သားပိုက်မယ်တော်

ပေါက်တူးအသွားက မာကျောကျော အရာတစ်ခုကို ထိမိခဲ့တယ်။

” အမေကြီး..အခေါင်း အခေါင်းပေါ်လာပြီ”

ဆောင်းညခင်းမှာ ချွေးတစ်လုံးလုံးဖြစ်နေတဲ့ မယ်ခွေက ပေါက်တူးကို မြေကြီးပေါ်စိုက်ချပြီး ပြောလိုက်တော့

” အေး အလောင်းပေါ်က ဖုံးထားတဲ့ အခေါင်းကို ခွာထုတ်လိုက်”

မယ်ခွေလဲ လက်ထဲကိုင်ထားတဲ့ ပေါက်တူးနဲ့ အခေါင်းကိုကလပ်ထုတ်လိုက်တဲ့အချိန် ဆနွင်းနံ့နဲ့အပုတ်နံ့ရောနေတဲ့ အနံ့တစ်ခုထွက်လာခဲ့တယ်။

” မယ်ခွေ ဖယ်စမ်း.. ငါတို့လိုချင်တဲ့အရာဟုတ်မဟုတ်ကြည့်ဦးမယ်”

မိန်းမကြီးက အလောင်းပေါ်က ပျဉ်ချပ်ကို ခြေထောက်နဲ့တွန်းထုတ်ပြီးကြည့်လိုက်ရာ အခေါင်းထဲမှာ မွေးကင်းစအရွယ်ကလေးတစ်ယောက်နဲ့ မိန်းမတစ်ယောက်ရဲ့အလောင်းကိုမြင်လိုက်ရတယ်။

” သေချာပြီ … င့ါကိုလွယ်အိတ်ပေးစမ်း”

မယ်ခွေလဲ ‌ဘေးမှာချထားတဲ့လွယ်အိတ်ကို ကမ်းပေးလိုက်ပြီး အခြေအနေကိုကြည့်နေခဲ့တယ်။

မိန်းမကြီးက လွယ်အိတ်ထဲကနေ ဖန်ပုလင်းတစ်လုံးကိုထုတ်ပြီး မွေးကင်းစကလေးရဲ့ လက်သည်းခွံ ခြေသည်းခွံတို့ကို ပလာယာနဲ့ဆွဲခွာပြီး ဖန်ပုလင်းထဲထည့်လိုက်တယ်။ ပြီးတော့ မိန်းကလေးရဲ့ ဆံပင်ကို နှုတ်ယူကာ အသင့်ပါလာတဲ့ ကြေးပြားပေါ်မှာရစ်ပတ်လိုက်ပြီး

” ဒီနေ့ကစပြီး နင်တို့နှစ်ယောက်ကို ငါပိုင်တယ်။ နင်တို့ကိုငါ့မိသာစုလိုကျွေးမွေးမယ်။ နင်တို့ကလဲ ငါ့ခိုင်းတဲ့အတိုင်းလုပ်ကြ” လို့ပြောကာ အခေါင်းကိုပြန်ပိတ်လိုက်ပြီး မြေကြီးပြန်ဖို့ခိုင်းခဲ့တယ်။

မယ်ခွေလဲ ချွေးသံတစ်ရွှဲရွှဲနဲ့ အခေါင်းမြုပ်အောင်ဖုံးအုပ်ပြီးတဲ့အချိန် သူ့အနောက်မှာ မိန်းမတစ်ယောက်က မွေးကင်းစ ကလေးတစ်ကိုပိုက်ပြီး မတ်တပ်ရပ်နေတဲ့ အရိပ်တစ်ခုကိုမြင်လိုက်ရတယ်။

” မယ်ခွေ လုပ်စရာရှိတာ ဆက်လုပ်.. စပ်စုမနေနဲ့”

မိန်းမကြီးက အနည်းငယ်ကြောက်လန့်နေတဲ့ မယ်ခွေကိုဟိန်းဟောက်လိုက်ပြီး ဖန်ပုလင်းကို လွယ်အိတ်ထဲထည့်လိုက်တယ်။

မယ်ခွေလဲ မြေပုံကို ခြေရာလက်ရာမပျက်အောင်လုပ်ပြီးတော့ မိန်းမကြီးနဲ့အတူ သင်္ချိုင်းထဲကနေ ပြန်ထွက်လာခဲ့တယ်။ သင်္ချိုင်းအဝကိုရောက်တော့ မီးထွန်းထားတဲ့နေရာကို အမှတ်မထင်ကြည့်လိုက်ရာ အမွှေးစုတ်ဖွားနဲ့မဲမဲအကောင်ပေါင်းများစွာက ငှက်ပျောဖက်နဲ့ထုပ်ထားတဲ့ အမဲသားစိမ်းတွေကို အလုအယက်ယူငင်စားသောက်နေကြတာကိုမြင်လိုက်ရတယ်။
—————-
လေရူးက တောင်ကတိုက်လိုက် မြောက်ကတိုက်လိုက်နဲ့ ရမ်းနေတာမို့ အိမ်ဝိုင်းအတွင်းမှာစိုက်ထားတဲ့ သစ်ပင်တွေပေါ်ကနေ ရွက်ခြောက်တွေ တစ်ဖြုတ်ဖြုတ်ကြွေကျလာခဲ့တယ်။

မယ်ခွေလဲ ကြွေကျနေတဲ့ရွက်ခြောက်တွေကို တံမျက်စည်းတစ်လက်နဲ့လှည်းကျင်းနေတဲ့အချိန် ခြံရှေ့ကို နွားလှည်းတစ်စည်းဆိုက်ရောက်လာခဲ့တယ်။

” ဒီအိမ်က အမေလွန်း နေတဲ့အိမ်လား”
လှည်းပေါ်မှာပါလာတဲ့ မိန်းမကြီးရဲ့စကားကြောင့် မယ်ခွေက အမှိုက်လှည်းနေတာကိုရပ်လိုက်ပြီး

” ဟုတ်တယ် ဒီအိမ်က အမေလွန်း အိမ်ပဲ။ ဘာကိစ္စရှိလို့လဲ”

” အရေးကြီးကိစ္စတစ်ခုရှိလို့ .. အမေလွန်းနဲ့တွေ့လို့ရမလား”

လှည်းပေါ်ကနေဆင်းလာတဲ့ မိန်းမကြီးစကားအဆုံးမှာ အိမ်ပေါ်ထပ်က ပြူတင်းပေါက်တစ်ချပ်ပွင့်လာပြီး

” ဧည့်သည်တွေကို အိမ်ပေါ်ခေါ်တင်ခဲ့လိုက်”

မယ်ခွေလဲ အမေလွန်းစကားကြောင့်ကိုင်ထားတဲ့ တံမျက်စည်းကိုချကာ ဧည့်သည်တွေကို အိမ်ပေါ်ခေါ်လာခဲ့လိုက်တယ်။

အမေလွန်းက ဒူးတစ်ဖက်ထောင်ကာ ပြောင်းဖူးဖက်ဆေးလိပ်ကို ဖွာထုတ်လိုက်ပြီး
” လာရင်း ကိစ္စက ဘာလဲ”

” ဒီလိုပါအမေကြီး ..ကျွန်မနာမည်က မြသူဇာလို့ခေါ်ပါတယ်။ ကျွန်မတို့နေတာကတော့ ရွှေပေါ်ကျွန်းရွာမှာပါ။ အခု ကျွန်မတို့ဝယ်မယ့်ခြံဝိုင်းက ဈေးမတန်မဆခေါ်ထားတယ်။ ကျွန်မတို့ကလဲ သူတို့ပြောတဲ့ဈေးကိုမပေးနိုင်ဘူး။ ဒါကြောင့် ကျွန်မတို့ပေးတဲ့ဈေးနဲ့ရောင်းထွက်အောင် အမေကြီးဆီ အကူအညီတောင်းဖို့လာခဲ့တာပါ”

” ဟဲ့ ရှုပ်ရှုပ်ယှက်ယှက် .. နင်တို့ကိုလဲ ငါတစ်ခါမှမတွေ့ဘူးပဲ ဘယ်လိုယုံကြည်ရမလဲ။ နောက်ပြီး ပညာကြေးကရော ဘယ်လောက်ရမှာလဲ”

အမေလွန်းစကားကိုကြားတော့ မိန်းမကြီးက လက်ကောက်ဝတ်လောက်ထိ ရှိနေတဲ့ ရွှေလက်ကောက်တွေကို တမင်တကာ လှုပ်ရမ်းလိုက်ပြီး

” အလုပ်အောင်မြင်ရင် အမေကြီးအတွက် ရွှေသုံးကျပ်သား ပူဇော်ပါမယ်။ အခုလောလောဆယ် လိုတာသုံးဖို့ ဒီငွေကိုလက်ခံပေးပါ”

သတင်းစာစက္ကူနဲ့ပတ်ထားတဲ့ငွေထုပ်က မျက်စိရှေ့ရောက်လာတော့ သောက်လက်စဆေးလိပ်ကို ပြာခွက်ထဲထိုးထည့်လိုက်ပြီး

” အေး အဲဒီတော့ ငါက ခြံဝိုင်းအမြန်ဆုံးရောင်းထွက်အောင်လုပ်ပေးမယ်။ ကတိမတည်လို့ကတော့ ငါ့အကြောင်းသိတယ်မလား”

” စိတ်ချပါ ကျွန်မတို့ကလဲ အခုမှအလုပ်စလုပ်တယ်ဆိုပေမယ့် အဆင်ပြေရင် နောက်ထပ်လုပ်စရာတွေ အများကြီးကျန်ပါသေးတယ်”

” ဒါဖြင့်လဲ ငါ့သမီး မြေဝါကိုထည့်ပေးလိုက်မယ်။ မယ်ခွေရေ အိမ်အနောက်မှာ ရှိနေတဲ့ မြေဝါကို သွားခေါ်လာစမ်း”

မယ်ခွေလဲ ကပြာကယာနဲ့ အိမ်နောက်ဘက်ကိုထွက်သွားပြီး မကြာခင်မှာ လက်တစ်ဆစ်လောက်ရှိတဲ့ ဖန်ပုလင်းတစ်လုံးကိုကိုင်ပြီး ပြန်ရောက်လာခဲ့တယ်။

” အမေကြီး မြေဝါကိုခေါ်လာပြီ..”

” အေး ငါ့ကိုပေး…။ နင်တို့နဲ့ ငါ့သမီးမြေဝါကိုထည့်ပေးလိုက်မယ်။ ဟိုရောက်ရင် နင်တို့ဝယ်မယ့်ခြံဝိုင်းတစ်နေရာမှာ ဒီဖန်ပုလင်းကိုမြုပ်ထား။ ဘယ်သူမှမသိစေနဲ့နော်။ သူ့ကိုလဲ တစ်ရက်ခြားတစ်ခါလောက် အသားစိမ်းကျွေးဦး။ဒီလောက်တော့ နင်လဲ သဘောပေါက်မှာပါ”

” ပေါက်ပါတယ် ပေါက်ပါတယ်။ ဒီကိစ္စအောင်မြင်ရင် အမေလွန်းဆီ ရွှေသုံးကျပ်သားနဲ့အတူပြန်လာခဲ့ပါမယ်”

ဧည့်သည်တွေပြန်သွားတော့ အမေလွန်းက စက္ကူအိတ်ထဲကနေ ငွေစက္ကူအချို့ကိုထုတ်ယူပြီး ယပ်တောင်သဖွယ်ခပ်ကာ

” မယ်ခွေ နင်လဲ ကြည့်ထား။ ငါမရှိတဲ့အချိန် နင်ကဒီနေရာကိုဆက်ခံရမှာနော်”

အမေလွန်းစကားကြောင့် မယ်ခွေက မျက်ချိုင့်လေးပေါ်အောင်ပြုံးလိုက်ပြီး

” စိတ်ချပါ သမီးက အမေ့သမီးအရင်းမဟုတ်ပေမယ့် အမေခြေရာနင်းနိုင်အောင်ကြိုးစားမှာ”လို့ပြောကာ အိမ်ပေါ်ကနေ ပြန်ဆင်းလာခဲ့လိုက်တယ်။
+++++++++++

ဒီလိုနဲ့ နှစ်လလောက်ကြာတဲ့အထိ ခြံပိုင်ရှင်မိန်းမပြန်မရောက်လာခဲ့ဘူး။ အမေလွန်းလဲ သူ့ကို တစ်ဖက်လှည့်နဲ့ လုပ်စားသွားပြီထင်ပြီး အံတစ်ကြိတ်ကြိတ်တောက်တစ်ခတ်ခတ်ဖြစ်ကာ

” မယ်ခွေ နင် မနက်ဖြန်ရွှေပေါ်ကျွန်းရွာကို သွားရမယ်။ ဟိုရောက်ရင် လှသူဇာဆိုတဲ့မိန်းမကို ‌မတွေ့တွေ့အောင်ရှာလာခဲ့။ တွေ့ပြီဆိုရင် ခြံဝိုင်းရောင်းထွက်မထွက်အရင်စုံစမ်း။ ရောင်းထွက်တာသေချာရင် အသေသာလုပ်ခဲ့ ကြားလား”

” ဟုတ်ကဲ့အမေကြီး သမီး တာဝန်ကျေစေရပါမယ်”

မယ်ခွေလဲ တတ်သင့်တပ်အပ်တဲ့ ပညာတွေ တတ်ထားပြီးပြီမို့ ကတိမတည်တဲ့မိန်းမကို ပညာပေးရန် ရွှေပေါ်ကျွန်းရွာကိုခရီးထွက်လာခဲ့တယ်။

သုံးရက်လောက် စမ်းတဝါးဝါးနဲ့ ခရီးဆက်လာခဲ့တာ နောက်ဆုံးမှာတော့ ရွှေပေါ်ကျွန်းရွာကိုရောက်လာခဲ့တယ်။ မယ်ခွေလဲ ရွာထိပ်က အကြော်တဲမှာဝင်ထိုင်ပြီး ဒေါ်လှသူဇာအကြောင်း စနည်းနာလိုက်ရာ

” သူဌေးမကြီး လှသူဇာကိုပြောတာလား။ သူဆုံးသွားတာ တစ်လတောင်ကျော်ရောပေါ့”

အကြော်သည်အဒေါ်ကြီးစကားကြောင့် မယ်ခွေ ပါးစပ်အဟောင်းသားဖြစ်သွားပြီး

” သူက ရုတ်တရက်ကြီး ဘာဖြစ်လို့ဆုံးတာလဲ”

” သူ့အလုပ်သမားတွေပြောတာကတော့ သရဲမွေးပြီး အစာမကျွေးလို့ မွေးထားတဲ့သရဲက ဂုတ်ချိုးသတ်လိုက်တယ်ပြောတယ်။ သူအလောင်းကိုတွေ့တော့လည်ပင်းမှာ လက်ငါးချောင်းအရာက အထင်းသားပဲတဲ့”

” ဟယ်… ဒုက္ခပါပဲ”

” အခုဆို သူဝယ်ထားတဲ့ ခြံထဲဘယ်သူမှမသွားရဲကြဘူး။ အချို့တွေပြောတာကတော့သရဲမက ခြံထဲမှာ ကလေးတစ်ယောက်ကိုပိုက်ပြီး လိုက်သွားနေတာတဲ့”

မယ်ခွေလဲ အခြေအနေအကြောင်းစုံကိုသိရပြီမို့ အကြော်ဖိုးရှင်းကာ ထွက်လာခဲ့လိုက်တယ်။ ရွာထဲကိုရောက်တော့ ဒေါ်လှသူဇာပိုင်တဲ့ခြံဝိုင်းနားကို မယောင်မလည်နဲ့သွားပြီး လေ့လာနေတုန်း

” ဟိုကလေးမ ဒီနားကိုမလာနဲ့ … ခြံထဲမှာ မကောင်းဆိုးဝါးရှိတယ်” ဆိုပြီးပြောတဲ့အသံကြောင့်ကြည့်လိုက်ရာ အိမ်ကိုလာတုန်းက လှည်းမောင်းပေးတဲ့လူကြီးဖြစ်နေတာကိုမြင်လိုက်ရတယ်။

” ဟင် ဦးလေးက ….”

” မင်း မင်းက အမေလွန်းတို့အိမ်က ကလေးမ မဟုတ်လား”

” ဟုတ်တယ် ဒါနဲ့ ဘယ်လိုတွေဖြစ်သွားကြတာလဲ”

” ဦးလေးလဲ သေချာမသိဘူး။ ဒီခြံဝိုင်းကိုဝယ်ပြီး နောက်တစ်နေ့မှာ သူဌေးမက တစ်ယောက်ထဲ ခြံထဲကိုထွက်သွားတယ်လို့ပြောတယ်။ မနက်ရောက်တဲ့ထိ ခြံထဲကနေပြန်မလာလို့ သွားရှာတာ ပိန္နဲပင်အောက်မှာ သေနေတာကိုပဲမြင်လိုက်ရတယ်”

” ဒီလိုဆို ပြဿနာတစ်ခုခုဖြစ်ပြီ ထင်တယ်။ ကျွန်မခြံထဲဝင်ကြည့်လို့တော့ရတယ်မဟုတ်လား”

” နင်မကြောက်တတ်ရင်တော့ဝင်ပေါ့။ အခုက နေလဲစောင်းနေပြီဆိုတော့ တစ်ခုခုဖြစ်မှာစိတ်ပူတယ်”

” ရပါတယ် ဦးလေး။ မြေဝါကို သမီးပဲ ထိန်းလာတာ ဒိလောက်ကတော့ဖြစ်ပါတယ်။ ဒါနဲ့ ဦးလေးပြောတဲ့ ပိန္နဲပင်က ဘယ်နားလောက်မှာလဲ”

” အခုမြင်နေရတဲ့လမ်းအတိုင်းဝင်သွားရင် ထုံးဖြူတွေသုတ်ထားတဲ့ သရက်ပင်တစ်ပင်တွေ့လိမ့်မယ်။ အဲဒီသရက်ပင်အနောက်မှာ ပိန္နဲပင်ရှိတယ်”

မယ်ခွေလဲ နေရာကိုသိပြီမို့ ခြံထဲကိုအရဲစွန့်ကာ တိုးဝင်လာခဲ့တယ်။ ဆယ်မိနစ်လောက်လမ်းလျောက်ပြီးတဲ့အချိန်မှာတော့ကြီးမားအုံ့ဆိုင်းနေတဲ့ ပိန္နဲပင်ကိုမြင်လိုက်ရတယ်။

” မြေဝါ.. နင်ဒီမှာရှိနေတာ ငါသိတယ် ထွက်လာခဲ့။ အမေကြီးက နင့်ကိုစောင့်နေတာ ။ နင်ဘယ်ရောက်နေလဲ”

မယ်ခွေက ပါးစပ်ကနေပြောရင်း ဘေးဘီကိုလိုက်ကြည့်နေတဲ့အချိန် ပိန္နဲပင်နောက်ကနေ ဝါထိန်နေတဲ့လက်တစ်ဖက်ရုတ်တရက်ထွက်လာခဲ့တယ်။

” ဟဲ့ ပလုပ်တုတ် လန့်လိုက်တာ မြေဝါရယ်။ နင်ကလဲ အခုထိ အစအနောက်သန်နေပါလား။ ထွက်လာခဲ့ ငါ့ကိုနင်သိပါတယ်”

မယ်ခွေစကားအဆုံးမှာ ထွက်နေတဲ့လက်တစ်ဖက်က အပင်နောက်ကိုပြန်ဝင်သွားပြီး ပျောက်သွားခဲ့တယ်။

” ဟာ ….”
မယ်ခွေကစိတ်မရှည်စွာနဲ့ရေရွတ်ပြီး ပိန္နဲပင်အနောက်ကိုကြည့်တော့လဲ ဘယ်သူမှမရှိ။ အဲဒီအချိန် အေးစက်တဲ့လက်တစ်ဖက်က အနောက်ကနေ လည်ပင်းကိုလာညှစ်တာကိုခံလိုက်ရတယ်။

သတိကြီးတဲ့မယ်ခွေက လာညှစ်တဲ့လက်ကို ဘယ်ဘက်လက်နဲ့ပုတ်ထုတ်ပြီး လှည့်ကြည့်လိုက်ရာ မျက်လုံးပြူးပြီး စိုက်ကြည့်နေတဲ့ မြေဝါကိုမြင်လိုက်ရတယ်။

” နင် နင်က ငါ့ကိုတောင်လုပ်ရဲတယ်ပေါ့လေ ”

မယ်ခွေက သူ့ကိုစိုက်ကြည့်နေတဲ့ မြေဝါကို အံ့ဩနေတဲ့အချိန် ခြေထောက်ကို အေးစက်စက်ပျော့အိအိအရာတစ်ခုလာပတ်ပြီး ဒရွတ်တိုက်ဆွဲခေါ်သွားတာကိုခံလိုက်ရတယ်။

နေရောင်က မလင်းမမှောင်အခြေအနေမို့ လာရစ်ပတ်တဲ့အရာကိုကြည့်လိုက်ရာ မဲနက်နေတဲ့ လျာတစ်ချောင်းဖြစ်နေခဲ့တယ်။ အရှိန်ပြင်းပြင်းနဲ့ဆွဲသွားခံရပြီး သစ်ငုတ်တွေနဲ့ထိခိုက်မိတဲ့ဒဏ်ကြောင့် ခေါင်းတစ်ခုလုံး သွေးချင်းချင်းရဲတဲ့အထိ ဖြစ်လာတဲ့အချိန် ခေါင်းမှာထိုးထားတဲ့ဆံထိုးကိုသတိရပြီး ရစ်ပတ်ထားတဲ့အရာကိုထိုးစိုက်လိုက်ရာ မလှမ်းမကမ်းခြုံထဲကနေ ကလေးတစ်ယောက် အော်ငိုတဲ့အသံထွက်လာခဲ့တယ်။

မယ်ခွေလဲ အခြေအနေမဟန်တာသိတဲ့အတွက် ရှိသမျှအားနဲ့ကုန်းရုန်းထပြီး ထွက်ပြေးဖို့အလုပ် မျက်နှာတစ်ခုလုံးဖောသွပ်ပြီး ယောင်အမ်းနေတဲ့ မိန်းမတစ်ယောက်က ပြေကျနေတဲ့မယ်ခွေရဲ့ဆံပင်ကို ဆွဲကာ အနားမှာရှိတဲ့ သစ်ပင်နဲ့ဆောင့်ချလိုက်တယ်။

ခေါင်းနဲ့သစ်ပင်ထိတွေ့မှုအပြီးမှာတော့ မယ်ခွေရဲ့အသိစိတ်တွေအားလုံး လွတ်ထွက်ကာ အရာရာအမှောင်အတိကျသွားခဲ့တယ်။
++++++++++++++++

ဒီကိစ္စတွေဖြစ်ပြီး ငါးနှစ်လောက်အကြာမှာတော့ ရွှေပေါ်ကျွန်းရွာကို အောင်မြတ်သာတို့ဆရာတပည့်တွေ ခရီးသွားဟန်လွဲရောက်လာခဲ့ကြတယ်။ ရွာအဝင်ဝကိုရောက်တော့ ပြိုပျက်နေတဲ့တဲအတွင်းမှာ နေလောင်ဒဏ်ကြောင့် မဲညစ်နေတဲ့အသားအရည်နဲ့အရူးမတစ်ယောက် အိပ်နေတာကိုမြင်လိုက်ရတယ်။

” သက်ခိုင် ငါတို့မှာပါတဲ့ အစားအသောက်အချို့ သွားချပေးလိုက်ပါ”

အောင်မြတ်သာစကားကြောင့် သက်ခိုင်က လွယ်အိတ်ထဲမှာရှိနေတဲ့ ငှက်ပျောသီးအချို့ကို တဲအတွင်းချပေးပြီး ပြန်ထွက်

” ဟိတ် … နင်တို့ကဘယ်သွားကြမလို့လဲ။ ရွာထဲသွားမယ်ဆိုရင် အနီရောင်ကြိုးစနဲ့ပတ်ထားတဲ့ခြံထဲမသွားမိစေနဲ့။ အဲဒီမှာ သရဲရှိတယ် အဟီးအဟီး”လို့ပြောပြီး ငှက်ပျောသီးတွေကို အားရပါးရ ထိုင်စားပါလေရော။

အောင်မြတ်သာတို့လဲ အရူးမပြောတဲ့စကားကို အယုံအကြည်မရှိပဲ ရွာထဲကိုဝင်လာခဲ့လိုက်တယ်။ ရွာထဲရောက်တော့ ညဘက်ဖြစ်နေပြီမို့ တည်းခိုဖို့နေရာရှာနေတဲ့အချိန် ….

” ဟိုမှာ ဟိုမှာ လိုက်လာနေပြီ… လျာကြီးတန်းလန်းနဲ့ အိမ်ရှေ့မှာ ရပ်ကြည့်နေတယ်” ဆိုပြီးအော်တဲ့အသံက ကျယ်လောင်စွာထွက်လာခဲ့တယ်။

အောင်မြတ်သာတို့လဲအသံကြားရာကိုကြည့်လိုက်တော့ ခြံရှေ့မှာ ကျောက်ရုပ်တစ်ရုပ်လို မတ်တပ်ရပ်ပြီး အိမ်ပေါ်ကိုစူးစိုက်ကြည့်နေတဲ့ မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။

” ဆရာ… ဟို မှာ…”

သက်ခိုင်နဲ့တောက်ရက သူတို့လဲမြင်တွေ့ရတဲ့ဟန်နဲ့လက်ညိုးထိုးပြတော့
” ဟုတ်တယ် ဒီအိမ်က ကောင်လေး အမှားတစ်ခုခု လုပ်ခဲ့ပြီနဲ့တူတယ်”။ လို့ပြောပြီး အိမ်ရှေ့ကိုလျောက်လာတဲ့အချိန် ရပ်နေတဲ့မိန်းမက အောင်မြတ်သာတို့ကို ခေါင်းစောင်းပြီးလှည့်ကြည့်ကာ ရုတ်တရက်ပျောက်ကွယ်သွားခဲ့တယ်။

” လာကြပါဦး ကျွန်မသား မျက်ဖြူလန်ပြီး သတိလစ်သွားလို့”

အိမ်ပေါ်ကနေထွက်ပေါ်လာတဲ့အသံကြောင့် အောင်မြတ်သာတို့ တက်ကြည့်လိုက်ရာ အကြောက်လွန်ပြီး သတိလစ်လုဆဲဆဲဖြစ်နေတဲ့ လူငယ်တစ်ယောက်ကိုမြင်လိုက်ရတယ်။

” ရေတစ်ခွက် ယူပေး … မြန်မြန်”

အောင်မြတ်သာစကားကြောင့် အိမ်ရှင်မိန်းမက အိမ်ထဲကနေရေတစ်ခွက်ယူလာခဲ့တယ်။ရေရတာနဲ့ အောင်မြတ်သာလဲ အပေါ်ကနေလက်နဲ့အုပ်ကာ ဂါထာတစ်ခုကိုကိုးခေါက်ရွတ်ဆိုပြီး မျက်နှာကို တောက်လိုက်ရာ သတိလစ်လုဆဲဆဲဖြစ်နေတဲ့ လူငယ်က ကောက်ကာငင်ကာ လန့်နိုးလာပြီး

” သရဲ သရဲမကြီး အိမ်ရှေ့မှာရပ်နေတယ် အမေ သားကြောက်တယ် အဟီးဟီး”

” ကဲ အမိ ဒီရေကို ကုန်အောင်တိုက်လိုက်ပါ။ ‌မကြာခင်သက်သာလာပါလိမ့်မယ်”

အိမ်ရှင်မိန်းမလဲ အောင်မြတ်သာပြောတဲ့အတိုင်းတိုက်လိုက်ရာ ခုနက ကြောက်လန့်နေတဲ့လူငယ်က တစ်ဖြေးဖြေးတည်ငြိမ်လာခဲ့တယ်။

” တော်ပါသေးရဲ့ရှင် .. ဒီနေ့မှ သူ့အဖေက မြို့တက်သွားတော့ တစ်ယောက်ထဲဘာလုပ်ရမှန်းမသိဖြစ်နေခဲ့တာ”

အိမ်ရှင်မိန်းမကြီးရဲ့ကျေးဇူးတင်စကားအဆုံးမှာ အသက်ကြီးကြီးလူကြီးတစ်ယောက်နဲ့ အိမ်နီးနားချင်းကလူတွေရောက်လာပြီး

” ဘယ်လိုဖြစ်တာလဲ ခုနကအော်သံတော့ကြားလိုက်တယ်။ သားအမိတွေရန်ဖြစ်နေတယ်ထင်လို့ မလာလိုက်တာ”

” ဒီကောင်လေး ဘာတွေလုပ်လာပြန်ပီလဲမသိဘူး။ ဒီကဆရာတွေကျေးဇူးကြောင့် သတိပြန်လည်လာတာ”

” ‌ငထွန်း နင်ဒီနေ့ ဘာလုပ်ခဲ့လဲ ငါ့ကိုမှန်မှန်ပြောစမ်း”

အသက်ငါးဆယ်အရွယ်လူကြီးစကားကြောင့် ရေခွက်ကိုင်ထားတဲ့ငထွန်းက

“နေ့လည်က ထွန်းအောင်နဲ့ သာလှ တို့နှစ်ယောက်နဲ့ ဟိုခြံဝိုင်းထဲက သရက်သီးသွားခူးကြတာ။ ညနေစောင်းတော့ ခေါင်းထဲမူးနောက်နောက်ဖြစ်လာလို့ အိမ်ရှေ့ထွက်ထိုင်နေတဲ့အချိန် ခြံရှေ့မှာ ဆံပင်ဖားလားနဲ့မိန်းမတစ်ယောက်ပေါ်လာခဲ့တာပဲ”

” ဟာ မင်းတို့ကိုမသွားနဲ့လို့ပြောထားတာ အတော်ရှည်တဲ့ကောင်တွေ။ ဒီပုံဆို ဟိုနှစ်ကောင်လဲ ခံနေရလောက်ပြီ။ ဒီက ဆရာတို့ အချိန်ရရင် ကျန်တဲ့ကလေးတွေအိမ်ကိုလိုက်ကြည့်ပေးပါဦး”

” ရပါတယ် အခုကျန်တဲ့နှစ်အိမ်ကို ကျုပ်တို့လူခွဲပြီး ကြည့်ပေးပါမယ်”

အောင်မြတ်သာလဲ သက်ခိုင်နဲ့ တောက်ရကို အခြားကလေးတွေအိမ်ကိုလွှတ်ပြီးကြည့်ခိုင်းတဲ့အချိန် အိမ်ပေါ်ကိုလက်ညိုးထိုးပြီး ဟက်ဟက်ပက်ပက်ရယ်နေတဲ့ အရူးမကိုမြင်လိုက်ရတယ်။

” ဟိတ် ထိပ်ပေါက်မ …. သွားသွား ငါ့အိမ်မှာ နင့်အတွက်ချန်ထားတဲ့ ထမင်းဟင်းတွေသွားယူလိုက်”

” အဟီးအဟီး ဟက်ဟက် မြေဝါမ ဒုက္ခပေးပြန်ပြီထင်တယ်။ သူက ငါ့ကိုပဲကြည့်မရတာလို့ထင်တာ။ အခုတော့ ငါ့လိုဘဝတူတွေတိုးလာပြီးဟေ့ ဟက်ဟက်ဟက်”

အရူးမက ဟက်ဟက်ပက်ပက်ရယ်မောရင်း ထွက်သွားတဲ့အချိန်
” ခုနက သူပြောတဲ့စကားထဲမှာ မြေဝါမဆိုတာ ပါနေတယ်။ ကျုပ်ထင်တာမမှားဘူးဆိုရင် မြေဝါဆိုတာ ဒီကလေးကိုခြောက်လှန့်လိုက်တဲ့နာနာဘာဝပဲဖြစ်ရမယ်”

” ဟုတ်တယ်ဆရာလေး ခုနကတွေ့တဲ့ မိန်းကလေးကလဲ ခြံဝိုင်းထဲက သရဲမကြောင့် ရူးသွားတာပဲလေ”

” ဟင် … သူကအဲလောက်တောင် ဆိုးသွမ်းနေတာလား။ ဒါကို ဘယ်သူမှ ဘာမှမလုပ်ကြဘူးလား”

” ပြောရင်လဲခံရမှာပဲဆရာရေ။ ကျုပ်တို့လဲ ဆရာပေါင်းစုံနဲ့အမျိုးမျိုးကြိုးစားခဲ့ကြတယ်။ ဒါပေမယ့် သူ့ကိုမောင်းမထုတ်နိုင်ခဲ့ဘူး”

” ဘာလို့မောင်းထုတ်လို့မရတာလဲ”

” ဘာလို့လဲဆိုတော့ သူ့ကိုမြုပ်ထားတဲ့နေရာကို ကျုပ်သူဌေးမတစ်ဦးပဲသိတာမို့လို့ပါ”

” ဘယ်လို ဘယ်လို ကျုပ်နားလည်အောင်ပြောပါဦး”

” လွန်ခဲ့တဲ့ ငါးနှစ်လောက်က ကျုပ်အလုပ်လုပ်တဲ့သူဌေးမက သူလိုချင်တဲ့ခြံကို ဈေးပေါပေါနဲ့ရအောင် အောက်လမ်းဆရာမတစ်ဦးဆီမှာ အကူညီတောင်းခဲ့တယ်။ အောက်လမ်းဆရာမက သူ့ကိုဖန်ပုလင်းတစ်လုံးပေးပြီး လိုချင်တဲ့ခြံထဲမှာ မြုပ်ခိုင်းခဲ့တယ်။ နောက်တစ်နေ့ကျတော့ ကျုပ်တို့ခြံဝယ်ဖို့ ဈေးစကားပြောတုန်း သူတစ်ယောက်ထဲ ခြံထဲကတစ်နေရာမှာ ပုလင်းကိုမြုပ်ခဲ့တာ။ ဒီလိုနဲ့ ခြံထဲမှာနေတဲ့သူတွေအားလုံး မြုပ်ခဲ့တဲ့အစီရင်ကြောင့် မနေရဲတော့ပဲ ဈေးပေါပေါနဲ့ရောင်းထုတ်ခဲ့တယ်။ သူဌေးမက သူလိုချင်တဲ့ခြံကိုဈေးပေါပေါနဲ့ရပြီးနောက်ပိုင်း မွေးထားတဲ့အစောင့်ကို အစာပုံမှန်မကျွေးဖြစ်ရာကနေ သူ့အသက်ပါပေးလိုက်ရတာပဲ။ ခုနကမြင်တဲ့ ကလေးမက အစီအရင်ကိုဖယ်ရှားဖို့လာတဲ့ အောက်လမ်းဆရာမလေးပဲ။ သူရောက်တဲ့အချိန် ပုလင်းကိုရှာမတွေ့ပဲ သောင်းကျန်းနေတဲ့ သရဲမလက်ချက်နဲ့ သေလုဆဲဆဲဖြစ်ခဲ့ရတယ်။ ကျုပ်သာအရဲစွန့်ပြီးဝင်မခေါ်ရင် သူလဲအခုချိန်သေနေလောက်ပြီ”

” နေပါဦး ဒါဆိုရင် ဒီအစီအရင်ကို စီရင်ခဲ့တဲ့သူကို သွားခေါ်ပြီးရှင်းခိုင်းလို့ရနေတာပဲ။ ဘာလို့မလုပ်ကြတာလဲ”

” လုပ်တယ်ဆရာ။ ကျုပ်တို့ရောက်သွားတဲ့အချိန် အစီအရင်လုပ်ခဲ့တဲ့ဆရာမက ရေချိုးမှားပြီး လေတစ်ခြမ်းဖြတ်ရာကနေ အသက်ပါပါသွားခဲ့တာ။ ဒါကြောင့် ခြံဝိုင်းကို ကြိုးအနီတားပြီး ဘယ်သူမှမဝင်ဖို့ လုပ်ခဲ့ရတာပဲ”

” အင်း ကိုယ်မွေးတဲ့မျောက်ကိုယ်မနိုင်ဖြစ်ခဲ့တာကိုး။ ဒီအလုပ်က ဘယ်လောက်အကုသိုလ်ကြီးတယ်ဆိုတာ သိရောသိကြရဲ့လား”

” ကျုပ်သူဌေးမလဲ သူလုပ်ခဲ့တဲ့အကုသိုလ်အကျိုးပြန်ခံစားရတာမြင်တော့ သံဝေဂရခဲ့တယ်။ အဲဒီနောက်ပိုင်း ကျုပ်လဲဘုရားတရားပိုလုပ်ဖြစ်လာတာ”

အောင်မြတ်သာတို့စကားကောင်းနေတဲ့အချိန် သက်ခိုင်နဲ့တောက်ရပြန်ရောက်လာပြီး
” ဆရာ ထင်သလိုပဲ ဟိုကလေးနှစ်ယောက်လဲ ကယောင်ကတမ်းတွေဖြစ်နေလို့ ရေမန်းတိုက်ခဲ့ရသေးတယ်”

” ကဲ မင်းတို့လဲပင်ပန်းတဲ့လက်စနဲ့ ရောက်ရောက်ချင်း ဒီပြဿနာကိုရှင်းပေးရလိမ့်မယ်”

” ရပါတယ်ဆရာ ကျွန်တော်တို့မပင်ပန်းပါဘူး”

” ကဲဗျာ ကျုပ်တို့လဲ မနက်စောစော ခရီးဆက်ဖို့ရှိနေလို့ ဒီညပဲ အစီအရင်ကိုရှာပြီးဖျက်ဆီးပေးပါမယ်။ အခုဒီခြံကို ဘယ်သူပိုင်တာလဲ”

” ရပါတယ်ဆရာ။ ဒီခြံပိုင်ရှင်တွေက မြို့ပေါ်မှာပဲအခြေချနေတာ သုံးနှစ်လောက်ရှိပြီ။ သူတို့ကလဲ ကျုပ်ကိုပဲအပ်ထားကြတာ။ ဆရာတို့ အဆင်ပြေသလိုလုပ်လို့ရပါတယ်”

” ဟုတ်ပြီ ဒါဖြင့် ကျုပ်တို့ကိုခြံနေရာလိုက်ပြပေးပါဦး”

” ဆရာလေးတို့ ဒီလမ်းအတိုင်း တည့်တည့်လျောက်သွားရင် ကြိုးအနီရောင်နဲ့ တားထားတဲ့ ခြံဝိုင်းကိုတွေ့ပါလိမ့်မယ်။ ခြံစည်းရိုးမခတ်ထားတဲ့အတွက် ဆရာတို့ဝင်ဖို့အဆင်ပြေမှာပါ”

” ဒါဖြင့်လဲ ကျုပ်တို့သွားလိုက်ပါဦးမယ်။ အော် ဒါနဲ့ ဒီညတော့ကျုပ်တို့တည်းဖို့နေရာတစ်ခုလောက်ရနိုင်မဟုတ်လား”

” ရတာပေါ့ ရတာပေါ့ ကျုပ်အားလုံးစီစဉ်ထားပေးပါ့မယ်။ ဆရာတို့ပြန်အလာကိုစောင့်နေပါ့မယ်”

အောင်မြတ်သာတို့လဲ ခြံစောင့်လူကြီးကို နှုတ်ဆက်ပြီး အစီအရင်လုပ်ထားတဲ့ ခြံဝိုင်းဆီကိုထွက်လာခဲ့လိုက်ကြတယ်။ မကြာခင် လရောင်အောက်မှာ ကြိုးအနီရောင်တွေနဲ့တားထားတဲ့ခြံဝိုင်းရှေ့ကိုရောက်လာခဲ့ကြတယ်။

ခြံဝိုင်းအရှေ့မှာခြေစုံရပ်တယ်ဆိုရင်ပဲ ခြံထဲကနေ ဝမ်းခေါင်းသံနဲ့အော်ဟစ်မောင်းထုတ်တဲ့အသံကို ချောက်ချားဖွယ်ကြားလိုက်ရတယ်။

” ဆရာ ဒီပုံစံအတိုင်းဆိုအတော်ကြမ်းမယ့်ပုံပဲ၊ ကျွန်တော်တို့မှာလဲ မီးတုတ်တွေမပါဘူးဆိုတော့ ဘယ်လိုဆက်လုပ်ရမလဲ”

” အခုသာနေတဲ့လရောင်ကြောင့် ငါတို့အဆင်ပြေသွားမှာပါ။ ခြံထဲရောက်တဲ့အခါ အစီအရင်ဘူးကို အရင်တွေ့အောင်ရှာရမယ်။ဒီဘူးက အရေးကြီးတယ်”

အောင်မြတ်သာစကားအဆုံးမှာ ဆရာတပည့်သုံးယောက်သား ကြိုးအနီစကိုဖယ်ကာ ခြံထဲကိုစဝင်ခဲ့ကြတယ်။

” ဆရာ ကလေးတစ်ယောက်ငိုသံကြားနေရတယ်။ နောက်ပြီး ဆနွင်းနံ့နဲ့အပုတ်နံ့ရောနေတဲ့အနံ့တစ်ခုလဲရတယ်”

” ဟုတ်တယ် ခြံထဲစဝင်ထဲက ဒီအနံ့ရနေတာ။ အခုထိ ဘာလှုပ်ရှားမှုမှ မပြသေးဘူးဆိုတော့ သူ့နေရာမရောက်သေးဘူးထင်တယ်”

အောင်မြတ်သာတို့လဲ လူသွားလမ်းအတိုင်းသတိထားပြီးလျောက်လာခဲ့တာ ထုံးအဖြူသုတ်ထားတဲ့ သရက်ပင်နားကိုရောက်တော့

” ဟားဟားဟား အဟီးအဟီး”

” ဆရာ… ”

” အနံ့ရောအသံပါ ဒီနားမှာ ပိုပြင်းလာတယ်။ သတိထားကြ သူကဒီနားတစ်ဝိုက်မှာပဲရှိရမယ်”

အောင်မြတ်သာတို့ဘေးဘီကိုသတိထားပြီး လျောက်လာတဲ့အချိန် ကျောအနောက်ဘက်မှာပေါက်နေတဲ့ သရက်ပင်ပေါ်ကနေ ဆံပင်ဖားလျားနဲ့မိန်းမတစ်ယောက်ဇောက်ထိုးဆင်းလာခဲ့တယ်။

” ဆရာ ကျွန်တော်အနောက်မှာ ရှိနေပြီထင်တယ်”

” လှည့်မကြည့်နဲ့ အစီအရင်ဘူးကို မတွေ့မချင်း သူ့ကိုဒိကမောင်းထုတ်လို့ရမှာမဟုတ်ဘူး”

ညအချိန်မတော်ကြားရတဲ့ရယ်သံငိုသံတွေက သာမန်လူဆိုရင်သွေးပျက်စေနိုင်တဲ့အထိ ပြင်းထန်လာခဲ့တယ်။

အောင်မြတ်သာလဲ ဒီအနီးတစ်ဝိုက်ဆိုတာ သေချာပြီဆိုမှ လက်ထဲမှာကိုင်ထားတဲ့ အင်းစမတစ်ရွက်ကို လေပေါ်ပစ်တင်လိုက်ရာ အင်းစမက လေထဲမှာ အတန်ကြာဝဲပျံပြီး ပိန္နဲပင်ရဲ့ပင်စည်ကို အရှိန်နဲ့ပြေးတိုက်ရာ ပင်စည်ထဲကနေ မီးတောက်တွေဖွာခနဲထွက်ကျလာခဲ့တယ်။

” သက်ခိုင် အစီအရင်ကအဲဒီနေရာမှာပဲ။ အနားတော့မကပ်သွားနဲ့ဦး။ သူ့ဘာသာထွက်လာအောင်လုပ်ရမယ်”

အောင်မြတ်သာကပြောနေရင်း နောက်ထပ်အင်းစာရွက်တစ်ရွက်ကိုပစ်လိုက်ရာ ဒီတစ်ခါမှာတော့ ပင်စည်ကနေ မီးဟုန်ဟုန်းထတောက်ပြီး လက်တစ်ဆစ်သာသာရှိတဲ့ ဖန်ပုလင်းတစ်လုံးထွက်ကျလာခဲ့တယ်။

” အား ….. ဖလပ် ဖလပ် …. ဝုန်း ဂျွတ် ”

ဖန်ပုလင်းထွက်ကျလာတာနဲ့ အနီးနားမှာရှိတဲ့ သစ်ပင်တွေပေါ်ကနေ အသံမျိုးစုံထွက်လာပြီး အကိုင်းခက်တွေကျိုးကျလာခဲ့တယ်။

” တောက်ရ ပုလင်းကိုယူလိုက်”

အောင်မြတ်သာစကားအဆုံးမှာ တောက်ရက ပုလင်းကိုကောက်ကိုင်လိုက်ရာ

” အား ပူတယ် ဆရာ … မီးခဲလိုပူနေတယ် ကိုင်မရဘူး”

” အရမ်းပူနေရင်မကိုင်နဲ့ … ငါလုပ်မယ်”

အောင်မြတ်သာက တောက်ရပစ်ထုတ်လိုက်တဲ့ ဖန်ပုလင်းကို မကိုင်မီ နှုတ်ကနေ ဂါထာတစ်ပုဒ်ကို ရွတ်ဆိုပြီး လက်ဝါးနဲ့အုပ်လိုက်တဲ့အချိန် ဖန်ပုလင်းက ငါးတစ်ကောင်လိုဖျတ်ဖျတ်လူး ရုန်းကန်နေတာကို မြင်လိုက်ရတယ်။

” ငါ့အမိန့်အာဏာစက်လက်အောက်မှာ သင်ဘယ်လိုမှရုန်းထွက်နိုင်မှာမဟုတ်တဲ့အတွက် အသာတကြည် နေပါ” လို့ပြောပြီး ပုလင်းကိုဆုပ်ကိုင်လိုက်တယ်။

” ဆရာ ရရဲ့လား”

” ရတယ် ဒီမှာကြည့် … အထဲမှာ လက်သည်းခွံတွေနဲ့ ဆံပင်ချည်တွေကိုဘီလူးဂမုန်းအမြစ်နဲ့ချည်ထားတာတွေ့လား။ ဒီအစီအရင်မျိုးက အရမ်းကြောက်ဖို့ကောင်းတယ်။ ဘယ်လောက်ပဲ စိတ်ထားကောင်းတဲ့ နာနာဘာဝဖြစ်ပါစေ ရက်စက်ကြမ်းကြုတ်သွားရော”

” ဆရာ ဒီဟာကိုဘယ်လိုလုပ်မလဲ”

” သက်ခိုင် အခုချက်ချင်း မြေကြီးပေါ်မှာရှစ်ကွက်အင်းဆွဲလိုက်တော့”

‌သက်ခိုင်လဲအောင်မြတ်သာစကားကြောင့် မြေကြီးပေါ်မှာရှစ်ကွက်အင်းရေးဆွဲလိုက်ပြီး လက်နဲ့ပုတ်လိုက်ရာ အင်းစမကြိုးကွက်တွေကနေ အလင်းတန်းတွေထွက်လာခဲ့တယ်။

အောင်မြတ်သာလဲ စမကွက်ဆွဲပြီးတာနဲ့ အစီအရင်ပုလင်းကို အင်းစမကွက်အလယ်မှာချလိုက်ရာ ပုလင်းတစ်ခုလုံးအစိပ်စိပ်အမွှာမွှာကွဲထွက်သွားပြီး ကလေးတစ်ယောက်ကိုပိုက်လျက်သားအနေအထားနဲ့မိန်းမတစ်ယောက်ပုံရိပ်ပေါ်လာခဲ့တယ်။

” ဆရာ သူ့ကိုယ်ထဲကနေ ဘီလူးဂမုန်းအမြစ်တွေ ထွက်လာပြီ”

တောက်ရစကားကြောင့် ကြည့်လိုက်ရာ အင်းစမကွက်အလယ်မှာ အသံကုန်အော်ဟစ်ပြီးရုန်ကန်နေတဲ့ ပုံရိပ်ထဲကနေ နီညိုရောင်အမျှင်တန်းတွေ တိုးထွက်လာတာကိုမြင်လိုက်ရတယ်။

အမျှင်တန်းတွေက ပုံရိပ်ယောင်တစ်ခုအတိုင်း အင်းစမကွက်ထဲမှာ ယိမ်းထိုးလှုပ်ရှားနေရင်း ကလေးပိုက်ထားတဲ့ မိန်းမတစ်ယောက်ပုံစံအဖြစ်ပြောင်းကာ အခြားအကွက်ထဲဝင်ရောက်သွားခဲ့တယ်။

” မိန်းကလေး သင်အခုချိန်ကစပြီး လွတ်မြောက်သွားပါပြီ။ အပြင်ကိုထွက်လာခဲ့ပါ” လို့ပြောလိုက်တော့ အင်းစမကွက်ထဲကနေ မြေဝါရောင်အင်္ကျီကို ဝတ်ထားတဲ့မိန်းမတစ်ယောက်နဲ့ မွေးကင်းစကလေးငယ်တစ်ယောက်ထွက်လာပြီး အောင်မြတ်သာကို စူးစိုက်ကြည့်နေခဲ့တယ်။

” ဒီနေ့ဒီအချိန်ကစပြီး သင်တို့သားအမိ လူတွေကို အန္တရာယ်မပြုပဲ ကောင်းမွန်စွာနေထိုင်သွားမယ်ဆိုတဲ့ကတိပေးနိုင်မလား”လို့မေးတော့ မရယ်မပြုံးတဲ့မျက်နှာနဲ့ခေါင်းညိမ့်ပြကာ ကတိပေးခဲ့တယ်။

အောင်မြတ်သာလဲ အင်းစမကွက်ထဲမှာ ကျန်နေတဲ့ ဘီလူးဂမုန်းအမြစ်ကို အာဏာစက်နဲ့ဖျက်ဆီးပစ်ပြီး သားသည်မိခင်ဝိဉာဉ်ကို ရွာထဲကိုခေါ်လာခဲ့လိုက်တယ်။

နောက်တစ်နေ့အရုဏ်တက်ချိန်ရောက်တော့ ရွာထိပ်မှာပေါက်နေတဲ့ တစ်ထွာသာသာကုက္ကိုပင်မှာ နေရာပေးခဲ့ပြီး ခြံစောင့်ဦးလေးကို အပင်ကြီးထွားရှင်သန်အောင် ဂရုစိုက်ပေးဖို့သေချာမှာကာ အခြားတစ်ရွာကို ခရီးဆက်ဖို့ပြင်နေတဲ့အချိန် ရွာထဲကနေ အိပ်ချင်မူးတူးနဲ့ပြေးထွက်လာတဲ့ အရူးမကိုမြင်လိုက်ရတယ်။

အောင်မြတ်သာက အရူးမကိုမြင်တော့
” သူလုပ်ခဲ့တဲ့ အပြစ်တွေကို ဒီဘဝမှာ အရူးဘဝနဲ့ပေးဆပ်ပြီး နောင်ဘဝမှာလဲ ငရဲကျခံရဦးမှာပါလား”လို့တီးတိုးရေရွတ်လိုက်မိတယ်။

ဒီလိုနဲ့နှစ်ပေါင်းများစွာကြာလာတဲ့အခါ ကုက္ကိုပင်ပေါက်အဖြစ်ကနေ အရွက်တစ်ဖားဖားနဲ့ကြီးမားတဲ့ ကုက္ကိုပင်အဖြစ်ပြောင်းလဲလာပြီး အပင်မှာနေတဲ့ သားအမိလဲ သရဲအဆင့်ကနေ နတ်သူငယ်အဆင့်ဖြစ်ကာ ရွှေပေါ်ကျွန်းရွာသားတွေကို စွမ်းသလောက်ကူညီပေးခဲ့တယ်။

ရွှေပေါ်ကျွန်းရွာသားတွေကတော့ ကုက္ကိုပင်အောက်ကို သားဆုပန်တဲ့အခါဖြစ်စေ၊ ကျွဲပျောက်နွားပျောက်ရှာတဲ့အခါဖြစ်စေရောက်လာတတ်ပြီး မုန့်အချို၊ နှမ်းကပ်မုန့်တွေနဲ့ပူဇော်ပသပြီး အကူအညီတောင်းရတဲ့အထိ ယုံကြည်ခဲ့ကြတယ်။

အခုချိန် ရွှေပေါ်ကျွန်းရွာကိုရောက်တဲ့အခါ ရွာထိပ်က လူကြီးလေးဖက်စာလောက်ရှိတဲ့ကုက္ကိုပင်အောက်မှာ အမြင့်လေးပေခန့်ရှိတဲ့ အုတ်စီနတ်ကွန်းတစ်ခုကိုမြင်တွေ့ကြရမှာဖြစ်ပါတယ်။ နတ်ကွန်းရဲ့အထဲမှာတော့ မြေဝါရောင်အဝတ်အစားကိုဝတ်ဆင်ထားပြီး ကလေးတစ်ယောက်ကိုပိုက်ကာ ထိုင်နေတဲ့ သားပိုက်မယ်တော်ရုပ်ထုကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

အောင်မြတ်သာတို့ လဲ ရွှေပေါ်ကျွန်းရွာကနေထွက်ခဲ့ပြီးတဲ့နောက် ညနေ နေဝင်ရီတရောအချိန် ဆော့ကစားရင်း ပြုတ်ကျတဲ့ကလေးသူငယ်တွေကိုဖမ်းစား၊ ခြောက်စားတဲ့ မြေဖုတ်ဘီလူးကို ဆုံးမတဲ့အကြောင်းအရာကိုတော့ အောင်မြတ်သာနှင့်မြေဖုတ်ဘီလူးအစားကျူးဆိုတဲ့ဝတ္တုမှာဖတ်ရှုပေးကြပါဦး။

လေးစားစွာဖြင့်
ဇေယန(ရာမည)