ထမင်းစားပျက်တဲ့ည

ဝင်ထိုင်လိုက်ပြီး

“ဟာ၊ မမကြီးကလည်း၊ သားက အခုမှ ရှစ်တန်းပဲရှိသေးတာ၊ ဆော့အုံးမှာပေါ့”

ထိုအခါ အိမ်နောက်ဖေးမှ မိခင်ဖြစ်သူ ဒေါ်၀တုတ်က လက်ဆေးရေထည့်ထားသည့် ကော်ဇလုံကလေးကိုင်လာပြီး ထွက်လာလေသည်။

“ဆော့တာလဲ ဆော့တာပေါ့သားရယ်၊ မင်းဟာက ထမင်းမေ့ဟင်းမေ့နဲ့၊ ထမင်းစားဖို့တောင် လိုက်ခေါ်နေရတယ်ဆိုရင် မဟုတ်သေးဘူးနော်”

ဖိုးသားလည်း မိခင်ချပေးသည့် လက်ဆေးရည်ခွက်အတွင်းသို့ ညာဖက်လက်ကိုနှစ်လိုက်ပြီး ပွတ်ဆေးနေရင်း အိမ်နောက်ဖေးကိုတစ်ချက်ကဲကြည့်လိုက်ကာ

“ဒါနဲ့အမေ၊ ခုနက အိမ်ပေါ်တက်လာတာ ဘယ်သူလဲ”

ဒေါ်၀တုတ်ရော၊ အမကြီးမနှင်းရော ဖိုးသားကို အံ့ဩစွာဖြင့်ကြည့်နေလေသည်။

“ဟဲ့ ဘယ်သူလာလို့လဲ”

“ဟာဗျာ၊ သားခြေလက်ဆေးနေရင်း ယောက်ျားကြီးတစ်ယောက် အိမ်ပေါ်ကိုတက်သွားတာကို ရိပ်ခနဲလှမ်းမြင်လိုက်ရပါတယ်”

“ပေါက်ပေါက်ရှာရှာပြောတော့မယ်ဖိုးသားရယ်၊ ငါဒီမှာထိုင်ပြီး ထမင်းပွဲပြင်နေတာပါဟဲ့၊ ဘယ်သူမှ မတက်လာပါဘူး”

မမကြီးက ပြောလိုက်တော့မှ ဖိုးသားလည်း ဘာမှဆက်မပြောတော့ဘဲ ထမင်းပန်းကန်အတွင်းသို့ လက်နှိုက်လိုက်လေသည်။ မိခင်ဖြစ်သူ ဒေါ်၀တုတ်က ဖိုးသားပန်းကန်ထဲသို့ ဟင်းများခပ်ထည့်ပေးသည်။

“ဟောဒါက ငါ့သားကြိုက်တဲ့ ဘဲဥချဉ်ရည်ဟင်း၊ ဟောဒါကတော့ ဗမာကြက်ကြော်”

အမေထည့်ပေးသည့်ဟင်းများဖြင့် ဖိုးသားတစ်ယောက် ထမင်းကို အားရပါးရစားတော့သည်။ လူပျိုပေါက်အရွယ်ကလည်းဖြစ် တက်လူကလည်းဖြစ်သည်မို့ ထမင်းနှစ်ပန်းကန်မောက်မောက်ကုန်တော့မှ ဖိုးသားဗိုက်၀သည်။ ဖိုးသားက ထမင်းစားရာတွင် ဘဲဥဟင်းကိုသာ စားနေပြီး ကြက်သားကြော်ခွက်ကို မနှိုက်သဖြင့် အမဖြစ်သူက မေးတော့သည်။

“ဟဲ့ဖိုးသား၊ ဘဲဥနဲ့ချည်းစားမနေနဲ့၊ ကြက်ကြော်လဲစားပါအုံး”

“ဟာ၊ မမကြီးကလည်း အခုတစ်နပ်က ဘဲဥနဲ့စားတာ၊ နောက်တစ်နပ်ကျတော့ ကြက်ကြော်နဲ့စားမှာပေါ့”

“အမယ်လေးတော်၊ နင်က အကြံနဲ့ကိုးဖိုးသားရဲ့”

သူတို့ထမင်းစားနေစဉ် အိမ်နောက်ဖေးမှ အိုးသံခွက်သံများကိုကြားလိုက်ရသည်။ မမကြီးရော၊ အမေကရော ဖိုးသားကိုကြည့်လိုက်သဖြင့် ဖိုးသားက လက်ကိုပင်မဆေးတော့ဘဲ အိမ်နောက်ဖေးမီးဖိုချောင်သို့ဝင်လာခဲ့သည်။

“သွားစမ်း၊  ဘယ်က ကြောင်သူခိုးဝင်တာလဲ”

ဖိုးသားက အော်ငေါက်လိုက်သော်လည်း ကြောင်ကိုအရိပ်အယောင်ပင်မတွေ့ရ၊ မီးဖိုချောင်မှာ တံခါးများလုံနေအောင်ပိတ်ထားသဖြင့် ဝင်ပေါက်မရှိပေ၊ ထို့အပြင် ဖယောင်းတိုင်မထွန်းထားသဖြင့် အမှောင်ကျနေလေသည်။ ဖိုးသားလည်း ခေါင်းကုပ်ပြီး အိမ်ရှေ့သို့ထွက်လာခဲ့သည်။

“ကြောင်လည်းမတွေ့ဘူးအမေ”

“ဪ၊ ဒါက ဖြစ်တတ်ပါတယ်၊ တစ်ခါတစ်လေ အိုးတွေခွက်တွေမှောက်ရင်း အံမကျရင်လည်း သူ့အလိုလိုဖြစ်တတ်တာပဲ၊ စိတ်ထဲမထားနဲ့”

ဖိုးသားက ထမင်းစားပြီး ဗိုက်နာလာသည်။ ထို့ကြောင့် ဖယောင်းတိုင်မီးတစ်တိုင်ယူပြီး အိမ်သာဆီသို့ဆင်းလာခဲ့သည်။ ထိုအချိန်က သူတို့ရွာကလေးတွင် လျှပ်စစ်မီးမရသေးပေ၊ ရွာရှိအိမ်တော်တော်များများမှာ မီးအလင်းရောင်အတွက် ဖယောင်းတိုင်ကိုသာ အားကိုးကြရသည်။ ငွေကြေးတတ်နိုင်သည့်သူများကတော့ ဘက်ထရီအိုးများ၊ အင်ဗာတာများ သုံးတပ်ကြသည်။

ရွာ၏ထုံးစံအတိုင်း အိမ်သာများကို ဟိုးခြံအနောက်ဘက်တွင် တည်ဆောက်ထားတတ်ကြသည်ဖြစ်ရာ ဖိုးသားတို့အိမ်သာမှာလည်း ခြံအနောက်ဘက်စွန်းတွင်တည်ရှိကာ အိမ်နှင့်အတော်လှမ်းလေသည်။ အိမ်သာသွားသည့် လမ်းတွင်လည်း ဝါးရုံပင်များ၊ သစ်ပင်ကြီးများကို ဖြတ်သန်းသွားရသေးသည်။ ဖိုးသားက သရဲမကြောက်တတ်သဖြင့် အိမ်သာကိုတစ်ယောက်တည်းသွားသည်။ ထိုအထိက အကောင်းပင်ဖြစ်သည်။

သို့သော် အိမ်သာတက်နေရင်း အိမ်သာရှေ့တွင် ခြေသံကြားရသည်။ ခြေသံက တရှပ်ရှပ်နှင့်ဖြစ်ပြီး အိမ်သာရှေ့တွင် ခေါက်တုန့်ခေါက်ပြန်သွားလာနေခြင်းဖြစ်သည်။ ဖိုးသားတစ်ယောက် အိမ်သာတက်နေရင်း အတွေးနယ်ချဲ့ရတော့သည်။ မိခင်ဖြစ်သူ၊ ဒါမှမဟုတ် မမကြီးက အိမ်သာတက်ချင်သဖြင့် လိုက်လာခြင်းပေလားဟုတွေးတောကာ အမြန်လက်စသတ်ပြီး အိမ်သာပေါ်မှဆင်းလာခဲ့သည်။

“ဟင်၊ ဘယ်ရောက်သွားပါလိမ့်”

ဖိုးသားအိမ်သာပေါ်မှဆင်းလိုက်သည့်အခါ လူအရိပ်အယောင်ပင်မတွေ့ရပေ၊ လှန့်ပြန်သွားသည်ဆိုပေအုံးတော့ အိမ်သာသွားသည့် လမ်းတွင် လူကိုတွေ့ရမည်ဖြစ်သည်။ ထိုအချိန်အထိ ဖိုးသားမှာ ကြောက်စိတ်မဝင်သေးပေ၊ ဖယောင်းတိုင်မီးကလေးနှင့် အိမ်သာမှပြန်လာပြီး အိမ်ထဲရောက်သည့်အခါ မမကြီးမှာ စာအုပ်တစ်အုပ်ဖတ်နေလေသည်။

“မမကြီး ခုနက အိမ်သာကိုလာသေးလား”

“မလာပါဘူး . . .”

“ဒါဖြင့်ရင် အမေရော”

“အမေက နာရေးအိမ်ဘက်ကူးသွားတယ်၊ သွားပြီးလုပ်ကိုင်ပေးဖို့ထင်ပါ့”

ဖိုးသားစိတ်ထဲ ဒွိဟဖြစ်သွားမိသည်။ ဒါဆို ခုနက အိမ်သာရှေ့မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်နေတာဘယ်သူလဲဆိုသည့်အတွေးဖြစ်သည်။

ထိုညက ဖိုးသားအမေ ဒေါ်၀တုတ်မှာ နာရေးအိမ်တွင် ကူညီနေသဖြင့် ပြန်မလာနိုင်ပေ၊ ညကတဖြည်းဖြည်းနက်လာသည်။ မမကြီးက အိပ်ချင်လာသဖြင့် သူ့အိပ်ခန်းအတွင်းသို့ဝင်သွားသည်။ ဖိုးသားတို့အိမ်တွင် အိပ်ခန်းနှစ်ခန်းရှိရာ တစ်ခန်းက ဖိုးသားအမေအသုံးပြုပြီး ခြေရင်းခန်းကိုတော့ မမကြီးက အသုံးပြုသည်။ ဖိုးသားကတော့ ယောက်ျားလေးမို့ အိမ်ရှေ့ဘုရားခန်းရှေ့တွင် ခြင်ထောင်ထောင်ပြီး အိပ်လေသည်။

ညကတဖြည်းဖြည်းနက်လာသည်။ ဖိုးသားလည်း မှေးခနဲအိပ်ပျော်သွားရာ အိမ်တံခါးအသံကိုကြားလိုက်တော့မှ လန့်နိုးလာခဲ့သည်။ နာရီကိုကြည့်လိုက်တော့ ည ကိုးနာရီခွဲနေပြီဖြစ်သည်။ အိမ်နောက်ဖေးတံခါးက တဝုန်းဝုန်းနှင့် လေတိုက်နေပြီး ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေပုံရသည်။

ဖိုးသားလည်း အိပ်ရာမှထလိုက်ပြီး အိမ်နောက်ဖေးသို့ထွက်ခဲ့သည်။ အိမ်နောက်ဖေးတံခါးမမှာ လေတိုက်သလိုဖြစ်နေပြီး ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေသည်။

“ငါများ ညနေက သေချာမပိတ်ခဲ့မိလို့များလား”

အိမ်နောက်ဖေးတံခါးကိုပိတ်ပြီး ပြန်ထွက်မည်အလုပ်တွင် ဗိုက်ကဆာလာသည်။ ဖိုးသားက အသားလုပ်နေသည့်အရွယ်မို့ ညတစ်ရေးနိုးလည်း ဆာလောင်နေတတ်ရာ သူ့အမေက ဖိုးသားအတွက် ထမင်းဟင်းများကို ချန်ထားပေးတတ်သည်။ မီးဖိုချောင်ထဲတွင် မှောင်မိုက်နေသဖြင့် ဖိုးသားက ဖယောင်းတိုင်မီးလေးပြေးထွန်းလိုက်ပြီးနောက် မီးဖိုချောင်အတွင်းသို့ ဝင်လာခဲ့သည်။

ထမင်းဒန်အိုးထဲမှ ထမင်းများကို စတီးဇလုံထဲသို့ ခူးထည့်လိုက်ပြီး ကြောင်အိမ်ကိုဖွင့်လိုက်ကာ ကြွေပန်းကန်လုံးနှင့်အုပ်ထားသည့် ကြက်သားကြော်များကိုထုတ်လိုက်သည်။ အိမ်ရှေ့သို့မသွားတော့ဘဲ မီးဖိုချောင်အတွင်းမှာပင် စားပွဲဝိုင်းကလေးခင်းလိုက်ပြီး တစ်ယောက်တည်းထမင်းထိုင်စားရန်ပြင်လိုက်သည်။

ထမင်းတစ်လုပ်စားလိုက်သည့်အချိန် သူ့အနားတွင် အလွန်ပုပ်ဟောင်သည့် ညှီစို့စို့အနံကြီးကို ရလိုက်သည်။ ဖိုးသားက နံလွန်းသဖြင့် နှာခေါင်းပိတ်ထားလိုက်သည်။

“ဟာကွာ၊ ငါးပိအိုးက ပုပ်နေပြန်ပြီထင်တယ်”

ဖိုးသားစိတ်တွင် မီးဖိုချောင်အတွင်း ကိုယ်တိုင်ပြုလုပ်ထားသည့်ငါးပိအိုးမှ ငါးများမှာ ပုပ်နေသဖြင့် ပုပ်စော်နံခြင်းဖြစ်မည်ဟုတွေးလိုက်မိသည်။ ထမင်းကိုစားရင်း နှစ်လုပ်မြောက်တွင် ပုပ်စော်က ပိုပြီးဆိုးလာသည်။ ဖိုးသားလည်း တစ်မျိုးစဉ်းစားရပြန်သည်။ သူတို့အိမ်တွင် အိမ်ကြွက်များနေတတ်ရာ အိမ်ကြွက်တစ်ကောင်ကောင်ကို ကြောင်ကဖမ်းယူစားသောက်ပြီး အပိုင်းအစများကျန်နေသဖြင့် ပုပ်နေခြင်းပေလော။

တွေးရင်း တတိယမြောက်ထမင်းလုပ်ကို ပါးစပ်ထဲထိုးထည့်လိုက်သည့်အချိန် သူ့အရှေ့တွင် ပုဆိုးအကွက်ကျဲဝတ်ထားသည့် လူတစ်ဦးလာရပ်သည်ကိုမြင်တွေ့လိုက်ရသည်။ ဖိုးသားလည်း အံ့ဩသွားပြီး မော့ကြည့်လိုက်ရာ နေ့လည်က မြှုပ်ထားသည့် သူ့ဘကြီးဖြစ်သူကိုတွေ့လိုက်ရသဖြင့် ဖိုးသားတစ်ယောက် အလွန်ထိတ်လန့်သွားသည်။

ဘကြီးမျက်နှာကြီးက ပုပ်ပွနေပြီး မျက်လုံးကြီးတွေက အပြင်ကိုပြုတ်ထွက်တော့မတတ် ပြူးကာ ဖောင်းအစ်နေလေသည်။ အသားအရေများက အနက်ရောင်၊ ခပ်ပုပ်ပုပ်ကြီးဖြစ်သည်။ ဖိုးသားအခုမှ တစ်ကိုယ်လုံးတုန်ယင်လာသည်။ သူ့အရှေ့တွင်ရပ်နေသည့် သရဲကြီးကိုကြည့်ရင်း ကြောက်လန့်နေမိသည်။

သူ့ဘကြီးက ဝုန်းခနဲသူ့အရှေ့တွင်ထိုင်ချလိုက်သည်။ အပုပ်နံ့က ပိုပြီးပြင်းထန်လာသည်။ ဘကြီးက သူ့ကိုသေချာကြည့်ရင်း

“မင်းအမေက ငါ့ကိုထမင်းစားဖို့ခေါ်ပြီးတော့ ကျွေးလည်းမကျွေးဘူးကွာ၊ ပေးစမ်း ငါ့ကိုထမင်းပန်းကန်”

ဖောင်းအစ်ပြီးဖောယောင်နေသည့် လူသေလက်ကြီးများဖြင့် ဖိုးသားအရှေ့မှထမင်းပန်းကန်ကိုဆွဲယူလိုက်လေသည်။ ထမင်းစားရန်ပါးစပ်ကိုဟလိုက်သည့်အချိန်တွင် ဘကြီးပါးစပ်အတွင်းမှ လောက်များက တဖွားဖွားနှင့်ကျလာလေသည်။ ဘကြီးကတော့ လောက်များကို ဂရုမထားနိုင်ဘဲ ထမင်းလုပ်ကို လက်တစ်ဆုပ်ကောက်ယူလိုက်ပြီး ပါးစပ်အတွင်းသို့ သွပ်ထည့်လိုက်သည်။ ထို့နောက် ကြက်သားကြော်ကို ပါးစပ်ထဲသို့ တစ်တုံးလုံးပစ်ထည့်လိုက်ပြီး အရိုးများကိုပါ တဂျွတ်ဂျွတ်ဖြင့် ဝါးစားနေလေသည်။

ဖိုးသားလည်း ဘကြီးသရဲထမင်းစားနေသည်ကိုကြည့်ရင်း အလွန်အော်ဂလီဆန်လာကာ အော့အန်ချမိသည်။ နောက်တော့ ဘာမှမစဉ်းစားတော့ဘဲ မီးဖိုချောင်ထဲရှိ ပြတင်းပေါက်ကို အမြန်ဖွင့်လိုက်ကာထိုပြတင်းပေါက်မှတဆင့် လွှားခနဲခုန်ချလိုက်တော့သည်။ ထို့နောက် ပါးစပ်က အသံစုံအော်အော်ဟစ်လျှက် အိမ်ကိုပတ်ပြီး မီးများထိန်လင်းနေသည့် နာရေးအိမ်ဘက်သို့ ပြေးတော့သည်။

“အမေရေ၊ သရဲ . . သရဲကြီးဗျ”

ဖိုးသားရောက်လာပြီး အကြောင်းစုံပြောသဖြင့် ဆွေမျိုးများ ရွာသားများကို စုဆောင်းပြီး ဖိုးသားတို့အိမ်သို့ အားချင်းစုရုံးလိုက်ကြသည်။ ထိုအခါ အိမ်ရှေ့တံခါးမကြီးပွင့်နေသဖြင့် အိမ်ပေါ်သို့ပြေးတက်သွားကြသည်။ မမကြီးက သူ့အခန်းအတွင်း စောင်ကြီးခေါင်းမြီးခြုံပြီး တုန်တုန်ယင်ယင်နှင့် ဖြစ်နေလေရာ မနည်းစကားမေးယူရသည်။

“ဟုတ်တယ်၊ သရဲကြီးတစ်ကောင်က သမီးအခန်းထဲကိုဝင်ပြီးတော့ ခြင်ထောင်ကိုပတ်ပြီးကြည့်နေတာအမေ”

ထို့နောက် ဖိုးသားတွေ့ခဲ့သည့် မီးဖိုခန်းအတွင်းသို့သွားသည့်အခါ ထမင်းပန်းကန်သာရှိပြီး ထမင်းစားပွဲပေါ်မှာရော၊ ထမင်းပန်းကန်အတွင်းမှာပါ ထမင်းစေ့တစ်စေ့ပင်မရှိအောင် တက်တက်စင်အောင်ပြောင်နေလေသည်။

ဒေါ်၀တုတ်လည်း ကြောက်လန့်သွားပြီး တစ်အိမ်လုံးကို ပရိတ်ရည်များဖြင့်ဖြန်းပက်သလို၊ ဖိုးသားတို့ မောင်နှမကိုလည်း ပရိတ်ရည်များတိုက်ကြလေသည်။ သို့သော် ထိုညတော့ သူတို့မအိပ်ရဲတော့ဘဲ အတူတူစကားပြောရင်း ဖြတ်သန်းလိုက်ကြသည်။

ထိုနေ့ညတွင်ပင် ဘကြီး၏ သမီးကြီးက ဘကြီးကို အိပ်မက်မက်သည်ဟုဆိုသည်။ ဘကြီးမှာ အလွန်ဒေါသထွက်နေပြီး ဖိုးသားတွေ့ခဲ့ရသည့်အတိုင်း အဝတ်အစားဆင်တူသည်ဟုဆိုသည်။

“ငါ့ကို ထမင်းစားမယ်လို့ခေါ်ပြီးတော့ ထမင်းမကျွေးလို့ ငါလုစားပစ်တာ၊ ဒီကောင်မကို ငါမကျေနပ်ဘူး”

ဘကြီးသမီးကြီးက အိပ်မက်ထဲတွင် အကြိမ်ကြိမ်တောင်းပန်သည့်အခါမှသာ ဘကြီးက စိတ်ပြေသွားသည်ဟုဆိုသည်။

ဖြစ်နိုင်သည်ကတော့ ဖိုးသားတစ်ယောက် ခြင်းလုံးဆော့ကစားနေချိန်တွင် ဒေါ်၀တုတ်က ဖိုးသားအား ထမင်းစားရန်ခေါ်သည့်အခါ မည်သူမည်ဝါဟု နာမည်မခေါ်ဘဲ၊ လာကြ၊ ထမင်းစားမယ်ဟေ့ဆိုပြီး သာမန်ကာလျှံကာ ခေါ်လိုက်မိသည့်အချိန်တွင် ဘကြီးသရဲကလည်း သူ့အိမ်နားရောက်နေခိုက် သူ့ကိုထမင်းစားခေါ်သည်မှတ်ပြီး လိုက်လာခြင်းဖြစ်မည်ဟု ဖိုးသားကောက်ချက်ချမိသည်။

ထိုအဖြစ်အပျက်များမှာ နှစ်ပေါင်းများစွာကြာသွားခဲ့ပြီဆိုသော်လည်း လူလတ်ပိုင်းဖြစ်နေသည့် ဖိုးသားတစ်ယောက် ထိုကဲ့သို့ ဗမာကြက်ကြော်နှင့် ထမင်းဖြူကို တွေ့မိသည့်အခါ တစ်ချိန်က ထမင်းလုစားဖူးသည့် ဘကြီးဖြစ်သူ သရဲကြီး၏ မျက်နှာကြီးနှင့် အပုပ်နံ့ကြီးကို ပြန်လည်တွေးမိပြီး ယခုတိုင် ထမင်းစားပျက်ဆဲဖြစ်ပါသည်။

ပြီးပါပြီ။
#အဂ္ဂဇော်