မဖဲဝါကိုစိန်ခေါ်မိသူ

ကျုပ်ယူခဲ့မယ်”

“အေး တစ်ခါမှ အကြွေးမယူဖူးသေးလို့ ပေးတာ။
မင်းစကားတည်ပါစေ”

“ဟာ စိတ်ချ ကိုစိုးကြီး ။
ကျုပ် ကတိတည်ရပါစေမယ်”

ဝိုင်းမှာ လူလျော့မခံချင်သဖြင့် ကျော်တင်ချေးသော
ငွေနှစ်သောင်းကို ကိုစိုးကြီး ပေးလိုက်သည်။

“ဖဲမဝေနဲ့ဦး ကလဖန်ထိုးထားနဲ့။
အပေါ့ခဏ ခဏ သွားနေကြတာပဲ”

“အရက်တွေ စွတ်သောက်ပြီး
အပေါ့ခဏ ခဏ သွားနေကြတာပဲ”

လက်ပံလှရွာသား တင်ဋ္ဌေးက အပေါ့သွားရန်
ထသွားစဉ် ကျော်တင့်လည်း ထသွားသည်။

ကျော်တင့်က အပေါ့သွားလိုခြင်းမဟုတ်
ရည်ရွယ်ချက်တစ်ခုရှိ၍ ထလာခဲ့ခြင်းဖြစ်သည်။

သင်္ချိုင်းဇရပ်နှင့် အနည်းငယ်လှမ်းသော
နေရာတစ်နေရာသို့ သွားကာ ပါးစပ်မှ
တတွတ်တွတ်ရွတ်နေသည်။

“အမေမဖဲဝါ …ကျနော့်ကို ဖဲနိုင်အောင်
ကူညီပေးပါ။နိုင်ရင် နှစ်ပွဲပဲ ကစားပါတော့မယ်”

“အမေ့ကိုလည်း ကျေးဇူးဆပ်ပါ့မယ်။
အခုပွဲနဲ့ နောက်နှစ်ပွဲနိုင်အောင် အကူအညီပေးပါ”

ကျော်တင့်လည်း ပါးစပ်မှ အသံထွက်ပြီး
အမေဖဲဝါအား အကူအညီတောင်းကာ
ဖဲဝိုင်းရှိရာသို့ ပြန်လာခဲ့သည်။

“ကိုင်း…ဝိုင်းစမယ် ထိုင်ကြ”

ကလဖန်တစ်ကြိမ်ထိုးပြီး ဖဲချိုးကာ
တစ်ရွက်ချင်း ဖဲဝေလိုက်သည်။

ကျော်တင့် သူရှေ့က ဖဲကို
တစ်ချက်ကြည့်လိုက်သည်။
လက်ထဲမှ ပိုက်ဆံတချို့
ရှေ့သို့ ချလိုက်သည်။

“လက်ရှောင်ကြ ဖဲဝေမယ်”

ကျော်တင့် ဖဲကို ယူကြည့်လိုက်ပြီး…

“လိုက်တယ်”

လက်ထဲရှိသမျှ ပိုက်ဆံ ရှေ့သို့ ချလိုက်သည်။

တင်စိုးက ဆက်မလိုက်။

ကျန်သော လူသုံးယောက်က ဆက်လိုက်သည်။

ထိုပွဲသိမ်းတော့ ကျော်တင့် အနိုင်ရလိုက်သည်။

ထို့နောက် ဒုတိယပွဲမှာလည်း ကျော်တင့် နိုင်လိုက်သည်။

ဒိုင်က သူချေးထားသော ပိုက်ဆံကို ပြန်ယူလိုက်သည်။

“ကျော်တင့် ဘယ်ဆိုးလို့လဲ ပါးစပ်စီးနေလား မသိဘူး”

“ဘာဖြစ်လို့လဲ ကိုစိုးကြီး”

“ဝိုင်းမသိမ်းခင် ငါ့ပိုက်ဆံပြန်ဆပ်မယ်လို့
မင်းပြောခဲ့တယ် မဟုတ်လား ။ အခု နှစ်ဝိုင်းပဲ
လှည့်ရသေးတယ်။ ငါ့ကြွေး မင်းပြန်ဆပ်နိုင်လိုက်ပြီ
မဟုတ်လား”

ပွဲလက်ကောင်းလာပြီဖြစ်သဖြင့် ကျော်တင့်လည်း
မဖဲဝါအား ကတိစကား ပြုခဲ့သည်ကို မေ့ခဲ့ပြီး။

အရက်တစ်ခွက် မော့လိုက်။
ပိုက်ဆံလိုက်လိုက်နှင့် တတိယပွဲမှာ
ကျော်တင့် ရှုံးပွဲတွေ့သွားသည်။

ဖဲရှုံးပြီဆိုတော့ ရှုံးမဲ မဲတော့သည်။

အကြွေးလည်းကျေ အရင်းထက်
အမြတ်သုံးဆခန့် မြတ်ပြီးမှ ပြန်ရှုံးတော့သည်။

ပွဲသိမ်းတော့ ကျော်တင့်အကြွေးသုံးသောင်း စိုးကြီးအပေါ်
ဆင့်သွားသည်။

ရွှေဘိုကြီး ရွာသားနှင့် လက်ပံလှရွာသားတို့
ပြန်သွားကြသည်။

စံအေး ကျော်တင့်နှင့် ကျော်စိုးတို့သာ ကျန်ခဲ့သည်။

ကျော်စိုးမှာပါလာသော အရက်ခြောက်ပုလင်း
ကုန်သွားသည်။အားလုံးဝိုင်းသိမ်းတော့
အရက်ပုလင်းဝက် ကျန်သဖြင့် ညစ်ညစ်နှင့်
ကျော်တင့် မော့သောက်ပြစ်လိုက်သည်။

ကျော်တင့် ခေါင်းမထူနိုင်အောင် မူးနေပြီ။

“ကိုကျော်တင့် ရွာပြန်ကြမယ်”

“မကျေနပ်ဘူး ။ ငါလုံးဝမကျေနပ်ဘူး”

“ဘာကို မကျေနပ်တာလဲဗျ’

“ဒီသင်္ချိုင်းထဲက မဖဲဝါဆိုတဲ့ သရဲမကို”

“ဟာ ကိုကျော်တင့် မဟုတ်တာတွေ မပြောနဲ့ဗျာ”

“ပြောတယ်ကွာ ဘာလဲ မင်းကြောက်လို့လား”

“ကြောက်တာပေါ့ဗျ။ ခင်ဗျားက အမေမဖဲဝါကို
ကြိမ်းဝါးတဲ့ စကားတွေပြောနေလို့”

“မင်းကြောက်နေရင် ပြန် …
ငါ့ကို နိုင်အောင်လုပ်ပေးပါလို့
ပြောခဲ့တာ …ခု ဘယ်မှာ နိုင်လို့လဲ”

“လာပါဗျာ …နိုင်တုန်းက မနည်းမနော နိုင်လိုက်တာ
မဟုတ်လား ။ မရပ်ဘဲ ဆက်ပြီးရိုက်တော့
ပြန်ပါကုန်တော့တာပေါ့”

သူတောင်းဆိုခဲ့သော နှစ်ပွဲဆက်နိုင်ခဲ့ရင်
ရပ်ပါတော့မယ်ဆိုသော ကတိစကားကို
မေ့သွားသည်လား မသိကျိုးကျွန်
ပြုလေသည်လား မသိ။

သူ့အပြစ်ကို မဖဲဝါအပြစ်ဟုသာ ဆိုနေတော့သည်။

“ကဲ …ကိုကျော်တင့် ရွာပြန်ကြမယ်ဗျာ”

“မင်းနဲ့ ကျော်စိုး ပြန်ကြ …ငါ မပြန်သေးဘူး”

“လာပါဗျာ…အားလုံးလဲ ပြန်ကုန်ပြီ”

ကိုစံအေးက ကိုကျော်တင့်ကို တွဲခေါ်ပေမယ့်
လက်ကို ပုတ်ချကာ သင်္ချိုင်းဇရပ်ပေါ်က
ဒယိမ်းဒယိုင်နှင့် ပြေးဆင်းသွားသည်။

“အမေမဖဲဝါ …သိပ်ရက်စက်တယ်
ကျုပ် မကျေနပ်ဘူး ။ ကျုပ် ကျေနပ်ဘူး။
ကျုပ်မှာ ရှိသမျှ ကုန်ပြီဗျာ”

ချုံပုတ်တစ်ခုနားအရောက်
လက်နှင့်ချုံပုတ်ကို ပုတ်လိုက်သည်။

ချုံပုတ်မှာ တွယ်တက်ပေါက်ရောက်နေသော
နွယ်ပင်များနှင့် လက်ငြိသွားပြီး ရုတ်တရက်
လက်ပြန်နှုတ်မရသဖြင့်…

“ဟာ သောက်ချုံပုတ်က တမှောက်”

ချုံပုတ်ကို ခြေထောက်နှင့်ပစ်ကန်လိုက်သည်။

“အား…”

“ခြေဖမိုးမှာ ပူခနဲ ဖြစ်သွားသည်။

“ဟာ ငါ့ခြေထောက် ပူခနဲ ဖြစ်သွားတယ်”

“ကိုကျော်တင့် ချုံပုတ်အောက်မှာ မြွေပွေးကြီးဗျ။
အကြီးကြီးပဲ”

စံအေး မြေကြီးခဲကြီးကြီးကောက်ပြီး
ဘယ်မှထွက်မပြေးသော မြွေပွေးအခွေလိုက်ကြီးကို
အားကုန်ထုပစ်လိုက်သည်။

မြွေကြီး မြေကြီးခဲအောက်မှာ
အသက်ပျောက်သွားသည်။

“လာလာ ဇရပ်ပေါ်မှာ ခဏထိုင်”

“ကျုပ်လဲ ဘာမှ မလုပ်တတ်ဘူး”

“ကျော်စိုး မင်း ရွာကို ပြန်ပြီး ကိုကျော်တင့်အမေနဲ့
သူ့မိန်းမကို အကြောင်းသွားကြား မြန်မြန်သွား”

“ဟုတ်ကဲ့ ကျနော် အမြန်သွားပြောလိုက်ပါ့မယ်”

ကျော်စိုး သင်္ချိုင်းအတွင်းက အမြန်ထွက်သွားသည်။

“ကိုကျော်တင့် ရရဲ့လား”

“နာတယ်ကွာ…ငါ့ကို အမေမဖဲဝါ ဆုံးမလိုက်တာဖြစ်မယ်”

“ခင်ဗျားက မဟုတ်တာတွေ လျှောက်ပြောနေတာကိုး”

“ငါ…ငါ …မ…ဟုတ်…တာ…ပြော…တာ
မဟုတ်ဘူး။ငါ့ကို…အမေ…မ…ဖဲဝါ …နှစ်ပွဲဆက်
နိုင်အောင်…ကူညီ…ပေး…ပါ …နှစ်ပွဲ…ဆက်
နိုင်…ရင်…ဆက်မကစားတော့ဘူး…လို့
ငါ့…ဂတိ…ပေးခဲ့တာ…ငါ …အခု…ရှုံးသွားတယ်လေ”

“ခင်ဗျား တကယ်နှစ်ပွဲဆက်နိုင်ခဲ့တာပဲ။
ခင်ဗျား အကြွေးဆပ်ပြီး အနိုင်နဲ့ပိုင်းလို့
မလွယ်ဘူးဆိုလဲ အရင်းနှုတ်အမြတ်နဲ့
ထိန်းကစားသွားလို့ ရတာပဲ”

“လက်ထဲရှိသမျှ ပုံအောလိုက်တာ
ရသမျှပြောင်တဲ့အပြင် အကြွေးပါ
ထပ်တင်သွားတာ မဟုတ်လား”

“အမေ မဖဲဝါက ခင်ဗျားကို တကယ်မ,ခဲ့ရဲ့သားနဲ့
သွားစော်ကားလိုက်တာကိုး”

“ဘာပဲဖြစ်ဖြစ် ငါနိုင်ကိုနိုင်ရမှာ
ငါ့ကိုနိုင်အောင်လုပ်ပေးရမှာ”

“ခင်ဗျားက ကတိလဲဖျက်သေး ။
ကိုယ့်အပြစ်ကို မမြင်ဘဲ ကူညီသူကို
အဆိုးမြင်နေတာပဲ”

“အခု …ငါ့ကို မြွေနဲ့လည်း တိုက်သေးတယ်
ငါ လုံးဝ မေက်နပ္ဘူး”

“မဖဲဝါ…အနားမှာ ရှိရင် ထွက်ခဲ့”

“ဟာ …ဟာ…ကိုကျော်တင့် လျှောက်မခေါ်နဲ့လေ။
ကျုပ်ကြောက်တယ်…ခင်ဗျားမှာလဲ ဒဏ်ရာကြီးနဲ့
သွေးရူးသွေးတန်းစကားတွေ လျှောက်မပြောနဲ့ဗျာ”

“မြွေပွေးကိုက်မှာတော့ ငါက သေလူဖြစ်နေပြီ
သေခင် ငါမကျေနပ်တာတော့ ပြောခဲ့ရမှာပဲ
ငါသွေးရူးသွေးတန်းပြောနေတာ မဟုတ်ဘူးကွ
ငါ …ငါ …မတ…ရားခံရလို့”

“ဟာဗျာ ကိုကျော်တင့် ကျနော်မနေရဲတော့ဘူး”

“ဂျိမ်း…ဝုန်း”

“ဟာ …ဟာ …ဟာ…သူလာပြီ မဖဲဝါလာပြီ”

ဇရပ်ခေါင်မိုးပေါ်သို့ အနီးကပေါက်နေသော
ကုက္ကိုပင်မှ သစ်ကိုင်းခြောက် ကျိုးကျခြင်းကို
မဖဲဝါလာပြီဟုဆိုကာ ကျော်တင့်ထအော်သည်။

သူ့တကိုယ်လုံး မြွေဆိပ်တက်နေပြီ။

ရွာကလူများ ရောက်မလာသေး။

ထိုအချိန် ကျော်တင့်အနားသို့ အသက်(၇၀)နီးပါးရှိ
ပါးရေတွန့်နေသော အဖွားကြီးတစ်ယောက်
တောင်ဝှေးအားပြု၍ ရောက်လာသည်။

“ဟဲ့ကောင်လေးတို့ ဘာဖြစ်နေကြတာလဲ”

“အော် …အဖွား ဒီကောင် မြွေပွေးအကိုက်ခံလိုက်ရလို့
အခုလဲနေတာ”

“အို…မြွေပွေးကိုက်လို့ ဟုတ်လား ။
ဘယ်လောက် …ကြာ…ပြီ…လဲ”

“ဆယ့်ငါးမိနစ်လောက်ရှိပြီ။
ကျနော်လည်း ဘာမှ မလုပ်တတ်ဘူး။
ရွာကို လူလွှတ်ပြီး ခေါ်ခိုင်းထားပါတယ်”

“ဟင်…မြွေဆိပ်ပျံ့နေပြီပဲ”

“အဖွားကယ်နိုင်ရင် …ကယ်ပေးပါခင်ဗျ”

“အင်း…သတ္တဝါတစ်ခု …ကံတစ်ခုပဲ”

“ဒီသူငယ်က စိတ်ရင်းကောင်းပေမယ့်
မကောင်းတဲ့ အကျင့်ရယ်။ပါးစပ်ဆိုးတာရယ်
ကတိမတည်တာရယ် သူ့ကို လူကဲခတ်ကြည့်တာနဲ့
အဖွားသိတယ်”

“ဟုတ်ပါတယ် အဖွား”

“ဒီသူငယ် …သင်္ချိုင်းစောင့် မဖဲဝါကို ကတိပေးပြီး
ကတိကို လွယ်လွယ်နဲ့ ဖျက်တယ်။
စော်ကားတဲ့စကားတွေလည်း ပြောခဲ့တယ်
မဟုတ်လား”

“ဟာ…ဟုတ်ပါတယ် ဒီလူ အဖွားပြောသလိုပဲ
ဖဲရှုံးပြီး လျှောက်မဲနေတာပါ”

“အေး လူဆိုတာ ပေးပြီးတဲ့ ကတိကို မဖျက်ရဘူး
ဘယ်သူပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် သရဲတစ္ဆေပဲဖြစ်ဖြစ်
လေးစားသမှု ရှိရတယ်။
မဖဲဝါဆိုတာ နာမည်ကသာ မဖဲဝါ။
သူ…သင်္ချိုင်းတွေ စောင့်နေတာ
မင်းတို့မမွေးခင်ကတည်းက
မင်းတို့ အဖိုး အဖွားတွေထက်တောင် အသက်ကြီးဦးမယ်
ဘယ်ဘုံသားပဲဖြစ်ဖြစ် ကြီးတယ်ငယ်တယ် ဂါရဝတရား
ထားသင့်တယ်ကဲ…အဖွားကို ကတိပေး
ကောင်လေးကြားလား”

ကျော်တင့် လေသံတိုးတိုးနှင့်…

“ဟုတ်…ဟုတ်…ကဲ့ …ကြား…ပါ…တယ်”

“အေး …မင်းက အမေအိုကြီးကိုလည်း
လုပ်ကျွေးရတယ်။မိန်းမနဲ့ ကလေးကိုလည်း
လုပ်ကျွေးရဦးမယ်…မင်းနောက်ကို ဖဲမရိုက်နဲ့တော့။
အရက်မသောက်နဲ့ …သရဲပဲဖြစ်ဖြစ်
လူပဲဖြစ်ဖြစ် ပေးပြီးတဲ့ ကတိတော့ တည်ရမယ်”

“ဟုတ်…ဟုတ်…ကဲ့ …အ…ဖွား”

“အေး …မင်းအရက်မသောက်တော့ပါဘူး။
ဖဲမရိုက်တော့ပါဘူး။ကြီးသူကို လေးစား
ငယ်သူကို ကြင်နာတဲ့စိတ် မွေးပါတော့မယ်။
ဘာသာတရား လိုက်စားပြီး ဆယ်နှစ်တိတိ
သက်သက်လွတ် စားပါ့မယ်လို့ ကတိပေးရင်
မြွေဆိပ်မတက်ဘဲ အကောင်း ပြန်ဖြစ်အောင်
အဖွားကုပေးမယ် ကတိပေးနိုင်မလား”

“ဗျာ…အဖွား ကျနော် အသက်မသေအောင်
ကယ်နိုင်လား”

“ငါပြောတဲ့ကတိတွေ မင်းပေးနိုင်မလား။
လွယ်လွယ် မပြောနဲ့။ဖောက်ဖျက်တာနဲ့
လက်ရှိမြွေဆိပ်ပြန်တက်ပြီး ငေါက်ခနဲ
သေလိမ့်မယ်”

“ဗျာ ကျနော်ရင်ထဲက လှိုက်လှိုက်လှဲလှဲ
ကတိပေးပါတယ်။ဖဲလည်း …မရိုက်တော့ပါဘူး။
အရက်လည်း မသောက်တော့ပါဘူး။
သက်သက်လွတ်စားပြီး ဘာသာရေး
လိုက်စားပါတော့မယ်”

“အေး…မင်းရဲ့အသက်ခြောက်ဆယ်ကျော်
အမေကြီးက အလွန်ဆုံး အသက်ရှည်မှ
နောက်ဆယ်နှစ် ဆယ့်ငါးနှစ်ပေါ့။
အမေကြီးအသေဖြောင့်အောင်
လုပ်ကျွေးရမယ်။ဘာသာတရားလုပ်နိုင်အောင်
ကူညီရမယ်။အဲဒီတာဝန်တွေ မင်းမှာ
ရှိသေးလို့ မင်းအသက် ငါကယ်မှာ”

“ဟုတ်ကဲ့ …စိတ်…ရင်း…မှန်ကတိ ပေးပါတယ်”

“မင်းက ကတိတည်ရင် …မင်းလုပ်တဲ့အလုပ်က
အကျိုးပေးမှာပါ။ဖဲရိုက်စရာ မလိုဘူး”

“ကဲ …မျက်လုံးမှိတ်ထား …
အဖွားရောက်လာကတည်းက
မင်းခန္ဓာကိုယ်မှာ တက်နေတဲ့
မြွေဆိပ်ကို ထိန်းထားပြီးပါပြီ။”

“ကဲ…ကဲ…မြွေဆိပ်တွေ ကျသွားပြီ
မျက်လုံးဖွင့်လို့ ရပါပြီ…ကတိဖျက်တဲ့နေ့ဟာ
မြွေဆိပ်ပြန်တက်ပြီး သေမယ့်နေ့ ဆိုတာတော့
မြဲမြဲမှတ်ထား။ရက်တွေ နှစ်တွေကြာလို့
စမ်းသပ်ကြည့်မယ်လို့တော့
မကြံမိစေနဲ့”

“ဟုတ်ကဲ့…မြဲမြဲ မှတ်ထားပါ့မယ်”

“မင်းလည်း သူ့ကိုပဲ ပြောနေတယ်လို့ မထင်နဲ့။
မင်းလည်း ဖဲမရိုက်နဲ့ အရက်မသောက်နဲ့
ဘာသာတရားလိုက်စား အကျိုးပေးလိမ့်မယ်
ဒုက္ခကြီးကြီးမားမား မရောက်ဘူး”

စံအေးလည်း အဖွားအား လက်အုပ်ချီထားပြီး
ကတိအတန်တန် ပေးလိုက်သည်။

ကျော်တင့်လည်း မျက်လုံးများပြာဝေပြီး
ဇရပ်ကြမ်းပြင်ပေါ် လဲနေရာက မြွေဆိပ်ကျပြီး
ထထိုင်လိုက်သည်။

“ကျနော် အဖွားကို ကန်တော့ပါရစေ”

“အေးအေး အမှားသိလို့ အမှန်ပြင်နိုင်တော့လည်း
ခွင့်လွှတ်ရတာပေါ့”

“အဖွားက ဘယ်ရွာကလာပြီး ဘယ်ကိုပြန်မှာလဲ
အိမ်လိုက်ခဲ့ပါလား”

“အဖွားက ဒီလိုပဲ တစ်ယောက်တည်း ခရီးသွားနေတာပါ
ဘယ်သူ့အိမ်မှ မလိုက်ပါဘူး”

“အဖွားနာမည် သိထားပါရစေအဖွား”

“အဖွားလိုပဲ သိထားပေါ့ …ကဲ အဖွားသွားမယ်”

အသက်(၇၀)ကျော် အဖွားအိုလည်း
တောင်ဝှေးတစ်ချောင်းအားပြုရင်း
သူတို့အနီးက ထွက်သွားတော့သည်။

မကြာခင် ရွာမှ လိုက်လာသူများ ဇရပ်အနီးသို့
ရောက်လာသည်။

သူတို့ စိုးရိမ်သလို လူမမာကျော်တင့်ကို မတွေ့ရဘဲ…
ပြုံးပြုံးရွှင်ရွှင်ဖြစ်နေသော ကျော်တင့်ကို
တွေ့လိုက်သဖြင့် အားလုံးအံ့အားသင့်နေကြသည်။

“ဘယ်လို ဖြစ်တာလဲ ငါတို့ကို ညာခေါ်တာလား”

“မဟုတ်ပါဘူး။တကယ်မြွေပွေးကြီး ကိုက်လိုက်လို့”

“စောစောကပဲ အဖွားကြီး တစ်ယောက်သင်္ချိုင်းထဲ
ဝင်လာပြီး ဂါထာမန္တာန်နဲ့
ကုပေးလိုက်လို့ ပျောက်သွားတာ”

“ဘယ်မှာလဲ အဲဒီအဖွား”

“ဟိုမှာ အခုပဲ ထွက်သွားတာ”

“ဟင်…မရှိတော့ဘူး”

စံအေး လက်ညှိုးညွှန်ပြရာသို့ ကြည့်ပေမင့်
လူဟူ၍ မတွေ့တော့။

“ဟိုနားမှာလည်း ကျော်တင့် ကိုက်တဲ့မြွေပွေးကြီး
ကျနော်ခဲနဲ့ ထုထားလို့ သေနေတယ်”

စံအေးက ရွာသားများကို ခေါ်ပြီး မြွေသေရှိရာသို့
သွားပြသည်။

ခဲလုံးအကြေများကို ဆွဲဖယ်ပစ်လိုက်ရာ
ခဲလုံးများအောက်မှာ
ဘာမြွေမှ မရှိတော့။

စံအေး အံ့သြသွားသည်။

“ဒီ…ဒီမှာ ကျနော်ကိုယ်တိုင် မြွေပွေးကြီးကို
ဒီခဲလုံးကြီးနဲ့ ထုသတ်ပစ်လိုက်တာ။
ကိုကျော်တင့်လည်း သိတယ်”

“ဒါ…ဒါဆို …ကိုကျော်တင့် အမေမဖဲဝါကို
စိန်ခေါ်လို့ မြွေတစ်ကောင် ဖန်ဆင်းပြီး
ကိုက်ခိုင်းလိုက်တာ ဖြစ်မယ်”

“စောစောက လာတဲ့ အဖွားကြီးကလည်း
အမေဖဲဝါများလား မသိဘူး”

“ဖြစ်နိုင်တယ်စံအေး …ငါ့ကို လာဆုံးမသွားတာ”

ကျော်တင့်စကားကြားတော့ အနီးမှာ ရပ်နေသည့်
ကျော်တင့်ဘကြီးက…

“ဘာမှလုပ်မသွားတာ ကံကောင်းတယ်မှတ်။
မင်းတို့ကို အသေလုပ်ခဲ့ရမှာ”

“ဟာ…ဘကြီးစံကလဲ”

“မင်းတို့က ဆန်ကုန်မြေလေးတွေ မဟုတ်လား”

“ကျနော် ဒီနေ့ကစပြီး ဖဲမရိုက် အရက်မသောက်တော့ဘူး။
အမေ့ကို လုပ်ကျွေးပါ့မယ်လို့ ကတိပေးလိုက်ပြီးပြီ ဘကြီး”

“အေး …ကြည့်ကြသေးတာပေါ့ ကျော်တင့်ရာ”

ကျော်တင့်၏ ဘကြီး ဦးစံညွှန့်က ထိုမျှသာပြောပြီး
သင်္ချိုင်းအတွင်းက ဦးဆောင်ပြီး ထွက်သွားတော့သည်။

ကျော်တင့်နှင့် စံအေးတို့လည်း သင်္ချိုင်းအတွင်းမှ
စိတ်လက်ပေါ့ပါးစွာနှင့် ပြန်လာခဲ့တော့သည်။

မူရင်းရေးသူ ဆရာ ဧကန်မင်း

မဖဲဝါကို ပြန်ခြောက်တဲ့သရဲ စာအုပ်မှ
ကောက်နှုတ်တင်ပြရင်း…

ပြီးပါပြီ

စာဖတ်သူတိုင်း စိတ်ရွှင်လန်းပါစေ