နိုးတစ်ဝက်အိမ်မက်

မျက်လုံးများဖြင့်ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။

” ကိုယ်ဝန်တော့ မရှိပါဘူး …အက်ထရာဆောင်းရိုက်ရမယ် ”

ဆရာဝန်မ၏ နှုတ်မှထွက်လာသောစကားကိုကြားရသည့်အခါမှ သူမရင်ထဲမှ အပူလုံးကြီးကျဆင်းသွားရလေတော့သည်။

~~~a~~~k ~~~y~~~~i~~~p ~~h~~y~~-u~~~

” သားအိမ်ထဲမှာ အလုံးဖြစ်နေတာ ..ခွဲရမဲ့အဆင့်ဖြစ်နေပြီ ”

ခွဲရမည်ဆိုသော စကားကြောင့် သူမရင်ထဲမှာ ပူလောင်သွားရပြန်လေသည်။တစ်နေ့လုပ်မှ တစ်နေ့စားရသောသူမအတွက်
ဆေးကုသစရိတ်ဘယ်မှာရှိမည်နည်း။သူမ၏အခြေအနေကို နားလည်သဘောပေါက်သွားပုံရသော ဆရာဝန်မကြီးသည် သက်ပြင်းကို ချလိုက်ပါသည်။

” အစိုးရဆေးရုံမှာခွဲရင် ကုန်ကျစရိတ်သိပ်မရှိပါဘူးကွယ် …ဆေးရုံကို လွှဲစာရေးပေးလိုက်မယ်နော် ….မနက်လင်းရင် ဆေးရုံသွားလိုက်တော့နော် ”

အထူးကုဆေးရုံထဲမှ အထွက်တွင် သူမအသက်ရှူဖို့ရန်ပင် မေ့လျော့နေမိလေသည်။

“ကျန်တဲ့အစ်ကိုတွေအစ်မတွေဆီကို အကြောင်းကြားပြီး ဆေးကုစရိတ်တောင်းရမှာပေါ့ဟယ်…နင်စိတ်မပူပါနဲ့…မောင်နှမတွေအားလုံးစုခံကျမှာပေါ့ ..”

သူမဘာမှမပြောဘဲနှုတ်ဆိတ်နေမိပါလေသည်။သူမကြောင့်မောင်နှမများ ဒုက္ခများရမည့်အဖြစ်ကိုတော့ သူမစိတ်ထဲမှမလိုလားမိပေ။ယခုအတိုင်းထားလိုက်လို့မနာမကျင်ဘဲ ‌ေ-သသွားခဲ့မည်ဆိုလျှင်လည်း သူမငေသရဲပါ၏။

~~~~ a~~~~k~~~~y~~~i~~~~~~p~~~h~~~~y~~~~~~u~~~~~~~

ဆေးရုံသို့ရောက်သောအခါ သူမထင်ထားသည်ထက်ပင်ပို၍ဆိုးဝါးသော ပြဿနာများကိုကြုံရလေသည်။အရင်ဆုံးပြဿနာဖြစ်ရသည်မှာ ဆရာဝန်မတစ်ယောက်နှင့်ဖြစ်သည်။ဒူးထောင်ခိုင်းသည်ကိုမထောင်၍ သူကလည်းငေါက်ငမ်းသည်။ကိုယ်ကလဲ ပြန်ပြောမိသည်။ဆရာဝန်မစိတ်ဆိုးပြီးထွက်သွားခဲ့ပါလေသည်။အတော်လေးကြာသောအခါတွင်် အခန်းထဲသို့ဆရာဝန်လေးတစ်ယောက်ဝင်လာခဲ့ပါလေသည်။အခန်းထဲဝင်လာသောဆရာဝန်လေးကိုကြည့်ပြီး သူမရင်တွေတဒိန်းဒိန်းခုန်ကာ အရှက်သည်း မိပြန်လေသည်။အံကိုကြိတ်၍ဆရာဝန်ကိုကြည့်နေမိပါလေသည်။ဆရာဝန်လေးသည်။သူမထက်ပင်ငယ်မည့်ပုံရလေသည်။ဆရာဝန်လေးက သူမနားသို့လျှောက်လာပြီး လက်ကသွေးခုန်နှုန်းကိုအရင်စမ်းပါသည်။ပြီးလျှင်သူမမျက်နှာကိုကြည့်ပါသည်။

” ရောဂါတစ်ခုဖြစ်လာရင်ရှက်နေလို့မရဘူးလေ..ရှက်နေရင်ပိုပြီးဆိုးလာလိမ့်မယ် …အခန်းထဲမှာ ဆရာမတွေချည်းပဲနေခိုင်းလိုက်မယ်လေ..အသက်မရှင်ချင်ဘူးလား…အခုမှငယ်ငယ်ပဲရှိသေးတယ်လေ ”

ဆရာဝန်လေးသည် သူမ၏ရင်ဘတ်ကိုနားကြပ်နှင့်အသာစမ်းထောက်ရင်းနုညံ့ညင်သာစွာပြောလေသည်။ဆရာဝန်လေး၏ စကားများကိုနားထောင်ရင်းသူမအလိုလိုခေါင်းငြိမ့်မိလေသည်။

” ဒါဆိုရင်အစမ်းခံမှာမဟုတ်လား..တခြားဆရာမလွှတ်လိုက်မယ်နော်”

သူမခေါင်းအလိုလိုငြိမ့်ပြလိုက်မိပါလေသည်။

~~~~a~~~k~~~~y~~~~~i~~~~~p~~~h~~~~y~~~u~~~~~~~~

” အမြန်ဆုံးခွဲစိတ်ရမယ် …ဒါတွေအားလုံးစစ်မယ်..လူနာစောင့်ဘယ်မှာလဲ ”

သူမကိုသိပ်မကြည်သောဆရာဝန်မကြီးထံမှ လေသံခပ်မာမာနှင့်စကားပြောသံထွက်လာခဲ့လေသည်။

” ကျွန်တော်ရှင်းပြလိုက်ပါ့မယ် ဆရာမကြီး ”

ဆရာဝန်မကြီး၏လေသံမာမာနောက်မှနုညံ့ချိုသာသော စကားသံအေးအေးကိုကြားလိုက်ရသည့်အခါတွင် သူမရင်တွေဒိန်းခနဲခုန်သွားရပြီးမဝံ့မရဲနှင့်မော့ကြည့်လိုက်မိလေသည်။ထိုအခါသူမကိုမသိမသာစောင့်ငဲ့ကြည့်လာပြီး ပြုံးပြလာသော ဆရာဝန်လေး၏အပြုံးကိုတွေ့ရလေသည်။

ဆရာဝန်အုပ်စု လူနာများကိုလိုက်လံကြည့်ရှုသည့်နောက်သို့ သူလည်းလိုက်ပါသွားခဲ့ပြီးနောက် သိပ်မကြာခင်မှာပင် သူမတို့ရှိရာသို့ သူပြန်ရောက်လာခဲ့ပါလေသည်။

” သွေးစစ်ဖို့အတွက်… သွေးနမူနာယူမယ်နော် ”

အသံတိုးတိုးနှင့်ပြောရင်းသူက သူမ၏လက်ဖျံကို သူ့တွင်ပါလာသောကြိုးစနှင့်အသာစည်းနှောင်လိုက်ပါလေသည်။သူအဲ့ဒိလိုလုပ်လိုက်သည်နှင့်သူမမျက်လုံးကိုမှိတ်ထားလိုက်မိပါလေသည်။

“မနာဘူးနော် …ခဏလေးပါ ”

နုညံ့ချိုသာသောသူ့အသံတိုးတိုးကထွက်ပေါ်လာလေသည်။

“ကြည့်ရတာ..ဆရာမလေးတွေက ပိုးသတ်ဆေးလာချိတ်ရင်နာလို့ …ဆေးထိုးအပ်ကိုကြောက်နေတာထင်တယ်….ညနေကျရင် ကျွန်တော်လာချိတ်ပေးမယ်နော် ”

သူမဘာမှပြန်မပြောမိပါ။ခေါင်းငုံ့၍သာနားထောင်နေမိပါလေသည်။

“တစ်ခုခုနေလို့ထိုင်လို့မကောင်းရင် လူနာစောင့်ကိုလာခေါ်ခိုင်းလိုက်နော် …”

” ဟုတ်..ဟုတ်ကဲ့ ”

“အဒေါ်..လူနာတစ်ခုခုနေလို့အဆင်မပြေရင် ချက်ချင်းလာခေါ်ပါနော် ”

လူနာစောင့်ခေါ်ထားသောအဒေါ်ကြီးကို သူကထပ်မှာနေပြန်လေသည်။

~~~a~~~~k~~~y~~~~~~~i~~~~p~~~h~~~y~~~~~u~~~~~~

ညကိုးနာရီလောက်တွင် ပိုးသတ်ဆေးဘူးသစ် ချိတ်ရမည့်အချိန်သို့ရောက်လာခဲ့လေသည်။ဆရာမလေးများသည်် တစ်ယောက်ပြီးတစ်ယောက်အလှည့်ကျ ပိုးသတ်ဆေးဘူးလိုက်ချိတ်ပေးနေလေသည်။သူမ၏စိတ်ထဲမှ နေ့လယ်တုန်းဆီက သူပြောသွားခဲ့သောစကားကိုသတိရလိုက်မိပြီး မရဲတရဲမျှော်လင့်နေမိလေသည်။

“အိပ်နေပြီလား…ဆေးဘူးသစ်ချိတ်မယ်နော်”

နုညံ့ညင်သာသော စကားသံကြောင့်သူမရင်တွေတဒိန်းဒိန်းဆောင့်ခုန်သွားရလေ၏။သူကသူမနဖူးလေးကိုစမ်းကြည့်ပါသည်။ပြီးနောက် အဖျားတိုင်းသည်။သွေးပေါင်ချိန်တိုင်းသည်။အားလုံးပြီးသောအခါ သူမလက်ဖမိုးလေးကိုညင်သာစွာဆွဲယူလိုက်ပြီးလျှင် လက်ဖမိုးကို အသာယာပွတ်ပေးလေသည်။သူမသည် သူ့မျက်နှာလေးကိုခိုးငေး၍ကြည့်နေမိပါလေသည်။အသားဖြူဖြူ ခပ်သွယ်သွယ်နှင့်သူ့ပုံစံကိုသူမငေးကြည့်နေမိပါလေသည်။သူသည်လူချောတစ်ယောက်မဟုတ်ပါ။သို့သော်လည်းရှင်းသန့်ကြည်လင်နေသောသူ့ပုံစံသည် ထင်း၍တောက်ပနေပါလေသည်။

” အပ်ချိတ်ပြီးသွားပြီး နာလား ..ဆရာမတွေထိုးလို့နာရင်ပြောနော် ”

သူမလက်မှာဆေးထိုးအပ်ထိုးပြီး ပိုက်ချိတ်လိုက်သည်ကို သူမတကယ်ပင်မသိပါလေ။သူမသည် တကယ်ပင်ပြုစားခံနေရသည်ထင်ပါလေသည်။

~~~~ a~~~~k~~~~y~~~i~~~~~P~~~h~~~~y~~~~u~~~~

” နိုးပြီလား ….ဆေးဘူးအသစ်လဲပေးခဲ့မယ်နော်”

လဲပေးခဲ့မယ်ဆိုသောစကားကြောင့် သူမရင်ထဲလှိုက်ခနဲခုန်လှုပ်သွားရလေသည်။မနက်စောစောမှာပင် ခုတင်နားသို့ရောက်လာပြီးပြောလိုက်သောကြောင့် သူမရင်တွေတုန်သွားရပါသည်။သူကထုံးစံအတိုင်ပင် သူမကိုစမ်းသပ်ပေးပါသည်။အားလုံးစမ်းသပ်ပြီးသွားသောအခါ သူသည် သူမနားမှာအတန်ကြာရပ်နေခဲ့လေသည်။အတော်လေးကြာသောအခါမှ လူနာစောင့်အဒေါ်ကြီးကိုကြည့်လိုက်ပြီး

” လူနာကနာတာပဲဖြစ်ဖြစ်..တစ်ခုခုဖြစ်ရင် ဆရာမလေးတွေကိုသွားခေါ်နော်အဒေါ် …ဘယ့်သူကိုမှကြောက်စရာမလိုဘူး ”

“ဟုတ်..ဟုတ်ကဲ့ပါဆရာ ”

သူသည် မှာစရာရှိသည်များကိုမှာပြီးနောက် ပြန်ထွက်သွားခဲ့လေသည်။သူ့နောက်ကျောကို သူမအသာငေးကြည့်နေမိပါလေသည်။

~~~~a~~~~k~~~y~~~~~i~~~~~P~~~~h~~~~~~~ Y~~~~~u~~~~~~~~

လူနာစောင့်အဒေါ်ကြီးကျွေးသော မနက်စာကိုပင်သူမဖြောင့်ဖြောင့်တန်းတန်းမစားနိုင်ဘဲ စင်္ကြန်လမ်းကိုငေးနေမိပါလေသည်။သူမငေးကြည့်နေမိစဉ်မှာပင် အင်္ကျီအနီးကွက်လေးနှင့်ဘောင်းဘီအနက်ကိုဝတ်ဆင်ထားသော လူငယ်တစ်ယောက်ကိုတွေ့လိုက်ရလေသည်။ကျောပိုးအိတ်လေးကိုလွယ်ထားသောလူငယ်သည် သူမကိုလှမ်း၍ကြည့်လာပါသည်။နှစ်ယောက်သားအတန်ကြာ ငေးကြည့်နေမိကြလေသည်။သူမကြည့်နေမိရင်းမှ ရင်တွေဒိန်းခနဲဆောင့်ခုန်သွားရလေသည်။ဂျူတီကုတ်မပါသော သူ့ပုံစံသည် လွတ်လပ်ပေါ့ပါးသောလူငယ်တစ်ယောက်အသွင်သို့ပြောင်းလဲနေခဲ့ပါလေသည်။

ထိုအချိန်မှစ၍ သူ့ကိုတစ်နေကုန်မတွေ့ရတော့ဘဲရှိလေသည်။သူမသည်လည်း ခုတင်ပေါ်တွင်မျက်လုံးအစုံကိုမှိတ်၍တိတ်ဆိတ်ငြိမ်သက်နေမိပါလေသည်။

~~~~a~~~k~~~y~~~i~~~p~~~~h~~~y~~~u~~~~~

“သူသက်သာတယ်မဟုတ်လား… အဖြေလွှာတွေရောမရသေးဘူးလား…ဒီတစ်ပတ်ထဲမှာခွဲလို့ရအောင် လုပ်ရမှာကို ..”

“ဟုတ်ကဲ့ဆရာ…မရသေးဘူးတဲ့ …မနက်ဖြန်နေ့လယ်လောက်မှရမယ်လို့ပြောတယ်ဆရာ ”

” ဟုတ်လား..ဘာလို့အဲ့ဒီလောက်ကြာရတာလဲ….စာရွက်စာတမ်းတွေအကုန်ကျွန်တော့်ကိုပေးပါ ”

သူမမျက်လုံးမှိတ်ထားသော်လည်း လူနာစောင့်အဒေါ်ကြီးနှင့်သူပြောနေသောစကားများကို အားလုံးကြားနေရပါလေသည်။

“အိပ်ပျော်နေတယ်ထင်တယ်…”

သူ့ထံမှစကားသံခပ်တိုးတိုးကိုကြားရပါလေသည်။သူမရင်တွေတလှပ်လှပ်တုန်၍မျက်လုံးကို ဖွင့်မကြည့်ရဲပါလေ။ခုတင်နားမှ သူပြန်ထွက်သွားသည်အထိငြိမ်သက်နေမိပါလေသည်။

အချိန်အတော်လေးကြာသောအခါ သူမခုတင်နားသို့ သူပြန်ရောက်လာခဲ့ပါလေသည်။ဤတစ်ခါမှာတော့ သူမအိပ်ချင်ယောင်ဆောင်နေ၍မရတော့ပါ။ခုတင်ပေါ်မှာ ငုတ်တုတ်ထထိုင်နေမိချိန်နှင့်ကြုံကြိုက်သွားသောကြောင့် သူ့ကိုမရဲတရဲနှင့်မော့ကြည့်လိုက်မိပါလေသည်။

” အီးစီဂျီဆွဲရမယ် …လမ်းလျှောက်နိုင်ရဲ့လား ”

သူကခပ်တိုးတိုးမေးလာပါလေသည်။

“ဟုတ်..ဟုတ်ကဲ့ ..လျှောက်နိုင်ပါတယ်ဆရာ ”

သူမခပ်တိုးတိုးပြန်ဖြေလိုက်မိပါသည်။

” အဒေါ်…လူနာကိုတွဲခေါ်ခဲ့နော် …”

သူကပြောရင်းမှနောက်သို့တလှည့်ကြည့်ကြည့်နှင့်လျှောက်သွားလေသည်။စမ်းသပ်ခန်းသည် သူမနေသောအခန်းနှင့်သိပ်မဝေး။လမ်းအနည်းငယ်မျှလျှောက်ပြီးသည်နှင့်စမ်းသပ်ခန်းသို့ရောက်လေသည်။အခန်းရှေ့သို့ရောက်သောအခါ အခန်းထဲသိုသူမဝင်သွားခဲ့ရသည်။အခန်းထဲသို့ရောက်သောအခါ အခုတင်ပေါ်သို့အသာလှဲချလိုက်သည်။ထိုအချိန်အထီ အိးစီဂျီမည်သို့ဆွဲရသည်ကို သူမသေချာမသိသေးပါချေ။

” အီးစီဂျီဆွဲတာမနာဘူးနော်..ဘာမှမဖြစ်ဘူး..စိတ်မလှုပ်ရှားနဲ့နော်် ”

သူကအသံချိုချိုလေးနှင့်ရှင်းပြနေရင်းမှ သူမ၏ခြေထောက်နှစ်ဖက်ကို ညှပ်များနှင့်ညှပ်လိုက်သည်။ပြီးနောက်တွင် သူ့ထံမှအသံတိုးတိုးထွက်လာခဲ့လေသည်။

” ဟို …အင်္ကျီကိုလှန်မှဖြစ်မှာ ”

သူ့စကားသံကြောင့် သူမရင်တွေတလှပ်လှပ်ခုန်သွားရပြီးမျက်နှာမထားတတ်အောင်ဖြစ်သွားရလေည်။သူ့စကားကိုလည်း မတုံ့ပြန်မိဘဲ လက်နှစ်ဖက်နှင့် အင်္ကျီစကိုတင်းတင်းဆုပ်ကိုင်ပြီး တောင့်တောင့်ကြီးငြိမ်နေမိလေ၏။သူချိုချိုသာသာပြောပြခဲ့၍ ဆရာဝန်များကိုမရှက်တော့ဘဲ သူမအလိုက်သင့်နေတတ်ခဲ့ပြီဖြစ်လေသည်။သို့သော်လည်း သူ့ရှေ့မှာအင်္ကျီချွတ်ရမည်ကိုတော့ စိတ်ထဲမှအရှက်ကြီးရှက်နေမိလေသည်။

သူကသူမနားမှာအတန်ကြာရပ်ကြည့်နေပြီးမှ နှုတ်ခမ်းကိုတစ်ချက်ကိုက်လိုက်ကာ မသိမသာပြုံးသွားသည်ကို သူမမြင်ဖြစ်အောင်မြင်လိုက်မိပါလေသည်။

“ခဏလေးနော်..ဆရာမလေးတစ်ယောက်လွှတ်လိုက်မယ် ”

မျက်နှာမှာပြုံးယောင်သန်းပြီး ထွက်သွားသောသူ့နောက်ကျောကိုသူမလိုက်လံငေးမောကြည့်နေမိပါလေသည်။

~~~~ a~~~k~~~y~~~~i~~~~~~p~~~h~~~y~~~u~~~~~~~~

” အားလုံးဆရာလေးကြောင့် အမြန်ရတာ တူမကြီးရဲ့….အဖြေတွေအကုန်ဆရာလေးပဲလိုက်ယူပေးတာ…ဆရာကသူ့ဂျူတီကျတဲ့ရက်တွေဆိုရင် တစ်နေ့ကိုလေးငါးခေါက်မကဘူး လာလာကြည့်တာ..အစားစားရဲ့လား..နေကောင်းရဲ့လားဆိုပြီးမေးရတာလဲအမောပဲ ”

လူနာစောင့်အဒေါ်ကြီးက ယောင်းမဖြစ်သူကို ရှင်းပြနေခြင်းဖြစ်ပါသည်။ထိုစကားများကို သူမကြည်နူးစွာနားထောင်နေမိပါလေသည်။တကယ်ပဲသူဂျူတီကျသောနေ့ရက်များသည် သူမအတွက်ကြည်နူးရင်ခုန်စရာနေ့ရက်များဖြစ်ခဲ့ပြီး သူ့ဂျူတီမရှိသောနေ့ရက်များသည် သူမအတွက်တော့အဓိပ္ပါယ်ကင်းမဲ့လွန်းသောနေ့ရက်များဖြစ်ခဲ့ပါလေသည်။

~~~~ a~~~k~~~~y~~~~i~~~~~p~~~~h~~~y~~~u~~~~~~~~~~~~~

” မနက်ဖြန်ခွဲခန်းဝင်ရမယ် ”

မနက်ဖြန်ခွဲခန်းဝင်ရမည်ဆိုသော စကးကြောင့် သူမရင်ထဲတလှိုက်လှိုက်နှင့်ဝမ်းနည်းသွားရလေသည်။မနက်ဖြန်သူ့ပိတ်ရက်မဟုတ်ပါလား။ရင်ထဲမှာအလိုလိုအားငယ်သွားမိပါလေသည်။

~~~~a~~~~k~~~y~~~~~i~~~~p~~~h~~~y~~~~~u~~~~~~~~

နေ့လယ်ဆယ်နာရီကျော် ခွဲခန်းဝင်ရသည်အချိန်အထိသူ့ကိုမတွေ့ရပါ။

သူမခွဲခန်းထဲမှပြန်ထွက်လာသည့်အချိန်ကို တိတိကျကျမမှတ်မိပါ။ခွဲခန်းထဲမှတွန်းထုတ်လာသူများကိုလည်းသေချာမသိပါ။ခွဲခန်းထဲမှထွက်လာပြီးနောက် ပိုးသတ်ခန်းသို့ဝင်ရပါလေသည်။ပိုးသတ်ခန်းထဲသို့ရောက်သောအခါ သူမကိုအောက်ဆီဂျင်ပိုက်တပ်ပေးပါလေသည်။

“နေသာရဲ့လား …အသက်ရှူလို့မဝရင် လူနာစောင့်ကိုပြောနော် ..လူနာစောင့်က ဒီမှာပဲထိုင်ကြည့်ပါနော်..နာရီဝက်တစ်ခါဆရာ့ကိုလာခေါ်ပါ ”

သူမသည်လူနာလှည်းပေါ်တွင်မလှုပ်နိုင်သေးပါ။သို့သော်လည်း သူ့အသံကိုကြားလိုက်ရသောကြောင့် ရောဂါဝေဒနာများသက်သာသွားသလိုခံစားလိုက်ရပါလေသည်။ဒီနေ့သူ့ပိတ်ရက်မဟုတ်လား။သို့သော်လည်း သူမဘေးနားမှာ သူဘယ်အချိန်ကတည်းကရှိနေခဲ့သည်ကို သူမတကယ်ပင်မသိပါလေ။တစ်ချိန်လုံး သူမမျက်လုံးများကို မှိတ်ထားခဲ့မိသည် မဟုတ်ပါလား။

သူသည်သူမဘေးနာတွင်ခဏကြာရပ်နေပြီးနောက် အခန်းပြင်သို့ပြန်ထွက်သွားခဲ့လေသည်။

~~~~ a~~~k~~~y~~~i~~~~p~~h~~~~y~~~~u~~~~~~~~~~

” နာရီဝက်တစ်ခါလာခေါ်ပါဆိုတာကို ဘာလို့လာမခေါ်တာလဲ ”

မျက်လုံးများကိုပိတ်ပြီး သူမငြိမ်သက်နေမိသော်လည်း သူ့အသံကိုကြားလိုက်ရသည်နှင့်သူမချက်ချင်းမှတ်မိလိုက်ပါလေသည်။

” ဟုတ်..ဟုတ်ကဲ့ပါဆရာ ..ဟို…ဟို နာရဝက်မပြည့်သေးလို့ လာမခေါ်သေးတာပါဆရာ ”

လူနာစောင့်နေသော တူမဖြစ်သူ၏ပြန်ဖြေသံကိုကြားလိုက်ရပါလေသည်။ထိုအခါသူ့ထံမှ စကားသံထပ်မကြားရတော့ဘဲ သူမ၏အောက်ဆီဂျင်ပိုက်ကိုစမ်းကြည့်နေသည်ကိုသိလိုက်ရသည်။ပြီးလျှင် သူမနားတွင်ရပ်လျက် လက်များကိုလည်းကိုင်စမ်းကြည့်သည်ကိုတွေ့ရသည်။ငြိမ်သက်ကာ သူမအသက်ရှူသံကိုနားထောင်နေပုံလည်းရလေသည်။ထို့နေ့ညက တစ်ညလုံးလိုလိုသူမအခန်းထဲသို့ သူမကြာခဏဝင်လာသည်ကို သူမသိနေခဲ့ပါလေသည်။

~~~~a~~~~k~~~y~~~~~i~~~~p~~~h~~~y~~~~~u~~~~~~~

ပိုးသတ်ခန်းထဲမှ သူမထွက်လာသောအခါတွင်လည်း သူ့ကိုယ်တိုင်ပင် ခုတင်ဆီသို့ပြောင်းရွေ့ပေးပါလေသည်။

“ခုတင်ကိုနည်းနည်းမြှင့်လိုက်မယ်နော်.နေရတာအဆင်ပြေအောင် …မနက်ဖြန်လောက်ဆိုနေရတာအဆင်ပြေသွားမှာပါ ”

သူကိုယ်တိုင်ပင်ခုတင်ကိုမြှင့်ပေးရင်းမှ သူမနေရတာအဆင်ပြေမပြေကိုလည်း ကြည့်လေသည်။

“နေလို့အဆင်မပြေရင်ပြောနော် ”

ကြင်နာယုယစွာမေးရင် သူမဆီသို့မကြာခဏရောက်လာကာဆေးကိုလည်း သူကိုယ်တိုင်ပဲထိုးပေးသည်။ဆေးသောက်ရမည့်အချိန်များတွင်လည်းလမ်းကြုံသလိုလိုနှင့် သူအမြဲရောက်လာခဲ့ပါသေည်။

” မနက်ကျရင် ..ကျွန်တော်ဂျူတီထွက်ရမှာ ..ဆေးလာထိုးလို့နာရင် ပြောနော် …တစ်ခုခုနာတာပဲဖြစ်ဖြစ်…ဆရာမတွေကိုခေါ်ခိုင်းနော် ”

ညဘက်ဆေးလာချိတ်ပေးရင်းနှင့်မှာနေသော သူ့ကိုသူမခေါင်းလေးသာငြိမ့်ပြလိုက်မိပါလေသည်။

~~~~ a~~~~k~~~~y~~~i~~~~~~p~~~h~~~y~~~u~~~~~~

ခွဲစိတ်ပြီးခြောက်ရက်မြောက်သောနေ့။သူဂျူတီရှီသောနေ့ရက်များသည် သူမအတွက်တော့ပျော်ရွှင်ကြည်နူးစရာနေ့ရက်များဖြစ်ခဲ့သည်။ခံစားနေရသောရောဂါဝေဒနာများသည်လည်း နာကျင်မှုမရှိဘဲဆေးရုံးမှပင် မဆင်းချင်သလိုဖြစ်နေမိလေသည်။သူ့ဂျူတီပိတ်သောနေ့များတွင်မူ သူမမှာနောက်ရက်ကိုရောက်ချင်ဇောနှင့်မျှော်နေရသည်မှာ ရင်ခုန်စရာကောင်းလှပါလေသည်။

” လူနာ ဒီနေ့ဆေးရုံဆင်းခွင့်ရပါမယ်နော် ..ဆရာဝန်ကြီးလိုက်ကြည့်ပြီးရင် ဆင်းလို့ရပါပြီနော်် ”

ဆရာဝန်မလေးဆီမှကြားလိုက်ရသောစကားကြောင့် သူမရင်တွေတလှပ်လှပ်တုန်လာရသည်။ဒီနေ့သူ့ဂျူတီပိတ်ရက်ဖြစ်ပါသည်။သူမယနေ့ဆေးရုံမှဆင်းခွင့်ရမည်ကိုသူသိနေတာလား။မနက်တုန်းဆီက သူဂျူတီထွက်ခါနီးမှာပင် သူမကိုဆေးလာထိုးပေးသွားခဲ့သေးသည်။သူမလက်များကို နုညံ့
ညင်သာစွာကိုင်စမ်းသွားခဲ့ပါသေးသည်။ကျောပိုးအိတ်လေးလွယ်ပြီး ထွက်လာသောအခါတွင်လည်း သူမနားကိုလျှောက်လားခဲ့ပြီး သူမနဖူးလေးကိုစမ်းကြည့်သွားခဲ့သေးသည်လေ။

သူမငြိမ်သက်နေမိသည်။လူနာစောင့်အဒေါ်ကြီးကတော့ သူမအစ်ကိုအစ်မများကိုဖုန်းခေါ်နေခဲ့သည်။ဒီနေ့တစ်ရက်လောက်ပဲဖြစ်ဖြစ်ဆေးရုံမှာထပ်နေခွင့်ပေးပါဟု သူမစိတ်ထဲမှအော်ပြောနေမိသည်။သို့သော်လည်းသူမနှုတ်မှ အသံထွက်မလာခဲ့ပါလေ။

သူလျှောက်လာတတ်သော စင်္ကြန်လမ်းလေးကိုသာငေးမောကြည့်နေမိလေသည်။

~~~~a~~~k~~~~y~~~~~~i~~~p~~~b~~~y~~~~~~u~~~~~~~~~~~~~~

နေ့လယ်တစ်နာရီလောက်တွင် အိမ်မှလာကြိုသူများရောက်လာခဲ့ပါလေသည်။

အစ်ကိုအစ်မများငှားလာခဲ့သောကားပေါ်သို့သူမတက်လိုက်ပါသည်။

ကားလေးသည်ဆေးရုံဝန်းကြီးထဲမှတရွေ့ရွေ့မောင်းထွက်လာခဲ့ပါလေသည်။သူမဆေးရုံကြီးကို လည်ပြန်ငေးကြည့်နေမိရင်းမှ ပါးပြင်ပေါ်သို့ မျက်ရည်များ တပေါက်ပေါက်စီးကျလာခဲ့မိလေသည်။ကားလေးသည်ဆေးရုံဝန်းထဲမှ လွန်လာသည်နှင့် သူမရင်ထဲစူးအောင့်ကာနာကျင်လာခဲ့ရလေသည်။သူ့နာမည်ကိုတောင် သူမသိရှိခွင့်မရခဲ့ပါလေ။

စာချစ်သူများအားလုံး စိတ်ချမ်းမြေ့ ပျော်ရွှင်ကြပါစေ

A Kyi Phyu
ဧကြည်ဖြူ