင်းပိုင်ဖြင့်လိပ်ထားသည့်အထဲမှ အရာတခုကို ထုတ်ကာ သိမ်ကြမ်းပြင်ပေါ် ပစ်ပေါက်လိုက်ပြီး

“ဝိဇ္ဇာတယောက်ကို နင်တို့ ဖမ်းလို့ မိမတဲ့လားဟေ့ ”

ထိုသို့အော်ကာ ရုတ်ချည်းပျောက်ကွယ်လို့ သွားတော့သည်။ မိုးလုံးသည် တယောက်ထဲသာ ကျန်တော့၍ ဘာမှမတတ်နိုင်တော့ပဲ ဒူးထောက်လိုက်ရပြီးနောက် ရွာသားများ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပါလေတော့သည် ။

◾အခန်း (၉)

ကြာတောရွာသူရွာသားများသည် ရွာဦးကျောင်းဝန်းထဲရှိ မြေပြင်တွင်ဒူးထောက်ကာ ဆရာတော်အား ၀န်ချတောင်းပန်နေကြသည်။ကျောင်းမှ ထွက်မသွားရန်အတွက်လည်း ဆရာတော်အား ငိုယိုကာ လျှောက်ထားကြလေသည်။သူတို့၏ အမှားများ အတွက်လည်း နောင်တရနေကြသည်။တရားရှိသော ဆရာ တော်မှာ ကျောင်းပေါ်မှ အမြန်ဆင်းလာကာ ရွာသူရွာသားများအား အပြစ်မမြင်ပဲ

“ဒကာ ဒကာမတို့ ထကြပါ ဦးဇင်း အပြစ်လည်း မမြင်ပါဘူး ၀ဋ်ကြွေးရှိလို့ ခံရတယ်ပဲ သဘောထားပါတယ် ကဲ ထကြတော့ ”

“အရှင်ဘုရားက မေတ္တာထား‌လေ တပည့်တော်တို့ နောင်တပိုရလေပါပဲ ”

“ဒကာတို့လည်း မမှားပါဘူး အားလုံးက ပုထုဇဉ်တွေပဲလေ မျက်မြင်ဆိုတော့ သံသယက ရှိကြမှာပါပဲ ဦးဇင်းကတော့ ဒီပြဿနာကို ဖြေရှင်းပေးတဲ့ ဒကာကြီး ဦးဖိုးဝေကို ကျေးဇူးတင်တယ်ကွယ် ”

“တင်ပါ့ဘုရား တပည်တော်တို့လည်း ကျေးဇူးတင်နေတာပါ ဘုရား ဒါနဲ့ ဆရာကြီးရော ”

“သူက ဦးဇင်းတို့ကို ဒုက္ခပေးတဲ့သူနောက် လိုက်သွားတယ် ရွာသားတွေကို တခုမှာခဲ့တယ် ဘုန်းကြီးဆီမှာ အပ်ထားတဲ့ ဒကာလေး မောင်စာ နဲ့ ဒကာလေးသီဟကို ရွာသားတွေကပါ ဝိုင်း၀န်းစောင့်ရှောက်ပြီးတော့ သူတို့ ရဟန်းခံတဲ့ အချိန်ကျရင်လည်း ရဟန်းဒကာ ခံပေးကြဖို့ မှာသွားတယ် ”

“စိတ်ချပါဘုရား တပည့်တော်တို့ တာဝန်ယူပါ့မယ်”

နောင်တရနေကြသော တပည့်ဒကာများအား ခွင့်လွှတ်ပေးပြီး ဆရာတော်သည် ကြုံကြိုက်တုန်း သီလပေးကာ တရားတပုဒ် ချီးမြှင့်လေသည်။ကြာတောရွာဦး ကျောင်းလေးတွင်တော့ ဆရာတော်၏ တရားဟောသံမှာ ပျံလွင့်လို့နေပါတော့သည်။ဦးဖိုးဝေ နှင့် သူရိယသည် သိဒ္ဓိဝင်ဓာတ်လုံးကို အသုံးပြုပြီး ထွက်ပြေးသွားသော အရည်ခြုံဘုန်းကြီး၏ နောက်သို့ လိုက်ရန် ခရီးထွက်သွားပါတော့သည် ။

◾ဦးဖိုးဝေ နှင့် အရည်ခြုံသည်က ဤမျှသာ။

ရေးသားသူ- မောင်တင်ဆန်း