အင်္ဂုလိသာဒင်

ကြောက်ကြောက်နဲ့ တောတွေတောင်တွေထဲ ထွက်ပြေးလာကြရတာပါပဲဗျာ”

“အင်း၊ ဒီလူတွေကတော့ တော်တော်ဆိုးတဲ့လူတွေပဲ၊ ဒါနဲ့ ခင်ဗျားတို့က အခုဘယ်ကိုပြေးမှာလဲ”

“ကျုပ်တို့အခု ရှေ့ကိုနည်းနည်းဆက်သွားလိုက်ရင် ရွာပျောက်လို့ခေါ်တဲ့ ရွာတစ်ရွာကိုရောက်မယ်ဗျာ၊ အဲဒီရွာထဲမှာ စစ်ဘေးဒုက္ခသည်တွေ နေထိုင်ကြတယ်လို့ပြောတယ်၊ အဲဒီမှာအခြေအနေကြည့်ပြီးနေရင်း ဆက်ပြေးသင့်၊ မပြေးသင့်ကို စဉ်းစားရမှာပဲဗျာ”

ဒီအချိန်မှာ ဂျပန်လေယာဉ်တွေက တဝူးဝူးနဲ့ ကျုပ်တို့ခေါင်းပေါ်ကနေ ဖြတ်ပျံသွားကြသဗျ၊ လူတွေအားလုံးလည်း ကြောက်လန့်တကြားနဲ့ နီးစပ်ရာသစ်ပင်တွေအောက်၊ လျှိုမြှောင်တွေထဲကို ပုန်းအောင်းကြရတာပေါ့ဗျာ၊ ကလေးတွေကိုအော်ခေါ်တဲ့လူကခေါ်၊ ပျောက်တဲ့လူတွေလိုက်ရှာတဲ့လူကရှာနဲ့ ဆူညံနေတာပါပဲဗျာ၊ သာဒင်က လေယာဉ်ပျံတွေ ပျံသွားတာကိုကြည့်ရင်း

“တစ်ခုခုတော့ထူးတော့မယ်ကွ၊ ငါ့စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေတယ်”

ဗလကြီးက

“ခင်ဗျားစိတ်ထင်လို့နေမှာပါ ကိုပြောင်ရှင်းရာ၊ ဒီလူတွေကျုပ်တို့ကိုမမြင်နိုင်ပါဘူးကွ”

သာဒင်က ခေါင်းညိတ်ရင်း

“အေးလေ၊ သူတို့မမြင်ပါစေနဲ့လို့ပဲ ဆုတောင်းရတာပဲ”

သာဒင်က စစ်ဘေးဒုက္ခသည်တွေကိုတစ်ချက်ကြည့်ပြီးတော့

“ကဲ၊ ကျုပ်တို့အားလုံး ဆက်သွားသင့်ပြီဗျ၊ ဒီနေရာမှာက သစ်ပင်တွေကျဲပြီး တောတွေပါးနေသေးတယ်၊ တောတောင်ထူတဲ့နေရာကို မြန်မြန်ရောက်မှ တော်ကာကျမယ်ဗျို့”

သာဒင်ပြောတော့ တစ်ချို့ကလည်းထောက်ခံကြတယ်၊ ကျုပ်တို့ကိုထမင်းကျွေးတဲ့မိသားစုလည်း အထုပ်အပိုးတွေပြင်ဆင်ကြတယ်၊ ဗလကြီးကတော့ အထုပ်ကြီးနှစ်ထုပ်ကို ထမ်းပိုးနဲ့တွဲထားတဲ့ ဆိုင်းထမ်းကိုပြေးမတယ်ဗျ။

“ခင်ဗျားက ကျုပ်တို့ကို ထမင်းကျွေးထားတာပဲဗျာ၊ ကျုပ်တို့လည်း ပြန်ပြီးကူညီပေးရမှာပေါ့ဗျ”

ကျုပ်တို့လည်း လွယ်အိတ်လောက်ပဲ ပါတာဆိုတော့ သူတို့မိသားစုက အထုပ်အပိုးတွေကိုသယ်ပေးကြတယ်၊ သူတို့မိသားစုဝင်တွေချည်းဘဲ အယောက်နှစ်ဆယ်လောက်ရှိတာဗျ၊ အဘိုးကြီး၊ အဘွားကြီးတွေလည်း ပါသေးသဗျာ၊ ကျုပ်တို့သာ အထုပ်အပိုးတွေနဲ့ ပြေးဖို့ပြင်ကြပေမယ့် တစ်ချို့ကတော့ သစ်ပင်တွေအောက်မှာထိုင်နေကြတုန်းပဲဗျ။ သာဒင်က အဲဒီလူတွေကိုကြည့်ပြီးတော့

“ခင်ဗျားတို့ဆက်သွားကြ၊ ဟိုးအရှေ့က မြောင်ကြားထဲရောက်အောင် မြန်မြန်သွားကြဗျ”

“အောင်မာ၊ ဟေ့လူ၊ ခင်ဗျားက ဘယ်သူမို့လို့ ကျုပ်တို့ကိုဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါဆိုပြီး အမိန့်လာပေးနေတာလဲ”

လူသုံးလေးယောက်က ထပြောတယ်ဗျ၊ ကျုပ်လည်း ပြောဖို့လုပ်ပေမယ့် သာဒင်က ကျုပ်လက်ကိုဆွဲထားတယ်။

“မျောက်ခေါင်း၊ သွားမပြောနဲ့၊ ငါတို့ဘယ်သူတွေဆိုတာကို သူတို့ကိုပြောလို့မဖြစ်ဘူး၊ လူအမျိုးမျိုးစိတ်အထွေထွေကွ၊ သူတို့ထဲမှာ သတင်းပေးတဲ့လူမပါဘူးလို့ ပြောမရဘူး၊ အသာနေစမ်းပါကွာ”

“မဟုတ်တာပဲ ပြောင်ရှင်းရာ၊ ဒီလူတွေကို ကျုပ်တို့ဘယ်သူတွေဆိုတာ ပြောသင့်တယ်မဟုတ်လားဗျ”

“ထားလိုက်စမ်းပါကွာ၊ လာလာ၊ သွားရအောင်”

ကျုပ်တို့ပြောတာကို ယုံတဲ့သူတွေကတော့ ကျုပ်တို့နဲ့အတူတူထလိုက်လာခဲ့ကြတယ်၊ ဒါတောင်မှ ထမင်းကျွေးတဲ့မိသားစုထဲက အဘိုးကြီးနဲ့အဘွားကြီးက မောနေလို့ မလိုက်နိုင်သေးဘူးလို့ပြောတာနဲ့ သူတို့ကိုထားခဲ့ရတယ်ဗျာ၊ ကျုပ်တို့လည်း အထုပ်အပိုးတွေသယ်ပြီး အရှေ့ခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ မြောင်ကြားထဲကိုဆင်းခဲ့ကြတယ်၊ အဲဒီမှာက သစ်တွေဝါးတွေထူပြီး စိမ့်အေးနေတာပဲဗျာ၊ မြောင်ကြားထဲအရောက် စမ်းချောင်းကလေးတစ်ခုဘေးနားမှာ ကျုပ်တို့အထုပ်အပိုးတွေကိုချလိုက်ကြတယ်၊ စမ်းချောင်းကလေးက ရေမစီးတော့ပေမယ့် ရေအိုင်ကလေးတွေတော့ ကျန်နေပါသေးတယ်၊ ကလေးတွေကတော့ ရေတွေကိုပြေးဆော့တာပေါ့ဗျာ။ ကျုပ်တို့အထုပ်အပိုးတွေချလိုက်တဲ့အချိန်မှာပဲ လေယာဉ်စက်သံတွေကို ကျယ်ကျယ်လောင်လောင်ကြားလိုက်ရသဗျ၊

ကျုပ်လည်း မိုးပေါ်ကိုမော့ကြည့်လိုက်တော့ လေယာဉ်နှစ်စီးက ကျုပ်တို့ခေါင်းပေါ်ကနေ ရွှီးခနဲဖြတ်ပျံသွားတယ်၊ မြောင်ကြားထဲမှာဆိုပေမယ့် သစ်ပင်တွေတောင်မှ ယိမ်းထိုးသွားတယ်ဗျ။ သာဒင်က အလန့်တကြားနဲ့

“မကောင်းတော့ဘူး၊ မကောင်းတော့ဘူးဟေ့”

“ဘာဖြစ်လို့လဲ ပြောင်ရှင်းရ”

“တို့သင်ခဲ့ရတုန်းက ဂျပန်လေယာဉ်တွေနဲ့ တွေ့လာခဲ့ပြီဆိုရင် နေရာမြန်မြန်ပြောင်းဖို့သင်ရတယ်ကွ၊ လေယာဉ်တစ်ပတ်ပတ်ဖို့က ဆယ်မိနစ်လောက်ကြာသတဲ့၊ နေရာမပြောင်းရင် ဂျပန်တွေက ပြန်လှည့်လာပြီး ပစ်ခတ်တတ်တယ်ဆိုပဲကွာ”

ကျုပ်တို့ပြောနေတုန်းမှာ ကျုပ်တို့အနောက်ဘက်တောထဲမှာ ဝုန်းခနဲအသံကြီးတစ်ချက်ကြားလိုက်ရတယ်ဗျ၊ ကျုပ်တို့လည်း မျက်လုံးတွေပြူးသွားကြတယ်၊ အားလုံးမတိုင်ပင်ဘဲနဲ့ အသံကြားတဲ့နေရာကိုပြေးသွားမိတယ်၊ အသံကြားလိုက်တဲ့နေရာကလည်း ခုနက စစ်ဘေးဒုက္ခသည်တွေနားခိုနေတဲ့နေရာကိုးဗျ။

မြှောင်ထဲက တက်ဖို့အလုပ်မှာ နောက်ထပ် ဝုန်းခနဲအသံကြီးကြားရပြန်တယ်ဗျ၊ မြေမှုန်တွေ၊ မြေစာခဲတွေက မိုးပေါ်ကိုပျံတက်ပြီးတော့ မိုးရွာသလိုမျိုးကောင်းကင်ကနေ တဖွဲဖွဲကျလာတယ်ဗျ၊ သစ်မှုန်သစ်စတွေကတော့ မီးသင့်ပြီး မီးပွားတွေအဖြစ်နဲ့ကျလာသဗျ၊ ကျုပ်ဆက်ပြေးရင်း အရှေ့ရောက်သွားတော့ ခုနက နားခဲ့တဲ့နေရာမှာ သစ်ပင်ကြီးတွေဖွာလန်ကျဲပြီးတော့ လဲကျနေသဗျ၊ တစ်ချို့သစ်ပင်ကြီးတွေကတော့ မီးတွေစွဲပြီး မီးခိုးတွေ တအူအူထွက်နေပါရောဗျာ။

ကျုပ်တော်တော်ကြောက်လန့်သွားတယ်၊ ကျုပ်ဘဝမှာ တစ်ခါမှ ဒီလောက်ကြောက်လန့်ပြီး တုန်လှုပ်တာမျိုးမဖြစ်ခဲ့ဖူးဘူးဗျာ၊ အခုတော့ ကျုပ်ကြောက်လန့်ပြီးတော့ ဒူးတွေတုန်ယင်လာတယ်၊ ကိုယ့်လက်တွေကိုတောင် မသယ်နိုင်တော့သလိုမျိုးလေးလံလာတယ်ဗျာ၊ ကျုပ်မျက်စိရှေ့မှာ မြင်တွေ့လိုက်ရတဲ့ မြင်ကွင်းကတော့ အနိဌာရုံအပြည့်နဲ့ လူသတ်ကုန်းကြီးတစ်ခုလိုပါပဲဗျာ။

မီးခိုးငွေ့တွေကြားထဲမှာ လူသေတွေနဲ့ လူအပိုင်းအစတွေက ပြန့်ကျဲနေသဗျ၊ ခြေပြတ်လက်ပြတ်တွေ၊ ခေါင်းပြတ်တွေနဲ့ အူတွေကလီစာတွေဆိုတာ မြင်လို့တောင်မကောင်းဘူးဗျာ၊ မသေမရှင်ဖြစ်နေကြတဲ့လူတွေကလည်း ကယ်ပါယူပါအသံတွေနဲ့ စူးစူးဝါးဝါးအော်ဟစ်နေကြတယ်၊ သာဒင်က ကျုပ်အနားကိုရောက်လာပြီးတော့ ကျုပ်လက်မောင်းကိုလာဆွဲလိုက်တော့မှ ကျုပ်လည်း ဒူးတွေခွေပြီးလဲကျသွားတယ်။

“မျောက်ခေါင်း၊ သတိထား၊ သတိထား”

“ပြောင်ရှင်း၊ ဘာတွေလဲ၊ ဘာတွေဖြစ်ကုန်တာလဲဗျာ”

“ဂျပန်တွေ ဗုံးလာကျဲသွားတာဖြစ်မယ်ကွ၊ ကဲ မျောက်ခေါင်းရေ ခွေမနေနဲ့၊ ငါတို့ရဲ့အကူအညီကို လိုအပ်နေတဲ့လူတွေရှိသေးသကွ”

သာဒင်က ကျုပ်ကိုဆွဲထူပြီးတော့ ထပြေးတယ်၊ ကျုပ်လည်း သူ့အနောက်ကနေ ပြေးလိုက်ခဲ့ရတယ်၊ ကျုပ်တို့ခုနက ထမင်းထိုင်စားခဲ့တဲ့သစ်ပင်ကြီးရဲ့ ပေနှစ်ဆယ်လောက်မြင့်တဲ့အကိုင်းမှာ လူသေအလောင်းကြီးတစ်ခုက တင်နေသဗျ၊ ခြေတွေလက်တွေပြတ်ထွက်နေပြီးတော့ တွဲလောင်းကြီးကျနေတာပဲဗျာ၊ မြေပြင်မှာရှိနေတဲ့လူက ဘယ်လိုလုပ်ပြီးတော့ သစ်ပင်မှာသွားချိတ်နေသလဲ မသိပါဘူးဗျာ။ ကျုပ်လည်း သစ်ပင်ကြီးကိုမော့ကြည့်နေတော့ သာဒင်က ကျုပ်အနားကိုရောက်လာတယ်။

“ဗုံးပြင်းအားကြောင့် လွင့်ထွက်ပြီးတော့ သစ်ပင်ပေါ်မှာချိတ်သွားတာပဲကွ”

ကျုပ်လည်း သာဒင်အနောက်ကို တွေတွေကြီးလိုက်လာခဲ့မိတယ်၊ ကျုပ်နားထဲမှာ ငရဲပွက်သလိုအော်သံတွေက ဆူညံနေတာပဲဗျာ၊ မီးသင့်ထားတဲ့ မြေကြီးပေါ်မှာတော့ လက်ပြတ်၊ ခြေပြတ်တွေနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ ပြန့်ကျဲနေပြီး ဘယ်သူ့ဟာတွေမှန်းတောင်မသိပါဘူးဗျာ၊

“ကယ်၊ ကယ်ကြပါ”

ကျုပ်ဘေးနား ခပ်လှမ်းလှမ်းကနေ အသံအကျယ်ကြီးနဲ့အော်သံကြားလို့ လှည့်ကြည့်မိလိုက်တယ်ဗျ၊ ဒီအခါ မိန်းမတစ်ယောက်က သူ့ရဲ့လက်နှစ်ဖက်နဲ့ မြေပြင်ကိုအားပြုပြီးတော့ ကျုပ်ဆီကိုတွားသွားလာတာဗျ၊ ကျုပ်လည်း သူ့ကိုကယ်မယ်ဆိုပြီး ပြေးအသွားမှာ အဲဒီမိန်းမရဲ့ ချက်လောက်ကစပြီး အောက်ပိုင်းတစ်ခုလုံးမရှိတော့ဘဲနဲ့ ကလီစာတွေက မြေပေါ်မှာအတွဲလိုက်ကြီးထွက်နေတာကို မြင်တွေ့လိုက်တော့မှ ကျုပ်လည်း မြေပေါ်ကိုထိုင်ကျသွားတော့တာပါပဲဗျာ၊ အဲဒီမိန်းမက ကျုပ်ကိုအားကိုးတကြီးနဲ့ကြည့်ပြီး သူ့ရဲ့နောက်ဆုံးကျန်တဲ့အားနဲ့ တရွတ်တရွတ်နဲ့ပြေးလာတာဗျ၊ ကျုပ်ဖြင့် သူ့ကိုကြည့်ပြီး မျက်လုံးထဲက မျက်ရည်တွေအလိုလိုစီးကျလာပါတယ်ဗျာ။

ဗလကြီးက အဲဒီမိန်းမကိုပြေးဆွဲတော့ သာဒင်က ပြေးလာပြီးတော့

“မလုပ်နဲ့တော့၊ မရတော့ဘူး ဗလကြီးရ၊ ဟိုးအရှေ့မှာ ကလေးငိုသံတွေကြားတယ်ကွ၊ လာကွာ၊ သွားကြည့်ရအောင်”

သာဒင်ဆွဲခေါ်လာတဲ့အနောက်ကို ကျုပ်နဲ့ဗလကြီးဆက်လိုက်လာခဲ့တယ်၊ အရှေ့နားရောက်တော့ မိန်းမတစ်ယောက်ရဲ့အနားမှာ ကလေးတစ်ယောက်က ငိုနေသဗျ၊ အဲဒီမိန်းမရဲ့ခေါင်းမှာ သစ်ချွန်စကြီးက ထုတ်ချင်းခတ်ပြီးမှန်နေသဗျ၊ သူ့ဘေးနားမှာ ခွေခွေကလေးကျနေတဲ့ တစ်နှစ်သားလောက်ရှိတဲ့ကလေးက အော်ငိုနေတယ်၊ ဒါနဲ့ ကျုပ်လည်း ကလေးကိုပြေးပြီးချီလိုက်တာပေါ့ဗျာ။

“အား၊ နာတယ်၊ နာတယ်”

ကျုပ်ပွေ့ချီလိုက်တော့ ကလေးရဲ့ကျောကုန်းကနေ သွေးတွေပန်းထွက်လာတယ်ဗျ၊ သေသေချာချာကြည့်တော့မှ ကလေးရဲ့ချိုင်းအောက်နဲ့ ကျောကုန်းအနောက်မှာ ဗုံးစတွေမှန်ပြီးတော့ စကာပေါက်လိုပွင့်ထွက်နေသဗျ၊ ကလေးက အော်ငိုရင်း နာတယ်၊ နာတယ်နဲ့ တဖွဖွညည်းနေပါရောဗျာ၊ သာဒင်က ကလေးကိုကြည့်ပြီးတော့ အသာခေါင်းခါလိုက်တယ်၊ နောက်တော့ ကလေးခေါင်းကိုပွတ်သပ်ပေးနေတုန်းမှာပဲ ကလေးက မျက်ဖြူလန်ပြီးတော့ ဇက်ကျိုးကျသွားပါတော့တယ်။ ကျုပ်လည်း ကလေးကိုချီပိုးရင်း မတ်တပ်ထရပ်လိုက်တယ်။

“မျောက်ခေါင်း ဘာလုပ်မလို့လဲ”

“ကလေးကိုကယ်ရမယ်၊ ကလေးကို ကယ်ရမယ်လေဗျာ”

“မျောက်ခေါင်း၊ မင်းစိတ်ကိုအေးအေးထားစမ်းပါ၊ ဒီကလေးက မရတော့ဘူးကွ”

သာဒင်လည်းပြောနေရင်း အသံတွေတိမ်ဝင်သွားတယ်။ ကျုပ်ကခေါင်းခါရင်း

“မဟုတ်ဘူး၊ သူမသေလောက်သေးဘူး၊ ကျုပ်ရအောင်ကယ်မယ်”

သာဒင်က ကျုပ်လက်ထဲက ကလေးအလောင်းကိုဆွဲလုတော့ ကျုပ်လည်း ပြန်လုထားလိုက်တယ်။

“မျောက်ခေါင်းရာ၊ ကလေးက သေပါပြီကွ၊ ပြီးတော့ ဒီလိုတောထဲတောင်ထဲ ဆေးမရှိဝါးမရှိနဲ့ ဘယ်လိုကယ်နိုင်မလဲကွ၊ ငါပြောတာနားထောင်စမ်းပါကွာ၊ ပေး၊ ကလေးကို ငါ့ကိုပေးတော့နော်”

ကျုပ်လည်းအဲဒီတော့မှ ကလေးကိုလွှတ်ပေးလိုက်တော့တယ်၊ ကျုပ်ရဲ့လက်နှစ်ဖက်စလုံးမှာ ကလေးရဲ့ကိုယ်ကထွက်တဲ့သွေးတွေက ရဲရဲနီအောင်ပေကျံနေသဗျ၊ ကျုပ်လည်း လက်သီးကိုဆုပ်ပြီး တောက်တစ်ချက်ခေါက်လိုက်မိတယ်။

“တောက်၊ ဂျပန်ကောင်တွေ၊ မင်းတို့ကိုငါသတ်မယ်၊ မင်းတို့အကုန်လုံးကို ငါသတ်ပစ်မယ်ကွ”

ကျုပ်လည်း အဲဒီလိုကြွေးကြော်ပြီးတော့ ဝမ်းခေါင်းသံကြီးနဲ့ အာခေါင်ခြစ်ပြီး အော်လိုက်မိတာပေါ့ဗျာ။

(၂)

ကျုပ်တို့ကိုထမင်းကျွေးတဲ့မိသားစုထဲက အဘိုးကြီးနဲ့အဘွားကြီးလည်း သေသွားသဗျ၊ စစ်ဘေးဒုက္ခသည်တွေထဲက ကျုပ်တို့အနောက်ကိုလိုက်လာတဲ့ လူအနည်းငယ်လောက်ပဲ ဒီကံကြမ္မာဆိုးကနေ လွတ်ခဲ့တာမဟုတ်လား၊ ကျန်တဲ့လူတွေလည်း ငိုကြွေးကြ၊ အော်ဟစ်ကြနဲ့ပေါ့ဗျာ၊ သာဒင်က လူတွေအားလုံးအရှေ့မှာရပ်လိုက်ပြီးတော့

“ကဲ၊ ခင်ဗျားတို့တွေဆက်ပြီးသွားကြတော့၊ ဂျပန်တွေက တစ်ခါလာပြီးရင် နောက်တစ်ခါလာပြန်ကြည့်တတ်ကြတယ်တဲ့ဗျ၊ နောက်တစ်ခေါက်ပြန်ရောက်လာခဲ့ရင် ကျုပ်တို့အလှည့်ဖြစ်သွားလိမ့်မယ်၊ ခင်ဗျားတို့တွေ သွားရမယ့်နေရာကို ဆက်သာသွားကြဗျာ၊ ကျုပ်တို့သုံးယောက်ကတော့ ခုနက သေဆုံးသွားတဲ့လူတွေကို ကောင်းကောင်းမွန်မွန်သဂြိုဟ်ပေးဖို့ ကျန်နေခဲ့မယ်”

လူတွေအားလုံးလည်း ခေါင်းညိတ်ကြတယ်၊ ဗုံးကျဲတဲ့ဒဏ်ကိုခံလိုက်ရပြီဆိုတော့ အားလုံးကလည်း ကြောက်လန့်ကုန်ပြီပေါ့ဗျာ၊ ဒါနဲ့ ကျုပ်တို့သုံးယောက်ပဲ မြှောင်ကြားထဲမှာ ကျန်နေခဲ့တော့တယ်။ ဗလကြီးကတော့ လက်သီးတပြင်ပြင်၊ တောက်တခေါက်ခေါက်နဲ့ပေါ့ဗျာ။

“ကျုပ်ဖြင့် ဒီကောင်တွေကို မကျေနပ်ဘူးဗျာ၊ ဒီကောင်တွေက လူတွေမဟုတ်ဘူး”

ကျုပ်လည်း ဘာမှမပြောနိုင်ဘဲ ခေါင်းငိုက်စိုက်ကျနေတာပေါ့၊ သာဒင်က ဗလကြီးပုခုံးကိုပုတ်ရင်း

“ဒါကြောင့်လည်း ဒီကောင်တွေကို ဖက်ဆစ်တွေလို့ခေါ်တာပေါ့ကွာ၊ ဒီဖက်ဆစ်တွေကြောင့် တို့ဗမာပြည်သူတွေ ဒီသုံးနှစ်အတွင်း တော်တော်ဒုက္ခရောက်ခဲ့ရတယ်မဟုတ်လား၊ ဒါတောင်မှ သုံးနှစ်ပဲရှိသေးလို့ကွ၊ ဆယ်နှစ်လောက်သာ ဆက်အုပ်ချုပ်ရင်တော့ တို့တိုင်းပြည်မှာ လူသေမြှုပ်ဖို့မြေတောင်ကျန်ပါ့မလားပဲကွာ”

“ကျုပ်ကတော့ ဒီကောင်တွေ တစ်ယောက်သေသေ၊ နှစ်ယောက်သေသေ အသေခံပြီး ဓါးနဲ့ထွက်ခုတ်ချင်တယ်ဗျာ”

“မင်းရဲ့ဒေါသကို ခဏလျော့လိုက်စမ်းပါကွ၊ ဒီလူမဆန်တဲ့ကောင်တွေကို ငါတို့မြေပေါ်မှာကြာကြာမထားပါဘူး၊ ဒါကြောင့်လည်း ခေါင်းဆောင်တွေက ဖက်ဆစ်ကိုတော်လှန်ဖို့ တော်လှန်ရေးကြီးတစ်ခုပြင်ဆင်နေပြီကွ၊ ဒါကြောင့်လည်း မျိုးချစ်ဗမာ့တပ်မတော်၊ အာရှလူငယ်အစည်းအရုံး၊ ပြည်သူ့အရေးတော်ပုံပါတီနဲ့ ကွန်မြူနစ်ပါတီတို့ အားလုံးက စုပေါင်းပြီးတော့ ဖက်ဆစ်တိုက်ဖျက်ရေး ပြည့်သူလွတ်လပ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ဖက်ဆစ်တွေကို ဘုံရန်သူအဖြစ် တိုက်ခိုက်ချေမှုန်းဖို့ ကြိုးစားနေပြီမဟုတ်လား၊ အားလုံးရဲ့အင်အားနဲ့စုစည်းပြီး လှည်းနေလှေအောင်း မြင်းဇောင်းနေတဲ့သူပါမကျန် ပြည်သူတွေတစ်ရပ်လုံးပါဝင်တဲ့ တော်လှန်ရေးကြီးတစ်ခုကို စတင်ဖို့ စီစဉ်နေပြီမဟုတ်လား”

“ငါတို့တာဝန်က အဲဒီတော်လှန်ရေးကြီးရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လို့လောလောဆယ် စိတ်အေးအေးထားပြီး လက်နက်ခဲယမ်းတွေရတဲ့အထိစောင့်ပါအုံးကွာ၊ တော်လှန်ရေးစပြီဆိုတော့မှ မင်းရဲ့ဒေါသတွေကို ဒီကောင်တွေအပေါ်ကို ပုံချပေတော့ဟေ့”

သာဒင်ရဲ့စကားကိုနားထောင်ပြီးတော့မှ ကျုပ်တို့လည်း စိတ်သက်သာရာရခဲ့တာပေါ့ဗျာ၊ ဒါနဲ့ပဲ ရသလောက် လူသေအစိတ်အပိုင်းတွေကိုစုစည်းပြီးတော့ ဗုံးကျထားတဲ့ကျင်းကြီးနဲ့ အနီးအပါးမှာပဲ သေဆုံးသွားတဲ့လူတွေကို ဖြစ်သလို သဂြိုဟ်ပေးခဲ့တာပေါ့ဗျာ။ ညဘက်ရောက်တော့ အဲဒီနေရာကနေ အော်ဟစ်သံတွေ ငိုယိုသံတွေကိုကြားရသဗျ၊ အစိမ်းသေတွေ သေထားတာဆိုတော့လည်း ဘယ်ကျွတ်လွတ်ကြပါ့မလဲဗျာ၊ ကျုပ်လည်း သူတို့အတွက် မေတ္တာပို့၊ ဆုတောင်းပြီး အမျှဝေပေးခဲ့ပါတယ်၊ သူတို့ကျွတ်လွတ်ပါစေလို့ မျှော်လင့်ရတာပဲပေါ့ဗျာ။

ကျုပ်လည်း မြောင်ကြားထဲက ဝါးရုံပင်အောက်မှာ ငိုက်ခနဲအိပ်ပျော်သွားရင်း အသံတစ်ခုကိုကြားလိုက်ရတယ်။

“မောင်ရှိန်၊ ဟေ့ မောင်ရှိန်”

အသံကြားလို့ ကျုပ်လည်းမျက်လုံးဖွင့်ကြည့်လိုက်တယ်၊ အသံကတော့ ဦးလူနီရဲ့အသံပဲဗျ၊ ဒါနဲ့ကျုပ်လည်း ဘေးဘီကိုလှည့်ကြည့်ရင်း

“ဦးလူနီ၊ ဦးလူနီလာတာလား”

ကျုပ်လှည့်ပတ်ရှာနေတုန်း သိပ်မကြာပါဘူးဗျာ၊ တောင်စောင်းတစ်နေရမှာ မီးအလင်းရောင်တွေလင်းထိန်လာပြီးတော့ အဲဒီကနေ ဦးလူနီတစ်ယောက် ဖြည်းဖြည်းချင်းလမ်းလျှောက်လာသဗျ။

“ဦးလူနီ ကျုပ်ဆီလာတာလား၊ ကျုပ်ကိုလာခေါ်တာလား”

“မင်းကိုငါလာခေါ်ချင်ပေမယ့် အချိန်မကျသေးဘူး မောင်ရှိန်ရ၊ အခုလာတာက ငါပေးထားတဲ့ပစ္စည်းကိုပြန်လာသိမ်းတာ”

“ဘာဗျ”

“ဟုတ်တယ်၊ ငါမင်းကိုပေးထားတဲ့ ဝါးစိမ်းတောင်ဝှေးလေးကို မင်းဆီကနေပြန်လာယူတာကွ”

“မပေးဘူး၊ မပေးနိုင်ဘူး ဦးလူနီ၊ ဦးလူနီရဲ့အမှတ်တရဆိုလို့ ကျုပ်မှာဒီပစ္စည်းကလေးပဲရှိတာမဟုတ်လားဗျ၊ မပေးနိုင်ပါဘူးဗျာ”

“မင်းပစ္စည်းဆိုတော့ မင်းမပေးရင် ငါအတင်းအကျပ်မယူပါဘူးကွ၊ ဒါပေမယ့် ဒီပစ္စည်းက တော်တော်ထူးခြားတဲ့ပစ္စည်းတစ်ခုပဲကွ၊ တော်တော်လည်းအစွမ်းရှိတယ်၊ ဒါကြောင့်မို့ မတော်တဲ့လူတွေလက်ထဲကို ရောက်သွားရင် ဒီပစ္စည်းကလူတွေကို ဒုက္ခပေးနိုင်တယ်ကွ၊ ဒါကြောင့် ငါလာပြန်တောင်းရတာပါပဲကွာ”

“အိုဗျာ၊ မပေးဘူး၊ မပေးနိုင်ဘူး”

ဦးလူနီက ဒေါသတကြီးနဲ့

“မင်းမပေးရင် မင်းဆီကနေလုမယ်ကွာ”

“မလုနဲ့၊ မပေးဘူး၊ မပေးနိုင်ဘူး”

ကျုပ်ထအော်လိုက်တော့ သာဒင်က ကျုပ်ကိုကြည့်နေတယ်ဗျ၊ ကျုပ်လည်း အခုမှသတိကပ်သွားတယ်၊ တကယ်တော့ ကျုပ်အိပ်မက်မက်နေတာဗျို့၊ ကျုပ်နံဘေးနားမှာချထားတဲ့ ဝါးတောင်ဝှေးလေးကို ကြည့်လိုက်တော့ ရှိနေသေးတယ်ဗျ၊ ကျုပ်လည်း အဲဒီတောင်ဝှေးကလေးကိုယူပြီးတော့ သေသေချာချာဖက်ထားလိုက်တယ်။ စိတ်ထဲကနေလည်း

“မပေးဘူး၊ ဒါငါ့ပစ္စည်း၊ ငါဘယ်သူ့ကိုမှမပေးဘူး”

လို့ရေရွတ်လိုက်တာပေါ့ဗျာ။

မနက်မိုးစင်စင်လင်းတော့မှ ကျုပ်တို့လည်းခရီးဆက်ဖြစ်ခဲ့တော့တယ်၊ အရှေ့က စစ်ဘေးဒုက္ခသည်တွေသွားထားတယ်ဆိုတော့ တောထဲဆိုပေမယ့်လည်း လမ်းကြောင်းရာအတိုင်းလိုက်သွားရုံပါပဲ၊ ဘာတောင်မှန်းမသိတဲ့ တောင်ကြီးတစ်တောင်ကို ကျော်ဖြတ်လာပြီးတဲ့အခါကျတော့ တောင်သုံးလုံးကြားထဲကို လှမ်းတွေ့ရတယ်ဗျ၊ အဲဒီတောင်သုံးလုံးကြားထဲဆင်းခဲ့တော့ မကြာခင်သစ်ပင်တွေအောက်မှာ ဆောက်ထားတဲ့ တဲတွေကိုမြင်ရပါရောဗျာ၊ လူတွေလည်းစည်ကားလို့ဗျ၊ ကျုပ်တို့လည်း အဲဒီအနားကိုကပ်ခဲ့တယ်၊ တဲတွေကို ဝါးတွေနဲ့စည်းရိုးလုပ်ပြီးကာရံထားတယ်၊ တစ်နေရာမှာတော့ ဝင်ပေါက်ဖောက်ထားပြီး လူတွေစောင့်ကြပ်နေသဗျ၊ ကျုပ်တို့လျှောက်လာတာလည်းတွေ့ရော လူသုံးယောက်က ကျုပ်တို့ကိုလှံတွေနဲ့ထိုးချိန်လိုက်ကြတယ်။ အရှေ့ဆုံးကနေသွားနေတဲ့ သာဒင်ကိုလှံနဲ့ထောက်လိုက်ပြီးတော့

“ခင်ဗျားကဘယ်သူလဲ”

“ကျုပ်နာမည်သာဒင်”

သာဒင်က ပြောလိုက်တော့ လှံနဲ့လူက မျက်လုံးပြူးသွားတယ်ဗျ၊ နောက်တော့ ကျုပ်နဲ့ဗလကြီးကိုကြည့်ပြီးတော့ သူတို့သုံးယောက် ကြောက်ကြောက်လန့်လန့်နဲ့ရွာထဲပြေးဝင်သွားကြတာပဲဗျာ၊ ကျုပ်တို့လည်း အထူးအဆန်းနဲ့ကျန်နေခဲ့တော့တယ်။ နောက်တော့မှ ရွာထဲကိုလိုက်ဝင်ခဲ့တာပေါ့ဗျာ။

ရွာတစ်ခုလုံးက ဆူညံပြီးပွက်လောရိုက်နေတာပဲဗျ၊ လူတွေလည်း ဆူညံနေတာပဲဗျာ၊ ဘာဖြစ်မှန်းကိုမသိတော့ဘူး၊ ပြေးကြလွှားကြနဲ့ပေါ့၊ ရွာလယ်လောက်ရောက်တော့ ကျုပ်တို့လည်း ခါးထောက်ပြီး လူတွေကိုငေးကြည့်နေမိတယ်၊ လူတွေက တစ်ခုခုကို ကြောက်ကြောက်ရွံ့ရွံ့နဲ့ ပြေးလွှားနေကြပုံပဲ။

“ဒီလူတွေ ဘာဖြစ်နေတာပါလိမ့်”

“ဟုတ်ပါ့ဗျာ၊ ဘာတွေ့လို့ပြေးနေကြမှန်းကို မသိပါဘူး”

ကျုပ်တို့ငေးကြည့်နေတုန်း ဒူးလေးတွေ၊ လှံတွေ၊ ဓါးတွေကိုင်ထားတဲ့ လူဆယ်ယောက်လောက်က ကျုပ်တို့ကိုဝိုင်းလိုက်တယ်၊ ဘာမှန်းမသိဘဲ အဝိုင်းခံလိုက်ရတာဆိုတော့ ကျုပ်တို့ကြောက်သွားမိတာတော့အမှန်ပဲဗျ၊ နောက်တော့ အသက်ကြီးကြီးလူကြိးတစ်ယောက်က ကျုပ်တို့ကိုကြည့်ပြီး

“မင်းတို့ထဲက သာဒင်က ဘယ်သူလဲကွ”

သာဒင်က သူ့ကိုယ်သူလက်ညှိုးထိုးပြပြီး

“ကျုပ်ပဲဗျာ”

အဲဒီလူကြီးကသာဒင်ကို မျက်မှောင်ကြုတ်ပြီးကြည့်တယ်ဗျ၊ နောက်တော့ သူတို့အချင်းချင်း

“ဟေ့ကောင်တွေ၊ အင်္ဂုလိသာဒင်က ဒီလူဖြစ်ပါ့မလားကွ၊ ဟိုက သန်သန်မာမာထွားထွားကျိုင်းကျိုင်းနဲ့ အခုမင်းတို့သာဒင်က နဖူးပြောင်ပြောင်နဲ့ လူ့ဖလံ ပိန်တာရိုးလေးပါလား”

“ဟာ၊ သူကြီးကလည်း အင်္ဂုလိသာဒင်က ရုပ်ဖျက်ထားတာဖြစ်မှာပေါ့ဗျ”

သာဒင်ကလည်း ခေါင်းခါပြီး

“ခင်ဗျားတို့လူမှားနေပြီ၊ ကျုပ်နာမည်က ဒီအတိုင်းသာဒင်ပါပဲဗျာ၊ ခင်ဗျားတို့ပြောသလို အဂုၤလိသာဒင်မဟုတ်ပါဘူး”

ဒီတော့မှ ရွာလူကြီးက လက်နက်ချသွားပြီး ပြုံးရယ်လိုက်တယ်။

“မင်းတို့ကောင်တွေကတော့ လုပ်ပြီကွာ၊ ဟေ့သူငယ် မင်းနာမည်ကလည်း တူပဲတူနိုင်လွန်းတယ်ကွ”

လူတွေအားလုံးလည်း ရယ်မောလိုက်ကြတယ်၊ စခန်းကလူတွေလည်း အခုမှ နည်းနည်းတည်ငြိမ်သွားကြတော့တယ်ဗျ၊ ကျုပ်တို့လည်း သူကြီးအနားကိုကပ်ခဲ့ပြီးတော့

“သူကြီးပြောတဲ့ ခုနက အင်္ဂုလိသာဒင်ဆိုလား အဲဒီလူက ဘာလုပ်တာလဲဗျ”

“အင်္ဂုလိသာဒင်ဆိုတာ ဒီတောတောင်တစ်ဝိုက်မှာ ကျက်စားတဲ့ ဓါးပြကြီးတစ်ယောက်ပေါ့ကွာ”

“အံ့ပါရဲ့ဗျာ၊ ဒီလို ပြည်သူတွေအားလုံး ဒုက္ခရောက်နေတဲ့အချိန်မှာ ဓါးပြက ရှိသေးတယ်တဲ့လားဗျ”

သူကြီးက ခေါင်းညိတ်ရင်း

“တောမီးလောင်ရင် တောကြောင်လတ်ခမောင်းခတ်တယ်ဆိုသလိုပေါ့ကွာ၊ အခုတော့ တို့မှာ ဂျပန်ကြောက်ရ၊ လေယာဉ်ကြောက်ရနဲ့ ဒီကြားထဲ ဓါးပြရန်ကလည်း ကြောက်ရသေးတာကွ”

“ဒါနဲ့ နာမည်ကလည်း အဆန်းပါလားဗျ၊ အင်္ဂုလိလို့ ပေးထားတာဆိုတော့ ဘုရားရှင်လက်ထက်က လူသတ်လက်ဖြတ်တဲ့ အင်္ဂုလိမာလ ဓါးပြကြီးနဲ့တောင် သွားဆင်နေသေးတယ်”

“အေးလေကွာ၊ သူကလည်း တစ်ကိုယ်တော်ဓါးပြပဲကွ ပြီးတော့လည်း လူတွေကိုဖမ်းဖမ်းပြီးတော့ လက်ညှိုးတွေဖြတ်တာကိုးကွ”

ကျုပ်တို့အားလုံးအံ့သြသွားပြီးတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိတယ်။

“ဒါနဲ့ သူကလက်ညှိုးတွေဖြတ်ပြီး ဘာလုပ်တာလဲဗျ”

ရွာသူကြီးက ကျုပ်တို့ကို မဲ့ပြုံးပြုံးပြရင်း

“ဒါတော့ ငါတို့လည်းဘယ်သိမလဲကွ၊ မင်းတို့သိချင်ရင် သူ့ကိုသွားမေးပေါ့ကွာ၊ ကဲ ငါတို့ ရွာပျောက်ကြီးကနေ ကြိုဆိုပါတယ်ကွာ၊ အရင်က ဒီနေရာမှာ ရွာမရှိဘူးကွ၊ အခုမှ စစ်ဘေးဒုက္ခသည်တွေနဲ့ ရွာကြီးလိုဖြစ်ပြီး စည်ကားသွားတာဟေ့၊ ဒါနဲ့မင်းတို့နေမယ်ဆိုရင်တော့ ကိုယ့်ဟာကိုယ် တဲထိုးနေကြကွနော်”

ကျုပ်လည်း ခေါင်းခါလိုက်ပြီး

“ကျုပ်တို့က ဒီမှာနေဖို့လာတာမဟုတ်ပါဘူး၊ တောင်တော်ဘက်ကို ခရီးဆက်မလို့လာတာပါ၊ ဒါနဲ့ ဒီကနေ အဲဒီကိုပေါက်တဲ့ တောလမ်းရှိတယ်ဆိုတာ သူကြီးကြားဖူးသလား”

“ကြားဖူးတာပေါ့ကွာ၊ တို့ငယ်ငယ်က အဲဒီလမ်းကနေပဲ သွားနေကျပေါ့ကွ၊ ဒါပေမယ့် အခုတော့မင်းတို့ အဲဒီလမ်းကနေမသွားတာကောင်းမယ်ထင်တယ်နော်”

“ဘာဖြစ်လို့လဲဗျ”

“ဘာလို့လဲဆိုတော့ မင်းတို့ကိုငါပြောတဲ့ အင်္ဂုလိသာဒင်က အဲဒီလမ်းကဖြတ်သမျှလူတိုင်းကို လက်ညှိုးတွေ ဓါးပြတိုက်နေတာကိုးကွာ”

ကျုပ်တို့လည်း အဲဒီရွာပျောက်ကြီးမှ ခဏနားပြီးတော့ တိုင်ပင်ကြတယ်၊ ရွာပျောက်ကြီးမှာက စားဖို့အတွက်တော့ သိပ်မပူရဘူးဗျ၊ ပိုက်ဆံရှိရင် ထမင်းကအစ အကုန်ဝယ်စားလို့ရတာကိုးဗျာ၊ ပြီးတော့ လူတွေအားလုံးကလည်း ဒုက္ခသည်တွေဆိုတော့ အချင်းချင်းရိုင်းပင်းကြပါတယ်၊ ရွာကိုနေ့ခင်းမှရောက်တာဆိုတော့ ကျုပ်တို့စားသောက်ပြီးတော့ပဲ မွန်းလွဲသွားပြီကိုးဗျ။ သာဒင်က ကျုပ်တို့နှစ်ယောက်ကိုကြည့်ရင်း

“ကဲ မင်းတို့ကိုငါတိုင်ပင်ချင်တယ်၊ အဲဒီ ဓါးပြရှိတဲ့လမ်းက သွားမယ်ဆိုရင် တောင်တော်ကို နောက်ရက်လောက်ဆို ရောက်ပြီတဲ့ကွ၊ အဲဒီလမ်းက မသွားဘဲ တောထဲကတိုးသွားမယ်ဆိုရင် သုံးရက်လောက်ကြာမယ်တဲ့ကွ၊ အဲဒါ မင်းတို့ဘယ်လိုသဘောရသလဲ”

ဗလကြီးက လက်သီးလက်မောင်းတန်းပြီးတော့

“အိုဗျာ၊ သူလည်းလူပဲ ကျုပ်တို့လည်းလူပဲ ကြောက်စရာလားဗျ၊ ဒီဓါးပြကောင်နဲ့ကျုပ်နဲ့ တစ်ပွဲလောက်နွှဲချင်သေးသဗျာ”

သာဒင်က ကျုပ်ဘက်ကိုလှည့်ကြည့်တယ်ဗျ။

“သွားမယ်ဗျာ၊ ဗလကြီးပြောတာလည်းဟုတ်တာပဲ၊ ပြီးတော့ ကျုပ်တို့ကသုံးယောက် သူကတစ်ယောက်တည်းမဟုတ်လား၊ ကြောက်စရာမလိုပါဘူး”

သာဒင်က ခေါင်းညိတ်ပြီးတော့

“ကောင်းပြီလေ၊ သွားမယ်ဆိုရင်လည်း တို့တွေအခုသွားကြမယ်၊ ဒါမှဟိုဘက်ကတောင်ကို ညလောက်ဖြတ်နိုင်မှ တောင်တော်ကိုမနက်ဖြန်ညနေမိုးမချုပ်ခင်လောက်ရောက်မှာကွ”

သာဒင်ပြောတာကိုကျုပ်တို့ထောက်ခံလိုက်ပြီးတော့ ခဏနေတော့ အဲဒီရွာကနေထွက်လာခဲ့ကြတာပေါ့ဗျာ၊ ထွက်လာရင်း တော်တော်ကြာတော့ ခုနက ဓါးပြရှိတယ်ဆိုတဲ့လမ်းကို ရောက်လာခဲ့သဗျ၊ တောင်ပေါ်မို့လို့ တောင်စွယ်ကိုနေကွယ်သွားတာနဲ့ ပတ်ဝန်းကျင်က မှောင်လိုက်လာသဗျ၊ ကျုပ်တို့လည်း သတိဝိရိယထားပြီးတော့ ဆက်လျှောက်လာခဲ့တယ်၊ အဲဒီတောင်ကြီးရဲ့ ထိပ်နားလောက်ကိုရောက်တော့ အားလုံးလည်း မောမောပန်းပန်းနဲ့မို့ သစ်ပင်ကြီးတစ်ပင်အောက်မှာ ထိုင်ပြီးနားလိုက်ကြပါရောဗျာ၊ ကျုပ်ကတော့ ကျောမလုံဘူးဗျ၊ ဟိုကြည့် ဒီကြည့်နဲ့ လိုက်ကြည့်နေမိတယ်။ ဗလကြီးက ဒါကိုရိပ်စားမိတယ်ထင်ပါတယ်ဗျာ။

“ဘာမှပူမနေပါနဲ့ ကိုမျောက်ခေါင်းရာ၊ ဒီဓါးပြလည်း မနက်မိုးလင်းချိန်ဓါးပြထွက်တိုက်ပြီးတော့ ညမှောင်တော့ အိပ်ချင်အိပ်နေလောက်မှာပါဗျ၊ ပူမနေစမ်းပါနဲ့ဗျာ”

ဗလကြီးက ပြောပြောဆိုဆိုနဲ့ ရယ်မောနေသေးတယ်ဗျာ၊

“အောင်မယ်၊ ငါမအိပ်ပါဘူးကွ”

သစ်ပင်နောက်ကနေ အသံကြားလို့လှည့်ကြည့်လိုက်တော့ ဗလကောင်းကောင်း ထောင်ထောင်မောင်းမောင်းနဲ့လူတစ်ယောက်ထွက်လာသဗျ၊ ကျုပ်တို့လည်း အဲဒီလူကိုလှည့်ကြည့်ပြီး တိုက်ခိုက်ဖို့အသင့်ပြင်လိုက်ပေမယ့် အဲဒီလူက လက်ထဲကသေနတ်နဲ့ ကျုပ်တို့ကိုထိုးချိန်လိုက်တယ်ဆိုတော့ မလှုပ်သာတော့ဘူးပေါ့ဗျာ၊ ဒါနဲ့ ဆုပ်ထားတဲ့လက်သီးဆုပ်ကို ဖြေချပြီးတော့ လက်မြှောက်လိုက်ရတော့တယ်။

“ဟေ့လူ၊ ခင်ဗျားက ဘယ်သူလဲ၊ ဘာလို့ကျုပ်တို့ကို သေနတ်နဲ့ချိန်တာလဲ”

ကျုပ်က အော်မေးလိုက်တော့ ဒီလူက ခပ်ပြုံးပြုံးနဲ့

“ကျုပ်က ခင်ဗျားတို့ခုနကပြောနေတဲ့ ဓါးပြပေါ့ဗျ”

ကျုပ်တို့လည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း

“ဒါဆို ခင်ဗျားက အင်္ဂုလိသာဒင်ဆိုတာပေါ့”

“သိပ်ဟုတ်တာပေါ့ဗျာ”

ဒီတော့ သာဒင်က

“ငါတို့ဆီမှာ ဘာမှတန်ဖိုးကြီးတာမပါပါဘူးကွာ၊ မင်းငါတို့အိတ်တွေကိုယူစစ်ကြည့်ပေါ့၊ လိုချင်တာရှိရင် ယူသွား၊ ဒါပေမယ့် ငါတို့ကိုတော့ ဒီကနေဖြတ်သွားခွင့်ပေး၊ ဟုတ်ပြီလား”

ဓါးပြသာဒင်က ခပ်ပြုံးပြုံးနဲ့ သာဒင်ကိုကြည့်ရင်း

“အောင်မာ၊ ခင်ဗျားစကားပြောပုံကလည်း အဆန်းပါလား၊ ဓါးပြကိုများ ဟိုလိုလုပ်ပါ၊ ဒီလိုလုပ်ပါနဲ့ ခိုင်းချင်နေသေးတယ်ပေါ့ဟုတ်လား၊ ဟား၊ ဟား”

ဓါးပြသာဒင်က ကျုပ်တို့အနားကိုတိုးကပ်လာရင်း

“ခင်ဗျားတို့ဆီမှာ ရွှေတွေပဲပါပါ၊ ငွေတွေပဲပါပါ၊ ကျုပ်က ဂရုမစိုက်ဘူး၊ မလိုချင်ပါဘူးဗျ၊ ကျုပ်လိုချင်တာကတော့ ခင်ဗျားတို့ရဲ့ ညာဘက်လက်က လက်ညှိုးကိုပဲ”

သာဒင်က ဇက်ပုသွားတယ်ဗျ၊ ကျုပ်လည်းမနေနိုင်တာနဲ့

“ဒါနဲ့နေစမ်းပါအုံးဗျာ၊ ခင်ဗျားက ရွှေတွေငွေတွေမယူဘဲနဲ့ ဘာလို့ကျုပ်တို့လက်ညှိုးတွေကိုပဲ ယူရတာလဲဗျ၊ အင်္ဂုလိမာလကို အားကျလို့လား”

ဗလကြီးကလည်း

“ဟုတ်တယ်၊ ခင်ဗျားက အင်္ဂုလိသာဒင်သာဆိုတယ် အင်္ဂုလိမာလလို လက်တွေကိုကြိုးနဲ့သီပြီးတော့ လည်ပင်းမှာလည်း ဆွဲထားတာမဟုတ်ဘူး၊ ဒီတော့ ခင်ဗျားအဲဒီလက်ညှိုးတွေကို ဘာလုပ်သလဲဆိုတာ ကျုပ်တို့သိချင်တယ်”

“ဟ၊ မင်းတို့ကောင်တွေက တော်တော်ထူးဆန်းတဲ့ကောင်တွေပါလားကွ၊ ရတယ်၊ ရတယ်၊ မင်းတို့သိချင်ရင် မင်းတို့ကိုငါပြရသေးတာပေါ့ကွာ၊ ကဲ ရှေ့ကနေလျှောက်ကြစမ်းဟေ့၊ မဟုတ်တာလုပ်မယ်မကြံနဲ့နော်၊ ဟောဒီမှာသေနတ်တွေ့တယ်မဟုတ်လား”

ကျုပ်လည်း သာဒင်ကိုဘာလုပ်မလဲဆိုပြီးလှည့်ကြည့်လိုက်တော့  သာဒင်က ခေါင်းညိတ်ပြသဗျ၊ ဒါနဲ့ကျုပ်တို့လည်း အင်္ဂုလိညွှန်ပြတဲ့ တောင်စောင်းပေါ်ကိုတက်ခဲ့ကြတာပေါ့ဗျာ။

(၃)

သူခိုင်းတဲ့အတိုင်းသွားရင်း တောင်စောင်းကြီးက တဖြည်းဖြည်းမတ်စောက်လာတယ်ဗျ၊ နောက်တော့ ဝါးရုံပင်ကြီးတစ်ရုံကိုကျော်ခဲ့တဲ့အခါ တောင်စောင်းတစ်နေရာအရောက်မှာတော့ လူတစ်ရပ်နီးပါးလောက်ရှိတဲ့ ဂူပေါက်ကြီးတစ်ခုကိုမြင်တွေ့လိုက်ရသဗျ၊

“ဝင်၊ အဲဒီဂူထဲကိုဝင်စမ်း”

ဒါနဲ့ကျုပ်တို့လည်း ဂူပေါက်ထဲကိုတိုးဝင်ခဲ့တာပေါ့ဗျာ၊ ဂူပေါက်ဝက လူတစ်ယောက်ကျယ်ကျယ်ဝန်းဝန်းသွားလို့ရတယ်ဆိုရုံလောက်ပဲကျယ်တာဗျ၊ ဂူထဲမှာတော့ မှောင်နေသားဗျ၊ ကျုပ်တို့လည်း အမှောင်ထဲစမ်းတဝါးဝါးနဲ့ တိုးဝင်ခဲ့ရင်း အတွင်းမှာ အလင်းရောင်ကလေးမြင်ရသဗျ၊ ဆီမီးအလင်းရောင်မြင်လိုက်တာမို့ ကျုပ်လည်း ခပ်မြန်မြန်သွားလိုက်တော့ မကြာခင် ဂူအတွင်းပိုင်းတစ်နေရာကိုရောက်သွားပါရောဗျာ၊

“ရောက်ပြီ၊ ခင်ဗျားတို့သုံးယောက် ဟောဟိုနားမှာ မတ်တပ်ရပ်နေကြ”

သူခိုင်းတဲ့အတိုင်း ကျုပ်တို့လည်း ရပ်နေကြတာပေါ့ဗျာ၊ အထဲမှာတော့ ဂူက အတော်ကျယ်သဗျ၊ ဆီမီးခွက်တစ်ခုလည်းထွန်းထားတာတွေ့တယ်၊ ပြီးတော့ ကျောက်ကုတင်တွေ၊ ကျောက်စားပွဲတွေလည်း အစုံပဲဗျ၊ ဂူထဲကိုလေတွေတိုးဝင်နေပုံထောက်တော့ တစ်နေရာမှာအပေါက်တစ်ခုခုထပ်ရှိလိမ့်မယ်လို့ ထင်ရတယ်ဗျ၊ ကျုပ်တို့ဝင်ပြီးမကြာပါဘူးဗျာ၊ အဘွားကြီးတစ်ယောက်က ဟောင်ဖွာဟောင်ဖွာနဲ့ အော်ဟစ်ရင်း ဂူအနောက်ဘက်တစ်နေရာကနေထွက်လာသဗျ။

“သာဒင်၊ သာဒင်လားဟေ့”

“ဟုတ်၊ ဟုတ်ပါတယ် မေမေကြီး”

အဘွားကြီးက ထွက်လာရင်း အလင်းရောင်ထဲရောက်တော့ ကျုပ်တို့သုံးယောက်ကိုတွေ့သွားပြီးတော့ လန့်သွားသဗျ၊ ပြီးတော့ အင်္ဂုလိသာဒင်ဘက်ကိုလှည့်ကြည့်ရင်း

“ဟဲ့သာဒင်၊ နင်ဘယ်က ကလေကဝတွေကို ခေါ်လာခဲ့တာလဲဟင်”

“ဟာ၊ မေမေကြီးကလည်း သူတို့က ကျုပ်လက်ညှိုးတွေဖြတ်ပြီးတော့ ဘာလုပ်တာလဲဆိုတာ သိချင်တယ်ဆိုတာနဲ့ ခေါ်လာခဲ့တာဗျ”

မေမေကြီးဆိုတဲ့အဘွားကြီးက အင်္ဂုလိသာဒင် ဆီကိုပြေးသွားပြီးတော့ ခေါင်းကိုလက်နဲ့တဒေါက်ဒေါက် ခေါက်တော့တာပဲဗျာ။ ဟိုလူကလည်း ခံသဗျ၊ ပြီးတော့ မျက်ရည်လည်ရွဲနဲ့ငိုပါရော၊ မသိရင် သူ့ကြည့်ရတာ ကလေးလေးတစ်ယောက်အတိုင်းပဲ။

“နင်ဟာလေ တော်တော်ဇယားရှုပ်တဲ့အကောင်၊ နင့်ကို ငါမမှာထားဘူးလား၊ လူတွေ့ရင် ဖမ်းပြီးတော့ ညာဘက်လက်ညှိုးဖြတ်ပြီး ယူလာခဲ့ပါဆိုတာလေ၊ အခုတော့ ဘယ့်နှယ့် လူတွေကိုပါ အကောင်လိုက်ကြီးတွေခေါ်လာတာလဲဟ”

“မေမေကြီးကလည်း ကျုပ်ပြောပြီးသားပဲ၊ တခြားလူတွေက သိချင်တယ်လို့မှမပြောတာ၊ သူတို့ကတော့ လက်ညှိုးတွေဘာလုပ်သလဲသိချင်တယ်ပြောလို့ မေမေကြီးဆီကို ခေါ်လာခဲ့တာပါလို့”

အဘွားကြီးက အင်္ဂုလိသာဒင်ရဲ့ ကျောကုန်းကို လက်နဲ့တဘုန်းဘုန်းထုရင်း

“နင်တော်တော် တုံးတဲ့အကောင်ပဲ၊ ထူတဲ့အကောင်ပဲ”

ဒေါသတကြီးနဲ့အော်ပြောနေပါသေးတယ်ဗျာ၊ ကျုပ်တို့သုံးယောက်တော့ သူတို့ကိုကြည့်ပြီး ဘာလုပ်ရမှန်းကိုမသိပါဘူး၊ အင်္ဂုလိသာဒင်ကို အဘွားကြီးထုရိုက်နေတာမြင်တော့ ကျုပ်လည်းမနေနိုင်တော့ဘူးဗျ။

“ဒီလောက်ဆိုတော်ရောပေါ့ ဘွားတော်ရာ၊ ခင်ဗျားက ခေါင်းကိုချည်း တဒေါက်ဒေါက်ခေါက်နေတော့ ကြာရင် ခင်ဗျားသား ဦးနှောက်ချောင်သွားမှာပေါ့ဗျ”

ကျုပ်အော်ပြောလိုက်တော့ အဘွားကြီးက ခေါက်နေတာရပ်ပြီးတော့ ကျုပ်အနားကိုတိုးကပ်လာပြီး ခါးကိုလက်ထောက်ပြီးကြည့်တယ်ဗျ။

“အောင်မာ၊ နင်ကများငါ့ကို ရာရာစစ၊ ဟေ့၊ ငါမွေးထုတ်ထားတဲ့သားသမီးကို ငါရိုက်တာဘာဖြစ်သလဲ”

သူကပြောဆိုရင်း ကျုပ်ကိုင်ထားတဲ့ တောင်ဝှေးကလေးကိုတွေ့သွားသဗျ။

“သြော်၊ နင့်ဆီမှာတုတ်ပါလာတာကိုး၊ ပေးစမ်း”

ကျုပ်ဆီကနေ ဖြတ်ခနဲဆွဲလုသွားတာဗျ၊ ကျုပ်ဖြင့် သတိရပြီးပြန်ဆွဲတာပဲဗျာ၊ ဒါပေမယ့် ဘွားတော်က အားတော်တော်သန်တာပဲဗျ၊ ကျုပ်လိုလူငယ်လက်ထဲကနေတောင်မှ ရအောင်ဆွဲလုသွားနိုင်တယ်ဗျာ။ နောက်တော့ တောင်ဝှေးကိုကိုင်ကြည့်ပြီး တော်တော်အံ့သြသွားတယ်။

“ဟယ်၊ တုတ်ကအဆန်းပါလားဟဲ့”

အဲဒီလိုပြောပြီးတော့ ကျောက်ဂူအမိုးတစ်နေရာကို တုတ်နဲ့ညွှန်လိုက်တာ ကျောက်ဂူအမိုးမှာ ဝုန်းခနဲပေါက်ကွဲပြီးတော့ ကျောက်သားစတွေ၊ ဖုန်မှုန့်တွေ ပြိုကျလာပါရောဗျာ၊ ကျုပ်တို့ဖြင့် ဖုန်မှုန့်မွှန်လို့ ချောင်းတွေဆိုးနေပေမယ့် ဘွားတော်ကတော့ ပါးစပ်ကြီးဖြဲပြီးရယ်မောနေသဗျ။ အင်္ဂုလိသာဒင်ကတော့ အထိတ်တလန့်နဲ့

“မေမေကြီးဘာလုပ်လိုက်တာလဲ”

“ဟဲ့သား၊ နင့်လူဆီမှာ အစွမ်းထက်တဲ့တုတ်တစ်ချောင်းပါလာတာပဲဟ”

ပြောရင်းဆိုရင်း အင်္ဂုလိသာဒင်ကို တောင်ဝှေးနဲ့ထောက်ထည့်လိုက်တော့ အင်္ဂုလိသာဒင်ခမျာ ဖားကြိးတစ်ကောင်ဖြစ်သွားပါရောဗျာ၊ သူဝတ်ထားတဲ့ အဝတ်အစားတွေက အပုံလိုက်ကြီးပုံကျနေပြီးတော့ ဖားက ဂူထဲ ခုန်ဆွခုန်ဆွနဲ့ပြေးနေသဗျ၊ ဘွားတော်က ကျေကျေနပ်နပ်နဲ့ရယ်မောရင်း ဖားကိုတောင်ဝှေးနဲ့ပြန်ထောက်လိုက်တော့ အင်္ဂုလိသာဒင်က လူပုံစံပြန်ဖြစ်သွားပါရောဗျာ၊ ဒါပေမယ့် အဝတ်အစားတွေမရှိတော့ ကိုယ်လုံးတီးကြီးဖြစ်နေပါရောဗျာ၊ ကျုပ်တို့ကိုမြင်တော့ ရှက်ရှက်နဲ့ ဂူအနောက်ဘက်ကိုပြန်ပြေးဝင်သွားပါရောလား။

ကျုပ်လည်း လက်ကိုဖြန့်ပြီးတော့

“ကဲ ဘွားတော်၊ ခင်ဗျားကျုပ်တောင်ဝှေးကို ပြန်ပေးသင့်ပြီနော်”

“ဟား၊ ဟား ငါကနင်တို့ကိုပေးမလားဟ၊ ငါအလိုအပ်ဆုံးအရာကို ငါရရှိခဲ့ပြီပဲ၊ နင်တို့သွားလို့ရပြီ၊ နင်တို့ပြန်လို့ရပြီ၊ ဒီတုတ်ကလေးသာရှိရင် ငါလက်ညှိုးတွေထပ်ဖြတ်စရာမလိုတော့ဘူး”

“နေပါအုံးဗျ၊ လက်ညှိုးတွေကိုခင်ဗျားက ဘာလို့ဖြတ်ပစ်ရတာလဲ”

ဒီအချိန်ဘွားတော်က သူ့ညာဘက်လက်ကိုထောင်ပြတယ်ဗျ၊ ကျုပ်ကြည့်လိုက်တော့ ညာဘက်လက်မှာ လက်ညှိုးမပါဘူးဗျို့။

“ခင်ဗျားမှာလက်ညှိုးမပါလို့ ခင်ဗျားက သူများတွေကိုလည်း လက်ညှိုးမရှိပါစေနဲ့ဆိုတဲ့ သဘောနဲ့လိုက်ဖြတ်နေတာလား”

ဗလကြီးက မဆီမဆိုင်ဝင်မေးတော့ ဘွားတော်က ဟက်ဟက်ပက်ပက်ရယ်သဗျာ။

“ဟား၊ ဟား နင်တို့အတွေးက ကလေးအတွေးပဲ၊ ငါကဒီလိုလိုက်ဖြတ်စရာလားဟ”

သာဒင်က အရှေ့ကိုတက်လာပြီးတော့

“မဟုတ်ဘူး၊ ဗလကြီး၊ ငါထင်တာတော့ ဘွားတော်ကြီးက စုန်းမကြီးပဲဖြစ်မယ်၊ စုန်းတွေမှာ အရေးကြီးတာတစ်ခုကတော့ စေညွှန်ရာလိုအပ်တာပဲကွ”

သာဒင်စကားကြားတော့ ကျုပ်တောင်တော်တော်ထူးဆန်းသွားတယ်။

“စေညွှန်ရာ၊ ဟုတ်သလား”

“ဟုတ်တယ်၊ ရှင်းရှင်းပြောရရင် ကိုယ့််ဆီက မကောင်းတဲ့အစွမ်းတွေ၊ မှော်အစွမ်းတွေ သူများဆီကိုရောက်ဖို့အတွက် စွမ်းအင်တွေကိုပစ်သွင်းရတဲ့ စေညွှန်ရာတစ်ခုကိုပြောတာပေါ့ကွာ၊ အဲဒီစေညွှန်ရာကတော့ ဓါးသွားတွေ၊ ကတ်ကြေးတွေလိုအချွန်အတက်တွေဖြစ်နိုင်သလို တောင်ဝှေးတွေ၊ တုတ်တံတွေလည်းဖြစ်နိုင်တယ်ကွ၊ အစွမ်းမြင့်တဲ့လူတွေကျတော့ လက်ညှိုးပေါ့ကွာ”

ကျုပ်ဖြင့်မကြားဖူးလို့ ဆက်နားထောင်နေရတယ်။

“ဘွားတော်က စုန်းဖြစ်ပေမယ့် တစ်ခုခုကြောင့် သူ့လက်ညှိုးပြတ်သွားပုံရတယ်ကွ၊ ဒါကြောင့် သူက စုန်းပညာတွေထဲက ပစ်လွတ်တိုက်ခိုက်ရတဲ့ပညာတွေ အသုံးမပြုနိုင်တော့ဘဲ ရွတ်ဖတ်တဲ့ မန္တန်ပညာရပ်တွေပဲ အသုံးပြုနိုင်တော့တယ်ထင်ပါ့”

ဘွားတော်က သာဒင်စကားကိုနားထောင်ပြီးတော့ ခေါင်းတဆတ်ဆတ်ညိတ်တယ်။

“မင်းပြောတာမှန်တယ်၊ မင်းက စုန်းတွေအကြောင်းတော့ နားလည်သားပဲကွ”

“ဒါဖြင့်ရင် ခင်ဗျားက သူများလက်ညှိုးတွေဖြတ်ပြီး ခင်ဗျားလက်မှာပြန်တပ်ဖို့လားဗျာ”

ကျုပ်မေးလိုက်တော့ ဘွားတော်က ခေါင်းညိတ်ပြီးတော့

“တစ်ခါတုန်းက ငါကစုန်းမတစ်ယောက်နဲ့ပညာပြိုင်ခဲ့ပြီးတော့ ပညာခန်းမှာရှုံးးခဲ့တယ်၊ အဲဒီအခါ စုန်းမက ငါ့ရဲ့စေညွှန်ရာဖြစ်တဲ့ ညာဘက်လက်ညှိုးကိုဖြတ်သွားခဲ့တာပဲ၊ ဒါကြောင့် အခုတော့ငါသိပ်မစွမ်းတော့ဘူး၊ ဒါပေမယ့် ငါ့လက်ညှိုးကိုပြန်ပေါက်စေမယ့် နည်းလမ်းတစ်ခုကိုရခဲ့တယ်၊ အဲဒါကတော့ လူလေးဆယ့်ကိုးယောက်ရဲ့ လက်ညှိုးတွေကို စုစည်းရတာပဲ”

“ခင်ဗျားဗျာ၊ ညာဘက်လက်ညှိုးမရှိလဲ ခင်ဗျားမှာ ဘယ်ဘက်လက်ညှိုးရှိသေးတယ်မဟုတ်လား”

ကျုပ်ပြောတော့ သာဒင်က ခေါင်းခါပြီး

“မရဘူးကွ”

“ဒါဖြင့်ရင် သူများတွေရဲ့လက်ညှိုးတွေစုလိုက်တဲ့အခါ ခင်ဗျားလက်ညှိုးကပြန်ထွက်လာမလား”

“လူလေးဆယ့်ကိုးယောက်ရဲ့ ညာဘက်လက်ညှိုးတွေကိုစုပြီးတော့ အစီအရင်တစ်ခုလုပ်ရမယ်၊ ပြီးတော့ ဟောဒီမှာကြည့်လိုက်စမ်း”

ဘွားတော်က သူ့လည်ပင်းက ဆွဲကြိုးကိုပြတယ်ဗျ၊ ချည်သားနဲ့လုပ်ထားတဲ့ကြိုးထိပ်နားမှာ လက်ညှိုးတစ်ချောင်းကိုချည်ထားသဗျ၊ ထူးဆန်းတာတစ်ခုကတော့ အဲဒီလက်ညှိုးက မပုပ်မသိုးဘဲ အကောင်းအတိုင်းရယ်ဗျ။

“လေးဆယ့်ကိုးချောင်းနဲ့ ငါ့ရဲ့လက်ညှိုးနဲ့ပေါင်းပြီး အစီအရင်နဲ့ပြန်ဆက်လိုက်ရင် လက်ညှိုးပြန်ဖြစ်နိုင်တယ်၊ ဒါကြောင့် ငါလက်ညှိုးတွေစုနေခဲ့တာပဲ၊ အခုတော့ အချောင်းသုံးဆယ်လောက်စုမိပါပြီ၊ ဒါပေမယ့် ဆိုးတာကတော့ ဒီတော၊ ဒီတောင်ကို လူတွေဖြတ်သွားဖြတ်လာသိပ်မလုပ်တော့တာပဲ”

ဘွားတော်က ပြောနေရင်းထရယ်တယ်ဗျ။

“အခုတော့ လက်ညှိုးတွေကိုအလုပ်ရှုပ်ခံပြီး စုဆောင်းစရာမလိုတော့ဘူး၊ ဒီတုတ်ကလေးရှိခဲ့ပြီ၊ ဒီတုတ်ကလေးမှာ မမြင်နိုင်တဲ့အစွမ်းတွေ တော်တော်များများရှိနေတာပဲ”

ဘွားတော်က ပြောပြီးတော့ သူ့လည်ပင်းမှာ တပ်ထားတဲ့ လက်ညှိုးချောင်းကလေးကို ဖြုတ်ပြီး ဂူအတွင်းတစ်နေရာကိုလွင့်ပစ်လိုက်ပါရောဗျာ။ ကျုပ်လည်း အရှေ့ကိုတက်လိုက်ပြီးတော့

“ဘွားတော်၊ ကျုပ်တောင်ဝှေးက သာမန်မဟုတ်ဘူးဗျ၊ ကျုပ်တောင်ဝှေးကို ကျုပ်ကိုပြန်ပေးစမ်းပါဗျာ”

“မပေးဘူးဟေ့၊ မပေးဘူး”

“မပေးရင်တော့ လုမယ်ဗျာ”

ကျုပ်အရှေ့တိုးလိုက်တော့ ဘွားတော်က အနောက်ကိုခုန်ဆုပ်ပြီးတော့ ကျုပ်ဆီကိုတုတ်နဲ့လှမ်းချိန်ပြီးတော့ အလင်းရောင်တစ်ခုနဲ့လှမ်းပစ်တယ်ဗျ၊ အဲဒီအလင်းရောင်က ကျုပ်ခြေထောက်အနားကိုကျပြီးတော့ ရှဲခနဲမြည်ပြီး မီးတွေထတောက်ပါရောဗျာ။ ဘွားတော်က ရယ်မောရင်း မိုးပေါ်ကိုခုန်တက်သွားပြီးတော့ ဂူထဲမှာလှည့်ပတ်ပျံနေသဗျ။

“ကောင်လေးတွေ၊ အဲဒါနင်တို့ကို ငါသတိပေးတာ၊ နင်တို့ထွက်မသွားရင် နောက်တစ်ခါ ငါ့ရဲ့စက်လက်နက်တွေက နင်တို့ခေါင်းပေါ်ကို တည့်တည့်ကျလာမဟဲ့”

ကျုပ်လည်း ဘာလုပ်ရမှန်းမသိတော့ဘူးပေါ့ဗျာ၊ ဘွားတော်က ကောင်းကင်ပေါ်ပျံသန်းရင်း မှော်ပညာတွေကို အမျိုးစုံထုတ်သံုံးရင်း တော်တော်ပျော်နေတဲ့ပုံပဲဗျ၊ သာဒင်က ကျုပ်ကိုပုခုံးပုတ်ပြီးတော့

“မျောက်ခေါင်းရေ၊ တုတ်က မင်းတုတ်နော်၊ မင်းကိုဝိဇ္ဇာက ပေးခဲ့တာဆိုတော့ မင်းရဲ့တောင်ဝှေးကို မင်းထိန်းချုပ်နိုင်မှာပါကွ”

ကျုပ်လည်း တွေးနေမိတယ်၊ ဒီအခြေအနေအတိုင်းဆိုရင်တော့ ကျုပ်လည်း ဒီဘွားတော်နဲ့ယှဉ်နိုင်စရာအကြောင်း မရှိဘူးလေဗျာ၊ ဒါနဲ့ပဲ ကျုပ်သက်ပြင်းတစ်ချက်ချလိုက်တော့တယ်။

“ဦးလူနီ၊ ကျုပ်တောင်ဝှေးကို ခင်ဗျားရဲ့လက်ကို ပြန်အပ်ပါတယ်”

ကျုပ်တိုးတိုးကလေး ရေရွတ်လိုက်တော့တယ်။

“ဦးလူနီပြောတာမှန်တယ်၊ ဒီတောင်ဝှေးက စွမ်းအားသိပ်ကြီးလို့ မကောင်းတဲ့လူလက်ထဲရောက်ရင် မကောင်းတာတွေဖြစ်စေလိမ့်မယ်၊ ဒီတော့ မကောင်းတဲ့လူလက်ထဲ မရောက်ခင် ဦးလူနီပြန်သိမ်းပေးပါဗျာ”

ကျုပ်ပြောလို့မှမဆုံးသေးဘူး ဘွားတော်ကိုင်ထားတဲ့တောင်ဝှေးက လေပေါ်မှာတင် ရွှေရောင်အလင်းတန်းတွေထွက်ပြီးတော့ ဖြတ်ခနဲပျောက်ကွယ်သွားပါရောဗျာ၊ မိုးပေါ်ပျံနေတဲ့ ဘွားတော်လည်း အောက်ကိုဖုတ်ခနဲပြုတ်ကျတာပေါ့ဗျာ၊ သာဒင်က ကျုပ်တို့ကိုလက်တို့ပြီးတော့

“ကဲ အချိန်ကောင်းပဲဟေ့၊ ဒီအချိန်မပြေးရင် ဘယ်အချိန်ပြေးရမလဲကွ”

ဒါနဲ့ ကျုပ်တို့သုံးယောက်လည်း ဂူထဲကနေထွက်ခဲ့တာပေါ့ဗျာ၊ ဘွားတော်ကတော့ လဲကျနေရာကနေ အလူးအလဲကုန်းထပြီး

“ဟာ၊ ငါ့တုတ်၊ ငါ့တုတ်မရှိတော့ဘူး”

ပြီးတော့ သူ့လည်ပင်းကိုသူစမ်းပြီး

“ငါ့လက်ညှိုး၊ ငါ့လက်ညှိုးရော ဘယ်ရောက်သွားပါလိမ့်”

ဘွားတော်က ကျုပ်တို့ကိုတောင် သတိမထားနိုင်တော့ဘဲ ဂူထောင့်တွေဆီကိုသွားပြီးတော့ သူ့လွင့်ပစ်လိုက်တဲ့ လက်ညှိုးကို အသည်းအသန်ရှာနေတော့တယ်၊ ကျုပ်တို့သုံးယောက်လည်း ဂူထဲကနေပြေးထွက်လာခဲ့တော့တာပဲဗျာ၊ အပြင်မှာတော်တော်မှောင်နေပေမယ့် လအလင်းရောင်အနည်းကိုအားပြုပြီးတော့ ကျုပ်တို့စမ်းတဝါးဝါးနဲ့ဆက်ပြေးခဲ့ကြတယ်ဗျ၊ အဲဒီတောင်ကြီးပေါ်ကနေ တောင်ဆင်းတစ်လျှောက်ဆင်းလာခဲ့တာပေါ့ဗျာ၊ လူတစ်ကိုယ်လုံးလည်း သစ်ပင်တွေနဲ့တိုက်၊ သစ်ကိုင်းတွေနဲ့ငြိလို့ စုတ်ပြတ်နေတာပေါ့ဗျာ၊ တောင်ခြေလောက်ရောက်တော့ ညတော်တော်မှောင်နေပြီဗျ၊ ဒီတော့မှ ကျုပ်တို့လည်း စုန်းမကြီးဆက်မလိုက်လာတော့ဘူးဆိုပြီး ရပ်နားမိလိုက်ကြတယ်၊ မောလိုက်တာလည်း ပြောမနေပါနဲ့ဗျာ၊ အရှေ့မှာ ရေအိုင်ကလေးတစ်အိုင်တွေ့လို့ ခြေတွေလက်တွေဆေးလိုက်တော့မှ တော်တော်လန်းဆန်းသွားတယ်ဗျ။

“ကျုပ်တို့လွတ်ခဲ့ပေမယ့် ဒီဘွားတော်ကတော့ လာသမျှလူတွေကို ဆက်ပြီးလက်ညှိုးတွေဖြတ်နေအုံးမလားပဲနော်”

ကျုပ်လည်း ရေရွတ်လိုက်မိတယ်၊ သာဒင်က လက်ခုပ်နဲ့ရေတစ်ကျိုက်ခပ်သောက်ပြီးတော့ ပလုတ်ကျင်းပြီး တစ်နေရာကိုထွေးလိုက်တယ်ဗျ၊ နောက်မှ ကျုပ်ဘက်ကိုလှည့်ပြီးတော့

“ဒီဘွားတော်ကြီး လူတွေကိုဆက်ပြီး ဒုက္ခမပေးနိုင်တော့ပါဘူးကွာ”

ကျုပ်ဖြင့်အံ့သြသွားတယ်၊ သာဒင်က ဘာလို့ဒီလောက်တပ်အပ်ပြောနိုင်ရတာလဲဗျာ။

“ခင်ဗျားက ဘယ်လိုလုပ်ပြီး သေချာပြောနိုင်တာလဲဗျ”

သာဒင်က သူ့လွယ်အိတ်ကိုနှိုက်ကြည့်ပြီးတော့ လက်ညှိုးကလေးတစ်ချောင်းကိုထုတ်ပြတယ်ဗျ၊ ကျုပ်လည်း လက်ညှိုးကိုအနီးကပ်ကြည့်လိုက်ပြီးတော့

“ဒါ၊ ဒါ ခုနက ဘွားတော်လွှင့်ပစ်လိုက်တဲ့ လက်ညှိုးမဟုတ်လား”

သာဒင်က ရယ်ကျဲကျဲနဲ့

“အဟုတ်ပေါ့ကွာ၊ ဘွားတော်လွှင့်ပစ်လိုက်တဲ့လက်ညှိုးကို ငါက သူမမြင်ခင်ကတည်းက ကောက်ခဲ့တာကွ၊ အခုသူ့လက်ညှိုးလည်း မရှိတော့ဘူးဆိုတော့ ဒီဘွားတော် လူတွေဆီက လက်ညှိုးဘယ်လောက်ဖြတ်ဖြတ် သူ့လက်ညှိုးကိုပြန်မဆက်နိုင်တော့ဘူးလေကွာ”

သာဒင်ပြောတော့မှ ကျုပ်တို့လည်းဝိုင်းပြီးရယ်မောလိုက်ကြတယ်ဗျ၊ ဗလကြီးကလည်း အားရပါးရရယ်ရင်း

“ဟား၊ ဟား ကိုပြောင်ရှင်းရာ ဒီတစ်ခါတော့ အင်္ဂုလိသာဒင်က ခင်ဗျားဖြစ်သွားပြီဗျ၊ ဘွားတော်ရဲ့လက်ညှိုးကို ခင်ဗျားက ခိုးလာတယ်မဟုတ်လားဗျာ၊ ဟား၊ ဟား”

မိုးမလင်းခင်ပဲ ကျုပ်တို့နောက်ထပ်တောင်ကြီးတစ်လုံးကို ဆက်တက်လာခဲ့ကြတယ်၊ နောက်တစ်နေ့ နေမစောင်းခင်မှာပဲ ကျုပ်တို့စခန်းချထားတဲ့ တောင်တော်တောင်ကြီးကို ပြန်ရောက်ခဲ့ပါရောဗျာ၊ ဘွားတော်က ကျုပ်တို့အနောက်ကိုဆက်ပြီးမလိုက်လာတာကိုကြည့်ရင် ကျုပ်တို့ယူသွားတယ်လို့မထင်ဘဲ သူနေတဲ့လှိုဏ်ဂူအကြီးကြီးထဲမှာ မြေလှန်ပြီးရှာနေလောက်မယ် ထင်ပါရဲ့ဗျာ၊

ရောက်ရောက်ချင်းမှာပဲ စခန်းအနောက်က ထမင်းချက်တဲ့မီးဖိုထဲကိုသာဒင်က ဝင်သွားပြီးတော့ ထင်းမီးတွေတောက်လောင်နေတဲ့ မီးပုံကြီးထဲကို ဘွားတော်ရဲ့လက်ညှိုးကြီးကိုပစ်ထည့်လိုက်ပါရောဗျာ၊ လက်ညှိုးက မီးနဲ့တွေ့တော့ တဖြည်းဖြည်းချောက်ပြီး ကျုပ်တို့မျက်စိရှေ့မှာတင် တဖြည်းဖြည်းမီးစွဲလောင်ပြီးတော့ ပြာဖြစ်သွားပါရော။

ဆက်ရန်။

#အဂ္ဂဇော် #ဦးအောင်ရှိန် #ဦးဘသာ #စုန်း

စာရေးသူအဂ္ဂဇော်ကိုလေးစားစွာဖြင့် Credit ပေးပါတယ်