ထူဆန်းသောရွာ

ဆင်နှစ်ကောင်အား တွေ့လိုက်ရ၏ ။

    “ဟိုမှာ မင်းတို့ ဆင်တွေ”

    “နှစ်ကောင်တည်းလားဗျ ‌နောက်တကောင်ရော”

    နှစ်ကောင်တည်းနဲ့တောင် အတော်ပျက်စီး‌နေတာ ‌နောက်တ ကောင်ပါ ရှိနေစေချင်တာလားကွ”

    ပုကွကွဂင်တိုတိုနှင့်လူမှာ သာဝေအား စူးစိုက်ကြည့်ကာ စကားကို တလုံးချင်းဆိုလိုက်ပြီး ခါးကြားမှ ဓားကိုဖြုတ်ကာ   ပုခုံးပေါ် တင်ထားလိုက်သည်။ထိုအခါ သာဝေသည်

   “အဲ့လိုသဘောမျိုးပြောတာ မဟုတ်ရပါဘူးဗျာ ကျုပ် ဆင်သွားမောင်းလိုက်ဦးမယ် ပေတူး လာ လာ “

   သာဝေ နှင့် ပေတူးတို့သည် ငှက်ပျောပင်များကို နှာမောင်းဖြင့် ချိုးလိမ်၍ စား‌နေသောဆင်နှစ်ကောင်အား ပေတူး နားမလည်သော စကားများဖြင့် ရောကာ မောင်းနေလေသည်။ထိုအခါ  ဆင်နှစ်ကောင်သည် စောင်းကန်းစောင်းကန်းနှင့် ပေတူးတို့အား မကြည်သလိုကြည့်ရင်း ငှက်ပျောခင်းဘေးရှိ လျှိုထဲသို့ဆင်းသွားရာ သူတို့နှစ်ယောက်လည်း လိုက်သွားရပါလေတော့သည်။

◾အခန်း (၂)

    ပေတူးသည် သာဝေနောက်တွင် ရပ်နေသည်။ဆင်နှစ်ကောင်အနက် ဆင်ကြီးတကောင်သည် သူတို့နှစ်ယောက်အား မျက် စောင်းထိုးကြည့်နေပြီး နှာမောင်းကြီးတယမ်းယမ်းဖြင့် ဟန်ရေး ပြနေလေသည်။သာဝေတယောက် များစွာသတိထားလို့‌နေရသည်။သူ၏နောက်တွင်ရှိသော ပေတူးကိုမူ ခပ်လှမ်းလှမ်းတွင်ရပ်နေစေကာ

    “ပေတူးရေ ဒီတ‌ကောင်က ငါ့ဆင်မဟုတ်ဘူးအဲ့ဒီတော့ ဒီ ကောင်က ငါ့စကား နားမထောင်ဘူး လက်နက်မရှိလို့ ဒီကောင်  မလေးမခန့်လုပ်နေတာ မှတ်ထား ဆင်‌တွေကိုသနားလို့ကတော့ မင်း အလောင်းသာပြင်ထား ဒီကောင်တွေက ငါတို့ကို ကြောက် တာ မဟုတ်ဘူး လက်နက်ကိုပဲ ‌ကြောက်တာ”

    ဆင်ဦးစီးကိုသာဝေသည် ဆင်ကြံ ကြံနေသည့်အကြည့်နှင့် ကြည့်‌နေသော ဆွယ်စုံရဆင်ကြီးအား အနားတွင်ရှိ‌နေသော ဝါးရုံထဲမှ အသင့်ခုတ်ဖြတ်ထားသောဝါးလုံးတလုံးကို ယူကာ  ဆင်ခြေထောက်များကို အားနှင့် ဆောင့်ထိုးလေ၏။ထိုအခါမှသာ ရန်လိုသောအကြည့်နှင့် ကြည့်‌နေသောဆင်ကြီးသည် လျှိုပေါ်သို့ ပြန်တက်လေသည်။ဆင်များသည် တောင်အဆင်းသို့ရောက်သောအခါ ဖင်ထိုင်၍ လျှောချလေသည်။တော်ရုံ ဝါးရုံ  နှင့် သစ်ပင်များသည် ဆင်များဖင်ထိုင်ချပြီး ဆင်းသွားသော ကြောင့် လဲကျနေသည်။ပေတူးသည်လည်း ဆင်နောက်လိုက်ရင်းမှ ဆင်များထိုသို့သွားသည်ကို ယခုမှ မြင်ဖူး၍ အံ့သြဘနန်းဖြစ်မိသည်။ဝါးချွန်ကိုင်ထား‌သောသာဝေအား ဆင်ကြီးသည် ရန်ရှာချင်နေသောအကြည့်ဖြင့် မကြည့်နိုင်တော့ပေ။ထို့နောက်   နောက်ထပ်‌ ဆင်တကောင်အား အဝေးကြီးတွင် မရှာလိုက်ရပဲ တွေ့ခဲ့ရ၍ ဆင်များကို သူတို့စခန်းချရာ အနီးတွင်သာ ထားလိုက်လေ၏။စခန်းသိို့ရောက်သောအခါ သူတို့နှစ်ယောက်အား ထမင်းစားရန်‌စောင့်နေကြသော ဆင်ဦးစီးနှစ်ယောက်နှင့် ဦးကျော်လှိုင်တို့အနက် သန်းမောင်ဟု အမည်ရသော ဆင်ဦးစီးကြီးမှ စကားစလာလေသည် ။

   “သာဝေ မင်းတို့ ကြာလိုက်တာကွာ နောက်ထပ်နည်းနည်းကြာ နေရင် ငါလိုက်ခဲ့မလို့ပဲ”

   “ဟုတ်တယ် ဦးလေးရဲ့ ဖိုးထီက ကြောင်တောင်တောင်တွေ လုပ်‌နေတာလေ”

   “မင်းဓား မပါသွားဘူးလား”

   “မပါသွားဘူး”

    “ဆင်ဦးစီးဆိုတာ ဓားလှံ အမြဲ ဆောင်ထားရမယ်လေ သာဝေရ  နောက်တခါဆို မမေ့ပါနဲ့ “

    “ဟုတ်ကဲ့ ဦးလေး “

    “ကဲ ကဲ ထိုင် ထိုင် လာ  ထမင်းစားကြမယ် “

    အသင့်ခူးခပ်ထားသော ထမင်းဝိုင်းတွင် ပေတူး နှင့် သာဝေ တို့နှစ်ယောက်သည် ဝါးဆစ်ပိတ်ဘူးထဲမှ ရေများဖြင့် လက်ရေဆေးလိုက်ပြီး ဝင်ထိုင်လိုက်သည် ။

    ငါးခြောက်ချက် နှင့် ဖွတ်သားဖြစ်ပြီး ဦးကျော်လှိုင်အတွက် အားလူးဟင်းလေးပါ အပိုချက်ပေးထားသည်။ဆင်ဦးစီးကြီးသည် ပေတူးအားကြည့်ကာ

   “ကောင်‌လေး မင်း  ဖွတ်သားစားလား”

    “စားတာပေါ့ဗျာ ကျုပ်တို့ ငယ်ငယ်တုန်းကဆို ဖွတ်ကိုပဲ လိုက်ရှာပြီး ပစ်တာ”

   “အဟင်း အဟင်း”

    ဦးကျော်လှိုင်မှ ချောင်းဟန့်သံပေးလိုက်သည့်အတွက် ‌ပေတူး  တို့ နောက်ထပ် မည်သည့်စကားမှထပ်မဆိုတော့ပဲ ဖွတ်သားဟင်းနှင့်သာ ခေါင်းမဖော်တမ်းစားလိုက်၏။ဖွတ်၏အကောင်းဆုံးအပိုင်းသည်က အမြီးပိုင်းဖြစ်၏။ဖွတ်မြီးတွင် အသားစိုင်များ အပြည့်ပါနေသော‌ကြောင့် အတော်ပင် စားကောင်းသော အစိတ်အပိုင်းတခုဖြစ်သည်။ဆင်ဦးစီးကြီး၏ ဟင်းချက်လက် ရာသည်က ရိုးရိုးလေးနှင့်ကိုပင် စားလို့အတော် ကောင်းနေပေသည်။စားကောင်းကောင်းနှင့်ပင် ပေတူးတယောက် ဗိုက်တင်းနေအောင် စားပစ်လိုက်သည်။ထမင်းစားပြီသောအခါ ကျန်သူ များသည်က ဆေးလိပ်လေးများဖွာပြီး စကားများပြောဆိုနေကြသည်။ပေတူးမှာဖြင့် ထိုလူများကို ကြည့်ကာ အိပ်ချင်စိတ်အား  ထိန်းမရတော့၍ သူတို့စကားပြောနေသော ဘေးတွင် လွယ်အိတ်ကိုခေါင်းအုံးကာ အိပ်လိုက်တော့သည်။သူ့အနားတွင်တော့ ဆင်ဦးစီးများနှင့် ဦးကျော်လှိုင်တို့၏ စကားသံများ အား အတိုင်းသားကြားနေရသည်။ထိုအသံတို့သည်ကပင် သူ့အားအိပ်ပျော်စေရန် ချော့သိပ်နေသော‌တေးသံတခု အလား ဖြစ်တည်လာကာ တဖြည်းဖြည်း နှင့် အိပ်‌ပျော်လို့သွားပါလေ တော့သည်။

◾အခန်း (၃)

    “သား ပေတူး ထ ထ “

    နားထဲတွင် ခေါ်သံသဲ့သဲ့ကြား‌ရ၍ အိပ်နေရာမှ မျက်လုံးဖွင့်ကြည့်လိုက်သည်။သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ဘေးတွင် သစ်ပင်များ ရှိမနေတော့ပဲ ပြာလွင်နေသော ကောင်းကင်ပြင်ကြီးကိုသာ မြင်လိုက်ရသဖြင့် သူ ရုတ်တရက် လန့်သွားမိ သည်။ကောင်းကင်အား ကျယ်ကျယ့်ပြန့်ပြန့်မြင်နိုင်သောနေရာ တွင် သူရောက်ရှိနေခြင်း မဟုတ်ဘူးဆိုတာလည်း သူသိသည်။ဘေးဘီတွင် သစ်ပင်ကြီးများကို တွေ့ရပြီး ထင်းခုတ်သမားများနေကြသော တဲလေးပေါ်တွင် ဆင်ဦးစီးသုံးယောက်၊ဦးကျော်လှိုင်တို့နှင့်အတူ ထမင်းစားပြီး၍ သူတို့စကားပြောနေကြချိန် တရေးတမောအိပ်‌မိရာမှ အဘယ့်ကြောင့် တဲပေါ်တွင် ရှိမ‌နေတော့ပဲ အပြာရောင်ကောင်းကင်ကြီးကို ရှင်းလင်းစွာ မြင်နေရသည့် နေရာကို ရောက်နေရပါသည်လဲ သူ မစဥ်းစားတတ်တော့ပေ။ထို့ကြောင့် အိပ်နေရာမှ ငုတ်တုတ်ထထိုင်လိုက်ပြီး သူရောက်နေသည့် စိမ်းစိုနေသော ‌‌ခွေးမြီးမြက်ခင်းပြင်ကြီးကို ကြည့်လိုက်မိသည်။ရွာမှာနေစဉ် ငယ်ငယ်တုန်းတည်းက ထိုခွေးမြီးမြက်လေးများဖြင့် ခွေးပုံစံလုပ်ပြီးကစားခဲ့သည်ကို သူ အမှတ်ရမိသွားသည်။ပြာလွင်နေသ‌ည့် ကောင်းကင်ပြင်ကြီးအောက်တွင် လေတိုက်လိုက်သောအချိန် ယိမ်းနွဲ့နေသော ခွေးမြီးမြက်ဖူးလေးများသည် အတော်ကို ကြည့်ကောင်းသည် ဟုသူ ထင်‌မိသည်။ထို့နောက် မတ်တပ်ရပ်လိုက်ကာ သူ့အားနှိုးခဲ့သော လူအား လိုက်ရှာလိုက်ချိန် မဝေးလှသော တနေရာတွင် သူ့အား ကျောပေးပြီးရပ်‌နေသောအမျိုးသမီးတယောက်အား တွေ့လိုက်ရလေသည်။သူ့အား‌ကျောပေးရပ်နေသော အမျိုး သမီးကြီးသည် ဆံပင်ကိုထုံးဖွဲ့ထားကာ ရှေးခေတ်အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုအတိုင်း ၀တ်ထားပြီး သူမ၏ ပခုံးပေါ်မှ ဇာပုဝါလေးသည်ပင် လေထဲတွင် တလပ်လပ်နှင့် ဝဲပျံနေလေသည်။ပေတူးသည်  တခြားမည်သူမှတဦးတယောက်မျှ မတွေ့ရသည်မို့ သူ့အား နှိုးသောသူမှာ ထိုအမျိုးသမီးပင် ဖြစ်နိုင်သည်ဟု တွေးလိုက်ကာ

   “ဗျို့ အဒေါ်  ကျုပ်ကိုနှိုးတာ အဒေါ်လားဗျ ကျုပ် အခု ဘယ််ကို ရောက်တာလဲ”

    ပေတူး မေးနေပေမဲ့ ထိုအမျိုးသမီးကြီးမှ ပြန်လည်ဖြေကြားခြင်းမရှိ‌ပေ။လေတိုက်နေ၍ သူခေါ်သည်ကို မကြားဘူး ထင်မိလိုက်သော ပေတူးသည် အသံကို မြှင့်ပြီး ထပ်ခေါ် လိုက်သည်။ ထိုအခါ အမျိုးသမီးကြီးသည် သူ့အား လှည့်မကြည့်ပဲ စကားဆိုလာလေသည် ။

    “တယောက်တည်း လောကကြီးထဲမှာ ဖြတ်သန်းနေရတာ ပင်ပန်းနေပြီလား”

   “ဗျာ”

    အဆက်အစပ်မရှိ‌သောစကားကို ဆိုလိုက်သော အမျိုးသမီးကြီး‌ကြောင့် ‌ပေတူး မည်သို့ပြန်ဖြေရမည်မှန်းမသိ ဖြစ်သွားသည်။ယခု အမျိုးသမီးကြီး၏အသံကို သူ ရင်းရင်းနှီးနှီးကြားဖူးနေသည်။ထို့ကြာင့်ဆက်ပြီး စကားဆိုလိုက်ပြန်သည် ။

   “အဒေါ်  ကျုပ် အဒေါ့်အသံကို တော်တော်ရင်းရင်းနှီးနှီးကြားဖူး‌နေတယ် အဒေါ်က  ဘယ်သူလဲ  “

   “လောကကြီးထဲမှာ တယာက်တည်း မျက်နှာငယ်ခဲ့ရလား”

   “ဗျာ ဘယ်လိုပြောလိုက်တာလဲ ကျုပ်မိဘတွေက စောစော ဆုံးသွားခဲ့ကြပေမဲ့ အပေါင်းအသင်းကောင်းတွေကြောင့် ကျုပ် မျက်နှာမငယ်ရပါဘူး အဲ့တာကလည်း ရွာကလူတွေက ကောင်းလို့ပါ ကျုပ်သာ ကျုပ်ရွာမှာသာ မရှိခဲ့ဘူးဆိုရင်တော့ မပြောတတ်ဘူး မှတ်မိပြီ အဒေါ်က ကျနော့်အမေရဲ့ အသံနဲ့ တူ‌နေတာဗျ ကျုပ်အမေမှာ အမတွေ ညီမတွေလည်း မရှိပါဘူး အသံက တော့ တော်တော်ဆင်တယ်ဗျ။အဒေါ့်အသံကိုကြားတော့ ကျုပ် အမေကိုတောင် အမှတ်ရသွားတယ်ဗျာ သူက အ‌ပြောသာမတတ်တာ ကျုပ်ကိုတော့ သိပ်ချစ်တာဗျ ကျုပ်ကတော့ ငယ်ငယ်ကတညးက စပ်စုတဲ့ကောင်ဆိုတော့ လျှောက်သွား‌နေတာပေါ့ဗျာ တခါတခါ တွေးမိတယ်ဗျာ အ‌မေသာရှိနေရင် ကျုပ် ဘဝ ဘယ်လိုဖြစ်နေမလဲ ဆိုတာ‌ကိုပေါ့ “

    ပေတူးသည်  လေတိုက်သောကြောင့် ယိမ်းထိုးနေသော မြက်ပင်လေးများကို ကြည့်ကာ စကားဆိုနေခြင်းဖြစ်သည်။ထိုစဥ် အမျိုးသမီးကြီးသည် သူ့ဘက်သို့ ဖြည်းဖြည်းချင်း လှည့်လာပြီး “

   “ပေတူး “

   “အ အ‌မေ ဘယ်လိုလုပ် ဒီကိုရောက်‌နေတာလဲ အမေက ‌သေသွားတာ ကြာပြီလေ “

   “ဟုတ်တယ် ဒါပေမဲ့ ငါ့သားရဲ့ကောင်းမွန်တဲ့ လုပ်ရပ်အတွက် အမေ ဝမ်းသာလို့ စကားလာပြောတာ ဟိုးတုန်းက ငါ့သားလေးဆီ လာချင်ပေမဲ့ အမေ မလာနိုင်ခဲ့ဘူး ငါ့သား ပြုလုပ်‌နေတဲ့ အကုသိုလ်တွေက များတော့ အ‌မေ လာလို့မရဘူး အခုတော့ မငး လမ်းမှန်စပြုလာပြီမို့ အ‌မေ မင်းဆီ ခဏလာတာ ဆရာကောင်းသမားကောင်းနဲ့တွေ့တုန်း တခြားဘာမှ မစဥ်းစားပဲ ငါ့သား သင်ယူထားတဲ့အတိုင်း အကောင်အထည်ဖော်ပါ “

    “အ‌မေ ကျုပ် အမေ့ကို ဒီလိုပုံစံနဲ့ တွေ့ရတာ တကယ်ကိုဝမ်း သာတယ်ဗျာ အ‌မေက အရင်ကထက် အတော်လှလာတယ်  ကျုပ်အထင် အမေ ဒီလို ဝတ်စားထားတာ အခု ပေါ်နေတဲ့ ဓာတ်ရှင်မင်းသမီးနဲ့တောင် တူတယ်ဗျ “

    ဝမ်းသာအားရဟန်ပြောနေ‌ပေမဲ့ ‌ပေတူး၏ အသံတို့သည်က  တိမ်၀င်နေလေသည်။ပြုံးရယ်နေသော မျက်နှာတွင် မျက်ဝန်း တို့မှ မျက်ရည်များဝဲနေသေးသည်။မိခင်ဖြစ်သူအား ပြုံး၍      ကြည့်နေစဥ်မှာပင် ရုတ်တရက် မိုးများသည် မျက်လုံးမဖွင့်နိုင် အောင်ပင်  ရွာချလာ၍ မျက်လုံးကိုမှိတ်လိုက်မိရာ မိခင်ဖြစ်သူသည်လည်း မြင်ကွင်းမှ ပျောက်ကွယ်လို့သွား‌သော‌ကြောင့် ကျယ်လောင်စွာနှင့် မိခင်ဖြစ်သူအား အော်ခေါ်လိုက်မိပါလေ တော့သည်။

◾အခန်း (၄)

     “ပေတူး ဟေ့ ပေတူး “

    “ဟာ ခင်ဗျားတို့က ကျုပ်ကို ဘာလို့ရေလောင်းရတာလဲ “

    “မလောင်းလို့ ရမလား မင်းက လူသေကောင်အတိုင်းပဲ ငါတို့ အော်တာလောက်ကတော့ မပြောနဲ့ ဆင်အော်လို့တောင် မနိုးဘူး ငါတို့ဖြင့် မင်းကို သေပြီလို့တောင်ထင်နေတာ “

    “ဟာ ဘာတွေလဲဗျာ  ကျုပ်က အိပ်မက် မက်နေတာ ဒါနဲ့ ဦးကြီးရော”

    “သူက ခြေလျင်သွားနှင့်ပြီ မင်းကို နှိုးနေတာ မရလို့ မနက် ဖြန်မနက်ခင်းမှပဲ မင်းငါတို့နဲ့ သွားကြတာပေါ့ “

    “ဦးကြီးက ကျုပ်ကိုတောင် ထားခဲ့တာပဲ”

    “အပြစ်ပြောမနေနဲ့ မောင်ရေ မင်းအိပ်တာကလည်း လွန်တယ် ငါတို့တောင် သေများသေသွားသလားလို့ အသက်ရှုသံတွေ ဘာတွေ နားထောင်လိုက်ရသေးတယ် နောက်ဆုံး ဘယ်လိုမှ နှိုးမရလို့ မင်းကို ရေနဲ့လောင်းတာပဲ ကြည့်”

    “အဲ့လောက်တောင် ဆိုးလားဗျာ “

    “ကဲ ကဲ ညနေစာစားပြီး မနက်ခင်းအစော သွားကြတာပေါ့ ဆရာကြီးက မင်းနဲ့ တူတူ လမ်းလျှောက်မယ် ကြံနေတာ အခုတော့ သူတယောက်တည်း လျှောက်သွားပြီ”

   “ကျုပ် မသိလိုက်လို့ပါဗျာ “

    “မင်း မသိတာက နောက် ဆရာကြီးကတော့ တယောက်တည်း ထွက်သွားပြီ ကဲ ကဲ ငါတို့လည်း မနက်မှ လိုက်ကြတာပေါ့ “

    ထို့နောက် ဆင်ဦးစီးများသည် သူတို့ချက်ပြုတ်ထားသော အစားအသောက်များဖြင့် ကျွေးမွေးကြလေသည်။ထမင်းစား ရာတွင် အားရပါးရစားတတ်သော ပေတူးသည် ယခုအခါ ထမင်းအား စိတ်မပါလက်မပါ စားနေသဖြင့် သာဝေသည်

    “ပေတူး မင်း ဘာဖြစ်လို့လဲ ဘာလဲ ဆရာကြီးငေါက်မှာ စိုးလို့ လား “

    “မဟုတ်ပါဘူးဗျာ ထမင်းက သိပ်မဆာလို့ပါ”

    “အေး ပြီးတာပဲကွာ ပြီးရင် စောစော အိပ်ကြတာပေါ့ ဆင်တွေကိုတော့ ဒီအနားမှာပဲ ထူးခတ်ထားတယ် “

    ဆင်ဦးစီးသုံးဦး နှင့်အတူ ပေတူးသည် ထမင်းစားလိုက်ပြီးနောက် စောစောအိပ်ယာဝင်လိုက်၏။ချေဟောက်သံ နှင့် တောကောင်များ၏အော်သံ တချက်တချက်ကြားနေရသော ကြောင့် ပေ‌တူး တော်တော်တော် နှင့် အိပ်မပျော်ပေ။တဲအတွင်း  ဖိုထားသော မီးဖိုမှ အလင်းရောင်သည် တဲခေါင်မိုးမှ သက်ငယ်များကို အတိုင်းသား မြင်နေရသည်။တခါတခါ မီးဖိုထဲမှ ဝါး အပိုင်းအစတချို့သည် တဖောက်ဖောက်နှင့် မြည်နေတတ်သေးသည်။ပေတူး အိပ်မပျော်ဖြစ်နေသည်မှာ ထိုအရာများကြောင့်တော့ မဟုတ်ပေ။နေ့လယ်က ထင်ရှားစွာမြင်မက်ခဲ့သော အိမ် မက်ထဲမှ မိခင်ဖြစ်သူ၏ ပုံရိပ်ကို ပုံဖော်နေခြင်း ဖြစ်သည်။ သူငယ်ငယ်ကတည်းက အမေဖြစ်သူသည် ယခုလို တောက်ပြောင်လှပသော အဝတ်အစားများကို တခါမှ မဝတ်ခဲ့ဖူးပေ။ ယခု‌တော့ တောက်ပြောင်သစ်လွင်သော အဝတ်အစားများဝတ်ထားသော မိခင်ဖြစ်သူမှာ အတော်လှပနေပေသည်။ထို့နောက် ပေတူးသည် အတွေးပေါင်းစုံနှင့် မည်သည့်အချိန်တွင် အိပ် ပျော်လို့ အိပ်ပျော်သွားမှန်းတောင် မသိလိုက်ပါပဲ အိပ်ပျော်သွားပါလေတော့သည် ။

◾အခန်း (၅)

     နံနက်ခင်း ဝေလီဝေလင်းအချိန်တွင်တော့ ဆင်ဦးစီးများ သည် သူတို့၏ပစ္စည်းပစ္စယများကို သိမ်းဆည်းကာ ဆင်များဖြင့် ခရီးဆက်ထွက်လာခဲ့ကြသည်။ပေတူးသည်လည်း ဆင်ဦးစီးကြီးနှင့် စကားတပြောပြော ခရီးနှင်လာရာ ည‌နေအချိန်ခါတွင်တော့ တောရွာလေး တရွာဆီသို့ ရောက်ရှိလာလေသည်။ ထိုအခါ ဆင်ဦးစီးကြီးသည်

    “ပေတူးရေ ဆရာကြီးကတော့ မင်းကို ဒီအနားရောက်ရင် ချပေးဖို့ ပြောလိုက်တယ် ကဲ ဆင်း ဆင်း “

    ဆင်ဦးစီးကြီးသည် ဆင်၏နားရွက်ကို ခြေဖြင့်တို့ပြီး ဝပ်ခိုင်း လိုက်ရာ ဆင်ကြီးသည် လေးပင်စွာဖြင့် ဝပ်သွားလေသည်။ ထိုအခါမှ ပေတူးသည် လွယ်အိတ်ကို လွယ်လျက် ဆင်ပေါ် မှ ဆင်းလိုက်ကာ ဆင်ဦးစီးများကို နှုတ်ဆက်လိုက်လေသော် ဆင်ဦးစီးများသည်လည်း ပေတူးအား ပြန်လည်နှုတ်ဆက်လိုက်ကြသည်။ထို့နောက် ပေတူးသည် ရွာလေးထဲသို့ ဝင်လိုက် ပါလေတော့သည်။ရွာအဝင်ဝတွင် လူတယောက်သည် မြက်ထုံးကို ရွက်ပြီး ရွာထဲဝင်သွားသည်ကို တွေ့လိုက်ရသဖြင့် ပေတူးနောက်မှ အမြန်လိုက်ပြီး

    “ဗျို့ အကိုကြီး ခဏနေပါဦး”

   “အေးပြော မင်းက တို့ရွာက မဟုတ်ပါဘူး ဘယ်ကလဲ “

   “ကျုပ်က မြိုင်တောဘက်ကပါ ဒါနဲ့ ဒီရွာနာမည်က ဘာလဲဗျ”

    “ငွေတောင်ရွာလို့ ခေါ်တယ် ကဲ ငါ မြက်ထုံးရွက်ထားရတာ လေးနေပြီကွ မိုးလည်း ချုပ်တော့မယ်ဆိုတော့ နောက်ကသာ လိုက်ခဲ့ “

    ဤသို့ဖြင့် ပေတူးသည် မြက်ထုံးရွက်ထားသော လူကြီးနောက်သို့ လိုက်ပါသွားလေသည်။ရွာလေးသည် သေးငယ်သော ရွာလေးဖြစ်၏။ကြည့်ရသည်မှာ အိမ်ခြေတရာနီးပါးလောက်သာ ရှိနိုင်သည်။မြက်ထုံးရွက်ထားသောလူသည် ရွာလယ်ရှိ အိမ်ဝိုင်းတဝိုင်းထဲသို့ဝင်ပြီး နွားစာစဉ်ပေါ်သို့ မြက်ထုံးကို တင် လိုက်ကာ

   “ကဲ ကောင်လေး ဆိုစမ်းပါဦး “

   “ကျုပ်ဆရာရဲ့နာမည်က ဦးကျော်လှိုင် တဲ့ သူက ဒီရွာကို လာတာ ဘယ်မှာရှိနိုင်လောက်လဲလို့ မေးမလို့ “

   “ဆရာကြီးကို ပြောတာလား သူဒီကို လာသွားတယ်လား အဲ့တာဆို ရွာထဲမှာ ဘယ်သူဆုံးလို့ပါလိမ့် “

   ရွာသားကြီး ပြောသည်ကို ပေတူး နားမလည်ပါ ထိုအချိန် အိမ်ဝိုင်းထဲရှိ အိမ်ပေါ်မှ အမျိုးသမီးကြီးတဦး ဆင်းလာကာ

   “ကိုသန်းလွင် ပြန်ရောက်နေပြီလား ဧည့်သည်လည်း ပါလာတာလား”

   “ဟုတ်တယ် ဆရာကြီးကျော်လှိုင်ရဲ့တပည့်တဲ့  မိအုန်းရ”

   “ဆရာကြီး ရွာကို ရောက်နေတယ်လို့ ကျမလည်း သတင်း ကြားတယ် အင်း ဘယ်သူဆုံးမှာလဲ မသိ‌ပါဘူး”

   “အေးဟ ငါ့အထင်တော့ ရွာနောက်ပိုင်းက ဒေါ်တင်ရီပဲဖြစ်နိုင်တယ် သူက မနာမကျန်းဖြစ်နေတာ အတော်ကြာပြီ “

   “အင်း”

    သူတို့ ပြောနေသည်ကို ဘာမှနားမလည်သော ပေတူးသည် သူ သိချင်သည်များကိုသာ မေးလိုက်လေတော့သည် ။

   “ဦးလေး ကျုပ်မေးမယ်ဗျာ ဦးလေးတို့ ဘာတွေများ ပြောနေကြတာလဲ  ကျုပ် ဆရာလာတာနဲ့ လူသေမယ်ဆိုတာနဲ့ ဘာမှမဆိုင်သလိုပဲ “

    “ဒါတွေ မင်း နောက်မှ နားလည်ပါလိမ့်မယ် ဆရာကြီးက လာရင် ရွာဦးဘုန်းကြီးကျောင်းမှာပဲ တည်းတာ ကဲ ကဲ ငါ့နောက် လိုက်ခဲ့ ငါ လိုက်ပို့မယ် “

    သန်းလွင်ဟု အမည်ရသောရွာသားကြီးသည် ပေတူးကို ခေါ်ကာ ရွာဦးကျောင်းသို့ လိုက်ပို့ပေးပါတော့သည် ။

◾အခန်း (၆)

    ပေတူးသည် ဦးသန်းလွင်၏အနောက်တွင် လမ်းလျှောက်နေ သည်။ဦးသန်းလွင်သည် ရွာဦးကျောင်းသို့ လိုက်ပို့မည်ဟု ပြောပြီး ယခုတွင်တော့ သင်္ချိုင်းတခုဆီသို့ ခေါ်လာသည်ဟု စိတ်ထဲမှ တွေးနေမိသည်။ထို့နောက် သင်္ချိုင်းဘေး တောင်ကုန်းလေးပေါ်တွင်တော့ သစ်သားဖြင့်ဆောက်ထားသော ဘုန်းတော်ကြီးကျောင်းလေးတကျောင်းကို တွေ့လိုက်ရသည်။သူရောက်ခဲ့ဖူးသောရွာအများစုသည် သင်္ချိုင်းအား ရွာအနောက်တွင် တည်ပြီး ဘုန်းကြီးကျောင်းမှာ ရွာအရှေ့ဘက်တွင် တည်ကြသည်ကိုသာ မြင်ဖူးသည်။ယခု သင်္ချိုင်းသည် ရွာထိပ်တွင်တည်ရှိပြီး ဘုန်း ကြီးကျောင်းသည်လည်း သင်္ချိုင်းဘေးတွင် ဖြစ်နေ၏ ။ထို့နောက် ဦးသန်းလွင်သည်  ကျောင်းကုန်းလေးပေါ်သို့ ဦးဆောင်ကာ ရှေ့မှတက်သွားပြီး ကျောင်းရှေ့ရောက်သော အခါ ဖိနပ်ကို ချွတ်၍ ပေတူးကို တချက်လှည့်ကြည့်ကာ

   “ကောင်လေး  ငါ့နောက်က တက်ခဲ့”

   ပေတူး ခေါင်းညိတ်ပြလိုက်ပြီး ကျောင်းပေါ် ပြေးတက်လိုက်လေသည်။ကျောင်းသည် အပြင်မှ ကြည့်သောအခါ သေးငယ် သည်ဟု ထင်ရပြီး လှေကားကို တက်ကြည့်လိုက်သောအခါမှ ကျောင်းပေါ်ရောက်ဖို့ကိုပင် မနည်းတက်နေရသည်။ထိုအရာသည် မဖြစ်နိုင်ဆိုတာ ပေတူး သတိထားမိသည်။အများဆုံး အမြင့်ဆယ်ပေခန့်သာရှိသော ကျောင်းအမြင့်ကို ယခု တက်နေသည်မှာ ဆယ်မိနစ်ကျော်နေသည်က ဘယ်လိုမှ သွေးရိုးသားရိုးမဖြစ်နိုင်ပေ။ရှေ့မှဦးဆောင်၍ ကျောင်းလှေကားကိုတက်နေသော  ဦးသန်းလွင်သည် လှေကားကို ဆက်မတက်တော့ပဲ အောက်ပြန်ဆင်းလိုက်ပြီး

    “ကောင်လေး ပြန်ဆင်းကွာ ငါတို့ကို ကျောင်းပေါ် မတက်စေ ချင်သေးဘူး ထင်တယ် “

   သူတို့နှစ်ယောက် ကျောင်းအောက်သို့ ပြန်ဆင်းသောအခါ ပုံ မှန်လှေခါးထစ်ဆယ်ထစ်မျှသာ ဆင်းလိုက်ရပြီး အောက်သို့ပြန်ရောက်လာသည်။ဦးသန်းလွင်သည် ‌ကျောင်းရှေ့ရှိ သရက်ပင်တပင်၏အောက်တွင် ထိုင်လိုက်ကာ ပေတူးအား စကားဆိုလေသည် ။

   “ငါအထင်တော့ ဆရာတော်တို့ တရားထိုင်နေတာ ဖြစ်မယ်။ မင်းကြည့်ကွာ ဒီလောက်အမြင့် ကျောင်းလှေကားလေးကို ငါတို့  အကြာကြီးတက်နေရတာ ကျောင်းပေါ် မရောက်ဘူးဆိုတော့ “

   “ကျုပ်လည်း အဲ့တာကိုပဲ တွေးနေတာ ဦးလေးရ ‌တော်တော် ထူးဆန်းတာပဲ “

   “မထူးဆန်းပါဘူးကွာ  “

    သူတို့ စကားပြောနေစဉ် ကျောင်းအပေါ်ထပ်တံခါး ပွင့်လာပြီး ဦးကျော်လှိုင်အား တွေ့လိုက်ရသည်။ပေတူးအား တွေ့သည်နှင့် ဦးကျော်လှိုင်သည်

   “မောင်ပေတူး ရောက်ပြီလား”

   “ဟုတ်ကဲ့ ရောက်ပါပြီး ဦးကြီး “

   “ရောက်ရင် ကျောင်းပေါ် တက်ခဲ့ကွာ “

    “အစောကတည်းက ကျောင်းပေါ်တက်နေတာ အကြာကြီး တက်တာတောင် ကျောင်းပေါ် မရောက်လို့ ကျုပ်တို့ ပြန်ဆင်းလာတာ “

    “အခု ပြန်တက်ခဲ့စမ်းပါ မောင်ပေတူးရယ် ဘေးက သန်းလွင် မဟုတ်လား မင်းလည်း တက်ခဲ့လေ “

   “ကျုပ်က မတက်တော့ဘူ ဆရာကြီးရေ ဒီနေ့  လူတယောက်သေမှာ မဟုတ်လား အခေါင်းရိုက်တာ ကနားဖျင်းထိုးတာတွေ ဝိုင်းကူလိုက်ဦးမယ် “

    “အေး အေး “

    ဦးကျော်လှိုင်သည် ဦးသန်းလွင်၏စကားကို အံ့သြခြင်းမရှိပဲ သာမာန်ဖြစ်ရိုးဖြစ်စဉ်ပုံစံဟု လက်ခံထားပုံရလေသည်။ထို့နောက် ပေတူးသည် ခုနက သူတက်ခဲ့သောဘုန်းကြီးကျောင်း လှေကားအား နောက်တကြိမ်တက်လိုက်ရာ လှေကားဆယ်ထစ် မျှတက်ပြီးချိန်တွင် ကျောင်းအပေါ်ထပ်သို့ ရောက်ရှိသွားပါလေတော့သည် ။

◾အခန်း (၇)

     ဘုန်းတော်ကြီးကျောင်းသည် ပျဉ်များခင်းထားပြီး ကျွန်းတိုင်လုံးများအား ရေနံချေးသုတ်လိမ်းထားသည်။ပေတူး ကျောင်းပေါ်ရောက်သည့်နှင့် ဦးကျော်လှိုင်နှင့် ကျောင်း‌ခေါင်း ရင်း သစ်သားပုလ္လင်ပေါ်တွင်စံနေသော သက်တော်ကြီးရင့်နေ သည့် ဘုန်းတော်ကြီးတပါးအား တွေ့လိုက်ရသည်။ပေတူးသည် ဘုန်းတော်ကြီးကို ဦးချကန်တော့လိုက်၏။ထိုအခါ ဘုန်းတော်ကြီးမှ ဆုများ ပေးလေသည်။ဘုန်းတော်ကြီးမှ ဆုပေးပြီးသွားသောအခါ ဦးကျော်လှိုင်မှ စကားစလာလေသည် ။

    “မောင်ပေတူး”

    “ဗျာ ဦးကြီး “

    “မင်း ဒီကျောင်းမှာ နေခဲ့ရမယ် “

    “ဗျာ “

     “ဟုတ်တယ် မင်းဆရာဘိုးတော်က ငါ့ကို  မှာထားတယ် ဆရာတော်ဆီမှာ  အသုဘကမဋ္ဌာန်းရှု့ရမယ် အဲ့တာပြီးမှ ငါ့ဆီ ပြန်လာခဲ့ “

    “ဆရာက ခိုင်းတယ်ဆို‌တော့လည်း နေမှာပါ “

    “အေး အဲ့တာဆို ရွာထဲသွားပြီး မင်းက ကျောင်းမှာနေမယ့်သူဆိုပြီး ရွာသားတွေကို မိတ်ဆက်ချေ “

   “အခုသွားရမှာလား ဦးကြီး “

   “ဟုတ်တယ်လေ မိုးချုပ်နေပြီဆိုပေမဲ့ ရွာသားတွေ အလုပ် များနေမယ် ထင်တယ် မင်းသွားကူလိုက်”

    ဦးကျော်လှိုင် စကားဆိုပြီးနောက် ဘုန်းတော်ကြီးသည် ကျောင်းထောင့်မှ ရေနံဆီမီးခွက်ထည့်ထားသော မီးအိမ်ကို လက်ညှိုးညွှန်လိုက်ကာ

   “ဒကာလေး ဟိုမီးအိမ်ကို ယူပြီးသွား”

   “တင်ပါ့ ဘုရား”

    ပေတူးသည်  ဘုန်းတော်ကြီးအား နောက်တကြိမ် ပြန်လည်ရှိခိုးလိုက်ကာ ကျောင်းထောင့်မှ မီးအိမ်ကို ယူလိုက်ချိန် ရေနံဆီ မီးခွက်သည် အလိုလိုမီးတောက်လောင်လာသည်။ထို့နောက်  ပေတူးသည် မီးအိမ်ကိုဆွဲကာ ကျောင်းအောက်သို့ ဆင်း၍ ရွာထဲသို့ သွားရန်ပြင်လိုက်ပါလေတော့သည် ။

◾အခန်း (၈)

    ငွေတောင်ဟု အမည်ရသောရွာလေးသည် တောတောင်ကြီးထဲတွင် တည်ရှိနေပြီး ရွာသားများသည် အတော်ကို ထူးထူး ဆန်းဆန်း ပြုမူတတ်ပေသည် ပေတူးသည် ရွာထဲ ရောက်သွားသောအခါ သူ့နည်းတူ တချို့သောသူများသည်လည်း မီးအိမ် လေးများကိုင်ကာ တနေရာရာကို သွားနေကြသည်။ထိုလူများ သည် ပျဉ်များ ထမ်းသူထမ်း၊ဝါးတိုင်များကို လှည်းဖြင့် သယ်သူသယ်၊ရောင်ပြန်စက္ကူလိပ်နှင့် လှည်းဘီးများကို လှိမ့်သူကလှိမ့် အလုပ်ရှုပ်နေကြသည်။တချို့လူငယ်များသည် လှည်းဝင်ရိုးများကို ထမ်းထားကြပြီး စကားတပြောပြောနှင့် လမ်း လျှောက်နေကြသည်။ထူးဆန်းစွာ အသုဘချရာတွင်သုံးသော ပစ္စည်းများကို သယ်ပြီးသွားနေသောသူများထဲတွင်  ပေတူး အား ကျောင်းသို့ လိုက်ပို့သော ဦးသန်းလွင်ကိုလည်း တွေ့လိုက်ရသည်။သူသည် ပေတူးကို မြင်သောအခါ

    “ကောင်လေး လာလေ ဆရာတော်က ဘယ်လိုမိန့်လိုက်လဲ”

    “ကျုပ်ကို ဘုန်းကြီးကျောင်းသားလုပ်ရမယ်တဲ့ အခု ရွာထဲမှာ လုပ်စရာရှိတာ ကူလုပ်ဆိုပြီး လွှတ်လိုက်တာပဲ “

    “ဪ အေး အဲ့လိုလား အဲ့တာဆို လာကွာ ဟေ့ကောင်တွေ ဒါ တို့ရွာဦးကျောင်းဆရာတော်ရဲ့ ကျောင်းသားပဲ မှတ်ထားကြ”

    ဦးသန်းလွင်သည် ပေတူးကို ခေါ်ရင်း တခြားရွာသားများနှင့် မိတ်ဆက်ပေးလိုက်ခြင်းဖြစ်သည်။ထို့နောက် ပေတူးအား သူတို့ နှင့်အတူ အလုပ် လုပ်ကန် ခေါ်လိုက်လေတော့သည် ။

◾အခန်း (၉)

     အိမ်လေးတအိမ်တွင် ရွာသားများ စုရုံးရောက်ရှိနေသည်။သက်ကြီးရွယ်အိုများသည် အိမ်ပေါ်တွင် စကားပြောနေကြပြီး သက်လတ်ပိုင်းအရွယ်အများစုသည် ခေါင်းတလားတလုံးကို အရောင်စုံစက္ကူများဖြင့် အလှဆင်နေသည်။သူတို့သည် ခေါင်းတလား၏ဘေးတွင် စက္ကူစာလုံးကို ထမင်းလုံးများဖြင့် ကပ်နေသည်။ထိုစာလုံးမှာ ကွယ်လွန်သူ ဒေါ်သန်းမေ အသက် (၁၂၀) ဟု ရေးထားသဖြင့် ပေတူး အံ့ဩရပြန်၏။လူငယ်များ သည် လှည်းဝင်ရိုးအား ဝါးပိုးဝါးများဖြင့် အခေါင်းတင်နိုင်အောင် ဆင်လိုက်ကာ လှည်းဘီးတပ်လိုက်သည်။ထို့နောက် လေးထောင့်ကျကျ ဝါးများဖြင့် အိမ်ပုံစံပြုလုပ်ကာ ရောင်ပြန် စက္ကူများနှင့်ပါ အလှဆင်လိုက်ကြပြန်သည်။ဝါးလုံးများကို စက္ကူများဖြင့်ကပ်လိုက်ရာ ဝါးလှည်းဟု မထင်ရပဲ အရောင်စုံလှသော ထူးထူးဆန်းဆန်းအလောင်းတင်မည့် လှည်းတစီးဖြစ်သွားလေသည်။ကနားဖျင်းထိုးသူများသည်လည်း အင်တိုင်များဖြင့် အကျအနထိုးနေကြပြီး အမိုးအနေဖြင့် သက်ငယ်မိုးထား သည်။ကနားဖျင်းထဲတွင် လုံမေပျိုလေးများသည် ဖျာများခင်းပြီး တဟီးဟီးတဟားဟား နှင့် ရယ်မောကာ စပါးလုံးကောက် ဆန်ပြာနေကြပြီး လူရွယ်လေးများမှာ ထင်းပေါက်နေကြသည်။အချို့လူငယ်များမှာ ရေနွေးကြမ်းနှင့် အမြည်းကို အဆက် မပြတ်ချပေးနေကြပြီး အိမ်ရှေ့တွင် မီးဖိုကို မြေကျင်းတူးကာ  ကြီးမားသောအိုးကြီးဖြင့် လူငယ်တယောက်မှ တာဝန်ယူတည်ပေးနေသည်။အလှု နှင့် အသုဘ ရောနေသည့်မြင်ကွင်းကြောင့် ပေတူး နားမလည်နိုင်ဖြစ်နေသည်။ထိုသို့ စဉ်းစားမရဖြစ်နေ သည်ကို သိသော ဦးသန်းလွင်သည်

    “ကောင်လေး ဘာလုပ်ရမှန်း မသိ‌ဘူးဖြစ်နေတာမလား လာခဲ့ အိမ်ပေါ်တက်ပြီး ကွမ်းသီးစိတ်ချေ “

    ဦးသန်းလွင် ခေါ်၍ ပေတူး အိမ်လေးပေါ်သို့ တက်လိုက်သည် ။အိမ်လေးပေါ်တွင် မီးခွက်များနေရာအနှံ့ ထွန်းထားသည်မို့ လင်းချင်းနေသည်။ရွာရှိ အသက်ကြီးပိုင်းလူများသည် ထန်းလက်ဖြင့် ပြုလုပ်ထားသောထိုင်ခုံတွင် ကျောမှီလျက် ထိုင်နေသော အမေအိုနှင့် စကားစမည်ပြောနေကြသည်။အမေအိုကြီးသည် ရွာရှိသက်ကြီးရွယ်အိုများနှင့် ရယ်မောကာ စကားဆိုနေလေသည်။ထို့နောက် အမယ်အိုသည် ဦးသန်းလွင်ကို မြင်
သည်နှင့်

    “ဟေ့ သန်းလွင် မင်းမလည်း အခုချိန်မှပဲ ငါ့အိမ် ရောက်တော့တယ်နော်”

   “ဟုတ်တယ် အမေကြီးရေ လူပျိုလိုမနေမိဘဲ မိန်းမယူပြီးကတည်းက အမေကြီးအိမ် မပြောနဲ့ ရွာက လူတွေနဲ့တောင် အဆက်ပြတ်နေတယ် မိန်းမက အလုပ်‌တွေချည်းခိုင်းတာ တောထဲကနေ အိမ်ကို ပြန်လာရတယ်လို့ကို မရှိဘူးဗျို့”

   “သန်းလွင်ကတော့ ပြောရော့မယ်ကွာ ဟားး ဟားး”

   ပေတူး အံ့ဩနေရပြန်သည်။အိမ်ပေါ်တွင် ဆန့်ဆန့် တန်းတန်း လဲလျောင်းသေဆုံးနေသော အလောင်းတလောင်းရှိမည် ထင်ထား၏။သို့ပေမဲ့ မည့်သည့်အလောင်းမှ ရှိမနေပဲ ရယ်မောပြီး စကားပြောနေသော အသက်ကြီးရွယ်အိုများသာ ရှိနေသည်။အမယ်အိုသည် ပေတူးကို တချက်ကြည့်လိုက်ကာ ဦးသန်းလွင်အား မေးလေသည်။

   “သန်းလွင် နင့်နောက်က ကလေးက ဘယ်သူတုန်းဟဲ့”

   “ဆရာတော်ရဲ့ကျောင်းသားပါ “

   “ဆရာတော်ကျောင်းက ကျောင်းသားအသစ်ကိုး “

   “ဟုတ်ပါတယ် အမေကြီး “

   ပေတူးသည် အမယ်အို၏အမေးကို ဖြေလိုက်၏။ထို့နောက်အမယ်အိုသည် ပေတူးအား ပြုံးရယ်ပြပြီး နှုတ်ဆက်လေသည် ။ဦးသန်းလွင်သည် ကွမ်းအစ်နှင့် ကွမ်းသီးလုံးများကို ယူလာပြီး ပေတူးအား လူကြီးများစကားပြောနေသည့် ဘေးတွင် ကွမ်းသီးညှပ်ခိုင်းထားခဲ့ပြီး အိမ်အောက်သို့ ဆင်းသွားလေသည်။ပေတူးလည်း ကွမ်းအစ်ထဲမှကွမ်းသီးလုံးများကို ကွမ်းညှပ်ဖြင့် ညှပ်နေစဉ် လူကြီးများ၏စကားသံက သူ့နားထဲသို့ရောက်လာသည်။ထိုစကားသံများကြောင့် ပေတူးတယောက် ကွမ်းသီးပင် မစိတ်နိုင်တော့ပဲ ကြောင်ငေးနေမိသည်အထိ ထပ်မံအံ့ဩသွားမိသည်။သူတို့ ပြောနေသော စကားများမှာ

    “အမသန်းမေ ဗျာဓိကို လွန်ပြီဆိုတော့ ကျုပ်တို့လည်း ဗျာဓိ ဖြစ်ဖို့ နီးလာပြီပဲ “

    “ငါ မနက်မှပဲ အခေါင်းထဲ ဝင်တော့မယ် ဒီညတော့ ငါ့ကို အဖော်ပြုပြီး စကားပြောပေးကြပါဦး “

    “စိတ်ချပါ အမကြီး “

   “ဆရာတော်ရဲ့စကားကိုနားထောင်ကြ တို့ရွာရဲ့ဓလေ့ကို မပျောက်စေနဲ့ “

   “ဟုတ်ကဲ့ပါ ကျုပ်တို့ သေချာဂရုစိုက်ပါ့မယ် “

    “ရွာထဲမှာ ဗျာဓိဖြစ်နေတာ ဘယ်သူရှိသေးလဲ “

   “အခုထိတော့ မရှိသေးပါဘူး အမကြီး “

   “အင်း ကောင်းပါတယ် ကဲ ရေနွေး သောက်ဦး ကွမ်းသီးလိုနေတာ မဟုတ်လား”

   ဒေါ်သန်းမေသည် ထိုင်နေရာမှ ကွမ်းအစ်များကို ကြည့်လိုက်ပြီး ကွမ်းသီး မတွေ့ရသောကြောင့် ‌ငေးမောနေသော ပေတူးကို ကြည့်ကာ

   “ကျောင်းသားလေး ကွမ်းသီးလေး ပေးပါဦး “

   “ဟုတ် ဟုတ်ကဲ့ “

    ပေတူးသည် မနက်ဖြန်သေဆုံးတော့မည်ဖြစ်သော အမယ်အို ဒေါ်သန်မေကို ကြည့်ကာ အယောင်ယောင်အမှားမှား ဖြစ်နေပါတော့သည် ။

◾ဘိုးတော်ပေ နှင့် ထူးဆန်းသောရွာသည်က ဤမျှသာ။

🙏🙏🙏အပန်းမကြီးဘူးဆိုရင် ကျွန်တော့်ရဲ့ Page လေးကို  Follow နှိပ်ပြီး အား‌‌ေပးသွားကြပါဦး ၊ ကျွန်တော်တို့စာရေးသူတွေအတွက် နောက်ထပ်ရေးမဲ့ ဇတ်လမ်းတွေအတွက် အားဖြစ်ရလို့ပါ။🙏🙏🙏

📝မောင်တင်ဆန်း