အိမ်ရှေ့လမ်းမှသားကိုမျော်

အတူတူ ဟင်းရွက်သွားခူးခဲ့သည့်အချိန်တို့အားပြန်လည် အမှတ်ရလို့လေ၏။လွန်ပြီဖြစ်သော ခင်ပွန်းသည် လယ်ထွန်သည့်အခါ ‌သားဖြစ်သူပေတူးမှာ ထယ်နောက်မှနေ၍ ပုဇွန်နှင့် ငါးတို့ လိုက်ကောက်လေ့ရှိသည်။သူမသည်က ထမင်းတောင်းကို သစ်ပင်ရိပ်တွင်ချလိုက်ပြီး အိမ်အတွက် ဟင်းရွက်များ ရှာခူးနေ၏။တယောက်တည်းပျင်းသောကြောင့် သားတော်မောင်အား ခေါ်သောအခါ

   “အမေကလည်း ဟင်းရွက်တွေပဲ ခူးမနေနဲ့ ဒီမှာ တွေ့လား ငါးရံ့နဲ့ ပုဇွန်လုံးတွေ “

   “ဟဲ့ ကောင်လေး ပုဇွန်လုံးတွေကို ခါးပိုက်ထဲ မထည့်နဲ့လေ အကုန် ညှပ်ခံရတော့မှာပဲ “

    “အမေ လုပ်ပါဦး ညှပ်ပြီ ညှပ်ပြီဗျာ “

   ငိုအားထက် ရယ်အားသန် ဖြစ်ရကာ သားတော်မောင် ပေတူးကို ညှပ်နေသော ပုဇွန်လုံးများကို ဖြုတ်ပေးခဲ့ရဖူးသည်။ခင်ပွန်း ဖြစ်သူ ထယ်ရေးထွန်၍ ထမင်းသွားပို့ရသည့်အခါတွင်လည်း သားဖြစ်သူနှင့်အတူတူ သွားပို့ဖြစ်သည်။ထိုအခါ သားတော် မောင်မှာ လေးဂွတလက်နှင့် လမ်းကို ဖြောင့်ဖြောင့်မသွား ဟို၀င် ဒီထွက် လုပ်နေ‌၍ အော်ရင်းငေါက်ရင်း ထမင်းသွားပို့သည့်အချိန်များကို ပြန်တွေးနေလေသည်။ယခုတော့  ခင်ပွန်းဖြစ်သူလည်းဆုံးပါးသွားသလို သားဖြစ်သူမှာလည်း အိမ်သိပ်မကပ်သဖြင့် ဘဝသည် အထီးကျန်သလို ခံစားနေရသည်။တချိန်က ပျော်ရွှင်ခဲ့ရသော မိသားစုဘဝလေးကို ပြန်မရနိုင်ပေမဲ့ ရှိသမျှ စည်းစိမ်အကုန်ပေး၍ ပြန်ရမည်ဆိုက ရှိသမျှစည်းစိမ်တွေကို  အကုန်ပေးပြီး ပြန်လိုချင်နေမိသည်။အတွေးပေါင်းစုံနှင့် ကန်စွန်းရွက်ခူးနေစဉ် သူမ၏ခြေသလုံးတနေရာအား အပ်နှင့်ထိုးလိုက်သကဲ့သို့ စစ်ခနဲနာကျင်သွား၍ ကုန်းပေါ်သို့ ပြန်တက် လာပြီး ထိုနေရာအား ကြည့်လိုက်လေသည်။ရွံ့နွံအနည်းငယ် ပေနေသောခြေသလုံးနေရာမှ သွေးစို့နေသော အပေါက်နှစ်ပေါက်ကို တွေ့လိုက်ရ၍ ပိုးထိသွားပြီဆိုတာ ဒေါ်တင်မ သိလိုက်ပြီး စိတ်ထဲတွင် ထိတ်ခနဲဖြစ်သွားကာ ပထမဆုံး တမ်းတမိ သည်က သားဖြစ်သူ ပေတူးသာဖြစ်သည်။ပိုးထိသွားသည်မှာ မီနစ်အနည်းငယ်ကြာပြီဖြစ်သော်လည်း မည်သည့်ဝေဒနာအရိပ် အယောင်မှ မပြသောကြောင့် ဒေါ်တင်မသည် သူမအားကိုက်သောမြွေမှာ အဆိပ်မရှိသော မြွေတကောင်သာ ဖြစ်လိမ့်မည်ဟု ကောက် ချက်ချလိုက်ကာ  အမှုမဲ့ အမှတ်မဲ့သာ နေလိုက်၏။ချိုးသိမ်းသည် ကိုင်းခုတ်ဓားကို ပုခုံးပေါ်ထမ်းကာ ထွက်နေသော ချွေးများကို လက်ဖမိုးဖြင့်သုတ်လိုက်ကာ ဒေါ်တင်မကို တချက် လှမ်းကြည့်လိုက်ပြီး

   “ဗျို့ လေးကြီးဘာဖြစ်လို့တုန်းဗျ”

   “ဘာမှ မဟုတ်ပါဘူး မျှော့တွယ်လို့ပါ”

   “ဟာ လေးကြီးကလည်း ဒီလယ်ထဲတွေမှာ ဘယ်ကသာ မျှော့ ရှိရမှာတုန်းဗျ လျှိုစွပ်နေလို့သာ စမ်းရေနည်းနည်းဝင်နေတာပါ”

   “ဘာမှ မဟုတ်ပါဘူး ငါ မျှော့လို့ထင်တာ မျှော့မဟုတ်ဘူးဟဲ့ “

   “ကျုပ် ပြန်တော့မှာ လေးကြီး တခါတည်းပြန်လိုက်ခဲ့မလား”

   “အေး အေး ပြန်ကြတာပေါ့ကွယ် “

   ဤသို့ဖြင့် ချိုးသိမ်းနှင့်အတူ ဒေါ်တင်မသည် ရွာဖက်သို့ ပြန် လိုက်ကြလေသည်။ဒေါ်တင်မ ပိုးထိထားသည်ကို ချိုးသိမ်းတယောက် မသိသလို သူမသည်လည်း သူမအား ကိုက်သွားသော ပိုးမှာ အဆိပ်ပြင်းသောမြွေပွေးဆိုတာ မသိဘဲ ရေမြွေတကောင် ကိုက်သည်ဟုသာထင်ပြီး ရွာသို့ နှစ်ယောက်သား စကားတပြောပြောနှင့် ပြန်ခဲ့လိုက်ကြပါလေတော့သည် ။

◾အခန်း (၃)

    ဒေါတင်မသည် ချိုးသိမ်း၏နောက်မှ လမ်းလျှောက်ရင်း ချိုးသိမ်းပြောသော စကားများကိုနားထောင်နေသည်။သူမ၏ သားဖြစ်သူနှင့် အပေါင်းသင်းများ၏ ဗရုတ်ကျပုံများကို ချိုးသိမ်းမှ ပြန်ပြောပြနေ၍ ပြုံး၍သာနားထောင်နေမိသည်။ထို့နောက် သူမသည် ရာသီဥတုမပူပါပဲ ချွေးများ ထွက်လာပြီး ရေဆာလာသည်။ထို့အတွက် ရှေ့မှချိုးသိမ်းအား လှမ်း၍ စကားဆိုလိုက်သည် ။

   “ချိုးသိမ်း”

   “ဗျာ လေးကြီး”

    “နင့်မှာ ရေလေးဘာလေး မပါဘူးလား ငါ ရေဆာနေလို့ ပူကလည်း ပူလိုက်တာ ရာသီဥတုက အိုက်စပ်စပ်ကြီးနော် “

   “မပူပါဘူး လေးကြီးရာ ဒီနေ့ တနေ့လုံး မိုးအုံ့နေတာကို “

   “အေး ဟုတ်တယ်နော် ငါ ဘာလို့များ တအားပူနေပါလိမ့်  ချိုးသိမ်းရေ ငါ ရင်တွေပါ ပူလာပြီဟဲ့ ဒီနားကလည်း နာ နာလာတယ် ငါ လမ်းဆက်မလျှောက်နိုင်တော့ဘူး ခဏလေး ငါ နားလိုက်ဦးမယ် နင် သွားရင်သွားနှင့်တော့ “

   “ဟာ မဟုတ်တာဗျာ လာ ဟိုမှာ ထိုင် ကျုပ် စောင့်ပေးမယ် “

   “အေး အေး”

    ချိုးသိမ်းသည် ယိုင်နဲ့နဲ့ဖြစ်ကာ ချွေးသီးချွေးပေါက်များ ထွက်နေသော ဒေါ်တင်မကို လမ်းဘေးရှိ ပိတောက်ပင်အား မှီ ပြီး နားလိုက်စေကာ သူဝတ်ထားသော အပေါ် လက်ရှည်အင်္ကျီဖြင့် ယပ်ခပ်ကာ သက်သာစေရန်အတွက် လုပ်ပေးနေလေသည်။နှုတ်မှလည်း စိုးရိမ်ပူပန်သောလေသံဖြင့်

    “လေးကြီးမှာ ရောဂါရှိတယ်လို့လည်း ကျုပ် မကြားမိပါဘူး ဘာဖြစ်တာလဲဗျ “

   “မသိပါဘူး ချိုးသိမ်းရယ် ငါ့သားလေးကို ငါ သိပ်သတိရတာပဲဟယ် “

   “လေးကြီးကလည်း ထူးထူးဆန်းဆန်းဗျာ “

   “ချိုးသိမ်း ငါ့မျက်လုံးတွေ ပြာလာပြီ ရင်တွေလည်း ပူလိုက်တာ  ငါ့ကို ကိုက်တာ မြွေဆိုးထင်တယ် “

    “ဗျာ လေးကြီး ပိုးထိထားတာလား မိုက်လိုက်တာဗျာ အစောကတည်းက ပြောပါလား ကျုပ်က ကျန်းမာရေး မကောင်းဘူးထင်လို့ “

   ချိုးစိမ်းသည်  ပြောပြောဆိုဆို ဒေါ်တင်မအား ပွေ့ ချီကာ ရွာ ထဲသို့ ဒရောသောပါး ‌အပြေးတပိုင်းနှင့် သွားလေသည်။သူ၏ ကိုင်းခုတ်ဓားလေးသည်က ပိတောက်ပင်တွင် မှီထားလျက်သားမှ မကြာသောအချိန်တွင် မြေပြင်ပေါ်သို့ လဲကျ သွားပါလေတော့သည် ။

◾အခန်း (၄)

    ဒေါ်တင်မ၏အိမ်တွင်လူများ စုရုံး ရောက်ရှိနေကြသည်။ ဆေးဆရာကြီးသည် ဒီထက် စောစောရောက်ပါက သူမ၏ အသက်ကို ကယ်နိုင်လိမ့်မည်ဟု ပြောပြီး အသက်မပါတော့သော ဒေါ်တင်မ၏ကိုယ်ခန္ဓာကြီးကို ကြည့်ပြီး စိတ်မကောင်း ဖြစ်နေ၏။ရွာသားများသည်လည်း ဒေါ်တင်မအတွက် စိတ်မကောင်းဖြစ်နေကြချိန် ရွာလူကြီးသည် ဦးအုန်းအား ကြည့်ကာ

   “ကဲ ကိုအုန်းရေ ပေတူးတို့သွားတာ တရက်တော့ပြည့်ပြီ အခုသူ့အမေက ဆုံးပြီ သူတို့က ဘယ်လောက်ကြာမယ်မှန်းလဲ မသိဘူးဆိုတော့ သူတို့ သွားတဲ့နေရာကို လိုက်ခေါ်မှ ဖြစ်မယ် “

    “သူတို့က မယားလဲသရက်ပင်ကို သွားတာ ကျုပ်အနေနဲ့ လိုက်ခေါ်လို့ မရတဲ့အကြောင်းတွေ ရှိနေတယ် “

   “အဲ့တာဆို ဘယ်လိုလုပ်မလဲ “

   “မင်းနောင်နဲ့ မြကြီးကို လွှတ်လိုက်ရင်ရော ဖြစ်နိုင်မလား ရွာ လူကြီး “

   “မဖြစ် ဖြစ်အောင် လုပ်ရမှာပဲလေ နှစ်ရက်ထက်ပိုထားလို့က လည်း မကောင်းဘူးဗျ “

   “ဟုတ်ပါတယ် အဲ့တာဆို အဲ့ကောင်နှစ်ယောက်ကို ကျုပ် လမ်းညွှန်လိုက်မယ်ဗျာ “

    “ခဏစောင့် အဲ့ဒီကောင်တွေ အိမ်အောက်မှာရှိတယ် ဟေ့ မြင့်စိုး အိမ်အောက်မှာ ကနားဖျင်း ထိုးနေတဲ့ထဲက မင်းနောင် နဲ့ မြကြီးကို ခေါ်ချေကွာ သွား “

    ရွာလူကြီးသည် ဒေါ်တင်မ၏ အလောင်းအနားတွင် ထိုင်နေသော ရွာသားတယောက်ကို ခိုင်းလိုက်ရာ ထိုရွာသားသည် လျင်လျင်မြန်မြန်ပင် အိမ်အောက်သို့ ဆင်းသွားလေသည်။မကြာသောအချိန်တွင် ထိုရွာသားနှင့်အတူ မြကြီးနှင့် မင်းနောင် ပါ ပါလာလေ၏။သူတို့နှစ်ယောက်သည် ရွာလူကြီးရှေ့ရောက်သော‌အခါ

   “ရွာလူကြီး ကျုပ်တို့ကို ခေါ်တယ်ဆို”

   “အေး ဟုတ်တယ် မင်းတို့နှစ်ယောက် မယားလဲသစ်ပင်ဆို လား အဲ့ဒီကို သွားရမယ်”

   “ရိုးမတောထဲက မယားလဲသစ်ပင်လား “

   “ဟုတ်တယ်လေ  မင်းတို့ သိတာလား “

   “သိတာပေါ့ဗျာ အဲ့နေရာက နည်းနည်းကြမ်းတယ်ဗျ ကျုပ်တို့ ဆို တောတက်ရင် အဲ့ဒီသရက်ပင်ဝန်းကျင်ကိုတောင် မသွားရဲ ဘူး မနက်အစောသွားမှ ညနေမိုးချုပ်ချိန်လောက်ရောက်တာ အခုအချိန် သွားရင်”

    “မင်း စကားသိပ်ရှည်တယ် မင်းတို့ အခုသွား ပေတူးကို ပြန် ခေါ်ခဲ့ သဘက်ခါအမှီ ပြန်လာခဲ့ ကြားလား”

   “ကျုပ်တို့က မအိပ်ပဲ တရက်လုံး”

   “မအိပ်နဲ့ကွာ လျှာကို ရှည်တယ် “

   “ဟုတ်ကဲ့ ဟုတ်ကဲ့”

    ရွာလူကြီးသည် ဒေါ်သထွက်နေသည်။သူသည် ရွာထဲတွင် ပိုး ထိ၍ လူတယောက်ဆုံးတိုင်း စိတ်‌တိုဒေါသထွက်မြဲ ဖြစ်သည်။ မဆုံးသင့်ပဲ ဆုံးပါးရသည့်အတွက် သူ မကာကွယ်ပေးနိုင်ဖြစ်နေသည်ကိုလည်း သူ့ဘာသာသူ အလိုမကျဖြစ်နေဟန်ရှိ၏။ထိုသည်က ခေါင်းဆောင်ကောင်းတို့၏ စိတ်ဓာတ်ပင် ဖြစ်သည်။ဤသို့ဖြင့် မင်းနောင်နှင့် မြကြီးတို့သည် ချက်ချင်းပင် ရိုးမတောထဲရှိ မယားလဲသစ်ပင်ဆီသို့ ခရီးဆက်လိုက်ကြပါလေတော့သည် ။

◾အခန်း (၅)

    ကြီးမားသောသရက်ပင်ကြီး၏ အောက်ခြေတွင် တဲလေးနှစ်လုံး ထိုးထားကြသည်။တဲတလုံးထဲတွင်‌ အဖွားအို တယောက် တရားထိုင်နေပြီး မလှမ်းမကမ်းရှိ ကျန်တဲတလုံးတွင်တော့ လှဲသူက လှဲ ထမင်းချက်သူက ချက်၊စကားတိုးတိုး ပြောသူပြော နှင့် လူပျိုအရွယ် လူငယ်သုံးယောက်နှင့် ကျန်သော ကလေးမက လူပျိုမကျအရွယ် ကောင်လေးသုံးယောက် ပေါင်းခြောက်ယောက်တို့ ရှိနေသည်။ထိုတဲထဲတွင် ထမင်းအိုး မီးထိုးပေးနေသော ကောင်လေးသည် စတင် စကားဆိုလိုက်သည် ။

    “ဘိုးထင် ငါကတော့ အသားစားချင်နေပြီကွာ အခုအချိန် ငါ တို့ ရွာပြန်ရောက်ရင် ငါ့အမေကို ဝက်သားရှယ်ချက်ကျွေးခိုင်း မှာ မင်းလည်း လာစားချင် စား “

   “လေးကြီးချက်ကျွေးတဲ့ ဝက်သားချက်က တော်တော်ကောင်းတာ ပေတူးရ ငါလာစားမယ်ကွာ လေးကြီးရဲ့လက်ရာလေး မစားရတာတော်တော် ကြာနေပြီ “

   “ပြန်ဖို့က ဘယ်လောက်လိုသေးလဲ ဘိုးထင် “

    “အဲ့တာတော့ ငါလည်း မသိဘူးလေ လေးရက်လို့ ပြောတာပဲ အခုမှ တရက်ကျော်ပဲရှိသေးတာ နောက် သုံးရက်လောက်တော့ နေရအုံးမယ် ထင်တယ် “

    ပေတူး၏အမေးစကားကို ဘိုးထင် ဖြေလိုက်စဉ် ဟင်းရွက် သင်နေသောသာအေးမှ တဲပေါ်တွင် လှဲအိပ်နေကြသော ဖိုးထွေး သာရ နှင့် ဇေယျာတို့ကို မျက်စပစ်ပြလိုက်ကာ

    “ဟေ့ကောင်တွေ ကြည့်ထား ကြီးသူရိုသေ ရွယ်တူလေးစား ငယ်သူသနားဆိုတာ ဘယ်သူကများ ပြောခဲ့တာလဲ အခုတော့ ငယ်တဲ့သူတွေကို သနားလိုက်ပုံများ အဖွားအတွက် လုပ်ပေးရတာက နည်းနည်း သူတို့အတွက်ချည်းပဲ ငါတို့ အငယ်တွေကပဲ လုပ်ပေးနေရတယ် “

    “ဟုတ်ပါ့ကွာ ကြားရင်လည်း ပေအိပ်ပြီး မကြားချင်ယောင် ဆောင်နေတာ “

   “ပြောမနေနဲ့ အဲ့လိုလူတွေနဲ့ ပေါင်းရင်တော့ အဲ့လိုပဲ ဖြစ်မှာပဲ “

    မောင်ဘိုးထင်တို့သည်  ထမင်းဟင်းချက်နေသည်။ငှက်ပစ်  ငါးရှာ၊ဖားရှာ လုပ်ချင်ပေမဲ့ အဖွားနွေဦးမှ သားသတ်လွတ်စားရမည် ဟု ပြောထားသောကြောင့် ဟင်းသီးဟင်းရွက်များသာ ရှာပြီး ချက်ပြုတ် စားသောက်နေရသည်။သူတို့ ကြိုက်သော အသားငါးများအား စားချင်သောက်ချင်ပေမဲ့ အဖွားနွေဦး၏ ကျင့်ကြံနေသည်များ ပျက်သွားမည် စိုးသောကြောင့် သူတို့ သည်းခံနေရသည်။အဖွားနွေဦးသည် မနက်နှင့် နေ့လယ်စာသာ စားပြီး ညစာမစားတော့ပေ။သူမကျင့်စဉ်ကျင့်ကြံနေသည်မှာ နှစ်ရက်လောက်သာ ရှိသေးသော်လည်း ဖြူဖွေးနေသော ဆံပင်များမှာ တဖြည်းဖြည်းမဲနက်လာပြီး အရည်တွဲနေသော အသားအရည်တို့သည်လည်း ပြန်လည်ပြည့်ဖြိုးလာပြီး အရွယ်ထက်ပို  နေသော အိုမင်းမှုတို့မှာလည်း သက်သာလာပြီဖြစ်သည်။ယခုလည်း မောင်ဘိုးထင်တို့သည် နေ့လည်စာ ချက်ပြုတ်ပြီးစီး၍  ထမင်းနှင့် ဟင်းကို အဖွားနွေဦး ကျင့်စဉ်နားနေသည့်အချိန်တွင် သွားရောက်ပို့ပေးလိုက်လေသည်။အဖွားနွေဦးသည် မောင်ဘိုးထင်တို့ပေးသော ထမင်းပန်းကန်နှင့် ဟင်းပန်းကန်ကို ယူလိုက်ကာ ပေတူးအား ကြည့်ပြီး

   “မြေးလေး အိမ်ပြန်ချင်နေပြီလား”

   “ပြန်တော့ ပြန်ချင်နေပြီ အဖွားရ ကျုပ်အမေချက်တဲ့ လက်ရာလေးကို စားချင်နေပြီ “

    “ဟုတ်တယ် အဖွားရေ ပေတူးက အိမ်ကို အတော်လွမ်းနေတာ “

    “အဲ့တာဆိုလည်း လူလေးတို့ ပြန်ကြပါလား အဖွားမှာ ဇေယျာ ရှိနေတာပဲ “

    “မဖြစ်ပါဘူး အဖွားရာ ကိုဇေယျာက ဟိုနှစ်ယောက်နဲ့ ပေါင်းပြီး အပျိုလေးတွေအကြောင်းချည်းပြောနေတာ  သူနဲ့သာဆို အဖွားထမင်း ငတ်မှာ သေချာတယ် “

    မဲ့ကာရွဲ့ကာ နှင့် ပြောနေသော ပေတူး၏စကားကြောင့်  အားလုံး ပြုံးစိစိဖြစ်ကြကုန်သည် ထို့နောက် အဖွားနွေဦး စားပြီး သော ထမင်းပန်းကန်ကို ပြန်ယူလာကာ ဖိုးထွေးတို့အားထမင်း စားဖို့ နှိုးလိုက်ကြပြီး သက်သက်လွတ်ဟင်းဖြင့် စိတ်မပါလက်မပါ နှင့် ထမင်းစားလိုက်ကြပါ တော့သည် ။

◾အခန်း (၆)

      မြကြီးနှင့် မင်းနောင်တို့သည် ရွာလူကြီး၏ခိုင်းစေမှုဖြင့်  ရိုးမတောထဲရှိ မယားလဲသရက်ပင်ဆီသို့ သွားနေကြသည် ။ နေ့လယ်အချိန်ထိရောက်သည့်တိုင် သူတို့ရပ်နားခြင်းမရှိပဲ ခရီးနှင်နေကြသည်။ချွေးများထွက်သည်ကိုပင် ဂရုမစိုက်နိုင်ပဲ မရပ်မနား ခရီးဆက်ကြသည်။သူတို့၏စိတ်ထဲတွင်လည်း ပေတူးအား မိခင်ဖြစ်သူ၏နောက်ဆုံးခရီးကို မှီစေချင်၏။အမေတခု သားတခု ဘဝမှ ယခုဆိုလျှင် တကောင်ကြွက် ဖြစ်တော့မည့်ပေတူးအပေါ် စာနာနားလည်စိတ်အပြည့်ဖြင့် ခရီးဆက်လာခြင်းဖြစ်ရာ မောသည်ပန်းသည်ကို ပဓာနမထားပဲ လမ်း လျှောက်ရင်းမှ စကားဆိုနေကြသည် ။

   “ကိုကြီးမြ  ရိုးမတောထဲက မယားလဲသရက်ပင်က တွေ့ချင်မှ တွေ့တာဆိုဗျ ဟုတ်လား “

   “ငါကတော့ မကြုံဖူးဘူးကွာ အဲ့ဒီနားရွာကလူတွေ ပြောတာတော့ အဟုတ်ဆိုပဲ “

   “ကျုပ်တို့ ရှာမတွေ့ ရင်ဘယ်လိုလုပ်မလဲ “

    မင်းနောင်၏စကားကြောင့် မြကြီး အနည်းငယ် တွေဝေသွား ၏။ထို့နောက် သက်ပြင်းတချက်ကို လေးပင်စွာချလိုက်ကာ

   “အဲ့လိုဖြစ်ခဲ့ရင်လည်း တို့ရဲ့အမကြီးတင်မနဲ့ ပေတူးရဲ့ ကံလို့ပဲ သတ်မှတ်ရ‌တော့မှာပေါ့ကွာ “

    စိတ်မကောင်းဖြစ်နေသော မြကြီး၏မျက်နှာကို မင်းနောင်ကြည့်လိုက်မိသည်။ပေတူးဆိုသည်မှာ ငယ်ငယ်ကတည်းက သူတို့၏ရှေ့တွင် ကြီးပျင်းလာခဲ့သော ကလေးတယောက်ဖြစ်ပြီး သွက်လက်ချက်ချာသောကြောင့် တရွာလုံးကချစ်ကြသည်။ထိုအတွက်ကြောင့် ရွာသားများမှာ ပေတူးအတွက် စိတ်မကောင်းဖြစ်နေကြခြင်းဖြစ်သည်။သူတို့နှစ်ယောက် လွယ်အိတ်ကြီးများ ကိုယ်စီလွယ်လျက် ခရီးဆက်လာရာ မှောင်စပျိုးသောအချိန်တွင် ရိုးမတောင်ခြေသို့ ရောက်လာကြသည်။တောင်ခြေတွင် ‌နွားလေးကောင်အား နှစ်ကောင်စီ ခွဲပြီး သစ်ပင်တွင် ချည်ထားကာ နွားမီးဖိုပေးထားပြီး လှည်းနှစ်စီး ယှဉ်ရပ်ထားသည်။သို့ပေမဲ့ ထိုလှည်း၊ထိုနွားများကို အံ့အားသင့်စရာကောင်းလောက်အောင် မမြင်နိုင်သူနှစ်ယောက်မှာ မင်းနောင်နှင့် မြကြီးဖြစ်သည်။သူတို့နှစ်ယောက်သည် အနားတွင်ရှိသော နွားများနှင့် လှည်းနှစ်စီးကို‌ပင် မမြင်နိုင်က အဘယ်ကြောင့်များ မယားလဲသရက်ပင်ကို မြင်နိုင်ပါမည်နည်း။ဤသို့ဖြစ်စေသောအကြောင်းမှာ ထိုတောင်တကြောကိုစောင့်သည့်ပုဂ္ဂိုလ်မှ သူ၏တောင်တွင် ကောင်းသောတရားကို လာအားထုတ်လျက်ရှိသော စုန်းဖြူမတယောက်၏  ကောင်းမွန်သောအပြောင်းအလဲဖြစ်နေချိန်တွင် အနှောက်ယှက် မရှိ‌စေရန် ကူညီပေးခြင်း ဖြစ် ၏။သို့ပေမဲ့ ပေတူးနှင့် သူ၏မိခင် အတွက်တော့ မမျှတသောကူညီမှုသာ ဖြစ်ခဲ့မည် ထင်သည်။မင်းနောင်နှင့် ‌မြကြီးသည် လွယ်အိတ်ထဲတွင်အသင့်ပါလာသော မီးအိမ်ကို ထွန်းညှိလိုက်ပြီး တောင်ပေါ်တက်သွားသော်လည်း များမကြာသောအချိန်တွင် တောင်ခြေသို့သာ ပြန်ရောက်လာ၏။ဘယ်လောက်သွားသွား ဘယ်လမ်းသွားသွား သူတို့သည် တောင်ခြေကိုသာ ပြန်ရောက်‌ ရောက်လာ၍ သွေးရိုးသားရိုးမဖြစ်နိုင်ဟု တွေးမိစဉ် တကိုယ်လုံး အစိမ်းရောင်အကြေးခွံများဖြင့်ဖုံးလွှမ်းထားပြီး ကိုယ်မှ အရောင်တလက်လက်တောက်ပနေသောပုဂ္ဂိုလ်သည် နှစ်ဖက်အသွားရှိသော သံလျက်ကိုကိုင်လျက် မီးအိမ်ထွန်းညှိပြီး တောင်ပေါ် တက်နေသော မြကြီး နှင့် မင်းနောင်တို့ အရှေ့တွင် ပေါ်လာကာ

    “မင်းတို့တွေ အခုညတွင်းချင်းပဲ ဒီတောင်နဲ့ ဝေးရာကို သွားကြလော့”

    ထိုသို့သောစကားကို ကြားလိုက်သည်နှင့် မင်းနောင်နှင့် မြကြီးသည် မည်သို့သောတုန့်ပြန်မှုမှ မလုပ်၀ံ့ပဲ ရိုးမတော နှင့်ဝေးရာသို့ ထွက်ပြေးလို့သွားကြပါလေတော့သည် ။

◾အခန်း (၇)

    ပေတူး၏ မိခင်ဒေါ်တင်မမှာ ဆုံးသည်မှာ ယနေ့ဆိုနှစ်ရက်ရှိပြီဖြစ်၍ အလောင်းအား သဂြိုလ်ရ‌တော့မည် ဖြစ်သည်။ပေတူးတို့အား သွားခေါ်သော မြကြီးနှင့် မင်း‌နောင်တို့သည် ပြန်ရောက်နေပြီး ပေတူးတို့အား ‌မ‌တွေ့ခဲ့ရ၍ နောက်ဆုံးတွင် မည်သို့မှမတတ်နိုင်ဖြစ်ကာ သဂြိုလ်ရတော့မည် ဖြစ်သည်။ရွာသားများ သည် အဖြစ်ဆိုးသော ဒေါ်တင်မအတွက် ဝမ်းနည်းကြေကွဲနေကြသလို ချိုးသိမ်းသည်လည်း အရက်မူးကာ ဒေါ်တင်မ၏ အလောင်းအားထည့်ထားသော ‌ခေါင်းတလားကို ကြည့်ကာ  ကြေကြေကွဲကွဲငို၍ စကားဆိုနေလေသည်။

    “လေးကြီးကို ကျုပ် ပြောပါတယ်ဗျာ အဲ့နေရာက ကန်စွန်းရွက်မခူးပါနဲ့လို့  ပြီး‌တော့ ပိုးထိရင်လည်း ပိုးထိတယ်လို့ ကျုပ်ကို ပြောရောပေါ့ဗျာ အခုတော့ ကျုပ် မကယ်နိုင်‌တော့ဘူး လေးကြီးရဲ့”

   “ချိုးသိမ်းရာ မင်းလည်း တတ်နိုင်သလောက် ကူညီခဲ့ပါတယ် ကွာ စိတ်လျှော့ပါ”

   “ပေတူးက ကျုပ်နဲ့ ညီအကိုလိုခင်တဲ့ ကောင်ဗျ ဒီကောင့်မှာ အခု အမေမရှိတော့ဘူး ပြီးတော့ သူ့အမေရဲ့နောက်ဆုံးအချိန်ကိုတောင် လိုက်မပို့နိုင်ဘူး ငါ့ညီရေ  အကို့အသံကို ကြားရင် အမြန်ပြန်ခဲ့ကွာ “

   “ချိုးသိမ်း မင်း ခံစားရသလို ငါတို့လည်းခံစားရတာပဲကွာ စိတ်ထိန်းပါ တပည့်ကြီးရာ”

    “ဆရာမင်းနောင်ပဲ စဉ်းစားကြည့်ဗျာ လေးကြီး ပိုးထိပြီးမှ ကျုပ်နဲ့အတူ လမ်းလျှောက်နေတာဗျ အစကတည်းက ပိုးထိမှန်းသိရင် ကျုပ် လေးကြီးကို ထမ်းပြေးပြီး ရွာကိုခေါ်လာမှာ “

   “မင်းအခုလည်း ကူညီခဲ့ပါတယ်ကွာ ကံလို့ပဲ သတ်မှတ်ရမှာပေါ့ “

   “ကံ မဟုတ်ဘူးဗျ မြွေ မြွေ အဲ့ဒီမြွေတွေကိုက်လို့ ကိုကြည်အေးလည်း သေခဲ့ရပြီးပြီ အခုလည်း လေးကြီးတင်မ ကျုပ်တို့ တတွေ ဘယ်အချိန်ထိ ဒီမြွေတွေ ဒုက္ခပေးတာ ခံနေရဦးမှာလဲဗျာ “

    ချိုးသိမ်း၏စကားကြောင့် ရွာလူကြီး မျက်နှာမကောင်းဖြစ်သွားသည်။သူလည်း ရွာမှရွာသားတယောက် ပိုးထိတိုင်း မကူနိုင်မကယ်နိုင်ဖြစ်ရသည်ကို ဘယ်လိုမှဖြေရှင်းမပေးနိုင်၍ သူ့ကိုယ်သူ အားမလိုအားမရဖြစ်နေရာ ယခု ချိုးသိမ်း၏ စကားများမှာ သူ့အား ခံစားရစေသည် ။ထို့နောက်  ချိုးသိမ်းသည် သူ၏လက်ပေါ်မှာပင် ဆုံးပါးသွားသောဒေါ်တင်မအား မကယ်နိုင်ခဲ့၍ အရက်များသောက်ကာငိုယိုနေသဖြင့် အားလုံးမှ ချော့ မော့ ဖြောင်းဖျနေရသည်။မိန်းမသားများသည် မျက်ရည်များ တသွင်သွင် စီးကျနေပြီး အသံထွက်ကာ ငိုနေပေမဲ့ ယောကျာ်းသားများသည်က ကျလုလုမျက်ရည်များကို တခြားသူမမြင်အောင် လက်နှင့် သုတ်ကြသည်။ထိုအထဲတွင် အောက်လမ်း ဆရာကြီး ဦးအုန်းလည်း အပါအဝင်ဖြစ်သည်။ပေပင်ရွာသားများအတွက် ရွာသားတယောက် ဆုံးပါးခြင်းသည် မိသားစုဝင်တ‌ယာက် ဆုံးပါးသွားသကဲ့လို ခံစားကြရသည်။ထို့ကြောင့် ပေတူးမရှိပေမဲ့ ဒေါ်တင်မ၏ နာရေးသည် ရွာသားများဖြင့်စည်ကားနေပါလေတော့သည် ။

◾အခန်း (၈)

    ပေပင်ရွာလေးသည် ယခုအချိန်တွင်တော့ တိတ်ဆိတ်ငြိမ်သက်လျက် ရှိလို့နေသည်။တချက်တချက် ခွေး‌အူသံများ၊ ချောင်းဆိုးသံနှင့် ကလေးအချို့ငိုသံလေးများသာ ထွက်ပေါ် လာတတ်ပြီး ကျန်သည့်အချိန်များတွင် တိတ်ဆိတ်လျက်ရှိ၏ ။ယခုအချိန်သည် ပေပင်ရွာလေး၏ ညသံခေါင်ယံအချိန် ဖြစ်ပေ၏။ရွာလည်လမ်းတွင်တော့ လေးပင်စွာ လမ်းလျှောက်နေသော အမျိုးသမီးကြီးတဦးသည် လမ်းလေးကိုကြည့်ကာ တခုခုကို စောင့်မျှော်နေဟန်ရှိသည်။ခွေးများသည်လည်း လိုတာထက်ပို၍ အူနေပြန်၏။ထိုခွေးများအူနေသည့် အသံကြားထဲမှ  ခြောက်ကပ်အက်ကွဲနေသော အသံတသံက ပေါ်ထွက်လာလေသည် ။

   “သား ပေတူး ပြန်လာပါတော့  သားလေး ပေတူးရေ ပြန်လာခဲ့ပါ‌တော့”

    ထိုလေးပင်ပင်အက်ကွဲကွဲအသံကို စကြားရသူမှာ ဒေါ်တင်မအိမ်နှင့် မျက်နှာချင်းဆိုင်အိမ်မှ မျိုးမြင့်ဟု အမည်ရသော လူ ဖြစ်သည်။ခွေးများဟောင်နေ၍ ပြတင်းပေါက်အား ဖွင့်ကြည့်လိုက်ရာ ထိုမြင်ကွင်းကို မြင်လိုက်ရ၍ ခြေထောက်တို့သည်ပင် တဆတ်ဆတ်တုန်ယင်နေလေသည်။သို့ပေမဲ့ လမ်းပေါ်မှ အော်နေသောအသံမှာ ပျောက်၍မသွား ပို၍ပင် ကျယ်လာရာ တခြားအိမ်များပါ ကြားလိုက်ရပြီး အားလုံးတုတ်တုတ်မျှပင် မလှုပ်ရဲ ဖြစ်နေကြသည် ။

    “သား ပေတူး ‌အမေ မျှော်နေတယ်လေ  ငါ့သားလေး ပြန်လာခဲ့ပါတော့ “

   ထိုအသံရှင်မှာ သားစွဲနှင့်ဘဝကူးပြီး မကျွတ်မလွတ်နိုင်ဖြစ်နေသည့်ဒေါ်တင်မ၏ အသံဖြစ်၏။လူဘဝ၌သာ သူမထိုသို့ အော်နေလျှင် ရွာရှိလူများသည် သနားဂရုဏာသက်စွာဖြင့် ဝိုင်းဝန်းကူညီကြမည်သာ ဖြစ်သည်။သို့ပေမဲ့ ယခုလို ဘဝခြားသွားသောအချိန်တွင်တော့ သူမ၏အသံကို ကြားနေရသော ရွာသားများသည် ကြောက်လန့်နေကြပြီး သနားဂရုဏာသက်ခြင်းဆိုသည်ကို ဂရုမပြုနိုင်ကြတော့ပေ။ထိုအရာသည်က လူ့ဘဝနှင့်  ပရလောကကွာခြားချင်းပင် ဖြစ်မည်ထင်၏။သားကို လွမ်းနေသော လူသားမိခင်တယောက်ငိုနေသည့်အခါ ကျန်လူသားများမှ နှစ်သိမ့်ကြပေလိမ့်မည် ဖြစ်သော်လည်း လူ့ လောကနှင့် ခြားနားစွာရှိလှသော ပရလောကသားမိခင်တယောက်မှ သားကိုလွမ်းနေသည့်အခါမျိုးတွင်တော့ တခြားသောပရလောကသားမှ နှစ်သိမ့်ခြင်းအမှုမပြုနိုင်ကြပေ။သူတို့နည်းတူ လူသားတို့သည်လည်း ပရလောကဘ၀ရောက်နေသည့်  မိခင်တဦး၏ဝေဒနာကို သနားကြင်နာခြင်းမရှိနိုင်ပဲ ထိုအသံကို မကြားနိုင်အောင်သာ နားကိုပိတ် စောင်ကို ခေါင်းမြီး ခြုံကာ အိပ်နေကြသူများသာ ဖြစ်လိမ့်မည်ဆိုတာ မလွဲဧကန်အမှန်ပင် ဖြစ်ပါတော့သည်။

◾အခန်း (၈)

    မယားလဲသရက်ပင်တွင် ကျင့်စဉ်ကျင့်နေသော အဖွားနွေဦးသည်  ငါးရက်မြောက်သောနေ့တွင် သူမ၏ကျင့်စဉ်များ အောင်မြင်ပြီဖြစ်၍ အမှောင်ပညာတို့သည် ကိုယ်တွင်းသာမက စိတ်ထဲ၌‌ပင် မရှိတော့ပေ။အမှောင်ပညာများမရှိ‌တော့သည့် အဖွားနွေဦးမှာ အသက်ခြောက်ဆယ့်ငါးနှစ်သာရှိ‌သေး၍ လိုတာထက်အိုမင်းမနေတော့ပဲ ဖြူဖွေးနေသော ဆံပင်များနှင့် တွဲ ကျနေသော အသားအရည်တို့မှာ အသက်ခြောက်ဆယ့်ငါးနှစ် နှစ်နှင့် သင့်တင့်သည်အနေအထားပြန်၍ ဖြစ်သွားသည်ကို ကြည့်ရင်း  မောင်ဘိုးထင်တို့အဖွဲ့ အံ့ဩဝမ်းသာနေကြသည်။ အိမ်ပြန်ချိန်နီးနေပြီဖြစ်၍ ပေတူးသည် ရှေ့မှ တကဲကဲဖြစ်လို့နေသည်။မောင်ဘိုးထင်တို့သည်  ပေတူးကို ကြည့်ကာ

   “ပေတူး အိမ်က ထွက်မပြေးပါဘူးကွ “

   “ဒီငါးရက်မှာ သားသတ်လွတ်စားထားတာ အိမ်ရောက်ရင် အမေ့ကို ဝက်သား အဝချက်ကျွေးခိုင်းမယ် “

   “မဖြစ်နိုင်တာကွာ မင်း နဲ့ ငါ လောင်းမလား ပေတူး “

   “ပြောလေ သာအေး”

   “မင်းအမေ ဘာဟင်းချက်ထားမယ်ဆိုတာ ငါတို့သုံးယောက်လောင်းမယ် မှန်တဲ့ကောင်ကို ကျန်တဲ့နှစ်ယောက်က လောက်စာ လုံး တရာစီ လုံးပေးရမယ် ဘယ်လိုလဲ  “

   “စိန်လိုက်လေကွာ ငါ့အမေအကြောင်းကို မင်းတို့က ငါ့ထက် ပိုသိမှာလားကွ “

   “လေးကြီးတင်မအိမ်မှာ ထမင်းကို အချိန်အတော်ကြာကြာထိ အလကား စားလာခဲ့တဲ့ကောင်တွေပါကွ “

   မောင်ဘိုးထင်သည် ပေတူးကို ကြည့်ပြီး ပြောလိုက်ခြင်းဖြစ် သည်။သူ၏ မိခင်ကြီးတစ္ဆေဘဝတွင် ရှိစဉ်အခါက ပေတူး၏ ဖခင်ကြီးကိုယ်ခန္ဓာထဲဝင်ပူးခိုင်းခဲ့စဉ် သူ့အားနေ့တိုင်း ပေတူး ၏အမေမှ ထမင်းချက်ကျွေးခဲ့သည် မဟုတ်ပါလား။သူတယောက်တည်းတင်မက  သာအေးပါ ပါတတ်သည်မို့ ‌ဒေါ်တင်မ ၏အကြောင်းကို သူတို့ သိနေပြီ ဖြစ်သည်။ထို့နောက် ပစ္စည်း ပစ္စယများကို သယ်ပိုးနေရင်း ပေတူးမှ သူတို့၏ အလောင်းအ စားကို စတင်လိုက်လေသည် ။

   “ငါ့အမေ ဝက်သားချက်ထားစေရမယ်ကွာ “

   “ငါလည်း အဲ့တာပြောမလိုပဲ ဒါပေမဲ့ ဝက်သားက နေ့တိုင်းမရဘူးဆိုတော့ အချဉ်ဟင်း ငါးခြောက်ကြော်ကွာ “

   “ဟားး ဒီကောင်တွေ အ လိုက်တာကွာ မင်းတို့နှစ်‌ယောက် မှတ်ထားကြ လေးကြီးက ခရမ်းချဉ်သီးထောင်းနဲ့ ငါးခြောက် ဖုတ်ထားမှာ “

    “ဘာများလဲလို့ ငါတို့က မနက်ခင်းကြီး ပြန်ရောက်မှာ မဟုတ်ဘူး ညမှရောက်မှာလေ ငဒူရဲ့”

   ဤသို့ဖြင့် ပေတူးသည် ဝက်သားချက်ထားမည် ပြောသလို  မောင်ဘိုးထင်သည်က အချဉ်ဟင်း ငါးခြောက်ကြော်မည်ဟု ဆိုပြီး သာအေးမှာဖြင့် ခရမ်းချဉ်သီးထောင်း နှင့် ငါးခြောက်ဖုတ် ဟု မှန်းထားကာ သူတို့၏အလောင်းအစားကို အတည်ပြုလိုက်ပြီး အိမ်ပြန်ဖို့အတွက် တက်ကြွနေကြသည်။တကယ်၍သာ  ဒေါ်တင်မ တယောက် ဆုံးပြီဆိုသည်ကို သူတို့သိခဲ့ရင်ဖြင့် ယခုလို ပျော်ပျော်ရွှင်ရွှင် စကားပြောနိုင်မည် မဟုတ်ဘူးဆိုတာ သေချာနေတော့သည်။

◾အခန်း (၉)

     မောင်ဘိုးထင်တို့သည် စလိုက်နောက်လိုက်နှင့် အပူအပင်ကင်းစွာဖြင့် မယားလဲသရက်ပင်မှ တောင်ခြေသို့ဆင်းလာကြသည်။ထို့နောက် သာရ နှင့် ဇေယျာတို့ လှည်းကောက်နေသည်ကို ကြည့်ပြီး စနောက်လိုကြသလို ဖိုးထွေးမှာ လှည်းဘေးတွင် ရပ်ပြီး ဆရာကြီး လုပ်နေသည်ကို ပေတူးမှ လှမ်း၍ စကားဆိုလိုက်လေသည်။

    “ကိုဖိုးထွေး သူများတွေ အလုပ်တွေကိုယ်စီ လုပ်နေတာ ခင်ဗျားက ဘာလဲ လူကြီးသားဆိုပြီး အာဏာ ပြနေတာလား လူကြီးသားလည်း ဂရုမစိုက်ဘူးနော် အမမိကျော့ကို တချက်လောက် ချွန်လိုက်ရင် ဘာဖြစ်မယ်ဆိုတာ သိတယ်မဟုတ်လား”

   “အေး အေး ပေတူး ပြောထား ရွာပြန်ရောက်ရင် မိဂျမ်းကို လေးဂွနဲ့ ပစ်တဲ့ကိစ္စ မင်းအမေကို တိုင်ပြောခိုင်းမှာ “

   “ကျုပ် အမေကို တိုင်တာတော့ ပြဿနာမရှိဘူး ကျုပ်အမေက သူ့ရဲ့တဦးတည်းသော သားလေးကို ချစ်မှ ချစ်ပဲဗျ “

   “အေး အေး လေးတင်မ ဝါးခြမ်းပြားနဲ့လိုက်မှ ကယ်ပါဦး ကိုဖိုးထွေး လုပ်ကြည့် ဖမ်းပေးပြီး မင်းပုဆိုးကို ချွတ်ခိုင်းပြီးတော့ကို ရိုက်ခိုင်းမှာ “

   ဤသို့ဖြင့် မောင်ဘိုးထင်တို့လူစုသည် ပျော်ပျော်ပါးပါးနှင့် စိတ်လက်ပေါ့ပါးစွာဖြင့်  လှည်းများကောက်လိုက်ကြပြီးနောက် ပေပင်ရွာသို့ အပြန်ခရီးကို စတင်လိုက်ကြပါတော့သည် ။

   ◾အောက်လမ်းဘိုးထင်နှင့် အိမ်ရှေ့လမ်းမှာ သားကိုမျှော်လို့ သည်က ဤမျှသာ  မကြာမီ အောက်လမ်းဘိုးထင် နှင့် ရန်သူတော် အမည်ရ ဇာတ်လမ်းလေးအား တင်ဆက်ပေးပါမည် ။

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း