ဝက်ထိုးမုဆိုး

ဝင်ဆွဲ ဝင်ခဲလေသည်။

ခွေးများ ဝိုင်းဟောင် ဝိုင်းဆွဲ ဝိုင်းကိုက်ခံရသောတောဝက်မှာ ဆောင့်ကြောင့်ထိုင်၍ ဝင်လာသမျှ ခွေးများအား ပြန်၍ပက်လေသည်။

ထိုကဲ့သို့ ဆောင့်ကြောင့်ထိုင်၍ ပြန်ခံနေချိန်တွင် ဝက်ထိုးမုဆိုးက မှိန်းတစ်ကမ်းအကွာအဝေးမှ မှိန်းဖြင့် ပစ်ထိုး ထိုးရလေသည်။ မှိန်းချက်ထိမှန်ခံရသော တောဝက်မှာ ပြေး၍မရတော့ဘဲ ခွေးများ၏ ဝိုင်းကိုက်ခြင်းကို ခံရ၏။ ထိုအချိန်ထိ တောဝက်မှာ မသေ။ သေအောင် မှိန်းတစ်ချောင်းဖြင့် လက်စသတ် ထိုးရလေသည်။

မှိန်းသမား၏ မှိန်းထိုးချက် မသေချာ၍ ထိချက်မမှန်ဘဲ ထိချက်လွဲသွားသည့်အခါ တောဝက်မှာ ပြေး၍ပက်သည့်အတွက် အသက်ဆုံးရှုံးရသူ၊ ဒဏ်ရာပြင်းထန်စွာရသူတွေ ရှိခဲ့ဖူးပါသည်။

တောဝက်အမဆိုလျှင် ဒဏ်ရာရချိန်တွင် လူနှင့်ပက်ပင်းတိုးမိပါက ခွေးကိုက်သကဲ့သို့ ကိုက်လေသည်။ အစွယ်မရှိ၍ မပက်ပါ။

တောဝက်အထီး ဝက်တောင်း(ဝက်သိုး) ဆိုပါက ပြေး၍ပက်လေ၏။ ဝက်တောင်းအပက်ခံရပါက မသေသော်လည်း ဒဏ်ရာအကြီးအကျယ်ရပြီး မသန်မစွမ်း ဒုက္ခိတ ဖြစ်ရလေသည်။

x x x x

ညရှစ်နာရီအချိန်ခန့်တွင် ခွေးခြောက်ကောင်၊ လူဆယ့်နှစ်ယောက်တို့သည် ရွာမှ ထွက်ခဲ့ကြလေသည်။ လက်ဝဲဘက်ချောင်းအား ကူးတို့လှေဖြင့် ဖြတ်ကူးခဲ့ကြပြီး စဥ့်အိုးပြင်ရွာနံဘေး လယ်ကွင်းပြင်မှ ဖြတ်၍လာခဲ့ကြလေသည်။ လဆန်း ဆယ့်တစ်ရက် လရောင်မှာ ရိုးပြတ်များပေါ် ဖြန့်ပက်ကျနေလေသည်။

စဥ့်အိုးပြင်ရွာလွန်သည်နှင့် တောင်ကုန်းများ ပတ်လည်ဝိုင်းနေသော လယ်ကွင်းပြင်အတွင်း အမဲလိုက်ခွေးခြောက်ကောင်မှာ ရိုးပြတ်အတွင်း အနံ့ခံရင်း ရှေ့သို့ ပြေးသွားနေကြသည်။

လူများမှာ ခွေးများပြေးထွက်သွားရာ လယ်ကွင်းပြင်သို့ကြည့်၍ နားစိုက်ထောင်နေကြလေသည်။ မကြာမီအချိန်အတွင်း ခွေးများပြေးသွားသောလယ်ကွင်းပြင်မှ –

“ဝုတ် – ဝုတ် – ဝုတ် – ဝုတ်”

“ဝေါင်း – ဝေါင်း – ဝေါင်း”

ခွေးများဟောင်သံကို ကြားကြရလေသည်။ မှိန်းကို ထမ်းထားသော ကိုဖိုးသိန်းက –

“ဟော ခွေးတွေ တောဝက်နဲ့တွေ့နေပြီ။ မှိန်းပါတဲ့လူတွေ ငါနဲ့ လိုက်ခဲ့ကြ၊ ကျန်တဲ့လူတွေ နောက်က ဖြည်းဖြည်းလိုက်ခဲ့ကြ။ ဓာတ်မီး လုံးဝမထိုးကြနဲ့”

ပြောပြီးသည်နှင့် ညာလက်က မှိန်းအား အသင့်ကိုင်၍ ခပ်သုတ်သုတ် ထွက်သွားလေရာ ကိုဖိုးသိန်းနောက်မှ ကိုအလုံး၊ ကိုဘသိန်းနှင့် မောင်မြထွန်းတို့ သုံးယောက် မှိန်းများကို အသင့်ကိုင်၍ လိုက်သွားကြလေသည်။

“ဝုတ် – ဝုတ် – ဝုတ်”

“ဝေါင်း – ဝေါင်း – ဝေါင်း”

ခွေးများ၏ ဒေါသတကြီး မာန်ဖီဟိန်းသံ ဟောင်သံများ ဆူညံစွာ ထွက်ပေါ်နေသော နေရာအနီးသို့ ရောက်လာပြီး လရောင်အောက်တွင် မြင်လိုက်ရသည်ကခွေးခြောက်ကောင်၏ အလယ်တွင် ဖင်ထိုင်ရင်း ရှေ့လက်နှစ်ချောင်းထောက်ပြီး ဆောင့်ကြောင့်ထိုင်လျက်ဖြင့် ဟောင်သံပေးရင်း နောက်မှ အလစ်ဝင်ကိုက်ဆွဲနေသော ခွေးများအား ခံနေ(ရန်ခံ) သော တောဝက်တစ်ကောင်ကို မြင်ကြရလေသည်။

ထိုမြင်ကွင်းကို မြင်တွေ့လိုက်ရသည်နှင့် ကိုဖိုးသိန်းက လေချွန်သံပေး၍ အချက်ပြလိုက်လေသည်။ မှိန်းအား ညာလက်နှင့်ကိုင်ပြီး ညာပခုံးပေါ်သို့ ထမ်းလိုက်ပြီး ပစ်ထိုးရန် အသင့်အနေအထားဖြင့် ရှေ့သို့ တစ်လှမ်းချင်းလှမ်း၍ သွားလေ၏။ ခွေးများမှာ တောဝက်၏ရှေ့မှ ဟောင်၍ အယောင်ပြသည့်အကောင်က အယောင်ပြပြီး လစ်သည်နှင့် နောက်မှဝင်ဆွဲသည့်ခွေးက ဝင်ဆွဲနေလေသည်။

ကိုဖိုးသိန်းသည် အခြေအနေကိုကြည့်လိုက်ပီး ဝါးတစ်ပြန်အကွာအဝေးသို့ ရောက်သည်နှင့် ပါးစပ်မှ စုတ်သပ်သံပေးလိုက်ရာ ခွေးများသည် နောက်သို့ဆုတ်လိုက်ကြပြီး သဲကြီးမဲကြီး ထိုး၍ ဟောင်လိုက်ကြလေသည်။

ခွေးများ နောက်ဆုတ်လိုက်သည်နှင့် ထိုင်နေသော တောဝက်မှာ ရှေ့လက်ကို အားပြု၍ လေးဖက်ရပ်လိုက်သည်။ ရလာသည့်အခွင့်အရေးကို ကိုဖိုးသိန်း ပိုင်ပိုင်နိုင်နိုင် အသုံးချလိုက်လေတော့သည်။

ညာလက်ဖြင့်ကိုင်လျက် ညာပခုံးပေါ်ထမ်းထားသော မှိန်းအား ညာလက်ကို နောက်သို့ဆုတ်လိုက်ပြီး ခန္ဓာကိုယ်တွင်းရှိ အားများကို ညာလက်မောင်းအတွင်းသို့ ပို့လိုက်ပြီး မှိန်းတံအား တောဝက်ရှိရာသို့ ပစ်လွှတ် လိုက်လေသည်။

ထိုင်ရာမှ ခြေလေးချောင်းပေါ် ရပ်မိပြီး ပြေးထွက်ရန် အားယူနေသော တောဝက်မှာ ရှေ့လက်နောက်လက်ပတ်နေရာသို့ မှိန်းတံ လာရောက်စိုက်ဝင်သဖြင့် တစ်ဖက်သို့ ကျွံထွက်သွားသော မှိန်းတံအရှိန်ကြောင့် ဘေးသို့ ယိုင်ကျသွားပြီး နာကျင်စွာ အော်လိုက်သည်။

ဝက်အော်သံကြားသည်နှင့် ခွေးခြောက်ကောင်မှာ တစ်ပြိုင်တည်း ပြေးဝင်၍ ကိုက်ဆွဲလိုက်ကြလေသည်။ မှိန်းစူးဝင်သည့်ဒဏ်ရာမှာ နှလုံးကိုဖောက်ဝင်သွားသည့်အတွက် တောဝက်မှာ တစ်ချက်နှစ်ချက် အော်လိုက်ပြီး ငြိမ်သက်သွားရာ ခွေးများမှာ ကိုက်ဆွဲနေခြင်းကို ရပ်လိုက်ကြသည်။

ထိုအချိန်တွင် ကိုဖိုးသိန်းသည် ခါးတွင်ထိုးထားသောလက်နှိပ်ဓာတ်မီးအား ယူ၍ တောဝက်အား ထိုးကြည့်လိုက်ရာ မှိန်းတန်းလန်းနှင့် အသက်ပျောက်နေသည်ကို မြင်ရလေလျှင် လက်တွင်းမှ ဓာတ်မီးဖြင့် နောက်ဘက်သို့လှည့်၍ အချက်ပြလိုက်လေသည်။

မှိန်းကိုင်သူသုံးယောက်နှင့် ရွာသားများ ကိုဖိုးသိန်းအနီးသို့ ရောက်လာကြပြီး တောဝက်သေအား ကြည့်ပြီး ကိုအလုံးက ပြောလိုက်သည်။

“ဝက်မပဲကွ – တစ်ချက်တည်းနဲ့ပွဲသိမ်းပဲ။ အချိန်(၅၀)တော့ ထွက်မှာသေချာတယ်ကွ။ ဒီနေ့ လာဘ်ဦးကောင်းတယ်။ ဒီဝက်ကို ဟိုလမ်းဘေးက တလင်းပျက်ထဲကို ရွှေ့ထားခဲ့ကြပြီး ရှေ့က အော်လံပြင်ကွင်းဘက်ကို ဆက်လိုက်ကြမယ်”

ကိုအလုံးပြောသည့်စကားကြောင့် ကိုဘသိန်းက –

“ကဲ … ကဲ လာကြဟေ့။ ဒီဝက်ကိုဟိုနားက တလင်းပျက်ထဲကိုပြောင်းကြမယ်။ ပြီးရင် ရှေ့ကို ဆက်ပြီးလိုက်ကြမယ်”

ရွာသားများသည် ပါလာသောကြိုးများဖြင့် ဝက်ကောင်အား ရှေ့လက်နှစ်ချောင်း နောက်ခြေနှစ်ချောင်း ပူး၍ ချည်လိုက်ကြပြီး ဝါးနက်ဝါးပိုင်းဖြင့် လျှိုထမ်းကာ တလင်းပျက်ဆီသို့ ထမ်းယူခဲ့ကြပြီးကောက်ရိုးများဖြင့် အုပ်၍ ထားခဲ့ကြလေသည်။ ထို့နောက် ဆက်၍ ထွက်လာခဲ့ကြရာ အော်လံပြင်ရွာနံဘေးမှဖြတ်၍ အော်လံပြင်ကွင်းသို့ ဆက်လက်ထွက်လာကြလေသည်။

x x x x

“ဝုတ် – ဝုတ် – ဝုတ်”

“ဝေါင်း – ဝေါင်း”

“ဂီး – ဂီး – ဂါး”

အော်လံပြင်ရွာလွန်ပြီး အော်လံပြင်အင်းအစပ်ဘက်မှ အမဲလိုက်ခွေးများ၏ ဟောင်သံ၊ မာန်ဖီကိုက်ခဲသံများအား ကြားလိုက်ရသောကြောင့် မှိန်းသမား များ ခေါင်းထောင်၍ နားစွင့်လိုက်ကြပြီး ကိုအလုံးက ပြောလိုက်သည်။

“ခွေးအုပ်တော့ တောဝက်အုပ်နဲ့ တိုးနေပြီဟေ့။ မှိန်းသမားတွေ ငါနဲ့လိုက်ခဲ့ကြ … သတိရှိကြပါနော်”

ကိုအလုံးက ပြောပြီး ခွေးဟောင်သံများ ကြားရသော အော်လံပြင်အင်းအစပ်ရှိရာသို့ အပြေးထွက်သွားလေသည်။ မှိန်းသမားများမှာလည်း နောက်မှ အပြေးလိုက်သွားကြသည်။ ကိုအလုံးသည် မှိန်းကို ညာလက်ဖြင့်ကိုင်၍ ညာပခုံးပေါ် ဇော်ထမ်းထမ်းရင်း ခွေးအုပ်ရှိရာနေရာသို့ တစ်လှမ်းချင်းလှမ်းကာ ကပ်သွားလေသည်။

ခွေးအုပ်ဟောင်နေသည့် နေရာမှာ အော်လံပြင်အင်းစပ်တွင် ပေါက်နေကြသော ကျေးပင်များကြားတွင် ဖြစ်သည်။

ကျေးပင်များမှာ လူများမှ ထင်းအဖြစ် အကိုင်းအခက်များအား ခုတ်ယူထားသောကြောင့် ကျေးပင်ငုတ်တိုများ ဖြစ်နေကြသည်။ တချို့သော အပင်များမှာ လက်မောင်းလုံးအရွယ် ခြေသလုံးအရွယ် အကိုင်းများဖြင့် အုပ်ဆိုင်းနေကြသည်။

ကျေးပင်များကြားတွင်ရှိသော မြေကွက်လပ်တွင် ဝိုင်း၍ဟောင်နေသည့် ခွေးအုပ်အလယ်တွင် တောဝက်နှစ်ကောင်မှာ ဖင်ချင်းဆိုင်၍ သူတို့အား ဝင်ရောက်ကိုက်ခဲလာကြသော ခွေးများအား ပြန်ခံ၍ ပက်နေကြသည်ကို လရောင်အောက်တွင် မြင်လိုက်ရလေသည်။

ကိုအလုံးမှ မှိန်းသမားများထဲမှ ကိုဖိုးသိန်းအား တီးတိုးလေသံဖြင့် –

“ဖိုးသိန်း မင်းနဲ့ ဘသိန်းက ဟိုဘက်က ကျေးပင်အုပ်နားကနေပြီး ငါ အချက်ပေးတာနဲ့ ဘယ်ဘက်ကအကောင်ကို ထိုးပေတော့။ ငါက ဒီ ညာဘက် ကအကောင်ကို ထိုးမယ်။ တစ်ပြိုင်တည်း ထိုးမှာနော်။ငါ့ဆီက အချက်ပေးသံကို နားထောင် – ကြားလား”

“စိတ်ချ အစ်ကိုလုံး။ ကျွန်တော်က ဘယ်ဘက်ကအကောင်နော်”

“ဟုတ်တယ် ဘယ်ဘက်ကအကောင် သတိထားကြကွာ”

ကိုအလုံးအား ပြောပြီးသည်နှင့် လက်ဝဲဘက်သို့ ကျေးပင်များအား အကာအကွယ်ယူပြီး ကိုအလုံးနှင့် ဝါးတစ်ပြန်အကွာခန့်တွင်ရှိသော ကျေးပင်ငုတ်တိုအနီးသို့သွား၍ ကျေးပင်အား ကြည့်လိုက်ရာ ခြေသလုံးအရွယ်ခန့်ရှိသော အကိုင်းတစ်ကိုင်းသည် သူ့ခေါင်းပေါ်သို့ ထိုးထွက်လျက်ရှိသည်ကို မြင်ရလေသည်။

ကိုဖိုးသိန်းက သူ့အနီးတွင်ရှိသော ကိုဘသိန်းအား သူ၏လက်ဝဲဘက် တစ်လံအကွာနေရာတွင် နေရာယူရန် လက်ဟန်ဖြင့်ပြလိုက်ပြီး ကိုဖိုးသိန်းသည် မှိန်းတံအား ညာလက်ဖြင့် ဆုပ်ကိုင်၍ ညာပခုံးအထက် မြှောက်တင်ပြီးလျှင် ပစ်ထိုးရန် အသင့်အနေအထား ပြင်ဆင်လိုက်သည်။

လေချွန်သံဖြင့် အသင့်ဖြစ်ကြောင်း ကိုအလုံးအားအချက်ပေးလိုက်လေသည်။ ကိုဖိုးသိန်း၏ လေချွန်သံအဆုံး ကိုအလုံးထံမှ-

“ထိုး”

ဟူသော အချက်ပေးသံကို ကြားလိုက်ရသည်နှင့် ခွေးများအား ခံ၍ ရန်မူနေသော တောဝက်နှစ်ကောင်အနက် လက်ဝဲဘက်မှအကောင်အား လက်ထဲမှမှိန်းဖြင့် အားကုန်ပစ်ထိုးလိုက်လေသည်။ လက်ယာဘက်မှ တောဝက်ကိုလည်း ကိုအလုံးမှ မှိန်းဖြင့်ပစ်ထိုးလိုက်သည်မှာ တစ်ပြိုင်တည်း ဖြစ်လေသည်။

ကိုဖိုးသိန်း၏ မှိန်းသွားသည်တောဝက်၏ ခါးအောက်ပိုင်း ဝမ်းဗိုက်နေရာသို့ စူးဝင်သွားလေသည်။ တောဝက်သည် မှိန်းသွား ဝမ်းဗိုက်သို့ စူးဝင်သွား သည်နှင့် စူးရှစွာ တစ်ချက်အော်လိုက်ပြီး ရှေ့သို့ ပြေးထွက်လိုက်သည်။

တောဝက်အား မှိန်းချက်ထိ၍ အော်သံကြားရသည်နှင့် တောဝက်၏ ညာဘက်နားတွင်ရှိသော ခွေးက တောဝက်အား ပြေးဝင်၍ကိုက်လေ၏။ တောဝက်မှ သူ့ထံသို့ ပြေးဝင်လာသောခွေးအား ခေါင်းလှည့်၍ ပက်ထုတ်လိုက်ရာ ပြေးဝင်လာသောခွေးမှာ အစွယ်ဒဏ်ချက်ကြောင့် ဗိုက်ပွင့်ပြီး အူများ အထွေးလိုက်ပုံကျလျက် “ကိန် – ကိန် – ကိန်” ဟု နာကျင်စွာအော်နေလေသည်။

မှိန်းတန်းလန်းဖြင့် တောဝက်သည် လရောင်အောက်တွင် မြင်လိုက်ရသော ကိုဖိုးသိန်းထံသို့ တစ်ဟုန်ထိုး ပြေးဝင်လာပြီး ထိုးကော်၍ ပက်လိုက်လေသည်။

ဝါးတစ်ပြန်ခန့် အကွာအဝေးမှ ပြေးဝင်လာသော တောဝက်မှာ ဝါးလုံးထိုး မြန်ဆန်လွန်းလှလေသည်။ တောဝက်အား မှိန်းဖြင့် ထိုးလိုက်ပြီးချိန်တွင် သူ၏ထိုးလိုက်သော မှိန်းချက် လွဲသွားသည်ကို သိလိုက်သော ကိုဖိုးသိန်းသည် တောဝက်က ပြေးဝင်ပက်လိုက်သည်နှင့် သူ၏ခေါင်းအထက်တွင်ရှိသော ကျေးပင်အကိုင်းအား ခုန်၍ လက်နှစ်ဖက်ဖြင့် ဆွဲလိုက်လေသည်။

မြန်လိုက်သည့်တောဝက်…။ ကိုဖိုးသိန်း ခုန်၍ ကျေးပင်အကိုင်းအား ဆွဲမိချိန်တွင် ကိုဖိုးသိန်း အောက်သို့ရောက်လာလေပြီး သူ၏အစွယ်ဖြင့် ကော်၍ပက်လိုက်သည်။

ဖြစ်ပျက်မှုက အလွန်လျင်မြန်လွန်းလှပေသည်။ စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားခြင်းဖြစ်သည်။

ကိုဖိုးသိန်းက ကျေးပင်အကိုင်းအား ခုန်ဆွဲချိန်တွင် သူ၏ခါးတွင်ဝတ်ထားသော ပုဆိုးမှာ ကျွတ်၍ လျောကျသွားချိန် တောဝက်မှ ပြေးဝင်၍ အစွယ်ဖြင့်ကော်ပြီး ပက်ချိန်တစ်ပြိုင်တည်း ကျသွား သောကြောင့်တောဝက်ခေါင်းပေါ်ပုဆိုးအုပ်လျက်သားဖြစ်သွားလေသည်။

လျင်မြန်လွန်းလှသော ကိုဖိုးသိန်းမှာ ကျေးပင်အကိုင်းတွင် ခိုဆွဲလျက် တွဲလောင်းဖြစ်နေသည်။

ကိုဖိုးသိန်း၏ လက်ဝဲဘက်တွင် မှိန်းတန်ကိုင်လျက်သား။ မင်တက်နေသော ကိုဘသိန်းအား သတိပေးလိုက်လေသည်။

“ထိုး… ကိုသိန်း – ထိုး – ထိုး”

ကိုဖိုးသိန်း၏ ကျွတ်ကျသွားသော ပုဆိုးခေါင်းပေါ်တွင် အုပ်လျက်သားဖြင့် ထိန်ပင်အရင်းပင်စည်တွင် ခေါင်းထိုးလျက်ရှိနေသော တောဝက်အား ကိုဘသိန်းက သတိဝင်လာပြီး လက်တွင်းမှ မှိန်းဖြင့် ပစ်ထိုးလိုက်လေသည်။ မှိန်းသွားမှာ တောဝက်၏ လက်ပတ်နောက်မှ ဖောက်ဝင်သွားသောကြောင့် တောဝက်မှာ နာကျင်စွာ တစ်ချက်ဟစ်အော်လိုက်ပြီးဘေးတစောင်း လဲကျသွားလေတော့သည်။

ကျွန်ုပ်ရေးပြနေသည့်အချိန်သည် လွန်စွာကြာမြင့်လှ ပါသည်။ ကိုဖိုးသိန်း တောဝက်အား မှိန်းဖြင့်ထိုး၍ တောဝက်အား မှိန်းသွားထိသွားပြီး ခွေးအား ပက်လိုက်ချိန် တစ်ဆက်တည်း ကိုဖိုးသိန်းအား ပြေးပက်လိုက်ချိန်နှင့် ကိုဘသိန်းမှ တောဝက်အား မှိန်းဖြင့်ထိုးလိုက်သောအချိန် စုစုပေါင်းမှာ (၁၅)စက္ကန့်၊ စက္ကန့် (၂၀)မျှသောအချိန်အတွင်း ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပါသည်။

ကိုဘသိန်း၏မှိန်းချက်ထိ၍တောဝက်လဲကျငြိမ်သက်သွားလေမှကျေး ပင်အကိုင်းတွင် တွဲလောင်းခိုဆွဲလျက်ရှိနေသောကိုဖိုးသိန်းသည်ခိုဆွဲထား သောလက်နှစ်ဖက်အားဖြုတ်၍ခုန်ချလိုက်လေသည်။

“ဟူး … တော်တော်မြန်တဲ့ တောဝက်ပဲ။ ကျွန်တော်က မထိုးခင်ကတည်းက ဒီကျေးပင်အကိုင်းကို ကြည့်ထားပြီးသားမို့ပေါ့ဗျာ။ မဟုတ်လို့ကတော့ ခုလောက်ဆို ဗိုက်ပွင့်ပြီး အူအထွေးလိုက် ထွက်နေလောက်ပြီ”

ကိုဖိုးသိန်းက လေပူတစ်ချက်မှုတ်ထုတ်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။ ကိုဘသိန်းက –

“ငါကတော့ တောဝက်ပြေးပက်လိုက်တာ ရိပ်ခနဲ မြင်လိုက်ရတော့ ဖိုးသိန်းတော့ သွားပြီလို့ ထင်လိုက်မိတာ။ ငါလည်း အံ့အားသင့်ပြီး မင်တက်မိနေတာ။ မင်းအော်ပြောလိုက်သံကို ကြားရမှ သတိဝင်လာပြီး လက်ထဲကမှိန်းနဲ့ ထိုးလိုက်ရတာ။ ကံကောင်းလို့ပေါ့ကွာ”

ကိုဖိုးသိန်းနှင့် ကိုဘသိန်းတို့နှစ်ယောက်ရှိရာသို့ ကိုအလုံးနှင့် ကိုမောင်မြထွန်းတို့ လက်နှိပ်ဓာတ်မီးများထိုး၍ ရောက်လာကြပြီး မှိန်းနှစ်ချောင်း စူးဝင် သေဆုံးနေသော တောဝက်အား ကြည့်လိုက်ကြကာကိုအလုံးက ပြောလိုက်လေသည်။

“ဟာ ဖိုးသိန်းထိုးလိုက်တဲ့ အကောင်က ဝက်တောင်းကြီးကိုးကွ။ ငါထိုးလိုက်တဲ့အကောင်က ဝက်မကြီးကွ၊ တစ်ချက်တည်းနဲ့လဲတာပဲ။ မင်းထိုးလိုက်တဲ့အကောင်က ဝက်တောင်းလည်းဖြစ်ပြန်၊ ထိချက်ကလည်း ဗိုက်ကို ထိသွားတော့ ပြေးဝင်လာတဲ့ခွေးကို ကော်ပြီးပက်လိုက်တာ။ ခွေးလည်း ဗိုက်ပွင့်လို့အူထွက်ပြီး ပွဲချင်းပြီးပဲ။ မင်းကိုပြေးပြီး ပက်လိုက်တာ မြင်လိုက်ရတာ ငါ့လည်း မျက်စိတွေ ပျာသွားပြီး စိုးရိမ်သွားမိတယ်။ နောက်မှ ဖိုးသိန်းအသံ ကြားရလို့ စိတ်အေးသွားရတာကွ”

ကိုအလုံး၏ ပြောစကားအဆုံး နောက်တွင် ချန်နေရစ်ခဲ့ကြသော ရွာသားများရောက်လာကြပြီး လက်နှိပ်ဓာတ်မီးများဖြင့် ထိုးကြည့်လိုက်ရာ အတွင်းခံဘောင်းဘီတိုလေးနှင့် ကိုဖိုးသိန်းအား မြင်ကြရလေသောကြောင့် မောင်ကျော်လှကမေးလိုက်လေသည်။

“အစ်ကိုဖိုးသိန်းကြီးက ဘောင်းဘီတိုကြီးနဲ့။ ပုဆိုးကဘယ်ရောက်သွားလို့လဲ”

မောင်ကျော်လှ၏အမေးစကားအား ကိုမောင်မြထွန်းက –

“ဖိုးသိန်းပုဆိုးက ဟိုဝက်တောင်းကြီးခေါင်းပေါ်မှာကွ။ ဝက်တောင်းကြီး ချမ်းလို့ ခြုံပေးထားတာတော့ မဖြစ်နိုင်ဘူး”

ထိုအချိန်တွင် ကိုဘသိန်းက ပြောလိုက်လေသည်။

“ဟာ ဘယ်ကဝက်တောင်းကြီးချမ်းလို့ ခြုံပေးတာဟုတ်ရမှာလည်းကွ။ ဖိုးသိန်းက ဝက်တောင်းကြီးကို နို့တိုက်ဖို့လုပ်နေလို့ ဝက်တောင်းကြီးက မျက်စိနောက်ပြီး ပြေးပြီး ပုဆိုးကိုကိုက်ယူသွားတာကွ။ ကံကောင်းလို့ဟေ့။ ဖိုးသိန်းတစ်ယောက် သင်းကွပ်ပြီးသား မဖြစ်တာ။ မဟုတ်လို့ကတော့ ဖိုးသိန်း ယောက်ျားဘဝကနေ လုံးရာကပြားသွားရပြီပေါ့ကွာ – ဟား – ဟား -ဟား – ဟား – ဟား”

ကိုဖိုးသိန်းက အဖြစ်အပျက်အား ပြောပြလိုက်ပြီး ဝက်တောင်းကြီးခေါင်းတွင် အုပ်လျက်ရှိနေသော ပုဆိုးအား ယူလိုက်ရာ ပုဆိုးမှာ တံတောင်ကျော်ခန့် ပြဲလျက်ရှိသည်ကို တွေ့မြင်ရလေသည်။

ဝက်တောင်းကြီးမှာ ပိဿာချိန် (၆ဝ)ကျော်ခန့်ရှိပြီး ဝက်မမှာ ပိဿာချိန် (၅၀)ခန့်ရှိမည်ဟု ခန့်မှန်းကြလေသည်။

ရွာသားများသည် ဝက်နှစ်ကောင်အား ခြေနှင့်လက်များပူး၍ ချည်နှောင်လိုက်ကြလေသည်။ ဝါးနက်ပိုင်းများဖြင့် လျှိုလျက်ထမ်းကာ လရောင်အောက်တွင် ပျော်ရွှင်စွာဖြင့် လယ်ကွင်းများကိုဖြတ်၍ ရွာမရွာဆီသို့ လျှောက်လှမ်းကာ လာခဲ့ကြတော့သည်။

ဘူးသီးတောင်မြို့ ရွာမရွာမှ ဦးအလုံး၊ ဦးမောင်မြထွေးနှင့် ဦးဘသိန်း (ဦးဖိုးသိန်းကွယ်လွန်)တို့အား အမှတ်တရ ရေးသားအပ်ပါသည်။

– ပြီး –

စာရေးသူ – မင်းမြင့်နိုင် (ဘူးသီးတောင်)
စာစီစာရိုက် – မုဆိုး တံငါ စာပေများ

မုဆိုး တံငါ စာပေများပေ့ချ်မှကူးယူဖော်ပြသည်