လူဝင်စားကျွန်မ

မိခင်​စြ်သူ ဒေါ်စံကိုညည်းသံကြီးဖြင့်ပြောလိုက်သည်။
“အမေရေ..ကျွန်တော်တော့အခြေအနေမကောင်းတော့ဘူးထင်တယ်”
“ဟဲ့ ဘာဖြစ်လို့လဲ”
“မြို့ပေါ်ကစျေးထဲရောက်တော့ အနာထဲအညော်ဝင်သွားလို့ မနည်းအားတင်းပြီး ဒီလိုပြန်မောင်းလာရတယ်”
ယင်းသို့ပြောပြီးသည့်နောက် ကိုဝင်းဖေသည်ထိုနေရာ၌ပင်လဲကျကာသတိလစ်သွားသည်။
“ဟဲ့..လုပ်ကြပါဦး ‘
ဒေါ်စံလည်း အော်ဟစ်ပြီး အကူအညီတောင်းလေရာ ဦးဝင်း​ကြိုင်လဘ်းအိမ်ပေါ်မှပြေးဆင်းလာပြီး ကိုဝင်းဖေကို တတ်သလောက် မှတ်သလောက်ပြုစုပေးသည်။
ယင်းလည်းဝင်းကိုဖေမှာသတိပြန်မရသေးသည်မို့ လှည်းကိုပြန်လည်ပြင်ဆင်ကာ သပြေကုန်းဆေးရုံသို့ပို့ကြသည်။
သို့သော်ဆေးရုံသို့ရောက်တော့ ကိုဝင်းဖေမှာ အသက်မရှိတော့ချေ။
ထို့နောက် အလောင်းကိုညတွင်းချင်းပြန်သယ်လာကြသည်။
ထိုစဥ်က ရွာအပြင်တွင်သေသည့်မသာကိုရွာထဲပြန်မသွင်းရ။ခိုက်တတ်သည်ဟု အယူအဆရှိကြသောကြောင့် အလောင်းကိုရွာအပြင်တွင်သာအစောင့်အချို့ဖြင့်ထားလိုက်ကြရတော့သည်။
မနက်နေထွက်ချိန်သို့ရောက်သည်နှင့်တပြိုင်နက် အလောင်းကိုမြေမြုပ်လိုက်ကြတော့သည်။
ထိုနေ့မှစပြီး ပြဿနာက ကြီးမားလာလေတော့သည်။
++++++++++++++++++++++
ကိုဝင်းဖေ၏အလောင်းကိုမြေမြုပ်ပြီးသည့်နောက် ထိုရွာထဲတွင် လူတွေ နှစ်ရက်တစ်ယာက်..သုံးရက်တစ်ယောက် ဆက်တိုက် သေဆုံးကြတော့သည်။
သေဆုံးသူများမှာ အကြောင်းအရင်းမည်မည်ရရမရှိပဲ ရုတ်တရက် လဲကျသေဆုံးကြသည်ချည်းဖြစ်သည်။
မူလက အားလုံးအမှုမဲ့အမှတ်မဲ့နေခဲ့ကြသော်လည်း လူသေနှုန်းက ဆက်လာတော့
ရွာသူရွာသားတွေလည်းလန့်လာကြ
သည်။
ပြီး..ရွာတွင်မကောင်းဆိုးဝါးဆိုက်ကပ်နေသလားဟုတွေးကာ ဘုန်းကြီးတွေပင့်ပြီး ပရိတ်တရားနာကြပြန်သည်။
ယင်းလည်း လူတွေက နှစ်ရက်ခြားတစ်ယောက်..သုံးရက်ခြားတစ်ယောက်သေပြန်လေရာ တစ်လအတွင်းမှာပင် ဆယ့်ရှစ်ယောက်ဝန်းကျင်ခန့်ရှိသွားခဲ့ပြီဖြစ်သည်။
ထို့ကြောင့်ရွာသားအချို့မှာလည်းကြောက်လန့်ပြီးမြို့သို့ပြောင်းပြေးကြလေတော့သည်။
ကိုဝင်းဖေ၏တစ်လပြည့်ရက်လည်ဆွမ်းသွပ်ပြီးသည့်ညတွင်တော့မိခင်၏အိပ်မက်ထဲသို့ ကိုဝင်းဖေရောက်လာသည်။
၎င်းက
“အမေ မနက်ရောက်ရင် ကျနော့်အလောင်းကိုပြန်ဖော်ပြီး မီးသင်္ဂြိုဟ်ပစ်လိုက်ပါ။အလောင်းက ရွာဘက်မျက်နှာမူနေတယ်”
ယင်းသို့ပြောတော့မိခင်ဖြစ်သူအံ့သြသွားသည်။
“ဟင် ဘယ်လိုဖြစ်လို့ ရွာဘက်မျက်နှာမူနေရတာတုံး”
“အလောင်းမြေချတဲ့ကောင်တွေလေ..မူးမူးနဲ့ပစ်ချသွားတာ..ဒါကြောင့် သူတို့ကိုအရင် ခေါ်လိုက်တာ”
ယင်းသို့ဆိုပြီး၎င်းက
“အမေ ကျွန်တော် ချက်ကလေးဆီသွားလိုက်ဦးမယ်..တကယ်လို့ မနက်ဖြန်
ချက်ကလေးက လာတောင်းရင် ကျွန်တော်အိမ်တင်မယ့်ပစ္စည်းတွေကိုအကုန်ပေးလိုက်ပါ”ဟုပြောပြီးပြန်ထွက်သွားသည်။
ယင်းအချိန်၌ပင် ရွာဦးကျောင်းမှအုံမောင်းခေါက်သံထွက်ပေါ်လာပြီး
ဒေါ်စံလည်းအိပ်ရာမှနိုးလာခဲ့သည်။
ထို့နောက် မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး စောစောက အိပ်မက်ကိုပြန်စဥ်းစားနေမိပြီးယောက်ျားဖြစ်သူကိုပြန်ပြောပြလိုက်သည်။
ထိုမှတဖန်.. ရွာသူကြီးဆီသို့သွားပြန်
ကာ အကျိုးအကြောင်းပြောပြလိုက်သည်။
ထိုအခါရွာသူကြီးကတအံ့တသြဖြင့်
“ဟုတ်လား တော်တော်ထူးဆန်းတာပဲ..ဒါမျိုးအရင်က တစ်ခါမှမကြုံဖူးဘူး”
“ဟုတ်တယ် ကျွန်မလည်း အဲဒါကိုအံ့သြနေတာ ဘယ်လိုလုပ်ကြမလဲ အလောင်းကိုပြန်ဖော်ပြီးသင်္ဂြိုဟ်ကြမလား”
ရွာသူကြီးအနည်းငယ်စဥ်းစားလိုက်ပြီး
“အင်းပေါ့လေ အဲဒီလိုပဲလုပ်ကြရတာပေါ့”
ထို့နောက် ရွာသူကြီးလည်း ကာလသားတွေကိုခေါ်ကာ အကျိုးအကြောင်းပြောပြပြီး ကိူဝင်းဖေ၏အလောင်းကိုပြန်ဖော်စေလေသည်။
ယင်းသို့ဖော်ရာ၌ အံ့သြထိတ်လန့်ဖွယ်ရာဖြစ်ရပ်ကိုတွေ့လိုက်ကြရသည်။
ယင်းမှာ ကိုဝင်းဖေ၏အလောင်းသည် တစ်လတိတိပြည့်ခဲ့သော်လည်း မပုပ်၊မပျက်စီးသေးပဲ မနေ့ကမှကွယ်လွန်ထားသကဲ့သို့ပကတိအတိုင်းရှိနေသောကြောင့်ရယ်ပင်။
ထို့နောက် တစ်ယောက်တပေါက်စီပြောဆိုကြ ဝေဖန်ကြဖြင့် နောက်ဆုံးတွင်တော့ အလောင်းကိုမီးသင်္ဂြိုဟ်လိုက်ကြလေတော့သည်။
ညနေစောင်းအချိန်သို့ရောက်တော့ ဒေါ်စံ၏အိမ်သို့ မအေးသစ် လှည်းဖြင့်ရောက်လာသည်။
“အဒေါ်ရေ ညက ကိုဝင်းဖေအိပ်မက်ထဲရောက်လာပြီး ကျွန်မဆီမှာနေမလို့တဲ့..ဒါကြောင့်ဒီက သူ့ပစ္စည်းတွေကိုသွားယူလိုက်ပါတဲ့ ”
“ဟေ ဟုတ်လား”
“ဟုတ်တယ်အဒေါ်”
ထိုအခါမှ ဒေါ်စံလည်း ညကအိပ်မက်ထဲတွင်ကိုဝင်းဖေမှာသွားခဲ့သည်ကိုသတိရမိလိုက်ပြီး
“အေးအေး ဒါဆိုလည်းယူလေ”
ဟုဆိုကာ ဗီရိုကြီးအပါအဝင်
ကိုဝင်းဖေ၏ပစ္စည်းများအားလုံးကိုလှည်းပေါ်တင်ပေးလိုက်လေတော့သည်။
မအေးသစ်လည်း ရွာသို့ပြန်ရောက်သည့်အခါ၌ မူးဝေအော့အန်လာသည်မို့ ဆရာဝန်ဆီသို့သွားပြလေရာ ကိုယ်ဝန်ရှိနေပြီဖြစ်ကြောင်းသိရသည်။
သို့ဖြင့် ကိုးလခန့်ကျော်ချိန်၌မိန်းကလေးတစ်ယောက်ကိုမွေးဖွားလေသည်။
ယင်းသို့မွေးဖွားသဘ့်နောက် ဒေါ်စံလည်း မအေးသစ်၏အိမ်သို့ရောက်လာပြီး ကလေးကိုသေချာကြည့်လေပြီး
“ဟုတ်ပါ့..ဒါငါ့သား ဝင်းဖေပဲ ..လက်ပြင်မှာ အမာရွတ်ကြီးရယ်..ပေါင်မှာ တက်တန့်ပေါက်လို့ခွဲထားတဲ့ဒဏ်ရာရယ်..ထင်းခွဲကောင်းလို့ခြေခုံပေါ်မှာ ပုဆိန်ကျထားတဲ့ဒဏ်ရာရယ်..အကုန်လုံးကွက်တိပဲ”ဟုဆိုလေသည်။
ဟုတ်လည်းဟုတ်သည်။ ကလေးမလေး၏ ခန္ဓာကိုယ်ပေါ်မှဒဏ်ရာတွေသည် ကိုဝင်းဖေလူ့ဘဝတုန်းကရှိခဲ့သည့်ဒဏ်ရာတွေနှင့်တစ်ထပ်တည်းဖြစ်နေသည်။
ဒေါ်စံက
“ဒါနင့်အစ်ကိုဝမ်းကွဲပဲ နင့်ကိုသံယောဇဥ်ကြီးလွန်းလို့လာဝင်စားတာ သေချာဂရုစိုက်ပါအေ”ဟုပြောပြီးပြန်ထွက်သွားလေတော့သည်။
ဒေါ်စံပြောသကဲ့သို့ပင် ထိုမိန်းကလေးသည် အရွယ်ရောက်လာသည့်အခါ၌ ကိုဝင်းဖေဘဝမှ ဖြစ်ပျက်သမျှကိုအကုန်
မှတ်မိကာပြန်ပြောပြနိုင်သည်။
ယင်းမှာ သူမ ဆယ်နှစ်သမီးအရွယ်ရောက်သည့်တိုင် ဖြစ်သည်။
ဆယ်နှစ်ကျော်လာတော့ တဖြည်းဖြည်းမေ့ပျောက်လာခဲ့တော့သည်။
+++++++++++++++++++++++
အမေပြောပြနေသည့်ဇာတ်လမ်းထဲမျောပါနေခဲ့သည့်ကျွန်မလည်းသိလိုစိတ်ကြောင့် ချက်ချင်းပြန်မေးမိသည်။
“ဒါဆို အဲဒီ ဦးဝင်းဖေဝင်စားတဲ့သူက သမီးပေါ့ ဟုတ်လားအမေ”
“သိပ်ဟုတ်တာပေါ့သမီးရယ်”
ယင်းသို့ဆိုပြီး အမေက ကျွန်မ၏လက်ပြင်..ပေါင်..ခြေခုံပေါ်မှအမှတ်ရာကြီးများကိုလက်ဖြင့်တစ်ခုချင်းစီထောက်ပြလေရင်း
“အဲဒါတွေက ကိုဝင်းဖေ လူ့ဘဝတုန်းက ရခဲ့တဲ့ဒဏ်ရာတွေလေ..ပြီးတော့ ဟောဟိုအိမ်ထောင့်က ဗီရိုကြီးရော သခွါးစေ့ပုံစံလက်စွပ်ရော သတိုးသမီးအတွက်ဝယ်ထားတဲ့နားဆွဲတစ်ရံရော
အဲဒါသူမင်္ဂလာဆောင်ခါနီးတုန်းက ဝယ်ခဲ့တာတွေပေါ့ အမေ့ဆီဝင်စားခါနီးမှာ အိပ်မက်ပေးပြီး သူ့အမေဆီက ယူခိုင်းတာလေ..လူပျိုကြီးပီသချက်..သူကြိုက်တာကို နောင်ဘဝအထိမက်မက်မောမောကိုယူတာ..ဒါတွေကို သမီး ဆယ်နှစ်လောက်အထိကောင်းကောင်းပြန်မှတ်မိနေသေးတယ်..အခုတော့ နှစ်ဆယ်ကျော်ပြီဆိုတော့ ဘယ်မှတ်မိတော့မတုန်း”
ယင်းသို့ဆိုပြီးနောက်အမေက
“နေပါဦး..ညည်းက အခုမှဒါတွေကိုပြန်မေးနေရအောင် ဘာလုပ်မလို့တုံး..စာပြန်ရေးမလို့လား”
“ဟုတ်..ဒါပေမယ့် သမီးရေးမှာတော့မဟုတ်ဘူး..ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကိုပြန်ရေးတဲ့စာရေးဆရာဆီလှမ်းပို့မလို့..သမီးနဲ့လည်းအရမ်းရင်နှီးတယ်”
“အေး..သဘောပဲအေ”
အမေဆက်မပြောတော့ဘဲ ဆေးပေါ့လိပ်ကိုသာမီးညှိပြီးဖွာရှိုက်နေတော့သည်။
ကျွန်မလည်းအမေ့ကိုနှုတ်ဆက်ကာ အိမ်သိူ့ပြန်လာခဲ့တော့သည်။
ပြီးနောက် ကျွန်မ၏လူဝင်စားဘဝအကြောင်းကို ကျွန်မနှင့်အလွန်ရင်းနှီးသည့်ဆရာဆွေ(တောင်တွင်း)ထံသို့ဇာတ်လမ်းသဖွယ်ပြန်လည်ရေးပို့ရန်ပြန်င်ဆင်လိုက်ပါတော့သည်။
(ဤသည်မှာ စာဖတ်ပရိသတ်တစ်ယောက်ပို့ပေးသည့် ကိုယ်တိုင်လူဝင်စားအဖြစ်အပျက်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါ
လေတော့သည်။)
အားလုံးအေးချမ်းပါစေ…။
ဆရာဆွေ(တောင်တွင်း)